← Chapters

နောက်ထပ် စီးပွားရေးတစ်ခု

Vol. 13 Ch. 129

နောက်ထပ် စီးပွားရေးတစ်ခု

Vol. 13 Ch. 129

“မထွက်ပါနဲ့ဦး၊ အခုဆိုရင် အဆင့်မြင့် တစ်ကိုယ်တော်ကျင့်ကြံသူတွေက အရင်ကထက် ပိုများလာပြီ၊ ဒီအလုပ်ကနေ ထွက်သွားရင် ဒီလောက် တည်ငြိမ်တဲ့ အလုပ်မျိုး ဘယ်မှာ သွားရှာမှာလဲ"

ဟု ပိုင်မေလင်းက စိုးရိမ်တကြီး တားမြစ်လိုက်သည်။

“အစ်မမှာ စုထားတာလေး နည်းနည်းရှိပါသေးတယ်၊ ဒီဆောင်းရာသီကိုတော့ အေးအေးဆေးဆေး ကျော်ဖြတ်နိုင်မှာပါ” ဟု ဖုန်းရှက ပြန်ဖြေသည်။

သူမ၏ အမြဲတမ်း အဖော်ဖြစ်နေသော အက်ကွဲကွဲအသံမှာ တည်ငြိမ်နေဆဲ ဖြစ်သည်။

“တကယ်လို့ အဆင်မပြေရင် ကျွန်မ အစ်မချင်းလျန်ကို ပြောပြီး ဖိုရှန်းဂိုဏ်းမှာ လူလို၊ မလို မေးကြည့်ပေးမယ်၊ မမရှလို ကျွမ်းကျင်တဲ့လူမျိုးကိုဆို သူတို့က ဝမ်းသာအားရ လက်ခံမှာ” ဟု ပိုင်မေလင်းက အားပေးစကား ဆိုသည်။

စင်္ကြံလမ်း၏ အရိပ်ထဲတွင် ရပ်နေသော လော့ချန်သည် အိမ်ဝင်းထဲရှိ အမျိုးသမီးနှစ်ဦးကို တိတ်ဆိတ်စွာ ကြည့်နေမိသည်။

ဖုန်းရှသည် ကျောက်ခုံပေါ်တွင် ရိုးရှင်းသော ဝတ်ရုံကို ခြုံ၍ ငြိမ်သက်စွာ ထိုင်နေပြီး၊ ပိုင်မေလင်းကမူ သူမအတွက် မခံမရပ်နိုင် ဖြစ်နေကာ နှစ်သိမ့်ပေးရန် ကြိုးစားနေသည်။

လော့ချန်အနေဖြင့် အခြေအနေကို သဘောပေါက်ရန် သိပ်မကြာလိုက်ပေ။

ဂိုဏ်းကြီးများမှ ဖွင့်လှစ်ထားသော ဆိုင်များသည် ဆယ်နှစ်တစ်ကြိမ် ဝန်ထမ်းအပြောင်းအလဲ လုပ်လေ့ရှိသည့် အစဉ်အလာအတိုင်း ဝိညာဉ်ဆေးနန်းဆောင်ရှိ အခြေခံတည်ဆောက်ခြင်းအဆင့် ဆိုင်ရှင်မှာ နေရာပြောင်းရွှေ့ခံလိုက်ရသည်။

ဆေးပေါင်းတစ်ထောင်ခန်းမမှ ဆိုင်ရှင်လျိုမှာမူ အသက်ကြီးပြီး ထိုဒေသနှင့် ရင်းနှီးပြီးသား ဖြစ်သဖြင့် ဆေးဘုရင်ဂိုဏ်းသို့ ပြန်မသွားဘဲ တာဟဲစျေးမြို့တော်မှာပင် နေထိုင်ခဲ့သည်။

သို့သော် ဆေးဘုရင်ဂိုဏ်းက သူ့အား ဆုလာဘ်အနေဖြင့် ဆေးပေါင်းတစ်ထောင်ခန်းမမှ ဝိညာဉ်ဆေးနန်းဆောင်သို့ ရာထူးတိုးပေးလိုက်သည်။

ဂိုဏ်းတစ်ခုတည်းမှ ဆိုင်များ ဖြစ်သော်လည်း ထိုဆိုင်နှစ်ဆိုင်၏ အမြတ်အစွန်းမှာ ကောင်းကင်နှင့် မြေကြီးလို ကွာခြားလှသည်။

ထိုကဲ့သို့ အခွင့်ထူး ရရှိထားသဖြင့် ဆိုင်ရှင်လျိုသည် ဆေးပေါင်းတစ်ထောင်ခန်းမသို့ ရောက်ရှိလာသည့် ဆိုင်ရှင်အသစ်၏ ကိစ္စရပ်များကို ဝင်ရောက်မစွက်ဖက်ဘဲ ရှောင်နေသည်မှာ သဘာဝပင်။

အသစ်ရောက်လာသည့် ဆိုင်ရှင်မှာလည်း မိမိ၏ အာဏာကို ပြလိုသဖြင့် လူဟောင်း အများအပြားကို ချက်ချင်း အလုပ်ထုတ်ပစ်တော့သည်။ ရုပ်ရည် သာမန်သာရှိပြီး အသံပါ ပျက်စီးနေသည့် ဖုန်းရှမှာမူ သူ၏ ပထမဆုံး ဓားစာခံ ဖြစ်သွားခဲ့ရလေသည်။

‘မဆန်းတော့ပါဘူး…. မမရှက အခုတလော အားနေပြီး အလုပ်မသွားတာ၊ သူမ အလုပ်ထုတ်ခံလိုက်ရတာကိုး’ ဟု လော့ချန် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။

သူသည် မူလက ရက်သတ္တပတ်ပေါင်းများစွာ ဖိအားများကြားမှ အနားယူရန်အတွက် ယနေ့ညနေတွင် လူစုကာ ပျော်ပွဲစားပွဲလေး လုပ်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ သို့သော် အခြေအနေများ ဤသို့ ဖြစ်နေလေရာ သူတွေဝေနေတော့သည်။

သူ တွန့်ဆုတ်နေစဉ်မှာပင် နှင်းများ ဖုံးလွှမ်းနေသော လမ်းမထက်မှ ခြေသံများကို ကြားလိုက်ရသည်။

ချင်လျန်ချန်းနှင့် အဖွဲ့ ပြန်ရောက်လာကြခြင်း ဖြစ်သည်။ ကူချိုင်ယီက လော့ချန်အား အရင်ဆုံး မြင်သွားသည်။ သူမသည် စိုးရိမ်ပူပန်နေသော မျက်နှာဖြင့် အပြေး လျှောက်လာကာ မေးသည်။

"မနေ့က အိမ်အပြန်လမ်းမှာ ဓားပြတွေနဲ့ တိုးခဲ့တယ်လို့ ကြားတယ်၊ ဟုတ်လား"

ထိုနေ့ အစောပိုင်းက စီကုန်းရှိုးကျားသည် သူမထံသို့ ထိုသတင်းကို တိတ်တဆိတ် လာပို့ခဲ့ခြင်း ဖြစ်သည်။

စီကုန်းက အခြားသူများကို ခေါ်ကာ ဆိုင်အသီးသီးသို့ ဆေးလုံးများ သွားရောက် ဖြန့်ဖြူးနေစဉ်၊ သူမမှာ ဆေးဖော်ဆောင်တွင် ကိစ္စရပ်များကို စီမံခန့်ခွဲရန် ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။

လော့ချန်သည် လုဟွိုက်ပင်းအား နေ့ခင်းကြောင်တောင် တိုက်ထုတ်ခဲ့သော်လည်း၊ လေးရောင်ခြယ်ဆေးအိုးနှင့် ရောင်စုံဖဲကြိုးများက သူ မည်သူမည်ဝါဖြစ်ကြောင်းကို ဖုံးကွယ်ပေးထားနိုင်ခဲ့သည်။

မြို့ပြင်ရပ်ကွက်ရှိ တစ်ကိုယ်တော် ကျင့်ကြံသူ အများစုမှာ ထိုကဲ့သို့ ရဲရဲဝံ့ဝံ့ လုပ်ဆောင်ခဲ့သူမှာ မည်သူဖြစ်သည်ကို မသိကြသေးပေ။ လောလောဆယ်တွင် ထိုသတင်းကို လျှို့ဝှက်ထားနိုင်သည်။

မည်သို့ပင်ဆိုစေ ချီသန့်စင် အဆင့် ၉ ရှိသော တရားခံမှာ ဖမ်းမမိသေးသဖြင့်၊ ထိုချုံခိုတိုက်ခိုက်ခံရမှု သတင်း ပျံ့သွားပါက မေးခွန်းများစွာ ထွက်ပေါ်လာနိုင်ပြီး ဒုက္ခရောက်နိုင်သောကြောင့် ဖြစ်သည်။

သို့သော်လည်း ကုချိုင်ယီ၏ မျက်ဝန်းထဲမှ စိုးရိမ်ပူပန်မှုများမှာမူ အထင်းသား ပေါ်လွင်နေသည်။

သူမတစ်ဦးတည်းသာမဟုတ်၊ ချင်လျန်ချန်းနှင့် ဇနီး၊ ပိုင်မေလင်း၊ ဖုန်းရှ အားလုံးက စိုးရိမ်မှု၊ အံ့သြမှု၊ သိလိုမှုများနှင့် သူ့အား စိုက်ကြည့်နေကြသည်။

လော့ချန် ခါးသက်သက် ပြုံးလိုက်ရင်း ဆိုသည်။

“အင်း.... ကြည့်ရတာ ဒီရက်ပိုင်း လူတိုင်းအတွက် ကံကြမ္မာက မျက်နှာသာ မပေးကြဘူးထင်တယ်”

သူ၏ စကားကြောင့် ဖုန်းရှ၏ မျက်နှာမှာ မှိုင်ကျသွားသည်။

လော့ချန် တိုက်ခိုက်ခံရခြင်း၊ တွမ့်ဖုန်း ဒဏ်ရာရခြင်းနှင့် ဖုန်းရှ အလုပ်ပြုတ်ခြင်း။ အိမ်ဝင်းအတွင်းရှိ နေထိုင်သူများအပေါ် မကောင်းသော ကံကြမ္မာ အရိပ်အယောင်များ ကျရောက်နေပုံရသည်။

"ရှင် ဘာမှ မဖြစ်ဘူး မဟုတ်လား"

ကူချိုင်ယီက တွန့်ဆုတ်စွာဖြင့် လော့ချန်အား ကြည့်ကာ မေးလိုက်သည်။

"ကျွန်တော် ဘာမှ မဖြစ်ပါဘူး၊ စိုးရိမ်စရာ မရှိပါဘူး"

လော့ချန်က အပြုံးဖြင့် အမြန် ပြောလိုက်သည်။

အားလုံးအား စိုးရိမ်စိတ် မပိုစေလိုသဖြင့် သူ အသေးစိတ် ရှင်းပြမနေတော့ပေ။ သူ ဆက်မပြောချင်သည်ကို မြင်သောအခါ မုရုံချင်းလျန်က နွေးထွေးသော အပြုံးဖြင့် ရှေ့သို့တိုးလာကာ ပြောလိုက်သည်။

“ကဲ.... စိတ်ညစ်စရာတွေ ခဏထားကြစို့၊ ဒီည အားလုံး အတူတူ ညစာစားကြမယ်၊ အစ်မ ကိုယ်တိုင် ချက်ကျွေးမယ်”

သူမ၏ စကားအဆုံး တစ်ဦးပြီးတစ်ဦး ခေါင်းညိတ်လိုက်ကြသည်။ မကြာခင်မှာပင် ခြံဝင်းတစ်ခုလုံး လှုပ်ရှားသက်ဝင်လာတော့သည်။

တစ်ယောက်က စားပွဲခုံများကို သယ်ထုတ်၊ တစ်ယောက်က ထိုင်ခုံများကို ပြင်ဆင်နှင့် အလုပ်ရှုပ်သွားကြသည်။

မီးအိမ်များကို ထွန်းညှိလိုက်သောအခါ နှင်းမှုန်များ ဖုံးလွှမ်းနေသည့် ကျောက်သားပြင်ပေါ်သို့ ရွှေရောင်အလင်းတန်းများ ဖြာကျသွားသည်။

မုရုံချင်းလျန် မီးဖိုချောင်အား တာဝန်ယူလိုက်သည်နှင့် ဆေးဖက်ဝင်အပင်များဖြင့် ကြော်လှော်ထားသည့် ဟင်းနံ့၊ အမဲသားပြုတ်နံ့နှင့် ထမင်းပူပူလေး၏ ရနံ့များမှာ လေထုထဲ၌ သင်းပျံ့လာတော့သည်။

ညစာစားပွဲတွင် ပိုင်မေလင်းက ဆိုင်ရှင်အသစ်၏ အာဏာပြပုံများကို ရင်ဖွင့်နေသည်။ ဆိုင်ရှင်အသစ်မှာ မည်မျှ အာဏာပြတတ်ကြောင်း၊ ဝန်ထမ်းဟောင်းများကို ထုတ်ပစ်ရုံတင်မကဘဲ ကျန်ရှိသူများ၏ လစာကိုပါ လျှော့ချရန် ကြံစည်နေကြောင်း ပြောပြသည်။

ချင်လျန်ချန်းသည်လည်း မီရှုဟွာသည် လော့ချန်အား တန်ဖိုးမထားဘဲ အကာအကွယ်ပေးရန် လူနှစ်ယောက်သာ လွှတ်ခဲ့သည်ဟု ဆိုကာ ဆဲဆိုနေတော့သည်။

သူ စိတ်တိုတိုဖြင့် အိမ်ဝင်းထဲတွင် လမ်းလျှောက်နေစဉ်၊ မုရုံချင်းလျန်က ဖုန်းရှဘက်သို့ လှည့်ကြည့်လိုက်သည်။ သူမ၏ လေသံမှာ ညင်သာသော်လည်း လေးနက်လှသည်။

"မမရှ၊ ရှေ့လျှောက် ဘာလုပ်မယ်လို့ စဉ်းစားထားလဲ"

ဖုန်းရှသည် ရိုးရှင်းသော ဝတ်ရုံကို ခြုံလျက် ခေါင်းကို အနည်းငယ် ခါယမ်းပြလိုက်သည်။

မုရုံက အနည်းငယ် ခေါင်းညိတ်ပြပြီး "တခြား ဘာမှ အဆင်မပြေရင် ဆေးဝါးဆောင်မှာ လာလုပ်ပါလား၊ မမရှက တခြားသူတွေထက် ဆေးဖက်ဝင်အပင်တွေအကြောင်း ပိုသိတာပဲ၊ ကျွန်မ ထောက်ခံပေးရင် သူတို့ အနည်းဆုံး အခြေခံလစာနဲ့တော့ ခန့်ပေးမှာပါ" ဟု ပြောလိုက်သည်။

ဖုန်းရှ တွန့်ဆုတ်သွားသော်လည်း ခဏသာ ဖြစ်သည်။ သူမ၏ နှုတ်ခမ်းများ လှုပ်ရှားသွားပြီး သဘောတူရန် ပြင်လိုက်စဉ်မှာပင် ….။

"ကျွန်တော့်ဆီမှာ ပိုကောင်းတဲ့ အကြံတစ်ခု ရှိတယ်" ဟု လော့ချန် နောက်ဆုံးတွင် ဝင်ပြောလိုက်သည်။

"ကျွန်တော် စီးပွားရေးအသေးစားလေးတစ်ခု စလုပ်ဖို့ စီစဉ်နေတာ၊ အဲဒါကို ကူညီပြီး စီမံခန့်ခွဲပေးဖို့ ယုံကြည်စိတ်ချရပြီး စေ့စပ်သေချာတဲ့ လူတစ်ယောက် လိုနေတယ်၊ ဖိုရှန်းဂိုဏ်းက မဟုတ်တဲ့လူဆိုရင် ပိုကောင်းတာပေါ့"

သူ ဖုန်းရှအား တည့်တည့်ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။

"မမရှဆိုရင် ဒီအလုပ်နဲ့ အကိုက်ညီဆုံးပဲ၊ ဘာလို့ ကျွန်တော့်ဆီမှာ လာမလုပ်တာလဲ၊ အမှန်အတိုင်း ပြောရရင် ဖိုရှန်းဂိုဏ်းက ပေးတဲ့လစာက သိပ်ပြီးတော့ မများပါဘူး၊ မမက ဆေးဝါးဆောင်မှာ လုပ်ဖို့ဆိုတာ အရည်အချင်းတွေ ပိုလျှံနေပါသေးတယ်"

လော့ချန်၏ စကားများမှာ ပါးနပ်လှသည်။ ယုံကြည်စိတ်ချရသော၊ စေ့စပ်သေချာသော၊ အရည်အချင်း ပိုလျှံနေသော ဟူသည့် စကားလုံးများကို သူ ဂရုတစိုက်နှင့် လေးစားစွာ အသုံးပြုခဲ့ပြီး သွယ်ဝိုက်သောအားဖြင့် ချီးကျူးစကားများလည်း ဆိုခဲ့သေးသည်။ အထူးသဖြင့် သူသည် ပိုကောင်းသော လုပ်အားခကို ပေးမည်ဟု ဆိုလိုခြင်း ဖြစ်သည်။

လော့ချန်၏ စကားကို ကြားလိုက်ရသောအခါ ဖုန်းရှ ချက်ချင်းပင် စိတ်ဝင်စားသွားသလို၊ အခြားသူများလည်း စပ်စုချင်လာကြသည်။

လော့ချန်က နောက်ထပ် စီးပွားရေးတစ်ခု ထပ်လုပ်ဦးမလို့လား….။

သူတို့အားလုံး ချန်ယွဲ့ မုန့်ဆိုင် အကြောင်းနှင့် ထိုဆိုင်မှရသော အမြတ်အစွန်းများကို သိကြသည်။ ထိုဆိုင်ဖွင့်သည်မှာ မကြာသေးမီကမှ ဖြစ်သော်လည်း ယခု သူ့တွင် နောက်ထပ် အကြံဉာဏ် ရှိနေပြန်ပြီလော။

လော့ချန်တစ်ယောက် သူဘာလုပ်ငန်းလုပ်မည်ကို စိတ်ဝင်စားနေကြသည့် လူများအား ကြည့်ကာ “နို့လက်ဖက်ရည်ဆိုင်” ဟု ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။

….

နောက်တစ်နေ့ နံနက်တွင်မူ ခြံဝင်းထဲ၌ ထူးဆန်းသော အနံ့သစ်တစ်ခု ပျံ့လွင့်နေသည်။

ပုံမှန်ရနေကျ ခါးသက်သက် ဆေးကျိုနံ့ မဟုတ်ဘဲ ပန်းရနံ့နှင့် သစ်စေ့နံ့ သင်းသင်းလေး ရောယှက်နေသည့် နို့ရနံ့ လေး ဖြစ်သည်။

ချင်လျန်ချန်းက လက်ပိုက်လျက် လော့ချန် ပြင်ဆင်နေသည်ကို ကြည့်ကာ မေးလိုက်သည်။

“ဒါကို မင်းက နို့လက်ဖက်ရည်လို့ ခေါ်တာလား"

ခြံဝင်းထဲတွင် ဖုန်းရှ အပါအဝင် သူတို့ သုံးဦးသာ ရှိသည်။

“ဟုတ်တယ်၊ သောက်ကြည့်ပါဦး၊ ပြီးရင် ကျွန်တော့်ကို ဘယ်လိုနေလဲ ပြန်ပြောဦး၊ ဒါမှ ဖျော်နည်းထဲ လိုတာပြင်လို့ရမှာ….”

“ကောင်းပြီလေ၊ အဆိပ်တော့ ခပ်မထားလောက်ပါဘူးနော်”

ချင်လျန်ချန်က ပြုံးစစဖြင့် တစ်ငုံ သောက်လိုက်သည်။

သို့သော် သောက်ပြီးသည်နှင့် သူ၏ အပြုံးမှာ ပျောက်ကွယ်သွားပြီး မျက်မှောင်ကြုတ်သွားသည်။

“အရသာက ထူးဆန်းတယ်၊ ဘယ်လိုပြောရမလဲ…. နည်းနည်း ညှီလွန်းတယ်”

“ညှီတယ် ဟုတ်လား”

“ဟုတ်တယ်၊ မင်းက နွားဝါတွေရဲ့ နို့ကို သုံးထားတာ မဟုတ်လား၊ အနံ့က မွှေးပေမဲ့ တကယ်တမ်းကျတော့ ဘယ်သူမှ သောက်နိုင်မှာမဟုတ်ဘူး”

လော့ချန်က မှတ်စုစာအုပ်ထုတ်ကာ ချက်ချင်း ရေးမှတ်လိုက်သည်။

“မှတ်ထားလိုက်ပြီ၊ နွားနို့ အနံ့အရမ်းပြင်း၊ အညှီနဲနဲလျှော့ရန်လို”

မကြာမီမှာပင် သူ နည်းလမ်းသစ်တစ်ခုကို ပြန်လည်ရေးဆွဲလိုက်သည်။

ထိုနည်းလမ်းအတိုင်း လော့ချန်သည် တုန်းဖန်းလျန်အား ခေါ်ယူကာ အခြား သားရဲနို့အမျိုးအစားအချို့ကို သွားဝယ်ခိုင်းလိုက်သည်။

ထိုအတောအတွင်း အိမ်ဝင်းထဲတွင် သူသည် သားရဲနို့၏ ပြင်းထန်သော ညှီနံ့ကို ဖျောက်ရန်အတွက် ဆေးဖက်ဝင် ပါဝင်ပစ္စည်း အမျိုးမျိုးဖြင့် စမ်းသပ်နေသည်။

သို့သော် ရလဒ်များမှာ မျှော်လင့်သလောက် မကောင်းလှပေ။

စိတ်အားထက်သန်စွာ မြည်းစမ်းပေးနေသော ချင်လျန်ချန်း၏ မျက်နှာမှာ တဖြည်းဖြည်းနှင့် ဖြူဖျော့လာတော့သည်။

"ဒါလေး ထပ်မြည်းကြည့်ပါဦး ဦးလေးချင်၊ ဒီတစ်ခါတော့ ဖူကျူး သမင်ရဲ့ နို့ကို သုံးထားတာ၊ အရသာ ပိုကောင်းမှာပါ"

လော့ချန် ပြောပြောဆိုဆို နောက် တစ်ခွက်ကို ကမ်းပေးလိုက်သည်။

ခွက်ကို မကမ်းပေးမီ လော့ချန်သည် မီးလုံးလေးတစ်ခုကို သုံး၍ နို့လက်ဖက်ရည်အား နွေးအောင် လုပ်ပေးလိုက်သည်။

ချင်လျန်ချန်းမှာ အသက်ကို ပြင်းပြင်းရှူကာ နို့လက်ဖက်ရည်အား သောက်လိုက်သည်။ သောက်ပြီးသည်နှင့် သူ၏ အမူအရာမှာ သိသိသာသာ ထူးဆန်းသွားတော့သည်။

"ဒီနို့ကို... မင်း ရေမရောထားဘူးမလား"

လော့ချန် ဂုဏ်ယူစွာ ရှင်းပြသည်။

“ဖူကျူးသမင်က အနူးညံ့ဆုံးပဲလေ၊ ဒါပေမဲ့ သူ့နို့က အရမ်းပျော့တယ်၊ ကျွန်တော်က နို့ရဲ့ မူလအရသာကို ထိန်းထားချင်လို့ ဆေးဖက်ဝင်ပစ္စည်းတွေ လျှော့ထည့်ထားတယ်၊ ကုန်ကျစရိတ် သက်သာအောင် ဝိညာဉ်လက်ဖက်ခြောက်ကိုလည်း လျှော့ထည့်ထားတယ်”

ချင်လျန်ချန်၏ မျက်ခုံးများ တွန့်ချိုးသွားပြီး ခပ်တိုးတိုး မေးလိုက်သည်။

“မင်း တမင်လုပ်တာလား၊ ဒါမှမဟုတ် မတော်တဆလား"

လော့ချန် ရင်ဘတ်ကို ကော့လိုက်ပြီး "တမင်လုပ်တာပေါ့။ ဘယ်လိုလဲ၊ ကောင်းတယ် မဟုတ်လား" ဟု ဝင့်ကြွားစွာ ပြောလိုက်သည်။

“ငါ့ကောင်ရာ၊ ရေမရောထားတဲ့ ဖူကျူးသမင်နို့က ကျင့်ကြံသူတွေအတွက်တောင် ပြင်းလွန်းတယ်ဆိုတာ မင်း မသိဘူးလား” ဟု ချင်လျန်ချန် အော်ပြောလိုက်သည်။

ပြောပြီးသည်နှင့် သူသည် ဓားပေါ်သို့ ခုန်တက်ကာ ခြံဝင်းထဲမှ တစ်ရှိန်ထိုး ပျံထွက်သွားတော့သည်။

လော့ချန်မှာ ကြောင်တောင်တောင်ဖြင့် ကျန်ရစ်ခဲ့ရသည်။

ဘေးနားတွင် ထူးဆန်းသော အမူအရာဖြင့် ရပ်နေသော ဖုန်းရှက ရှင်းပြသည်။

"ဖူကျူးသမင်တွေက ဖန်ဟွေ့မြက်လို့ ခေါ်တဲ့ မြက်ပင်ကို စားကြတာ၊ အဲဒီမြက်က ဝမ်းနှုတ်ဆေးအဖြစ် အရမ်း အစွမ်းထက်တယ်လို့ နာမည်ကြီးတယ်၊ ဘယ်ချီသန့်စင် ကျင့်ကြံသူမှ အဲဒါကို မခံနိုင်ဘူး၊ အဲဒီမြက်ကို စားတဲ့ သမင်ရဲ့ နို့ကလည်း အဲဒီလို အာနိသင်မျိုး ရှိနေတာ သဘာဝပါပဲ"

လော့ချန်၏ ပါးစပ်မှာ အဟောင်းသား ဖြစ်သွားပြီး လက်ထဲမှ နို့လက်ဖက်ရည်ခွက်အား စိုက်ကြည့်နေမိသည်။ ပြီးပြည့်စုံသော နို့လက်ဖက်ရည် ဖျော်နည်းအား ရှာဖွေရန် ခရီးလမ်းမှာ ရှည်လျားနေဦးမည် ဖြစ်ပုံရသည်။

ချင်လျန်ချန်းတစ်ယောက် အိမ်ဝင်းထဲသို့ နေသာထိုင်သာရှိသော မျက်နှာဖြင့် ပြန်ရောက်လာသောအခါ၊ လော့ချန် နောက်ထပ် တစ်ခွက်ကို ကမ်းပေးနေသည်ကို တွေ့လိုက်ရသည်။

“ဦးလေးချင် နို့လက်ဖက်ရည်လေး ထပ်မြည်းပါဦးဗျာ”

သူ၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားပြီး အော်လိုက်တော့သည်။

“ဟ ဒီကောင် သွားစမ်း"

All Chapters