← Chapters

ဝိညာဉ်ကျောက်တုံးတွေ ဘာလို့ ဒီလောက်အကုန်မြန်တာလဲ

Vol. 13 Ch. 130

ဝိညာဉ်ကျောက်တုံးတွေ ဘာလို့ ဒီလောက်အကုန်မြန်တာလဲ

Vol. 13 Ch. 130

ရက်အတန်ကြာပြီး နောက်တွင်မူ လော့ချန်သည် ကျင့်ကြံခြင်းလောကရှိ ကျင့်ကြံသူများ နှစ်သက်သဘောကျမည့် နို့လက်ဖက်ရည် ဖျော်နည်းအား အောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့ချေပြီ။

မရေမတွက်နိုင်သော ကျရှုံးမှုများ၊ အဆုံးမရှိသော မှတ်စုများရေးခြင်းနှင့် သူ၏ မိတ်ဆွေများအား တစ်ကြိမ်ထက်မက အဆိပ်မိစေလုနီးပါး ဖြစ်ခဲ့ပြီးနောက်၊ ကျင့်ကြံသူများ၏ ထူးခြားသော အရသာ၊ ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် ကိုက်ညီသည့် နို့လက်ဖက်ရည်ဖော်စပ်နည်းကို သူ အချောသတ်နိုင်ခဲ့သည်။

နောက်ဆုံးထွက်ပေါ်လာသည့် ပုံစံမှာ ဖူကျူးသမင်နို့အား အခြေခံထားပြီး၊ နှစ်ပေါင်းတစ်ရာ သက်တမ်းရှိ ဝိညာဉ်လက်ဖက်ပင်များမှ ဆွတ်ခူးထားသည့် လက်ဖက်ခြောက်များနှင့် ရောစပ်ထားခြင်း ဖြစ်သည်။

ထိုအထဲသို့ လော့ချန်သည် သူ၏ ဆေးပညာဖြင့် သီးသန့်စပ်တူဖော်စပ်ထားသည့် ဆေးဖက်ဝင်ပစ္စည်းများကို ထပ်ဖြည့်လိုက်သည်။

ထိုဆေးပစ္စည်းများသည် သားရဲနို့၏ ညှီနံ့ကို ပျောက်ကွယ်စေရုံတင်မကဘဲ ဤဖျော်ရည်အား နူးညံ့စေကာ ကျင့်ကြံသူတို့၏ ခန္ဓာကိုယ်ကို အကျိုးပြုစေသည့် ဝိညာဉ်ဂုဏ်သတ္တိများကိုပါ ဆောင်နှင်းပေးလိုက်သည်။

ဤပေါင်းစပ်မှုဖြင့် သူသည် အီစိမ့်ပြီး နူးညံ့သော အရသာရှိသည့် နို့လက်ဖက်ရည်ကို ဖန်တီးခဲ့ကာ ၎င်းအား ဖူကျူးနို့လက်ဖက်ရည် ဟု အမည်ပေးခဲ့သည်။

နို့လက်ဖက်ရည် အဆင်သင့်ဖြစ်သည်နှင့် ဖုန်းရှမှ စတင် မြည်းစမ်းကြည့်သည်။ လော့ချန်ကိုယ်တိုင်လည်း သောက်ကြည့်သည်၊ တုန်းဖန်းလျန်ကိုပင် အတင်းအကျပ် ဆွဲခေါ် မြည်းစမ်းခိုင်းခဲ့သည်။

သောက်ပြီးနောက် သုံးယောက်စလုံး အတော်လေး ကောင်းမွန်ကြောင်း သဘောတူကြသည်။ ချီစွမ်းအင် အနည်းငယ် ပါဝင်ပြီး ဝမ်းဗိုက်မအီမသာ ဖြစ်ခြင်းမျိုးမရှိဘဲ အကြိမ်ကြိမ် သောက်သုံးနိုင်သည်။

အပန်းဖြေအချိုရည်တစ်ခုအနေဖြင့် ဆိုလျှင် သာမန် ဝိညာဉ်လက်ဖက်ရည် သို့မဟုတ် ဝိညာဉ်ဝိုင်နှင့်ပင် ရင်ဘောင်တန်းနိုင်သည်။

နည်းလမ်း အချောသတ်ပြီးနောက် နောက်ထပ်အဆင့်များမှာမူ အတော်လေး ရိုးရှင်းလှသည်။

နို့ကိုမူ ဖိုရှန်းဂိုဏ်း၏ သားရဲနန်းဆောင်မှ ရယူမည်ဖြစ်သည်။

လက်ဖက်ခြောက်များမှာမူ အရှေ့ပိုင်းလွင်ပြင်ရှိ ဆေးဖော်ဆောင်မှ ရှာဖွေတွေ့ရှိထားသည့် နှစ်တစ်ရာ သက်တမ်းရှိ အပင်များမှ ရရှိခြင်း ဖြစ်သည်။ နာမည်မှာ ခန့်ညားထည်ဝါလှသော်လည်း အမှန်စင်စစ် နှစ်တစ်ရာသက်တမ်းရှိ လက်ဖက်ပင်များဆိုသည်မှာ အရှေ့ပိုင်းလွင်ပြင်ရှိ အနိမ့်ဆုံးအဆင့် ဝိညာဉ်ပင်များသာ ဖြစ်သည်။

ထိုအပင်များအား များသောအားဖြင့် ဖိုရှန်းဂိုဏ်းမှ ဆင်းရဲသော တစ်ကိုယ်တော်ကျင့်ကြံသူများသာ အပျော်သဘော ခူးယူသောက်လေ့ရှိကြသည်။

လော့ချန်၏ နို့လက်ဖက်ရည်ထဲရှိ ချီစွမ်းအင်မှာ သူ၏ လျှို့ဝှက်ဖော်စပ်နည်းထဲမှ ဆေးဖက်ဝင် ပစ္စည်းအချို့မှ လာခြင်းဖြစ်သည်။

ဤတစ်ကြိမ်တွင်မူ ဆေးဖော်ဆောင်မှ ခိုးယူ၍ မရတော့ပေ။ လိုအပ်သည့် ပမာဏ အလွန်များနေသောကြောင့် ဖြစ်သည်။ စနစ်တကျ လမ်းကြောင်းမှသာ ဝယ်ယူရပေတော့မည်။

ကံကောင်းထောက်မစွာပင် ထိုနေရာ၌ ဖုန်းရှမှာ အသုံးဝင်လာသည်။ သူမသည် ဆေးပေါင်းတစ်ထောင်ခန်းမတွင် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သဖြင့် ဆေးဖက်ဝင်ပစ္စည်းများ ဝယ်ယူခြင်းနှင့် ဈေးနှုန်းများအကြောင်းကို မည်သူထက်မဆို ပို၍ နားလည်နေသည်။

“နောက်ရက်အနည်းငယ်နေရင် ဆိုင်စဖွင့်ကြတာပေါ့”

လော့ချန်က သူမအား ပြောလိုက်သည်။

“ရှောင်ယွဲ့ကိုလည်း မမရှကို ကူညီခိုင်းလိုက်မယ်”

လော့ချန်သည် အခြေခံ လမ်းညွှန်ချက်အချို့ ပါဝင်သော စာလိပ်လေးအား သူမထံ ကမ်းပေးလိုက်သည်။

“ဖူကျူးနို့လက်ဖက်ရည်ကို အပူပဲ ရောင်းမှာဆိုတော့ မမရှအနေနဲ့ မီးလုံးမှော်အတတ်ကို ခဏခဏ သုံးရလိမ့်မယ်၊ မီးအရှိန်ကို ထိန်းချုပ်တာ ကျွမ်းကျင်တယ် မဟုတ်လား”

ဖုန်းရှက ယုံကြည်မှုရှိရှိ ခေါင်းညိတ်ပြသည်။

သူမ၏ ငယ်စဉ်ဘဝက ဆေးစမ်းသပ်သူ ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် ဆေးဖက်ဝင်ပစ္စည်းများ ပြုပြင်စီမံသည့် လက်ထောက်အဖြစ် ပြောင်းလဲလုပ်ကိုင်ခဲ့သည်။

အပူရှိန်ပြင်းပြင်း လိုအပ်သော ဆေးပစ္စည်းအချို့အတွက် မီးလုံးမှော်အတတ်ကိုသာ အဓိက အားကိုးခဲ့ရသဖြင့် မီးအရှိန်ထိန်းချုပ်မှုတွင် သူမ အတော်လေး ယုံကြည်ချက် ရှိနေသည်။

"လက်ဖက်ရည် ဖျော်တတ်လားဗျ"

လော့ချန်က မေးလိုက်သည်။

“ပြဿနာမရှိပါဘူး၊ အရင်က ဖောက်သည်မရှိတဲ့ အချိန်တွေဆိုရင် ရှောင်လင်းနဲ့ အစ်မက ဆိုင်ရှင်လျိုနဲ့အတူ လက်ဖက်ရည်သောက်ရင်း အချိန်ဖြုန်းနေကျလေ” ဟု သူမက အက်ကွဲသောအသံဖြင့် ဆိုသည်။

လော့ချန် ခေါင်းညိတ်လိုက်ပြီး ခဏမျှ စဉ်းစားကာ ပြောလိုက်သည်။

“ဆိုင်ဖွင့်တဲ့အခါ မမရှရဲ့ အမူအယာတွေကို နည်းနည်း ပိုပြီး လူအများ အာရုံစိုက်မိအောင် လုပ်ပါ၊ လမ်းသွားလမ်းလာတွေရဲ့ အကြည့်ကို အတတ်နိုင်ဆုံး ဆွဲဆောင်နိုင်အောင် ကြိုးစားကြည့်ပေါ့”

ဖုန်းရှအား အကဲခတ်ကြည့်ပြီးနောက် သူ ထပ်ဖြည့်ပြောလိုက်သည်။

“ပြီးတော့ မမရှရဲ့ ဝတ်စားဆင်ယင်မှုပုံစံကိုလည်း နည်းနည်း ပြောင်းရမယ်”

“အင်း ဘယ်လိုမျိုး ပြောင်းရမှာလဲ"

“အခု မမရှ ဝတ်တာက အရမ်းရိုးလွန်းတယ်၊ မိန်းကလေးချိုင်ယီဆီကနေ နည်းနည်းလောက် သင်ယူကြည့်ပါလား” ဟု လော့ချန် အကြံပေးလိုက်သည်။

ဖုန်းရှ ခဏမျှ ကြောင်အသွားသည်။ ကူချိုင်ယီ၏ ပုံမှန်ဝတ်စားဆင်ယင်မှုကို တွေးကြည့်မိပြီး စိတ်ထဲတွင် အနည်းငယ် နေရခက်သွားရသည်။

အမှန်အတိုင်း ပြောရလျှင် ဖုန်းရှ၏ ရုပ်ရည်မှာ သာမန်မျှသာ ဖြစ်သော်လည်း သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာမူ ထူးထူးခြားခြား လှပကာ အချိုးအစား ပြေပြစ်လှသည်။

သို့သော် သူမမှာ ရှေးရိုးစွဲ ဝတ်စားတတ်သဖြင့် ဤကဲ့သို့သော သဘာဝအလှတရားများကို မှိုင်းညှို့နေသည့် မီးခိုးရောင် ဝတ်ရုံအောက်တွင် ဖုံးကွယ်ထားလေ့ ရှိသည်။

လော့ချန်သည်လည်း ယခင်က သတိမထားမိပေ။ သို့သော် နတ်မျက်စိမှော်အတတ် အဆင့်တက်သွားပြီးနောက် မထင်မှတ်ဘဲ သတိပြုမိသွားခြင်း ဖြစ်သည်။

“ဒါတွေအားလုံးက စီးပွားရေးအတွက်ပဲ၊ ကျင့်ကြံဖို့ ဝိညာဉ်ကျောက်တွေ ရှာဖို့အတွက်ပဲလေ”

လော့ချန်မှာ သူမ နားမလည်မည် စိုးသဖြင့် အထူးတလည် ရှင်းပြနေရခြင်း ဖြစ်သည်။

ဖုန်းရှသည် သူမ၏ ကိုယ်ဟန်ကို အနည်းငယ် ပြင်လိုက်ပြီး ‘အင်း’ ဟု ခပ်တိုးတိုး ပြန်ထူးလိုက်သည်။

သူမ၏ အက်ကွဲသော အသံကို ကြားရသောအခါ လော့ချန် အလိုလို မျက်မှောင်ကြုတ်မိသွားသည်။ စီးပွားရေးလုပ်ရာတွင် ဖောက်သည်ခေါ်ရန် အသံကျယ်ကျယ်နှင့် ဟစ်ကြော်ခြင်းမှာ အရေးကြီးသော ကျွမ်းကျင်မှုတစ်ခု ဖြစ်သည်။

မမရှရဲ့ အသံနဲ့တော့ ခက်ချေပြီ….။

….

"သီချင်းဆို တော်တဲ့သူ ရှိလား" ဟု လော့ချန် ကူချိုင်ယီအား မေးလိုက်သည်။

ကူချိုင်ယီ ချက်ချင်း မော့မကြည့်ဘဲ ခုံတစ်ခုံတွင် ထိုင်ကာ မောပန်းနွမ်းနယ်နေသည့် ဟန်ဖြင့် သူမ၏ လက်ကောက်ဝတ်ကို နှိပ်နယ်နေသည်။

လော့ချန် ဆေးဖော်ဆောင်သို့ မသွားသဖြင့် သူ၏ ကိုယ်စား ကိစ္စအဝဝကို သူမ စီမံနေရခြင်း ဖြစ်သည်။ မနက်ကတည်းက ဟိုပြေးဒီပြေး လုပ်နေရသဖြင့် သူမ အမှန်တကယ် ပင်ပန်းနေသည်မှာ သိသာလှသည်။

လော့ချန် မေးလိုက်သောအခါ သူမ တုံ့ဆိုင်းမနေဘဲ ဖြေလိုက်သည်။

“အများကြီး ရှိတာပေါ့၊ အရင်က ကျွန်မ ဝတ်ရုံမွှေးရှည်ဆောင်မှာ ရှိတုန်းက ဘေးက ကောင်းကင်တေးသံဆောင်မှာ အသံချိုချိုနဲ့ ညီမလေးတွေ အများကြီး ရှိတယ်….”

“ဘာလဲ၊ အခု ဝိညာဉ်ကျောက်တုံးလေး နည်းနည်း ရှိလာတော့ ပျော်ပါးချင်လို့လား" ဟု သူမ ကျီစယ်လိုက်သည်။

လော့ချန် လက်ယမ်းပြကာ “သွားစမ်းပါ၊ ခင်ဗျားခေါင်းထဲမှာ တစ်နေ့ကုန် ဒီလို မဟုတ်ကဟုတ်က အတွေးတွေပဲ ရှိနေတာလား” ဟု ဆိုလိုက်သည်။

“ရှင်ပဲ မေးတာကို” ဟု ကုချိုင်ယီက အရွှန်းဖောက်ကာ တုံ့ပြန်လိုက်သည်။

“ကျွန်တော့်ကို အသံချိုပြီး ဂီတတတ်တဲ့ ညီမလေးတစ်ယောက်နဲ့ တွေ့ပေးဖို့ စီစဉ်ပေးစမ်းပါ၊ ကျွန်တော် သူမနဲ့ ဆွေးနွေးစရာ စီးပွားရေး အကြီးကြီးတစ်ခု ရှိတယ်" ဟု လော့ချန် ပြောလိုက်သည်။

“ဘယ်လောက်တောင် လခကောင်းမှာ မို့လဲ"

“ဝိညာဉ်ကျောက် လေးဆယ်... မဟုတ်ဘူး၊ ငါးဆယ်"

လော့ချန် နှုတ်ခမ်းကို ကိုက်ရင်း ထပ်ပြောသည်။

“ထပ်မတိုးနိုင် တော့ဘူးနော်၊ ဘယ်သူမှ ဒီလောက်လစာပေးမှာမဟုတ်ဘူး”

လက်ဖက်ခြောက်ဖိုးမှာ သိပ်မကုန်သော်လည်း သားရဲနို့နှင့် ဆေးဖက်ဝင်ပစ္စည်းများမှာ အဓိက အသုံးစရိတ် ဖြစ်နေသည်။

သူ၏ နို့လက်ဖက်ရည်ဆိုင် တည်ထောင်ရန်မှာ အစောပိုင်း ရင်းနှီးမြှုပ်နှံမှု အတော်လေး လိုအပ်သည်။ အနည်းဆုံး ဝိညာဉ်ကျောက် တစ်ရာကျော် ကုန်ကျမည် ဖြစ်သည်။

ကုချိုင်ယီက ပြုံးကာ သဘောတူလိုက်သည်။ လော့ချန် ဤကဲ့သို့ တွန့်တိုနေသည်ကို မမြင်ရသည်မှာ ကြာပြီဖြစ်သည်။

….

နောက်တစ်နေ့တွင် လော့ချန်သည် သူ၏ အစောင့်အရှောက် ကျိုးယွမ်လီမှတစ်ဆင့် သားရဲခန်းမ ခေါင်းဆောင် ခယ်ယွဲ့လင်း နှင့် တွေ့ဆုံရန် စီစဉ်လိုက်သည်။

သူတို့နှစ်ဦးသည် မြို့တွင်းရှိ ကျောက်ဖြူရင်ပြင်၌ အသစ်ဖွင့်ထားသည့် အရက်ဆိုင်လေးတစ်ဆိုင်တွင် တွေ့ဆုံကြသည်။

အစပိုင်း၌ စကားပြောရသည်မှာ လေပေးသိပ်မဖြောင့်လှပေ။

ခယ်ယွဲ့လင်းသည် ချင်လျန်ချန်း ဇနီးမောင်နှံနှင့် လမ်းခွဲခဲ့ပြီး မီရှုဟွာဘက်သို့ အပြည့်အဝ ဘက်ပြောင်းသွားခဲ့သူ ဖြစ်သည်။

ထို့ကြောင့်သာ လော့ချန်သည် ကျိုးယွမ်လီမှတစ်ဆင့် ဆက်သွယ်ခဲ့ရခြင်း ဖြစ်သည်၊ မဟုတ်လျှင် ချင်လျန်ချန်းအား ဖိတ်ခိုင်းလိုက်ရုံသာ။

နှုတ်ဆက်စကားအချို့ ပြောပြီးနောက်တွင်မူ လေထုမှာ ပိုမိုပြေလည်လာသည်။

“ဒါက တကယ်တော့ တစ်လကို ဝိညာဉ်ကျောက်တုံး ငါးရာတန်တဲ့ စီးပွားရေးဗျ၊ ကျွန်တော် အရှုံးခံလုပ်ပေးနေတာ၊ ဒါပေမဲ့ ခင်ဗျားက အစ်ကိုကြီးလျန်ချန်းရဲ့ တူလိုဖြစ်နေလို့ ကျွန်တော် လျှော့ပေးလိုက်မယ်”

ခယ်ယွဲ့လင်းက ပြုံးဖြီးရင်း ပြောသည်။

"ကဲ.... စရန်ငွေ အရင်ပေး"

လော့ချန် စိတ်ထဲမှ ဆဲရေးဆိုလိုက်မိသည်။

ဖူကျူးသမင်တို့မှာ အသားအတွက် တန်ဖိုးရှိသော်လည်း နို့ကိုမူ မည်သူမျှ ဂရုမစိုက်ကြပေ။ သို့သော်လည်း နို့မှာ မရှိမဖြစ် လိုအပ်နေသည်။

ဖိုရှန်းဂိုဏ်းမှလွဲလျှင် နန်ကုန်းမိသားစုသာ ဖူကျူးသမင်များအား အကြီးအကျယ် မွေးမြူကြခြင်း ဖြစ်သည်။ အခြား မည်သည့်နေရာကမျှ သွားရှာမရတော့သဖြင့် ခယ်ယွဲ့လင်း၏ အမြတ်ထုတ်မှုကို သူ ခေါင်းညိတ်ခံလိုက်ရရုံသာ တတ်နိုင်တော့သည်။

သူသည် ဝိညာဉ်ကျောက်တုံးအိတ်အား ခယ်ယွဲ့လင်းထံ ကမ်းပေးလိုက်သည်။

ခယ်ယွဲ့လင်း အမြန်ရေတွက်ကြည့်ပြီးနောက် မျက်နှာပျက်သွားသည်။

"တစ်လကို ၃၀၀ မဟုတ်ဘူးလား၊ ဘာလို့ ၅၀ ပဲ ရှိတာလဲ"

"ဒါက စရန်ငွေလေဗျာ၊ ဘယ်သူက အကုန်လုံးကို အရင်ပေးလို့လဲ"

လော့ချန် မျက်မှောင်ကြုတ်ကာ ဆက်ပြောသည်။

"ကျွန်တော်လည်း ရက်နဲနဲလောက် စမ်းသုံးကြည့်ဖို့ လိုသေးတာပေါ့၊ တကယ်လို့ လူကြိုက်မများရင် ဘယ်လိုလုပ်မလဲ"

ခယ်ယွဲ့လင်း၏ မျက်နှာမှာ အမျိုးမျိုး ပြောင်းလဲသွားပြီးနောက် နောက်ဆုံးတွင် မကျေမနပ်ဖြင့် သဘောတူလိုက်ရသည်။

“ကောင်းပြီလေ၊ မင်းအတွက် နို့ညှစ်ပေးဖို့ လူစီစဉ်ပေးလိုက်မယ်၊ ဒါပေမဲ့ သားရဲဆောင်မှာ လူအင်အား မလောက်ဘူး၊ မင်းဆီကိုတော့ ဘယ်သူမှ လာပို့ပေးမှာ မဟုတ်ဘူးနော်” ဟု ဆိုကာ သူ၏ ဝတ်ရုံစကို ခါ၍ ထွက်သွားတော့သည်။

တစ်လကို ၃၀၀ ရမည်ဟု မျှော်လင့်ထားရာမှ ၅၀ သာ ရသဖြင့် သူ ဤမျှ စိတ်တိုသွားခြင်းမှာ မဆန်းပေ။

လော့ချန်သည် သေရည်းဖိုးရှင်းရင်း ပွစိပွစိ ပြောနေမိသည်။

“ငါ့အတွက် နို့ညှစ်ပေးဖို့ လူစီစဉ်ပေးမယ်ဆိုတာက ဘာကို ဆိုလိုတာလဲ”

သူ ပွစိပွစိ ပြောနေသော်လည်း စိတ်အခြေအနေကမူ အလွန်ကောင်းနေသည်။ အဓိကကုန်ကြမ်းဖြစ်သော နို့ရရှိရေး ပြဿနာမှာ ပြေလည်သွားပြီ ဖြစ်သည်။

ယခုဆိုလျှင် အရာအားလုံး အဆင်သင့်ဖြစ်ရန် နောက်ဆုံး တွန်းအား တစ်ချက်သာ လိုတော့သည်။

ထိုတွန်းအားမှာလည်း ယနေ့တွင်ပင် ရှောင်ယွဲ့ထံမှ ရောက်ရှိလာသည်။

“အစ်ကိုဟယ်က ကျောက်ဖြူရင်ပြင်က ဖီးနစ်ကျတောင်ရဲ့ မျက်စောင်းထိုးမှာရှိတဲ့ ဆိုင်ခန်းလေးကို ငှားဖို့ သဘောတူလိုက်ပြီ၊ ဒါပေမဲ့ တစ်လကို ဝိညာဉ်ကျောက်တုံး ၁၀ တုံးတဲ့၊ ဈေးဆစ်လို့ မရဘူး၊ ပြီးတော့ အနည်းဆုံး တစ်နှစ် စာချုပ်ချုပ်ရမယ်လို့ ပြောတယ်” ဟု ရှောင်ယွဲ့က သတင်းပို့လာသည်။

“ဆယ်တုံး ဟုတ်လား၊ ကျောက်စိမ်းဆေးဖို ဓားနန်းဆောင်က လူတွေကို ပေါ်တင် ဓားပြတိုက်နေတာလား” ဟု ဆိုကာ လော့ချန် ပေါက်ကွဲသွားသည်။

ယွမ်ရှောင်ယွဲ့က စိတ်ရှည်လက်ရှည် ရှင်းပြသည်။

“ဒါက တကယ့် ဆိုင်ခန်းလေ၊ တစ်ကိုယ်တော်ကျင့်ကြံသူတွေရဲ့ ဆိုင်ခန်းတွေလို မဟုတ်ဘူး၊ ပြီးတော့ အဲဒီနေရာကို ငှားချင်တဲ့လူတွေကလည်း အများကြီးပဲ”

သူမ ပြောသည့် အစ်ကိုဟယ် ဆိုသူမှာ လော့ချန် တစ်ခါက နာနတ်ဝိုင်များ လက်ဆောင်ပေးခဲ့ဖူးသည့် ကျင့်ကြံသူ ဟယ်ယူကျွင်း ဖြစ်သည်။

ချီသန့်စင်အဆင့် ၉ တွင် ရှိနေသည့် သူ၏ အဆင့်အတန်းမှာ မြောင်ကျန်းနှင့် စွန်းရှို့ ပြီးလျှင် ဒုတိယ ဖြစ်သည်။

သူသည် လက်ရှိတွင် ဖီးနစ်ကျတောင်ရှိ အဆုံးအဖြတ်စင်မြင့်၊ ကျောက်ဖြူရင်ပြင်ရှိ ဆိုင်ခန်းများနှင့် ဈေးဆိုင်တန်းများ၏ ကိစ္စအဝဝကို စီမံခန့်ခွဲနေသူ ဖြစ်သည်။

သူ့ထံသို့ ဝိုင်များ မှန်မှန် ပို့ပေးခဲ့သည့် အလေ့အထကြောင့် သူသည် လော့ချန်၏ စီးပွားရေးအပေါ် အတော်လေး မျက်နှာသာပေးထားသည်။

ပြီးခဲ့သည့်အကြိမ် ရှောင်ယွဲ့ သတင်းပို့ခဲ့စဉ်ကလည်း သူသည် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့အား လွှတ်၍ ဆိုင်အားလုံးကို စစ်ဆေးခိုင်းကာ ဒဏ်ငွေများ ရိုက်ပြီး စည်းကမ်းသစ်များ ထုတ်ပြန်ပေးခဲ့သည်။ ထိုအချိန်မှစ၍ ရှောင်ယွဲ့သည် အကောင်းဆုံး ဆိုင်နေရာကို ရရှိခဲ့ပြီး ချန်ယွဲ့ မုန့်ဆိုင်အား ဖွင့်လှစ်နိုင်ခဲ့သည်။

အခု ဆိုင်ခန်းငှားရန် လိုအပ်လာသောအခါ၊ အသေးဆုံးဆိုင်ဖြစ်နေလျှင်ပင် လော့ချန်အနေဖြင့် သူ့ထံသို့ မသွားဘဲ မနေနိုင်ပေ။

လော့ချန်သည် ယွမ်ရှောင်ယွဲ့နောက်သို့ လိုက်၍ ဟယ်ယူကျွင်းနှင့် သွားရောက်တွေ့ဆုံခဲ့သည်။

အစကမူ သူသည် ကနဦး ရင်းနှီးမြှုပ်နှံမှုမှာ ဝိညာဉ်ကျောက်တုံး ၁၀၀ ခန့်သာ ကုန်မည်ဟု ထင်ခဲ့သော်လည်း ယခုမူ ထိုထက် များစွာ ပိုနေပြီ ဖြစ်သည်။

ဆိုင်ခန်းငှားခနှင့်ပင် တစ်နှစ်စာအတွက် တစ်ရာကျော် ကုန်သွားပြီဖြစ်သည်။

လက်ဖက်ရည် ဖျော်စက်ကိရိယာများနှင့် အထူးမှာယူထားသော နို့လက်ဖက်ရည်ခွက်များ အတွက်လည်း ငွေအတော်ကုန်ဦးမည်။ ထို့အပြင် ယနေ့ နေ့လည်တွင် ကောင်းကင်တေးသံဆောင် မှ အမျိုးသမီးနှင့်လည်း တွေ့ရန် ရှိသေးသည်။ လုပ်အားခလည်း ပေးရဦးမည်မှာ သေချာသည်။

ထိုမျှသာမက နောက်ပိုင်းတွင် ရတနာနန်းဆောင်သို့ သွားကာ အဆင့်နိမ့် မှော်လက်နက် တစ်ခုလည်း ဝယ်ရပေဦးမည်။

“ဝိညာဉ်ကျောက်တုံးတွေက ဘာလို့ ဒီလောက် အကုန်မြန်ရတာလဲကွာ….”

သူ စိတ်ပျက်လက်ပျက်ဖြင့် တတွတ်တွတ် ရေရွတ်နေမိတော့သည်။

All Chapters