← Chapters

တိုက်ပွဲခေါ်သံ

Vol. 11 Ch. 1020

တိုက်ပွဲခေါ်သံ

Vol. 11 Ch. 1020

တဂျိန်းဂျိန်းမြည်ဟည်းသံများ တရစပ် ထွက်ပေါ်နေသည်။

မြေရိုင်းဒေသတစ်ခွင် အက်ကွဲကြောင်းများ၊ လျှိုမြောင်ကြီးများ ဆက်တိုက် ပွင့်ထွက်နေကြပြီး ပိုင်ရှောင်ချန်းထံမှ ထွက်ပေါ်လာသည့် တုန်လှုပ်ဖွယ် စွမ်းအင်ကြီးကြောင့် ပို၍ ဆိုးဝါးနေတော့သည်။ မရေမတွက်နိုင်သော တောင်များစွာ ပြိုလဲသွားကြပြီး လွင်ပြင်များ ချိုင့်ဝင်သွားကြသည်။ တစ်ကမ္ဘာလုံး တစ်စစီ ဆုတ်ပြဲသွားတော့မည့်အလား ဖြစ်နေပြီဖြစ်သည်။

ယခုမြင်နေရသည့် စွမ်းအင်ကြီးမှာ ကမ္ဘာကြီး ထိန်းသိမ်းနိုင်သည့် ပမာဏထက် ပိုကဲနေသဖြင့် ကောင်းကင်ကြီးပင်လျှင် တစ်စစီ ကွဲအက်စပြုလာသည်။ သက်ရှိအားလုံးမှာ ကမ္ဘာကြီးပျက်စီးနေခြင်းနှင့် ကြုံတွေ့နေရသည့်အလား ခံစားနေရသည်။

မြို့များစွာ တုန်ရီသွားကြပြီး ဂိုဏ်းများသည်လည်း လှုပ်ယမ်းလာကြသည်။ နေရာတိုင်းရှိ သက်ရှိများမှာ ကမ္ဘာကြီး၏အဆုံးသတ်ကို အနီးကပ် မြင်တွေ့ခံစားနေရတော့သည်။

မြေရိုင်းဒေသနှင့် ကောင်းကင်တံတားဒေသ နှစ်ခုစလုံးမှ ကျင့်ကြံသူများသည်လည်း ထိုနည်းတူ ခံစားနေကြရသည်။ သူတို့၏ ပတ်ပတ်လည်ရှိ ကမ္ဘာကြီး ပျက်သုဥ်းနေသည့် ခံစားချက်မျိုးဖြစ်သည်...

တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုံတစ်ခုကသာ ဝင်ရောက်မတားဆီးပါက မကြာခင် ဤကမ္ဘာကြီးမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားတော့ မည်ဖြစ်သည်။

ထိုအချင်းအရာမှာ ပိုင်ရှောင်ချန်းနှင့် လုံးဝမဆိုင်ပေ။ ဤသို့ ပျက်သုဥ်းနေသည့် ဖြစ်စဥ်ကြီးမှာ သင်္ချိုင်းစောင့်ကြီး သေဆုံးသွားခဲ့သည့် အချိန်မှစ၍ စတင်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာပေါ်ရှိ လူတိုင်း ဘေးဘီဝဲယာကို တအံ့တသြ လှည့်ပတ်ကြည့်ရှုနေကြစဥ် ပိုင်ရှောင်ချန်းက မြေရိုင်းဒေသအား ဖြတ်၍ ကောင်းကင်တံတားကျွန်းဆီသို့ အရှိန်ဖြင့် ဦးတည်သွားနေသည်။ တစ်လမ်းလုံးတွင် သူ၏စွမ်းအင်များမှာလည်း ထိန်းသိမ်း၍မရလောက်အောင် မြင့်တက်နေ၏။

ပိုင်ရှောင်ချန်း၏ စိတ်နှလုံးထဲရှိ အမုန်းတရားနှင့် ဒေါသများမှာ မည်သည့်အခြေအနေရောက်စေကာမူ သူ၏စွမ်းအင်များကို မြင့်သထက်မြင့်အောင် တွန်းတင်ပေးနေမည်ဖြစ်၍ အဆုံးရှိမည့်ပုံ မပေါ်ပေ။

မကြာမီ သူက သေမင်းနွံတောထဲသို့ ရောက်သွားသည်။ ထိုနေရာကို ကာကွယ်ချုပ်နှောင်ပေးနေသည့် အချုပ်အနှောင်မန္တန်များ မရှိတော့သဖြင့် ၎င်းမှာလည်း အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။

ကောင်းကင်နှင့် ကမ္ဘာမြေကြီး ပြောင်းလဲနေပြီဖြစ်သည်။ ကမ္ဘာကြီး၏ အဆုံးသတ်နေ့ရက်များသို့ ရောက်ရှိလာပြီဖြစ်သည်။ ပိုင်ရှောင်ချန်းမှာ ထိုအချင်းအရာများကို အတိအကျ သိမြင်နိုင်ပြီဖြစ်သည်။

သူ၏စိတ်နှလုံးထဲရှိ အမုန်းတရားနှင့် ဒေါသများမှာ ဖျောက်ဖျက်ရန် လုံးဝမဖြစ်နိုင်သော သတ်ဖြတ်လိုသော အခိုးအငွေ့တစ်ခုအသွင် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ကောင်းကင်ဧကရာဇ်အပေါ် ထားရှိသည့် သူ၏ သတ်ဖြတ်လိုစိတ်များမှာ အဆုံးစွန်ဆုံးသော ရူးသွပ်မှုမျိုးဖြင့် တောက်လောင်နေ၏။

သူသည် အသံကုန်အော်ဟစ်လိုက်ပြီး အမျက်ဒေါသများကြောင့် နီမြန်းနေသည့် မျက်ဝန်းများဖြင့် လေဟုန်ခွင်း၍ တဟုန်ထိုး သွားနေတော့သည်။ သူ၏ဘဝတစ်လျှောက်လုံး ယခုကဲ့သို့ သေခြင်းတရားကို ကြောက်ရွံ့မှုမရှိတော့လောက်အောင် အမုန်းတရားများ၏ ဝါးမျိုခြင်းခံလိုက်ရသည့်ဖြစ်ရပ်မျိုး မည်သည့်အခါကမှ မဖြစ်ခဲ့ဖူးပေ။ သူ၏ ထာဝရအသက်ရှင်နေထိုင်လိုသော ဆန္ဒကို သူ ဂရုစိုက်မနေတော့ပေ။ သူ၏ အတွေးထဲတွင်... တုလင်ဖေး၏ နာကျည်းမှုများပြည့်နှက်နေသော မျက်ရည်များနှင့် ပိုင်ဟောက်မသေဆုံးမီ သူ့အား ဦးချအရိုအသေပေးခဲ့သည့် ပုံရိပ်များသာ ရှိတော့သည်။

ထိုပုံရိပ်နှစ်ခုမှာ အသွားချွန်ထက်လှသော ဓားများကဲ့သို့ သူ၏နှလုံးသားကို ဖောက်ထွင်း၍ သူ၏ဝိညာဥ်ထဲအထိ ထိုးနှက်နေတော့သည်။

သူ အမှန်တကယ် ရူးသွပ်နေလေပြီ။

" ကောင်းကင်တံတားတာအို "

ပိုင်ရှောင်ချန်းသည် သေရွာမှပြန်လာခဲ့ပြီး သူ၏ပျော်ရွှင်မှုအားလုံး သူ၏ဘဝအသစ်သို့ ကူးပြောင်းကာ ပါမလာခဲ့သည့် အလား။ ထိုသို့ပါလာခဲ့သည့် တစ်ခုတည်းသောအရာမှာလည်း... ကောင်းကင်ဧကရာဇ်ကို သတ်လိုသည့် ဆန္ဒသာဖြစ်ပေသည်။

သူသည် ကောင်းကင်ဧကရာဇ် သွေးချောင်းချောင်းစီးစေရန် ဆန္ဒပြင်းပြနေပြီဖြစ်သည်။

ကောင်းကင်ဧကရာဇ်က တုလင်ဖေး၏ ဦးခေါင်းကို သူ၏ဦးခေါင်းဆီသို့ တွန်းခဲ့စဥ် သူမ၏မျက်ဝန်းများထဲရှိ အကြည့်ကို သူလုံးဝမေ့နိုင်မည်မဟုတ်ပေ။ သူမသည် သူ့အား မနာကျင်စေလိုပါသော်လည်း ရွေးချယ်စရာ မရှိခဲ့ပေ။ ပိုင်ဟောက်တစ်ယောက် သူ့ကို ကယ်တင်နိုင်ရန်အတွက် သူ့ကိုယ်သူ မီးမြှိုက်ခဲ့သည့် ပုံရိပ်ကိုလည်း လုံးဝမေ့နိုင်မည်မဟုတ်။ ပိုင်ရှောင်ချန်းမှာ ငိုချလိုက်ချင်ပါသော်လည်း လတ်တလောတွင် မျက်ရည်များကျမလာပေ။ အမျက်ဒေါသများနှင့် အမုန်းတရားများမှာ ထိုမျက်ရည်များကို လောင်ကျွမ်းသွားစေခဲ့ပြီး သူ့အား လက်စားချေလိုသည့် ဆန္ဒတစ်ခုတည်းသာရှိတော့သော သတ္တဝါကြီးတစ်ကောင်အသွင် ပြောင်းလဲလိုက်ပြီဖြစ်သည်။

သူသည် ရူးသွပ်နေပါသော်လည်း အသိအာရုံအားလုံးကို ပိုင်ဆိုင်ထားဆဲပင်။ ကောင်းကင်ဧကရာဇ်မှာ အလွန့်အလွန် စွမ်းအားကြီးမားကြောင်း သူက သိထားပြီး သူက ထာဝရအသက်ရှည်ခြင်းအတတ်၏ မဟာစက်ဝန်းအဆင့်ထိ ရောက်ရှိနေပြီဖြစ်ပါသော်လည်း ကောင်းကင်ဧကရာဇ်နှင့်တိုက်ခိုက်ရမည်ဆိုပါက သေဆုံးသွားနိုင်ကြောင်းကိုလည်း သိထားသည်။

သူ ကျင့်ကြံခြင်းအခြေခံဖောက်ထွက်ကာ မဟာယနအဆင့်သို့ အမှန်တကယ် မတက်လှမ်းနိုင်ပါက ကောင်းကင်ဧကရာဇ်အား အနိုင်ယူနိုင်မည့် အတိုက်အခိုက်စွမ်းရည်ကို ပိုင်ဆိုင်ဦးမည် မဟုတ်ပေ။

သို့သော် ထိုအသိမှာ သူ၏သတ်ဖြတ်လိုစိတ်ကို မြူမှုန်တစ်မှုန်စာမျှပင် မလျှော့နည်းသွားစေပေ။ သူ့ထံတွင် ဝှက်ဖဲတစ်ချပ်ဖြစ်သော မြောက်ပိုင်း၏ ကမ္ဘာရတနာ ရှိနေသေးသည် မဟုတ်ပါလော။ သာမန်အခြေအနေတွင် သူသည် ပေးဆပ်ရမည့် အဖိုးအခများလွန်းလှသဖြင့် ၎င်းကို ထုတ်သုံးမည်မဟုတ်ပေ။ သို့သော် ယခုတွင် သူ၏ပတ်ပတ်လည်ရှိ ကမ္ဘာကြီး ပြိုလဲနေပြီ မဟုတ်ပါလော...

" ငါ့ဆီမှာ မြောက်ပိုင်းရဲ့ ကမ္ဘာ့ရတနာတင်မဟုတ်ပဲ အခြားပစ္စည်းတွေလည်းရှိပါသေးတယ်... "

ပိုင်ရှောင်ချန်းက သေမင်းနွံတောထဲမှ ဖောက်ထွက်၍ ကောင်းကင်တံတားဒေသထဲသို့ ဝင်ရောက်သွားချိန်တွင် သူ၏စိတ်ထဲ၌ အကြံအစည်မျိုးစုံ၊ အတွေးစမျိုးစုံတို့ဖြင့် ပြည့်နှက်နေ၏။

" ထာဝရအပိုင်းမှာ လျှို့ဝှက်မှော်သိုင်း ငါးမျိုးရှိတယ်။ အသက်ရှည်နည်းအပိုင်းမှာလည်း စွမ်းအားကြီး နတ်ဘုရားသိုင်းငါးမျိုး ရှိတယ်။ ဒါပေမဲ့ သူတို့ရဲ့ အသွင်အပြင်က တစ်ယောက်နဲ့တစ်ယောက် မတူဘူး။ လူတစ်ယောက်က အသက်ရှည်နည်းအပိုင်းကို ကျွမ်းကျင်တတ်မြောက်သွားပြီဆိုတာနဲ့ မှော်သိုင်းတွေက အဲဒီလူရဲ့ တစ်ကိုယ်ရေတာအို အပေါ်မူတည်ပြီး အသွင် အမျိုးမျိုး ပြောင်းလဲသွားတယ် "

ပိုင်ရှောင်ချန်း၏ အတွေးထဲတွင် အသက်ရှည်နည်းအပိုင်းကို သူ ကျွမ်းကျင်တတ်မြောက်ခဲ့ပြီးနောက် ဖန်တီးခဲ့သည့် နတ်ဘုရားသိုင်း ငါးမျိုး မျောလွင့်နေတော့သည်။ ထိုသိုင်းငါးမျိုးမှာ အရာအားလုံးကိုဖျက်ဆီး နိုင်လောက်သည်အထိ စွမ်းအားကြီးမားပေသည်။

အသက်ရှည်နည်းအပိုင်းကို ကျင့်ကြံသည့် လူတစ်ယောက်ချင်းစီက မတူညီသော နတ်ဘုရားသိုင်းများကို ဖန်တီးနိုင်မည်ဖြစ်သည်။ ပိုင်ရှောင်ချန်း၏ နတ်ဘုရားသိုင်းများသည် သူ၏အတွင်းစိတ်နှင့် သူ၏ဘဝတစ်လျှောက် ကျင့်ကြံခဲ့ဖူးသည့် တာအိုမှော်သိုင်းများကို ပေါင်းစည်းထားခြင်း ဖြစ်သည်။ ထိုသိုင်းများကို ထာဝရအပိုင်းမှရသော အပြင်အားများနှင့် ပေါင်းစည်းလိုက်ပါက သူသည် တစ်ပိုင်းတည်းကိုသာကျွမ်းကျင်တတ်မြောက်ထားသော လူတိုင်းထက် များစွာပို၍ ပြိုင်ဘက်ကင်းသွားမည်ဖြစ်ကြောင်း ယုံကြည်မှုအပြည့်ရှိနေသည်။

" ပြီးတော့ ငါ့ဆီမှာ ငွေစန္ဒာပန်းလည်း ရှိသေးတယ် ... " သူသည် စူးရှတောက်ပနေသော မျက်ဝန်းများဖြင့် လေဟုန်ခွင်း၍သွားနေစဥ် ရုတ်တရက် သူ၏လက်ချောင်းကို မြောက်ဘက်သို့ ဝှေ့ယမ်းလိုက်ပြီး ထိုအရပ်မျက်နှာသို့ နတ်ဘုရားအာရုံလှိုင်းတစ်လှိုင်း စေလွှတ်လိုက်၏။

" ငွေစန္ဒာပန်းလေး... ကလေးရေ... "

သူ၏ လှမ်းခေါ်သံကြောင့် မြောက်ပိုင်းရှိ သစ်တောများနှင့်လျှိုမြောင်များမှ မရေမတွက်နိုင်သော ငွေစန္ဒာပန်းပေါင်းများစွာ ရုတ်တရက် လေပေါ်သို့ ပျံတက်လာကြသည်။

၎င်းတို့သည် ဒုဓလီစေ့များဖြင့် ဖွဲ့စည်းထားသော တိမ်တိုက်ကြီးတစ်ခုအသွင်ဖြင့် ကောင်းကင်ကိုဖြတ်၍ ပျံဝဲလာကြတော့သည်။

သူ၏မြင်ကွင်းထဲတွင် ၎င်းတို့မှာ သန်းပေါင်းများစွာရှိကြပြီး ရစ်ဝဲကာ ဧရာမလမင်းကြီးတစ်ခုအသွင် ပြောင်းလဲသွားကြပြီး ကောင်းကင်ယံထဲတွင် ပြည့်နှက်သွားကြသည်။

တစ်နေရာသို့ရောက်သောအခါ ၎င်းတို့ ပျောက်ကွယ်သွားကြပြီး ပိုင်ရှောင်ချန်း၏ ဘေးတွင် ပြန်ပေါ်လာကြသည်။

ထိုငွေစန္ဒာပန်းများမှာ ပျော်ရွှင်မြူးထူးနေသည့်အလား ပိုင်ရှောင်ချန်း၏ ပတ်ပတ်လည်တွင် ရစ်ဝဲနေကြပြီး ရင်းနှီးမှုနှင့်ချစ်ခြင်းမေတ္တာများကို ထုတ်လွှတ်နေကြ၏။ ပိုင်ရှောင်ချန်း၏ အေးခဲနေသော စိတ်နှလုံးသားမှာ ပထမဆုံးအကြိမ်အဖြစ် နွေးထွေးမှုအနည်းငယ်ကို ခံစားလိုက်ရသည်။

" ငွေစန္ဒာပန်း ကလေးလေး ... ငါတိုက်ခိုက်တာကို မင်းကူညီပေးချင်လား "

ထိုမေးခွန်းကို ငွေစန္ဒာပန်းများစွာက အကြောက်တရားကင်းမဲ့သော တိုက်ခိုက်လိုစိတ်များကို ထုတ်လွှတ်၍ ပြန်ဖြေလိုက်ကြသည်။

ထိုအခါ ပိုင်ရှောင်ချန်းမှာ ပြုံးသွားတော့သည်။ သို့သော် သူ၏မျက်ဝန်းများမှာ ရေခဲတမျှအေးစက်နေဆဲဖြစ်ပြီး ကောင်းကင်တံတားကျွန်းကို မခွာတမ်းကြည့်နေဆဲပင်။ သူသည် အနည်းငယ်မျှ တွေဝေစိုးထိတ်မနေပဲ ရုတ်တရက် သူ၏ လိပ်ဒယ်အိုးလေးကို ဆင့်ခေါ်လိုက်တော့သည်။

သူ့စိတ်ဆန္ဒ၏ အမိန့်တော်ကြောင့် သန်းပေါင်များစွာသော ဒုဓလီစေ့များမှာ အချင်းချင်း ပေါင်းစည်းသွားကြပြီး နောက်ဆုံးတွင် သစ်စေ့တစ်စေ့ထဲအသွင်ပြောင်းလဲကာ လိပ်ဒယ်အိုးဆီသို့ ပျံသန်းသွားသည်။

ပိုင်ရှောင်ချန်းသည် သူ၏ငွေစန္ဒာပန်းကို ပို၍စွမ်းအားကြီးမားလာစေရန် ၎င်းကို စိတ်စွမ်းအင်အဆင့်မြှင့်တင်ပေးမည်ဟု ဆုံးဖြတ်ထားပြီးဖြစ်သည်။

သူသည် နှစ်ဆယ့်နှစ်ရောင်ခြယ်မီးတောက်ကို မဖန်တီးနိုင်ပါသော်လည်း သူ၏ကျင့်ကြံခြင်းအခြေခံမှာ မြင့်မားလွန်းနေပြီဖြစ်သဖြင့် နှစ်ဆယ့်တစ်ရောင်ခြယ်မီးတောက်ကို ဖန်တီးရန်မှာ မခက်ခဲလှပေ။

သူ၏ လက်ကိုဝှေ့ယမ်းလိုက်သောအခါ မရေမတွက်နိုင်သော ဝိညာဥ်များစွာ သူ့ဆီသို့ ပျံသန်းလာကြသည်။ ထိုအခါ သူသည် တစ်ရောင်ခြယ်မီးတောက်မှ နှစ်ဆယ်ရောင်ခြယ်မီးတောက်အထိ ဖန်တီးလိုက်ပြီး ထိုမီးတောက်များကိုသုံး၍ ငွေစန္ဒာပန်းလေးအား စိတ်စွမ်းအင်အဆင့် နှစ်ဆယ်အထိ မြှင့်တင်ပေးလိုက်တော့သည်။ ထို့နောက် သူက နှစ်ဆယ့်နှစ်ရောင်ခြယ်မီးတောက်တစ်ခုကို ဖန်တီးလိုက်သည်။

သူသည် လုံးဝတွေဝေမနေပဲ ထိုမီးတောက်ကို လိပ်ဒယ်အိုးထဲသို့ ပစ်ထည့်လိုက်သည်။ ထိုအခါ တဂျိန်းဂျိန်းမြည်ဟည်းသံများ ချက်ချင်း ထွက်ပေါ်လာပြီး ဒယ်အိုးပေါ်ရှိ မျဥ်းကြောင်းများထဲမှ စူးရှတောက်ပသော အလင်းရောင်များ ထွက်ပေါ်လာသည်။ ငွေစန္ဒာပန်းပေါ်တွင် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း အင်းကွက် ဖြည်းညင်းစွာ ပေါ်လာတော့သည်။

၎င်း၏ အငွေ့အသက်မှာ ယခင်ကနှင့် လုံးဝမတူညီပဲ ကွဲပြားနေပြီဖြစ်သည်။ ၎င်း၏ စွမ်းအင်များ တရိပ်ရိပ်မြင့်တက်လာသည်နှင့်အမျှ ၎င်းမှာ တဖြည်းဖြည်း အရွယ်အစားကြီးမားလာပြီး မီတာသုံးသောင်းအထိ မြင့်မားသော တုန်လှုပ်ဖွယ် ပန်းပွင့်ကြီးတစ်ပွင့် ဖြစ်သွားတော့သည်။

ပို၍ အံ့သြဖွယ်ကောင်းသောအချက်မှာ ၎င်းထံမှ နတ်ဘုရားတစ်ပိုင်း မဟာစက်ဝန်းအဆင့်ရှိသော အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေခြင်းပင်။

သို့သော် ၎င်းသည် သူ့အား ယခင်ကကဲ့သို့ ချစ်ခင်မြတ်နိုးစွာ သဘောထားဆက်ဆံနေဆဲပင်။ သူသည် အရှိန်တင်လိုက်ရင်း ငွေစန္ဒာပန်းလေး၏ အရွယ်အစားကိုချုံ့လိုက်ပြီး သူ၏အိတ်ထဲသို့ ပစ်ထည့်လိုက်သည်။ တခဏအကြာတွင် သူက ကောင်းကင်တံတားပင်လယ်ပေါ်မှ ဖြတ်ပျံသွားတော့သည်။

လေထဲတွင် အက်ကွဲကြောင်းများပွင့်ထွက်လာသဖြင့် ကွဲအက်သံများ ပေါ်ထွက်လာကြသည်။ ထိုအက်ကွဲကြောင်းများမှာ ပြန်ပိတ်သွားကြမည့် အရိပ်အယောင်လုံးဝ မရှိပေ။

သူက ပင်လယ်အပေါ်မှ ဖြတ်ပျံသွားသောအခါ အနီးရှိရေများ အေးခဲသွားကြသည်။ ပိုင်ရှောင်ချန်း၏ အငွေ့အသက်များမှာ ထိပ်ဆုံးအဆင့်ထိ ရောက်နေပြီဖြစ်သည်။

သူ၏မျက်လုံးများသည်လည်း ကောင်းကင်တံတားကျွန်းကို မခွာတန်း ကြည့်နေဆဲပင်။

သူ ထိုကျွန်း၏အနီးသို့ ရောက်သွားသောအခါ တစ်ကိုယ်လုံး မီးတောက်နေပြီး တုန်လှုပ်ဖွယ် လက်သီးချက်ကြီးတစ်ခုကို ထိုးနှက်ရန် စွမ်းအင်အကုန်ထုတ်သုံးနေသည့် သွေးဘိုးဘေးကြီးကို လှမ်းမြင်လိုက်ရသည်။ ထိုလက်သီးချက်ကြီးကို ထိုးနှက်ပြီးသွားသောအခါ ဧရာမလေပွေကြီးတစ်ခု ပေါ်ထွက်လာပြီး သွေးဘိုးဘေးကြီးမှာ တဖြည်းဖြည်း ပျောက်ကွယ်စပြုလာတော့သည်။

" နောက်ဆုံးတော့ မင်းရောက်လာပြီပဲ ပိုင်ရှောင်ချန်း။ ငါ့တာဝန် ပြီးဆုံးသွားပြီ... သူမကို...ငါ့အတွက်... ဂရုစိုက်ပေးပါ... "

သွေးဘိုးဘေးကြီးက ခေါင်းကိုနောက်ပစ်၍ အားပါးတရ ရယ်မောလိုက်တော့သည်။ သူသည် ကောင်းကင်ဧကရာဇ်အား ချုပ်ထားနိုင်ရန် သူ၏အသက်ကိုစတေးခဲ့သည်ဖြစ်ပြီး သူက အားရကျေနပ်နေသည့် အရိပ်အယောင်များ ထင်ဟပ်နေသောမျက်ဝန်းများဖြင့် မြောက်ဘက်ကိုလှမ်းကြည့်ကာ ပျောက်ကွယ်သွားတော့သည်။

ပိုင်ရှောင်ချန်း ဂရုစိုက်ပေးစေလိုသည့် ' သူမ ' ဆိုသူ၏နာမည်ကို သူကပြောမသွားခဲ့ပေ။ သို့သော်လည်း ပိုင်ရှောင်ချန်းမှာ သိမည်ဖြစ်ကြောင်း သူက ယုံကြည်နေသည်။

ပိုင်ရှောင်ချန်းက ပျောက်ကွယ်သွားနေသည့် သွေးဘိုးဘေးကြီးကို ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူသည် သူ၏သွေးရောင်များလွှမ်းပြီး ညိုမည်းနေသော မျက်ဝန်းများဖြင့် ကျွန်းအထက်ရှိ လေပေါ်တွင်ဝဲပျံနေသည့် ကောင်းကင်ဧကရာဇ်အား လှမ်းကြည့်လိုက်တော့သည်။

" ကောင်းကင်တံတားတာအို "

သူ၏ စကားသံများမှာ မိုးခြိမ်းသံများအလား ဆူညံနေတော့သည်။

သူတို့၏ပတ်ပတ်လည်တွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီးမှာ ပြိုလဲပျက်စီးနေပြီဖြစ်သည်။

သမိုင်းတစ်လျှောက် ရင်သပ်ရှုမောဖွယ်အကောင်းဆုံးတိုက်ပွဲကြီး စတင်တော့မည်ဖြစ်​ေပသည်။

All Chapters