← Chapters

အခန်း (၁၈၃-၁၈၄)

Vol. 19 Ch. 183-184

အခန်း (၁၈၃-၁၈၄)

Vol. 19 Ch. 183-184

အခန်း ၁၈၃ - အင်မော်တယ် ဧကရာဇ်နှင့် ရင်ဆိုင်ရခြင်း၊ လက်သီးတစ်ချက်တည်းနှင့် သတ်ဖြတ်ခြင်း

"ထင်တဲ့အတိုင်းပဲ... လင်းမိသားစုက အစကတည်းက ပြင်ဆင်ထားခဲ့တာပဲ..."

တစ်ချိန်တည်းမှာပင် ဝူယီဖန်၏ ဘက်၌ နောက်တစ်ကြိမ် လှုပ်ရှားသောအခါ သူနှင့် တွမ့်သယ်တို့သည် ပို၍ သတိထားလာကြသည်။ ကံကြမ္မာဖုံးကွယ် ဆန်းကြယ်ပုလဲ၏ အကူအညီဖြင့် သူတို့ နှစ်ဦးသည် ပစ်မှတ်ထားသော သင်္ချိုင်းဂူ၏ဘေးပတ်ပတ်လည်ကို အချိန်အကြာကြီး သေချာစွာ စုံစမ်းကြည့်ရှုခဲ့ပြီး နောက်ဆုံးတွင် အနီးအနား၌ ပုန်းကွယ်နေသော အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့် ရှိ စွမ်းအားရှင် တစ်ဦးကို ရှာတွေ့ခဲ့ကြသည်။

တစ်ဖက်လူ၏ ကျင့်ကြံမှုအဆင့်ကို ခံစားသိရှိပြီးနောက် တွမ့်သယ်သည် ဝူယီဖန်ကို လေးနက်သော အမူအရာဖြင့် ကြည့်ကာ မေးလိုက်၏။

"သူတော်စင်... သူတို့ကို ဖြေရှင်းနိုင်မယ်လို့ မင်း ယုံကြည်မှု ရှိလား..."

"သိပ်ပြဿနာ မရှိပါဘူး... ငါတို့ သူ့ကို တစ်ကွက်တည်းနဲ့ အပြတ်ရှင်းလို့ ရတယ်... ဒါပေမဲ့ သူ့ကို ရှင်းလိုက်ရင် အခြား လင်းမိသားစု စွမ်းအားရှင်တွေရဲ့ အာရုံစိုက်မှုကို သေချာပေါက် ဆွဲဆောင်နိုင်လိမ့်မယ်... ဒါကြောင့် ငါတို့ ဒီနေရာက ကိစ္စကို အမြန်ဆုံး ဖြေရှင်းရမယ်... အထဲက အခြေအနေကို လေ့လာပြီး လှုပ်ရှားပြီးတာနဲ့ သင်္ချိုင်းထဲက ပစ္စည်းတွေကို အမြန်ဆုံး ယူသွားနိုင်ဖို့ သေချာအောင် လုပ်ရမယ်..."

ဝူယီဖန်က ပြောလိုက်သည်။ ရှေးဟောင်း မြင့်မြတ်ခန္ဓာကိုယ် အဆင့်(၁၂)၏ စွမ်းအားသည် အင်မော်တယ် ဧကရာဇ် တစ်ပါးကို လွယ်ကူစွာ ကိုင်တွယ်ရန် လုံလောက်သော်လည်း အကယ်၍ ဤနေရာတွင် ဆူညံသံများ ထွက်ပေါ်သွားပါက လင်းမိသားစုသည် အင်မော်တယ် အရှင်မြတ် တစ်ပါးကို သေချာပေါက် စေလွှတ်နိုင်သည်။ အကယ်၍ သူတို့သာ တားဆီးခံလိုက်ရလျှင် ခန့်မှန်း၍ မရနိုင်သော ဒုက္ခများဖြင့် ကြုံတွေ့ရနိုင်သည်။

ဤစကားကို ကြားသောအခါ တွမ့်သယ်က ခေါင်းညိတ်လိုက်ပြီးနောက် သူတို့ နှစ်ယောက်သည် ကံကြမ္မာဖုံးကွယ် ဆန်းကြယ်ပုလဲကို အသုံးပြုကာ သင်္ချိုင်းထဲသို့ ဝင်ရောက်သွားကြသည်။ အထဲရှိ အခြေအနေကို နားလည်သွားပြီးနောက် သူတို့သည် လှုပ်ရှားရန် ပြင်ဆင်လိုက်ကြ၏။

"ထူးဆန်းတယ်... ငါ ဘာလို့ ဒီလို မသက်မသာ ဖြစ်တဲ့ ခံစားချက်မျိုး ခံစားနေရတာလဲ..."

လင်းကျန်းယင်သည် အနည်းငယ် အံ့အားသင့်နေပုံ ပေါ်၏။ မိသားစုသည် သူ့ကို ဤနေရာတွင် ဘိုးဘေးကြီး၏ သင်္ချိုင်းဂူကို အချိန်အတိုင်းအတာ တစ်ခုအထိ စောင့်ကြပ်ရန် စေလွှတ်ထားခဲ့သည်။ ယခင်က အဖြစ်အပျက်ကြောင့် မျိုးနွယ်စုသည် စိုးရိမ်မကင်း ဖြစ်နေခဲ့ပြီး၊ ထိုသူခိုးလေး နှစ်ယောက်သည် အင်မော်တယ်ဘုရင်၏ လက်ထဲကနတောင် လွတ်မြောက်နိုင်ခဲ့သည်။

အကယ်၍ သူတို့သာ မိမိနှင့် ရင်ဆိုင်ရမည်ဆိုပါက၊ ၎င်းတို့နှစ်ယောက်အနေဖြင့် ထွက်ပြေးရန်သာ တတ်နိုင်ပေလိမ့်မည်။

သူတို့က ငါ့ကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ...

ဤသို့ တွေးမိသောအခါ လင်းကျန်းယင်သည် စိတ်သက်သာရာ ရသွားပြီး ပြုံးကာ ခေါင်းယမ်းလိုက်၏။

သို့သော်လည်း နောက်တစ်စက္ကန့်တွင် သူ၏ အနောက်မှ အေးစက်သော ခံစားချက် တစ်ခုကို သူ ခံစားလိုက်ရသည်။ ချက်ချင်းဆိုသလို ၊ သူ၏ လက်ထဲတွင် လှံတစ်ချောင်း ပေါ်လာပြီး အနောက်သို့ တိုက်ရိုက် ထိုးချလိုက်၏။

တစ်ဖက်လူသည် ဤမျှ လျင်မြန်စွာ တုံ့ပြန်လိမ့်မည်ဟု ဝူယီဖန် မျှော်လင့်မထားခဲ့သော်လည်း ၊ ခန္ဓာကိုယ်ကို အနည်းငယ် လှည့်ကာ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်ပြီးနောက် တစ်ဖက်လူကို သူ၏လက်သီးဖြင့် ထိုးနှက်လိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြောင့် တစ်ဖက်လူမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် နေရာတွင် ပေါက်ကွဲကာ သေဆုံးသွားတော့၏။

တစ်ဖက်လူ သေဆုံးသွားသည့် အခိုက်အတန့်မှာပင် လင်းမိသားစုတွင် ရှိနေသော လင်းထျန်းအန်သည် တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာပြီး ဆိုးရွားသော အမူအရာဖြင့် ပြောလိုက်သည်။

"ဒုက္ခပဲ... တစ်ခုခု ဖြစ်သွားပြီ..."

တစ်ချိန်တည်းမှာပင် ဝူယီဖန်နှင့် တွမ့်သယ်တို့ကလည်း သင်္ချိုင်းထဲသို့ ပြေးဝင်သွားကြပြီး မြှုပ်နှံထားသော ပစ္စည်းများ အားလုံးကို သိမ်းကျုံးယူငင်ကာ အဝတ်အစားများကိုပင် အစအန မချန်ဘဲ ယူဆောင်သွားကြ၏။ မည်သို့ပင်ဆိုစေကာမူ၊ အင်မော်တယ် ဧကရာဇ်တစ်ပါးမှ ဝတ်ဆင်ထားသော အဝတ်အစားများသည် သာမန် ပစ္စည်းများ မဖြစ်နိုင်ဘဲ တစ်စုံတစ်ယောက်သည် ဤပစ္စည်းများကို သေချာပေါက် လိုချင်လိမ့်မည် ဖြစ်သည်။

စက္ကန့်အနည်းငယ် အတွင်းမှာပင် ဝူယီဖန်နှင့် တွမ့်သယ်တို့သည် သင်္ချိုင်းဂူ တစ်ခုလုံးကို ပြောင်သလင်းခါသွားအောင် လုပ်လိုက်ပြီးနောက် အလွန် လျင်မြန်သော အရှိန်ဖြင့် အခင်းဖြစ်ပွားရာ နေရာမှ ထွက်ပြေးသွားကြတော့၏။

သူတို့ ထွက်သွားပြီး စက္ကန့်အနည်းငယ် အကြာတွင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော ချီအငွေ့အသက် တစ်ခုက သင်္ချိုင်းဂူ၏ဘေးပတ်ပတ်လည်ကို လွှမ်းခြုံသွားသည်။ ၎င်းမှာ အခြားသူ မဟုတ်ဘဲ အမြန်ဆုံး အရှိန်ဖြင့် ရောက်လာသော လင်းထျန်းအန်ပင် ဖြစ်သည်။

သို့သော်လည်း လင်းထျန်းအန်၏ မယုံနိုင်လောက်အောင် မြန်ဆန်သော အရှိန်ပင်လျှင် ဝူယီဖန်နှင့် တွမ့်သယ်တို့ကို မတားဆီးနိုင်ခဲ့ချေ။

လင်းမိသားစု ဘိုးဘေးကြီး၏ သင်္ချိုင်းဂူမှ ထွက်ခွာလာပြီးနောက် ဝူယီဖန်သည် သူတို့၏ တည်နေရာကို ဖုံးကွယ်ရန် ကံကြမ္မာဖုံးကွယ် ဆန်းကြယ်ပုလဲကို အသက်သွင်းလိုက်သဖြင့် လင်းထျန်းအန်ပင်လျှင် ဝူယီဖန်နှင့် သူ၏ အုပ်စု ဘယ်ကို သွားသည်ကို ရှာမတွေ့နိုင်ခဲ့ပေ။

"ကျစ်... ဒီသူခိုး နှစ်ယောက်က ဒီလောက် မြန်မြန်နဲ့ အင်မော်တယ် ဧကရာဇ်နဲ့ ယှဉ်နိုင်တဲ့ အဆင့်ကို ရောက်သွားပြီလား..."

လင်းထျန်းအန်၏ မျက်နှာသည် အိုးမည်းသုတ်ထားသကဲ့သို့ မည်းမှောင်နေပြီး ဝူယီဖန်နှင့် တွမ့်သယ်တို့သည် အင်မော်တယ် ဧကရာဇ်ကိုပင် ဤမျှ လျင်မြန်စွာ သတ်ဖြတ်နိုင်လိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့သည်မှာ သိသာလှ၏။ ချောင်းမြောင်း တိုက်ခိုက်ခြင်းသည် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ခဲ့နိုင်သော်လည်း ၎င်းသည် ဝူယီဖန်နှင့် တွမ့်သယ်တို့၏ ပါရမီကို ပြသရန် လုံလောက်ပေသည်။

ဤသည်က လင်းထျန်းအန်ကို အနည်းငယ် စိုးရိမ်သွားစေ၏။ သူတို့ ပထမဆုံး တွေ့ဆုံချိန်က ၊ သားဖြစ်သူမှာ သူတို့ကို အလွယ်တကူ သတ်ဖြတ်နိုင်သည်ဟု ပြောခဲ့ဖူးသည်။ သို့သော်၊ အနှစ်တစ်ရာပင် မပြည့်သေးသည့် အချိန်အတွင်း အင်မော်တယ် ဧကရာဇ်ကို သတ်ဖြတ်နိုင်သည့် အခြေအနေသို့ ရောက်ရှိလာခဲ့၏။ အကယ်၍ သူတို့ကို နောက်ထပ် နှစ်တစ်ထောင် သို့မဟုတ် တစ်သောင်းခန့် အချိန်ပေးလိုက်လျှင်ဖြင့် သူကိုယ်တိုင်ပင် သူတို့၏ ပြိုင်ဘက် ဖြစ်လာတော့မည် မဟုတ်ဘူး မဟုတ်လော။

ဤအတွေးဖြင့် လင်းထျန်းအန်သည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး မိသားစု အစည်းအဝေး တစ်ခု ခေါ်ယူရန် လင်းမိသားစု နေအိမ်သို့ အလျင်အမြန် ပြန်လာခဲ့၏။

လင်းထျန်းအန်၏ အကြောင်းကြားစာ ပျံ့နှံ့သွားသည်နှင့် လင်းမိသားစု၏ အဆင့်မြင့် အဖွဲ့ဝင်များ အားလုံးသည် မျိုးနွယ်စု၏ ပင်မခန်းမသို့ ရောက်ရှိလာကြသည်။ သို့သော်လည်း သူတို့၏ အမူအရာများသည် အတော်လေး ကြည့်ရဆိုးနေပြီး ယခုလေးတင် ဘာဖြစ်သွားသည်ကို သူတို့ အားလုံး သိရှိထားကြောင်း သိသာလှ၏။

"လူကြီးမင်းတို့... တွမ့်မိသားစုရဲ့ မျိုးဆက်တွေက ခုလို တိုတောင်းတဲ့ အချိန်လေးအတွင်းမှာ အင်မော်တယ် ဧကရာဇ်ကို သတ်နိုင်တဲ့ အဆင့်အထိ ရောက်လာပြီဆိုတာ မင်းတို့ အားလုံး သိထားပြီး ဖြစ်ရမယ်... အကယ်၍ သူတို့ကို ငါတို့ အချိန်ပိုပေးလိုက်ရင် ငါတို့ လင်းမိသားစုမှာ မကြာခင် အခွင့်အရေး မရှိတော့မှာကို ငါ စိုးရိမ်တယ်..."

"အဲ့ရတနာက တစ်ဖက်လူကို ဒီလောက် တိုတောင်းတဲ့ အချိန်လေးအတွင်းမှာ အင်မော်တယ် ဧကရာဇ် အဆင့်ကို ဖောက်ထွက်နိုင်စေတယ်... အကယ်၍ ငါတို့ လင်းမိသားစုကသာ အဲဒါကို ရလိုက်ရင် ငါတို့ မိသားစုအတွက် အင်မော်တယ် ဧကရာဇ် တစ်ပါးကိုတောင် ပျိုးထောင်ပေးနိုင်လိမ့်မယ်..."

"ဒါကြောင့် ငါက အဲဒီကောင်လေး နှစ်ယောက်ရဲ့ တည်နေရာကို ငါတို့အတွက် တွက်ချက်ပေးဖို့ ရူဖုန်းစံအိမ်ကို အကူအညီ တောင်းဖို့ စီစဉ်ထားတယ်... အခု ငါ ပြောစရာ ရှိတာ ပြောပြီးပြီဆိုတော့ ဘယ်သူတွေ သဘောတူပြီး ဘယ်သူတွေ သဘောမတူဘူးလဲ..."

ထိုသို့ ပြောပြီးနောက် လင်းထျန်းအန်သည် မတ်တတ်ရပ်ကာ ထိုနေရာတွင် ရှိနေသော လင်းမိသားစု အဆင့်မြင့် အရာရှိများကို ကြည့်လိုက်သည်။ သူ၏ စကားများက တစ်ခွန်းမကျန် ပြတ်သားနေ၏။

သို့သော်လည်း လင်းထျန်းယွီနှင့် လင်းထျန်းချင်တို့က မတ်တတ်ရပ်ကာ ပြိုင်တူ ပြောလိုက်ကြသည်။

"လုံးဝ မဖြစ်ဘူး... အဲဒီ သူခိုးနှစ်ယောက်အကြောင်း ငါတို့ဆီမှာ အချက်အလက် အရမ်း နည်းလွန်းတယ်... အကယ်၍ ငါတို့က ရူဖုန်းစံအိမ်ကို သူတို့ရဲ့ အထောက်အထားကို အရမ်းကာရော တွက်ချက်ခိုင်းလိုက်ရင် ငါတို့ ပေးဆပ်ရမယ့် တန်ဖိုးက ငါတို့ လင်းမိသားစုအတွက်တောင် ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး..."

"ခံနိုင်ရည် မရှိတော့ကော ဘာဖြစ်လဲ... မမေ့နဲ့... ငါတို့က အခု သေရေးရှင်ရေး အခြေအနေမှာ ရောက်နေတာ... အကယ်၍ သူတို့ရဲ့ ကြီးထွားမှုကို အစကတည်းက မဖြတ်တောက်ပစ်ရင် နောက်ဆုံးမှာ သေရမယ့်သူက လင်းမိသားစုပဲ ဖြစ်လိမ့်မယ်..."

လင်းထျန်းအန်သည် မတ်တတ်ရပ်လိုက်ပြီး သူ၏ အသံတွင် ဒေါသများ ပြည့်နှက်နေ၏။

ဤသည်ကို မြင်သောအခါ လင်းထျန်းယွီနှင့် လင်းထျန်းချင်တို့က ခဏတာ တွန့်ဆုတ်သွားပြီးနောက် သဘောတူလိုက်ကြသည်။ အမှန်တကယ်ပင် လက်ရှိအခြေအနေမှာ သေရေးရှင်ရေး အခြေအနေဖြစ်သည်။ တစ်ဖက်လူသည် အင်မော်တယ် ဧကရာဇ်ကိုသာ သတ်နိုင်သေးသည့် အချိန်တွင် လှုပ်ရှားခြင်းက ပိုကောင်းပေလိမ့်မည်။ တစ်ဖက်လူသည် အင်မော်တယ် အရှင်မြတ်ကို သတ်နိုင်သည့် အချိန်အထိ စောင့်ဆိုင်းနေမည်ဆိုပါက သူတို့ လင်းမိသားစုသည် အန္တရာယ် ရှိလာမည် ဖြစ်၏။

လူတိုင်း သဘောတူပြီးနောက် လင်းထျန်းအန်သည် မတ်တတ်ရပ်ကာ လုံလောက်သော သယံဇာတများကို ရယူရန် မျိုးနွယ်စု၏ ဘဏ္ဍာတိုက်သို့ သွားရောက်ခဲ့ပြီးနောက် အလယ်ပိုင်းဒေသရှိ ရူဖုန်းစံအိမ်ဆီသို့ ထွက်ခွာသွားတော့သည်။

ဤအချိန်တွင် ဝူယီဖန်တို့မှာ လင်းထျန်းအန်သည် ရူဖုန်းစံအိမ်သို့ သွားရောက်ပြီ ဖြစ်ကြောင်းကို မသိရှိခဲ့ကြဘဲ သူတို့၏ နောက်ထပ် လှုပ်ရှားမှုအတွက် စဉ်းစားနေလေ၏။

"သူတော်စင်... ငါတို့ရဲ့ နောက်ထပ် ခြေလှမ်းက ဘယ်လိုလဲ..."

တွမ့်သယ်သည် ကြည်ညိုလေးစားမှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ဝူယီဖန်ကို ကြည့်လိုက်ရာ၊ ဝူယီဖန်က တွန့်ဆုတ်မနေဘဲ ပြန်ဖြေလိုက်သည်။

"သံပူတုန်း ထုရမယ်... လင်းမိသားစု ဘိုးဘေးကြီးတွေရဲ့ သင်္ချိုင်းဂူ တချို့ကို ထပ်ဖောက်ပြီးရင် ဘေးကင်းအောင် နေပြီး မင်းရဲ့ ခွန်အားကို မြှင့်တင်ရမယ်... အဲ့လိုမှ မဟုတ်ရင် လင်းမိသားစုရဲ့ အခြေအနေအရ နောက်ထပ် ပစ်မှတ်က အင်မော်တယ် အရှင်မြတ် ဖြစ်လာလိမ့်မယ်..."

"ကောင်းပြီ သူတော်စင်... မင်း ပြောတဲ့အတိုင်း အားလုံး လုပ်မယ်..."

တွမ့်သယ်က တွန့်ဆုတ်မနေဘဲ ခေါင်းငြိမ့်သဘောတူလိုက်၏။

ထို့နောက် သူတို့ နှစ်ယောက်သည် လင်းမိသားစု ဘိုးဘေးကြီး၏ နောက်ထပ် သင်္ချိုင်းဂူ တစ်ခုဆီသို့ ဦးတည်သွားကြသည်။ ထိုသင်္ချိုင်းဂူ၏ဘေးပတ်ပတ်လည်တွင် လင်းရွှီခွင်သည် အင်မော်တယ် ဧကရာဇ် စွမ်းအားရှင် ဆယ်ယောက်၊ အင်မော်တယ် အရှင်မြတ် တစ်ယောက်တို့နှင့်အတူ စောင့်ကြပ်နေ၏။

ကျန်ရှိနေသော အင်မော်တယ် အရှင်မြတ် နှစ်ယောက်မှာ အရေးကြီးသော ကိစ္စများ ရှိသည်ဟု ဆိုကာ လင်းမိသားစုသို့ ပြန်လည် ခေါ်ယူခံလိုက်ရသည်။

ဤအခိုက်အတန့်တွင် လင်းရွှီခွင်သည် ကြောက်မက်ဖွယ်ကောင်းသော ကိစ္စတစ်ခုခု ဖြစ်လာတော့မည့်အလား ရုတ်တရက် ကျောချမ်းသွားသည်။

အခန်း ၁၈၄ - ရန်သူများ ကျဉ်းမြောင်းသော လမ်းတွင် တွေ့ဆုံခြင်း

"ကျစ်... သူတို့က ဒီလောက် မြန်မြန် သန်မာလာတာလား... လိမ်နေတာများလား..."

လင်းရွှီခွင်သည် အကြောင်းကြားစာ ရရှိသောအခါ သူ၏ အမူအရာသည် အတော်လေး ကြည့်ရဆိုးသွားပြီး ၊ သူ၏ မျက်လုံးထဲတွင် နက်ရှိုင်းသော ကြောက်ရွံ့မှု တစ်ခု ဖြစ်ပေါ်လာ၏။

တစ်ဖက်လူသည် ဤမျှ တိုတောင်းသော အချိန်တိုလေးအတွင်း ၊ သူ့ကို ကျော်တက်သွားပြီး အင်မော်တယ် ဧကရာဇ်ကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

တကယ်လို့များ သူတို့ကို အချိန်နည်းနည်း ထပ်ပေးလိုက်ရင်၊ လင်းမိသားစု တစ်ခုလုံးကို သူတို့ မျိုးဖြုတ်ပစ်နိုင်တယ် မဟုတ်ဘူးလား...

သို့သော်လည်း ထိုအခိုက်အတန့်တွင် လင်းရွှီခွင်နှင့် အခြားသူများသည် တစ်စုံတစ်ခုကို သတိပြုမိသွားပြီး အဝေးဆီသို့ ရုတ်တရက် လှမ်းကြည့်လိုက်ကြ၏။

"ကျစ်... သူတို့ ထပ်ပြီး တိုက်ခိုက်ပြန်ပြီ... ဒီတစ်ကြိမ်တော့ သူတို့ကို ထွက်ပြေးခွင့် ပေးလို့ မဖြစ်ဘူး..."

ဤသို့ တွေးမိရင်း လင်းရွှီခွင်သည် သူ့ဘေးရှိ အင်မော်တယ် ဧကရာဇ် စွမ်းအားရှင် ဆယ်ယောက်နှင့် အင်မော်တယ် အရှင်မြတ် စွမ်းအားရှင်တို့ကို ဝူယီဖန်နှင့် တွမ့်သယ်တို့ဆီသို့ ပြေးသွားရန် အမိန့်ပေးလိုက်၏။

အကယ်၍ ဝူယီဖန်သည် မယုံနိုင်လောက်အောင် သန်မာနေမည်ဆိုတောင် အနည်းဆုံး အင်မော်တယ် ဧကရာဇ် တစ်ယောက်ကိုသာ ယှဉ်နိုင်ပေလိမ့်မည်။

တကယ်လို့ ဆယ်ယောက်ဆိုရင်ရော ဘယ်လိုလုပ်မလဲ... အင်မော်တယ် အရှင်မြတ်တွေတောင် ပါလာခဲ့ရင်တော့ ပြောနေစရာတောင် မလိုတော့ဘူး...

ထို့ကြောင့် လင်းရွှီခွင်၏ အမြင်တွင် ဝူယီဖန်သည် သေချာပေါက် သေရမည် ဖြစ်၏။

တစ်ချိန်တည်းမှာပင် ဝူယီဖန်နှင့် တွမ့်သယ်တို့သည် လင်းမိသားစု၏ ဘိုးဘေးသင်္ချိုင်းကို စောင့်ကြပ်နေသော အင်မော်တယ် ဧကရာဇ်ကို တူညီသော နည်းလမ်းဖြင့် အလျင်အမြန် ဖြေရှင်းလိုက်ကြပြီး မြှုပ်နှံထားသော ပစ္စည်းများ အားလုံးကို စုဆောင်းကာ အခင်းဖြစ်ပွားရာ နေရာမှ အမြန်ဆုံး ထွက်ပြေးရန် စီစဉ်လိုက်ကြသည်။

သို့သော်လည်း သင်္ချိုင်းထဲမှ အပြင်သို့ ခြေလှမ်းလိုက်သည့် တစ်ခဏမှာပင် ဝူယီဖန်သည် တစ်စုံတစ်ခုကို သတိပြုမိသွားပြီး သူ၏ အမူအရာသည် လေးနက်တည်ကြည်သွား၏။

"မကောင်းတော့ဘူး..."

ထိုသို့ ပြောပြီးနောက် ဝူယီဖန်သည် လက်သီးတစ်ချက် ထိုးချလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် အထက်ကမ္ဘာ၏ ဟင်းလင်းပြင်တွင်ပင် လှိုင်းဂယက်များ ဖြစ်ပေါ်သွားစေပြီး ဝူယီဖန်၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို ထုတ်ဖော်ပြသခဲ့လေသည်။

ဝူယီဖန်သည် သူ၏ လက်သီးကို ထုတ်လွှတ်လိုက်သည်နှင့် ယခုလေးတင်မှ ရောက်လာသော အင်မော်တယ် ဧကရာဇ် အထွတ်အထိပ်အဆင့်ရှိ စွမ်းအားရှင် တစ်ဦးကို ထိမှန်သွားပြီး နေရာတွင်ပင် သေဆုံးသွားစေတော့သည်။

"မင်း အခု ထွက်သွားသင့်တယ်... မင်း ဒီနေရာမှာ ရှိနေတာက ငါ့အတွက် အနှောင့်အယှက် ဖြစ်စေရုံပဲ ရှိလိမ့်မယ်..."

ဝူယီဖန်က တွမ့်သယ်ကို ကျောခိုင်းထားရင်း လေးနက်သော လေသံဖြင့် ပြောလိုက်၏။

တွမ့်သယ်သည် တွန့်ဆုတ်မနေခဲ့ချေ။ ဝူယီဖန်သည် သူတော်စငတ်စ်ပါး ဖြစ်ပြီး ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေသည် သူ့ကို ဒုက္ခရောက်အောင် ဘယ်တော့မှ အဖြစ်ခံမည် မဟုတ်ပေ။ သို့သော်လည်း သူကတော့ မတူချေ။ ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေသည် သူ့ကို ကာကွယ်ပေးချင်မှ ကာကွယ်ပေးမည် ဖြစ်သည်။

တွမ့်သယ် ထွက်သွားသည့် အခိုက်အတန့်မှာပင် ကျန်ရှိနေသော အင်မော်တယ် ဧကရာဇ် ကိုးယောက်နှင့် အင်မော်တယ် အရှင်မြတ် တစ်ယောက်တို့ ရောက်ရှိလာကြ၏။ ဝူယီဖန်သည် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ထုတ်လွှတ်ကာ အင်မော်တယ် ဧကရာဇ် အထွတ်အထိပ်အဆင့်ကို လက်သီးတစ်ချက်တည်းနှင့် သတ်ဖြတ်နိုင်လိမ့်မည်ဟု မျှော်လင့်မထားခဲ့သဖြင့် သူတို့၏ အမူအရာများသည် အတော်လေးကြည့်ရဆိုးနေသည် ။

"ကောင်လေး... မင်းက တော်တော်လေး ရဲတင်းတာပဲ... နာမည်မရှိတဲ့ ကောင်တွေကို ငါ မသတ်ဘူး... မင်းနာမည်ကို ပြောစမ်း..."

လင်းချန်ချင်း (အင်မော်တယ် အရှင်မြတ်) က ဝူယီဖန်ကို ကြည့်ကာ မေးမြန်းလိုက်၏။

သူသည် စမ်းသပ်နေခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လက်ရှိ အခြေအနေအရ ဝူယီဖန်၏ ပါရမီသည် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းနေသဖြင့် သူ၏ နောက်ခံသည် မည်သို့ ရိုးရှင်းနိုင်မည်နည်း။

အကယ်၍ ဝူယီဖန်၌ ထူးခြားဆန်းကြယ်သော နောက်ခံတစ်ခု ရှိနေမည်ဆိုပါက လင်းမိသားစုအနေဖြင့် ဒုက္ခရောက်နိုင်ခြေ ရှိ၏။

သို့သော်လည်း ဝူယီဖန်သည် တစ်ဖက်လူ၏ အတွေးကို သိမြင်နေပုံရကာ သူသည် လှောင်ရယ် ရယ်လိုက်ကာ ပြောလိုက်သည်။

"အပိုတွေပြောနေလဲ အဓိပ္ပာယ် မရှိဘူး... သေတော့မယ့်လူကို ငါ့နာမည်ကို ပြောပြစရာအကြောင်း မရှိဘူး”

"မင်းကများ မောက်မာရဲတယ်...အဲ့လိုဆိုရင်လည်း သေဖို့သာ ပြင်ထားတော့..."

လင်းချန်ချင်းသည် ဟိန်းဟောက်လိုက်ပြီးနောက် သူ၏ လှံကို ဆွဲထုတ်ကာ ဝူယီဖန်ဆီသို့ ပြေးဝင်သွား၏။ ကျန်ရှိနေသော အင်မော်တယ် ဧကရာဇ် စွမ်းအားရှင် ကိုးယောက်ကမူ ထွက်ပြေးသွားသော တွမ့်သယ် နောက်သို့ အလိုအလျောက် လိုက်သွားကြသည်။

တွမ့်သယ်သည် ဝူယီဖန်ထက် အများကြီး အားနည်းပုံပေါ်သော်လည်း ၊ သူ့ကို ထွက်သွားခွင့် လုံးဝ ပေး၍ မရချေ။ အနာဂတ်တွင် တွမ့်သယ် သည် ပို၍ သန်မာလာကာ လက်စားချေနိုင်မည်ကို မည်သူက အာမခံနိုင်မည်နည်း။

ဤသည်ကို မြင်သောအခါ ဝူယီဖန်သည် စိုးရိမ်သွားသော်လည်း သူ့အနေဖြင့် မတားဆီးနိုင်ပေ။ အင်မော်တယ် ဧကရာဇ် အထွတ်အထိပ်အဆင့်နှင့် အင်မော်တယ် အရှင်မြတ် ကနဦးအဆင့်တို့သည် အဆင့်ငယ် တစ်ခုသာ ကွာခြားသော်လည်း စွမ်းအား ကွာခြားချက်သည် အလွန်တရာ ကြီးမားလှ၏။

"ငါနဲ့ ရင်ဆိုင်နေရချိန်မှာ မင်းက အာရုံလွှဲရဲတယ်ပေါ့လေ... မင်း သေချင်နေတာပဲ..."

လင်းချန်ချင်းက အေးစက်စွာ နှာမှုတ်လိုက်သည်။ ထို့နောက် သူ၏ လှံသည် ဝူယီဖန်ကို မုန်တိုင်း တစ်ခုသဖွယ် ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်လာခဲ့သည်။ ဤသည်ကို မြင်သောအခါ ဝူယီဖန်သည် လင်းချန်ချင်း၏ တိုက်ခိုက်မှုကို ကာကွယ်နိုင်ရန် အဆင့် ၈ အင်မော်တယ် အရှင်မြတ် ဆေးမီးဖိုကို ထုတ်ယူရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ချေ။

လင်းချန်ချင်းသည် ဝူယီဖန်၏ လက်ထဲရှိ အဆင့် ၈ အင်မော်တယ် အရှင်မြတ် ဆေးမီးဖိုကို မြင်သောအခါ ဝူယီဖန်သည် သာမန်လူ မဟုတ်ကြောင်း နားလည်သွားပြီး ဝူယီဖန်ကို ရှင်းလင်းပစ်မည့် သူ၏ ဆုံးဖြတ်ချက်သည် ပို၍ပင် ခိုင်မာလာတော့၏။

ဤသည်မှာ အဆင့် ၈ အင်မော်တယ် အရှင်မြတ် ဆေးမီးဖိုဖြစ်သည်။ လင်းမိသားစုသည် ထိုအရာကို မြှုပ်နှံမယ့် ပစ္စည်းအဖြစ် မည်သို့ အသုံးပြုနိုင်မည်နည်း။ ထို့ကြောင့် အမှန်တရားသည် တစ်ခုတည်းသာ ရှိသည်။

အဲဒါက ဝူယီဖန်ရဲ့ ကိုယ်ပိုင် လက်နက်ပဲ...

"ဒီကောင်လေးကို သေချာပေါက် ရှင်းပစ်ရမယ်... အကယ်၍ သူသာ ထွက်ပြေးသွားရင် ငါတို့ လင်းမိသားစု သေချာပေါက် ပျက်စီးရလိမ့်မယ်..."

ဤသို့ တွေးမိရင်း လင်းချန်ချင်း၏ တိုက်ခိုက်မှုများသည် ပို၍ ပြင်းထန်လာသဖြင့် ဝူယီဖန် အနေဖြင့် အံကြိတ်ကာ ဇွဲမလျှော့ဘဲ တောင့်ခံထားနိုင်ရုံသာ တတ်နိုင်တော့၏။

အခြားတစ်ဘက်မှ တွမ့်သယ်မှာမူ ပြေးပြီး မကြာမီမှာပင် သူသည် အမီလိုက်ခံရပြီး လင်းရွှီခွင် ဦးဆောင်သော လင်းမိသားစု စွမ်းအားရှင်များ၏ ဝန်းရံခြင်းကို ခံလိုက်ရသည်။

သူ့ရှေ့ရှိ မြင်ကွင်းကို မြင်သောအခါ တွမ့်သယ်သည် လုံးလုံးလျားလျား စိတ်ပျက်အားငယ်သွားသည်။ သူသည် ပါရမီရှင် တစ်ဦးအဖြစ် သတ်မှတ်ခံရနိုင်သော်လည်း အတော်ဆုံး ပါရမီရှင် ပင်လျှင် စစ်မှန်အင်မော်တယ် အဆင့်ဖြင့် အင်မော်တယ် ဧကရာဇ်ကို အနိုင်ယူနိုင်စရာ အကြောင်းမရှိပေ။

အင်မော်တယ် ဧကရာဇ်ကို အသာထား လျိုထျန်းရွှေအင်မော်တယ် အဆင့်ရှိ လင်းရွှီခွင်ကိုပင် သူ ယှဉ်နိုင်မည် မဟုတ်ချေ။

ဤသို့ တွေးမိသောအခါ တွမ့်သယ်သည် အံကြိတ်၍ ကိုယ်တိုင် ဖောက်ခွဲပစ်ရန် ဆုံးဖြတ်လိုက်၏။

သို့သော်လည်း ထိုအခိုက်အတန်တွင် လင်းရွှီခွင်နှင့် အခြားသူများ ရှိနေသော ဟင်းလင်းပြင်သည် အေးခဲသွားသကဲ့သို့ ဖြစ်သွားပြီး သန်မာလှသော အင်မော်တယ် ဧကရာဇ် ပင်လျှင် တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို သတိမပြုမိခဲ့ချေ။

နောက်တစ်စက္ကန့်တွင် လီကျန်းရန်သည် သူတို့ရှေ့၌ ထွက်ပေါ်လာ၏။ သူသည် တွမ့်သယ်ကို တစ်ချက်ကြည့်ပြီး ခေါ်သွားလိုက်သည်။ မည်သို့ပင်ဖြစ်စေ၊ တွမ့်သယ်သည် သူတို့ ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေ၏ တပည့် တစ်ယောက် ဖြစ်ပြီး သူတော်စင်၏ နောက်လိုက်လည်း ဖြစ်၏။ သူသည် တွမ့်သယ် သေဆုံးမည်ကို ဒီတိုင်း ကြည့်နေမည် မဟုတ်ပေ။

တွမ့်သယ်ကို ကယ်တင်ပြီးနောက် လီကျန်းရန်သည် သူ့ကို အတော်လေး ဘေးကင်းသော နေရာတစ်ခုတွင် ထားခဲ့ပြီးနောက် လှည့်ထွက်သွားတော့သည်။

လီကျန်းရန် ထွက်သွားသည်နှင့် တစ်ပြိုင်နက် တွမ့်သယ်သည် ဘာတွေ ဖြစ်ပျက်နေသည်ကို နောက်ဆုံးတွင် နားလည်သွားပြီး ပတ်ဝန်းကျင်ကို အံ့အားသင့်စွာ ကြည့်လိုက်၏။

"ဘုရားရေ... ငါ ဘယ်ရောက်နေတာလဲ... ဒီနေရာမှာ သရဲ ခြောက်နေတာလား..."

ဤသို့ တွေးမိသောအခါ တွမ့်သယ်သည် ကြောက်ရွံ့မှု လှိုင်းတံပိုး တစ်ခုကို ခံစားလိုက်ရသည်။ မှန်၏... တွမ့်သယ်သည် သရဲကြောက်တတ်ပြီး ယခုအခါ စစ်မှန်အင်မော်တယ် အဆင့်သို့ ရောက်နေလျှင်ပင် ကြောက်တတ်ဆဲ ဖြစ်၏။

သို့သော်လည်း တွမ့်သယ်သည် တစ်စုံတစ်ခုကို တွေးမိသွားသကဲ့သို့ သူ၏ ကြောက်ရွံ့မှုကို အလျင်အမြန် ဖိနှိပ်ထားလိုက်ပြီး စိုးရိမ်ပူပန်မှုက အစားထိုး ဝင်ရောက်လာသည်။

"ငါ့ကို ဘယ်သူ ကယ်လိုက်မှန်း မသိပေမဲ့ သူတော်စင်ရော ဘယ်လို အခြေအနေ ရှိနေလဲဆိုတာ ငါ မသိဘူး..."

တစ်ချိန်တည်းမှာပင် ဝူယီဖန်၏ ဘက်၌ ဝူယီဖန်သည် တွမ့်သယ်၏ အခြေအနေကို မသိရှိခဲ့ချေ။ ဤအခိုက်အတန့်တွင် သူသည် မည်သို့ ထွက်ပြေးရမည်ကို ရူးသွပ်စွာ စဉ်းစားနေ၏။

မကြာမီ ဝူယီဖန်သည် လင်းချန်ချင်း၏ အထက်သို့ ပျံသန်းရန် အဆင့် ၈ အင်မော်တယ် အရှင်မြတ် ဆေးမီးဖိုကို တိုက်ရိုက် ထိန်းချုပ်လိုက်ပြီး နောက်တစ်စက္ကန့်တွင် ကြောက်မက်ဖွယ်ကောင်းသော အလွန်အမင်း အေးစက်သည့် စွမ်းအင်များက အဆင့် ၈ အင်မော်တယ် အရှင်မြတ် ဆေးမီးဖိုထဲမှ ပေါက်ကွဲထွက်လာခဲ့သည်။

"ဟွန့်... လှည့်ကွက်လေး တစ်ခုပါပဲ..."

လင်းချန်ချင်းက အေးစက်စွာ နှာမှုတ်လိုက်၏။ အဆင့် ၈ အင်မော်တယ် အရှင်မြတ် ဆေးမီးဖိုထဲမှ အလွန်အမင်း အေးစက်သော စွမ်းအင်များသည် အင်မော်တယ် ဧကရာဇ် တစ်ပါးကိုသာ ဒဏ်ရာရစေနိုင်ကြောင်း သူ သဘာဝကျကျပင် နားလည်ထား၏။ သူ့လို အင်မော်တယ် အရှင်မြတ်အတွက် ထိုအရာသည် ဘာမှမဟုတ်သလို ကာကွယ်ရန်ပင် မလိုအပ်ချေ။

သို့သော်လည်း အလွန်အမင်း အေးစက်သော စွမ်းအင်က သူ့ကို တစ်ခဏမျှ လွှမ်းခြုံသွားပြီး သူ၏ နတ်ဘုရား အသိစိတ်ကိုပါ ထိခိုက်သွားစေသည်။

"မကောင်းတော့ဘူး..."

ထိုအခိုက်အတန့်တွင်မှ ဝူယီဖန်၏ ရည်ရွယ်ချက်များကို လင်းချန်ချင်း ခန့်မှန်းမိသွား၏။ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ပတ်ဝန်းကျင်ရှိ အလွန်အမင်း အေးစက်သော စွမ်းအင်များကို တိုက်ရိုက် ဖယ်ရှားပစ်လိုက်သည်။ သို့သော်လည်း အဆိုပါ အေးစက်သော စွမ်းအင်များ ပျောက်ကွယ်သွားချိန်တွင် ဝူယီဖန်ကို ဘယ်နေရာမှာမှ မတွေ့ရတော့ချေ။ ကောင်းကင်ယံရှိ အဆင့် ၈ အင်မော်တယ် အရှင်မြတ် ဆေးမီးဖိုပင် ပျောက်ကွယ်သွားပြီ ဖြစ်သည်။

All Chapters