← Chapters

သတ္တဝါကြီး၏ဦးခေါင်း

Vol. 11 Ch. 1021

သတ္တဝါကြီး၏ဦးခေါင်း

Vol. 11 Ch. 1021

ကောင်းကင်တံတားတာအိုမှာ အလွန်အမင်း စိတ်မကြည်မလင်ဖြစ်ကာ ဒေါသများထွက်နေပြီဖြစ်သည်။ အစပိုင်းတွင် သွေးဘိုးဘေးကြီးက သူ့အား အချိန်အနည်းငယ်ထက်ပို၍ နှောင့်နှေးအောင် လုပ်နိုင်မည်မဟုတ်ဟု သူ တွေးထားခဲ့သည်။ သို့သော် သွေးဘိုးဘေးကြီးက သက်စောင့်အားများကို နှစ်ပေါင်းတစ်သောင်းခန့် စုစည်းထားခဲ့သည်ဖြစ်ပြီး သင်္ချိုင်းစောင့်ကြီး ပေးထားသည့် လျှို့ဝှက်နည်းလမ်းအချို့ကိုပါ ပိုင်ဆိုင်ထားခဲ့သည်။ ထိုအချင်းအရာများကို သူ၏ရူးသွပ်မှုများသာမက နောက်ဆုံးအကြိမ် စွမ်းအားအမြောက်အမြားရရှိရန် သူ့ကိုယ်သူ လောင်မြိုက်စေခဲ့သည့် အချက်များနှင့် ပေါင်းစပ်လိုက်သောအခါ သူသည် ကောင်းကင်တံတားတာအိုအား လှုပ်မရနိုင်လောက်အောင် ချုပ်နှောင်ထားနိုင်ခဲ့တော့သည်။

" ပိုင်ရှောင်ချန်း "

ကောင်းကင်ဧကရာဇ်က အံကြိတ်လျက် ရေရွတ်လိုက်သည်။ သူ အလွန်အမင်း စိတ်အနှောင့်အယှက်ဖြစ်နေပြီး ပိုင်ရှောင်ချန်းကဲ့သို့ ဒေါသများထွက်နေသည်။ သူ၏ဆန္ဒများမှာ နောက်ဆုံးအချိန်ရောက်မှ သင်္ချိုင်းစောင့်ကြီးလက်ချက်ကြောင့် ပျက်ပြားသွားရပြီး မဖြစ်နိုင်သော စိတ်ကူးယဥ်အိပ်မက်များအဖြစ်သို့ ပြောင်းလဲသွားရသည်ကို သူ ထပ်ခါတလဲလဲ လက်ပိုက်ကြည့်နေခဲ့ရသည်။

သို့သော် ယခုတွင် အခြေအနေများမှာ အနည်းငယ် ကွဲပြားနေပြီဖြစ်သည်။

သူ၏မျက်ဝန်းများထဲတွင် ဒေါသများသာမက အခြားတစ်စုံတစ်ခု တောက်ပစွာ လင်းလက်နေသည်ကို မြင်နိုင်ပေသည်။

" မင်းဘာသာမင်း ဒီနေရာထိ အရောက်လာခဲ့လိမ့်မယ်လို့ ဘယ်သူက ထင်မိမှာတုံး။ အနည်းဆုံးတော့ မင်းကို ငါလိုက်ရှာနေစရာ မလိုတော့ဘူးပေါ့။ နောက်ဆုံးတော့ ... ငါမင်းကို ထာဝရအသက်ရှည်ဆေးလုံးအသွင် ပြောင်းလဲလို့ရတော့မှာပဲကွ "

သူသည် စုတ်သပ်၍ ရယ်မောလိုက်ပြီး လက်ကိုဝှေ့ယမ်းလိုက်သောအခါ ကမ္ဘာကြီး၏ စိတ်ဆန္ဒက သူ၏ခန္ဓာကိုယ်ပေါ်တွင် စုစည်းသွားကြပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီးထဲတွင် တဂျိန်းဂျိန်းမြည်သံများဖြင့် ပြည့်နှက်သွားတော့သည်။ ထို့နောက် သူသည် ပိုင်ရှောင်ချန်းဆီသို့ လျှောက်လှမ်းလာတော့သည်။

သူ ခြေလှမ်း လှမ်းလိုက်တိုင်း ကမ္ဘာကြီး၏ စိတ်ဆန္ဒ ပို၍ပြင်းထန်လာပြီး တောင်တန်းများကိုတွန်းလှန်ပစ်နိုင်ကာ ပင်လယ်များကို ခန်းခြောက်သွားစေနိုင်သည့် ဖိအားကြီးတစ်ခုအသွင် ပြောင်းလဲကာ ပိုင်ရှောင်ချန်းအပေါ်သို့ သက်ရောက်လာတော့သည်။

မကြာသေးမီက ဗဟိုဧကရာဇ်များ၏ မျိုးဆက်ဖြစ်သော သွေးဘိုးဘေးကြီးပင်လျှင် ထိုဖိအားကို မတောင့်ခံနိုင်ခဲ့ပေ။

ဤကမ္ဘာကြီး၏ စိတ်ဆန္ဒကြောင့် သွေးဘိုးဘေးကြီးသည် သူ၏ထာဝရအတတ်ကို အသုံးပြုရန်လိုအပ်သည့် စွမ်းအားများ ရရှိနိုင်ရန်အတွက် သူ၏သွေးများကို လောင်ကျွမ်းစေခဲ့ရသည်။ ထို့ကြောင့်လည်း သူသည် ကောင်းကင်တံတားတာအိုအား အချိန်ကြာမြင့်စွာ ချုပ်နှောင်ထားနိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော် ယခုတွင် ဤကမ္ဘာကြီး၏ စိတ်ဆန္ဒမှာ ပိုင်ရှောင်ချန်းအပေါ် လုံးဝသက်ရောက်မှု မရှိသည့်ပုံပင်။ သူသည် ထာဝရအသက်ရှည်နည်းအတတ်ကို ကျွမ်းကျင်တတ်မြောက်ထားပြီးဖြစ်သောကြောင့် ယခုတွင် ဗဟိုဘိုးဘေးကြီးဟူသော ဘွဲ့ထူးကို လက်ခံယူနိုင်စွမ်း ရှိသွားပြီဖြစ်သည်။ သူသည် ဤကမ္ဘာကြီး၏ စိတ်ဆန္ဒနှင့် လိုက်လျောညီထွေမှုရှိနေရုံသာမက ဤကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏ အရှင်သခင် ဖြစ်နေပြီလည်းဖြစ်သည်။

ပိုင်ရှောင်ချန်းသည် သူ့ဆီသို့ လမ်းလျှောက်လာနေသည့် ကောင်းကင်ဧကရာဇ်ကြီးအား နီမြန်းသောမျက်ဝန်းများဖြင့် စိုက်ကြည့်နေသည်။ သူသည်လည်း တဟုန်းဟုန်း တောက်လောင်နေသည့် သတ်ဖြတ်လိုစိတ်များဖြင့် ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်သောအခါ ကမ္ဘာကြီး၏ စိတ်ဆန္ဒမှာ သူ့အား ကြည့်ရှုစောင်မလိုက်တော့သည်။

ပိုင်ရှောင်ချန်းနှင့် ကောင်းကင်ဧကရာဇ်တို့ နှစ်ယောက်ကြောင့် ကမ္ဘာကြီးတစ်ခုလုံး နှစ်ခြမ်းကွဲနေသည့် အလားပင်။ သူတို့နှစ်ေယာက်မှာ သူတို့နေထိုင်ရာ ကမ္ဘာကြီးထဲမှ မတူညီသော စွမ်းအားများကို ကိုယ်စီထုတ်လွှတ်ကာ တစ်ဦးနှင့်တစ်ဦး မီတာသုံးရာသာ ဝေးကွာတော့သည့်အထိ မျက်နှာချင်းဆိုင်၍ လျှောက်လှမ်းလာကြသည်။

ဝုန်း

သူတို့ တစ်ယောက်နှင့်တစ်ယောက် ဝင်တိုက်မိသွားကြသောအခါ တောင်တန်းများနှင့် မြစ်များ ခေါင်းချင်းဆိုင်တိုက်မိသကဲ့သို့ ဖြစ်သွားပြီး ရေခဲနေပြီဖြစ်သော ကောင်းကင်တံတားပင်လယ်တစ်ခွင် နားများအူသွားစေနိုင်သည့် ဝုန်းခနဲ အသံကြီးတစ်သံ ပျံ့လွင့်သွားတော့သည်။ ပင်လယ်ကြီးသည် ထိုပြင်းအားကို တောင့်မခံထားနိုင်သည့်အလား ထပ်ခြမ်းကွဲသွားတော့သည်...

တချိန်ထဲမှာပင် ပိုင်ဟောက်၏ မီးတောက်များကြောင့် ပျက်စီးလုနီးပါး ဖြစ်နေပြီဖြစ်သော ကောင်းကင်တံတားကျွန်းကြီးမှာ ထပ်၍ တောင့်မခံနိုင်တော့သည့် အခြေအနေသို့ ရောက်ရှိသွားပြီး လဲပြိုသွားတော့သည်။

ထိုကျွန်းကြီးသည် ကောင်းကင်တံတားနယ်မြေတွင် အမြင့်မားဆုံးသော အချုပ်အခြာအာဏာနှင့် စွမ်းအားကို ကိုယ်စားပြုသော မြင့်မြတ်သည့်နေရာတစ်ခုဖြစ်ပါသော်လည်း ယခုတွင်မူ ၎င်းမှာ ကောင်းကင်တံတားပင်လယ်အောက်သို့ နစ်မြှုပ်သွားတော့သည်။ ထိုအခါ ရေဝဲကြီးတစ်ခုက ပင်လယ်ရေများဖြင့်ဖွဲ့စည်းထားသည့် ဧရာမ ပါးစပ်ပေါက်ကြီးတစ်ပေါက်အလား ပေါ်ထွက်လာသည်။

" ပျော်စရာ ကောင်းလှပါလားကွ "

ကောင်းကင်ဧကရာဇ်က ကျေနပ်အားရနေသည့် လေသံဖြင့် ဆိုလိုက်သည်။ ထို့နောက် သူသည် ခေါင်းကိုနောက်ပစ်၍ အားပါးတရ ရယ်မောလိုက်တော့သည်။ သူသည် ယခုလေးတင် သွေးဘိုးဘေးကြီးနှင့် အပြင်းအထန် တိုက်ခိုက်ခဲ့ရပါသော်လည်း ယခင်ကအတိုင်း အစွမ်းထက်နေဆဲပင်။ သူသည် ရှေ့သို့ လျှောက်လှမ်းလာပြီး ကောင်းကင်ပေါ်သို့ လက်ညှိုးထိုးလိုက်တော့သည်။

" မြစ်လေးစင်းက ကောင်းကင်အရိုးများအသွင် ပြောင်းလဲစေ။ ရွှေရောင်ပင်လယ်က အသားစိုင် ဖြစ်စေ။ "

သူ၏အော်ဟစ်သံထဲတွင် သူ၏ဆန္ဒများကို အမှန်တကယ်ဖြစ်လာအောင် ပြောင်းလဲနိုင်စွမ်းရှိကာ အဆုံးစမဲ့သော စွမ်းအင်တစ်မျိုးဖြစ်သည့် ကောင်းကင်ကြီး၏ စွမ်းအားများ ပါဝင်နေသည်။ ရုတ်တရက် ကောင်းကင်တံတားနယ်မြေမှ မြစ်လေးစင်း၏ ဝိညာဥ်ပုံရိပ်များနှင့် ဆင်တူသောအရာများ ကောင်းကင်ဧကရာဇ်ဆီသို့ ပျံတက်လာကြသည်။

တချိန်ထဲမှာပင် ကောင်းကင်တံတားပင်လယ်ရေများသည် ကောင်းကင်ပေါ်သို့ မြင့်တက်လာပြီး ထိုဝိညာဥ်များ၏ ပတ်ပတ်လည်တွင် ဝန်းရံကာ ပိုင်ဟောက်၏နှလုံးသားထဲမှ မျှော်လင့်ချက်များကို ပျက်သုဥ်းသွားစေခဲ့ပြီး သွေးဘိုးဘေးကြီးကို ထိန်းသိမ်းနိုင်ခဲ့သည့် ဧရာမလက်ကြီးတစ်ဖက်ပုံစံ ပြောင်းလဲသွားတော့သည်။

ကောင်းကင်ဧကရာဇ်အတွက် ကံမကောင်းသည့်အချက်မှာ သင်္ချိုင်းစောင့်ကြီးသေဆုံးသွားပြီဖြစ်၍ ကမ္ဘာကြီး တဖြည်းဖြည်း ခြောက်သွေ့ပျက်သုဥ်းလာခြင်းပင် ဖြစ်သည်။ ထို့ကြောင့် သူ၏တာအိုမှော်အတတ်မှာ သွေးဘိုးဘေးကြီးနှင့် တိုက်ခိုက်ခဲ့စဥ်က ဒယိမ်းဒယိုင်ဖြစ်ကာ ပျက်စီးသွားခဲ့ရခြင်းဖြစ်သည်။

သို့သော် ယခုတွင် သင်္ချိုင်းစောင့်ကြီးသာမက သူ၏သြဇာအာဏာပါ လုံးဝပျောက်ကွယ်သွားပြီဖြစ်သည်။ ထို့ကြောင့် ယခုတွင် ကမ္ဘာကြီးမှာ မည်မျှပင် တစ်စစီ ပြိုကွဲနေစေကာမူ ၎င်း၏ စိတ်ဆန္ဒအပေါ်တွင်ရှိနေသည့် ကောင်းကင်ဧကရာဇ်၏ ထိန်းချုပ်မှုကို ဝင်ရောက်တားဆီးနိုင်မည့်အရာ မရှိတော့ပေ။ ထို့အပြင် သူသည် ပိုင်ရှောင်ချန်းထက်ပို၍ ထိုစိတ်ဆန္ဒကို ရင်းနှီးနေသည်လည်းဖြစ်သည်။

ကောင်းကင်ဧကရာဇ်သည် သူ၏လက်ကိုဝှေ့ယမ်းလိုက်သောအခါ ထိုဧရာမလက်ကြီးမှာ ကောင်းကင်ယံမှနေ၍ ပိုင်ရှောင်ချန်းအပေါ်သို့ ကျဆင်းလာတော့သည်။

ပိုင်ရှောင်ချန်းက အလွန်သုန်မှုန်နေသော အမူအရာဖြင့် မော့ကြည့်လိုက်သည်။ သူသည် ထိုလက်ကြီးထဲရှိ မြစ်လေးစင်း၏ သန့်စင်သောစွမ်းအားကိုသာမကာ ကောင်းကင်တံတားပင်လယ်၏ အငွေ့အသက်ကိုပါ အာရုံခံမိလိုက်သည်။ ၎င်းမှာ လက်တစ်ဖက်အသွင်သာရှိပါသော်လည်း အမှန်တွင် ကောင်းကင်တံတားနယ်မြေအားလုံး ပေါင်းစည်းထားသည့်အလားပင်။

သူသည် ထိုကဲ့သို့သော ပြင်းအားမျိုးကို တောင့်ခံနိုင်မည်မဟုတ်။ သူ၏အပြင်ခန္ဓာကိုယ် မည်မျှပင် စွမ်းအားကြီးမားနေစေကာမူ ထိုသို့သောစွမ်းအားမျိုးနှင့် ရင်ဆိုင်ရပါက ပြိုလဲသွားမည်သာဖြစ်သည်။

တချိန်တည်းမှာပင် သူသည် ဤကမ္ဘာကြီးကိုထိန်းချုပ်ရာတွင် အလွန်ရှေးကျလှသော ကောင်းကင်ဧကရာဇ်ကြီးနှင့် ယှဥ်နိုင်မည်မဟုတ်ကြောင်း သူက သိနားလည်ထားသည်။ သို့သော် သူသည် နောက်သို့ တွန့်မသွားပေ။ သူသည် နီမြန်းနေသော မျက်ဝန်းများဖြင့် ထိုဧရာမလက်ကြီးအား မော့ကြည့်လိုက်ပြီး ခေါင်းကိုနောက်ပစ်၍ အော်ဟစ်လိုက်တော့သည်။

“ ကျုပ်က ခင်ဗျားကိုမယှဥ်နိုင်တော့ ဘာဖြစ်တုံး ကောင်းကင်ဧကရာဇ် "

အသက်ရှည်နည်းအတတ်၏ စွမ်းအားများ သူ၏ခန္ဓာကိုယ်ထဲသို့ စီးဝင်လာပြီး ရွှယ်ကျဲကော်တုဟု ခေါ်သော တာအိုမှော်အတတ်တစ်ခုကို ဖော်ဆောင်လိုက်တော့သည်။

" ရွှယ်ကျဲ "

သူက လေထဲတွင် လက်ကို ဝှေ့ယမ်း၍ ဆိုလိုက်သည်။ သူ၏ စွမ်းအားကြီးမားသော ကျင့်ကြံခြင်းအခြေခံနှင့်ဆိုပါက ထိုလျှို့ဝှက်ဆန်းကြယ်လှသော နတ်သားရဲကြီးက ယခင်ကထက် ပို၍စွမ်းအားကြီးစွာ ထွက်ပေါ်လာလိမ့်မည်ဟု သူ ယုံကြည်ထားသည်။

တဂျိန်းဂျိန်းမြည်ဟည်းသံများ ပေါ်ထွက်လာပြီး ကောင်းကင်တံတားပင်လယ်ကြီးမှာ ကြီးများကျယ်ပြန့်လှသော ရေအိုင်ကြီးတစ်ခုအသွင် ပြောင်းလဲသွားတော့သည်။

" ကော်တု "

သူသည် လုံးဝတွေဝေမနေပဲ သူ၏ လက်ဖဝါးနှစ်ဖက်ကို အချင်းချင်း ရိုက်လိုက်သောအခါ အခြားကမ္ဘာမှ သားရဲကြီးတစ်ကောင်၏ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံကြီးကြောင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီးတို့ တုန်ရီသွားပြီး ကောင်းကင်ဧကရာဇ်ပင် အံ့အားသင့်သွားရသည်။

ထိုအော်ဟစ်သံကြီးကား အနှီလျှို့ဝှက်ဆန်းကြယ်သောသားရဲကြီးက အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေခဲ့ရသော အချိန်သို့ ရောက်ရှိလာသဖြင့် စိတ်လှုပ်ရှားမှုများ၊ ပျော်ရွှင်မှုများအပြည့်ဖြင့် အော်ဟစ်လိုက်သည့် အသံပင် ဖြစ်သည်။ ပိုင်ရှောင်ချန်းသည် သူ၏ လက်ရှိကျင့်ကြံခြင်းအဆင့်ကြောင့် ယခုတွင် ထိုသားရဲကြီးအား ဤကမ္ဘာထဲသို့ ခေါ်ဆောင်လာနိုင်သည့် အပေါက်ကြီးတစ်ပေါက်ကို ဖွင့်နိုင်ခဲ့ပြီဖြစ်သည်။

ကောင်းကင်တံတားပင်လယ်တစ်စင်းလုံး နာများပင်ထုံထိုင်းသွားစေနိုင်လောက်အောင် ကျယ်လောင်စွာ အော်ဟစ်နေသည့် ပါးစပ်ပေါက်ကြီးတစ်ပေါက်အသွင် ပြောင်းလဲသွားသည်။ ယခုအကြိမ်တွင်မူ တောင်ထိပ်များသာမဟုတ်တော့ပဲ သတ္တဝါကြီးတစ်ခုလုံးကို မြင်နေရပြီဖြစ်သည်။

၎င်း၏အရောင်မှာ လုံးဝမည်းနက်နေသည်။ သို့သော် ၎င်း၏မျက်နှာပြင်ကို မြေကြီးများဖြင့် လွှမ်းမိုးထားသည်မဟုတ်။ သစ်တောကြီးတစ်ခုကဲ့သို့ ထူထဲလှသည့် အကြေးခွံများဖြင့် ဖုံးလွှမ်းထားသည်။ ဤသတ္တဝါကြီးမှာ အလွန်ကြီးမားလွန်းလှသဖြင့် အတိအကျဖော်ပြရန် မဖြစ်နိုင်ပေ။

ထိုသတ္တဝါကြီးကို ဖုံးအုပ်ထားသည့် အကြေးခွံတစ်ခုချင်းစီမှာ ကောင်းကင်တံတားကျွန်းကဲ့သို့ပင် ကြီးမားလှသည်။ ထိုသတ္တဝါကြီး လေပေါ်သို့မြင့်တက်လာသောအခါ ၎င်း၏အောက်ခြေတွင် အထက်အောက်ပြောင်းပြန်ဖြစ်နေသော တောင်ထိပ်များနှင့်တူသည့် အရာများ အတန်းလိုက်ရှိနေသည်ကို မြင်ရပေသည်။

သေသေချာချာ ကြည့်မည်ဆိုလျှင် ၎င်းသည်လည်း သတ္တဝါကြီး မဟုတ်သေးသည်ကို မြင်နိုင်မည်ဖြစ်သည်။ တောင်ထိပ်များဟုထင်ရသည့်အရာများမှာလည်း...တောင်ထိပ်များ မဟုတ်ပေ။ ၎င်းမှာ ဘလိတ်ဓားများကဲ့သို့ ချွန်ထက်နေသည့် သွားများဖြစ်ပေသည်။ ထိုသတ္တဝါကြီးဟူ၍ ယူဆနိုင်သည့်အရာသည်လည်း ဧရာမသားရဲကြီးတစ်ကောင်၏ အပေါ်မေးရိုးသာ ဖြစ်နေပေသည်။

ထို့နောက် အောက်ပိုင်းမေးရိုး ထွက်ပေါ်လာသည်... ၎င်းတို့အားလုံးကို မြင်လိုက်ရသောအခါ ကောင်းကင်တံတားပင်လယ်ထဲမှ ခုန်တက်လာသည့် ဧရာမ မိကျောင်းကြီးတစ်ကောင်၏ ပါးစပ်ကြီးနှင့် တူနေသည်။ ထို့အပြင် ၎င်း၏မျက်ဝန်းများမှာ ရဲရဲနီနေပြီး ပိုင်ရှောင်ချန်း၏ မျက်ဝန်းများနှင့် တစ်ပုံစံထဲပင်။

ထိုမိကျောင်းကြီး၏ ဦးခေါင်းက မြင့်တက်လာပြီး ပါးစပ်ကြီးကို ဟလိုက်တော့သည်။ ၎င်းနှင့်ယှဥ်လိုက်ပါက ပိုင်ရှောင်ချန်းနှင့် ကောင်းကင်ဧကရာဇ်တို့မှာ အသေးစား ပိုးကောင်လေးများသကဲ့သို့ ဖြစ်သွားတော့သည်။ ထိုမိကျောင်းကြီး၏ ဦးခေါင်းက အော်ဟစ်မြည်တမ်းလိုက်ပြီး ဧရာလက်ကြီးဆီသို့လှမ်း၍ဟပ်ကာ ၎င်းကို တဂျွတ်ဂျွတ်မြည်အောင် ဝါးစားပစ်တော့သည်။

ပိုင်ရှောင်ချန်းသည် ထိုမြင်ကွင်းကိုကြည့်၍ အလွန်အမင်း အံ့သြမှင်တက်နေပြီဖြစ်သည်။ သူသည် ဧရာမမိကျောင်းဦးခေါင်းကြီးအား ကြည့်၍ ဖြစ်ပျက်နေသမျှ အရာအားလုံးကို ကျေနပ်အားရပ်နေတော့သည်။ သူ၏ သက်စောင့်ဝိညာဥ်မှာ သူနေထိုင်ရာကမ္ဘာကြီးကိုပင် ပြည့်နှက်သွားနိုင်လောက်သည်အထိ ကြီးမားနေလိမ့်မည်ဟု သူ လုံးဝ မထင်ထားမိပေ။

အခြားအခြေအနေများတွင်မူ သူ ပျော်ရွှင်နေမည်ဖြစ်ပါသော်လည်း ယခုတွင်မူ အချိန်မရှိပေ။ သူသည် ကမ္ဘာကြီး၏ဧရာမလက်ကြီးနှင့် သူ၏ ရွှယ်ကျဲကော်တုသားရဲကြီးတို့ ထိပ်တိုက်တွေ့ဆုံသွားကြပြီး ကောင်းကင်ကိုပျက်စီးသွားစေနိုင်ပြီး ကမ္ဘာမြေကြီးကိုချေမှုန်းပစ်နိုင်သည့် အုန်းခနဲ အသံကြီးတစ်သံ ထွက်ပေါ်လာသည်ကို လက်ပိုက်၍ ရှုစားနေတော့သည်။

ထိုတွေ့ဆုံမှုထံမှ ပေါ်ထွက်လာသည့် တုန်ခါမှုလှိုင်းကြီးကြောင့် ကောင်းကင်တံတားပင်လယ်ဒေသတွင် မိုးသက်မုန်တိုင်းတစ်ခု တိုက်ခတ်လာပြီး လက်ကြီး အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားတော့သည်။

ထိုအခါ မြစ်လေးစင်းဒေသရှိ တောင်တန်းများအားလုံးနီးပါး လဲပြိုကုန်ကြတော့သည်။ သို့သော် ပိုင်ရှောင်ချန်း၏ သက်စောင့်ဝိညာဥ်သည်လည်း ထိုပြင်းအားကို တောင့်မခံနိုင်တော့ပေ။ ၎င်းမှာ ကမ္ဘာကြီး၏ လက်ကို ဝါးမျိုလိုက်ပြီးနောက် ပျောက်ကွယ်သွားသည်။

၎င်းမှာ သေဆုံးသွားသည်မဟုတ်ပဲ ပျောက်ကွယ်သွားသည်သာဖြစ်ကြောင်း ပိုင်ရှောင်ချန်းက သိသည်။ ယခုအထိအောင် သူ၏သက်စောင့်ဝိညာဥ်သည် ပုံရိပ်တစ်ခုအဖြစ်သာ ထွက်ပေါ်လာသေးသည်။ အပြည့်အဝ ဆင့်ခေါ်လိုပါက ယခုထက် အဆင့်မြင့်သည့် ကျင့်ကြံခြင်းအခြေခံတစ်ခု လိုအပ်မည်သာဖြစ်သည်။

သူသည် အရောင်တောက်နေသည့် မျက်ဝန်းများဖြင့် ၎င်းအားထပ်၍ဆင့်ခေါ်ရန် တွေးတောလိုက်ပါသော်လည်း သူ ဆင့်မခေါ်နိုင်ခင်မှာပင် ကောင်းကင်ဧကရာဇ်က အလွန် တည်ကြည်သော မျက်နှာအမူအရာဖြင့် လက်များကိုမြှောက်လိုက်သည်။ သူ၏လက်တစ်ဖက်ရှိ လက်ချောင်းတစ်ချောင်းမှ လက်စွပ်တစ်ကွင်းကို ချွတ်၍ ကောင်းကင်တံတားပင်လယ်ထဲသို့ ပစ်ချလိုက်လေသည်။

" ချုပ်နှောင်စေ "

သူက အေးစက်စက် လေသံဖြင့် အော်ဟစ်လိုက်သည်။

All Chapters