သားရဲလေးကောင်
Vol. 11 Ch. 1022
ကောင်းကင်ဧကရာဇ်၏ နှုတ်မှ ထိုစကားသံများ ထွက်လာသောအခါ အောက်သို့ပြုတ်ကျသွားသည့် လက်စွပ်မှ အလင်းရောင်ခုနစ်ရောင် တောက်ပလာပြီး ကောင်းကင်တံတားပင်လယ်တစ်ခုလုံးကို ရောင်ပြန်ဟပ်သွားတော့သည်။ ထိုအခါ ပြိုကွဲပျက်စီးနေသော ကောင်းကင်နှင့်ကမ္ဘာမြေကြီးတို့သည် ပြန်လည်၍ မြဲမြံခိုင်မာသွားသည့်အလား ဖြစ်သွားသည်။ သို့သော် ဤအချင်းအရာမှာ ကောင်းကင်ဧကရာဇ်ကြီးက စိတ်ကောင်းစေတနာဖြင့် လုပ်ပေးနေခြင်းမဟုတ်ပေ။ သူသည် ဤကမ္ဘာကြီးကို ချုပ်နှောင်ရန်သာ ဆန္ဒရှိနေပေသည်။
စောစောက ပိုင်ရှောင်ချန်း ထုတ်လွှတ်လိုက်သော တာအိုမှော်အတတ်ကို သူကိုယ်တိုင်ပင် အံ့အားသင့်သွားရသည်ဖြစ်၍ အခြားကမ္ဘာများနှင့် ချိတ်ဆက်နေသော မည်သည့်တံခါးကိုမဆို ဖွင့်ခွင့်မပေးတော့ပဲ မည်သည့်ဧရာမသားရဲကြီးများကိုမဆို ထွက်လာခွင့်ပေးတော့မည် မဟုတ်ပေ။
" ကြည့်ရတာ ဒီနေရာမှာ ထုတ်သုံးနိုင်တဲ့ တာအိုမှော်အတတ်တွေကို ငါအထင်သေးခဲ့မိတဲ့ပုံပဲ ... ရွှယ်ကျဲကော်တု ... "
ကောင်းကင်ဧကရာဇ်က တောက်ပလင်းလက်နေသော မျက်ဝန်းများဖြင့် ဆိုလိုက်သည်။
" ဒါပေမဲ့ မင်းအတွက် ကံမကောင်းတာက အဲဒီမှော်အတတ်က အခု အလုပ်ဖြစ်တော့မှာ မဟုတ်ဘူးကွ "
ကောင်းကင်ဧကရာဇ်သည် လက်ကိုဝှေ့ယမ်း၍ လက်စွပ်၏ အချုပ်အနှောင်စွမ်းအားကို ထုတ်လွှတ်လိုက်ပြီး ပိုင်ရှောင်ချန်းဆီသို့ စေလွှတ်လိုက်၏။
ပိုင်ရှောင်ချန်း၏ မျက်နှာအမူအရာမှာလည်း ကောင်းကင်ဧကရာဇ်အတိုင်း တည်ကြည်နေဆဲပင်။ ကောင်းကင်ဧကရာဇ်မှာ ဤကမ္ဘာကြီး၏ အရှင်သခင်အဖြစ် နှစ်ပေါင်းများစွာ ရှိနေခဲ့သဖြင့် သူ၏လက်ဝယ်တွင် လျှို့ဝှက်စွမ်းအား အမျိုးမျိုး ပိုင်ဆိုင်ထားမည်ဖြစ်ကြောင်း သူက သိသည်။ ဤကမ္ဘာကြီးကို ထိန်းချုပ်နိုင်စွမ်းနှင့်ပတ်သတ်၍ သူက ကောင်းကင်ဧကရာဇ်ကို မယှဥ်နိုင်ရုံသာမက ကောင်းကင်ဧကရာဇ်မှာ စိတ်ကူးနှင့်ပင် မှန်းဆ၍မရနိုင်လောက်သော အတတ်ပေါင်းများစွာနှင့် မှော်ပစ္စည်းများကို ပိုင်ဆိုင်ထားကြောင်းကိုပါ သူကသိထားသည်။
စောစောက ကောင်းကင်ဧကရာဇ် အသုံးပြုလိုက်သည့် လက်စွပ်ထံမှ ရှေးအကျဆုံးသော အငွေ့အသက်တစ်ခု ပေါ်ထွက်လာသဖြင့် ၎င်းမှာ တန်ဖိုးကြီးရတနာတစ်ခုဖြစ်လိမ့်မည်ဟု သူ အပြည့်အဝ ယုံကြည်သွားသည်။ ထိုလက်စွပ်မှာ ကမ္ဘာ့ရတနာတစ်ခုနှင့် မနှိုင်းယှဥ်နိုင်ပါသော်လည်း ၎င်း၏မူလဇာတ်မြစ်မှာ အလွန် အံ့အားသင့်ဖွယ်ကောင်းနေမည်မှာ အမှန်ပင်။
လက်ရှိတွင် သူ့အပေါ်သို့ ဆင်းသက်လာနေသည့် အချုပ်အနှောင်စွမ်းအားကြီးထဲတွင် အမြစ်ပြတ်သုတ်သင်လိုသည့် စိတ်ဆန္ဒများပါဝင်နေပါသော်လည်း သူ နောက်မတွန့်သွားပေ။ သူသည် ရှေ့သို့လှမ်း၍ ထာဝရပြုစားခြင်းအတတ်ကိုသုံးလိုက်ပြီး ၎င်းအား ကျော်လွှားလိုက်၏။
အချုပ်အနှောင်ပစ္စည်းများ၊ အချုပ်အနှောင်မန္တန်များ အားလုံးနီးပါး သူ့အပေါ် သက်ရောက်မှုရှိမည်မဟုတ်ပေ။ သူသည် ထိုအချုပ်အနှောင်စွမ်းအားကို ကျော်ဖြတ်လိုက်ပြီးနောက် တောင်ဖြိုသိုင်းကိုထုတ်သုံး၍ ကောင်းကင်းဧကရာဇ်ဆီသို့ လျင်မြန်စွာ ဦးတည်သွားတော့သည်။ ထို့နောက် သူက လည်မျိုဖမ်းဆုပ်ကွက်ကို ထုတ်သုံးလိုက်သည်။
သို့သော် ထိုအချိန်တွင် ပိုင်ရှောင်ချန်း၏ အမူအရာမှာ ဖျတ်ခနဲ ပြောင်းလဲသွားသည်။ သူသည် လုံးဝတွေဝေမနေပဲ ရုတ်တရက် နောက်သို့ဆုတ်လိုက်သည်။ သို့သော် သူက အလွန်းနှေးကွေးလွန်းနေသည်။ ကောင်းကင်ဧကရာဇ်၏ မျက်နှာပေါ်တွင် မထီမဲ့မြင် အပြုံးတစ်စ ပေါ်ထွက်လာ၏။
" ငါ့လိုမျိုးလူက မင်းရဲ့ သက်စောင့်ဝိညာဥ်လေးကိုကြောက်နေမယ်လို့ မင်းက တကယ်ကြီးထင်နေတာလား။ ထာဝရအပိုင်းရဲ့ ထာဝရပြုစားခြင်းအတတ်ကြောင့် မင်းက အချုပ်အနှောင်မှော်အတတ်တွေ အားလုံးကို ဖောက်ထွက်နိုင်တယ်ဆိုတာကိုလည်း ငါက မသိပဲနေမလား။ အဲဒီ အချုပ်အနှောင်အမှတ်အသားကို မင်း ရှောင်ရင်ရှောင်နိုင်လိမ့်မယ်။ ဒါပေမဲ့ ငါ့မှော်ပစ္စည်းရဲ့ စွမ်းအားအစစ်အမှန်ကိုတော့ မင်းရှောင်တိမ်းနိုင်မှာ မဟုတ်ဘူးကွ။ မင်းက ငါ့ရဲ့ထောင်ချောက်ထဲ ကွက်တိရောက်လာတာပဲ "
ကောင်းကင်ဧကရာဇ်သည် အားပါးတရ ရယ်မော၍ သူ၏လက်ကိုဝှေ့ယမ်းသောအခါ အချုပ်အနှောင်စွမ်းအားမှာ ရုတ်တရက် အစိတ်စိတ်အမြွှာမြွှာကွဲအက်သွားတော့သည်။ ထို့နောက် ၎င်းက အဖျက်စွမ်းအားတစ်ခုအသွင် ပြောင်းလဲသွားပြီး ပိုင်ရှောင်ချန်းထံသို့ အရပ်မျက်နှာအားလုံးမှနေ၍ အရှိန်ဖြင့် ဦးတည်လာတော့သည်။
အချုပ်အနှောင်စွမ်းအားကို အသုံးပြုခဲ့ခြင်းမှာ ပရိယာယ်တစ်ခုမျှသာ ဖြစ်သည်။ ကောင်းကင်ဧကရာဇ်၏ အဓိကရည်ရွယ်ချက်မှာ ပိုင်ရှောင်ချန်းအား အာရုံလွှဲ၍ အနီးသို့ရောက်လာစေပြီးမှ သူ့တန်ဖိုးကြီးရတနာ၏ စွမ်းအားအစစ်အမှန်ကို ထုတ်သုံးရန်ဖြစ်သည်။
ထိုမြင်ကွင်းကို သူတို့၏အထက်မှနေ၍ ကြည့်ပါက ပိုင်ရှောင်ချန်း၏ပတ်ပတ်လည်တွင် ဧရာမစည်းဝိုင်းကြီးတစ်ဝိုင်း ပုံစံဖြင့် ဝန်းရံထားသော တောင်များကိုလဲပြိုသွားစေနိုင်ပြီး ပင်လယ်များကိုခန်းခြောက်သွားစေနိုင်သည့် အားကြီးတစ်ခုက အချိန်နှင့်အမျှ တဖြည်းဖြည်း အရွယ်အစားသေးငယ်လာသည်ကို မြင်နိုင်မည်ဖြစ်သည်။
ထိုအဖျက်စွမ်းအားမှာ အချိန်နှင့်အမျှ တဟုန်ထိုး မြင့်တက်လာနေသဖြင့် ပိုင်ရှောင်ချန်း၏ရင်ထဲတွင် အသက်အန္တရာယ်ကြီးတစ်ခုနှင့် ကြုံတွေ့နေရသည့်အလား ခံစားလိုက်ရပြီး မျက်နှာပျက်သွားတော့သည်။
သူသည် မည်သည့်နည်းနှင့်မျှ ပြန်လည်ခုခံတိုက်ခိုက်၍ မရပေ။ ထိုစည်းဝိုင်းကြီးမှာ မျက်စိတစ်မှိတ်အတွင်း အရွယ်အစားသေးငယ်လာသဖြင့် သူသည် ညာလက်ကိုဆန့်ထုတ်၍ သူ့ခန္ဓာကိုယ်တစ်ခုလုံး၏ အစားထိုးတစ်ခုအဖြစ် အသုံးပြုလိုက်ရသည်။
ထိုစည်းဝိုင်းကြီးမှာ သူ၏အသားစိုင်များကိုရစ်ပတ်၍ ကျုံ့ဝင်လာသဖြင့် သူ၏ညာလက်က အလွန်ပြင်းထန်သော နာကျင်မှုများကို ခံစားလိုက်ရသည်။ထိုအခါ သူ၏အသားစိုင်ထဲရှိ ပြန်လည်ကုစားနိုင်စွမ်းများက ထိုစည်းဝိုင်းကြီးအား ပြန်လည်ခုခံနေတော့သည်။
ဤကဲ့သို့ အန္တရာယ်ကြီးနှင့် ကြုံနေရသည့်အချိန်မှာပင် ပိုင်ရှောင်ချန်း၏ တုံ့ပြန်မှုက လျင်မြန်လွန်းလှသဖြင့် ကောင်းကင်ဧကရာဇ် မျက်မှောင်ကြုတ်သွားရသည်။ ပိုင်ရှောင်ချန်းမှာ ရင်ဆိုင်ရခက်လွန်းလှသဖြင့် သူ မချင့်မရဲဖြစ်နေရုံသာမက ထာဝရအပိုင်း၏ တုန်လှုပ်ခြောက်ခြားဖွယ် စွမ်းအားများကြောင့်လည်း အံ့သြမှင်တက်နေရတော့သည်။
" ကြည့်ရတာ ဇယားပြတ်ဖို့ နည်းနည်းပါးပါးတော့ ပေးဆပ်ရမဲ့ပုံပဲ ... "
ကောင်းကင်ဧကရာဇ်က ခေါင်းယမ်းလိုက်ပြီး လှစ်ခနဲ လှုပ်ရှားလိုက်သည်။ ပိုင်ရှောင်ချန်း၏ ပြန်လည်ကုစားနိုင်စွမ်းများက လက်စွပ်၏ ချုပ်နှောင်နိုင်စွမ်းကို ခုခံတွန်းလှန်နေစဥ် ကောင်းကင်ဧကရာဇ်သည် ရင်သက်ရှုမောဖွယ်ကောင်းသော နတ်ဘုရားအတတ် နောက်ထပ်တစ်ခု ထုတ်လွှတ်လိုက်တော့သည်။
ပိုင်ရှောင်ချန်း၏ ခုခံမှုများကြောင့် တအုန်းအုန်းမြည်ဟည်းသံများဖြင့် ဆူညံနေပြီး တုန်ခါမှုလှိုင်းများသည်လည်း အရပ်မျက်နှာအနှံ့သို့ ပျံ့လွင့်နေသည်။ သို့သော် ကောင်းကင်တံတားတာအို၏ စွမ်းအင်များမှာ အဆက်မပြတ်မြင့်တက်လာနေဆဲပင်။ သူသည် ေကာင်းကင်ဧကရာဇ်တစ်ပိုင်းအဆင့်မှာသာ ရှိနေသေးပါသော်လည်း သူ၏အတိုက်အခိုက်စွမ်းရည်ကို မဟာယနအဆင့်ထိ ရောက်အောင် တွန်းပို့ပေးနိုင်သည့် လျှို့ဝှက်စွမ်းအားများကို ပိုင်ဆိုင်ထားသည်။
ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းအခြေခံမှာ သူ့ထက် အဆင့်နိမ့်နေသည့်အပြင် သူ၏ညာလက်မှာလည်း ချုပ်နှောင်ထားခံရသည်ဖြစ်သည်။ သူသည် ကောင်းကင်ဧကရာဇ်နှင့် လုံးဝယှဥ်နိုင်စွမ်းမရှိသည့် အဆင့်တွင်ရောက်နေပါသော်လည်း ထာဝရအသက်ရှည်ခြင်းအတတ်မှ ပေးစွမ်းသည့် ကောင်းကင်မှချီးမြှင့်သော ပြန်လည်ကုစားနိုင်စွမ်းများကြောင့် သူသည် ဒဏ်ရာများထံမှ ပြန်လည်ကောင်းမွန်နိုင်သည့်အပိုင်းတွင် သွေးဘိုးဘေးကြီးထက်ပင် များစွာပို၍ လျင်မြန်နေသည်။ ထို့ကြောင့် သူသည် ကောင်းကင်ဧကရာဇ်ကြီးကို ယှဥ်၍တိုက်ခိုက်နိုင်ခြင်းဖြစ်သည်။
ပိုင်ရှောင်ချန်းက သူ၏ညာလက်သီးကို ဆုပ်လိုက်သောအခါ သူ၏မျက်နှာနှင့် လည်ပင်းတို့ပေါ်တွင် သွေးကြောကြီးများ ထောင်ထလာတော့သည်။ သူ့ထံတွင်ရှိသော ပြန်လည်ကုစားနိုင်စွမ်းအားလုံးသာမက သူ၏အပြင်အားအကုန်လုံးကိုပါ စည်းဝိုင်းကြီးထဲသို့ ထည့်သွင်းလိုက်သောအခါ သူသည် ထိုတန်ဖိုးကြီးရတနာကို လွှမ်းမိုးသွားနိုင်သဖြင့် ၎င်းမှာ ပေါက်ကွဲသွားရတော့သည်။
ထိုအခါ ပိုင်ရှောင်ချန်း၏ အတိုက်အခိုက်စွမ်းအားများ ထပ်မံ၍ လျင်မြန်စွာမြင့်တက်လာပြန်သည်။ သူသည် ညာလက်သီးအားဆုပ်၍ ထိုးချလိုက်သောအခါ တဂျိန်းဂျိန်းမြည်သံများနှင့်အတူ လေပွေကြီးတစ်ခုပေါ်ထွက်လာပြီး ကောင်းကင်ဧကရာဇ်ဆီသို့ ဦးတည်သွားတော့သည်။
ကောင်းကင်ဧကရာဇ်က အေးစက်စက်နှာမှုတ်လိုက်ပြီး နောက်သို့ဆုတ်လိုက်သည်။ ထို့နောက် ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ခုဖော်လိုက်ပြီး သူ၏လက်ချောင်းကို ဝှေ့ယမ်း၍ အေးစက်စက်လေသံကြီးဖြင့် ရေရွတ်လိုက်သည်။
" အစားကြူး ရေမြွေ "
ထိုအခါ ရေများ အလွန်အမင်း ကုန်ခန်းနေပြီဖြစ်သော ကောင်းကင်တံတားပင်လယ်ထဲရှိ နက်ရှိုင်းသောတစ်နေရာမှ ကောင်းကင်ကြီးနှင့် ကမ္ဘာမြေကြီးကို တုန်ရီသွားစေနိုင်သည့် ဟိန်းဟောက်သံတစ်သံနှင့်အတူ တုန်လှုပ်ခြောက်ခြားဖွယ် အငွေ့အသက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာတော့သည်။
မီတာသုံးသောင်းခန့် ရှည်လျားသော သတ္တဝါကြီးတစ်ကောင်ပေါ်ထွက်လာသဖြင့် အရပ်မျက်နှာအနှံ့တွင် ရေများမှာ ရေတံခွန်များကဲ့သို့ ကျဆင်းနေကြသည်။ ၎င်းသတ္တဝါကြီးမှာ မြွေတစ်ကောင်၏ခန္ဓာကိုယ်၊ နဂါးတစ်ကောင်၏ ဦးခေါင်းတစ်လုံးနှင့် ခပ်ရေးရေးတူသည့် မီတာသုံးထောင်ခန့်ရှည်လျားသော ဦးခေါင်းတစ်လုံးကို ပိုင်ဆိုင်ထားသည့် ရေနဂါးကြီးတစ်ကောင် အလားပင်။ ခြုံငုံကြည့်လိုက်ပါက ထိုသတ္တဝါကြီးမှာ လွန်စွာ ခက်ထန်ကြမ်းကြုတ်လှပေသည်။
အားပြင်းသော အငွေ့အသက်များသည်လည်း ချက်ချင်းပင် အရပ်မျက်နှာအနှံ့သို့ ပျံ့ထွက်သွားတော့သည်။
" သတ္တဝါဆန်း မိကျောင်း "
ထိုမျှနှင့် မပြီးသေးပေ။ ကောင်းကင်ဧကရာဇ်က နောက်ထပ်တစ်ကြိမ် မန္တန်လက်ကွက်တစ်ခုဖော်လိုက်သဖြင့် ကောင်းကင်တံတားမြစ်လေးစင်းထံမှ ဟိန်းဟောက်သံများ ပဲ့တင်ထွက်လာတော့သည်။ ထိုဟိန်းဟောက်သံများနှင့်အတူ ရွှေရောင် မိကျောင်းလေးကောင် ပေါ်ထွက်လာကာ ထိုမိကျောင်းလေးကောင် ပေါင်းစည်းသွားကြပြီး... မီတာသုံးသောင်းခန့်ရှည်လျားပြီး ခေါင်းလေးလုံးပါသော ရွှေရောင်မိကျောင်းတစ်ကောင်အသွင်သို့ ပြောင်းလဲသွားကြသည်။
" တေးသီငှက် "
ရုတ်တရက် ကောင်းကင်ယံတွင် ဂဠုန်ငှက်ကြီးတစ်ကောင် ပေါ်ထွက်လာပြီး လူတိုင်းကို တုန်ရီသွားစေနိုင်လောက်သည့် အသံကြီးဖြင့် အော်ဟစ်မြည်တမ်းနေတော့သည်။
သေသေချာချာ ကြည့်ရှုလိုက်မည်ဆိုပါက ထိုဂဠုန်ငှက်ကြီး၏ အသားများမှာ ပုပ်ပွနေပြီး အောက်ဘက်ရှိ ခြောက်သွေ့နေသောအရိုးများကိုပင် မြင်နိုင်မည်ဖြစ်သည်။ ထိုငှက်ကြီးမှာ... နှစ်ပေါင်း မရေမတွက်နိုင်လောက်အောင် သေဆုံးခဲ့သော သတ္တဝါကြီးတစ်ကောင်ပင် ဖြစ်သည်။
" ရွှံ့ဘီလူး "
ထို့နောက် တောင်ပိုင်း ကောင်းကင်တံတားဒေသရှိ ကုန်းမြေများမှာ ပေါက်ကွဲသွားပြီး ဧရာမ နွားချေးပိုးကြီးတစ်ကောင် မြေပြင်ထဲမှ တွားသွား၍ ပေါ်ထွက်လာသည်။ ၎င်း၏ ပတ်ပတ်လည်ရှိ အရာရာတိုင်း ကျောက်ဖြစ်ရုပ်ကြွင်းအသွင် ပြောင်းလဲသွားပြီးနောက် ၎င်းတွားသွား၍ရှေ့သို့ချီတက်လာသည့် လမ်းတလျှောက်တွင် ကြီးမားသော အဖြူရောင် မြေကြောကြီးများ ကျန်ရစ်ခဲ့တော့သည်။
" ပိုင်ရှောင်ချန်း၊ ငါက သင်္ချိုင်းစောင့်ကြီးနဲ့ နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့တာကွ။ ငါ့ဆီမှာ ဒီကမ္ဘာထဲက ဘယ်သူမှ မယှဥ်ပြိုင်နိုင်တဲ့ လျှို့ဝှက်ရတနာတွေ အများကြီးရှိတယ်။ အဲဒါကိုမင်းက ... ဘယ်လိုနည်းနဲ့များ ငါ့ကိုယှဥ်တိုက်နိုင်လိမ့်မယ်လို့ တွေးနေတာတုံး "
ကောင်းကင်ဧကရာဇ်သည် သူ၏လက်ချောင်းကို ပိုင်ရှောင်ချန်းဆီသိုဝှေ့ယမ်းလိုက်အခါ သားရဲလေးကောင်းစလုံး ပိုင်ရှောင်ချန်းဆီသို့ ပြေးဝင်သွားကြတော့သည်။
၎င်းတို့အနက် သားရဲသုံးကောင်ကို ပိုင်ရှောင်ချန်း လုံးဝမသိပါသော်လည်း ထိုရွှေရောင် မိကျောင်းကြီးများကို ကြိမ်ဖန်များစွာ မြင်တွေ့ခဲ့ဖူးသည်။ သို့သော် လေးကောင်အထိ ရှိနေလိမ့်မည်ဟု သူလုံးဝမထင်ထားမိပေ။ ၎င်းတို့အားလုံးကို ကောင်းကင်ဧကရာဇ်ကြီး ပိုင်ဆိုင်ကြောင်းကိုလည်း သူ လုံးဝမသိခဲ့ပေ။
ထိုသားရဲလေးကောင်စလုံးက တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းစွာပင် နတ်ဘုရားတစ်ပိုင်း မဟာစက်ဝန်းအဆင့်၏ စွမ်းအားများကို ထုတ်လွှတ်နေသည်။
သွေးဘိုးဘေးကြီးက ကောင်းကင်ဧကရာဇ်နှင့် အချိန်ကြာမြင့်စွာတိုက်ခိုက်နိုင်ခဲ့သည့်အချက်မှာ အလွန်ထူးဆန်းပေသည်။ ကောင်းကင်ဧကရာဇ်မှာ အလွန်စွမ်းအားကြီးမားလှသည် မဟုတ်ပါလော.... သွေးဘိုးဘေးကြီးမှာ တမူထူးခြားပြီး အချိန်ဆွဲသည့်နေရာတွင် အောင်မြင်ခဲ့သည်မှာ အမှန်ပင်။ သို့သော်လည်း ကောင်းကင်ဧကရာဇ်က သူ့အားတိုက်ခိုက်ပြီးနောက် လုံးဝ ဖရိုဖရဲ မဖြစ်ခဲ့ပေ။ ကောင်းကင်ဧကရာဇ်သည် သင်္ချိုင်းစောင့်ကြီးက သူ၏အကြံအစည် ပြီးမြောက်သည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ခြင်းသာ ဖြစ်ပေသည်။
သင်္ချိုင်းစောင့်ကြီးက ကောင်းကင်ဧကရာဇ်အား မကောင်းကြံနေခဲ့သည်ဖြစ်သလို ကောင်းကင်ဧကရာဇ်မှာလည်း သင်္ချိုင်းစောင့်ကြီးအား တစ်ဖန်ပြန်လည် မကောင်းကြံနေခဲ့သည်။
သူသည် ပိုင်ရှောင်ချန်း ရောက်ရှိလာသည်ကို စောင့်ဆိုင်းနေခဲ့သည်မှာ မှန်သော်လည်း အဓိကမှာ သင်္ချိုင်းစောင့်ကြီး သေဆုံးသွားသည်ကို စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။ ကောင်းကင်ဧကရာဇ် အကြောက်ရဆုံးလူမှာ သင်္ချိုင်းစောင့်ကြီးပင်ဖြစ်သည်။ သင်္ချိုင်းစောင့်ကြီးက အချိန်နှင့်ကအမျှ တဖြည်းဖြည်း အားအင်ယုတ်လျော့နေခဲ့ရသည်ဖြစ်ပါသော်လည်း နှစ်ပေါင်းများစွာတိုင်အောင် သူ့အား အကြိမ်တိုင်းအကြိမ်တိုင်း အနိုင်ယူနိုင်ခဲ့သဖြင့် ထိုအကြောက်တရား ပေါက်ဖွားလာခဲ့ရခြင်းဖြစ်သည်။
ယခုတွင် သင်္ချိုင်းစောင့်ကြီးမှာ သေဆုံးသွားပြီဖြစ်၍ ကောင်းကင်ဧကရာဇ် စိတ်သက်သာရာရသွားပြီး သက်ပြင်းချနိုင်တော့သည်။ ယခင်က အရာရာတိုင်းမှာ ရှုပ်ထွေးနေခဲ့ပါသော်လည်း ယခုတွင်မူ သူသည် ပိုင်ရှောင်ချန်းအား ဝါးမျိုလိုက်ရုံဖြင့် သူလိုချင်သော ထာဝရအသက်ရှည်ဆေးလုံးကို ရရှိတော့မည်ဖြစ်သည်။
ထိုအတွေးစများမှာ ပိုင်ရှောင်ချန်း၏ အသိစိတ်ထဲတွင် အချိန်တစ်ခဏလေးအတွင်း တရိပ်ရိပ်ပေါ်ပေါက်လာတော့သည်။
" ကောင်းကင်ဧကရာဇ်က အကြံသမားဆိုတော့ "
ပိုင်ရှောင်ချန်းက တွေးလိုက်သည်။
“ သူ နောက်ဆုံးမှာ သေချာပေါက်အနိုင်ရလိမ့်မယ်လို့ အပြည့်အဝယုံကြည်နိုင်တဲ့ အကြောင်းအရင်းတစ်ခုခုကို ပိုင်ဆိုင်ထားမှာပဲ။ သူ့လျှို့ဝှက်လက်နက်အစစ်က... ဒီသားရဲလေးကောင်တော့ လုံးဝမဖြစ်နိုင်ဘူး "
သူသည် ထိုသို့တွေးတောကာ ချက်ချင်းနောက်ဆုတ်သွားတော့သည်။ ကောင်းကင်ဧကရာဇ်နှင့် အသေအကျေတိုက်ခိုက်ရမည့် ဤတိုက်ပွဲတွင် သူ အာရုံအပြည့်စိုက်ရန် လိုအပ်ပေသည်။ ကောင်းကင်ဧကရာဇ်သည်ကား … ဤကမ္ဘာကြီးတစ်ခုလုံး၏ ပြိုင်စံရှားဖြစ်၍ အနည်းငယ်လေးပင် မှားယွင်းခွင့်မရှိကြောင်း ပိုင်ရှောင်ချန်းက သိသည်။ အမှားတစ်ခုသာ လုပ်လိုက်မိပါက ထာဝရသေဆုံးသွားရမည်သာ ဖြစ်ပေသည်။