← Chapters

ထာဝရဧကရာဇ်လက်သီး

Vol. 11 Ch. 1023

ထာဝရဧကရာဇ်လက်သီး

Vol. 11 Ch. 1023

သို့သော်လည်း လျှို့ဝှက်အစီအစဥ်ရေးဆွဲရာတွင် သင်္ချိုင်းစောင့်ကြီးတစ်ယောက်သာလျှင် ကောင်းကင်ဧကရာဇ်ထက် သာလွန်သည်။ ပိုင်ရှောင်ချန်းက ကျင့်ကြံခြင်းလမ်းစဥ်ပေါ်တွင် နှစ်ပေါင်းအနည်းငယ်မျှသာ လျှောက်လှမ်းရသေးသည်ဖြစ်၍ ဥာဏ်ကစားသည့်နေရာတွင် ကောင်းကင်ဧကရာဇ်အား လုံးဝမယှဥ်နိုင်ပေ။ သူသည် ကောင်းကင်ဧကရာဇ် တွေးတောနေသည့််အရာကို ခပ်ရေးရေးမျှ သိပါသော်လည်း သူလိုက်မမီသေးသည့် သဲလွန်စများစွာ ကျန်ရှိနေသေးသည်။

ထို့အပြင် ထိုအချင်းအရာများကို ထိုင်၍တွေးတောစဥ်းစားနေရန် အချိန်မရှိပေ။ သူတို့နှစ်ယောက်ကြားရှိ တိုက်ပွဲမှာ အချိန်မရွေး အသက်ပျောက်သွားနိုင်သည့် တိုက်ပွဲမျိုးဖြစ်သည်။ ပိုင်ရှောင်ချန်းသည် အာရုံလွင့်ပါးသွားရန် မဖြစ်ကြောင်းကို သိ၍ ယခု သူ့ဆီသို့ ပြေးလာနေသည့် သားရဲလေးကောင်အား အာရုံအပြည့်စိုက်လိုက်တော့သည်။

အစားကြူးရေမြွေကြီးနှင့် သတ္တဝါဆန်းမိကျောင်းကြီးမှာ အရွယ်အစား အင်မတန်ကြီးမားလှသည့်အပြင် သူ့အား တစ်စစီဆုတ်ဖြဲပစ်လိုသည့် အမူအရာများဖြင့် သူ့ဆီသို့ ဘယ်ဘက်နှင့် ညာဘက်နှစ်ဘက်စလုံးမှ ချဥ်းကပ်လာနေသည်။

တချိန်ထဲမှာပင် ရွှံ့ဘီလူးကြီးနှင့် တေးသီငှက် တို့မှာ သူ၏အရှေ့နှင့် အနောက်မှ ပြေးလာနေကြသည်ဖြစ်ပြီး သူတို့၏ အော်စ်မြည်တမ်းသံများကြောင့် သူတို့ပတ်ပတ်လည်ရှိ လေထုကြီးပင်လျှင် တစ်စစီ ကွဲအက်နေရပြီဖြစ်သည်။

၎င်းတို့အားလုံးထံမှ နတ်ဘုရားတစ်ပိုင်း မဟာစက်ဝန်းအဆင့်ရှိသော အငွေ့အသက်များပေါ်ထွက်နေသဖြင့် ကောင်းကင်ကြီးနှင့် ကမ္ဘာမြေကြီးတို့ကို အသွင်ပြောင်းလဲသွားစေနိုင်သည့် လေပြင်းမုန်တိုင်းများ တိုက်ခတ်လာတော့သည်။ ၎င်းတို့ကိုကြည့်ရသည်မှာ ပိုင်ရှောင်ချန်းအား ထွက်ပြေးလွတ်မြောက်ခွင့် အနည်းငယ်ကလေးမျှပင် ပေးမည့်ပုံ မပေါ်ပေ။

ထိုကဲ့သို့ အန္တရာယ်ကြီးနှင့် ရင်ဆိုင်နေချိန်တွင် ပိုင်ရှောင်ချန်းသည် တွေဝေမနေပဲ သူ၏အိတ်ကိုပုတ်၍ လှမ်းခေါ်လိုက်သည်။

“ ငွေစန္ဒာပန်းလေးရေ "

သူ၏နှုတ်မှ ထိုစကားသံများ ထွက်လာသည်နှင့် ငွေစန္ဒာပန်းက တစ်ခုထဲသာဖြစ်သော်လည်း ပြေးလာနေသည့် သားရဲကြီးလေးကောင်၏ အငွေ့အသက်များထက် များစွာပို၍ သာလွန်သော အငွေ့အသက်တစ်ခု ပေါ်ထွက်လာတော့သည်။

ထို့နောက် အစိမ်းရင့်ရောင် နွယ်ပင်ကိုးပင်က မြန်ဆန်လှသော အရှိန်တစ်ခုဖြင့် ထိုးထွက်လာပြီး တဂျိန်းဂျိန်းမြည်ဟည်းသံများ ထွက်ပေါ်လာသည်။ ထိုနွယ်ပင်များ၏နောက်တွင် မရေမတွက်နိုင်လောက်အောင် အဆုံးအစမဲ့သော ပန်းပွင့်ချပ်ပေါင်းများစွာဖြင့် ဖွဲ့စည်းထားသည့် ဧရာမ ငွေစန္ဒာပန်းတစ်ပွင့် ပေါ်ထွက်လာသည်။

ထိုပန်းပွင့်ကြီးက အထက်မှနေကာ အုပ်မိုးသွားသည်ဖြစ်၍ ကောင်းကင်၏ အလွန်မှလာသော အငွေ့အသက်တစ်မျိုးကြောင့် ထိုတစ်နေရာလုံး တုန်ရီသွားတော့သည်။ သင်္ချိုင်းစောင့်ကြီးသာ အသက်ရှင်နေသေးပြီး ကမ္ဘာကြီးသာ ခြောက်ကပ်ပျက်သုဥ်းမှု မရှိသေးဘူးဆိုပါက ဤကမ္ဘာကြီးမှာ အနှီပန်းပွင့်ကို ချေမှုန်းရန် အလိုအလျောက် ကြိုးစားမိမည်သာဖြစ်သည်။ သို့သော် ယခုတွင်မူ ... ကမ္ဘာကြီး၏ စိတ်ဆန္ဒမှာ အစိတ်စိတ်အမြွှာမြွှာကွဲအက်နေပြီဖြစ်ပြီး ငွေစန္ဒာပန်းထံမှ တုန်လှုပ်ဖွယ်ကောင်းသော အခြားကမ္ဘာမှ စွမ်းအားတစ်မျိုးကို ထုတ်လွှတ်နေပြီဖြစ်သည်။

၎င်းထံမှ ကောင်းကင်တာအို အငွေ့အသက်တစ်ခုပင် ပေါ်ထွက်နေသည့်အလား ခံစားရသည်။

ဂျိန်းးးး

ထိုငွေစန္ဒာပန်းမှာ မီတာသုံးသောင်းတိတိမြင့်မားပြီး အလွန်ရက်စက်ကြမ်းကြုတ်သည့် အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေသည်။ ထို့အပြင် ၎င်းမှာ တောက်ပစွာ တဖိတ်ဖိတ် လင်းလက်နေသည် ... ထိုအချိန်တွင် ထိုငွေစန္ဒာပန်းထံမှ တုန်လှုပ်ဖွယ် ကောင်းသော ဟိန်းဟောက်သံကြီးတစ်သံ မြည်ဟည်းထွက်ပေါ်လာသည်။

ဝုန်းးးးး

ထိုနေရာတစ်ဝိုက်ရှိ အရာရာတိုင်း တုန်ရီသွားကြပြီး သားရဲကြီးလေးကောင်ထံမှ ပေါ်ထွက်လာသော မိုးသက်မုန်တိုင်းကြီးမှာ အစိတ်စိတ်အမြွှာမြွှာ ဆုတ်ဖြဲခံလိုက်သည်။

ငွေစန္ဒာပန်းက ပိုင်ရှောင်ချန်းထံမှ ညွှန်ကြားခြင်းပင် မလိုအပ်ပေ။ ထိုဟိန်းဟောက်သံကြီး ပဲ့တင်ထပ်၍ ပျံ့နှံ့သွားသောအခါ ထိုပန်းပွင့်မှာ မရေမတွက်နိုင်လောက်သည့် ပွင့်ချပ်ပေါင်းများစွာအသွင် ပြိုလဲသွားပြီး ထိုသားရဲများကို အစအနမကျန်လောက်အောင် ချေမှုန်းတော့မည့်အလား ပြန့်ထွက်သွားကြသည်။

မျက်စိတစ်မှိတ်အတွင်း ငွေစန္ဒာပန်းနှင့် သားရဲကြီးလေးကောင်မှာ ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်နေကြပြီဖြစ်သည်။

ကောင်းကင်တံတားတာအိုမှာ ပိုင်ရှောင်ချန်း၏ ငွေစန္ဒာပန်းကြောင့် တအံ့တသြဖြစ်သွားရပြီး မျက်ဝန်းများ အရောင်တောက်လာတော့သည်။ သို့သော် သူသည် ၎င်းအား ခေတ္တမျှသာကြည့်လိုက်ပြီး ပိုင်ရှောင်ချန်းဆီသို့ ဦးတည်သွားတော့သည်။

ပိုင်ရှောင်ချန်းသည်လည်း ကောင်းကင်ဧကရာဇ်ဆီသို့ ဦးတည်သွားလိုက်ပြီးနောက် သူတို့နှစ်ယောက်စလုံး စတင်တိုက်ခိုက်လိုက်ကြသည်။ တိုက်ပွဲဖြစ်နေသည့် ငွေစန္ဒာပန်းနှင့် သားရဲကြီးလေးကောင်တို့၏အကြားတွင် သူတို့က မန္တန်လက်ကွက်များကို ဖော်၍ တုန်လှုပ်ဖွယ်နတ်ဘုရားစွမ်းအားများနှင့် တာအိုမှော်သိုင်းများကို ထုတ်လွှတ်နေကြပြီဖြစ်သည်။

အချိန်တိုလေးအတွင်း ထိုတိုက်ပွဲ၌ပါဝင်နေကြသည့် နှစ်ဖက်စလုံးမှာ

တိုက်ကွက်ပေါင်းထောင်နှင့်ချီ၍ အပြန်အလှန် ထိုးသတ်ပြီး ဖြစ်နေကြပြီဖြစ်သည်။

ငွေစန္ဒာပန်းမှာ စွမ်းအားကြီးမားပါသော်လည်း ရန်သူလေးယောက်အား တိုက်ခိုက်နေရသည်ဖြစ်၍ တဖြည်းဖြည်း အရေးနိမ့်လာသည်။ နောက်ဆုံးတွင် ပန်းပွင့်ထဲမှ အော်ဟစ်သံကြီးတစ်သံ ပေါ်ထွက်လာပြီး ၎င်းမှာပေါက်ကွဲကာ ဒုဓလီပွင့်ဖတ်များဖြင့်ဖွဲ့စည်းထားသော ပင်လယ်ကြီးတစ်ခုအသွင်ပြောင်းလဲသွားပြီး သားရဲကြီးလေးကောင်ဆီသို့ ဒလဟောစီးဆင်းသွားတော့သည်။

ထိုအခါ သားရဲကြီးလေးကောင်မှာ အမူအရာများပြောင်းလဲသွားကြပြီး အဝေးသို့ ဒယိမ်းဒယိုင်နှင့် တိမ်းရှောင်လိုက်ကြသည်။ သို့သော် ၎င်းတို့မှာ အလွန်နှေးကွေးနေကြသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းတို့သည် ထိုပွင့်ဖတ်များ၏ လွှမ်းခြုံခြင်းကို ခံလိုက်ရသည်။ လေပေါ်တွင်ဝဲပျံလာသည့် သစ်စေ့များမှာ ၎င်းတို့အားဝင်တိုက်၍ ၎င်းတို့၏ခန္ဓာကိုယ်အတွင်းထဲထိ ဖောက်ဝင်သွားကြပြီး ၎င်းတို့အား အစားအစာတစ်ခုကဲ့သို့သတ်မှတ်၍ ဝါးမျိုနေကြတော့သည်။

သားရဲကြီးလေးကောင် သနားစဖွယ်ကောင်းစွာ အော်ဟစ်မြည်တမ်းလိုက်ကြသောအခါ ကောင်းကင်တံတားတာအိုမှာ ၎င်းတို့အား သတိထားမိသွားသဖြင့် မျက်မှောင်ကြုတ်သွားတော့သည်။ သူ၏သားရဲလေးကောင် လျင်မြန်စွာ ပိန်လှီခြောက်ကပ်သွားသည့် မြင်ကွင်းကြောင့် သူ၏နှလုံးခုန်နှုန်း မြန်လာတော့သည်။

" တကယ့်ကို အံ့သြဖို့ကောင်းတဲ့ ကောင်းကင်အလွန်က သစ်စေ့ပါလား "

သူသည် အေးစက်စက်နှာမှုတ်လိုက်ပြီး ပြတ်သားမှုများ တောက်ပနေသည့်မျက်ဝန်းများဖြင့် ညာလက်ကိုသုံး၍ မန္တန်လက်ကွက်တစ်ခု ဖော်လိုက်သည်။ ထို့နောက် ရေခဲတမျှအေးစက်နေသော လေသံဖြင့် ရေရွတ်လိုက်၏။

“ ကမ္ဘာကြီးရဲ့ ဓာတ်တော်မွေတော်တွေ ငါ့ဆီကို လာကြစမ်း "

သူ၏နှုတ်မှ ထိုစကားသံများ ထွက်လာသောအခါ သားရဲကြီးလေးကောင်မှာ ရုတ်တရက် သိမ့်သိမ့်တုန်သွားကြပြီး အစိတ်စိတ်မြွှာမြွှာ ကွဲထွက်သွားတော့သည်။

ထိုသားရဲကြီးလေးကောင်အတွင်းမှ သန်းပေါင်းများစွာသော ဓားစွမ်းအင်စီးကြောင်းများ ပေါ်ထွက်လာပြီး မိုးသက်မုန်တိုင်းတစ်ခုအလား လေကိုခွင်း၍ ပိုင်ရှောင်ချန်းအား ခုတ်ထစ်လိုက်ကြသည်။ သူ၏ခန္ဓာကိုယ်အနှံ့တွင် ဒဏ်ရာများ ပွင့်ထွက်လာပြီး သူ၏ပြန်လည်ကုစားနိုင်စွမ်းများမှာ ချက်ချင်းပေါ်ထွက်လာပြီး သူ့ကို ကုသပေးနေပါသော်လည်း သူ မျက်လုံးပြူးသွားရဆဲပင်...

ထို့နောက် ထိုဓားစွမ်းအင်များမှာ နောက်သို့ ဆုတ်ခွာသွားကြပြီး အလင်းတန်းခြောက်တန်းအသွင်ပြောင်းလဲကာ ကောင်းကင်တံတားတာအို၏ ပတ်ပတ်လည်တွင် ရစ်ဝဲနေတော့သည်။ တစ်ချောင်းနှင့်တစ်ချောင်း ပုံစံ မတူညီလောက်အောင် အသွင်အပြင် တမူတခြားသော ရောင်စုံဓားခြောက်လက်ကို တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းစွာ မြင်တွေ့နိုင်ပေသည်။

ထိုဓားများမှာ နှိုင်းယှဥ်၍မရနိုင်အောင် စူးရှချွန်ထက်နေသည့်ပုံပေါ်ပြီး ပိုင်ရှောင်ချန်းမှာ ကြည့်လိုက်ရုံနှင့် ၎င်းတို့က အလွန်ရှေးကျပြီး အလွန်စွမ်းအားကြီးမားနေမည်ဖြစ်ကြောင်း သိလိုက်သည်။

" စောစောက သားရဲလေးကောင်က ကောင်းကင်ဧကရာဇ်ရဲ့ မှော်ရတနာတွေရဲ့ ပုံစံတစ်မျိုးများလား... ခဏနေပါဦး။ ဒါမှမဟုတ်... ကောင်းကင်ဧကရာဇ်က အဲဒီသားရဲတွေရဲ့ခန္ဓာကိုယ်ထဲမှာ ရှေးဟောင်းဓားခြောက်ချောင်းကို ဝှက်ထားခဲ့တာများလား... "

သူသည် နောက်သို့ဆုတ်ခွာလိုက်သောအခါ မရေမတွက်နိုင်လောက်အောင် များပြားသည့် ပျံဝဲနေသောသစ်စေ့များမှာ ရစ်ဝဲကာပေါင်းစည်းသွားကြပြီး ဒဏ်ရာရနေပြီး ဖရိုဖရဲ ဖြစ်နေသည့် ငွေစန္ဒာပန်းတစ်ပွင့်အသွင် ပြန်၍ပြောင်းလဲသွားကြသည်။ ၎င်း၏ အငွေ့အသက်မှာ အားအင်ဖျော့တော့နေပြီး ဓားစွမ်းအင်၏ ပေါက်ကွဲမှုမှ ရရှိထားသည့် ဒဏ်ရာများကြောင့် အခြေအနေမှာ ဆိုးရွားနေပြီဖြစ်သည်။

" စိတ်ဝင်းစားစရာပဲ... "

ကောင်းကင်တံတားတာအိုက လေပေါ်တွင်ရစ်ဝဲ၍ အေးစက်စွာတောက်ပနေသည့် မျက်ဝန်းများဖြင့် ပိုင်ရှောင်ချန်းအား ကြည့်လိုက်သည်။

" သင်္ချိုင်းစောင့်ကြီး မင်းကိုရွေးချယ်ခဲ့တာ မဆန်းပါဘူး... ဒီလောက်နှစ်တွေအများကြီးကြာပြီးတာတောင် သူကလွဲပြီး အခြားဘယ်သူကမှ ငါ့သက်စောင့်တာအိုဓားတွေကို ထုတ်သုံးရလောက်အောင် ငါ့ကိုဖိအားမပေးနိုင်ခဲ့ဘူးလေ... "

" ထာဝရအသက်ရှည်နည်းအတတ်မှာ နှောင်ကြိုးငါးကြိုးနဲ့ အချုပ်အနှောင်အမှတ်အသား ငါးခုရှိတယ် ... တကယ့်ကို ရင်သက်ရှုမောစရာ ကောင်းလှပါပေတယ်။ ဒါပေမဲ့ ငါ့ကံကြမ္မာကို ကောင်းကင်ကြီးကိုယ်တိုင်က ဖန်တီးပေးသလိုမျိုး ပြောင်းလဲလို့ရတဲ့ အဓိကအကြောင်းအရင်းက ... ငါဖန်တီးထားတဲ့ တာအိုတံခါး ကိုးပေါက်ကြောင့်ပဲကွ "

" အဲဒီ တာအိုတံခါးပေါက်တွေကို ငါ့ တစ်ဘဝလုံး ကျင့်ကြံလာခဲ့တာ။ သူတို့ကိုသုံးဖို့ ဒီတာအိုဓားခြောက်လက် လိုအပ်တယ်... ငါ့တာအိုဓားတွေကိုသုံး၊ တာအိုတံခါးပေါက်တွေကိုဖွင့်ပြီး ဗဟိုဧကရာဇ်နဲ့ သူ့ပြည်သူတွေကို သွေးချောင်းချောင်းစီးအောင် သတ်ဖြတ်ခဲ့တာကွ "

" ဒီနေ့မှာလည်း ... အဲဒီတုံးကအတိုင်း ငါ့သက်စောင့်တာအိုဓားတွေကိုသုံး၊ တာအိုတံခါးပေါက်တွေကိုဖွင့်ပြီး... မင်းရဲ့အသက်ကို နှုတ်ယူရတာပေါ့... "

သူသည် စကားများပြောရင်း စွမ်းအင်များမှာလည်း တရိပ်ရိပ်မြင့်တက်လာသည်။ သက်ရှိတိုင်း၏စိတ်ထဲဝယ် တဂျိန်းဂျိန်းမြည်ဟည်းသံများ ပြည့်နှက်သွားပြီး ကောင်းကင်ယံတွင် ရင့်ရော်သောအရောင်များဖြင့် ဖုံးလွှမ်းသွားသည်။ ကောင်းကင်တံတားပင်လယ်၏ မျက်နှာပြင်ပေါ်တွင် ကြီးမားသောလှိုင်းလုံးကြီးများ ထလာ၏။

သူ၏ လှုပ်ရှားမှုတိုင်းကို ကောင်းကင်တံတားနယ်မြေကြီးတစ်ခုလုံးက တုံ့ပြန်တော့မည့်အလား သူသည် ဤကမ္ဘာကြီးထဲရှိ စွမ်းအင်နှင့်စွမ်းအား အကုန်လုံး၏ မူလဇာတ်မြစ်ကဲ့သို့ ဖြစ်သွားတော့သည်။

ပိုင်ရှောင်ချန်းမှာ အသက်ရှူသံများ မြန်လာပြီး ယခင်က လုံးဝမခံစားဖူးသော အန္တရာယ်ကြီးတစ်ခုကို ခံစားလိုက်ရတော့သည်။ ထိုအန္တရာယ်ကြီး၏ မူလရင်းမြစ်မှာ ကောင်းကင်ဧကရာဇ်ပင်ဖြစ်သည်။ သူ၏တွက်ချက်မှုအရဆိုလျှင် နောက်ထပ်ထွက်ပေါ်လာမည့်တိုက်ကွက်ထံမှ ရရှိလာမည့်ဒဏ်ရာများကို သူ၏ ပြန်လည်ကုစားနိုင်စွမ်းများပင်လျှင် ပြန်လည်ကုသနိုင်မည့်ပုံ မပေါ်ပေ။

သို့သော်လည်း သူ လုံးဝ နောက်မတွန့်ပေ။ ကောင်းကင်ဧကရာဇ်ထံတွင် ဝှက်ဖဲတစ်ချပ်ရှိနေသကဲ့သို့ ပိုင်ရှောင်ချန်းထံတွင်လည်း ရှိနေသည် မဟုတ်ပါလော။

ကောင်းကင်ဧကရာဇ်၏ စွမ်းအင်များကြောင့် ကောင်းကင်ဧကရာဇ်၏ပတ်ပတ်လည်ရှိ ကမ္ဘာကြီးမှာ တုန်ရီနေသည်။ သူ၏မျက်ဝန်းထဲမှာ ထူးဆန်းသောအလင်းရောင်များတောက်ပလာပြီးနောက် သူသည် လက်များကိုဆန့်တန်း၍ တစ်ကမ္ဘာလုံးတွင် ပြည့်နှက်သွားသည့်အသံကြီးဖြင့် ဆိုလိုက်တော့သည်။

" တာအိုဂိတ်တံခါး.... ရေနန်းတော် "

သူ၏ စကားသံထဲတွင် ကြီးမားမြင့်မြတ်သော တာအိုတစ်ခု၏ အစွမ်းများ အပြည့်အဝပါဝင်နေသည်။ ထိုအသံကြီးပေါ်ထွက်လာပြီးနောက် သူ၏ဓားခြောက်လက်က ရှေ့သို့ ပျံထွက်လာပြီး တစ်လက်နှင့်တစ်လက် ချိတ်ဆက်၍ အတန်းသုံးတန်းပါသည့် ပုံစံတစ်ခုအသွင် ပြောင်းလဲသွားသည်။

ထိပ်ဆုံးအတန်းမှာ ဓားနှစ်လက်တစ်တန်းထဲ ရှိပြီး ၎င်းတို့၏ အကြားတွင် နေရာလွတ် အနည်းငယ်ရှိနေသည်။

ဒုတိယအတန်းတွင် ဓားနှစ်ချောင်းပါရှိပြီး ၎င်းတို့၏အကြားတွင် နေရာလွတ်မရှိပေ။

တတိယအတန်းမှာ ပထမအတန်းနှင့် တစ်ပုံစံထဲပင်။ ( ဤဓားများမှာ ☵ နှင့်ဆင်တူသော ရှစ်ထောင့်အင်းကွက် ပုံစံကိုဖော်နေခြင်းဖြစ်သည်။ ၎င်းမှာ ' ကန် ' အမှတ်အသားဖြစ်ပြီး ၎င်း၏အဓိပ္ပါယ်များထဲမှ တစ်ခုမှာ ' ' ရေ ' ဖြစ်သည်။ )

ထိုသို့ပုံစံဖော်ပြီးသွားသောအခါ ခြောက်သွေ့နေပြီဖြစ်သော ကောင်းကင်တံတားနယ်မြေရှိ ကုန်းမြေများမှ အဆုံးအစမဲ့လှသော ရေငွေ့တန်းများ မြင့်တက်လာကြသည်။ ကမ္ဘာပေါ်ရှိ ရေများအားလုံးမှာ သမုဒ္ဒရာတစ်စင်းအသွင် ပေါင်းစည်းနေကြသည့်အလား။ ထိုရေပမာဏမှာ ဖော်ပြ၍မရနိုင်လောက်အောင် လေးလံလှသည်ဖြစ်ပြီး ၎င်းတို့အားလုံး ပိုင်ရှောင်ချန်းအပေါ်သို့ ကျဆင်းလာတော့သည်။

ပိုင်ရှောင်ချန်းမှာ ကောင်းကင်ပေါ်တွင် ပြည့်နှက်နေသည့် အဆုံးအစမဲ့သော ရေပမာဏကြီးကို မြင်လိုက်ရသောအခါ နောက်သို့ဆုတ်ခွာလိုက်သည်။ ထိုရေများမှာ ထိတွေ့သမျှအရာတိုင်း၏ သက်စောင့်အားများကို ဖျက်စီးပစ်နိုင်သော အဖျက်စွမ်းအားများဖြင့် ပြည့်နှက်နေသည့် ရေများဖြစ်သည်။

" ကောင်းကင်ဧကရာဇ်အဆင့်မှော်သိုင်း ဟုတ်လား။ တာအိုဂိတ်တံခါးကိုးခု ဟုတ်လား ... ကျုပ်က အဲဒါတွေကို အထင်ကြီးပေးရမှာလား "

သူသည် နီမြန်းနေသော မျက်ဝန်းများဖြင့် ခေါင်းကိုနောက်ပစ်၍ အော်ဟစ်လိုက်ပြီး သူ၏ညာလက်သီးကို ဆုပ်လိုက်သောအခါ အနက်ရောင်ကျဥ်းကြီးတစ်ကျဥ်း ပေါ်ထွက်လာသည်။ တချိန်ထဲမှာပင် သူ၏နောက်တွင် အထက်စီးဆန်သော အငွေ့အသက်တစ်ခု ထုတ်လွှတ်နေပြီး အသွင်အပြင် မသဲကွဲသော ဧကရာဇ်တစ်ပါး ပေါ်ပေါက်လာသည်။

" ထာဝရ ဧကရာဇ်လက်သီး... "

All Chapters