← Chapters

ယီမုကျင်းယွမ်

Vol. 11 Ch. 1024

ယီမုကျင်းယွမ်

Vol. 11 Ch. 1024

တာအိုဂိတ်တံခါး ရေနန်းတော်မှာ ပျက်စီးခြင်းကိုးပါး၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။

ထိုပျက်စီးခြင်းကိုးပါး၏ ရေများကြောင့် ရေနန်းတော်မှာ အဆုံးအစမဲ့နေ၏။

ပိုင်ရှောင်ချန်း၏ ပတ်ပတ်လည်ရှိ အဆုံးအစမဲ့လောက်အောင် များပြားလှသော ရေများသည် ပေါက်ကွဲအားကြီးမားသည့် ဖျက်စီးနိုင်စွမ်းများဖြင့် ပြည့်နှက်နေပြီး စွမ်းအားလျော့ကျသွားမည့်ပုံ မပေါ်ပေ။ ၎င်းမှာ အရာရာတိုင်းကို ချေမှုန်း၍ ရေ၏တစ်စိတ်အပိုင်းအဖြစ်သို့ စုပ်ယူနိုင်နေဟန်တူသည်။

ရေသည် သဘာဝအတိုင်းဆိုလျှင် ယင်ဓာတ်၊ အမဓာတ်ဆောင်သော ဓာတ်တစ်မျိုးဖြစ်သော်လည်း ပိုင်ရှောင်ချန်းက ထာဝရဧကရာဇ်လက်သီးကို ထုတ်လွှတ်လိုက်ဆဲပင်။ ထိုလက်သီးချက်မှာ အနိုင်မခံအရှုံးမပေးပဲ လွှမ်းမိုးနိုင်စွမ်းအပြည့်ရှိသော အစွမ်းများပါဝင်နေပြီး သူ၏အပြင်ခန္ဓာကိုယ်နှင့် ကျင့်ကြံခြင်းအခြေခံအစွမ်းနှစ်မျိုးစလုံး ပေါင်းစည်းရာမှ ထွက်ပေါ်လာသည့် သိုင်းကွက်တစ်ခုလည်း ဖြစ်သည်။

ဤလက်သီးချက်မှာ စွမ်းအားငါးဆပါသော လက်သီးချက်ပင် မဟုတ်တော့ပေ။ သို့သော် လောလောဆယ်တွင် ထိုလက်သီးချက်မှာ မည်မျှစွမ်းအားကြီးနေကြောင်းကို တွက်ချက်ရန် ပိုင်ရှောင်ချန်းမှာ အချိန်မရှိပေ။ သူ၏တစ်ခုတည်းသောအတွေးမှာ သူ၏ပတ်ပတ်လည်တွင် စီးဆင်းနေသည့် အဆုံးအစမဲ့လှသော ရေစီးကြောင်းကြီးကို ချိုးဖျက်ရန်သာဖြစ်သည်။

သူ လက်သီးထိုးချလိုက်သောအခါ အရိပ်ဧကရာဇ်ကြီးကလည်း သူ၏လက်သီးကို ထိုးချလိုက်လေသည်။

ထိုအခါ အရောင်မျိုးစုံ တဖျတ်ဖျတ်လင်းလက်သွားပြီး လေထဲတွင် တရွှီရွှီမြည်သံများ ပေါ်ထွက်လာတော့သည်။ ကမ္ဘာကြီး တုန်ခါသွားကာ ရေများ တုန်ရီသွားပြီး အချိန်နှင့်အမျှ အားပြင်းလာသော တုန်ခါမှုများအသွင်သို့ ပြောင်းလဲသွားသည်။

ပိုင်ရှောင်ချန်းက နီမြန်းနေသော မျက်ဝန်းများဖြင့် အော်ဟစ်လိုက်သည်။

" ဒီအခေါက် ပိုပြီး အားပြင်းပြင်းထည့်မှရမယ် "

သူသည် အော်ဟစ်ကြွေးကြော်ကာ ယခင်အကြိမ်ကထက် များစွာပို၍ တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းလောက်အောင် စွမ်းအားကြီးမားသည့် ထာဝရဧကရာဇ်လက်သီး နောက်ထပ်တစ်လုံးကို ပစ်သွင်းလိုက်သည်။

အုန်းးးး

ထိုအခါ ဖော်ပြ၍မရနိုင်လောက်အောင် စွမ်းအားကြီးမားသော မိုးသက်မုန်တိုင်းကြီးတစ်ခု ပေါ်ထွက်လာပြီး ရေနန်းတော်၏ ယင်အစွမ်းများဖြင့် ဖန်တီးထားသော သမုဒ္ဒရာကြီးထဲသို့ ဝင်ရောက်သွားတော့သည်။

ထိုဧရာမ ပင်လယ်ကြီးကား ချက်ချင်းပင် ပျက်စီးသွားတော့သည်။

ထိုအခါ ကမ္ဘာကြီး၏ နေရာတိုင်းတွင် မိုးများသည်းထန်စွာ ရွာသွန်းလာတော့သည်။

မြေရိုင်းဒေသနှင့် ဗဟိုဧကရာဇ်မြို့တော်လည်း အပါအဝင်ဖြစ်သည်။ မရေမတွက်နိုင်သော လူပေါင်းများစွာက မိုးများကျဆင်းလာသည်ကို မော့ကြည့်နေကြစဥ် သူတို့၏အောက်ဘက်ရှိ ကမ္ဘာမြေကြီးမှာ တုန်ရီလာတော့သည်။

ကောင်းကင်တံတားပင်လယ်၌ ကောင်းကင်တံတားတာအို၏မျက်လုံးများ မှေးသွားသည်။ ပိုင်ရှောင်ချန်း၏ အစွမ်းများကြောင့် သူ၏ စိုးရိမ်မှုများမှာ တစ်ကြိမ်ပြီးတစ်ကြိမ် မြင့်တက်လာနေရပြီဖြစ်သည်။

သူသည် အေးစက်စက်နှာမှုတ်လိုက်ပြီး တွေဝေမနေပဲ ဆိုလိုက်တော့သည်။

" တာအိုဂိတ်တံခါး... တောင်စဥ်နန်းတော် "

ထိုအခါ သူ၏ဓားခြောက်ချောင်းမှာ တစ်ချောင်းနှင့်တစ်ချောင်း မျက်နှာချင်းဆိုင်၍ နောက်ထပ်တစ်ကြိမ် ရွေ့လျားလာကြပြန်သည်။

သို့သော် ကောင်းကင်တံတားတာအိုက တောင်စဥ်နန်းတော်အား ပြီးမြောက်အောင် မဖန်တီးနိုင်ခင် ပိုင်ရှောင်ချန်းက ကြယ်ပျံတစ်လုံးအသွင်ပြောင်းလဲ၍ တိုက်ခိုက်ရန် ရှေ့သို့ပျံသန်းသွားသည်။

ထိုအခါ ကောင်းကင်တံတားတာအိုက နှာမှုတ်လိုက်ပြီး ညာလက်ဖြင့်မန္တန်လက်ကွက်တစ်ခုဖော်လိုက်သောအခါ ဓားခြောက်လက်မှာ ယခင်ကပုံစံနှင့်မတူသော ပုံစံအသစ်တစ်ခုအသွင်သို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။

ထိုအခါ တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းစွာပင် တောင်ကြီးတစ်လုံး ရုတ်ချည်း ပေါ်ထွက်လာပြီး ပိုင်ရှောင်ချန်းအား ဝင်တိုက်လိုက်တော့သည်။

ထိုတောင်ကြီးမှာ မီတာထောင်ပေါင်းများစွာမြင့်မားပြီး တုန်လှုပ်ဖွယ်စွမ်းအင်များကို ထုတ်လွှတ်နေသည်။ ထိုသို့ ဝင်တိုက်မိသွားသောအခါ နားများပင်အူသွားစေနိုင်သည့် အုန်းခနဲမြည်သံကြီးတစ်သံပေါ်ထွက်လာပြီး ပိုင်ရှောင်ချန်း၏မျက်နှာအမူအရာ ဖျတ်ခနဲ ပြောင်းလဲသွားသည်။ သူသည် အော်ဟစ်လိုက်ပြီး နောက်ထပ်လက်သီးချက်တစ်ချက် ထုတ်လွှတ်လိုက်သောအခါ နောက်ထပ်တောင်အလုံးပေါင်းများစွာ သူ့အပေါ်သို့ ကျဆင်းလာနေသည်ကို မြင်လိုက်ရသည်။

တောင်တစ်လုံးချင်းစီတိုင်းမှာ အရွယ်အစား ပိုမိုကြီးမားလာနေသည်။ မျက်စိတစ်မှိတ်အတွင်း တောင်အလုံးပေါင်း တစ်ရာကျော် ကောင်းကင်ယံတွင် ပြည့်နှက်နေပြီး နောက်ဆုံးတောင်ဆိုလျှင် မီတာသောင်းပေါင်းများစွာအထိ မြင့်မားနေသည်။ ထိုတောင်များအားလုံးမှာ ပိုင်ရှောင်ချန်းအပေါ်သို့ ကျဆင်းလာကြသဖြင့် သူ လုံးဝရှောင်တိမ်းနိုင်မည်မဟုတ်ပေ။

ပို၍ တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသည်မှာ ကောင်းကင်တံတားပင်လယ်ကြီး တုန်ရီလာပြီး ၎င်း၏မျက်နှာပြင်အောင်မှ တောင်တစ်လုံး မြင့်တက်လာခြင်းပင်။ သူ၏ တစ်ဖက်တစ်ချက်စီတွင်လည်း တောင်များစွာထပ်၍ ပေါ်ထွက်လာသည်။ ယခုလောလောဆယ်တွင် မရေမတွက်နိုင်သော တောင်အလုံးပေါင်းများစွာက ကောင်းကင်တံတားတာအို၏ ထိန်းချုပ်မှုအောက်ရှိ မှော်ပစ္စည်းများကဲ့သို့ဖြစ်သွားကြပြီး ပိုင်ရှောင်ချန်းအား တိုက်ခိုက်ရန်ပြင်နေကြပြီဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ တောင်တစ်လုံးကိုတော့ ဖျက်စီးနိုင်ခဲ့သည်။ သို့သော် သူ ထိုတစ်လုံးကို ဖျက်စီးလိုက်သောအခါ နောက်ထပ်ဆယ်လုံး...ထို့နောက် အလုံးတစ်ရာ...ထို့နောက် ပို၍များစွာ ပေါ်ထွက်လာသည်။ ထွက်ပေါ်လာသည့် တောင်တစ်လုံးချင်းစီမှာလည်း သူ၏ရှေ့မှ တောင်များထက် ပို၍ကြီးမားပြီး ပို၍စွမ်းအားကြီးမားနေသည်လည်းဖြစ်သည်။

ပိုင်ရှောင်ချန်း၏ မျက်ဝန်းများထဲတွင် တုန်လှုပ်မှုအရိပ်အယောင်များ တဖျတ်ဖျတ်လက်နေတော့သည်။ ကောင်းကင်တံတားတာအို၏ တာအိုဂိတ်တံခါးများမှာ မည်သည့်အရာနှင့်မှ နှိုင်းယှဥ်၍ မရနိုင်လောက်အောင် ဖြစ်နေသည်။ ထိုသို့သော စွမ်းပကားမျိုးကို မြေရိုင်းဒေသထဲတွင် ဖြစ်ပွားခဲ့သည့် ရင်သက်ရှုမောဖွယ်တိုက်ပွဲကြီး၌ သင်္ချိုင်းစောင့်ကြီးက သူ၏ ဓာတ်ကြီးငါးပါး တာအိုမှော်အတတ်ကို အသုံးပြုခဲ့သောအချိန်ကသာ ပိုင်ရှောင်ချန်း မြင်တွေ့ခဲ့ရဖူးသည်။

ပိုင်ရှောင်ချန်း၏ အမူအရာမှာ အလွန် တည်ကြည်သွားပြီး သူ၏ထာဝရသွေးများမှာ လောင်ကျွမ်းစပြုလာတော့သည်။ သူ၏အရေပြားထဲမှ ချက်ချင်းပင် သွေးချီများမှာ ရစ်ဝဲ၍ပေါ်ထွက်လာပြီး သူ၏မျက်ဝန်းထဲတွင် ရူးသွပ်ကာသွေးဆာနေသည့် အကြည့်တစ်ခု ပေါ်ထွက်လာသည်။ သို့သော်လည်း သူ့ထံတွင် အသိစိတ်ပျောက်သွားသည့် အရိပ်အယောင် လုံးဝမတွေ့ရပေ။

ယခု သူကား နတ်ဘုရားဇီဝိန်ချုပ်သိုင်းကို အပြည့်အဝထိန်းချုပ်နိုင်စွမ်း ရှိသွားပြီဖြစ်ပေသည်။

သူ နတ်ဘုရားဇီဝိန်ချုပ်သိုင်းကို ထုတ်ဖော်လိုက်သောအခါ သွေးချီများမှာ ကောင်းကင်ယံအထိ မြင့်တက်သွားတော့သည်။ သူက အသံကုန်အော်ဟစ်လိုက်ပြီး မီးတောက်နေသော သွေးမြူခိုးများကို တောင်များဆီသို့ စေလွှတ်လိုက်သည်။

ထိုမြူခိုးများနှင့် ထိတွေ့မိလိုက်သည့် တောင်တိုင်း တစ်စစီပြိုကွဲသွားရပြီး စွမ်းအင်အားလုံး စုပ်ယူခံလိုက်ရသဖြင့် ပြာကျသွားရတော့သည်..

သွေးမြူခိုးကြီးမှာမူ ပို၍စွမ်းအားကြီးမားလာသဖြင့် တစ်ကမ္ဘာလုံး နီမြန်းနေ၏။ တောင်များပြိုကွဲသွားကြသောအခါ ကောင်းကင်ဧကရာဇ်မှာ မျက်မှောင်ကြုတ်သွားတော့သည်။ ထို့နောက် သူသည်အေးစက်စက်နှာမှုတ်လိုက်ပြီး အင်္ကျီလက်ကိုဝှေ့ယမ်း၍ ဆိုလိုက်ပြန်သည်။

“ တာအိုဂိတ်တံခါး... လျှပ်စီးနန်းတော် "

ထိုအခါ မိုးခြိမ်းသံကြီးတစ်သံနှင့်အတူ မရေမတွက်နိုင်လောက်အောင်များပြားသော အနက်ရောင်လျှပ်စီးတန်းများ ပေါ်ထွက်လာသည်။ မျက်စိတစ်မှိတ်အတွင်း ထိုလျှပ်စီးတန်းများမှာ ကောင်းကင်ကြီးထဲ ပြည့်နှက်သွားပြီး ပိုင်ရှောင်ချန်းအပေါ်သို့ ကျဆင်းလာကြတော့သည်

လျှပ်စီးတန်းများမှာ များပြားလွန်းလှ၍ ကောင်းကင်ကချမှတ်သည့် ပြစ်ဒဏ်ကြီးတစ်ခုအလား အဆုံးမရှိသည့်ပုံပင်ပေါ်နေသည်။ ဤတာအိုဂိတ်တံခါး ပွင့်သွားသောအခါ ကောင်းကင်တံတားတာအိုသည် လျှပ်စီးနှင့်မိုးကြိုးများအားလုံး၏ အရှင်သခင်ကြီးတစ်ယောက်ကဲ့သို့ ဖြစ်သွားသည့်ပုံစံပင်။

ဤအတတ်မှာ ကောင်းကင်တံတားတာအိုကိုယ်တိုင် ဖန်တီးထားသည့် ကောင်းကင်ဧကရာဇ်အဆင့် မှော်အတတ်တစ်ခုဖြစ်ကာ ယခင်က သင်္ချိုင်းစောင့်ကြီးက ပိုင်ရှောင်ချန်းအားရှင်းပြခဲ့သည့် မည်သည့်အတွက်ကြောင့် ကောင်းကင်ဧကရာဇ်က အလွန်စွမ်းအားကြီးမားနေရသည်ဆိုသော အကြောင်းအရင်းများထဲမှ တစ်ခုလည်း ဖြစ်သည်။

ကြီးမားမြင့်မြတ်လှသော တာအိုတစ်ခုနီးပါး စွမ်းအားကြီးမားလှသည့် ဤကောင်းကင်ဧကရာဇ်အဆင့် မှော်အတတ်မှာ ကောင်းကင်တံတားတာအို ဗဟိုဧကရာဇ်မင်းဆက်အား နန်းချနိုင်ခဲ့သည့် အကြောင်းအရင်းများထဲမှ တစ်ချက်လည်းဖြစ်သည်။ ဤအတတ်ကြောင့်လည်း သူသည် ဤကမ္ဘာထဲမှ ထွက်ခွာပြီး ပြင်ပကမ္ဘာသို့ရောက်ရှိသွားပါက ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူအစစ်တစ်ယောက်အဖြစ်သို့ ရောက်သွားမည်ဟု တထစ်ချယုံကြည်ထားခြင်းလည်းဖြစ်သည်။ သူသည် သေချာပေါက်ဖောက်ထွက်နိုင်လိမ့်မည်ဟု အပြည့်အဝယုံကြည်ထားပေသည်။ ထို့အပြင် သူသည် ပြင်ပကမ္ဘာကြီးမှာပင် ဖီးနစ်ငှက်မွေးများနှင့် ချီလင်ဦးချိုများကဲ့သို့ ရှားပါးလှသည့် စွမ်းအားအထွတ်အထိပ်အဆင့်သို့ ရောက်သွားလိမ့်မည်ဟု အပြည့်အဝယုံကြည်နေသည်။ သူသည် လောကနတ်ဘုရားအဆင့်ထိပင် ရောက်နိုင်မည်ဟု ယုံကြည်သက်ဝင်နေတော့သည်။

" ငါ့အရည်အချင်းမျိုးနဲ့ဆို ငါက လောကနတ်ဘုရားတစ်ယောက်ဖြစ်ဖို့ ကံကြမ္မာပါလာပြီးသား။ ဘာမှအဆင့်မရှိတဲ့ ကြမ်းပိုးလိုသတ္တဝါတွေနဲ့ ပြည့်နေတဲ့ ဒီကမ္ဘာကြီးထဲမှာ ငါက နေစရာလား။ ငါ့သက်တမ်းကုန်သွားတာကို ထိုင်စောင့်နေရင်း သေမင်းနှုတ်ခမ်းဝမှာ ရုန်းကန်နေစရာလား။ လုံးဝ မလုပ်နိုင်ဘူး "

ကောင်းကင်ဧကရာဇ်မှာ ရက်စက်ကြမ်းကြုတ်လှပြီး အရူးတစ်ပိုင်းဖြစ်နေသော မျက်နှာအမူအရာဖြင့် တဂျိန်းဂျိန်းမြည်ဟည်းနေသော လျှပ်စီးများ၊မိုးကြိုးများခြံရံလျက် ရှေ့သို့လျှောက်လှမ်းလာသည်။ လျှပ်စီးတန်းပေါင်း...တစ်သိန်း...တစ်သန်း...တစ်ကုဋေမကပင် ရှိနေသည်။

ပိုင်ရှောင်ချန်းမှာ နတ်ဘုရားဇီဝိန်ချုပ်သိုင်းရှိပြီး ယခင်ကလည်း လျှပ်စီးများကိုဝါးမျို၍ သူ၏ကျင့်ကြံခြင်းအခြေခံကို မြင့်တက်စေခဲ့သည်။ သို့သော် ဤလျှပ်စီးများမှာ ကောင်းကင်ဧကရာဇ်၏ တာအိုမှော်အတတ်ဖြင့် ဖန်တီးထားခြင်းဖြစ်၍ သူလျှော့တွက်နိုင်မည့် အရာများမဟုတ်ပေ။

အဆုံးအစမဲ့လှသော လျှပ်စီးတန်းများ သူ့အပေါ်သို့ ကျဆင်းလာသောအခါ ပိုင်ရှောင်ချန်းမှာ ကောင်းကင်ဧကရာဇ်ကဲ့သို့ ရူးသွပ်မှုများဖြင့်တောက်ပနေသည့် မျက်ဝန်းများဖြင့် ၎င်းတို့ကို မော့ကြည့်လိုက်သည်။

" ကောင်းလိုက်တဲ့ မှော်အတတ် " သူက အော်ပြောလိုက်သည်။

" ဒါပေမဲ့ ... ကျုပ်ဆီမှာလည်း အဲဒီလိုမှော်အတတ်မျိုး ရှိတယ် "

သူသည် သတ်ဖြတ်လိုစိတ်များ တောက်လောင်နေသည့် မျက်ဝန်းများဖြင့် လက်နှစ်ဖက်လုံးကို ဆန့်ထုတ်လိုက်သည်။ သွေးချီအားလုံးကို သူ၏ခန္ဓာကိုယ်ထဲသို့ ပြန်၍စုပ်ယူလိုက်ပြီး အသက်ရှည်နည်းအပိုင်း၏ စွမ်းအားကို ထုတ်လွှတ်လိုက်တော့သည်။

ထာဝရအပိုင်းတွင် နတ်ဘုရားသိုင်း ငါးမျိုးရှိသည်။ သို့သော် အသက်ရှည်နည်းအပိုင်းတွင် တာအိုမှော်အတတ်ငါးခု ရှိသည်။

ယခုတွင် သူသည် အသက်ရှည်နည်းအပိုင်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် သူကိုယ်တိုင်ဖန်တီးထားသည့် ပထမဆုံးမှော်အတတ်ကို အသုံးပြုနေခြင်းဖြစ်သည်။ ၎င်းအတတ်များမှာ သူကိုယ်တိုင်ဖန်တီးထားသည့် ကမ္ဘာကြီးကို လှုပ်ယမ်းပစ်နိုင်စွမ်းရှိသော တာအိုမှော်အတတ်များဖြစ်ကြသည်။

" ယီမုကျင်းယွမ် "

ပိုင်ရှောင်ချန်း၏ အသံထွက်ပေါ်လာသောအခါ ထိုအသံမှာ တာအိုဖော်ပြချက်တစ်ခုနှင့်တူနေပြီး ကောင်းကင်နှင့်ကမ္ဘာကြီးအားလုံးသို့ ပဲ့တင်ထပ်သွားသည့် ခေါင်းလောင်းသံတစ်သံနှင့်ပင် တူနေသည်။ ထိုအသံမှာ စစ်မှန်သော တာအိုမှော်သိုင်းတစ်ခုကြောင့် ဖြစ်ပေါ်လာသည့် ကောင်းကင်ဘုံမှ ပဲ့တင်ရိုက်သံတစ်သံ ဖြစ်သည်။

အချိန်တခဏလေးအတွင်း ကောင်းကင်တံတားပင်လယ်တစ်စင်းလုံးမှ ကျယ်လောင်သော အက်ကွဲသံများပေါ်ထွက်လာပြီး ၎င်းမှာ သလင်းကျောက်အသွင်ပြောင်းလဲသွားသည်။

ထိုပင်လယ်ကြီးထဲရှိ လှိုင်းလုံးများအားလုံးသည်လည်း အစိုင်အခဲအသွင်ပြောင်းကာ သလင်းကျောက်အဖြစ်သို့ ရောက်သွားကြသည်။ အတွင်းဘက်မှကြည့်သည်ဖြစ်စေ၊ အပြင်ဘက်မှကြည့်သည်ဖြစ်စေ ကောင်းကင်တံတားပင်လယ်ကြီးမှာ ဖန်သားပြင်အလား ဖောက်ထွင်းမြင်နေရတော့သည်။

ယခု ကောင်းကင်တံတားပင်လယ်ကြီးကား တုန်လှုပ်ဖွယ်ကောင်းသည့် အလင်းရောင်များ ဖြာထွက်တောက်ပနေသည့် ရေခဲပြင်ကြီးတစ်ခုနှင့် တူသွားပြီဖြစ်သည်။

ထို မျက်စိကျိန်းမတတ် စူးရှသော အလင်းရောင်များမှာ အပေါ်သို့မြင့်တက်သွားကြပြီး လျှပ်စီးတန်းများနှင့် ထိပ်တိုက်ဆုံတွေ့လိုက်သည့်အခါ အက်ကွဲသံများထပ်၍ ပေါ်ထွက်လာသည်။ ထို့နောက် ရုတ်တရက် သလင်းကျောက်ပင်လယ်ကြီးတစ်ခုလုံး တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းစွာ တစ်စစီကြေမွသွားပြီး သိန်းသန်းကုဋေပေါင်းများစွာရှိသော သလင်းကျောက်ဓားများအသွင် ပြောင်းလဲသွားသည်။

ထိုသလင်းကျောက်ဓားများအားလုံးမှာ အဆုံးစမဲ့သော အလင်းရောင်များ၊ ဓားသွားကဲ့သို့ချွန်ထက်နေသည့် ဓားစွမ်းအင်ပုံရိပ်ပေါင်းများစွာဖြင့် တောက်ပလင်းလက်နေသည်။ ၎င်းတို့မှာ အပေါ်သို့ထောင်မတ်သွားပြီး ကောင်းကင်တံတားတာအိုဆီသို့ ပျံတက်သွားကြတော့သည်။

ထိုအခါ ကောင်းကင်တံတားတာအို ... မျက်နှာပျက်သွားတော့သည်။

All Chapters