အသက်ရှည်မီးအိမ်
Vol. 11 Ch. 1025
သလင်းကျောက်ချောက်နက်ကြီးတစ်ခုအသွင်ပြောင်းလဲသွားပြီဖြစ်သော ကောင်းကင်တံတားပင်လယ်ထဲမှ မရေမတွက်နိုင်သော သလင်းကျောက်ဓားပေါင်းများစွာ လေထဲသို့မြင့်တက်လာကြ၍ ကမ္ဘာကြီးတစ်ခုလုံး ပြည့်နှက်သွားစေသည့် ရွှီခနဲ မြည်သံကြီးတစ်သံ ပေါ်ထွက်လာသည်။
ထိုဓားများထံမှ မျက်စိကျိန်းမတတ် စူးရှသော အလင်းရောင်များ အရပ်မျက်နှာအနှံ့သို့ ဖြာထွက်နေသဖြင့် ကောင်းကင်တံတားတာအိုပင် တုန်လှုပ်ခြောက်ခြားသွားရပြီး မျက်နှာပျက်သွားရသည်။
သူသည် အသက်ရှည်နည်းအပိုင်းမှ နတ်ဘုရားသိုင်းများ၏ အလုပ်လုပ်ပုံများနှင့် အကျွမ်းတဝင်ရှိပါသော်လည်း ပိုင်ရှောင်ချန်း၏ ကိုယ်ပိုင် တာအိုမှော်အတတ်များထဲမှ တစ်ခုကို သူ မြင်ရသည်မှာ ယခုက ပထမဆုံးအကြိမ်ဖြစ်သည်။
ထို့အပြင် ကောင်းကင်တံတားတာအိုသည် အသက်ရှည်နည်းအပိုင်း၏ တာအိုမှော်အတတ်များမှာ အခြားသာမန်အတတ်များထက် များစွာပို၍ သာလွန်ကြောင်းကို သိသည်။ ထို့အပြင် ထိုနတ်ဘုရားအတတ်များ၏ ဖန်တီးမှုအသေးစိတ်များမှာ ကျင့်ကြံသူတစ်ယောက်ချင်းစီ၏ တာအိုနှင့် စိတ်ဆန္ဒအပေါ် မူတည်ကြသည်လည်းဖြစ်သည်။
ကျင့်ကြံသူတိုင်းမှာ မတူညီသောတာအိုနှင့် မတူညီသောစိတ်ဆန္ဒများ ရှိကြသဖြင့် သူတို့ဖန်တီးနိုင်သည့် တာအိုမှော်အတတ်များမှာလည်း တစ်ခုနှင့်တစ်ခု တူညီကြမည်မဟုတ်။ ထို့ကြောင့် ကောင်းကင်တံတားတာအိုမှာ အသက်ရှည်နည်းအပိုင်းကို မည်မျှပင်လေ့လာထားစေကာမူ ပိုင်ရှောင်ချန်းက သူ၏တာအိုမှော်အတတ်များကို ထုတ်မသုံးခင်အချိန်အထိ ၎င်းတို့ကို နားလည်နိုင်မည်မဟုတ်ပေ။
" ပိုင်ရှောင်ချန်းရဲ့ တာအိုမှော်အတတ်တွေက ဘာတွေကိုများ ဆောင်ကျဥ်းပေးနိုင်မှာပါလိမ့် "
ယခုတွင် ကောင်းကင်တံတားတာအိုမှာ ပိုင်ရှောင်ချန်းအား အထင်မသေးရဲတော့ပေ။ သူသည် ပတ်ပတ်လည်ရှိ အဆုံးမဲ့လှသော သလင်းကျောက်ဓားတိမ်တိုက်ကြီးကို ကြည့်၍ ထွက်ပြေးရန် ပြင်လိုက်သည်။
သို့သော် ထိုဓားများမှာ မြန်ဆန်လွန်းလှသဖြင့် သူ ဘာမှမလုပ်နိုင်ခင် သူ၏အနားသို့ ရောက်လာကြပြီဖြစ်သည်။
သူသည် အနည်းငယ်စိုးရိမ်ထိတ်လန့်နေသည့် အမူအရာဖြင့် လက်နှစ်ဖက်သုံး၍ မန္တန်လက်ကွက်တစ်ခု ဖော်လိုက်သောအခါ လျှပ်စီးနန်းတော်မှ လျှက်စီးတန်းများမှာ အရွယ်အစား သေးငယ်သွားသည်။ ထိုလျှပ်စီးတန်းကို ပိုင်ရှောင်ချန်းအားတိုက်ခိုက်ရာတွင် မသုံးပဲ ဒိုင်းကာတစ်ခုအသွင်ဖြင့် သလင်းကျောက်ဓားများဆီသို့ လှမ်းပစ်လိုက်သည်။
သိန်းသန်းကုဋေချီသော သလင်းကျောက်ဓားများက ထိုလျှပ်စီးဒိုင်းကာအား စိုက်သွားသောအခါ ကောင်းကင်နှင့် ကမ္ဘာမြေကြီးတစ်ခွင် တဂျိန်းဂျိန်းမြည်သံများဖြင့် ပြည့်နှက်သွားသည်။ တာအိုဂိတ်တံခါး ... လျှပ်စီးနန်းတော်မှာ ချက်ချင်းပင် အားအင်လျော့နည်းသွားပြီး အရွယ်အစားသေးငယ်သွားပါသော်လည်း ဓားများ၏တိုက်ခိုက်မှုဒဏ်ကို ခုခံနိုင်လိုက်သည်။
သလင်းကျောက်ဓားများက ထိုဒိုင်းကာအား ဝင်တိုက်ပြီးနောက် အောက်သို့ပြုတ်ကျသွားကြသဖြင့် ကောင်းကင်တံတားတာအို၏ အောက်ဘက်တွင် စုပုံနေကြတော့သည်။
ထိုဓားပုံကြီးမှာ တဖြည်းဖြည်းမြင့်တက်လာပြီး နောက်ဆုံးတွင် လျှပ်စီးဒိုင်းကာ ပြိုကွဲသွားတော့သည်။ ထိုအချင်းအရာအားလုံး ပြီးဆုံးသွားသောအခါ ကောင်းကင်တံတားတာအို၏ ခြေထောက်အောက်ဘက်ရှိ ဓားအစုအပုံကြီးမှာ အသေးစားတောင်လေးတစ်လုံးကဲ့သို့ပင် ဖြစ်နေတော့သည်။
" ဒါက မင်းရဲ့တာအိုမှော်အတတ်လား ပိုင်ရှောင်ချန်း " ကောင်းကင်တံတားတာအိုမှာ တောင်လိုပုံနေသည့် ဓားပုံကြီးပေါ်တွင် ရပ်၍ အသက်ရှူသံအနည်းငယ်မြန်ဆန်နေပါသော်လည်း သူ၏မျက်ဝန်းများမှာမူ စူးရှးစွာတောက်ပလင်းလက်နေသည်။
ပိုင်ရှောင်ချန်းက သူ့အား အေးစက်စက်ပြန်ကြည့်လိုက်ပြီးနောက် သူ၏ညာလက်ကိုဆန့်ထုတ်၍ လက်ချောင်းတစ်ချောင်းဖြင့် ထိုးလိုက်ပြီး ရေရွတ်လိုက်သည်။
“ ကောင်းကင် မီးအုပ်ဆောင်း "
ပိုင်ရှောင်ချန်း၏ နှုတ်မှ ထိုစကားများ ထွက်လာသည်နှင့် ကောင်းကင်ကြီး တုန်ရီသွားပြီး မည်းမှောင်လာတော့သည်။ ထို့နောက် ကောင်းကင်ကြီးမှာ အဝတ်စတစ်ခုအလား အလွှာပေါင်း မြောက်မြားစွာအဖြစ် ကွဲထွက်သွားသည်။
မျက်စိတစ်မှိတ်အတွင်း အောက်ဘက်ဆုံးရှိအလွှာ ပြုတ်ကျလာပြီး ကောင်းကင်တံတားတာအိုအား အုပ်မိုးသွားတော့သည်။
ထို ကောင်းကင်အမိုးမှာ အစပိုင်းတွင် သဲသဲကွဲကွဲမမြင်ရပါသော်လည်း ၎င်း၏ပတ်ပတ်လည်ရှိ လေထုကြီးကို တွန့်လိမ်ကွေးကောက်နေစေသည့်အတွက် အတော်အတန် ပုံဖော်၍ ရနိုင်ပေသည်။ ထိုအခါ ကောင်းကင်ဧကရာဇ်၏ အမူအရာ ဖျတ်ခနဲ ပြောင်းလဲသွားပြီး သူသည် လျင်မြန်စွာပင် မန္တန်လက်ကွက်တစ်ခု ဖော်၍ တာအိုဂိတ်တံခါး... လေနန်းတော်ကို ထုတ်လွှတ်လိုက်တော့သည်။ ထိုသို့ထုတ်လွှတ်လိုက်သည့်အခါ အနက်ရောင်လေပြင်းတစ်ချက် ပေါ်ထွက်လာပြီး ကျဆင်းလာနေသည့် ကောင်းကင်အမိုးကြီးအား တားဆီးလိုက်သည်။
သို့သော် ကောင်းကင်ဧကရာဇ်၏ တာအိုမှော်အတတ်ထွက်ပေါ်လာချိန်တွင် ဒုတိယမြောက် ကောင်းကင်အမိုးကြီး ကျဆင်းလာပြီးနောက်... တတိယမြောက်အမိုးပါ ဆက်လက်ကျဆင်းလာသည်။ တခဏအကြာတွင် ကောင်းကင်ကြီးတစ်ခုလုံး ပါးလွှာသွားသည့်ပုံပင် ပေါ်လာတော့သည်။ အချိန်အနည်းငယ်ကြာပြီးနောက် အဋ္ဌမမြောက် ကောင်းကင်အမိုးမှာ ကောင်းကင်တံတားပင်လယ်အပေါ်သို့ ကျဆင်းလာပြီး ကောင်းကင်တံတားတာအိုအား ချုပ်နှောင်တော့မည့်အလား ဖြစ်သွားတော့သည်။
ကောင်းကင်တံတားတာအိုမှာ ယခုတွင် သလင်းကျောက်ပုံကြီးတစ်ပုံအပေါ်တွင် ရပ်နေရသည်ဖြစ်ပြီး အနက်ရောင်လေပြင်းကြီးတစ်ခု ခြံရံလျက် ထွက်ပြေးလွတ်မြောက်နိုင်ရန် ရုန်းကန်နေရသည်။ ထိုစဥ် အဋ္ဌမမြောက် ကောင်းကင်အမိုး ကျဆင်းလာပြီး သူ့အပေါ်တွင် မီးအုပ်ဆောင်းတစ်ခုကဲ့သို့ ပျံ့နှံ့သွားတော့သည်။
ထိုမီးအုပ်ဆောင်းမှာ ပြိုလဲကျဆင်းလာသော ကောင်းကင်ကြီး၏ ပုံရိပ်တစ်ခုဖြစ်ပါသော်လည်း အပြာရောင်မဟုတ်ပဲ မီးခိုးနုရောင် ဖြစ်နေသည်။ ယခုတွင် ကောင်းကင်ကြီးမှာ ၎င်း၏အလွန်ရှိ အနက်ရောင်ဟင်းလင်းပြင်ကြီးကို လှမ်းမြင်ရလောက်အောင် ကွာကျသွားပြီဖြစ်သည်။
ကောင်ကင်တံတားတာအိုမှာ အသက်ရှူသံများ အလွန်မြန်နေပြီး သူ၏နှလုံးသားထဲတွင်လည်း အန္တရာယ်ကြီးတစ်ခုကို ကြုံတွေ့နေရသည့်ခံစားချက်ကြီးနှင့် စိုးရိမ်ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။ သူသည် မြည်တွန်တောက်တီးလိုက်ပြီး အနက်ရောင်လေပြင်းကြီးကိုသုံး၍ ဟိုဟိုသည်သည် ရိုက်နှက်ကြည့်လိုက်ပါသော်လည်း အသုံးမဝင်ပေ။
ကောင်းကင်တံတားတာအို၏ တုန်လှုပ်ခြောက်ခြားမှုများ ကြီးထွားနေချိန်တွင် ပိုင်ရှောင်ချန်း၏ မျက်ဝန်းများမှာ ပို၍ပင်အေးစက်သွားတော့သည်။ သူ၏ဘယ်လက်ဖြင့် မန္တန်လက်ကွက်တစ်ခုဖော်လိုက်ပြီး လက်ချောင်းကိုဝှေ့ယမ်း၍ မိုးခြိမ်းသံကဲ့သို့သော အသံကြီးဖြင့် ဆိုလိုက်သည်။
" သက်တမ်းရှည်ကြာ ထာဝရဘဝ "
သူ၏နှုတ်မှ ထိုစကားတစ်ခွန်း ထွက်လာသောအခါ အသက်ရှည်ခြင်းအပိုင်း၏ အငွေ့အသက်များမှာ ကမ္ဘာကြီးထဲသို့ ထိုးထွက်လာပြီး လေထုထဲတွင် မရေမတွက်နိုင်သော ' အသက်ရှည်ခြင်း ' စာလုံးများ ပေါ်ထွက်လာသည်။
( ' အသက်ရှည်ခြင်း ' ဆိုသည့်စာလုံး၏ ပုံစံမှာ 寿 ဖြစ်သည်။ )
ထိုစာလုံးများမှာ အလွန်သေးငယ်ပါသော်လည်း ၎င်းတို့အားလုံးထံမှ အသက်ရှည်ခြင်းအပိုင်း၏ အငွေ့အသက်များ ပေါ်ထွက်နေသည်။ ထို့အပြင် ၎င်းတို့မှာ အမှန်တကယ် ရေတွက်၍မရနိုင်လောက်အောင် များပြားနေသည်။ အစပိုင်းက သလင်းကျောက်ဓားများထက်ပင် သူတို့၏အရေအတွက်မှာ ပို၍ပင်များပြားနေသည်။
တဒင်္ဂအကြာတွင် ထိုအသက်ရှည်ခြင်းစာလုံးများမှာ ကောင်းကင်တံတားတာအိုအား အုပ်မိုးထားသည့် ကောင်းကင်မီးအုပ်ဆောင်းဆီသို့ ပျံသန်းသွားကြပြီး ၎င်းထဲသို့ ပေါင်းစည်းဝင်ရောက်သွားကြသဖြင့် တဂျိန်းဂျိန်းမြည်သံများ ပေါ်ထွက်လာသည်။
ထိုစာလုံးများမှာ မီးအုပ်ဆောင်ကြီးနှင့် ပေါင်းစည်းပြီးသွားသောအခါ ထိုမီးအုပ်ဆောင်းအား အားဖြည့်ပေးနိုင်သည့် တုန်လှုပ်ဖွယ်အငွေ့အသက်တစ်ခုကို ထုတ်လွှတ်လိုက်သဖြင့် ၎င်း၏ အချုပ်အနှောင် စွမ်းအားများမှာ ယခင်ကထက်ပင် များစွာပို၍ အံ့သြဖွယ်ရာကောင်းသွားတော့သည်။
အထဲတွင်မူ ကောင်းကင်တံတားတာအိုမှာ အလွန်စိုးရိမ်စပြုနေပြီဖြစ်သည်။ ရုတ်တရက် သူသည် ဤမီးအုပ်ဆောင်းထဲမှ မထွက်နိုင်ပါက ကြီးမားသော အန္တရာယ်ကြီးတစ်ခုနှင့် ကြုံရတော့မည်ဖြစ်ကြောင်း ကြိုတင်ခံစားလိုက်ရသည်။
" ဒီနေရာကနေ အခုချက်ချင်း ထွက်မှရမယ်။ အခုချက်ချင်းးးး "
သူသည် လှုပ်ရှားကြည့်ပါသော်လည်း မည်သို့ပင်ကြိုးစားစေကာမူ မလွတ်မြောက်နိုင်ပေ။ အန္တရာယ်ကြီးတစ်ခုနှင့် ဖုံးလွှမ်းခံလိုက်ရသည့်အလား ခံစားလိုက်ရသဖြင့် သူသည် အော်ဟစ်မြည်တမ်းလိုက်ပြီး မန္တန်လက်ကွက်တစ်ခုဖော်၍ တာအိုဂိတ်တံခါး ... မီးနန်းတော်ကို ထုတ်လွှတ်လိုက်တော့သည်။
ထိုအခါ ကောင်းကင်တံတားတာအို၏ ပတ်ပတ်ပတ်လည်တွင် ချက်ချင်းပင် ခမ်းနားကြီးကျယ်သော ကောင်းကင်မီးတောက်များ တောက်လောင်လာပြီး ဖော်ပြ၍မရနိုင်သော အပူဓာတ်များကို အရပ်မျက်နှာအနှံ့သို့ ထုတ်လွှင့်လိုက်သဖြင့် ကောင်းကင်မီးအုပ်ဆောင်းမှာ မီးများတောက်လောင်လာတော့သည်။
ထိုအချိန်တွင် ပိုင်ရှောင်ချန်း၏ မျက်ဝန်းထဲရှိ သတ်ဖြတ်လိုစိတ်များမှာလည်း တောက်လောင်လာတော့သည်။ သူသည် မီးစွဲနေသော ကောင်းကင်မီးအုပ်ဆောင်းများကို လျစ်လျူရှုလိုက်ပြီး လက်ကိုဆန့်ထုတ်၍ ချုပ်နှောင်ခံထားရသည့် ကောင်းကင်ဧကရာဇ်အား လက်ညှိုးထိုးလိုက်သည်။
" အသင်က ဖယောင်းတိုင်ဖြစ်စေ "
သူ၏ အသံမှာ နားများအူသွားစေနိုင်သည့် မိုးခြိမ်းသံကဲ့သို့ ကောင်းကင်တံတားတာအို၏ ခန္ဓာကိုယ်အား ရိုက်နှက်သွားတော့သည်။
ကောင်းကင်တံတားတာအိုမှာ သနားစဖွယ်ကောင်းစွာ အော်ဟစ်မြည်တမ်းလိုက်သည်။ သူ၏မျက်ဝန်းများမှာ နီမြန်းနေပြီဖြစ်ပြီး သူ၏ဆံပင်များမှာလည်း ရှုပ်ပွနေပြီဖြစ်သည်...ထို့နောက် ရုတ်တရက် သူ၏ခန္ဓာကိုယ်အနှံ့တွင် ဖယောင်းလွှာတစ်လွှာ ပေါ်ပေါက်လာတော့သည်။
ထို အဖြူရောင်ဖယောင်းလွှာကြီးမှာ ကြောက်မက်ဖွယ်ကောင်းလှပြီး မျက်စိတစ်မှိတ်အတွင်း သူ၏တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားတော့သည်။ ၎င်းမှာ အချိန်နှင့်အမျှ တဖြည်းဖြည်း ထူထဲလာသဖြင့် ကောင်းကင်ဧကရာဇ်၏ စိုးရိမ်ထိတ်လန့်မှုများလည်း ကြီးထွားလာရတော့သည်။ သူ့ကိုယ်သူ ကာကွယ်ရန်အတွက် သူ၏ ကျင့်ကြံခြင်းအခြေခံစွမ်းအားကိုထုတ်ကာ အော်ဟစ်လိုက်တော့သည်။
“ တာအိုဂိတ်တံခါး ... စိမ့်မြေနန်းတော် "
စိမ့်မြေနန်းတော်မှာ ရေများမဟုတ်ပဲ နွံအိုင်ကြီးတစ်အိုင်ကို ဆင့်ခေါ်လိုက်လေသည်။
ကောင်းကင်တံတားတာအိုမှာ ထိုစကားလုံးများကို ရေရွတ်၍ ပါးစပ်ဟလိုက်သည့်အချိန်တွင် ထိုပါးစပ်ပေါက်ထဲသို့ အဖြူရောင်ဖယောင်းများ စီးဝင်လာတော့သည်။ သို့သော်လည်း သူ၏ပတ်ပတ်လည်ရှိ နေရာတစ်ဝိုက်မှာ ပုတ်ပွနေသည့် နွံအိုင်ကြီးတစ်အိုင်အဖြစ် ပြောင်းလဲသွားဆဲပင်။ ထိုနွံအိုင်ကြီးမှာ ၎င်း၏နယ်နိမိတ်အတွင်းရှိသော အရာရာတိုင်းကို အရည်ပျော်သွားစေနိုင်သဖြင့် ယခုတွင်လည်း ၎င်းမှာ ဖယောင်းများကို ဓာတ်ပြယ်သွားစေနိုင်ပြီး ကောင်းကင်အမိုး၏ အချုပ်အနှောင်များကိုလည်း အရည်ပျော်ကျသွားစေနိုင်မည်ဟု သူက ယူဆထားဟန်တူသည်။
ပုတ်ပွနေသည့် နွံအိုင်ကြီး၏ အစွမ်းများနှင့် ယခင်က တာအိုဂိတ်တံခါးများ၏ အစွမ်းများ ပေါင်းစပ်သွားကြ၍ ကောင်းကင်အမိုးများမှာ စတင်ပြိုလဲပျက်စီးလာကြသဖြင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီးတို့တွင် တဂျိန်းဂျိန်းမြည်သံများဖြင့် ပြည့်နှက်သွား၏။ သို့သော် အသက်ရှည်ခြင်းစာလုံးများ၏ ထောက်ပံ့ပေးထားမှုကြောင့် မီးအုပ်ဆောင်းကြီးမှာ မပျောက်ပျက်သွားသေးပေ။
ကောင်းကင်တံတားတာအို မည်သည့်နည်းလမ်းကိုသုံးသည်ဖြစ်စေ၊ သူ၏တာအိုဂိတ်တံခါးများမှာ မည်မျှပင် စွမ်းအားကြီးသည်ဖြစ်ပါစေ ယခုတွင်မူ သူသည် ပိုင်ရှောင်ချန်း၏ အသက်ရှည်နည်း တာအိုမှော်အတတ်ကို လုံးဝမယှဥ်နိုင်ပေ။
ဖယောင်းများမှာ ပုတ်ပွနေသည့် နွံအိုင်ကြီးကြောင့် အတိုင်းအတာတစ်ခုထိ ချေဖျက်ခံလိုက်ရပါသော်လည်း ကောင်းကင်တံတားတာအို၏ ပတ်ပတ်လည်တွင် စုဝေးလာကြဆဲပင်။ တခဏအကြာတွင် သူ၏တစ်ကိုယ်လုံး ဖြူဆွတ်သွားပြီး ဖယောင်းသားဖြင့်ထုဆစ်ထားသည့်အလား ဖြစ်သွားတော့သည်။
" သောက်ကျိုးနည်း၊ သောက်ကျိုးနည်းကွာ "
သူသည် ရက်စက်ကြမ်းကြုတ်ဖွယ်ကောင်းစွာ ရှုံ့မဲ့နေသည့် မျက်နှာအမူအရာကြီးဖြင့် အော်ဟစ်နေသည်။ သူသည် ယခင်က မှော်အတတ်များထက် များစွာပို၍စွမ်းအားကြီးမားဟန်တူသည့် မှော်အတတ်တစ်ခုကို သုံးလိုက်ပြီး အဖြူရောင်ဖယောင်းသားများကို ဖောက်ထွင်းလိုက်သောအခါ ၎င်းတို့မှာ ကွဲအက်ကာ ပြိုလဲပျက်စီးသွားကြသည်။ တချိန်ထဲမှာပင် ကောင်းကင်အမိုး မီးအုပ်ဆောင်ကြီးမှာလည်း တစ်စစီကြေမွတော့မည့်အလား ဖြစ်သွားတော့သည်။
သို့သော် ထိုအချိန်တွင် ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏ မျက်လုံးများကို တစ်ခဏမျှ မှိတ်လိုက်သည်။ ထို့နောက် ၎င်းတို့ကို ပြန်ဖွင့်လိုက်သောအခါ ကောင်းကင်ဘုံထိတိုင်အောင် ... မီးများတောက်လောင်သွားတော့သည်။
" အသက်ရှည်မီးအိမ်၊ ပေါင်းစည်းစေ "
ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်မှာ ဖယောင်းတိုင်ကြီးဖြစ်ပြီး ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ မီးစများဖြစ်သည်။
ဤအတတ်သည်ကား ပိုင်ရှောင်ချန်းက အသက်ရှည်နည်းအပိုင်းကို ကျွမ်းကျင်တတ်မြောက်ခဲ့ပြီးနောက် သူကိုယ်တိုင်ဖန်တီးခဲ့သည့် နတ်ဘုရားအတတ်ဖြစ်သော... ` အသက်ရှည်မီးအိမ် ´ ဖြစ်ပေသည်။