ပြိုင်ဘက်ကင်း တာအိုမှော်အတတ်ဆိုသည်မှာ
Vol. 11 Ch. 1026
ပိုင်ရှောင်ချန်းမှာ အသက်ရှူသံများမြန်နေပြီး သူ၏မျက်နှာသည်လည်း ဖြူဆုတ်နေသည်။ သူ၏ အသက်ရှည်နည်းအပိုင်း မှော်အတတ်ဖြစ်သော အသက်ရှည်မီးအိမ်ကို ထုတ်သုံးသည်မှာ ယခုက သူ၏ပထမဆုံး အကြိမ်ဖြစ်သည်။ သို့သော် သူသည် အသုံးပြုပုံကို စိတ်ကူးထဲတွင် ကြိမ်ဖန်များစွာ ပုံဖော်ခဲ့ဖူးသဖြင့် လက်တွေ့အသုံးချရာတွင် အတော်အတန် ကျွမ်းကျင်မှုရှိနေသည်။ ကျင့်ကြံသူ တစ်ဦးတစ်ယောက်ချင်းအပေါ်မူတည်၍ ပြိုင်ဘက်ကင်း တာအိုမှော်အတတ်တစ်ခုကို ဖန်တီးနိုင်ခြင်းကြောင့် အသက်ရှည်နည်းအပိုင်းသည် တခြားပညာရပ်များနှင့်မတူဘဲ ထူးခြားနေရခြင်း ဖြစ်ပေသည်။
သို့သော် အခက်အခဲမှာ ၎င်းကိုအသုံးချပြီးလျှင် စွမ်းအင်များစွာ ကုန်ခန်းသွားခြင်းပင် ဖြစ်သည်။ ထိုအတတ်ကို တစ်ကြိမ်တည်းသာ ထုတ်သုံးရသေးသည် ဖြစ်ပါသော်လည်း သူ၏ခန္ဓာကိုယ်ထဲရှိ အသက်ရှည်နည်းအပိုင်းစွမ်းအားမှာ ခုနစ်ဆယ်ရာခိုင်နှုန်းကျော်ခန့် ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။
ကျင့်ကြံခြင်းအခြေခံစွမ်းအား ကုန်ဆုံးခြင်းနှင့်ပတ်သတ်၍ ထာဝရအပိုင်း၏အစွမ်းများသည်လည်း မကူညီပေးနိုင်ပေ။ ထာဝရအပိုင်းမှာ သူ၏ အပြင်ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို ကုသရာတွင်သာ ကူညီပေးနိုင်စွမ်းရှိသည်။ ကျင့်ကြံခြင်းအခြေခံမှာ တရားထိုင်ခြင်း သို့မဟုတ် ၎င်းနှင့်အလားတူ လုပ်ရပ်များဖြင့်သာ ပြန်လည်ဖြည့်တင်းနိုင်သည်။
ဤတာအိုမှော်အတတ်၏ စွမ်းအားမှာ ပိုင်ရှောင်ချန်းအတွက်ပင် တုန်လှုပ်ဖွယ်ကောင်းနေသည်။ သူက ကောင်းကင်ဧကရာဇ်အား ကြည့်မိလိုက်သောအခါ သူ၏မျက်ဝန်းများမှာ လျှပ်စီးများကဲ့သို့ ဖျတ်ခနဲလက်သွားသည်။ ယခုတွင်... ကမ္ဘာကြီးကား ယခင်ကနှင့် လုံးဝမတူညီတော့ပေ။
သလင်းကျောက်ပုံကြီးကား ... မီးအိမ်ထောက်တိုင်တစ်တိုင် ဖြစ်သွားပြီဖြစ်သည်။
ထိုမီးအိမ်ထောက်တိုင်ကြီး၏ ကြီးမားလှသော အရွယ်အစားကြောင့် ၎င်းကိုကြည့်လိုက်မိသူတိုင်း ဖိအားများစွာ ခံစားသွားရမည်သာဖြစ်သည်။ ထို့အပြင် ၎င်းထုတ်လွှတ်နေသည့် ဆွဲငင်အားကြီးကြောင့် ကမ္ဘာပေါ်တွင်ရှိသော မည်သည့်သက်ရှိမဆို ၎င်း၏အနီးသို့ လုံးဝ ကပ်ရဲမည်မဟုတ်ပေ။
အပေါ်ဘက်ရှိ ကောင်းကင်အမိုးကြီးက ကျဆင်းလာပြီး... မီးအုပ်ဆောင်းတစ်ခုအဖြစ် မီးအိမ်ထောက်တိုင်ကြီးကို ဝန်းရံလိုက်တော့သည်။
ထိုမီးအုပ်ဆောင်းကြီးပေါ်တွင် ရှည်လျားသောသက်တမ်းကို ကိုယ်စားပြုသည့် မရေမတွက်နိုင်လောက်အောင် များပြားသော အသက်ရှည်ခြင်း စာလုံးများကို မြင်နိုင်သည်။
သို့သော် ထိုအရာများအားလုံးမှာ အသက်ရှည်မီးအိမ်၏ တစ်စိတ်တစ်ပိုင်းမျှသာ ရှိသေးသည်။ အရေးအကြီးဆုံးသော အစိတ်အပိုင်းမှာ ... အလယ်တည့်တည့်တွင် ရှိနေသည့် စူးရှတောက်ပနေသော အဖြူရောင် ဖယောင်းတိုင်ကြီးပင် ဖြစ်သည်။
ကောင်းကင်တံတားတာအို၏ သက်စောင့်အား၊ ခန္ဓာကိုယ်နှင့် သူ့အား ဖွဲ့စည်းထားသည့် အခြားအရာအားလုံး ထိုအဖြူရောင်ဖယောင်းတိုင်ကြီးအသွင် ပြောင်းလဲသွားပြီဖြစ်သည်။ မီးအိမ်၏ နောက်ဆုံးအစိတ်အပိုင်းကား ပိုင်ရှောင်ချန်း၏မျက်ဝန်းများထဲမှ မီးတောက်ဖြစ်ပြီး ၎င်းက ထိုဖယောင်းတိုင်ကြီးကို မီးညှိပေးကာ မီးတောက်နှင့် အလင်းရောင် ပေါ်ထွက်လာသည်။
ကောင်းကင်တံတားတာအို၏ ခန္ဓာကိုယ် လောင်ကျွမ်းနေချိန်တွင် နီရဲနေသော အလင်းရောင်များ ဖြာထွက်လာပြီး မီးအုပ်ဆောင်းကြီးပေါ်တွင် ထင်ဟပ်လာကာ အသက်ရှည်ခြင်းစာလုံးများကို ပို၍ ထင်ရှားပေါ်လွင်အောင် ပြုလုပ်နေတော့သည်။ ထို့အပြင် မီးအိမ်ထောက်တိုင်ကြီးမှ ထွက်ပေါ်နေသည့် အားပြင်းသော ဆွဲငင်အားများကြောင့် ကောင်းကင်ဧကရာဇ်မှာ ကြွက်သားတစ်ခုတစ်လေပင် လှုပ်ရှား၍ မရနိုင်လောက်အောင် ဖြစ်နေရသည်။
ကောင်းကင်တံတားတာအိုကား တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းစွာ အသက်ရှည်မီးအိမ်အသွင် ပြောင်းလဲသွားေလပြီ။
သူ အပြင်းအထန် တုန်ရီနေပြီး သူ၏အသိစိတ်နှင့် နှလုံးသားထဲတွင် တုန်လှုပ်ခြောက်ခြားမှုများ လှိုင်းလုံးများပမာ ရိုက်ခတ်နေ၏။ သူ၏ရင်ထဲတွင် ပြည့်နှက်နေသည့် ဖော်ပြ၍မရနိုင်သော အန္တရာယ်နှင့် ကြုံတွေ့နေရသည့် ခံစားချက်ကြီးမှာ သူ၏ဘဝတစ်လျှောက်လုံး ကြုံတွေ့ခဲ့ရသည့် အရာအားလုံးထက် ပို၍ပြင်းထန်နေပြီဖြစ်သည်။ သူ၏သက်စောင့်အားများ၊ သူ၏ခန္ဓာကိုယ်၊ သူ၏ကျင့်ကြံခြင်းအခြေခံနှင့် သူ၏ဝိညာဥ်ပင်လျှင် အသက်ရှည်မီးအိမ်ကြောင့် လောင်ကျွမ်းနေရသည်ကို သူ ခံစားမိနေသည်။ သူ လျင်မြန်စွာ အားအင်များကုန်ခန်းနေရုံသာမက အနည်းငယ်မျှအကြာတွင် သူသည် အလွန်အမင်း အင်အားချည့်နဲ့နေပြီဖြစ်ကြောင်း တုန်လှုပ်ခြောက်ခြားစွာ သိလိုက်ရသည်။
" ဒီ နတ်ဘုရားစွမ်းအား ... ဒီတာအိုမှော်အတတ်... "
ဤအချိန်တွင် သူသည် တိရစ္ဆာန်ရိုင်းတစ်ကောင်အလား အော်ဟစ်မြည်တမ်းနေပြီဖြစ်သည်။
" မလောက်လေး မလောက်စား အသက်ရှည်မီးအိမ်။ ငါ့ဝိညာဥ်ကို မီးရှို့ရလောက်အောင် အတင့်ရဲလှပါလား "
သူက ထိုသို့ အပြင်းအထန် ရုန်းကန်ရင်း ခေါင်းကိုနောက်ပစ်၍ အော်ဟစ်နေစဥ် ပိုင်ရှောင်ချန်းမှာ မတ်တတ်ရပ်လျက် သူ့အား အေးစက်စွာကြည့်နေ၏။
" ကောင်းပြီ ကောင်းကင်တံတားတာအို "
သူသည် တစ်ကိုယ်ထဲ ရေရွတ်လိုက်လိုက်သည်။
" အခု ခင်ဗျားကြီးရဲ့ နောက်ဆုံးလှည့်ကွက်ကို ထုတ်သုံးဖို့ အချိန်ကျပြီ။ ခင်ဗျားအနိုင်ရမယ်လို့ ခင်ဗျားစိတ်ထဲ သေချာပေါက် ထင်နေတဲ့ လှည့်ကွက်ပေါ့ဗျာ "
အရေပြားများ လောင်ကျွမ်းကာ အသားစိုင်များအရည်ပျော်ကျ၍ အောက်ဘက်ရှိ အရိုးများကိုပါ မြင်နေရပြီဖြစ်သော ကောင်းကင်တံတားတာအိုက ပိုင်ရှောင်ချန်းအား ပြန်၍စိုက်ကြည့်လိုက်သည်။ သူ၏ ဆံပင်များ ဖြူဆွတ်နေပြီး သူ၏မျက်နှာပေါ်တွင် အရေးကြောင်းများထနေပြီဖြစ်သော်လည်း သူ၏မျက်ဝန်းများထဲရှိ ဒေါသနှင့် ရူးသွပ်မှုများမှာ ပမာဏအနည်းငယ်မျှပင် လျှော့နည်းမသွားသေးပေ။
" သေသေချာချာကြည့်ပြီး လေ့လာသင်ယူစမ်း ပိုင်ရှောင်ချန်း။ မင်းရဲ့တာအိုမှော်အတတ်ကို ငါဘယ်လို ရိုက်ချိုးပြမလဲဆိုတာ ရှုစားကြည့်လိုက် "
သူသည် လောင်ကျွမ်းနေပြီဖြစ်သော သူ၏လက်နှစ်ဖက်ကိုရှေ့သို့ဆန့်ထုတ်၍ ဆုတောင်းနေသည့်အလား လက်ဝါးချင်းထိလိုက်သည်။
" သတ္တမမြောက် တာအိုဂိတ်တံခါး ... မြေနန်းတော် "
သူ၏နှုတ်မှ ထိုစကားသံများ ထွက်လာသောအခါ မြေပြင်၏ အောက်ဘက်အဝေးတစ်နေရာမှ မသဲကွဲသော ထစ်ချုန်းသံတစ်သံ ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။ အနည်းငယ်အကြာတွင် ကုန်းမြေ၏ စွမ်းအင်များ ပေါ်ထွက်လာတော့သည်။
မြေနန်းတော်မှာ ဤကမ္ဘာထဲရှိ ကုန်းမြေများအားလုံးကို ကိုယ်စားပြုနေသည်။
မြေပြင်တစ်လျှောက် နေရာတိုင်းမှ စွမ်းအင်များစိမ့်ထွက်လာပြီး ကောင်းကင်တံတားတာအိုဆီသို့ စီးဆင်းသွားကြသည်။
မြေစွမ်းအင်မှာ သူ၏ပတ်ပတ်လည်တွင် ရစ်ဝဲနေသဖြင့် မီးတောက်များ အားပျော့လာသည့် အရိပ်အယောင်များ ပေါ်ထွက်လာသည်။ သလင်းကျောက် မီးအိမ်ထောက်တိုင်ကြီးမှာမူ မကြာမီ သာမန်ကျောက်တုံးတစ်တုံးအဖြစ် ပြောင်းလဲသွားတော့မည့်အလား မည်းမှောင်လာသည်။
မီးအိမ်ထောက်တိုင်တစ်ခုထဲအပေါ်တွင်သာ အကျိုးသက်ရောက်မှု ရှိနေသည်မဟုတ်ပေ။ မြေစွမ်းအင်မှာ မီးအုပ်ဆောင်းအပေါ်တွင်လည်း အကျိုးသက်ရောက်မှုရှိသဖြင့် ၎င်းမှာ အညိုရောင်သို့ ပြောင်းလဲသွားတော့သည်။ အသက်ရှူကြိမ်အနည်းငယ်အတွင်း ထိုမီးအုပ်ဆောင်းကြီးမှာ မြေကြီးများကဲ့သို့ ဖြစ်သွားတော့သည်။ ထို့နောက် ကောင်းကင်တံတားတာအိုမှာ အဖြူရောင် ဖယောင်းသားများနှင့် လုံးဝမတူတော့ပဲ သူ၏သက်စောင့်အားများ လောင်ကျွမ်းနေမှုမှာလည်း ရပ်တန့်သွားတော့သည်။
ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို နှစ်ပိုင်းကွဲသွားစေနိုင်သည့် အုန်းခနဲ မြည်ဟည်းသံကြီးတစ်သံ ပေါ်ထွက်လာသည်။ ကောင်းကင်တံတားတာအိုနှင့် ဖွဲ့စည်းထားသော အသက်ရှည်မီးအိမ်မှာ အစိတ်စိတ်အမြွှာ ကွဲထွက်သွားတော့သည်။
" မင်းရဲ့ တာအိုမှော်အတတ်နဲ့ ငါ့ကိုချုပ်နှောင်နိုင်မယ်လို့ မင်း တကယ်ထင်နေတာလား ပိုင်ရှောင်ချန်း " ကောင်းကင်တံတားတာအိုမှာ အခြေအနေ အလွန်ဆိုးရွားသည့်ပုံပေါ်နေပြီး အသက်ကိုပင် မနည်းရှူနေရသည်။ သို့သော် တခဏအကြာတွင် သူသည် ခေါင်းကိုနောက်ပစ်၍ အရူးတစ်ယောက်ကဲ့သို့ ရယ်မောလိုက်တော့သည်။
ပိုင်ရှောင်ချန်းမှာမူ မလှုပ်မယှက်ရပ်နေဆဲဖြစ်ပြီး သူ၏မျက်ဝန်းများထဲတွင် အေးစက်သောအလင်းရောင်များသာမက လှောင်ပြောင်နေသည့် အရိပ်အယောင်များပါ ထင်ဟပ်နေသည်။
" ခင်ဗျားကရော တကယ် လွတ်မြောက်သွားပြီလို့ ထင်နေတာလား "
သူသည် ခြေဟန်လက်ဟန်ဖြင့် ကောင်းကင်ပေါ်သို့ အသာအယာ ညွှန်ပြလိုက်သည်။
ထိုအချိန်တွင် ကောင်းကင်တံတားတာအိုမှာ သူ၏သက်စောင့်အား၊ ကျင့်ကြံခြင်းအခြေခံနှင့် ဝိညာဥ်တို့မှာ လွင့်ပါးပျောက်ကွယ်နေဆဲဖြစ်ကြောင်း သိလိုက်ရသဖြင့် မျက်နှာပျက်သွားတော့သည်။ သူသည် ရုတ်တရက် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သောအခါ သူ၏အသိစိတ်များ ဂယောင်ခြောက်ခြားဖြစ်သွားရပြီး နောက်ဘက်သို့ ဒယိမ်းဒယိုင်ဖြစ်သွားတော့သည်။
" ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ “
ကောင်းကင်ယံတွင် ... မရေမတွက်နိုင်လောက်အောင် များပြားသော အသက်ရှည်မီးအိမ်များ ပေါ်ထွက်လာသည်။ ၎င်းတို့က ကောင်းကင်တံတားနယ်မြေ၏ အစွန်အဖျားတိုင်အောင် စီရီနေကြသည်မှာ ၎င်းတို့၏ အစနှင့် အဆုံးကို မမြင်ရနိုင်တော့သည်အထိ ဖြစ်ပေသည်။
ထိုအသက်ရှည်မီးအိမ် တစ်လုံးချင်းစီထဲတွင် ကောင်းကင်တံတားတာအို၏ အသေးစားပုံရိပ်များမှာ တချိန်ထဲတွင် ငိုလိုက်ရယ်လိုက်ဖြစ်နေကြပြီး ကြိမ်းဝါးကာ အော်ဟစ် မြည်တမ်းနေကြသည်။
ဤမြင်ကွင်းသည်ကား ရှုဝံ့စရာမရှိလောက်အောင် ကြောက်လန့်တုန်လှုပ်ဖွယ်ကောင်းလှပေသည်။
ကောင်းကင်တံတားတာအို၏ အငွေ့အသက်များ ရုတ်တရက် အသက်ဝင်လာပြီး သူသည် လှစ်ခနဲလှုပ်ရှားကာ ကောင်းကင်ပေါ်သို့ ပျံတက်၍ သူ၏လက်နှစ်ဖက်စလုံးကို ရှေ့သို့ဆန့်ထုတ်လိုက်သည်။
" အဋ္ဌမမြောက် တာအိုဂိတ်တံခါး ... ကောင်းကင်နန်းတော် "
သူ၏ အဋ္ဌမမြောက် တာအိုဂိတ်တံခါးမှော်အတတ်ကို ထုတ်လွှတ်လိုက်သောအခါ တစ်ကမ္ဘာလုံး မှေးမှိန်သွားပြီး လေပြင်းတစ်ချက် တိုက်ခတ်လာသည်။ တချိန်ထဲမှာပင် ကောင်းကင်ဧကရာဇ်၏ လက်က ဧရာမ ပုံရိပ်ယောင် လက်ကြီးတစ်ဖက်အသွင်ပြောင်းလဲသွားပြီး ရှေ့သို့ဆန့်ထုတ်ကာ အက်ကွဲကြောင်းကြီးတစ်ခု ပွင့်ထွက်လာစေရန် ဆုတ်ဖြဲလိုက်တော့သည်။
ထိုအက်ကွဲကြောင်းကြီး ပွင့်ထွက်လာသည်မှာ ကောင်းကင်ကြီးအား ဧရာမဓားကောက်တစ်ချောင်းဖြင့် လှီးဖြတ်လိုက်သည့် အတိုင်းပင်။
တုန်လှုပ်ခြောက်ခြားဖွယ် အငွေ့အသက်များ စိမ့်ထွက်လာကြသဖြင့် အသက်ရှည်မီးအိမ်များ တုန်ရီသွားကြတော့သည်။ တစ်ပြိုင်နက်ထဲမှာပင် မီးအိမ်များအားလုံး၏ အတွင်းရှိ ကောင်းကင်တံတားတာအို၏ အသေးစားပုံရိပ်များမှာ အသံကုန်အော်ဟစ်လိုက်ကြပြီး အတူတကွ ပေါင်းစည်းကာ ကောင်းကင်နန်းတော်၏ မှော်အတတ်ကို စွမ်းအားမြှင့်တင်ပေးလိုက်ကြသည်။
ဝုန်းး
ထိုအသက်ရှည်မီးအိမ်များမှာ တစ်လုံးပြီးတစ်လုံး ပေါက်ကွဲသွားကြသည်။ တစ်ခဏအတွင်း ၎င်းတို့အားလုံး ပျောက်ကွယ်သွားကြပြီး ကောင်းကင်တံတားတာအိုမှာ လေပေါ်ရစ်ဝဲ၍ ဟောဟဲဆိုက်နေတော့သည်။ သူ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေပြီဖြစ်ပြီး အားအင်ချည့်နဲ့နေပြီဖြစ်ပါသော်လည်း သူ၏မျက်လုံးများမှာ တလက်လက် တောက်ပနေဆဲပင်။ အချိန်များ ကုန်ဆုံးသွားသည်နှင့်အမျှ သူသည် အားအင်ပြန်ပြည့်လာပြီး ကောင်းကင်နှင့်ကမ္ဘာမြေတစ်ခွင် တန်ခိုးအာဏာအကြီးဆုံးလူတစ်ယောက်၏ အမူအရာအဖြင့် ပိုင်ရှောင်ချန်းအား စိုက်ကြည့်လိုက်သည်။
" မင်းဆီမှာ နောက်ထပ် လှည့်ကွက်တွေမရှိတော့ဘူးဆိုရင်... မင်းလိမ်လိမ်မာမာနဲ့ ငါလိုအပ်တဲ့ အဆင့်မြင့်ဆေးလုံးအသွင် ပြောင်းလဲသွားဖို့ အချိန်ကျပြီ ပိုင်ရှောင်ချန်း "
ပိုင်ရှောင်ချန်း၏ အမူအရာမှာ ယခင်အတိုင်း တည်ငြိမ်နေဆဲ။ သူ၏မျက်ဝန်းများထဲတွင်သာ သတ်ဖြတ်လိုစိတ်များ တောက်လောင်နေသည်။ ထို့နောက် သူသည် ကမ္ဘာပေါ်တွင် အရယ်ရဆုံးသော စကားတစ်ခွန်းကို ပြောနေသည့်လေသံဖြင့် ဆိုလိုက်ပြန်သည်။
“ ခင်ဗျားကြီးက တကယ်ပဲ လွတ်မြောက်သွားပြီလို့ ထင်နေတုံးပဲလား "
ကောင်းကင်တံတားတာအိုသည် သူ့အား အောင်မြင်မှုပေးစွမ်းနိုင်မည်ဟု သတ်မှတ်ထားသော လျှို့ဝှက်မှော်အတတ်ကို ထုတ်မသုံးရသေးကြောင်း ပိုင်ရှောင်ချန်း ယုံကြည်ထားသည်။
ကောင်းကင်တံတားတာအို၏ မျက်နှာပေါ်တွင် အံ့ဩတုန်လှုပ်သွားသည့် အမူအရာတစ်ခု ပေါ်လာတော့သည်။ သူသည် နောက်ကိုဆုတ်၍ မော့ကြည့်လိုက်သောအခါ သူ၏အထက်တွင် ကမ္ဘာပိုက်ကွန်ကြီး ပေါ်ထွက်လာသည်ကို မြင်လိုက်ရသည်။
ထို့နောက် သူက အောက်သို့ငုံ့ကြည့်လိုက်သောအခါ အောက်ဘက်ရှိမြေပြင်ကြီးမှာ ဧရာမ မီးအိမ်ထောက်တိုင်ကြီးတစ်ခု၏ပုံစံနှင့် အလားသဏ္ဍာန်တူနေကြောင်း သိလိုက်ရသည်...
ထိုအခါ သူ၏မျက်နှာပေါ်တွင် မရေမတွက်နိုင်သော ခံစားချက်ပေါင်းစုံ ထင်ဟပ်လာပြီး သူ တုန်ရီသွားတော့သည်။ သူ၏ နှလုံးသားထဲတွင် ပထမဆုံးအကြိမ်အဖြစ် နာကျည်းမှုများနှင့် နောင်တများ ပေါ်ထွက်လာတော့သည်။
" အသက်ရှည်မီးအိမ်က တကယ့်ကို အံ့သြဖို့ကောင်းလှပါပေတယ်။ အသက်ရှည်နည်းအပိုင်းက ပိုတောင် ရင်သက်ရှုမောဖွယ်ကောင်းလှပါပေတယ် "
ယခုတွင် ကောင်းကင်တံတား နယ်မြေကြီးတစ်ခုလုံးမှာ ပြိုင်ဘက်ကင်း ဧရာမ အသက်ရှည်မီးအိမ်ကြီးတစ်လုံးအသွင် ပြောင်းလဲသွားပြီဖြစ်သည်။
အောက်ဘက်ရှိ ကုန်းမြေများမှာ မီးအိမ်ထောက်တိုင်ဖြစ်ပြီး ကမ္ဘာပိုက်ကွန်ကြီးမှာ မီးအုပ်ဆောင်းဖြစ်သည်။ ကောင်းကင်တံတားတာအိုမှာ... အဖြူရောင် ဖယောင်းတိုင်ဖြစ်နေဆဲပင်။ သူသည် ... ဆက်လက်လောင်ကျွမ်းကာ မီးအိမ်၏ အလင်းရောင်ကို ထုတ်လွှတ်ပေးနေဆဲပင်။
၎င်းသည်ကား... အသက်ရှည်မီးအိမ်၏ တတိယမြောက် အသွင်ဖြစ်ပေသည်။
ပထမမြောက်အသွင်ကား မီးအိမ်သက်သက်ဖြစ်သည်။
ဒုတိယမြောက်ကား ကောင်းကင်ကြီးဖြစ်သည်။
တတိယမြောက်ကား ကမ္ဘာကြီးတစ်ခုလုံးဖြစ်ပေသည်။
၎င်းသည်ကား အတုမဲ့ တာအိုမှော်အတတ်တစ်ခုဖြစ်ပေသည်။ အသက်ရှူမှားလောက်အောင် ရင်သက်ရှုမောဖွယ်ကောင်းလှပြီး ပြိုင်ဘက်ကင်းလှပေသည်။