ဒဿမမြောက် တာအိုဂိတ်တံခါး
Vol. 11 Ch. 1027
" ကြည့်ရတာ အသက်ရှည်နည်းအပိုင်းကို ငါ လျှော့တွက်မိတယ်နဲ့တူတယ်။ တိတိကျကျပြောရမယ်ဆို ... မင်းရဲ့ အသက်ရှည်နည်းအပိုင်းကို ငါ လျှော့တွက်မိခဲ့တာပဲ ပိုင်ရှောင်ချန်း "
ကောင်းကင်တံတားတာအိုသည် ဧရာမ အသက်ရှည်မီးအိမ်ကြီး တစ်လုံးအဖြစ် ပြောင်းလဲသွားပြီဖြစ်သော သူ၏ပတ်ပတ်လည်ရှိ ကမ္ဘာကြီးကိုကြည့်ကာ သူ၏နှလုံးသားထဲတွင် မရေမတွက်နိုင်အောင် များပြားလှသည့် ရှုပ်ထွေးလှသော ခံစားချက်ပေါင်းစုံ ရုတ်ချည်း ပေါ်ထွက်လာတော့သည်။ သူသည် အသက်ရှည်နည်းအပိုင်းအကြောင်းကို အတန်ငယ် တီးမိေခါက်မိရှိထားပါသော်လည်း ဤပညာရပ်ကို သူ၏ထိပ်သီးတပည့်နှင့် သူ၏သမီး တုလင်းဖေးတို့နှစ်ယောက်စလုံး ကျင့်ကြံခဲ့ကြစဥ်က ယခုကဲ့သို့ တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသော အရာများကို မလုပ်ပြနိုင်ခဲ့ပေ။
ကမ္ဘာကြီးက အသက်ရှည်မီးအိမ်တစ်လုံး ဖြစ်ပြီး ကောင်းကင်တံတားတာအိုကား မီးတောက်နေသည့် ဖယောင်းတိုင်ဖြစ်နေသည်။ သူ မီးများလောင်ကျွမ်းနေစဥ် ဤကမ္ဘာကြီး၏ စိတ်ဆန္ဒအပေါ်တွင် ရှိနေသည့် သူ၏ထိန်းချုပ်မှုများ တဖြည်းဖြည်း ယုတ်လျော့လာတော့သည်။ အသက်ရှည်မီးအိမ်သည် သူ့အား ကမ္ဘာကြီး၏ အုပ်ချုပ်သူနေရာမှ ဖယ်ရှားရန် ကြိုးစားနေသည့်အလား။ ယခု ဤကမ္ဘာကြီးက သူ့အား အသိအမှတ်မပြုလိုတော့ပဲ သတ်ဖြတ်ချေမှုန်းရန် ဆန္ဒရှိနေပြီ ဖြစ်ပေသည်။
ပိုင်ရှောင်ချန်းသည် အဝေးတစ်နေရာတွင် မလှုပ်မယှက် ရပ်နေပြီး မျက်မှောင်ကြုတ်လျက် စိုက်ကြည့်နေသည်။ ကောင်းကင်တံတားတာအိုသည် သူ အနိုင်ရရှိနိုင်မည့် လှည့်ကွက်တစ်ခုတစ်လေအား ထုတ်သုံးခြင်းကို ယခုအချိန်အထိ သူ မမြင်တွေ့ရသေးသည် မဟုတ်ပါလော။
" ခင်ဗျားဆီမှာ ဝှက်ဖဲတစ်ချပ် သေချာပေါက် ရှိကိုရှိရမယ်။ ကျုပ် အသက်ရှည်မီးအိမ်နဲ့ ရင်ဆိုင်နေရတာတောင် ခင်ဗျား အဲဒီဝှက်ဖဲကို ထုတ်မသုံးပဲနေနိုင်လိမ့်မယ်လို့ ကျုပ်တော့ မထင်ဘူး "
သူသည် အေးစက်စွာ တောက်ပနေသည့် မျက်ဝန်းများဖြင့် လက်ကိုဝှေ့ယမ်းလိုက်သောအခါ ကမ္ဘာအဆင့် အသက်ရှည်မီးအိမ်သည် ပို၍တောက်ပစွာ လင်းလက်လာတော့သည်။
" ငါ့ဆီမှာ တာအိုဂိတ်တံခါး ကိုးခုထဲက တစ်ခု ကျန်သေးတယ် ပိုင်ရှောင်ချန်း "
ကောင်းကင်တံတားတာအိုမှာ လုံးဝနီမြန်းနေသည့် မျက်ဝန်းများဖြင့် ခေါင်းကိုနောက်ပစ်၍ အော်ဟစ်လိုက်ပြီး တချိန်ထဲမှာ သူ၏လက်ကိုဆန့်ထုတ်ကာ လက်ဖဝါးနှစ်ဖက်ကို တစ်ဖက်နှင့်တစ်ဖက် မျက်နှာချင်းဆိုင်လျက် လက်တစ်ဖက်ပေါ် အခြားတစ်ဖက်အား တင်လိုက်တော့သည်။
" တာအိုဂိတ်တံခါး ... အတွင်းပိုင်းနန်းတော် "
သူသည် ထိုသို့ အော်ဟစ်ကာ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သောအခါ ဓားခြောက်ချောင်းက အပိုင်းသုံးပိုင်းပါသည့် ထူးဆန်းသော ပုံစံနောက်ထပ်တစ်ခုကို ဖန်တီးလိုက်ပြန်သည်။ ထိုပုံစံ ပေါ်ပေါက်လာသည်နှင့် ၎င်းထံမှ ရှင်သန်ခြင်း နှင့် သေခြင်းတရားတို့၏ အငွေ့အသက်များ ထွက်လာတော့သည်။ ၎င်း၏ တစ်ဝက်မှာ အသက်ရှင်နေပြီး အခြားတစ်ဝက်က သေဆုံးနေသည်ဖြစ်ကာ ထိုအစိတ်အပိုင်းနှစ်ခု တစ်ခုနှင့်တစ်ခု ရစ်ပတ်သွားသောအခါ ဘဝ စက်ဝန်းကြီးတစ်ခုလုံးနှင့် အကျုံးဝင်သည့် ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။ ထို့နောက် ထို ရှင်သန်ခြင်း နှင့် သေခြင်းတရားတို့ပါဝင်သည့် ပုံရိပ်ကြီးက ဧရာမ ကမ္ဘာမီးအိမ်ကြီးဆီသို့ ဦးတည်ပျံသန်းလာတော့သည်။
ရှင်သန်ခြင်း နှင့် သေခြင်းတရား အငွေ့အသက်များ ကမ္ဘာကြီးထဲ ပြည့်နှက်လာစဥ် ကောင်းကင်တံတားတာအို၏ ပတ်ပတ်လည်ရှိ ဒေသများမှာ နှစ်ခြမ်းကွဲသွားတော့သည်။ တစ်ခြမ်းမှာ ခြောက်သွေ့သေဆုံးသွားပြီး ကျန်တစ်ခြမ်းထဲတွင် သက်စောင့်အားများ ပေါကြွယ်ဝစွာ တည်ရှိနေတော့သည်။
ထိုမြင်ကွင်းကို အထက်စီးမှကြည့်ပါက ပိုင်ရှောင်ချန်း၏ အသက်ရှည်မီးအိမ်ကမ္ဘာကြီးတစ်ခုလုံး ပြောင်းလဲနေသည်ကို မြင်နိုင်သည်။ ၎င်း၏တစ်ခြမ်းမှာ သေဆုံးသွားနေသည်ဖြစ်ပြီး အခြားတစ်ခြမ်းမှာ ကြီးထွားလာနေသည်။
ဤကဲ့သို့ ကြောက်မက်ဖွယ် မြင်ကွင်းကြီးဖြစ်ပွားနေစဥ် ကောင်းကင်တံတားတာအိုက သူ၏ လက်နှစ်ဖက်ကို ခွာလိုက်တော့သည်။
" ပွင့်စေ "
သူ အော်ပြောလိုက်သည်။ အကယ်၍ ကမ္ဘာကြီးသာ ရှင်သန်ခြင်း နှင့် သေခြင်းတရားနှစ်မျိုး စလုံးကို ကိုယ်စားပြုနေသည်ဆိုပါက ကောင်းကင်တံတားတာအိုက ထိုနှစ်ခြမ်းကို ကွဲအောင်ခွဲနေသည်ဖြစ်ပြီး အသက်ရှည်မီးအိမ်ကို နှစ်ပိုင်းပိုင်းနေခြင်းသာ ဖြစ်ပေသည်။
" ကောင်းကင်တံတားတာအို ... ဒါကခင်ဗျားရဲ့ လျှို့ဝှက်လက်နက်ဆိုရင်တော့... "
ပိုင်ရှောင်ချန်းက ဖြည်းညင်းစွာ ဆိုလိုက်သည်။
" ခင်ဗျားဒီနေ့ ဇီဝိန်ချုပ်တော့မယ်လို့ ကျုပ်ကြိုပြောထားပါရစေ "
ကောင်းကင်ဧကရာဇ်ကြီးက ကမ္ဘာကြီးကို အစိတ်စိတ်အမြွှာမြွှာ ဆုတ်ဖြဲနေစဥ် ပိုင်ရှောင်ချန်းက သူ၏မျက်လုံးများကို ခဏမျှ ပိတ်လိုက်သည်။ ထို့နောက် ၎င်းတို့ကိုပြန်ဖွင့်လိုက်သောအခါ ကမ္ဘာကြီး၏ အရွယ်အစားရှိသော အသက်ရှည်မီးအိမ်ကြီး မီးငြိမ်းသွားတော့သည်။
ထိုအခိုက်အတန့်တွင် တစ်ကမ္ဘာလုံးရှိ အလင်းရောင်တိုင်း ပျောက်ကွယ်သွားကြပြီး မီးများတောက်လောင်နေဆဲဖြစ်သည့် ကောင်းကင်တံတားတာအိုတစ်ယောက်သာ ကျန်ရစ်ခဲ့တော့သည်။ ယခင်က ထိုမြင်ကွင်းအား သာမန်မျက်စိဖြင့် မြင်နိုင်ရန် ခဲယဥ်းပါသော်လည်း ယခုတွင်မူ တစ်ကမ္ဘာလုံး အမှောင်ဖုံးနေပြီဖြစ်၍ လွန်စွာ သိသာထင်ရှားနေပြီဖြစ်သည်။
" မီးအိမ်ကို ငြှိမ်းသက်သလို ... လူကိုလည်း ငြှိမ်းသက်စေ "
ပိုင်ရှောင်ချန်းက ရေရွတ်လိုက်သည်။ သူ၏နှုတ်မှ ထိုစကားများထွက်လာသောအခါ အမှောင်ဖုံးနေသည့် ကမ္ဘာကြီးထဲတွင် စိတ်ကူးနှင့်ပင် မှန်းဆ၍မရနိုင်လောက်အောင် စွမ်းအားကြီးမားသည့် အမြစ်ပြုတ်သုတ်သင်လိုသော စိတ်ဆန္ဒများဖြင့် ပြည့်နှက်သွားတော့သည်။ ထို့နောက် ထိုအမှောင်ထုကြီးက အတွင်းပိုင်းနန်းတော်၊ အကာအကွယ်များအားလုံးနှင့် ကောင်းကင်တံတားတာအို၏ စိတ်ဆန္ဒတို့ကိုပါ လျစ်လျူရှု၍ တောင်များကိုပြိုလဲသွားစေနိုင်ပြီး ပင်လယ်ကြီးကို ခမ်းခြောက်သွားစေနိုင်သည့် စွမ်းအားမျိုးဖြင့် ကောင်းကင်တံတားတာအိုဆီသို့ တဟုန်ထိုး ဦးတည်သွားတော့သည်။ ဤအမှောင်ထုသည်ကား မီးကို ငြှိမ်းသက်ပေတော့မည်။ သူ၏သက်စောင့်အားမီးတောက် ဇီဝိန်ချုပ်ပေတော့မည်။
" မဖြစ်ဘူး "
ကောင်းကင်တံတားတာအိုက စီခနဲ အော်ဟစ်လိုက်သည်။ သူ အသက်ပျောက်တော့မည်ဖြစ်၍ စဥ်းစားတွေးတော ကြံစည်နေရန် အချိန်မရှိတော့ပေ။ သူ၏ညာလက်က လှစ်ခနဲလှုပ်ရှားသွားပြီး သူ၏နဖူးကို တို့ထိကာ နဖူးထဲမှ ဓားတစ်ချောင်းကို ဆွဲထုတ်လိုက်တော့သည်။
ထိုဓားသည်ကား ... ဂူထျန်ကျင်း၏ မြေခဓားပင် ဖြစ်ပေသည်။
ကောင်းကင်တံတားတာအိုသည် ပြင်ပကမ္ဘာမှ ကျဆင်းလာသည့် ဓားကိုကိုင်မြှောက်၍ အော်ဟစ်မြည်တမ်းလိုက်ပြီး သူ၏သက်စောင့်အားမီးတောက်ကို ငြှိမ်းသက်ရန် ခြိမ်းခြောက်နေသည့် အမှောင်ထုကြီးအား ခုတ်ထစ်လိုက်တော့သည်။
သူ၏ ဓားချက်ကြောင့် အမှောင်ထုကြီး ပွင့်ထွက်သွားပြီး အက်ကွဲသံများ ပေါ်ထွက်လာတော့သည်။ သို့သော် မျက်စိတစ်မှိတ်အတွင်း ထိုမြေခဓား အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားသဖြင့် ကောင်းကင်တံတားတာအိုမှာ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားတော့သည်။
အမှောင်ထုကြီးကို ခုခံရန် မဖြစ်နိုင်ပေ။ တစ်ခဏလေးအတွင်း ထိုအမှောင်ထုကြီးက ကောင်းကင်တံတားတာအို၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားပြီး သူ့အား ဝန်းရံကာ ဖယောင်းတိုင်မီးတောက်ကို ငြှိမ်းသက်လိုက်တော့သည်။
မီးအိမ်ငြိမ်းသွားပြီး ထိုမီးအိမ်ထဲရှိ လူသည်လည်း ငြှိမ်းသက်ခံလိုက်ရသည်ဖြစ်၍ ခန္ဓာသာမက ဝိညာဥ်ပါ ဇီဝိန်ချုပ်သွားတော့သည်။
တစ်ကမ္ဘာလုံး တိတ်ဆိတ်သွားသည်။ အမှောင်ထုကြီး တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ကမ္ဘာကြီးထဲတွင် အလင်းရောင်များ ပြန်လည်ဝင်ရောက်လာတော့သည်။ အသက်ရှည်မီးအိမ်ကြီး ပျောက်ကွယ်သွားပြီဖြစ်ပြီး ပိုင်ရှောင်ချန်းက ကောင်းကင်တံတားပင်လယ်အပေါ်တွင် ရစ်ဝဲနေသည်။ သို့သော် သူ၏မျက်နှာပေါ်တွင် ပျော်ရွှင်မှုအရိပ်အယောင်ကို လုံးဝမမြင်ရပေ။ သူသည် ကောင်းကင်တံတားတာအို ပျက်သုဥ်းသွားသည့် နေရာကိုသာ စိုက်ကြည့်နေ၏။ ထိုအခါမှသာ ... သူစိုးရိမ်နေရသည့် အကြောင်းအရင်းကို ရုတ်တရက် နားလည်သဘောပေါက်သွားတော့သည်။ ပုန်းကွယ်နေသည့် အမှန်တရားတစ်ခုရှိနေကြောင်း သူ မှန်းဆမိခဲ့သည့် အကြောင်းအရင်းကို ယခုမှသာ သူနားလည်သွားတော့သည်။
" သူဖမ်းဆီးခဲ့တဲ့ ရယ်တစ်ဝက် ငိုတစ်ဝက်သရဲမျက်နှာကြီး ... ပေါ်မလာသေးဘူးပဲ... "
သူသည် စူးရှသော အကြည့်ဖြင့် ခန်းခြောက်လုနီးပါးဖြစ်သော ကောင်းကင်တံတားပင်လယ်အား ငုံ့ကြည့်လိုက်ပြီး မန္တန်လက်ကွက်တစ်ခု ဖော်၍ သူ၏လက်ချောင်းကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ပင်လယ်ထဲမှ အဆုံးအစမဲ့အောင် အစွမ်းထက်သော အားတစ်မျိုး ပေါ်ထွက်လာတော့မည့်အလား ပင်လယ်ရေမျက်နှာပြင် ရုတ်တရက် ဖောင်းကြွလာတော့သည်။
ထိုနေရာတွင် ရုတ်တရက် ရေဝဲတစ်ခုပေါ်ထွက်လာပြီး ၎င်းက လျင်မြန်စွာ လည်ပတ်လာသည့်အတွက် ပတ်ပတ်လည်ရှိ ပင်လယ်ရေများထဲမှ ရွှီခနဲအသံများ ကျယ်လောင်စွာပေါ်ထွက်လာတော့သည်။
ထိုရေဝဲ၏ အလယ်ဗဟိုတည့်တည့်တွင် ကောင်းကင်တံတားတာအိုက ပင်လယ်၏အောက်ခြေမှနေ၍ အထက်သို့ လျှောက်လှမ်းလာတော့သည်။
" မင်းက ငါ့ခန္ဓာကိုယ်အစစ်ကို သတ်နိုင်ဖို့ သီသီကလေး လိုတော့တာပဲ "
ကောင်းကင်တံတားတာအို၏ အငွေ့အသက်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီဖြစ်သော်လည်း သူ၏မျက်ဝန်းများမှာ နီမြန်းနေပြီး ၎င်းတို့ထဲတွင် အကြောက်တရားများ ပြည့်နှက်နေသည့် အရိပ်အယောင်တစ်ခုမှ စွဲကျန်ရစ်နေသည်ကို မြင်နိုင်သည်။ ထိုအစားထိုးမှော်အတတ်ကြောင့်သာ မဟုတ်ပါက အသက်ရှည်မီးအိမ်၏ စွမ်းပကားမှာ သူ့အား အမှန်တကယ် ချေမှုန်းပစ်ခဲ့မည်သာဖြစ်သည်။
" ခန္ဓာမဲ့ အသက်ဝိညာဥ် အစားထိုးခြင်း " ပိုင်ရှောင်ချန်းက အလွန်အမင်း ရှုံ့မဲ့နေသော မျက်နှာထားဖြင့် ဆိုလိုက်သည်။ ကောင်းကင်တံတားတာအို ပင်လယ်ပြင်အောက်မှ မြင့်တက်လာသည့်အချက်ကိုကြည့်၍ ... သူ့ထံတွင် သူ အားကိုးနိုင်သည့် ဝှက်ဖဲတစ်ချပ် အမြဲတမ်း ရှိနေခဲ့ကြောင်း သိနိုင်သည်။
သူသည် မြေရိုင်းဒေသထဲတွင် သင်္ချိုင်းစောင့်ကြီးနှင့် တိုက်ခိုက်ခဲ့သော ကမ္ဘာမြေကြီးကို အက်ကွဲသွားစေနိုင်သည့် တိုက်ပွဲမှာ သွေးဆံနွယ်ကိုအသုံးပြု၍ အသက်ရှင် ကျန်ရစ်ခဲ့သည့်အတိုင်း ယခုတွင်လည်း သူ၏နေရာမှာ အစားထိုးရန် ခန္ဓာမဲ့ ဝိညာဥ်တစ်ခုကို အသုံးပြုခဲ့ခြင်းဖြစ်သည်။
ကောင်းကင်တံတားတာအိုက အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုစိတ်များသာမက ရူးသွပ်မှုအရိပ်အယောင်များပါ ထင်ဟပ်လာတော့သည်။ သူက ကောင်းကင်ကြီးဆီသို့ သူ၏လက်များကို ဖြည်းညင်းစွာ မြှောက်လိုက်တော့သည်။
" မင်းရဲ့ အသက်ရှည်မီးအိမ်ကို အခုငါနားလည်သွားပြီးဆိုတော့ ငါ့ အထွတ်အထိပ် တာအိုမှော်အတတ်ကို သုံးဖို့ အချိန်ကျပြီ။ စွမ်းအားကြီးသူက အောင်နိုင်စမြဲ လို့ခေါ်ခေါ်၊ ကြီးနိုင်ငယ်ညှင်းလို့ခေါ်ခေါ်ကွာ။ ဒီကမ္ဘာကြီးက ယိုယွင်းနေပြီး ခဏနေရင် ပျက်စီးတော့မှာ။ ဒီကမ္ဘာထဲက သက်ရှိအားလုံးကို ကမ္ဘာကြီးနဲ့အတူ သေဆုံးခွင့်ပေးမဲ့အစား ... သူတို့အသက်တွေကို ငါတစ်ယောက်ထဲ အပိုင်ယူလိုက်တာ ပိုကောင်းတာပေါ့။ ကမ္ဘာကြီးကိုတောင် ဖျက်ဆီးပစ်နိုင်တဲ့ တာအိုမှော်အတတ်တစ်ခုကို ငါ ဟိုးအရင်တုံးက ဖန်တီးခဲ့ပြီး တစ်ခါမှ မသုံးရသေးဘူး။ အဲဒီအတတ်က ... ငါ့ရဲ့ ဒဿမမြောက် တာအိုဂိတ်တံခါးပဲ "
ကောင်းကင်တံတားတာအို၏ စကားသံကား ဤကမ္ဘာကြီးတွင် ကြားရမည့် နောက်ဆုံး မိုးခြိမ်းသံများအလားပင်။ သူ၏ဆန့်ထုတ်ထားသော လက်ထဲတွင် မည်းနက်နေသော ဧရာမ လေပွေကြီးတစ်ခု ပေါ်ထွက်လာပြီး အရူးအမူး လည်ပတ်နေတော့သည်။ ထို့နောက် ဖော်ပြ၍မရနိုင်လောက်အောင် စွမ်းအားကြီးမားသော ဆွဲငင်အားကြီးတစ်ခု တစ်ကမ္ဘာလုံး ပြည့်နှက်သွားတော့သည်။
ကောင်းကင်ကြီး ယိုယွင်းပျက်စီးနေပြီဖြစ်ပြီး သက်စောင့်အားများအားလုံးနီးပါး ကုန်ခမ်းလုနီးပါးဖြစ်နေပြီလည်း ဖြစ်သည်။ ယခုတွင်မူ ၎င်းမှာ ရှုံ့တွကာ ပြိုလဲပျက်စီးစပြုလာတော့သည်...
ခြောက်သွေ့ပျက်သုဥ်းနေပြီဖြစ်သော ကမ္ဘာကြီးထဲတွင် အပင်နှင့် အသီးအရွက်များအားလုံး သေကြေပျက်စီးနေကြပြီဖြစ်သည်။ တောင်တန်းများနှင့် ကုန်းမြေများပေါ်တွင်ရှိသော သက်ရှိအားလုံးမှာလည်း ပျောက်ကွယ်နေကြပြီဖြစ်သည်။ မြစ်များ၊ ရေကန်များသည်လည်း ခန်းခြောက်ကုန်ကြပြီဖြစ်သည်။ ကောင်းကင်တံတားပင်လယ်ရေများပင်လျှင် ရေငွေ့ပျံစ ပြုလာတော့သည်။
ထို့နောက် တိရစ္ဆာန်များ၊ ကျင့်ကြံသူများနှင့် အခြားသက်ရှိများအားလုံးသည်လည်း ထိုနည်းတူပင်... အရှေ့၊အနောက်၊တောင်၊မြောက်ရှိ ဂိုဏ်းများအားလုံး အပါအဝင်ဖြစ်သည်။ မြေရိုင်းဒေသရှိ အရာအားလုံး၊ ဗဟိုဧကရာဇ်မြို့တော်အနီးနှင့် အတွင်းထဲရှိ လူများအားလုံးသည်လည်း အပါအဝင်ဖြစ်သည်။ မဟာကောင်းကင်သခင်၊ သရဲကြီးဘုရင်၊ ကောင်းကင်တံတားဒေသမှ ကျင့်ကြံသူအားလုံးနှင့် နတ်ဘုရားတစ်ပိုင်းအဆင့် ခေါင်းဆောင်ကြီးများလည်း ပါဝင်သည်။
လူတိုင်း၏ ခန္ဓာကိုယ်ထဲမှ သက်စောင့်အားများ စိမ့်ထွက်လာကြပြီး လေပေါ်သို့ ဝဲပျံလာကြသဖြင့် သူတို့အားလုံး တုန်ရီနေကြတော့သည်။
ထိုအချင်းအရာများ ဖြစ်ပျက်နေကြစဥ် ကောင်းကင်တံတားတာအို၏ လေပွေကြီးက အနက်ရောင်မှ အနီရောင်သို့ ပြောင်းလဲသွားသည်။ တချိန်ထဲမှာပင် ကောင်းကင်ကိုပျက်စီးသွားစေနိုင်ပြီး မြေပြင်ကို ချေမှုန်းပစ်နိုင်သည့် စွမ်းအင်ကြီးတစ်ခု စုဝေးလာတော့သည်။ ထိုအနီရောင် ေလပွေကြီးအောက်ဝယ် ကောင်းကင်ဧကရာဇ်၏ မျက်နှာအမူအရာကား အလွန့်အလွန် ရက်စက်ကြမ်းကြုတ်လှပေသည်။
" ဒါငါ့ရဲ့ နောက်ဆုံး တိုက်ကွက်ပဲ ပိုင်ရှောင်ချန်း။ ငါ့ရဲ့ ဒဿမမြောက် တာအိုဂိတ်တံခါး ... ပွင့်စေ "
သူ၏အသံထွက်လာသည်နှင့် လေပွေကြီးထဲမှ အပြင်းထန်ဆုံးသော ဖျက်ဆီးနိုင်စွမ်းများပါဝင်နေသည့် အငွေ့အသက်များ ပေါ်ထွက်လာတော့သည်။
ထိုလေပွေကြီးကား ဤကမ္ဘာကြီးထဲရှိ သက်ရှိအားလုံး၏ သက်စောင့်အားများကို စုပ်ယူနေကြောင်း ပိုင်ရှောင်ချန်း ခံစားမိလိုက်သည်။ မြေရိုင်းဒေသထဲရှိ အဏ္ဏဝါခေါ်သံဂိုဏ်းမှလူများနှင့် သူသိသမျှ လူအားလုံး တုန်ရီကာ ခန္ဓာကိုယ်များ ခြောက်ကပ်လာကြောင်းကိုလည်း သူ အာရုံခံမိလိုက်သည်။ ထိုအချိန်တွင် သူသည် လုံးဝတွေဝေမနေတော့ပဲ ရဲရဲနီနေသောမျက်ဝန်းများဖြင့် မြောက်ဘက်သို့ လက်ကို ဆန့်ထုတ်လိုက်တော့သည်။