ကောင်းကင်ကြီး ပြိုလဲ၍ ကမ္ဘာကြီး ပျက်သုဥ်းခြင်း
Vol. 11 Ch. 1028
မြောက်ပိုင်း၏ ကမ္ဘာရတနာကား ပိုင်ရှောင်ချန်း၏ ဝှက်ဖဲဖြစ်ပေသည်။
သူ၏လက် ထိုသို့လှုပ်ရှားသွားသောအခါ ဟိုးယခင်ကတည်းက ရေခဲနယ်မြေတစ်ခု မဟုတ်တော့သော မြောက်ပိုင်းကောင်းကင်တံတားဒေသတစ်ခုလုံး အက်ကွဲကာ ပြိုလဲပျက်စီးလာတော့သည်။ ကောင်းကင်တံတားတာအို၏ မှော်အတတ်ကြောင့် ပြိုလဲနေသည့် တောင်တန်းများ ပြာမှုန့်ဘဝသို့ ရောက်သွားကြသည်။
ပျက်စီးနေပြီဖြစ်သော ကုန်းမြေကြီးတစ်ခုလုံးမှ နားများပင်အူသွားစေနိုင်သည့် အက်ကွဲသံများ ပေါ်ထွက်လာကြပြီး ကမ္ဘာတစ်ခွင် ပြည့်နှက်သွားကြသည်။
ခြောက်ကပ်နေပြီဖြစ်သော ကောင်းကင်တံတားမြစ်ထဲတွင် အက်ကွဲကြောင်းများ ကွဲထွက်လာပြီး မြေရိုင်းဒေသအထိ ဆန့်တန်းသွားတော့သည်။
ထို့နောက် မြောက်ပိုင်းဒေသမှာ လှုပ်ယမ်းစပြုလာပြီး ကျောက်စကျောက်နများစွာ ကြေမွပျက်စီးကုန်ကြသည်။ မြောက်ပိုင်းကောင်းကင်တံတားဒေသနှင့် မြေရိုင်းဒေသတို့အား ချိတ်ဆက်ပေးထားသည့် နေရာကြီးမှာလည်း ကွဲအက်သွားပြီး လေပေါ်သို့ မြင့်တက်လာတော့သည်။
ထိုအချင်းအရာကို ကမ္ဘာထဲရှိ လူတိုင်းမြင်လိုက်ရသဖြင့် အံ့သြမှင်တက်ကုန်ကြတော့သည်။ သူတို့၏ သက်စောင့်အားများမှာ သူတို့ဆီမှ စိမ့်ထွက်စီးဆင်းနေသည်ဖြစ်ပါသော်လည်း ဤမြင်ကွင်းကြီးသည် သူတို့၏ဘဝတစ်လျှောက် မြင်ဖူးသမျှ အရာအားလုံးထဲတွင် တုန်လှုပ်ခြောက်ခြားဖွယ် အကောင်းဆုံး မြင်ကွင်းကြီးတစ်ခု ဖြစ်နေသည်။
" ဘုရား… ဘုရား၊ ဘာ...ဘာကြီးလဲ "
" အဲဒါ ... မြောက်ပိုင်းကောင်းကင်တံတားဒေသမလား "
မြောက်ပိုင်းကောင်းကင်တံတားဒေသ၏ ကုန်းမြေကြီး မြင့်တက်လာပြီး အပြာရောင်များ တောက်ပလာသည်။ သေသေချာချာ ကြည့်လိုက်မည်ဆိုပါက ထိုအပြာရောင် အလင်းတန်းများ ထွက်ပေါ်လာသည့်နေရာတိုင်းတွင် အက်ကွဲကြောင်းများစွာ ပေါ်ထွက်လာသည်ကို မြင်နိုင်ပေသည်။ တစ်ပြိုက်နက်ထဲမှာပင် မြောက်ပိုင်းတွင် ကျန်ရစ်နေခဲ့သည့် ကျင့်ကြံသူအားလုံး ပျောက်ကွယ်သွားကြပြီး ကမ္ဘာရတနာကြီး၏ အတွင်းပိုင်းကမ္ဘာထဲသို့ ရောက်ရှိသွားကြသည်။ အချိန်များကုန်ဆုံးလာသည်နှင့်အမျှ မြေပြင်နှင့် မြေကြီးများ ကြေမွပျက်စီးကာ ပြုတ်ကျလာကြပြီး ... နောက်ဆုံးတွင် ဧရာမဓားကြီးတစ်ချောင်း ပေါ်ထွက်လာသည်။
ထိုဓားသည်ကား ... ကမ္ဘာရတနာဖြစ်သော မြောက်ပိုင်း၏ ဓားကြီးဖြစ်သည်။
အပြာရင့်ရောင် ဓားကြီးမှာ ၎င်း၏ပတ်ပတ်လည်ရှိ ပျက်သုဥ်းနေပြီဖြစ်သော ကမ္ဘာကြီးထဲသို့ ၎င်း၏အလင်းရောင်များကို ဖြန့်ကျက်လိုက်ပြီး ပျက်စီးနေသော ကောင်းကင်ကြီးကို အလင်းရောင်များ ထင်ဟပ်စေလိုက်သဖြင့် ဖော်ပြ၍မရနိုင်သော ဖိအားကြီးတစ်ခု အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။
ယခုအခါ ၎င်းသည် ကမ္ဘာရတနာအစစ်တစ်ခု ဖြစ်သွားပြီဖြစ်၍ ဓား၏မျက်နှာပြင်ပေါ်တွင် မျက်နှာကြီးတစ်ခုကို မြင်တွေ့နိုင်ပေသည်။ ၎င်းသည်ကား အေးစိမ့်ခေါင်းဆောင်မိခင်ကြီး၏ မျက်နှာဖြစ်ပေသည်။ သူမသည် နိုးထနေပြီဖြစ်ပြီး သောကများထင်ဟပ်နေသည့် မျက်ဝန်းတစ်စုံဖြင့် သွေးဘိုးဘေးကြီး မီးလောင်တိုက်သွင်းကာ အသတ်ခံလိုက်ရသည့်ဘက်သို့ လှမ်းကြည့်နေသည်။ သူမသည် သူမတစ်ယောက်ထဲသာ ကြားနိုင်သော အသံမျိုးဖြင့် တစ်စုံတစ်ရာရေရွတ်နေသည့်ပုံ ပေါ်သည်။ ထို့နောက် တစ်ခဏအကြာတွင် ထိုဧရာမဓားကြီးက အပြာရောင်အလင်းတန်းတစ်တန်းအသွင် ပြောင်းလဲသွားပြီး ... ကောင်းကင်တံတားပင်လယ်ဆီသို့ ပျံဝဲလာတော့သည်။
၎င်း၏အရွယ်အစားမှာ ကြီးမားလွန်းလှသည့်အတွက် အချိန်အနည်းငယ်အတွင်း ပင်လယ်၏အပေါ်တည့်တည့်သို့ ရောက်ရှိလာတော့သည်။ သို့သော် ၎င်းသညအ လမ်းတစ်လျှောက်တွင် တရစပ် အရွယ်အစား ကျုံ့သွားခဲ့သဖြင့်... ပိုင်ရှောင်ချန်းက ၎င်း၏ဓားရိုးကိုကိုင်ကာ ကိုင်မြှောက်နိုင်သည့် အရွယ်အစားအထိ ဖြစ်သွားသည်။
ပိုင်ရှောင်ချန်းက မြောက်ပိုင်း၏ ကမ္ဘာရတနာကြီးကို ဆုပ်ကိုင်လိုက်သည်နှင့် သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားများ မြင့်တက်သွားပြီး သူ့ထံမှ အလွန်မြင့်မြတ်ကာ ကျက်သရေရှိသော အရှိန်အဝါများ ပေါ်ထွက်လာတော့သည်။ သူသည် တင်းမာခက်ထန်ကာအေးစက်လွန်းလှသည့် မျက်ဝန်းများဖြင့် ကောင်းကင်တံတားတာအို ကိုင်ဆောင်ထားသည့် အနီရောင်လေပွေကြီးဘက်သို့ လှည့်ကြည့်လိုက်ပြီး ၎င်းအား သူ၏ဓားဖြင့် အပြင်းအထန် ခုတ်ထစ်လိုက်တော့သည်။
" သေစမ်း "
ထိုဓားမှာ တလက်လက်တောက်ပနေသည့် အပြာရောင်အလင်းတန်းတစ်တန်းအသွင် ပြောင်းလဲသွားသည်။ တချိန်ထဲမှာပင် အရွယ်အစားအပြည့်ရှိသော ဓားကြီး၏ပုံရိပ်တစ်ခုလည်း ပေါ်ထွက်လာပြီး တဂျိန်းဂျိန်းမြည်ဟည်းသံများနှင့်အတူ ကောင်းကင်တံတားတာအိုဆီသို့ ဦးတည်သွားတော့သည်။
ကောင်းကင်တံတားတာအိုကား အကြီးမားဆုံးသော အန္တရာယ်ကြီးနှင့် ကြုံတွေ့လိုက်ရသည့်အလား ခံစားနေရပြီဖြစ်သည်။ သူသည် မြောက်ပိုင်း၏ဓားကြီးအကြောင်းကို သိထားပါသော်လည်း ဤမျှ စွမ်းအားကြီးမားနေခဲ့လိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။
သူသည် ကမ္ဘာထဲရှိ သက်ရှိတိုင်း၏ သက်စောင့်အားများကိုစုပ်ယူနေဆဲဖြစ်သော်လည်း ယခုတွင် ထိုလုပ်ငန်းစဥ် ပြီး၊ မပြီးကို တွေးပူနေရန် အချိန်မရှိတော့ပေ။ သူသည် လုံးဝတွေဝေမနေတော့ဘဲ သူ၏ကျင့်ကြံခြင်းအခြေခံ စွမ်းအားအကုန်လုံးကို လေပွေထဲသို့ ထည့်သွင်းလိုက်သဖြင့် ၎င်း၏အရွယ်အစား လျင်မြန်စွာ ကြီးမားလာတော့သည်။
ကောင်းကင်တံတားတာအို အော်ဟစ်လိုက်သောအခါ စစ်မှန်သော ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ အတိုက်အခိုက်စွမ်းရည် အဆင့်အတန်းနှင့် လုံးဝနီးပါးတူညီသော အတိုက်အခိုက်စွမ်းရည်တစ်ခု ပေါ်ထွက်လာသည်။ ထို့နောက် သူသည် ညာလက်ကိုဆန့်ထုတ်လိုက်ပြီး လေပွေကြီးအား မြောင်ပိုင်း၏ဓားကြီးဆီသို့ ပျံဝဲသွားစေလိုက်တော့သည်။
အချိန်များ နှေးကွေးသွားသည့်ပုံပင်။ ခြောက်သွေ့နေသော ကောင်းကင်ကြီး၊ ပျက်စီးနေသော မြေပြင်ကြီးနှင့် ... သက်ရှိအားလုံးတို့၏ အသိစိတ်များ ... နှေးကွေးသွားကြသည်။ လည်ပတ်နေသည့် လေပွေကြီးနှင့် မြောက်ပိုင်း၏ဓားကြီးတို့ တစ်ခုနှင့်တစ်ခု တဖြည်းဖြည်း ချဥ်းကပ်လာကြပြီး အဆုံးသတ်တွင် ထိသွားကြတော့သည်။
ထို့နောက် သမိုင်းတစ်လျှောက်တွင် မည်သူမှ မကြားဖူးသော နားများပင်အူကာ ကွဲအက်သွားစေနိုင်သည့် အုန်းခနဲအသံကျယ်ကြီးတစ်သံ မြည်ဟည်းထွက်ပေါ်လာသည်။ မြောက်ပိုင်း၏ဓားကြီးမှာ လေပွေထဲသို့ခုတ်ထစ်လိုက်ပြီး နတ်ဘုရားတစ်ပိုင်းအထွတ်အထိပ်အဆင့်ထက် သာလွန်ပြီး စစ်မှန်သော ကောင်းကင်ဧကရာဇ်အဆင့်ရှိသည့် အငွေ့အသက်များကို ထုတ်လွှတ်လိုက်တော့သည်။
ဤကမ္ဘာကြီးကို စက္ကူရုပ်လုံးတစ်ခုဟု သဘောထားကြည့်မည်ဆိုပါက စစ်မှန်သော ကောင်းကင်ဧကရာဇ်အဆင့်ရှိသည့် အငွေ့အသက်များမှာ ထိုရုပ်လုံးကြီးကို ဝါးမျိုပစ်နိုင်သည့် မီးတောက်များနှင့် ဆင်တူပေသည်။
ပုံပျက်နေပြီဖြစ်သော ကောင်းကင်ကြီးမှာ ထိုပြင်းအားကို မတောင့်ခံနိုင်တော့သဖြင့် ဧရာမ အက်ကွဲကြောင်းကြီးတစ်ကြောင်း ပွင့်ထွက်လာတော့သည်။ ထို့နောက် ဒုတိယတစ်ကြောင်း...တတိယတစ်ကြောင်း။ တစ်ကြောင်းပြီးတစ်ကြောင်းပေါ်ထွက်လာပြီး ရှစ်ကြောင်းတိတိ ဖြစ်သွားသဖြင့် အထက်ရှိကောင်းကင်ကြီး အပိုင်းကိုးပိုင်းတိတိ ဆုတ်ပြဲသွားပြီဖြစ်သည်။
ထိုအက်ကွဲကြောင်းများ၏ အလွန်တွင် ... ထူးဆန်းသောကမ္ဘာတစ်ခုကို လှမ်း၍ မြင်နေရသည်။
ကောင်းကင်တံတားနယ်မြေမှ မဟုတ်သော အငွေ့အသက်တစ်ခု ထိုအက်ကွဲကြောင်းများထဲမှ စိမ့်ဝင်လာကြပြီး ပြန့်ထွက်သွားကြသည်။
ထိုသို့ဖြစ်ပျက်နေစဥ် မြေပြင်များမှာလည်း ထိုနည်းတူ ခါယမ်းလာကြသည်။ မြေပြင်ကြီးသည်လည်း ဆယ်ပိုင်းတိတိ ကျိုးပျက်သွားကြသဖြင့် မြေရိုင်းဒေသအပါအဝင် ကောင်းကင်တံတားနယ်မြေ တစ်ခုလုံးတွင် ကျယ်လောင်သော ထစ်ချုန်းသံများဖြင့် ပြည့်နှက်သွားသည်။
ယခုအခါ ကောင်းကင်တံတားနယ်မြေထဲတွင် ကောင်းကင်ကိုးခုနှင့် မြေပြင်ဆယ်ခု ရှိနေပြီဖြစ်သည်။
နယ်မြေတစ်ခွင်ရှိ သက်ရှိများ တုန်ရီနေကြပြီး သူတို့၏ပတ်ပတ်လည်ရှိ ကမ္ဘာကြီးမှာ ပျက်သုဥ်းနေကြသဖြင့် သူတို့၏ မျက်ဝန်းများ အသက်မဲ့နေကြတော့သည်။ သူတို့ခံစားနေရသည့် အဖျက်စွမ်းအားကြီးမားသော အငွေ့အသက်များကြောင့် သူတို့၏ စိတ်နှလုံးထဲတွင် ဖော်ပြ၍မရနိုင်သော အကြောက်တရားများဖြင့် ပြည့်နှက်နေတော့သည်။
ထိုစဥ် မြောက်ပိုင်း၏ဓားကြီးမှာ သူ့အားပြန်မခုခံနိုင်သည့် လေပွေကြီးအား ခုတ်ထစ်ပြီးသွားသဖြင့် ထိုလေပွေကြီးပေါက်ကွဲသွားတော့သည်။
ကောင်းကင်တံတားတာအိုမှာ ထိုပြင်းအားကြီးနှင့် ရိုက်ခတ်မိသွားသောအခါ သူ့အား ဧရာမတောင်ကြီးတစ်လုံးက ဝင်တိုက်လိုက်သည့်အလား။ သူ၏ပါးစပ်ထဲမှ သွေးများပန်းထွက်လာပြီး သူ နောက်သို့လွင့်ထွက်သွားသဖြင့် သူ၏ဆံနွယ်များမှာ ယမ်းခါနေတော့သည်။ သူ၏မျက်ဝန်းများထဲတွင် အပြာရောင်အလင်းတစ်ခု တောက်ပလာပြီး သူသည် ဘေးဘက်သို့ ရှောင်တိမ်းလိုက်ပါသော်လည်း သူ၏ ညာဘက်လက် ပျောက်ကွယ်သွားပြီး သွေးမြူမှုန်များအသွင်သို့ ပြောင်းလဲသွားခြင်းကိုမူ မတားဆီးနိုင်လိုက်ပေ။
" မဖြစ်နိုင်ဘူး "
သူ၏ နှုတ်ခမ်းနှင့်မေးစေ့ပေါ်တွင် သွေးများဖြင့် စိုရွှဲနေသည်။ ပိုင်ရှောင်ချန်း၏ စွမ်းအားကြီးမားမှုနှင့် အသက်ရှည်မီးအိမ်၏ ခမ်းနားကြီးကျယ်မှုများကို သူ လုံးဝလက်မခံနိုင်လောက်အောင် ဖြစ်နေရသည်။ ပို၍ဆိုးသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်လှပြီဖြစ်သော အတိတ်မှ သူ၏ထိပ်သီးတပည့်က မြောက်ပိုင်း၏ဓားကြီးကို ပြီးမြောက်စွာ ဖန်တီးနိုင်လိုက်သည့်အချက်ကြောင့် သူ ပို၍ ရူးသွပ်သွားရတော့သည်။
သူ၏ ထိပ်သီးတပည့်မှာ အမှန်တကယ်သေဆုံးသွားခြင်းမဟုတ်ကြောင်းကို သူ မကြာသေးမီက သေချာသိခဲ့ပြီး ဤကမ္ဘာရတနာကြီး၏ အကြောင်းကိုပါ သိခဲ့ပါသော်လည်း သူ အထူးတလည် ဂရုမစိုက်ခဲ့ပေ။ သူသည် အရေးကြီးသော အချက်တစ်ချက်ကို သိရှိထားသည် မဟုတ်ပါလော။ နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်က ... ကမ္ဘာရတနာ၏ စွမ်းအားကို အပြည့်အဝ ထုတ်သုံးနိုင်ခြင်းမရှိဟူသည့် အချက်ပင်ဖြစ်သည်။
သို့သော် ယခုလေးတင် ပေါ်ထွက်လာခဲ့သည့် တုန်လှုပ်ခြောက်ခြားဖွယ် ဓားစွမ်းအင်ကြီးကား လက်ခံယုံကြည်နိုင်ဖွယ် မရှိလောက်အောင်ပင်။
" မဖြစ်နိုင်ဘူး။ ဒါလုံးဝ မဖြစ်နိုင်ဘူး "
သူသည် ကြောက်ရွံ့တုန်လှုပ်နေပြီး ရုတ်တရက် သူ အမှုမဲ့အမှတ်မဲ့ ထားခဲ့မိသည့် အချက်တစ်ချက်ကို သတိရသွားတော့သည်။ ထိုအခါ ... သူသည် နောက်သို့ဆုတ်သွားပြီး ရေရွတ်လိုက်တော့သည်။
" ရယ်တစ်ဝက်ငိုတစ်ဝက် သရဲမျက်နှာကြီးရဲ့ ခန္ဓာအစစ်ပဲဖြစ်ရမယ်။ တောက် … သူ့ကြောင့်ဆိုတာ အသေအချာပဲ "
ပိုင်ရှောင်ချန်းသည်လည်း ကောင်းကင်တံတားတာအိုအတိုင်း သွေးများစိုရွှဲနေပြီဖြစ်သည်။ သူ၏ပြန်လည်ကုစားနိုင်စွမ်းများ မည်မျှပင် ကောင်းမွန်စေကာမူ ကောင်းကင်ဧကရာဇ်အဆင့် အငွေ့အသက်များပါဝင်နေသော မြောက်ပိုင်း၏ဓားကြီးကို အသုံးပြုရာမှ ခံစားရသည့် တန်ပြန်ဒဏ်များကို ချက်ချင်း ပျောက်ကင်းသွားအောင် မကုသပေးနိုင်ပေ။
ထိုဒဏ်ရာများမှာ သူ့အတွက်အရေးမပါပေ။ ထို့အပြင် သူ၏ အသိစိတ်မှာ တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ်စပြုနေသည်ကိုလည်း သူက ဂရုမစိုက်ပေ။ သူသည် စိတ်ကြည်လင်စေရန်အတွက် သူ၏လျှာကိုကိုက်လိုက်ပြီးနောက် သတ်ဖြတ်လိုစိတ်နှင့် အငွေ့အသက်များထုတ်လွှတ်၍ မြောက်ပိုင်း၏ဓားကြီးကို ကိုင်မြှောက်ကာ စူးရှတောက်ပသောအလင်းတန်းတစ်တန်းအသွင်ပြောင်းလဲ၍ ကောင်းကင်တံတားတာအိုဆီသို့ တည့်မတ်စွာ ဦးတည်သွားတော့သည်။
" သေချိန်တန်ပြီ ကောင်းကင်တံတားတာအို "
ကောင်းကင်ကြီး ပျက်သုဥ်းသွားပြီး မြေပြင်ကြီး ပျက်စီးသွားသည့်တိုင်အောင် သူ၏သတ်ဖြတ်လိုစိတ်များကား လျှော့နည်းသွားမည်မဟုတ်ပေ။
ပိုင်ရှောင်ချန်းသည် သူ၏လက်ကျန်စွမ်းအင်ကို အသုံးချ၍ နောက်ဆုံးတိုက်ကွက်တစ်ခု ထုတ်ဖော်လိုက်သည်ကို မြင်လိုက်ရသောအခါ ကောင်းကင်တံတားတာအို၏ စိုးရိမ်ထိတ်လန့်မှုများ တမုဟုတ်ခြင်း မြင့်တက်သွားတော့သည်။ သူ့အပေါ်သို့ ကျဆင်းလာနေသည့် အပြာရောင်အလင်းတန်းကြီးကို သူ လွတ်လွတ်ကျွတ်ကျွတ် ရှောင်တိမ်းနိုင်မည် မဟုတ်ပေ။ သူ၏ မျက်လုံးအိမ်များကျဥ်းမြောင်းသွားပြီး သူ ဘေးဘက်သို့ ရှောင်တိမ်းလိုက်ပါသော်လည်း သူ၏ဘယ်ဘက်ခြေထောက် ပျောက်ကွယ်သွားတော့သည်။
ထိုနာကျင်မှုကြောင့် သူ၏နှုတ်မှ ကျယ်လောင်သော အော်ဟစ်သံကြီးတစ်သံ ပေါ်ထွက်လာပါသော်လည်း အရူးတစ်ပိုင်းဖြစ်နေသည့် ပိုင်ရှောင်ချန်းမှာ လုံးဝ နှေးကွေးမသွားပေ။ သူသည် အသာစီးရနေခြင်းကို အခွင့်ကောင်းယူ၍ နောက်ထပ်တစ်ကြိမ် တိုက်ခိုက်လိုက်ပြန်သည်။
ပိုင်ရှောင်ချန်း၏ မျက်ဝန်းထဲရှိ အကြည့်ကြောင့် စွမ်းအားကြီးမားလှသော ကောင်းကင်တံတားတာအိုပင်လျှင် ကြောက်ရွံ့တုန်လှုပ်နေရပြီဖြစ်သည်။
" တုလင်ဖေး မသေသေးဘူး "
သူက မိုးခြိမ်းသံကဲ့သို့သော အသံကြီးဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။ ထိုအချင်းအရာမှာ ပိုင်ရှောင်ချန်းအတွက် တုန်လှုပ်ဖွယ် အကြောင်းအရာတစ်ခုဖြစ်ပါသော်လည်း သူကား ရူးသွပ်နေပြီဖြစ်၍ တစ်ခဏလေးမျှပင် အရှိန်နှေးမသွားပေ။
ကောင်းကင်တံတားတာအိုမှာ သူ၏အကြံအစည် ကျရှုံးသွားကြောင့် သိလိုက်ရသောအခါ အံကိုကြိတ်၍ သူ့ကိုယ်သူဖောက်ခွဲလိုက်တော့သည်။ သူ၏ ဖွက်ဖွက်ညက်ညက်ကြေသွားသော ခန္ဓာကိုယ်ထဲမှ ကြီးမားသော ပြင်းအားများ ပေါက်ကွဲထွက်လာပြီး သစ်စေ့တစ်စေ့နှင့် မှော်သင်္ကေတများစွာ စုစည်းနေသည့် စူးရှတောက်ပသော အလုံးတစ်လုံး ထွက်ပေါ်လာသည်။ ၎င်းမှာ အံ့သြဖွယ်ကောင်းသော အမြန်နှုန်းဖြင့် ပိုင်ရှောင်ချန်း၏အဝေးသို့ ပျံထွက်သွားပြီး ပျက်စီးနေပြီဖြစ်သော ကောင်းကင်ပေါ်သို့ ပျံတက်သွားတော့သည်။
ကောင်းကင်ဧကရာဇ်က သူ၏ခန္ဓာကိုယ်ကို ဖောက်ခွဲ၍ အရှိန်အဟုန်ဖြင့် ထွက်ပြေးသွားသည်ကို ပိုင်ရှောင်ချန်းက လက်မခံနိုင်ပေ။ သူသည် သွေးများအန်နေပြီး သူ၏ဒဏ်ရာများမှာ အချိန်နှင့်အမျှ ပို၍ဆိုးရွားလာပါသော်လည်း လိုက်လံဖမ်းဆီးရန် နောက်မှလိုက်သွားတော့သည်။ သို့သော်လည်း ကောင်းကင်တံတားတာအိုမှာ နောက်ဆုံးအကြိမ်အဖြစ် အရှိန်တင်လိုက်သည်ဖြစ်ပြီး ... အထက်ရှိ အပိုင်းကိုးပိုင်းဖြစ်နေသော ကောင်းကင်ကြီးမှာ အစအန မကျန်တော့လောက်အောင် ပျက်သုဥ်းသွားသဖြင့် တဂျိန်းဂျိန်းမြည်ဟည်းသံများ ကျယ်လောင်စွာ ပေါ်ထွက်လာတော့သည်။
ကောင်းကင်ကြီးကား ပြုပြင်၍မရနိုင်လောက်အောင် ပျက်စီးသွားလေပြီ။
ဧရာမ တုန်ခါမှုလှိုင်းကြီးတစ်လှိုင်း အရပ်မျက်နှာအနှံ့သို့ ပြန့်ထွက်သွားသည်။ ပိုင်ရှောင်ချန်းသည် သူ၏ဒဏ်ရာများကို အခြေအနေ ဆိုးမသွားစေရန် ဂရုစိုက်နေရသည်ဖြစ်၍ ထိုလှိုင်းကြီးကို မရှောင်တိမ်းနိုင်လိုက်ပေ။ ထို့ကြောင့် ၎င်းက သူ့အား တိုက်မိသွားသောအခါ သူ၏အသိစိတ်များ ချာချာလည်သွားရပြီး သူသည် အထိန်းအကွပ်မဲ့စွာ လေပေါ်သို့ လွင့်စင်သွားတော့သည်။
သူ၏ အသိစိတ်များ တဖြည်းဖြည်း ပျောက်ကွယ်စပြုလာချိန်တွင် သူ၏မျက်လုံးများကို ကောင်းကင်တံတားတာအိုရှိရာဘက်သို့ စောင်းငဲ့ကြည့်လိုက်သောအခါ သူသည်လည်း တုန်ခါလှိုင်းကြီး၏ ဖုံးလွှမ်းခြင်းခံရသည်ကို လှမ်းမြင်လိုက်ရသည်။ သူ အသက်ရှင်သွားလား၊ သေဆုံးသွားမလားဆိုသည်ကိုမူ ... တပ်အပ်ပြောရန် မဖြစ်နိုင်ပေ။
ပိုင်ရှောင်ချန်းမှာ ထိုအဖြေကို သိချင်ပါသော်လည်း သူ၏ခန္ဓာကိုယ်အား ထိန်းချုပ်၍မရနိုင်လောက်အောင် ဖြစ်နေသည်။ ထို့နောက် သူသည်တဖြည်းဖြည်း သတိလစ်သွားတော့သည်။ သူနောက်ဆုံး မြင်လိုက်ရသည့် အရာကား ...
ကောင်းကင်ကြီး ပျက်သုဥ်းသွားသောအခါ အထက်တွင် ဧရာမလေပွေကြီးတစ်ခု ပေါ်ထွက်လာသည်။ ၎င်းထဲမှ အားပြင်းသော ဆွဲငင်အားများ ထွက်ပေါ်လာပြီး တည်နေရာရွှေ့ပြောင်းခြင်းစွမ်းအားများအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။ ထိုစွမ်းအားများမှာ ကောင်းကင်တံတားနယ်မြေထဲသို့ ဆင်းသက်လာပြီး သက်ရှိအားလုံးဆီသို့ ကူးစက်သွားသည်။ မျက်စိတစ်မှိတ်အတွင်း သူတို့အားလုံး ပျောက်ကွယ်သွားကြပြီး ပြင်ပကမ္ဘာ၏ နေရာပေါင်းစုံသို့ အသီးသီးရောက်ရှိသွားကြ၏။ သို့သော် ပိုင်ရှောင်ချန်းမှာမူ ၎င်းကို မသိလိုက်ရပေ...
အဏ္ဏဝါခေါ်သံဂိုဏ်းမှ လူအားလုံး၊ မြေရိုင်းဒေသမှလူအားလုံးနှင့် ကောင်းကင်တံတားနယ်မြေတစ်ခုလုံးမှ လူအားလုံး တည်နေရာရွှေ့ပြောင်းခြင်း ခံလိုက်ရသည်။
ကောင်းကင်ကြီး ပျက်သုဥ်း၍ ကမ္ဘာကြီး ပျက်စီးနေချိန်တွင် ပိုင်ရှောင်ချန်း၏မျက်ဝန်းများမှာ လုံးဝနီမြန်းနေသည်။ သူသည် အသိစိတ်ပျောက်နေသည့် အမူအရာဖြင့် ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို ပြန်တွေးတောကာ ၎င်းတို့မှာ အစစ်အမှန်အလားဟု တွေးတောနေမိတော့သည်။ အစစ်အမှန်နှင့်တော့ လုံးဝတူမနေသည်မှာ အမှန်ပင်။
" ငါ့ရဲ့အိမ် ... မရှိတော့ဘူး ... "
သူ ရေရွတ်လိုက်၏။ သူ တဖြည်းဖြည်းချင်း သတိလစ်နေချိန်တွင် အနာဂတ်ကြီးတစ်ခုလုံး ဗလာကျင်းသွားသလို ခံစားနေရသည်။ သူသည် လေပေါ်မှပြုတ်ကျလာပြီး တည်နေရာရွှေ့ပြောင်းခြင်းအလင်းရောင်များက သူ့အား လွှမ်းခြုံသွားတော့သည်။ ထို့နောက် သူ ပျောက်ကွယ်သွားတော့သည်။
သူ လုံးဝ သတိလစ်မသွားခင် နောက်ဆုံးအချိန်ကလေးတွင် ပြင်ပကမ္ဘာမှ ဆူညံသောအသံများကို လှမ်း၍ကြားလိုက်ရသေးသည်။ အချို့အသံများမှာ စိတ်လှုပ်ရှားနေကြသည့်အသံများဖြစ်သည်။ အချို့မှာ လောဘများဖုံးလွှမ်းနေသည့် အသံများဖြစ်ကြသည်။ အချို့မှာမူ အလွန်ရက်စက်ကြမ်းကြုတ်ဖွယ်ကောင်းသော အသံများဖြစ်ကြသည်။
" ပွင့်လာပြီဟေ့။ ဗဟိုမိုးမြေဧကရာဇ်ရဲ့ ခန္ဓာကိုယ်ကြီး ပွင့်လာပြီဟ "
" ဟားဟား။ အဲဒီကမ္ဘာကလူတွေ ထွက်လာဖို့ ငါတို့စောင့်နေတာ အတော်ကြာပြီကွ။ မြန်မြန်... မိစ္ဆာဧကရာဇ်ကို အကြောင်းကြားလိုက်စမ်း။ ဗဟိုဧကရာဇ်မင်းဆက်ရဲ့ လူတွေက ထာဝရနယ်မြေတွေရဲ့ နေရာပေါင်းစုံကို ရောက်သွားကြမှာ။ အချိန်ဖြုန်းနေလို့ မဖြစ်ဘူး။ သူတို့အားလုံးကို ကျွန်ပြုကြဟေ့ "
" ဟမ့်… ကြောင်သူတော် သူတော်စင်ဧကရာဇ်က ဗဟိုဧကရာဇ်မင်းဆက်ရဲ့ သွေးမျိုးဆက်ကို လိုချင်တပ်မက်မှာတော့ အမှန်ပဲ။ ဒါပေမဲ့ ငါတို့ကို ကျောနိုင်မှာတော့ မဟုတ်ပါဘူး။ ငါတို့ မိစ္ဆာဧကရာဇ်မင်းဆက်က ဗဟိုဧကရာဇ်မင်းဆက်ရဲ့လူတွေအားလုံးကို ကျွန်ပြုပြီးတာနဲ့ သူတော်စင်ဧကရာဇ်မင်းဆက်က လူတွေတော့ ကိစ္စတုံးပြီပဲ။ ဗဟိုမိုးမြေဧကရာဇ်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးပေါ်မှာ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်တွေချထားဖို့ကိစ္စနဲ့ ပတ်သတ်ပြီး ငါတို့ စစ်ဖြစ်ခဲ့လို့ တော်သေးတယ် "
" မိုးမြေဧကရာဇ်သုံးယောက်ထဲမှာ သူက နောက်ဆုံးမှ ပေါက်ကွဲတာ။ တော်တော်ကို အချိန်ကြာတာပဲ။ ပုံမှန်ဆို နယ်မြေက သုံးပိုင်းကွဲနေမှာဆိုပေမဲ့ အခုတော့ အဲဒီလိုဖြစ်ဖို့ နောက်ကျသွားပြီကွ။ ဗဟိုဧကရာဇ်ကမ္ဘာထဲကလူတွေက မိစ္ဆာဧကရာဇ်မင်းဆက်ရဲ့ ကျေးကျွန်တွေဖြစ်ဖို့ ကံပါလာတာပဲ "
" ဗဟိုဧကရာဇ်ကမ္ဘာမှ တာအိုရောင်းရင်းတို့ခင်ဗျား… ကျွန်တော်တို့က သူတော်စင်ဧကရာဇ်မင်းဆက်ကပါ။ ကျွန်တော်တို့က သင်တို့ကို ကူညီဖို့ ရောက်လာတာပါ။ မိစ္ဆာဧကရာဇ်မင်းဆက်ကို တွန်းလှန်ဖို့ ကျွန်တော်တို့နဲ့ ပူးပေါင်းကြပါ။ မမေ့နဲ့နော် ကျွန်တော်တို့က သူတော်စင်ဧကရာဇ်မင်းဆက်ကပါ။ ကျွန်တော်တို့ကို လာရှာကြပါ "
" သူတော်စင်ဧကရာဇ်မင်းဆက်ဆိုတာ ထာဝရနယ်မြေတွေထဲမှာ မိစ္ဆာဧကရာဇ်မင်းဆက်ကို တွန်းလှန်နိုင်မဲ့ တစ်ခုထဲသော မင်းဆက်ပဲ။ ဗဟိုဧကရာဇ်ကမ္ဘာက တာအိုရောင်းရင်းတို့နဲ့ အထူးသဖြင့် လက်ရှိဗဟိုဧကရာဇ်ခင်ဗျား... သင်တို့ထံမှာ အခြားရွေးချယ်စရာ မရှိပါဘူး။ သူတော်စင်ဧကရာဇ်မင်းဆက်နဲ့ ပူးပေါင်းကြပါ "
****
ထာဝရနယ်မြေများထဲတွင် အင်မော်တယ်နယ်မြေ ငါးခုနှင့် မြူခိုးများထနေသည့် ပင်လယ်တစ်စင်းရှိသည်။ ထိုပင်လယ်ထဲတွင် ကောင်းကင်ကြီးကိုပင် ထောက်ထားနိုင်လောက်အောင် မြင့်မားသည့် ဧရာမ ရှေးဟောင်းရုပ်ထုကြီးတစ်ခုရှိသည်။ ရုတ်တရက် ထိုရုပ်ထုကြီးထဲမှ အုန်းခနဲအသံကျယ်ကြီးတစ်သံ ပေါ်ထွက်လာပြီး ထာဝရနယ်မြေနယ်များဆီသို့ လွင့်ပျံသွားကာ....
ထိုရုပ်ထုကြီး ပြိုကျသွားတော့သည်။