← Chapters

အခန်း (၄၂၅-၄၂၆)

Vol. 31 Ch. 425-426

အခန်း (၄၂၅-၄၂၆)

Vol. 31 Ch. 425-426

‎အခန်း ( ၄၂၅ ) - ပြန်လာရန် မလိုအပ်တော့ခြင်း၊ စိတ်အားငယ်သွားခြင်း၊ ကုချန်၏ အမိန့်

‎

‎

‎

‎လဝိညာဉ် ကောင်းကင်ဘုံ၏ ကောင်းကင်နှလုံးသားကို ရရှိပြီးနောက် ကုချန်သည် ကောင်းကင်နှလုံးသားကို နားလည်သဘောပေါက်ရန်နှင့် ' ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း ' ကို လေ့လာရန်အတွက် ချက်ချင်း တံခါးပိတ်ကျင့်ကြံခြင်းမျိုး မလုပ်သေးချေ။

‎

‎

‎" ငါ့ရဲ့ မျိုးဆက်တွေ အများကြီး အောက်ကမ္ဘာမှာ ရှိနေသေးတယ်... သူတို့အားလုံးကို အင်မော်တယ်နယ်မြေဆီ ခေါ်လာဖို့ စီစဉ်ထားလို့ မင်းရဲ့ လဝိညာဉ် ကောင်းကင်ဘုံထဲက ရတနာနယ်မြေတစ်ခုကို ခဏလောက် ငှားချင်တယ် "

‎

‎

‎ကုချန်မှ ယွဲ့လင်အင်မော်တယ်ဘုရင်အား ပြောဆိုလိုက်၏။

‎

‎

‎ယခုအခါ ဤလဝိညာဉ် ကောင်းကင်ဘုံ၏ ကောင်းကင်နှလုံးသားကို ကုချန် ထိန်းချုပ်ထားပြီဖြစ်ရာ ဤကောင်းကင်ဘုံအတွင်း ဖြစ်ပျက်သမျှသည် သူ၏မျက်စိအောက်မှ လွတ်ကင်းနိုင်မည် မဟုတ်ပေ။ ထို့ပြင် အင်မော်တယ်တံခါးကို ဖြတ်ကျော်နည်းကိုလည်း သူ သိထားပြီးဖြစ်သလို တစ်ခုတည်းသော အတားအဆီးဖြစ်သည့် ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်မှာလည်း သူ၏သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်တားမြစ်နယ်မြေကို အင်မော်တယ်နယ်မြေသို့ ရွှေ့ပြောင်းရန် စဉ်းစားရမည့်အချိန် ရောက်လာပြီ ဖြစ်လေသည်။

‎

‎

‎အဆုံးမဲ့ကမ္ဘာသည် ကောင်းမွန်သော်လည်း မည်သို့ပင်ဆိုစေ အောက်ကမ္ဘာသာ ဖြစ်၏။ ကောင်းကင်ဘုံ တာအိုပဲဖြစ်ဖြစ်၊ ဝိညာဉ်ချီ သိပ်သည်းဆပဲဖြစ်ဖြစ် အင်မော်တယ်နယ်မြေထက် အဆင့်များစွာ နိမ့်ကျနေ၏။ ကုမိသားစု၏ မျိုးဆက်များ ပိုမိုကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်လိုပါက သဘာဝကျကျပင် အင်မော်တယ်နယ်မြေသို့ လာရောက်ခြင်းက အကောင်းဆုံး ဖြစ်သည်။

‎

‎

‎" ဒီလဝိညာဉ် ကောင်းကင်ဘုံမှာ ရှိသမျှ အရာအားလုံးက ရှင့်ဟာတွေချည်းပါပဲ... ရှင့်ရဲ့ မျိုးနွယ်စုဝင်တွေကို ရှင်ထားချင်တဲ့ နေရာမှာ ထားလို့ရပါတယ် "

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင်မှ ကုချန်၏ငှားရမ်းမှုအား သဘောတူလိုက်လေသည်။

‎

‎

‎ကုချန်နှင့် သဘောတူညီချက်အရ ကုချန်မှ လဝိညာဉ် ကောင်းကင်ဘုံ၏ ကောင်းကင်နှလုံးသားကိုသာ ယူမည်ဖြစ်၍ နယ်မြေနှင့် အရာအားလုံးသည် ယွဲ့လင်အင်မော်တယ်ဘုရင်၏ ပိုင်ဆိုင်မှုအဖြစ် ဆက်လက်တည်ရှိနေမည် ဖြစ်သော်လည်း အမှန်တကယ်တွင် အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုတစ်ခုအတွက် ကောင်းကင်နှလုံးသား အမှတ်အသားကသာ အရေးကြီးဆုံး ဖြစ်၏။ ယခု ကောင်းကင်နှလုံးသားသည် ကုချန်၏လက်ထဲသို့ ရောက်သွားပြီဖြစ်သည်။

‎

‎

‎ဤလဝိညာဉ် ကောင်းကင်ဘုံသည် အပြင်ပန်းအားဖြင့် ယွဲ့လင်အင်မော်တယ်ဘုရင် ပိုင်ဆိုင်နေဆဲဟု ဆိုသော်လည်း အမှန်တကယ်တော့ ကုချန်ထံ လွှဲပြောင်းပေးလိုက်ခြင်းနှင့် မည်သို့မျှ ကွာခြားခြင်း မရှိတော့ချေ။ ထို့ကြောင့် ကုချန်မှ မည်သည့် ရတနာနယ်မြေကို ရွေးချယ်သည်ဖြစ်စေ သူသည် ကျိန်းသေပေါက် ငြင်းဆန်မည် မဟုတ်ပေ။ သို့သော်.....

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင်သည် တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် တုံ့ဆိုင်းစွာ မေးမြန်းလိုက်၏။

‎

‎

‎" ကျွန်မတို့ ချီလျန်မျိုးနွယ်ဝင်တွေ အနာဂတ်မှာ အင်မော်တယ်နယ်မြေကို ပြန်လာဖို့ အခွင့်အရေး ရှိနိုင်ဦးမလား "

‎

‎

‎အင်မော်တယ်ဘုရင်အဆင့်သို့ ရောက်ရှိပြီးနောက် ယွဲ့လင်အင်မော်တယ်ဘုရင်သည် ချီလျန်မျိုးနွယ်နှင့် ဆက်သွယ်ရန် အမြဲတစေ ဆန္ဒရှိခဲ့ကာ ချီလျန်မျိုးနွယ်ကို အင်မော်တယ်နယ်မြေသို့ ပြန်လည်ခေါ်ဆောင်လာရန်ပင် စိတ်ကူးရှိခဲ့သည်။ နောက်ပိုင်း ချန်းရှီအင်မော်တယ်ဘုရင် ကိစ္စကြောင့်သာ ဤစိတ်ကူးကို ယာယီ ဘေးဖယ်ထားခဲ့ရခြင်း ဖြစ်၏။

‎

‎

‎သို့သော် ယခု ကုချန်မှတစ်ဆင့် ချီလျန်မျိုးနွယ်နှင့် ပြန်လည်အဆက်အသွယ် ရသွားသောအခါ ယွဲ့လင်အင်မော်တယ်ဘုရင်၏ ရင်ထဲတွင် ထိုစိတ်ကူးသည် နောက်တစ်ဖန် ပြန်လည်ပေါ်ပေါက်လာခဲ့၏။ အကယ်၍ ချီလျန်မျိုးနွယ်သာ အင်မော်တယ်နယ်မြေသို့ ပြန်လာခွင့်ရမည်ဆိုပါက ဘိုးဘေးများထံ ပြန်လည်ရောက်ရှိခြင်းဟု သတ်မှတ်နိုင်ပေသည်။

‎

‎

‎အင်မော်တယ်နယ်မြေကို ပြန်လာရမယ်?

‎

‎

‎ကုချန် စကားမပြောရသေးမီ ဘေးတွင်ရှိသော ချီလျိုမှ အရင် ဝင်‌ပြောလိုက်၏။

‎

‎

‎" ဘိုးဘေး... အင်မော်တယ်နယ်မြေကို ပြန်လာဖို့ ကိစ္စက မလိုအပ်ဘူးလို့ ကျွန်မ ထင်တယ်... ရှေးဟောင်း အင်မော်တယ်နဲ့ နတ်ဆိုး စစ်ပွဲကို ဖြတ်သန်းခဲ့တဲ့ ချီလျန်မျိုးနွယ် ဘိုးဘေးတွေက ကျဆုံးသွားတာ ကြာလှပြီ... လက်ရှိ ချီလျန်မျိုးနွယ်ဝင်တွေ အားလုံးက နတ်ဆိုးနယ်မြေမှာ မွေးဖွားလာကြပြီး နတ်ဆိုးနယ်မြေရဲ့ ကောင်းကင်ဘုံ တာအိုကိုပဲ ကျင့်ကြံကြတာပါ... တစ်နည်းအားဖြင့် ပြောရရင် သူတို့က နတ်ဆိုးနယ်မြေရဲ့ သက်ရှိတွေလို့တောင် သတ်မှတ်လို့ရတယ်... ဒါကြောင့် အင်မော်တယ်နယ်မြေကို ပြန်လာဖို့ တကယ် မလိုအပ်ပါဘူး "

‎

‎

‎ချီလျိုသည် ချီလျန်မျိုးနွယ်ကို အင်မော်တယ်နယ်မြေသို့ ပြန်လာစေရန် လုံးဝ ရည်ရွယ်ချက် မရှိချေ။

‎

‎

‎ပထမအချက်အနေဖြင့် လက်ရှိ ချီလျန်မျိုးနွယ်ဝင် အားလုံးသည် နတ်ဆိုးနယ်မြေ၌ မွေးဖွားလာကြခြင်းဖြစ်ရာ နတ်ဆိုးနယ်မြေ၏ ဌာနေသက်ရှိများဟု ဆိုလျှင်လည်း မမှားပေ။ သူတို့တွင် အင်မော်တယ်နယ်မြေအပေါ် မည်သည့် သံယောဇဉ်မျှ မရှိကြချေ။

‎

‎

‎ဒုတိယအချက်အနေဖြင့် အချိန်ကာလရှည်ကြာ ဆင့်ကဲပြောင်းလဲလာပြီးနောက် ချီလျန်မျိုးနွယ်ဝင်များသည် နတ်ဆိုးနယ်မြေ၏ ကျင့်စဉ်များနှင့် နတ်ဘုရားစွမ်းရည်များကို ကျင့်ကြံကြကာ နတ်ဆိုးနယ်မြေ၏ ကောင်းကင်ဘုံ တာအိုနှင့် ပေါင်းစပ်ထားကြ၏။ အကယ်၍ အင်မော်တယ်နယ်မြေသို့ ပြန်လာရပါက သူတို့၏လမ်းစဉ်ကို ပြောင်းလဲကာ အသစ်ပြန်လည်ကျင့်ကြံရမည်မှာ အသေအချာပင်။

‎

‎

‎ထိုစဉ်က ချီလျန်မျိုးနွယ် နတ်ဆိုးနယ်မြေသို့ ပုန်ကန်ဝင်ရောက်ချိန်တွင် နတ်ဆိုးနယ်မြေမှ အဆင့်မြင့်ပုဂ္ဂိုလ်များနှင့် ကြိုတင်သဘောတူညီမှု ရရှိထားသောကြောင့် နတ်ဆိုးဧကရာဇ်ကြီး ကိုယ်တိုင် လမ်းတစ်လျှောက် ကာကွယ်ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ နတ်ဆိုးနယ်မြေသို့ ရောက်ရှိပြီးနောက်တွင်လည်း လမ်းစဉ်ပြောင်းလဲခြင်းဟူသော အရေးကြီးသည့်အဆင့်ကို သူကပင် ကူညီပေးခဲ့၏။ အကယ်၍ သူတို့သာ အင်မော်တယ်နယ်မြေသို့ ရုတ်တရက် ပြန်လာပါက ဤအရာအားလုံးကို လုပ်ဆောင်ပေးမည့် အင်မော်တယ်ဧကရာဇ်တစ်ပါး မည်သည့်နေရာတွင် ရှိမည်နည်း။

‎

‎

‎တတိယအချက်အနေဖြင့် ချီလျန်မျိုးနွယ်သည် အချိန်ကြာမြင့်စွာ ဒုက္ခခံခဲ့ရပြီးနောက် ယခုမှသာ တိမ်တိုက်များကို ခွင်း၍ ကြည်လင်သော ကောင်းကင်ကို မြင်တွေ့ကာ အဆုံးမဲ့ ကောင်းကင်ဘုံ၏ ပထမဆုံး မျိုးနွယ်စုကြီး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ သူတို့၏အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုနှင့် ကြီးပွားချမ်းသာမှုမှာ လက်တစ်ကမ်းတွင် ရှိနေပြီဖြစ်ရာ ဤအချိန်တွင် အင်မော်တယ်နယ်မြေသို့ ပြန်လာပါက ချီလျန်မျိုးနွယ်သည် မည်သို့သော အခြေအနေများနှင့် ရင်ဆိုင်ရမည်ကို မည်သူသိနိုင်မည်နည်း။

‎

‎

‎မည်သို့ပင်ဆိုစေ ယွဲ့လင်အင်မော်တယ်ဘုရင်ကိုယ်တိုင်ပင် ချန်းရှီအင်မော်တယ်ဘုရင်၏ လိုချင်တပ်မက်ခြင်းကို ခံနေရသည်ဟု ယခုလေးတင် ပြောခဲ့သည် မဟုတ်ပါလော။ အကယ်၍ ချီလျန်မျိုးနွယ်သာ အင်မော်တယ်နယ်မြေသို့ အမှန်တကယ် ပြန်လာပါက ယွဲ့လင်အင်မော်တယ်ဘုရင်သည် သူတို့ကို ကာကွယ်ပေးနိုင်မည်လော။ ၎င်းနှင့် နှိုင်းယှဉ်လျှင် အရှင်သခင်၏ အတောင်ပံအောက်တွင် နေထိုင်ခြင်းက သိသိသာသာ ပို၍ လုံခြုံပေသည်။

‎

‎

‎သို့သော် ဤကဲ့သို့ တဲ့တိုးဆန်သော အကြောင်းပြချက်များကို ယွဲ့လင်အင်မော်တယ်ဘုရင်အား ချီလျို ပွင့်ပွင့်လင်းလင်း မပြောရဲပေ။ 'ဘိုးဘေးက စွမ်းရည်မရှိဘူး၊ ကျွန်မတို့ကို မကာကွယ်နိုင်ဘူး။ အရှင်သခင် ရှိနေမှသာ ကျွန်မတို့ ချီလျန်မျိုးနွယ်က ပိုလုံခြုံတယ်' ဟု သူ မည်သို့ ပြောထွက်မည်နည်း။

‎

‎

‎ထိုသို့တွေးတောနေစဉ် ချီလျိုသည် သူ၏ဘေးတွင်ရှိသော ကုချန်ကို တိတ်တဆိတ် အကဲခတ်ကြည့်လိုက်၏။ ယွဲ့လင်အင်မော်တယ်ဘုရင်၏ အကြံပြုချက်ကြောင့် ကုချန် တစ်ခုခု အထင်လွဲသွားမည်ကို သူ စိုးရိမ်နေရလေသည်။

‎

‎

‎" ငါ အများကြီး တွေးမိသွားတာပါ "

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင်သည် ချီလျို၏ တုံ့ပြန်မှုကို ကြည့်ကာ သူ၏အကြံပြုချက်မှာ တကယ်ကို မလိုအပ်ကြောင်း သိလိုက်၏။

‎

‎

‎ယခုအခါ ချီလျန်မျိုးနွယ်သည် နတ်ဆိုးနယ်မြေ၌ ကောင်းမွန်စွာ နေထိုင်နေရကာ သူ ယခင်က စိတ်ကူးထားသကဲ့သို့ ဆိုးရွားသော အခြေအနေမျိုးနှင့် လုံးဝ မတူညီတော့ချေ။ ထိုသို့ဆိုလျှင် ချီလျန်မျိုးနွယ်ကို အင်မော်တယ်နယ်မြေသို့ ပြန်လာရန် သူက မည်သည့်အကြောင်းပြချက်ဖြင့် တောင်းဆိုရမည်နည်း။ ထို့ပြင် အင်မော်တယ်နယ်မြေသို့ ပြန်လာပြီးနောက် သူ၏စွမ်းအားဖြင့် ချီလျန်မျိုးနွယ်ကို အမှန်တကယ် ကာကွယ်ပေးနိုင်ပါမည်လော။

‎

‎

‎ဤအချက်များကို တွေးမိသောအခါ ယွဲ့လင်အင်မော်တယ်ဘုရင်မှာ အနည်းငယ် စိတ်အားငယ်သွားမိသည်။ ထိုခံစားချက်မှာ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ရသော ရည်မှန်းချက်တစ်ခု ရုတ်တရက် အချည်းနှီး ဖြစ်သွားသကဲ့သို့ပင်။

‎

‎

‎" တာအိုရောင်းရင်း... တခြားကိစ္စမရှိရင် ကျွန်မ သွားခွင့်ပြုပါဦး "

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင်သည် ကုချန်အား နှုတ်ဆက်ပြီးနောက် ကျက်သရေရှိစွာ ထွက်ခွာသွားလေသည်။

‎

‎

‎အထီးကျန်ဆန်လှသော ယွဲ့လင်အင်မော်တယ်ဘုရင်၏ ကျောပြင်ကို ကြည့်လျက် ချီလျိုမှာ အနည်းငယ် စိုးရိမ်သွားမိသည်။ သူ၏ဘိုးဘေးမှာ စိတ်ဓာတ်ကျနေပုံရ၏။ စောစောက သူ၏ စကားများကြောင့်များ စိတ်အားငယ်သွားခြင်းလော။

‎

‎

‎သို့သော် ချီလျို၏နတ်ဝိညာဉ် တစ်စိတ်တစ်ပိုင်းသည် နတ်ဆိုးနယ်မြေသို့ ပြန်လည်ရောက်ရှိသွားသောအခါ ယွဲ့လင်အင်မော်တယ်ဘုရင်ကို သူ၏စိတ်ထဲမှ လျင်မြန်စွာ ဖယ်ထုတ်ပစ်လိုက်၏။

‎

‎

‎ယခုအခါ ချီလျန်မျိုးနွယ်သည် ပြန်လည်နိုးထလာသည့် အခြေအနေတွင် ရှိနေသည်။ ချီလျန်မျိုးနွယ်ထံ ပြန်လည်ရောက်ရှိလာသော ညီမများကို အမြန်ဆုံး နေရာချထားပေးရန်၊ နယ်မြေအသီးသီးမှ သယ်ဆောင်လာသော ဧရာမ အရင်းအမြစ်များကို ခွဲဝေချထားပေးရန်နှင့် ချီလျန်မျိုးနွယ်၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး အစရှိသည်တို့အတွက် ချီလျန်မျိုးနွယ်၏ ခေါင်းဆောင်ဖြစ်သော သူသည် ဖြေရှင်းနည်းများ ရှာဖွေရဦးမည် ဖြစ်သည်။

‎

‎

‎ထို့ကြောင့် ယွဲ့လင်အင်မော်တယ်ဘုရင်၏ ကိစ္စများကို တွေးတောနေရန် သူ့တွင် အချိန်နှင့် ခွန်အား သိပ်မရှိတော့ချေ။ ချီလျန်မျိုးနွယ်တွင် ကိုယ်ပိုင် အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုတစ်ခု ရှိနေသည်ဆိုသော သတင်းသည် စိတ်လှုပ်ရှားစရာ ကောင်းလွန်းနေသော်လည်း ယွဲ့လင်အင်မော်တယ်ဘုရင်မှာ ယခုအခါ ဝေးကွာလှသော အင်မော်တယ်နယ်မြေ၌ ရှိနေရာ နတ်ဆိုးနယ်မြေရှိ ချီလျန်မျိုးနွယ်အတွက်မူ လက်လှမ်းမမီနိုင်၍ များစွာ အကူအညီ မပေးနိုင်ပေ။

‎

‎

‎ထို့ကြောင့် ချီလျို၏စိတ်ထဲတွင် ယွဲ့လင်အင်မော်တယ်ဘုရင်အား ဝေးကွာလှသော ကောင်းကင်ဘုံများဖြင့် ခြားနားနေသည့် ချီလျန်မျိုးနွယ်၏ 'ဆွေမျိုးဝေး' တစ်ဦးအဖြစ် အလိုအလျောက် သတ်မှတ်လိုက်လေသည်။

‎

‎

‎အနာဂတ်တွင် အားနည်းသော ချီလျန်မျိုးနွယ်ဝင် အချို့ကို အင်မော်တယ်နယ်မြေသို့ ခေါ်ဆောင်သွား၍ ယွဲ့လင်အင်မော်တယ်ဘုရင်ထံတွင် အသစ်ပြန်လည်ကျင့်ကြံစေရန် အရှင်သခင်ထံ အကူအညီ တောင်းကောင်းတောင်းနိုင်ပေလိမ့်မည်။ ဤသည်က ချီလျန်မျိုးနွယ်အတွက် အရန်အစီအစဉ်တစ်ခုအဖြစ် သတ်မှတ်နိုင်၏။ အကယ်၍ နတ်ဆိုးနယ်မြေရှိ ချီလျန်မျိုးနွယ်သာ တစ်ခုခုဖြစ်သွားခဲ့လျှင် အနာဂတ်တွင် ချီလျန်မျိုးနွယ်၏ အကိုင်းအခက်တစ်ခုသည် လောကကြီးထဲ၌ ဆက်လက်ရှင်သန်နေနိုင်ဦးမည် ဖြစ်သည်။

‎

‎

‎ရှေးဟောင်း အင်မော်တယ်နှင့် နတ်ဆိုး စစ်ပွဲကာလအတွင်း ချီရှောင်နှင့် အခြား ချီလျန်မျိုးနွယ် ဘိုးဘေးများ လုပ်ဆောင်ခဲ့သကဲ့သို့ပင် ချီလျန်မျိုးနွယ်ဝင် အားလုံးကို နတ်ဆိုးနယ်မြေသို့ မခေါ်ဆောင်သွားဘဲ အင်မော်တယ်နယ်မြေ၌ မျိုးစေ့အချို့ ချန်ထားခဲ့ခြင်းမျိုး ဖြစ်လေသည်။

‎

‎

‎... ... ...

‎

‎

‎အဆုံးမဲ့ကမ္ဘာ၊ အထက်ကောင်းကင်တားမြစ်နယ်မြေ.....

‎

‎

‎အထက်ကောင်းကင် တားမြစ်နယ်မြေ၏ နက်ရှိုင်းသော နေရာတွင် ကုမိသားစုဝင် အများအပြားသည် အရှင်သခင်၏ တာအိုဟောကြားမှုကို နားထောင်နေကြသူများ၊ တာအိုကို ကြိုးစားပမ်းစား ကျင့်ကြံနေကြသူများ သို့မဟုတ် အချင်းချင်း ယှဉ်ပြိုင်တိုက်ခိုက်နေကြသူများနှင့် ပြည့်နှက်နေလျက် ကုမိသားစု တစ်ခုလုံးသည် ဖွံ့ဖြိုးတိုးတက်နေသော အခြေအနေတွင် ရှိနေလေသည်။

‎

‎

‎ကုမိသားစုဝင် အများအပြား အလုပ်ရှုပ်နေကြစဉ်မှာပင် ခမ်းနားကြီးကျယ်၍ ညင်သာသော အသံတစ်သံသည် ကုမိသားစုဝင် အားလုံး၏ နားထဲသို့ ရုတ်တရက် ပဲ့တင်ထပ်လာ၏။

‎

‎

‎" အားလုံးပဲ... အထက်ကောင်းကင်တားမြစ်နယ်မြေရဲ့ ပင်မခန်းမဆောင်ဆီ ချက်ချင်း လာခဲ့ကြပါ "

‎

‎အခန်း ( ၄၂၆ ) - ကောင်းကင်ဘုံသို့ ပြောင်းရွှေ့ခြင်း၊ ဆယ်နှစ်တာ ကတိကဝတ်နှင့် သဘောပေါက်နားလည်ခြင်း

‎

‎

‎

‎ဒါက... ဘိုးဘေးက သူတို့ကို ခေါ်နေတာလား။

‎

‎

‎နားထဲတွင် ပဲ့တင်ထပ်လာသော ညင်သာသော်ငြား အာဏာပါသည့် အသံကို ကြားလိုက်ရချိန်၌ ကုမိသားစုဝင် အားလုံး၏ မျက်နှာပေါ်တွင် ဖုံးကွယ်မထားနိုင်သော အံ့အားသင့်မှုများ ထွက်ပေါ်လာ၏။

‎

‎

‎သူတို့၏မှတ်ဉာဏ်ထဲတွင် ဘိုးဘေးသည် ကုမိသားစုထံ ပထမဆုံး ပြန်လည်ရောက်ရှိလာကာ ကုမိသားစုအား ဘိုးဘေးနယ်မြေမှ ရှင်သန်ခြင်းတားမြစ်နယ်မြေသို့ ပြောင်းရွှေ့မည်ဟု ကြေညာရန် အားလုံးကို စုရုံးခိုင်းခဲ့သည့် အချိန်မှလွဲ၍ မိသားစုဝင် အားလုံးကို ယခုလို ဆင့်ခေါ်ခြင်းမျိုး တစ်ခါမှ မရှိခဲ့ဖူးသောကြောင့်ပင်။

‎

‎

‎အများအားဖြင့် မိသားစုခေါင်းဆောင်နှင့် ဘိုးဘေးကုဝူရှန့်တို့ကိုသာ ဆင့်ခေါ်လေ့ရှိသည်။

‎

‎

‎သို့သော် ယခုအခါ ဘိုးဘေးသည် ကုမိသားစု တစ်ခုလုံးကို နောက်တစ်ကြိမ် ထပ်မံဆင့်ခေါ်လိုက်ပြန်ရာ မည်သည့်ကိစ္စများ ရှိနေမည်နည်း။

‎

‎

‎ကုမိသားစုဝင်များ၏ ရင်ထဲတွင် လှိုင်းဂယက်များ ထနေလေသည်။ ကုချန် မည်သည့်အရာကို ညွှန်ကြားရှင်းပြမည်ကို သူတို့ မသိကြသော်လည်း တွေးကြည့်ရုံဖြင့်ပင် အလွန်အရေးကြီးသော ကိစ္စကြီးတစ်ခု ဖြစ်ရမည်ကို သိနိုင်ပေသည်။

‎

‎

‎" အရှင်သခင်က ကုမိသားစု တစ်ခုလုံးကို ဆင့်ခေါ်ရုံတင်မဟုတ်ဘဲ ငါတို့ကိုပါ ခေါ်လိုက်တာပဲ "

‎

‎

‎ကောင်းကင်နတ်သမီး ရှောင်းယွဲ့၏ လှပသော မျက်လုံးများထဲတွင် ဇဝေဇဝါဖြစ်မှုနှင့် ခန့်မှန်းတွေးတောမှုတို့ ရောယှက်နေ၏။

‎

‎

‎ကုမိသားစု တစ်ခုလုံးကို ဆင့်ခေါ်ခြင်းက သူ၏မျိုးဆက်များကို ညွှန်ကြားချက် ပေးလို၍ ဖြစ်နိုင်သည်။ သို့သော် သူနှင့် ဖီးနစ်ဧကရာဇ်တို့ ပါဝင်နေခြင်းက မည်သည့်အဓိပ္ပာယ်နည်း။

‎

‎

‎အမှန်တကယ်တော့ ကောင်းကင်နတ်သမီး ရှောင်းယွဲ့၏ အာရုံခံနိုင်စွမ်းအရ ကုချန်ထံ ဆန္ဒအလျောက် အညံ့ခံကာ ကောင်းကင်တားမြစ်နယ်မြေသို့ လိုက်ပါလာခဲ့သော ဧကရာဇ်တစ်ပိုင်းအဆင့် နဂါးအိုကြီးပင်လျှင် ဆင့်ခေါ်မှုကို ရရှိထားသကဲ့သို့ ခန္ဓာကိုယ်ကို ကျုံ့ကာ အထက်ကောင်းကင်ပင်မခန်းမဆောင်ဆီသို့ အပြေးအလွှား သွားနေကြောင်း သိလိုက်ရ၏။

‎

‎

‎ဒါက ဘာကြောင့်များလဲ။

‎

‎

‎ကောင်းကင်နတ်သမီး ရှောင်းယွဲ့မှာ လုံးဝ နားမလည်နိုင်ဖြစ်နေသော်လည်း ညွှန်ကြားချက်အတိုင်း ကောင်းကင်ပင်မခန်းမဆောင်ဆီသို့ ချက်ချင်း သွားလိုက်လေသည်။

‎

‎

‎သူနှင့် နှိုင်းယှဉ်လျှင် ကုမိသားစုဝင် မဟုတ်ကြသော ဖီးနစ်ဧကရာဇ်နှင့် ရှေးဟောင်းဧကရာဇ် ကျန်းထျန်းတို့မှာ များစွာ ပို၍ တည်ငြိမ်နေကြ၏။ သူတို့သည် ကောင်းကင်နတ်သမီး ရှောင်းယွဲ့နှင့် မတူဘဲ ယခုအခါ ကုချန်၏ အစေခံများ ဖြစ်နေကြလေပြီ။

‎

‎

‎အရှင်သခင်မှ မည်သို့ပင် အမိန့်ပေးပေး သူတို့ လိုက်နာလုပ်ဆောင်ရုံသာ ရှိသည်။ ထိုကိစ္စများကို တွေးတောနေရန် မလိုအပ်ပေ။

‎

‎

‎မကြာမီမှာပင် ကုမိသားစု အပါအဝင် ကောင်းကင်တားမြစ်နယ်မြေအတွင်းရှိ သက်ရှိအားလုံးသည် အထက်ကောင်းကင်ပင်မခန်းမဆောင်အတွင်း စုဝေးရောက်ရှိလာကြ၏။

‎

‎

‎အထက်ကောင်းကင် ပင်မခန်းမဆောင်သည် အပြင်ပန်းအားဖြင့် သေးငယ်ပုံရသော်လည်း ၎င်းအတွင်း၌ အဆုံးမဲ့ ကြယ်သမုဒ္ဒရာနှင့် နှိုင်းယှဉ်နိုင်သော ကျယ်ပြောလှသည့် အတွင်းကမ္ဘာတစ်ခု ပါရှိလေသည်။ ထို့ကြောင့် အထက်ကောင်းကင် တားမြစ်နယ်မြေရှိ သက်ရှိများအားလုံး စုဝေးနေသော်လည်း ဤဧရာမ ခန်းမဆောင်ကြီးသည် ကျပ်တည်းနေသည်ဟု မခံစားရချေ။

‎

‎

‎လူစုံသွားသည်ကို မြင်သောအခါ ကုချန်သည် အချိန်မဖြုန်းတော့ဘဲ လိုရင်းကိုသာ တိုက်ရိုက် ပြောလိုက်၏။

‎

‎

‎" အထက်ကောင်းကင်တားမြစ်နယ်မြေကို အင်မော်တယ်နယ်မြေဆီ ပြောင်းရွှေ့ဖို့ ငါ ရည်ရွယ်ထားတယ်... မင်းတို့အားလုံး ဒီအဆုံးမဲ့ကမ္ဘာက ကိစ္စတွေကို ရှင်းလင်းပြင်ဆင်ဖို့ ဆယ်နှစ် အချိန်ရမယ် "

‎

‎

‎" ဆယ်နှစ်ပြည့်ရင် ငါကိုယ်တော်က အထက်ကောင်းကင် တားမြစ်နယ်မြေကို အင်မော်တယ်နယ်မြေဆီ ပြောင်းရွှေ့မယ်... အဲဒီအချိန်ကျ အင်မော်တယ်နယ်မြေကို မသွားချင်တဲ့သူ ရှိရင် နေခဲ့ဖို့ ရွေးချယ်နိုင်တယ်... လိုက်မလား နေခဲ့မလားဆိုတာ မင်းတို့ သဘောဆန္ဒအတိုင်းပဲ "

‎

‎

‎ကုချန်၏စကားများမှာ တိုတောင်းလှသော်လည်း သူ ပြောပြီးသည်နှင့်တစ်ပြိုင်နက် ငြိမ်သက်နေသော ရေကန်ထဲသို့ ဗုံးတစ်လုံး ပစ်ချလိုက်သကဲ့သို့ လူတိုင်း၏ရင်ထဲတွင် ဧရာမ လှိုင်းလုံးကြီးများ ချက်ချင်း ရိုက်ခတ်သွားလေတော့သည်။

‎

‎

‎ဘိုးဘေးက ဘာပြောလိုက်တာလဲ။ အထက်ကောင်းကင် တားမြစ်နယ်မြေကို အင်မော်တယ်နယ်မြေဆီ ပြောင်းရွှေ့မယ်။

‎

‎

‎အရှင်သခင်က ဘာပြောလိုက်တာလဲ။ သူက အထက်ကောင်းကင် တားမြစ်နယ်မြေကို အင်မော်တယ်နယ်မြေဆီ ခေါ်သွားချင်တာလား။

‎

‎

‎ထိုနေရာရှိ လူတိုင်း၏စိတ်ထဲတွင် ဆင်တူသော အတွေးများ အသီးသီး ပေါ်လာကြ၏။ ထိုအထဲတွင် ကောင်းကင်နတ်သမီး ရှောင်းယွဲ့မှာ အထူးသဖြင့် ယုံကြည်နိုင်စရာ မရှိလောက်အောင် ခံစားနေရသည်။

‎

‎

‎အဘယ်ကြောင့်ဆိုသော် မကြာမီကမှ ကုချန်သည် သူ့အား အင်မော်တယ်နယ်မြေသို့ ခေါ်ဆောင်သွားနိုင်ကြောင်းနှင့် ဤအခွင့်အရေးကို လက်လွတ်ခံလိုက်ပါက အင်မော်တယ်နယ်မြေသို့ မည်သည့်အချိန်မှ ပြန်သွားနိုင်မည်ကို မသေချာကြောင်း ပြောခဲ့ဖူးသောကြောင့်ပင်။

‎

‎

‎ထိုအချိန်က ကောင်းကင်နတ်သမီး ရှောင်းယွဲ့သည် အချိန်ကြာမြင့်စွာ တုံ့ဆိုင်းနေခဲ့သော်လည်း နောက်ဆုံးတွင် ကောင်းကင်တားမြစ်နယ်မြေ၌သာ ကျန်ရစ်ရန် ရွေးချယ်ခဲ့ကာ ကုမိသားစုဝင်များနှင့်အတူ အင်မော်တယ်နယ်မြေသို့ သွားရောက်ရန် အနာဂတ် အခွင့်အရေးကိုသာ စောင့်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်။

‎

‎

‎သို့သော် ထိုအချိန်မှစ၍ အချိန်မည်မျှပင် ကြာသေးသနည်း။ အရှင်သခင်သည် ကောင်းကင်တားမြစ်နယ်မြေ တစ်ခုလုံးကို အင်မော်တယ်နယ်မြေသို့ ပြောင်းရွှေ့ရန် အမှန်တကယ် ပြင်ဆင်နေလေပြီ။ အရှင်သခင်သည် အင်မော်တယ်နယ်မြေနှင့် အဆုံးမဲ့ကမ္ဘာကြား အောင်မြင်စွာ အသွားအပြန်လုပ်နိုင်မည့် နည်းလမ်းကို ရှာတွေ့သွားပြီလော။

‎

‎

‎ကောင်းကင်နတ်သမီး ရှောင်းယွဲ့မှာ အံ့အားသင့်သွားသော်လည်း တစ်ချိန်တည်းမှာပင် သူ၏ရင်ထဲတွင် ကြီးမားသော သက်သာရာရမှုများ ပြည့်နှက်သွားလေသည်။

‎

‎

‎သူ၏ ယခင် ဆုံးဖြတ်ချက်မှာ မည်မျှ ပညာသားပါကြောင်း တွေးမိကာ သက်သာရာရသွားခြင်း ဖြစ်၏။

‎

‎

‎အကယ်၍ သူသာ ယခင်က အရှင်သခင်နှင့်အတူ အင်မော်တယ်နယ်မြေသို့ သွားရန် ရွေးချယ်ခဲ့ပါက ယခုအချိန်တွင် အင်မော်တယ်နယ်မြေ၏ တစ်နေရာရာ၌ လမ်းပျောက်နေလောက်ပေပြီ။ အနာဂတ်တွင် ကုမိသားစု အင်မော်တယ်နယ်မြေသို့ လာရောက်လျှင်တောင်မှ ကုမိသားစုနှင့် သူ၏ဆက်ဆံရေးမှာ သဘာဝကျကျပင် မှေးမှိန်သွားမည်ဖြစ်ရာ အရင်လို ပြန်ဖြစ်နိုင်တော့မည် မဟုတ်ချေ။

‎

‎

‎သို့သော် ယခုအခါ သူသည် ကုမိသားစုနှင့်အတူ အင်မော်တယ်နယ်မြေသို့ ဂုဏ်သိက္ခာရှိရှိ ပြောင်းရွှေ့နိုင်လေပြီ။

‎

‎

‎ဤရလဒ်နှစ်ခုကြားရှိ ကွာခြားချက်မှာ ကောင်းကင်နှင့်မြေကြီးကဲ့သို့ပင် ဖြစ်လေသည်။

‎

‎

‎" ဘိုးဘေး... ဒါဆို ကျွန်မတို့ ကုမိသားစုက အနာဂတ်မှာ အင်မော်တယ်နယ်မြေမှာ အခြေချတော့မယ်ဆိုတဲ့ သဘောလား "

‎

‎

‎ကုချင်းရွဲ့သည် လျှာလေးထုတ်ကာ မယုံကြည်နိုင်သည့် အမူအရာဖြင့် မေးမြန်းလိုက်၏။

‎

‎

‎အဲဒါ အင်မော်တယ်နယ်မြေလေ!

‎

‎

‎ရှေးခေတ်မှ ယနေ့တိုင်အောင် မဟာဧကရာဇ်အဆင့် ကျွမ်းကျင်သူ မည်မျှများများ သေမျိုးကမ္ဘာတွင် ပိတ်မိနေလျက် အင်မော်တယ်တက်လှမ်းရန် မျှော်လင့်ချက် ကင်းမဲ့နေခဲ့ရသနည်း။

‎

‎

‎ယခင်က တားမြစ်နယ်မြေများရှိ အရှင်များအားလုံး ထွက်ပေါ်လာကာ ကောင်းကင်ချောက်နက်ကို ဖောက်ထွက်ရန် ကြိုးစားခဲ့ကြသော်လည်း နောက်ဆုံးတွင် ကျရှုံးမှုဖြင့်သာ အဆုံးသတ်ခဲ့ရသည်။

‎

‎

‎သို့သော် ယခုအခါ အသံတိတ် တိတ်ဆိတ်စွာဖြင့် ဘိုးဘေးသည် ကောင်းကင်တားမြစ်နယ်မြေကို အင်မော်တယ်နယ်မြေသို့ ခေါ်ဆောင်သွားနိုင်သည်ဟု ပြောနေသည်လော။

‎

‎

‎ဤသည်မှာ ဘိုးဘေးမှ အင်မော်တယ်နယ်မြေသို့ သွားနိုင်မည့် နည်းလမ်းကို ကျွမ်းကျင်ပိုင်နိုင်နေပြီဟု ဆိုလိုခြင်း မဟုတ်လော။

‎

‎

‎ဤသည်က သူတစ်ဦးတည်း တက်လှမ်းခြင်း မဟုတ်ဘဲ ကောင်းကင်တားမြစ်နယ်မြေ တစ်ခုလုံးကို အင်မော်တယ်နယ်မြေသို့ ခေါ်ဆောင်သွားခြင်း ဖြစ်လေသည်။

‎

‎

‎၎င်းတို့နှစ်ခုကြားတွင် မယုံနိုင်လောက်အောင် ကြီးမားသော ကွာခြားချက် ရှိ၏။ ပထမအချက်က ကိုယ့်၌ အင်မော်တယ်နယ်မြေသို့ သွားနိုင်သည့် စွမ်းအားရှိကြောင်းကိုသာ သက်သေပြနိုင်သည်။ သို့သော် ဒုတိယအချက်၏ အခက်အခဲမှာမူ မည်မျှပို၍ မြင့်မားမည်ကိုပင် မသိနိုင်ချေ။

‎

‎

‎ဤမျှ ပေါက်ကွဲအားပြင်းသော သတင်းသည် ကုချင်းရွဲ့ကို မည်သို့ မတုန်လှုပ်စေဘဲ နေမည်နည်း။

‎

‎

‎ကုဝူရှန့် အပါအဝင် အခြား ကုမိသားစုဝင်များသည်လည်း ကုချင်းရွဲ့ကဲ့သို့ပင် ခံစားနေရလေသည်။

‎

‎

‎ရှေးခေတ်မှ ယနေ့တိုင်အောင် အင်မော်တယ်တက်လှမ်းခြင်းသည် ကျင့်ကြံသူအားလုံး လိုက်စားသော ပန်းတိုင်ဖြစ်သည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိချေ။ သို့သော် မဟာဧကရာဇ်အဆင့်များပင်လျှင် အင်မော်တယ်တက်လှမ်းရန် မျှော်လင့်ချက် ကြီးကြီးမားမား မထားရဲခဲ့ကြပေ။

‎

‎

‎ယခု ရှိနေသော ကုမိသားစုဝင်များအတွက်မူ သူတို့သည် အင်မော်တယ်တက်လှမ်းရန်ဆိုသည်ကို တွေးပင် မတွေးဖူးကြချေ။

‎

‎

‎သို့သော် ယခုအခါ ဘိုးဘေးက အားလုံးကို အင်မော်တယ်နယ်မြေသို့ အတူတကွ ခေါ်ဆောင်သွားမည်ဟု ဆိုနေသည်။ မည်သူမျှ ဘာမှလုပ်စရာမလိုဘဲ ရိုးရိုးသားသားဖြင့် 'ပက်လက်နေရင်း အနိုင်ရ' လိုက်ခြင်းပင် ဖြစ်သည်။

‎

‎

‎ဒီသတင်းကို ကြားရင် ဘယ်သူက 'မကြောင်' သွားဘဲ နေပါ့မလဲ!

‎

‎

‎ဖီးနစ်ဧကရာဇ်သည်လည်း ဘေးမှနေ၍ တိတ်တဆိတ် သက်ပြင်းချလိုက်လေသည်။

‎

‎

‎တစ်ချိန်က သူသည်လည်း ကောင်းကင်ချောက်နက်ကို အောင်မြင်စွာ ဖောက်ထွက်နိုင်ခဲ့ပါက ဖီးနစ်နားခိုရာတောင်ကုန်းမှ သူ၏မျိုးဆက်များအားလုံးကို အင်မော်တယ်နယ်မြေသို့ အတူတကွ ခေါ်ဆောင်သွားမည်ဟု တွေးခဲ့ဖူးသည်။ 'လူတစ်ယောက် တာအိုကို ရရှိတာနဲ့ သူ့ရဲ့ ကြက်တွေ၊ ခွေးတွေတောင် ကောင်းကင်ဘုံကို တက်လှမ်းခွင့်ရတယ်' ဆိုသည့် စကားအတိုင်းပင် ဖြစ်လေသည်။

‎

‎

‎သို့သော် ရလဒ်မှာ ကျရှုံးမှုသာ ဖြစ်ခဲ့သည်။ သူကိုယ်တိုင်ပင် အင်မော်တယ်တက်လှမ်းရန် မျှော်လင့်ချက် မရှိတော့ရာ ဖီးနစ်နားခိုရာတောင်ကုန်းမှ မျိုးဆက်များကို အင်မော်တယ်နယ်မြေသို့ ခေါ်ဆောင်သွားရန်ဆိုသည်မှာ ပြောနေစရာပင် မလိုတော့ချေ။

‎

‎

‎သို့သော် နှစ်တစ်ရာမျှသာ ကြာပြီးနောက် သူသည် အင်မော်တယ်နယ်မြေသို့ တက်လှမ်းရန် နောက်ထပ် အခွင့်အရေးတစ်ခု ရရှိလိမ့်မည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။ ဤတစ်ကြိမ်တွင်တော့ ကောင်းကင်ဘုံသို့ တက်လှမ်းမည့် 'ကြက်နှင့်ခွေးများ' ထဲမှ တစ်ကောင်အဖြစ် သူ ပြောင်းလဲသွားခဲ့လေပြီ။

‎

‎

‎ဤကြီးမားလှသော ကွာခြားချက်အရ ကံကြမ္မာ၏ အံ့သြဖွယ်ကောင်းမှုကို လူတိုင်းအား မှင်သက်သွားစေရန် လုံလောက်ပေသည်။

‎

‎

‎သို့သော် သူ၏ းအဆင့်အတန်းမှာ တာအိုရရှိသူတစ်ဦးမှ 'ကြက်နှင့်ခွေး' အဖြစ်သို့ ပြောင်းလဲသွားခဲ့သော်လည်း ဖီးနစ်ဧကရာဇ်မှာ လုံးဝ ဂရုမစိုက်ခဲ့ချေ။

‎

‎

‎ကြက်နဲ့ခွေး ဖြစ်တော့ရော ဘာဖြစ်လဲ။

‎

‎

‎အကယ်၍ အထက်ကောင်းကင်တားမြစ်နယ်မြေနှင့် မပူးပေါင်းဘဲ ဟွမ်သွမ့်လေဟာနယ်ထဲသို့ စွန့်စားဝင်ရောက်သွားခဲ့ကြသော ထိုတားမြစ်နယ်မြေ အရှင်သခင်များသာ ဤသတင်းကို သိခဲ့ပါက ယခုအချိန်တွင် ဤကြက်နှင့်ခွေးများ ဖြစ်လာရန် အလုအယက် ကြိုးစားကြမည်မှာ သေချာပေသည်။

‎

‎

‎အဲဒီ စွမ်းအား၊ အဲဒီ သတ္တိ၊ အဲဒီ အမြော်အမြင်မျိုး မရှိရင် ကြက်နဲ့ခွေး ဖြစ်ဖို့တောင် အခွင့်အရေး ရမှာမဟုတ်ဘူးလေ!

‎

‎

‎သူ၏မျိုးဆက်များအတွက် နှမြောစရာကောင်းသည်မှလွဲ၍ပေါ့။

‎

‎

‎ထားလိုက်ပါတော့... အနာဂတ်မှာ အခွင့်အရေးရလာပြီး စွမ်းအားရှိလာတဲ့အခါ သူတို့ကို အင်မော်တယ်နယ်မြေဆီ ခေါ်လာဖို့ နည်းလမ်းရှာလည်း မနောက်ကျသေးပါဘူးလေ။

‎

‎

‎ကုချန်၏စကားသည် ထိုနေရာရှိ လူတိုင်း၏စိတ်ခံစားမှုများကို လှုပ်ခတ်သွားစေသော်လည်း အဆုံးမဲ့ကမ္ဘာကို စွန့်ခွာရန် တွန့်ဆုတ်နေသူ မရှိသလောက် နည်းပါးလှကာ အားလုံးသည် အင်မော်တယ်နယ်မြေသို့ သွားရန်သာ လိုလားနေကြ၏။

‎

‎

‎ဖီးနစ်ဧကရာဇ်တို့လို လူများကို ပြောနေစရာပင် မလိုတော့ချေ။ သူတို့သည် ဤကမ္ဘာလောကတွင် နှစ်သန်းပေါင်းများစွာ ရှင်သန်ခဲ့၍ အင်မော်တယ်တက်လှမ်းရန်မှတစ်ပါး အခြား မည်သည့်အရာကိုမျှ မရှာဖွေတော့ရာ ဤအဆုံးမဲ့ကမ္ဘာကို သံယောဇဉ်တွယ်စရာ ဘာမှမရှိတော့ပေ။

‎

‎

‎ကုမိသားစုအတွက်မူ လူသားမျိုးနွယ်၏ သစ္စာဖောက်မှုများကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရပြီးနောက် ဤအဆုံးမဲ့ကမ္ဘာအပေါ် သံယောဇဉ် ကင်းမဲ့နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ အဆုံးမဲ့ကမ္ဘာကို စွန့်ခွာရမည်ဆိုလျှင်တောင် သူတို့အတွက် မည်သည့် ဝမ်းနည်းမှုမျှ ရှိမည်မဟုတ်ချေ။

All Chapters