အခန်း (၄၂၇-၄၂၈)
Vol. 31 Ch. 427-428
အခန်း ( ၄၂၇ ) - ဆယ်နှစ်တာ စောင့်ဆိုင်းခြင်း၊ ချန်းရှီ ပြန်ရောက်လာခြင်းနှင့် နောက်ဆုံး အခွင့်အရေး
ဆယ်နှစ်အကြာတွင် ကောင်းကင်တားမြစ်နယ်မြေမှ လူများကို အင်မော်တယ်နယ်မြေသို့ ပြောင်းရွှေ့ရန် စီစဉ်ညွှန်ကြားပြီးနောက် ကုချန်သည် ကုဝူရှန့် တစ်ယောက်ကိုသာ ကျန်ရစ်စေ၍ ကျန်လူအားလုံးကို ထွက်ခွာခွင့်ပြုလိုက်၏။
ဆယ်နှစ်ဆိုသည်မှာ အထက်ကောင်းကင်တားမြစ်နယ်မြေရှိ လူတိုင်းအတွက် ကုချန် ပေးထားသော အချိန်ဖြစ်သည်။
သူတို့တွင် အဆုံးမဲ့ကမ္ဘာ၌ မပြီးပြတ်သေးသော ကိစ္စများ ရှိနေနိုင်သေးရာ ဤဆယ်နှစ်သည် သူတို့၏ 'နောက်ဆက်တွဲ ကိစ္စများ' ကို ဖြေရှင်းရန် ကုချန် ချန်ထားပေးခဲ့သော အချိန်ဖြစ်လေသည်။
ဆယ်နှစ်ပြည့်ပြီးနောက် မည်သည့်စိုးရိမ်ပူပန်မှုမျှ မရှိတော့သည့်အခါ အင်မော်တယ်နယ်မြေသို့ တက်လှမ်းကြရမည် ဖြစ်သည်။
အင်မော်တယ်နယ်မြေသို့ ဝင်ရောက်ခြင်းက အဆုံးမဲ့ကမ္ဘာသို့ ဘယ်တော့မှ ပြန်မလာနိုင်တော့ဟု မဆိုလိုသော်လည်း အထက်ကောင်းကင်တားမြစ်နယ်မြေရှိ လူများအတွက် အင်မော်တယ်နယ်မြေသို့ သွားခြင်းက အဆုံးမဲ့ကမ္ဘာနှင့် နောက်ထပ် ပတ်သက်မှု မရှိတော့ဟု ဆိုလိုခြင်းဖြစ်သည်။
" ဘိုးဘေး... တခြား ညွှန်ကြားစရာများ ရှိသေးလို့လား "
လူအားလုံး ထွက်သွား၍ သူတစ်ယောက်တည်းသာ ကျန်ရစ်သည်ကို မြင်သောအခါ ကုဝူရှန့်မှ အလျင်အမြန် မေးမြန်းလိုက်၏။
" မင်းကို ချန်ထားခဲ့တာက ကုမိသားစုရွာက လူတွေကို ဘယ်လို စီစဉ်ဖို့ ရည်ရွယ်ထားလဲဆိုတာ မေးချင်လို့ပဲ "
ကုချန်သည် ကုဝူရှန့်အား ကြည့်ကာ မေးမြန်းလိုက်၏။
လွန်ခဲ့သော နှစ်ငါးသောင်းက ကုဝူရှန့်သည် သက်တမ်းရှည်နန်းတော်သို့ မှားယွင်းဝင်ရောက်မိခဲ့သဖြင့် ခန္ဓာကိုယ် ပြင်းထန်စွာ ဒဏ်ရာရကာ သေမျိုးတစ်ယောက်နီးပါး ဖြစ်သွားခဲ့ရုံသာမက မှတ်ဉာဏ်များပါ ယာယီ ပျောက်ဆုံးသွားခဲ့ရာမှ သေမျိုးကမ္ဘာတွင် ကုမိသားစုရွာ မျိုးဆက်ကို ချန်ရစ်ခဲ့ခြင်း ဖြစ်သည်။
နောက်ပိုင်း ကုဝူရှန့် အထက်ကောင်းကင်တားမြစ်နယ်မြေသို့ ပြန်ရောက်လာသောအခါ ကုမိသားစုရွာမှ လူများကို ဘိုးဘေးများထံ လာရောက်ဂါရဝပြုခွင့် ပေးခဲ့သော်လည်း ကုမိသားစုရွာ တစ်ခုလုံးကို ပြောင်းရွှေ့မလာခဲ့ပေ။ ယင်းအစား သူတို့အထဲမှ ပါရမီပါသော မျိုးဆက်သစ် အနည်းငယ်ကိုသာ ရွေးချယ်ကာ ကျင့်ကြံရန်အတွက် ခေါ်ဆောင်လာခဲ့၏။
ကျန်ရှိသော ရွာသူရွာသားများမှာမူ ကုမိသားစုရွာတွင်သာ ဆက်လက်နေထိုင်ခဲ့ကြ၏။
အဘယ်ကြောင့်ဆိုသော် ကုဝူရှန့်သည် သူ့ကြောင့် ကုမိသားစုရွာ၏ အစကတည်းက အေးချမ်းနေသော ဘဝများကို မပျက်စီးစေချင်သောကြောင့်ပင်။
ထို့အပြင် ကုမိသားစုရွာမှ လူအများစုမှာ ကျင့်ကြံရန် ပါရမီမပါသော သေမျိုးများသာ ဖြစ်ကြ၏။ သူတို့ကို အထက်ကောင်းကင်တားမြစ်နယ်မြေသို့ ခေါ်ဆောင်လာ၍ သေချာ ပြုစုပျိုးထောင်ပေးလျှင်တောင် ဆယ်စုနှစ် အနည်းငယ်သာ ပိုအသက်ရှင်နိုင်မည် ဖြစ်သည်။
ထိုသို့ အပင်ပန်းခံနေမည့်အစား သူတို့ကို ကုမိသားစုရွာတွင်သာ အေးချမ်းစွာ နေထိုင်ခွင့်ပြုပြီး ကျန်ရှိသော ဘဝကို တိတ်ဆိတ်စွာ ဖြတ်သန်းခွင့်ပေးခြင်းက ပိုကောင်းလေသည်။
သို့သော် ယခုအခါ ကုမိသားစု တစ်ခုလုံးကို အင်မော်တယ်နယ်မြေသို့ ပြောင်းရွှေ့တော့မည်ဖြစ်ရာ ကုချန်က ဤမေးခွန်းကို မေးလိုက်ခြင်း ဖြစ်လေသည်။
" ကုမိသားစုရွာ..... "
ကုချန်၏စကားကို ကြားသောအခါ ကုဝူရှန့်မှာလည်း တွေဝေသွား၏။
သူတို့ အင်မော်တယ်နယ်မြေသို့ ရောက်သွားပါက အဆုံးမဲ့ကမ္ဘာသို့ မည်သည့်အချိန်မှ ပြန်လာနိုင်မည်ကို မသိနိုင်ပေ။
အကယ်၍ သူသာ ကုမိသားစုရွာမှ လူများကို မခေါ်သွား၍ အနာဂတ်တွင် ကုမိသားစုရွာ အန္တရာယ်တစ်ခုခု ကျရောက်ပါက အင်မော်တယ်နယ်မြေတွင် ရှိနေသော သူသည် ချက်ချင်း ကူညီရန် ဖြစ်နိုင်မည်မဟုတ်ပေ။
အဆုံးမဲ့ကမ္ဘာသို့ သူ နောက်တစ်ကြိမ် ပြန်လာချိန်တွင် ကုမိသားစုရွာသည် သမိုင်းတွင် ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားပြီး တည်ရှိနေတော့မည် မဟုတ်ပေ။
" သူတို့ကိုပါ ခေါ်သွားရင်ရော..... "
ခဏတာ စဉ်းစားပြီးနောက် ကုဝူရှန့်သည် ကုမိသားစုရွာမှ လူအားလုံးကို ခေါ်သွားရန် ဆုံးဖြတ်လိုက်သည်။
အင်မော်တယ်နှင့် သေမျိုးတို့သည် ကွာခြားလေ၏။ အင်မော်တယ်နယ်မြေသို့ ရောက်သွားပြီးနောက် ထိုနေရာရှိ နေရာအနှံ့ ပြည့်နှက်နေသော သက်တမ်းရှည် အရာဝတ္ထုများကို အားကိုးရုံဖြင့် ကုမိသားစုရွာမှ သက်ကြီးရွယ်အိုများသည် နှစ်ရာပေါင်းများစွာ ပိုမိုအသက်ရှင်ကောင်း ရှင်နိုင်ပေမည်။ ပြန်လည်မွေးဖွား၍ နောက်ထပ် ဘဝတစ်ခု ရှင်သန်ရသကဲ့သို့ ဖြစ်စေမည့် ဤအခွင့်အရေးမျိုးသည် အမြဲတမ်း ရနိုင်မည် မဟုတ်ချေ။
" အင်း... ဘယ်လို စီစဉ်ရမလဲဆိုတာ မင်းဘာသာမင်း စဉ်းစားပါ... ဆယ်နှစ်အတွင်း အရာအားလုံးကို ရှင်းလင်းဖြေရှင်းပြီးရင် ဆယ်နှစ်ပြည့်တဲ့အခါ ပူပန်မှုမရှိဘဲ ခရီးထွက်လို့ရပြီ "
ကုချန်မှ ခေါင်းညိတ်လိုက်၏။ သူသည် ကုဝူရှန့်၏ လုပ်ရပ်များကို ဝင်ရောက်စွက်ဖက်ရန် မရည်ရွယ်ဘဲ သူ့ဘာသာ ရွေးချယ်ခွင့် ပေးလိုက်၏။
" ဆယ်နှစ်... အရင် တံခါးပိတ်ကျင့်ကြံလိုက်ဦးမယ် "
အရာအားလုံးကို ညွှန်ကြားစီစဉ်ပြီးနောက် ကုချန်သည် အကြည့်ကို နှိမ့်ချလိုက်ကာ အခြားကိစ္စများကို ဂရုမစိုက်တော့ဘဲ သူ၏ တံခါးပိတ်ကျင့်ကြံခြင်းကိုသာ အာရုံစိုက်လိုက်တော့သည်။
သူ့အတွက်တော့ ဆယ်နှစ်ဆိုသည်မှာ လက်တစ်ဖျစ်စာမျှသာ ဖြစ်၍ မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားမည်သာ ဖြစ်လေသည်။
...
ငါးနှစ်အကြာ... အင်မော်တယ်နယ်မြေ၏ လဝိညာဉ် ကောင်းကင်ဘုံ.....
ဤလဝိညာဉ် ကောင်းကင်ဘုံ၏ ကောင်းကင်နှလုံးသားကို ထိန်းချုပ်နိုင်ပြီးကတည်းက ကုချန်၏ တတိယကိုယ်ပွားသည် ကောင်းကင်နှင့်မြေကြီး တာအိုကို နားလည်သဘောပေါက်ရန် အာရုံစိုက်ကာ တံခါးပိတ် ကျင့်ကြံနေခဲ့သည်။
လဝိညာဉ်ကောင်းကင်ဘုံ၏ ကောင်းကင်နှလုံးသား အကူအညီဖြင့် ' ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း ' ကို သူ နားလည်သဘောပေါက်သည့် အရှိန်မှာ ပိုမိုမြန်ဆန်လာကာ ဆယ်ရာခိုင်နှုန်း အမှတ်အသားကို ဖောက်ထွက်နိုင်ရန် နီးကပ်နေပြီဖြစ်ကြောင်း ကုချန် တွေ့ရှိလိုက်ရ၏။
ယွဲ့လင်အတွက်မူ သူသည် ဤလဝိညာဉ် ကောင်းကင်ဘုံ၏ ကောင်းကင်နှလုံးသားကို ကုချန်ထံ လွှဲပြောင်းပေးခဲ့ပြီး ဖြစ်သော်လည်း အခြားသွားစရာနေရာ မရှိသဖြင့် လဝိညာဉ် ကောင်းကင်ဘုံ၏ လနန်းတော်တွင်သာ ဆက်လက်နေထိုင်နေခဲ့သည်။
" ဒီလူက ဘယ်လို နောက်ခံမျိုး ရှိနေတာလဲ..... "
လနန်းတော်တွင် ရပ်နေသော ယွဲ့လင်သည် လောကကြီးနှင့် ကင်းကွာနေသော နတ်သမီးတစ်ပါးကဲ့သို့ အဝေးသို့ ငေးကြည့်လျက် တီးတိုးရေရွတ်လိုက်၏။
သူ ရည်ညွှန်းနေသော တည်ရှိမှုမှာ ကျိန်းသေပေါက် ကုချန်ပင် ဖြစ်လေသည်။
လဝိညာဉ် ကောင်းကင်ဘုံ၏ ကောင်းကင်နှလုံးသားကို ကုချန်ထံ လွှဲပြောင်းပေးခဲ့သည့် နေ့မှစ၍ ကုချန်ကို သူ ထပ်မမြင်ခဲ့ရတော့ချေ။
သို့သော် ကုချန်၏ ပုံရိပ်သည် ယွဲ့လင်၏စိတ်ထဲတွင် မကြာခဏ ပေါ်လာတတ်သည်။
အထူးသဖြင့် ကုချန်၏နောက်ခံက ယွဲ့လင်အား အလွန်အမင်း ဇဝေဇဝါ ဖြစ်စေ၏။
အင်မော်တယ်နယ်မြေရှိ အင်မော်တယ်ဘုရင်တစ်ပါးနှင့် နတ်ဆိုးနယ်မြေရှိ အင်မော်တယ်ဘုရင်တစ်ပါးတို့ကို အသီးသီး သတ်ဖြတ်နိုင်သည့် တည်ရှိမှုမျိုးသည် မည်သို့ပင်ဖြစ်စေ လူမသိသူမသိ ပုဂ္ဂိုလ်တစ်ဦး လုံးဝ မဖြစ်နိုင်ချေ။
သို့သော် ထူးဆန်းသည်မှာ ကုချန်ဆိုသော နာမည်ကို သူ အင်မော်တယ်နယ်မြေတွင် တစ်ခါမှ မကြားဖူးခဲ့ခြင်းပင်။
" ချီလျို ဒီမှာ မရှိတာ နှမြောစရာပဲ... မဟုတ်ရင် သူ့ကို သေချာ မေးကြည့်လို့ရတယ် "
ယွဲ့လင်သည် အကူအညီမဲ့စွာ ပြောလိုက်၏။
ချီလျိုမှ ချီလျန်မျိုးနွယ်၏ အတိတ်အကြောင်းကို ပြောပြစဉ်က ကုချန်အား အရှင်သခင်အဖြစ် အသိအမှတ်ပြုခဲ့သည့် ကိစ္စကို အကြမ်းဖျင်းသာ ပြောပြခဲ့ပြီး အသေးစိတ် မပြောခဲ့ပေ။
ထို့ကြောင့် ယွဲ့လင်သည် ၎င်းထံမှ အသုံးဝင်သော အချက်အလက်များ မရရှိခဲ့ချေ။
" ပြီးတော့ ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင် သေသွားတာတောင် အချိန်ဒီလောက်ကြာတဲ့အထိ ဘာမှမဖြစ်ခဲ့သလိုပဲ "
ယွဲ့လင်သည် ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်၏ သေဆုံးမှုကို တွေးမိသွား၏။
ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင် သေဆုံးသွားချိန်က အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှု အများအပြားမှာ တုန်လှုပ်သွားခဲ့၍ အင်မော်တယ်ဘုရင်များသည် သက်ဆိုင်ရာ အင်မော်တယ်ဧကရာဇ်များထံပင် သတင်းပို့ခဲ့ကြသည်။
ထိုအချိန်က ယွဲ့လင်မှာ အင်မော်တယ်ဧကရာဇ်အဆင့် တည်ရှိမှုတစ်ခုမှ အာရုံစိုက်လာ၍ ဤကိစ္စကို စုံစမ်းမည်ကို စိုးရိမ်ပူပန်နေခဲ့သည်။
သို့သော် ရလဒ်မှာ အချိန် ဤမျှကြာသွားသည်အထိ မည်သည့် အင်မော်တယ်ဧကရာဇ်ကမျှ ဤကိစ္စကို မစုံစမ်းခဲ့ကြဘဲ ဘာမှမဖြစ်ခဲ့သကဲ့သို့ပင်။
ဤသည်မှာ လွန်စွာ ထူးဆန်းလွန်းလှ၏။
အင်မော်တယ်ဧကရာဇ်အဆင့် တည်ရှိမှုများသည် မြင့်မြတ်ကြီးကျယ်ကာ လောကီရေးရာများကို ဂရုမစိုက်ကြသည် မှန်သော်လည်း အင်မော်တယ်ဘုရင်တစ်ပါး ဤသို့ အကြောင်းပြချက်မရှိ သေဆုံးသွားသည်ကို ဆက်လက်မစုံစမ်းလျှင်တောင် အနည်းဆုံးတော့ ရှင်းရှင်းလင်းလင်း သိအောင် မေးမြန်းသင့်သည် မဟုတ်လော။
အထူးသဖြင့် လဝိညာဉ် ကောင်းကင်ဘုံနှင့် ပတ်ဝန်းကျင် ကောင်းကင်နယ်မြေများကို ထိန်းချုပ်ထားသော ဝိညာဉ်ဧကရာဇ်မှ မည်သည့် ထုတ်ပြန်ချက်မျှ မထုတ်ခဲ့ခြင်းမှာ လုံးဝ နားလည်နိုင်စရာ မရှိချေ။
" ထားလိုက်ပါတော့... ဘယ်သူမှ လိုက်မစုံစမ်းတာကပဲ ကောင်းတဲ့ကိစ္စပါလေ "
ယွဲ့လင် ခေါင်းခါလိုက်ကာ ခေါင်းကိုက်စရာကောင်းသော ဤပြဿနာများကို ဆက်မတွေးတော့ချေ။ သူသည် ခြေလှမ်းဖွဖွဖြင့် လနန်းတော်မှ ထွက်ခွာကာ ချီလျိုအား ဆင့်ခေါ်ပေးရန် ကုချန်ကို သွားရောက်တောင်းဆို၍ သေချာ ထပ်မံစကားပြောရန် ပြင်လိုက်သည်။
အရင်တစ်ခေါက်က အလွန် အလျင်လိုခဲ့သဖြင့် ချီလျန်မျိုးနွယ်၏ လက်ရှိအခြေအနေကိုသာ သူ သိခွင့်ရခဲ့ပြီး အခြားအချက်အလက်များကို ရှင်းရှင်းလင်းလင်း မသိခဲ့ရပေ။ ဤတစ်ကြိမ်တွင်တော့ ချီလျိုကို ပြန်လည်ဆင့်ခေါ်၍ သေချာ မေးမြန်းရပေမည်။
သို့သော် ယွဲ့လင်မှ ချီလျိုကို ဆင့်ခေါ်ပြီးပါက မည်သည့်အရာများ မေးရမည်ကို တွေးတောနေလျက် ခရီးဆက်ကာ လမ်းတစ်ဝက်သို့ ရောက်စဉ်မှာပင်.....
ကောင်းကင်နှင့်မြေကြီးကြားမှ ဧရာမ စွမ်းအားကြီးတစ်ခု ရုတ်တရက် ကျဆင်းလာကာ ယွဲ့လင်၏လမ်းကို ပိတ်ဆို့လိုက်လေသည်။
" တာအိုရောင်းရင်း ယွဲ့လင်... ငါတို့ ထပ်တွေ့ပြန်ပြီ "
ကောင်းကင်နှင့်မြေကြီးကြားရှိ ဧရာမ စွမ်းအားများ စုစည်းသွားလျက် နောက်ဆုံးတွင် ခမ်းနားသော အနက်ရောင် တော်ဝင်ဝတ်ရုံကို ဝတ်ဆင်ကာ မျက်နှာထား မှိုင်းညို့နေသည့် ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွား၏။ ထိုသူကား ချန်းရှီအင်မော်တယ်ဘုရင်ပင် ဖြစ်လေသည်။
" ချန်းရှီ... ရှင် ဒီမှာ ဘာလာလုပ်တာလဲ "
ရုတ်တရက် ထွက်ပေါ်လာသော ချန်းရှီအင်မော်တယ်ဘုရင်ကို မြင်သောအခါ ယွဲ့လင်၏စိတ်ထဲတွင် လေးလံသွားကာ သူ၏အမူအရာမှာလည်း အနည်းငယ် အကျည်းတန်သွားလေသည်။
ဒီကောင်က တကယ်ကို တစ္ဆေလို လိုက်ကပ်နေတာပဲ!
" ငါ ဘာလာလုပ်တာလဲ ဟုတ်လား... တာအိုရောင်းရင်း ယွဲ့လင်... ငါအရှင် အရင်က ကမ်းလှမ်းထားတဲ့ သတ်မှတ်ချက်တွေကို ဘယ်လို စဉ်းစားထားလဲ "
ချန်းရှီအင်မော်တယ်ဘုရင်သည် ယုတ်မာသော အပြုံးမျိုး ပြုံးလျက် ပြောဆိုလိုက်၏။
" ဒါ နောက်ဆုံး အခွင့်အရေးပဲ "
အခန်း ( ၄၂၈ ) - ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်၊ ငြင်းဆန်ရန် ခက်ခဲခြင်းနှင့် အချိန်ဆွဲခြင်း
သူ၏ရှေ့ရှိ ချန်းရှီအင်မော်တယ်ဘုရင်ကို ကြည့်သည့် ယွဲ့လင်အင်မော်တယ်ဘုရင်၏ အမူအရာမှာ အနည်းငယ် မှိုင်းညို့နေလေသည်။
ဒီကောင်က တစ္ဆေလို လိုက်ကပ်နေတာပဲ!
သူသည် ချီလျန်မျိုးနွယ်ဝင် တစ်ဦးဆိုသည့် အထောက်အထားကို သူ သိသွားကတည်းက အရိုးကို တွယ်ကပ်နေသော လောက်ကောင်လိုပင် သူ့အား မနားတမ်း နှောင့်ယှက်နေခဲ့ရာ ကာကွယ်ရန်ပင် မဖြစ်နိုင်သလောက် ဖြစ်နေပြီ။
" ယွဲ့လင်... မင်း စဉ်းစားဖို့ အမွှေးတိုင်တစ်တိုင်စာ အချိန်ပဲ ရမယ်... အဲဒီနောက်တော့ မင်းရဲ့ ရွေးချယ်မှုကို ငါအရှင် သိချင်တယ် "
ချန်းရှီအင်မော်တယ်ဘုရင်သည် ယွဲ့လင်အင်မော်တယ်ဘုရင်အား စူးစိုက်ကြည့်နေကာ သူ၏မျက်လုံးထဲတွင် ခြိမ်းခြောက်သည့် အရိပ်အယောင်များ တဖျပ်ဖျပ် လက်နေ၏။
သူ ဆက်မစောင့်နိုင်တော့ပေ။ အထူးသဖြင့် ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင် ဤနေရာ၌ အကြောင်းပြချက်မရှိ ကျဆုံးသွားပြီးနောက်တွင် သူ ပို၍ပင် စိုးရိမ်ပူပန်လာခဲ့သည်။ အချိန်ထပ်ဆွဲနေပါက မျှော်လင့်မထားသော ပြဿနာများ ဖြစ်လာမည်ကို သူ စိုးရိမ်သဖြင့် ယွဲ့လင်အင်မော်တယ်ဘုရင်အား နောက်ဆုံး ဆုံးဖြတ်ချက်ချရန် ဖိအားပေးဖို့ အလွန်အလျင်စလို ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။
ယွဲ့လင်အင်မော်တယ်ဘုရင်မှ သဘောတူလျှင် အဆင်ပြေလိမ့်မည်။ သဘောမတူပါက အင်အားသုံးရန် သူ ပြင်ဆင်ထားပြီး ဖြစ်၏။ မည်သို့ပင်ဆိုစေ သူ လိုချင်တပ်မက်နေသည်မှာ ယွဲ့လင်အင်မော်တယ်ဘုရင်၏ အင်မော်တယ်ဘုရင် မူလချီစွမ်းအင်ပင် ဖြစ်သည်။
ယွဲ့လင်ကို ဖမ်းမိသည်နှင့်တစ်ပြိုင်နက် သူ၏ အင်မော်တယ်ဘုရင် မူလချီစွမ်းအင် အားလုံးကို မျိုချကာ ကံကြမ္မာကို လုယူနိုင်မည် ဖြစ်လေသည်။
" ငါ့ကို စဉ်းစားဖို့ အချိန်ပိုပေးရင်တောင် ငါ့ရဲ့ အဖြေက တစ်ခုတည်းပဲ... မင်း အိပ်မက်မက်နေလိုက် "
ချန်းရှီအင်မော်တယ်ဘုရင်၏ အတင်းအကျပ် ဖိအားပေးမှုကို ရင်ဆိုင်ရသောအခါ ယွဲ့လင်အင်မော်တယ်ဘုရင်သည် မျက်မှောင်ကျုတ်ကာ တုံ့ဆိုင်းမှုမရှိ ပြန်လည် ချေပလိုက်၏။
တစ်ချိန်တည်းမှာပင် သူ၏စိတ်ထဲတွင် တိတ်တဆိတ် သတိထားနေမိ၏။ ချန်းရှီအင်မော်တယ်ဘုရင်၏ အမူအရာသည် မကောင်းသော ရည်ရွယ်ချက်များ ရှိနေကြောင်း ထင်ရှားနေ၍ ဤတစ်ကြိမ်တွင် သူ့ကို နောက်ဆုတ်သွားအောင် လုပ်ရန်မှာ ထိုမျှ လွယ်ကူလိမ့်မည် မဟုတ်ချေ။
" ငါအရှင်က မင်းကို အခွင့်အရေး ပေးခဲ့တယ်... မင်းကိုယ်တိုင် အမိအရ မဆုပ်ကိုင်နိုင်ခဲ့တော့လည်း ငါအရှင့်ကို အပြစ်တင်လို့ မရဘူးပေါ့ "
ယွဲ့လင်အင်မော်တယ်ဘုရင်၏ ပြတ်သားသော သဘောထားကို မြင်သောအခါ ချန်းရှီအင်မော်တယ်ဘုရင်၏ မျက်နှာထားမှာ တဖြည်းဖြည်း မှိုင်းညို့လာကာ သည်းခံနိုင်စွမ်း ကုန်ဆုံးသွားပုံရလေသည်။
သူသည် မိုးကုတ်စက်ဝိုင်းဆီသို့ တစ်ချက်ကြည့်လိုက်ကာ အသံဩဩဖြင့် ပြောဆိုလိုက်၏။
" ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်... ဒီကိစ္စကို ဝင်ပါပေးဖို့ အလုပ်ရှုပ်ခံပါဦး "
" ဟီးဟီး... ကိစ္စသေးသေးလေးပါ "
ကျယ်ပြောလှသော ကမ္ဘာလောက၏ ထောင့်နေရာတိုင်းမှ ခပ်ဟဟ ရယ်သံတစ်ခု ပဲ့တင်ထပ်လာ၏။
နောက်တစ်ခဏတွင် မင်ရည်ကဲ့သို့ မည်းနက်မှောင်မိုက်သော ညဉ့်ယံတစ်ခုမှာ ကမ္ဘာလောက၏ ထောင့်ပေါင်းစုံကို မျိုချသွားလျက် ချန်းရှီအင်မော်တယ်ဘုရင်နှင့် ယွဲ့လင်အင်မော်တယ်ဘုရင် နှစ်ဦးစလုံးကို လွှမ်းခြုံသွားလေသည်။
ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်?!
ညကောင်းကင်ယံကဲ့သို့ ကျယ်ပြောကာ တိတ်ဆိတ်ငြိမ်သက်နေသော ညဥ့်ယံကြီးမှ သူ့အား ဝန်းရံသွားသည်ကို မြင်လိုက်ရသောအခါ ယွဲ့လင်အင်မော်တယ်ဘုရင်၏ အမူအရာမှာ ချက်ချင်းပင် မယုံနိုင်လောက်အောင် အကျည်းတန်သွားတော့၏။
ဤသည်မှာ ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်၏ နာမည်ကျော် အဆုံးအဖြတ်ပညာရပ် ဖြစ်သော ' ကောင်းကင်ဖုံးလွှမ်းခြင်း ပညာရပ် ' ပင် ဖြစ်သည်။ ၎င်းသည် ကောင်းကင်နှင့်မြေကြီးရှိ အရာခပ်သိမ်းကို သူ၏ ကောင်းကင်ဖုံးလွှမ်း နယ်ပယ်အတွင်းသို့ ချုပ်လှောင်ထားနိုင်၍ ၎င်းအတွင်း ကျရောက်သွားသူများသည် လှောင်ချိုင့်တွင်းမှ ငှက်များကဲ့သို့ ထွက်ပြေးစရာ လမ်းစမရှိတော့ချေ။
အရေးအကြီးဆုံးအချက်မှာ ဤကောင်းကင်ဖုံးလွှမ်း နယ်ပယ်အတွင်း၌ လှိုင်းဂယက်များ အားလုံး ပြင်ပသို့ လုံးဝ မသက်ရောက်ခြင်းပင် ဖြစ်သည်။
ကောင်းကင်ဖုံးလွှမ်း နယ်ပယ်အတွင်း၌ အင်မော်တယ်ဘုရင်အဆင့် တိုက်ပွဲတစ်ခု ပေါက်ကွဲထွက်ပေါ်လာလျှင်တောင်မှ နယ်ပယ်၏အပြင်ဘက်သို့ လှိုင်းဂယက်တစ်ခုမျှ ပြန့်နှံ့သွားမည် မဟုတ်ပေ။
အတိတ်က အင်မော်တယ်နှင့် နတ်ဆိုး စစ်ပွဲအတွင်း၌ ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်သည် ဤကောင်းကင်ဖုံးလွှမ်းခြင်း ပညာရပ်ကို အားကိုးကာ အင်မော်တယ်ဘုရင် သုံးပါးကို အောင်မြင်စွာ ထောင်ချောက်ဆင် ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့ထဲမှ တစ်ပါးကို ချေမွ သန့်စင်ပစ်နိုင်ခဲ့သည်။ ထိုအချိန်အတွင်း၌ နတ်ဆိုးနယ်မြေမှ နတ်ဆိုးဧကရာဇ်အဆင့် တည်ရှိမှုများပင်လျှင် မူမမှန်မှု အနည်းငယ်ကိုမျှ သတိမထားမိခဲ့ကြချေ။
ဤအောင်မြင်မှုကြောင့်ပင် ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်၏ နာမည်သည် အရပ်ဆယ်မျက်နှာသို့ တုန်လှုပ်သွားစေခဲ့ကာ အင်မော်တယ်ဘုရင်အဆင့်များထဲတွင် ဘီလူးကြီးတစ်ပါးအဖြစ် ချီးကျူးခံခဲ့ရသည်။
အင်မော်တယ်ဘုရင် ဘီလူးကြီးဆိုသည်မှာ သာမန် အင်မော်တယ်ဘုရင်များကို ကျော်လွန်ကာ အင်မော်တယ်ဘုရင်အဆင့်၏ အထွတ်အထိပ်တွင် ရပ်တည်နေသော တည်ရှိမှုများအတွက်သာ သီးသန့်ပေးထားသော ဘွဲ့အမည်တစ်ခုဖြစ်ကာ အင်မော်တယ်ဘုရင်အဆင့်အတွင်း သူတို့၏ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းအားကို ကိုယ်စားပြုလေသည်။
ဤကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်သည် အင်မော်တယ်နယ်မြေရှိ လက်ချိုးရေတွက်၍ရနိုင်သော အင်မော်တယ်ဘုရင်အဆင့် ဘီလူးကြီးများထဲမှ တစ်ပါးပင် ဖြစ်သည်။
သို့သော် သူ၏ မောက်မာသော အမူအကျင့်ကြောင့် ရှေးဟောင်း အင်မော်တယ်နှင့် နတ်ဆိုး စစ်ပွဲပြီးဆုံးပြီးနောက် မည်သို့ဖြစ်သည်မသိ အင်မော်တယ်ဧကရာဇ် တစ်ပါးကို စော်ကားမိကာ အပြစ်ပေးခံခဲ့ရ၏။ ထို့ကြောင့် သူသည် သိုသိုသိပ်သိပ် နေထိုင်ခဲ့၍ အင်မော်တယ်နယ်မြေရှိ သက်ရှိများရှေ့မှောက်တွင် မည်သည့်အခါမျှ ပြန်လည်မပေါ်လာတော့ချေ။
ယနေ့တွင် ထိုသူသည် လဝိညာဉ် ကောင်းကင်ဘုံ၌ ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ထို့အပြင် ချန်းရှီအင်မော်တယ်ဘုရင်၏ ဖိတ်ခေါ်ချက်အရ သူ့ကို ပစ်မှတ်ထားရန် ရောက်လာခြင်း ဖြစ်လေသည်။
" ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်! ရှင်နဲ့ ကျွန်မ အရင်က ရန်ငြိုးလည်းမရှိသလို အခုလည်း မုန်းတီးစရာ မရှိပါဘူး... ဘာလို့ ဒီနေ့ ကျွန်မကို လာဆန့်ကျင်ရတာလဲ "
ယွဲ့လင်အင်မော်တယ်ဘုရင်၏ ရင်ထဲတွင် သတိထားမှုများ မြင့်တက်လာကာ ပြင်းထန်စွာ အော်ဟစ်လိုက်၏။
ချန်းရှီအင်မော်တယ်ဘုရင်၏ တာအိုကျင့်ကြံမှုနှင့် စွမ်းအားမှာ သူ့ထက်သာလွန်သော်ငြား တစ်ပါးတည်းဖြစ်၍ သူ့ အနေဖြင့် မနိုင်လျှင်တောင် ထွက်ပြေးလွတ်မြောက်နိုင်စွမ်း ရှိသေးသည်။
သို့သော် ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင် ပါဝင်လာပါက ကွာခြားသွားလေပြီ။
ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်မှ သူ၏ ကောင်းကင်ဖုံးလွှမ်း နယ်ပယ်ကို ထုတ်ဖော်လိုက်သည်နှင့် ယွဲ့လင် ထွက်ပြေးရန်မှာ အလွန် ခက်ခဲသွားမည်ဖြစ်သည်။ အကယ်၍ သူသာ ချန်းရှီအင်မော်တယ်ဘုရင်နှင့် ပူးပေါင်းလိုက်ပါက ယွဲ့လင်၏သေရေးရှင်ရေးမှာ ပို၍ပင် မသေချာတော့ချေ။
သို့သော် ဤကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်သည် အဘယ်ကြောင့် ချန်းရှီအင်မော်တယ်ဘုရင်ကို ကူညီ၍ သူ့အား ဆန့်ကျင်ရသနည်း။
" ဟက်... ငါအရှင်က မင်းနဲ့ ဘာရန်ငြိုးမှ မရှိတာတော့ အမှန်ပါပဲ... ဒါပေမယ့် တာအိုရောင်းရင်း ချန်းရှီရဲ့ ကမ်းလှမ်းချက်တွေကို ငါအရှင်လည်း မငြင်းချင်လို့ပါ "
ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်သည် ခပ်ဟဟ ရယ်မောလိုက်သော်လည်း သူ၏အသံတွင် အေးစက်သည့် အရိပ်အယောင်များ ပါဝင်နေ၏။
ထိုစကားကို ကြားသောအခါ ချန်းရှီအင်မော်တယ်ဘုရင်၏ မျက်ခွံများ တွန့်သွားလေသည်။ ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်ကို အကူအညီတောင်းရန် သူ တော်တော်လေး တန်ရာတန်ကြေး ပေးခဲ့ရသည်။
ကြိုတင် ဆုကြေးအနေဖြင့် အင်မော်တယ်ဘုရင် လက်နက်တစ်ခုကို ပေးခဲ့ရုံသာမက ကိစ္စပြီးပါက လဝိညာဉ် ကောင်းကင်ဘုံ၏ နှလုံးသားကို ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်ထံ ပေးအပ်မည်ဟုလည်း ကတိပေးခဲ့ရသည်။ သူ လိုချင်သည်မှာ ယွဲ့လင်အင်မော်တယ်ဘုရင် တစ်ယောက်တည်းသာ ဖြစ်၏။
ထို့အပြင် ချန်းရှီအင်မော်တယ်ဘုရင်သည် သူ၏ အင်မော်တယ်ဘုရင် တာအိုကို ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်အား နှစ်တစ်သောင်းကြာ အခမဲ့ လေ့လာကြည့်ရှုခွင့် ပေးအပ်ရမည် ဖြစ်သည်။
ဤသို့သော တန်ရာတန်ကြေးကို ပေါ့ပါးသည်ဟု မဆိုနိုင်ပေ။
အထူးသဖြင့် နောက်ဆုံးအချက်မှာ အင်မော်တယ်ဘုရင် တစ်ပါးစီတိုင်း ကျင့်ကြံထားသော အင်မော်တယ်ဘုရင် တာအိုသည် သူတို့၏ ခရီးလမ်းတစ်လျှောက် ပြင်းပြင်းထန်ထန် ကြိုးစားဖန်တီးထားရခြင်းဖြစ်၍ အင်မော်တယ်ဘုရင်တိုင်း၏ အဓိကလျှို့ဝှက်ချက်ဟု ဆိုနိုင်ကာ သူတို့၏ မျိုးဆက်များကိုပင် လက်ဆင့်ကမ်းပေးလေ့ မရှိပေ။
အဘယ်ကြောင့်ဆိုသော် အခြား အင်မော်တယ်ဘုရင်တစ်ပါးမှ ကိုယ့်၏အင်မော်တယ်ဘုရင် တာအိုကို မြင်တွေ့သွားပါက ၎င်း၏ စစ်မှန်သော အနှစ်သာရနှင့် နက်နဲမှုများကို နားလည်သဘောပေါက်သွားနိုင်၍ ဟာကွက်များနှင့် အားနည်းချက်များကိုပင် ရှာဖွေတွေ့ရှိသွားနိုင်သောကြောင့် ဖြစ်သည်။
အကယ်၍ နောက်ပိုင်းတွင် သူတို့နှစ်ဦး ယှဉ်ပြိုင်တိုက်ခိုက်ရပါက တစ်ဖက်လူသည် သေချာပေါက် ရှုံးနိမ့်ခြင်းမရှိသည့် အနေအထားတွင် ရပ်တည်နေနိုင်ပေလိမ့်မည်။
ထို့ကြောင့် အင်မော်တယ်ဘုရင်တစ်ပါးသည် သူ သေဆုံးမသွားသေးသရွေ့ သူတို့ ကျင့်ကြံဖန်တီးထားသော အဓိက တာအိုကို မည်သူ့ကိုမျှ လွှဲပြောင်းပေးလေ့ မရှိကြချေ။
သို့သော် ယခုအခါ ယွဲ့လင်အင်မော်တယ်ဘုရင်အား ကိုင်တွယ်ရန်အတွက် ချန်းရှီအင်မော်တယ်ဘုရင်သည် သူ တစ်သက်တာ ဖန်တီးထားသော တာအိုကို ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်အား လေ့လာကြည့်ရှုရန် ပေးအပ်သည့်အထိပင် လုပ်ဆောင်ခဲ့၏။ ဤသည်မှာ ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်ရှေ့တွင် သူ၏အားနည်းချက်များကို ထုတ်ဖော်ပြသလိုက်ခြင်းနှင့် ညီမျှလေသည်။ ဤသို့သော တန်ရာတန်ကြေးမှာ မကြီးမားပေဘူးလော။
သို့သော် ယွဲ့လင်ကို ဖမ်းမိမည်ဆိုပါက စွန့်လွှတ်ရသမျှ အရာအားလုံးမှာ တန်ဖိုးရှိပေလိမ့်မည်။
ယွဲ့လင်ကို ဖမ်းမိသည်နှင့်တစ်ပြိုင်နက် သူ၏ အင်မော်တယ်ဘုရင် မူလချီစွမ်းအင်ကို မျိုချကာ ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်နှင့် တန်းတူဖြစ်သော အင်မော်တယ်ဘုရင်အဆင့်၏ အထွတ်အထိပ်သို့ ချက်ချင်း တက်လှမ်းနိုင်မည် ဖြစ်သည်။
အင်မော်တယ်ဘုရင် တာအိုအတွက်မူ နောက်ပိုင်းတွင် ပြင်ဆင်၍ ပြီးပြည့်စုံအောင် လုပ်ဆောင်ရန် အချိန်အများကြီး ရရှိမည် ဖြစ်သည်။
အဆိုးဆုံးအခြေအနေတွင် အင်မော်တယ်တာအိုတစ်ခုကို အသစ်ပြန်လည်ကျင့်ကြံရန် အချိန်ကြာမြင့်စွာ အကုန်ခံရလျှင်တောင် တန်ဖိုးရှိပေသည်။
မည်သို့ပင်ဆိုစေ အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုတစ်ခုအတွက် အပေါများဆုံးအရာမှာ ရှည်လျားသော သက်တမ်းနှင့် အချိန်ပင် ဖြစ်သည်။
သို့သော် အင်မော်တယ်ဘုရင် ဘီလူးကြီးတစ်ပါးအဖြစ်သို့ အဆင့်တက်ရန် အခွင့်အရေးမှာ မျှော်လင့်နိုင်သော်လည်း အလွယ်တကူ ရရှိနိုင်သည့်အရာ မဟုတ်ချေ။
ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်၏ စကားများကို နားထောင်နေစဉ် ယွဲ့လင်အင်မော်တယ်ဘုရင်၏ရင်ထဲတွင် တဖြည်းဖြည်း အောက်ခြေအထိ နစ်မြုပ်သွားသလို ခံစားလိုက်ရ၏။
ချန်းရှီအင်မော်တယ်ဘုရင်သည် ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင် ငြင်းပယ်၍မရနိုင်သော သတ်မှတ်ချက်များကို ကမ်းလှမ်းခဲ့ကြောင်း သူ သိလိုက်ရသည်။ ထို့ကြောင့်သာ သူ့အား ကိုင်တွယ်ရန် ထိုသူ့ကို အကူအညီ တောင်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ယခု သူ့ကို လွယ်လွယ်ကူကူ နောက်ဆုတ်သွားအောင် ဖျောင်းဖျရန်မှာ ထိုမျှ ရိုးရှင်းလိမ့်မည် မဟုတ်ချေ။
" လဝိညာဉ် ကောင်းကင်ဘုံက ဝိညာဉ်ဧကရာဇ်ရဲ့ လက်အောက်မှာ ရှိတာလေ... ဒီမှာ ဒီလို မဆင်မခြင် လုပ်နေရင် ဝိညာဉ်ဧကရာဇ်ကို အနှောင့်အယှက်ပေးမိမှာ မကြောက်ဘူးလား "
ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်အား နောက်ဆုတ်ရန် ဖျောင်းဖျဖို့ မဖြစ်နိုင်သလောက် ရှိနေကြောင်း သိသော်လည်း ယွဲ့လင်အင်မော်တယ်ဘုရင်သည် လက်လျှော့ရန် ငြင်းဆန်နေဆဲပင်။
တစ်ချိန်တည်းမှာပင် သူသည် တိတ်တဆိတ် အချိန်ဆွဲနေ၏။
လဝိညာဉ် ကောင်းကင်ဘုံ၏ နှလုံးသားသည် ယခုအခါ ကုချန်၏လက်ထဲတွင် ရှိနေပြီဖြစ်သည်။
ချန်းရှီအင်မော်တယ်ဘုရင် ရောက်လာသည်ကို ထိုလူ သတိထားမိလောက်ပြီ မဟုတ်လော။