← Chapters

အခန်း (၄၂၉-၄၃၀)

Vol. 31 Ch. 429-430

အခန်း (၄၂၉-၄၃၀)

Vol. 31 Ch. 429-430

‎အခန်း ( ၄၂၉ ) - အချည်းနှီးဖြစ်ခြင်း၊ အသေအလဲ တိုက်ခိုက်ခြင်းနှင့် ကုချန်၏ အသံ

‎

‎

‎

‎" ဝိညာဉ်ဧကရာဇ်ကို အနှောင့်အယှက် ပေးမိမယ် ဟုတ်လား "

‎

‎

‎ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်သည် ယွဲ့လင်အင်မော်တယ်ဘုရင်၏ စကားအား ရယ်စရာတစ်ခုကို ကြားလိုက်ရသကဲ့သို့ အေးစက်စွာ ခပ်ဟဟ ရယ်မောလိုက်၏။

‎

‎

‎" တကယ်လို့ ဝိညာဉ်ဧကရာဇ်သာ ဒီနေရာကို အမြဲတမ်း စောင့်ကြည့်နေမယ်ဆိုရင် ငါအရှင်က ကျိန်းသေပေါက် မဆင်မခြင် မလုပ်ရဲပါဘူး "

‎

‎

‎" ဒါပေမယ့် ငါအရှင်ရဲ့ ကောင်းကင်ဖုံးလွှမ်း နယ်ပယ်ကို ဖြန့်ကျက်လိုက်တာနဲ့ အင်မော်တယ်ဧကရာဇ်အဆင့် တည်ရှိမှုတစ်ခုတောင် အချိန်တိုအတွင်း သတိထားမိဖို့ ခက်သွားပြီ... မင်းမသေခင်အထိ ဝိညာဉ်ဧကရာဇ်တောင် ဘာမှ သိလိုက်မှာ မဟုတ်ဘူး "

‎

‎

‎ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်၏ စကားများတွင် နက်ရှိုင်းသော ယုံကြည်မှုများ ပါဝင်နေလေသည်။

‎

‎

‎ဤသည်မှာ အင်မော်တယ်ဘုရင်အဆင့် ဘီလူးကြီးတစ်ပါး၏ ယုံကြည်မှုပင် ဖြစ်သည်။

‎

‎

‎ရှေးခေတ် အင်မော်တယ်နှင့် နတ်ဆိုး စစ်ပွဲကာလအတွင်း သူသည် ကောင်းကင်ဖုံးလွှမ်း နယ်ပယ်ကို အသုံးပြု၍ အင်မော်တယ်ဘုရင် သုံးပါးကို ထောင်ချောက်ဆင်ကာ တစ်ပါးကို သတ်ဖြတ်နိုင်ခဲ့၏။

‎

‎

‎အစမှအဆုံးတိုင် နတ်ဆိုးနယ်မြေမှ နတ်ဆိုးဧကရာဇ်၏ ရှာဖွေတွေ့ရှိခြင်းကို သူ မခံခဲ့ရချေ။

‎

‎

‎နတ်ဆိုးဧကရာဇ်ပင်လျှင် ထိုသို့ဖြစ်ခဲ့ရာ အင်မော်တယ်ဧကရာဇ်သည်လည်း သဘာဝကျကျပင် ချွင်းချက်ဖြစ်မည် မဟုတ်ပေ။

‎

‎

‎အကယ်၍ ဝိညာဉ်ဧကရာဇ်ကသာ ဤနေရာကို အမြဲတမ်း စောင့်ကြည့်နေပါက ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်သည် သေချာပေါက် မဆင်မခြင် လုပ်ရဲမည် မဟုတ်ချေ။

‎

‎

‎သို့သော် ဝိညာဉ်ဧကရာဇ်ကဲ့သို့သော တည်ရှိမှုတစ်ခုသည် ဤလဝိညာဉ် ကောင်းကင်ဘုံအတွင်းရှိ လှုပ်ရှားမှုများကို မည်သို့ အမြဲတမ်း စောင့်ကြည့်နေနိုင်မည်နည်း။

‎

‎

‎ထို့ကြောင့် ဝိညာဉ်ဧကရာဇ်၏ နာမည်ကို အသုံးပြု၍ သူ့အား ခြိမ်းခြောက်ရန် ကြိုးစားသည်မှာ အချည်းနှီးသာ ဖြစ်လေသည်။

‎

‎

‎" ဟမ့် "

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင်က နှာခေါင်းရှုံ့လိုက်သော်လည်း သူ၏ရင်ထဲတွင် မျှော်လင့်ချက်မဲ့မှုများ ခပ်ရေးရေး ပေါ်လာ၏။

‎

‎

‎ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်၏ စကားများမှာ အမှန်တကယ် မှန်ကန်ကြောင်း သူ သိလေသည်။

‎

‎

‎ဝိညာဉ်ဧကရာဇ်သည် အထက်စီးတွင် ရှိနေ၏။ သူ၏လဝိညာဉ် ကောင်းကင်ဘုံအတွင်း ဖြစ်ပျက်နေသမျှကို အမြဲတစေ မည်သို့ အာရုံစိုက်နေနိုင်မည်နည်း။

‎

‎

‎ကောင်းကင်ဖုံးလွှမ်း နယ်ပယ်ကို ဖြန့်ကျက်ထားပြီး ဖြစ်ရာ အင်မော်တယ်ဧကရာဇ်အဆင့် တည်ရှိမှုတစ်ခုပင်လျှင် သေချာ ဂရုတစိုက် မစစ်ဆေးပါက မည်သည့်အရာကိုမျှ ရှာတွေ့မည် မဟုတ်ချေ။

‎

‎

‎ယခု သူ့အတွက် တစ်ခုတည်းသော ရွေးချယ်စရာမှာ သူ့ကိုယ်ကို ကယ်တင်ရန်သာ ဖြစ်သည်။

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင်၏ အတွေးများမှာ လျင်မြန်စွာ လည်ပတ်သွားကာ သူ၏ အင်မော်တယ်ဘုရင် ချီစွမ်းအင်များမှာလည်း မျက်စိတစ်မှိတ်အတွင်း ပေါက်ကွဲထွက်လာ၏။

‎

‎

‎ခဏချင်းအတွင်းမှာပင် အဆုံးမဲ့တာအို နိယာမများဖြင့် အပြည့်အဝ ဖွဲ့စည်းထားသော တောက်ပသည့် လပြည့်ဝန်းကြီးတစ်ခု သူ၏ နောက်ကျော၌ ပေါ်ထွက်လာလေသည်။

‎

‎

‎လရောင်များ ဖြာကျလာကာ လေဟာနယ်ကို ရပ်တန့်သွားစေ၏။

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင်သည် ခြေလှမ်းဖွဖွဖြင့် လေဟာနယ်ကို ဆွဲဖြဲကာ ဤကောင်းကင်ဖုံးလွှမ်း နယ်ပယ်အတွင်းမှ ထွက်ပြေးရန် ပြင်လိုက်လေသည်။

‎

‎

‎သို့သော် သူ၏ကြိုးစားမှုမှာ အချည်းနှီးသာ ဖြစ်ခဲ့သည်။

‎

‎

‎လေဟာနယ်မှာ ရပ်တန့်နေပုံရ၏။ သာမန်အချိန်တွင် အတွေးတစ်ချက်ဖြင့် ဆွဲဖြဲနိုင်သော လေဟာနယ်သည် ယခုအခါ ကျောက်တုံးတစ်တုံးကဲ့သို့ မာကျောနေကာ အနည်းငယ်မျှပင် ခွဲဖြဲရန် လုံးဝ မဖြစ်နိုင်တော့ချေ။

‎

‎

‎သူ၏ပတ်ဝန်းကျင်ရှိ နေရာလွတ်များပင် စေးကပ်သော ညဥ့်ယံ ရွှံ့နွံထဲတွင် ပိတ်မိနေသကဲ့သို့ သူ့ကို လှုပ်ရှားရန် ခက်ခဲစေကာ ကောင်းကင်ဖုံးလွှမ်း နယ်ပယ်အတွင်းမှ လွတ်မြောက်ရန် တားဆီးထားလေသည်။

‎

‎

‎" အားလုံးက အလကားပါပဲ "

‎

‎

‎ထွက်ပြေးရန် ကြိုးစားနေသော ယွဲ့လင်အင်မော်တယ်ဘုရင်ကို ကြည့်ကာ ကောင်းကင်နှင့်မြေကြီးကြားမှ ခပ်ဟဟ လှောင်ပြောင်ရယ်မောသံတစ်ခု ပဲ့တင်ထပ်လာ၏။

‎

‎

‎မင်းက အင်မော်တယ်ဘုရင် ဘီလူးကြီးတစ်ပါးတောင် မဟုတ်ဘဲ ငါ့ရဲ့ ကောင်းကင်ဖုံးလွှမ်း နယ်ပယ်ထဲကနေ ဒီလောက် လွယ်လွယ်လေး ထွက်သွားချင်နေတာလား။

‎

‎

‎အိပ်မက်မက်နေတာပဲ။

‎

‎

‎" သေစမ်း! "

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင် ထွက်ပြေးရန် ပြင်လိုက်ချိန်မှာပင် ချန်းရှီအင်မော်တယ်ဘုရင်သည် အခွင့်အရေးကို အရယူကာ ပြတ်သားစွာ တိုက်ခိုက်လိုက်လေသည်။

‎

‎

‎အချိန်ကြာပါက ပြဿနာများ ဖြစ်လာမည်ကို စိုးရိမ်သဖြင့် သူ အချိန်မဆွဲရဲတော့ချေ။

‎

‎

‎" ဘုန်း! "

‎

‎

‎ချန်းရှီအင်မော်တယ်ဘုရင်မှ လက်ဝါးကို ဆန့်ထုတ်လိုက်ရာ မျက်စိတစ်မှိတ်အတွင်း ဧရာမ အဝါရောင် လက်ဝါးကြီးတစ်ခုသည် ကောင်းကင်နှင့်မြေကြီး တစ်ခုလုံးကို ဖုံးလွှမ်းသွားကာ ယွဲ့လင်အင်မော်တယ်ဘုရင်အပေါ်သို့ ရက်စက်စွာ ဖိချလာ၏။

‎

‎

‎ကြီးမားလှသော လက်ဝါးကြီးသည် ကောင်းကင်ကို ဖုံးလွှမ်းသွားကာ မှောင်မိုက်နေသော စကြဝဠာ ကြယ်ကောင်းကင်ကို ခဏတာမျှ လင်းထိန်သွားစေ၏။ ၎င်းနှင့်အတူ ဟွမ်သွမ့်အလင်းများနှင့် အင်မော်တယ်ချီများ ရစ်ပတ်ထွက်ပေါ်လာကာ ကမ္ဘာလောကကို ဖျက်ဆီးပစ်တော့မည့်အလား ပေါ်လာလေသည်။

‎

‎

‎ချန်းရှီအင်မော်တယ်ဘုရင်သည် ဘာကိုမျှ ချန်လှပ်မထားဘဲ အစွမ်းကုန် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။

‎

‎

‎သူ၏ရည်မှန်းချက်မှာ ရှင်းလင်းလှ၏။ ယွဲ့လင်အင်မော်တယ်ဘုရင်သည် သူ့ထံ အညံ့မခံလိုမှတော့ ပြတ်ပြတ်သားသား သတ်ဖြတ်၍ သူ၏ အင်မော်တယ်ဘုရင် မူလချီစွမ်းအင်ကို သန့်စင်ပစ်မည် ဖြစ်သည်။

‎

‎

‎" ချွတ်! "

‎

‎

‎ဧရာမ စွမ်းအားကြီး ကျဆင်းလာသည်နှင့်အမျှ ယွဲ့လင်အင်မော်တယ်ဘုရင်၏ မျက်ခုံးများမှာ တွန့်ချိုးသွားကာ လက်သင်္ကေတများကို လျင်မြန်စွာ ဖန်တီး၍ တာအို အမှတ်အသားများကို ဆက်တိုက် ထုတ်လွှတ်လိုက်လေသည်။

‎

‎

‎သူ၏နောက်ကျောရှိ တောက်ပသော လပြည့်ဝန်းကြီးသည် ချက်ချင်းပင် ပိုမိုတောက်ပ ပီပြင်လာကာ သူ၏ ရှေ့သို့ အလိုအလျောက် ရွေ့လျားလာ၏။ ၎င်းသည် ထူထပ်သော လရောင်များကို ဖြာကျစေကာ ချန်းရှီအင်မော်တယ်ဘုရင် ရိုက်ချလာသော အဝါရောင် လက်ဝါးကြီးကို တားဆီးရန် အတားအဆီးတစ်ခုအဖြစ် ဖန်တီးလိုက်လေသည်။

‎

‎

‎" ဘုန်း! "

‎

‎

‎မျက်တောင်တစ်ခတ်စာ အချိန်လေးအတွင်းမှာပင် အဝါရောင် လက်ဝါးကြီးသည် ယွဲ့လင်အင်မော်တယ်ဘုရင် ထုတ်လွှတ်လိုက်သော လရောင်နံရံနှင့် ဝင်တိုက်မိသွားတော့၏။

‎

‎

‎အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုများအကြားရှိ တိုက်ခိုက်မှုမှာ မြေကြီးကို တုန်လှုပ်စေလျက် ကောင်းကင်ကို တုန်ဟည်းသွားစေ၏။ ဤကမ္ဘာလောကရှိ အစိတ်အပိုင်းများကို ဖျက်ဆီးပစ်တော့မည့်အလား ပြိုင်ဘက်ကင်း ကြောက်မက်ဖွယ် လှိုင်းဂယက်များ ချက်ချင်း ပေါက်ကွဲထွက်ပေါ်လာလေတော့သည်။

‎

‎

‎သို့သော် ထိုကြောက်မက်ဖွယ် လှိုင်းဂယက်များသည် ပြင်ပသို့မရောက်မီ ကောင်းကင်ဖုံးလွှမ်း နယ်ပယ်အတွင်း၌ပင် လျှင်မြန်စွာ ငြိမ်းသတ်ခံလိုက်ရ၏။

‎

‎

‎ကောင်းကင်ဖုံးလွှမ်း နယ်ပယ် တစ်ခုလုံးသည် မမြင်ရသော ပိုက်ကွန်တစ်ခုကဲ့သို့ အင်မော်တယ်ဘုရင်အဆင့် လှိုင်းဂယက် အနည်းငယ်ကိုမျှ အပြင်သို့ မပေါက်ကြားစေရန် တားဆီးထားလေသည်။

‎

‎

‎အဝါရောင် လက်ဝါးကြီး၏ ပြင်းထန်သော ဖိအားကြောင့် ခဏတာမျှ အကြိတ်အနယ် ဖြစ်ပြီးနောက် ယွဲ့လင်အင်မော်တယ်ဘုရင်၏ ရှေ့ရှိ လရောင်နံရံမှာ ရိုက်ချိုးခံလိုက်ရ၏။

‎

‎

‎ဤသည်ကို မြင်သောအခါ ယွဲ့လင်အင်မော်တယ်ဘုရင်သည် သူ၏ခေါင်းပေါ်ရှိ တောက်ပသော လပြည့်ဝန်းကို လျင်မြန်စွာ အသက်သွင်းလိုက်၍ လရောင်များ ပိုမိုကျဆင်းလာစေကာ အဝါရောင် လက်ဝါးကြီးကို သီသီလေး တားဆီးထားနိုင်ခဲ့သည်။

‎

‎

‎သို့သော် ယွဲ့လင်အင်မော်တယ်ဘုရင်၏ ခေါင်းပေါ်ရှိ တောက်ပသော လပြည့်ဝန်းမှာလည်း သိသိသာသာ မှေးမှိန်သွားခဲ့လေသည်။

‎

‎

‎ခေါင်းပေါ်ရှိ သိသိသာသာ မှေးမှိန်သွားသော လပြည့်ဝန်းကို ကြည့်လျက် ယွဲ့လင်အင်မော်တယ်ဘုရင်၏ အမူအရာမှာ အနည်းငယ် အကျည်းတန်နေ၏။

‎

‎

‎သူ ဝန်မခံချင်သော်လည်း သူနှင့် ချန်းရှီအင်မော်တယ်ဘုရင်ကြားတွင် စွမ်းအားကွာဟချက် တစ်ခုရှိနေကြောင်းကိုမူ ဝန်ခံရပေမည်။

‎

‎

‎ချန်းရှီအင်မော်တယ်ဘုရင်၏ တိုက်ခိုက်မှု တစ်ချက်တည်းကပင် သူ၏ စွမ်းအားများစွာကို ကုန်ဆုံးသွားစေခဲ့သည်။

‎

‎

‎အကယ်၍ တိုက်ပွဲသာ ဆက်ဖြစ်နေပါက ရှုံးနိမ့်မည့်သူမှာ သေချာပေါက် သူပင် ဖြစ်လိမ့်မည်။

‎

‎

‎" ငါအရှင်က မင်းကို အခွင့်အရေး ပေးခဲ့တယ်... ဒါပေမယ့် မင်း တန်ဖိုးမထားခဲ့ဘူး "

‎

‎

‎ချန်းရှီအင်မော်တယ်ဘုရင်၏ အကြည့်များမှာ အေးစက်နေ၏။ ယွဲ့လင်အင်မော်တယ်ဘုရင်အား အသက်ရှူရချောင်ရန် အခွင့်အရေး မပေးတော့ဘဲ နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်လိုက်ပြန်သည်။ အင်မော်တယ်ဘုရင်တစ်ပါး၏ စွမ်းအားသည် အရပ်မျက်နှာအနှံ့သို့ တိုက်ခတ်သွားကာ မျှော်လင့်ချက်မဲ့စေမည့် ပြိုင်ဘက်ကင်းခြင်း ခံစားမှုကို သယ်ဆောင်လာလေသည်။

‎

‎

‎ချန်းရှီအင်မော်တယ်ဘုရင်၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် ယွဲ့လင်အင်မော်တယ်ဘုရင်၏ ရင်ထဲတွင် ခါးသီးနေသော်လည်း ခဏတာသာ ခုခံနိုင်ကာ အရေးနိမ့်သွားတော့၏။

‎

‎

‎အမှန်တကယ်တော့ အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုများအကြားရှိ တိုက်ပွဲများတွင် စွမ်းအားကသာ အရာအားလုံးကို ဆုံးဖြတ်လေသည်။ အားနည်းသူမှ အားကြီးသူကို အနိုင်ယူနိုင်သည့် ကိစ္စမျိုး ရှိလာမည် မဟုတ်ပေ။

‎

‎

‎အဆင့်နိမ့် ကျင့်ကြံသူများကြားတွင် အားနည်းသူမှ အားကြီးသူကို အနိုင်ယူသည့် ဖြစ်ရပ်မျိုး ရှိကောင်းရှိနိုင်၏။

‎

‎

‎သို့သော် အင်မော်တယ်ဘုရင်အဆင့်တွင် တာအိုကို နားလည်သဘောပေါက်မှုကသာ အခရာ ဖြစ်လေသည်။

‎

‎

‎အားပိုကြီးသူသည် အားနည်းသူကို ပေါင်းပင်လေးတစ်ပင်ပမာ အပြတ်အသတ် ချေမှုန်းနိုင်ရာ မည်သည့် အံ့အားသင့်စရာမှ ဖြစ်လာမည် မဟုတ်ချေ။

‎

‎

‎" ဘုန်း! "

‎

‎

‎နောက်ထပ် ပြင်းထန်သော အပြန်အလှန် တိုက်ခိုက်မှုအပြီးတွင် ယွဲ့လင်အင်မော်တယ်ဘုရင်သည် ဖရိုဖရဲ ဆုတ်ခွာလိုက်ရ၏။ သူ၏ခန္ဓာကိုယ်အတွင်း ချီများ ဆူပွက်နေကာ နှုတ်ခမ်းထောင့်တွင်လည်း ထိတ်လန့်ဖွယ် သွေးစများ ရှိနေလေသည်။

‎

‎

‎ဆန့်ကျင်ဘက်အနေဖြင့် ချန်းရှီအင်မော်တယ်ဘုရင်၏ ချီစွမ်းအင်များမှာ ချောက်နက်ကြီးတစ်ခုကဲ့သို့ နက်နဲနေဆဲဖြစ်ကာ အားနည်းသွားသည့် အရိပ်အယောင် လုံးဝ မရှိချေ။

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင်ကို ပို၍ မျှော်လင့်ချက်မဲ့သွားစေသည်မှာ အစမှအဆုံးတိုင် သူနှင့် ချန်းရှီအင်မော်တယ်ဘုရင်ကြား တိုက်ပွဲ မည်မျှပြင်းထန်နေစေကာမူ ဤကောင်းကင်ဖုံးလွှမ်း နယ်ပယ်အတွင်းမှ လှိုင်းဂယက် အနည်းငယ်မျှပင် ပေါက်ကြားမသွားခြင်းပင် ဖြစ်သည်။

‎

‎

‎ထို့ကြောင့် ဤကောင်းကင်ဖုံးလွှမ်း နယ်ပယ်အတွင်း သူ သေဆုံးသွားလျှင်တောင်မှ နယ်ပယ်အပြင်ဘက်ရှိ မည်သူကမျှ သိရှိမည်မဟုတ်ပေ။

‎

‎

‎ဒီနေ့ ဒီနေရာမှာပဲ သူ သေဆုံးရတော့မှာလား။

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင်သည် သူ၏နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်ဖယ်လိုက်ပြီးနောက် လှပသော မျက်လုံးများထဲတွင် မျှော်လင့်ချက်မဲ့မှု အရိပ်အယောင် ခပ်ရေးရေး ပေါ်လာ၏။

‎

‎

‎သူ အနည်းငယ် မကျေမချမ်း ဖြစ်မိသည်။

‎

‎

‎ချီလျန်မျိုးနွယ် ဘေးကင်းကြောင်းကို ယခုလေးတင် သူ သိရှိခဲ့ရကာ အနာဂတ်တွင် အခွင့်အရေးရပါက သူ၏မျိုးနွယ်စုဝင်များကို ပြန်လည်တွေ့ဆုံရန် စီစဉ်ထားခဲ့သည်လေ။

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင်၏ နတ်ဝိညာဉ်အာရုံမှာ ခဏတာမျှ ယိမ်းယိုင်သွားလေသည်။

‎

‎

‎ရုတ်တရက် သူ တစ်ယောက်တည်းသာ ကြားနိုင်သော ခပ်ဟဟ ရယ်မောသံတစ်ခု သူ၏နားဘေးတွင် ထွက်ပေါ်လာ၏။

‎

‎

‎" အကူအညီ လိုလို့လား "

‎

‎

‎ဒါ... ကုချန်လား?!

‎

‎

‎နားဘေးမှ ထိုအသံကို ကြားလိုက်ရချိန်တွင် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်နေခဲ့သော ယွဲ့လင်အင်မော်တယ်ဘုရင်၏ လှပသော မျက်လုံးများထဲတွင် မျှော်လင့်ချက် ရောင်ခြည်တစ်ခု ချက်ချင်း လင်းလက်သွားတော့သည်။

‎

‎

‎အဲဒီလူက ကောင်းကင်ဖုံးလွှမ်း နယ်ပယ်ကို ဖြတ်ကျော်ပြီး အထဲက လှုပ်ရှားမှုတွေကို သိနိုင်တာလား?!

‎

‎အခန်း ( ၄၃၀ ) - သတ်မှတ်ချက် တစ်ခု၊ အင်မော်တယ်ဘုရင် လက်အောက်ငယ်သား၊ ရန်သူကို အနိုင်ယူမည့် လက်သီးတစ်ချက်

‎

‎

‎

‎ကောင်းကင်ဖုံးလွှမ်း နယ်ပယ်?

‎

‎

‎ကုချန်သည် ယွဲ့လင်အင်မော်တယ်ဘုရင်၏ နတ်ဝိညာဉ် လှိုင်းဂယက်များကို ခံစားမိသွားဟန်ဖြင့် ခပ်ဟဟ ရယ်မောလိုက်၏။

‎

‎

‎ဤကောင်းကင်ဖုံးလွှမ်း နယ်ပယ်သည် အမှန်တကယ်ပင် ထူးခြားလှပေသည်။ အကယ်၍ သူသာ လဝိညာဉ် ကောင်းကင်ဘုံ၏ ကောင်းကင်နှလုံးသားကို မထိန်းချုပ်ထားဘဲ သူ၏နတ်ဝိညာဉ်ကို ကောင်းကင်နှလုံးသား၌ အပ်နှံကာ ကောင်းကင်နှင့်မြေကြီး၏ အဆုံးမဲ့ တာအိုများကို နားလည်သဘောပေါက်နေခြင်း မရှိပါက ဤနေရာမှ လှုပ်ရှားမှုကို သူ သတိထားမိမည် မဟုတ်ချေ။

‎

‎

‎သို့သော် သူ ရှာဖွေတွေ့ရှိသွားပြီဖြစ်ရာ ကောင်းကင်ဖုံးလွှမ်း နယ်ပယ်သည် ကုချန်၏အကြည့်အောက်မှ မဖုံးကွယ်နိုင်တော့ပေ။

‎

‎

‎အမှန်တကယ်တော့ ယွဲ့လင်အင်မော်တယ်ဘုရင် ကောင်းကင်ဖုံးလွှမ်း နယ်ပယ်ထဲသို့ စတင်ကျရောက်သွားကတည်းက ထိုနေရာရှိ လှုပ်ရှားမှုများကို ကုချန် သိရှိနေခဲ့ပြီး ဖြစ်သည်။ သို့သော် သူ အလောတကြီး ဝင်မပါခဲ့ဘဲ အရာအားလုံးကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့ခြင်း ဖြစ်လေသည်။

‎

‎

‎ထိုသို့ လုပ်ဆောင်ရခြင်းတွင် သူ့အကြောင်းပြချက်နှင့်သူ ရှိ၏။

‎

‎

‎အချိန်ကိုက် ကူညီပေးခြင်းက ရှိပြီးသားအရာအပေါ် ထပ်လောင်းဖြည့်ဆည်းပေးခြင်းထက် ပို၍ ကောင်းမွန်လေသည်။

‎

‎

‎အကယ်၍ ယွဲ့လင်အင်မော်တယ်ဘုရင် မျှော်လင့်ချက်မဲ့လုနီးပါး အန္တရာယ်နှင့် မကြုံတွေ့ရသေးမီ အစကတည်းက သူ ဝင်ကူညီခဲ့ပါက ယွဲ့လင်သည် သူ၏အကူအညီအတွက် မည်သို့ နက်နက်ရှိုင်းရှိုင်း ကျေးဇူးတင်မည်နည်း။

‎

‎

‎ထို့အပြင် ယခုအချိန်မှ ထွက်ပေါ်လာခြင်းတွင် ကုချန်၌ ကိုယ်ပိုင်အတွေးများ၏ ရှိနေသေး၏။

‎

‎

‎" ကျွန်မကို ကူညီပေးဖို့အတွက် ရှင့်ကို ဘာပြန်ပေးရမှာလဲ "

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင်သည် တည်ငြိမ်စွာ မေးမြန်းလိုက်၏။

‎

‎

‎သူသည် အလွန် ဉာဏ်ကောင်းသူဖြစ်ရာ ဤလောကတွင် အကြောင်းပြချက်မရှိ ကူညီခြင်းမျိုး မရှိကြောင်း သဘာဝကျကျပင် သိထားလေသည်။

‎

‎

‎ကုချန်သည် ချီလျန်မျိုးနွယ်၏ အရှင်သခင်ဖြစ်သော်လည်း သူနှင့် မည်သည့် ပတ်သက်မှုမျှ မရှိချေ။ အဘယ်ကြောင့် သူ့ကို ကူညီရမည်နည်း။

‎

‎

‎သူသည် ချီလျန်မျိုးနွယ်ဝင် ဖြစ်နေရုံမျှဖြင့် တစ်ဖက်လူက သေချာပေါက် ကူညီရမည်ဟု တွေးထင်လောက်အောင် ယွဲ့လင်အင်မော်တယ်ဘုရင်မှာ မတုံးအလွန်းပေ။

‎

‎

‎ဤလောကရှိ အကူအညီနှင့် လက်ဆောင်တိုင်းတွင် တန်ရာတန်ကြေး ရှိစမြဲ ဖြစ်သည်။

‎

‎

‎ဤအချက်ကို ယွဲ့လင်အင်မော်တယ်ဘုရင် သိထားသည်မှာ ကြာပြီ ဖြစ်၏။

‎

‎

‎ပါးနပ်လိုက်တာ!

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင်မှ သူ ပြန်ပေးရမည့်အရာအား အရင်စတင် မေးမြန်းလာသည်ကို မြင်သောအခါ ယွဲ့လင်အင်မော်တယ်ဘုရင်မှာ အလွန် သိတတ်ကာ နေရာသိသူဟု ခံစားရ၍ ကုချန် မချီးကျူးဘဲ မနေနိုင်တော့ချေ။

‎

‎

‎အချို့လူများမှာမူ ထုံအလွန်းကြကာ ကိုယ့်နေရာကိုယ်မသိဘဲ အခြားသူများ ကူညီသည်ကိုပင် လုပ်သင့်လုပ်ထိုက်သည်ဟု ထင်မှတ်တတ်ကြသည်။

‎

‎

‎အကယ်၍ ယွဲ့လင်အင်မော်တယ်ဘုရင်သာ ထိုကဲ့သို့ လူမျိုးဖြစ်ပါက ကုချန်သည် သူ့အား အဖက်လုပ်မည်ပင် မဟုတ်ချေ။

‎

‎

‎သို့သော် ယွဲ့လင်အင်မော်တယ်ဘုရင်က ဤမျှ သိတတ်နေမှတော့ သူ၏ နောက်ထပ် သတ်မှတ်ချက်များကို ကမ်းလှမ်းရန် များစွာ ပိုမိုလွယ်ကူသွားပြီ ဖြစ်လေသည်။

‎

‎

‎" မင်းကို ကူညီစေချင်ရင် ပြန်ပေးရမှာ တစ်ခုပဲ ရှိတယ်... ဒီကိစ္စပြီးရင် မင်းက ငါကိုယ်တော်ဆီမှာ နှစ်တစ်သိန်းကြာ သစ္စာခံရမယ်... နှစ်တစ်သိန်းပြည့်ရင် မင်းရဲ့ လွတ်လပ်ခွင့်ကို ငါကိုယ်တော် ပြန်ပေးမယ် "

‎

‎

‎ကုချန်မှ အေးဆေးစွာ ပြောဆိုလိုက်ကာ အပေးအယူကို ကမ်းလှမ်းလိုက်၏။

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင်ကို နှစ်တစ်သိန်းကြာ အစေခံခိုင်းခြင်းမှာ ကုချန် ရုတ်တရက် တွေးမိ၍ ကမ်းလှမ်းလိုက်သော သတ်မှတ်ချက်မဟုတ်ဘဲ အချိန်ကြာမြင့်စွာ စဉ်းစား စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။

‎

‎

‎အနာဂတ်တွင် အထက်ကောင်းကင်တားမြစ်နယ်မြေ အင်မော်တယ်နယ်မြေသို့ ဝင်ရောက်လာသောအခါ သူ့ကို ဖယ်ထုတ်လိုက်ပါက တားမြစ်နယ်မြေ တစ်ခုလုံး၏ ထိပ်တန်း တိုက်ခိုက်ရေးစွမ်းအားမှာ ရုတ်တရက် မလုံလောက်တော့သကဲ့သို့ ဖြစ်သွားမည် ဖြစ်၏။

‎

‎

‎ဧကရာဇ်အဆင့် ကျင့်ကြံမှုသည် အောက်ကမ္ဘာတွင် ကြီးစိုးနိုင်သော်လည်း အင်မော်တယ်နယ်မြေတွင်မူ လုံးဝ မလုံလောက်ပေ။ စစ်မှန်သော အင်မော်တယ် တစ်ပါးပင်လျှင် မဖြစ်နိုင်ပေ။

‎

‎

‎ကုချန်၏ ကိုယ်ပိုင်အချိန်မှာ ပို၍ပင် အဖိုးတန်လှရာ ဤအသေးအဖွဲ ကိစ္စများကို ဖြေရှင်းနေရန် သူ့၌ အချိန်များများစားစား မရှိချေ။

‎

‎

‎ထို့ကြောင့် ကုမိသားစုအတွက် နောက်တန်းကို ထိန်းထားနိုင်မည့် စွမ်းအားကြီးမားသော အစောင့်အရှောက်တစ်ဦး ရှိနေရန်မှာ အထူး အရေးကြီးလှသည်။

‎

‎

‎ကုချန်မှ ယွဲ့လင်အင်မော်တယ်ဘုရင်ကို အစေခံခိုင်းခြင်းမှာ သူ့ကို ကုမိသားစု၏ အစောင့်အရှောက်အဖြစ် တာဝန်ယူစေလိုသောကြောင့်ပင်။

‎

‎

‎သေချာပေါက် ၎င်းအပြင် သူ ကိုယ်တိုင် ပါဝင်ပတ်သက်ရန် အဆင်မပြေသော ကိစ္စအချို့ကိုလည်း ယွဲ့လင်အင်မော်တယ်ဘုရင်ထံ လွှဲပြောင်းဖြေရှင်းခိုင်းနိုင်သည်။ သူ၏ ကိုယ်စားလှယ်ကဲ့သို့ လုပ်ဆောင်စေခြင်းဖြင့် ပြဿနာများစွာကို လျှော့ချနိုင်မည် ဖြစ်လေသည်။

‎

‎

‎လက်ရှိ လဝိညာဉ် ကောင်းကင်ဘုံကဲ့သို့ပင်။

‎

‎

‎လဝိညာဉ် ကောင်းကင်ဘုံသည် ယွဲ့လင်အင်မော်တယ်ဘုရင်၏ နယ်မြေဖြစ်ကြောင်း အင်မော်တယ်နယ်မြေရှိ အဖွဲ့အစည်းအားလုံး သိကြသော်လည်း လဝိညာဉ် ကောင်းကင်ဘုံ၏ ကောင်းကင်နှလုံးသားသည် ကုချန်၏လက်ထဲသို့ ရောက်ရှိနေပြီဖြစ်ကြောင်း မည်သူမျှ မသိကြချေ။

‎

‎

‎ထိုအခါ သူသည် နောက်ကွယ်တွင် နေထိုင်ကာ တိတ်တဆိတ် အကျိုးအမြတ်များ ရှာဖွေနိုင်မည် ဖြစ်သည်။

‎

‎

‎ထို့အပြင် နှစ်တစ်သိန်းဆိုသည်မှာ အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုတစ်ခုအတွက် သိပ်မကြာလှသောကြောင့် ဤသတ်မှတ်ချက်ကို လက်ခံနိုင်ဖွယ် ရှိသည်ဟု သတ်မှတ်နိုင်၏။

‎

‎

‎တကယ်တမ်းလည်း ကုချန်၏ကမ်းလှမ်းချက်ကို ကြားပြီးနောက် ယွဲ့လင်အင်မော်တယ်ဘုရင်မှာ မတုံ့ဆိုင်းဘဲ မနေနိုင်တော့ချေ။

‎

‎

‎အကယ်၍ ကုချန်သာ ချန်းရှီအင်မော်တယ်ဘုရင်ကဲ့သို့ ရည်ရွယ်ချက်မျိုး ရှိနေပါက သူ သဘောတူမည်မဟုတ်ဘဲ သေခြင်းကိုသာ ရွေးချယ်ပစ်မည်ဟု တွေးထားခဲ့သည်။

‎

‎

‎သို့သော် ယခုအခါ ကုချန် ကမ်းလှမ်းသော အပေးအယူမှာ လက်မခံနိုင်စရာမျိုး မဟုတ်ပေ။

‎

‎

‎သူ့ကို နှစ်တစ်သိန်းကြာ သစ္စာခံခိုင်းပြီးနောက် နှစ်တစ်သိန်းပြည့်ပါက သူ၏လွတ်လပ်ခွင့်ကို ပြန်ရမည် ဖြစ်သည်။

‎

‎

‎အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုတစ်ခုအတွက် နှစ်တစ်သိန်းဆိုသည်မှာ မျက်စိတစ်မှိတ်စာ မဟုတ်သော်လည်း သိပ်မရှည်လျားလှသောကြောင့် လက်ခံနိုင်သော သတ်မှတ်ချက်တစ်ခု ဖြစ်လေသည်။

‎

‎

‎သို့သော်.....

‎

‎

‎" ရှင့်ကို သစ္စာခံတာက အဆင်ပြေပါတယ်... ဒါပေမယ့် ရှင် ထိန်းချုပ်ဖို့ ကျွန်မရဲ့ နတ်ဝိညာဉ် အမှတ်အသားကိုတော့ ပေးမှာ မဟုတ်ဘူး "

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင်မှ အသံဩဩဖြင့် ပြောဆိုလိုက်၏။

‎

‎

‎အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုများအတွက် သာမန် ကောင်းကင်နှင့်မြေကြီး ကျိန်စာများသည် မည်သည့် သက်ရောက်မှုမျှ မရှိချေ။

‎

‎

‎လုံခြုံမှုကို သေချာစေရန် တစ်ခုတည်းသော နည်းလမ်းမှာ တစ်ဖက်လူ ထိန်းချုပ်ရန် မိမိ၏နတ်ဝိညာဉ် အမှတ်အသားကို ပေးအပ်ခြင်းသာ ဖြစ်သည်။

‎

‎

‎သို့သော် ထိုသို့လုပ်ဆောင်ခြင်းက မိမိ၏ သေရေးရှင်ရေးကို တစ်ဖက်လူ၏ လက်ဝါးပေါ်တွင် အပ်နှံလိုက်ခြင်း ဖြစ်၏။

‎

‎

‎ထို့ကြောင့် အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုတစ်ခုအတွက် နတ်ဝိညာဉ် အမှတ်အသားဆိုသည်မှာ လုံးဝ ပေးအပ်၍မရသော အရာဖြစ်သည်။ ဤသည်မှာ ယွဲ့လင်အင်မော်တယ်ဘုရင်၏ နောက်ဆုံးစည်းပင် ဖြစ်လေသည်။

‎

‎

‎သူသည် ကုချန်အား သစ္စာခံကာ ထိုသူ၏ကိစ္စများကို ဖြေရှင်းပေးနိုင်သော်လည်း ချီလျိုနှင့် ချီမုန်တို့ကဲ့သို့ သူ၏နတ်ဝိညာဉ် အမှတ်အသားကို ပေးအပ်မည် မဟုတ်ပေ။

‎

‎

‎" ငါကိုယ်တော်ကလည်း မင်းရဲ့ နတ်ဝိညာဉ် အမှတ်အသားကို လိုချင်နေတာ မဟုတ်ပါဘူး "

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင်၏ ‌ထိုသို့‌သောအပြောကို ရင်ဆိုင်ရချိန်တွင် ကုချန်မှာ အနည်းငယ်မျှ တုံ့ဆိုင်းနေခြင်းမရှိဘဲ တဲ့တိုးဆန်စွာပင် ပြောဆိုလေသည်။

‎

‎

‎အမှန်တကယ်တော့ သူသည် အစကတည်းက ယွဲ့လင်အင်မော်တယ်ဘုရင်၏ နတ်ဝိညာဉ် အမှတ်အသားကို ထိန်းချုပ်ရန် မတွေးခဲ့ဖူးချေ။

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင်သည် ချီလျန်မျိုးနွယ်၏ သဲလွန်စများကို ရှာဖွေရန် မည်သည့်အခါမျှ လက်မလျှော့ခဲ့ခြင်းကို ကြည့်ခြင်းအားဖြင့် သူသည် သံယောဇဉ်ကို တန်ဖိုးထားသူ တစ်ယောက်ဖြစ်ကြောင်း ထင်ရှားလှသည်။

‎

‎

‎ယခုအခါ ချီလျန်မျိုးနွယ်သည် သူ၏ထိန်းချုပ်မှုအောက်တွင် အကြွင်းမဲ့ရှိနေပြီ ဖြစ်၏။

‎

‎

‎ချီလျန်မျိုးနွယ်ဆိုသော 'အားနည်းချက်' ကို ကိုင်ထားပြီးဖြစ်ရာ ယွဲ့လင်အင်မော်တယ်ဘုရင်၏ နတ်ဝိညာဉ် အမှတ်အသားကို သူ ထိန်းချုပ်ရန် လိုအပ်သေးသလော။

‎

‎

‎လုံးဝ မလိုအပ်တော့ပေ။

‎

‎

‎မည်သို့ပင်ဖြစ်စေ ယွဲ့လင်အင်မော်တယ်ဘုရင်ကို ကိုယ့်ကိုယ်ကိုယ် သတ်သေရမည့် ကိစ္စမျိုး လုပ်ခိုင်းမည် မဟုတ်ချေ။ ယွဲ့လင်ကို သစ္စာခံခိုင်းရခြင်းမှာ အလုပ်သေးသေးမွှားမွှားလေးများ၊ ကိုယ်စားလှယ် အင်မော်တယ်ဘုရင်အဖြစ် ဆောင်ရွက်ခြင်းနှင့် အပြစ်ခံယူပေးခြင်း စသည်တို့အတွက်သာ ဖြစ်လေသည်။

‎

‎

‎" ကောင်းပြီ... ရှင့်ကို နှစ်တစ်သိန်းကြာ သစ္စာခံဖို့ ကျွန်မ သဘောတူတယ် "

‎

‎

‎ကုချန်မှ အလွယ်တကူ သဘောတူလိုက်သည်ကို မြင်သောအခါ ယွဲ့လင်အင်မော်တယ်ဘုရင်သည် ထပ်မံတုံ့ဆိုင်းမနေတော့ဘဲ ကုချန် ကမ်းလှမ်းသည်များကို ပြတ်သားစွာ လက်ခံလိုက်၏။

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင် သဘောတူလိုက်သည်ကို မြင်သောအခါ ကုချန်၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာလေတော့သည်။

‎

‎

‎နှစ်တစ်သိန်း အစေခံပြီးသည်နှင့် လွတ်လပ်ခွင့် ရလိမ့်မည်ဟု ယွဲ့လင်အင်မော်တယ်ဘုရင်က ထင်မှတ်နေ၏။

‎

‎

‎ဒါပေမဲ့ တကယ်ပဲ အဲဒီလို ဖြစ်လာမှာလား။

‎

‎

‎ကုချန်၏ လက်ရှိ စွမ်းအားတိုးတက်မှုအရှိန်အရ နှစ်တစ်သိန်းအကြာတွင် အင်မော်တယ်ဧကရာဇ်အဆင့် သို့မဟုတ် ထိုထက်မြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိရန်မှာ မဖြစ်နိုင်သည့် ကိစ္စမဟုတ်ပေ။

‎

‎

‎ချီလျန်မျိုးနွယ်၏ သံယောဇဉ်နှောင်ကြိုးများနှင့် ပေါင်းစပ်လိုက်လျှင်.....

‎

‎

‎ထိုအချိန်ကျ ယွဲ့လင်အင်မော်တယ်ဘုရင်သည် သူ၏လက်အောက်မှ အမှန်တကယ် ခွဲထွက်လိုပါဦးမည်လော။

‎

‎

‎သူသည် မလိုတလိုဖြင့်ပင် ဆက်လက်သစ္စာခံ သွားနိုင်လေသည်။

‎

‎

‎သို့သော် ဤအရာအားလုံးမှာ နောက်မှဖြစ်လာမည့် ကိစ္စများသာ ဖြစ်၏။

‎

‎

‎ယခုလောလောဆယ်တွင် သူ၏ပထမဆုံး အင်မော်တယ်ဘုရင်အဆင့် လက်အောက်ငယ်သားကို အမြန် ကယ်တင်ရန် လိုအပ်နေသေးသည်။

‎

‎

‎" သေစမ်း! "

‎

‎

‎ချန်းရှီအင်မော်တယ်ဘုရင်သည် ဟိန်းဟောက်လိုက်ကာ ရှေ့သို့ ထပ်မံပြေးဝင်လာ၏။ ယွဲ့လင်အင်မော်တယ်ဘုရင်သည် ကုချန်နှင့် တိတ်တဆိတ် သဘောတူညီချက် ရယူပြီးသွားပြီဆိုသည်ကို သူ လုံးဝ မသိခဲ့ချေ။

‎

‎

‎" ဝှစ်...! "

‎

‎

‎ရုတ်တရက် ထူထပ်သော မှောင်မိုက်မှုကြီးမှာ ပယ်ပျောက်သွားကာ ကောင်းကင်ဖုံးလွှမ်း နယ်ပယ်မှာလည်း ဆုတ်ဖြဲခံလိုက်ရသည်မှာ အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်အထိပင်။

‎

‎

‎ကောင်းကင်နှင့်မြေကြီးကို စတင်ဖွင့်လှစ်ပေးလိုက်သော ပထမဆုံး အလင်းတန်းကဲ့သို့ အလင်းတန်းတစ်ခု ထိုအက်ကွဲကြောင်းထဲမှ ထိုးဖောက်ဝင်ရောက်လာရာ ယွဲ့လင်အင်မော်တယ်ဘုရင်၏ ရင်ထဲတွင် ငြိမ်းချမ်းမှုများ ချက်ချင်း ပြည့်နှက်သွားစေ၏။

‎

‎

‎ထို့နောက် လက်မောင်းတစ်ဖက်သည် ထိုအက်ကွဲကြောင်းထဲမှ ဆန့်ထွက်လာကာ အပိုအလိုမရှိ ချန်းရှီအင်မော်တယ်ဘုရင်ဆီသို့ လက်သီးတစ်ချက် ပြတ်သားစွာ ထိုးချလိုက်လေသည်။

‎

‎

‎ဧကရာဇ်လက်သီး လွှဲယမ်းသွားရာ ၎င်း၏စွမ်းအားသည် အရပ်ဆယ်မျက်နှာသို့ လွှမ်းခြုံသွားလျက် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံကြီးနှင့်အတူ သွေးများ ဖိတ်စင်ကာ ချန်းရှီအင်မော်တယ်ဘုရင်မှာ နောက်သို့ လွင့်စဉ်သွားတော့သည်။

All Chapters