အခန်း (၄၃၁-၄၃၂)
Vol. 31 Ch. 431-432
အခန်း ( ၄၃၁ ) - ဖဲချပ်ဆိုသည်မှာ၊ တစ်ကိုယ်တော်ပွဲ၊ ဘုရင်နှစ်ပါးကို တစ်ယောက်တည်း ရင်ဆိုင်ခြင်း
" အား! "
ရုတ်တရက် အပြောင်းအလဲကြောင့် ချန်းရှီအင်မော်တယ်ဘုရင်မှာ သိသိသာသာပင် အငိုက်မိသွားလေသည်။
ကုချန်၏ ဧကရာဇ်လက်သီးကို ရင်ဆိုင်ရချိန်တွင် သူ ပြင်ဆင်ချိန် မရလိုက်ပေ။ ပို၍တိတိကျကျပြောရလျှင် ခုခံရန် အချိန်မရလိုက်ဘဲ လက်သီးတစ်ချက်တည်းဖြင့် လွင့်စဉ်သွားကာ သွေးများ ပန်းထွက်သွား၍ သူ၏တာအိုခန္ဓာကိုယ်ပေါ်တွင် ထိတ်လန့်ဖွယ် အက်ကွဲကြောင်းများ ပြည့်နှက်သွား၏။
ထိုလက်သီး၏ စွမ်းအားမှာ သူ၏ခန္ဓာကိုယ်အား လုံးဝ ကျိုးပဲ့လုနီးပါး ဖြစ်သွားစေသည်။
" ဘယ်သူလဲ "
ချန်းရှီအင်မော်တယ်ဘုရင်သည် ကုချန်အား ကြည့်ကာ အံ့သြဒေါသထွက်စွာဖြင့် အော်ဟစ်လိုက်၏။
ဒီကောင်းကင်ဖုံးလွှမ်း နယ်ပယ်ထဲမှာ နောက်ထပ် ရန်သူတစ်ယောက် ဘယ်လိုလုပ် ရုတ်တရက် ပေါ်လာရတာလဲ။
" ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင် "
ချန်းရှီအင်မော်တယ်ဘုရင်၏ လေသံမှာ အနည်းငယ် မကျေမနပ် ဖြစ်နေ၏။
ကောင်းကင်ဖုံးလွှမ်း နယ်ပယ်ကို ဖြန့်ကျက်ပြီးတာနဲ့ အထဲက ဖြစ်ပျက်သမျှကို အပြင်ကလူတွေ မသိနိုင်ဘူးလို့ သူ ပြောခဲ့တယ် မဟုတ်လား။ ဒါဆို သူ့ရှေ့က ဒီရန်သူက ဘယ်ကနေ ရောက်လာတာလဲ။
" ကောင်းကင်ဖုံးလွှမ်း နယ်ပယ်အောက်မှာ ချီအငွေ့အသက်တွေ လုံးဝ မပေါက်ကြားဘူး... ချန်းရှီ... ဒီလူ ဘယ်လိုပေါ်လာလဲဆိုတာ မင်းဘာသာမင်း ပြန်မေးကြည့်သင့်တယ် "
ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်၏ အေးစက်သော အသံသည် ချန်းရှီအင်မော်တယ်ဘုရင်၏ နားထဲတွင် ပဲ့တင်ထပ်သွားကာ တစ်စုံတစ်ခုကို သတိရသွားစေပုံရ၏။
ဒီလူက ယွဲ့လင်အင်မော်တယ်ဘုရင်ကို လျှို့ဝှက်ကူညီပေးနေတာများလား။
သူတို့က အမြဲတမ်း အတူတူ ရှိနေခဲ့တာ ဖြစ်နိုင်တယ်။
ထို့ကြောင့်သာ ယွဲ့လင်အင်မော်တယ်ဘုရင် ကောင်းကင်ဖုံးလွှမ်း နယ်ပယ်ထဲတွင် နက်ရှိုင်းစွာ ပိတ်မိနေချိန်၌ တစ်ဖက်လူမှ ကူညီရန် အပြေးရောက်လာခြင်း ဖြစ်ပေမည်။
အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ဦးမှာ အစကတည်းက သိပ်မဝေးသောနေရာတွင် ရှိနေသဖြင့် ယွဲ့လင်အင်မော်တယ်ဘုရင် တစ်ခုခုဖြစ်သည်နှင့်တစ်ပြိုင်နက် ဤသူမှ သိရှိကာ ကူညီရန် ရောက်လာခြင်း ဖြစ်သည်။
ဒါဆို မကြာသေးခင်က သူခံစားမိခဲ့တဲ့ အင်မော်တယ်ဘုရင်တစ်ပါး ကျဆုံးသွားတဲ့ လှိုင်းဂယက်က ဒီလူကြောင့် ဖြစ်ရတာပေါ့။
ကုချန်ကို ကြည့်သော ချန်းရှီအင်မော်တယ်ဘုရင်၏ အကြည့်များမှာ ရန်လိုလာတော့၏။
ကုချန်သည် ယွဲ့လင်အင်မော်တယ်ဘုရင် ရှာဖွေထားသော အကူအညီဖြစ်ပြီး သူ့ကို ကိုင်တွယ်ရန် အမှောင်ထဲတွင် ပုန်းအောင်းနေခဲ့ခြင်းဖြစ်မည်ဟု သူ ထင်မှတ်လိုက်သည်။
အကယ်၍ သူသာ ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်၏ အကူအညီကို မတောင်းဘဲ ပေါ့ဆစွာဖြင့် တစ်ယောက်တည်း လာခဲ့ပါက ဤသူ၏ ချုံခိုတိုက်ခိုက်ခြင်းကို ခံရကာ အရှက်ရဖွယ် ရှုံးနိမ့်သွားမည် မဟုတ်လော။
" ယွဲ့လင်... မင်းဆီမှာ ဒီလို ဖဲချပ်မျိုး ပုန်းကွယ်နေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး "
ချန်းရှီအင်မော်တယ်ဘုရင်၏ အကြည့်များသည် ယွဲ့လင်အင်မော်တယ်ဘုရင်ထံသို့ ပြန်လည်ရောက်ရှိသွား၏။ သူ၏မျက်လုံးများမှာလည်း အေးစက်နေလေသည်။
" ကံကောင်းလို့ ငါအရှင်က ကြိုတင်ပြင်ဆင်ပြီး တာအိုရောင်းရင်း ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်ကို အကူအညီတောင်းလာခဲ့တာ... မဟုတ်ရင် ဒီနေ့ မင်းရဲ့ ထောင်ချောက်ထဲကို တကယ် ကျသွားတော့မလို့ပဲ "
ချန်းရှီအင်မော်တယ်ဘုရင်၏ စကားများကို နားထောင်လျက် ယွဲ့လင်အင်မော်တယ်ဘုရင်မှာ တိတ်ဆိတ်နေလေသည်။
ချန်းရှီတစ်ခုခု အထင်လွဲနေပြီဆိုတာကို သူ သိ
၏။ ကုချန်သည် သူ့ကို ကူညီရန် လာခဲ့သည်မှာ မှန်သော်လည်း သူ၏ဖဲချပ်ဆိုသည်မှာ မဟုတ်ပေ။
အမှန်တကယ်တော့ ကုချန်၏အကူအညီကို တောင်းခံရန် ယွဲ့လင်အင်မော်တယ်ဘုရင်သည် ကြီးမားသော 'တန်ရာတန်ကြေး' ကို ပေးဆပ်ခဲ့ရရ၏။
ဤအရာအားလုံးမှာ ချန်းရှီကြောင့်ပင် ဖြစ်လေသည်။
သို့သော်.....
ချောက်နက်ကြီးတစ်ခုကဲ့သို့ သူ့ဘေးတွင် ရပ်နေသော ကုချန်၏ ခမ်းနားသည့် ပုံရိပ်ကို ကြည့်ပြီးနောက် ကမ္ဘာလောကကို လွှမ်းခြုံထားဆဲဖြစ်သော မှောင်မိုက်သည့် ညကောင်းကင်ယံကို ကြည့်လိုက်သောအခါ ကယ်တင်ခံလိုက်ရ၍ မူလက ဖြစ်ပေါ်လာသော ယွဲ့လင်အင်မော်တယ်ဘုရင်၏ ဝမ်းသာမှုများမှာ အလွန်အမင်း လျော့ပါးသွားခဲ့၏။
အကယ်၍ ချန်းရှီအင်မော်တယ်ဘုရင် တစ်ပါးတည်းသာဆိုပါက ကုချန်၏ တိုက်ခိုက်ရေးစွမ်းအားဖြင့် ကိုင်တွယ်နိုင်ပေလိမ့်မည်။
မည်သို့ပင်ဆိုစေ ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်ကို သူ သတ်ဖြတ်ခဲ့သည့် မြင်ကွင်းများမှာ ယွဲ့လင်အင်မော်တယ်ဘုရင်၏ စိတ်ထဲတွင် ထင်ဟပ်နေဆဲ ဖြစ်သည်။
သို့သော် ယခုအခါ ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်ဆိုသည့် 'အပြောင်းအလဲ' တစ်ခု ရှိနေလေပြီ။
ဤသူသည် သာမန် အင်မော်တယ်ဘုရင်တစ်ပါး မဟုတ်ဘဲ အင်မော်တယ်ဘုရင်များ၏ အထွတ်အထိပ်တွင် ရပ်တည်နေသည့် စစ်မှန်သော အင်မော်တယ်ဘုရင် ဘီလူးကြီးတစ်ပါး ဖြစ်သည်။ ကုချန်သည် ဤကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်ကို ယှဉ်နိုင်ပါမည်လော။
" တာအိုရောင်းရင်း ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်... ဒီလူကို မင်းဆီပဲ အပ်လိုက်မယ်... သူ့ကို အလုပ်ရှုပ်နေအောင် လုပ်ထားပေးပါ... ယွဲ့လင်ကို ငါ ရှင်းပြီးတာနဲ့ တာအိုရောင်းရင်း ထွက်သွားလို့ရပြီ "
ချန်းရှီအင်မော်တယ်ဘုရင်သည် ကုချန်အား သတိထားကာ တစ်ချက် ကြည့်လိုက်၏။
ယခုလေးတင် သူသည် ဤသူ၏ 'ချုံခိုတိုက်ခိုက်ခြင်း' ကို ခံလိုက်ရကာ လက်သီးတစ်ချက် အထိုးခံလိုက်ရသော်လည်း ကုချန်၏စွမ်းအားသည် သူ၏စိတ်ထဲတွင် နက်ရှိုင်းသော မှတ်တမ်းတစ်ခုကို ချန်ရစ်ထားခဲ့၏။
ထို့အပြင် ဤသူသည် အင်မော်တယ်ဘုရင်တစ်ပါးကို သတ်ဖြတ်ထားသည့် သာဓကရှိနေပြီဖြစ်ရာ ချန်းရှီအင်မော်တယ်ဘုရင်သည် ကုချန်နှင့် ထိပ်တိုက် မရင်ဆိုင်ချင်တော့ပေ။ ယင်းအစား သူသည် ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်ကို အသုံးပြု၍ ကုချန်အား ထိန်းထားစေကာ ယွဲ့လင်ကို သူ ရှင်းလင်းပြီးပါက ဤသူနှင့် ဆက်လက် ရှုပ်ထွေးနေရန် မလိုအပ်တော့ချေ။
" စိတ်ချပါ "
ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်မှ ခပ်ဟဟ ရယ်မောလိုက်၏။
" တကယ်လို့ ဒီလူသာ ငါ့ရဲ့ ကောင်းကင်ဖုံးလွှမ်း နယ်ပယ်အပြင်ဘက်မှာ ရှိနေမယ်ဆိုရင် သူ့ကို ကိုင်တွယ်ရတာ နည်းနည်း ခက်ခဲလိမ့်မယ်... ဒါပေမယ့် သူက ငါ့နယ်ပယ်ထဲကို ကိုယ်တိုင် တက်တက်ကြွကြွ ဝင်လာရဲမှတော့ ထွက်သွားဖို့ မစဉ်းစားနဲ့တော့ "
ကောင်းကင်ဖုံးလွှမ်း နယ်ပယ်ထဲသို့ အတားအဆီးမဲ့ ဝင်ရောက်လာသော ကုချန်၏
လုပ်ရပ်သည် ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်ကို မကျေမနပ် ဖြစ်စေခဲ့၏။
အဘယ်ကြောင့်ဆိုသော် ဤသူသည် မောက်မာလွန်းသောကြောင့်ပင်။ သူ၏ ကောင်းကင်ဖုံးလွှမ်း နယ်ပယ်အမည်ကို ကြားရုံမျှဖြင့် အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှု မည်မျှများများ တုန်လှုပ်ခဲ့ကြသနည်း။
အပြင်ဘက်မှ တစ်စုံတစ်ခုကို ခံစားသိရှိပြီးနောက် ဤသူသည် ထွက်မပြေးသည့်အပြင် အတင်းအကျပ်ပင် ဝင်ရောက်လာရဲ၏။ ဤသည်မှာ ထိုသူသည် သူ့ကို အဖက်မတန်သကဲ့သို့ ဆက်ဆံနေကြောင်း ရှင်းလင်းစွာ ပြသနေလေသည်။
" ငါအရှင်ရဲ့ ကောင်းကင်ဖုံးလွှမ်း နယ်ပယ်က လှောင်ပိတ်ဖို့ သက်သက် မဟုတ်ဘူး... မင်း ဝင်လာရဲမှတော့ ဒီမှာပဲ နေခဲ့တော့ "
ညကောင်းကင်ယံ၏ အစွန်းမှနေ၍ အေးစက်စက် ရယ်သံတစ်ခု ပဲ့တင်ထပ်လာ၏။
နောက်တစ်ခဏတွင် တက်လာသော နေမင်းများကဲ့သို့ အင်မော်တယ်အလင်းတန်းများနှင့် သန့်စင်သော ရောင်ခြည်များ ဆက်တိုက် ထွက်ပေါ်လာကာ ညကောင်းကင်ယံ တစ်ခုလုံးကို လွှမ်းခြုံသွား၍ ကုချန်ထံသို့ တိုးဝင်လာလေသည်။
အင်မော်တယ်အလင်းတန်းများနှင့် သန့်စင်သော ရောင်ခြည်များသည် မရေမတွက်နိုင်သော တာအိုအက္ခရာများဖြင့် ဖွဲ့စည်းထားကာ အစောပိုင်း ရှေးဟောင်းခေတ်မှ မြစ်ဖျားခံလာပုံရ၍ ရှေးဆန်လျက် အမြင့်မြတ်ဆုံး ဆွဲဆောင်မှုများဖြင့် ပြည့်နှက်နေ၏။
အင်မော်တယ်အလင်းတန်း တစ်ချက် ပွတ်တိုက်သွားရုံဖြင့် သာမန် အင်မော်တယ်ဘုရင်တစ်ပါးကို ဒဏ်ရာရစေနိုင်သည်။
ယခုအခါ တိုးဝင်လာသော အင်မော်တယ်အလင်းတန်းများသည် ရာထောင်ချီရုံမျှသာ မကတော့ချေ။
" ချန်းရှီကို ငါ ရှင်းမယ်... ရှင်က ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်ကို ထိန်းထားပေး "
ကောင်းကင်နှင့်မြေကြီးကို ဖုံးလွှမ်းလာသော ကြောက်မက်ဖွယ် အင်မော်တယ်အလင်းတန်းများကို မြင်သောအခါ ယွဲ့လင်အင်မော်တယ်ဘုရင်၏ အမူအရာမှာ ပြောင်းလဲသွားကာ အရင် စတင်ပြောလိုက်၏။
ကုချန်မှ ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်ကို ထိန်းထားပေးနိုင်ခြင်းက သူ့အတွက် အကူအညီကြီးတစ်ခု ဖြစ်သည်။ သူ၏ မူလစွမ်းအားသည် ချန်းရှီအင်မော်တယ်ဘုရင်လောက် အားမကောင်းသော်လည်း ပြင်းပြင်းထန်ထန် ရုန်းကန်ပြီးနောက် အသက်ရှင်ရန် အခွင့်အရေးတစ်ခု ရှာတွေ့နိုင်ပေမည်။ ယခင်က လုံးဝ အခွင့်အရေး မရှိခဲ့သည်ထက်စာလျှင် ပိုကောင်းလေသည်။
သို့သော် ယွဲ့လင်အင်မော်တယ်ဘုရင်၏ အကြံပြုချက်ကို ရင်ဆိုင်ရချိန်တွင် ကုချန်သည် ဖြည်းညင်းစွာ ခေါင်းခါလိုက်၏။
" ငါကိုယ်တော်က မင်းနဲ့ သဘောတူညီချက် ရထားပြီးမှတော့ ဒီနှစ်ယောက်ကို ရှင်းဖို့က ငါကိုယ်တော်ရဲ့ တာဝန်ပဲ... မင်း ဝင်ပါစရာ မလိုဘူး "
အကျပ်အတည်းမှ ကယ်တင်ပေးရန် ယွဲ့လင်အင်မော်တယ်ဘုရင်နှင့် သူ သဘောတူညီချက် ရယူထားပြီးဖြစ်ကာ ယွဲ့လင်အင်မော်တယ်ဘုရင်သည် သူ့ကို နှစ်တစ်သိန်းကြာ သစ္စာခံရမည် ဖြစ်သည်။
ယခုအခါ ယွဲ့လင်အင်မော်တယ်ဘုရင်မှ အသေအလဲ တိုက်ခိုက်နေရဦးမည်ဆိုလျှင် သူ ယခင်က ပြောခဲ့သော စကားများသည် မည်သည့်နေရာတွင် ရှိတော့မည်နည်း။
ဝါရင့် အင်မော်တယ်ဘုရင်တစ်ပါးနှင့် အင်မော်တယ်ဘုရင် ဘီလူးကြီးတစ်ပါးမျှသာ ဖြစ်သည်။ သူ တစ်ယောက်တည်းဖြင့် နှစ်ယောက်စလုံးကို ဖိနှိပ်ပစ်နိုင်လေသည်။
" ရှင် လုပ်နိုင်ပါ့မလား "
ကုချန်သည် ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်နှင့် ချန်းရှီအင်မော်တယ်ဘုရင်တို့၏ ပူးပေါင်းတိုက်ခိုက်မှုကို ယှဉ်နိုင်မည် မဟုတ်ဟု တွေးကာ ယွဲ့လင်အင်မော်တယ်ဘုရင်၏ မျက်နှာပေါ်တွင် သံသယအရိပ်အယောင်လေး ပေါ်လာ၏။
သို့သော် နောက်တစ်ခဏတွင် တရိပ်ရိပ် မြင့်တက်လာသော ဧရာမ စွမ်းအားလှိုင်းတစ်ခုသည် ကုချန်၏ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲထွက်လာလေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကုချန်သည် ဤတတိယကိုယ်ပွားကို သူ၏ မူလခန္ဓာကိုယ်နှင့် ပေါင်းစည်းလိုက်ကာ အင်မော်တယ်ဘုရင်အဆင့်ကို ကျော်လွန်လုနီးပါး ဖြစ်နေသော ကြီးမားလှသည့် စွမ်းအားကို ရရှိသွားလေသည်။
" အရမ်း ရိုးရှင်းပါတယ် "
တောင်များပြိုကျကာ ပင်လယ်တို့ ဆူပွက်နေသကဲ့သို့ သူ၏အတွင်းမှ ခမ်းနားကြီးကျယ်သော စွမ်းအားကို ခံစားရကာ ကုချန်၏ မျက်လုံးများမှာ လင်းလက်သွား၏။ သူသည် လက်နှစ်ဖက်လုံးကို တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်၍ ဘယ်ဘက်လက်ဝါးက အင်မော်တယ်အလင်းတန်းများဆီသို့ ပေါ့ပေါ့ပါးပါး ရိုက်ချလိုက်ကာ ညာဘက်လက်ဝါးအား လက်သီးအဖြစ် ပြန်ပြောင်းသွားစေ၍ ချန်းရှီအင်မော်တယ်ဘုရင်ဆီသို့ ထိုးချလိုက်လေသည်။
သူသည် ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်နှင့် ချန်းရှီအင်မော်တယ်ဘုရင် နှစ်ဦးစလုံးကို သူ တစ်ယောက်တည်း ရင်ဆိုင်ရန် အမှန်တကယ် ရည်ရွယ်ထားခြင်း ဖြစ်သည်။
" ဟမ့်... မောက်မာလိုက်တာ "
" ငါအရှင်ရဲ့ ဂုဏ်သိက္ခာကို အထင်အမြင်သေးတဲ့သူတွေက သွေးနဲ့ တန်ရာတန်ကြေး ပေးဆပ်ရမယ် "
ကုချန်၏လုပ်ရပ်သည် ယွဲ့လင်အင်မော်တယ်ဘုရင်ကို မှင်သက်သွားစေရုံသာမက ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်ကိုလည်း ဒေါသတကြီး နှာခေါင်းရှုံ့သွားစေခဲ့သည်။
ဒီလူက တကယ်ကို မောက်မာလွန်းလှတယ်။ သူ့ကိုရော ချန်းရှီကိုပါ တစ်ယောက်တည်းနဲ့ ရင်ဆိုင်နိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား။
ချန်းရှီအင်မော်တယ်ဘုရင် ရှိနေခြင်းက ဘာကွာခြားမှုမှ မရှိဟု ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင် ခံစားရသော်လည်း ကုချန်၏လုပ်ရပ်မှာ သူ့အား အဖက်မတန်သကဲ့သို့ ဆက်ဆံနေကြောင်း ရှင်းလင်းစွာ ပြသနေလေသည်။
အခန်း ( ၄၃၂ ) - အင်မော်တယ်ဘုရင်ကို ထိုးကြိတ်ခြင်း၊ စစ်ပွဲကို ရပ်တန့်ကာ အသက်ကို ကယ်တင်ရန် ရည်ရွယ်ခြင်း
ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်မှာ စော်ကားခံရသည်ဟု ခံစားလိုက်ရကာ ချန်းရှီအင်မော်တယ်ဘုရင်မှာလည်း ဒေါသကြောင့် ပေါက်ကွဲထွက်တော့မည့်အလား ဖြစ်နေလေသည်။
သူသည် ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်ကဲ့သို့ အင်မော်တယ်ဘုရင် ဘီလူးကြီးတစ်ပါး မဟုတ်သော်လည်း သာမန် အင်မော်တယ်ဘုရင်များနှင့် နှိုင်းယှဉ်၍မရနိုင်သော ဝါရင့် အင်မော်တယ်ဘုရင်တစ်ပါး ဖြစ်နေဆဲပင်။
သို့သော် ယခုအခါ ပြိုင်ဘက်မှ သူ့ကိုရော ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်ကိုပါ တစ်ပြိုင်နက်တည်း ရင်ဆိုင်နေခြင်းမှာ သူ့ကို အရေးမပါသော 'အပိုအကြွင်းအကျန်' တစ်ခုအဖြစ် သတ်မှတ်နေကြောင်း ထင်ရှားလှသည်။
ဤသို့ ဗြောင်ကျကျ လျစ်လျူရှုခြင်းသည် သူ့အတွက် ရက်စက်သော စော်ကားမှုတစ်ခုမျှသာ ဖြစ်လေသည်။
" နှစ်တွေကြာသွားပြီး နေ့ရက်တွေ ကုန်လွန်သွားပါစေ... ငါတစ်ယောက်တည်းသာ ထာဝရတည်မြဲတယ် "
ချန်းရှီအင်မော်တယ်ဘုရင်မှ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။ သူ အမှန်တကယ် ဒေါသထွက်သွားပြီဖြစ်ကြောင်း ထင်ရှားလှသည်။
သူသည် သူ၏လက်ဝါးများကို ဆက်တိုက် လွှဲယမ်းကာ မရေမတွက်နိုင်သော တာအိုလက်သင်္ကေတများကို ဖန်တီးလိုက်ရာ အဆုံးမဲ့ အက္ခရာအလင်းတန်းများအဖြစ် ပြောင်းလဲသွားလျက် သူ၏ခန္ဓာကိုယ်ကို ဝန်းရံသွားလေသည်။
နောက်ဆုံးတွင် ထိုအဆုံးမဲ့ အက္ခရာအလင်းတန်းများသည် တောက်ပသော အမွေးအတောင်ဓားများအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်နှင့်မြေကြီးကို ဖုံးလွှမ်းသွား၍ သေစေနိုင်သော ရည်ရွယ်ချက်များဖြင့် ကုချန်ထံသို့ တိုးဝင်သွားတော့သည်။
လူတစ်ယောက်တည်းနဲ့ ဘုရင်နှစ်ပါးကို တကယ်ပဲ ယှဉ်နိုင်ပါ့မလား။
ကောင်းကင်နှင့်မြေကြီးကို လွှမ်းခြုံလုနီးပါး ဖြစ်နေသော အင်မော်တယ်အလင်းတန်းများနှင့် အမွေးအတောင်ဓားများကို ကြည့်လျက် ယွဲ့လင်အင်မော်တယ်ဘုရင်မှာ အသက်ရှူရပ်မတတ် ဖြစ်သွားရကာ သူ၏ လှပသော မျက်လုံးများထဲတွင် နက်ရှိုင်းသော စိုးရိမ်မှုများ ပေါ်လာ၏။
အကယ်၍ သူသာ ကုချန်၏နေရာတွင် ရှိနေပြီး ချန်းရှီအင်မော်တယ်ဘုရင်နှင့် ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်တို့၏ ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်ရပါက ဤတိုက်ခိုက်မှု တစ်ချက်တည်းကိုပင် သူ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ဒါဆို ဒီကုချန်ကရော ခံနိုင်ရည် ရှိပါ့မလား။
သို့သော် ယွဲ့လင်အင်မော်တယ်ဘုရင်၏ စိုးရိမ်မှုမှာ အချိန်ကြာကြာ မခံလိုက်ချေ။ နောက်တစ်ခဏတွင် နက်ရှိုင်းသော အံ့အားသင့်မှုများမှာ သူ၏ လှပသော မျက်လုံးများထဲတွင် ပြည့်နှက်သွားလေသည်။
ကြီးမားလှသော အင်မော်တယ်အလင်းတန်းများသည် ကောင်းကင်ကန့်လန့်ကာကြီးတစ်ခုကဲ့သို့ တဖြည်းဖြည်း ဖိကျလာ၏။
ထိုသို့ ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင် ထုတ်လွှတ်လိုက်သော ကောင်းကင်အလင်းတန်းများကို ရင်ဆိုင်ရချိန်တွင် ကုချန်သည် လက်ဝါးတစ်ချက် ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ကို ဖုံးကွယ်သွားသော လက်ဝါးကြီးတစ်ခုအဖြစ် ပြောင်းလဲသွား၍ ကောင်းကင်အလိုတော် လှောင်ချိုင့်တစ်ခုကဲ့သို့ ထိုကောင်းကင်အလင်းတန်း အားလုံးကို လက်ဝါးထဲသို့ သိမ်းသွင်းကာ တိုက်ရိုက် ငြိမ်းသတ်ပစ်လိုက်လေသည်။
အခြားလက်တစ်ဖက်ရှိ ချန်းရှီအင်မော်တယ်ဘုရင် ထုတ်လွှတ်လိုက်သော မရေမတွက်နိုင်သည့် အမွေးအတောင်ဓားများမှာမူ ကုချန်၏ လက်သီးရှေ့တွင် လုံးဝ ခုခံနိုင်စွမ်းမရှိဘဲ ပူပြင်းသော နေရောင်အောက်ရှိ နှင်းများကဲ့သို့ အရည်ပျော်သွားကာ ကုချန်၏လက်သီးနားသို့ အနည်းငယ်မျှပင် မကပ်နိုင်ခဲ့ချေ။
မရေမတွက်နိုင်သော အမွေးအတောင်ဓားများကို အရည်ပျော်စေပြီးနောက် ကုချန်၏လက်သီးသည် ချန်းရှီအင်မော်တယ်ဘုရင်၏ ခန္ဓာကိုယ်အနီးသို့ နောက်တစ်ဖန် ရောက်ရှိသွားကာ လက်သီးတစ်ချက်တည်းဖြင့် သူ၏ခန္ဓာကိုယ်ကို အပိုင်းပိုင်းအစစ ရိုက်ချိုးပစ်လိုက်လေသည်။
" အား!!! "
ချန်းရှီအင်မော်တယ်ဘုရင်သည် သနားစရာကောင်းလောက်အောင် အော်ဟစ်လိုက်၏။ သူ၏ခြေလက်များနှင့် ခေါင်းတို့ ကွဲကွာသွားကာ သွေးများမှာလည်း အရပ်မျက်နှာအနှံ့ ပန်းထွက်သွားတော့သည်။
ချန်းရှီအင်မော်တယ်ဘုရင်၏ သနားစရာ အခြေအနေကို ကြည့်နေသည့် ကုချန်၏အကြည့်မှာ ဤရလဒ်ကို ကြိုတင်မျှော်လင့်ထားပြီးသားကဲ့သို့ တည်ငြိမ်နေလေသည်။
ယခင်က လက်သီးတစ်ချက်တည်းဖြင့် ဤကောင်ကို မချေမွနိုင်ခဲ့ခြင်းမှာ တတိယကိုယ်ပွား၏ တိုက်ခိုက်ရေးစွမ်းအား တစ်ခုတည်းဖြင့် မလုံလောက်သောကြောင့် ဖြစ်သည်။
ယခုအခါ သူသည် ' ချီတစ်ခုမှ သန့်စင်သူသုံးပါး ခွဲထွက်ခြင်း ' ပညာရပ်ကို အသုံးပြု၍ မူလခန္ဓာကိုယ်၏ တိုက်ခိုက်ရေးစွမ်းအားကို ပေါင်းစပ်ထားပြီးဖြစ်၏။ ထိုသို့ဆိုလျက်နှင့်ပင် ဤချန်းရှီအင်မော်တယ်ဘုရင်ကို မချေမွနိုင်သေးပါက မူလခန္ဓာကိုယ်ကို ပေါင်းစပ်ထားခြင်းက အလကား ဖြစ်သွားမည် မဟုတ်လော။
" ငါ့အပေါ် ထာဝရ နေ့ရက်တွေ ကျရောက်ပါစေ... ငါက တစ်ယောက်တည်းသော ဖျက်ဆီးမရနိုင်တဲ့ သူပဲ "
ချန်းရှီအင်မော်တယ်ဘုရင်က ဒေါသတကြီး ဟိန်းဟောက်လိုက်ကာ သူ၏အနှစ်သာရသွေးများကို လောင်ကျွမ်းစေလိုက်၏။ သူ၏ ကျိုးပဲ့နေသော ရုပ်ခန္ဓာသည် ကျယ်လောင်သော အသံကြီးနှင့်အတူ ပြိုကျသွားကာ မရေမတွက်နိုင်သော တာအိုအက္ခရာများအဖြစ် ပြောင်းလဲသွားလျက် ကောင်းကင်နှင့်မြေကြီးကို လွှမ်းခြုံသွားသည့် ကြောက်မက်ဖွယ် အက္ခရာသမုဒ္ဒရာကြီးတစ်ခု ဖြစ်လာလေသည်။
ကုချန် သူ့ကို ထိုးကြိတ်လိုက်သော လက်သီးတွင် ယုံကြည်နိုင်လောက်အောင် လွှမ်းမိုးနိုင်စွမ်းရှိသည့် နိယာမစွမ်းအားများ ပါဝင်နေ၏။
၎င်းသည် သူ၏ခန္ဓာကိုယ်ကို ရိုက်ချိုးပစ်လိုက်ရုံနှင့် မပြီးဘဲ သူ၏ ကျိုးပဲ့နေသော ရုပ်ခန္ဓာအတွင်း ဆက်လက် စိမ့်ဝင်ပျံ့နှံ့နေကာ သူ့ကို ပြန်လည်မဖွဲ့စည်းနိုင်အောင် တားဆီးထားလေသည်။ ချန်းရှီအင်မော်တယ်ဘုရင်တွင် အခြားရွေးချယ်စရာ မရှိတော့ဘဲ ကုချန်၏လက်သီးမှ စွမ်းအားများကို ပျော်ဝင်ဖယ်ရှားပစ်ရန် သူ၏ခန္ဓာကိုယ် တစ်ခုလုံးကို နိယာမ အက္ခရာများအဖြစ် လုံးဝ ပြောင်းလဲပစ်လိုက်ရတော့သည်။
ဤသည်မှာ အလွန် အန္တရာယ်များသော လှုပ်ရှားမှုတစ်ခု ဖြစ်သည်။ အနည်းငယ် မှားယွင်းသွားပါက သူ၏ခန္ဓာကိုယ်သည် တာအိုနှင့် လုံးဝ ပေါင်းစပ်သွားနိုင်သည်ဖြစ်ရာ ပြန်လည်ဖွဲ့စည်းရန် မဖြစ်နိုင်တော့ချေ။
သို့သော် ချန်းရှီအင်မော်တယ်ဘုရင်တွင် အခြားရွေးချယ်စရာ မရှိတော့ပေ။ ကုချန်၏ လွှမ်းမိုးနိုင်စွမ်းရှိသော လက်သီးကို ရင်ဆိုင်ရချိန်တွင် သူ့ကိုယ်သူ ကာကွယ်ရန် ဤအန္တရာယ်များသော နည်းလမ်းကိုသာ အသုံးပြုနိုင်တော့သည်။
" သတ်! "
ကုချန်၏လက်သီးစွမ်းအားကို ပျော်ဝင်သွားစေပြီးနောက် ချန်းရှီအင်မော်တယ်ဘုရင်သည် သူ၏ ရုပ်ခန္ဓာကို ပြန်လည်မဖွဲ့စည်းတော့ပေ။ ယင်းအစား အဆုံးမဲ့ အက္ခရာသမုဒ္ဒရာကြီးကို ထိန်းချုပ်ကာ ကုချန်ထံသို့ တိုက်ခိုက်မှုတစ်ခု စတင်လိုက်၏။ သူသည် ထိုအဆုံးမဲ့ အက္ခရာသမုဒ္ဒရာထဲတွင် ကုချန်အား လုံးဝ နစ်မြုပ်သွားစေရန် ရည်ရွယ်နေပုံရလေသည်။
" သေချင်နေတာပဲ "
ချန်းရှီအင်မော်တယ်ဘုရင်သည် ဆုတ်ခွာမည့်အစား ရှေ့သို့ တိုးဝင်လာရဲသည်ကို မြင်သောအခါ ကုချန်၏မျက်လုံးများထဲတွင် အေးစက်မှုတစ်ခု ဖြတ်ပြေးသွား၏။
ယခင် လက်သီးတစ်ချက်သည် ချန်းရှီအင်မော်တယ်ဘုရင်အား သူတို့နှစ်ဦးကြားရှိ ကြီးမားလှသော ကွာခြားချက်ကို သဘောမပေါက်စေခဲ့ဘူးလော။
ယခု ထိုသူသည် တက်တက်ကြွကြွပင် တိုက်ခိုက်လာရဲ၏။ ဤသည်မှာ သေချင်နေခြင်းသာ ဖြစ်သည်။
ချန်းရှီအင်မော်တယ်ဘုရင်၏ တက်ကြွသော တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် ကုချန်သည်လည်း ဘာကိုမျှ မငဲ့ညှာတော့ဘဲ အက္ခရာအလင်းတန်း သမုဒ္ဒရာကြီးဆီသို့ သူ၏ဧကရာဇ်လက်သီးကို နောက်တစ်ကြိမ် လွှဲယမ်းလိုက်လေတော့သည်။
" ဘုန်း! "
ကောင်းကင်ဘုံများအားလုံး ပေါက်ကွဲထွက်သွားသကဲ့သို့ ကြောက်မက်ဖွယ် အသံကြီးတစ်ခု ပေါက်ကွဲထွက်ပေါ်လာ၏။ ဤကောင်းကင်ဖုံးလွှမ်း နယ်ပယ်သည် ကုချန်၏ လက်သီးအတွင်းရှိ ဧရာမ စွမ်းအားကြီးကို မသယ်ပိုးနိုင်သည့်အလား တုန်လှုပ်ရမ်းခါသွားလေသည်။
ချန်းရှီအင်မော်တယ်ဘုရင် ပြောင်းလဲထားသော အက္ခရာအလင်းတန်း သမုဒ္ဒရာကြီးသည် ကုချန် ထိုးချလိုက်သော လက်သီးရှေ့တွင် မျက်စိတစ်မှိတ်အတွင်း လုံးဝ ချေမှုန်းခံလိုက်ရ၍ မရေမတွက်နိုင်သော အက္ခရာများစွာ လောင်ကျွမ်းကာ ပျောက်ဆုံးသွားတော့၏။
အကယ်၍ ချန်းရှီအင်မော်တယ်ဘုရင်သာ ကျန်ရစ်သော တာအိုအက္ခရာများနှင့်အတူ လျင်မြန်စွာ မဆုတ်ခွာခဲ့ပါက ထိုလက်သီးသည် သူ၏တာအိုအက္ခရာ အားလုံးကို ဖျက်ဆီးပစ်လိုက်မည်ဖြစ်ရာ သူ လုံးဝ သေဆုံးသွားမည်မှာ အသေအချာပင်။
သို့သော် ထိုသို့ဖြစ်စေကာမူ ချန်းရှီအင်မော်တယ်ဘုရင်၏ လက်ရှိ အခြေအနေမှာ ဆိုးရွားနေဆဲပင်။
အက္ခရာများကို စုစည်းကာ သူ၏ရုပ်ခန္ဓာ အစစ်အမှန်ကို ပြန်လည်ဖွဲ့စည်းလိုက်သော်လည်း သူ၏ခန္ဓာကိုယ်မှာ အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေ၍ အရှိန်အဝါမှာလည်း အလွန်အမင်း အားနည်းနေကာ ပြင်းထန်သော ထိခိုက်ဒဏ်ရာများ ရရှိထားကြောင်း ထင်ရှားလှသည်။
" အဟွတ်! အဟွတ်...! သူက... သူက ဘယ်လိုလုပ် ဒီလောက်တောင် စွမ်းအားကြီးနေရတာလဲ "
တောင်ကြီးတစ်တောင်ကဲ့သို့ မတ်မတ်ရပ်နေဆဲဖြစ်သော ကုချန်ကို ကြည့်ကာ ချန်းရှီအင်မော်တယ်ဘုရင်၏ ရင်ထဲတွင် နက်ရှိုင်းသော မျှော်လင့်ချက်မဲ့မှုများကိုသာ ခံစားနေရတော့၏။
ဒီလူရဲ့ စွမ်းအားက ဘာလို့ ဒီလောက်တောင် လွှမ်းမိုးနိုင်စွမ်း ရှိနေရတာလဲ။
သူ အစွမ်းကုန် ကြိုးစားခဲ့တာတောင်မှ ဒီလူရဲ့ လက်သီး နှစ်ချက်သုံးချက်ကိုတောင် ခံနိုင်ရည် မရှိဘူးတဲ့လေ။
" အင်မော်တယ်ဘုရင် ဘီလူးကြီး "
ထိုအချိန်၌ ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်၏ နှုတ်မှထွက်လာသော စကားမှာ ချန်းရှီအင်မော်တယ်ဘုရင်၏ ရင်ထဲတွင် ကြီးမားသော တုန်လှုပ်မှုကို ဖြစ်စေခဲ့၏။
ဒီလူက အင်မော်တယ်ဘုရင် ဘီလူးကြီးတစ်ပါးတဲ့လား?!
" ဝှစ်...! "
ညကောင်းကင်ယံမှာ လှိုင်းထသွား၍ မှေးမှိန်သော ပုံရိပ်တစ်ခု ဖြစ်ပေါ်လာကာ ကုချန်အား စိုက်ကြည့်နေ၏။
ဤသည်မှာ ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်၏ ရုပ်ခန္ဓာအစစ် ဖြစ်ပုံရကာ ကုချန်၏ စွမ်းအားကို သိရှိသွား၍ နောက်ဆုံးတွင် ကိုယ်ထင်ပြလာခြင်း ဖြစ်လေသည်။
" တာအိုရောင်းရင်း... ဒီနေ့ ဖြစ်ခဲ့တာတွေက အထင်လွဲမှုတစ်ခုသက်သက်ပါ... ချန်းရှီအင်မော်တယ်ဘုရင်ကို ငါ ခေါ်သွားမယ်... ပြီးတော့ ဘာမှမဖြစ်ခဲ့သလို ငါတို့ ဟန်ဆောင်ကြရင် ဘယ်လိုလဲ "
ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်မှ ဖျောင်းဖျသလို ပြောလိုက်၏။
ကုချန်၏ တိုက်ခိုက်ရေးစွမ်းအားကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ပြီးနောက် ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်သည် ကုချန်အား သူနှင့်တန်းတူ အင်မော်တယ်ဘုရင် ဘီလူးကြီးတစ်ပါးအဖြစ် မှတ်ယူလိုက်ပြီ ဖြစ်သည်။
ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်၌ပင် ဤအဆင့်ရှိ တည်ရှိမှုတစ်ခုကို အသေအလဲ တိုက်ခိုက်ရန် ယုံကြည်မှု မရှိချေ။
ထို့အပြင် ချန်းရှီအင်မော်တယ်ဘုရင်ကို ကူညီရန်အတွက် အင်မော်တယ်ဘုရင် ဘီလူးကြီးအဆင့် တည်ရှိမှုတစ်ခုကို စော်ကားရန်ဆိုသည်မှာ ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင် လိုလားသည့်အရာ မဟုတ်ပေ။
ထို့ကြောင့် ပဋိပက္ခကို ဤနေရာတွင် အဆုံးသတ်ရန် သူ အကြံပြုလိုက်ခြင်း ဖြစ်သည်။
ချန်းရှီအင်မော်တယ်ဘုရင်ကို ခေါ်သွားရန် သူ အဘယ်ကြောင့် တောင်းဆိုရသနည်းဆိုလျှင် ချန်းရှီအင်မော်တယ်ဘုရင် ပြောခဲ့သော ဆုလာဘ်ကို သူ မရရှိသေးသောကြောင့်ပင်။ အကယ်၍ သူသာ တစ်ယောက်တည်း ထွက်သွားပါက ကြိုးစားအားထုတ်ခဲ့မှုများမှာ အချည်းနှီး ဖြစ်သွားမည် မဟုတ်ပါလော။
" ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်က တကယ်ပဲ နောက်ဆုတ်သွားတာလား "
ယွဲ့လင်အင်မော်တယ်ဘုရင်သည် ဤအရာအားလုံးကို အံ့သြစွာ စောင့်ကြည့်နေကာ တစ်ချိန်တည်းမှာပင် သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။ အားကြီးသူမှ အားနည်းသူကို ဝါးမျိုသည့် လောကကြီးပင်။ အားကြီးသူကိုသာ လေးစားကြ၏။ ဤအချက်မှာ အင်မော်တယ်ဘုရင်အဆင့်များကြားတွင်ပင် မှန်ကန်နေဆဲ ဖြစ်လေသည်။
ယခင်က သူ့ကို ရင်ဆိုင်ရစဉ် ဤကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်သည် ရုပ်ခန္ဓာစစ်အား ကိုယ်ထင်မပြခဲ့ဘဲ သူ့ကို ပြိုင်ဘက်တစ်ဦးအဖြစ် လုံးဝ မသတ်မှတ်ခဲ့ချေ။
သို့သော် ယခုအခါ ထိုကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်သည် သူ၏ရုပ်ခန္ဓာစစ်ကို ထုတ်ဖော်ပြသလာရုံသာမက ဆုတ်ခွာနိုင်ရန်ပင် တက်ကြွစွာ ကမ်းလှမ်းလာခဲ့၏။
ဤသည်မှာ ကုချန်နှင့် ပဋိပက္ခကို အဆုံးသတ်လို၍ နောက်ဆုတ်သွားခြင်းဖြစ်ကြောင်း ထင်ရှားလှသည်။
ပဋိပက္ခကို ဒီနေရာမှာ အဆုံးသတ်နိုင်ရင် ကောင်းတာပေါ့။ ချန်းရှီအင်မော်တယ်ဘုရင်က လျှို့ဝှက်အန္တရာယ်တစ်ခုအဖြစ် ကျန်ရှိနေသေးပေမယ့် အနာဂတ်မှာ သူ့ကို အလွယ်တကူ ပြဿနာလာရှာရဲတော့မှာ မဟုတ်ပါဘူး။
ယွဲ့လင်အင်မော်တယ်ဘုရင်သည် သက်သာရာရသွားသလို ခံစားလိုက်ရကာ ယနေ့ကိစ္စရပ်များ ဤနေရာတွင် အဆုံးသတ်သင့်ပြီဟု တွေးလိုက်မိ၏။
သို့သော် မည်သူက ထင်မှတ်ထားမည်နည်း။
နောက်တစ်ခဏတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ကုချန်၏အေးစက်သော အသံမှာ ယွဲ့လင်အင်မော်တယ်ဘုရင်၏ နားထဲတွင် ပေါက်ကွဲထွက်လာလေသည်။
" ပဋိပက္ခကို အဆုံးသတ်မယ် ဟုတ်လား... မင်းတို့နှစ်ယောက်... အသက်တွေ ထားခဲ့ကြ! "