အခန်း (၃၆၉-၃၇၀)
Vol. 37 Ch. 369-370
အခန်း (၃၆၉) - ဂူဂေဟာအတွင်းမှ သေမင်းတမန်နယ်မြေ ၊ ကိုယ်စားဝင်ရောက်စိစီးခြင်း ၊ နှစ်ပေါင်းတစ်ထောင် ချိပ်ပိတ်ခံထားရသော မိစ္ဆာအရာဝတ္ထု
နက်ရှိုင်း၍ မှောင်မည်းလှသော ဂူဂေဟာအတွင်း...
ပုံသဏ္ဌာန်မမှန်သော ကျောက်ခုံတစ်ခုပေါ်တွင် စေးပျစ်လှသော အရာဝတ္ထုတစ်ခုမှာ တရွေ့ရွေ့ စီးဆင်းနေသည်။
ထောင်ထောင်မတ်မတ် ရှိလှသော နောက်ကျောတစ်ခုမှာ ကျောက်ခုံပေါ်သို့ လက်တစ်ဖက် တင်ထား၏။
မည်းနက်၍ စေးပျစ်သော အရာဝတ္ထုများမှာ သူ၏ လက်မောင်းမှတစ်ဆင့် အပေါ်သို့ တရဟော စုပြုံတက်လာပြီး သူ၏ နဖူးပေါ်ရှိ နဂါးအကြေးခွံလေးကို တဖြည်းဖြည်း ညစ်ညမ်းသွားစေသည်။
ဤသူမှာ အခြားသူမဟုတ်၊ ချူကျန်းနဂါးနန်းတော်၏ မင်းသား...
အောက်အန် ပင် ဖြစ်တော့သည်။
သူ၏ မျက်ဝန်းများမှာ တစ်ချက်တစ်ချက်တွင် သတိဝင်နေပြီး၊ တစ်ချက်တစ်ချက်တွင်မူ မိစ္ဆာဆန်စွာ ပြောင်းလဲနေသည်။
သူသည် တစ်ဦးတည်း စကားများ ရေရွတ်နေ၏။
အတိုက်ခံထားရသည့် လူတစ်ဦးအလားပင်
သတိဝင်နေသည့် အချိန်တွင်မူ သူ၏ မျက်ဝန်းထဲ၌ အလွန်အမင်း ကြောက်ရွံ့နေသည်ကို မြင်နိုင်ပြီး၊ ထိုအမည်းရောင် အရာဝတ္ထုများအတွင်းမှ ရုန်းထွက်ရန် အသည်းအသန် ကြိုးစားနေရှာသည်။
သို့သော်လည်း နှမြောစရာကောင်းလှသည်မှာ...
သူ၏ မျက်ဝန်းများမှာ တဖြည်းဖြည်း မိစ္ဆာဆန်လာပြီး တစ်ကိုယ်လုံးရှိ အပြုံးများမှာလည်း တစ်ဖက်သတ်ဆန်ကာ တွန့်လိမ်ကောက်ကွေးလာတော့သည်။
ဝေဝါးလှသော လူမျက်နှာတစ်ခုမှာ သူ၏ နဂါးအကြေးခွံနေရာမှ ထွက်ပေါ်လာသည်။
တွန့်လိမ်နေပြီး ထူးဆန်းကျောက်ဖွယ် ကောင်းလှ၏။
"ကျတ်ကျတ်ကျတ်... မရုန်းကန်ပါနဲ့တော့၊ ဒါက မင်းအိမ်မက်ထဲမှာ တောင့်တနေခဲ့တဲ့ စွမ်းအားတွေ မဟုတ်ဘူးလား "
"ငါနဲ့ တစ်သားတည်း ဖြစ်သွားစမ်း၊ ငါက မင်းကို မသေနိုင်တဲ့ ခန္ဓာကိုယ်နဲ့ ကြီးမားတဲ့ စွမ်းအားတွေကို ပေးမှာပါ "
နဖူးပေါ်မှ ထွက်ပေါ်လာသော ဝေဝါးလှသည့် လူမျက်နှာမှာ သွေးဆောင်ဖြားယောင်းသော အသံဖြင့် ဆိုလိုက်သည်။
အောက်အန်၏ မျက်ဝန်းထဲမှ အသိစိတ်များမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ပို၍ ယုတ်မာညစ်ညမ်းကာ တစ်ဖက်သတ်ဆန်သော အသွင်သို့ ပြောင်းလဲသွားတော့သည်။
ဝေဝါးလှသော လူမျက်နှာမှာ ပြုံးလိုက်သည်။
သူသည် ငရဲပြည် မှ မတော်တဆ အခွင့်အရေးရကာ ထွက်ပြေးလာခဲ့ပြီး လူငယ်တစ်ဦး၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပူးကပ်ခဲ့ခြင်းဖြစ်သည်။
မူလက အလွယ်တကူ ကိုယ်စားဝင်ရောက်စိစီး နိုင်မည်ဟု ထင်ခဲ့သော်လည်း ထိုလူငယ်မှာ မထင်မှတ်ဘဲ ထောင်းထျဲ့ အမွေအနှစ်ကို ပိုင်ဆိုင်ထားသူ ဖြစ်နေသည်။
ထို့ကြောင့် သူသည် ပြန်လည်နှိမ်နင်းခြင်း ခံခဲ့ရကာ အလင်းရောင်မရှိသည့် ထိုမှောင်မည်းသော ဂူဂေဟာအတွင်း၌ ချုပ်နှောင်ခံခဲ့ရပြီး မြစ်ကြီးတစ်စင်းအောက်တွင် ထာဝရ ချိပ်ပိတ်ခြင်း ခံခဲ့ရခြင်းပင်။
အကယ်၍ သူသာ မပျက်စီးနိုင်သော ခန္ဓာကိုယ် ကို ပိုင်ဆိုင်မထားပါက ယခုအချိန်တွင် အပြီးတိုင် သုတ်သင်ခံထားရလောက်ပြီ ဖြစ်သည်။
နောက်ပိုင်းတွင် ဂျိုမဲ့နဂါးတစ်ကောင်မှာ ဤနေရာကို တွေ့ရှိသွားပြီး ရေနန်းတော် တည်ထောင်လိုက်မှသာ သူသည် ပြန်လည်လွတ်မြောက်ရန် အခွင့်အရေး ရခဲ့ခြင်းဖြစ်သည်။
လောကဓာတ်၏ နှိမ်နင်းမှုကြောင့်လားတော့မသိ၊ ထိုဂျိုမဲ့နဂါးမှာ မထင်မှတ်ဘဲ နဂါးအစစ်၏ နဂါးပုတီးစေ့ ကို ရရှိသွားခဲ့ပြီး သူ့ကိုလည်း အလွန်ပင် စိုးရိမ်ထိတ်လန့်နေခဲ့သည်။
နဂါးမင်းကြီးသည် သူ၏ စွမ်းအားအချို့ကို စုပ်ယူခဲ့သော်လည်း သူ့ကို ဝါးမြိုရန်မူကား မဝံ့ရဲခဲ့ချေ။
ထိုနဂါးအိုကြီး သေဆုံးသွားမှသာ မိမိအတွက် အခွင့်အရေး ပြန်ရလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း...
မထင်မှတ်ဘဲ နဂါးအိုကြီး ခေတ္တအပြင်ထွက်နေခိုက်တွင် သူ၏ သားဖြစ်သူမှာ ခိုးဝင်လာခဲ့သည်။
သူသည် ထိုသားဖြစ်သူကို အမျိုးမျိုး ဖြားယောင်းသွေးဆောင်ကာ မိမိ၏ စွမ်းအားကို မြည်းစမ်းကြည့်စေခဲ့သည်။
နဂါးအိုကြီး ထားရစ်ခဲ့သော အစီရင်ခံကိန်းများကိုလည်း ဖျက်ဆီးခိုင်းခဲ့သည်။
နောက်ဆုံးတွင် ယနေ့၌...
နဂါးအိုကြီး၏ သားမှာ ဝင်ရောက်လာပြီး သူ့ကို ဝါးမြိုလိုက်သဖြင့် သူသည် မိမိ၏ မူလကိုယ်ထည်ကို ပြသနိုင်ကာ ကိုယ်စားဝင်ရောက်စိစီးရန် အခွင့်အရေး ရရှိသွားခဲ့ခြင်းပင်။
ထိုနဂါးအကြေးခွံပေါ်မှ နောက်ဆုံးလက်ကျန် ဝိညာဉ်အစွမ်းကို ဖျက်ဆီးပြီး ခဏတာ စွမ်းအားမဲ့သွားအောင် လုပ်နိုင်လျှင် ဤခန္ဓာကိုယ်ကို အပြီးတိုင် ထိန်းချုပ်နိုင်တော့မည်။
ထိုအခါမှ သက်ရှိသတ္တဝါများကို ဝါးမြိုကာ ခန္ဓာကိုယ်ကို ကြီးထွားစေပြီး စွမ်းအားများကို ပြန်လည်ရယူမည်။
နှစ်ပေါင်းတစ်ထောင်တိုင်အောင် စုပြုံနေခဲ့သည့် မကျေနပ်ချက် အာဃာတများကို ယနေ့တွင် အားရပါးရ ထုတ်ဖော်နိုင်တော့မည် မဟုတ်ပါလား
လီယန်ချူသည် လက်ထဲတွင် ကျန့်ကျောင်းဓား ကို ကိုင်ထားရင်း ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် ကြည့်နေသည်။
လူတိုင်းမှာ ကွေ့ကောက်လှသော ဂူဂေဟာအတွင်းသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်လာကြပြီဖြစ်သည်။
သူတို့၏ ရည်ရွယ်ချက်မှာ နဂါးမင်းသား အောက်အန်ကို လိုက်လံသတ်ဖြတ်ရန်ပင်
အပြစ်မဲ့သူများကို သတ်ဖြတ်ကာ သတို့သမီး ပူဇော်မှုများ ပြုလုပ်ခဲ့သည့် တရားခံစစ်စစ်
လမ်းတစ်လျှောက်တွင် မည်သည့်အန္တရာယ်နှင့်မျှ မကြုံတွေ့ရသလို၊ ပုန်းအောင်းနေသည့် မိစ္ဆာသားရဲများလည်း ထွက်မလာခဲ့ချေ။
အခြေအနေမှာ ကြောက်စရာကောင်းလောက်အောင် ငြိမ်သက်နေသည်။
သို့သော် ဤသို့ဖြစ်နေလေလေ...
လူတိုင်း၏ စိတ်နှလုံးမှာ ပို၍ လေးလံလာလေလေပင်။
ဤနေရာမှာ ချူကျန်းနဂါးမင်းကြီး အောင်း၍ကျင့်ကြံသည့် နေရာဖြစ်ရာ သာမန်နေရာတစ်ခု မဖြစ်နိုင်မှန်း အားလုံးသိကြသည်။
သို့သော်လည်း...
ကျည်ဆန်မှာ ပြောင်းဝက ထွက်နေပြီဖြစ်ရာ ပြန်လှည့်၍ မရတော့ချေ။
အားလုံးမှာ အားတင်း၍ အတွင်းဘက်သို့ တိုးဝင်ခဲ့ကြသည်။
နောက်ဆုံးတွင် သူတို့သည် လမ်းကြောင်းကို ဖြတ်ကျော်ကာ ဂူဂေဟာ၏ အောက်ခြေသို့ ရောက်ရှိလာချိန်တွင်...
အတွင်းဘက်ရှိ ဟင်းလင်းပြင်မှာ ရုတ်တရက် ကျယ်ပြောသွားတော့သည်။
ဤသည်မှာ နက်ရှိုင်းလှသော ကျောက်ဂူတစ်ခုပင်
ဟာလာဟင်းလင်း ဖြစ်နေသော ထိုနေရာ၏ အလယ်ဗဟိုတွင် ရှေးဟောင်းကျောက်ခုံတစ်ခုသာ ရှိနေသည်။
ကျောက်ခုံပေါ်တွင်လည်း မည်သည့်အရာမျှ မရှိချေ
နဂါးမင်းသား အောက်အန်မှာ လူအသွင်ဖြင့် ကျောက်ခုံရှေ့တွင် ရပ်နေသည်။
သူသည် လူတိုင်းကို ကျောပေးထားသည်
အနည်းငယ်မျှပင် မလှုပ်ရှားဘဲ တည်ငြိမ်နေသဖြင့် လူတိုင်းမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အံ့အားသင့်သွားကြသည်။
ဖန့်ချင်းလန်က အနီးကပ် သွားရောက်စစ်ဆေးရန် ပြင်လိုက်သော်လည်း လီယန်ချူက တားမြစ်လိုက်သည်။
"ခဏစောင့်ဦး "
သူသည် ကျောက်ထျန်းတံဆိပ်တော် ကို တိုက်ရိုက် ထုတ်သုံးလိုက်သည်။
တောက်ပလှသော နတ်တံဆိပ်တော်မှာ ကြီးမားလာပြီး...
မိုးကောင်းကင်ကို လွှမ်းခြုံနိုင်သည့် နတ်မီးလျှံ များမှာ တရဟော ထွက်ပေါ်လာတော့သည်။
ဂူဂေဟာအတွင်းရှိ အေးစက်လှသော အငွေ့အသက်များကို ချက်ချင်းပင် ဖယ်ရှားပစ်လိုက်သည်။
သို့သော်လည်း...
ကျောက်ထျန်းတံဆိပ်တော် အတွင်းမှ ပြင်းထန်လှသော နတ်မီးများမှာ...
အောက်အန်၏ အနီးသို့ ရောက်ရှိသွားချိန်တွင်...
ထူးဆန်းစွာပင် ပျောက်ကွယ်သွားတော့သည်။
အားလုံးမှာ ထိတ်လန့်တုန်လှုပ်ကာ အသက်ရှူမှားသွားကြသည်။
ဤနတ်မီးမှာ အလွန်ပင် ပြင်းထန်လှပြီး မိစ္ဆာများကို လောင်ကျွမ်းစေနိုင်သည့် အရှိန်အဝါရှိသည်။
သူတို့အားလုံး ထိုနတ်မီး၏ ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအားကို ခံစားမိကြသည်။
သို့သော်လည်း...
ဤမျှ လွယ်လွယ်ကူကူ ပျောက်ကွယ်သွားခြင်းမှာ လူတိုင်းကို ကြက်သီးထစေသည်။
ပို၍ ထူးဆန်းသည်မှာ...
နဂါးမင်းသား အောက်အန်မှာ လူတိုင်းကို ကျောပေးထားဆဲဖြစ်ပြီး မည်သည့်လှုပ်ရှားမှုမျှ မရှိခြင်းပင်။
ဤမြင်ကွင်းမှာ လူတိုင်း၏ ရင်ထဲသို့ အေးစက်လှသော အအေးဓာတ်ကို ဝင်ရောက်စေသည်။
"ဒီဘုန်းကြီးကို လွှတ်စမ်း "
ပန်ရှင်းဆရာတော်မှာ ရှေ့သို့ ခြေလှမ်းကျဲကြီးဖြင့် တိုးထွက်လာသည်။
သူသည် ချွန်ယန် ဗုဒ္ဓပုတီးစေ့ ကို ထုတ်သုံးလိုက်ရာ...
ချက်ချင်းပင် ပေ ၇၀၊ ၈၀ ခန့် ကြီးမားလာပြီး ဗုဒ္ဓအလင်းတန်းများဖြင့် နဂါးမင်းသား အောက်အန်ကို လွှမ်းခြုံလိုက်သည်။
လူတိုင်းမှာ ဖြစ်နိုင်လိမ့်မည်ဟု ထင်ကာ မျက်လုံးများ တောက်ပသွားကြသော်လည်း...
ချက်ချင်းပင်
ဗုဒ္ဓပုတီးစေ့ပေါ်ရှိ အလင်းတန်းများ ပျောက်ကွယ်သွားပြီး...
ပုတီးစေ့မှာ အောက်အန်၏ ခြေရင်းသို့ ဘုန်းခနဲ ကျဆင်းသွားတော့သည်။
"ဟေ "
ပန်ရှင်းဆရာတော်မှာ မျက်လုံးအပြူးသား ဖြစ်သွားသည်။
ဤပုတီးစေ့မှာ ဗုဒ္ဓဘာသာ၏ ရတနာတစ်ပါးဖြစ်ပြီး ဗုဒ္ဓတရားတော်နှင့် ပြည်သူတို့၏ အမွှေးနံ့သာဆီမီး ပူဇော်မှုစွမ်းအားများဖြင့် ကျွေးမွေးစောင့်ရှောက်ထားခြင်း ဖြစ်သည်။
စွမ်းအား အလွန်ကြီးမားသော်လည်း တစ်ခဏချင်းမှာပင် အောက်သို့ ကျဆင်းသွားရသည်။
လူတိုင်းမှာ အံ့ဩတုန်လှုပ်သွားကြသည်။
လီယန်ချူ၏ ငါးရောင်ခြည် နတ်အလင်း သို့မဟုတ် ကျောက်စိမ်းပေတံ ကဲ့သို့ လက်နက်များကို ချုပ်ကိုင်နိုင်သည့် အစွမ်းမျိုးလားဟု တွေးမိကြသည်။
သို့သော်လည်း ယခုအခြေအနေမှာ အနည်းငယ် ကွဲပြားနေသည်။
အနီးသို့ပင် ကပ်၍ မရခြင်းလား
ခုနက ကျောက်ထျန်းတံဆိပ်တော် မှ နတ်မီးများ ပြေးဝင်သွားချိန်တွင်...
မီးများသာ ပျောက်ကွယ်သွားခဲ့ပြီး ကျောက်ထျန်းတံဆိပ်တော် ကိုယ်တိုင်မှာမူ မည်သည့်ထိခိုက်မှုမျှ မရှိခဲ့ချေ။
ဤမြင်ကွင်းမှာ အလွန်ပင် မိစ္ဆာဆန်လှသည်။
လူတိုင်းမှာ ခဏတာ ရှေ့သို့ မတိုးရဲဘဲ ဖြစ်နေကြသည်။
အကယ်၍ လူသာ အနီးသို့ ကပ်သွားပြီး ဖော်ပြမရနိုင်သည့် ထူးဆန်းသော ကိစ္စများ ကြုံတွေ့ရပါက နောင်တရရန်ပင် အချိန်ရှိတော့မည် မဟုတ်ချေ။
ဖုန်း
လီယန်ချူသည် ခေါင်းပေါ်ရှိ ကျောက်စက်ပန်းဆွဲတစ်ခုကို ဓားဖြင့် ခုတ်ချလိုက်သည်။
ထို့နောက် နဂါးမင်းသား အောက်အန်၏ ကိုယ်ပေါ်သို့ အားကုန် သုံး၍ ပစ်ပေါက်လိုက်သည်။
ကျောက်စက်ပန်းဆွဲမှာ လေကိုခွဲ၍ ပြင်းထန်သော အရှိန်ဖြင့် အောက်အန်၏ ခန္ဓာကိုယ်ကို ဆောင့်ကန်လိုက်တော့သည်။
ဘုန်း
သူသည် တိုက်ရိုက်ပင် အဝေးသို့ လွင့်ထွက်သွားတော့သည်။
"..." ပန်ရှင်းဆရာတော်
"..." လင်းစုံ့ကျန့်ရင်
"..." အဘိုးကြီးသူတောင်းစား
"..." ဖန့်ချင်းလန်
လူတိုင်းမှာ ကြောင်တောင်တောင် ဖြစ်သွားကြသည်။
ထိုကျောက်စက်ပန်းဆွဲမှာ ထူးခြားသည့် စွမ်းအားများ ရှိနေသလား
"ခုနက နဂါးအိုကြီးက ဂူထဲက လျှို့ဝှက်စွမ်းအားကို သုံးပြီး နတ်ပညာတွေကို နှိမ်နင်းခဲ့တာ၊ အဲဒီရဲ့ မြစ်ဖျားခံရာက ဒီနေရာပဲ ဖြစ်ရမယ်။ အောက်အန် ရပ်နေတဲ့ နေရာမှာ နတ်လက်နက်တွေနဲ့ မန္တန်တွေက အသုံးမဝင်တာ ဖြစ်နိုင်တယ် "
လီယန်ချူက အေးအေးဆေးဆေး ခွဲခြမ်းစိတ်ဖြာပြလိုက်သည်။
သူ၏ စကားကို ကြားရမှ လူတိုင်းမှာ သဘောပေါက်သွားကြသည်။
ဖြစ်နိုင်သည်
မဟုတ်ပါက သာမန် ကျောက်စက်ပန်းဆွဲတစ်ခုနှင့် အပစ်ခံရရုံဖြင့် လဲကျသွားစရာ အကြောင်းမရှိချေ။
သို့သော်... ဤအောက်အန်၏ ကိုယ်ပေါ်တွင် အမှန်တကယ် ဘာတွေ ဖြစ်ပျက်နေသနည်း
လီယန်ချူသည် စိတ်အေးလက်အေးဖြင့် အနီးသို့ သွားရောက်စစ်ဆေးရန် ပြင်လိုက်စဉ်...
ချက်ချင်းပင်
အောက်အန်၏ ကိုယ်ပေါ်မှ ရုတ်တရက် တောက်ပလှသော အလင်းတန်းများ ပေါ်ထွက်လာသည်။
ဂူဂေဟာအတွင်းမှာလည်း အကြီးအကျယ် တုန်ခါသွားတော့သည်။
ကျောက်စိုင်ကျောက်ခဲများမှာ တဖြုန်းဖြုန်း ကျဆင်းလာပြီး ဂူပျိုကျလုနီးပါး ဖြစ်သွားသည်။
အောင်းးးး
နဂါးဟိန်းသံတစ်ချက် ထွက်ပေါ်လာသည်။
အောက်အန်၏ နဖူးအလယ်ရှိ နဂါးအကြေးခွံမှာ ပျောက်ကွယ်သွားပြီး...
ထူးဆန်းလှသော မန္တန်အမှတ်အသားတစ်ခု အဖြစ် ပြောင်းလဲသွားတော့သည်။
သူ၏ ခန္ဓာကိုယ်ပေါ်တွင် ထူးဆန်းလှသော အရာဝတ္ထုများ ထွက်ပေါ်လာသည်။
စေးကပ်နေပြီး အရည်သဏ္ဌာန် ရှိလှသည့်...
မည်းနက်နေသော...
စင်ကြယ်လှသော မိစ္ဆာအငွေ့အသက်များ ကိန်းအောင်းနေသည့် အရာပင်
သူ့ကို မြင်လိုက်ရုံနှင့်တင် ကြက်သီးထစရာ ကောင်းလှသည်။
သွေးများပင် ခဲသွားသကဲ့သို့ ခံစားရသည်။
"ဟားဟားဟားဟားဟား"
အောက်အန်၏ မျက်ဝန်းများမှာ ရူးသွပ်နေပြီး...
အားရပါးရ အော်ဟစ်ရယ်မောလိုက်တော့သည်။
"ငါကိုယ်တော် အောင်မြင်ပြီ ငါကိုယ်တော် အောင်မြင်ပြီ "
သူ၏ အပြုံးမှာ တစ်ဖက်သတ်ဆန်ကာ ရူးသွပ်နေသဖြင့် လူတိုင်းကို ထိတ်လန့်စေသည်။
သူသည် မိမိ၏ အင်္ကျီကို ဆွဲဖြဲပစ်လိုက်သည်။
ထိုအမည်းရောင် အရာဝတ္ထုများမှာ သူ၏ ရင်ဘတ်နှင့် လက်မောင်းများပေါ်တွင် လွှမ်းခြုံနေပြီး...
သူ၏ ကိုယ်အထက်ပိုင်းတစ်ခုလုံးကို အနီရင့်ရောင် အသွင် ပြောင်းလဲစေသည်။
သွေးကြောများမှာ ကြောက်စရာကောင်းလောက်အောင် ထောင်ထနေသည်
ကြည့်ရသည်မှာ အလွန်ပင် စိတ်မသက်မသာ ဖြစ်စရာ ကောင်းလှသည်။
"ဒါ... ဒါက ဘယ်လို မိစ္ဆာအရာကြီးလဲ "
အဘိုးကြီးသူတောင်းစားမှာ ထိတ်လန့်သွားသည်။
ယခုအခါ အောက်အန်၏ အရှိန်အဝါမှာ မိစ္ဆာဆန်လှပြီး အစွမ်းထက်လှသည်။
သူသည် အဘိုးကြီးသူတောင်းစားကို အေးစက်စွာ လှည့်ကြည့်လိုက်သည်။
"သေချင်နေတာလား "
နောက်တစ်စက္ကန့်တွင်
သူသည် အဘိုးကြီးသူတောင်းစား၏ ရှေ့မှောက်သို့ တိုက်ရိုက်ပင် ရောက်ရှိလာတော့သည်။
အဘိုးကြီးသူတောင်းစားမှာ နတ်ပညာ အလွန်မြင့်မားသူဖြစ်သော်လည်း... ယခုအခါ ကိုယ်တွင်းရှိ စွမ်းအားများမှာ လှုပ်ရှားရ ခက်ခဲနေပြီး သွေးများမှာလည်း အလွန်အေးစက်၍ ယုတ်မာလှသော စွမ်းအားတစ်ခု၏ နှိမ်နင်းခြင်းကို ခံနေရတော့သည်။
အခန်း (၃၇၀) - မသေနိုင်သော ခန္ဓာကိုယ် ၊ မြေအောက်ယင်သန္ဓေ ၊ ငရဲတစ္ဆေလောက ၊ နတ်ပညာပြိုင်ပွဲ
အောက်အန်က လက်သီးတစ်ချက် အားကုန်လွှဲ၍ ထိုးလိုက်သည်
အဘိုးကြီးသူတောင်းစား၏ ကိုယ်ပေါ်ရှိ အဆောင်ပြားတစ်ခုမှာ ချက်ချင်းပင် အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားတော့သည်။
ဤသည်မှာ သူ၏ အသက်အန္တရာယ်ရှိမှသာ ပွင့်ထွက်လာမည့် အကာအကွယ်နတ်လက်နက် ဖြစ်သော်လည်း... ယခုမူ တိုက်ရိုက်ပင် ပျက်စီးသွားရလေပြီ
အဘိုးကြီးသူတောင်းစားမှာ ရင်တထိတ်ထိတ်ဖြင့် နောက်သို့ အသည်းအသန် ဆုတ်ခွာလိုက်ရသည်။
ဘုန်း
ပန်ရှင်းဆရာတော်၏ ကိုယ်ပေါ်မှ ရွှေရောင်ဗုဒ္ဓအလင်းတန်းများ ပွင့်ထွက်လာပြီး လက်သီးတံဆိပ်တစ်ခုဖြင့် ဆောင့်ထိုးလိုက်သည်။
နဂါးမင်းသား အောက်အန်ကမူ ထိုတိုက်ကွက်ကို ဂရုမစိုက်ဘဲ လက်ကို လက်သည်းသဏ္ဌာန် ပြုလုပ်ကာ...
အဘိုးကြီးသူတောင်းစား၏ မျက်နှာဆီသို့ ဆက်လက်၍ ကုပ်ဆွဲလိုက်ပြန်သည်။
သူ၏ အေးစက်လှသော အပြုံးမှာ ကြည့်ရသူတိုင်းကို ကြက်သီးထစေ၏။
ဘုန်း ဘုန်း ဘုန်း
လင်းစုံ့ကျန့်ရင်နှင့် ပန်ရှင်းဆရာတော်တို့ နှစ်ဦးစလုံးမှာ လွင့်ထွက်သွားကြတော့သည်။
အဘိုးကြီးသူတောင်းစား၏ ရှေ့တွင် လူငယ်တာအိုဆရာလေး တစ်ဦး ရုတ်တရက် ပေါ်ထွက်လာသည်။
လီယန်ချူသည် လက်သီးတစ်ချက်ကို တိုက်ရိုက်ပင် ထိုးနှက်လိုက်သည်
သူ၏ နောက်ကျောတွင် ကြီးမားထွားကျိုင်းလှသော အရိပ်မည်းကြီးတစ်ခု ပေါ်ထွက်လာသည်။
သိုင်းပညာ အပြင်ပပုံရိပ်
ဝုန်း
သူတို့နှစ်ဦးကို ဗဟိုပြု၍...
ပြင်းထန်လှသော ရိုက်ခတ်မှုလှိုင်းကြီးမှာ အပြင်ဘက်သို့ ပျံ့နှံ့သွားတော့သည်။
မြေပြင်များ ကွဲအက်ကာ မြစ်ရေများမှာ ဂူထဲသို့ တရဟော ပြန်လည်ဝင်ရောက်လာသည်
အဘိုးကြီးသူတောင်းစားသည် ရေခွဲပုတီးစေ့ ကို ထုတ်သုံးကာ အရှိန်အဟုန်ဖြင့် စီးဝင်လာသော မြစ်ရေများကို အတင်းအဓမ္မ တားဆီးထားလိုက်ရသည်။
နဂါးမင်းသား အောက်အန်မှာ မိစ္ဆာဆန်သော မျက်နှာထားဖြင့် ပါးစပ်ကို ဖြဲ၍ ပြုံးလိုက်သည်။
"တာအိုဆရာလေး... မင်းက ငါကိုယ်တော်ရဲ့ လက်သီးကို တောင့်ခံနိုင်သားပဲ"
ဘုန်း
လီယန်ချူ၏ ကိုယ်ဟန်မှာ လေပြေကဲ့သို့ လျင်မြန်လှပြီး အောက်အန်၏ မျက်နှာကို လက်သီးဖြင့် အားကုန် ထိုးချလိုက်သည်။
အောက်အန်မှာ တစ်ကိုယ်လုံး နောက်သို့ လွင့်ထွက်သွားပြီး မယုံကြည်နိုင်ဟန်ဖြင့် သူ၏ ပါးစပ်ကို ပြန်၍ အုပ်ထားလိုက်ရသည်။
"စကားတွေ အများကြီး ပြောမနေနဲ့ "
လီယန်ချူ၏ အသံမှာ မိုးကြိုးပစ်လိုက်သကဲ့သို့ ကျယ်လောင်လှသည်
အောက်အန်မှာ အကြီးအကျယ် ဒေါသထွက်သွားသည်။
မျက်ဝန်းထဲမှ မိစ္ဆာအလင်းတန်းများ တောက်ပလာပြီး...
ကိုယ်ပေါ်ရှိ စေးပျစ်သော အမည်းရောင် အရာဝတ္ထုများမှာ ချော်ရည်များကဲ့သို့ ပွက်ပွက်ဆူလာကာ...
အနီရောင်အလင်းများ ထွက်ပေါ်လာတော့သည်။
ဝုန်း
သူ့ခြေထောက်အောက်ရှိ မြေပြင်မှာ ကွဲအက်သွားပြီး...
ရက်ရက်စက်စက်ပင် ပြေးဝင်တိုက်ခိုက်တော့သည်။
လီယန်ချူသည် သူ၏ အစီရင်ဝတ်စုံ ကို ဖြေလျှော့လိုက်ရာ တစ်ခဏချင်းမှာပင် သူ၏ သွေးအရှိန်အဝါ များမှာ မိုးကောင်းကင်အထိ တိုင်အောင် ထောင်တက်သွားတော့သည်။
ကြီးကျယ်ခမ်းနားလှသော စင်ကြယ်သော ယန် အငွေ့အသက်များကြောင့် သူသည် တောက်ပနေသော နေမင်းကြီးအလားပင် ဖြစ်နေသည်။
ချွင်
ဓားအလင်းတစ်ချက် လျှပ်ခနဲ ပေါ်ထွက်လာပြီး...
အောက်အန်၏ လက်မောင်းတစ်ဖက်မှာ အမြစ်ကနေ ပြတ်တောက်၍ ကျဆင်းသွားတော့သည်။
သူ၏ မျက်နှာတွင် အံ့ဩတုန်လှုပ်မှုများ ယှက်သန်းသွားသည်။
"မ... မဖြစ်နိုင်တာ"
သူသည် စူးစူးဝါးဝါး ဟောက်လိုက်ရင်း...
လက်သီးတစ်ချက် ထိုးလိုက်ပြန်သည်။
မြေပြင်ပေါ်ရှိ ပြတ်တောက်သွားသော လက်မောင်းမှာလည်း အမည်းရောင်အလင်းတစ်ခုအဖြစ် ပြောင်းလဲကာ ပြေးဝင်တိုက်ခိုက်လာသည်။
ချွတ်
လီယန်ချူ၏ ဓားမှာ ဝှေ့ယမ်းလိုက်ရာ...
အောက်အန်၏ ဦးခေါင်းမှာ လေထဲသို့ တိုက်ရိုက်ပင် လွင့်ပျံသွားတော့သည်။
မျက်နှာတွင် အာဃာတနှင့် တွန့်လိမ်နေသော အမူအရာများဖြင့်
ထိုပြတ်တောက်နေသော လက်မောင်းမှာ အနားသို့ မကပ်နိုင်သေးခင်မှာပင်...
လီယန်ချူ၏ ကိုယ်ပေါ်မှ ပူပြင်းလှသော သွေးအရှိန်အဝါများကြောင့် လောင်ကျွမ်းသွားရသည်။
ထိုထူးဆန်းလှသော အမည်းရောင် အရာဝတ္ထုများမှာ ရေစီးသကဲ့သို့ လီယန်ချူ၏ ကိုယ်ပေါ်သို့ ကပ်တွယ်ရန် ကြိုးစားနေသည်။
"သတိထား "
"ဒါက မြေအောက်ယင်သန္ဓေ ဆိုတဲ့ မိစ္ဆာပဲ၊ အပူးမခံနဲ့ "
အဘိုးကြီးသူတောင်းစားမှာ ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။
သူ ထိုအရာကို မှတ်မိသွားပြီ
ဤနေရာတွင် ရှိနေသူများထဲတွင်...
ထိုလူငယ်တာအိုဆရာလေးမှာ သတ်ဖြတ်လိုစိတ် အပြင်းထန်ဆုံး ဖြစ်ရာ၊ အကယ်၍သာ မိစ္ဆာဝင်ပူးသွားပါက အကျိုးဆက်မှာ တွေးဝံ့စရာပင် မရှိတော့ချေ
သို့သော်လည်း...
အဘိုးကြီးသူတောင်းစားကို အံ့ဩသွားစေသည်မှာ...
ထိုလူငယ်တာအိုဆရာလေး၏ ကိုယ်ပေါ်မှ စင်ကြယ်သော ယန်အရှိန်အဝါများမှာ...
မြေအောက်ယင်သန္ဓေ ၏ ညစ်ညမ်းမှုကို အတင်းအဓမ္မ တားဆီးထားနိုင်ခြင်းပင်
လီယန်ချူသည် ခြေတစ်ဖက်ဖြင့် လျှပ်စီးအလား ကန်လိုက်သည်။
ဝုန်း
ခုနက ခေါင်းတစ်ခြား ကိုယ်တစ်ခြား ဖြစ်သွားသော်လည်း အမည်းရောင် စေးပျစ်အရာများဖြင့် ထိန်းချုပ်ထားသော အောက်အန်၏ ခန္ဓာကိုယ်အကြွင်းအကျန်မှာ...
တိုက်ရိုက်ပင် လွင့်ထွက်သွားတော့သည်။
"မိစ္ဆာကောင်... တစ်ချက်တည်းနဲ့ ပြိုလဲသွားတာပဲ "
လီယန်ချူသည် ခြေလှမ်းကျဲကြီးဖြင့် ရှေ့သို့ တိုးဝင်သွားသည်
သူ၏ မျက်ဝန်းထဲတွင် တိုက်ခိုက်လိုစိတ်များ ဆူပွက်နေသည်
နတ်အဆောင်ဝတ်စုံ အကူအညီနှင့် လက်ထဲတွင် ကျန့်ကျောင်းဓား ရှိနေခြင်းကြောင့်...
သူ၏ ကြံ့ခိုင်မှုမှာ ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိနေပြီး သတ်ဖြတ်လိုစိတ်များ အပြည့်ရှိနေသည်။
ဝုန်း... ဝုန်း...
ဝုန်း... ဝုန်း...
သူသည် အောက်အန်၏ ခန္ဓာကိုယ်ပျက်ကြီးနှင့် အပြင်းအထန် တိုက်ခိုက်နေသည်။
ကျန့်ကျောင်းဓား မှာ အလွန်ထက်မြက်လှပြီး ဟန်ပြ ပြန်လည်ကုသနိုင်စွမ်း များကို အထူးနှိမ်နင်းနိုင်သည်။
မဟုတ်ပါက...
အောက်အန်၏ ခန္ဓာကိုယ်မှာ ယခုအချိန်တွင် မူလအတိုင်း ပြန်လည်ကောင်းမွန်နေလောက်ပြီ ဖြစ်သည်။
ပန်ရှင်းဆရာတော်မှာ ညစ်ညမ်းသွားသော သူ၏ ဗုဒ္ဓပုတီးစေ့ကို ပြန်လည်ခေါ်ယူလိုက်ရင်း ရင်နာနေမိသည်။
သူသည် အဘိုးကြီးသူတောင်းစားကို ကြည့်လိုက်ကာ...
"ဒါက အမှန်တကယ် ဘာဖြစ်နေတာလဲ "
လင်းစုံ့ကျန့်ရင်လည်း လှည့်ကြည့်လာရာ...
အဘိုးကြီးသူတောင်းစားက သူသိထားသမျှကို ပြောပြလိုက်သည်။
သူသည် ရှေးဟောင်းကျမ်းစာတစ်အုပ်တွင် မြေအောက်ယင်သန္ဓေ ဟုခေါ်သော အလွန်ယုတ်မာသည့် မိစ္ဆာအကြောင်းကို ဖတ်ဖူးခဲ့ခြင်းဖြစ်သည်။
ဒဏ္ဍာရီအရ ဤသန္ဓေကို ရရှိပြီး ကျင့်ကြံနိုင်ပါက တတိယနယ်ပယ် ကို နားလည်သဘောပေါက်ပြီး အတားအဆီးများကို ချိုးဖျက်နိုင်သည်ဟု ဆိုသည်။
"မြေအောက်ယင်သန္ဓေဆိုတာ လူ့လောကက အရာမဟုတ်ဘူး၊ ဒါက ငရဲတစ္ဆေလောက က အရာပဲ။ နတ်လက်နက်တွေကို ညစ်ညမ်းစေပြီး အခြေခံ ကို ဖျက်ဆီးနိုင်တယ် "
"လျှို့ဝှက်မန္တန်နဲ့ ကျင့်ကြံရင်တော့ ကောင်းကျိုးတွေ အများကြီးရနိုင်ပြီး ခန္ဓာကိုယ်ကို တဖြည်းဖြည်း ပြောင်းလဲပေးနိုင်တယ်"
"ချူကျန်းနဂါးမင်းကြီး ဒီနေ့အထိ သက်တမ်းရှည်နေတာဟာ ဒီသန္ဓေကို အားကိုးနေရလို့ပဲ ဖြစ်ရမယ် "
"ဒါပေမဲ့ နဂါးမင်းကြီးမှာ နဂါးပုတီးစေ့လို ရတနာရှိနေလို့ သို့မဟုတ် မိစ္ဆာလမ်းကို အပြီးတိုင် မဝင်ချင်လို့ ဝိညာဉ်ကို ထိန်းချုပ်ထားနိုင်ခဲ့တာ။ ဒါကြောင့်လည်း သူက ညစ်ညမ်းမခံခဲ့တာပဲ"
"အခု နဂါးမင်းသား အောက်အန်ကတော့ ဒီသန္ဓေရဲ့ ကိုယ်စားဝင်ရောက်စိစီးခြင်းကို ခံလိုက်ရပြီ "
အဘိုးကြီးသူတောင်းစား၏ စကားကြောင့် လူတိုင်း တုန်လှုပ်သွားကြသည်။
ချူကျန်းနဂါးမင်းကြီးသည် တတိယနယ်ပယ်သို့ မတက်လှမ်းနိုင်ခဲ့သော်လည်း သူ၏ မိစ္ဆာစွမ်းအားမှာ တောင်ကြီးတစ်တောင်အလား လေးလံလှသည်။
သူတို့အားလုံး ပူးပေါင်းတိုက်ခိုက်လျှင်ပင် နိုင်ချင်မှနိုင်မည်။
ထိုကဲ့သို့သော မိစ္ဆာကြီးတောင်မှ ဤအရာကို အသည်းအသန် ကြောက်ရွံ့နေပြီး အပါယ်ငရဲသို့ မကျရောက်စေရန် ရှောင်လွှဲခဲ့ခြင်းဖြစ်သည်။
ယခု ထိုမိစ္ဆာအရာ ထွက်ပေါ်လာပြီဆိုပါက...
သတ္တဝါအားလုံးအတွက် ဘေးအန္တရာယ်ကြီး မဟုတ်ပါလား
ယခုအခါ ပတ်ဝန်းကျင်တစ်ခုလုံးတွင် ယင်အငွေ့အသက် များ ဖုံးလွှမ်းနေပြီး ရေခဲတိုက်အလား အေးစက်နေသည်။
သူတို့၏ ကိုယ်တွင်းမှ စွမ်းအားများမှာ လည်ပတ်ရ ခက်ခဲနေသလို...
ရေခွဲပုတီးစေ့ ပေါ်ရှိ နတ်အလင်းများပင် မှေးမှိန်လာတော့သည်။
ဤမြေအောက်ယင်သန္ဓေမှာ အောက်အန်ကို ပူးကပ်ထားခြင်းသာ ဖြစ်ပြီး...
တိုက်ရိုက်မထိတွေ့ရသေးခင်မှာပင် လူ၏ ကျင့်ကြံမှုနှင့် လက်နက်များကို ဤမျှ နှိမ်နင်းနိုင်ပါက၊ သူသာ အင်အားကြီးထွားလာလျှင် ကပ်ဘေးကြီးတစ်ခု ဖြစ်လာပေလိမည်။
သူတို့မှာ အလွန်ပင် ထိတ်လန့်သွားကြသည်။
ထို့နောက် မြေအောက်ယင်သန္ဓေနှင့် တိုက်ခိုက်နေသော လီယန်ချူကို မကြည့်ဘဲ မနေနိုင်ကြချေ
"ဒီကလေးရဲ့ သွေးအရှိန်အဝါက ပူပြင်းလှပြီး အသက်ရှူသံကလည်း ရှည်လျားတယ်။ အခုလိုအချိန်မှာ သိုင်းပညာရှင် တွေပဲ ထိခိုက်မှုနည်းပြီး ဒီသန္ဓေကို ယှဉ်နိုင်မှာပဲ "
အဘိုးကြီးသူတောင်းစား၏ မျက်နှာမှာ ဖြူလျော့နေသည်။
"မြေအောက်ယင်သန္ဓေသာ လွတ်သွားရင် လူသတ်မှုတွေ အများကြီး ဖြစ်လိမ့်မယ်။ အခုက နဂါးမင်းသား အောက်အန်ရဲ့ ကိုယ်ကို ပူးထားတာဆိုတော့ ရေကိုလည်း ထိန်းချုပ်နိုင်ဦးမှာ။ အဲဒီအခါကျရင် ယန်ချွမ်းနယ်မြေ တစ်ခုလုံး အလောင်းတွေနဲ့ ပြည့်သွားလိမ့်မယ် "
"ငါတို့တွေဟာ နောင်တစ်ချိန်မှာ ရာဇဝင်တရားခံတွေ ဖြစ်ကုန်ကြလိမ့်မယ် "
ဖန့်ချင်းလန်မှာ စိုးရိမ်တကြီးဖြင့် လီယန်ချူကို စိုက်ကြည့်နေသည်။
ဤစကားကို ကြားရသောအခါ သူမက လှည့်ကြည့်လာပြီး...
"မိစ္ဆာတွေကို နှိမ်နင်းတာဟာ တရားသောလမ်းစဉ်ပဲ၊ ဘာလို့ ဒီလောက် စိုးရိမ်နေရတာလဲ "
"ကပ်ဘေးကြီး ဆိုက်လာရင်လည်း ကိုယ်တိုင် အသက်စွန့်ပြီး တားဆီးရုံပဲပေါ့ "
အဘိုးကြီးသူတောင်းစားက ခါးသက်သက် ပြုံးလိုက်သည်။
သူသည် ခေါင်းကို ခါယမ်းလိုက်ရင်း...
"ချင်းလန်မိန်းကလေး... မြေအောက်ယင်သန္ဓေက အလွန်ယုတ်မာပြီး ကိုင်တွယ်ရ ခက်ခဲတယ်။ လီတာအိုဆရာ ရဲ့ သွေးအရှိန်အဝါက ကောင်းမွန်ပေမဲ့ ဒီမိစ္ဆာကို နိုင်ဖို့ဆိုတာ မလွယ်ဘူး "
"ငါတို့တွေ အမြန်ဆုံး အပြင်ကို ဆုတ်ခွာကြတာ ပိုကောင်းမယ်။ တတိယနယ်ပယ်က ယန်ဝိညာဉ်အဆင့် ပညာရှင်တွေကို ခေါ်လာနိုင်မှသာ ဒီမိစ္ဆာကို သတ်နိုင်ဖို့ အခွင့်အရေး ရှိလိမ့်မယ်"
အဘိုးကြီးသူတောင်းစားမှာ စိတ်ပျက်လက်ပျက် ဖြစ်နေရှာသည်။
ထိုသို့လုပ်ဆောင်ခြင်းမှာ ဂုဏ်မရှိသော်လည်း...
မြေအောက်ယင်သန္ဓေ၏ နတ်ပညာနှိမ်နင်းမှုမှာ ပြင်းထန်လွန်းလှသဖြင့် သူတို့ ဤနေရာတွင် ရှိနေခြင်းမှာ အပိုပင် ဖြစ်သည်။
ပို၍ဆိုးသည်မှာ သူတို့ကိုယ်တိုင်ပင် မိစ္ဆာအပူးခံရနိုင်ခြင်းပင်
ဖန့်ချင်းလန်၏ မျက်ခုံးတန်းလေးများမှာ ဒေါသကြောင့် ထောင်တက်သွားသည်။
အဘိုးကြီးသူတောင်းစားကို ပြန်လည်အော်ဟစ်ရန် ပြင်လိုက်စဉ်မှာပင်...
လေထဲမှ လီယန်ချူ၏ အသံ ထွက်ပေါ်လာသည်။
"ချင်းလန်... မင်းတို့ အရင်ဆုတ်ကြ "
"ဒီအကောင်က ရွံစရာ အရမ်းကောင်းတယ်၊ မင်းတို့ မျက်စိနောက်နေပါဦးမယ် "
အောက်အန်၏ ခန္ဓာကိုယ်အကြွင်းအကျန်များမှာ အမည်းရောင်အလင်းတန်းများအဖြစ် ပြောင်းလဲကာ...
လီယန်ချူ၏ ပတ်ပတ်လည်တွင် မနားတမ်း ဝဲပျံနေကြသည်။
ထိုစကားကို ကြားရသောအခါ မိစ္ဆာမှာ အကြီးအကျယ် ဒေါသထွက်သွားသည်။
"လဒလေး... ငါကိုယ်တော်ကို ဒီလောက်တောင် စော်ကားရဲသလား "
အသံမှာ စူးရှလှသည်
ဒါဟာ အောက်အန်ရဲ့ အသံ မဟုတ်တော့ချေ
ဆိုလိုတာက အောက်အန်ရဲ့ အသိစိတ်ဟာ အပြီးတိုင် ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ထိုနဂါးမင်းသားမှာ မိမိ၏ သွေးရင်းသားရင်းကို သတ်ရန် ကြံစည်ခဲ့ပြီး ခမည်းတော်ကိုလည်း နောက်ကျောမှ ဓားဖြင့်ထိုးခဲ့သော်လည်း...
နောက်ဆုံးတွင် ဘာမှမရခဲ့သည့်အပြင် ဝိညာဉ်ပါ ညစ်ညမ်းခံရကာ အပြီးတိုင် ပျောက်ကွယ်သွားရရှာသည်။
ဖန့်ချင်းလန်က တစ်ခုခု ပြောရန် ပါးစပ်ဟလိုက်သော်လည်း...
"သွား"
"ငါ့ကို အာရုံမပျံ့အောင် လုပ်စမ်း "
လီယန်ချူက အော်ဟစ်လိုက်သည်။
ထိုအမည်းရောင် စေးပျစ်အရာဝတ္ထုများမှာ ပြဒါးကဲ့သို့ စီးဆင်းသွားပြီး...
အနီးဆုံးတွင် ရှိနေသော လင်းစုံ့ကျန့်ရင် ထံသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။
အောက်အန်၏ ခန္ဓာကိုယ်မှာလည်း ဝုန်းခနဲ ပေါက်ကွဲသွားကာ ဖုန်မှုန့်များအဖြစ် ပြောင်းလဲ၍ လောကထဲမှ ပျောက်ကွယ်သွားရလေပြီ
"ကျတ်ကျတ်ကျတ်..."
"မင်းက သူတို့ကို ဒီလောက် ဂရုစိုက်နေမှတော့ ငါကိုယ်တော်က..."
မြေအောက်ယင်သန္ဓေ စကားပင် မဆုံးသေးခင်မှာပင်
စူးရှလှသော အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။
"အားးးး"
သူသည် လီယန်ချူ၏ ဓားဖြင့် မြေပြင်ပေါ်သို့ ရိုက်နှက်ခြင်း ခံလိုက်ရသည်။
ကျန့်ကျောင်းဓား အတွင်းမှ ထူးဆန်းလှသော တုန်ခါမှုများ ထွက်ပေါ်လာပြီး...
တစ်ခဏချင်းမှာပင် မြေအောက်ယင်သန္ဓေကို နှိမ်နင်းလိုက်တော့သည်။
မြေအောက်ယင်သန္ဓေထံမှ မိစ္ဆာအလင်းတန်းများ ထွက်ပေါ်လာပြီး အာဃာတ၊ ကြောက်ရွံ့မှုနှင့် ကျိန်စာများ စသည့် မကောင်းသော ခံစားချက်များကို စုစည်းကာ...
ကျန့်ကျောင်းဓား ၏ တုန်ခါမှုနှင့် ယှဉ်ပြိုင်တိုက်ခိုက်နေသည်။
"မင်းကို မိပြီ "
လီယန်ချူက အေးစက်စွာ ပြုံးလိုက်သည်။
"ငတုံးလေး "