အခန်း (၆၁၆-၆၁၈)
Vol. 42 Ch. 616-618
Chapter 616: ပလက်တီနမ် နဂါးလက်သီး
"ဒီလက်ကွက်က သိပ်ပြီးတော့ အစွမ်းမထက်လှပေမဲ့ သူ့ရဲ့ အဓိကအားသာချက်က ကုသပေးနိုင်စွမ်းမှာ ရှိတာပဲ"
ရှန်မို ကျေနပ်အားရစွာဖြင့် ခေါင်းငြိမ့်လိုက်သည်။ စိမ်းမြနဂါးလက်သီးသည် ကုသခြင်းနှင့် ပြန်လည်နာလန်ထူခြင်းအပေါ် အဓိကအာရုံစိုက်ထားသော်လည်း ၎င်း၏ ဖျက်ဆီးနိုင်စွမ်းမှာ သူမျှော်လင့်ထားသည်ထက် များစွာသာလွန်နေဆဲ ဖြစ်သည်။ သူသည် မည်သည့်ဝိညာဉ်လက်နက် သို့မဟုတ် ထာဝရမီးလျှံကိုမျှ အသုံးမပြုဘဲ ရှေးဦးဆင်ရိုင်း ဝိညာဉ်ပုံရိပ်ကိုသာ ဆင့်ခေါ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ဤ စိမ်းမြနဂါးလက်သီး
တစ်ခုတည်းနှင့်တင် ချန်ယွီနှင့် လော့ယန်တို့ကဲ့သို့ ပညာရှင်များ၏ ခုခံမှုကို ဖောက်ထွက်ရန် လုံလောက်ခဲ့ပေပြီ။
"တောက်... ဒီကောင်က ဘယ်သူလဲဟ"
ချန်ယွီသည် အံကြိတ်ကာ အားယူ၍ မတ်တပ်ရပ်လိုက်သည်။
လော့ယန်မှာလည်း အလားတူပင် တုန်လှုပ်နေမိ၏။ "ငါတို့ဂိုဏ်းထဲမှာတောင် ဒီလိုပါရမီရှင်မျိုး တစ်ခါမှမမြင်ဖူးဘူး… သူ့ရဲ့ ဝိညာဉ်ပုံရိပ်မှာ ဓမ္မအမှတ်အသား ဆယ်ဂဏန်းလောက်ပဲ ရှိတာလေ"
စောစောက ရှန်မို ရှေးဦးဆင်ရိုင်း ဝိညာဉ်ပုံရိပ်ကို ဆင့်ခေါ်လိုက်စဉ်က ဓမ္မအမှတ်အသားများကို သူတို့ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ဆယ်ခုကျော်ရုံမျှသာ ရှိ၏။
သို့သော် သူတို့နှစ်ဦးစလုံးတွင်မူ ဓမ္မအမှတ်အသား ၄၀ စီ ရှိကြသည်မဟုတ်ပါလား။
ဓမ္မအမှတ်အသား အရေအတွက်သည် ဝိညာဉ်ပုံရိပ်တစ်ခု၏ အားနည်းချက်များကို များစွာ အစားထိုးပေးနိုင်သည်။ မြေအဆင့် ဝိညာဉ်ပုံရိပ်တစ်ခုသည်ပင် ဓမ္မအမှတ်အသား ၄၀ ဖြင့် ပံ့ပိုးထားပါက ဓမ္မအမှတ်အသား ၃၀ သာရှိသော ကောင်းကင်အဆင့် ဝိညာဉ်ပုံရိပ်ကို ကျော်လွန်နိုင်သည်။ ၎င်းအပြင် သူတို့နှစ်ဦး၏ ဝိညာဉ်ပုံရိပ်များမှာလည်း ကောင်းကင်အဆင့်နိမ့်များ ဖြစ်ကြပြီး နိဗ္ဗာန်အဆင့် ကျင့်ကြံသူ အများစုထက် သာလွန်နေပြီးသား ဖြစ်လေ၏။
ဤလူသည် အမှန်တကယ်ပင် ဘယ်သူနည်း။ ကြောက်စရာကောင်းလှသည်။
သူ၏ ပါရမီမှာ ယင်းစန်းဟွာ အစွမ်းထက်ဆုံးအချိန်ကထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းနေပုံရသည်။
ယခုအချိန်တွင် ချန်ယွီနှင့် လော့ယန်တို့၏ နှလုံးသားထဲ၌ အတွေးတစ်ခုသာ ကျန်တော့သည်။
သူတို့ မနိုင်နိုင်တော့ပေ။
ထွက်ပြေးမှ ရမည်။
"နောက်ထပ် လက်သီးတစ်ချက်လောက် စမ်းကြည့်ရအောင်… ခင်ဗျားတို့နှစ်ယောက် ခံနိုင်ရည်ရှိပါဦးမလားလို့"
ရှန်မို ခပ်ပါးပါး ပြုံးလိုက်သည်။
ဓမ္မအမှတ်အသား ၄၀ ရှိသော နိဗ္ဗာန်အဆင့် ပညာရှင်များနှင့် ဆုံရခဲလှ၏။ ထို့အပြင် သူတို့မှာ အတော်လေးလည်း အကြမ်းခံကြသည်။ သတ်ရခက်လှသည်။ ဤကဲ့သို့ လေ့ကျင့်ရန် အကောင်းဆုံးအခွင့်အရေးကို သူ မည်သို့ လက်လွှတ်ခံပါ့မည်နည်း။
ထိုသို့ပြောပြီးနောက် သူ နောက်ထပ် လက်သီးတစ်ချက် ထိုးလိုက်ပြန်သည်။ လက်သီးထိုးလိုက်သည်နှင့် တစ်ပြိုင်နက် ထူးဆန်းသော အလင်းတန်းများ ကောင်းကင်ယံ၌ ပြည့်နှက်သွား၏။ ထို့နောက် လေထုထဲမှ ပလက်တီနမ်ရောင် နဂါးလက်မောင်းကြီး တစ်ခု ဆင်းသက်လာတော့သည်။
အရာအားလုံးမှာ ရပ်တန့်သွားသကဲ့သို့ပင်။
ချန်ယွီနှင့် လော့ယန်တို့ ထိတ်လန့်တုန်လှုပ်သွားကြသည်။
အချိန်က ရပ်သွားတာလား။
၎င်းမှာ မည်သည့် နိဗ္ဗာန်အဆင့် ကျင့်ကြံသူမျှ မလုပ်နိုင်သော အရာဖြစ်သည်။
သူတို့ သိထားသရွေ့ ကောင်းကင်နှင့် မြေပြင်၏ မဟာဓမ္မကို နားလည်သဘောပေါက်ထားသည့် သူတော်စင်အဆင့် ပညာရှင်များသာ အချိန်စွမ်းအားကို ကိုင်တွယ်နိုင်သည်။
သို့သော် အသေအချာ အာရုံခံကြည့်လိုက်သည့်အခါမှ သူတို့ သိလိုက်ရသည်မှာ အချိန်က ရပ်သွားခြင်းမဟုတ်ဘဲ ထိုလက်သီးက အလွန်အမင်း မြန်လွန်းနေခြင်းသာ ဖြစ်သည်။
မြန်လွန်းလှသဖြင့် ၎င်းနှင့်ယှဉ်လျှင် အခြားအရာအားလုံးမှာ သည်းမခံနိုင်လောက်အောင် နှေးကွေးသွားခြင်း ဖြစ်သည်။ ဤကဲ့သို့ အရှိန်အဟုန် ကွာခြားချက်ကြောင့် လောကကြီးတစ်ခုလုံး အေးခဲသွားသကဲ့သို့ ခံစားရခြင်းပင်။
ယခုတစ်ကြိမ်တွင်မူ ချန်ယွီနှင့် လော့ယန်တို့ ခုခံရန် အခွင့်အရေးပင် မရလိုက်တော့ပေ။ သူတို့၏ ခုခံရေး စိတ်ဝိညာဉ်လက်နက်များကို ထုတ်မရလိုက်မီမှာပင် ခန္ဓာကိုယ်များမှာ လွင့်စင်သွားတော့၏။ သူတို့သည် မြေပြင်တားဆီး ကောင်းကင်ပိတ်ဆို့ခြင်း အင်းကွက်၏ အလင်းတံတိုင်းကို ထပ်မံ၍ အရှိန်ဖြင့် ရိုက်မိသွားကြပြန်သည်။ သွေးများမှာလည်း ပြင်းထန်စွာ ပန်းထွက်လာတော့၏။
"ပလက်တီနမ်နဂါးလက်သီးက စမ်းမြနဂါးလက်သီး နဲ့ အတော်လေး ကွဲပြားတာပဲ… သူက အဆုံးစွန်ဆုံး အရှိန်အဟုန်ကို အဓိကထားတာ… စိမ်းမြနဂါးလက်သီးကကျတော့ ကုသခြင်း၊ အဆုံးမရှိတဲ့ ပြန်လည်ရှင်သန်ခြင်း စွမ်းအားကို အဓိကထားတာ"
ရှန်မို တိတ်တဆိတ် ဆင်ခြင်သုံးသပ်နေမိသည်။
စောစောက လက်သီးချက်မှာ မယုံနိုင်လောက်အောင် မြန်ဆန်လှ၏။ သူနှင့် ချန်ယွီ၊ လော့ယန်တို့မှာ အားလုံး နိဗ္ဗာန်အဆင့် ကျင့်ကြံသူများ ဖြစ်ကြပြီး စုစုပေါင်း ဓမ္မအမှတ်အသားမှာလည်း သိပ်မကွာလှသဖြင့် မူအားဖြင့်ဆိုလျှင် တစ်ဖက်လူမှာ သူ၏တိုက်ခိုက်မှုကို ခုခံနိုင်သင့်သည်။ သို့သော် ခုနကမူ ထိုနှစ်ယောက်လုံး ပလက်တီနမ်နဂါးလက်သီး၏ လက်ချက်ဖြင့် လွင့်မသွားမီ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ကြပေ။
"နဂါးစစ်စစ် သိုင်းပညာဆိုတာနဲ့အညီ တကယ် အစွမ်းထက်တာပဲ"
ရှန်မိုက အံ့ဩစွာဖြင့် ချီးကျူးရင်း သက်ပြင်းချလိုက်သည်။
စိမ်းမြနဂါးလက်သီး နှင့် ပလက်တီနမ်နဂါးလက်သီး ဟူသော ဤနဂါးစစ်စစ် သိုင်းပညာနှစ်မျိုးကို ရရှိကတည်းက သူ အချိန်ရတိုင်း လေ့ကျင့်ခဲ့သည်။
သူ၌ နဂါးစစ်စစ် သွေးမျိုးဆက် မရှိသော်လည်း ထူးကဲလှသော နားလည်နိုင်စွမ်းကြောင့် လိပ်သွားသလို မဟုတ်ဘဲ အရှိန်အဟုန်ပြင်းစွာဖြင့် တိုးတက်လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် သူ ဤသိုင်းပညာနှစ်မျိုးကို အခက်အခဲမရှိ အသုံးပြုနိုင်ခဲ့ခြင်း ဖြစ်၏။
လက်သီးနှစ်ချက်တည်းနှင့်တင် ချန်ယွီနှင့် လော့ယန်တို့မှာ လုံးဝကို မတတ်နိုင်တော့ဘဲ ဖြစ်သွားကြသည်။ သူတို့မှာ နောက်ထပ် ဘာဖြစ်လာမလဲဆိုသည်ကို စောင့်ဆိုင်းနေရုံမှတစ်ပါး အခြားမရှိတော့ပေ။
"မင်း... ဘာလိုချင်တာလဲ"
ချန်ယွီသည် အသက်ငင်နေသော အခြေအနေနှင့် မေးလိုက်သည်။
ဤလူသည် သူတို့ကို ဘာကြောင့် မသတ်သနည်းဆိုသည်ကို သူ နားမလည်နိုင်ပေ။
သူက တခြားသူများကို နှိပ်စက်ရတာကိုပဲ သဘောကျနေတာလား။
လော့ယန်မှာမူ စကားပင် မပြောနိုင်တော့ဘဲ သတိလစ်လုနီးပါး ဖြစ်နေလေပြီ။
ရှန်မိုကတော့ လေထဲတွင် တည်ငြိမ်စွာ ရပ်နေဆဲ ဖြစ်၏။
"ငါ လူတစ်ယောက်ကို စောင့်နေတာ"
"ဘယ်... ဘယ်သူ့ကို စောင့်နေတာလဲ"
ချန်ယွီ၏ စိတ်ထဲတွင် ဝေခွဲမရ ဖြစ်နေသည်။ ရှန်မိုကမူ ပြုံးရုံသာပြုံးပြီး ဘာမှ ထပ်မပြောတော့ပေ။
နှစ်ပတ်ခန့် ကြာပြီးနောက်။
ယင်းစန်းဟွာသည် မျက်နှာပျက်ပျက်ဖြင့် လှိုင်းတံပိုးများကို ဖြတ်ကျော်ကာ ရောက်ရှိလာခဲ့သည်။ ပြင်ပပင်လယ်ပြင်မှ အဆင့်နိမ့် ကျင့်ကြံသူလေးတစ်ယောက်ကို သတ်ရသည်မှာ ဤမျှအထိ ခက်ခဲလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးခဲ့ဖူးပေ။ ထိုလူ၏ ကံကောင်းမှုမှာ အမှန်တကယ်ပင် ကြောက်စရာကောင်းလှသည်။ နဂါးနတ်ဆိုးကျွန်းကို ဖြတ်သွားစဉ်မှာပင် အိပ်မောကျနေသော နဂါးနတ်ဆိုးကြီးမှာ သူ၏နှိုးမှုကြောင့် နိုးလာပြီး ချက်ချင်း တိုက်ခိုက်ခဲ့သည်။ နဂါးနတ်ဆိုးကျွန်းမှ ထွက်လာပြီးနောက်တွင်လည်း သူ နတ်ဆိုးနယ်မြေတစ်ခုအတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့၏။ ထိုနတ်ဆိုးနယ်မြေမှာ ရွှေယင်ဂူ၏ မှတ်တမ်းများတွင်ပင် မရှိဘဲ သူကိုယ်တိုင်လည်း တစ်ခါမျှ မကြားဖူးသော နေရာဖြစ်သည်။ ထိုကဲ့သို့သော နေရာမျိုးမှာ အလွန်ပင် အန္တရာယ်များလှ၏။ အသစ်တက်လာသော အထွတ်အထိပ်အဆင့် ပညာရှင်များပင်လျှင် အထိအခိုက်မရှိ ပြန်ထွက်လာနိုင်မည်ဟု မပြောရဲကြပေ။ ထိုသို့သော နယ်မြေမျိုးကို များသောအားဖြင့် အနီးနားရှိ ကျင့်ကြံသူများက သတင်းပို့လေ့ရှိပြီး ဝမ်ရှန့်သန့်စင်နယ်မြေက ကိုင်တွယ်လေ့ရှိသည်။ သူသည်လည်း အထဲသို့ မဝင်ရဲသဖြင့် ထိုလူ ကြက်သွေးရောင် နေမင်းကျမ်း နှင့်အတူ လွတ်မြောက်သွားသည်ကို လက်ပိုက်ကြည့်နေခဲ့ရုံသာ ရှိတော့၏။
ထိုသို့ လိုက်လံဖမ်းဆီးခြင်း၏ တစ်ခုတည်းသော ရလဒ်မှာ ဝဇီရရုပ်အလောင်းလေးခုက ယွဲ့ရှင်းလူ၏ လက်တစ်ဖက်ကို ဖြတ်တောက်နိုင်ခဲ့ပြီး သူ့ကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့ခြင်းပင်။
သူ ရတနာကျွန်းသို့ ပြန်ရောက်သည့်အခါ ချန်ယွီနှင့် လော့ယန်တို့ ပြန်မရောက်သေးသည်ကို တွေ့ရသဖြင့် သူတို့၏ ဝိညာဉ်အာရုံ အမှတ်အသားများနောက်သို့ လိုက်လာခဲ့၏။ တစ်ချိန်တည်းမှာပင် သူတို့ဆီသို့ အသံလှိုင်းဖြင့် ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း ပေးပို့လိုက်သမျှ သတင်းတိုင်းမှာ ပင်လယ်ထဲ ကျောက်ခဲပစ်ချလိုက်သကဲ့သို့ ပျောက်ကွယ်သွားခဲ့လေသည်။
သူ့ စိတ်ထဲတွင် သံသယများ စတင်ဝင်ရောက်လာ၏။ ချန်ယွီနှင့် လော့ယန်တို့၏ အင်အားနှင့်ဆိုလျှင် ရင့်ထျန်းဟောက်နှင့် ယွဲ့ပိုင်ဖုန်း တို့ကဲ့သို့ ကျင့်ကြံသူများနှင့် ရင်ဆိုင်ရလျှင်ပင် အနည်းငယ် အခြေအနေ မကောင်းရုံသာ ရှိပေလိမ့်မည်။
ဘယ်လို ဒုက္ခမျိုးနှင့် ကြုံနေရသဖြင့် သူ၏ ဆက်သွယ်မှုကိုပင် ပြန်မဖြေနိုင်ဘဲ ဖြစ်နေရသနည်း။
ယင်းစန်းဟွာတစ်ယောက် အဟန့်အတားမရှိ ဆက်လက် တိုးဝင်လာခဲ့သည်။ မကြာမီမှာပင် သူ ခြောက်ကပ်နေသော ပင်လယ်ကျွန်းစုသို့ ရောက်ရှိလာ၏။ ရောက်ရောက်ချင်းမှာပင် တစ်ခုခု မှားနေသည်ကို သူ အာရုံခံမိလိုက်သည်။
ဤနေရာတွင် မြေပြင်တားဆီး ကောင်းကင်ပိတ်ဆို့ခြင်း အင်းကွက် ရှိနေသည်။ ကောင်းကင်အဆင့် အထွက်အထိပ် အင်းကွက်မျိုးကို သာမန်ကျင့်ကြံသူများ ဘယ်တော့မှ အောင်မြင်အောင် မခင်းကျင်းနိုင်ပေ။ ၎င်းကို အပြစ်အနာအဆာမရှိ ခင်းကျင်းရန်အတွက် အနည်းဆုံး အင်းကွက်ပညာရှင် (၃) ဦး လိုအပ်သည်။
ထို့နောက် ဆက်ကြည့်ရာ အင်းကွက်အတွင်းတွင်မူ အသက်ငင်နေသော ချန်ယွီနှင့် လော့ယန်တို့ကို တွေ့လိုက်ရ၏။
ယင်းစန်းဟွာ မျက်မှောင်ကြုတ်သွားတော့သည်။ သူ ချန်ယွီနှင့် လော့ယန်တို့ကို အထူးတလည် မနှစ်သက်သော်လည်း သူတို့၏ အင်အားကိုမူ ငြင်းပယ်၍ မရပေ။ ပထမအချက်မှာ သူတို့နှစ်ဦးစလုံးတွင် ဓမ္မအမှတ်အသား ၄၀ စီ ရှိကြသည်။ ဒုတိယအချက်မှာ သူတို့မှာ အမြွှာညီအစ်မများ ဖြစ်ကြပြီး အပြန်အလှန် ပေါင်းစပ်ညှိနှိုင်းမှုမှာ ထူးကဲလှ၏။ နိဗ္ဗာန်အဆင့် ကျင့်ကြံသူချင်းပင်လျှင် သူတို့ကို ယှဉ်နိုင်ခဲလှသည်။ ချန်ယွီနှင့် လော့ယန်တို့၏ ဒဏ်ရာများကို ကြည့်ခြင်းအားဖြင့် ယင်းစန်းဟွာ ခန့်မှန်းလိုက်သည်မှာ အကယ်၍ တိုက်ခိုက်သူမှာ တစ်ဦးတည်းဆိုပါက သူတို့ကို ဤမျှအထိ အလဲထိုးနိုင်ရန် အနည်းဆုံး ဓမ္မအမှတ်အသား ၇၀ ခန့် ရှိရမည်။ အကယ်၍ ရန်သူ နှစ်ဦးရှိပါက တစ်ဦးစီတွင် အနည်းဆုံး ဓမ္မအမှတ်အသား ၅၀ စီ ရှိရမည်ဖြစ်ပြီး အဆင့်မြင့်သော ပေါင်းစပ်ညှိနှိုင်းမှုလည်း ရှိရပေလိမ့်မည်။ ထို့ပြင် ဤအင်းကွက်၏ တည်ရှိမှုကလည်း သူတို့ထဲတွင် ထူးချွန်သော အင်းကွက်ပညာရှင် တစ်ဦး ပါဝင်နေကြောင်း သက်သေပြနေသည်။
"ဆရာသခင်... ကယ်ပါဦး..."
ချန်ယွီသည် မျှော်လင့်ချက်အပြည့်ဖြင့် လက်ကို အနိုင်နိုင် မြှောက်ပြလိုက်သည်။
ယင်းစန်းဟွာကတော့ သူတို့ကို သိပ်ပြီး ဂရုမစိုက်ပေ။ သူ သတိကြီးစွာဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်နေ၏။ ဤကဲ့သို့သော အင်းကွက်မျိုးကို အခက်အခဲမရှိ ခင်းကျင်းနိုင်သူမှာ နက်နဲသော အင်းကွက်ပညာရပ်ကို တတ်မြောက်ထားသူ ဖြစ်ရမည်။ သူ၏ ဓမ္မအမှတ်အသား ၈၀ နှင့်ပင်လျှင် ဤမျှအဆင့်ရှိသော သတ်ဖြတ်ခြင်းအင်းကွက်တစ်ခုကို မတော်တဆ ထိမိပါက သူကိုယ်တိုင်လည်း ထောင်ချောက်ထဲ ရောက်သွားနိုင်သည်။ ထို့ကြောင့် အလွန်ပင် သတိထားနေခြင်း ဖြစ်၏။
"မင်းက ဘယ်သူလဲ… ကိုယ်ထင်ပြလိုက်စမ်း"
သူ လက်ကို တစ်ချက် ဝေ့ယမ်းလိုက်ရာ ဝဇီရရုပ်အလောင်း (၃) ခု ပေါ်လာသည်။ ၎င်းတို့ထဲမှ တစ်ခုမှာ ယခင်တိုက်ပွဲတွင် ယွဲ့ရှင်းလူကြောင့် ပြင်းထန်စွာ ထိခိုက်သွားသဖြင့် ရုပ်အလောင်းမွေးမြူရေးမျှော်စင်အတွင်းသို့ ပြန်လည် ထည့်သွင်းထားရခြင်း ဖြစ်သည်။
"ရှီထျန်းဟောက် လို့ အမည်ရတဲ့ သာမန်ကျင့်ကြံသူတစ်ယောက်ပါ… ဂူအရှင်သခင်ယင်း ရဲ့ နာမည်ကြီးမှုကို ကြားဖူးတာ ကြာပါပြီ"
ရှန်မိုသည် ခပ်ပါးပါး ပြုံးလျက် ပေါ်လာပြီး သူ၏ အငွေ့အသက်များကို လုံးဝ ဖုံးကွယ်ထားသည်။ ပထမဆုံး မြင်လိုက်ရသည်မှာ ကျင့်ကြံမှု လုံးဝမရှိသော သာမန်လူသားတစ်ဦးကဲ့သို့ပင်။
Chapter 617: အပေးအယူကို လက်ခံမှာလား
ယင်းစန်းဟွာ၏ မျက်နှာအမူအရာမှာ အေးစက်လှသော်လည်း စိတ်ထဲတွင်မူ အလွန်အမင်း သတိထားနေမိသည်။ သာမန်လူသားဘဝမှ ဖောက်ထွက်ကာ သူတော်စင်အဆင့်သို့ တက်လှမ်းသည့် ဤပြန်လမ်းမရှိသော ခရီးလမ်းသို့ ခြေချကတည်းက သူ နားလည်ထားသည့် အမှန်တရားတစ်ခု ရှိသည်။ လူတစ်ယောက်သည် ပုံပန်းသဏ္ဌာန် သာမန်ဖြစ်လေလေ၊ ပို၍ အန္တရာယ်များလေလေပင်။ အထူးသဖြင့် ဤကဲ့သို့သော နေရာ၊ ဤကဲ့သို့သော အခြေအနေမျိုးတွင် ဤသို့သောလူနှင့် ဆုံရခြင်းက ပို၍ပင် သတိကြီးစွာ ထားရစေသည်။
"မင်း ဘယ်သူ့ကို ရန်သူအဖြစ် သတ်မှတ်နေတာလဲဆိုတာ သိရဲ့လား"
ယင်းစန်းဟွာ တည်ငြိမ်စွာ မေးလိုက်သည်။
ရှန်မို ခပ်ပါးပါး ပြုံးလိုက်ရင်း
"သိတာပေါ့… တောင်ဘက်ကောင်းကင် ကျွန်းစုရဲ့ အင်အားအကြီးဆုံး ငါးခုထဲက တစ်ခုဖြစ်တဲ့ ရွှေယင်ဂူ မဟုတ်လား… ဒါပေမဲ့ ကျွန်တော်က ရွှေယင်ဂူကို အရင်စပြီး ရန်စခဲ့တာ မဟုတ်ဘူး… ခင်ဗျားရဲ့ လူတွေကသာ ကျွန်တော့်ကို အရင်လာပြီး ရန်စခဲ့တာပါ"
ယင်းစန်းဟွာသည် အပြင်ပန်းတွင် မည်သည့်အမူအရာမျှ မပြသော်လည်း တိတ်တဆိတ်ပင် လျှို့ဝှက်ပညာရပ်တစ်ခုကို အသုံးပြုကာ တစ်ဖက်လူ၏ ကျင့်ကြံမှုအဆင့်ကို ဖောက်ထွင်းကြည့်ရန် ကြိုးစားလိုက်သည်။ သို့သော် သူ မည်မျှပင် စမ်းသပ်ကြည့်ပါစေ ၎င်းမှာ ရွှံ့နွားရုပ် ပင်လယ်ထဲ ဆင်းသွားသကဲ့သို့ပင်။ တစ်ဖက်လူမှာ လူသားစားနိုင်သော တွင်းနက်ကြီးတစ်ခုကဲ့သို့ ဖြစ်နေပြီး ထိုးဖောက်လိုက်သမျှ အလင်းတန်းအားလုံးမှာ ဆွဲဖြတ်ခံရခြင်း၊ ဝါးမြိုခံရခြင်းနှင့် ချေမှုန်းခံရခြင်းတို့သာ ကြုံတွေ့နေရသည်။
ရှန်မိုမှ တည်ငြိမ်စွာ ပြောလိုက်သည်။
"ဂူအရှင်သခင်ယင်း... ကျွန်တော့်ကို စမ်းသပ်နေတာ ရပ်လိုက်ပါတော့"
ယင်းစန်းဟွာ၏ စိတ်ထဲတွင် ထိတ်လန့်သွားမိ၏။ သူ အသုံးပြုလိုက်သော စမ်းသပ်ခြင်းပညာမှာ ရွှေယင်ဂူ၏ ကောင်းကင်အဆင့် အမြင့်ဆုံး လျှို့ဝှက်ပညာရပ်ဖြစ်သော ကိုးယင်ဓာတ်ကြည့်နည်းလမ်းပင် ဖြစ်သည်။ သို့သော်လည်း တစ်ဖက်လူက ၎င်းကို သိရှိသွားသည် မဟုတ်ပါလား။ သူ့ စိတ်ထဲတွင် ဤလူအား အကဲဖြတ်မှုမှာ ချက်ချင်းပင် နောက်ထပ် အဆင့်တစ်ခုသို့ မြင့်တက်သွားတော့သည်။ မသိမသာပင် သူ့ကို အဆင့်တူ ကျင့်ကြံသူတစ်ဦးအဖြစ် သတ်မှတ်လိုက်မိပြီ ဖြစ်၏။
ရှန်မို ပြုံးလိုက်သည်။
သူသည် ယင်းစန်းဟွာ၏ ကံကြမ္မာစနစ်ကို အစောကတည်းက ဖတ်ရှုပြီးသား ဖြစ်သည်။ ထို့ကြောင့်ပင် ရောဂါနှင့် ဆေး ကိုက်ညီအောင် လုပ်ဆောင်နိုင်ခြင်း ဖြစ်လေ၏။
[အမည် - ယင်းစန်းဟွာ]
[အဆင့် - နိဗ္ဗာန်အဆင့်၊ ဓမ္မအမှတ်အသား ၈၁ ခု]
[ကံကြမ္မာ လက္ခဏာများ - အထွတ်အထိပ်ပညာရှင်၏ ချစ်တပည့်၊ အကွက်ချစီစဉ်တတ်သူ၊ ကံကောင်းခြင်း စောင့်ရှောက်မှုကို ခံရသူ၊ ညှို့ဓာတ်ပြင်းသော အလှပိုင်ရှင်၊ နိမိတ်မကောင်းသော ကံကြမ္မာ၊ အသည်းအသန် အခြေအနေမှ လွတ်မြောက်သူ၊ ရုပ်အလောင်းပိုးကောင် ဆက်ခံသူ၊ ရွှေယင်ခဲယဉ်းသောအငွေ့အသက် ခန္ဓာကိုယ်]
[ကံကြမ္မာ - နောင်နှစ်ပေါင်း ငါးရာအကြာတွင် ရွှေယင်ဂူ၏ ဂိုဏ်းချုပ်ကြီး ဖြစ်လာလိမ့်မည်။ နောင်နှစ်ပေါင်း သုံးထောင်အကြာတွင် သူတော်စင်အဆင့်သို့ တက်လှမ်းကာ ရွှေယင်ဂူ၏ စန်းဟွာဘိုးဘွား ဖြစ်လာလိမ့်မည်။ ကောင်းကင်နှင့်အမျှ အသက်ရှည်ကာ လောကကြီးတွင် လွတ်လပ်စွာ လှည့်လည်နိုင်လိမ့်မည်။]
'အကွက်ချစီစဉ်တတ်သူ' ဟူသော ကံကြမ္မာလက္ခဏာမှာ ယင်းစန်းဟွာ၏ စရိုက်ကို အပြည့်အဝ ဖော်ပြနေသည်။ သူသည် အကြံအဖန်နှင့် နည်းဗျူဟာများတွင် အလွန်ကျွမ်းကျင်၏။ သူ့တွင် ဝှက်ဖဲများစွာ ရှိသော်လည်း ရန်သူ၏အကြောင်းကို အသေအချာ မသိရဘဲနှင့် မည်သည့်အခါမျှ စွန့်စားပြီး မတိုက်ခိုက်တတ်ပေ။
ယခုအခါ ရှန်မိုသည် အငွေ့အသက်များကို အပြစ်အနာအဆာမရှိ ဖုံးကွယ်ထားကာ အင်အားကြီးသူကဲ့သို့ ဟန်ဆောင်နေခြင်း ဖြစ်၏။ နှစ်ဦးစလုံးမှာ နိဗ္ဗာန်အဆင့်တွင် ရှိနေသဖြင့် ယင်းစန်းဟွာအနေဖြင့် သူ၏ကျင့်ကြံမှုကို တစ်ချက်ကြည့်ရုံနှင့် ဖောက်ထွင်းမြင်နိုင်ရန် မဖြစ်နိုင်ပေ။ ၎င်းအပြင် ချန်ယွီနှင့် လော့ယန်တို့၏ သနားစရာကောင်းသော အခြေအနေနှင့် ပေါင်းစပ်လိုက်သည့်အခါ ယင်းစန်းဟွာအနေဖြင့် သူ၏အစွမ်းကို အထင်ကြီးသွားခြင်းမှာ အလွန်ပင် သဘာဝကျလှသည်။
"မင်း တကယ်ပဲ ဘာလိုချင်တာလဲ"
ယင်းစန်းဟွာမှ အေးစက်စွာ မေးလိုက်သည်။
"ချန်ယွီနဲ့ လော့ယန်တို့ကို လွှတ်ပေးဖို့ ငါ ဘာလုပ်ပေးရမလဲ"
ချန်ယွီနှင့် လော့ယန်တို့၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်အရိပ်အယောင်များ ပေါ်လာသည်။ ယခုအချိန်တွင် သူတို့ အားကိုးနိုင်သည့် တစ်ဦးတည်းသောသူမှာ ယင်းစန်းဟွာသာ ဖြစ်၏။
ရှန်မို ခပ်ပါးပါး ပြုံးလိုက်ရင်း
"ခင်ဗျားနဲ့ အပေးအယူတစ်ခု လုပ်ချင်ပါတယ်"
ယင်းစန်းဟွာ နှာခေါင်းရှုံ့လိုက်ပြီး
"ဘာအပေးအယူလဲ"
ရှန်မိုမှ ချန်ယွီနှင့် လော့ယန်တို့ကို လက်ညှိုးထိုးပြကာ
"ကျွန်တော် သူတို့ကို သတ်ပေးမယ်… ခင်ဗျားကတော့ ရွှေစာမျက်နှာပေါ်က ဝိညာဉ်အာရုံ အမှတ်အသားကို ဖျက်ပေးရမယ်"
ချန်ယွီနှင့် လော့ယန်တို့၏ မျက်ဆံနက်များ ချက်ချင်းပင် ကျုံ့သွားတော့သည်။
ချန်ယွီ ထိတ်လန့်တကြီး အော်ဟစ်လိုက်၏။ "ဂူအရှင်သခင်... သူ့စကားကို နားမယောင်ပါနဲ့… မလုပ်…"
သူ့ စကားမဆုံးခင်မှာပင် ရှန်မိုမှ လက်ချောင်းဖြင့် တစ်ချက်တောက်လိုက်ရာ စိတ်ဝိညာဉ်စွမ်းအင် အမျှင်တန်းတစ်ခု ထွက်ပေါ်လာပြီး ချန်ယွီကို သတိလစ်သွားစေသည်။
ယင်းစန်းဟွာ၏ မျက်လုံးများမှာ လှုပ်ခတ်သွားပြီး စိတ်ထဲတွင် အနည်းငယ် တုန်လှုပ်သွား၏။ သို့သော် မျက်နှာတွင်မူ လှောင်ပြုံးပြုံးကာ
"ကျင့်ကြံဖော်... ဒါက ဘာကို ဆိုလိုတာလဲ… ချန်ယွီနဲ့ လော့ယန်က ငါ့ရဲ့ ကိုယ်ပိုင် လက်အောက်ငယ်သားတွေပဲ… မင်း သူတို့ကို သတ်မှာကို ငါက ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ… ငါက ရတနာတွေနဲ့ သူတို့အသက်ကို ပြန်လဲပေးရမှာ မဟုတ်ဘူးလား"
ရှန်မို ကျယ်လောင်စွာ ရယ်မောလိုက်ပြီး
"ဒီနှစ်ယောက်က ခင်ဗျားရဲ့ ယုံကြည်ရတဲ့ လက်ရုံးတွေ မဟုတ်ဘူးဆိုတာ သိပါတယ် .. သူတို့က ဒုတိယဂူအရှင်သခင်က ခင်ဗျားကို စောင့်ကြည့်ဖို့ ထားခဲ့တဲ့ မျက်စိနဲ့ နားတွေပဲ… ခင်ဗျား သူတို့ကို သတ်ချင်နေတာ ကြာပြီ… ဒါပေမဲ့ သင့်တော်တဲ့သူ မတွေ့လို့သာပေါ့… ဘာပဲပြောပြော သူတို့နှစ်ယောက်မှာလည်း အစွမ်းတော့ ရှိတာကိုး… ခင်ဗျားက ဉာဏ်ကောင်းတဲ့ အမျိုးသမီးပဲ… ဘာလို့ မသိချင်ယောင်ဆောင်နေရတာလဲ… စကားတွေကို လှည့်ပတ်မနေပါနဲ့တော့… ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်းပဲ အဖြေပေးပါ… ဒီအပေးအယူကို လက်ခံမလား… လက်မခံဘူးလား"
ယင်းစန်းဟွာ၏ နှလုံးသားမှာ တုန်လှုပ်သွားတော့၏။ ချန်ယွီနှင့် လော့ယန်တို့မှာ ဒုတိယဂူအရှင်သခင်၏ လူများဖြစ်သည်မှာ ရွှေယင်ဂူ၏ အထက်တန်းလွှာများသာ သိနိုင်သော ကိစ္စဖြစ်သည်။ ပြင်ပတွင် ရတနာရှာဖွေနေတတ်သော ဂူအရှင်သခင်အချို့ပင်လျှင် ဂိုဏ်းအတွင်းရေးကို ဤမျှအထိ မသိနိုင်ကြပေ။ ထိုသို့သော အကြောင်းအရာကို သိနိုင်သူမှာ ရွှေယင်ဂူတစ်ခုလုံးတွင် ငါးဦးထက် မပိုနိုင်ပေ။
သို့သော် ဤတစ်ဖက်လူက ၎င်းကိုပင် သိနေသည် မဟုတ်ပါလား။
သူက အမှန်တကယ်ပဲ ဘယ်သူလဲ။
ယင်းစန်းဟွာ လေသံနှိမ့်ကာ မေးလိုက်သည်။
"ကျင့်ကြံဖော်... မင်းက တကယ်ပဲ ဘယ်သူလဲ"
ရှန်မိုက ပြုံးမြဲပြုံးလျက်
"ကျွန်တော် ဘယ်သူလဲဆိုတာ သိဖို့ မလိုပါဘူး… ခင်ဗျားကို မေးနေတာက ဒီအပေးအယူကို လက်ခံမလား၊ လက်မခံဘူးလား ဆိုတာပဲ… အကယ်၍ ခင်ဗျား လက်မခံဘူးဆိုရင် ကျွန်တော် သူတို့ကို လွှတ်ပေးလိုက်မယ်"
ယင်းစန်းဟွာ၏ မျက်မှောင်များ ကြုတ်သွားသည်။ ချန်ယွီနှင့် လော့ယန်တို့ကို လွှတ်ပေးလိုက်ခြင်းမှာ သူ့အတွက် ပို၍ လက်ခံနိုင်စရာ မရှိပေ။ ယခုအခါ ရွှေစာမျက်နှာ နှစ်ခုစလုံးမှာ အခြားသူ၏ လက်ထဲတွင် ရှိနေပြီး သူ့ဆီတွင် တစ်ခုမျှ မရှိသဖြင့် ဂိုဏ်းကို ပြန်သည့်အခါ ဒုတိယဂူအရှင်သခင်၏ ပြင်းထန်သော ပြစ်တင်မှုကို ခံရပေလိမ့်မည်။ ထို့ကြောင့် ချန်ယွီနှင့် လော့ယန်တို့ကို အခုပင် ရှင်းပစ်လိုက်ခြင်းက နောင်ရေးအတွက် ပို၍ ကောင်းပေလိမ့်မည်။
"ကောင်းပြီ... ငါ လက်ခံတယ်"
ယင်းစန်းဟွာသည် ရှန်မို၏ မျက်လုံးများကို စိုက်ကြည့်ကာ အသက်ပြင်းပြင်း ရှူလိုက်သည်။
သူ့ အကြည့်များမှာ နက်နဲလှ၏။
ရှန်မိုမှာ ပြုံးလိုက်ပြီး ရွှေစာမျက်နှာကို ထုတ်ကာ အင်းကွက်အတွင်းသို့ ပစ်သွင်းလိုက်သည်။ စိတ်ဝိညာဉ်စွမ်းအင် မပါလျှင်ပင် ရွှေစာမျက်နှာမှာ အလွန်ပင် မာကျောပြီး ထက်မြက်လှသည်။ ယခု ရှန်မိုက စိတ်ဝိညာဉ်စွမ်းအင်များကိုပါ ထည့်သွင်းလိုက်သည့်အခါတွင်မူ ရွှေစာမျက်နှာမှာ အထက်မြက်ဆုံး ဓားပျံကဲ့သို့ ဖြစ်သွားပြီး ချန်ယွီနှင့် လော့ယန်တို့၏ လည်ပင်းကို တိုက်ရိုက် ဖြတ်တောက်လိုက်တော့သည်။ ထိုအမျိုးသမီးနှစ်ဦးမှာ သတိလစ်နေစဉ် နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားကြသည်။ သူတို့၏ ဝိညာဉ်အကြွင်းအကျန်များမှာ ထွက်ပြေးရန် ကြိုးစားသော်လည်း ရှန်မို ချက်ချင်းပင် ဖမ်းယူကာ ချေမှုန်းပစ်လိုက်၏။
ရှန်မိုမှာ သူတို့၏ အလှအပ သို့မဟုတ် ခန္ဓာကိုယ်ကို အနည်းငယ်မျှပင် ဂရုမစိုက်ပေ။
သူ၏ ပြတ်သားလှသော သတ်ဖြတ်မှုကို ကြည့်ရင်း ယင်းစန်းဟွာသည် သူ့ကို ထပ်၍ စိုက်ကြည့်လိုက်မိသည်။
ရွှေယင်ဂူထဲတွင် အမျိုးသမီးများအပေါ် ရက်စက်သော အမျိုးသားများကို သူ မြင်ဖူးသော်လည်း ဤမျှအထိ လျင်မြန်ပြီး တွန့်ဆုတ်မှုမရှိဘဲ သတ်ဖြတ်နိုင်သူကို မြင်ဖူးခြင်းမှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။ အရေးမပါသော ဝက် သို့မဟုတ် ခွေးတို့ကို သတ်ဖြတ်လိုက်သကဲ့သို့ပင်။
"ဂူအရှင်သခင်ယင်း... အင်းကွက်ထဲကို ကြွပါဦး… ပြီးတော့ ရွှေစာမျက်နှာပေါ်က ဝိညာဉ်အာရုံ အမှတ်အသားကို ဖျက်ပေးပါ… အဲဒါက ကျွန်တော်တို့ နှစ်ယောက်စလုံးအတွက် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်"
ရှန်မို ပြုံး၍ ပြောလိုက်သည်။
ယင်းစန်းဟွာ ခေါင်းငြိမ့်ပြလိုက်ပြီး မြေပြင်တားဆီး ကောင်းကင်ပိတ်ဆို့ခြင်း အင်းကွက် အတွင်းသို့ ရဲတင်းစွာ လှမ်းဝင်လိုက်သည်။ သူတို့နှစ်ဦးစလုံးမှာ ဉာဏ်ကောင်းသူများ ဖြစ်ကြသဖြင့် ဤကိစ္စအတွက် စကားများကို အပိုဖြုန်းနေရန် မလိုပေ။ ယင်းစန်းဟွာသည် လေထဲမှ ရွှေစာမျက်နှာကို လှမ်းယူလိုက်သည်။ ထို့နောက် စိတ်ဝိညာဉ်စွမ်းအင်များ တိုးထွက်လာပြီး ဝိညာဉ်အာရုံ အမှတ်အသားကို ချက်ချင်းပင် ဖျက်ဆီးပစ်လိုက်၏။ ယခုအချိန်မှစ၍ မည်သူမျှ ထိုအမှတ်အသားမှတစ်ဆင့် ရွှေစာမျက်နှာကို နောက်ယောင်ခံ လိုက်နိုင်မည် မဟုတ်တော့ပေ။
သူ လက်ကို တစ်ချက် ဝေ့လိုက်ရာ ရွှေစာမျက်နှာသည် ရှန်မို၏ လည်ပင်းသို့ တိုက်ရိုက် ဦးတည်ကာ ပျံသန်းထွက်သွားတော့သည်။ ရှန်မိုမှာ မည်သည့်အမူအရာမျှ မပြဘဲ သူ၏ ညာဘက်လက်ဝါးအတွင်းသို့ သွေးဓာတ်စွမ်းအားများကို တိတ်တဆိတ် စုစည်းလိုက်သည်။
ဖုန်း!
သူ ရွှေစာမျက်နှာကို တစ်ချက်မျှ မထိခိုက်ဘဲ ဖမ်းယူလိုက်သည်။
ယင်းစန်းဟွာ မျက်ခုံးပင့်လိုက်မိ၏။ ဤစမ်းသပ်မှုအသေးစားလေးက ရှန်မို၏ အစွမ်းအပေါ် သူ၏ သံသယများကို ကင်းစင်သွားစေသည်။ ဖြစ်နိုင်သည်မှာ တစ်ဖက်လူ၏ ဓမ္မအမှတ်အသားများမှာ သူ့ထက် အနည်းငယ် နည်းပါးနိုင်သော်လည်း ခွန်အားမှာမူ သူ့ထက် အများကြီး နိမ့်ကျမည် မဟုတ်ပေ။ ရွှေစာမျက်နှာကို အတင်းအဓမ္မ လုယူရန် ကြိုးစားခြင်းမှာ အန္တရာယ် အလွန်များလှ၏။ အကယ်၍ ဆူညံမှုမှာ ပိုမိုကြီးထွားလာပြီး အနားမှ ဖြတ်သွားသော အင်အားကြီး ကျင့်ကြံသူများကို ဆွဲဆောင်မိပါက အခြေအနေမှာ ပို၍ ရှုပ်ထွေးသွားပေလိမ့်မည်။
ရွှေယင်ဂူမှာ ဗိုလ်ကျစိုးမိုးတတ်သဖြင့် ရန်သူ ပတ်လည်ဝိုင်းနေသော ဂိုဏ်းဖြစ်သည်။ အနည်းဆုံး ဤလော့ရှင်းပင်လယ်ပြင်တွင်မူ အင်အားကြီး သုံးဖွဲ့စလုံးမှ မည်သူမျှ သူ့ကို ကူညီကြမည် မဟုတ်ပေ။ အရာအားလုံးကို ချိန်ဆပြီးနောက် ယင်းစန်းဟွာတစ်ယောက် တိုက်ခိုက်ရန် စိတ်ကူးကို ပြတ်ပြတ်သားသားပင် စွန့်လွှတ်လိုက်သည်။
"ကျင့်ကြံဖော်ရှီ... မြေပြင်တားဆီး ကောင်းကင်ပိတ်ဆို့ခြင်း အင်းကွက်ကို ဖယ်ရှားပေးပါ"
ယင်းစန်းဟွာ တည်ငြိမ်စွာ ပြောလိုက်သည်။
ရှန်မို ပြုံးလိုက်ရင်း
"သေချာပေါက်ပေါ့"
သူ လက်ကို မြှောက်လိုက်ရာ အင်းကွက်၏ အလင်းတံတိုင်းမှာ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး သဲလွန်စပင် မကျန်တော့ပေ။
"ဂူအရှင်သခင်ယင်း... ခင်ဗျား ရွှေယင်ဂူကို ပြန်ရောက်တဲ့အခါ ဒုတိယဂူအရှင်သခင်က ခင်ဗျားကို အလွယ်တကူ လွှတ်ပေးမှာ မဟုတ်ဘူးလို့ ထင်တယ်"
ရှန်မိုက ခပ်အေးအေး ပြုံး၍ ပြောလိုက်သည်။
ယင်းစန်းဟွာကမူ အေးစက်စွာဖြင့်
"ရွှေယင်ဂူရဲ့ အတွင်းရေးက ကျင့်ကြံဖော် စိုးရိမ်ပေးနေဖို့ မလိုပါဘူး"
ရှန်မို ပြုံးလိုက်ပြီး
"အကယ်၍ နောက်တစ်ကြိမ် အပေးအယူ လုပ်ချင်သေးတယ်ဆိုရင် ကျွန်တော့်ကို လာရှာလို့ ရပါတယ်"
သို့သော် ယင်းစန်းဟွာမှာ ဘာမှ ထပ်မပြောတော့ဘဲ လှည့်ထွက်သွားကာ လှိုင်းတံပိုးများကို နင်းလျက် ထွက်ခွာသွားတော့သည်။
Chapter 618: ရှိထျန်းဟောက်က တကယ်ပဲ ဘယ်သူလဲ
ရှန်မိုမှာတော့ ပြုံးလျက် ထိုနေရာတွင်ပင် ရပ်နေခဲ့သည်။ ယင်းစန်းဟွာ၏ ပုံရိပ် လုံးဝပျောက်ကွယ်သွားတော့မှသာ သူ ရင်ထဲမှ လေပူများကို အပြင်သို့ အရှိန်ပြင်းစွာ မှုတ်ထုတ်လိုက်တော့၏။
ယင်းစန်းဟွာမှာ ဓမ္မအမှတ်အသား ၈၁ ခုရှိသော အစွမ်းထက် ကျင့်ကြံသူတစ်ဦး ဖြစ်သည်နှင့်အညီ အမှန်တကယ်ပင် လေးစားဖွယ်ကောင်းလှပေသည်။
သူ ရွှေစာမျက်နှာကို ခပ်ဖွဖွလေး ပြန်ပစ်ပေးလိုက်ရုံမျှနှင့်ပင် ရှန်မို၏ ညာဘက်လက်ဝါးမှာ အတော်လေး နာကျင်သွားရသည်။ အကယ်၍ သူ၏ ခန္ဓာကိုယ်မှာ ထူးကဲစွာ သန်မာခြင်း မရှိဘဲ ကျယ်ပြောလှသော သွေးဓာတ်စွမ်းအားများဖြင့် ကာကွယ်မထားနိုင်ခဲ့ပါက တစ်ဖက်မှ အကဲခတ်မှုအောက်တွင် တစ်ခုခု ပေါ်သွားနိုင်ပြီး မည်သို့မျှ ခန့်မှန်း၍မရသော အကျိုးဆက်များကို ကြုံတွေ့ရနိုင်ပေသည်။
ကံကောင်းထောက်မစွာဖြင့် သူ၏ လောင်းကြေးမှာ အောင်မြင်ခဲ့သည်။ မြူနှင်းများဖြင့် ဖုံးအုပ်ထားသကဲ့သို့ ဖြစ်နေသော အစွမ်းကြောင့် ယင်းစန်းဟွာအနေဖြင့် သူ၏ အတိမ်အနက်ကို မည်သို့မျှ မသိရှိနိုင်ခဲ့ပေ။ အမှန်တကယ်တွင်မူ အစွမ်းအစစ်အမှန် ပေါ်သွားခဲ့လျှင်ပင် ရှန်မိုအနေဖြင့် လွတ်အောင်ပြေးနိုင်စွမ်းရှိသည်ဟု ယုံကြည်ချက်ရှိပြီးသား ဖြစ်၏။ ဓမ္မအမှတ်အသား ၄၀ ရှိသော ကျင့်ကြံသူတစ်ဦးက ဓမ္မအမှတ်အသား ၈၀ ရှိသူ၏ လက်ထဲမှ လွတ်အောင်ပြေးနိုင်ရန်မှာ အခြားသူများအတွက် စိတ်ကူးယဉ်အိမ်မက်တစ်ခုမျှသာ ဖြစ်သော်လည်း ရှန်မိုကမူ ၎င်းကို လုပ်ဆောင်နိုင်စွမ်းရှိသည်။ ထိုယုံကြည်ချက်ကြောင့်ပင် သူ ယင်းစန်းဟွာနှင့် အပေးအယူလုပ်ရန် ရဲရဲဝံ့ဝံ့ လောင်းကြေးထပ်ခဲ့ခြင်း ဖြစ်သည်။
ရှန်မိုသည် ချန်ယွီနှင့် လော့ယန်တို့ထံ လျှောက်သွားကာ စိတ်ဝိညာဉ်စွမ်းအားဖြင့် စမ်းသပ်ကြည့်ပြီးနောက် သူတို့၏ သိုလှောင်အိတ်များကို ယူလိုက်သည်။
ထို့နောက် သတိကြီးစွာဖြင့် ဝိညာဉ်အာရုံကို သွေးဓာတ်စွမ်းအားဖြင့် ရစ်ပတ်ကာ အိတ်အတွင်းသို့ ဝင်ရောက်ကြည့်ရှုလိုက်သည်။ သူ မျှော်လင့်ထားသည့်အတိုင်းပင် ထိုအိတ်နှစ်ခုစလုံးတွင် အလိုအလျောက် ခုခံရေးစနစ်များ ပါဝင်နေသည်။ အဆိပ်ငွေ့များ၊ ကပ်ပါးပိုးမွှားများ စသည့် သေစေနိုင်သော ထောင်ချောက်မျိုးစုံပင်။ ရှန်မိုကဲ့သို့သော အစွမ်းရှိသူအတွက်မူ ၎င်းတို့က အသက်အန္တရာယ် မရှိနိုင်သော်လည်း ဒုက္ခတော့ အတော်လေး ပေးနိုင်ပေလိမ့်မည်။
"စုစုပေါင်း အထက်တန်းစား စိတ်ဝိညာဉ်ကျောက်တုံး သန်းရှစ်ဆယ်..."
"ကောင်းကင်အဆင့် အမြင့်ဆုံး အင်းကွက် အခင်းအကျင်း နှစ်စုံ..."
"ဝိညာဉ်မပါသေးတဲ့ ကောင်းကင်အဆင့် စိတ်ဝိညာဉ်လက်နက် သုံးခု..."
"အသုံးမဝင်တဲ့ အစီရင်ခံပိုးကောင် မျိုးစုံ..." "တစ်ဝက်တစ်ပျက် သန့်စင်ထားတဲ့ ရွှေယင်ရုပ်အလောင်း အချို့..."
"ဟင်း... ဒီ ဝဇီရရုပ်အလောင်း သန့်စင်ခြင်းပညာကတော့ မဆိုးဘူးပဲ"
ရှန်မို အသေအချာ စစ်ဆေးကြည့်ပြီးနောက် ခေါင်းငြိမ့်လိုက်သည်။
ချန်ယွီ၏ ကောင်းကင်အဆင့် စိတ်ဝိညာဉ်လက်နက်များထဲတွင် ရုပ်အလောင်းများ မွေးမြူရန်အတွက် သီးသန့်အသုံးပြုသော ယင်နတ်ဆိုးမျှော်စင်လည်း ပါဝင်သည်။ ၎င်းတွင် ခုခံနိုင်စွမ်းအချို့ပင် ရှိနေသေး၏။
"ရုပ်အလောင်းတစ်ခုလောက် သန့်စင်ပြီး ငါ့အတွက် အစေခံခိုင်းလို့ ရနိုင်မလားပဲ… ဒါပေမဲ့ ချန်ယွီနဲ့ လော့ယန်တို့ရဲ့ ရုပ်အလောင်းတွေက သိပ်ပြီးတော့ အားနည်းလွန်းတယ်… ရုပ်အလောင်း သန့်စင်ဖို့အတွက် မသင့်တော်ဘူး… ဒီ ဝဇီရရုပ်အလောင်း သန့်စင်ခြင်းပညာက ကြွက်သားထွားကျိုင်းပြီး ခန္ဓာကိုယ် တည်ဆောက်ပုံ ကောင်းမွန်တဲ့ ရုပ်အလောင်းတွေကိုမှ လိုအပ်တာ"
ရှန်မို လက်ကို တစ်ချက် ဝေ့ယမ်းလိုက်ရာ ထိုရုပ်အလောင်း နှစ်ခုစလုံးမှာ ပင်လယ်ထဲသို့ လွင့်စင်ကျသွားတော့၏။ ထိုအခါ ငါးများ၊ ပုစွန်များနှင့် ပင်လယ်သားရဲများက ထိုအကြွင်းအကျန်များကို သဘာဝအတိုင်း ရှင်းလင်းပေးကြပေလိမ့်မည်။
သူ ထိုနေရာရှိ သွေးစများနှင့် လှုပ်ရှားမှု သဲလွန်စအားလုံးကို စင်ကြယ်အောင် သုတ်သင်ပြီးနောက် ထွက်ခွာသွားခဲ့သည်။
အခြားတစ်ဖက်တွင်မူ ယင်းစန်းဟွာသည် သင်္ဘောမျှော်စင်ပေါ်သို့ ပြန်ရောက်လာခဲ့သည်။ ယခုအခါ ချန်ယွီနှင့် လော့ယန်တို့ မရှိတော့သဖြင့် အေးစက်သော ရုပ်အလောင်း အစောင့်အကြပ်များသာ သင်္ဘောပေါ်တွင် ကျန်တော့၏။ ထို့ကြောင့် သူ့ကို ပို၍ စိတ်အေးချမ်းစေသည်။
"ဒီ ရှီထျန်းဟောက် ဆိုတဲ့လူက တကယ်ပဲ ဘယ်သူလဲ"
"သူက ပြင်ပပင်လယ်ပြင်က ကျင့်ကြံသူ မဖြစ်နိုင်ဘူး… အတွင်းပင်လယ်ပြင်ကပဲ ဖြစ်ရမယ်… ဒါပေမဲ့ ဒီလောက်အစွမ်းရှိတဲ့လူက အတွင်းပင်လယ်ပြင် တစ်ခုလုံးမှာ နာမည်ကြီးနေသင့်ပြီလေ..."
"သူက အပြင်ထွက် လည်ပတ်နေတဲ့ အထွတ်အထိပ် ပညာရှင်တစ်ယောက်ယောက်ရဲ့ တပည့်များလား"
"ဒီလောက်အထိ နက်နဲတဲ့ အင်းကွက်ပညာကို တတ်မြောက်ထားတဲ့ အထွတ်အထိပ် ပညာရှင်ဆိုတာ သိပ်ပြီးတော့ အများကြီးမရှိဘူး..."
"ဝမ်ရှန့်သန့်စင်နယ်မြေက အဲဒီတစ်ယောက်ပဲ ရှိတာ..."
ယင်းစန်းဟွာသည် တွေးလေလေ ပို၍ အံ့ဩလေလေ ဖြစ်လာသည်။ ထိုသူ၏ နာမည်ကို သူ ကြားဖူးသည်မှာ ကြာပေပြီ။ ထိုသူမှာ မည်သည့်မျိုးနွယ်စုဝင် ဖြစ်ပါစေ၊ ပါရမီရှိလျှင် တပည့်အဖြစ် လက်ခံတတ်သူ ဖြစ်သည်။ သူ၏ တပည့်များထဲတွင် လူသားများ၊ သားရဲမျိုးနွယ်များ၊ နဂါးများ၊ နဂါးအနွယ်ဝင်များ စသည်ဖြင့် မျိုးစုံ ပါဝင်နေသည်။ အကယ်၍ ရှီထျန်းဟောက်မှာ ထိုသူ၏ တပည့်သာဆိုလျှင် အရာအားလုံး ယုတ္တိရှိသွားပေလိမ့်မည်။
"စောစောက မတိုက်ခိုက်မိတာ ကံကောင်းသွားတယ်… မဟုတ်ရင် အဲ့လူရဲ့ တပည့်ကို ထိခိုက်မိလို့ကတော့ ငါ့အတွက် အဆုံးမရှိတဲ့ ဒုက္ခတွေ ကြုံရမှာ အသေအချာပဲ… ဆရာသခင်ကိုယ်တိုင်တောင် အဲဒီလူကို အကြောင်းမဲ့ ရန်မစချင်ဘူး"
ယင်းစန်းဟွာ သက်ပြင်းကို အသာအယာ ချလိုက်ရင်း မိမိကိုယ်မိမိ အင်အားသုံး၍ တိုက်ခိုက်ခြင်းထက် အကွက်ချ စီစဉ်တတ်ခြင်းကို ပို၍ နှစ်သက်သူဖြစ်ခြင်းမှာ ကံကောင်းလှသည်ဟု တွေးမိလိုက်သည်။
"အခု ရွှေစာမျက်နှာတွေ အများကြီး ပေါ်လာပြီဆိုတော့ မြစိမ်းရောင် အထွတ်အထိပ်ပညာရှင်ရဲ့ ဂူသင်္ချိုင်းကလည်း မကြာခင် လုံးဝ ပေါ်လာတော့မှာပဲ… ငါ ဂိုဏ်းကို အရင်ပြန်တာ ပိုကောင်းမယ်"
ယင်းစန်းဟွာသည် စိတ်ကူးဖြင့် သင်္ဘောမျှော်စင်ကို ထိန်းချုပ်လိုက်သည်။ သင်္ဘောကြီးမှာ မြူနှင်းများကို ခွင်းလျက် ကြယ်တံခွန်တစ်ခုကဲ့သို့ မြောက်ဘက်သို့ ဦးတည် ထွက်ခွာသွားတော့သည်။
လော့ရှင်းပင်လယ်ပြင်၊ မင်ယွဲ့ကျွန်း။
၎င်းမှာ နေလဂိုဏ်း၏ လက်အောက်ရှိ ဒုတိယအကြီးဆုံး ကျွန်းဖြစ်သည်။ အကြီးဆုံးကျွန်းမှာ ဂိုဏ်း၏ ဌာနချုပ်ရှိရာ နေမင်းကျွန်း ဖြစ်သည်။ ထို့ကြောင့် မင်ယွဲ့ကျွန်းမှာ ကျင့်ကြံသူများ ကုန်သွယ်မှုပြုရာ အဓိက အချက်အချာနေရာ ဖြစ်လာခဲ့၏။ ကျွန်းပေါ်ရှိ အရေးကိစ္စများကို စောင့်ကြည့်ရန်အတွက် နေလဂိုဏ်းမှ အကြီးအကဲ သုံးဦးမှာလည်း ထိုကျွန်း၌ပင် အမြဲတမ်း ရှိနေကြသည်။ ကျွန်းပေါ်တွင် မည်သည့် တိုက်ခိုက်မှုမျိုးကိုမျှ မပြုလုပ်ရန် တင်းကျပ်စွာ တားမြစ်ထားသဖြင့် လုံခြုံရေးမှာလည်း အထူးပင် ကောင်းမွန်လှ၏။ ထို့ကြောင့် အေးအေးဆေးဆေး နေထိုင်လိုသော ကျင့်ကြံသူ အများအပြားမှာလည်း ဤကျွန်း၌ပင် အခြေချကာ နေလဂိုဏ်း၏ အလုပ်အကျွေးများကို လုပ်ကိုင်ရင်း နေထိုင်ကြသည်။ ကျွန်းပေါ်တွင် ကုန်သွယ်မှုများ ပြုလုပ်ရန်အတွက် ရတနာမဟာမိတ်အဖွဲ့ ကလည်း ကျူပေါင်အဆောင် အမည်ရှိ ဌာနခွဲတစ်ခု ဖွင့်လှစ်ထားသည်။
စည်ကားနေသော လမ်းမထက်တွင် အရပ်ရှည်ပြီး ကျော့ရှင်းသော လူငယ်တစ်ဦး လမ်းလျှောက်နေ၏။ ထိုကျင့်ကြံသူ လူငယ်လေးမှာ စိတ်ဓာတ်တက်ကြွပြီး ခန္ဓာကိုယ် တည်ဆောက်ပုံမှာလည်း ထွားကျိုင်း ကျစ်လျစ်လှသည်။ သူ၏ ရုပ်ရည်မှာ အထူးအဆန်း မဟုတ်သော်လည်း အရှိန်အဝါမှာမူ ထူးကဲလှသဖြင့် အမျိုးသမီး ကျင့်ကြံသူ အများအပြား၏ အာရုံစိုက်မှုကို ရရှိနေသည်။
ရှန်မိုကတော့ ခေါင်းခါလိုက်မိသည်။ သူသည် မျက်နှာတစ်ထောင် ပုံသဏ္ဌာန်မျိုးစုံ ကျမ်းကို အသုံးပြုကာ ရုပ်ရည်ကို ပြောင်းလဲထားခဲ့သော်လည်း အာရုံစိုက်ခံနေရဆဲ ဖြစ်သည်။ နောက်တစ်ကြိမ်တွင်မူ ခက်ထန်သော ထိပ်ပြောင်လူသန်ကြီးတစ်ဦးအဖြစ် ပြောင်းလဲမှ ဖြစ်ပေတော့မည်။
ထိုနေ့က ယင်းစန်းဟွာနှင့် အပေးအယူလုပ်ပြီးနောက် သူ မင်ယွဲ့ကျွန်းသို့ ကြိုတင်ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။ လွန်ခဲ့သော လအနည်းငယ်အတွင်း သူသည် ကျင့်ကြံခန်းတစ်ခုကို ငှားရမ်းကာ စိမ်းမြနဂါးလက်သီး၊ ပလက်တီနမ်နဂါးလက်သီး နှင့် ဟင်းလင်းပြင် နတ်ဆိုးသတ်ဓားကျမ်း တို့ကိုသာ အမြဲတမ်း သန့်စင် လေ့ကျင့်နေခဲ့သည်။ ၎င်းအပြင် သူ၏ ဓမ္မအမှတ်အသားများမှာလည်း အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။
ရှေးဦးဆင်ရိုင်း၊ တောက်လောင်နေသော နတ်မျက်စိ နှင့် မသေမျိုးမြစ် စသည့် ဝိညာဉ်ပုံရိပ် သုံးခုစလုံး၏ စုစုပေါင်း ဓမ္မအမှတ်အသား အရေအတွက်မှာ ယခုအခါ (၅၀) အထိ ရှိလာခဲ့ပြီ ဖြစ်သည်။ ထိုဝိညာဉ်ပုံရိပ် သုံးခုစလုံးကို တစ်ပြိုင်တည်း ထုတ်ဖော်လိုက်ပါက သူသည် ဓမ္မအမှတ်အသား (၅၀) ရှိသော နိဗ္ဗာန်အဆင့် ကျင့်ကြံသူတစ်ဦးနှင့် ညီမျှနေပေပြီ။
ယနေ့တွင်တော့ သူ ကျင့်ကြံခြင်းမှ ထွက်လာခဲ့၏။ သူသည် မင်ယွဲ့ကျွန်း၏ တောင်ဘက် မိုင် ၆၀၀၀ အကွာတွင်ရှိသော ဆေးပင်တစ်ရာကျွန်းသို့ တိုက်ရိုက် ဦးတည်လိုက်သည်။ ဤကျွန်းသို့ သူ လာရခြင်း၏ အကြောင်းရင်းမှာ ရှိထျန်းဟောက်၏ လက်ထဲတွင်ရှိသော ပစ္စည်းအချို့ကို ကြားဖြတ် ရယူရန်အတွက်ပင် ဖြစ်သည်။ ၎င်းတို့မှာ အဆင့်နိမ့် နတ်ဘုရားလက်နက် ကြက်သွေးရောင် နေမင်းကျမ်း၊ ဘုရင်နဂါးလက်သီး၊ သွေးတောက်လောင်နဂါးလက်သီး နှင့် ရွှေစာမျက်နှာ တို့ ဖြစ်ကြသည်။ နောက်ဆုံး ပစ္စည်းနှစ်ခုမှာ အမှန်တကယ်တော့ ကြက်သွေးရောင် နေမင်းကျမ်း အတွင်း၌ ရှိနေခြင်း ဖြစ်သည်။ ဤပစ္စည်းလေးခုသည် ရှန်မိုအနေဖြင့် လုံးဝရရှိအောင် လုပ်ဆောင်ရမည့် အရာများ ဖြစ်၏။ ထို့ကြောင့်ပင် သူ ထိုနေရာ၌ ကြိုတင်၍ စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
မကြာမီ ရှန်မိုတစ်ယောက် ဆေးပင်တစ်ရာကျွန်းသို့ ရောက်ရှိလာသည်။ ၎င်းမှာ စိတ်ဝိညာဉ်စွမ်းအင် နည်းပါးလှသော ကျွန်းငယ်လေးတစ်ခုမျှသာ ဖြစ်၏။ ကျွန်းပေါ်တွင် လူသား တစ်ထောင်ခန့်သာ နေထိုင်ကြပြီး ဆေးပင်အချို့ကို စိုက်ပျိုးကြသည်။ ကျွန်းပေါ်ရှိ အစွမ်းအထက်ဆုံးသူများမှာ ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူ နှစ်ဦးသာ ဖြစ်သည်။ သူတို့မှာ ကျွန်းကို စောင့်ကြပ်ရန်အတွက် နေလဂိုဏ်းမှ တာဝန်ပေးထားသူများ ဖြစ်ပုံရ၏။
ရှန်မိုကတော့ ဘယ်သူ့ကိုမျှ အသိမပေးဘဲ တောင်ထိပ်တစ်ခုပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ သူ၏ ဝိညာဉ်အာရုံကို ဖြန့်ကျက်ပြီး တိတ်တဆိတ် စောင့်ဆိုင်းနေလိုက်သည်။ သူ့ လက်ရှိအဆင့်နှင့်ဆိုလျှင် ဝိညာဉ်အာရုံမှာ မိုင်သောင်းချီ၍ ပျံ့နှံ့နိုင်သဖြင့် အနီးနားတွင် ဖြစ်ပျက်သမျှကို အကုန်သိနိုင်သည်။ မင်ယွဲ့ကျွန်းရှိ ဓမ္မအမှတ်အသား ၃၀ စီသာရှိသော အကြီးအကဲ သုံးဦးမှာမူ ရှန်မို၏ ဝိညာဉ်အာရုံကို လုံးဝ သိရှိနိုင်ခြင်း မရှိပေ။
နှစ်ရက်အကြာတွင်။
ရှန်မို မျက်ခုံးပင့်ကာ မျက်လုံးကို ဖွင့်လိုက်သည်။ တောင်ဘက်မှ နေလဂိုဏ်းဆီသို့ တစ်စုံတစ်ဦး အရှိန်ပြင်းစွာ ပျံသန်းလာသည်ကို သူ သိလိုက်ရ၏။ ထိုသူ၏ မျက်နှာမှာ မရင်းနှီးသော်လည်း အငွေ့အသက်မှာမူ အလွန်ပင် ရင်းနှီးလှသည်။ ၎င်းမှာ အခြားသူမဟုတ်၊ ရုပ်ဖျက်ထားသော ရှိထျန်းဟောက်ပင် ဖြစ်သည်။ အစောပိုင်းက ရှိထျန်းဟောက်၏ ကံကြမ္မာကို ရှန်မို ဖတ်ကြည့်လိုက်စဉ်က ထိုသူသည် မြစိမ်းရောင် အထွတ်အထိပ်ပညာရှင်၏ ဂူသင်္ချိုင်း တည်ရှိရာနေရာကို အကြမ်းဖျင်း သိရှိသွားသည်ကို မြင်ခဲ့ရသည်။ ထို့ကြောင့်ပင် သူ နေလဂိုဏ်းသို့ ဝင်ရောက်ရန်အတွက် သူ၏ မူလလက္ခဏာကို ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။
ရှန်မို ပြုံးလိုက်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မင်ယွဲ့ကျွန်းသို့သွားရာ တစ်ခုတည်းသော လမ်းတွင် ပိတ်ရပ်လိုက်သည်။ ရှိထျန်းဟောက်၏ နှလုံးသားမှာ ပြင်းထန်စွာ တုန်လှုပ်သွားပြီး အရှိန်ကို အမြန်ပင် လျှော့ချလိုက်ရ၏။
သူ ရှောင်တိမ်းရန် ကြိုးစားသော်လည်း တစ်ဖက်လူ၏ အရှိန်အဝါက သူ့ကို လုံးဝ ပိတ်ဆို့ထားသည်ကို တွေ့လိုက်ရသဖြင့် မည်သည့်ဘက်သို့ ပြေးသည်ဖြစ်စေ တိုက်ခိုက်ခံရမည်မှာ အသေအချာပင်။
ရှိထျန်းဟောက် စိတ်ထဲမှ ကျိန်ဆဲလိုက်ရင်း မတတ်သာဘဲ ဟန်ဆောင်ပြုံးကာ လက်အုပ်ချီနှုတ်ဆက်လိုက်ရသည်။
"ကျင့်ကြံဖော်... ကျုပ်လမ်းကို ဘာလို့ ပိတ်ရပ်ထားရတာလဲ"
ရှန်မို တဟားဟား ရယ်မောလိုက်ပြီး
"ဖြတ်ချင်ရင် လမ်းကြေးပေးရမယ်လေ"
"မင်းဆီမှာရှိတဲ့ အကောင်းဆုံးပစ္စည်းကို ထုတ်ပေးလိုက်စမ်း”
ရှိထျန်းဟောက်မှာ ဘာမှမရှိသော ကျင့်ကြံသူတစ်ဦးကဲ့သို့ ဟန်ဆောင်ကာ
"ကျင့်ကြံဖော်ရယ်... ကျုပ်ကို ကြည့်ပါဦး… ကျုပ်က ဝတ်စုံရောင်းစားရတော့မယ့်အထိ ဆင်းရဲနေတာပါ… ကျုပ်ဆီမှာ ဘာရတနာ ရှိမှာမို့လို့လဲ"
ရှန်မို ပြုံးပြလိုက်ရင်း
"လွန်ခဲ့တဲ့ လအနည်းငယ်က ဝမ်ပေါင်ကျွန်းမှာ ကြက်သွေးရောင် နေမင်းကျမ်းကို မင်း လုယူခဲ့တာကို ငါ ကိုယ်တိုင် မြင်လိုက်တယ်လေ"
ထိုစကားကြောင့် ရှိထျန်းဟောက်မှာ အကြီးအကျယ် ထိတ်လန့်၍ ဆွံ့အသွားတော့သည်။