အခန်း (၆၁-၆၂)
Vol. 7 Ch. 61-62
🍁 Chapter 61
ဒါ ခုနလေးတင် အတင်းအဖျင်းတွေ ပြောနေခဲ့တဲ့သူရဲ့ အသံမဟုတ်ဘူးလား၊ အဲဒါ သူပဲ...
"ကျဲ.. ကျဲ လာတာ အတော်ပဲ၊ အဲဒီလူတွေက ကျွန်တော်နဲ့ အစ်မယောင်ယောင်ကို အနိုင်ကျင့်နေကြတာ"
ရှုယောင်၏သနားစရာကောင်းအောင် တိုင်တောနေမှုကြောင့် ထိုသုံးဦးမှာ မျက်လုံးလှန်မိသွားကြသည်။ ကြည့်စမ်း၊ သနားစရာကောင်းလိုက်တာ...
ရှုယောင်သည် သူ့မေးစေ့ကို ဂုဏ်ယူဝင့်ကြွားစွာ မော့ထားလိုက်ကာ သူ့မာနကြီးသော အမူအရာက နင်တို့ ဘယ်သူနဲ့ လာရှုပ်မိလဲဆိုတာ နင်တို့ လုံးဝ မသိဘူ၊ သေဖို့သာ ပြင်ထားလိုက်တော့၊ မိုက်မဲတဲ့ ငတုံးတွေဟု ပြောနေသကဲ့သို့ပင်။
ထိုငတုံးအမျိုးသမီးသုံးဦးသည် သူတို့ထံ ကျရောက်လာတော့မည့် ဘေးဒုက္ခကို အမှန်တကယ်ပင် မသိရှိကြချေ။ သူတို့သိသည်မှာ သူတို့တွင် ဖုံးကွယ်ထားစရာ လျှို့ဝှက်ချက်မရှိကြောင်းနှင့် သူမအနေဖြင့် မည်သည့် အတင်းအဖျင်းမျှ ရရှိလိမ့်မည် မဟုတ်ကြောင်းကိုသာ။
ရှုယင်းယင်းသည် ရှုယောင်၏ခေါင်းကို စိတ်သက်သာရာရစေရန် ပုတ်ပေးလိုက်ရာ ထိုအပြုအမူက အဝါရောင်ဝတ်စုံနှင့် အမျိုးသမီးထံမှ လှောင်ပြောင်မှုကိုခံရသည်။
"ရွံစရာကောင်းလိုက်တာ၊ ဒီအသက်အရွယ်ရောက်နေတာတောင် ခေါင်းကို ပုတ်ပေးနေတုန်းပဲ"
ရှုယင်းယင်းသည် သူမလက်ကို ပြန်ရုပ်လိုက်ပြီး လက်ပိုက်ကာ အပြုံးမပျက်ဘဲ ပြောလိုက်သည်။
"နင့်ရဲ့ ဆယ့်ခြောက်နှစ်အရွယ်မောင်လေးကို နေ့တိုင်း ရေချိုးပေးနေတာနဲ့ ယှဉ်လိုက်ရင် ခေါင်းပုတ်ပေးတာက ဘာမှမပြောပလောက်ပါဘူး"
ထိုစကားကို ကြားလိုက်ရသောအခါ အခြား မိန်းကလေးနှစ်ဦးသည် တိုးတိတ်စွာအံ့သြဟန်ပြုကြပြီး သူတို့ မျက်လုံးများ သည် အဝါရောင်ဝတ်စုံနှင့် အမျိုးသမီးထံသို့ စူးစိုက်သွားကာ ဖုံးကွယ်မထားနိုင်သော စူးစမ်းချင်စိတ်များဖြင့် ပြည့်နှက်နေသည်။ အဝါရောင်ဝတ်စုံနှင့် အမျိုးသမီးသည် သူမလက်များကို အလျင်အမြန် ဝှေ့ယမ်းလာသည်။
"ငါတို့ အိမ်က အိမ်အကူက ခွင့်ယူသွားလို့ ငါက ကူပေးတာပါ"
လူတိုင်း ပုံမှန်ဟုသာထင်လိုက်မိချိန် ရှုယင်းယင်းက ဆက်ပြောလိုက်သည်။
"နင့် မောင်လေးက ပုံမှန် ဉာဏ်ရည်ရှိတာပဲ၊ သူက သူ့ကိုယ်သူတောင် ဂရုမစိုက်နိုင်တဲ့သူမှ မဟုတ်တာ၊ ဘာလို့ အိမ်အကူကို သူ့ကို ရေချိုးပေးဖို့ အတင်းခိုင်းရတာလဲ၊ ဒါ အရမ်းကို ကိုယ်ရေးကိုယ်တာဆန်တဲ့ ကိစ္စလေ"
အဝါရောင်ဝတ်စုံနှင့် အမျိုးသမီးသည် ရှက်ရွံမှုကြောင့် နှုတ်ခမ်းကို တင်းတင်းစေ့ကာ ရှုယင်းယင်းကို စူးရဲစွာ စိုက်ကြည့်လိုက်သည်။
"အဲဒါ နင်နဲ့ ဘာဆိုင်လို့လဲ၊ နင်က တခြားသူတွေရဲ့ ကိုယ်ရေး ကိုယ်တာတွေကို စပ်စုရတာ တကယ်ပဲ သဘောကျနေတာလား"
"တခြားသူတွေရဲ့ ကိစ္စတွေမှာ နင်က ဆရာကြီးလုပ်ချင်နေတာနဲ့ ယှဉ်ရင် ငါလေး စပ်စုတာက ဘာများစော်ကားရာကျ နေလို့လဲ၊ နင်က ပုံမှန်ဆို အရမ်းပြတ်သားတာ မဟုတ်ဘူးလား၊ ဘာလို့ ငါကျ မလုပ်နိုင်ရမှာလဲ"
"မင်း..."
"အော်... ငါ သဘောပေါက်ပြီ၊ နင့် မောင်လေးက အိမ်အကူကို ထပ်တလဲလဲ အတင်းအကျပ်ခြိမ်းခြောက်ပြီး ကိုယ်ထိလက်ရောက် စော်ကားခဲ့လို့ နင့်မိဘတွေ နင့်ကို သတိပေးခဲ့တာလေ၊ ပြီးတော့ နင့်မောင်လေးကိုသေချာ မစောင့်ကြည့်ဘူးဆိုပြီး နင့်ကိုလည်း အပြစ်တင်ကြသေးတယ် မဟုတ်လား၊ ဒါကြောင့် နင်က အိမ်အကူကို အလုပ်ဖြုတ်လိုက်ပြီး နင့်မောင်လေးရဲ့ စူးစမ်းလေ့လာမှုကို ကိုယ်တိုင်ကိုယ်ကျ သည်းခံပေးလိုက်တာပေါ့၊ ကျွတ် ကျွတ် ကျွတ်... ဘယ် လောက်တောင် သဘောကျစရာကောင်းတဲ့ မောင်နှမဆက် ဆံရေးလဲ"
သူတို့ပတ်ဝန်းကျင်တွင် တီးတိုးရေရွတ်သံများ ထွက်ပေါ်လာပြီး တိုးညှင်းလှသော စကားပြောသံများဖြင့် ပြည့်နှက်သွားသည်။ အဝါရောင်ဝတ်စုံနှင့် အမျိုးသမီးသည် ချက်ချင်းပင် ဒေါသပေါက်ကွဲသွားသည်။
"ငါ့မောင်လေးက ယောကျ်ားလေးနဲ့ မိန်းကလေးကြားက ကိစ္စတွေကို နားမလည်သေးလို့ သူက စပ်စုချင်ရုံ သက်သက်ပဲ၊ သူ ဘယ်သူ့ကိုမှ ဒုက္ခမပေးခဲ့ဘူး၊ အဲဒါ ဘာများအရေး ကြီးနေလို့လဲ"
သူမပတ်ဝန်းကျင်ရှိ စကားသံများက ပိုကျယ်လောင်လာခဲ့သည်။ တကယ်ပါပဲ၊ လူယုတ်မာတိုင်းရဲ့ နောက်ကွယ်မှာ သူ့ကို အလိုလိုက်နေတဲ့ လူယုတ်မာက ရှိနေတာကိုး...
"နင့်မိဘတွေက ပြဿနာဖြစ်ပြီးတဲ့နောက်မှာ နှုတ်ပိတ်ခ ငွေအများကြီး ပေးလိုက်လို့ ဘယ်သူမှ မတိုင်ကြတာလေ၊ ဒါပေမဲ့ တချို့လူတွေက ငွေနဲ့ အာဏာရှေ့မှာ ဒူးထောက်မှာ မဟုတ်ဘူး၊ ငါ သိရသလောက်တော့ သားကောင်တွေက အာဏာပိုင်တွေဆီမှာ အမှုဖွင့်ထားပြီးပြီ၊ နင့်မောင်လေးရဲ့ အမှုက ဖိုင်ဖွင့်ထားပြီးပြီ၊ ပြီးတော့ ရဲတွေက သူ့ကို ဖမ်းဖို့ လာနေကြပြီ"
"မဖြစ်နိုင်ဘူး၊ အဲဒီလူတွေက ပိုက်ဆံယူထားပြီး ဘယ်သူ့ကိုမှ မပြောပါဘူးလို့ ကတိပေးထားတာလေ"
အဝါရောင်ဝတ်စုံနှင့် အမျိုးသမီးသည် ယခုတိုင် မယုံကြည်နိုင်သေးချေ။ သူမ စကားပြောမပြီးမှာပင် ဖုန်းမြည်လာခဲ့သည်။ သူမသည် အလျင်အမြန် ဖုန်းကို ကိုင်လိုက်ပြီးနောက် ဖြူဖျော့နေသော မျက်နှာဖြင့် ထွက်သွားသည်။
သူမနှင့် အတူရှိနေသော အနီနှင့် အစိမ်းရောင် ဝတ်စုံပိုင်ရှင် အမျိုးသမီးများသည် အချင်းချင်းကြည့်လိုက်ကြပြီး ထို အဝါရောင်၀တ် အမျိုးသမီးအိမ်သို့သွားတိုင်း တစ်စုံတစ် ယောက်က သူမတို့အား စောင့်ကြည့်နေသကဲ့သို့ အမြဲခံစားခဲ့ရသည်ကို ရုတ်တရက် သတိရသွားကြသည်။ အဲဒါ သူ့ရဲ့ နှာဘူးမောင်လေးကြောင့်ပဲ ဖြစ်ရမယ်။
သူတို့နှစ်ဦးစလုံးသည် ကိုယ့်လက်မောင်းများကိုယ် ပြန်ဖက်ထားလိုက်ကြပြီး ကြက်သီးများ ထလာလေသည်။
"ဟွန်း၊ ငါ့ညီမက နင့်ကို မျက်နှာသာမပေးလို့ ဒုက္ခရောက်ရတာလို့ ပြောတာကြားမိလိုက်ပုံပဲ၊ ဘယ်သူပြောတာပါလိမ့်"
ရှုယင်းယင်း၏ ပေါ့ပါးသော အကြည့်များသည် အနီနှင့် အစိမ်းရောင် ပုံရိပ်များကြားတွင် ဟိုမှဒီမှ ကူးလူးသွားလာနေလေသည်။ အနီရောင်ဝတ်စုံနှင့် အမျိုးသမီးသည် အပြစ်ရှိစိတ်ဖြင့် တုန်ရီသွာသည်။ ရှုယင်းယင်းသည် သူမကို တစ်ချက်ကြည့်လိုက်ပြီး အနီရောင်ဝတ်စုံနှင့် အမျိုးသမီးကို ပြုံးပြလိုက်သည်။
"ခုနတုန်းက နင် တော်တော်လေး အသံကျယ်နေတာ မဟုတ်ဘူးလား၊ အခုကျမှ ဘာလို့ သတ္တိနည်းသွားတာလဲ၊ ငါက နည်းနည်းလေးပဲ ပြောရသေးတယ်၊ နင် လန့်သွားပြီ၊ အကယ်၍ နင့်ရဲ့ အချစ်ဆုံးသူငယ်ချင်းကို နင် ဘာလုပ်ခဲ့လဲဆိုတာ ငါသာ ပြောပြလိုက်ရင် နင် သေလောက်အောင် ကြောက်သွားမယ်နဲ့တူတယ်"
ဘေးမှ ကြည့်နေသူများသည် နားစွင့်လိုက်ကြပြီး 'ပြောပြပါ၊ မြန်မြန် ပြောပါ၊ ငါတို့ကို ဒူးထောက်တောင်းပန်ရအောင် မလုပ်ပါနဲ့'
"ဟင့်အင်း၊ သေလောက်အောင် ကြောက်သွားမယ့်သူက နင့်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းပဲ ဖြစ်မှာ"
ထို့နောက် ရှုယင်းယင်းသည် သူမ ဘေးနားရှိ အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးကို ကြည့်ကာ စကားတစ်ခွန်းမျှ မဆိုဘဲ ပြုံးနေလိုက်လေသည်။ ဘေးမှ ကြည့်နေသူများမှာ စိုးရိမ်ပူပန်မှုကြောင့် ခုန်ပေါက်နေကြပြီး တိတ်တဆိတ် တောင်းပန်နေကြလေသည်။
'ကျေးဇူးပြုပြီး ငါတို့ကို ဖရဲသီး တစ်စိပ်လောက်တော့ စွန့်ကြဲပါလို့၊ တစ်ဝက်ပဲပေးတာ ငါတို့ကိုသတ်နေသလိုပဲ'
🍁 Chapter 62
သူမ ပတ်ဝန်းကျင်ရှိ လူအများက အရည်ရွှမ်းလှသော ဖရဲသီးများအတွက် အသေအချာ နားစွင့်နေကြသည်ကို ရှုယင်းယင်း သတိမထားမိခဲ့ချေ။ သူမ၏ အာရုံစိုက်မှု အားလုံးက ထွက်ပေါ်လာတော့မည့် သတင်းကြီးအပေါ်၌သာ အပြည့် အဝ ကျရောက်နေလေသည်။ သူမသည် အစိမ်းရောင်ဝတ်စုံပိုင်ရှင်ကိုကြည့်ကာ ချီးကျူးသည့် လေသံဖြင့် ပြောလိုက်သည်။
"အစိမ်းရောင်က နင်နဲ့ တော်တော်လိုက်တယ်၊ ဒီပွဲနဲ့လည်း အရမ်းကို သင့်တော်တာပဲ"
ရှုယင်းယင်း စကားကြောင့် လူတိုင်း ရင်တထိတ်ထိတ် ဖြစ်သွားကြရသော်လည်း အနီရောင်ဝတ်စုံပိုင်ရှင်မှာမူ ပိုပြင်းထန်စွာ တုန်ရီနေသည်ကို သတိပြုမိလိုက်ကြသည်။ အတွေ့အ ကြုံရင့်ကျက်နေပြီဖြစ်သော ဖရဲသီးကြိုက်ပရိသတ်ကြီးသည် ရုတ်တရက် သဲလွန်စတစ်ခုကို ဖမ်းဆုပ်မိသွားကြပြီး အစိမ်းရောင်ဝတ်စုံပိုင်ရှင်ကို ကိုယ်ချင်းစာသည့် အရိပ်အ ယောင်များဖြင့် ကြည့်လိုက်ကြလေသည်။ အစိမ်းရောင်ဝတ်စုံပိုင်ရှင်သည် မျက်မှောင်ကြုတ်သွားပြီး ရှုယင်းယင်းကို မေးလိုက်သည်။
"နင် ဘာကို ဆိုလိုတာလဲ၊ သေချာ ရှင်းပြစမ်း"
"နင်နဲ့ သူက ငယ်သူငယ်ချင်းတွေ ဖြစ်တဲ့ပုံပဲ၊ ညီအစ်မတွေလို အတူတူ ကြီးပြင်းလာကြပြီး နင်တို့ မိသားစုတွေကလည်း အရမ်းရင်းနှီးတော့ နင်တို့က ခွဲမရတဲ့ အချစ်ဆုံး သူငယ်ချင်းတွေပေါ့"
"အဲဒါ ဘာဖြစ်လဲ"
"ဒါပေမဲ့ နင် သိလား၊ သူက တကယ်တော့ နင့်ရဲ့ ညီမအရင်းပဲ၊ ဖအေတူ မအေကွဲ ညီမလေးလေ"
"ဘာ"
အစိမ်းရောင်ဝတ်စုံရှင် အမျိုးသမီးသည် ခြေလှမ်းများ ယိုင်နဲ့သွားကာ ထပ်ခါတလဲလဲ ရေရွတ်နေလေတော့သည်။
"မဖြစ်နိုင်ဘူးထ ငါ့အဖေက ငါ့အမေကိုပဲ ချစ်ခဲ့တာ၊ သူတို့က တစ်ယောက်နဲ့တစ်ယောက် ပထမဆုံးအချစ်တွေလေ"
"ဟုတ်တယ်... နင့်အဖေနဲ့ အမေက တစ်ယောက်နဲ့တစ်ယောက် ပထမဆုံးအချစ်တွေ ဖြစ်ခဲ့တာ မှန်ပါတယ်၊ ဘာလို့လဲဆိုတော့ ဒီညီမလေးရဲ့ အမေက နင့်အဖေအတွက် အပျို စင်ဘဝကို ပေးဆပ်ခဲ့ရုံ သက်သက်ပဲဖြစ်ခဲ့တာကိုး၊ ရမ္မက်ပြင်းပြတဲ့ ညတစ်ညအပြီးမှာ နင့်အဖေကြောင့် သူ ကိုယ်ဝန်ရသွားခဲ့တယ်၊ အဲဒီတော့ အမေဖြစ်သူက အမုန်းတရားတွေ ပြည့်နှက်နေပြီး နင့်မိသားစုက သူ့အဖေရဲ့လူသတ်သမားပဲ၊ နင့်မိသားစုက သတ်လိုက်လို့ သူက အဖေမပါဘဲကြီးပြင်းလာရတာဆိုပြီး ငယ်ငယ်ကတည်းက သူမကို ရိုက်သွင်းခဲ့တာလေ"
"ဟင့်အင်း၊ ဘယ်လိုလုပ် အဲဒီလို ဖြစ်နိုင်မှာလဲ၊ သူမက သာမန်မိသားစုကလာတဲ့ လူတစ်ယောက်နဲ့ လုံးဝ မတူဘူး"
"သူမက သေချာပေါက် သာမန်မဟုတ်ဘူးလေ၊ ဘာလို့လဲဆိုတော့ သူမက လက်စားချေဖို့အတွက်ပဲ အသက်ရှင်ဖို့မွေးဖွားလာတာကိုး၊ သူမရဲ့ အမေက ချမ်းသာတဲ့ အမျိုးသားတွေနဲ့ နီးစပ်ဖို့ သေသေချာချာစီစဉ်ခဲ့ပြီး အထက်တန်းလွှာ အမျိုး သမီးတစ်ယောက်ဖြစ်လာဖို့ ကြွယ်ဝချမ်းသာမှုတွေကို စုဆောင်းခဲ့တယ်၊ တစ်ပြိုင်နက်တည်းမှာပဲ သူမရဲ့ သမီးကို နင်နဲ့ နီးစပ်အောင် လုပ်ခဲ့တာလေ၊ သူမရဲ့ အမေက ဘယ် လောက်တောင် လျှို့ဝှက်ဆန်းကြယ်သလဲဆိုတာ နင် သတိမထားမိဘူးလား၊ သူက ဘယ်တော့မှမျက်နှာမပြဘူး ပြီးတော့ နင့်ကိုလည်း သူ့အိမ်ကို ဘယ်တော့မှမခေါ်သွားဘူးလေ"
အစိမ်းရောင်ဝတ်စုံပိုင်ရှင်မှာ မှတ်ဉာဏ်များကို နောက် ကြောင်းပြန် စဉ်းစားကြည့်လိုက်ရာ ယခင်က လျစ်လျူရှုထားခဲ့မိသော အသေးစိတ်အချက်အလက်များစွာက သူမစိတ်အာရုံထဲတွင် ဖြည်းညင်းစွာ ပေါ်လာသည်။
အမြဲတစေ ပိတ်ချထားတတ်သော လိုက်ကာများ၊ ဘယ်သောအခါမျှ မျက်နှာမပြသော မိဘများ၊ အိမ်တော်ထိန်းကသာ အရာအားလုံးကို ကိုင်တွယ်ဖြေရှင်းရသော အခြေအနေများနှင့် အိမ်တော်ထိန်း ပြောပြဖူးသော အိပ်ရာထဲလဲနေသည့် သခင်မ၏အဖြစ်ဆိုးများအားလုံးသည် သူမ၏ကိုယ်ချင်း စာတရားနှင့် သနားကြင်နာမှုတို့ကို တိုးပွားလာစေရန် သူမအား ပိုမိုကောင်းမွန်စွာနှင့် ပိုမိုခင်မင်စွာ ဆက်ဆံလာစေရန် သေသေချာချာ ဖန်တီးထားခြင်းပင်ဖြစ်သည်။ သူမသည် အနီရောင်ဝတ်စုံပိုင်ရှင်ကို ရုတ်တရက် လှည့်ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။
"သူပြောတာတွေက အမှန်ပဲလား"
ဤအချိန်တွင် အနီရောင်ဝတ်စုံပိုင်ရှင်သည် ဆက်လက်၍ မဟန်ဆောင်ချင်တော့ချေ။ သူမ ရည်မှန်းချက်မှာ အောင်မြင်သွားခဲ့ပြီဖြစ်သည်။ သူမသည် ကျောပြင်ကို မတ်ကာ ခေါင်းကိုမော့ပြီး ရယ်မောလိုက်သည်။
"ဟုတ်တယ်၊ သူ ပြောတာ လုံးဝမှန်တယ်၊ နင့်မိသားစုကို ဒုက္ခရောက်ပြီး ပျက်စီးသွားအောင်လုပ်ဖို့ ငါ ငယ်ငယ်က တည်းက နင်နဲ့ ဟန်ဆောင်ပေါင်းနေခဲ့တာ၊ အခု နင့်အစ်ကိုက ငါနဲ့ စေ့စပ်ထားပြီ၊ ငါ လုပ်သင့်တာကိုလုပ်ပြီးသွားပြီ၊ ငါ့ရဲ့ သရုပ်မှန်ကို ဖော်ထုတ်လိုက်တာနဲ့ တစ်ပြိုင်နက် အဲဒါက နင့်မိသားစု တစ်ခုလုံးအတွက် အရှက်ရစရာ ဖြစ်သွားမှာပဲ"
"သစ္စာရှိမှုကို အရာအားလုံးထက်တန်ဖိုးထားတဲ့ နင့်အမေက သူမရဲ့ ချစ်လှစွာသော ခင်ပွန်းမှာ တရားမဝင် သမီးတစ်ယောက်ရှိနေတယ်ဆိုတာနဲ့ အဲဒီသမီးက သူမရဲ့ သားအရင်းနဲ့ လက်ထပ်တော့မယ်ဆိုတာကို သိလိုက်ရရင် အရမ်းကို ကြေကွဲသွားမှာပဲ၊ သူမ ဒေါသထွက်ပြီး သေတောင် သေသွားနိုင်တယ်"
"ပြီးတော့ နင့်အစ်ကိုက အရမ်းကိုအချစ်ကြီးတာ၊ သူရဲ့ မိသားစုကို ဖျက်ဆီးမယ့် အမျိုးသမီးကို သူ ချစ်မိသွားမှန်း သိလိုက်ရရင် သူ ရင်ကွဲနာကျမှာပဲ"
အစိမ်းရောင်ဝတ်စုံရှင်မှာ ပြိုလဲလုနီးပါး ဖြစ်နေပြီး နှုတ်ခမ်းများ တုန်ယင်လျက် မေးလိုက်သည်။
"နင်... နင် ဘယ်လိုလုပ်ပြီး ဒီလိုစကားမျိုး ပြောထွက်ရတာလဲ၊ နင်က လူရော ဟုတ်သေးရဲ့လား၊ ငါ နင့်အပေါ် မကောင်းခဲ့လို့လား"
အနီရောင်ဝတ်စုံပိုင်ရှင်က လှောင်ပြုံး ပြုံးလိုက်သည်။
"ဒါပေါ့ နင် ငါ့အပေါ် ကောင်းခဲ့ပါတယ်၊ ငါ တကယ်ကို ကျေးဇူးတင်တယ်၊ ဒါကြောင့်လည်း နင့်ရဲ့ စေ့စပ်ထားတဲ့သူနဲ့ ငါ အိပ်ခဲ့တာလေ၊ နင့်ကျေးဇူးကို ပြန်ဆပ်တာလို့ပဲ သဘော ထားလိုက်ပါ၊ ပြီးတော့ ဒီလူယုတ်မာကို ခွဲခြားသိမြင်ဖို့ ကူညီပေးလိုက်တယ်လို့ပဲ မှတ်လိုက်"
ဘေးမှ ကြည့်နေသူများ ထပ်မံထိတ်လန့်သွားကြသည်။ ဒါက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် လက်လွတ်စပယ် နိုင်ရတာလဲ...
"နင်..."
အစိမ်းရောင်ဝတ်စုံပိုင်ရှင်သည် ရင်ဘတ်ကို ဖိထားလိုက်ပြီး မျက်လုံးများတွင် နာကျင်မှုများ ပြည့်နှက်နေလေသည်။
"အော် ဒါနဲ့... ငါတို့ မိသားစုရဲ့ အိမ်တော်ထိန်းကို မှတ်မိလား၊ တကယ်တော့ သူက ငါ့အမေလေ၊ ဒီနေ့ နင်နဲ့အတူ ညစာစားပွဲကို ငါ လိုက်လာခဲ့ပြီး နင့်အစ်ကိုကို ငါတို့ကို လာကြိုဖို့ ပြောထားတယ်၊ အိမ်မှာ နင့်မိဘတွေပဲရှိတာ၊ ပြောစမ်းပါဦး၊ ငါ့အမေ ဘာလုပ်မယ်လို့ နင် ထင်လဲ"
အနီရောင်ဝတ်စုံပိုင်ရှင်၏ မျက်ဝန်းများတွင် စူးရှသော အလင်းရောင်တစ်ခု လက်သွားသော်လည်း သူမ နှုတ်ခမ်းထက်ရှိ အပြုံးမှာမူ ကျောချမ်းဖွယ် ကောင်းလှပေသည်။ အစိမ်းရောင်ဝတ်စုံပိုင်ရှင်၏ ခြေထောက်များသည် အားပျော့သွားပြီး မြေကြီးပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားလေသည်။ သူမသည် ယိုင်နဲ့နဲ့ဖြင့် မတ်တပ်ရပ်ကာ အရူးတစ်ယောက်ကဲ့သို့ အပြင်သို့ ပြေးထွက်သွားလေတော့သည်။
အနီရောင်ဝတ်စုံပိုင်ရှင်သည် ပြာယာခတ်ကာ ထွက်သွားသော အစိမ်းရောင်ဝတ်စုံပိုင်ရှင်ကို ငေးကြည့်နေပြီးနောက် ရှုယင်းယင်းကို လှည့်ကြည့်လိုက်သည်။ ဤအချိန်ရောက်မှသာလျှင် ဘေးမှကြည့်နေသူများသည် တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း သဘောပေါက်သွားကြသည်။
ရှုယင်းယင်းသည် အခြေခံအားဖြင့် တစ်စုံတစ်ယောက်၏ ပူးပေါင်းကြံစည်မှုကို အချိန်မတိုင်မီ ဖော်ထုတ်လိုက်ပြီး သူတို့ အစီအစဉ်ကို ဖျက်ဆီးပစ်လိုက်ခြင်းဖြစ်သည်။ ဤသည်မှာ လက်စားချေ တုံ့ပြန်ခြင်းကို သေချာပေါက် ခံရမည့် လုပ်ရပ်တစ်ခုပင်။
[အို... ဒုက္ခပဲ၊ နင် လက်စားချေခံရတော့မှာလား၊ ဘာပဲဖြစ် ဖြစ် နင်က သူတို့ရဲ့ အစီအစဉ်ကို ဖျက်ဆီးလိုက်တာလေ၊ ငါ ပြောသားပဲ၊ ဒီအတင်းအဖျင်းကို ငါတို့ တိတ်တိတ်လေးပဲ ကြည့်သင့်တယ်လို့]
[မလန့်ပါနဲ့၊ ငါက ဒီအတင်းအဖျင်းကို လူတိုင်းရှေ့မှာ ပြောရဲကတည်းက ဒါ့အတွက် ပြင်ဆင်ထားပြီးသားပါ၊ ဒီမှာ လုံခြုံရေးက အရမ်းကောင်းတယ်၊ ဘာမှဖြစ်မှာ မဟုတ်ဘူး]
ရှုယောင်ယောင်နှင့် ရှုယောင်တို့သည် ရှုယင်းယင်းရှေ့တွင်အလျင်အမြန် ဝင်ရပ်လိုက်ကြပြီး အဘိုးရှုကလည်း အသင့်အနေအထားရှိနေရန် သက်တော်စောင့်များကို လျင်မြန်စွာ ခေါ်ယူလိုက်သည်။
အနီရောင်ဝတ်စုံရှင်သည် သူမအနီးသို့ စုရုံးလာသော လုံခြုံ ရေးဝန်ထမ်းများကို ကြည့်ကာ မထီမဲ့မြင် ပြုံးလိုက်သည်။
"စိတ်မပူပါနဲ့၊ ငါ နင့်ကို ဘာမှမလုပ်ပါဘူး၊ ဆန့်ကျင်ဘက်အနေနဲ့ ငါ နင့်ကို ကျေးဇူးတောင် တင်ရဦးမယ်၊ အကယ်၍ ဒီကိစ္စတွေသာ ပေါ်မလာခဲ့ဘူးဆိုရင် ငါက ငါ့အမေနဲ့အတူ တစ်သက်လုံး ပုန်းအောင်းပြီးနေသွားရမှာ"
သူမ သက်ပြင်းရှည်ကြီးတစ်ခုကိုချလိုက်ပြီး လွမ်းဆွတ် သည့် လေသံဖြင့် ပြောသည်။
"ဒါပေမဲ့ နင် သိလား၊ ငါ ဒီလို အရိပ်ထဲက ဘဝမျိုးကို နေလာရတာ အရမ်းကို ကြာလွန်းနေပြီ၊ ငါ့ရဲ့ အစီအစဉ်တွေကို အချိန်မတိုင်ခင် ဖော်ထုတ်ပေးလိုက်တာက တကယ်တော့ ငါ့အတွက် ကောင်းတဲ့ကိစ္စပါပဲ၊ ငါ ထပ်ပြီး ပုန်းနေစရာမလိုတော့ဘူးလေ"
ထိုသို့ပြောပြီးနောက် သူမသည် သူမစကတ်ကို မလိုက်ပြီး ကျောပြင်ကို မတ်ကာ အပြင်သို့ လျှောက်ထွက်သွားလေသည်။ သူမ ဂိတ်တံခါးသို့ ရောက်ရှိသွားချိန်တွင် အမျိုးသားတစ်ဦး ချဉ်းကပ်လာလေသည်။
[အဲဒီအမျိုးသားက အစိမ်းရောင်ဝတ်စုံပိုင်ရှင်ရဲ့ အစ်ကိုလေ၊ သူက သူမကို လာကြိုပုံရတယ်]
[သူမရဲ့ မျက်လုံးထဲက ဆုံးဖြတ်ချက်ပြတ်သားမှုကို ကြည့်ရတာ သူမ သူ့ကို ဖွင့်ပြောပြတော့မှာ သေချာတယ်]
[သူတို့နှစ်ယောက် ကားထဲဝင်သွားကြပြီ၊ အနီရောင်ဝတ်စုံပိုင်ရှင်က ဗြုန်းကနဲ ပြောချလိုက်တော့ ဟိုတစ်ယောက်က အရမ်းကို တုန်လှုပ်သွားပြီး သစ်ပင်ကိုတောင် ဝင်တိုက်မိမလို့ပဲ၊ ကားရပ်သွားပြီးတော့မှ သူက သူမကို မယုံကြည်နိုင်စွာနဲ့ မေးခွန်းထုတ်နေတယ်၊ အနီရောင်ဝတ်စုံပိုင်ရှင်က သူ့ကို အားလုံးပြောပြပြီးတဲ့နောက်မှာတော့ ဟိုတစ်ယောက် မှင်တက်နေတုန်းမှာပဲ သူမက ကားပေါ်ကနေ ဆင်းသွားတယ်၊ သူမ တက္ကစီတစ်စီးငှားပြီး ရဲစခန်းကို သွားတယ်၊ ဖြစ်နိုင်တာက အဖမ်းခံဖို့ သွားတာနေမှာ]
[ဟူး... ဘယ်လိုပြောရမလဲ၊ အရင်မျိုးဆက်တွေရဲ့ ရန်ငြိုးတွေက နောက်မျိုးဆက်ကိုပါ သက်ရောက်သွားတဲ့ နောက် ထပ်အမှုတစ်ခုပါပဲ၊ တကယ်ကို ဘယ်သူမှားလဲဆိုတာ ပြောရခက်လိုက်တာ]
[အစိမ်းရောင်ဝတ်စုံရှင်က အခု အိမ်ရောက်နေပြီ၊ သူမက လမ်းမှာတင် သက်တော်စောင့်နဲ့ အိမ်တော်ထိန်းဆီကို ဖုန်းဆက်ပြီး တံခါးတွေ ပြတင်းပေါက်တွေကို သေချာစောင့်ကြည့်ထားဖို့ ညွှန်ကြားခဲ့တယ်၊ ဒါပေမဲ့ ဟိုတစ်ယောက်က မြေအောက်ခန်း လမ်းကြောင်းကနေတစ်ဆင့် စာကြည့်ခန်းထဲကို ခိုးဝင်သွားပြီး မိန်းကလေးရဲ့အဖေကို ဓားနဲ့ ထိုးလိုက်ပြီ၊ ဓားချက်တိုင်းက သွေးတွေ ပန်းထွက်နေတာပဲ၊ ဒါပေမဲ့ တစ်ချက်မှ အသက်အန္တရာယ်မစိုးရိမ်ရဘူး၊ သူ အသက်ရှင်ခဲ့ရင်တောင်မှ တစ်သက်လုံး အဲဒီဒဏ်ရာဟောင်းတွေကြောင့် ခံစားရတော့မှာ]