အခန်း (၆၃-၆၄)
Vol. 7 Ch. 63-64
🍁 Chapter 63
[လက်စားချေဖို့အတွက် ကိုယ့်ဘဝကို စတေးသွားတဲ့ နောက်ထပ် အဖြစ်ဆိုးတစ်ခုပေါ့၊ အစိမ်းရောင်ဝတ်စုံပိုင်ရှင်ရဲ့ အမေကကရော]
[သူ့အမေက လူသတ်မှုကို မျက်မြင်တွေ့လိုက်ရပြီး လန့်ပြီး သတိလစ်သွားတယ်၊ ဒါပေမဲ့ ဟိုတစ်ယောက်က သူမကို ဒုက္ခမပေးဘူး၊ လူသတ်သမားက ဟိုလူ့ဘေးမှာတင် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်၊ ဓားတစ်ချက်တည်းနဲ့ သေသွားတာ၊ သွေးတွေ နေရာအနှံ့ ပန်းထွက်သွားတာ အဲဒီလူရဲ့ နှာခေါင်းအောက်မှာတင်ပဲ]
[ဘုရားရေ၊ ဒါက သူ့အတွက် တစ်သက်တာ စိတ်ဒဏ်ရာကြီး ဖြစ်ကျန်ရစ်ခဲ့တော့မှာပဲ၊ ကျွတ် ကျွတ် ကျွတ်... မိန်းမတွေ ရက်စက်လာရင် ယောက်ျားတွေ မမှီဖူးဆိုတာ အမှန်ပဲ။]
ထိုနေရာရှိ အမျိုးသား ဧည့်သည်ငယ်များအထဲတွင် အမျိုးသမီးများကြား၌ အချိန်ဖြုန်းရသည်ကို သဘောကျသူ အတော်များများ ပါဝင်သည်။ ဤမျှ သေသေချာချာ စီစဉ်ထားသော လက်စားချေမှုမျိုးကို မြင်တွေ့ရချိန်တွင် သူတို့အားလုံး တုန်ရီနေကြပြီး အေးစက်သော ချွေးများအား သုတ်ရန် လက်ကိုင်ပဝါများပင် ထုတ်ယူလိုက်ကြသည်။
ထိုသည်ကိုမြင်သောအခါ သူတို့ဘေးရှိ အမျိုးသမီးအဖော်များသည် သူတို့ လက်တွဲဖော်များ ဘာလုပ်ခဲ့သလဲ ဆိုသည်ကို ချက်ချင်းသဘောပေါက်သွားကြပြီး တစ်ယောက်ပြီး တစ်ယောက် မည်သည့်အမူအရာကိုမျှ ဂရုမစိုက်တော့ဘဲ သူတို့လက်တွဲဖော်များ၏နားရွက်များကို ဆွဲကာ ဆူပူကြိမ်း မောင်းရန် အိမ်သို့ အတင်းဆွဲခေါ်သွားကြသည်။
ဤညသည် မည်သို့မျှ ငြိမ်းချမ်းသောည တစ်ည ဖြစ်လာမည် မဟုတ်ကြောင်း သေချာလှပေသည်။ ဤသည်ကို မြင်သော အခါ ရှုယောင်သည် နောက်တစ်ကြိမ် သက်ပြင်းချလိုက်ပြန်သည်။
"ငါ နတ်ဘုရားကို စော်ကားမိရင်တောင် စော်ကားလိုက်မယ်၊ ငရဲမင်းရှေ့မှာ ကပြဆိုရင်တောင် ကပြလိုက်မယ်၊ ဒါပေမဲ့... မိန်းမတစ်ယောက်ကိုတော့ ဘယ်တော့မှ မစော်ကားတော့ဘူး"
"ကျဲ ကျွန်တော်တို့ကို လက်စားချေဖို့ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ကျဲက အရမ်းကိုတော်တာပဲ၊ အရမ်းလည်း ပြတ်သားတယ်၊ ကျွန်တော်တို့ မိသားစုမှာ ကျဲရှိနေတာ တကယ်ကို ကံကောင်းတာပဲဗျာ"
ရှုယောင်သည် သူမကို ချီးကျူးစကားမျာ မစဲနိုင်အောင် ပတ်ဖြန်းပေးနေသည်။ အကယ်၍ သူသာ စကားပြောနှေးသွားပါက ကံဆိုးမှုများ သူ့ထံ ကျရောက်လာမည်ကို ကြောက်ရွံ့နေသည့်အလားပင်။
"ဒါတွေ အားလုံးက ယောင်ယောင်ရဲ့ကျေးဇူးတွေပါ၊ သူ ကုမ္ပဏီကိုမသွားခင် ငါ့အတွက် အချက်အလက်တွေ ပြင်ဆင်ပေးခဲ့တာလေ၊ ကုမ္ပဏီက လူတွေအပြင် ငါတို့ မိသားစုနဲ့ ပုံမှန် အဆက်အဆံရှိတဲ့ လူတိုင်းရဲ့ အသေးစိတ် အချက်အလက်တွေကိုလည်း သူမက ပြင်ဆင်ပေးခဲ့တယ်၊ ညစာစားပွဲမှာ ငါ အရှက်မကွဲရအောင်လို့ အဲဒါတွေကို အထူးတလည် လေ့လာပြီး အချက်အလက် တချို့ကို ရှာဖွေခဲ့တယ်၊ အခုတော့ အဲဒါတွေက အသုံးဝင်လာပြီပဲ"
ရှုယောင် နားလည်သဘောပေါက်စွာဖြင့် ပြုံးလိုက်သည်။
"ယောင်ကျဲရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်၊ ကျဲတို့ ရပ်တည်ပေးလို့ အခုဆို ဘယ်သူမှအနိုင်ကျင့်ရဲမှာ မဟုတ်တော့ဘူး"
"ရပါတယ်၊ မိသားစုဆိုတာ အချင်းချင်း ကူညီရမှာပေါ့၊ လာ... ဘိုးဘိုး စိတ်ပူမနေရအောင် ဘိုးဘိုးကို သွားရှာကြစို့"
"အိုကေ"
မိသားစု ပြန်လည်ဆုံစည်းခြင်း ညစာစားပွဲတွင် ရှုယင်းယင်းသည် လူတိုင်း၏ အာရုံစိုက်မှုကို အပြည့်အဝရရှိသွားခဲ့သည်။ အထက်တန်းလွှာ အမျိုးသမီးများနှင့် အမျိုးသမီးငယ်အများအပြားက ရှုယင်းယင်းကို လေးစားအားကျကာ ကြည်ညိုသော အကြည့်များဖြင့် ကြည့်ပြီး သူမအား တရားမျှတမှု၏ တမန်တော် တစ်ပါးကဲ့သို့ ဆက်ဆံနေကြသည်ကို ထန်ဝမ်မှာ အကူအညီမဲ့စွာဖြင့် စောင့်ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။
အကယ်၍ ခွင့်ပြုမည်ဆိုပါက သူတို့သည် သူမထံသို့ အုံခဲသွားကြပြီး သူတို့၏ လိပ်စာကတ်များကိုပေးရန် အပြိုင်အ ဆိုင် ကြိုးစားကြမည်မှာ သေချာလှသည်။ လုံးဝကို မယုံနိုင်စရာပဲ...
ထန်၀မ်ကို ပိုလို့ဒေါသထွက်စေသည်မှာ သူမ သားအရင်းကိုယ်တိုင်က ရှုယင်းယင်း၏နောက်သို့ ကပ်ဖားရပ်ဖား လိုက်ကာ မျက်နှာချိုသွေးနေပြီး ကိုယ့်ကိုယ်ကို လေးစားမှု လုံးဝမရှိခြင်းပင်။ အောက်တန်းကျလိုက်တာ...
သူမသည် ပြင်းထန်သော ဝိုင်တစ်ငုံကို မျိုချလိုက်ရာ စူးရှ သည် သူမ လည်ချောင်းတစ်လျှောက် ဆင်းသွားပြီး သီးသွားလေသည်။
"အဲဒီလောက်တောင် လိုလို့လား၊ ယင်းယင်းက အာရုံစိုက်မှု နည်းနည်းလေးပဲ ရသွားတာကို မင်းက ဒီလောက်တောင် ဒေါသထွက်နေရလား၊ တကယ့် သတ္တိကြောင်တဲ့သူပဲ"
"ဒါက အာရုံစိုက်မှု နည်းနည်းလေး ဟုတ်လို့လား၊ သူမက ပွဲတစ်ခုလုံးကို လွှမ်းမိုးသွားတာလေ၊ သူမ တစ်ယောက်တည်းနဲ့တင် သူတို့ မိသားစုတွေထဲက ပလေးဘွိုင်းအတော်များများကို ဆုံးမပေးလိုက်တာ၊ အမျိုးသမီးတွေက သူမကို ဘယ် လောက်တောင် ချီးကျူးနေကြလဲဆိုတာ ရှင် မမြင်ဘူးလား"
သူတို့တွေ ဖရဲသီး စားသုံးခွင့်ရတယ်၊ အပျင်းပြေရတယ်၊ တခြားလူတွေရဲ့ အဖြစ်ဆိုးတွေဆီကနေ သင်ခန်းစာယူခွင့်ရတယ်၊ ပြီးတော့ ကိုယ့်မိသားစုထဲက ပလေးဘွိုင်းတွေကိုတောင် ဆုံးမခွင့်ရတယ်၊ သူတို့ အရမ်းမြတ်တာပဲ၊ အဲ့လူတွေက ရှုယင်းယင်းကို သဘောမကျမှ အံ့ဩစရာဖြစ်မှာ၊ သောက်ကျိုးနည်း၊ ဘာလို့ သူမမှာ ရှောင်ချီလို မှော်လက်နက်မျိုး မရှိရတာလဲ...
"တကယ်မလုပ်နိုင်တဲ့ ချီးကျူးမှုတွေက အဓိပ္ပာယ်မရှိပါဘူး၊ ဘဝမှာ အကြီးမားဆုံး တန်ဖိုးဆိုတာ ပိုက်ဆံဘယ်လောက်ရှာနိုင်လဲ ဆိုတာပါပဲ၊ ရှုယင်းယင်မှာ ဘွဲ့လက်မှတ် မရှိဘူး၊ အတွေ့အကြုံ မရှိဘူး၊ သူမက လှည့်ကွက်တွေနဲ့ စွမ်းရည်တွေအပေါ်မှာပဲ မှီခိုနေရတာ၊ ဘာများ အောင်မြင်နိုင်မှာလဲ၊ ပွင့်ပွင့်လင်းလင်း ပြောရရင် ဘာမှ အသုံးမကျတဲ့သူတစ်ယောက်ပဲ"
"ရှင်က အသုံးမကျတဲ့သူ မဟုတ်ဘူးဆိုရင် အဘိုးကြီး ရှင့်ကို သတိထားမိလာအောင် တစ်ခုခု လုပ်ပြလေ၊ စကားပဲ ပြောမနေနဲ့"
"မင်း အဲဒါအတွက် စိတ်ပူစရာ မလိုဘူး၊ ကိုယ် သူ့ကို အဆို ပြုလွှာ ပေးပြီးသွားပြီ၊ မနက်ဖြန်မနက် အစည်းအဝေးမှာ အဲဒါ အတည်ပြုခံရမယ်လို့ ကိုယ် အာမခံတယ်၊ စောင့်သာ ကြည့်နေလိုက်"
ထန်ဝမ်သည် သူ့ကို ဤမျှ ယုံကြည်မှုရှိနေသည်ကို ယခင်ကတစ်ခါမှ မမြင်ဖူးခဲ့သဖြင့် မမေးဘဲမနေနိုင်ခဲ့ချေ။
"ဒီတစ်ခါ ရှင် တကယ် အလေးအနက်ပြောနေတာလား"
"ကိုယ် ဘယ်တုန်းက အလေးအနက် မပြောခဲ့ဖူးလို့လဲ"
ရှုယန်ရွေ့သည် သူ၏ မေးစေ့ကို မော့လိုက်ပြီး ဘာမှမအောင်မြင်သေးခင်ကတည်းပင် ကြိုတင်၍ မောက်မာနေသည်။ ထန်ဝမ်သည် သူ့ကို အဓိပ္ပာယ်ပါပါ တစ်ချက်ကြည့်လိုက်သည်။ သူမအနေဖြင့် ပိုကောင်းသော ဖြေရှင်းနည်းကို မတွေးနိုင်သောကြောင့် လောလောဆယ်တွင် ရသည့်နည်းဖြင့် စမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ညဆယ်နာရီတိတိတွင် ညစာစားပွဲ ပြီးဆုံးသွားသည်။ ဧည့် သည်များကို ပို့ဆောင်ပြီးနောက် ရှုမိသားစုဝင်များသည်လည်း ကားများဖြင့် သူတို့နေအိမ်အသီးသီးသို့ ပြန်ကြသည်။
ရှုယင်းယင် သမ်းဝေလိုက်ပြီး ကားနောက်ခန်းတွင် ငိုက်နေသည်။ ယနေ့ ဖရဲသီးအလွန် စားခဲ့ရသည့် ပြန်တွေးမိသောအခါ စနစ်မှာ အနည်းငယ် ထိတ်လန့်နေဆဲ ဖြစ်သည်။ ၎င်းသည် ရှုယင်းယင်ကို ဂရုတစိုက် နှိုးလိုက်ပြီး အလေးအနက် အကြံပေးလေသည်။
[ရှောင်ယင်း ငါ သေသေချာချာ စဉ်းစားပြီးပြီ၊ အခုကစပြီး ဘယ်သူပဲ ဘာဖြစ်ဖြစ်၊ ဘယ်သူပဲ အနိုင်ကျင့်ခံရခံရ၊ နင် ဘေးကနေ ရပ်ကြည့်နေလို့ မရတော့ဘူး၊ အကယ်၍ ဒီနေ့ အနီရောင်ဝတ်စုံပိုင်ရှင်ကများ ရူးသွပ်သွားပြီး နင့်ကို ဒုက္ခပေးလိုက်ရင် ဘယ်လိုလုပ်မလဲ]
စနစ်သည် ပိုကြောက်ရွံ့လာခဲ့သည်။ အကယ်၍ သူ့ host သာ သေဆုံးသွားပါက သူကိုယ်တိုင်လည်း ပျက်စီးသွားမည် ဖြစ်သည်။ သူ သူမကို ပိုတင်းကြပ်ရန်လိုပေမည်။
[မိသားစု ပြန်လည်ဆုံစည်းခြင်း ညစာစားပွဲမှာ ယောင်ယောင်သာ မတရားခံရလို့ အမှောင်ဘက်ကို ကူးပြောင်းသွားပြိး ရှုမိသားစုကို ဆန့်ကျင်ဖို့ သူမရဲ့ လူယုတ်မာ မိဘတွေနဲ့ ပူးပေါင်းသွားမှာကို ငါ ကြောက်ခဲ့တာလေ၊ အကယ်၍ မိသားစုတစ်ခုလုံးသာ ပျက်စီးသွားရင် ဇိမ်ကျကျ နေရမယ့် ငါ့ရဲ့ အိမ်မက်တွေကလည်း ပျက်စီးသွားမှာပေါ့၊ ငါ ဒါကိုလုပ်ခဲ့တာက တစ်စိတ်တစ်ပိုင်းကတော့ လက်စားချေဖို့၊ နောက်တစ်စိတ်တစ်ပိုင်းကတော့ မကောင်းတဲ့ ရည်ရွယ်ချက်ရှိနေသူတွေကို သတိပေးဖို့နဲ့ ငါနဲ့ ငါ့ညီမက အရမ်းအဆင်ပြေတယ်ဆိုတာ ပြချင်လို့ပဲ၊ ဘယ်လောက်ပဲ သွေးထိုးလှုံ့ဆော်ပါစေ ဘာမှပြောင်းလဲသွားမှာ မဟုတ်ဘူးဆိုတာကို သူတို့ကို သိစေချင်လို့ပါ]
[စိတ်ကူးကတော့ ကောင်းပါတယ်၊ ဒါပေမဲ့ နင့်ဟာက ဟာ ကွက်တွေကြီးပဲ၊ နောက်တစ်ခါတော့ အဲဒီလို မလုပ်ကြရ အောင်နော်]
[ဒါဆိုရင် နောက်တစ်ခါ ငါ တခြားနည်းလမ်းတစ်ခု သုံးကြည့်မယ်၊ ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ ရည်ရွယ်ချက်က ငါ့ညီမကို ဖယ်ကြဉ်ခံရတယ် ဒါမှမဟုတ် လျစ်လျူရှုခံရတယ်လို့ မခံ စားရစေချင်တာပဲ၊ ငါ့ရဲ့ မူလရည်ရွယ်ချက်ကလည်း အဖြစ်ဆိုးတွေကို ရှောင်ရှားဖို့ပဲလေ]
[အင်း၊ ငါ သိပါတယ်၊ ဒါပေမဲ့ နောက်တစ်ခါကျရင် ငါတို့ ပိုကောင်းတဲ့ နည်းလမ်းကို သုံးကြတာပေါ့၊ အဲဒါကလည်း အတူတူ ထိရောက်မှာပါ၊ ပြီးတော့ ယောင်ယောင်လည်း နင့်ရဲ့ စေတနာမှန်ကို ခံစားနိုင်မှာပါ]
ရှုယောင်ယောင်သည် အစ်မဖြစ်သူ၏ စေတနာကောင်းကို အမှန်ပင် နားလည်သည်။ သူမ၏ ဂရုစိုက်မှုနှင့် တွေးခေါ်မှုတို့ကြောင့် ရှုယောင်ယောင် ရင်ထဲတွင် ခံစားသွားရသော်လည်း တစ်ချိန်တည်းမှာပင် သူမ၏အနေရခက်သော သရုပ်မှန်ကြောင့်လည်း စိတ်အနှောင့်အယှက် ဖြစ်ရလေသည်။
သူမသည် အဖြစ်ဆိုးများကို မည်သို့ပင် ပြန်လည်ကုစားရန် ကြိုးစားစေကာမူ သူမမှာ လူယုတ်မာတစ်ယောက်၏ သမီးဖြစ်သည်ဟူသော အမှန်တရားကိုမူ ပြောင်းလဲပစ်နိုင်စွမ်း မရှိချေ။ သူမ မွေးစားမိဘများ၏ မိသားစုသည် အန္တရာယ်မှ လုံးဝကင်းဝေးသွားမှသာလျှင် သူမ စိတ်သက်သာရာ ရနိုင်မည်ဖြစ်သည်။ သို့မဟုတ်ပါက သူမ အကြိမ်တစ်ထောင် သေဆုံးသွားလျှင်တောင်မှ အပြစ်ရှိသလိုခံစားရမည်သာ ဖြစ်သည်။
"ကျဲ.... ညီမအတွက် လုပ်ပေးခဲ့တာတွေ အားလုံးအတွက် ကျေးဇူးတင်ပါတယ်"
ရှုယောင်ယောင်သည် ရှုယင်းယင်းပခုံးပေါ်သို့ ညင်သာစွာ မှီချလိုက်ပြီး ရိုးသားစွာ ကျေးဇူးတင်စကား ပြောလိုက်သည်။
"နင် ငါ့ကို ကျေးဇူးတင်ပြီးပြီလေ၊ မိသားစုအချင်းချင်း အရမ်းကြီး ယဉ်ကျေးနေစရာမလိုပါဘူး"
ရှုယင်းယင်သည် လက်ကိုမြှောက်ကာ သူမခေါင်းလေးကို ခပ်ဖွဖွ ပုတ်ပေးလိုက်သည်။ ရှုယောင်ယောင်ခေါင်းညိတ်လိုက်ပြီး မိသားစုဟူသော စကားလုံးကို တိတ်တဆိတ်ရေရွတ်လိုက်ကာ သူမ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခုက ခပ်ဖွဖွနေရာယူသွားသည်။
🍁 Chapter 64
ရှုယန်ဝမ်တို့ ဇနီးမောင်နှံသည် နောက်ကြည့်မှန်မှတစ်ဆင့် ညီအစ်မနှစ်ယောက်ကို ကြည့်လိုက်ကြပြီး ယင်းယင်းအား သူတို့၏ လက်စားချေမည့် အစီအစဉ်တွင် မပါဝင်စေရန် ဆုံးဖြတ်ခဲ့ခြင်းမှာ မှန်ကန်ကြောင်း ပိုသေချာသွားကြသည်။ သူမ၏အတွေးများသည် အမုန်းတရားနှင့် လက်စားချေမှုတို့ကို အလွယ်တကူ လှုံ့ဆော်ပေးနိုင်စွမ်း ရှိလေသည်။ အရာအားလုံး၏ နောက်ကွယ်မှ ကြိုးကိုင်သူကို သူတို့ သိရှိထားပြီးဖြစ်ရာ ထိုနှစ်ဖက် တွေ့ဆုံခြင်းမှ တားဆီးရန် သူတို့ အထူးသတိထားရမည် ဖြစ်သည်။
ယင်းယင်းအနေဖြင့် ပျော်ရွှင်စွာဖရဲသီးများကို စားသုံးပြီး ပူပင်သောကကင်းစွာဖြင့် ဘဝကို ဖြတ်သန်းသွားရန်သာ လိုအပ်သည်။ ကျန်သောအရာ အားလုံးသည် သူတို့အပေါ်တွင်သာ မူတည်သည်။ ယခင်က သူမ ဆုံးရှုံးခဲ့ရသည်များကို သူတို့သည် နှစ်ဆပြန်လည် ရယူပေးမည်သာ။
နောက်တစ်နေ့ အလုပ်တွင် ရှုဟုန်ရှန်းသည် ပုံမှန်မဟုတ်ဘဲ ကုမ္ပဏီသို့ ရောက်လာပြီး ဉာဏ်ရည်တု နယ်ပယ်သို့ ဝင်ရောက်မည့် ရှုယန်ရွေ့၏ အစီအစဉ်ကို ဆွေးနွေးရန် အကြီးတန်း စီမံခန့်ခွဲသူများနှင့် အစည်းအဝေးတစ်ခု ခေါ်ယူလိုက်လေသည်။ ရှုယင်းယင်းသည် ရှုယန်ဝေ၏အတွင်းရေးမှူးအနေဖြင့် ရုံးခန်းထဲသို့ ဝင်ရောက်လာခဲ့သည်။ ရှုယန်ဝေက သူမကို တိတ်တဆိတ် နှစ်သိမ့်ပေးလိုက်သည်။
"ခဏနေကျရင် နင်က အစည်းအဝေး အကြောင်းအရာတွေကို နားထောင်ဖို့ တာဝန်ယူရမယ်၊ တခြားတစ်ယောက်က မှတ်စုမှတ်ပေးလိမ့်မယ်၊ နင်က အစောကြီးမဟုတ်ရင်တောင် တစ်ချိန်ချိန်တော့ ကုမ္ပဏီရဲ့ စီးပွားရေးတွေကို လွှဲပြောင်းယူရမှာဆိုတော့ ဒါကို ကောင်းမွန်တဲ့ အစပြုမှုတစ်ခုလို့ပဲ သဘောထားလိုက်ပါ"
ရှုယင်းယင်က တိုးညင်းစွာဖြင့် အသံပြုလိုက်ပြီး စိတ်ထဲတွင်မူ စတင် ညည်းတွားနေလေသည်။
[ဒါပေမဲ့ ငါက ကုမ္ပဏီကို လုံးဝအမွေမဆက်ခံချင်တာ၊ ဒါက ငါလိုချင်တဲ့အရာမှ မဟုတ်တာ၊ ဘိုးဘိုးက ဘာလို့ ငါ့ကို ဒီလို အတင်းအကျပ် ခိုင်းနေရတာလဲ၊ ငါက ဘာမှ အသုံးမကျတဲ့ လူပျင်းတစ်ယောက်ဆိုတာ လူတိုင်းမြင်နေရတာပဲကို]
ကုမ္ပဏီသို့ စတင်ဝင်ရောက်ကတည်းက ရှုယင်းယင်းသည် ပျင်းရိစွာ အချိန်ဖြုန်းခြင်း၊ ဖရဲသီးစားခြင်းနှင့် ပြဇာတ်များကို ထိုင်ကြည့်နေခြင်းမှလွဲ၍ ဘာမှမလုပ်ခဲ့ချေ။ သူမသည် သူမသည် ဧည့်ကြိုတစ်ဦး ဖြစ်သော်လည်း ဧည့်ကြိုအလုပ်ကို တစ်ရက်မျှပင် မလုပ်ခဲ့ရချေ။ အတွင်းရေးမှူးစွင်းက သူမအား နေ့တိုင်း ရုပ်ရှင်များနှင့် တီဗီ ဇာတ်လမ်းတွဲများကိုသာ ထိုင်ကြည့်ခိုင်းထားလေသည်။
သူမသည် လစာရရန်အတွက်သာ အချိန်ဖြုန်းနေခြင်းဖြစ်ပြီး ထိုကဲ့သို့သော စွမ်းဆောင်ရည်မျိုးဖြင့် မည်သူကမျှ သူမကို အခွင့်အရေးပေးလိမ့်မည် မဟုတ်ချေ။
ရှုယင်းယင် တွေဝေနေစဉ်မှာပင် တက်ရောက်လာသော အမှုဆောင်အရာရှိများသည် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေကြသည်။
ဒါက နောက်နေတာ မဟုတ်ဘူးလေ၊ ရှုယင်းယင်းမှာ လျှို့ ဝှက်လက်နက်တစ်ခု ရှိနေတယ်ဆိုတာ ကုမ္ပဏီထဲက လူတိုင်း သိကြပြီးသား၊ ပြီးတော့ သူမရဲ့ အတင်းအဖျင်းတွေက မယုံနိုင်လောက်အောင် အသက်အန္တရာယ် ပေးနိုင်စွမ်း ရှိတယ်ဆိုတာကိုပါ သိကြတယ်၊ သူမဆီက အတင်းအဖျင်းပြောခံရသူ ဘယ်သူမဆို သေချာပေါက် ဒုက္ခရောက်ရမှာပဲ...
ဒီလောက် မယုံနိုင်လောက်အောင် ထူးချွန်တဲ့ အရည်အချင်းရှိနေတာကိုတောင် သူမကိုယ်သူမ အသုံးမကျဘူးလို့ ခေါ်နေတာလား၊ အဲဒါကတော့ လက်ခံလို့မရဘူးလေ၊ ဒါက သူတို့ကိုသူတို့ အသုံးမကျတဲ့သူတွေထက်တောင် ပိုဆိုးနေတယ်လို့ ထင်ရစေတယ်...
[အကယ်၍ အဘိုးသာ ကုမ္ပဏီကို ငါ့လက်ထဲ တကယ် ထည့်ပေးလိုက်ရင် အစောကြီးမဟုတ်ရင်တောင် တစ်ချိန်ချိန်တော့ ဒေဝါလီခံသွားရမှာ သေချာတယ်]
အမှုဆောင်အရာရှိများသည် အဘိုးရှုကို အံ့ဩတကြီး လှမ်းကြည့်လိုက်ကြရာ သူက တည်ငြိမ်အေးဆေးစွာဖြင့် နှုတ်ခမ်းထက်တွင် အပြုံးတစ်ခုကို ဆင်မြန်းလျက် မြေးမဖြစ်သူ၏ ကျိန်စာတိုက်မှုကို ကောင်းချီးတစ်ခုအဖြစ် သဘောထားနေပုံရပြီး သူ့ပုံမှန် ရက်စက်ပြတ်သားသော အမူအရာများကို လုံးဝပြသခြင်းမရှိသည်ကို တွေ့လိုက်ရသည်။
ပုံမှန်အားဖြင့် ပုန်ကန်တတ်သော ရှုယန်ရွေ့ပင်လျှင် ရှုယင်းယင်း၏မဆင်မခြင်နိုင်မှုအတွက် စိုးရိမ်ပူပန်မှုကို မတားဆီးနိုင်ခဲ့ချေ။ အကယ်၍ သူမကသာ ထိုသို့သေလမ်းအား ဆက်ရှာနေမည်ဆိုလျှင် သူ လက်ဖျားလေးတစ်ချက်မျှ လှုပ်စရာမလိုဘဲ သူမ ကျဆုံးသွားမှာ သေချာသည်။ အဘိုးရှုအကန့် အသတ်မရှိ သည်းခံနေနိုင်မည်ဟု သူ မယုံပေ။
မည်သို့ပင်ဖြစ်စေ အဘိုးရှုသည် တကယ်ပင် အရည်အချင်းရှိသူ ဖြစ်ကြောင်း ထင်ရှားသည်။ ရှုယန်ရွေ့၏ အဆိုပြုလွှာသည် ဆွေးနွေးမှုများကို အောင်မြင်စွာ ကျော်ဖြတ်ပြီး စွန့်စားရနိုင်ခြေ အကဲဖြတ်မှုမှ အတည်ပြုချက် ရရှိပြီးနောက် အဘိုးရှုသည် ရုတ်တရက် အုပ်စုလိုက် ယှဉ်ပြိုင်မှုတစ်ခုကို အဆို ပြုလာလေသည်။ မည်သူက အတိုတောင်းဆုံးအချိန်အတွင်း အကုန်အကျသက်သာဆုံးနှင့် အမြန်ဆန်ဆုံး ဈေးကွက်ဝင်ရောက်နိုင်မည့် အစီအစဉ်ကို ရေးဆွဲနိုင်မည်ကို ကြည့်ရှုရန် ဖြစ်သည်။ ထိုအုပ်စုသည် နောက်ဆက်တွဲ ကိစ္စရပ်များ အားလုံးအတွက် အပြည့်အဝတာဝန်ယူရမည် ဖြစ်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ မည်သူမျှ အသံမထွက်ရဲကြချေ။ ရှုယန်ရွေ့သည် ထိုအစီအစဉ်ကို အဆိုပြုခဲ့သူဖြစ်ပြီး အဘိုးရှုက သူ့ကျေးဇူးကို အခြားတစ်ယောက်ဆီ ထည့် သွင်းချင်နေခြင်း ဖြစ်သည်။ ဒီလို စော်ကားရာကျတဲ့ လုပ်ရပ်မျိုးကို အဘိုးရှုကလွဲရင် ဘယ်သူကများ လုပ်ရဲမှာလဲ...
ရှုယန်ရွေ့လည်း ဤအချက်ကို စဉ်းစားမိသည်။ သူ စိတ်အ နှောင့်အယှက် ဖြစ်ရသော်လည်း အလွန်ဒေါသမထွက်ခဲ့ပေ။ ဒါကို လုယူရဲတဲ့သူ ဘယ်သူမဆို ပြဿနာကို ကိုယ်တိုင်ဖိတ်ခေါ်နေတာပဲလေ...
အဘိုးရှု၏ ဝေ့ဝဲကြည့်နေသော အကြည့်ကို ရင်ဆိုင်ရသော အခါ ထိုနေရာရှိ လူတိုင်းသည် ကြမ်းပြင်ထဲသို့သာ ခေါင်းဝှက်ထားချင်စိတ် ပေါက်သွားကြလေသည်။ ရှုယင်းယင်ကမူ သူမကိုမခေါ်စေရန် ထပ်ခါတလဲလဲ ရွတ်ဆိုနေပြီး ရှုယန်ဝမ်၏နောက်တွင်ပင် ပုန်းအောင်းနေသည်။
"ယင်းယင်း"
အဘိုးရှု၏ ကြင်နာသောအသံမှာ ထွက်ပေါ်လာသည်။
ရှုယင်းယင် လန့်ဖျပ်သွားပြီး "ဟုတ်"
"ဒီပရောဂျက်မှာ မင်းနဲ့ မင်းရဲ့ ဒုတိယဦးလေးတို့ ယှဉ်ပြိုင်ရမယ်"
"သမီး... သမီးကလား"
ရှုယင်းယင်းက သူမကိုယ် သူမ မယုံကြည်နိုင်စွာ လက်ညှိုး ထိုးပြကာ မေးလိုက်သည်။
[ဒီကိစ္စက တကယ်ကြီး ဒီလောက် အပေါစားဆန်သွားတာလား၊ ဘာမှမလုပ်တတ်တဲ့ အသုံးမကျတဲ့ မြေးမလေးကို ပေးလိုက်မယ်တဲ့လား၊ ဒုတိယဦးလေးက ငါ့ကို သေလောက်အောင် မုန်းသွားတော့မှာပဲ၊ ဘိုးဘိုး... သမီးက ငပျင်းတစ်ယောက်ဖြစ်နေလို့ စိတ်ဆိုးနေတာလား၊ သမီးကို အမုန်းခံလူသားဖြစ်အောင် မလုပ်ပါနဲ့]
ရှုယင်းယင်းသည် အဘိုးရှုကို မကျေမနပ်ဖြင့် စူးရဲစွာ ကြည့်လိုက်ရာ အဘိုးရှုကဘရယ်မောပြီး ပြောလိုက်သည်။
"မင်း အတွေ့အကြုံတချို့ ရယူဖို့ အချိန်တန်ပြီ၊ မင်းနဲ့ မင်းရဲ့ ဒုတိယဦးလေးက အဆင့်အတန်းချင်း သိပ်မကွာဘူး၊ ဒါကြောင့် အဘိုးက သူ့ကို အခက်တွေ့အောင် လုပ်နေတာ မဟုတ်ပါဘူး"
ရှုယန်ရွေ့: ကျေးဇူးတင်ပါတယ်ဗျာ၊ ကိုယ့်ကိုယ်ကိုယ် စော်ကားခံလိုက်ရတယ်လို့တောင် ခံစားသွားရပြီ :)
အထက်လူကြီးများသည် ရယ်ချင်စိတ်ကို အပြင်းအထန် ဖိနှိပ်ထားရသည်။ အဘိုးရှုသည် ဘာသာစကား သုံးနှုန်းရာတွင် ကျွမ်းကျင်သူတစ်ဦးပင်။
"ပါး၊ ပါး အမြင်မှာ သားက အတွေ့အကြုံမရှိတဲ့ ကောင်မ လေးတစ်ယောက်လောက်တောင် မစွမ်းဘူးလို့ မြင်နေတာလား"
အဘိုးအိုသည် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ရှုယင်းယင်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"ကြည့်စမ်း၊ မင်းရဲ့ ဒုတိယဦးလေးက သူ့အလုပ်မှာ မတော်ပေမယ့် ကိုယ်ပိုင်အသိစိတ်တော့ ရှိတယ်၊ သူ့ရဲ့ ကိုယ်ပိုင်စွမ်းရည်တွေကို အရမ်းကို တိတိကျကျ နားလည်ထားတယ်၊ အဲဒီလိုလူမျိုးနဲ့ ယှဉ်ပြိုင်ရတာ တရားမမျှတဘူးလို့မဆိုနိုင်ပါဘူး"
"ပါး"
ရှုယန်ရွေ့မှာ ဒေါသထွက်လွန်း၍ မတ်တပ်ရပ်ကာ သူ့နေရာတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေလေသည်။ ဒါ သူ့ကို မလေးမစား လုပ်လွန်းတာပဲ...
ရှုယင်းယင်းက အနေရခက်စွာ ရယ်မောလိုက်ပြီး ရှုယန်ရွေ့ကို ကိုယ်ချင်းစာစိတ်ဖြင့် ကြည့်လိုက်သည်။
[ဒုတိယဦးလေး၊ ဘာလို့ DNA မစစ်ကြည့်တာလဲ၊ ဦးလေးက ဘိုးဘိုးရဲ့ သားအရင်းမဟုတ်ဘူးလို့တောင် ခံစားနေရတယ် :)]
ရှုယန်ရွေ့: "..."
"ပါး၊ ဒီကိစ္စကို ပြန်စဉ်းစားသင့်တယ် မဟုတ်ဘူးလား၊ ယင်းယင်းက ကုမ္ပဏီကို အခုမှ ရောက်ခါစလေ၊ သူ ဘာမှ သင်ယူဖို့ အချိန်မရသေးဘူး"
ရှုယန်ဝမ်က သမီးဖြစ်သူအတွက် အခြေအနေကို အမြန်ပြေလည်အောင် ဖြေရှင်းပေးရန် ကြိုးစားလိုက်သည်။
"ဟုတ်တယ် ပါး၊ ကျေးဇူးပြုပြီး ဒါကို ပြန်စဉ်းစားပေးပါ" ရှုယန်ဝေသည်လည်း ဖခင်ဖြစ်သူ၏ ဆုံးဖြတ်ချက်ကို သံသယဝင်နေမိသည်။ ဒါက ပဋိပက္ခတွေကို ပိုကြီးလာအောင် လုပ်နေတာ မဟုတ်ဘူးလား...
အဘိုးရှုက တည်ငြိမ်စွာပင် "ယင်းယင်းက ဘာမှမသိဘူးဆိုမှတော့ ဒုတိယသားက ဘာပြာယာခတ်နေစရာမှ မလိုဘူး၊ အကယ်၍ သူသာ ယင်းယင်းရဲ့ အနိုင်ယူတာကို ခံလိုက်ရရင် အဲဒါက သူ့ရဲ့ အသုံးမကျမှုကို သက်သေပြလိုက်တာပဲ၊ ဖန်ရီက ငပျင်းတွေကို မကျွေးမွေးထားဘူး၊ အဲဒီလူရဲ့ မျိုးရိုးနာမည်က ရှုဖြစ်ဖြစ်၊ မဖြစ်ဖြစ် ဂရုစိုက်နေမှာ မဟုတ်ဘူး"
"ဒါက..."
ရှုယန်ဝမ် တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း ညီမဖြစ်သူ၏အကြည့်ကြောင့် တန့်သွားသည်။
"ဒါဆိုရင် ဆုံးဖြတ်ပြီးသွားပြီ၊ ငါ မင်းတို့အားလုံးကို တူညီတဲ့ အခွင့်အာဏာနဲ့ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်တွေ ပေးမယ်၊ ဘာပဲဖြစ်ဖြစ် ငါက ရလဒ်တွေကိုပဲ ဂရုစိုက်တယ်"
အဘိုးရှုက ဆုံးဖြတ်ချက်ချပြီးပြီဖြစ်ကြောင်း မြင်သောအခါ ရှုယင်းယင်းမှာ မလိုလားအပ်စွာဖြင့် သဘောတူလိုက်ရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ချေ။
"ဟုတ်"
"အားဝမ်၊ ဝေအာ ... ပါးနဲ့ ရုံးခန်းထဲ လိုက်ခဲ့"