အခန်း (၆၅-၆၆)
Vol. 7 Ch. 65-66
🍁 Chapter 65
အဘိုးရှုက သူတို့ကို ခေါ်သွားပြီးနောက် အခြားသော အကြီးတန်း အမှုဆောင်အရာရှိများလည်း နောက်မှ လိုက်သွားကြသည်။ ရှုယန်ရွေ့သည် အဘိုးအို၏ထွက်ခွာသွားသော ကျောပြင်ကိုကြည့်ကာ အံ့ကို တင်းတင်းကြိတ်ထားလိုက်ပြီး ရှုယင်းယင်းကို အရှင်လတ်လတ် ဝါးစားတော့မည့် အမူအရာဖြင့် လျှောက်လာသည်။ သူက မောက်မာစွာဖြင့် သတိပေးလိုက်သည်။
"အဘိုးကြီး ဘာပြောပြော ငါ မတတ်နိုင်ဘူး၊ ဒါပေမဲ့ မင်း ငါနဲ့ မယှဉ်ရဘူး၊ ကြားလား"
ရှုယင်းယင်း အလျင်အမြန် လက်ကိုဝှေ့ယမ်းပြကာ ပြောလိုက်ရသည်။
"ကျွန်မက ဘယ်လိုလုပ် ဦးလေးနဲ့ ယှဉ်နိုင်မှာလဲ၊ ကျွန်မက အလုပ်မှာ ယှဉ်ပြိုင်ရတာ မုန်းတယ်၊ အိုကေလား၊ အကယ်၍ ဦးလေးသာ ဘိုးဘိုးကို သဘောပေါက်အောင် ပြောပြနိုင်ရင် ကျွန်မ အခုချက်ချင်း အလုပ်ထွက်ပေးလို့ရတယ်"
"ဟက်၊ မင်း ငါ့ကို အရူးများ မှတ်နေလား၊ မင်းက ငါ့ကို ပြဿနာသွားရှာခိုင်းချင်နေတာမလား၊ အိမ်မက်မက်နေလိုက်၊ မင်းဘာသာ မင်း အလုပ်ထွက်မယ်လို့ သွားမပြောပါလား"
[ဝိုး... ဦးလေးက ရုတ်တရက် အသိဉာဏ်တွေ ပွင့်သွားပါလား၊ ငါ့ရဲ့ အကြံအစည်လေးကိုတောင် သူက ဖောက်ထွင်းသိမြင်သွားတယ်၊ အံ့ဩစရာပဲ]
ရှုယန်ရွေ့: ချီးကျူးမှုအတွက် ကျေးဇူးပဲ
"ဒုတိယဦးလေး... ကျွန်မကို ယုံပါ၊ ကျွန်မလောက် ဖျက်ဆီးနိုင်စွမ်းရှိမယ့်သူ ဘယ်သူမှ မရှိဘူး"
ရှုယင်းယင်းသည် အလျင်အမြန် လက်ညှိုးတစ်ချောင်း ထောင်ကာ အာမခံလိုက်သည်။
[အဘိုးက ငါ့ကို အခွင့်အာဏာပေးထားတာ၊ အဲဒါကို အသုံး ချပြီး အတင်းအဖျင်းတွေပြောဖို့ လူမစုရင် အဲဒါက ငါ့ကိုယ်ငါ အကြီးမားဆုံး ရက်စက်မှု လုပ်လိုက်တာပဲ ဖြစ်မှာပေါ့]
ရှုယန်ရွေ့သညိ ရှုယင်းယင်း၏ ရိုးသားလှိုက်လှဲသော အာမခံချက်ကြောင့် စိတ်အခြေအနေ အနည်းငယ် ကောင်းမွန်သွားလေသည်။
"မင်း ဘာပြဿနာမှမရှာတာ ပိုကောင်းမယ်နော်"
"ဟင့်အင်း၊ မလုပ်ပါဘူး ဒုတိယဦးလေး၊ စိတ်မပူပါနဲ့"
ရှုယန်ရွေ့သည် သူမကို အဓိပ္ပာယ်ပါပါ တစ်ချက်စိုက်ကြည့်ပြီးနောက် လှည့်ထွက်သွားသည်။
[ရှောင်ယင်း... နင် တကယ်ပဲ မပါဖို့ စီစဉ်ထားတာလား]
[ငါ ပါရမှာပေါ့၊ ဒါပေမဲ့ ကောင်းမွန်တဲ့အဖွဲ့တစ်ဖွဲ့ ဖွဲ့ဖို့အတွက် ငါ့မှာ အရည်အချင်းနဲ့ ကျွမ်းကျင်မှုမှ မရှိတာ၊ အတွေ့အကြုံမရှိတဲ့ လူသစ်တစ်သိုက်ကို ဦးဆောင်ပြီး အသေအလဲ ရုန်းကန်ရုံပဲ တတ်နိုင်မှာ၊ ပြီးရင်တော့ အဘိုးကို ငါ ကြိုးစားမကြည့်ခဲ့တာ မဟုတ်ဘူး၊ ငါ့ရဲ့ အရည်အချင်းတွေက ကန့်သတ်ချက်ရှိနေလို့ပါလို့ သွားပြောလိုက်မယ်]
[ကောက်ကျစ်တဲ့ နေရာမှာတော့ နင်က အတော်ဆုံးပဲ၊ ဒါဆို ငါတို့ နောက်ထပ် ဘာဆက်လုပ်ကြမလဲ]
[ဒါပေါ့၊ ငါတို့ အတင်းအဖျင်း စုဆောင်းရေး အဖွဲ့တစ်ဖွဲ့ ဖွဲ့ကြမှာပေါ့]
ရှုယင်းယင်းသည် လက်နှစ်ဖက်ကို ပွတ်သပ်ကာ အစည်း အဝေးခန်းတံခါးကို ဆွဲဖွင့်လိုက်ပြီး ရွှယ်ဝေဝေနှင့် သူမ၏ သူငယ်ချင်းများကို စုဆောင်းလေတော့သည်။ သူမသည် ပရောဂျက် လုပ်ဆောင်နေသည်ဟူသော ခေါင်းစဉ်အောက်တွင် ကိုယ်ပိုင်အသံစနစ်နှင့် ဧရာမ ပရိုဂျက်တာ မျက်နှာပြင်တို့ တပ်ဆင်ထားသည့် ကြီးမားကျယ်ဝန်းသော အစည်းအ ဝေးခန်းကြီး တစ်ခန်းကို ရှာဖွေလိုက်သည်။ သရေစာများနှင့် အချိုပွဲများကိုလည်း အပြည့်အဝ စုဆောင်းပြီးနောက်လိုက် ကာများကို ဆွဲချကာ တံခါးကိုပိတ်ပြီး စတင်အလုပ်လုပ်ဖို့ပြင်သည်။
ထိုအုပ်စုသည် အစည်းအဝေးခန်းထဲတွင် ထိုင်နေကြသော် လည်း လက်ရှိအခြေအနေကို နားမလည်နိုင်ကြပေ။ လွန်ခဲ့သည့် တစ်မိနစ်ခန့်က သူတို့သည် ဧည့်ကြိုကောင်တာတွင် အလုပ်လုပ်နေသည့်သူများပါသလို ပို့ဆောင်ရေး ကိစ္စများနှင့် အသေးစားအလုပ်များကို ကူညီလုပ်ဆောင်ပေးနေခဲ့ကြသည်။ သို့သော် ယခုအခါ ရုတ်တရက်ဆိုသလို ပရောဂျက်အသစ်တစ်ခု၏ အဓိကအဖွဲ့ဝင်များ ဖြစ်လာကြပြီး သူတို့ ပြိုင်ဘက်များမှာ ဥက္ကဋ္ဌ၏ သားအရင်း တနည်းအားဖြင့် ဥက္ကဋ္ဌထန်၏ခင်ပွန်းတို့ ဖြစ်သည်။ သူတို့သည် ဤမျှ ကြီးမာသောကိစ္စကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း ရှိပါမည်လား။
"ယင်းယင်း ငါတို့ကို ကူညီခိုင်းချင်တာသေချာရဲ့လား၊ ငါတို့က အသေးစား အလုပ်လေးတွေကိုပဲ လုပ်တတ်တာလေ"
ရွှယ်ဝေဝေ တုန်ရီနေသော အသံဖြင့် မေးလိုက်သည်။
"ငါတို့က Excel တို့ PowerPoint တို့ကိုတောင် မသုံးတတ်ဘူး"
"အမ်... ကျွန်မက သန့်ရှင်းရေးလုပ်တဲ့သူပါ"
"ဟင်"
လူတိုင်းသည် သန့်ရှင်းရေးအဒေါ်ကြီးကို လှမ်းကြည့်လိုက်ကြပြီး လုံးဝကို အံ့ဩမှင်တက်သွားကြလေသည်။ ရှုယင်းယင်း ဂရုမစိုက်သည့်ဟန်ဖြင့် လက်ကို ဝှေ့ယမ်းပြလိုက်သည်။
"ဘယ်သူပဲဖြစ်ဖြစ် ကိစ္စမရှိဘူး၊ အထဲကို ရောက်လာပြီဆိုမှတော့ ကိုယ့်လူတွေချည်းပါပဲ၊ နင်တို့ကို ဘာမှလုပ်ဖို့ မလိုပါဘူး၊ နေ့တိုင်း ထူးဆန်းပြီး မရိုးရှင်းတဲ့ ဇာတ်လမ်းတွေပဲ ငါ့ကို ပြောပြပေး"
ထိုနေရာရှိ လူတိုင်းသည် ရှုယင်းယင်း၏ လျှို့ဝှက်လက်နက်ကို သိကြပြီး အတင်းအဖျင်းများကို ချစ်မြတ်နိုးကြသော ကြောင့် သူတို့အားလုံးသည် စိတ်တူကိုယ်တူများ ဖြစ်နေကြသည်။ ထိုအကြောင်းကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် လူတိုင်း၏ စိတ်ဝင်စားမှု ချက်ချင်း မြင့်တက်လာခဲ့သည်။
သန့်ရှင်းရေးအဒေါ်ကြီးသည် မျက်နှာကြီး ပြုံးဖြီးသွားကာ ပြောလိုက်သည်။
"အကယ်၍ သခင်မလေးက အဲ့အကြောင်းကို ကြားချင်တယ်ဆိုရင်တော့ ဒေါ်ကြီး လုံးဝအိပ်ငိုက်တော့မှာ မဟုတ်ဘူး၊ သန့်စင်ခန်းဆိုတာ ထူးဆန်းတဲ့ ဇာတ်လမ်းတွေ မွေးဖွားရာ အကောင်းဆုံး နေရာတစ်ခုပဲလေ ပြီးတော့ နေ့တိုင်းလည်း မတူညီတာတွေ ရှိနေတာပဲ၊ ဘယ်အကြောင်းကို အရင်နား ထောင်ချင်လဲ"
အတင်းအဖျင်း ချစ်မြတ်နိုးသူများသည် နားစွင့်လိုက်ကြသည်။ စနေပြီလား။ ဝိုး... မိုက်လိုက်တာ
တစ်စုံတစ်ယောက်သည် အာလူးကြော်များ၊ နေကြာစေ့များနှင့် ကိုကာကိုလာများကို အလျင်အမြန် ယူလာပေးလိုက်ပြီး တစ်ယောက်တစ်စုံစီ ဝေပေးလိုက်သည်။ ထိုအရာများသည် အတင်းအဖျင်းပြောရန်အတွက် မရှိမဖြစ် လိုအပ်သော အရာများပင်။ ရှုယင်းယင်းက ဝင်ပြောလိုက်သည်။
"ခေါင်းထဲပေါ်လာတာ မှန်သမျှကို ပြောဘို့ရတယ်၊ ခေါင်းထဲပေါ်လာတာ မှန်သမျှကိုသာ ပြောချလိုက်၊ အားလုံးက ပျော်ဖို့သက်သက်ပဲ၊ ပြီးတော့ ငါတို့က အချိန်မှန် ပြန်ကြမယ်၊ အချိန်ပို လုံးဝမလုပ်ဘူး"
"ကောင်းပြီ"
သန့်ရှင်းရေးအဒေါ်ကြီးသည် သူမ အင်္ကျီလက်များကို ခေါက်တင်လိုက်ပြီး ဇာတ်လမ်းကို စတင်ပြောတော့သည်။
"ဈေးကွက်ရှာဖွေရေးဌာနက အရောင်းကိုယ်စားလှယ် ရှောင်ဝူအကြောင်းကနေ စကြတာပေါ့၊ မေဒေး အားလပ်ရက်တုန်းက သူက အမျိုးသမီးတစ်ယောက်ကို ခရီးတစ်ခု လိုက်ပို့ပေးတယ်၊ ခေတ်မီတဲ့ စားသောက်ဆိုင် အမျိုးမျိုးကို သွားခဲ့ပြီး အရမ်းကို ဂရုတစိုက်ရှိခဲ့တာ၊ ဒါပေမဲ့ ခရီးလည်း ပြီးရော အမျိုးသမီးက သူ့လက်ကိုတောင် အကိုင်မခံရုံတင်မကဘူး သူ့ကို block ပါ လုပ်သွားတာတဲ့၊ ရှောင်ဝူမှာအရမ်းကို ဒေါသထွက်ပြီး ငါ့အပေါ်ကိုတောင် သေးပန်းချမလိုဖြစ်သွားတယ်"
"ဟမ်"
လူတိုင်း အံ့ဩတကြီးဖြစ်သွားသည်။
"သူ ဒေါသထွက်နေတာ ဘာလို့ အဒေါ်ကြီးအပေါ်ကို သေး ပန်းချရတာလဲ"
"အဲဒီအချိန်တုန်းက ငါက အမျိုးသား သန့်စင်ခန်းကိုကြမ်း တိုက်နေတာလေ၊ သူက သူ့လုပ်ဖော်ကိုင်ဖက်တွေကို ညည်းပြနေတဲ့အချိန်မှာ ငါက သူ့ခြေထောက်နားမှာ တိုက်မိနေတာကိုး၊ သူက ဒေါသတကြီးနဲ့ ခြေဆောင့်လိုက်တော့ သေးတွေ ပန်းထွက်ကုန်တာပေါ့"
"..."
မြင်ကွင်းက အရမ်းကို အသက်ဝင်လွန်းနေပြီ...
"ဒါပေမဲ့ အဲဒါက အဓိကအချက် မဟုတ်ဘူး၊ အဓိကအချက်က..."
သန့်ရှင်းရေးအဒေါ်ကြီးသည် လူတိုင်းအား ကျွမ်းကျင်စွာဖြင့် စိတ်ဝင်စားမှု မြင့်တက်လာအောင်လုပ်ထားခဲ့သည်။
🍁 Chapter 66
အတင်းအဖျင်းလောက၏ ဝါရင့်ကြီးဖြစ်သော သန့်ရှင်းရေးအဒေါ်ကြီးသည် အရေးကြီးသော အချိန်များတွင် စိတ်လှုပ်ရှားအောင်လုပ်ခြင်းမှာ ကျွမ်းကျင်လှပေသည်။
"ဘာလဲ... ဘာလဲ၊ မြန်မြန် ပြောပြပါတော့"
အတင်းတုတ်ချင်နေသူများ၏ စိတ်လှုပ်ရှားစွာ အော်ဟစ်ဆူညံသံများမှာ သန့်ရှင်းရေးအဒေါ်ကြီးအား အလွန်ကျေနပ်သွားစေသည်။ သူမမှာ ပြုံးစစ မျက်နှာထားဖြင့် ဖရဲသီးကြီးကို စတင်ခွဲချတော့သည်။
"ရှောင်ဝူက ခရီးထွက်ဖို့အတွက် ငွေတိုးသမားတွေဆီကနေ ပိုက်ဆံသွားချေးတာ၊ ယွမ်တစ်သိန်းတောင်တဲ့"
"ဟယ်"
အတင်းပြောသူအားလုံး အံ့သြမှင်သက်သွားကြသည်။ လုပ်ဖော်ကိုင်ဖက် အမျိုးသားတစ်ဦးက "ဘုရားရေ... အဲ့ဒီပိုက်ဆံနဲ့ဆို ဂိမ်းပစ္စည်းတွေဝယ်ပြီး ဂိမ်းထဲမှာ ဘုရင်လုပ်နေတာက ပိုမကောင်းဘူးလား"
"ငွေတိုးသမားဆီက ချေးတာကိုတော့ နားလည်ပေးလို့ရပေမယ့် လခစားတစ်ယောက်အနေနဲ့ဆိုရင်တော့ ပေးရတဲ့ဈေးက အရမ်းကြီးလွန်းနေပြီ"
"အဲ့ဒီကောင်မလေးက အရမ်းလှပြီး ခန္ဓာကိုယ်အချိုးအစားကလည်း အရမ်းမိုက်နေရင်ရော၊ နတ်သမီးလေးအတွက် ပိုက်ဆံသုံးတာ ဘာများမှားလို့လဲ"
သန့်ရှင်းရေးအဒေါ်ကြီးက နှာခေါင်းရှုံ့လိုက်သည်။
"အဲ့ဒီမိန်းမက ရိုးရိုးလေးပါ၊ အင်တာနက်ပေါ်က နာမည်ကြီးတွေရဲ့ ရုပ်မျိုးပဲ၊ မိတ်ကပ်တွေနဲ့ အတုတွေတပ်ထားတာကိုဟယ်၊ သူ့ခန္ဓာကိုယ်မှာ အစစ်ဆိုလို့ ဘာတစ်ခုမှ မပါဘူး"
"ဝါး... အန်တီက အဲ့ဒါပါ သိတယ်ပေါ့"
ရှုယင်းယင်းသည် အံ့သြတကြီး ရေရွတ်လိုက်သည်။
"သန့်စင်ခန်းဆိုတာက မကောင်းမှုတွေ စုဝေးရာ နေရာလေ၊ ဘယ်လောက်ပဲ သတိကြီးတဲ့သူဖြစ်ဖြစ် တစ်ခါတလေတော့ သတိလက်လွတ် ဖြစ်တတ်ကြတာပဲ၊ လူတိုင်းက ပင်ပန်းလာရင် လွတ်ထွက်သွားတက်တာ၊ သေချာရှင်းပြရရင် ငါက ခိုးကြည့်နေတာ မဟုတ်ဘူးနော်၊ သူတို့က အရမ်းကို ရဲတင်းလွန်းနေတာ၊ ငါက အမှတ်မထင် ပက်ပင်းသွားတိုးမိတာ"
လူတိုင်းက နားလည်သဘောပေါက်စွာ ခေါင်းညိတ်လိုက်ကြပြီး နောက်နောင် သန့်စင်ခန်းသွားလျှင် ကိုယ့်ကိစ္စကိုသာ အမြန်ပြီးအောင်လုပ်ရမည်ဟု တိတ်တဆိတ် သတိပေးလိုက်ကြသည်။ သန့်ရှင်းရေးအဒေါ်ကြီးက ဆက်ပြောသည်။
"အလုပ်စဝင်ကာစ လူတစ်ယောက်အတွက် အတိုးကြီးကြီးနဲ့ ယွမ်တစ်သိန်းချေးတယ်ဆိုတာ နည်းတဲ့ပမာဏမှ မဟုတ်တာ၊ ရှောင်ဝူက အဲ့ဒါကို အနာဂတ်မှာ မိန်းမယူဖို့ စုထားတာလေ၊ အရင်က သူတို့နှစ်ယောက် အီစီကလီ လုပ်ခဲ့ကြဖူးတော့ သူလည်း ရည်းစားရပြီလို့ ထင်တာပေါ့၊ ဒါပေမယ့် နောက်ဆုံးတော့ သူဘာမှမရလိုက်ဘူးလေ၊ သူတွေးလေ ဒေါသထွက်လေဖြစ်ပြီး အဲ့ဒီမိန်းမကိုလိုက်ရှာဖို့ရယ်၊ သူတို့ ခရီးသွားတုန်းက ကုန်ကျစရိတ်တွေ ပြန်တောင်းဖို့ရယ် ပြီးတော့ အဲ့ဒီအကြွေးတွေကို အဲ့ဒီမိန်းမကိုပါ ကူဆပ်ခိုင်းဖို့အတွက် ပိုက်ဆံထပ်အကုန်ခံပြီး သီးသန့်စုံထောက်ပါ ငှားလိုက်သေးတာ"
လုပ်ဖော်ကိုင်ဖက် အမျိုးသမီးတစ်ဦးက မကျေမချမ်း ညည်းညူလိုက်သည်။
"ရှောင်ဝူက တော်တော်ကပ်စေးနှဲတာပဲ၊ သူက မိန်းကလေးဆီကနေ ပိုက်ဆံပြန်တောင်းတယ်ပေါ့"
"ဟုတ်ပါ့ ဟုတ်ပါ့၊ ကပ်စေးနှဲတဲ့ ယောက်ျားတွေက မြှူဆွယ်ရလွယ်တယ်လေ"
လုပ်ဖော်ကိုင်ဖက် အမျိုးသားတစ်ဦးက "ဒါပေမယ့် ရှောင်ဝူက အဲ့ဒီကောင်မလေးကို လိုက်ဖို့အတွက် အကြွေးတင်ခံခဲ့တာလေ၊ လူတွေဆိုတာက မပြောဘဲသိနေတဲ့ နားလည်မှုတွေ ရှိတတ်တယ်မလား၊ ကိုယ်က လူတစ်ယောက်ကို မကြိုက်ဘူးဆိုရင် ဘာလို့ အီစီကလီလုပ်ပြီး အတူတူ ခရီးထွက်မှာလဲ၊ အပြင်ထွက်ရင် ဟိုတယ်ခန်း ယူရမယ်ဆိုတာ သိရက်သားနဲ့ဆိုတော့ ရှောင်ဝူဘက်က အထင်လွဲတာလည်း နားလည်ပေးလို့ရပါတယ်"
"အေးလေ၊ ယောက်ျားစစ်စစ်တွေက အဲ့လောက်လှည့်ကွက်တွေမှ မရှိတာ၊ သူတို့က ဒါကို သဘောတူလိုက်တာလို့ ထင်သွားတာပေါ့၊ အဲ့ဒီမိန်းမက ရှောင်ဝူရဲ့ ရည်ရွယ်ချက်ကို မရိပ်မိဘူးဆိုတာကိုတော့ ငါတော့မယုံဘူး"
သန့်ရှင်းရေးအဒေါ်ကြီးက ဆက်ပြောသည်။
"သေချာတာပေါ့၊ အဲ့ဒီမိန်းမက ရှောင်ဝူရဲ့ ရည်ရွယ်ချက်ကို ရိပ်မိတယ်၊ သူမက အလကားစား အလကားသောက် အလကားပျော်ပါးဖို့နဲ့ ဈေးကြီးတဲ့ လက်ဆောင်တွေရဖို့အတွက် လုပ်ဖော်ကိုင်ဖက်တွေနဲ့ အီစီကလီလုပ်ရတာကို သဘောကျတာလေ၊ သူမက အဲ့နယ်ပယ်မှာ တကယ့်ဝါရင့်ကြီးပဲ"
"အဲ့လိုလား"
အတင်းပြောသူများက တအံ့တသြ ရေရွတ်ကြသည်။
"ပြီးတော့ ဘာဆက်ဖြစ်သေးလဲ"
ရှုယင်းယင်းက မေးလိုက်သည်။
စနစ်လေးသည် ၎င်း၏ အချက်ပြဖမ်းစက်ကို အမြန်တပ်ဆင်လိုက်သည်။ တခြားသူတစ်ယောက်ဆီမှ အသင့်ပြင်ဆင်ပေးထားသော ဤမျှအရည်ရွှမ်းလှသည့် အတင်းအဖျင်းကို စားသုံးရခြင်းမှာ ၎င်းအတွက် ပထမဆုံးအကြိမ်ပင် ဖြစ်သည်။ အရမ်းကို အရသာရှိတာပဲ!
"နောက်တော့ ရှောင်ဝူက သူမနေရာကို တိုက်ရိုက်သွားပြီး သူမရဲ့ ရည်ရွယ်ချက်တွေကို မျက်နှာချင်းဆိုင် ဖော်ထုတ်ပစ်လိုက်တယ်၊ အကြွေးတွေ ပြန်မဆပ်ဘူးဆိုရင် ပိုက်ဆံရဖို့အတွက် ယောက်ျားပေါင်းစုံနဲ့ အီစီကလီလုပ်နေတဲ့ သူမရဲ့ အရှက်မရှိတဲ့ အပြုအမူတွေကို ဖွင့်ချပစ်မယ်လို့ ခြိမ်းခြောက်လိုက်တယ်၊ ရှောင်ဝူရဲ့ ကပ်စေးနှဲတယ်ဆိုတဲ့ နာမည်ဆိုးနဲ့ ယှဉ်လိုက်ရင်၊ အဲ့ဒီရွှေတွင်းတူးတဲ့ မိန်းမက ပိုဆိုးတယ်မလား"
အတင်းပြောသူများလည်း သဘောတူစွာ ခေါင်းညိတ်သည်။
"စဉ်းစားကြည့်လေ၊ အဲ့ဒီကိစ္စသာ ပေါက်ကြားသွားရင် အဲ့ဒီမိန်းမရဲ့ ဝင်ငွေလမ်းကြောင်း ပြတ်သွားမှာပေါ့၊ သူမက အဲ့လိုဖြစ်တာကို လုံးဝမလိုချင်ဘူးလေ၊ ဒါကြောင့် အဲ့ဒီနေ့က သူမရဲ့ ယွမ် ၃၀၀ အကြွေးကို ဆပ်ဖို့အတွက် ရှောင်ဝူနဲ့ အိပ်လိုက်ရတယ်"
"..."
လူတိုင်း တိတ်ဆိတ်မိသွားသည်။
[ဟင်... အဲ့ဒီလိုကြီး လုပ်လို့ရတယ်ပေါ့]
ဝါရင့် အတင်းပြောသူဖြစ်သော ရှုယင်းယင်းပင်လျှင် ထိုမထင်မှတ်ထားသော နည်းဗျူဟာကြောင့် လန့်ဖြန့်သွားခဲ့သည်။
[တွေ့လား၊ ငါဘာပြောလဲ၊ လူ့စိတ်ဆိုတာ ခန့်မှန်းရခက်ပါတယ်ဆို၊ မိုက်တယ်ဟေ့]
စနစ်သည်လည်း အလွန်ပင် သဘောကျသွားခဲ့သည်။ သန့်ရှင်းရေးအဒေါ်ကြီးသည် သူမ အတင်းအဖျင်းက အတင်းအဖျင်း ဘုရင်မကိုပင် လန့်ဖြန့်သွားစေသည်ကို မြင်လိုက်ရသောကြောင့် အလွန်ကြီးမားသော အောင်မြင်မှုတစ်ခုကို ခံစားလိုက်ရသည်။
သူမက မေးစေ့ကို ဂုဏ်ယူဝင့်ကြွားစွာ မော့လိုက်ပြီး မေးလိုက်သည်။
"သူတို့ရဲ့ အကြွေးတွေကို နောက်ဆုံး ဘယ်လိုဆပ်လိုက်ကြလဲဆိုတာ ခန့်မှန်းကြည့်လေ"
ကျန်လူများက ခေါင်းခါလိုက်ကြသည်။ ရှုယင်းယင်းက တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပြောလိုက်သည်။
"သူတို့နှစ်ယောက်လုံး ပြည့်တန်ဆာတော့ သွားမလုပ်ဘူးမလား"
သန့်ရှင်းရေးအဒေါ်ကြီးက လက်ခုပ်ကို တဖျောင်းဖျောင်း တီးလိုက်လေသည်။
"ထင်တဲ့အတိုင်းပဲ၊ မမလေးရှုက တကယ်တော်တာပဲ၊ အဲ့ယောက်ျားက ကြမ်းတမ်းတဲ့ အလုပ်တွေလုပ်တယ်၊ မိန်းမက ညဘက်ကျ ခန္ဓာကိုယ်သွားရောင်းတယ်၊ နောက်ဆုံးတော့ သူတို့နှစ်ယောက်လုံး သူတို့ရဲ့ ယွမ်ငါးသောင်းစီ အကြွေးတွေကို ဆပ်နိုင်သွားကြတယ်"
"..."
အတင်းအဖျင်းကို ခုံမင်လှသော လူအုပ်ကြီးသည် ထပ်မံ၍ တိတ်ဆိတ်သွားပြန်သည်။
[ဖလူး... ဒီအတင်းက တော်တော်လေးလေးနက်တာပဲ]
ရှောင်ချီသည် လက်မပင် ထောင်ပေးချင်သွားခဲ့သည်။
"တကယ်တော့ အဲ့ဒါက ဘာမှမဟုတ်သေးဘူး၊ အဆိုးရွားဆုံး ဇာတ်လမ်းက ဈေးကွက်ရှာဖွေရေးဌာနက အထွေထွေမန်နေဂျာဟွမ်ရဲ့ ကိစ္စပဲ၊ အဲ့ဒါကမှ တကယ့်ကို ပေါက်ကွဲထွက်သွားစေမယ့် ကိစ္စကြီးဟေ့"
သန့်ရှင်းရေးအဒေါ်ကြီးက နောက်ထပ် ဖရဲသီးတစ်လုံးကို အားရပါးရ ခွဲချပြန်သည်။
အတင်းပြောသူများသည် တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ မျက်လုံးချင်းဆုံလိုက်ကြသည်။ ထင်တဲ့အတိုင်းပါပဲ... တကယ့် ပညာရှင်အစစ်က သန့်စင်ခန်းထဲမှာ ရှိနေတာကိုး၊ သန့်ရှင်းရေးအဒေါ်ကြီးထံ၌ ထိုမျှအရည်ရွှမ်းသော ဇာတ်လမ်းမျိုး ရှိနေလိမ့်မည်ဟု မည်သူက ထင်မည်နည်း။
"ထပ်ပြောပြပါဦး"
ရှုယင်းယင်းက သူမ လက်နှစ်ဖက်ကို စိတ်အားထက်သန်စွာ ပွတ်သပ်ရင်း တိုက်တွန်းလိုက်သည်။
"မန်နေဂျာဟွမ်က မကြာသေးခင်ကမှ အလုပ်ဝင်လာတဲ့ ရှောင်လီနဲ့ ရှောင်ကျင်းတို့ကို အောင်သွယ်ပေးခဲ့တာလေ၊ သူတို့က ပထမလမှာ ရည်းစားတွေဖြစ်သွားပြီး ဒုတိယလမှာတင် လက်ထပ်သွားကြတော့ ကုမ္ပဏီမှာ ဟိုးလေးတကျော်ကျော် ဖြစ်သွားခဲ့တာ မှတ်မိကြလား"
ရွှယ်ဝေဝေက သွက်လက်စွာ "မှတ်မိတယ်၊ မှတ်မိတယ်၊ ကုမ္ပဏီကလူတွေအကုန်လုံး မင်္ဂလာဆောင်ကို သွားခဲ့ကြတာပဲ၊ သူတို့ အရမ်းကမန်းကတန်းနိုင်လွန်းတော့ ဗိုက်ကြီးသွားလို့ အမြန်ယူလိုက်ရတာလားလို့တောင် ငါတို့ တွေးနေကြသေးတာ"
"တကယ်ကက ကိုယ်ဝန်ရသွားလို့ အမြန်ယူရတာ မဟုတ်ဘူး၊ သူတို့က လက်တောင် မကိုင်ဖူးကြဘူး၊ အဲ့ဒါက ဟန်ပြသက်သက်ပဲ၊ သူက တခြားတစ်ယောက်အစား အပြစ်ယူပေးလိုက်တာ"
"ဘယ်သူ့အစား အပြစ်ယူပေးလိုက်တာလဲ၊ မန်နေဂျာဟွမ်အတွက်လား"
"အေး"
အတင်းပြောသူများသည် သူမအနားသို့ မသိမသာ တိုးကပ်သွားကြပြီး နောက်ထပ်ဖြစ်လာမည့် အကြောင်းအရာများအတွက် သူတို့၏ပြင်းပြသော စောင့်မျှော်မှုမှာ သိသာထင်ရှားနေပေသည်။
သန့်ရှင်းရေးအဒေါ်ကြီးက ပြုံးလိုက်ပြီး "မန်နေဂျာဟွမ်က ဖော်ရွေတတ်တဲ့သူဆိုတော့ လူတိုင်းက သူ့ကို ရိုးသားတယ်၊ ကြင်နာတတ်တယ်၊ အမြဲတမ်း ပြုံးနေတတ်တယ်လို့ ထင်ကြတာလေ၊ သူက နာမည်ကြီး မိန်းမကြောက်တစ်ယောက်လည်း ဖြစ်နေတော့ သူ့မှာ တိတ်တိတ်ပုန်းမယား ရှိနေလိမ့်မယ်လို့ ဘယ်သူကမှ သံသယမဝင်ကြဘူး၊ သူက သူ့လက် အောက်ငယ်သားတွေကို လက်ထပ်ပေးဖို့ ကြိုးစားတဲ့အခါ လူတိုင်းက သူ့ကို အရမ်း ဂရုစိုက်တတ်လိုက်တာဆိုပြီး ချီးကျူးကြတာ၊ တကယ်က အဲ့ဒီရှောင်ကျင်းက သူ့ရဲ့ တိတ်တိတ်ပုန်းမယားလေ၊ သူတို့နှစ်ယောက်က ခရီးထွက်တာကို အကြောင်းပြပြီး မကြာခဏဖောက်ပြန်နေကြတာ"
"မန်နေဂျာဟွမ်ရဲ့မိန်းမက အရမ်းပါးနပ်တယ်၊ သူမက မုန့်လာပို့ပေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရုတ်တရက် ဝင်စစ်တာမျိုးတွေ အကြိမ်ကြိမ်လုပ်ဖူးတယ်"
ရွှယ်ဝေဝေက စိတ်လှုပ်ရှားစွာ "သူတို့ကို မိဖူးကြလား"
"ဘယ်မိပါ့မလဲ၊ မန်နေဂျာဟွမ်ဆိုတဲ့ မြေခွေးအိုကြီးက လွယ်လွယ်နဲ့ အကျော့ခံမယ့်သူမှ မဟုတ်တာ၊ သူက သူ့မိန်းမရဲ့ ဖုန်းထဲမှာ ခြေရာခံစက် တပ်ထားတာလေ၊ ဒါကြောင့် နည်းနည်းလေး သံသယဖြစ်စရာရှိတာနဲ့ အလိုလို အချက်ပေးသံ မြည်တော့တာပဲ၊ မန်နေဂျာဟွမ်က အမြဲတမ်း ခြေတစ်လှမ်းဦးတယ်လေ"
"ဝါး... သူက ဖောက်ပြန်ဖို့အတွက် အစွမ်းကုန် ကြိုးစားနေတာပဲ"
တစ်စုံတစ်ယောက်က ၀င်ပြောသည်။
"ဒါပေမယ့် ကံကြမ္မာဆိုတာ မှန်းဆလို့မရဘူးလေ၊ တစ်နေ့ နေ့လယ်ဘက်မှာ မန်နေဂျာဟွမ်ရဲ့ မိန်းမက ထပ်ရောက်လာပြန်တယ်၊ သူမ ဖုန်းက အားကုန်နေတော့ မန်နေဂျာဟွမ်ရဲ့ အချက်ပေးစက်ကမမြည်ဘူးလေ"