အခန်း (၆၇-၆၈)
Vol. 7 Ch. 67-68
🍁 Chapter 67
သန့်ရှင်းရေးအဒေါ်ကြီးသည် ဤနေရာတွင် ခေတ္တရပ်လိုက်ရာ နားထောင်နေသူများ၏ နှလုံးသားများမှာ လည်ချောင်းဝသို့ပင် ရောက်လာတော့လို ခံစားလိုက်ရသည်။
"အဲ့ဒီအချိန်မှာ မန်နေဂျာဟွမ်က သူ့အတွင်းရေးမှူးနဲ့ ချစ်ရည်လူးနေတာ၊ သူ့မိန်းမရဲ့လက်က တံခါးလက်ကိုင်ဖုပေါ်တောင် ရောက်နေပြီ၊ အဲ့ဒီအချိန်မှာ ရှောင်လီ တံခါးဖွင့်ပြီး ထွက်လာခဲ့တယ်"
"ဘယ်လို"
ရုတ်တရက် အချိုးအကွေ့ကြောင့် လူတိုင်း ကြောင်အမ်းသွားခဲ့ကြသည်။
"ရှောင်လီက တစ်ချိန်လုံး ထိုင်ကြည့်နေပြီး အစောင့်ပါ လုပ်ပေးနေတာလို့တော့ မပြောနဲ့နော်"
ရွှယ်ဝေဝေက မယုံနိုင်စွာဖြင့် မေးလိုက်သည်။
"ကြည့်နေတယ်ဆိုတာက မဖြစ်နိုင်ဘူး၊ ငါက မန်နေဂျာဟွမ်ရဲ့ ရုံးခန်းကို သန့်ရှင်းရေးလုပ်ဖူးတယ်၊ အရှေ့ဘက်က ရုံးခန်းနေရာပေမယ့် အနောက်ဘက်မှာ တစ်ရေးအိပ်ဖို့ အိပ်ခန်းအဖြစ် ပြောင်းထားတဲ့ အခန်းငယ်လေးတစ်ခု ရှိတယ်၊ ရှောင်လီက ရုံးခန်းနေရာမှာ ရှိနေတာဆိုတော့ သူက မမြင်ရပေမယ့် ကြားနေရတာပေါ့"
"ဘုရားရေ... စိတ်လှုပ်ရှားစရာဖို့ ကောင်းလာပြီ၊ ပြီးတော့ ဘာဆက်ဖြစ်လဲ"
"ပြီးတော့ ရှောင်လီက လူတိုင်းကို ပြန်လွှတ်လိုက်တယ်၊ တကယ်တော့ သူက စာရွက်စာတမ်းတွေ လာပို့ရင်းနဲ့ သူ့အထက်လူကြီးမှာ အဲ့ဒီအခြေအနေကို ဖုံးကွယ်ဖို့ အကူအညီလိုနေတယ်လို့ ခံစားရလို့ သူကိုယ်တိုင်တာဝန်ယူပြီး ကျန်ရစ်ခဲ့တာ၊ မထင်မှတ်ဘဲနဲ့ သူက သူ့ရဲ့သစ္စာရှိမှုကို သက်သေပြဖို့ အကောင်းဆုံးအခွင့်အရေးရသွားခဲ့တာပေါ့၊ အဲ့ဒီနောက်မှာတော့ မန်နေဂျာဟွမ်က သူ့ကို ဆုတွေအများကြီး ချီးမြှင့်ခဲ့ပြီး သူ့ရဲ့ အကြံပြုချက်အရ သူနဲ့ အဲ့ဒီတိတ်တိတ်ပုန်းမယားတို့ ဟန်ပြလက်ထပ်ဖို့ အကြံအစည် ထွက်လာခဲ့ပြီး အရင်က ငါတို့သွားခဲ့ရတဲ့ မင်္ဂလာဆောင် ဖြစ်လာတာပဲ"
"ရှောင်လီက ရှောင်ကျင်းနဲ့ လက်ထပ်ပြီးကတည်းက စွမ်းဆောင်ရည်ပိုင်းမှာ အမြဲတမ်း နံပါတ်တစ် ဖြစ်နေတာလေ၊ အဲ့တာ အားလုံးက မန်နေဂျာဟွမ်ရဲ့ မျက်နှာသာပေးမှုတွေကြောင့်ပေါ့"
"ကြည့်စမ်း ကြည့်စမ်း... အဲ့ဒါကမှ လက်တွေ့ကျတယ်ဆိုတာပဲ၊ ငါတို့တွေ နောက်ထပ် ဘဝဆယ်ခုလောက် ထပ်ရှင်သန်ရရင်တောင် ရှောင်လီရဲ့ အမြော်အမြင်လိုမျိုး ရှိလာမှာမဟုတ်ဘူး"
ရွှယ်ဝေဝေသည် တစ်ဝက်က အားကျကာ တစ်ဝက်မနာလိုစွာဖြင့် ပြောလိုက်သည်။
သန့်ရှင်းရေးအဒေါ်ကြီးက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပြီး "အဲ့ဒါက အဲ့လောက်ရိုးရှင်းတယ်လို့ နင်တို့ တကယ်ထင်နေကြတာလား"
ထိုစကားကြောင့် အတင်းသနားများ၏ နားရွက်များ ထောင်လာကြပြန်သည်။
ရှုယင်းယင်းက "နောက်ကွယ်မှာ ဇာတ်လမ်းတစ်ပုဒ် ရှိသေး တာလား"
"နောက်ကွယ်က ဇာတ်လမ်းတော့ မရှိဘူး၊ ဒါပေမယ့် နောက် ထပ် ဖောက်ပြန်မှုတစ်ခု ရှိသေးတယ်၊ နင်တို့ ခန့်မှန်းကြည့်ကြည့်"
သန့်ရှင်းရေးအဒေါ်ကြီးမှာ လူတိုင်း၏ စိတ်လှုပ်ရှားမှုကို နှိုးဆွပေးလိုက်ပြန်သည်။
"ရှောင်လီနဲ့ ရှောင်ကျင်းက တကယ် ဖောက်ပြန်နေကြတာလို့ ငါလောင်းရဲတယ်"
"မဟုတ်ဘူး"
"ဒါဆို ရှောင်လီက မန်နေဂျာဟွမ်ရဲ့ မိန်းမနဲ့ ပြန်ငြိနေတာပေါ့၊ ခင်ဗျားက ကျုပ်ရဲ့ ဟန်ပြမိန်းမနဲ့ ဖောက်ပြန်တော့၊ ကျုပ်ကလည်း ခင်ဗျားရဲ့ မိန်းမအရင်းနဲ့ အိပ်မယ်ဆိုတာမျိုးလား"
ထိုရူးကြောင်ကြောင် အတွေးကြောင့် လူတိုင်း အပြင်းအထန် ခေါင်းညိတ်ထောက်ခံကြသည်။
"မဟုတ်ဘူး"
လူတိုင်းက တစ်ယောက်ကိုတစ်ယောက် သံသယအပြည့်ဖြင့် ကြည့်လိုက်ကြပြီး ရှုယင်းယင်းကို မသိမသာ လှမ်းကြည့်လိုက်ကြသည်။
ရွှီယင်ယင်သည် လူတိုင်း၏မျှော်လင့်ချက်အား မပျက်စေပဲ "မန်နေဂျာဟွမ်နဲ့ ရှောင်လီတို့က ဖောက်ပြန်နေကြတာလား"
"ဟုတ်ပ၊ သခင်မလေးက အမြဲတမ်း မှန်နေတာပဲ"
"......"
အဲ့ဒီလောက်ကြီး ဗြောင်ကျကျ ချီးကျူးနေစရာ မလိုပါဘူး၊ ဖြစ်နိုင်ချေရှိတာတွေက ဖယ်ထုတ်ပြီးသားလေ...
"ဘုရားရေ... ရှောင်လီက မန်နေဂျာဟွမ်အပေါ်မှာ ခံစားချက်ရှိနေခဲ့တာဆိုရင်တော့ အဲ့ဒီတုန်းက သူ့ရဲ့ ခိုးနားထောင်တဲ့ အပြုအမူက နည်းနည်းတော့ ကြက်သီးထစရာကောင်းတယ်"
"ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်၊ ကိုယ်ကြိုက်တဲ့သူက တခြားတစ်ယောက်နဲ့ အတူရှိနေတာကို ကာယကံရှင်က ခိုးနားထောင်နေရတယ်ဆိုတာ ဘယ်လောက်တောင် မူမှတ်စိတ်လဲ"
"အိုက်ယား"
ရှောင်ချီ၏လျှပ်စစ်သံလိုက်စက်ကွင်းပင် ရုတ်တရက် တုန်ခါသွားခဲ့သည်။ တော်ပါတော့... ငါတောင် ရွံသွားပြီ :)
"နေဦး... မန်နေဂျာဟွမ်မှာ မိန်းမနဲ့ ကလေးတွေ ရှိတယ်မလား၊ အဲ့ဒါဆို သူက ယောကျာ်းစစ်ကြီးပေါ့၊ ရှောင်လီက သူ့ကို ဘယ်လိုလုပ် အပိုင်ဖမ်းနိုင်ခဲ့တာလဲ"
အမျိုးသားလုပ်ဖော်ကိုင်ဖက်တစ်ဦးက မေးခွန်းထုတ်လိုက်သည်။
သန့်ရှင်းရေးအဒေါ်ကြီးက တည်ငြိမ်အေးဆေးစွာဖြင့် "ဘယ်သူက မန်နေဂျာဟွမ်ကို အောက်ကနေရတယ်လို့ ပြောလို့လဲ၊ ရှောင်လီက အောက်ကနေပေးရတာလေ၊ ဘာပဲဖြစ်ဖြစ် မန်နေဂျာဟွမ်က အစထဲက မြောင်းဖောက်နေကျဆိုတော့ အခုလည်း အတူတူပဲ"
"..."
အန်တီရဲ့ စကားအသုံးအနှုန်းတွေကတော့ အဆင့်တစ်ခုကို ရောက်နေပြီပဲ။
[အာ့... ငါ့နားတွေတော့ ညစ်ညမ်းကုန်ပါပြီ]
စနစ်လေးက အော်ဟစ်လာသည်။ ရှုယင်းယင်းလည်း တိတ် တဆိတ် မျက်နှာပူသွားခဲ့သည်။ ထင်တဲ့အတိုင်းပဲ... နောက် ဆုံးတော့လည်း အဒေါ်ကြီးကပဲ final boss ဖြစ်နေတာကိုး။
"ရှောင်ကျင်းက ရှောင်လီနဲ့ မန်နေဂျာဟွမ်တို့ အကြောင်းကို သိလား"
ရွှယ်ဝေဝေ သေရမှာမကြောက်ဘဲ ဆက်တူးဆွလိုက်သည်။
"သိတာပေါ့... ဒါပေမယ့် သူတို့သုံးယောက်က တစ်ယောက်ကိုတစ်ယောက် အကာအကွယ်ပေးပြီး ပျော်ပျော်ရွှင်ရွှင်နေသွားကြဖို့ သဘောတူလိုက်ကြတာလေ"
အတင်းသမားများ: "..."
အိုကေ၊ ငါတို့တွေက အတွေးတိမ်လွန်းသွားတာပဲ၊ သုံးယောက်တောင် အတူတူဆိုတော့ ပိုအဆင်ပြေတာပေါ့ :)
သန့်ရှင်းရေးအဒေါ်ကြီး၏ ပေါက်ကွဲလွန်းလှသော သတင်းနှစ်ခုကို ကြားပြီးနောက် အတင်းသမားများသည် အနည်း ငယ် မူးဝေသွားသလို ခံစားလိုက်ရပြီး စိတ်အေးအေးထားရန် အချိန်ပေးလိုက်ရသည်။
သို့ဖြစ်ရာ သန့်ရှင်းရေးအဒေါ်ကြီးသည် အောင်မြင်ခြင်း ခံစားချက်ဖြင့် ထွက်ခွာသွားခဲ့ပြီး ကျန်သူများမှာမူ လူစုကွဲသွားကြကာ ဖုန်းကစားသူက ကစား၊ ဗီဒီယိုကြည့်သူက ကြည့်နှင့် ရုပ်ရှင်များကြည့်ရန်လည်း စုဝေးလိုက်ကြသည်။ သူတို့အလုပ်ကလွဲပါက ကျန်တာအကုန်လုပ်ကြသည်။
ရှုယင်းယင်းသည် ထိုကယ်ဆယ်၍မရသော အခြေအနေကိုမြင်ချိန် အတော်လေးကျေနပ်သွားခဲ့သည်။ သူမသည် ကျယ်ဝန်းပြီး နူးညံ့သော ဆိုဖာပေါ်တွင် လှဲလျောင်းလိုက်ကာ သူမကိုယ်ပေါ်သို့ စောင်ကိုဆွဲခြုံလိုက်ပြီး နေ့လယ်စာမစားမီ အိပ်ရေးဝဝအိပ်ရန်နှင့် နေ့လယ်ပိုင်းတွင် အတင်းဆက်ပြောရန် အားမွေးလိုက်သည်။
လစာယူပြီး အလုပ်အချောင်ထိုကာ အတင်းပြောရသည်ထက် ပိုပျော်စရာကောင်းသည်မှာ ဘာမျှမရှိတော့ပေ။
ရှုယန်ရွေ့လည်း သူ့ အဖွဲ့နှင့် အစည်းအဝေး ပြီးသွားချိန် ရှုယင်းယင်း အခြေအနေကို စုံစမ်းရန် သူ့သတင်းပေးထံသို့ ချက်ချင်း ဖုန်းခေါ်လိုက်သည်။ သူမအဖွဲ့သည် ကုမ္ပဏီတွင် အသုံးမကျဆုံးသော အဖွဲ့ဖြစ်နေကြောင်း သိလိုက်ရသော အခါ သူ စိတ်သက်သာရာရသွားခြင်းမရှိသည့်အပြင် ပိုလို့ပင်စိတ်ဓာတ်ကျသွားခဲ့သည်။ သူမ ဘာတွေများ လုပ်ဖို့ကြိုးစားနေတာလဲ...
"သူမရဲ့အဖွဲ့က အခြေခံလစာနဲ့ အလုပ်လုပ်နေတဲ့ အသုံးမကျတဲ့ လူတွေချည်းပဲဆိုတာ မင်းသေချာလို့လား"
"သေချာပါတယ်၊ သူက သန့်ရှင်းရေးအဒေါ်ကြီး တစ်ယောက်တောင် ငှားထားသေးတယ်"
"ဘာ"
ရွှီယန်ရွေ့၏ နဖူးကြောများ တွန့်သွားသည်။
"သူက သန့်ရှင်းရေးအဒေါ်ကြီးကို ဘာလုပ်ဖို့ ငှားထားတာလဲ"
"ရုံးခန်းကြမ်းပြင်ပေါ်က နေကြာစေ့အခွံတွေနဲ့ အာလူးကြော် အကြွင်းအကျန်တွေကို ရှင်းလင်းဖို့နေမှာပေါ့"
လက်အောက်ငယ်သားက မသေချာမရေရာစွာ ပြန်ဖြေလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သန့်ရှင်းရေးအဒေါ်ကြီး ထွက်လာချိန်တွင် ကြမ်းပြင်အနှံ့ ပြန့်ကျဲနေသော သရေစာ အမှိုက်များကို သူ အနည်းငယ် မြင်လိုက်ရသည်။ ရှုယန်ရွေ့သည် ရှုယင်းယင်း၏လုပ်ရပ်များကြောင့် လုံးဝကို ဆွံ့အသွားခဲ့ရသည်။
"ဒါဆို သူက ပါတီပွဲ လုပ်နေတာပေါ့"
ဒါက ရှုယင်းယင်းအနေနဲ့ သူနဲ့ယှဉ်ပြိုင်ဖို့ တကယ်ရည်ရွယ် ချက်မရှိဘူးလို့ ဆိုလိုတာလား...
"မစ္စတာရှု၊ ကျွန်တော့်ရဲ့ အမြင်ကို ပြောရရင် ဥက္ကဋ္ဌကြီးက ခင်ဗျားကို သူမနဲ့ ယှဉ်ပြိုင်ဖို့ ပြောထားကတည်းက သူမဆီမှာ ထူးခြားတဲ့စွမ်းရည် တချို့ရှိရမယ်၊ ကျုပ်တို့ သတိလက်လွတ်ဖြစ်သွားအောင်လုပ်ပြီးမှ အလစ်အငိုက် ဖမ်းဖို့ ကြိုးစားနေတာဖြစ်နိုင်တယ်"
ရှုယန်ရွေ့တစ်ယောက် လောကကြီးကို ဂရုမစိုက်တတ်သည့် သူ့တူမဖြစ်သူမှာ အတင်းအဖျင်းကိုသာ စိတ်၀င်စားပုံကို ပြန်တွေးမိကာ ရယ်ချင်စိတ်ကိုပင် မထိန်းနိုင်တော့ပေ။
"ထားလိုက်တော့၊ သူမက တကယ် ဘာအကြံမှရှိမှာမဟုတ်ဘူး၊ သူမက တကယ်ပဲ အသုံးမကျတဲ့လူတစ်ယောက် ဖြစ်ချင်နေတာ၊ မင်း ထပ်စုံစမ်းနေစရာမလိုတော့ဘူး၊ သူ့ဘာသာသူ နေပါစေ"
မည်သို့ပင်ဆိုစေကာမူ သူမ ဘာမှဖြစ်လာမည်မဟုတ်ဟု သူ ကြိုတင်တွက်ဆထားပြီးသားဖြစ်သည်။ ထို့ကြောင့် အဘိုးရှုအား ကိုယ့်ရှူးကိုယ်ပတ်ရန်သာ လွှတ်ထားလိုက်သည်။
အဘိုးရှုက မည်သည့်လှည့်ကွက်များ သုံးနေမှန်း သူ မသိသော်လည်း သူ သေချာပေါက် သိထားသည့် အရာတစ်ခုရှိသည်။ အကယ်၍ ရှုယင်းယင်းကိုသာ သူ ရှုံးနိမ့်သွားခဲ့လျှင် အဘိုးအိုက သူ့အား နှင်ထုတ်နေစရာပင် မလိုတော့ပဲ သူကိုယ်တိုင် ထွက်သွားရုံသာ ရှိတော့မည်။ သူ ဆက်နေနေရမည်ဆိုလျှင်လည်း အလွန်တရာ အရှက်ကွဲစရာ ကောင်းလွန်းလှသည်မဟုတ်ပါလား။ သူ ကိုယ့်သိက္ခာကိုယ်ဆယ်နိုင်ရန်အတွက်ပင် မဖြစ်မနေ အနိုင်ရမှဖြစ်မည်။
ရှုယင်းယင်းသည် နေ့လယ်စာစားချိန်ကွက်တိ နိုးလာခဲ့လေသည်။ သူမ အစည်းအဝေးခန်း စားပွဲပေါ်တွင် မှတ်စုစာရွက်လေး တစ်ရွက်ကို တွေ့လိုက်ရသည်။ ထိုသည်မှာ ရွှယ်ဝေဝေမှာ ထမင်းသွားစားပြီဖြစ်ပြီး သူမကအလွန်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသဖြင့် မနှောင့်ယှက်ချင်တော့ကြောင်းနှင့် နိုးလာလျှင် ဖုန်းဆက်လိုက်ပါက ထမင်းဝယ်လာခဲ့မည်ဖြစ်ကြောင်း ရေးထားလေသည်။
ရှုယင်းယင်းမှာ စိတ်အားထက်သန်နေကြသော လုပ်ဖော် ကိုင်ဖက်များကို တွေးကာ ကျေနပ်စွာသက်ပြင်းချလိုက်သည်။
"ဒါကမှ ငါလိုချင်တဲ့ ပါတနာတွေပဲ၊ အလုပ်တွေနဲ့ ပရောဂျက်တွေ အားလုံး သွားစမ်းပါ၊ ဖရဲသီးပဲ သွားစားကြစို့"
ရှုယင်းယင်းသည် အကြောဆန့်ကာ သမ်းဝေလိုက်ပြီး မျက်လုံးများကို မှေးစင်းထားလိုက်သည်။ အလုပ်မှာ အိပ်ရသည်က အလွန်ကို သက်တောင့်သက်သာ ရှိလှသည်မဟုတ်ပါလား။ သူမသည် စောင်ကို သပ်သပ်ရပ်ရပ် ခေါက်လိုက်ပြီး ဘာစားရမည်နည်းဟု တွေးတောကာ အပြင်ထွက်ရန် တံခါးကို ပျော်ရွှင်စွာ ဖွင့်လိုက်သည်။
ထိုစဉ် ရှုယန်ဝေ၏ခေါ်သံက သူမ အနောက်ဘက်မှ ထွက်ပေါ်လာသည်။
🍁 Chapter 68
"ဒေါ်လေး၊ ထမင်းစားပြီးပြီလား"
မိသားစု ပြန်လည်ဆုံစည်းပွဲ ညစာစားပြီးကတည်းက ရှုယင်းယင်းသည် သူမ၏ ကိုယ်ပိုင်လက္ခဏာကို ဖုံးကွယ်ရန် မကြိုး စားတော့ဘဲ မိသားစုဝင်များကို ပွင့်ပွင့်လင်းလင်းပင် နှုတ် ဆက်တတ်နေပြီဖြစ်သည်။
"မစားရသေးဘူး၊ Client တစ်ယောက်နဲ့ နေ့လယ်စာစားဖို့ရှိတယ်၊ သမီးလည်း ဒေါ်လေးနဲ့အတူ ပြင်သစ်စာ လိုက်စားမလား"
ရှုယင်းယင်း မျက်လုံးများ အရောင်လက်သွားသည်။
[ပြင်သစ်စာလား၊ အဲ့တာက ဟင်းပွဲက နည်းနည်းလေးဆိုပေမယ့် ဈေးကတော့ အရမ်းကြီးတာပဲ၊ စဉ်းစားကြည့်တော့ ငါလေး အရင်က တစ်ခါမှမစားဖူးဘူး ထင်တယ်]
"သမီး လိုက်ခဲ့လို့ ရပါ့မလား၊ အန်တီတို့ကို အနှောင့်အယှက်များ ဖြစ်သွားမလားဟင်"
"မဖြစ်ပါဘူး၊ သမီးက သမီးဟာသမီးပဲစား၊ အန်တီက စကားပြောမှာပေါ့"
"ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် အန်တီလေး"
ရှုယန်ဝေသည် ရှုယင်းယင်း ဆံပင်များကို ဖွဖွလေး ပွတ်သပ်လိုက်ပြီး သူမ လက်အားဆွဲကာ ထွက်သွားကြလေသည်။
စားသောက်ဆိုင်သည် မြို့လယ်ခေါင်ရှိ ကြယ်ငါးပွင့် ဟိုတယ်တစ်ခု၏ ခေါင်မိုးပေါ်တွင် တည်ရှိပြီး လေဟာပြင် ဥယျာဉ်လေးတစ်ခုသဖွယ် ဖန်တီးထားသည်။ ထိုနေရာသည် ငှက်ကလေးများ၏ တေးဆိုသံများ၊ မွှေးကြိုင်သော ပန်းရနံ့များဖြင့် ပြည့်နှက်နေပြီး စိမ်းလန်းသော သစ်ပင်များကလည်း ဝန်းရံထားသည်။ ကွန်ကရစ်တောအုပ်ထဲမှ ကောင်း ကင်ဘုံလေးတစ်ဖွယ်ဖြစ်နေကာ ရှုယင်းယင်းပင် လူကုံထံများက ဘဝကို မည်သို့ပျော်ရွှင်စွာ ဖြတ်သန်းရမလဲဆိုတာကို တကယ်သိကြပါလားဟု ချီးကျူးမိလိုက်သည်။
ရှုယင်းယင်း ငွေကြေးအကြောင်း စဉ်းစားမိချိန် ရုတ်တရက် အနည်းငယ် စိတ်ဓာတ်ကျသွားသလို ခံစားလိုက်ရသည်။ သူမ ဘဏ်အကောင့်ထဲမှ ငွေပမာဏသည် သူမစိတ်ကြိုက် ဖြုန်းတီးပစ်နိုင်လောက်အောင် များပြားလှသော်လည်း သူမတွင် သုံးစွဲချင်စိတ် လုံးဝမရှိချေ။ သူမ အပြင်ထွက်လျှင် ကားဆရာရှိသည်။ အိမ်ပြန်ရောက်လျှင် စားဖိုမှူးလည်း အသင့်ရှိနေသည်။ ထို့အပြင် အိမ်အကူကလည်း သူမအား အစစအရာရာ ပြုစုယုယပေးသဖြင့် သူမဘဝသည် အလွန်တရာ သက်တောင့်သက်သာ ရှိလှသည်။
သူမ လက်ဝတ်ရတနာများသည် အမြဲတစေ နောက်ဆုံးပေါ် ဒီဇိုင်းများဖြစ်ပြီး သူမသည် အဆင့်မြင့် ဖက်ရှင်အဝတ် အစားများကိုလည်း တစ်ခါဝတ်ပြီးလျှင် စွန့်ပစ်လိုက်သည်။ ပျော်စရာကောင်းပြီး ဆန်းသစ်သော ပစ္စည်းအသစ်များ ထွက်ပေါ်လာတိုင်း သူမ၏ချမ်းသာသော မိခင်က များစွာဝယ်ပေးပြီး တစ်ခါမှ မထပ်ဖူးပေ။
ပိုက်ဆံဆိုသည်မှာ သူမအတွက် တကယ်ကို ဂဏန်းအစု အဝေးလေး တစ်ခုသာ ဖြစ်လာသည်။ စာအုပ်ထဲသို့ ကူးပြောင်းမလာမီက ပိုက်ဆံကျွန်တစ်ယောက်အဖြစ် ဆင်းရဲမွဲတေစွာ ရုန်းကန်ခဲ့ရသည့် နေ့ရက်များကို ပြန်တွေးကြည့်လိုက်လျှင် ယခုဘဝနှင့် အလွန်တရာ ကွာခြားလွန်းလှသည်ကို မြင်ယောင်မိသည်။ ဒါကြောင့် သူမက အဲ့ဒီကို ပြန်မသွားဘဲ ဒီမှာပဲသေဖို့ ဆုံးဖြတ်ထားလိုက်တာလေ...
ရှုယင်းယင်းသည် သူမပန်းကန်ထဲရှိ သေသပ်လှပသော ဟင်းလျာများဆီသို့ မျက်လွှာချကာ ကြည့်လိုက်ပြီး ပင်လယ်စာသုပ်ကိုသာ ဆက်စားနေလိုက်သည်။ ထိုစဉ် သူမ နောက် ကျောဘက်ဆီမှ အမျိုးသမီးတစ်ဦး၏အသံ ခပ်သဲ့သဲ့ ထွက်ပေါ်လာသည်။
"ယန်ဝေလား"
ရှုယန်ဝေ လှည့်ကြည့်လိုက်ရာ သူမအား ခေါင်းအစခြေအဆုံး ရဲတင်းစွာ စူးစမ်းကြည့်ရှုနေသော ယွီအန်းအန်း အကြည့်နှင့် တိုက်ရိုက် ဆုံလေသည်။
"တကယ်ပဲ နင်ပါလား၊ ငါ့ကို မှတ်မိသေးလား"
ရှုယန်ဝေက မျက်မှောင်အနည်းငယ် ကုတ်လိုက်ပြီး မသေချာဟန်ဖြင့် "နင်က ယွီအန်းအန်းလား"
"နင် ငါ့ကို မှတ်မိသေးပုံပဲ၊ မတွေ့ရတာကြာပြီနော် ဝမ်အာ"
ယွီအန်းအန်းသည် ရင်းနှီးကျွမ်းဝင်ဟန်ဖြင့် သူတို့နှင့် မျက် နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် ရှုယင်းယင်းကို မြင်သောအခါ ခပ်ပြုံးပြုံးဖြင့် "ဒါလေးကရော ဘယ်သူလဲ"
"ငါ့တူမလေး၊ ယင်းယင်းလေ"
"အို... နင်က အသစ်အသိအမှတ်ပြုခံရတဲ့ အမွေဆက်ခံသူလေး ဖြစ်ရမယ်၊ မနေ့ညက WeChat Moments မှာ နင့်ကို ငါတွေ့လိုက်တယ်၊ တွေ့ရတာ ဝမ်းသာပါတယ်"
ရှုယင်းယင်းသည် လူမှုရေးအရ ဟန်ဆောင်ပြုံးလိုက်ပြီး သူမကို လက်ဆွဲနှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ အန်တီ"
ယွီအန်းအန်း၏အပြုံးက ချက်ချင်းပင် အေးခဲသွားသည်။ သူမက ငါ့ကို အန်တီလို့ ခေါ်လိုက်တယ်ပေါ့၊ ဘယ်လောက်တောင် ရိုင်းလိုက်လဲ။
သူမသည် မလွှတ်ချင်လွှတ်ချင်ဖြင့် လက်ကိုလွှတ်လိုက်ပြီး ရှုယန်ဝေနှင့် အပြန်အလှန် နှုတ်ဆက်စကားပြောနေလိုက်သည်။
"နင် ကွာရှင်းလိုက်ပြီဆို"
ယွီအန်းအန်းက သူမ၏ စပ်စုချင်စိတ်ကို လုံးဝဖုံးကွယ်မထားပေ။
"အေး"
ရှုယန်ဝေက အေးစက်စက် ပြန်ဖြေလိုက်သည်။
"အို... နှမြောစရာကောင်းလိုက်တာ၊ အရင်တုန်းက နင် သူ့ကို လိုက်တုန်းက လူတိုင်းသိကြတာပဲ၊ နင်တို့ မင်္ဂလာဆောင်ကလည်း တစ်မြို့လုံး ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့တာလေ၊ လူတိုင်းက နင်တကယ် အချစ်စစ်နဲ့ လက်ထပ်ခဲ့တယ်လို့ ထင်ခဲ့ကြတာ၊ ယောကျာ်းတွေရဲ့ မွေးရာပါ အပြစ်အနာအဆာတွေမှာ နင်ရှုံးနိမ့်သွားမယ်လို့ ဘယ်သူက ထင်မှာလဲထ ပြောရရင် ကူးချန်က တကယ်ပဲ မိန်းမရှုပ်တာလား၊ သူ့ပုံကြည့်ရတာ အဲ့ဒီလိုပုံ မပေါက်ပါဘူး"
ယွီအန်းအန်း၏ မျက်လုံးများတွင် သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာနေသည့် အရိပ်အယောင်များ အထင်းသား ပေါ်လွင်နေသည်။ ရှုယန်ဝေသည် သူမ၏ လက်သီးကို ဆုပ်လိုက်ပြီး တုံ့ဆိုင်းမနေဘဲ ခပ်ပြတ်ပြတ် ပြောလိုက်သည်။
"အင်း၊ သူက မိန်းမရှုပ်တယ်၊ ဒါကြောင့် ငါက သူ့ကို ဘာမှမပါဘဲ ထွက်သွားရအောင် လုပ်ခဲ့ရုံတင်မကဘူး၊ သူ့ကို ထောင်ကျအောင်ပါ ထောင်ချောက်ဆင်ခဲ့တာ၊ ပြီးတော့ အဲ့ဒီသတင်းကို တိတ်တိတ်ပုန်းမယားရဲ့ ရည်းစားဆီကို ပေါက်ကြားအောင် လုပ်လိုက်တော့ သူက ဒေါသတကြီးနဲ့ ဖောက် ပြန်နေတဲ့ ချစ်သူနှစ်ယောက်လုံးကို သတ်ပစ်လိုက်ရော"
ယွီအန်းအန်း: "..."
တစ်ဖက်လူ၏လုံးဝ မှင်သက်သွားသော မျက်နှာထားကို မြင်ရချိန် ရှုယင်းယင်း ပြုံးမိသွားသည်။
[ဟားဟားဟား၊ အလုပ်ဖြစ်သွားပြီ၊ ဒေါ် လေးက နင့်ကို သေမလောက် လန့်သွားအောင်လုပ်လိုက်တာ စုန်းမအိုကြီးရဲ့၊ တမင်တကာ ပြဿနာလာရှာတာကိုး၊ ကောင်းတယ် အဲ့မှာမှတ်စမ်း]
ယွီအန်းအန်းသည် ရှုယန်ဝေ၏ရက်စက်လှသော တန်ပြန်တိုက်ခိုက်မှုမှ သတိမဝင်သေးခင်မှာပင် ရှုယင်းယင်းက ပါးစပ်မဟဘဲ အသံထွက်လာသည်ကို မြင်လိုက်ရသဖြင့် လုံးဝဆွံ့အသွားရသည်။ ဘာတွေ ဖြစ်နေတာလဲ။
[ဝိုး... ဒီမိန်းမဆီမှာ အရည်ရွှမ်းတဲ့ ဖရဲသီးတွေ ရှိတယ်၊ နင် စားချင်လား]
ရှောင်ချီ၏စိတ်လှုပ်ရှားနေသော အသံက ရှုယင်းယင်းနှင့် ရှုယန်ဝေတို့အား ချက်ချင်းလန်းဆန်းသွားစေသည်။ ယွီအန်းအန်းမှာမူ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသလို ခံစားလိုက်ရသည်။ အဲ့ဒါ ဘယ်သူ့အသံလဲ၊ ဘာ အရည်ရွှမ်းတဲ့ ဖရဲသီးလဲ။
[စားမယ်၊ မြန်မြန်ခွဲပါဟ]
[သူမက နင့်အန်တီရဲ့ တက္ကသိုလ်က အတန်းဖော်ဖြစ်သလို အခန်းဖော်လေ၊ သူမကို အပေါ်ယံကြည့်ရင် အန္တရာယ်ကင်းမယ့်ပုံ ပေါက်ပေမယ့် တကယ်တော့ စိတ်ဓာတ် အရမ်းမည်းညစ်တာ၊ သူမထက် သာတဲ့သူတွေကို မနာလိုဖြစ်တတ်တယ်၊ သူမမိသားစုက သာမန်ပဲပေမယ့် ချမ်းသာချင်ယောင်ဆောင်ရတာကို သဘောကျတယ်၊ အဲ့ဒါတွေ ပေါ်သွားတဲ့အခါ အပေါ်ယံမှာ ချိုသာပြီး ရိုးသားတဲ့ပုံ ဟန်ဆောင်ပေမယ့် ကွယ်ရာမှကျ လူတစ်ယောက်ရဲ့ မျက်နှာသစ်ဆေးကို ခြေထောက်လိမ်းဆေးနဲ့ အစားထိုးတာမျိုး ဒါမှမဟုတ် သူတို့ရဲ့ အသုံးအဆောင်တွေထဲကို ယောကျာ်းလေး သုပ်ရည်တွေ ထည့်ထားတာမျိုးလို ညစ်ပတ်တဲ့ နည်းလမ်းတွေကို သုံးတတ်တယ်၊ အရမ်းကို ရွံစရာကောင်းပြီး ယုတ်မာတာ]
[ဘုရားရေ၊ သူက စိတ်ဝေဒနာသည်များလား]
ရှုယင်းယင်းသည် ရွံရှာဖွယ်ကောင်းသော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
"နင်..."
ယွီအန်းအန်းသည် ရှုယင်းယင်းကို မေးခွန်းထုတ်ချင်သော် လည်း လည်ချောင်းထဲမှ ထစ်ဆို့နေကာ တစ်ခွန်းမှပြောမထွက်ချေ။ ရှုယန်ဝေသည် တူမဖြစ်သူ သံသယမဝင်စေရန် အလျင်အမြန် စကားဖြတ်ပြောလိုက်သည်။
"နင်လည်း ငါ ပြောင်းလဲသွားပြီလို့ ထင်တယ်မလား၊ မတတ်နိုင်ဘူးလေ၊ ဘဝက ငါ့ကို အဲ့ဒီလို ဖြစ်အောင် ဖိအားပေးတာကို၊ ငါသာ ရက်စက်မပြရင် လမ်းဘေးက ခွေးတွေကြောင်တွေတောင် အနိုင်ကျင့်ကြမှာ"
"နင်..."
ယွီအန်းအန်းက စကားပြောရန် ပြင်လိုက်စဉ်မှာပင် ထူးဆန်း သော အသံတစ်သံကို ထပ်ကြားလိုက်ရပြန်သည်။
[ဘွဲ့ရကတည်းက သူမက ချမ်းသာတဲ့ ယောကျာ်းတွေကို အမြဲမပြတ် ရှာဖွေနေခဲ့တာ၊ အလုပ်စဝင်တဲ့ ပထမဆုံးနေ့မှာတင် သူဌေးရဲ့ သူငယ်ချင်းကို သဘောကျသွားပြီး လူမှုရေးပွဲကိုတက်ဖို့ ကိုယ့်ဆန္ဒအလျောက်ပါဝင်ခဲ့တယ်၊ ညစာစားပွဲမှာလည်း သူမက သူ့အပေါ်မှာချည်း ကပ်တွဲနေပြီး သူ့ကိုဖက်ခဲ့တဲ့အပြင် ခွက်တစ်ခွက်တည်းကို အတူတူသောက်ခဲ့ကြသေးတာ၊ မူးသွားတဲ့အချိန်မှာတော့ သူမဘက်က အတင်းလုပ်ဖို့တောင် ကြိုးစားခဲ့သေးလို့ သူဌေးရဲ့သူငယ်ချင်းက သေမလောက် လန့်သွားခဲ့ရတယ်]
[ဘုရားရေ၊ သူမက ဘယ်လောက်တောင် အချောင်နှိုက်ချင်နေတာလဲ]
[အဲ့ဒါတင်မကသေးဘူး၊ သူဌေးရဲ့ သူငယ်ချင်းကို မြှူဆွယ်ဖို့ ကျရှုံးသွားတော့ သူမက သူဌေးရဲ့ တိတ်တိတ်ပုန်းမယားကို လမ်းမှားရောက်အောင် လုပ်ခဲ့တယ်၊ သူမနဲ့ သူဌေးက ဖောက် ပြန်နေတယ်လို့ထင်သွားအောင် လုပ်ခဲ့တာလေ၊ အဲ့ဒါကြောင့် တိတ်တိတ်ပုန်းမယားက သူဌေးကို အမြဲတမ်းလိုက်နှောင့် ယှက်နေတော့ သူ့မိန်းမတောင် သတိထားမိလုနီးပါး ဖြစ်သွားခဲ့တယ်၊ သူဌေးက သူမကြောင့် အရမ်းကို ဒုက္ခရောက်သွားတော့ နောက်ဆုံးမှာ သူမ ဘာလိုချင်လဲလို့ မေးလိုက်ရတယ်]
[သူမ ဘာပြောလဲ နင် ခန့်မှန်းကြည့်]
နားထောင်နေသူများသည် တိတ်တဆိတ် နားစွင့်လိုက်ကြသည်။ အပြင်ပန်းတွင် စားသောက်နေဟန် ဆောင်နေသော်လည်း အတွင်းစိတ်ထဲတွင်မူ သူတို့၏ အတင်းအဖျင်းစိတ်က ပွက်ပွက်ဆူနေပြီဖြစ်ကာ သူမအား မြန်မြန်ပြောရန် တိုက်တွန်းနေကြလေသည်။ ပြင်သစ်စာနှင့် အတင်းအဖျင်းပေါင်းစပ်ချိန်တွင် နားကိုသာမက လျှာကိုပါ နှစ်ဆ ပျော်ရွှင်မှုကို ပေးစွမ်းနိုင်ပေသည်။
[သူမက Sugar daddy တစ်ယောက်နဲ့ မိတ်ဆက်ပေးဖို့ တောင်းဆိုလိုက်တာလား]
[မှန်ချက်၊ သူမက သာမန်လူမျိုးမဟုတ်ဘဲ အရမ်းချမ်းသာတဲ့သူ ဖြစ်ရမယ်လို့လည်း ပြောခဲ့တာ၊ သူဌေးကလည်း တော်တော်ဟုတ်မာတဲ့လူ၊ သူက သူမထက် အသက်နှစ်ဆယ်လောက်ကြီးပြီး ကွာရှင်းထားတဲ့ လူတစ်ယောက်နဲ့ မိတ်ဆက်ပေးလိုက်တယ်]
[ဝိုး~ ဒီသူဌေးကမှ တကယ့် လူယုတ်မာစစ်စစ်ပဲဟေ့]
[နေပါဦး၊ သူမရဲ့ ရည်ရွယ်ချက်က သူဌေးကို လူတစ်ယောက်နဲ့ မိတ်ဆက်ပေးဖို့ဆိုရင် ဘာလို့ သူဌေးနဲ့ သူမ ဖောက်ပြန်နေတယ်လို့ တိတ်တိတ်ပုန်းမယားကို အထင်လွဲအောင် လုပ်ရဲတဲ့အထိ ဒုက္ခခံခဲ့တာလဲ]
နားထောင်နေသူများသည်လည်း အလားတူ ရှုပ်ထွေးမှုကို မျက်နှာပေါ်တွင် ပြသနေကြသည်။