အခန်း (၆၉-၇၀)
Vol. 7 Ch. 69-70
🍁 Chapter 69
[ဟွန့်၊ အဲ့မိန်းမက မွေးရာပါသန္ဓေမကောင်းတာလေ သူမက တခြားသူတွေ သူမထက်သာနေတာကို ကြည့်မရဘူး၊ သူမက တိတ်တိတ်ပုန်းမယားထက် ဘက်ပေါင်းစုံကသာနေတာ သိသာပေမယ့် သူဌေးက သူ့ကို မကြိုက်ဘူးလေ၊ သူမ မရရင် သူ့ကို ဖျက်ဆီးပစ်မယ်ဆိုတာမျိုးပေါ့]
[ကျွတ် ကျွတ် ကျွတ်၊ အရမ်းကို အဆိပ်ပြင်းတဲ့ မိန်းမပဲ]
[ပြီးတော့ သူမအမြင်အရဆိုရင် သူဌေးကို ချမ်းသာတဲ့ ယောကျာ်းတစ်ယောက်နဲ့ မိတ်ဆက်ပေးဖို့ ရိုးရိုးလေးတောင်းဆိုရုံနဲ့ သူက အလေးအနက်ထားမှာ မဟုတ်ဘူးလို့ ထင်တာလေ၊ ဒါကြောင့် သူမက တိတ်တိတ်ပုန်းမယားကို အသုံးပြုပြီး သူဌေးက သူမကို အာရုံစိုက်လာအောင် ဖိအားပေးဖို့ စဉ်းစားခဲ့တာ]
[အဲ့ဒါက ရက်စက်လွန်းတယ်၊ သူမက တကယ်ကောက်ကျစ်တာပဲ]
[အဲ့ဒီထက် ပိုကြောက်စရာကောင်းတာက နောက်လာမယ့်ဟာပဲ၊ သူ့သူဌေး မိတ်ဆက်ပေးခဲ့တဲ့ အမျိုးသားက တကယ်ကို သဘောကောင်းပြီး သူမကို တကယ်သဘောကျတဲ့အပြင် သူမနဲ့ အတည်တကျနေချင်တဲ့လူပဲ၊ ဒါပေမယ့် သူမက စိတ်မငြိမ်ဘူးလေ၊ သူ့ကွယ်ရာမှာ အပျော်အပါးအတွက် ခဏ ခဏ အပြင်ထွက်တယ် ပြီးတော့ သူက အရမ်းကျန်းမာလွန်းနေလို့ ဘယ်တော့သေမလဲတောင် မသိဘူးလို့ ညည်းတွားသေးတာ၊ ဘာလို့လဲဆိုတော့ သူ အဲ့လူရဲ့အမွေကိုဆက်ခံဖို့ မစောင့်နိုင်တော့လို့လေ]
[ဘုရားရေ၊ သူမက လောဘမငြိမ်းနိုင်ဘူးပဲ၊ ချမ်းသာတဲ့ ယောကျာ်းကို ရှာတွေ့နေပြီပဲ၊ အေးအေးချမ်းချမ်းအတည် တကျ မနေနိုင်ဘူးလား၊ ဘာတွေများ လိုချင်နေသေးတာလဲ]
[သူမက အမြဲတမ်း စိတ်ဂနာမငြိမ်ဖြစ်နေတာလေ၊ လူတစ် ယောက်တည်းအပေါ်မှာ ဘယ်လိုလုပ် တွယ်ကပ်နေနိုင်မှာလဲ]
[သူမနဲ့ သူမရဲ့တိတ်တိတ်ပုန်းချစ်သူက အဲ့ယောကျာ်းကို သတ်ဖို့ ကြံစည်နေကြတာလို့တော့ မပြောနဲ့နော်]
[ခန့်မှန်းတာအတိအကျပဲ၊ ပြီးခဲ့တဲ့အပတ်ကတည်းက သူမက ဇနီးကောင်းလေး တစ်ယောက်လိုဟန်ဆောင်ပြီး သူမရဲ့ ယောကျာ်းအတွက် ချက်ပြုတ်ပြင်ဆင်ပေးပြီး သူ့အလိုကျ အားလုံးလုပ်ပေးနေခဲ့တာ၊ ဒါပေမယ့် တကယ်တော့ သူမက ဟင်းပွဲတိုင်းမှာ အဆိပ်တဖြည်းဖြည်း တက်စေတဲ့ဆေးတွေ ထည့်ထားတာလေ]
[ဒီအချိန်အတွင်းမှာ သူမက အဲ့ယောကျာ်းကို အန္တရာယ်များတဲ့ အားကစားတွေတောင် ခေါ်သွားသေးတယ်၊ မသွားခင်မှာ တန်ဖိုးကြီး မတော်တဆမှု အာမခံတွေ ဝယ်ထားလိုက်သေးတယ်၊ အပေါ်ယံကြည့်ရင် ဂရုစိုက်တတ်တဲ့ပုံပေါက်ပေမယ့် တကယ်တော့ သူ့ကို အဆိပ်ခတ်ပြီးသတ်ဖို့ ပြင်နေတာ၊ ဘာပဲဖြစ်ဖြစ် အဲ့ဒီဆေးကနှလုံးရပ်သွားစေနိုင်တယ်လေ ပြီးတော့ အန္တရာယ်များတဲ့ အားကစားကို အကာအကွယ်အဖြစ်သုံးလိုက်တော့ လွတ်မြောက်ဖို့ လွယ်သွားတာပေါ့၊ သူသေသွားတာနဲ့ သူမက သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို ဆက်ခံနိုင်ရုံသာမက တန်ဖိုးကြီးတဲ့ အာမခံကြေးကိုလည်း ရဦးမှာလေ]
[ဘုရားရေ၊ ဒါက လွန်လွန်းသွားပြီ]
ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးထံမှ တိုးညှင်းသော သက်ပြင်းချသံများ ထွက်ပေါ်လာသည်။ ဘုရားရေ၊ ဒီမိန်းမက အရမ်းကို ရက်စက်လွန်းတာပဲ...
ယွီအန်းအန်းသည် သူမကို ဝိုင်းကြည့်နေကြသော စူးစမ်းလိုသည့် အကြည့်များကို ခံစားလိုက်ရသဖြင့် နေမထိထိုင်မသာ ဖြစ်သွားခဲ့သည်။ သူမ ထွက်သွားရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် သူမနောက်မှ သြရှရှ အမျိုးသားအသံတစ်သံ ထွက်ပေါ်လာသည်။
"အန်းအန်း"
ထိုရင်းနှီးနေသော အသံကြောင့် ယွီအန်းအန်း လန့်ဖြန့်သွားသည်။ သူမသည် ကြောက်ရွံ့မှုကို အတင်းဖိနှိပ်ကာ တုန်ရီနေသော ကိုယ်ဖြင့် လှည့်ကြည့်လိုက်ရာ အမည်းရောင် ဝတ်စုံဝတ်ထားသော အသက်ငါးဆယ်ခန့်အရွယ် အမျိုးသားတစ်ဦးကို တွေ့လိုက်ရပြီး သူ၏ နက်မှောင်သော မျက်လုံးများက သူမကို စူးစိုက်ကြည့်နေသည်။
"ယော... ယောက်ျား... ရှင် ဒီမှာ ဘာလုပ်နေတာလဲ"
ယွီအန်းအန်း ပြောလိုက်သည့် စကားလုံးတိုင်းသည် သူမ၏ အင်အားအားလုံးကို အသုံးပြုလိုက်ရသလိုပင်။ စိတ်အေး အေးထား၊ သူ ဒါတွေကို ကြားနိုင်မှာ မဟုတ်ပါဘူး၊ စိတ်အေးအေးထားစမ်း ယွီအန်းအန်း။
[ဝိုး၊ အံ့သြစရာကောင်းတဲ့ ဇာတ်လမ်းအချိုးအကွေ့ပဲ]
[ဘာလဲ၊ ဘာလဲ]
နားထောင်နေသူများ၏ နှလုံးသားများမှာ လည်ချောင်းဝသို့ပင် ရောက်လာကြတော့သည်။ ထိတ်လန့်ရင်ခုန်ဖွယ်ကောင်း သော ဇာတ်လမ်းက ယခုမှသာ အစပြုခြင်းဖြစ်သည်။
သူတို့ရှေ့ရှိ ပြင်သစ်ဟင်းလျာများမှာလည်း စွဲဆောင်မှု ကင်းမဲ့သွားပြီဖြစ်ကာ လူကုံထံများ၏ သပ်ရပ်ကျော့ရှင်းမှုနှင့် အိန္ဒြေထိန်းနိုင်စွမ်းတို့လည်း လုံးဝပျောက်ကွယ်သွားလေသည်။ လူတိုင်းအကြည့်က အမည်းရောင်ဝတ်စုံနှင့် အမျိုးသားထံသို့ အလိုလိုရောက်ရှိသွားကြပြီး ပွင့်ပွင့်လင်းလင်းပင် စောင့်ကြည့်နေကြတော့သည်။ သူတို့ နားရွက်များကို ဖြုတ်၍ ရှုယင်းယင်း စားပွဲဆီသို့ လှမ်းပစ်ထားချင်စိတ် ပေါက်လာသည်အထိ ဇာတ်လမ်းထဲတွင် လုံးလုံးလျားလျား နစ်မျောနေကြသည်။
[နင်ပြောတဲ့ အချိုးအကွေ့ဆိုတာ အဲ့ဒီယောကျာ်းက ယွီအန်းအန်းရဲ့ အကြံအစည်ကို ကြိုသိနေတာများလား]
ဤစကားကို ကြားလိုက်ရသောအခါ ယွီအန်းအန်းမှာ ပြင်း ထန်စွာ တုန်လှုပ်သွားခဲ့သည်။ မဖြစ်နိုင်တာ...
သူမမှာ ထိုအမျိုးသားကို အလိုလို လှမ်းကြည့်မိသွား၏။ သို့သော် ထိုသူကမူ တည်ငြိမ်စွာ ပြုံးလျက် သူမဘေး၌ ပေါ့ပေါ့ပါးပါး ဝင်ထိုင်လိုက်ကာ ရှုယန်ဝေဘက်သို့လှည့်၍ ယဉ်ကျေးစွာ မေးလိုက်လေသည်။
"ဒီမှာ ထိုင်လို့ရမလားခင်ဗျာ"
ရှုယန်ဝေက ထိုင်ရန် လက်ဟန်ပြလိုက်ရင်း "ရပါတယ်၊ ထိုင်ပါရှင်။"
အတင်းအဖျင်း စကားဝိုင်းထဲတွင် တိုက်ရိုက် ပါဝင်ရခြင်းမှာ အတော်လေး ဆန်းသစ်သော အတွေ့အကြုံတစ်ခု ဖြစ်ပေသည်။ တစ်ဖက်လူသည်လည်း နောက်ဆက်တွဲ ဇာတ်လမ်းကို ကြားချင်နေပုံရကာ ရှုယန်ဝေသည်တော့ ယွီအန်းအန်းအား ဤအသက်ကြီးကြီး အမျိုးသားမှာ မည်သို့ ကိုင်တွယ်မည်နည်းဆိုသည်ကို ပိုစိတ်ဝင်စားနေမိသည်။ သေချာသည်မှာ သူမဘက်မှ ဝင်စွက်ဖက်မည် မဟုတ်ပေ။ ရှုယန်ဝေ... နင်တော့ တကယ့် ဗီလိန်နဲ့တူလာပြီ။
ထိုအမျိုးသား ဝင်ထိုင်လိုက်ပြီးနောက် ပတ်ဝန်းကျင်ရှိ လေထုမှာပိုတင်းမာလာပြီး စောင့်ကြည့်နေသူများမှာ စပ်စုချင်စိတ်များဖြင့် ရုတ်တရက် ပြည့်နှက်သွားသည်။
ပြောပြပါ၊ မြန်မြန်လေး ပြောပါတော့...
[သူက အရိပ်အမြွက် ရထားရုံတင်မကဘူး၊ ကြိုတင်ကာကွယ်မှုတွေတောင် အသေအချာလုပ်ထားပြီးပြီ]
[သူမကို အဆိပ်ခတ်ဖို့ သွေးထိုးပေးခဲ့တဲ့လူက သူမယောကျာ်း ငှားထားတဲ့သူပဲ ဖြစ်ရမယ်လို့ ငါလောင်းရဲတယ်]
[ဝိုး၊ နင်က အဲ့ဒါကိုတောင် ခန့်မှန်းနိုင်တာပဲ]
[ပြီးတော့ အောင်သွယ်ပေးတဲ့ သူဌေးက ယွီအန်းအန်းကို အဲ့သူဌေးနဲ့ မိတ်ဆက်ပေးတုန်းကလည်း နောက်ကွယ်က လှည့်ကွက်တစ်ခု ပါလာလိမ့်မယ်လို့ ငါခန့်မှန်းနိုင်တယ်၊ သူတို့နှစ်ယောက်က ယွီအန်းအန်းအတွက် ထောင်ချောက်ဆင်ဖို့တောင် တိုင်ပင်ထားကြတာနေမှာ]
[အိုမိုင်ဂေါ့၊ ရှောင်ယင်း... နင်က တကယ်တော်တာပဲ၊ အတင်းပြောတတ်ရုံတင်မကဘူး၊ ကိစ္စတွေကို အသေးစိတ်ပါ ခွဲခြမ်းစိတ်ဖြာနိုင်သေးတယ်၊ ငါတော့ လုံးဝကို အထင်ကြီးသွားပြီ]
[ဒါက သိပ်ထူးဆန်းတာတော့ မဟုတ်ပါဘူး၊ ချမ်းသာတဲ့လူတွေက အရူးတွေ ဖြစ်မနေနိုင်ဘူးလို့ ငါထင်လို့ပါ၊ ကောက် ကျစ်စဉ်းလဲမှုမရှိတဲ့ စီးပွားရေးသမားမှ မရှိတာ၊ ပြီးတော့ အဲ့ဒီသူဌေးက ယွီအန်းအန်းရဲ့ လှည့်စားမှုကို ခံရပြီးနောက်မှာ သူမကို ဘယ်လိုလုပ် လွယ်လွယ်နဲ့ လွှတ်ပေးမလဲ၊ ယုန်တောင်မှ ချောင်ပိတ်ရင် ပြန်ကိုက်တတ်သေးတာပဲ]
[ဟုတ်တယ်၊ ဟုတ်တယ်၊ သူမ အရင်သူဌေးက သူမကြောင့် အရမ်းစိတ်အနှောင့်အယှက် ဖြစ်ခဲ့ရလို့ သူ့ရဲ့ ကလဲ့စားချေချင်စိတ်က အရမ်းပျင်းတာလေ၊ ဒါကြောင့် သူက အဲ့အမည်းရောင်ဝတ်စုံနဲ့ လူကို ချက်ချင်းရှာပြီး ထပ်ဆင့်ထောင်ချောက်တစ်ခု ဖန်တီးဖို့ တိုင်ပင်ခဲ့ကြတာ၊ သူတို့က ယွီအန်းအန်း သတိလက်လွတ်ဖြစ်သွားအောင် သူမအလိုကို လုံးဝလိုက် လျောနေသယောင် ဟန်ဆောင်ကြတယ်၊ ပြီးတော့ သူမကို ညကလပ်သွားဖို့ တမင်တကာ စီစဉ်ပေးတယ်၊ သူတို့ စီစဉ်ထားတဲ့ လူတွေနဲ့ သဘာဝကျကျ သိကျွမ်းသွားအောင် လုပ်တယ်၊ ပြီးတော့ သူတို့ရဲ့ လမ်းညွှန်မှုအောက်မှာ သူမက ထောင်ချောက်ထဲကို တဖြည်းဖြည်း ကျဆင်းသွားတာပေါ့]
[ယွီအန်းအန်းက သူမရဲ့ အကြံအစည်ကို အကောင်အထည် ဖော်နေတဲ့အချိန်မှာပဲ၊ သူမအိမ်က လျှို့ဝှက်ကင်မရာတွေက သူမရဲ့ လုပ်ရက်တွေကို မှတ်တမ်းတင်ထားပြီးသား ဖြစ်နေပြီ၊ သူမရဲ့ လျှို့ဝှက်ကြံစည်မှုကိုလည်း တစ်ဖက်လူက အသေအချာ မှတ်တမ်းတင်ထားတယ်၊ ရဲတွေက သူမကို ဖမ်းဆီးတဲ့အခါ အဲ့ဒီလူက သူမကို ဆန့်ကျင်ပြီးသေချာ ပေါက် ထွက်ဆိုလိမ့်မယ်၊ သက်သေအထောက်အထားရော သက်ရှိထင်ရှား သက်သေပါရှိနေတော့ ယွီအန်းအန်းရဲ့ တမင်ကြံရွယ် လူသတ်မှုက အတည်ပြုပြီးသား ဖြစ်သွားမှာပဲ၊ လူသတ်ဖို့ ကြံစည်မှုပဲ ဖြစ်နေရင်တောင် သူမ ထောင်ထဲက ဘယ်တော့မှ ထွက်လာရမှာ မဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ တစ်ဖက်လူရဲ့ ရည်ရွယ်ချက်က သူမကို ထောင်ချဖို့လေ၊ ဘာပဲဖြစ်ဖြစ် အဲ့ဒီမှာ သူမအတွက် စောင့်ကြိုနေတဲ့ ပွဲကြီးပွဲ ကောင်းကြီး ရှိနေတာကိုး]
[ဘုရားရေ၊ ဒီထပ်ဆင့် ထောင်ချောက်က တကယ်ကို ရက် စက်လွန်းတယ်၊ လွတ်လမ်း လုံးဝမပေးဘဲ သူမကို လုံးဝ ချေမှုန်းပစ်လိုက်တာပဲ]
[သူမကို ဒီလောက်တောင် ကောက်ကျစ်တတ်အောင် ဘယ်သူကများ သင်ပေးလို့လဲ၊ သူတစ်ပါးကို ဒုက္ခပေးရင် နောက် ဆုံးတော့ ကိုယ့်ကိုယ်ကိုယ် ပြန်ဒုက္ခပေးသလို ဖြစ်သွားမယ်ဆိုတာ သူမ သိသင့်တာပေါ့]
🍁 Chapter 70
နားထောင်နေသူများမှာ စကားမပြောဝံ့ကြသော်လည်း ဤအတင်းအဖျင်း ဇာတ်လမ်းမှာ အလွန်အရသာရှိလှပေသည်။ ယွီအန်းအန်းသည် သူမယောကျာ်း၏ မျက်နှာအမူအရာကို တိတ်တဆိတ် အကဲခတ်နေမိ၏။ ထိုသူ့မျက်နှာထားက တည်ငြိမ်နေလေလေ သူမရင်ထဲတွင် ပို၍ ဗြောင်းဆန်လာလေလေပင်။ ထို လျှို့ဝှက်ဆန်းကြယ်လှသော အသံပိုင်ရှင်၏စကားများသာ မှန်ကန်နေခဲ့လျှင် သူမ ဘဝတော့ သေချာပေါက် ကိစ္စချောလေပြီ။
သူမသည် ထိတ်လန့်တုန်လှုပ်မှုကို အံကြိတ်ဖုံးဖိရင်း တုန်ယင်နေသော ခန္ဓာကိုယ်ဖြင့် ခက်ခက်ခဲခဲ မတ်တပ်ရပ်လိုက်သည်။
"ကျွန်... ကျွန်မ ရုတ်တရက် နေလို့သိပ်မကောင်းဘူး၊ အရင်ပြန်နှင့်တော့မယ်"
အမျိုးသားက သူမကို မတားဆီးဘဲ ထွက်သွားရန် ရက်ရက်ရောရောပင် ခွင့်ပြုလိုက်လေသည်။ ယွီအန်းအန်းသည် နောက်တစ်ကြိမ် ထပ်မတွေးဝံ့တော့ဘဲ အမြန်ဆုံးခြေလှမ်းများဖြင့် ပြေးထွက်သွားတော့သည်။ သို့သော် တံခါးဝသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ယူနီဖောင်းဝတ် ရဲအရာရှိတစ်စု၏တားဆီးခြင်းကို ခံလိုက်ရလေသည်။ ရဲအရာရှိများက တစ်စုံတစ်ရာ ပြောလိုက်ချိန် သူမခြေထောက်များမှာ အားအင်ကုန်ခမ်းသွားကာ ဒူးထောက်ကျသွားပြီး လုံးလုံးလျားလျား စိတ်ပျက်အားငယ်သွားတော့သည်။
အမည်းရောင်ဝတ်စုံနှင့် အမျိုးသားကမူ သူမကို အဝေးမှသာ စောင့်ကြည့်နေပြီး တုန်လှုပ်မှုမရှိစွာ ယုံကြည်ချက်အပြည့်ဖြင့် ပြုံးနေလေသည်။
[တွေ့လား၊ ငါ ဘာပြောလဲ၊ အမည်းရောင်ဝတ်စုံနဲ့လူက ယွီအန်းအန်း ဒီနေ့ ဒီကိုလာမယ်ဆိုတာကိုတောင် ကြိုသိနေတာလေ၊ ကြိုတင်စီစဉ်ထားတဲ့ အကြံအစည် မဟုတ်ရင် ဘာဖြစ်နိုင်ဦးမှာလဲ]
[အင်းလေ၊ ယွီအန်းအန်းက ကိုယ်တိုင် ဒုက္ခရှာတာပဲ၊ သူမက သနားစရာ မကောင်းဘူး၊ ယောကျာ်းဆိုတဲ့ သတ္တဝါတွေနဲ့ ပတ်သက်လာရင်တော့ ဝေးဝေးရှောင်တာ အကောင်းဆုံးပဲ]
[အေး၊ ငါလည်း သဘောတူတယ်]
နားထောင်ကြသူများထဲတွင် အမျိုးသမီးများမှာ သူတို့နှင့် မျက်နှာချင်းဆိုင်ရှိ အမျိုးသားများကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်ကြသည်။ အမျိုးသားများကမူ ကိုယ်က အချစ်စစ်ပါကွာ၊ ကိုယ့်ကို ယုံပါ အချစ်လေးရာဟု ပြောချင်နေသည့်အလား ဖော်လံဖားယား ပြုံးပြနေကြလေသည်။
အမည်းရောင်ဝတ်စုံနှင့် အမျိုးသားသည် ရှုယန်ဝေနှင့် ရှုယင်းယင်းတို့ကို ခေါင်းညိတ်ပြလိုက်ပြီး ရဲများရှိရာသို့ လျှောက်သွားလေသည်။ လူစုကွဲသွားကြပြီးနောက် စားသောက်ဆိုင်လေးသည် ပြန်လည် တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
ရှုယင်းယင်းသည် သူတို့ လုံးဝ ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်နေလိုက်သည်။ ထိုစဉ် သူမ ဒေါ်လေးနှင့် တွေ့ဆုံရမည့်သူမှာ တံခါးဝသို့ ရောက်လာသည်။ ရှုယန်ဝေက လက်ကိုမြှောက်ပြလိုက်ရာ ထိုအမျိုးသားက တောင်းပန်တိုးလျှိုးသောဟန်ဖြင့် သူမဆီသို့ လျှောက်လာလေသည်။
"ဆောရီး၊ ကားပိတ်နေလို့ပါဗျာ၊ အကြာကြီး စောင့်လိုက်ရတယ်နဲ့တူတယ်"
အမျိုးသားက ရိုးသားစွာ တောင်းပန်လိုက်သည်။ သူ့ ဆံပင်တိုတိုလေးသည် သပ်သပ်ရပ်ရပ် ရှိလှပြီး ခွေးပေါက်စလေးပမာ ချစ်စဖွယ် မျက်လုံးများက အနည်းငယ် ကွေးညွတ်နေကာ ကြည်လင်သော မျက်ဝန်းများက တောက်ပနေသည်။ သူသည် ယဉ်ကျေးသိမ်မွေ့ပြီး ချောမောလှသော်လည်း ရင့်ကျက်သော အမျိုးသားတစ်ဦး၏ တည်ငြိမ်မှုကိုလည်း ပိုင်ဆိုင်ထားသည်။
[အဲ့တစ်ယောက်က နင့် အဒေါ်ကို ကြိတ်ကြွေနေတာ]
ရှောင်ချီ စကားကြောင့် ထိုနေရာရှိ လူသုံးယောက်လုံး ကြောင်အမ်းသွားခဲ့ကြသည်။ ကာယကံရှင်မှာ အသံလာရာကိုပင် သေချာမသိလိုက်ခင်မှာပင် သူ့ နားရွက်များက ရဲတက်သွားခဲ့သည်။
[အား... ငါ့ ဒေါ်လေးကို တစ်ချက်လေး ကြည့်လိုက်တာနဲ့တင် သူ့နားရွက်တွေ ရဲသွားပြီ၊ အရမ်းချစ်ဖို့ကောင်းတာပဲ၊ ကောင်ငယ်ငယ်လေးတွေက ဆွဲဆောင်မှုရှိတယ်လို့ လူတိုင်းပြောကြတာ အံ့သြစရာမရှိပါဘူး၊ ငါ့ဒေါ်လေး စမ်းကြည့်သင့်တယ်လို့ ငါထင်တယ်]
ရှုယန်ဝေက အနေခက်စွာဖြင့် လည်ချောင်းဟန့်လိုက်ပြီး သူစကားစဖြတ်သွားသည့်နေရာမှ ပြန်ဆက်လိုက်သည်။
"ရပါတယ်၊ ကျွန်မတို့လည်း ခုမှရောက်တာပါ"
ထို့နောက် ရှုယင်းယင်းနှင့် ရှောင်ချီတို့၏ စကားဝိုင်းကြီးမှာ စတင်လာသဖြင့် သူတို့နှစ်ယောက်မှာ စကားသာပြောနေသော်လည်း နားစွင့်ထားသည်။
[ငါပြောပြမယ်၊ အဲ့လူငယ်လေးက နင့် ဒေါ်လေးရဲ့ ကျောင်းက ဂျူနီယာလေ၊ နင့် ဒေါ်လေးက ကျောင်းမှာ တော်တော်လေး နာမည်ကြီးတာ၊ အဲ့ဒီစောက်ကောင်ကို လိုက်ခဲ့တာကို ဘေးဖယ်ထားလိုက်ရင် သူမက ဘဏ္ဍာရေးကျောင်းသားတွေရဲ့ မျက်လုံးထဲမှာတော့ နတ်သမီးလေးပဲ၊ ခိုင်မာတဲ့ စီးပွားရေးအမြင်၊ ထက်မြက်တဲ့ စီးပွားရေးအာရုံခံနိုင်စွမ်း၊ ပြတ်သားတဲ့ လုပ်ရပ်တွေက တကယ့်ကို စွမ်းအားရှင်မလေးပဲ၊ ကူးချန်ကြောင့်သာ မဟုတ်ရင် သူမ ဒုဥက္ကဋ္ဌဖြစ်နေတာ ကြာလှပေါ့]
[ငါ့ ဒေါ်လေးက အကောင်းဆုံးဆိုတာ ငါ သိသားပဲ၊ အဲ့ဒီစောက်ကောင်ကြောင့်သာ သူမ အဟန့်အတား ဖြစ်ခဲ့ရတာ၊ ကံကောင်းလို့ အချိန်မီလမ်းခွဲနိုင်ခဲ့တာ၊ အစကနေ ပြန်စရပေမယ့်လည်း သူမက အံ့မခန်းဖြစ်နေတုန်းပဲ]
[ဒါပေါ့၊ အဲ့ဂျူနီယာလေးက နင့် ဒေါ်လေး ကွာရှင်းလိုက်ပြီဆိုတာ ကြားကြားချင်း တရုတ်ပြည်ကိုပြေးပြန်လာတာလေ၊ ဖုန်းရိကုမ္ပဏီနဲ့ အဆက်အသွယ်ရဖို့အတွက် သူက သူ့ကိုယ်ပိုင်ကုမ္ပဏီမှာ CEO လုပ်မယ့်အခွင့်အရေးကို စွန့်လွှတ်ပြီး ပြိုင်ဘက်ကုမ္ပဏီတစ်ခုမှာ ဈေးကွက်ရှာဖွေရေး စာရေးအဖြစ်ဝင်လုပ်ခဲ့တယ်၊ အဲ့ဒါကြောင့် သူ့အဖေက ဒေါသထွက်ပြီး သူ့ကတ်ကို ဖြတ်တောက်ပစ်လိုက်တယ်၊ အခု အဲ့ဂျူနီယာလေးက တစ်လကို ယွမ်သုံးထောင်ပဲ ရတယ်၊ ခေါက်ဆွဲခြောက်နဲ့ ပေါက်စီတွေစားပြီး မြေအောက်ခန်းမှာ နေနေရတာ၊ အားလုံးက သူ့နတ်သမီးလေးနဲ့ စကားပြောခွင့်ရဖို့အတွက်ချည်းပဲ]
[ကံဆိုးတာက နင့် အဒေါ်က သူ့ကိုတောင် မမှတ်မိဘူးလေ၊ သူက သူမကို အမြဲတမ်းကြိတ်ချစ်ခဲ့တာ၊ သူမကို အားကျပြီး ကိုးကွယ်သလိုပဲ၊ သူက ဖွင့်မပြောခင်မှာ သူမအဆင့်ကိုမီအောင်နဲ့ အောင်မြင်အောင် အမြဲကြိုးစားနေခဲ့တာ]
[ဝိုး၊ အဲ့ဂျူနီယာလေးက ဒီလောက် ဖြူစင်တဲ့ နှလုံးသားပိုင်ရှင်လေး ဖြစ်မယ်လို့ မထင်ထားဘူး၊ သူအသက်ဘယ်လောက်ရှိပြီလဲ]
[နှစ်ဆယ့်လေး]
ရှုယန်ဝေနှင့် ရှုယင်းယင်းတို့ နှစ်ယောက်လုံး တစ်ချိန်တည်းမှာပင် မျက်လုံးအနည်းငယ် ပြူးကျယ်သွားကြသည်။
[အာ၊ သူက ငါ့ ဒေါ်လေးထက် ဆယ့်တစ်နှစ်တောင်ငယ်တာပဲ၊ သူ နည်းနည်းလေး ကလေးဆန်နေတာ အံ့သြစရာမရှိပါဘူး]
[စကားစပ်လို့ ပြောရရင် သူက ထိပ်တန်းကျောင်းသားလေ၊ အတန်းတွေ အမြဲကျော်တက်ခဲ့လို့သာ နင့်ဒေါ်လေးရဲ့ ဂျူနီယာ ဖြစ်ခွင့်ရတဲ့ ကံကောင်းမှုမျိုးရခဲ့တာ၊ မဟုတ်လို့ ပုံမှန်အသက်နဲ့သာ ကျောင်းစတက်ခဲ့ရင် အခုချိန်ဆို နင့်ဒေါ်လေးရဲ့ကလေးတွေတောင် ဈေးဝယ်ခိုင်းလို့ရတဲ့ အရွယ်ရောက်နေလောက်ပြီပေမယ့် သူကတော့ တက္ကသိုလ်တောင် ရောက်ဦးမှာမဟုတ်ဘူး]
ရှုယန်ဝေ: "......" ငါ အဲ့ဒီလောက်ကြီးတော့လည်း မအိုသေးပါဘူး :)
ကျင်းလီ: "......" ငါ အဲ့လောက်ကြီးလည်း မငယ်တော့ပါဘူး၊ ချီးကျူးမှုအတွက်တော့ ကျေးဇူးပါပဲ။
[ငါ့မှာ မေးစရာတစ်ခုရှိတယ်၊ ဒေါ် လေး အိမ်ထောင်ကျသွားတာတောင် သူက သူ့ရဲ့အချစ်ကို လက်မလျှော့သေးဘူးလား]
[မလျှော့ဘူးဟ၊ ပထမဆုံးအချစ်က မေ့ရခက်တတ်တယ်လေ၊ အထူးသဖြင့် လေးစားအားကျမှုတွေ ပါဝင်နေတဲ့အခါမျိုးမှာပေါ့၊ ဂျူနီယာလေးက ဇွဲရှိရင်တော့ အောင်မြင်မယ်လို့ အမြဲယုံကြည်ခဲ့တာ၊ ကြည့်လေ၊ အဲ့ဒီစောက်ကောင်လည်း ထွက်သွားရော သူမျှော်လင့်ချက်ထပ်ရပြီ]
[အိုး... ဩဇာကြီးမားတဲ့ စီးပွားရေးလုပ်ငန်းရှင်မကြီးနဲ့ ဖြူစင်တဲ့ နှလုံးသားပိုင်ရှင် ဖန်ဘွိုင်းလေး၊ ငါတော့ သူတို့နှစ်ယောက်ကို လုံးဝ သဘောတူတယ်ဟေ့]
ကျင်းလီသည် ဝိုင်တစ်ငုံ သောက်လိုက်ရုံသာ ရှိသေးချိန်တွင် ရှုယင်းယင်း၏အတွေးများကြောင့် လန့်ကာ သီးသွားတော့ သည်။ သူသည် လက်သီးဆုပ်ကို နှုတ်ခမ်းတွင်ဖိကာ အတင်းအောင့်၍ ချောင်းဆိုးလိုက်ရသည်။ သူသဘောကျရသူ၏ရှေ့တွင် ရိုင်းစိုင်းမိသွားသည့်အတွက် စိုးရိမ်ပူပန်မှုကြောင့် တစ်စိတ်၊ သူ့ အစစ်အမှန် ခံစားချက်များကို ဖွင့်ချလိုက်သကဲ့သို့ ဖြစ်သွားသည့်အတွက် ရှက်ရွံ့မှုကြောင့် တစ်ပိုင်းဖြင့် သူ့မျက်နှာနှင့် နားရွက်များမှာ ချက်ချင်းပင် နီရဲတက်သွားသည်။
သူသည် သူ့ခံစားချက်များကို ဤမျှမြန်မြန် ဖွင့်မပြောချင်ခဲ့ပေ။ သို့သော် သူချစ်ရသူ၏ မျက်နှာအမူအရာကို တိတ်တ ဆိတ် အကဲခတ်ကြည့်ပြီးနောက် သူမလည်း ထိုမိန်းက လေး၏ အတွေးများကို ကြားနေရပုံပေါ်သည်ဟု သူခန့်မှန်းမိလိုက်သည်။ သူ ရှောင်လွှဲစရာနည်းလမ်းမရှိတော့သဖြင့်၊ အံ့ကြိတ်ကာ မည်သည့်ကန့်ကွက်မှုမျှမရှိဘဲ လက်ခံလိုက်ရသည်။
သူ့အစီအစဉ်တွေ ပျက်သွားလည်း ပျက်သွားပါစေတော့၊ ဘယ်လိုပဲဖြစ်ဖြစ် သူကတော့ လက်လျှော့မှာမဟုတ်ဘူး...
သူသည် သူမနှင့် ထိုလူ၏ ဆက်ဆံရေးကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီး သူမ မင်္ဂလာဆောင်ကိုပင် တိတ်တဆိတ် တက်ရောက်ခဲ့ဖူးသည်။ သူမ ပျော်ရွှင်နေသည်ကို မြင်ရခြင်းက သူ့ကိုပါ ပျော်ရွှင်စေခဲ့သည်။
သူမကို သူသဘောကျသော်လည်း သူမ ချစ်ရသူနှင့် ယှဉ် ပြိုင်ရန်ကိုသာမက သူမကို စိတ်အနှောင့်အယှက်ဖြစ်စေရန်လည်း ဘယ်သောအခါမှ မတွေးခဲ့ပေ။ သူ အဝေးမှသာ စောင့်ကြည့်နေပြီး တစ်ခါတစ်ရံ သူမအခြေအနေကို သိခွင့်ရနေခြင်းကပင် သူ့အတွက် လုံလောက်နေခဲ့သည်။ သူမ ကွာရှင်းလိုက်ခြင်းကသာ သူ့ကအား မျှော်လင့်ချက် ရောင်ခြည်လေးတစ်ခု ပေးလိုက်ခြင်းမဟုတ်ပါက သူ့ တစ်သက်တာလုံး သူမကို ဘယ်တော့မှ အနှောင့်အယှက်ပေးခဲ့မည် မဟုတ်ပေ။
ကျဲက လူမှားနဲ့ တွေ့ခဲ့ရတယ်၊ သူမရဲ့ ကျန်ရှိတဲ့ နေ့ရက်တွေအတွက် သူ ကာကွယ်ပေးချင်တယ်၊ သူ အရိပ်ထဲမှာပဲ နေခွင့်ရမယ်ဆိုရင်တောင် သူမကို ဘယ်တော့မှ စွန့်ပစ်သွားမှာ မဟုတ်ဘူး...
ရှုယန်ဝေမှာလည်း အတော်လေး ရှက်ရွံ့နေခဲ့သည်။ ကိစ္စများ ဤသို့ဖြစ်လာလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ ယခင်က သူ့အကြောင်းနှင့် ပတ်သက်၍ သူမ၏ အတွေးများသည် ဗလာကျင်းလျက်သာရှိကာ ရှောင်ချီ စကားတို့ကြောင့်သာ ရုတ်တရက် ဝေဝေဝါးဝါး ပြန်လည်ပေါ်လာတော့သည်။ ရှုယန်ဝေ အမေရိကန်တွင် တက္ကသိုလ်တက်နေစဉ်က သူ့ကို မြင်ဖူးသလိုလို ရှိသော်လည်း ဖြတ်ခနဲသာ မြင်လိုက်ရခြင်းဖြစ်နိုင်သည်။ သို့သော် ယခုအခါတွင်မူ အသေးစိတ်အချက်အလက်များစွာက သူမစိတ်ထဲတွင် ပုံဖော်လာတော့သည်။
သူမ အိမ်ပြန်လမ်းတွင် ဖြတ်သွားလေ့ရှိသော ကုန်တိုက်တစ်ခုရှိပြီး ပိတ်ချိန် အတော်လွန်နေပြီ ဖြစ်သော်လည်း ညနက်သည်အထိ မီးများ အမြဲတမ်း လင်းနေတတ်သည်။ သူမ ဓမ္မတာလာတိုင်း သူမ စားပွဲပေါ်တွင် သူမသောက်နေကျ အကိုက်အခဲပျောက်ဆေးများနှင့် ရေနွေးနွေးလေး အမြဲရှိနေတတ်သည်။ ဤအရာများကို ကူးချန်က သူမအတွက် လုပ်ပေးနေခြင်းဖြစ်သည်ဟု သူမ အမြဲတစေ ထင်ခဲ့သော်လည်း သူမတို့ လက်ထပ်ပြီးနောက် သူမ နာကျင်လွန်း၍ တုန်ယင်နေချိန်တွင်ပင် သူက သူမအား ဂျင်းပြုတ်ရည် တစ်ခွက်သာ ဖျော်တိုက်ခဲ့လေသည်။