← Chapters

အခန်း (၁၃၆၁-၁၃၆၂)

Vol. 137 Ch. 1361-1362

အခန်း (၁၃၆၁-၁၃၆၂)

Vol. 137 Ch. 1361-1362

အခန်း (၁၃၆၁) - ရှေ့ပြေးအဖွဲ့ထံမှ ကမ်းလှမ်းချက်

"မှန်သားပဲ... ချန်ခုန်းမသေမျိုးအရှင်ကလည်း ကိုယ်ပွား တစ်ခု သာ ရှိသေးတာပဲလား။ ဝမ်ချုံးစန်းရဲ့ ပင်ကိုယ်ခန္ဓာ အစစ်အမှန် တည်နေရာကို သိဖို့ကျတော့ မသေမျိုးကျောက်တုံး နှစ်သောင်းတောင် လိုတယ်ဆိုတော့..."

ဖန့်ချန်သည် မိမိစိတ်ထဲတွင် သက်ပြင်းခပ်ဖွဖွ ချလိုက်မိသည်။

ထိုလူသည် အတော်ပင် ချောမွေ့လွန်းလှသည်။

ရှေးယခင်ကတည်းက ယခုအချိန်အထိ သူ၏ နည်းလမ်းများမှာ မရေမတွက်နိုင်အောင် ရှိခဲ့သလို၊ မှန်လေး ရှိနေလျှင်ပင် ထိုလူ၏ တည်နေရာ အစစ်အမှန်ကို အတည်ပြုရန်မှာ အလွန်ပင် ခက်ခဲလှသည်။

အကယ်၍ ချန်ခုန်းမသေမျိုးအရှင်ကို ရှာတွေ့ခဲ့လျှင်ပင် တစ်ဖက်လူက ထိုကိုယ်ပွားခန္ဓာကို စွန့်လွှတ်လိုက်ပါက သဲလွန်စမှာ ချက်ချင်း ပြတ်တောက်သွားပေလိမ့်မည်။

ဝမ်ချုံးစန်း၏ ပင်ကိုယ်ခန္ဓာ အစစ်အမှန်ကို ရှာတွေ့မှသာ သူ၏ ဝိညာဉ်ကို ယင်လောကသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး မယ်တော်စီ တို့အား နှိပ်စက်စစ်ဆေးခိုင်း၍ ရမည်ဖြစ်သည်။

"တစ်လှမ်းချင်းပဲ သွားရမှာပေါ့... အနည်းဆုံးတော့ ကျွယ်မင်နန်းတော်ဘက်မှာ သဲလွန်စအချို့ ကျန်သေးတယ်"

ပထမသဲလွန်စမှာ ဝမ်ချုံးစန်း ရှေးယခင်က ရရှိခဲ့သော အဖိုးတန်ရတနာ၏ အချက်အလက်များကို စုံစမ်းရန်ဖြစ်သည်။

ဒုတိယသဲလွန်စမှာ ထိုက်ရွှီမသေမျိုးသည် မည်သည့်အင်အားစုအတွက် အလုပ်အကျွေးပြုနေသနည်း ဆိုသည်ကို ဖော်ထုတ်ရန်ဖြစ်သည်။

"ဖန့်ဂျူနီယာ ရှိပါသလားဗျို့..."

ဂူဗိမာန်တံခါးပြင်ပမှ ခေါ်သံတစ်ခု ထွက်ပေါ်လာသည်။

ဂျူနီယာ

ဖန့်ချန်သည် ဂူဗိမာန်အပြင်သို့ ထွက်လာခဲ့ရာ အပြင်ဘက်တွင် လူသုံးဦး ရပ်နေသည်ကို တွေ့ရသည်။

သူတို့အားလုံးမှာ ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့်များ ဖြစ်ကြပြီး တစ်ဦးမှာ ကောင်းကင်ဘေးဒုက္ခတစ်ခုကို ဖြတ်ကျော်ပြီးသားဖြစ်သည့် ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် အလယ်အလတ်ပိုင်း ဖြစ်သည်။

ကြာနီနတ်မိမယ်ငယ်နှင့် အခြားသူများလည်း ထိုဘက်မှ လှုပ်ရှားမှုကို ကြားသိရသဖြင့် ဂူဗိမာန်များမှ ထွက်လာပြီး ဤဘက်သို့ လျှောက်လာကြသည်။

ထိုဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် အလယ်အလတ်ပိုင်း ကျင့်ကြံသူမှာ အရပ်ရှည်ရှည်နှင့် အမျိုးသမီးကျင့်ကြံသူတစ်ဦး ဖြစ်သည်။

သူမသည် ယွီဝူရှီးတို့ကို အမှတ်မထင် တစ်ချက်ကြည့်လိုက်ပြီးနောက် ဖန့်ချန်ထံသို့ အကြည့်ပြန်လွှဲလိုက်သည်။

သူမက ပြုံးလျက်

"ကျမနာမည်က ရွှီချန့် ပါ။ မင်းလိုပဲ ဆရာ့ရဲ့ တပည့်တစ်ယောက်ပါပဲ၊ ဒီကိုရောက်တာ မင်းထက် နှစ်တစ်ရာလောက် စောပါတယ်"

နှစ်တစ်ရာ စောသည်

ဆိုလိုသည်မှာ သူတို့ထက် စစ်ဆေးပွဲ သုံးကြိမ်စာခန့် စောရောက်နေခြင်းဖြစ်သည်။

လူတိုင်း၏ စိတ်ထဲတွင် အတွေးကိုယ်စီ ဝင်လာကြသည်။

"စီနီယာအစ်မ ရွှီချန့်ကို ဂါရဝပြုပါတယ်"

ရွှီချန့်၏ ခါးတွင် ချိတ်ထားသော ကျောက်စိမ်းပြားမှာလည်း ကြေးနီရောင် တောက်ပနေသည်ကို ဖန့်ချန် သတိပြုမိလိုက်သည်။

ဤသည်မှာ သူမသည်လည်း စစ်ဆေးပွဲဝင်စဉ်က သူနှင့်အလားတူ ရလဒ်ကောင်းများ ရရှိခဲ့ကြောင်း သက်သေပင်။

ယွီဝူရှီးတို့လည်း ထိုကျောက်စိမ်းပြားကို မြင်လိုက်ရသဖြင့် မျက်ဝန်းများထဲတွင် လေးစားညို့တွက်မှုများ ပေါ်လာတော့သည်။

"ဖန့်ဂျူနီယာ... အားမနာပါနဲ့။ နှစ်တစ်ရာအကြာမှာ ဆရာ့လက်အောက်မှာ နောက်ထပ် ပါရမီရှင်တစ်ယောက် ထပ်တိုးလာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ စစ်ဆေးပွဲမှာ ကြေးနီရောင် ကျောက်စိမ်းပြား ရတယ်ဆိုတော့ ဒီနေရာမှာ မင်းရဲ့ အရည်အချင်းက ထိပ်တန်းလို့ ပြောလို့ရတာပေါ့"

ရွှီချန့်သည် ဖန့်ချန်ကို ဦးစွာ ချီးကျူးစကားဆိုပြီးနောက် မေးလိုက်သည်

"ဖန့်ဂျူနီယာ... မင်းတို့ မသေမျိုးလှေကို ဘယ်တော့လောက် သွားထုတ်ဖို့ စိတ်ကူးထားလဲ "

"ကျနော်တို့ ဒီကို ရောက်ခါစပဲ ရှိသေးတော့ ဒီနေရာအကြောင်း ဘာမှမသိသေးဘူး။ အချိန်တစ်ခုလောက် စောင့်ပြီးမှပဲ လှေသွားထုတ်ဖို့ စဉ်းစားထားပါတယ်"

ဟု ဖန့်ချန်က ဆိုသည်။

ရွှီချန့်က ခပ်ဖျော့ဖျော့ ပြုံးလျက်

"ဂျူနီယာ့ကို အကြံတစ်ခု ပေးချင်တယ်။ နံပါတ် (၁၅၇) ရှေးဟောင်းတားမြစ်နယ်မြေက အရမ်းအန္တရာယ်များတယ်။ ဂျူနီယာအနေနဲ့ ဒီတာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူတစ်သိုက်ကို ခေါ်ပြီး သွားရောက်စူးစမ်းတာထက် ဝမ်ရွှမ် စီနီယာရဲ့ အဖွဲ့ထဲကို ဝင်လိုက်တာက ပိုကောင်းလိမ့်မယ်။ ငါတို့ သုံးယောက်လုံးက အဲဒီအဖွဲ့ဝင်တွေပဲ"

" ဝမ်ရွှမ်စီနီယာက ပြီးခဲ့တဲ့ အချိန်ပိုင်းလေးတင် အဆင့် ၁ ထိုက်ယီမသေမျိုး အဖြစ် အောင်အောင်မြင်မြင် တက်လှမ်းနိုင်ခဲ့တာ။ မသေမျိုးတွေထဲမှာ အဆင့် ၁ ထိုက်ယီမသေမျိုးရဲ့ တိုက်ခိုက်ရေးစွမ်းအားက ထိပ်ဆုံးသုံးနေရာမှာ ရှိတယ်ဆိုတာ ဂျူနီယာလည်း သိမှာပါနော် "

တောက်... ဒီမိန်းမက ငါတို့ လူကို လာဝယ်နေတာလား

မုံချင့်လင်၏ မျက်နှာမှာ ချက်ချင်းပင် တင်းမာသွားပြီး ကြာနီနတ်မိမယ်ငယ်ကို မသိမသာ လှမ်းကြည့်လိုက်သည်။

ယွီဝူရှီးတို့မှာလည်း စိတ်ထဲမှ ဒေါသထွက်နေကြသော်လည်း အမူအရာကို ထိန်းထားနိုင်ကြဆဲဖြစ်သည်။

သို့သော် ထိုနေရာရှိ မုံချင့်လင်နှင့် ကြာနီနတ်မိမယ်ငယ် အပါအဝင် အမျိုးသမီးကျင့်ကြံသူ ခုနစ်ဦးလုံးမှာ ရွှီချန့်၏ ပြောင်ပြောင်တင်းတင်း လူခေါ်ယူမှု အပေါ် အလွန်ပင် ဒေါသထွက်သွားကြသည်။

သူမက ခေါ်မည်ဆိုလျှင် အဖွဲ့လိုက် ခေါ်ရမည်မဟုတ်ပါလား ဖန့်ချန် တစ်ယောက်တည်းကို ခေါ်သွားခြင်းက ဘာသဘောနည်း ဖန့်ချန် မရှိတော့လျှင် သူတို့အဖွဲ့၏ တိုက်ခိုက်ရေးစွမ်းအားမှာ အောက်ဆုံးသို့ ကျဆင်းသွားပေလိမ့်မည်။

ထိုသို့ဆိုလျှင် တားမြစ်နယ်မြေအတွင်း အချိန်မရွေး ကြုံတွေ့နိုင်သော အန္တရာယ်များကို မည်သို့ ရင်ဆိုင်နိုင်မည်နည်း

ဖန့်ချန် စကားမပြောရသေးမီမှာပင် ရွှီချန့်သည် မုံချင့်လင်တို့၏ ခံစားချက်ကို ရိပ်မိသွားပုံရပြီး သူတို့ကို ကြည့်ကာ ပြုံးလျက်

"မင်းတို့လည်း မစိုးရိမ်ပါနဲ့။ ဒီနေရာမှာ ဂူအောင်းပြီး သီးသန့်ကျင့်ကြံခွင့် ရှိပါတယ်။ တားမြစ်နယ်မြေထဲကို မသွားသရွေ့တော့ ဘာအန္တရာယ်မှ မရှိပါဘူး။ ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့်၊ တက်လှမ်းခြင်းအဆင့် ရောက်အောင်သာ သေချာကျင့်ကြံကြ၊ နောင်ကျရင် အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ်။ ဖန့်ဂျူနီယာလို ပါရမီရှင်မျိုးမှသာ တားမြစ်နယ်မြေထဲကို သွားရောက်စူးစမ်းဖို့ သင့်တော်တာပါ"

"ကျမတို့က သီးသန့်ကျင့်ကြံဖို့ စိတ်မကူးဘူး။ ရှေးဟောင်းတားမြစ်နယ်မြေထဲမှာ ရတနာတွေ အပြည့်ရှိနေတာ ဘယ်သူမသိဘဲ နေမလဲ။ တစ်ခုနှစ်ခုလောက် ရှာတွေ့တာက သီးသန့်ကျင့်ကြံနေတာထက် အများကြီး ပိုတန်ဖိုးရှိတယ်"

ဟု မုံချင့်လင်က နှာခေါင်းရှုံ့လျက် ခနဲ့လိုက်သည်။

ရွှီချန့်၏ မျက်ဝန်းထဲတွင် အထင်အမြင်သေးမှု အရိပ်အယောင်လေးတစ်ခု ဖြတ်ပြေးသွားသော်လည်း သူမကို ဂရုမစိုက်တော့ဘဲ ဖန့်ချန်ကိုသာ ကြည့်ကာ

"ဖန့်ဂျူနီယာ... ငါ့ရဲ့ အကြံပြုချက်ကို ဘယ်လိုသဘောရလဲ အဆင်ပြေရင် အခုပဲ ဝမ်ရွှမ်စီနီယာနဲ့ တွေ့ဖို့ ကျမ ခေါ်သွားပေးမယ်"

"အင်း... ကျနော်နဲ့ သူတို့က တစ်နေရာတည်းက လာကြတာဆိုတော့ ဝမ်စီနီယာရဲ့ အဖွဲ့ထဲကို တစ်ယောက်တည်း ဝင်လိုက်ဖို့က သိပ်တော့ မသင့်တော်ဘူး ထင်တယ်"

ဖန့်ချန်က ဝေခွဲမရသည့်ဟန်ဖြင့် ဆိုလိုက်သည်။

"ဂျူနီယာ... ဝမ်စီနီယာရဲ့ အဖွဲ့က တားမြစ်နယ်မြေထဲ စူးစမ်းတိုင်း ရလဒ်ကောင်းတွေ အမြဲရတယ်။ ရလာတဲ့ အကျိုးအမြတ်ကိုလည်း ကျင့်ကြံခြင်းအဆင့်နဲ့ လူဦးရေအပေါ် မူတည်ပြီး မျှမျှတတ ခွဲဝေပေးတာ။ ဒါကြောင့် ငါတို့အဖွဲ့ထဲမှာ အလကားထိုင်စားနေတဲ့ အပျင်းထူသူတွေကို လက်မခံဘူး"

ဟု ရွှီချန့်က သွယ်ဝိုက်၍ ပြောလိုက်သည်။

"ဘယ်သူက အပျင်းထူသူလဲ "

မုံချင့်လင်၏ မျက်နှာမှာ မည်းမှောင်သွားသည်

"ရှင်က ကျမတို့ထက် နှစ်တစ်ရာ စောရောက်နေတာပဲ ရှိတာပါ။ ကျမတို့ကို နှစ်တစ်ရာ အချိန်ပေးကြည့်ပါဦး၊ ကျမတို့အဖွဲ့က ရှင့်တို့အဖွဲ့ထက် မနိမ့်ကျနိုင်ပါဘူး"

"လင်းကွေ့ကြယ်တာရာနယ်မြေ၊ မိုးကြိုးမီးတောက်မသေမျိုးဂိုဏ်းက မုံချင့်လင် မဟုတ်လား"

ရွှီချန့်က မုံချင့်လင်ကို ကြည့်ကာ လှောင်ပြုံးဖြင့် ဆိုသည် ။

"မင်းကို နှစ်တစ်ရာ အချိန်ပေးရင်တောင် မင်းက အလွန်ဆုံး ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် အစောပိုင်းပဲ ရှိဦးမှာ။ ကျန်တဲ့သူတွေဆိုရင် အဆင့်တက် နိုင်ပါ့မလားတောင် မသေချာဘူး။ ငါတို့အဖွဲ့မှာတော့ ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့်ဆိုတာ အခြေခံပဲရှိသေးတယ်၊ အထက်မှာ တက်လှမ်းခြင်းအဆင့်တွေ ရှိသလို၊ ဝမ်စီနီယာလို အဆင့် ၁ မသေမျိုးလည်း ရှိတယ်။ နောက်နှစ်တစ်ရာမှာ ငါတို့ထဲက တစ်ယောက်ယောက်က မသေမျိုး ဖြစ်လာနိုင်သေးတယ်။ မင်းတို့က ဘာနဲ့ လာယှဉ်မှာလဲ "

"..."

မုံချင့်လင်မှာ ပြောစရာ စကားမဲ့သွားပြီး မျက်နှာတစ်ခုလုံး နီမြန်းလျက် နှုတ်ခမ်းကိုသာ တင်းတင်းစေ့ထားလိုက်ရသည်။

"စီနီယာရွှီချန့်... ကျနော်ကတော့ သူတို့ကို ခေါ်ပြီး တားမြစ်နယ်မြေထဲမှာ ကိုယ့်ဘာသာကိုယ်ပဲ လှည့်လည်ကြည့်ဖို့ စိတ်ကူးထားပါတယ်"

ဟု ဖန့်ချန်က ဆိုလိုက်သည်။

ရွှီချန့်ပြောသော အဖွဲ့ထဲသို့ ဝင်ခြင်းမှာ သူ့အတွက် မည်သည့် အကျိုးကျေးဇူးမှ မရှိသည့်အပြင် အချုပ်အနှောင်များပါ ရှိလာနိုင်ပေလိမ့်မည်။

မိမိအဖွဲ့ကို မိမိ စိတ်ကြိုက် ဦးဆောင်ရသည်က ပို၍ သက်သောင့်သက်သာ ရှိလှသည်။

ထို့အပြင် သူ၏ ရည်ရွယ်ချက်မှာလည်း ဤနေရာတွင် အလုပ်သမားလုပ်ရန် မဟုတ်ပေ။

ဖန့်ချန် ငြင်းပယ်လိုက်သည်ကို မြင်သောအခါ ရွှီချန့်၏ မျက်ဝန်းထဲတွင် အံ့သြမှုများ သိသိသာသာ ဖြတ်ပြေးသွားသည်။

ပုံမှန်ဆိုလျှင် ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးသည် မသေမျိုးတစ်ဦး၏ ကမ်းလှမ်းချက်ကို မည်သို့ ငြင်းပယ်နိုင်မည်နည်း

မုံချင့်လင်တို့မှာမူ ရင်ထဲမှ အလုံးကြီး ကျသွားပြီး မျက်နှာထက်တွင် ပျော်ရွှင်သော အပြုံးများ ပေါ်လာတော့သည်။

သူတို့သည် လင်းကွေ့ကြယ်တာရာနယ်မြေမှစ၍ သံယောဇဉ်ရှိခဲ့ကြသူများဖြစ်သလို ဆယ်စုနှစ်တစ်ခုကျော် အတူတူ ခရီးနှင်ခဲ့ကြသူများ မဟုတ်ပါလား။

အဖွဲ့ခေါင်းဆောင်သည် သူတို့ကို စွန့်ပစ်ပြီး အခြားအဖွဲ့ထဲသို့ တစ်ဦးတည်း ဝင်လိမ့်မည် မဟုတ်သည်မှာ သေချာပါသည်။

"ဂျူနီယာ... သေသေချာချာ စဉ်းစားစေချင်တယ်"

ရွှီချန့်က ပြုံးလျက် ဆိုပြန်သည်

"ရှေးဟောင်းတားမြစ်နယ်မြေရဲ့ အန္တရာယ်က ဘက်ပေါင်းစုံမှာ ရှိနေတာ။ ဒီကို ရောက်ခါစမှာ မတော်တဆ တစ်ခုခု ဖြစ်သွားရင် အသက်ပျောက်သွားနိုင်တယ်။ ငါလည်း အရင်က မင်းလိုပဲ ရည်မှန်းချက်တွေ ကြီးမားခဲ့ပြီး ကိုယ့်အဖွဲ့နဲ့ကိုယ် နယ်မြေအသစ်တစ်ခု ထူထောင်ဖို့ စိတ်ကူးခဲ့တာ"

သူမသည် ခါးရှိ ကြေးနီရောင် ကျောက်စိမ်းပြားကို ပွတ်သပ်ရင်း သက်ပြင်းချလိုက်သည်

"ဒါပေမဲ့ ရလဒ်ကတော့... တားမြစ်နယ်မြေထဲမှာ အန္တရာယ်နဲ့ ကြုံရပြီး အဖွဲ့ဝင်အားလုံး သေကုန်တယ်၊ ငါ တစ်ယောက်တည်းပဲ ကျန်ခဲ့တာ။ တကယ်တော့ ကျမလည်း သေရမှာပါပဲ၊ ဝမ်ရွှမ်စီနီယာက ငါ့ကို ကယ်တင်ပေးခဲ့လို့သာ အခုလို မင်းရှေ့မှာ ရပ်ပြီး စကားပြောနိုင်တာ"

ဖန့်ချန်သည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းကို ခပ်ဖြည်းဖြည်း ညိတ်ပြလိုက်သည်

"ကျနော် ကိုယ့်ဘာသာကိုယ်ပဲ စွန့်စားကြည့်ချင်ပါသေးတယ်"

"ကောင်းပြီလေ"

ရွှီချန့်က ခေါင်းညိတ်လိုက်သည်

"တကယ်လို့ စိတ်ကူးပြောင်းသွားရင် ငါ့ကို အချိန်မရွေး လာရှာလို့ ရပါတယ်။ ငါတို့ ရှေ့ပြေးအဖွဲ့နာမည်က ရွှမ်ဝမ် ပါ"

ထိုသုံးဦး ထွက်ခွာသွားပြီးနောက် မုံချင့်လင်တို့အဖွဲ့မှာ ဖန့်ချန်အနားသို့ စုရုံးလာကြသည်။

"ဒီစီနီယာရွှီချန့်က စေတနာအမှန်နဲ့ မဟုတ်ဘူး။ အဖွဲ့ခေါင်းဆောင်ကိုသာ ခေါ်သွားရင် ကျမတို့အဖွဲ့က ပင်မအင်အား ဆုံးရှုံးသွားမှာလေ"

"သူက ကျမတို့ကို ဒီနေရာမှာပဲ သီးသန့်ကျင့်ကြံခိုင်းချင်နေတာ။ ကျမတို့က တားမြစ်နယ်မြေထဲ သွားဖို့ မထိုက်တန်ဘူးလို့ သူက ယူဆနေတာပဲ"

"ဖန့်မိတ်ဆွေ... မင်း ဘယ်လိုတွေးလဲ တကယ်လို့ ငါတို့အတွက်နဲ့ မင်း ဒီမှာပဲ နေခဲ့ရမယ်ဆိုရင်တော့ အဲဒီလို လုပ်ဖို့ မလိုပါဘူး"

ကြာနီနတ်မိမယ်ငယ်သည် ခဏမျှ ဝေခွဲမရဖြစ်သွားပြီးမှ လေးလေးပင်ပင် ဆိုလိုက်သည်။

သူမသည် ငါတို့ ဟု ပြောသည့်အခါတွင် အနည်းငယ်မျှ ထစ်ငေါ့သွားပုံရသည်။

အခန်း (၁၃၆၂) - စံနမူနာပြ မသေမျိုးလှေ ယွမ်လုံ

ဖန့်ချန်၏ စိတ်အာရုံမှာ တစ်ချက် လှုပ်ရှားသွားပြီး ကြာနီနတ်မိမယ်ငယ်၏ စိတ်ခံစားချက်မှာ အနည်းငယ် ပုံမှန်မဟုတ်သည်ကို သတိပြုမိလိုက်သည်။

သူမက သူ ထိုနေရာတွင် ကျန်ရစ်ခဲ့ခြင်းမှာ သူမတစ်ယောက်တည်းအတွက်ကြောင့်ဟု ထင်မှတ်နေပုံရသည်။

အမှန်တကယ်တော့ ထိုသို့တွေးခြင်းမှာလည်း မှားသည်ဟု မဆိုသာချေ။

သူသည် ကြာနီနတ်မိမယ်ငယ်အား မိမိ၏ မျက်စိအောက်မှ အပျောက်မခံရန် အမှန်တကယ်ပင် ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။

ကြာနီနတ်မိမယ်ငယ်၏ စကားကြောင့် လူတိုင်းမှာ တွေးတောစရာ ဖြစ်သွားကြသည်။

မိစ္ဆာဂူဂိုဏ်း မှ လင်းယွမ်က သက်ပြင်းချကာ

"တကယ်တော့ ကျုပ်တို့အားလုံးက လင်းကွေ့ကြယ်တာရာနယ်မြေက လာကြတာဆိုတော့ ဒီကိုရောက်တဲ့အခါ စုစုစည်းစည်း ရှိကြရမှာပေါ့။ ဒါပေမဲ့ ဖန့်မိတ်ဆွေမှာ ပိုကောင်းတဲ့ လမ်းစရှိနေရင်တော့ ကျုပ်တို့အတွက်နဲ့ တန့်နေဖို့ မလိုပါဘူး။ ကျင့်ကြံသူဆိုတာ ရှေ့ကိုမတက်ရင် နောက်ပြန်ဆုတ်နေတာနဲ့ အတူတူပဲ။ အမြင့်ဆုံးကို အဆက်မပြတ် တက်လှမ်းနိုင်မှသာ တစ်ဦးတည်းသော ထူးခြားတဲ့ ရှုခင်းတွေကို မြင်နိုင်မှာလေ"

ယွီဝူရှီးနှင့် အခြားသူများမှာမူ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသော်လည်း ဘာမျှမပြောဘဲ ဖန့်ချန်ကိုသာ စိုက်ကြည့်နေကြသည်။

"တခြားသူတွေရဲ့ အဖွဲ့ထဲဝင်တာက ဘေးကင်းလုံခြုံမှုအတွက် အာမခံချက်ရှိနိုင်တာ မှန်ပါတယ်။ ဒါပေမဲ့ ခုနက မင်းတို့လည်း ကြားမှာပါ၊ အကျိုးအမြတ်ကို ကျင့်ကြံခြင်းအဆင့်နဲ့ လူဦးရေအပေါ် မူတည်ပြီး ခွဲဝေတာလေ။ ငါက ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့်ပဲ ရှိသေးတာ၊ အဲဒီလိုအဖွဲ့မျိုးထဲမှာ ဘယ်လောက်အထိ အစွမ်းပြနိုင်မှာမလို့လဲ "

ဖန့်ချန်က ခပ်အေးအေး ပြုံးလျက်

"အဲဒီအဖွဲ့မှာ အထက်က တက်လှမ်းခြင်းအဆင့်တွေ ရှိသလို၊ အဆင့် ၁ ထိုက်ယီမသေမျိုးလည်း ရှိနေတယ်။ တားမြစ်နယ်မြေထဲ တစ်ခေါက်သွားလို့ ရလာတဲ့ အကျိုးအမြတ်ထဲက ငါ့လက်ထဲ ရောက်လာမယ့် ဝေစုဟာ ထင်ထားတာထက် အများကြီး နည်းသွားလိမ့်မယ်"

"ငါ ဒီမှာကျန်ရစ်ဖို့ ရွေးချယ်တာကတော့ တကယ်တော့ အကြီးကြီး တစ်ခုကို လောင်းကြေးထပ်ချင်လို့ပါ။ မင်းတို့နဲ့အတူတူဆိုရင် ရလာတဲ့အရာတွေထဲက ခုနစ်ပုံကို အထက်ကို ပေးသွင်းပြီးလို့ ကျန်တဲ့ သုံးပုံထဲမှာ ငါက အများဆုံး ဝေစုရမှာလေ။ အဲဒီရလဒ်က ရွှမ်ဝမ်ရှေ့ပြေးအဖွဲ့ထဲ ဝင်တာထက် အများကြီး ပိုပြီး ရနိုင်ချေ ရှိပါတယ်"

လူတိုင်း၏ မျက်ဝန်းများ ဝင်းလက်သွားကြသည်။

မုံချင့်လင်က မရယ်ဘဲ မနေနိုင်တော့ဘဲ

"ဒါမှ ကျင့်ကြံသူ စစ်စစ်ပေါ့။ ဟိုတွေး ဒီတွေးနဲ့ တွန့်ဆုတ်နေတာက ဘာမှမဟုတ်ဘူး။ အဖွဲ့ခေါင်းဆောင်လို စိတ်ဓာတ်မျိုးမှ ကျင့်ကြံသူတစ်ယောက်မှာ ရှိသင့်တဲ့ သတ္တိပဲ ။ ကျမတို့ရဲ့ ကျင့်ကြံခြင်းက သူတို့ကို ခဏတာ မမီသေးတာ ဖြစ်နိုင်ပေမဲ့ နောင်ကျရင်လည်း မမီဘူးလို့ မဆိုလိုဘူးလေ။ အန္တရာယ်တွေကို ဘေးဖယ်ပြီး မီးထဲကနေ ရတနာနှိုက်ယူနိုင်မှသာ လူတကာရဲ့ ထိပ်မှာ နေနိုင်မှာပေါ့ "

လူတိုင်းက တစ်ခဲနက် ထောက်ခံကြသည်။

ကျင့်ကြံသူတစ်ယောက်အနေဖြင့် ထိုလမ်းပေါ်သို့ စတင်ခြေချကတည်းက လောင်းကစားဆန်သော စိတ်ဓာတ်မှာ ရှိပြီးသားပင်။

ဖန့်ချန်က သူတို့နှင့်အတူ အကြီးစား လောင်းကြေးထပ်ရန် ဆုံးဖြတ်လိုက်ခြင်းမှာ သူတို့အတွက် အခွင့်အရေးပင် ဖြစ်သည်။

ရှေးဟောင်းတားမြစ်နယ်မြေထဲတွင် ကံကောင်းထောက်မ၍ ရတနာတစ်ခုခု ရှာတွေ့ခဲ့ပါက ချက်ချင်းပင် ထိပ်တန်းသို့ တက်လှမ်းနိုင်ပေလိမ့်မည်။

"စီနီယာလင်းက ဒီနေရာကို အရင်နှံ့အောင် လေ့လာပြီးမှ မသေမျိုးလှေ သွားထုတ်ပါလို့ ပြောထားပေမဲ့၊ အခု ကျုပ်တို့ လူစုံနေတုန်းမှာပဲ တခါတည်း သွားထုတ်လိုက်ကြတာ ပိုကောင်းမယ် ထင်တယ်။ ကျွယ်မင်နန်းတော်ရဲ့ မသေမျိုးလှေတွေက တော်တော်ထူးခြားတယ်လို့ ကြားဖူးတယ်၊ ဘယ်လိုမျိုး ထူးခြားတာလဲဆိုတာ ကျမတော့ သိချင်လှပြီ"

ဟု မုံချင့်လင်က အကြံပြုသည်။

လူတိုင်းက ခေါင်းညိတ်ထောက်ခံရင်း ဖန့်ချန်ကို ကြည့်လိုက်ကြသည်။

ဖန့်ချန်ကိုယ်တိုင်လည်း လင်းတုန်းပြောသော ထူးခြားသည့် မသေမျိုးလှေအကြောင်းကို သိချင်နေသဖြင့် လူတိုင်းကို ခေါ်ဆောင်ကာ ဂုဏ်ပြုနန်းတော် သို့ ထွက်လာခဲ့သည်။

ဝိညာဉ်ကျောက်တုံးများ ထုတ်ယူသည်ဖြစ်စေ၊ မသေမျိုးလှေ ထုတ်ယူသည်ဖြစ်စေ သို့မဟုတ် တားမြစ်နယ်မြေမှ ရလာသော ရတနာများကို ပေးအပ်သည်ဖြစ်စေ ထိုဂုဏ်ပြုနန်းတော်မှတစ်ဆင့်သာ ဆောင်ရွက်ရခြင်းဖြစ်သည်။

သူတို့ ထိုနေရာသို့ ရောက်သောအခါ လူအုပ်စုကြီးတစ်စုက ဂုဏ်ပြုနန်းတော်ထဲသို့ ဂုဏ်ယူဝင့်ကြွားစွာ ဝင်သွားသည်ကို မြင်လိုက်ရသည်။

ဦးဆောင်လာသူမှာ အဆင့် ၁ မသေမျိုး တစ်ဦးဖြစ်သည်။

ထိုသူသည် ဘေးဘယ်ညာသို့ပင် မကြည့်ဘဲ ခေါင်းကိုမော့ကာ ရဲရဲဝံ့ဝံ့ လျှောက်လှမ်းသွားရာ ကျားလှမ်း နဂါးလှမ်းကဲ့သို့ အရှိန်အဝါ တစ်မျိုး ရှိနေလေသည်။

သူ့နောက်တွင် တက်လှမ်းခြင်းအဆင့်နှင့် ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူ အတော်များများ ပါလာပြီး အချို့မှာ သူတို့၏ ရလဒ်များကို သိကျွမ်းသူများအား ဝင့်ကြွားစွာ ပြောပြနေကြသည်

"ကျုပ်တို့ အဖွဲ့ခေါင်းဆောင်က ကျုပ်တို့ကို ခေါ်ပြီး နံပါတ် (၁၅၇) ရှေးဟောင်းတားမြစ်နယ်မြေထဲကနေ အဆင့် ၁ ထိုက်ယီမသေမျိုးတွေ လိုအပ်တဲ့ နတ်ဆေးပင် မြောက်ရေခဲပုစဉ်းမြက် ကို လုယူခဲ့တာပဲ"

"ဟူးးး"

ဂုဏ်ပြုနန်းတော်အတွင်းရှိ ကျင့်ကြံသူများမှာ အသက်ရှူမှားသွားကြသည်။

ဤနေရာရှိ ကျင့်ကြံသူများ၏ အနိမ့်ဆုံးအဆင့်မှာ တာအိုပေါင်းစပ်ခြင်းအဆင့် ဖြစ်ပြီး ထိုအဆင့်ရှိမှသာ တားမြစ်နယ်မြေထဲသို့ မသေမပျောက် စူးစမ်းနိုင်စွမ်း ရှိကြခြင်းဖြစ်သည်။

ထိုအဖွဲ့၏ ရလဒ်ကို ကြားလိုက်ရသောအခါ လူတိုင်း၏ မျက်ဝန်းထဲတွင် လိုချင်တပ်မက်သော အလင်းတန်းများ ပေါ်ထွက်လာတော့သည်။

အဆင့် ၁ ထိုက်ယီမသေမျိုးတို့ လိုအပ်သော နတ်ဆေးပင် မြောက်ရေခဲပုစဉ်းမြက် ၎င်းသည် အနည်းဆုံး မသေမျိုးကျောက်တုံး ၂၀၀ ခန့် တန်ဖိုးရှိသည်။

ခုနစ်ပုံကို အထက်သို့ ပေးအပ်ပြီး သုံးပုံတစ်ပုံ ကျန်ခဲ့လျှင်ပင် မသေမျိုးကျောက်တုံး ၆၀ ခန့် ရရှိမည်ဖြစ်သည်။

ထိုပမာဏမှာ အဆင့် ၁ မသေမျိုးသာမက၊ အဆင့် ၂ မသေမျိုးများပင် မျက်စိကျလောက်ပြီး အဆင့် ၃ မသေမျိုးများပင် စိတ်လှုပ်ရှားသွားစေမည့် ငွေကြေးပမာဏပင်။

ဂုဏ်ပြုနန်းတော်ရှိ အကြီးအကဲမှာ အဆင့် ၂ မသေမျိုးတစ်ဦးဖြစ်ပြီး ထိုရှေ့ပြေးအဖွဲ့ ခေါင်းဆောင်နှင့် ရင်းနှီးစွာ စကားပြောဆိုနေသည်။

ထို့နောက် လူတိုင်း၏ ရှေ့မှောက်တွင်ပင် ထိုနတ်ဆေးပင်ကို ယူဆောင်လိုက်ပြီး ဈေးနှုန်းအတိုင်း မသေမျိုးကျောက်တုံး ၆၀ ကို ထုတ်ပေးလိုက်သည်။

"အဖွဲ့ခေါင်းဆောင်... ကျနော် စုံစမ်းကြည့်ရသလောက်တော့ ဒီအဖွဲ့က ကျားဘုရင် ရှေ့ပြေးအဖွဲ့တဲ့။ ဒီမှာရှိတဲ့ နာမည်ကြီးအဖွဲ့တွေက နာမည်နောက်မှာ ဘုရင် ဆိုတဲ့ စကားလုံး ထည့်တတ်ကြပုံပဲ။ အဲဒီ အဆင့် ၁ မသေမျိုးကို ကျားဘုရင်လို့ ခေါ်ကြပြီး သူက သွေးသားမိစ္ဆာနတ်ဘုရား လမ်းစဉ်ကို လိုက်စားထားတာတဲ့၊ သူ့ရဲ့ မူလကိုယ်ကလည်း မိစ္ဆာကျင့်ကြံသူ တစ်ယောက်ပဲ"

လင်းယွမ်က ဖန့်ချန်အနားသို့ တိုးကပ်ကာ တိုးတိုးလေး သတင်းပေးသည်။

ဖန့်ချန်သည် ထိုအချက်အလက်များကို အလွန်အမင်း စိတ်မဝင်စားချေ။

သူ၏ စိတ်ထဲတွင် မသေမျိုးကျောက်တုံး သုံးထောင်ကို မည်သို့ စုဆောင်းရမည်နည်းဟုသာ တွေးနေမိသည်။

ရှေးဟောင်းတားမြစ်နယ်မြေထဲမှာ စစ်မှန်တဲ့ မသေမျိုးလမ်းစဉ် တစ်ခုခု တွေ့သလိုမျိုး ဟန်ဆောင်ပြီး အဲဒါကို ရောင်းစားရင်ကော

မဖြစ်သေးဘူး... ဝမ်ချုံးစန်းတောင်မှ အဲဒီလို အဆုံးသတ်မျိုး ကြုံခဲ့ရတာ။

ငါသာ အဲဒီလိုလုပ်ရင် အထက်က လူကြီးတွေရဲ့ အာရုံစိုက်မှုကို ခံရလိမ့်မယ်။

အဲဒီအချိန်ကျ ရှေးဟောင်းမသေမျိုး တစ်ဦးနှစ်ဦးလောက် ဆင်းလာရင် ငါ့ရဲ့ အတုအယောင် နည်းလမ်းတွေက သူတို့ကို လှည့်စားနိုင်မှာမဟုတ်ဘူး၊ ဘေးဒုက္ခပဲ ကြုံရလိမ့်မယ်

ဖန့်ချန်သည် သူ၏ စိတ်ကူးကို ချက်ချင်းပင် ပယ်ဖျက်လိုက်သည်။

မှန်လေးကို အသုံးချပြီး နံပါတ် (၁၅၇) ရှေးဟောင်းတားမြစ်နယ်မြေထဲမှာပဲ လှည့်ပတ်ကြည့်တာ ပိုကောင်းပါလိမ့်မည်။

ဘယ်လိုအန္တရာယ်မျိုးနဲ့ပဲ ကြုံရပါစေ၊ သူ့မှာ အဆင့် ၄ ဓားမသေမျိုး ဟွမ်ဝူကျိ ရှိနေသည်မဟုတ်ပါလား။

ဟွမ်ဝူကျိ ၏ အစွမ်းမှာ အဆင့် ၅ မသေမျိုးများပင် ထည့်တွက်ရမည့် အနေအထားတွင် ရှိသည်။

ကျားဘုရင်ရှေ့ပြေးအဖွဲ့သည် မသေမျိုးကျောက်တုံးများကို ရယူပြီးနောက် ဝမ်းသာအားရ ထွက်ခွာသွားကြရာ ဂုဏ်ပြုနန်းတော်အတွင်း အနည်းငယ် ပြန်လည် တိတ်ဆိတ်သွားသည်။

ဖန့်ချန်သည် လူတိုင်းကို ခေါ်ဆောင်ကာ ထိုအဆင့် ၂ မသေမျိုး အကြီးအကဲရှေ့သို့ သွား၍ ဂါရဝပြုလိုက်သည်

"စီနီယာ... ကျနော်တို့ မသေမျိုးလှေ လာထုတ်တာပါ"

ထိုအဆင့် ၂ မသေမျိုးမှာ လူတိုင်းကို အမှတ်မထင် ကြည့်လိုက်ရာ ဖန့်ချန်၏ ခါးရှိ ကြေးနီရောင် ကျောက်စိမ်းပြားကို မြင်သောအခါ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပြီး

"ဩော်... လင်းမိတ်ဆွေ အခုလေးတင် ခေါ်လာတဲ့ လူသစ်တွေပဲ။ မင်းက စစ်ဆေးပွဲမှာ ကြေးနီရောင် ကျောက်စိမ်းပြားတောင် ရခဲ့တာလား "

"မဆိုးဘူး... မဆိုးဘူး။ စည်းကမ်းအရ မင်းက လင်းမိတ်ဆွေနဲ့ အတူပါလာတာဆိုတော့ လင်းကွေ့ကြယ်တာရာနယ်မြေကပဲ ဖြစ်မှာပေါ့။ သေချာ ကြိုးစားကြ၊ နောင်ကျရင် အလားအလာ အများကြီး ရှိပါတယ်"

ထိုသူသည် ပြောရင်းဖြင့် သူ၏ ဝတ်ရုံအင်္ကျီလက်ထဲမှ လက်တစ်ဝါးစာခန့်ရှိသော မသေမျိုးလှေလေးတစ်စင်းကို ထုတ်ယူကာ ဖန့်ချန်အား ကမ်းပေးလိုက်သည်

"ဒါက ကျွယ်မင်နန်းတော်ရဲ့ စံနမူနာပြ မသေမျိုးလှေ ယွမ်လုံ ပဲ။ မသေမျိုးတံဆိပ် တစ်ခု ပါရှိပြီး ကောင်းကင်အဆင့်နိမ့် ရတနာလို့ သတ်မှတ်လို့ရတယ်။ ဒါပေမဲ့ မင်းတို့ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ မောင်းနှင်ဖို့ ခက်ခဲတဲ့အတွက် အထဲမှာ ပြုပြင်ပြောင်းလဲမှု အနည်းငယ် လုပ်ထားတယ်။ ပြန်ယူသွားပြီး သန့်စင် ပြီးရင်တော့ အထဲက လျှို့ဝှက်ချက်တွေကို သိလာပါလိမ့်မယ်"

ကောင်းကင်အဆင့်နိမ့် ရတနာ

လူတိုင်း၏ မျက်ဝန်းများ တောက်ပသွားကြသည်။

ကျွယ်မင်နန်းတော်၏ အပြင်စည်းကျင့်ကြံသူ ဖြစ်လာရုံရှိသေးသည်၊ သူတို့ ပေးအပ်သော မသေမျိုးလှေမှာ ကောင်းကင်အဆင့် ရတနာ ဖြစ်နေလေပြီ။

သူတို့ကဲ့သို့ တာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူများအတွက် ကောင်းကင်အဆင့် ရတနာဆိုသည်မှာ ပုံမှန်အားဖြင့် မော့ကြည့်ရုံသာ တတ်နိုင်သည့် အရာဖြစ်သည်။

ယခုမူ အလွယ်တကူ ရရှိလိုက်ပြီ ဖြစ်သည်။

၎င်းမှာ မသေမျိုးလှေတစ်စင်းသာ ဖြစ်သော်လည်း ကျွယ်မင်နန်းတော်၏ အခြေခံအုတ်မြစ်မှာ မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း သိသာလှပေသည်။

"ဖန့်ဂျူနီယာက မသေမျိုးလှေ ထုတ်ပြီးပြီလား "

သူတို့နောက်ကွယ်မှ ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာရာ လှည့်ကြည့်လိုက်သောအခါ ရွှီချန့် ဖြစ်နေသည်။

ရွှီချန့်က တစ်စုံတစ်ခုကို စဉ်းစားနေဟန်ဖြင့် လူတိုင်းကို တစ်ချက်ပြုံးပြပြီးနောက် ထိုအဆင့် ၂ မသေမျိုး အကြီးအကဲကို ဆိုလိုက်သည်

"စီနီယာဝူ... ချုံးရွှီ ရှေ့ပြေးအဖွဲ့က ကျမတို့ ရွှမ်ဝမ် အဖွဲ့ထဲကို ပူးပေါင်းလိုက်ပါပြီ။ ဒါက သူတို့ မူလက သုံးခဲ့တဲ့ ယွမ်လုံနံပါတ်လှေပါ။ ဒီဝေစုကို အသုံးချပြီး ကျမတို့ရဲ့ ကျန့်လုံ နံပါတ်လှေကို ပြုပြင်ထိန်းသိမ်းဖို့နဲ့ အဆင့်မြှင့်ဖို့ လျှောက်ထားချင်ပါတယ်"

ရွှီချန့်သည် လက်တစ်ဝါးစာ မသေမျိုးလှေလေးတစ်စင်းကို ကမ်းပေးလိုက်သည်။

ထိုအခါမှသာ သူမ၏ နောက်ကွယ်တွင် ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူ ဆယ်ဂဏန်းခန့် စိတ်ဓာတ်ကျနေသည့် အမူအရာဖြင့် ရပ်နေကြသည်ကို လူတိုင်း မြင်လိုက်ရသည်။

မသေမျိုးလှေကို အသုံးချပြီး ပြုပြင်ထိန်းသိမ်းမှုနဲ့ အဆင့်မြှင့်တင်မှု ပြုလုပ်တာလား

လူတိုင်း၏ စိတ်ထဲတွင် အတွေးတစ်ခု ဝင်လာသည်။

ရွှီချန့်က ဖန့်ချန်ကို စတင်ပြီး ကမ်းလှမ်းခဲ့ခြင်းမှာ ဖန့်ချန် ရရှိမည့် မသေမျိုးလှေ ဝေစုအတွက်ကြောင့်လား

ထိုအချက်ကို တွေးမိသည်နှင့် မုံချင့်လင်နှင့် အခြားသူများမှာ ရွှီချန့်အား မသိမသာ မျက်စောင်းထိုးလိုက်ကြတော့သည်။

All Chapters