အခန်း (၁၃၆၅-၁၃၆၆)
Vol. 137 Ch. 1365-1366
အခန်း (၁၃၆၅) - ကိုးနယ်မြေရှေ့ပြေးအဖွဲ့
ရှေးဟောင်းတားမြစ်နယ်မြေဆီသို့ စူးစမ်းရန် ထွက်ခွာတော့မည်ဖြစ်ရာ ယွီဝူရှီးနှင့် အခြားသူများမှာ စိုးရိမ်စိတ် အနည်းငယ်ရှိသော်လည်း စိတ်လှုပ်ရှားမှုက ပို၍ ကြီးစိုးနေသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ကျားဘုရင်ရှေ့ပြေးအဖွဲ့ နတ်ဆေးပင် ရရှိခဲ့သည့်သတင်းမှာ သူတို့ကို အစဉ်တစိုက် လှုံ့ဆော်နေခဲ့သည် မဟုတ်ပါလား။
"အဖွဲ့ခေါင်းဆောင်... ကျမတို့ အဖွဲ့အတွက် နာမည်တစ်ခုတော့ ရှိသင့်တယ်မလား "
မုံချင့်လင်က ပြုံးရွှင်စွာ မေးလိုက်သည်။
"မင်းတို့ကော ဘယ်လိုနာမည်မျိုး ပေးချင်လဲ "
ဖန့်ချန်က အလိုက်သင့် ပြန်မေးသည်။
"ကျမအမြင်အရတော့ မိုးကြိုးမီးတောက် ရှေ့ပြေးအဖွဲ့ လို့ ခေါ်ရင် ဘယ်လိုလဲ "
မုံချင့်လင်က ဆိုသည်
"ဒီနာမည်က တော်တော်လေး အရှိန်အဝါရှိသလို၊ တဟုန်ထိုး တိုးတက်လာမယ့် အငွေ့အသက်မျိုးလည်း ရှိတယ်"
လင်းယွမ်က ခပ်ပြောင်ပြောင် ရယ်မောလိုက်ပြီး
"မင်းရဲ့ ချင့်လင် ရှေ့ပြေးအဖွဲ့ လို့ပဲ တိုက်ရိုက်ခေါ်လိုက်ပါလား။ မိုးကြိုးမီးတောက်တဲ့... ရှေ့ပြေးအဖွဲ့ဆိုတာ အဖွဲ့ခေါင်းဆောင်က အဓိကပဲလေ၊ နာမည်က ဘယ်လိုလုပ် မင်းရဲ့ မိုးကြိုးမီးတောက်မသေမျိုးဂိုဏ်းနဲ့ သွားတူလို့ ဖြစ်မှာလဲ "
" ယန့်ကွမ် ဆိုရင်ကော ဘယ်လိုလဲ "
ယွီဝူရှီးက တွေးတောစွာဖြင့် ဖန့်ချန်ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။
ဖန့်ချန်အနေဖြင့် ဤနာမည်ကို သဘောတူလိမ့်မည်ဟု သူ ထင်နေခြင်း ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ဖန့်ချန်သည်လည်း နတ်ဘုရားမျက်လုံး ကို ပိုင်ဆိုင်ထားသူဖြစ်ရာ သူ့ဘက်တော်သားတစ်ယောက်ဟု မှတ်ယူ၍ရသည်။
"ယွီမိတ်ဆွေလည်း နာမည်ကောင်း မစဉ်းစားတတ်တာ အတူတူပါပဲလား"
လင်းယွမ်က ခေါင်းခါလိုက်သည်။
ကြာနီနတ်မိမယ်ငယ်ကတော့ အဖွဲ့အမည်ကို အလေးအနက် စဉ်းစားနေပုံရပြီး ကျန်သူများ၏ နောက်ပြောင်နေမှုကို ဂရုမစိုက်ချေ။
" ကိုးနယ်မြေ ပဲ ထားကြရအောင်"
ဖန့်ချန်က ဆိုလိုက်သည်။
"ဗျာ... ဘာပြောလိုက်တာလဲ "
လူတိုင်း သေချာမကြားလိုက်သဖြင့် ပြန်မေးကြသည်။
ဖန့်ချန်က ပြုံးလျက်
"ငါတို့အဖွဲ့ရဲ့ နာမည်ကို ကိုးနယ်မြေရှေ့ပြေးအဖွဲ့ လို့ ခေါ်ကြမယ်၊ ဘယ်လိုလဲ "
"ကိုးနယ်မြေ... ကိုးနယ်မြေရှေ့ပြေးအဖွဲ့ "
လူတိုင်း၏ မျက်ဝန်းများ ဝင်းလက်သွားကြသည်။
လူသားလောက မှာလည်း နယ်မြေကိုးခု ရှိသည်မဟုတ်ပါလား။
ကိုးနယ်မြေရှေ့ပြေးအဖွဲ့ဟူသော အမည်က အမြင်ကျယ်ပြီး အဆင့်အတန်းမြင့်မားသော ခံစားချက်ကို ချက်ချင်း ပေးစွမ်းလိုက်သည်။
"ဒီနာမည်က တော်တော်ကောင်းတာပဲ၊ ကျုပ်သဘောတူတယ်"
လင်းယွမ်က ချက်ချင်း ထောက်ခံသည်။
ကြာနီနတ်မိမယ်ငယ်ကလည်း ခေါင်းညိတ်ပြသည်။
သူမသည် အမည်ပေးခြင်း၌ မကျွမ်းကျင်သဖြင့် နာမည်ကောင်းတစ်ခု ရသွားသည့်အတွက် စိတ်သက်သာရာရသွားဟန်ရှိသည်။
"ကိုးနယ်မြေရှေ့ပြေးအဖွဲ့... တော်တော်လေး ကောင်းပါတယ်"
ဟု သူမက တိုးတိုးလေး ဆိုသည်။
"ဒါဆို ကိုးနယ်မြေရှေ့ပြေးအဖွဲ့လို့ပဲ သတ်မှတ်လိုက်မယ်။ နာမည်တူ တခြားအဖွဲ့ မရှိဖို့ပဲ မျှော်လင့်ရတာပေါ့"
မုံချင့်လင်က ပြောသည်။
"နာမည် သတ်မှတ်ပြီးပြီဆိုတော့ စည်းကမ်းအချို့ကိုလည်း ထုတ်ပြန်ထားရမယ်။ အရင်ဆုံး ရှေးဟောင်းတားမြစ်နယ်မြေ စူးစမ်းမှုကနေ စတာပေါ့"
ဖန့်ချန်က အေးအေးလူလူ ဆက်ပြောသည်
"ငါ့ရဲ့ လတ်တလော အစီအစဉ်ကတော့... တကယ်လို့ ငါတို့ရဲ့ ဒီတစ်ခေါက် စူးစမ်းမှုက သီးသန့်ပစ်မှတ်တစ်ခုဆီ ဦးတည်နေတာမျိုးဆိုရင် သတင်းပေးတဲ့သူက အကျိုးအမြတ်အားလုံးကို တစ်ဦးတည်း ပိုင်ဆိုင်ခွင့်ရှိမယ်။ ဒါပေမဲ့ ကျန်တဲ့အဖွဲ့ဝင်တွေကိုတော့ သတ်မှတ်ထားတဲ့ လိုက်ပါခငွေ ပေးရမယ်။ အကယ်၍ စူးစမ်းနေတုန်းမှာ အမှတ်မထင် တွေ့ရှိတဲ့ အရာမျိုးဆိုရင်တော့ အထက်ကို ပေးသွင်းရမယ့် ဝေစုကို နုတ်ပြီးတာနဲ့ အားထုတ်မှု အနည်းအများအလိုက် ခွဲဝေယူကြတာပေါ့"
"အဖွဲ့ခေါင်းဆောင်... ဆိုလိုတာက တကယ်လို့ ကျုပ်ရဲ့ ကိုယ်ပိုင်သတင်းအရ တားမြစ်နယ်မြေရဲ့ တစ်နေရာမှာ ရတနာရှိမှန်း သိလို့ သွားရှာတယ်ဆိုရင်၊ ကျုပ်က ခင်ဗျားတို့ကို ဝိညာဉ်ကျောက်တုံး အနည်းငယ် ပေးရုံနဲ့ အဲဒီရတနာရဲ့ အကျိုးအမြတ်အားလုံးကို ကျုပ် တစ်ယောက်တည်း ယူလို့ရမယ် ဆိုတဲ့ အဓိပ္ပာယ်လား "
လင်းယွမ်က မေးသည်။
ဖန့်ချန်က ခပ်ဖွဖွ ခေါင်းညိတ်ပြသည်
"အဲဒီသဘောပါပဲ"
လူတိုင်းက ဤစည်းကမ်း၏ အားသာချက်၊ အားနည်းချက်ကို အလေးအနက် တွေးတောနေကြသည်။
မုံချင့်လင်က ဖြည့်စွက်အကြံပြုသည်
"ကျမ တစ်ခုလောက် ထပ်ဖြည့်ချင်ပါတယ်။ တကယ်လို့ အဖွဲ့ဝင်တစ်ဦးရဲ့ သတင်းကြောင့် သွားခဲ့ပြီးမှ မမျှော်လင့်ဘဲ အလွန်အမင်း အန္တရာယ်ရှိတဲ့ အခြေအနေမျိုးနဲ့ ကြုံရရင် ကျန်တဲ့အဖွဲ့ဝင်တွေမှာ စူးစမ်းမှုကို ရပ်တန့်ပိုင်ခွင့် ရှိရမယ်"
လူတိုင်း ခေါင်းညိတ်ထောက်ခံကြသည်။
စူးစမ်းရှာဖွေရာတွင် အသက်အန္တရာယ် လုံခြုံမှုက ပထမဦးစားပေးပင်။
"မင်းတို့က ကိုးနယ်မြေရှေ့ပြေးအဖွဲ့ရဲ့ မူလတည်ထောင်သူတွေ လို့ ဆိုလို့ရပါတယ်။ ဒါကြောင့် မင်းတို့ တစ်ယောက်ချင်းစီကို ဝါရင့်မဲ တစ်မဲစီ ပေးထားမယ်"
ဖန့်ချန်က ပြုံးလျက်
"ငါ့မှာ တစ်ချက်လွှတ် ဗီတိုအာဏာ ရှိတာကလွဲရင်၊ ငါ အဲဒီအာဏာကို အသုံးမပြုခင်အထိ မင်းတို့ လေးယောက်ရဲ့ ဝါရင့်မဲတွေက အဖွဲ့ရဲ့ လားရာကို အတိုင်းအတာတစ်ခုအထိ ဆုံးဖြတ်နိုင်လိမ့်မယ်။ အကယ်၍ နှစ်မဲ၊ နှစ်မဲနဲ့ သရေကျနေရင်တော့ ငါကပဲ အဆုံးအဖြတ် ပေးမယ်"
"ဝါရင့်မဲ ဟဲဟဲ... ဒါဆို ကျုပ်တို့က ဝါရင့်ပုဂ္ဂိုလ်တွေပေါ့။ နောင်တစ်ချိန်မှာ ကိုးနယ်မြေရှေ့ပြေးအဖွဲ့ကြီးက ကျားဘုရင်အဖွဲ့လိုမျိုး အင်အားကြီးအဖွဲ့ကြီး ဖြစ်လာရင် ကျုပ်တို့လည်း လူကုံထံကြီးတွေ ဖြစ်လာမှာပေါ့"
မုံချင့်လင်က လူတိုင်းကို မျက်စိမှိတ်ပြရင်း ပြုံးစိစိဖြင့် ပြောသည်။
"ဖန့်မိတ်ဆွေ... ကျမတို့ ဒီတစ်ခေါက် ထွက်မှာက သီးသန့်ပစ်မှတ်တစ်ခု ရှိနေလို့လား "
ကြာနီနတ်မိမယ်ငယ်က ရုတ်တရက် မေးလိုက်သည်။
သီးသန့်ပစ်မှတ်
လူတိုင်း၏ စိတ်အာရုံမှာ လှုပ်ရှားသွားပြီး ဖန့်ချန်ကို ဝိုင်းကြည့်လိုက်ကြသည်။
"မှန်တယ်။ ငါ့ဆီမှာ သတင်းတစ်ခု ရှိထားတယ်၊ ဒါဟာ အတော်လေး များပြားတဲ့ အကျိုးအမြတ် ရနိုင်ချေရှိတယ်။ ဒါပေမဲ့ ဒီအကျိုးအမြတ်က ငါတစ်ယောက်တည်း ပိုင်ဆိုင်မှာပါ။ ငါကတော့ မင်းတို့ကို လိုက်ပါခငွေပဲ ပေးနိုင်မယ်။ မင်းတို့အနေနဲ့ လိုက်ဖို့ ဒါမှမဟုတ် မလိုက်ဖို့ကို ရွေးချယ်နိုင်ပါတယ်"
ဖန့်ချန်က ပြုံးလျက် ခေါင်းညိတ်ပြသည်
"ဒီတစ်ခေါက်အတွက်ဆိုရင် တစ်ယောက်ကို အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၅၀ စီ ပေးမယ်"
ငါးဆယ်
လေးယောက်ဆိုလျှင် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၂၀၀ ပင် ဖြစ်သည်။
ထိုသို့ဆိုလျှင် ပစ်မှတ်ထားသော ရတနာ၏ တန်ဖိုးမှာ ထိုထက် အဆပေါင်းများစွာ သာလွန်ပေလိမ့်မည်။
"တကယ်လို့ ဘာမှမရခဲ့ရင်တောင် ကျုပ်တို့က ဒီကျောက်တုံးတွေကို ရမှာလား ဒါဆိုရင် ဘေးအန္တရာယ်နဲ့ အရှုံးအားလုံးကို အဖွဲ့ခေါင်းဆောင် တစ်ယောက်တည်း တာဝန်ယူတဲ့ သဘောလား "
ယွီဝူရှီးက တွေးတောစွာ မေးသည်။
"သဘာဝကျပါတယ်။ နောင်ကျလို့ မင်းတို့ ဒီလို တာဝန်မျိုး ပေးရင်လည်း ဒီအတိုင်းပဲ ဖြစ်ရမယ်။ အကျိုးအမြတ် အများကြီး လိုချင်ရင် အရှုံးပေါ်နိုင်တဲ့ အန္တရာယ်ကို အရင် တာဝန်ယူရမယ်၊ ဒါဟာ မျှတပါတယ်"
ဟု ဖန့်ချန်က ဆိုသည်။
"ငါးဆယ်ဆိုတာ နည်းနည်း များလွန်းနေမလား..."
လင်းယွမ်က အနည်းငယ် အားနာသွားဟန်ဖြင့် ကျန်သူများကို တိုးတိုးလေး လှမ်းပြောသည်
"ဒါက ကျုပ်တို့ရဲ့ ပထမဆုံး စူးစမ်းမှုလေ၊ တကယ်လို့ ဘာမှမရဘဲနဲ့ အဖွဲ့ခေါင်းဆောင်က ကျောက်တုံး ၂၀၀ တောင် အရှုံးပေါ်သွားရင် မျက်နှာပူစရာကြီး ဖြစ်မနေဘူးလား "
ဖန့်ချန်က လင်းယွမ်၏ စိုးရိမ်မှုကို ရိပ်မိပုံရသဖြင့် ရယ်မောလိုက်ပြီး
"စည်းကမ်းဆိုတာ စည်းကမ်းပဲ။ ငါ ဒီစည်းကမ်းကို သတ်မှတ်ပြီး ဘေးအန္တရာယ်ကို တာဝန်ယူတယ်ဆိုကတည်းက အကျိုးအမြတ် ရနိုင်ချေ အတော်လေး သေချာနေလို့ပဲ။ မင်းတို့ လုပ်ရမှာက လိုက်မလား၊ မလိုက်ဘူးလား ဆိုတာပဲ ဆုံးဖြတ်ဖို့ပါ။ ကျန်တဲ့ကိစ္စတွေ စိုးရိမ်စရာ မလိုဘူး"
"ကျမ လိုက်မယ်"
မုံချင့်လင်က ဆိုသည်
"အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၅၀ ဆိုတာ မနည်းဘူးနော်၊ ကျမ ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့်ကို တက်ဖို့အတွက် လုံလောက်တယ်"
"ကျမလည်း လိုက်မယ်"
ကြာနီနတ်မိမယ်ငယ်က ခေါင်းညိတ်ပြသည်
"ကျမတို့ စည်းကမ်းတွေ သတ်မှတ်ထားပေမဲ့၊ အထက်ကို ပေးသွင်းလို့ ရလာမယ့် ဂုဏ်ပြုမှတ်တွေကိုတော့ အားလုံး မျှဝေရမှာပဲ။ ကျွယ်မင်နန်းတော်ရဲ့ စည်းကမ်းအရ အထက်ကို တက်လှမ်းချင်ရင် ဂုဏ်ပြုမှတ်က မရှိမဖြစ်ပဲ၊ ဝိညာဉ်ကျောက်တုံးကတော့ အဓိက မဟုတ်ပါဘူး"
"အဲဒါ ဟုတ်တယ် ဒါဆိုရင် ကျုပ်လည်း လိုက်မယ်ဗျာ"
လင်းယွမ်က ချက်ချင်း အတည်ပြုသည်
"ပြီးခဲ့တဲ့ရက်က ကျုပ် စုံစမ်းကြည့်တော့ ဂုဏ်ပြုမှတ်က ကျွယ်မင်နန်းတော်ထဲမှာ တော်တော်လေး အသုံးဝင်တယ်လို့ ကြားရတယ်"
"ကျွယ်မင်နန်းတော်က ဒီစည်းကမ်းကို သတ်မှတ်ထားတယ်ဆိုရင် သူ့မှာ နက်နဲတဲ့ ရည်ရွယ်ချက် ရှိမှာပေါ့"
ကြာနီနတ်မိမယ်ငယ်က လင်းယွမ်ကို တစ်ချက်ကြည့်ကာ ပြောလိုက်ချိန်တွင် သူမ၏ မျက်ဝန်းထဲ၌ ထူးခြားသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
ဖန့်ချန်သည် သူမကို အမြဲ သတိထားကြည့်နေသဖြင့် သူမသည် ဂုဏ်ပြုမှတ်၏ အသုံးဝင်ပုံ ကို တစ်စုံတစ်ရာ သိရှိထားသည်ဟု သူ အသေအချာ ခန့်မှန်းလိုက်မိသည်။
ယွီဝူရှီးသည်လည်း လူတိုင်း လိုက်ကြမည်ဖြစ်ရာ သူတစ်ဦးတည်း ကျန်ရစ်ရန် ဆန္ဒမရှိချေ။
ဆုံးဖြတ်ချက် ချပြီးနောက် သူတို့သည် အချိန်မဆွဲဘဲ ထိုနေ့မှာပင် နံပါတ် (၁၅၇) ရှေးဟောင်းတားမြစ်နယ်မြေဆီသို့ ထွက်ခွာခဲ့ကြသည်။
အဆင့်မြင့် အဆောက်အအုံတစ်ခုပေါ်တွင် လင်းတုန်းသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ကောင်းကင်ယံရှိ ပျံသန်းနေသော မသေမျိုးလှေများကို ကြည့်နေစဉ် သူ၏ စိတ်အာရုံမှာ လှုပ်ရှားသွားသည်။
"ခင်ဗျား အသစ်ရထားတဲ့ တပည့်က နံပါတ် (၁၅၇) တားမြစ်နယ်မြေကို စတင်စူးစမ်းဖို့ ပြင်နေပြီပဲ။ ကြည့်ရတာ ရည်မှန်းချက်ကတော့ မသေးဘူး"
အဆင့် ၂ မသေမျိုးတစ်ဦးသည် လင်းတုန်း၏ အနားသို့ လျှောက်လာရင်း ခပ်ပြုံးပြုံး ဆိုသည်။
သူသည် ဂုဏ်ပြုနန်းတော်၏ တာဝန်ခံ ဝူကျန့် ဖြစ်သည်။
"ကြေးနီရောင် ကျောက်စိမ်းပြား ရထားတာဆိုတော့ သူ့မှာ နည်းလမ်းတွေလည်း ရှိမှာပေါ့၊ ရည်မှန်းချက် ရှိတာလည်း သဘာဝကျပါတယ်"
လင်းတုန်းက ပြုံးလျက် ဆိုသည်
"သူသာ အသက်ရှင်နေသရွေ့တော့ နောင်တစ်ချိန်မှာ ကျုပ်လိုပဲ နယ်မြေတစ်ခုကို အုပ်ချုပ်နိုင်တဲ့သူ ဖြစ်လာမှာပါ"
ဝူကျန့်သည် စိတ်ထဲတွင် အတန်ငယ် ချီးကျူးမိသွားသည်။
ရှေ့တွင်ရှိသော ထိုကျင့်ကြံသူသည် သူထက် များစွာနိမ့်ကျသော မျိုးရိုးနောက်ခံမှ လာသူဖြစ်သော်လည်း ယခုအခါတွင် ကျင့်ကြံခြင်းအဆင့်က သူ့ထက် သာလွန်နေရုံမျှမက ရှေ့အလားအလာမှာလည်း သူနှင့် များစွာ ကွာခြားသွားလေပြီ။
"လင်းမိတ်ဆွေ... ခင်ဗျားရဲ့ ဂုဏ်ပြုမှတ်တွေနဲ့ဆိုရင် အဆင့် ၄ နတ်ဆေးပင်နဲ့ လဲလှယ်ဖို့ နီးစပ်နေပြီ မဟုတ်လား "
"နည်းနည်းတော့ လိုပါသေးတယ်။ အဲဒီကလေးတွေက ကြိုးကြိုးစားစား လုပ်ပေးကြမယ်ဆိုရင်တော့ ဆယ်နှစ်အတွင်း ကျုပ် အဆင့် ၄ မသေမျိုးအဖြစ် တက်လှမ်းနိုင်မယ်လို့ မျှော်လင့်ရတာပဲ"
လင်းတုန်းက ရယ်မောရင်း ဆိုသည်။
"ကြီးကြီးမားမား ပြဿနာ မရှိဘူးဆိုရင်တော့ အချိန်တန်တာနဲ့ လင်းမိတ်ဆွေ အဆင့်တက်ဖို့က ရေစီးကြောင်းအတိုင်း သဘာဝကျကျ ဖြစ်လာမှာပါ"
ဝူကျန့်က အားကျသောလေသံဖြင့် ပြောလိုက်သည်။
"ဒီနေရာက အစောင့်အရှောက် ရှိပါသလား "
ထိုစဉ် အသံတစ်ခုသည် ဟင်းလင်းပြင်ထက်မှ ရုတ်တရက် ဟိန်းထွက်လာသည်။
နက်မှောင်သော အရောင်ရှိသည့် မသေမျိုးလှေတစ်စင်းသည် မည်သည့်အချိန်က ရောက်ရှိနေမှန်းမသိဘဲ ထိုကျင့်ကြံခြင်းနယ်မြေ၏ ကောင်းကင်ယံထက်တွင် တည်ရှိနေလေတော့သည်။
အခန်း (၁၃၆၆) - အာဏာ၏ ဗဟိုချက်မ
"ဒါက... ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့်တွေပဲ ပိုင်ဆိုင်ခွင့်ရှိတဲ့ စံသတ်မှတ်ချက် မသေမျိုးလှေ နဂါးနက်လှေ မဟုတ်လား "
လင်းတုန်းနှင့် ဝူကျန့်တို့၏ မျက်နှာရိပ်များ လှုပ်ရှားသွားကြပြီး ချက်ချင်းပင် ဟင်းလင်းပြင်ကို ဖြတ်သန်း၍ ရှေ့သို့ တိုးသွားကြသည်။
ထိုအတောအတွင်း အခြားသော မသေမျိုး များသည်လည်း ဤနေရာသို့ စုရုံးလာကြသည်။
မသေမျိုးအောက်အဆင့် ကျင့်ကြံသူများမှာမူ မိမိတို့သည် ထိုကဲ့သို့သော ပုဂ္ဂိုလ်များနှင့် ထိတွေ့ဆက်ဆံရန် အရည်အချင်းမမီမှန်း သိကြသဖြင့် အဝေးမှသာ ရပ်ကြည့်နေကြလေသည်။
အကယ်၍ ဖန့်ချန်သာ ထိုနေရာတွင် ရှိနေခဲ့လျှင် ထိုနဂါးနက်လှေ ထက်တွင် ရပ်နေသော လူဟောင်းတစ်ယောက်ကို မြင်တွေ့ရပေလိမ့်မည်။
သူကား ကျွယ်မင်နန်းတော်မှ လီရှမ်းဇီ ပင် ဖြစ်သည်။
ယခင်က တန်တိုင်တောင် မသေမျိုးဆွေးနွေးပွဲတွင် ထိုက်ရွှီမသေမျိုး ဘက်မှ ရပ်တည်ပေးခဲ့ဖူးသော အဆင့် ၃ မသေမျိုး ဖြစ်သည်။
သို့သော် ယခု တိုတောင်းလှသော အချိန်အတွင်းမှာပင် လီရှမ်းဇီ၏ အရှိန်အဝါမှာ ယခင်ကထက် များစွာ သာလွန်နေပြီး အဆင့် ၄ မသေမျိုးအဖြစ်သို့ အောင်မြင်စွာ တက်လှမ်းထားပြီးဖြစ်ကြောင်း ထင်ရှားလှသည်။
(အရင်က အပိုင်းမှာ လီရှမ်းဇီက အဆင့်၆ မသေမျိုးလို့ ပါပေမဲ့ ဒီအပိုင်းမှာ အဆင့် ၃ ကနေ အဆင့် ၄ တက်တာ ဖြစ်တဲ့ အတွက် မူရင်း အတိုင်းပဲ ဘာသာပြန်လိုက်မယ်နော် အူမွ )
"အဝေးသင်ကြယ်အမှတ် ၄၃၂ ရဲ့ အစောင့်အရှောက် လင်းတုန်း... အထက်လူကြီးကို ဂါရဝပြုပါတယ် "
လင်းတုန်းသည် မသေမျိုးအဖွဲ့ကို ဦးဆောင်ကာ နဂါးနက်သင်္ဘောရှေ့တွင် ရပ်တန့်ပြီး လက်အုပ်ချီ ဂါရဝပြုလိုက်သည်။
နဂါးနက်သင်္ဘောထက်တွင် လီရှန်းကျီအပြင် အခြားသော မသေမျိုးအုပ်စုကြီး တစ်စုလည်း ရှိနေပြီး အနိမ့်ဆုံး ကျင့်ကြံခြင်းအဆင့်မှာပင် အဆင့် ၁ မသေမျိုး ဖြစ်သည်။
လင်းတုန်း၏ စိတ်ထဲတွင် အနည်းငယ် ထိတ်လန့်သွားမိသည်။
ထိုမသေမျိုးများမှာ များသောအားဖြင့် သူကဲ့သို့ပင် ကျွယ်မင်နန်းတော်မှ ကျင့်ကြံသူများ ဖြစ်ကြပေလိမ့်မည်။
ကဏ္ဍပေါင်းစုံတွင် ထူးချွန်ထက်မြက်ကြသဖြင့် ယခု ရှေ့တွင်ရှိနေသော ပုဂ္ဂိုလ်၏ ရှေ့ပြေးအဖွဲ့အတွင်းသို့ သိမ်းသွင်းခြင်း ခံထားရသူများ ဖြစ်နိုင်သည်။
"ကျွယ်မင်နန်းတော်... လီရှမ်းဇီ "
လီရှမ်းဇီက တည်ငြိမ်စွာ ဆိုသည်
"လင်းတုန်း... မင်းနဲ့ မင်းရဲ့ လက်အောက်ငယ်သားတွေကို ငါ ခေတ္တ တာဝန်ပေးစေခိုင်းဖို့ လိုအပ်တယ်"
တာဝန်ပေးစေခိုင်းမယ်
လင်းတုန်း အနည်းငယ် တုန်လှုပ်သွားပြီး ဝူကျန့်နှင့် အခြားသူများမှာလည်း တစ်ဦးကိုတစ်ဦး ကြည့်ကာ စိတ်လေးလံသွားကြသည်။
ကျွယ်မင်နန်းတော်၏ အမာခံတပည့်များ၏ အမြင်မှာ သူတို့နှင့် လုံးဝ ခြားနားလှပြီး သူတို့ ပစ်မှတ်ထားသော အရာမှာလည်း ပိုမိုမြင့်မားသော အဆင့်အတန်းတွင် ရှိသည်။
တစ်ဖက်လူတွင် ကိုယ်ပိုင် ရှေ့ပြေးအဖွဲ့ ရှိနေပါလျက်နှင့် ထိုနေရာရှိ ကျင့်ကြံသူများကိုပါ ထပ်မံ စုဆောင်းလိုသည်ဆိုကတည်းက ယခု ရင်ဆိုင်ရမည့် ကိစ္စမှာ အလွန်ပင် ကြီးလေးကြောင်း သိသာလှသည်။
"ခွင့်ပြုပါ အထက်လူကြီး..."
လင်းတုန်းက ဂရုတစိုက် မေးမြန်းလိုက်သည်
"ကျနော်တို့ တခြား အင်အားစုတွေနဲ့ စစ်ခင်းရမှာလား "
"တိုက်ပွဲဖြစ်ချင်မှ ဖြစ်မှာပါ၊ ဒါပေမဲ့ ဒီတစ်ခေါက် နံပါတ် (၁၅၇) ရှေးဟောင်းတားမြစ်နယ်မြေထဲမှာ ထူးခြားဆန်းပြားတဲ့ အရာတစ်ခု ပေါ်လာတယ်"
လီရှန်းကျီက အေးအေးလူလူ ဆက်ပြောသည်
"ငါ တစ်ယောက်တည်း ရောက်လာတာ မဟုတ်ဘူး၊ ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့်ပေါင်း နှစ်ရာ၊ သုံးရာလောက် ရောက်လာကြလိမ့်မယ်။ ပြီးတော့ မင်းတို့နဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ စိတ်ဝိညာဥ်နယ်မြေ ရဲ့ ထိပ်တန်းအင်အားစုတွေ ဖြစ်တဲ့... ထိုက်ယီမသေမျိုးဂိုဏ်း၊ သောင်းကြယ်နန်းတော်၊ ဝိညာဉ်နတ်ဘုရားဂိုဏ်း ၊ ဝိညာဉ်သတ်ခြင်းဌာန စတဲ့ အဖွဲ့အစည်းတွေက လူတွေလည်း ပါဝင်ကြလိမ့်မယ်"
"ဟား"
လူတိုင်း အသက်ရှူမှားမတတ် အံ့အားသင့်သွားကြသည်။
နံပါတ် (၁၅၇) ရှေးဟောင်းတားမြစ်နယ်မြေထဲတွင် မည်သို့သော အရာမျိုး ပေါ်ထွက်လာ၍ ဤမျှလောက်အထိ တုံ့ပြန်မှု ကြီးမားနေရသနည်း
ကျွယ်မင်နန်းတော်ကပင် အမာခံတပည့် ရာနှင့်ချီ၍ စေလွှတ်လိုက်သည်တဲ့လား
"မင်းတို့ အမိန့်ကို အမြဲ စောင့်နေကြ၊ ငါ တခြား အဝေးသင်ကြယ်တွေဆီ သွားရဦးမယ်"
လီရှမ်းဇီ က စကားတစ်ခွန်းသာ ချန်ထားခဲ့ပြီး နဂါးနက်လှေမှာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်ယံသို့ ပျောက်ကွယ်သွားတော့သည်။
"ကြီးကျယ်တဲ့ ကိစ္စတစ်ခုခုတော့ ဖြစ်တော့မှာပဲ"
ဝူကျန့်က တိုးတိုးလေး ရေရွတ်မိသည်။
"ကြီးကျယ်တဲ့ ကိစ္စဖြစ်တယ်ဆိုတာ များပြားလှတဲ့ ဂုဏ်ပြုမှတ်တွေကိုလည်း ကိုယ်စားပြုတာပဲ၊ ငါတို့လည်း အဲဒီထဲကနေ အကျိုးအမြတ်တစ်ခုခု ရနိုင်ဖို့ ကြိုးစားရမှာပေါ့"
လင်းတုန်းက တွေးတောနေမိသည်။
သူ၏ မျက်ဝန်းထဲတွင် စိုးရိမ်စိတ်ထက် စိတ်လှုပ်ရှားမှုများက ပို၍ ပြည့်နှက်နေသည်။
သူသည် အန္တရာယ်ကို မကြောက်ချေ၊ ထိုကဲ့သို့သော ဖြစ်ရပ်ကြီးများတွင် ပါဝင်ခွင့်မရမှာကိုသာ ကြောက်သည်။
ယခုကဲ့သို့ ကျွယ်မင်နန်းတော် အမာခံတပည့်၏ စေခိုင်းမှုကို ခံရခြင်းမှာ သူ့အတွက်တော့ သေချာပေါက် သတင်းကောင်းပင် ဖြစ်သည်။
"အမိန့်ပေးလိုက်စမ်း... အားလုံး ခေတ္တ ကိုယ်ပိုင်လှုပ်ရှားတာတွေ ရပ်ထားကြဖို့နဲ့ အမိန့်ကို စောင့်ကြဖို့"
ဟု လင်းတုန်းက ဆိုသည်။
"ဒါဆို ထွက်ခွာသွားနှင့်တဲ့ မသေမျိုးလှေတွေကို ပြန်ခေါ်ရမလား "
"မလိုဘူး၊ အဲဒါတွေက အခြေအနေတစ်ခုလုံးကို မထိခိုက်စေနိုင်ပါဘူး"
လင်းတုန်းက လက်ကာပြလိုက်သည်။
ထိုစဉ် ဝမ်ရွှမ်သည် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ လင်းတုန်းရှေ့သို့ ရောက်လာသည်
"ဆရာ..."
"မင်းရဲ့ စစ်နဂါးလှေ က ပြီးခဲ့တဲ့အကြိမ်က ပျက်စီးသွားတယ် မဟုတ်လား ဆရာက လူတွေကို အမြန်ဆုံး ပြင်ဆင် ခိုင်ခံ့အောင် လုပ်ခိုင်းလိုက်မယ်။ ရှေ့လျှောက်မှာ ငါတို့ တိုက်ပွဲကြီးတစ်ပွဲ ဆင်နွှဲရဖို့ ရှိတယ်"
လင်းတုန်း၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာသည်။
ဝမ်ရွှမ်သည်လည်း စိတ်လှုပ်ရှားသွားဟန်ဖြင့်
"ဟုတ်ကဲ့ပါ၊ ဒါပေမဲ့ တပည့်ရဲ့ လက်အောက်က တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေကတော့ အဲဒီ မြောက်ရေခဲပုစဉ်းမြက် အတွက် အခုလေးတင် ထွက်သွားကြပြီ..."
"ကိစ္စမရှိပါဘူး၊ အခြေအနေကို မထိခိုက်စေပါဘူး"
လင်းတုန်းက ခေါင်းခါပြလိုက်သည်။
"အရင်က ဒီလို အထီးကျန်ဆန်တဲ့ ခံစားချက်မျိုးကို အထိုက်အလျောက် နေသားကျနေပြီလို့ ထင်ခဲ့ပေမဲ့၊ တကယ်လို့ နှစ်ပေါင်း ဆယ်ချီကြာအောင် ဒီလိုပဲ နေရမယ်ဆိုရင်တော့ ဂူဗိမာန်ထဲမှာ နှစ်ပေါင်း ရာချီအောင် အောင်းပြီး ကျင့်ကြံနေရတာကမှ ပိုကောင်းဦးမယ်"
ယွီဝူရှီးသည် မှောင်မည်းနေသော ကြယ်စင်ကောင်းကင်ယံကို ကြည့်ကာ သက်ပြင်းချမိသည်။
တစ်ခါတစ်ရံ ကျင့်ကြံသူတွေရဲ့ နည်းလမ်းတွေက အတော်လေး အစွမ်းထက်တယ်လို့ ထင်ရပေမဲ့၊ အာကာသဟင်းလင်းပြင်ထဲ ရောက်တဲ့အခါမှာတော့ မိမိကိုယ်ကိုယ် ပုရွက်ဆိတ်တစ်ကောင်တောင် မဟုတ်တဲ့ အရာလေးတစ်ခုလို ခံစားရတတ်သည်။
"ဒီတစ်ခေါက် သွားလိုက်၊ ပြန်လိုက်ဆိုရင် လဝက်လောက် အချိန်ယူရုံနဲ့ လုံလောက်ပါတယ်"
ဖန့်ချန်က ဦးနှောက်ထဲရှိ ကြယ်ပုံပြမြေပုံကို စစ်ဆေးရင်း ဆိုလိုက်သည်။
ယွမ်လုံနံပါတ်လှေ၏ အရှိန်မှာ ယခုအခါ သူ၏ အစွမ်းကုန် မောင်းနှင်မှုအောက်တွင် ယခင်က နဂါးအိုကြီး သူတို့ကို နန်ချင်းကြယ်တာရာနယ်မြေ ဆီသို့ ခေါ်ဆောင်သွားစဉ်က အရှိန်နှင့် များစွာ မခြားနားချေ။
ထိုမသေမျိုးလှေသည် အစကတည်းက အာကာသဟင်းလင်းပြင်ကို ဖြတ်သန်းသွားလာရန်အတွက် သီးသန့် ဖန်တီးထားခြင်း ဖြစ်ကြောင်း သိသာလှသည်။
ကျွယ်မင်နန်းတော်လို အဖွဲ့အစည်းတွေဟာ စကြာဝဠာကို စူးစမ်းဖို့ပဲ အာရုံစိုက်နေကြပြီ။ ကြယ်တစ်လုံးတည်းမှာ ရှိတဲ့ ရင်းမြစ်တွေက ဒီလို အင်အားကြီးအဖွဲ့အစည်းတွေကို ထောက်ပံ့ဖို့ မလုံလောက်တော့ဘူး။
ဒါကြောင့် ဒီလို ထိပ်တန်းအင်အားစုတွေရဲ့ အားပြိုင်မှုဟာ သာမန်ကျင့်ကြံသူတွေ စိတ်ကူးယဉ်နိုင်တဲ့ အဆင့်ထက် ကျော်လွန်နေပြီ။
ဒီနယ်ပယ်မှာ အသာစီးရလေလေ၊ အင်အား ပိုတောင့်တင်းလေလေပဲ။ ဒါပေမဲ့ သူတို့ အင်အားတောင့်တင်းလာလေလေ၊ လူသားမျိုးနွယ်တွေ ပိုပြီး အားနည်းလာလေလေပဲ။
ဘာပဲဖြစ်ဖြစ်... တကယ့် လူသားစစ်စစ်ဆိုတာ လက်ချိုးရေလို့ ရတဲ့အထိ မရှိတော့တာ ဖြစ်နိုင်တယ်
ဖန့်ချန်၏ အကြည့်မှာ ကြာနီနတ်မိမယ်ငယ်နှင့် အခြားသူများဆီသို့ ဖြတ်သန်းသွားသည်။
စိတ်ထဲတွင် အကြောင်းပြချက်မရှိ လေးလံသွားမိသည်။
ယွီဝူရှီးကတော့ အာကာသဟင်းလင်းပြင်က တိတ်ဆိတ်လွန်းလို့ အထီးကျန်တယ်လို့ ခံစားရတာပါ။
ဖန့်ချန်ကတော့ တကယ့် လူသားစစ်စစ် ဘယ်လောက်တောင် ကျန်သေးလဲဆိုတာကို မခန့်မှန်းနိုင်လို့ အထီးကျန်နေရတာ ဖြစ်သည်။
အကယ်၍ သူ့မှာ အတိတ်ဘဝက အမှတ်ရချက်တွေသာ မရှိခဲ့ရင် သူကိုယ်တိုင်တောင် မိစ္ဆာတစ်ကောင်လားလို့ သံသယဝင်မိပေလိမ့်မည်။
တစ်ခုတည်းသော အကျိုးကျေးဇူးကတော့ မိစ္ဆာတွေ ဖြစ်နေရင်တောင် ဒီလောကမှာ တစ်ဘဝပဲ ရှင်သန်နိုင်မှာပါ။
သူတို့ သေသွားရင် ပြန်လည်ဝင်စားခွင့် မရှိဘူး။
အတိတ်ဘဝက ဘယ်သူလဲဆိုတာကို သိနိုင်ရင် သူတို့ဟာ မိစ္ဆာလား၊ လူသားလားဆိုတာ ခွဲခြားနိုင်လိမ့်မယ်။
အဲဒီ သော့ချက်ကတော့ ဝမ်ချုံစန်းရဲ့ လက်ထဲမှာ ရှိနေဖို့ အလားအလာ အများကြီးပဲ
"ဟုန်မိတ်ဆွေ... မင်းက ကျွယ်မင်နန်းတော်ရဲ့ ဂုဏ်ပြုမှတ်တွေအကြောင်း အတော်လေး သိထားပုံရတယ်၊ အခု အားနေတုန်း ကျုပ်တို့ကို နည်းနည်းလောက် ပြောပြပါဦးလား "
ဖန့်ချန်က ကြာနီနတ်မိမယ်ငယ်ကို ကြည့်ကာ ပြုံးလျက် မေးလိုက်သည်။
"တကယ်တော့ ရိုးရှင်းပါတယ်၊ ဂုဏ်ပြုမှတ်ဆိုတာ မင်း ကျွယ်မင်နန်းတော်အတွက် ဘယ်လောက်အထိ အကျိုးပြုခဲ့လဲဆိုတာကို ကြည့်တာပါ"
"အဲဒါက ဝိညာဉ်ကျောက်တုံးတွေ၊ မသေမျိုးကျောက်တုံးတွေနဲ့ ဘာလို့ ကွာခြားလဲဆိုရင်... ဂုဏ်ပြုမှတ်က ကျွယ်မင်နန်းတော်ထဲမှာ မင်း ပိုက်ဆံရှိရင်တောင် ဝယ်လို့မရတဲ့ အရာတွေကို တိုက်ရိုက် လဲလှယ်နိုင်လို့ပဲ"
ကြာနီနတ်မိမယ်ငယ်က ပြုံးလျက် ဆိုသည်
"ဥပမာ ကျမတို့ အခု စီးနေတဲ့ မသေမျိုးလှေဆိုရင် အပြင်လောကကို ရောင်းချတာ မဟုတ်ဘူး ဥပမာ မသေမျိုးအဆင့် တက်လှမ်းဖို့ လိုအပ်တဲ့ နတ်ဆေးပင်တွေဆိုရင် အပြင်မှာ အဆက်အသွယ် မရှိရင် ကျောက်တုံးတွေ ရှိရင်တောင် ဝယ်လို့မရဘူး။ ဒါပေမဲ့ ကျွယ်မင်နန်းတော်မှာတော့ ဂုဏ်ပြုမှတ်နဲ့ အားလုံး လဲလှယ်လို့ ရတယ်"
"ဒါဆိုရင်တော့ ဂုဏ်ပြုမှတ်က ဝိညာဉ်ကျောက်တုံးထက်တောင် ပိုအရေးကြီးတာပေါ့၊ အထူးသဖြင့် ကျုပ်တို့အတွက်"
လင်းယွမ်၏ မျက်ဝန်းများ တောက်ပလာသည်
"ဒါကြောင့် လူတိုင်းက ကျွယ်မင်ကျင့်ကြံသူ ဖြစ်ချင်ကြတာကိုး။ စစ်ဆေးပွဲ အောင်မြင်သွားတဲ့ ကျင့်ကြံသူတွေရဲ့ အဆင့်တက်နှုန်းက သာမန်ထက် အများကြီး ပိုမြန်နေရတဲ့ အကြောင်းရင်းက ဒါပဲ"
တကယ်သာ အဲဒီအတိုင်းဆိုရင်တော့ ဒီဂုဏ်ပြုမှတ်က တော်တော်လေး အသုံးဝင်တာပဲ၊ ကျွယ်မင်နန်းတော်ဆီကနေ အကျိုးအမြတ် အမြောက်အမြား ခြစ်ယူလို့ ရနိုင်တယ် ဟု ဖန့်ချန်က စိတ်ထဲမှ တွေးလိုက်သည်။
"အဲဒါအပြင် ဂုဏ်ပြုမှတ်ကို အဆင့်တက်ဖို့အတွက်လည်း သုံးလို့ရတယ်။ အတိုင်းအတာတစ်ခုအထိ ဂုဏ်ပြုမှတ် လုံလောက်တယ်ဆိုရင် အမာခံတပည့် ဖြစ်လာဖို့ဆိုတာလည်း မဖြစ်နိုင်တာ မဟုတ်ပါဘူး"
ကြာနီနတ်မိမယ်ငယ်က ပြုံးလျက် ဆိုသည်
"ဒါက ကျမရဲ့ ပစ်မှတ်တွေထဲက တစ်ခုပဲ"
"အမာခံတပည့်... ခက်ခဲလွန်းပါတယ်ဗျာ"
လူတိုင်း တိုးတိုးလေး ရေရွတ်မိကြသည်။
"အမာခံတပည့် ဖြစ်လာမှသာ လူသားလောက ကိုးနယ်မြေရဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်ပြီး စကြာဝဠာတစ်ခုလုံးကို ငုံ့ကြည့်နိုင်မှာပါ။ ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့်တိုင်းဟာ နောင်တစ်ချိန်မှာ အာဏာအစစ်အမှန်ကို ဆုပ်ကိုင်ထားနိုင်ပြီး အာဏာရဲ့ ဗဟိုချက်မကို ထိတွေ့နိုင်လိမ့်မယ်။ ဒီအချက်က အမာခံတပည့် ဖြစ်မှသာ ဖြစ်နိုင်တာပါ။ မဟုတ်ရင်တော့ အဆင့် ၇ ရှေးဟောင်းမသေမျိုး ဖြစ်နေရင်တောင် ဧည့်သည်တော် အဖြစ်နဲ့ပဲ နေရမှာပဲ"