အခန်း (၁၃၆၇-၁၃၆၈)
Vol. 137 Ch. 1367-1368
အခန်း (၁၃၆၇) - အရိုးစုပင်လယ်ပြင်
"ဟုန်မိတ်ဆွေ... မင်းက ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့် ဖြစ်ချင်နေတာလား ဒါက အရမ်းခက်ခဲလွန်းတယ်နော်၊ အနိမ့်ဆုံးသတ်မှတ်ချက်ကတင် အဆင့် ၁ မသေမျိုး ဖြစ်နေတာ"
လင်းယွမ်က ခေါင်းခါယမ်းလိုက်သည်။
သူ့အမြင်အရတော့ သူတို့တစ်သိုက်သည် တစ်သက်တာအတွင်း အဆင့် ၁ မသေမျိုးအဆင့်သို့ တက်လှမ်းနိုင်လျှင်ပင် ကံတရား၏ အလွန်အမင်း စောင့်ရှောက်မှုကို ခံရခြင်းပင် ဖြစ်ပေလိမ့်မည်။
ထိုထက် ပိုမိုမြင့်မားသော အဆင့်သို့ တက်လှမ်းရန်မှာ ပါရမီသက်သက်ဖြင့် မလုံလောက်တော့ချေ။
ကျွယ်မင်နန်းတော်၏ အမာခံတပည့် ဖြစ်လာရန်မှာ ပို၍ပင် ခက်ခဲလှသည်။
သတ်မှတ်ချက်များအပြင် အခြားသော စည်းကမ်းချက်များစွာ ရှိနေသေးရာ နောက်ကွယ်မှ ကူညီမည့်သူမရှိဘဲနှင့် အောင်မြင်ရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။
ကြာနီနတ်မိမယ်ငယ်ကတော့ ပြုံးရုံသာ ပြုံးနေပြီး လင်းယွမ်၏ စကားကို ပြန်လည် မချေပခဲ့ချေ။
လအနည်းငယ် ကြာပြီးနောက်... မုံချင့်လင်သည် ကြယ်ပုံပြမြေပုံကို တစ်ချက်ကြည့်လိုက်ရာ မသေမျိုးလှေသည် နံပါတ် (၁၅၇) ရှေးဟောင်းတားမြစ်နယ်မြေအတွင်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
"အဖွဲ့ခေါင်းဆောင်... ကျမတို့ တားမြစ်နယ်မြေထဲ ရောက်နေပြီ။ နောက်ပိုင်းမှာ တခြားအင်အားစုတွေရဲ့ ရှေ့ပြေးအဖွဲ့တွေကို သတိထားရမယ်၊ ပြီးတော့ ဟင်းလင်းပြင်သားရဲ လို့ ခေါ်တဲ့ အရာကိုလည်း သေချာ ဂရုစိုက်ရမယ်"
မုံချင့်လင်သည် ဖန့်ချန်အနားသို့ တမင်တကာ တိုးကပ်သွားပြီး ဆိုလိုက်သည်။
သူမ၏ စကားပြောသံနှင့်အတူ ထွက်ပေါ်လာသော လေငွေ့နွေးနွေးလေးမှာ ဖန့်ချန်၏ နားထင်မှ ဆံပင်စလေးများကိုပင် လွင့်ခါသွားစေသည်။
ကြာနီနတ်မိမယ်ငယ်သည် ဤမြင်ကွင်းကို မြင်သောအခါ မသိမသာပင် သူတို့နှစ်ဦးကြားထဲသို့ တိုးဝင်လာပြီး တည်ငြိမ်သော မျက်နှာထားဖြင့် ဆိုလိုက်သည်
"ကျမ မထွက်ခွာခင်က အချက်အလက်တွေ ရှာကြည့်ခဲ့တယ်။ ဟင်းလင်းပြင်သားရဲတွေက တားမြစ်နယ်မြေထဲမှာပဲ လှုပ်ရှားတတ်ပြီး သူတို့ ပေါ်လာရင် ဘာအရိပ်အယောင်မျှ မပြဘူး။ သူတို့ရဲ့ အစွမ်းက အရမ်းထူးခြားတယ်၊ အင်အားကြီးတဲ့ ကောင်တွေဆိုရင် မသေမျိုးလှေရော ကျင့်ကြံသူကိုပါ တစ်ပြိုင်နက်တည်း ဝါးမြိုပစ်နိုင်တယ်"
"ကျုပ်တို့ ဒီလောက်တော့ ကံမဆိုးလောက်ပါဘူးဗျာ။ များသောအားဖြင့် ကုန်းမြေပေါ် ဆင်းသက်ခါနီးမှသာ ဟင်းလင်းပြင်သားရဲတွေနဲ့ ကြုံတတ်တာ၊ လမ်းခုလတ်မှာ ကြုံရဖို့ အခွင့်အရေးက သိပ်မရှိပါဘူး"
လင်းယွမ်က ဝင်ပြောသည်
"တားမြစ်နယ်မြေရဲ့ တကယ့်အန္တရာယ်က ထူးဆန်းတဲ့ နေရာတွေပဲ။ တချို့နေရာတွေဆိုရင် ဝိညာဉ်စွမ်းအားတွေကို ချက်ချင်း စုပ်ယူပစ်တာမျိုး ရှိတတ်တော့ ကျုပ်တို့မှာ ဘာအစွမ်းမျှ ထုတ်သုံးလို့ မရတော့ဘူး။ အဲဒီလို နေရာမျိုးကို မတော်တဆ ရောက်သွားရင် ပြန်ထွက်ဖို့တောင် မလွယ်ဘဲ အဲဒီမှာတင် အားအင်ကုန်ခမ်းပြီး သေသွားနိုင်တယ်"
သူသည် ပြောပြောဆိုဆိုဖြင့် ကြယ်ပုံပြမြေပုံပေါ်ရှိ အနီရောင် အမှတ်အသားအချို့ကို ညွှန်ပြလိုက်သည်
"ဒီနေရာတွေက လုံးဝ ခြေမချသင့်တဲ့ နေရာတွေပဲ။ အဖြူရောင်ကတော့ ဘေးကင်းမှုနဲ့ အန္တရာယ် ထက်ဝက်စီရှိတာကို ပြတယ်၊ အစိမ်းရောင်ကတော့ အခြေခံအားဖြင့် ဘေးကင်းတယ်၊ အနီရောင်ကတော့ အလွန်အမင်း အန္တရာယ်များတဲ့ နေရာပဲ"
ခေတ္တရပ်ပြီးနောက် သူသည် ဖန့်ချန်ကို ကြည့်ကာ အားနာဟန်ဖြင့် မေးလိုက်သည်
"အဖွဲ့ခေါင်းဆောင်... ကျုပ်တို့ အခု သွားမယ့်နေရာက ဘယ်လောက်ဝေးသေးလဲ ပြီးတော့ အဲဒါက ဘာအရောင်လဲဗျ "
"အဖြူရောင်ပဲ"
ဖန့်ချန်က ပြုံးလျက် ဖြေလိုက်သည်။
"ဒါဆိုရင်တော့ တော်သေးတာပေါ့"
လင်းယွမ် စိတ်သက်သာရာ ရသွားသည်။
အဖြူရောင်ဆိုသည်မှာ အန္တရာယ်နှင့် ဘေးကင်းမှု ထက်ဝက်စီရှိသည်ဟု ဆိုလိုရာ သူတို့အတွက် လက်ခံနိုင်သော အခြေအနေပင်။
ရက်အနည်းငယ် ကြာပြီးနောက်... မသေမျိုးလှေသည် ယခင်က နန်ချင်းကြယ်တာရာနယ်မြေထက် မငယ်သော ဂြိုဟ်တစ်လုံးအနားသို့ ဖြည်းညှင်းစွာ ချဉ်းကပ်သွားသည်။
လမ်းခုလတ်တွင် ဖန့်ချန်သည် ထိုဂြိုဟ်ပေါ်သို့ ဆင်းသက်ရန် ပြင်နေသော အခြားမသေမျိုးလှေ အချို့ကိုလည်း တွေ့ရှိခဲ့ရသည်။
သို့သော် သူတို့သည် မိမိတို့ဘက်တော်သားများလား သို့မဟုတ် ပြင်ပလူများလားဆိုသည်ကိုတော့ အတည်မပြုနိုင်ချေ။
သို့သော် ထိုဂြိုဟ်၏ နယ်မြေမှာ အလွန်ကျယ်ပြောလှသဖြင့် တစ်ပြိုင်နက်တည်း ဆင်းသက်လျှင်ပင် ထိပ်တိုက်တိုးရန် အလားအလာ သိပ်မရှိလှပေ။
"ချက်ချင်း ဆင်းသက်ဖို့ မလောကြနဲ့ဦး၊ ငါ ဝိညာဉ်စွမ်းအား ခဏ ပြန်ဖြည့်ဦးမယ်"
ဖန့်ချန်က မှာကြားပြီးနောက် တင်ပလ္လင်ခွေ ထိုင်ကာ အသက်ရှူနှုန်းကို ညှိလိုက်သည်။
ကြည့်ရသည်မှာ ဝိညာဉ်စွမ်းအား ပြန်ဖြည့်နေပုံရသော်လည်း တကယ်တမ်းတွင်မူ သူ၏ ဝိညာဉ် ကို ထိုဂြိုဟ်ပေါ်သို့ စေလွှတ်လိုက်ခြင်း ဖြစ်သည်။
မှန်လေး ပေးထားသော အသေးစိတ် လမ်းကြောင်းအတိုင်း လိုက်ပါသွားရာ မကြာမီမှာပင် အရိုးဖြစ်တည်စေသော ကြာစိမ်း ရှိသည့် နေရာသို့ ရောက်ရှိသွားသည်။
ထိုနေရာသည် အရိုးစုပင်လယ်ပြင် နှင့် တူလှသည်။
တောင်ပမာ ပုံနေသော ဧရာမ သတ္တဝါကြီးများ၏ အရိုးစုများစွာ ရှိနေသည်။
တိုက်ပွဲဖြစ်ထားတဲ့ အမှတ်အသားတွေ မရှိဘူး။
ကြည့်ရတာ ထူးခြားတဲ့ သတ္တဝါအချို့က သူတို့ မသေခင်မှာ ဒီနေရာကို လာခဲ့ကြတာပဲ။
သူတို့က ဒီမှာ သေဆုံးရတာကို ယုံကြည်ချက် တစ်ခုခုလို့ သတ်မှတ်ထားကြတာလား
အရိုးဖြစ်တည်စေသော ကြာစိမ်းသည် ထိုအရိုးစုပင်လယ်ပြင်၏ အောက်ခြေတွင် ရှိနေသည်။
ဖန့်ချန်၏ ဝိညာဉ်သည် လွယ်ကူစွာပင် ထိုးဖောက်ဝင်ရောက်သွားပြီးနောက် ကြာစိမ်းကို မြင်လိုက်ရသည်။
၎င်းသည် အချင်းမီတာ ၂၀ ခန့်ရှိသော ဧရာမ အရိုးကြီးတစ်ချောင်းပေါ်တွင် ပေါက်ရောက်နေပြီး လက်ဝါးခန့် အရွယ်အစားသာ ရှိသော်လည်း ရံဖန်ရံခါတွင် ယင်ဓာတ် အအေးအငွေ့များကို ထုတ်လွှတ်နေသည်။
ပတ်ဝန်းကျင်တွင် အရိုးစုများစွာ ရှိနေသဖြင့် ထိုအအေးအငွေ့များမှာ မကြာမီမှာပင် ပြယ်လွင့်သွားလေ့ရှိသည်။
ဝိညာဉ်သည် ကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်လာပြီးနောက် ဖန့်ချန်သည် မသေမျိုးလှေကို အရိုးစုပင်လယ်ပြင်ဆီသို့ အရှိန်အဟုန်ဖြင့် မောင်းနှင်လိုက်သည်။
ခဏချင်းအတွင်းမှာပင် မသေမျိုးလှေသည် အရိုးစုပင်လယ်ပြင်၏ ကောင်းကင်ယံထက်တွင် တည်ရှိနေလေပြီ။
"ဒါတွေက ဟင်းလင်းပြင်သားရဲတွေရဲ့ အရိုးတွေ ဖြစ်နိုင်မလား"
ယွီဝူရှီးက တွေးတောစွာ မေးသည်။
"ဟင်းလင်းပြင်သားရဲတွေမှာ အရိုးမရှိဘူး၊ သူတို့ သေသွားရင်တောင် ရုပ်အလောင်း ကျန်ရစ်ခဲ့တာမျိုး မရှိဘူး"
ကြာနီနတ်မိမယ်ငယ်က အေးစက်စွာ ဆိုသည်
"ဒါက ကျမတို့ ခေတ်ကာလထက် အများကြီး စောတဲ့ အရာတွေ ဖြစ်လိမ့်မယ်လို့ ကျမ သံသယရှိတယ်"
"ဒါကတော့ ဟုတ်တာပေါ့၊ ကျမတို့ထက် စောမှာပေါ့၊ ကျမတို့က အခုမှ ဘယ်လောက်ရှိသေးလို့လဲ"
မုံချင့်လင်က အလိုက်သင့် ပြောလိုက်သည်။
ဖန့်ချန်သည် ကြာနီနတ်မိမယ်ငယ်၏ စကားထဲမှ နက်နဲသော အဓိပ္ပာယ်ကို ရိပ်မိလိုက်သဖြင့် အတွေးတစ်ခု ဝင်လာသည်။
သို့သော် ထိုအတွေးကို အတည်ပြုရန်အတွက် ဟင်းလင်းပြင်သားရဲတစ်ကောင်ကို တကယ်တမ်း တွေ့မြင်ရမှသာ ဖြစ်ပေလိမ့်မည်။
"မင်းတို့ ဒီမှာ စောင့်ပြီး အခြေအနေကို ကြည့်ထားကြ၊ ငါ သွားပြီး ချက်ချင်း ပြန်လာခဲ့မယ်"
ဖန့်ချန်က မှာကြားလိုက်ပြီးနောက် စိမ်းပြာရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အရိုးစုပင်လယ်ပြင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။
"အဖွဲ့ခေါင်းဆောင်က ပစ်မှတ်ကို အတိအကျ သိနေသလိုပဲ။ သူ ဘယ်ကနေ ဒီလောက် တိကျတဲ့ သတင်းကို ရတာပါလိမ့် "
လင်းယွမ်က သိချင်စိတ်ဖြင့် မေးသည်။
"လင်းတုန်း စီနီယာနဲ့ ပတ်သက်လိမ့်မယ်လို့ ကျုပ် ထင်တယ်"
ယွီဝူရှီးက ခန့်မှန်းလိုက်သည်။
"ဒီအရိုးစုတွေထဲမှာ တကယ့် ရတနာတွေ ရှိနေတာလား "
မုံချင့်လင်က စိတ်ဝင်တစားဖြင့်
"ကျမလည်း အဖွဲ့ခေါင်းဆောင်နဲ့အတူ လိုက်သွားရင် ကောင်းမလား "
"ကျမတို့ရဲ့ စည်းကမ်းကို မေ့သွားပြီလား အဖွဲ့ခေါင်းဆောင်က မခေါ်ဘဲနဲ့ မင်း သဘောနဲ့မင်း ဆုံးဖြတ်လို့ မရဘူး"
ကြာနီနတ်မိမယ်ငယ်က မုံချင့်လင်ကို တစ်ချက်ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။
လင်းယွမ်နှင့် ယွီဝူရှီးတို့ကလည်း ခေါင်းညိတ်ကြသည်
"စည်းကမ်းဆိုတာ စည်းကမ်းပဲ။ မုံမိတ်ဆွေ အနေနဲ့ စည်းကမ်းကို မဖောက်ဖျက်တာ အကောင်းဆုံးပဲ၊ မဟုတ်ရင် ကျုပ်တို့ ဝါရင့်မဲ သုံးမဲနဲ့ မင်းကို အဖွဲ့ထဲက ထုတ်ပစ်ဖို့ လုံလောက်တယ်"
"ကျမက ပြောကြည့်တာပါ၊ ဘာလို့ ဒီလောက် အသည်းအသန် ဖြစ်နေကြတာလဲ ဟုန်မိတ်ဆွေ... မင်းနဲ့ အဖွဲ့ခေါင်းဆောင်က ဘယ်လို ပတ်သက်မှုမျိုးလဲ"
"မင်းတို့ကို တာအိုအဖော် တွေလို့ ပြောရအောင်လည်း အဲဒီလောက်အထိ ရင်းနှီးပုံမရဘူး၊ မဟုတ်ဘူးလို့ ပြောရအောင်လည်း အဖွဲ့ခေါင်းဆောင်က မင်းနဲ့ပဲ အတူနေချင်နေသလိုပဲ၊ ကျမ နည်းနည်းလေး ကပ်လိုက်တာနဲ့ မင်းက ချက်ချင်း ဝင်နှောင့်ယှက်တာပဲ"
မုံချင့်လင်က ပြုံးစိစိဖြင့် ဆက်ပြောသည်
"တကယ်လို့ တာအိုအဖော်တွေ မဟုတ်ဘူးဆိုရင်တော့ ကျမ တကယ်ပဲ လက်စွမ်းပြတော့မှာနော်"
"ဖန့်မိတ်ဆွေက မင်းနဲ့ မသင့်တော်ဘူး"
ကြာနီနတ်မိမယ်ငယ်က ခေါင်းခါပြလိုက်သည်။
"ဘာလို့လဲ"
မုံချင့်လင်က ခပ်ပြုံးပြုံး မေးသည်။
"မင်းက ကြည့်ရတာတင် တာအိုအဖော်တွေ အများကြီး ရှိခဲ့ပုံရတယ်၊ ဒါကြောင့် ဖန့်မိတ်ဆွေနဲ့ မသင့်တော်ဘူး"
ကြာနီနတ်မိမယ်ငယ်က တည်ငြိမ်စွာ ဆိုသည်။
မုံချင့်လင် ဒေါသထွက်သွားတော့သည်။
လင်းယွမ်နှင့် ယွီဝူရှီးတို့မှာတော့ အမျိုးသမီးနှစ်ဦး၏ တိုက်ပွဲကြားထဲ မဝင်ချင်သဖြင့် တစ်ခုခုပြောကာ ဖျန်ဖြေရန် ပြင်လိုက်သော်လည်း... ရုတ်တရက် ခေါင်းပေါ်သို့ အရိပ်ကြီးတစ်ခု ကျရောက်လာသည်ကို ခံစားလိုက်ရသည်။
သူတို့ မော့ကြည့်လိုက်သောအခါ မျက်နှာရိပ်များ ချက်ချင်းပင် လေးလံသွားကြသည်။
မည်သည့်အချိန်က ရောက်ရှိလာမှန်းမသိဘဲ ယွမ်လုံနံပါတ်လှေ ထက်ပင် တစ်ပတ်ခန့် ပိုကြီးသော မသေမျိုးလှေတစ်စင်းသည် သူတို့၏ တည့်တည့်တွင် ရပ်တန့်နေလေပြီ။
၎င်းပေါ်ရှိ အမှတ်အသားများအရ ကျွယ်မင်နန်းတော်မှ မသေမျိုးလှေဖြစ်ကြောင်း သူတို့ သိလိုက်ကြသည်။
မုံချင့်လင်နှင့် ကြာနီနတ်မိမယ်ငယ်တို့မှာလည်း ချက်ချင်းပင် ပါးစပ်ပိတ်သွားကြသည်။
တစ်ဖက်လူမှာ စေတနာဖြင့် လာခြင်းမဟုတ်ကြောင်း သိသာလှသည်၊ မဟုတ်လျှင် မသေမျိုးလှေကို လူတိုင်း၏ ဦးခေါင်းတည့်တည့်သို့ ရောက်သည်အထိ မောင်းနှင်လာမည် မဟုတ်ချေ။
"မင်းတို့က အခုမှ ရောက်လာတဲ့ လူသစ်တွေလားမင်းတို့ အဖွဲ့ခေါင်းဆောင်ရဲ့ နာမည်က ဖန့်ချန် မဟုတ်လား "
ထိုမသေမျိုးလှေပေါ်မှ ကျင့်ကြံသူ ဆယ်ဂဏန်းခန့် ပျံသန်းဆင်းသက်လာကြသည်။
သူတို့သည် ယွမ်လုံနံပါတ်လှေ၏ အကာအကွယ် အစီရင်ကို မြင်သော်လည်း ဂရုမစိုက်ဟန်ဖြင့် ခေါင်းဆောင်ဖြစ်သူက ပြုံးလျက် ဆိုလိုက်သည်။
"ခွင့်ပြုပါ စီနီယာ... စီနီယာတို့က ဘယ်သူတွေလဲဗျ "
ယွီဝူရှီးက လက်အုပ်ချီ မေးမြန်းလိုက်သည်။
"ငါလား ငါက ရွှမ်ဝမ်ရှေ့ပြေးအဖွဲ့ က ရှောင်ချန်ဟယ် ပဲ"
"ခင်ဗျားတို့က ရွှမ်ဝမ်ရှေ့ပြေးအဖွဲ့လား"
လူတိုင်း အံ့အားသင့်သွားကြသည်။
"သေချာတာပေါ့၊ ဒါပေမဲ့ ဒီအဖွဲ့ကတော့ ရွှင်ယိုရှေ့ပြေးအဖွဲ့ ပဲ။ ငါကတော့ သူတို့နဲ့အတူ လိုက်ပါပြီး လိုက်ပါခငွေ နည်းနည်းပါးပါး ရှာနေတာပါ"
ရှောင်ချန်ဟယ်က ပြုံးစိစိဖြင့် ပြောရင်း၊ မသေမျိုးလှေပေါ်တွင် ဖန့်ချန်ကို မတွေ့ရသဖြင့်
"မင်းတို့ အဖွဲ့ခေါင်းဆောင် ဘာသွားလုပ်တာလဲ၊ ဒီနေရာမှာ ဘာထူးခြားတဲ့ ရတနာတွေ ရှိလို့လဲ "
သူ၏ အကြည့်မှာ အရိုးစုပင်လယ်ပြင်ဆီသို့ ဝဲလှည့်သွားသည်။
ထိုစဉ်မှာပင် ဖန့်ချန်သည် အရိုးစုများကြားမှ ပြန်လည် ထွက်ပေါ်လာသည်။
ထို့နောက်တွင်တော့... ရှောင်ချန်ဟယ်၏ ကိုယ်ပေါ်ရှိ ထူးခြားသော ကျောက်စိမ်းပြားတစ်ခုမှာ လက်မခံနိုင်လောက်အောင် ပူလောင်လှသော အရှိန်အဝါများ စတင် ထွက်ပေါ်လာလေတော့သည်။
"နတ်ဆေးပင် "
အခန်း (၁၃၆၈) - ပင်ပန်းခငွေ
ရှောင်ချန်ဟယ်သည် အမူအရာမပျက်ဘဲ သူ၏လက်ချောင်းများဖြင့် ကျောက်စိမ်းပြားလေးကို ခပ်ဖွဖွ ပွတ်သပ်နေမိသည်။
ထိုကျောက်စိမ်းပြားမှာ ဝမ်ရွှမ်က ကျွယ်မင်နန်းတော်မှ သူ၏ဂုဏ်ပြုမှတ်များဖြင့် လဲလှယ်ထားသော ထူးခြားသည့် မှော်ရတနာတစ်ခု ဖြစ်သည်။
၎င်း၏ အသုံးဝင်ပုံမှာ တစ်မျိုးတည်းသာရှိသည် ထိုအရာကား နတ်ဆေးပင် များကို ရှာဖွေရန်ပင်။
၎င်းမှာ အဆင့်မြင့်မှော်ရတနာမဟုတ်သဖြင့် ရှာဖွေနိုင်သည့် အတိုင်းအတာမှာ ပတ်လည် ၁ မိုင်ခန့် သာ ရှိသည်။
ထို့ကြောင့် ဤကျောက်စိမ်းပြားကို ရရှိကတည်းက ယခုကဲ့သို့ လက်မခံနိုင်လောက်အောင် ပူလောင်လာမျိုး တစ်ခါမျှ မကြုံဖူးချေ။
ယခု ဖန့်ချန် ပေါ်လာသည်နှင့် ကျောက်စိမ်းပြားက တဟုန်းဟုန်း ပူတက်လာသည်ဆိုခြင်းမှာ ဘာကို ဆိုလိုသနည်း တစ်ဖက်လူ၏ကိုယ်ပေါ်တွင် နတ်ဆေးပင် ပါလာသည်ဟု ဆိုလိုခြင်းပင်
လူသစ်တစ်ယောက်က ရှေးဟောင်းတားမြစ်နယ်မြေကို ပထမဆုံးအကြိမ် စူးစမ်းတာတင် နတ်ဆေးပင်ကို ရှာတွေ့သွားတာလား
ရှောင်ချန်ဟယ်၏ စိတ်ထဲတွင် မနာလိုစိတ် မဖြစ်ပေါ်ဟုဆိုလျှင် လိမ်ရာကျပေလိမ့်မည်။
ထိုမျှမက တစ်ဖက်လူမှာ ကြေးနီရောင်ကျောက်စိမ်းပြားကို ရရှိထားပြီး လင်းတုန်း၏ တပည့်အဖြစ် သိမ်းသွင်းခံထားရသည့် ပါရမီရှင်တစ်ဦး မဟုတ်ပါလား။
ဤမျိုးရိုးနောက်ခံကပင် သူ့ထက် များစွာ သာလွန်နေချေပြီ။
အကယ်၍သာ သူ့တွင် ထိုကဲ့သို့သော နောက်ခံမျိုးရှိခဲ့လျှင် ယခုအချိန်၌ ဝမ်ရွှမ်နှင့် ရင်ပေါင်တန်းနေနိုင်လောက်ပြီ ဖြစ်သည်။
ဒါပေမဲ့ ကံတရားက ငါ့ဆီ ရောက်လာပြီပဲ။
ဒီနတ်ဆေးပင်ကိုသာ ရလိုက်ရင် ငါ့ကို ဝမ်ရွှမ်က ထောက်ပံ့ပေးဖို့တောင် မလိုတော့ဘူး။
ငါ့ဘာသာငါ မြောက်ရေခဲပုစဉ်းမြက်ကို ဝယ်ယူပြီး ကိုယ်ပိုင်အဖွဲ့အစည်း ထောင်နိုင်တော့မှာ
ဖန့်ချန်သည် ရှောင်ချန်ဟယ်ကို မြင်လိုက်ရသောအခါ မျက်မှောင် အနည်းငယ် ကြုတ်သွားမိသည်။
တိုက်ဆိုင်လေစွ။
ထိုလူမှာ ရွှမ်ဝမ်ရှေ့ပြေးအဖွဲ့ ၏ တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ သုံးဦးအနက် တစ်ဦးဖြစ်သလို၊ သူတို့အဖွဲ့ကို သင်ခန်းစာ အနည်းငယ် ပေးရမည်ဟု ပြောခဲ့သောသူလည်း ဖြစ်သည်။
ယွီဝူရှီးနှင့် အခြားသူများမှာမူ စိတ်သက်သာရာ ရသွားကြသော်လည်း ဖန့်ချန်ထံသို့ စိတ်ချင်းဆက်၍ သတိပေးလိုက်ကြသည်
"အဖွဲ့ခေါင်းဆောင်... လာတဲ့သူက စေတနာနဲ့တော့ မဟုတ်ဘူးဗျ "
"သူက ရွှမ်ဝမ်အဖွဲ့ကပဲ။ အရင်တစ်ခေါက်က အဖွဲ့ခေါင်းဆောင် သူတို့ရဲ့ ဖိတ်ခေါ်မှုကို ငြင်းခဲ့လို့ ငါတို့ကို ပြဿနာရှာဖို့ လာတာ ဖြစ်နိုင်တယ် "
"ဖန့်မိတ်ဆွေ... ကျုပ်က ရွှမ်ဝမ်ရှေ့ပြေးအဖွဲ့က ရှောင်ချန်ဟယ်ပါ။ မင်းရဲ့ စီနီယာအစ်မ ရွှီချန့်ကလည်း ကျုပ်တို့အဖွဲ့ဝင်ပဲလေ။ အော်... ကျုပ်တို့ အဖွဲ့ခေါင်းဆောင် ဝမ်ရွှမ်ကလည်း မင်းရဲ့ စီနီယာအစ်ကိုပဲ၊ မင်း ဒီကိုရောက်ကတည်းက သူ့ကို တွေ့ဖူးလား "
ရှောင်ချန်ဟယ်က ပြုံးရွှင်စွာ မေးလိုက်သည်။
"မတွေ့ဖူးဘူး၊ ခင်ဗျားတို့နဲ့လည်း အဲဒီလောက်ကြီး မရင်းနှီးဘူး။ ကျုပ်တို့ အရင်သွားတော့မယ် "
ဖန့်ချန်က လက်ကာပြလိုက်ပြီး ယွီဝူရှီးတို့ကို အကာအကွယ်အစီရင် ဖွင့်ရန် အချက်ပြလိုက်သည်။
ရှောင်ချန်ဟယ် ခဏမျှ ကြောင်အသွားသည်။
တစ်ဖက်လူက အပေါ်ယံ အယဉ်အကျေးပင် မလုပ်ဘဲ ချက်ချင်း ထွက်ခွာရန် ပြင်နေသည်ကို သူ မမျှော်လင့်ထားချေ။
ဖန့်ချန် မသေမျိုးလှေပေါ်တက်ကာ ထွက်ခွာတော့မည့်ဆဲဆဲတွင် သူသည် လက်ကို မြှောက်လိုက်ပြီး တားမြစ်အစီရင် တစ်ခုကို ချက်ချင်း ခင်းကျင်းလိုက်သည်။
ဟိန်းဟောက်နေသော ဝိညာဉ်စွမ်းအားများက ဖန့်ချန်၏ လမ်းကြောင်းကို ချက်ချင်း ပိတ်ဆို့လိုက်လေတော့သည်။
"ဖန့်မိတ်ဆွေ... ကျုပ်တို့ ဒီမှာ ဆုံကြတာကလည်း ရေစက်ပဲလေ။ ဘာလို့ စကားလေး ဘာလေးတောင် သေချာ မပြောဘဲနဲ့ အလောတကြီး ထွက်သွားချင်နေရတာလဲ "
ရှောင်ချန်ဟယ်က လူယုတ်မာအပြုံးဖြင့် ဆိုလိုက်သည်။
"ရှင်တို့ သိပ်ပြီး အတင့်မရဲပါနဲ့။ ကျမ တို့အားလုံးက စီနီယာလင်းတုန်းရဲ့ လက်အောက်က ရှေ့ပြေးအဖွဲ့ဝင်တွေပဲ။ အဖွဲ့ခေါင်းဆောင်က အရင်က ရှင်တို့ရဲ့ ဖိတ်ခေါ်မှုကို ငြင်းခဲ့လို့ အခုလို ရန်ရှာချင်နေတာဆိုရင် စီနီယာလင်းတုန်း သိသွားတဲ့အခါ ရှင့်ရဲ့ အနာဂတ် ပျက်စီးသွားလိမ့်မယ်နော် "
မုံချင့်လင်က အသံမာမာဖြင့် ပြောလိုက်သည်။
ရှောင်ချန်ဟယ်က မထိန်းနိုင်ဘဲ ရယ်မောလိုက်သည်
"မင်းတို့ မထွက်ခွာခင်မှာ ဘယ်သူကမှ သတိမပေးလိုက်ကြဘူးလား ရှေးဟောင်းတားမြစ်နယ်မြေထဲမှာ... မဟုတ်ဘူး၊ ဒီ အာကာသဟင်းလင်းပြင် ထဲမှာဆိုရင် ဘယ်ကိစ္စမဆို သဲလွန်စ ကျန်ရစ်မှာ မဟုတ်ဘူးဆိုတာကိုလေ။ မင်းတို့အားလုံး ဒီမှာ သေသွားရင်တောင် စီနီယာလင်းတုန်း သိသွားတဲ့အခါ ဘာမှ ပြောမှာမဟုတ်ဘူး။ ရှေ့ပြေးအဖွဲ့ဝင်တွေဆိုတာ နှစ်တိုင်း အများကြီး သေနေကြတာပဲလေ "
ယခုအခါ ယွီဝူရှီးနှင့် အခြားသူများမှာ ရှောင်ချန်ဟယ်သည် သူတို့အားလုံးကို သတ်ရန် ကြံစည်နေပြီဖြစ်ကြောင်း ရိပ်မိလာကြသည်။
ဤသည်မှာ သင်ခန်းစာပေးရုံမျှ မကတော့ချေ။ တစ်ဖက်လူက ဘာကြောင့် သတ်ချင်နေရသနည်း
သူတို့အားလုံး၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာပြီး ဖန့်ချန်ကို မသိမသာ လှမ်းကြည့်လိုက်ကြသည်။
"မင်း လိုချင်နေတာက ဒီအရာလား "
ဖန့်ချန်က ရုတ်တရက် အရိုးဖြစ်တည်စေသော ကြာစိမ်း ကို ထုတ်ပြလိုက်သည်။
လက်ဝါးခန့်သာရှိသော ကြာစိမ်းလေးမှာ သာမန်ကြာပန်းနှင့် သိပ်မခြားနားသော်လည်း ၎င်း၏ အကြောများမှာ သေးငယ်သော အရိုးစုများသဖွယ် ဖြစ်နေခြင်းကသာ ထူးခြားနေသည်။
ရှောင်ချန်ဟယ်၏ ကိုယ်ပေါ်ရှိ ကျောက်စိမ်းပြားမှာ ပို၍ပင် ပူလောင်လာသည်။
သူသည် မသိစိတ်ဖြင့် တံတွေးတစ်ချက် မျိုချလိုက်မိပြီးနောက် စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။
ဒီကောင်လေးက ပစ္စည်းကို တိုက်ရိုက်ထုတ်ပြလိုက်ပြီဆိုလျှင် ဖုံးကွယ်ထားရန် မဖြစ်နိုင်တော့ချေ။
"အင်း... ဒါက အလောင်းကောင်ဖြစ်တည်မှု လမ်းစဉ် ရဲ့ အဆင့် ၄ နတ်ဆေးပင်၊ အရိုးဖြစ်တည်စေသော ကြာစိမ်းပဲ။ မင်းရဲ့ကိုယ်ပေါ်မှာ နတ်ဆေးပင်ကို ရှာဖွေနိုင်တဲ့ မှော်ရတနာ ပါလာတယ် မဟုတ်လား မင်း ဒီပစ္စည်းကို မသိရင်တောင် အဲဒီရတနာကတော့ သိမှာပါ။ ကျွယ်မင်နန်းတော်ကနေ လဲလှယ်ထားတာလား "
ဖန့်ချန်က ထိုပစ္စည်း၏ အကြောင်းကို ရှင်းပြလိုက်သည်။
"ဟား"
အဆင့် ၄ နတ်ဆေးပင်
ယွီဝူရှီးနှင့် အခြားသူများမှာ အသက်ရှူမှားမတတ် အံ့အားသင့်သွားကြပြီး စိတ်ထဲမှလည်း ဆဲလိုက်မိကြသည်။
"အမလေး... ငါ့အမေရေ"
လင်းယွမ်သည် သူ၏ကိုယ်ထဲရှိ အဆိပ်ပိုးကောင်များပင် လှုပ်ရှားလာသည်ဟု ခံစားလိုက်ရသည်။
ဤသည်မှာ သူ၏ စိတ်လှုပ်ရှားမှု အထွတ်အထိပ်သို့ ရောက်သွားသောကြောင့်ပင်။
ပထမဆုံးအကြိမ် ခရီးထွက်လာပြီး အဆင့် ၄ နတ်ဆေးပင်ကို ရှာတွေ့လိုက်တာလား ဒါက ကံကောင်းတာလား
မဟုတ်ဘူး သူတို့အားလုံး၏ စိတ်ထဲတွင် ထိတ်လန့်သွားမိသည်။
ဤသည်မှာ ကံကောင်းခြင်းသက်သက် မဟုတ်ချေ။
အစမှအဆုံး သူတို့ လမ်းမှား တစ်ချက်မျှ မသွားခဲ့ရသလို၊ ထိုနေရာသို့ ရောက်သည်နှင့် ဖန့်ချန် ဆင်းသွားပြီး ပြန်တက်လာသည်မှာ ၁၅ မိနစ် ပင် မပြည့်သေးချေ။
သူတို့၏ အဖွဲ့ခေါင်းဆောင်သည် ထိုနေရာတွင် အဆင့် ၄ နတ်ဆေးပင်ရှိမှန်း ကြိုတင်သိနေခြင်း ဖြစ်သည်။
အဖွဲ့ခေါင်းဆောင်ရဲ့ နောက်ခံက ဘာလဲ ကျွယ်မင်နန်းတော်က လူကြီးတစ်ယောက်ယောက်ရဲ့ တိတ်တိတ်ပုန်းသားများလား သူက အောက်နယ်မြေခြောက်ခုက လာတာလို့ ပြောပေမဲ့... အဲဒီကနေ အထက်နယ်မြေသုံးခုအထိ ရောက်လာတာကတင် သာမန်မဟုတ်တော့ဘူး၊ ဖြစ်နိုင်ခြေ အများကြီးရှိတယ်... ယွီဝူရှီးနှင့် အခြားသူများ၏ ခေါင်းထဲတွင် အတွေးအမျိုးမျိုး ဖြတ်ပြေးနေသည်။
သို့သော် နောက်ဆုံးတွင် သူတို့ ဆွံ့အသွားကြသည်။
ယခု အခြေအနေမှာ ထိုသို့တွေးရန် မသင့်တော်လှချေ။
"မင်း... မင်းပြောတာက ဒါက အဆင့် ၄ နတ်ဆေးပင် ဟုတ်လား"
ရှောင်ချန်ဟယ်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
သူ၏ဘေးရှိ ရှေ့ပြေးအဖွဲ့ မှ ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူများသည်လည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့၏ မျက်ဝန်းထဲတွင် လောဘရိပ်များ ပေါ်လာတော့သည်။
ရှောင်ချန်ဟယ်တွင် နတ်ဆေးပင်ကို ရှာဖွေနိုင်သည့် ရတနာပါလာမှန်း သူတို့ အခုမှ အသေအချာ သိလိုက်ကြသည်။
ထို့ကြောင့်သာ တစ်ဖက်လူကို တားဆီးထားခြင်း ဖြစ်ပေလိမ့်မည်။
သို့သော် ရှောင်ချန်ဟယ်က အစောပိုင်းက ထုတ်မပြောခဲ့ခြင်းမှာ တစ်ယောက်တည်း ဝါးမြိုရန် ကြံစည်ထားခြင်းမှာ သိသာလှသည်။
"ရှောင်မိတ်ဆွေ... ကျုပ်တို့ မထွက်ခွာခင်က သဘောတူထားတာ ရှိတယ်နော်။ ကျုပ်တို့ ရွှင်ယိုအဖွဲ့က မသေမျိုးလှေ ထုတ်တယ်၊ ခင်ဗျားက အစွမ်းထုတ်တယ်၊ ရလာတဲ့ ပစ္စည်းတွေကို အထက်ကို ပေးသွင်းပြီးရင် ကျန်တာကို တစ်ဝက်စီ ခွဲမယ်ဆိုတာလေ "
ရွှင်ယိုအဖွဲ့၏ ခေါင်းဆောင်က ဖြည်းညှင်းစွာ ပြောလိုက်သည်။
သူသည် သတိကြီးစွာဖြင့် သူ၏အဖွဲ့ဝင်များကို ခေါ်ကာ ရှောင်ချန်ဟယ်နှင့် အကွာအဝေးတစ်ခုတွင် ရပ်လိုက်သည်။
ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူ တစ်ဆယ်ကျော်သာ စုပေါင်းတိုက်ခိုက်လျှင် တက်လှမ်းခြင်းအဆင့် တစ်ဦးကို မယှဉ်နိုင်စရာ အကြောင်းမရှိချေ။
"စိတ်ချစမ်းပါ၊ ငါ ရှောင်ချန်ဟယ်က စည်းကမ်းမရှိတဲ့လူလား ဒါက အဆင့် ၄ နတ်ဆေးပင်ပဲ။ အားလုံးကို ဖယ်ထုတ်လိုက်ရင်တောင် ငါတို့လက်ထဲ ကျန်မှာက မင်းတို့ စိတ်ကူးတောင် မယဉ်နိုင်တဲ့ ပမာဏပဲ "
ရှောင်ချန်ဟယ်က နှာခေါင်းရှုံ့လိုက်ပြီးနောက် ဖန့်ချန်ကို ပြန်ကြည့်လိုက်သည်။
သူ၏ အကြည့်မှာ ရမ္မက်တက်နေသော ဝက်မကြီးတစ်ကောင်၏ အကြည့်နှင့်ပင် တူလှသည်။
"ဖန့်မိတ်ဆွေ... ဒီပစ္စည်းကို ငါ့ကိုပေးလိုက်၊ မင်းတို့ အေးအေးဆေးဆေး ထွက်သွားလို့ရတယ်။ ပြီးတော့ မင်းတို့ကို အလကား ခိုင်းမှာ မဟုတ်ပါဘူး "
ရှောင်ချန်ဟယ်က မသေမျိုးကျောက်တုံး သုံးတုံးကို တိုက်ရိုက် ထုတ်ယူလိုက်သည်
"ဒီ မသေမျိုးကျောက်တုံး သုံးတုံးကို မင်းတို့ရဲ့ ပင်ပန်းခငွေအဖြစ် သဘောထားလိုက်ပါ "
"ရှက်ဖို့ကောင်းလိုက်တာ၊ အဆင့် ၄ နတ်ဆေးပင်ရဲ့ တန်ဖိုးက ဘယ်လောက်တောင် မြင့်လဲ၊ မသေမျိုးကျောက်တုံး သုံးတုံးတည်းနဲ့ ငါတို့ကို နှင်ထုတ်ချင်တာလား "
ယွီဝူရှီးတို့၏ စိတ်ထဲတွင် ကျိန်ဆဲလိုက်ကြသည်။
"ကောင်းပြီ... မင်း ဒီပစ္စည်းက ဘယ်လောက် အရေးကြီးလဲဆိုတာ သိသွားပြီဆိုတော့ ဆွေးနွေးရတာ ပိုလွယ်သွားတာပေါ့ "
ဖန့်ချန်က ခပ်ဖွဖွ ခေါင်းညိတ်ပြလိုက်ပြီး
"အရင်ဆုံး ဒီမသေမျိုးလှေ နှစ်စင်းလုံးကို အပြင်က အာကာသဟင်းလင်းပြင်ထဲမှာ သွားစောင့်ခိုင်းလိုက်။ မင်း တစ်ယောက်တည်း ကျန်ခဲ့ပြီး ငါနဲ့ ဆွေးနွေးမယ်။ ဆွေးနွေးလို့ အဆင်ပြေရင် ဒီပစ္စည်းက မင်းအပိုင်ပဲ။ အကယ်၍ အဆင်မပြေရင်တော့ ငါဒါကို အမှုန့်ဖြစ်အောင် ချေပစ်လိုက်မယ် "
ဖန့်ချန်က သူ၏လက်ကို အနည်းငယ် အားထည့်လိုက်သည်။
အရိုးဖြစ်တည်စေသော ကြာစိမ်းလေးကို ညှစ်လိုက်ခြင်းမှာ ရှောင်ချန်ဟယ်၏ နှလုံးသားကို ညှစ်လိုက်သကဲ့သို့ပင်။
သူ၏ ရင်ထဲတွင် စူးစူးရှရှ နာကျင်သွားပြီး အလျင်အမြန် ပြောလိုက်သည်
"ဖန့်မိတ်ဆွေ... ကျုပ်တို့ သေသေချာချာ ဆွေးနွေးလို့ ရပါတယ်။ ဒီပစ္စည်းကိုတော့ မဖျက်စီးလိုက်ပါနဲ့"
ပြောပြီးနောက် သူသည် ရွှင်ယိုရှေ့ပြေးအဖွဲ့ကို ကြည့်လိုက်သည်
"မင်းတို့ အရင်သွားပြီး အာကာသဟင်းလင်းပြင်ထဲမှာ စောင့်နေကြ "
"ဒါက..."
"မသေမျိုးလှေ မရှိဘဲနဲ့ ငါ ဘယ်လို ပြန်မှာလဲ ငါ ထွက်ပြေးသွားမှာကို ကြောက်နေတာလား "
ရှောင်ချန်ဟယ်က စိတ်မရှည်ဟန်ဖြင့် လက်ကာပြလိုက်သည်။
ထိုသူများလည်း စဉ်းစားကြည့်ရာ ဟုတ်သည်ဟု ထင်သဖြင့် မသေမျိုးလှေကို မောင်းနှင်ကာ အာကာသဟင်းလင်းပြင်ထဲသို့ ပျံသန်းသွားကြသည်။
"အဖွဲ့ခေါင်းဆောင်... ဒါဆို ကျုပ်တို့ကော "
"မင်းတို့လည်း အပြင်မှာ သွားစောင့်နေကြ။ နောက်မှ ငါ့ကိုလာကြိုဖို့ အဆင်သင့်လုပ်ထား၊ တစ်နာရီခွဲလောက် ကြာလိမ့်မယ် "
"ကောင်းပါပြီ "
မသေမျိုးလှေ နှစ်စင်းလုံး တစ်စင်းပြီးတစ်စင်း ထွက်ခွာသွားကြသည်။
ရှောင်ချန်ဟယ်သည် ဤမြင်ကွင်းကို ကြည့်ကာ လေသံကို လျှော့၍ အချိုသာဆုံး ပြောလိုက်သည်
"ဖန့်မိတ်ဆွေ... သူတို့လည်း သွားကြပြီဆိုတော့ မင်း ဘယ်လို ဆွေးနွေးချင်လဲ ပြောပါဦး "