စာပေသမားပိုင်
Vol. 11 Ch. 1029
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွား၏။
ကောင်းကင်တံတားဒေသ ပျက်စီးသွားသည်မှ အစပြု၍ ရေတွက်လျှင် နှစ်ဝက်ခန့် ကုန်လွန်လာခဲ့လေပြီ။
ထူးဆန်းသော ကောင်းကင်များ၊ ထူးဆန်းသော မြေများ၊ ထူးဆန်းသော မြို့တော်များ၊ ထူးဆန်းသောလူများ ...
ထိုနယ်မြေများကို အမှန်တကယ်ဆိုရလျှင် အင်မော်တယ်နယ်မြေများဟုခေါ်သော ဧရာမကုန်းမြေထုကြီးများဖြင့် ဖွဲ့စည်းထားပေသည်။
မည်သည့်အင်မော်တယ်နယ်မြေမဆို ကောင်းကင်တံတားဒေသထက် အဆပေါင်းဒါဇင်များ သို့မဟုတ် ထို့ထက် ကြီးမား၏။ ၎င်းတို့အနက် တစ်ခုဖြစ်သော အရှေ့ဘက်နယ်မြေတွင် အိပ်ပျော်နေသည့်နဂါးကြီးနှင့် အလားသဏ္ဍာန်တူသော လေတဖြူးဖြူးတိုက်ခတ်နေသည့် ကျယ်ပြန့်သော တောင်တန်းတစ်ခုရှိသည်။ ထိုတောင်များထဲတွင် မြို့ကြီးများစွာကို မြင်နိုင်ပြီး ဘေးပတ်လည်တွင် မြို့ငယ်များ မရေမတွက်နိုင်အောင် ရှိလေသည်။
ထိုကဲ့သို့မြို့ငယ်တစ်မြို့တွင် ညစ်ပတ်ပေကြံနေသောမျက်နှာဖြင့် လူငယ်လေးတစ်ယောက်သည် တွန့်ကြေနေသော အဖြူရောင်ဝတ်ရုံကိုဝတ်ဆင်ထားကာ ဒယိမ်းဒယိုင်ဖြင့် လမ်းလျှောက်နေသည်။ သူသည် လက်တစ်ဖက်က သေရည်အိုးတစ်အိုးကို ဆုပ်ကိုင်လျက် ရံဖန်ရံခါ အားပါးတရမော့သောက်နေတတ်ပြီး ရယ်ရယ်မောမောနှင့် တစ်ယောက်တည်းလည်း စကားပြောနေလေ၏။
" အင်မော်တယ်နယ်မြေ ဟုတ်လား ... "
သူက ရေရွတ်လိုက်သည်။ သူက မလှမ်းချင်၊ လှမ်းချင်ဖြင့် လျှောက်နေသည်ကိုကြည့်ရသည်မှာ လောကကြီးအား လုံးလုံးလျားလျား စိတ်ပျက်နေဟန်တူသည်။
ဆောင်းဦးရာသီဖြစ်၍ အရိုးခိုက်အောင် အေးစက်သော လေအေးတစ်ချက်က သစ်ရွက်များအား လမ်းတစ်လျှောက် ရှပ်တိုက်သွားကာ တောင်စဥ်တန်းများကို လှဲကျင်းတိုက်ခတ်သွား၏။ ဤမြို့ငယ်လေးမှာ လူနေမထူထပ်ပေ။ ၄င်းသည် အလွန်ချောင်ကျသော နေရာတစ်နေရာတွင် တည်ရှိပြီး နေရာအများစုတွင် လူများက အိမ်တွင်းအောင်း၍သာ နေကြ၏။ ခိုက်ခိုက်တုန်အောင်အေးသော ေလနုအေးကြောင့် လူအနည်းစုသည်သာ ထူထဲနွေးထွေးသောအဝတ်များကို ဝတ်ဆင်ထားကြပြီး သူတို့သွားလိုရာသို့ တတ်နိုင်သမျှ မြန်မြန် အပြေးအလွှား သွားနေကြ၏။
ဤမျှအေးစိမ့်သောညနေခင်းတွင် ဘယ်သူမှ လမ်းအပေါ်မထွက်ချင်ကြသည်မှာ သဘာဝကျပေသည်။ ထို့ပြင် မဖြစ်မနေ အပြင်သို့ ထွက်ကြရသည့်လူများသည်လည်း နွေးထွေးရာ အသိုက်အမြုံဖြစ်သော သူတို့၏ မိတ်ဆွေများ၊ မိသားစုများ စောင့်နေကြရာ အိမ်ဆီသို့ တတ်နိုင်သမျှ မြန်မြန် ပြန်ချင်ကြသည်။
သို့သော် အနှီမူးရူးနေသော လူငယ်လေးသည်ကား အိမ်ဟူသည့်အပေါ် မည်သည့်သဘောထားမှ ရှိဟန်မတူပေ။ သူသည် မျက်လုံးများထဲတွင် ခံစားချက်မဲ့သောအရိပ်အယောင်အပြည့်ဖြင့် အေးစက်သောလေများကို ဥပေက္ခာပြု၍ ခြေဦးတည့်ရာ လျှောက်သွားနေဟန်တူသည်။ သူက ညနေခင်းတစ်လျှောက် လျှောက်သွားနေပြီး သူ့ကိုကြည့်ရသည်မှာ အလွန်တရာ စိတ်ဓာတ်ကျနေဟန်တူသည် ...
ကြွပ်ဆတ်နေသော ရွက်ဝါများက သူ့ပတ်လည်ရှိ လေထဲတွင် လွင့်မျောနေပြီး သူ့ကိုယ်ထဲတွင် သွေးသားတော်စပ်နေသောဝိညာဥ်ကို ရှာတွေ့သွားကြကာ သူ့အနားမှ ထွက်ခွာမသွားချင်ကြသည့်အလား။
" အင်မော်တယ်နယ်မြေ ... ဘယ်ကောင်က သောက်ဂရုစိုက်လို့တုန်း ... "
လူငယ်၏ခန္ဓာကိုယ်မှ အရက်နံ့များ တထောင်းထောင်းထနေပြီး သူက ဒယိမ်းဒယိုင် သွားနေလျက် နောက်တစ်ကျိုက်မော့ရန် အိုးကိုမြှောက်လိုက်သည်။ သို့သော် သေရည်အိုးမှာ ပြောင်နေပြီဖြစ်ကြောင်း သူ သဘောပေါက်လိုက်လေသည်။ သူက ဆဲရေးတိုင်းထွာလိုက်ပြီး ၄င်းကို မြှောက်ကာ နောက်ဆုံးကပ်ကျန်နေသော အစက်များကျလာစေရန် ခါယမ်းလိုက်သည်။ ထိုကျဆင်းလာသော သေရည်စက်အနည်းငယ်ကို မျိုချပြီးနောက် သူက နှုတ်ခမ်းကို သပ်လိုက်၏။
ညနေခင်း၏ ပုစွန်ဆီရောင်လဲ့သော လင်းရောင်ခြည်လေးများက လူငယ်၏အသက်မပါသော မျက်ဝန်းများထဲ တောက်ပသွားကာ အတွင်းအနက်ရှိုင်းဆုံးတစ်နေရာ၌ ခါးသီးနာကျည်းမှုနှင့် ပျောက်ဆုံးနေမှုတို့ရှိနေကြောင်း လှစ်ဟပြသလိုက်လေသည်။
" အရက်ကုန်သွားပြန်ပြီ ... ဘယ်လိုပဲဖြစ်ဖြစ် ဒီကမ္ဘာပေါ်က အရက်ကတော့ ကောင်းသားပဲ "
သူက ခေါင်းငိုက်စိုက်ကျလျက် ဗလုံးဗထွေးရေရွတ်လိုက်ပြီး သူ၏တစ်ဦးတည်းသောအဖော်ဖြစ်သော ဆောင်းလေအေးများကို တစ်ပါတည်း ခေါ်ဆောင်ကာ ချောင်းပေါက်မတတ်သွားနေကျ အရက်ဆိုင်ရှိရာသို့ ဒယိမ်းဒယိုင် လျှောက်သွားလိုက်သည်။
အရက်ဆိုင်မှာ အလှမ်းဝေးလှသည်မဟုတ်သော်လည်း လူငယ်သည် ဒူးဆစ်အထိနက်သော ရေထဲ လမ်းလျှောက်နေသည့်အလား ဆက်သွားနေလေသည်။သူ့အတွက် သူ၏ဦးတည်ရာသို့ ရောက်ရန် အမွှေးတိုင်တစ်တိုင်စာ ကြာလိုက်သည်။ ထိုအချိန်တွင် ပုစွန်ဆီရောင်နေဝင်ဆည်းဆာမှာ တိုးပွားလာသော အမှောင်ထုအောက်ဝယ် ခပ်ယဲ့ယဲ့သာ ကျန်ရှိတော့သည်။ သူက တံခါးကို တွန်းဖွင့်ပြီး သူနှင့်အတူ လေအေးတစ်ချက်အား တစ်ပါတည်း ခေါ်ဆောင်လျက် အထဲသို့ ယိုင်တိုင်တိုင် ဝင်လိုက်သည်။
အရက်ဆိုင်ထဲတွင် ထိုင်ခုံ ခုနစ်ခုံ၊ ရှစ်ခုံခန့်သာ ရှိသော်လည်း အကုန်ပြည့်နေ၏။ စားပွဲများနှင့်ဆက်မထားသည့် ကြံရာခုံများ၌ပင်လျှင် လူရှိနေသည်။ မိဘများ စကားလက်ဆုံကျပြီး သောက်နေကြစဥ် စားပွဲများအကြား လျှောက်ပြေးနေကြသော ကလေးငယ်များလည်း ရှိသည်။ ဤဝေးလံခေါင်ဖျားသော မြို့ငယ်လေးတွင် လုပ်စရာမရှိသောကြောင့် အင်မော်တယ်သေရည်ရောင်းသော ဤအရက်ဆိုင်မှာ ရှေးယခင်ကတည်းက လူအများ ကွန်းခိုရာနေရာလေးတစ်ခု ဖြစ်လာခဲ့၏။
ဤနေရာတွင် လူများသည် ဒေသတွင်း အတင်းအဖျင်းစကားများ၊မြို့ရှိ လူချမ်းသာများနှင့်ပတ်သက်သော ကောလဟလများနှင့် တန်ခိုးရှင်များနှင့်ပတ်သက်သောပုံပြင်များကိုပင် ပြောဆိုကြလေ့ရှိသည်။တစ်ခါတရံ လူအများ မူးလာကြလျှင် သူတို့၏ လျှို့ဝှက်ချက်များကို အော်ကြီးဟစ်ကျယ်ပြောကြရာ သူတို့ရောင်ရင်းများမှာ တဟားဟားရယ်နေကြတော့သည်။
မြို့ထဲက လူအများစုအတွက် သူတို့၏ အကြီးကျယ်ဆုံးဖျော်ဖြေမှုမှာ ဤအရက်ဆိုင်ကိုလာပြီး တစ်ယောက်နှင့်တစ်ယောက် အဖော်ပြုပေးရန်ဖြစ်သည်။
လူငယ် ဝင်လာသည်နှင့် လာနေကျ လူအချို့က သူ့ကို လက်ညှိုးထိုးပြီး ရယ်မောလိုက်ကြသည်။
“ အဲဒါ စာပေသမားပိုင်မလား။ ဟေး ဆိုင်ရှင်ကြီး ခင်ဗျားရဲ့ အင်မော်တယ်သေရည်ကို တမ်းတမ်းစွဲဖြစ်နေတဲ့လူတစ်ယောက် ထပ်ရှိလာပုံပဲ "
ထိုလူများ မည်မျှမူးရူးနေကြောင်း စဥ်းစားကြည့်လျှင် လူငယ်နှင့် ရင်းနှီးလား၊ မရင်းနှီးလားဆိုသည်ကို ပြောရန်ခက်လှပေသည်။
ဤလူငယ်ကို မြို့ထဲရှိ ဘယ်သူကမှ မသိကြဘဲ အရက်ဆိုင်က ဖောက်သည်များကသာ သူ့ကို သတိထားမိသည်။ သူသည် လွန်ခဲ့သော လအနည်းငယ်က မည်သည့်အရပ်မှမသိ ပေါ်လာခဲ့၏။ သူက မည်သူနှင့်မှ စကားမပြော၍ ဘယ်သူမှ သူ၏နာမည်ကိုပင် မသိကြပေ။ သို့သော် သူသည် ကြမ်းတမ်းပြီး ပညာမတတ်သော မြို့နေလူများနှင့် သိသိသာသာ ကွဲထွက်နေသည်။ သူက အဖြူရောင်ဝတ်ရုံရှည်ကို အမြဲ ဝတ်ဆင်ထားတတ်ပြီး သူ့ကိုကြည့်ရသည်မှာ ဆွေးမြည့်နာကျင်နေရခြင်းတွင် ပျော်မွေ့နေဟန်တူသည်။ မည်သည့်အရာကမှ သူ ဘယ်သူဖြစ်ကြောင်း ထင်ကြေးပေးခြင်းများအား ရပ်တန့်အောင် မလုပ်နိုင်ကြပေ။
အထူးသဖြင့် သူ၏အသွင်က မြို့နယ်အဆင့် စာပေစာမေးပွဲကို အောင်မြင်ခဲ့သည့် စာပေသမားတစ်ယောက်နှင့်သာ တူလေသည်။
သူ ဝတ်ဆင်ထားသည့် အဖြူရောင်ဝတ်ရုံကြောင့် လူအများက သူ့ကို .... ` စာပေသမားပိုင် ´ ဟု ခေါ်လာကြတော့သည်။
" စာပေသမားပိုင်က တော်ဝင်စာမေးပွဲ ကျခဲ့လို့ အိမ်မပြန်ဝံ့တာဖြစ်မယ်။ ဒါကြောင့် သူ တချိန်လုံး မူးနေတာ ... "
" မဟုတ်ဘူးကွ၊ မင်း ငါပြောတာနားထောင်။ သူဓားပြတိုက်ခံခဲ့ရပြီး သူ့မိသားစုအားလုံးသေသွားခဲ့တယ်။ အဲဒီလို သူ ကျော်ဖြတ်ခဲ့ရတဲ့ နာကျင်မှုတွေကြောင့် အရမ်းစိတ်ဓာတ်ကျနေတဲ့ ပုံပေါက်နေတာ ဖြစ်မယ် "
အရက်ဆိုင်ထဲရှိ လူများသည် သူ အရက်ဆိုင်တွင် အရက်ဝယ်ရန် မကြာခဏလာသည်ကို သတိထားမိခဲ့ကြပြီး သူ မည်မျှစိတ်ဓာတ်ကျနေသည်ကိုကြည့်၍ သူတို့က သက်ပြင်းချကာ သူ၏အတိတ်အကြောင်း ထင်ကြေးမျိုးစုံပေးတတ်ကြလေသည်။
လူငယ်က သူ့အကြောင်း ပြောစကားအများစုကို ကြားရသော်လည်း ဂရုစိုက်ဟန်မတူပေ။ သူက ကောင်တာသို့ ယိုင်တီးယိုင်တိုင်လျှောက်သွားပြီး သေရည်အိုးကို အောက်ချကာ ဗလုံးဗထွေးအသံဖြင့် စကားပြောလိုက်သည်။
" နောက်တစ်အိုး ဆိုင်ရှင်ကြီးရေ ... အင်မော်တယ်သေရည်။ ခင်ဗျားရဲ့ ဒီအင်မော်တယ်သေရည် ... ေသာက်ကျိုးနည်း ကောင်းတယ်ဗျာ "
အစိမ်းရောင်ဝတ်ရုံဖြင့် အသက်ကြီးကြီး ဆိုင်ရှင်က လူငယ်ကို လှည့်ကြည့်ပြီး သက်ပြင်းချသည်။
" စာပေသမားပိုင်ရယ် နှစ်လဲကုန်တော့မယ်။ မင်းရဲ့ ငွေဒင်္ဂါးတွေကို စုထားပြီး အိမ်ပြန်ပါ့လား "
" အိမ် ..."
လူငယ်လေးက နာကျင်မှုများစွက်ဖက်နေသော ငေးကြောင်ကြောင်မျက်လုံးများဖြင့် ခပ်ဟဟ ရယ်လိုက်သည်။ သူ၏ဝတ်စုံအတွင်းသို့ လှမ်းလိုက်ကာ ငွေဒင်္ဂါးတစ်တွဲထုတ်ပြီး ကောင်တာပေါ်ထားလိုက်သည်။
" ဘာတုန်း ကျုပ်ကို ငမွဲလို့ ခင်ဗျားထင်နေတာလား “
လူငယ်၏ စေတနာကို လက်မခံနိုင်သည့်အပြုအမူကြောင့် ဆိုင်ရှင်အဖိုးကြီး မျက်မှောင်ကြုတ်သွား၏။ သူ အတန်ငယ် စိတ်ပျက်သွားဟန်တူပြီး ငွေဒင်္ဂါးများကို ကောက်သိမ်းကာ စားပွဲပေါ် သေရည်အိုးအသစ်အား ဒုန်းခနဲချပြီးနောက် လူငယ်အား ဆက်လက်လျစ်လျူရှုထားလိုက်တော့သည်။
လူငယ်က အနည်းငယ် အသက်မပါသောမျက်ဝန်းများဖြင့် သေရည်အိုးကို ဆွဲယူလိုက်ပြီးနောက် အကြာကြီးမော့သောက်လိုက်သည်။ အရက်ကြောင့် သူ၏မျက်နှာ နီမြန်းနေပြီး သူက အရူးသဖွယ်ပြုံးလိုက်ကာ တံခါးထံ ဒယိမ်းဒယိုင်ဆက်လျှောက်သွားသည်။
ထိုစဥ် စားသောက်ဆိုင်ထဲတွင် ကစားနေသော ကလေးများက လူငယ်ကို သတိထားမိသွားကြပြီး ဒယိမ်းဒယိုင်လျှောက်နေသော သူ၏အမူအရာကြောင့် ရယ်မောကာ ယစ်ထုတ်ကြီးဟုခေါ်လာကြလေသည်။
လူငယ်ကား ဂရုမစိုက်ချေ။ သူ အရက်ဆိုင်အပြင်ဘက် လျှောက်ထွက်သွားချိန်တွင် မှောင်နေပြီဖြစ်ပြီး လေများမှာ ပို၍ပင် အေးစက်နေတော့သည်။ သူက အိမ်များ၏ ပြတင်းပေါက်များထဲတွင် တဖျပ်ဖျပ်လှုပ်ယမ်းနေသော မီးအိမ်အလင်းများကို ကြည့်၍ သူ့နှလုံးသားက ပို၍ စိတ်ပျက်လေးလံလာတော့သည်။
သူ၏နှလုံးသားထဲရှိ စိတ်ပျက်လေးလံမှုက သူ့မျက်လုံးအထိ ပျံ့နှံ့လွှမ်းခြုံလာပြီး သူ အမြဲလိုလို အိပ်လေ့ရှိသော ဘုရားကျောင်းတစ်ကျောင်းရှိရာထံ ယိုင်တိုင်တိုင်လျှောက်သွားလိုက်သည်။ ထိုနေရာသို့ ရောက်သည်နှင့်တစ်ပြိုင်နက် သူက နံရံကို မှီလျက် ထိုင်ချပြီး ဆက်သောက်တော့သည် ...
သူကြားရသည့် အသံများမှာ လေတိုက်သံများနှင့် သူ့အပေါ်ရံဖန်ရံခါ ကျရောက်လာသည့် သစ်ရွက်များ၏ တရှဲရှဲမြည်သံများသာ ဖြစ်ပေသည်။
တစ်နေရာတွင်... သူ၏လက်ဖဝါးထက်ရှိ မီးပွားလေးပမာ အမာရွတ်တစ်ခုအသွင် ရှိနေသောနေရာဆီသို့ ... သစ်ရွက်တစ်ရွက် ကျလာ၏။
" ဟောက်အာ ..."
သူက ရေရွတ်လိုက်၏။ သူ၏အသံထဲရှိ နာကျင်မှုကား ပေါ်လွင်ထင်ရှားလှသည်။ ယခု သူလုပ်ရန် စဥ်းစားနိုင်သည့် တစ်ခုတည်းသောအရာမှာ အင်မော်တယ်သေရည်ကို သောက်၍ သူ၏ရှုပ်ထွေးနောက်ကျိနေသောစိတ်ကို မိန်းမောသွားအောင် လုပ်ရန်သာ ဖြစ်ပေသည်။ မူးရူးနေမှသာ.... နာကျင်မှုများ၊ တွေဝေမှုများအား မေ့နိုင်မည် မဟုတ်ပါလော။
ဤလူငယ်သည်ကား ပိုင်ရှောင်ချန်းပင်။
တစ်ခါက သူသည် ပျော်ပျော်ေနတတ်သူတစ်ဦးဖြစ်သည်။ သို့သော် နွေရာသီမှ ဆောင်းရာသီအဖြစ် ပြောင်းလဲသွားသကဲ့သို့.... ထိုအရာများ ပျောက်ကွယ်သွားခဲ့ပြီး သူသည်လည်း ပြောင်းလဲသွားခဲ့ရလေပြီ။
သူ့မှာ အိမ်လည်း မရှိတော့။ သူ သတိမလစ်ခင်လေးက နားကွဲမတတ်ပေါက်ကွဲသံကြီးကို ကြားခဲ့ရပြီး ကောင်းကင်တံတားဒေသပျက်စီးသွားသည်ကို စောင့်ကြည့်ခဲ့သည်။
နောက်ပိုင်းတွင် သူသည် ထူးဆန်းပြီး မရင်းနှီးသော နယ်မြေတစ်ခုတွင် နိုးထလာကာ သူ၏အတိတ်က လူတိုင်း မရှိတော့ကြောင်း တွေ့လိုက်ရသည် ...
သူ၏အိမ် မရှိတော့ပေ။
အဏ္ဏဝါခေါ်သံဂိုဏ်း။ လီချင်းဟောက် ... သခင်မလေးဟုန်ချိန်။ စုန့်ကျင်းဝမ် ... သူတို့အားလုံး မရှိတော့ပြီ။
ကံကောင်းထောက်မစွာ ကောင်းကင်တံတားတာအိုသည်လည်း မရှိတော့ပေ။ သို့သော် ထိုအချက်က သူ့ကို ပျော်ရွှင်မှုများ သယ်ဆောင်မလာဘဲ ဝမ်းနည်းမှုများသာ ဆောင်ကြဥ်းလာလေသည်။
သူ ပျော်ပျော်နေချင်သည်။ အမှန်တကယ်ဆိုရလျှင် ဤအင်မော်တယ်နယ်မြေသို့ တည်နေရာရွှေ့ပြောင်းခံရပြီးနောက် သူ လပေါင်းများစွာ ရှာဖွေခဲ့သည်။ သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားအားလုံးနှင့် သူ၏နတ်ဘုရားအာရုံအားလုံးအပါအဝင် သူ အစွမ်းရှိသမျှ အကုန်သုံးခဲ့သည်။
သို့သော် သူရှာတွေ့ခဲ့သည့်အရာများကား ... အလောင်းများသာ။ တစ်ယောက်ပြီးတစ်ယောက်၊ ဤမရင်းနှီးသောကမ္ဘာကြီးထံ တည်နေရာရွှေ့ပြောင်းခံခဲ့ရသည့် ကောင်းကင်တံတားနယ်မြေမှ လူများကို သူ ခြေရာခံခဲ့၏။ တစ်ယောက်မှ အသက်မရှင်နိုင်ခဲ့ကြဘဲ အလောင်းများအဖြစ်သာ ရောက်ရှိလာခဲ့ကြသည်။ ၄င်းသည်ကား သူ့အတွက် အိပ်မက်ဆိုးကြီးတစ်ခု ဖြစ်လာခဲ့ပြီး သူ ဆက်မတောင့်ခံနိုင်တော့ဘဲ အသည်းအသန်ငိုကြွေးနေရသည့် လူတစ်ယောက်အဖြစ်သို့ ရောက်သွားတော့သည်။
လပေါင်းများစွာရှာဖွေနေခဲ့သည့်အတောအတွင်း သူသည် ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများနှင့် နတ်အဆင့်ကျင့်ကြံသူများပင် ပါဝင်သည့် အလောင်းများကို တွေ့ခဲ့ရသည်။ နောက်ဆုံးတွင် သူ ဆက်မရှာရဲတော့ပေ။ တစ်နေ့နေ့တွင် လီချင်းဟောက်၊ သခင်မလေးဟုန်ချိန်၊ စုန့်ကျင်းဝမ်နှင့် အခြားရင်းနှီးသောမျက်နှာများအား.... အလောင်းများအဖြစ် သူ မြင်တွေ့ရမည်ကို ကြောက်သည်။
ပိုင်ဟောက်၏သေဆုံးခြင်း၊ သချိုင်းစောင့်ကြီး၏ အစီအစဥ်၊ တုလင်ဖေး၏ မျက်ရည်စများ၊ ကမ္ဘာကြီးပျက်သုဥ်းခြင်း၊ အလောင်းတစ်လောင်းပြီးတစ်လောင်း၊ နောက်ဆုံး၌ ... ပိုင်ရှောင်ချန်း မခံနိူင်တော့။
ကမ္ဘာကြီး၏နှိပ်စက်ကျီစယ်မှုများအောက်ဝယ် သူ ခြေကုန်လက်ပန်းကျသွားကာ ဤမြို့သို့ ရောက်လာခဲ့ပြီး အရက်သမားတစ်ယောက်အဖြစ် အဆုံးသတ်သွားတော့သည် ...
သူက ကောင်းကင်တံတားတာအိုကဲ့သို့ ရက်စက်ကြမ်းကြုတ်သော ရည်မှန်းချက်ရှိသူ မဟုတ်။ သူက ပိုင်ရှောင်ချန်း ... ပျော်ပျော်ရွှင်ရွှင်နှင့် ထာဝရအသက်ရှည်ရှည်နေလိုသော လူတစ်ယောက်သာ…။
" မင်းတို့အားလုံး အသက်ရှင်နေသေးရင် ဘယ်မှာများလဲကွာ … "
သူက အတန်ငယ် လုံးထွေးနေသော အသံဖြင့် ပြောပြီး သူ၏မျက်လုံးများ ဖြည်းညင်းစွာပိတ်လာကာ မူးမေ့သွားတော့သည်။