← Chapters

အခန်း (၁-၄)

Vol. 1 Ch. 1-4

အခန်း (၁-၄)

Vol. 1 Ch. 1-4

Chapter 1: ဆယ်နှစ်နောက်ပြန်၍ ပြန်လည်မွေးဖွားခြင်း

ပြတင်းတံခါးကိုဖြတ်၍ ကွက်တိကွက်ကြား ဖိတ်လျှံကျလာသော နေရောင်ခြည်ကြောင့် ကျင်းယွင်ကျောင်း၏ မျက်ခုံးတန်းလေးများ တွန့်ချိုးသွားသည်။ သူမ ခပ်ဖြည်းဖြည်း မျက်လုံးဖွင့်ကြည့်လိုက်ပြီး ထထိုင်လိုက်ရာ ခေါင်းထဲမှ စူးရှရှနာကျင်မှုကို ခံစားလိုက်ရ၏။ ထိုစဥ် သူမ၏နားရွက်နောက်မှ ကျဆင်းနေသော ဆံနွယ်ရှည်ရှည်များအား ရုတ်တရက် တွေ့လိုက်မိရာ သူမသည် ခေတ္တတုံ့ဆိုင်းသွားကာ ကြက်သေသေသွားသည်။ တစ်ယောက်ယောက်ကများ သူမကို ထပ်ပြီး လာရှုပ်ပြန်ပြီလား။

ချောင်ဟုန်ယဲ့က သူမရဲ့ဆံပင်ရှည်တွေကို ညှပ်ပစ်ခဲ့တာ ကြာလှပြီ မဟုတ်လား။ ဘာလို့ ဆံပင်တွေက ဒီမှာရှိနေသေးတာလဲ။

လေထုထဲတွင် သင်းပျံ့ပျံ့မွှေးရနံ့တစ်မျိုးက ခပ်ဖျော့ဖျော့လွင့်ပျံ့နေသည်။ ကျင်းယွင်ကျောင်းက ခေါင်းလှည့်ကြည့်လိုက်ရာ စားပွဲပေါ် တွင် ဆန်ပြုတ်တစ်ပန်းကန်ကို တွေ့လိုက်ရ၏။ သို့ရာတွင် ဤသို့လှည့်ကြည့်လိုက်ရုံဖြင့် မြင်လိုက်ရခြင်းက သူမကို အံ့အားသင့်သွားစေသည်။

ဒါက သူမ နေနေကျ နေရာပဲ။

သူမ၏မျက်ဝန်းများက သန့်ရှင်းနေသော အိပ်ခန်းအား စိုက်ကြည့်နေ၏။ စားပွဲပေါ်ရှိ သူမ အကြိုက်ဆုံးအလှပန်းအိုးထဲ၌ လပ်ကီး ဝါးငုတ်ကလေးများ အစုံအလင်ရှိနေသည်ကို တွေ့လိုက်ရသည်။ သူမ၏ကုတင်ပေါ်တွင် လွှားထားသည့် အပြာရောင် ပိတ်ကျဲစောင်ပါးလေးကိုလည်း တွေ့လိုက်ရ၏။ အခန်းအတွင်းရှိ ပစ္စည်းများသည် တန်ကြေးများများစားစား မရှိသော်လည်း ၎င်းတို့အားလုံးသည် သူမ၏ဘဝတွင် အပျော်ရွှင်ရဆုံးအချိန်ဟု သူမ မှတ်ယူခဲ့သောကာလများက ပိုင်ဆိုင်ခဲ့သော အရာများဖြစ်သည်။

ထိတ်လန့်တုန်လှုပ်နေသည့် ကျင်းယွင်ကျောင်းသည် သူမ၏အနီးနားရှိ မှန်တစ်ချပ်အား ခပ်မြန်မြန် ဆွဲယူကြည့်လိုက်သည်။ မှန်ထဲတွင် ထင်ဟပ်နေသော ပုံရိပ်သည် ရင်းနှီးပြီးသားဖြစ်သော်လည်း ထူးဆန်းနေ၏။

မှန်ထဲရှိ မျက်နှာသည် သူမ၏မျက်နှာဖြစ်သော်လည်း ၎င်းသည် လွန်ခဲ့သောနှစ်များက သူမ ဖြစ်သည်။

မဟုတ်ဘူး၊ ဒါက မဖြစ်နိုင်ဘူး....သူမ ပြန်လည်မွေးဖွားလာခဲ့ပြီ။

သူမ၏မျက်နှာပေါ်ရှိ ကျန်းမာပျိုမျစ်သော အသားအရေမှအစ နံရံတွင် ချိတ်ဆွဲထားသော ပြက္ခဒိန်အဆုံး အရာအားလုံးက သူမ၏အတွေးများ မှန်ကန်ကြောင်း ထောက်ခံနေကြ၏။ ဒါ လွန်ခဲ့တဲ့ ဆယ်နှစ်ကပဲ။ သူမ အသက် ဆယ့်ငါးနှစ်ပဲရှိသေးတယ်။

သူမ လက်သီးတင်းတင်းဆုပ်လိုက်မိသည်။ သူမ ဘယ်သောအခါမှ မမေ့နိုင်သည့် အိပ်မက်ဆိုးတစ်ခုမှလွဲလျှင် သူမ၏အတိတ်ဘဝမှ အရာအားလုံးသည် ဘာမှမဟုတ်တော့သကဲ့သို့ ထင်လိုက်ရ၏ ။ ထိုအိပ်မက်ဆိုးသည် သူမ၏နှလုံးသားထဲ၌ စွဲထင်နေသည်မှာ ကြာခဲ့လေပြီ။

ဖြစ်ခဲ့သမျှအား ပြန်တွေးမိတိုင်း ကျင်းယွင်ကျောင်း၏နှလုံးသားသည် တုန်ခါသွား၏။ အချိန်အတော်ကြာသွားပြီး နောက်ဆုံးတွင်တော့ သူမသည် အိပ်ယာထဲမှထလာကာ အိပ်ခန်းတံခါးကို ဖွင့်လိုက်သည်။ ထို့နောက် ဧည့်ခန်းထဲ၌ ရင်းနှီးနေသော မျက်နှာများအား မြင်လိုက်ရ၏။ သူမ၏ရန်သူတော်များ၏မျက်နှာများကို တွေ့မြင်လိုက်ရသောအခါ သူမ သွေးများပင် ပွက်ပွက်ဆူလာသည်။

ဧည့်ခန်းထဲတွင် လူကြီးနှစ်ယောက်နှင့် ကလေးနှစ်ယောက် စုစုပေါင်း လူလေးယောက် ထိုင်နေကြ၏။

သူမ၏မိခင်ဖြစ်သူ ယဲ့ချင်၊ ပထွေးဖြစ်သူ ချောင်ဝေ့မင်နှင့် အမြွှာမောင်နှမနှစ်ဦးဖြစ်သည့် ချောင်ဟုန်ယဲ့နှင့် ချောင်ကျစ်ကျိုးတို့ဖြစ်သည်။

အတိတ်ဘဝ၌ သူမသည် ယဲ့ချင်အား သူမ၏မိခင်ရင်းဟု မှတ်ယူခဲ့သော်လည်း နောက်ပိုင်းတွင် သူမသည် ယဲ့ချင်က တွေ့၍ မွေးစားထားသော ကလေးတစ်ဦးသာဖြစ်ကြောင်း သိလိုက်ရ၏။ သူမ၏မျိုးရိုးနာမည်မှာ ကျင်းဖြစ်ပြီး ၎င်းမှာသူမ၏ကိုယ်ပေါ်မှ ရှာတွေ့ခဲ့သော ကျောက်စိမ်းဆွဲသီးလေးပေါ်၌ ထွင်းထုထားသော တရုတ်အက္ခရာစာလုံးဖြစ်သည်။ ယဲ့ချင်သည် သူမအပေါ်တွင် အမြဲတမ်း ကောင်းပေးခဲ့သော်လည်း ၎င်းမှာ သူမ ချောင်ဟုန်ယဲ့၊ချောင်ကျစ်ကျိုးတို့နှင့် ရန်မဖြစ်သည့်အချိန်တွင်သာဖြစ်၏။

သူမ၏ပထွေးဖြစ်သူ ချောင်ဝေ့မင်နှင့် ပတ်သတ်လျှင်တော့.... ကျင်းယွင်ကျောင်းသည် အော့နှလုံးနာအောင် ရွံရှာမှုနှင့် မုန်းတီးမှုကိုသာ ခံစားရသည်။

အတိတ်ဘဝ၌ ယဲ့ချင် သူမ၏ရောဂါကို လက်လျော့လိုက်ပြီး ကွယ်လွန်အနိစ္စရောက်သွားသည့် အချိန်ဝန်းကျင်တွင် မမျှော်လင့်ထားသော အဖြစ်အပျက်တစ်ခု ဖြစ်ပျက်သွားခဲ့သည်။ ၎င်းအဖြစ်အပျက်များအားလုံးက သူမကို မိသားစုထဲတွင် မလိုလားအပ်ဆုံးသော လူယုတ်မာတစ်ယောက်ဖြစ်စေခဲ့၏။ ချောင်ဝေ့မင်သည် တဏှာရမက်၏တွန်းအားကို တောင့်မခံနိုင်သော ယောက်ျားသားတစ်ဦးဖြစ်သည်။ အမျိုးသမီးဖြစ်သူ ဆုံးပါးသွားပြီးနောက် သူသည် ကျင်းယွင်ကျောင်းအား မတော်မလျော် စတင်ပြုမူဆက်ဆံခဲ့၏။ ထိုအချိန်က သူမသည် ငယ်ရွယ်ပြီး ကြောက်ရွံ့တတ်သောကြောင့် ထိုသူ့အကြောင်းကို တိုင်ကြားရန်လည်း အလွန်ကြောက်ရွံ့ခဲ့ကာ သူမ လုပ်နိုင်သည့် အတတ်နိုင်ဆုံး အရာမှာ ထိုသူ့အား ရှောင်ရှားခြင်းသာဖြစ်သည်။ သူမ ကောလိပ်သွားတက်သည့်အခါတွင်တော့ ဤမိစ္ဆာကောင်၏လက်မှ လွတ်မြောက်နိုင်လိမ့်မည်ဟု သူမ ထင်ခဲ့မိ၏။

သို့သော် သူမ မသိခဲ့သည်မှာ ထိုသူ၏စိတ်ထဲ၌ သူမအား ကျောင်းဆက်တက်ခွင့်ပေးမည်ဆိုသည့် အတွေး ဘယ်သောအခါကမှ မရှိခဲ့ခြင်းပင်။ ထိုသူသည် သူ၏ တရားဝင်အုပ်ထိန်းသူဆိုသော အနေအထားကို အသုံးပြုကာ သူမအား ကျောင်းထွက်ရန် အတင်းအကျပ် ဖိအားပေးခဲ့သည်။ ထို့နောက်တွင်တော့ သူသည် သူမအား သူ့မိသားစုအတွက် ချက်ပြုတ် သန့်ရှင်းရေးလုပ်စေခဲ့၏။

သူမသည် ထိုအိမ်တွင် ငါးနှစ်ကြာအောင် ကြောက်ကြောက်လန့်လန့်ဖြင့် နေထိုင်ခဲ့ရသော်လည်း ချောင်ဝေ့မင် လိုချင်သည့်အရာကို သူမ ဘယ်သောအခါကမှ မပေးခဲ့ပေ။ (T/N: ချောင်ဝေ့မင်က လိင်ဆက်ဆံချင်တာကို ယွင်ကျောင်းက လုံးဝလက်မခံတာလို့ ပြောတာပါ)။ မည်သို့ပင်ဆိုစေကာမူ နောက်ဆုံး၌ ချောင်ဝေ့မင်၏ဆန္ဒများနှင့် လိုချင်တပ်မက်နေမှုများကို ချောင်ဟုန်ယဲ့က သိရှိသွားခဲ့သည်။

ချောင်ဟုန်ယဲ့သည် ကျင်းယွင်ကျောင်းက ကိုယ့်ပထွေးကို မြှူဆွယ်ဖြားယောင်း နေပါသည်ဟုသော ကောလာဟလများ ဖြန့်ကာ သူမအား နာမည်ဖျက်ခဲ့သည်။ ထို့ကြောင့် ကျင်းယွင်ကျောင်း အပြင်သွားတိုင်း လူအများ၏ လက်ညိုးထိုး အတင်းအဖျင်းဆိုခြင်းကို ခံခဲ့ရ၏။

သူမ အသက်နှစ်ဆယ်ပြည့်ချိန်တွင် အတန်းဖော်ဟောင်းတစ်ဦးနှင့် ပြန်တွေ့ခဲ့သည်။ ထိုအတန်းဖော်က သူမအား သည်းသည်းမည်းမည်း လိုက်လံပိုးပန်းခဲ့ပြီး (T/N: သမားရိုးကျမဟုတ်ဘဲနဲ့ ရိုမန်တစ်ဆန်ဆန်ပေါ့ ) ထိုအကြောင်းကို တစ်မြို့လုံးကပါ သိသည်အထိ ကြီးကျယ်စေခဲ့၏။

သူမသည် သူမ၏ လက်ရှိအခြေအနေနှင့် အနေအထားကို နားလည်သောကြောင့် သူ့အား လက်ခံလိုက်ရန် အစီအစဥ်ပင်မရှိခဲ့ပေ။ သို့ရာတွင် ချောင်ဝေ့မင်ကမူ သူမအား ခွင့်မလွှတ်ခဲ့ပါ။

တစ်ညတွင် ချောင်ဝေ့မင်သည် ဒေါသအကြီးအကျယ်ထွက်ကာ ထပ်မံ၍ စိတ်မထိန်းနိုင်တော့ပေ။ နောက်ဆုံး၌ သူသည် သူမအား အဓမ္မပြုကျင့်တော့သည်။ ထိုညတွင် ကျင်းယွင်ကျောင်းသည် ပြန်လည်ခုခံရင်းဖြင့် ချောင်ဝေ့မင်အား မတော်တဆ သတ်မိသွား၏။ ၎င်းမှာ ရှင်းရှင်းလင်းလင်းပင် မိမိကိုယ်မိမိ ခုခံကာကွယ်သည့် ဖြစ်ရပ်တစ်ခုဖြစ်သော်လည်း ချောင်ဟုန်ယဲ့နှင့် ချောင်ကျစ်ကျိုးတို့ကမူ အဖြူကို အမည်း၊ အမည်းကို အဖြူဖြစ်အောင် ပြောင်းပစ်ခဲ့ပြီး (T/N: အမှန်တရားကို ပြောင်းပြန်လှန်ပစ်တယ်လို့ ပြောတာပါ) ကျင်းယွင်ကျောင်း ထောင်ဒဏ် ချမှတ်ခံခဲ့ရသည်။

သူမ ထောင်ကျပြီးသည့်နောက် သူမအား မဆုတ်မနစ် လိုက်လံပိုးပန်းခဲ့သူက သူသည် ကျင်းယွင်ကျောင်းအား ဘယ်တုန်းကမှ မကြိုက်ခဲ့ဖူးကြောင်း ပြောပြခဲ့သည်။ သူသည် ချောင်ဟုန်ယဲ့အား ဆွပေးလိုသောကြောင့်သာ သူမအား လိုက်လံပိုးပန်းခဲ့ခြင်းဖြစ်၏။ သူ အမြဲတမ်း သဘောကျခဲ့သည့် တစ်ဦးတည်းသောသူမှာ ချောင်ဟုန်ယဲ့ပင်။

Chapter 2 : ကံအညံ့တွေကို ဖယ်ရှားပေးနိုင်တဲ့ ကံကောင်းတဲ့ကြယ်ပွင့်လေး

အတိတ်ကို ပြန်တွေးလိုက်မိတိုင်း ကျင်းယွင်ကျောင်း လုပ်ချင်သည့် တစ်ခုတည်းသောအရာမှာ ဤလူများအား သူတို့နှင့်ထိုက်တန်သည့်အရာကို ပြန်ပေးဆပ်ခိုင်းရန်သာဖြစ်သည်။ သို့သော် ကံဆိုးစွာပင် ထိုသို့ ပြုလုပ်ရန် သူမ၌ ကိုယ်ပိုင်အစွမ်းအစ မရှိသည်ကိုလည်း ကောင်းကောင်းနားလည်၏။ ယခုချက်ချင်းသာ တစ်ခုခုထလုပ်လိုက်မိပါက နောက်ဆက်တွဲဆိုးကျိုးများကို ခံစားရမည့်သူမှာ သူမကိုယ်တိုင်ပင်။

“မမ နိုးလာပြီလား။ ဘုရားသခင်ကျေးဇူးကြောင့်ပါပဲ၊ အမေက နေမကောင်းဖြစ်နေတာဆိုတော့ ကျွန်မက အစ်မလည်းဖြစ်မှာကို စိုးရိမ်နေတာ...” ချောင်ဟုန်ယဲ့က အမှန်တကယ် ဂရုစိုက်နေပုံဖြင့် ပြောလာသည်။

ယဲ့ချင်၏မျက်နှာသည် လူသေလို ဖြူဖျော့နေပြီး သူမကိုကြည့်ရသည်မှာ ဖြူဖတ်ဖြူလျော်နှင့် မကျန်းမာသည့်ပုံပေါ်နေသည်။ သူမ၏ အဓိကခန္ဓာကိုယ်အစိတ်အပိုင်းများ ထိခိုက်နေပြီဖြစ်၏။ ကျင်းယွင်ကျောင်း မှတ်မိသည်သာ မှန်ပါက ယဲ့ချင် သေဖို့အချိန် သိပ်မလိုတော့ပေ။။ သူတို့ ကြိုတင်ပြင်ဆင်မှုများကို စတင်လုပ်ဆောင်ထားပြီးသင့်နေပြီဖြစ်သည်။

“ယွင်ကျောင်း နင် ဒီထက်ဘာမှပိုမသိတော့ဘူးလား၊ နင့်အမေက ခုထိနေမကောင်းသေးဘူး။ နင်က အိမ်ထဲမှာပဲနေပြီး သူ့ကို ပြုစုနေရမယ့်အစား လမ်းသရဲတွေနဲ့ ဟိုလိုလိုဒီလိုလို အရှုပ်တွေလုပ်နေတယ်။ တကယ်လို့ အဲဒီနေရာမှာ ရဲတစ်ယောက်သာ ဖြတ်မသွားခဲ့ဘူးဆိုရင် ဘာတွေဖြစ်ကုန်မလဲ နင်သိလား။” ချောင်ဝေ့မင်က ဖခင်ကောင်းတစ်ယောက်ဟန်ပန်ဖြင့် ဆူပူကြိမ်းမောင်းနေ၏။

ကျင်းယွင်ကျောင်းက မေ့လဲသွားခဲ့ခြင်းဖြစ်ပြီး ၎င်းမှာ ချောင်ဟုန်ယဲ့၏ကျေးဇူးကြောင့်ဖြစ်သည်။

ကျင်းယွင်ကျောင်းသည် ထိုနှစ်တွင် အသက်ဆယ့်ငါးနှစ်သာရှိသေးသော်လည်း အထက်တန်းကျောင်းတက်နေပြီဖြစ်၏။(T/N: Wekipediaအရဆိုရင် ဆယ့်ငါးနှစ်ဆိုတာက တရုတ်မှာ အလယ်တန်းပြီးရုံပဲ ဖြစ်သင့်တာကို ယွင်ကျောင်းက တော်လို့ ဆယ့်ငါးနှစ်နဲ့ အထက်တန်းရောက်နေတာပါ) ယမန်နေ့က သောကြာနေ့ဖြစ်သည်။ သူမ ကျောင်းဆင်းချိန်၌ အိမ်ပြန်ရန် ဘတ်စ်ကားစောင့်နေစဥ် တေလေဂျပိုး လမ်းသရဲတစ်စုရောက်လာပြီး သူတို့နှင့်နေရန် သူမအား အတင်းအကျပ် ဖိအားပေးခဲ့၏။ တခြား ဖြတ်သွားဖြတ်လာ ကျောင်းသားများရှေ့တွင်တော့ သူတို့က သူမနှင့် အတော်လေးရင်းနှီးနေဟန် ပြုမူကြသည်။ ထို့နောက် သူတို့က သူမအား လမ်းကြားတစ်ခုထဲသို့ ဆွဲခေါ်သွားခဲ့၏။ အကယ်၍ ရဲတစ်ယောက်သာ ဖြတ်မသွားခဲ့ပါက သူမသည် သေချာပေါက် အဖျက်ဆီးခံရလိမ့်မည်သာ။

ထိုစဥ်တုန်းကတော့ ၎င်းအဖြစ်အပျက်သည် ကြိုတင်ကြံစည်မှုဖြစ်ကြောင်း သူမ တွေးပင်မတွေးမိခဲ့။ သို့သော် ယဲ့ချင်သေပြီးနောက်တွင်မှ ချောင်ဟုန်ယဲ့အား ထိုလမ်းသရဲတစ်စုနှင့်အတူ မြင်လိုက်ရသည်။ ထိုအခါကျမှသာ အရာအားလုံးကို ရှင်းရှင်းလင်းလင်း သိသွားခဲ့လေ၏။

ချောင်ဟုန်ယဲ့သည် သူမထက် တစ်နှစ်နီးပါးငယ်သည်။ သူမသည် ဤကဲ့သို့ အကြံကြီး၍ ရက်စက်တတ်လိမ့်မည်ဟု ကျင်းယွင်ကျောင်း ဘယ်တုန်းကမှ မထင်ခဲ့မိပေ။

“အဖေ၊ ကျွန်မရဲ့အဆင့်တွေက တစ်ကျောင်းလုံးမှာ နံပါတ်တစ်ဆိုတာ အဖေလည်း သိပါတယ်။ အဆင့်နှစ်တောင် ကျွန်မနဲ့ အမှတ်အများကြီးကွာတာ။ ကျွန်မလို ကျောင်းသူတစ်ယောက်က ဒီလိုလမ်းသရဲတွေနဲ့ တစ်ခုခုလုပ်လိမ့်မယ်လို့များ အဖေထင်နေတာလား။ သူတို့က ကျွန်မကို အနိုင်ကျင့်တယ်ဆိုတာ ရှင်းနေတာပဲ။”

ကျင်းယွင်ကျောင်းက တုံ့ဆိုင်းမနေဘဲ ပြန်ဖြေလိုက်သည်။

အကယ်၍ အတိတ်တုန်းကသာဆိုပါက သူမသည် သည်းညည်းခံကာ တောင်းပန်မိလိမ့်မည်။ သို့သော် ယခုအချိန်တွင်တော့ သူမသည် သူတို့နှင့် ရေရှည်နေထိုင်သွားဖို့ အစီအစဥ်မရှိသည်ဖြစ်ရာ သူမအနေဖြင့် အဘယ့်ကြောင့် သတိထား ဆက်ဆံသင့်ပါသနည်း။

ကျင်းယွင်ကျောင်းပြောသည်ကို ကြားသောအခါ ချောင်ဟုန်ယဲ့၏မျက်နှာသည် ပထမက နီရဲသွားပြီးနောက် ဖြူဖျော့သွားလေသည်။

သူမ၊ ကျင်းယွင်ကျောင်းနှင့် ချောင်ကျစ်ကျိုးတို့သည် တစ်ကျောင်းတည်း တက်ကြသူများဖြစ်၏။ တစ်ခုတည်းသော ကွာခြားချက်မှာ သူမအစ်ကို၏အဆင့်များသည် ကြောက်စရာကောင်းလောက်အောင်ပင် ဆိုးရွားလွန်းလှသည်။ သူသည် လာဘ်ထိုး၍ပင် ကျောင်းဝင်ခဲ့ရ၏။ ထို့အပြင် သူမသည် စာကြိုးစားခဲ့သော်လည်း တစ်ကျောင်းလုံးတွင် အဆင့်နှစ်နေရာသာ ရခဲ့သည်။

ကျင်းယွင်ကျောင်းသည် မကျော်ဖြတ်နိုင်သော တောင်တစ်ခုနှင့်တူသည်။ ကျင်းယွင်ကျောင်း၏အဆင့်များသည် အမြဲတမ်း သူမထက် ပိုကောင်း၏။ သူမ ဘယ်လောက်ပင် ကြိုးစားကြိုးစား ကျင်းယွင်ကျောင်းအနားသို့ပင် မကပ်နိုင်ချေ။

ချောင်ဟုန်ယဲ့သည် သူမ၏အသက်အရွယ်အရ ကျင်းယွင်ကျောင်း၏အောက် တစ်ဆင့်နိမ့်သော အတန်းတွင်ရှိသင့်သော်လည်း ကျင်းယွင်ကျောင်း အလယ်တန်းကျောင်းသို့ ဝင်ခွင့်ရသောအခါ ချောင်ဟုန်ယဲ့နှင့်ချောင်ကျစ်ကျိုးတို့သည် နေမထိထိုင်မသာဖြစ်ကုန်ကြ၏။ သူတို့သည် ယဲ့ချင်အား သူတို့ အထက်တန်းကျောင်းသို့ ပို၍စောစီးစွာ တက်ရောက်ခွင့်ရစေရန် နည်းလမ်းပေါင်းစုံဖြင့် လုပ်ခိုင်းခဲ့သည်။ ရလဒ်မှာ သူတို့သုံးဦးလုံး အတန်းအတူတူဖြစ်နေခြင်းပင်။

ချောင်ဟုန်ယဲ့က ယဲ့ချင်၏လက်မောင်းကို ဖက်ကာ ပြောသည်

“မေမေ၊ ဆရာမကပြောတယ် သမီးရဲ့အဆင့်တွေ တိုးတက်လာတယ်တဲ့၊ ဒါပေမယ့် သမီးက နောက်ပိုင်း စာလုပ်တဲ့နေရာမှာ မမလိုမျိုး အာရုံမစိုက်နိုင်ဘူး။ သမီး အရမ်းလည်း စိုးရိမ်တယ် မေမေ။ သမီး တကယ်ကြောက်တယ်။ အတန်းထဲမှာလည်း အာရုံမစိုက်နိုင်ဘူး။ သမီးလေ အိပ်တောင် မအိပ်နိုင်တော့ဘူး။”

ချောင်ဟုန်ယဲ့ကို ကြည့်သော ယဲ့ချင်၏မျက်ဝန်းများက အမြဲတမ်း ချစ်ခင်ကြင်နာမှုများဖြင့် ပြည့်နှက်နေ၏။ ချောင်ဟုန်ယဲ့က သူမ၏ သမီးအရင်း ဖြစ်သည်လေ။

ကျင်းယွင်ကျောင်း၏နှလုံးသားက အေးခဲသွားသည်။

သူမသည် ယဲ့ချင်ကို ရိုသေလေးစား၏။ တကယ်တမ်းတွင်လည်း ယဲ့ချင်သည် ဤနှစ်များအတွင်း၌ သူမအား ပြုစုပျိုးထောင်ပေးခဲ့သည်။ ဤသို့ဆိုသော်ငြားလည်း သူမသည် ခါးသီးအေးစက်မှုကို မခံစားရဘဲ မနေချေ။

ယဲ့ချင်သည် သူမအပေါ်တွင် ဤကဲ့သို့ ချစ်ခင်ယုယသော အမူအယာကို ထုတ်ပြခဲသည်။ သူမ အမြဲမြင်တွေ့ခဲ့ရသော အပြုံးအများစုကိုပင် အတုအယောင်သဖွယ် ခံစားရ၏။ သူမသည် ငယ်စဥ်ကတည်းက ချောင်ဟုန်ယဲ့အတွက် အရာအများစုကို လုပ်ကိုင်ပေးရန် ဖိအားပေးခံခဲ့ရသည်။ သူမ ငြင်းဆန်မိသည့်အခါတိုင်း ယဲ့ချင်က ဒေါသထွက်ကာ သူမအား အော်ဟစ်ငေါက်ငမ်းခဲ့သည်။

အတိတ်ဘဝတုန်းကတော့ သူမသည်လည်း ယဲ့ချင်၏သမီးတစ်ယောက်ဖြစ်ပါလျက် အဘယ့်ကြောင့် ဤကဲ့သို့ အလွန်အမင်း ခွဲခြားဆက်ဆံခံရကြောင်းကို ဘယ်တုန်းကမှ နားမလည်ခဲ့ပေ။ သို့သော် ယခုအချိန်တွင်တော့ နားလည်သွားခဲ့ပြီဖြစ်၏။

သူမသည် ယဲ့ချင် ရှာတွေ့ခဲ့သော ကလေးတစ်ယောက်သာဖြစ်၏။ တကယ်တော့ ထိုအချိန်မှာ ယဲ့ချင်မှာလည်း ကိုယ်ဝန်ရှိနေပြီဖြစ်သည်။ သူမသည် ကျင်းယွင်ကျောင်းအား စွန့်ပစ်ချင်ခဲ့သော်လည်း အကုသိုလ်ကံ ကျူးလွန်မိမှာကိုလည်း ကြောက်ခဲ့၏။ ထို့ကြောင့် သူမသည် စိတ်မတည်မငြိမ်ဖြစ်ကာ ရှေ့ဖြစ်ဟောဆရာဆီသို့ သွားခဲ့သည်။ ရှေ့ဖြစ်ဟောဆရာက ကျင်းယွင်ကျောင်းသည် ခက်ခက််ခဲခဲ ရှင်သန်နေထိုင်ရမည်ဖြစ်သော်လည်း ယဲ့ချင်၏ကလေးများအတွက်မူ သူမက ကံကောင်းစေမည့် ကြယ်ပွင့်လေးဖြစ်သည်ဟု ဟောခဲ့သည်။ သူမသည် ကံဆိုးမှုများကို ဖယ်ရှားပေးကာ ယဲ့ချင်၏ကလေးများအတွက် ငြိမ်းချမ်းသာယာသော အနာဂတ်ကို ဆောင်ယူပေးလိမ့်မည်။

Chapter 3 : ဆေးမှားသောက်မိခြင်း

အကယ်၍ ရှေ့ဖြစ်ဟောဆရာသာ ထိုအကြောင်းအရာများကို မဟောပြောခဲ့ပါက ကျင်းယွင်ကျောင်းသည် အသက်ရှင်နေလိမ့်မည်မဟုတ်ပေ။ သို့သော် သေမင်းတံခါးဝတွင် ရှိနေခြင်းကတောင် အတိတ်ဘဝက ထိုနှစ်များအတွင်း သူမ ရှင်သန်နေထိုင်ခဲ့ရခြင်းထက် ပို၍ကောင်းနေပေလိမ့်ဦးမည်။ ချောင်မိသားစုနှင့် သိမ်ငယ်အရှက်ရစွာ နေထိုင်ခဲ့ရပြီး ထောင်ထဲ၌ အဆုံးသတ်ရမည့် ထိုနှစ်ကာလများထက် အများကြီးပိုကောင်းပါလိမ့်မည်။

“ယွင်ကျောင်း၊ ဟုန်ယဲ့က နင့်ရဲ့ညီမလေ။ ဘယ်လိုအစ်မမျိုးကများ ကိုယ့်ရဲ့ညီမလေးကို ဒီလိုတွေပြောနိုင်ရတာလဲ။ နင်က အဆင့်တွေကောင်းတယ်၊ ဒါပေမယ့် ဒါတွေအားလုံးက ငါ့ရဲ့မျိုးရိုးဗီဇတွေကြောင့်ပဲ မဟုတ်ဘူးလား။ ဟုန်ယဲ့က လိမ္မာတဲ့ကလေးပါ၊ သူက နင်ငယ်ငယ်ကတည်းက နင့်ကို ရှေ့ဆောင်ပေးလာခဲ့တာ။ နင်က ဘယ်လိုကြောင့်များ အဆင့်တစ်ကိုပဲ ယူနိုင်ရတာလဲ။”

*အဟွတ်..အဟွတ်*

ယဲ့ချင်သည် ဒေါနှင့် မောနှင့်ပြောပြီးနောက်တွင် ချောင်းတဟွတ်ဟွတ်ဆိုးကာ မျက်နှာက နီရဲလာ၏။

သူမသည် သူမ၏ရောဂါကို စိတ်လျှော့လိုက်ပြီဖြစ်သော်လည်း သူမ၏ရင်သွေးများအတွက် စိုးရိမ်ပူပန်ခြင်းကိုမူ မရပ်တန့်နိုင်သေးချေ။

သူမသည် စိတ်ထဲတွင် အမှန်တကယ် သံသယဖြစ်နေမိသည်။ ရှေ့ဖြစ်ဟောဆရာက ကျင်းယွင်ကျောင်းကို အထင်မှားသွားတာဖြစ်နိုင်သည်၊ ရလဒ်အနေနဲ့ သူမရဲ့ဘဝသက်တမ်းက တိုသွားတာသည်လေ။

“အမေပြောတာ မှန်ပါတယ်။ ကျွန်မက တကယ်ပဲ အမေ့ရဲ့မျိုးရိုးဗီဇတွေကို အမွေရထားတာ။ ပြီးတော့ ဟုန်ယဲ့ကကျ အဖေ့ဗီဇကို အမွေရထားတာလေ၊ ဒါကြောင့်မို့လို့ ဟုန်ယဲ့နဲ့ကျွန်မက ဘာမှမတူတာပေါ့။” ကျင်းယွင်ကျောင်းက ထိုစကားများအား ရည်ရွယ်ချက်ရှိရှိ ပြောလိုက်၏။

ယဲ့ချင်က အနည်းငယ် အသက်ရှူကျပ်သလိုဖြစ်သွားပြီး ကျင်းယွင်ကျောင်းကို စိုက်ကြည့်လာသည်။

အဘယ်ကြောင့် ဤကလေး ဆေးမှားသောက်မိထားသလို သူမ ခံစားနေရပါသနည်း။ ထိုကလေး၏စကားလုံးများက အပ်ချောင်းများလို ချွန်ထက်နေကာ သူမအား အလွန်မသက်မသာ ခံစားရစေ၏။

“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ နင် ဘယ်အချိန်ကတည်းကများ ဒီလိုပြန်ပြောတတ်သွားတာလဲ။ နင် ဟုန်ယဲ့ဆီကနေပြီး သင်ယူသင့်တယ်။ မိန်းကလေးဆိုတာ နူးညံ့သိမ်မွေ့ပြီးတော့ အသိဥာဏ်ရှိရတယ်။ မဟုတ်ရင် နင် ဘယ်တော့မှ ယောက်ျားရှာနိုင်မှာ မဟုတ်ဘူး။”

ယဲ့ချင်က ဒေါသထွက်နေသည်။ သူမ၏ခန္ဓာကိုယ်က ပို၍ပို၍ မသက်မသာဖြစ်လာ၏။

ယဲ့ချင်၏ရောဂါက ကျွမ်းနေပြီဖြစ်နေသည်။ သူမတွင် မည်သည့် ရှေ့ပြေးလက္ခဏာမှ မပြခဲ့သော်လည်း တစ်ရက် သူမ ဆေးရုံသွားသောအခါ သူမ၏အသည်းထဲတွင် အကျိတ်တစ်ခုရှိနေကြောင်း သိလိုက်ရ၏။ ၎င်းမှာ ကင်ဆာကျိတ်ပင်ဖြစ်သည်။

သူမသည် ကာလရှည်ကြာ ကုသမှုခံယူခဲ့သော်လည်း အလုပ်မဖြစ်ခဲ့ပေ။ ယခုအခါ သူမ၏ဆံပင်များအားလုံး ကျွတ်သွားပြီဖြစ်ရာ သူမ၏သွင်ပြင်မှာ ညိုးနွမ်းခြောက်ကပ်၍ အသက်မဲ့နေသကဲ့သို့ ဖြစ်နေ၏။

ချောင်မိသားစုသည် သာမန်မိသားစုတစ်စုဖြစ်သည်။ သူတို့သည် နဂိုကတည်းက ငွေကြေးမချမ်းသာသည်ဖြစ်ရာ ယဲ့ချင်၏ရောဂါကို ကုရန်အတွက် သူတို့စုဆောင်းထားသည့် ငွေအမြောက်အများကို သုံးစွဲခဲ့ရသည်။ ဆရာဝန်က သူတို့အား သူမ၏နောက်ဆုံးခရီးအတွက် ကြိုပြင်ဆင်ထားရန် ပြောသွားခဲ့သည်။ ယဲ့ချင်ကိုယ်တိုင်လည်း သူမတွင် အချိန်သိပ်မကျန်တော့မှန်းသိသည်ဖြစ်ရာ ဆေးရုံမှဆင်းရန်အတွက် အတင်းအကျပ် တောင်းဆိုခဲ့၏။ သူမ ဆေးရုံပေါ်တွင်တော့ မသေချင်ပေ။

ထို့အပြင် အိမ်၌နေစဥ်အတွင်း ယဲ့ချင်၏အခြေအနေမှာ အနည်းငယ် တိုးတက်လာခဲ့ရာ သူမသည် ဆေးရုံသို့ ပို၍ မပြန်ချင်တော့ချေ။

ကျင်းယွင်ကျောင်းသည် ယဲ့ချင်နှင့် ငြင်းခုံမနေချင်တော့။ သူမသည် မီးဖိုခန်းသို့သွားလိုက်ပြီး ဗိုက်ဖြည့်စရာ တစ််ခုခုရှာနေလိုက်သည်။

သူမသည် ချောင်မိသားစုအပေါ်တွင် ကျေးဇူးကြွေးတင်နေသော်လည်း သူမသည် သူတို့အတွက် နှစ်ပေါင်းများစွာ အောက်ခြေသိမ်းဝေယျာဝစ္စများ လုပ်ပေးခဲ့ပြီးဖြစ်၏။ အတိတ်ဘဝတုန်းက သူမ ရှာသမျှပိုက်ဆံအားလုံးကိုပင် သူတို့ဆီသို့ အပ်ခဲ့သော်လည်း ထိုမျှဆိုးရွားလှသော အဆုံးသတ်နှင့်သာ ကြုံတွေ့ခဲ့ရသေးသည်။ ဘာပဲဖြစ်ဖြစ် သူမ သူတို့အတွက် လုပ်ပေးခဲ့သည်မှာ လုံလောက်နေပြီဖြစ်သည်။

ထို့အပြင် သူမသည် ငယ်စဥ်ကတည်းက အမြဲတမ်း အဆင့်ကောင်းခဲ့၏။ မူလတန်းကျောင်းတွင် ပြိုင်ပွဲများစွာကို ပါဝင်ယှဥ်ပြိုင်ခဲ့ပြီး ဆုငွေများစွာရခဲ့သည်။ အဲဒီနောက်တွင် သူမသည် ချောင်မိသားစု၏မည်သည့်ပိုက်ဆံကိုမှ မသုံးစွဲခဲ့တော့သော်လည်း ယခုအချိန်ထိ သူမသည် အစားအသောက်ကို လျှော့စားဖို့ သတိထားနေရဆဲပင်။ အဘယ်ကြောင့်နည်း။

ထို့အပြင် သူမ၏အခန်းထဲရှိ ထိုဆန်ပြုတ်ပန်းကန်..... ထိုဆန်ပြုတ်ကို သူမ မသောက်နိုင်ပေ။

အတိတ်ဘဝတုန်းက ထိုဆန်ပြုတ်ပန်းကန်ကြောင့် သူမ နေမကောင်းဖြစ်ကာ အိပ်ယာထဲ တစ်ပတ်လောက် လဲခဲ့ရသည်။

သူမသည် အတိတ်က သူမ ပြုလုပ်ခဲ့သမျှအရာအားလုံးသည် ချောင်မိသားစုအတွက် လိုအပ်သည်ဟု ယုံကြည်ခဲ့၏။ ဤအိမ်၌ နေထိုင်ရသည်ကို ပျော်ရွှင်ခဲ့သည်၊ သို့သော် ယခုအချိန်တွင် သူမ ထိုသို့ လုံးဝမတွေးပေးနိုင်တော့ပေ။

မီးဖိုခန်းထဲတွင် စားစရာများများစားစားမရှိသော်လည်း ကျင်းယွင်ကျောင်းက ချေးမများတတ်သူဖြစ်ရာ ရှိတာနှင့်ပင် ရိုးရိုးရှင်းရှင်း စားလိုက်သည်။ သူမသည် အနာဂတ်အတွက် စတင်အစီအစဥ်ဆွဲနေပြီဖြစ်သည်။

“မမ နင့်အခန်းထဲမှာ ဆန်ပြုတ်တစ်ပန်းကန်ရှိတယ် မဟုတ်လား။ ဘာလို့ မီးဖိုခန်းထဲ လာစားနေတာလဲ။” ချောင်ဟုန်ယဲ့က စိတ်အနှောက်အယှက်ဖြစ်နေပုံရကာ မနှစ်မြို့သော လေသံဖြင့် မေးလာ၏။

“ငါ ဆန်ပြုတ်အေးအေးကြီးတွေ သောက်တော့မှာ မဟုတ်ဘူး။ ငါ နေမကောင်းဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ တနင်္လာနေ့ကျ စာမေးပွဲရှိတယ်၊ ဒါကြောင့် ငါ အနာဂတ်မှာ ဒီလိုအန္တရာယ်ရှိတာတွေကို ရှောင်ရမယ်လေ။” ကျင်းယွင်ကျောင်းက အဓိပ္ပါယ်ပါပါ ပြောလိုက်သည်။

ချောင်ဟုန်ယဲ့ အတန်ငယ် နှလုံးခုန်ရပ်သလိုဖြစ်သွား၏။ “ဘာလို့ ဒီလောက် အထိမခံနိုင်ဖြစ်နေတာလဲ။ အေးနေတဲ့ ဆန်ပြုတ်က နင့်ကို နေမကောင်းဖြစ်အောင် လုပ်မှာမို့လို့လား။ မမ နင်က ပိုပိုပြီးတော့ ပျော့ညံ့လာတာပဲ။”

“ဟုန်ယဲ့ နင့်ခန္ဓာကိုယ်က အမြဲတမ်းကျန်းမာနေတာပဲ၊ လုံးဝ မပျော့ဘူးလေ။ နင် ဘာလို့ အဲဒီဆန်ပြုတ်ကို မသောက်တာလဲ။” ကျင်းယွင်ကျောင်းက ပျက်ရယ်ပြုကာ မေးလိုက်သည်။

“ကျင်းယွင်ကျောင်း နင် နင့်ကိုယ်နင်တော့ နေမကောင်းဖြစ်မှာ ကြောက်တယ်ဆိုရင် ဘာလို့ ဟုန်ယဲ့ကိုကျ သောက်ခိုင်းတာလဲ။ နင်က ပြဿနာရှာချင်နေတာလား။” ကျင်းယွင်ကျောင်း၏နောက်တွင် ရပ်နေသော ချောင်ဝေ့မင်က ဒေါသတကြီး ပြောလိုက်၏။

Chapter 4 : အသိဥာဏ်မရှိသော မျက်ဖြူဝံပုလွေ

ချောင်ဝေ့မင်သည် ယခုနှစ်တွင် လေးဆယ်ပြည့်ပြီးခါစ အရွယ်သာရှိသေး၏။ သူသည် ငယ်စဥ်က အတော်လေးကြည့်ကောင်းသောသူ ဖြစ်ခဲ့လေရာ အသက်ကြီးလာသော်လည်း ဖက်ရှင်ကျကျ ဝတ်စားပြင်ဆင်နေဆဲဖြစ်သည်။ အိမ်၌ဖြစ်စေ အပြင်၌ဖြစ်စေ သူ့ဆီမှ ရေမွေးနံ့ခပ်သင်းသင်း အမြဲရနေတတ်၏။ ဆံပင်မှာလည်း အမြဲတမ်း တောက်ပြောင်နေပေသည်။

သို့ရာတွင် ရုပ်ရည်သွင်ပြင်ဆိုသည်က စိတ်နှလုံးနှင့်လိုက်၍ အိုမင်းလာစမြဲပင်။ မည်မျှပင်ကြိုးစားနေစေကာမူ သူသည် အမြဲတမ်း တဇောက်ကန်းခွေးတစ်ကောင်သာဖြစ်သည်။ သူသည် ကြည့်ကောင်းနေစေရန် အမြဲတမ်း နည်းမျိုးစုံဖြင့် အသေးစိတ် ထိန်းသိမ်းခဲ့၏၊ သို့သော် တကယ်တမ်း သူ၏အမွေးအမျှင်မရှိသော ပြောင်ချောချောမျက်နှာနှင့် သူ၏အပြုံးကို ပေါင်းစပ်လိုက်ပါက သူ့ကို မိန်းမစိုးတစ်ယောက်ဟု ထင်မှတ်ရစေသည်။

“ဖေဖေ သမီးက မမကို ကောင်းကောင်းမွန်မွန်မေးနေတာပါ။ သူက ဘာလို့ ဒီလောက် စိတ်လိုက်မာန်ပါဖြစ်နေတယ် မသိဘူး။”

ချောင်ဟုန်ယဲ့သည် သူမ၏စကားကြောင့် ပြဿနာတက်မည်ကို ဂရုမထားဘဲ ပြောလိုက်၏။

သူမ၏မိဘများသည် သူမအား ကျင်းယွင်ကျောင်း၏မွေးဖွားမှု ဇာစ်မြစ်အမှန်တရားကို ပြောပြပြီးဖြစ်သည်။ အကယ်၍ ကျင်းယွင်ကျောင်းသည် သူမ၏အစ်မအရင်းဖြစ်လျှင်တော့ သူမ အများကြီး ဂရုစိုက်နေမည်မဟုတ်သော်လည်း ကျင်းယွင်ကျောင်းသည် သူမ အမေက ကောက်ယူလာသော ပစ္စည်းတစ်ခုသာဖြစ်၏။

သူမ၏အမေက ပြောသည်မှာ ကျင်းယွင်ကျောင်းသည် ကံအညံ့များကို တွန်းလှန်ဖယ်ရှားပေးရန်အတွက် ဤတွင် ရှိနေခြင်းဖြစ်သည်။ ထိုအကြောင်းကြောင့်သာဆိုပါက ကျင်းယွင်ကျောင်းသည် ကျွန်တစ်ယောက်ကဲ့သို့ ပြုမူနေထိုင်သင့်သည်လေ။ အဘယ့်ကြောင့် ကျင်းယွင်ကျောင်းသည် သူမအား အမြဲတမ်း တွန်းချရန် ကြိုးစားနေရသနည်း။

ကျောင်းရှိ ဆရာဆရာမများက အမြဲပြောလေ့ရှိသည်၊ ချောင်မိသားစု၏သမီးနှစ်ယောက်သည် မွေးရာပါ ထူးချွန်ထက်မြက်သူများဖြစ်ကြသည်ဟု၊ အထူးသဖြင့် ကျင်းယွင်ကျောင်းဖြစ်သည်။ ထိုသို့ပြောသည်အား ချောင်ဟုန်ယဲ့ ကြားသည့်အခါတိုင်း ပုရွက်ဆိတ်ထောင်ပေါင်းများစွာက သူမ၏နှလုံးသားကို တရွရွကိုက်ဖြတ်နေသကဲ့သို့ ခံစားရ၏။ ကျင်းယွင်ကျောင်းသည် အဆင့်အတန်းနိမ့်ကျသည့် မိမစစ်ဖမစစ်တစ်ယောက်သာဖြစ်ကြောင်း လူတိုင်းကို ပြောပြလိုက်ချင်သည်။

“ကျင်းယွင်ကျောင်း၊ နင် အဲဒီဆန်ပြုတ်ကို အခုသွားသောက်။ ငါက နင့်ကို စားစရာရော နေစရာပါ ပေးထားတာ။ ဒါတောင် နင်က ရွေးချယ်ချင်နေသေးတယ်။ ဒါတင်မကဘူး နင်က နင့်ညီမကိုပါ အပြစ်တင်နေလိုက်သေးတယ်။ နင်က အသိတရားမရှိတဲ့ မျက်ဖြူဝံပုလွေမပဲ။”

(T/N: မျက်ဖြူဝံပုလွေဆိုတာ ကျေးဇူးကန်းတဲ့လူတွေကို သုံးတဲ့အသုံးပါ )

ချောင်ဝေ့မင်က ဒေါသတကြီး ပြောဆိုလိုက်၏။

သူ၏နှလုံးသားထဲတွင် ခံစားချက်ပေါင်းစုံဖြင့် ရှုပ်ထွေးသွားသည်။

သူသည် ကျင်းယွင်ကျောင်းအား ကျွေးမွေးပြုစုပျိုးထောင်ပေးရန် ကြိုးစားခဲ့သည်။ ပထမက သူမသည် ပိန်ပိန်လှီလှီ ရုပ်ဆိုးဆိုး ကလေးမလေးသာဖြစ်သော်လည်း ယခု ကြီးပြင်းလာသောအခါ သူမသည် ပို၍ပို၍ လှသွေးကြွယ်လာခဲ့၏။

ကျင်းယွင်ကျောင်းသည် ချောင်ဟုန်ယဲ့ထက် အနည်းငယ် အရပ်ပိုရှည်သည်။ သူမသည် ကျန်းမာရေးနှင့်ညီညွတ်စွာ မနေထိုင်ရသဖြင့် ပိန်ကပ်နေသော်လည်း အသားရှိသင့်သည့်နေရာများတွင်တော့ အသားရှိ၍ ကောင်းမွန်စွာ ဖွံ့ဖြိုး၏။ ၎င်းအချက်သည် သူမအား လှပသိမ်မွေ့စေ၏။

သူမ၏ အနက်ရောင်ဆံပင်ရှည်များကလည်း သူမ၏အသားအရေနှင့် အထူးလိုက်ဖက်လှသည်။ ချောင်ဟုန်ယဲ့နှင့်ယှဥ်လျှင် ကျင်းယွင်ကျောင်းက ပို၍ လှပမွန်ရည်ပုံပေါ်၏။

ကံမကောင်းစွာပင် ကျင်းယွင်ကျောင်းသည် အတိတ်ဘဝ၌ အခက်အခဲများစွာကို ဖြတ်ကျော်ခဲ့ရသည်။ အထူးသဖြင့် အထက်တန်းကျောင်း၌ ကျင်းယွင်ကျောင်းက ယောက်ျားလေးများကြားတွင် ရေပန်းစားသည်ကို ချောင်ဟုန်ယဲ့ မြင်သောအခါ သူမသည် ကျင်းယွင်ကျောင်း၏နောက်ကွယ်တွင် ကိစ္စအချို့ကို လုပ်ခဲ့၏။ မဟုတ်မမှန်သတင်းဖြန့်ခြင်းကဲ့သို့သော ဆိုးယုတ်သည့်ကိစ္စများကို ဖန်တီးခဲ့သည်။ ယဲ့ချင်သေပြီးနောက် ကျင်းယွင်ကျောင်းသည် ကျောင်းထွက်၍ အလုပ်လုပ်ခဲ့ရသည်။ အမျိုးမျိုးသော ကိစ္စရပ်များစွာကို သူမဘာသာ ကိုင်တွယ်ဖြေရှင်းခဲ့ရခြင်း၏အကျိုးဆက်အနေနှင့် သူမ၏အသားအရေက တဖြည်းဖြည်း ကျန်းမာအားပြည့်မှုမရှိတော့ပေ။ အဆုံးတွင်တော့ သူမ၏ဆံပင်ရှည်များကိုလည်း ချောင်ဟုန်ယဲ့က ညှပ်ပစ်လိုက်၏။

ဤမျှနှင့်လည်း မရပ်တန့်သွားပေ။ သူမ ထောင်ကျသွားပြီးသည့်နောက်အထိ ချောင်ဟုန်ယဲ့က သူမကို အလွတ်မပေးခဲ့ပါ။ ကျင်းယွင်ကျောင်း၏ခေါင်းပေါ်တွင် ဆံပင်များပေါက်လာသည်နှင့် အခြားအကျဥ်းသူများက သူမ၏ဆံပင်များကို ပြောင်အောင်ရိတ်ပစ်စေသည့်အထိ ချောင်ဟုန်ယဲ့က လုပ်ဆောင်ခဲ့သည်။

ကျင်းယွင်ကျောင်း၏နှလုံးသားထဲတွင် အမျက်ဒေါသများ ခါးသီးမှုများနှင့် ပြည့်နှက်နေ၏။

“ရှင်က ဘယ်လိုများယူဆနေတာလဲ။ ဒီနှစ်တွေအတွင်းမှာ ရှင် ခွေးတစ်ကောင်ကို ကျွေးမွေးပြုစုပေးခဲ့ရင်တောင် အဲဒီခွေးကို ရှင် သံယောဇဥ်ရှိနိုင်သေးတယ်။ ကျွန်မက လူပါ။ ကျွန်မက ခွေးတစ်ကောင်လောက်တောင် မထိုက်တန်ဘူးလား။”

ဖြန်း!

ကျင်းယွင်ကျောင်း၏ ပြောစကားဆုံးသည်နှင့် ချောင်ဝေ့မင်က သူမအား ရုတ်တရက် ပါးရိုက်လိုက်၏၊။

သူမ၏မျက်နှာပေါ်တွင် နီနီရဲရဲ လက်ဝါးရာတစ်ခုက ထင်းထွက်နေသည်။

အကယ်၍ ယခင်ဘဝကသာဆိုလျှင်တော့ သူမသည် အမှားကို လက်ခံကာ ငိုကြွေးနေပေလိမ့်မည်၊ သို့သော် ယခုလက်ရှိ သူမကတော့ ယခင်ကထက်ပင် ပို၍ သွေးကြွလာသေးသည်။

“သောက်လိုက်၊ တကယ်လို့ နင် ဒါကို ဒီနေ့မသောက်ဘူးဆိုရင် ငါ နင့်ကို သေအောင်ရိုက်ပြမယ်။”

ချောင်ဝေ့မင်က အော်ဟစ်ကြိမ်းမောင်းလိုက်၏။

ချောင်ဝေ့မင်နှင့်ယဲ့ချင်သည် သူမ၏တရားဝင်အုပ်ထိန်းသူများဖြစ်သည်ဆိုသော အချက်အား သူမ လုံးဝရှင်းရှင်းလင်းလင်း နားလည်သည်။ သူမသည် ဆယ့်ငါးနှစ်အရွယ်သာရှိသေးသည်ဖြစ်ရာ အိမ်မှထွက်၍ တစ်ကိုယ်တည်းရပ်တည်ရန်လည်း မဖြစ်နိုင်သေးပေ။ ထို့အပြင် သူမသည် ယနေ့တွင်မှ ပြန်လည်မွေးဖွားလာခြင်းဖြစ်၏။ သူမတွင် ပိုက်ဆံတပြားမှမရှိဘဲ ပြင်ဆင်ရန် အခွင့်အရေးလည်း တစ်ခုမှမရှိသေးပေ။ ဤအခြေအနေတွင် သူမသည် နှင်ထုတ်ခံရလျှင် လုံးဝမဖြစ်ပါပေ။

သူမသည် အမှန်တကယ်ပင် ထွက်သွားရန် ဆန္ဒရှိသော်လည်း လူအများ၏အမြင်ကိုတော့ သူမ မဆန့်ကျင့်နိုင်ပေ။

(T/N: သူမက လူအများသဘောမတူတဲ့အရာကို မလုပ်နိုင်ဘူးလို့ ပြောတာပါ။)

ချောင်မိသားစုသည် သူမအား ဆင်းရဲဒုက္ခကြီးစွာ ရောက်စေခဲ့သည်။ သို့သော် ယခုဘဝတွင်တော့ သူမသည် ဘာပဲဖြစ်ဖြစ် ပြန်လက်စားချေမည်ဖြစ်၏။ ဒီရိုက်ချက်...ထိုအတွက် အတိုးရော အရင်းပါ သေချာပေါက် သူမ ပြန်ပေးဆပ်ခိုင်းမည်ပင်။

All Chapters