အခန်း (၅-၈)
Vol. 1 Ch. 5-8
Chapter 5 : ရုတ်တရက်ပေါ်ထွက်လာသော နေရာလွတ်
ကျင်းယွင်ကျောင်းက ထိုအကြီးနှင့်အငယ်အား တစ်ချက်ကြည့်လိုက်ပြီး သူတို့နှင့်ဝေးရာသို့လျှောက်သွားခင် မထီမဲ့မြင်တစ်ချက်ပြုံးလိုက်သည်။
“နင် ဘယ်ကိုသွားတာလဲ။”
ချောင်ဝေ့မင်က ဒေါသတကြီးအော်ဟစ်လိုက်ပြီး သူမ၏လက်ကို ခပ်ကြမ်းကြမ်း လှမ်းဆွဲလိုက်၏။
“ရှင်က ကျွန်မကို ဆန်ပြုတ်သောက်စေချင်နေတာ မဟုတ်လား။ ဟုတ်ပြီ ကျွန်မ သောက်မယ်”
ကျင်းယွင်ကျောင်းက အေးစက်စွာဖြင့် ပြောလိုက်ပြီး ချောင်ဝေ့မင်၏လက်ကို ခါထုတ်ပစ်လိုက်သည်။ သူမသည် သူမ၏အခန်းဘက်သို့ ပြန်လျှောက်သွားပြီး အေးစက်နေသော ဆန်ပြုတ်ပန်းကန်ကို ကြည့်လိုက်ကာ တစ်ခါတည်း အကုန်မော့သောက်ပစ်လိုက်၏။
ဗိုက်အောင့်ခြင်းက သူမအား မသေစေနိုင်ပါ။ အကယ်၍ သူမ တနင်္လာနေ့တွင် နေမကောင်းဖြစ်လျှင်တောင်မှ သူမ ဘယ်နည်းနှင့်မဆို စာမေးပွဲသွားဖြေမည်ဖြစ်သည်။
“ဘယ်လိုတောင် မနှစ်မြို့စရာကောင်းတဲ့ စိတ်ဓာတ်လဲ။ နင့်ကိုတော့ နေ့တိုင်း ရိုက်နှက်ဆုံးမဖို့ လိုနေပြီ။”
ချောင်ဝေ့မင်က ကျေနပ်စွာဖြင့် ရေရွတ်လိုက်၏။
ထို့နောက် သူသည် သူမကို တစ်ချက်ကြည့်လိုက်ပြီး ဆိုဖာဆီသို့ပြန်လျှောက်သွားကာ တီဗီဆက်ကြည့်နေလေသည်။ ချောင်ဟုန်ယဲ့ကမူ တောင်းပန်သည့် မျက်နှာထားဖြင့် သူမဆီသို့ လျှောက်လာ၏။ သို့သော် ချောင်ဟုန်ယဲ့ အခန်းထဲသို့ မဝင်နိုင်မီမှာပင် ကျင်းယွင်ကျောင်းက သူမ၏မျက်နှာနားကပ်ကာ တံခါးကို အသံမြည်အောင် ဆောင့်ပိတ်ပစ်လိုက်ပြီး လော့ခ်ချထားလိုက်သည်။
ကျင်းယွင်ကျောင်း၏ခန္ဓာကိုယ်က တုန်ရီနေကာ သူမ၏မျက်ဝန်းများက မုန်းတီးမှုများဖြင့် ဖုံးလွှမ်းနေ၏။
သူမသည် အားနည်းလွန်းလှသည်။ လက်စားချေရန် မပြောနှင့်၊ သူမကိုယ်သူမပင် မကာကွယ်နိုင်သေးချေ။
ကျင်းယွင်ကျောင်း သက်ပြင်းတစ်ချက်ချလိိုက်၏။ သူမသည် အိပ်ယာပေါ်တွင် ထိုင်လိုက်ရင်း သူမ၏လည်ပင်း၌ ဆွဲထားသည့် ကျောက်စိမ်းဆွဲသီးလေးအား ထုတ်ကြည့်လိုက်သည်။
၎င်းဆွဲသီးလေးသည် သူမငယ်စဥ်ကတည်းက သူမနှင့်အတူ ရှိလာခဲ့ခြင်းဖြစ်၏။ ရိုးရိုးရှင်းရှင်း ဆွဲသီးပုံစံလေးဖြစ်ပြီး ဆွဲသီး၏အောက်ဘက်တွင် “ကျင်း” ဟူသော စာလုံးလေးရှိသည်။ ကျောက်စိမ်းကို ကြည့်ရသလောက် ၎င်းမှာ နှစ်ပေါင်းအတော်ကြာကြာ ဖြတ်သန်းလာခဲ့ရသလိုပင်။ (T/N : ဆွဲသီးလေးက သက်တမ်းကြာနေပြီလို့ ပြောချင်တာပါ)
ဤကျောက်စိမ်းဆွဲသီးလေးအား ချောင်မိသားစုက ဟိုအရင်ကတည်းကပင် သူမဆီမှ ယူသွားသင့်သည်။ သို့သော် နောက်ပိုင်း သူမ ချောင်ဟုန်ယဲ့ဆီမှကြားခဲ့သည်မှာ ရှေ့ဖြစ်ဟောဆရာက ကျောက်စိမ်းတွင် ဝိညာဥ်စွမ်းအားများရှိကြောင်း သူမအား ပြောခဲ့၏။ ကျင်းယွင်ကျောင်းနှင့်အတူ နှစ်ပေါင်းများစွာရှိလာခဲ့သည့် ကျောက်စိမ်းကသာ မကောင်းမှု ကံအညံ့များကို ပယ်ရှားရာတွင် ပို၍အကူအညီဖြစ်စေလိမ့်မည်။ အကယ်၍ သူမတွင် ထိုကျောက်စိမ်းသာမရှိပါက ချောင်ဟုန်ယဲ့နှင့်ချောင်ကျစ်ကျိုးအတွက် ကံအညံ့များ ပယ်ရှားရာတွင် ခက်ခဲသွားပြီး ၎င်းက သူမ၏ပတ်ဝန်းကျင်တွင် မကောင်းသော အဆိုးအညံ့များကို ပို၍သယ်ဆောင်လာလိမ့်မည် ဖြစ်သည်။
ထိုရှေ့ဖြစ်ဟောဆရာ၏ စကားကြောင့်သာ မဟုတ်ပါက ထိုကျောက်စိမ်းဆွဲသီးလေးအား ဟိုးအရင်ကတည်းကပင် ယဲ့ချင်နှင့်ချောင်ဝေ့မင်တို့က ပေါင်နှံသုံးစွဲပစ်လောက်ပြီပင်။
ကျင်းယွင်ကျောင်းသည် ဆွဲသီးလေးအား တွေဝေစွာ စိုက်ကြည့်နေသည်။ သူမတွင် သူမ၏မိဘအရင်းများနှင့်ပတ်သက်၍ မေးခွန်းများ အမြဲရှိနေ၏။ သူမ ထိုအကြောင်းကို တွေးမိတိုင်း သူမကိုယ်သူမ မလှောင်ရယ်ဘဲ မနေနိုင်ချေ။
အကယ်၍ သူမ၏မိဘအရင်းများက သူမကို အမှန်တကယ်သာ ဂရုစိုက်လျှင် သူတို့က သူမကို စွန့်ပစ်သွားလိမ့်မည်မဟုတ်ပေ။
ကျင်းယွင်ကျောင်းသည် ဆွဲသီးလေးအား သူမ၏အင်္ကျီထဲသို့ ပြန်ထည့်လိုက်ပြီးပြီးချင်းမှာပင် ခေါင်းထဲမှ နာကျင်မှုကို ရုတ်တရက်ခံစားလိုက်ရသည်။ တစ်စုံတစ်ခုက ပေါက်ကွဲထွက်သွားတော့မည့်အလား နာကျင်လှ၏။ သူမက ခေါင်းကို ခပ်တင်းတင်းဖိထားလိုက်သော်လည်း မကြာမီမှာပင် နာကျင်မှုက ပျောက်ကွယ်သွားသည်။
သူမ ခေါင်းမော့လိုက်ရာ ယခင်ကနှင့် ကွဲပြားခြားနားနေသော မြင်ကွင်းတစ်ခုက မျက်စိရှေ့တွင် ရှိနေ၏။
“ငါ ဘယ်ရောက်နေတာလဲ။”
ကျင်းယွင်ကျောင်း အလန့်တကြားရေရွတ်လိုက်မိသည်။
ထူထဲလှသော မြူခိုးများက သူမအား ဝန်းရံထားသည်။ သူမ၏ဘေးတွင်မူ အိုဟောင်းနေပုံရသော ရေတွင်းတစ်တွင်းရှိနေ၏။ ကြည့်ရသည်မှာ ၎င်းသည် အတော်လေးရှေးကျပုံပေါ်သည်။ ၎င်း၏ဘေးတွင် နဂါးရုပ်တုတစ်ခုရှိနေ၏။ အပြာရောင်သမ်းနေသော ရေများက နဂါး၏ပါးစပ်မှ ပန်းထွက်နေသည်။ ၎င်းရုပ်ထုမှ ပန်းထွက်နေသော ရေများမှာ ရေတွင်းမှ ရေများဖြစ်ပုံရ၏။
“ငါ နှစ်ပေါင်းများစွာကြာအောင် စောင့်နေခဲ့တာ။ နောက်ဆုံးတော့ ဆက်ခံသူတစ်ယောက် ထွက်ပေါ်လာခဲ့ပြီပေါ့။”
ဗလာကျင်းနေသော နေရာတွင် အဖိုးကြီးတစ်ဦး၏အသံ ထွက်ပေါ်လာသည်။ ကျင်းယွင်ကျောင်း၏နှလုံးသားမှာ ဆောင့်ခုန်သွား၏။
“အဲဒီမှာ ဘယ်သူလဲ။”
အဖိုးကြီးက ပြန်ဖြေသည်။
“မကြောက်ပါနဲ့၊ ကလေးမလေး။ မင်းရဲ့ဘေးမှာရှိတဲ့ ကျောက်ဘီးလုံးကို လှည့်လိုက်ပါ၊ ဒါဆို မင်း ငါ့ကို မြင်ရလိမ့်မယ်။”
ကျင်းယွင်ကျောင်းက စိုးရိမ်သောကရောက်နေသော်လည်း ထိုအသံကမူ အလွန်ကြင်နာကာ နူးညံ့သိမ်မွေ့နေ၏။ ဘာကြောင့်မှန်းမသိသော်လည်း သူမ၏စိတ်ထဲတွင် ဤထူးဆန်းသော နေရာလွတ်နှင့် ရင်းနှီးနေသကဲ့သို့ ခံစားနေရသည်။
အကြောင်းရင်းတချို့ကြောင့် သူမ ကျောက်စားပွဲဆီသို့ စတင်၍ လျှောက်သွားမိ၏။ စားပွဲမှာ သိပ်မကြီးလှပဲ ၎င်း၏ထူးထူးခြားခြား ထွင်းထုထားခြင်းမှလွဲလျှင် အတော်လေး သာမန်ဆန်သည်။ စားပွဲ၏အလယ်တွင် အမှန်တကယ်ပင် လှည့်၍ရသော ဘီးလုံးတစ်ခုရှိနေ၏။ ကျင်းယွင်ကျောင်းက ဘီးလုံးကို လှည့်ရန် လက်မလှမ်းခင် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။
သူမသည် ဘီးလုံးဆီမှ မှိန်ဖျော့ဖျော့ပုံရိပ်တစ်ခုထွက်ပေါ်လာသည်ကိုသာ မြင်လိုက်ရသော်လည်း ၎င်းကပင် သူမအား ထခုန်မိသွားစေရန် လုံလောက်၏။
ထိုပုံရိပ်အား မြင်ရသည်မှာ စိမ်းသက်နေရမည့်အစား ရင်းနှီးနေမိသည်။
“အကြီးအကဲ၊ ရှင်က......”
“မင်းက ကျောက်စိမ်းထဲမှာရှိတဲ့ နေရာလွတ်နယ်မြေကို ဝင်ရောက်လာနိုင်တယ်ဆိုမှတော့ မင်းက ငါ့ရဲ့မျိုးဆက်၊ ကျင်းမျိုးရိုးတစ်ယောက်ပဲဖြစ်ရမယ်။ ကလေးမလေး၊ မင်းနာမည်က ဘာများလဲ။”
ကျင်းယွင်ကျောင်းအား အကဲခတ်လိုက်ပြီးနောက် အဖိုးအိုက မေးလာ၏။
Chapter 6 : နတ်ဘုရား၏လိုအင်ဆန္ဒကို ဆန့်ကျင်ရမည့် ကံတရား
ကျင်းယွင်ကျောင်းက ရှုပ်ထွေးနေသည်။ ဤအဖိုးအိုက သူမ၏အဖိုး သို့မဟုတ် သူမ၏ဘေးများ ဖြစ်နေလေမလား။ သို့သော် အဘယ်ကြောင့် သူ့ကို ထွင်းဖောက်မြင်နေရသနည်း။ ထို့အပြင် သူတို့နှစ်ဦးစလုံးသည် ဤကျောက်စိမ်းဆွဲသီးအတွင်းထဲတွင် ရှိနေသည်ဟု သူက ပြောခဲ့သည်၊ ဤသို့ စိတ်ကူးယဥ်ဆန်သည့် နေရာလွတ်နယ်မြေကဲ့သို့သော သဘာဝလွန် တစ်စုံတစ်ရာ အမှန်တကယ်ပင် တည်ရှိနေခဲ့လေသလား။
“ကျင်းယွင်ကျောင်းလို့ ခေါ်ပါတယ်။”
ဤအဖိုးအိုသည် မည်သည့်နေရာမှ ထွက်ပေါ်လာသည်ကို မသိသော်လည်း သူမသည် သံသယဝင်နေရမည့်အစား သူ၏မေးခွန်းကို ရိုရိုသေသေ အဖြေပေးလိုက်၏။
“ယွင်ကျောင်း၊ ငါ့ကို မင်းရဲ့ဘိုးဘေးအဖြစ် မှတ်ယူနိုင်တယ်။ ငါ့နာမည်က ကျင်းဟယ်လို့ခေါ်တယ်။ တခြားကမ္ဘာမှာတော့ ငါက အရည်အချင်းရှိတဲ့ သမားတော်တစ်ယောက်ပေါ့။ နှစ်တစ်သောင််းကံတရားက ငါ့ကို လက်ရှိကမ္ဘာဆီ ပို့ပေးခဲ့တာပဲ။ ပြန်ပြောင်းပြောရရင် လူများစွာရဲ့အသက်တွေကို ကယ်တင်ဖို့အတွက် ငါ့ရဲ့ဆေးပညာစွမ်းရည်တွေကို ကျေကျေညက်ညက်ဖြစ်အောင် ခက်ခက်ခဲခဲ ကြိုးစားပြီး နေထိုင်ခဲ့တာ၊ ဒါပေမယ့် ငါ့ရဲ့သက်တမ်းက သုံးရာလောက်နဲ့ အဆုံးသတ်ခဲ့ရတယ်။ ငါ့မှာ လူပြန်ဝင်စားဖို့ အခွင့်အရေးရှိခဲ့ပေမယ့် ငါက ငါ့ရဲ့နှစ်နဲ့ချီတဲ့ ဆေးပညာအသိနဲ့အတွေ့အကြုံတွေကို စွန့်ပစ်ဖို့ ဆန္ဒမရှိခဲ့တာကြောင့် ငါ့ရဲ့ဝိညာဥ်အပိုင်းအစလေးတစ်ခုကို ဒီကျောက်စိမ်းနေရာလွတ်ထဲမှာ ချန်ထားခဲ့တာ။ ငါ လေ့လာဆည်းပူးခဲ့သမျှ အရာအားလုံးကို ရေစက်ပါတဲ့ ဆက်ခံသူတစ်ယောက်ကို လက်ဆင့်ကမ်းဖို့ စောင့်ချင်ခဲ့တယ်။”
(T/N: သူက အရှေ့တိုင်းဆေးပညာကို လေ့လာခဲ့တဲ့ သမားတော်တစ်ယောက်ပါ)
“ဒီကျောက်စိမ်းနေရာလွတ်နယ်မြေကို ဝိညာဥ်စွမ်းအားနဲ့ ဖြည့်ထားတာ။ ဒီဟာရဲ့ပိုင်ရှင်က နတ်ဘုရားရဲ့လိုအင်ဆန္ဒကို အံတုဆန့်ကျင်ဖို့ ကံဇာတာပါကို ပါရမယ်။ ဒါကြောင့်မို့လို့ ငါ နှစ်ရာပေါင်းများစွာ စောင့်နေခဲ့ရတာပဲ။”
သူက ထပ်ဖြည့်ပြောသည်။
သူပြောသည်အား ကျင်းယွင်ကျောင်း ကြားသည်နှင့် သူမ၏နှလုံးသားထဲတွင် ခံစားချက်ပေါင်းစုံ မုန်တိုင်းမွှေသွားသကဲ့သို့ဖြစ်သွားပြီး အကြောက်တရားနှင့် အံ့သြခြင်းကိုမူ သိသိသာသာ ခံစားလိုက်ရ၏။
ဘုရားသခင်ရဲ့လိုအင်ဆန္ဒကို အံတုဆန့်ကျင်ဖို့ ကံဇာတာပါရမယ်တဲ့လား။
သူမသည် ဆင်းရဲဒုက္ခကြီးလွန်းသောဘဝ၌ ရှင်သန်ခဲ့ရကာ သေဆုံးသွားခဲ့ရပြီဖြစ်၏။ အလွန်အမင်း ကံဆိုးလှသူအဖြစ် မှတ်ယူခံရသင့်သော်လည်း ရှင်သန်ရန်အတွက် ဒုတိယအကြိမ်အခွင့်အရေးကို ရုတ်တရက် ရရှိခဲ့သည်။ ထိုသည်ကပင် အဖိုးအိုဆိုလိုသည့် “ဘုရားသခင်၏လိုအင်ဆန္ဒကို အံတုဆန့်ကျင်ရန် ကံဇာတာပါသည်” ဟုသော သဘောပေလား။
“အ..အဖိုး၊ အဖိုးဆိုလိုတာ ကျွန်မက အဖိုးစောင့်နေခဲ့တဲ့သူပေါ့။”
ကျင်းယွင်ကျောင်းက တုံ့ဆိုင်းဆိုင်း မေးလိုက်သည်။ သူ့အား သူမ၏ဘိုးဘေးဟု ခေါ်ရန် သူမကိုယ်သူမ မဝံ့ရဲသေးပေ။
“ဟုတ်တယ်၊ ငါပြောနိုင်တယ်။ မင်းရဲ့ခန္ဓာကိုယ်ကို တောက်ပတဲ့ အရှိန်အဝါတစ်ခုက လွှမ်းခြုံထားတယ်။ မင်းသာ ငါ အရင်က နေခဲ့တဲ့ကမ္ဘာမှာ နေဖူးရင် မင်းရဲ့အနာဂတ်က အကန့်အသတ်ရှိမှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီကမ္ဘာမှာကျတော့ မင်းအတွက် တိုးတက်မယ့် အခွင့်အရေး နည်းနေမှာကို ငါစိုးရိမ်မိတယ်။ ဘယ်လိုလဲ ရှောင်ယွင်ကျောင်း။ မင်းရော ငါ့ရဲ့ဆေးပညာစွမ်းရည်တွေကို ဆက်ခံဖို့ ဆန္ဒရှိရဲ့လား။”
အဖိုးအိုက မေးလာသည်။
(T/N : ရှောင်ယွင်ကျောင်း = ယွင်ကျောင်းလေး ။ ကိုယ့်ထက် အငယ်တွေကို လူကြီးမိဘတွေက ချစ်စနိုးနဲ့ခေါ်တာပါ။)
သေချာပေါက်ကို ကျင်းယွင်ကျောင်း ဆန္ဒရှိသည်ပင်။
သို့ရာတွင်.....
“အဖိုး၊ အမှန်တိုင်းပြောရရင် ကျွန်မ အရင်က ဆေးပညာကို တစ်ခါမှ မသင်ခဲ့ဖူးတော့....”
အရှေ့တိုင်းဆေးပညာ သမားတော်အများစုသည် ငယ်စဥ်ကပင် စတင်သင်ယူလေ့လာကြရကြောင်း သူမ ကြားဖူး၏။ တဖက်ကကြည့်လျှင် သူမသည် ယခင်က ဆေးပညာရပ်ကို တစ်ခါမှ မထိတွေ့ဖူးခဲ့ပေ၊ ပြီးလျှင် ယခု ဤအကြီးအကဲက ကိုယ်ကျိုးအတွက်မပါဘဲ သူမအား သင်ပေးချင်နေသည်။ အကယ်၍ နောက်ပိုင်းတွင် သူသည် သူမက ဘာမှမဟုတ်ဘဲ အသုံးမကျသူသာဖြစ်ကြောင်း သိသွားလျှင် သူ၏ကြိုးပမ်းမှုများအားလုံး အလကားဖြစ်သွားတော့မည် မဟုတ်လား။
ရှေးခေတ်မှ လူကြီးသည် ထိုစကားကို ကြားသောအခါ သဘောတကျ ရယ်မောလိုက်ပြီး
“မင်း စိုးရိမ်စရာမလိုဘူး။ မင်း ဆန္ဒရှိသရွေ့ အဖိုးမှာ နည်းလမ်းတွေရှိပါတယ်။”
ကျင်းယွင်ကျောင်းသည် လွယ်လွယ်နှင့် မယုံနိုင်သလို ခံစားနေရသေးသော်လည်း အဖိုးအို၏စကားကို ကြားသောအခါ သူမ ခေါင်းတစ်ချက်ငြိမ့်၍ လက်ခံလိုက်လေသည်။
ဤရှေးခေတ်လူကြီး၏ ဆေးပညာအစွမ်းသည် ပြိုင်ဘက်ကင်းပင်ဖြစ်ရမည်။ အကယ်၍ သူမသာ အနည်းအကျဥ်းဖြစ်ဖြစ် သင်ယူလိုက်နိုင်ပါက သူမတွင် သေချာပေါက် အဆုံးမဲ့ အကျိုးကျေးဇူးများ လက်ခံရရှိပေလိမ့်မည်။
အဖိုးအိုက သူမ၏တုံ့ပြန်မှုကို မြင်သောအခါ စားပွဲပေါ်ရှိ ဘီးလုံးအား လှည့်ရန် လက်လှမ်းလိုက်သည်။ ရုတ်တရက် ဘီးလုံးက လေပေါ်သို့ ပြန်တက်သွား၏။ ၎င်း၏အောက်တွင် လျှို့ဝှက်နေရာလွတ်တစ်ခုရှိနေပြီး အတွင်းဘက်တွင် ပေလိပ်တစ်လိပ်ရှိနေကာ အစိမ်းဖျော့ဖျော့အလင်းရောင်တစ်ခုက ဝန်းရံထားသည်။
“ဒါက....”
ရတနာပစ္စည်းမှ အစိမ်းရောင်ဖြာထွက်နေသည်အား မြင်ရသည်မှာ အလွန်ပင် ထူးခြားဆန်းကြယ်လှ၏။
“ဒီပေလိပ်ထဲမှာ ရေးထားတာတွေက ငါ့ဘဝတစ်လျှောက်လုံးမှာ လေ့လာသင်ယူခဲ့သမျှ အားလုံးပဲ။ ဒီပေလိပ်က သေးတော့ ဒီအထဲမှာ အချက်အလက် များများစားစားမပါလောက်ဘူးလို့တော့ အထင်အမြင်မသေးလိုက်နဲ့။ ဒီဟာကို ငါ တခြားကမ္ဘာကနေ ယူလာခဲ့တဲ့ ဝိညာဥ်စွမ်းအင်ရှိတဲ့ ကျောက်စိမ်းနဲ့လုပ်ထားတာ။ အားလုံးပေါင်း ကိုးဆယ့်ကိုးပိုင်းရှိမယ်၊ ပထမဆုံးအပိုင်းကနေစပြီး လေ့လာပါ။ မင်း အပိုင်းသစ်တစ်ခု စလေ့လာမယ့်အချိန်တိုင်း ဒီပေါ်ကို သွေးတစ်စက်ချပေးဖို့ လိုမယ်။ အချက်အလက်တွေအားလုံးက မင်းရဲ့စိတ်ထဲကို စီးဝင်သွားပြီး သူဘာသူ သဘာဝအလျှောက် ခွဲခြမ်းစိတ်ဖြာပြီး နေရာကျသွားလိမ့်မယ်။ လက်ရှိအပိုင်းမှာရှိတဲ့ အချက်အလက်တွေအားလုံးကို မင်းရဲ့ ဦးနှောက်က စုပ်ယူပြီး မှတ်မိသွားတဲ့အခါကျမှ နောက်အပိုင်းတစ်ခုကို ပြောင်းနိုင်မယ်။” အဖိုးအိုက အကျယ်တဝင့် ရှင်းပြလိုက်လေသည်။
(T/N : ပေလိပ်က စက္ကူနဲ့လုပ်တာ မဟုတ်ပါဘူးနော်။ ဒီမှာ ပုံလေးတွေကြည့်ကြည့်ပါ။ များသောအားဖြင့်တော့ သစ်သားနဲ့လုပ်ကြပေမယ့် ဒီမှာတော့ ကျောက်စိမ်းနဲ့လုပ်ထားတာပါ။)
ကျင်းယွင်ကျောင်း၏နှလုံးသားသည် အစပိုင်းက စိုးထိတ်တုန်လှုပ်နေရာမှ တဖြည်းဖြည်းနှင့် ငြိမ်သက်သွားသည်။
သူမသည် ဘဝတွင် ဒုတိယကြိမ်မြောက် အခွင့်အရေးကို ပေးအပ်ခံခဲ့ရသူဖြစ်၏၊ ဤကမ္ဘာပေါ်တွင် မဖြစ်နိုင်သောအရာဆိုတာ ရှိသေးရဲ့လား။
“ကျေးဇူးတင်ပါတယ်ရှင့်။”
ကျင်းယွင်ကျောင်းက ကျေးဇူးတင်စကားဆိုလိုက်၏။
“မင်းက ငါ့ရဲ့ဆက်ခံသူပဲလေ။”
အဖိုးအိုက ပြန်ဖြေသည်။
“ကျေးဇူးစကားတွေ မလိုပါဘူးကွယ်။ ဒါပေမယ့် မင်းမမေ့ရဘူးနော်၊ ရည်မှန်းချက်ပြင်းပြလွန်းတာက မင်းကို လွတ်လွတ်လပ်လပ် ပျံသန််းခွင့်ပြုမှာမဟုတ်ဘူး။ တစ်ကြိမ်မှာ အပိုင်းတစ်ခုကိုပဲ သင်ယူပါ၊ မင်း မှတ်နိုင်သမျှပမာဏထက် ပိုမသင်ယူပါနဲ့။ မင်းရဲ့ဦးနှောက်က အချက်အလက်တွေအများကြီးကို မမှတ်နိုင်ဘူး။ မင်း ဒီလိုလုပ်လို့ ဥာဏ်တုံးမသွားဘူးဆိုရင်တောင် ရူးသွားနိုင်တယ်။ အဲဒါတွေအပြင် ဒီနယ်မြေလွတ်ကို ဆေးပင်တွေစိုက်ပျိုးဖို့ သုံးနိုင်တယ်။ ရေပန်းက ရေက ကြီးထွားမှုနှုန်းကိို တိုးစေတယ်။ ဒါပေမယ့် မင်း ဒီရေကို သိမ်းထားလို့မရဘူး၊ အပြင်ဘက်ကမ္ဘာကို ယူသွားလို့ မရဘူး။ ရေက အပင်ရဲ့ကြီးထွားနှုန်းကို ဘယ်လောက်မြှင့်ပေးနိုင်တယ်ဆိုတာက သူ့ရဲ့ပမာဏပြင်းအားအပေါ်မှာပဲ မူတည်တယ်။ နောက်ဆုံးနဲ့အရေးအကြီးဆုံးတစ်ခုကတော့ အပြင်မှာရှိတဲ့ လူတွေရဲ့စိတ်နှလုံးသားတွေက ပြောင်းလဲသွားခဲ့ပြီ။ တခြားသူတွေကို ဒီနေရာလွတ်အကြောင်း ပေးမသိပါနဲ့။ တခြားလူကို ဒီနေရာလွတ်ထဲ ဝင်ခွင့်မပြုပါနဲ့။ တကယ်လို့ မင်း ဒီနေရာလွတ်ကို လက်ဆင့်ကမ်းပေးဖို့ ဆန္ဒရှိလာတဲ့အချိန်ရောက်ရင် ငါလုပ်ခဲ့သလိုမျိုး သင့်တော်တဲ့ ဆက်ခံသူတစ်ယောက်ကို စောင့်နေဖို့ လိုအပ်တယ်။”
Chapter 7 : ကျောက်စိမ်းမှ ဝိညာဥ်စွမ်းအားများကို စုပ်ယူခြင်း
စကားပြောပြီးသွားသည်နှင့်တပြိုင်နက် အဖိုးအို၏ပုံရိပ်က တဖြည်းဖြည်း မှိန်ဖျော့ပျောက်ကွယ်စပြုလာသည်။
ကျင်းယွင်ကျောင်းသည် ရုတ်တရက် မသက်မသာခံစားလိုက်ရဖြင့် အလျင်အမြန်ပင် ဒူးထောက်လိုက်၏။
“ဒီမျိုးဆက်သစ်လေးက ဘိုးဘေးရဲ့ဆုံးမစကားတွေကို လိုက်နာကျင့်သုံးပါ့မယ်။ ဤစကားကို ဖောက်ဖျက်မိခဲ့ပါက ကျွန်မ ငြိမ်းငြိမ်းချမ်းချမ်း သေဆုံးခြင်းကို မရပါစေနဲ့။”
“ကောင်းပါပြီ၊ ပြောဖို့လိုတာတွေကိုလည်း ငါ မင်းကို ပြောပြီးပါပြီ၊ မင်း ဆန္ဒရှိသလို လုပ်ဆောင်နိုင်ပါတယ်ကွယ်။ အို..ထပ်ဖြည့်ပြောရရင် အပြင်လောကရဲ့အချိန်စီးဆင်းနှုန်းက ဒီနယ်မြေလွတ်ရဲ့အချိန်စီးဆင်းနှုန်းထက် ငါးဆပိုမြန်တယ်။ ဒါကြောင့် မင်းအပြင်ကို ထွက်သွားတဲ့အချိန်ကျရင် လန့်မသွားနဲ့ဦး။ ဒီနယ်မြေလွတ်ကို အဝင်အထွက်လုပ်ဖို့က ရိုးရှင်းပါတယ်၊ မင်း ဒါကို အာရုံစိုက်လိုက်ဖို့ပဲ လိုတယ်...”
နောက်ဆုံးစကားကို ပြောပြီးသည်နှင့်တပြိုင်နက် သူ၏ပုံရိပ်သည်လည်း လုံးဝပျောက်ကွယ်သွားတော့သည်။
ကျင်းယွင်ကျောင်းသည် သူတို့အပြန်အလှန်ပြောခဲ့ကြသော စကားများကို နှလုံးသားထဲ၌ စွဲစွဲမြဲမြဲမှတ်သားထားလိုက်ပြီး သူပျောက်ကွယ်သွားသည့်နေရာကို ဦးတည်ကာ အကြိမ်ရေ အနည်းငယ်မျှ ဂါရဝပြုလိုက်၏။
ဘုရားသခင်သည် သူမအား ကရုဏာထားတော်မူ၍ ဤဘဝ၌ ရှင်သန်ရန် မတူညီကွဲပြားသည့် နည်းလမ်းတစ်မျိုးကို ပေးခဲ့ပြန်ပြီဖြစ်သည်။
ကျင်းယွင်ကျောင်းသည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ရင်း မတ်တပ်ထရပ်လိုက်၏။ သူမသည် ဘိုးဘေး၏ ညွှန်ကြားချက်အတိုင်း လိုက်နာခဲ့သည်၊ သူပြောသွားသကဲ့သို့ပင်၊ သူမ မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ သူမ၏အခန်းထဲသို့ ပြန်ရောက်နေ၏။
သို့သော် ထိုအခိုက်မှာပင် သူမ၏ဝမ်းဗိုက်သည် အသံမြည်လာကာ သူမ နေရာလွတ်နယ်မြေထဲသို့ မဝင်မီက သောက်ခဲ့သည့် ဆန်ပြုတ်တစ်ပန်းကန်ကို သတိရသွားသည်။
သူမ၏ဝမ်းဗိုက်က ပြောင်းလဲသွားသဖြင့် တစ်ညလုံး ဝမ်းလျှောသည့် ဝေဒနာခံစားခဲ့ရသည်ကိုလည်း ပြန်တွေးမိသွား၏။ ထို့အပြင် တစ်ညလုံး ဝေဒနာခံစားနေရသဖြင့် နောက်တစ်နေ့တွင် အဖျားဝင်သွားခဲ့ပြီး နလန်ပြန်ထရန် တစ်ပတ်အချိန်ယူခဲ့ရသည်။
ယဲ့ချင်၏နာရေးမှာ ဤအပတ်ထဲတွင်သာဖြစ်သော်လည်း ကျင်းယွင်ကျောင်းသည် အားနည်းလွန်းနေသဖြင့် စျာပနပွဲသို့ မတက်ရောက်နိုင်ခဲ့ပေ။ ထို့ကြောင့်ပင် ထိုစျာပနပွဲပြီးသည့်နောက် ချောင်မိသားစုနှင့်ယဲ့မိသားစု၏ မိတ်ဆွေများက သူမအား အချိန်အတော်ကြာအောင် ပြစ်တင်ရှုံ့ချခဲ့ကြသည်။ သူမ မှားယွင်းခဲ့သည့်တိုင်အောင် သူမအား ကရုဏာသက်မည့်သူ မရှိပေ။
ကျင်းယွင်ကျောင်းသည် သူမ၏ဝမ်းဗိုက်အား မသက်မသာဖြင့် ဖိဆုပ်ထားလိုက်ရင်း အခန်းထဲမှ ပြေးထွက်လာခဲ့ရာ ရေချိုးခန်းတံခါးကို အထဲရှိလူက လော့ခ်ချထားသည်အား တွေ့လိုက်ရ၏။
“မမလား၊ ကျွန်မ တောင်းပန်ပါတယ်။ ဒါပေမယ့် ကျွန်မ ဗိုက်နာနေလို့၊ မမ ခဏစောင့်ပေးပါဦး...”
ချောင်ဟုန်ယဲ့၏အသံက လှောင်ရယ်သံစွက်နေကြောင်း သတိထားမိလောက်အောင်ပင်။
အတိတ်ဘဝတွင် ကျင်းယွင်ကျောင်းသည် ဆန်ပြုတ်ကို ရန်မဖြစ်ဘဲ သောက်ခဲ့သည်ဖြစ်ရာ ဤကဲ့သို့ ချောင်ဟုန်ယဲ့က ရေချိုးခန်းထဲတွင် စောင့်နေသည့်အဖြစ်မျိုးလည်း မဖြစ်ခဲ့ချေ။ ကံဆိုးချင်သဖြင့် ကျင်းယွင်ကျောင်းသည် ယခုအချိန်၌ အခြားရွေးချယ်စရာလည်း မရှိပေ။ ထို့နောက် သူမသည် နေရာလွတ်နယ်မြေအား သတိရလိုက်၍ သူမ၏အခန်းထဲသို့ အမြန်ပြန်ပြေးကာ နေရာလွတ်နယ်မြေထဲသို့ ဝင်သွားလိုက်သည်။
နေရာလွတ်နယ်မြေထဲသို့ ဝင်ရောက်ပြီးသည့်နောက် သူမ၏ဝမ်းဗိုက်ရှိ နာကျင်မှုမှာလည်း အနည်းငယ် လျော့ပါးသွားသလို ခံစားလိုက်ရ၏။
ကျင်းယွင်ကျောင်းသည် ခဏမျှတွေးနေပြီးနောက် ပေလိပ်အား ထုတ်ယူလိုက်သည်။ ထို့နောက် ကျောက်စိမ်း၏ပထမဆုံးအပိုင်းပေါ်သို့ သွေးစက်တစ်စက်ချလိုက်၏။
ထိုခဏမှာပင် ပေလိပ်မှ အစိမ်းရောင်အလင်းတန်းများက အတူတကွပေါင်းစည်းသွားကြ၍ ထိုအရာများသည် မှုန်ဝါးဝါးပုံရိပ်အဖြစ် ကျင်းယွင်ကျောင်း၏မျက်လုံးများကို ဖြတ်သန်းကာ ပြက်ခနဲ လင်းသွားခဲ့သည်။ ၎င်းတို့မှာ အက္ခရာများ အတူတကွချိတ်ဆက်ထားပုံနှင့်တူကာ စာကြောင်းများဖြစ်ပေါ်လာ၏။ မျက်တောင်တစ်ချက် မခတ်ရသေးမီမှာပင် အံအားသင့်ဖွယ် အရေအတွက်ပမာဏရှိသော အချက်အလက်များသည် သူမ၏စိတ်ထဲသို့ စီးဝင်လာခဲ့သည်။
သူမသည် သူမ၏စိတ်ကို ဤကဲ့သို့ထိန်းချုပ်နိုင်ကြောင်း ဘယ်တုန်းကမှ မသိခဲ့ပေ။ ထိုအက္ခရာများနှင့်စာလုံးများသည် သူမ သိခဲ့ဖူးသမျှ အရာအားလုံးထက်ပင် ပို၍ ရှင်းလင်းပုံရ၏။ သူမ လုပ်ရန်လိုအပ်သမျှမှာ ထိုအကြောင်းအရာခေါင်းစဥ်ကို စဥ်းစားလိုက်ရုံပင်၊ ပြီးလျှင် ထိုအကြောင်းအရာနှင့်သက်ဆိုင်သော အချက်အလက်အားလုံးက သူမဆီသို့ အလိုအလျောက် စီးဆင်းလာလိမ့်မည်။
သို့သော် ထိုအရာများကို သူမ ပြန်ကြည့်လိုက်သောအခါ အံသြသွားသည်။
ဘိုးဘေးက သူမအား လောဘမကြီးရန် ပြောခဲ့သည်မှာ အံသြစရာမဟုတ်ပေ။ ဤကျောက်စိမ်းအပိုင်းလေးတစ်ခုတွင် စာအုပ်ရေ တစ်ထောင်စာလောက်ရှိသော အချက်အလက်များ ပါဝင်နေ၏။
ချောင်ဟုန်ယဲ့က သူမ၏ဆန်ပြုတ်ထဲ ဝမ်းနှုတ်ဆေးထည့်ထားသောကြောင့် ကျင်းယွင်ကျောင်းလည်း သူမ၏စိတ်ထဲတွင် ရှာဖွေကြည့်လိုက်ရာ အမှန်တကယ်ပင် ဝမ်းလျှောရောဂါအား ကုသရမည့် ဆေးနည်းများစွာကို တွေ့ရလေသည်။ ကံဆိုးသည်မှာ ဆေးအတွက် အညွှန်းများအားလုံးက အလွန်ထိရောက်သော်လည်း သူမ၌ ဘာမှမရှိပေ၊ ဆေးပင်တွေကို သူမ ဘယ်ကနေများ ရနိုင်မလဲ။ အကယ်၍ သူမတွင် ပါဝင်ပစ္စည်းများ အားလုံးရှိခဲ့လျှင်တောင်မှ သူမတွင် ဆေးကျိုရန်အတွက် လိုအပ်သော ပစ္စည်းကိရိယာများ၊တန်ဆာပလာများ မရှိချေ။
သူမသည် သေချာပေါက် ဆေးသာဝယ်ရုံပင်၊ သို့သော် အဓိကအချက်မှာ သူမ၌ ပိုက်ဆံမရှိပေ။
အဝေးမှ ရေကို သုံး၍ မီးငြိမ်းရန်မှာ ခက်ခဲလှသည်။ သူမ ၎င်းကို ရသောအခါတွင်လည်း အတော်လေးနောက်ကျနေလောက်ပြီပင်။ အနောက်တိုင်းဆေးဖြစ်စေ အရှေ့တိုင်းဖြစ်စေ နှစ်မျိုးစလုံးက ယခုအချိန်တွင် သူမအတွက် အသုံးမဝင်တော့ပေ။
ကျင်းယွင်ကျောင်းသည် ထိတ်ပျာနေသော်လည်း သူမကိုယ်သူမ စိတ်ငြိမ်စေရန် တွန်းအားပေးကာ အခြားနည်းလမ်းများကို ဆက်စဥ်းစားနေလိုက်သည်။ နောက်ဆုံး စိတ်ငြိိမ်သွားသောအခါ သူမ၏စိတ်ထဲတွင် အခြားတစ်စုံတစ်ခု ပေါ်လာ၏။
သွေးလွှတ်ကြောနေရာများကို နှိပ်ပေးခြင်း။
လက်ငါးချောင်းကို အတူတူဖိလိုက်ပါ။ ဝမ်းဗိုက်၏အထက်ပိုင်းကို ညင်သာစွာ နှိပ်နယ်ပေးပြီး အောက်သို့ ဖိဆွဲသွားပါ။ ထျန်းရှူး၊ ကွမ်းယွမ်၊ အူမကြီးသွေးလွှတ်ကြော၊ လက်မောင်းသွေးလွှတ်ကြော သုံးခု။ ပြီးလျှင် လက်မ သို့မဟုတ် လက်ဖဝါးကို သုံး၍ ချိဟိုင်(T/N: လေကြောဖြစ်လိမ့်မယ်)ပေါ်သို့ ညင်သာစွာ ဖိချပေးပါ။
(T/N: သွေးလွှတ်ကြောတွေအကြောင်း သိပ်မသိတာမို့လို့ အမှားပါနိုင်ပါတယ်)
ကျင်းယွင်ကျောင်းသည် ညွှန်ကြားချက်တစ်ချက်စီကို ခပ်မြန်မြန်လုပ်ဆောင်လိုက်သည်။ ထိုနှိပ်လိုက်သောနေရာများက နာကျင်မှုကို ခံစားလိုက်ရသည်နှင့် ဝမ်းဗိုက်ရှိ နာကျင်မှုက ပို၍သက်သာလာတော့၏။ သူမသည် အနည်းငယ် စိတ်လှုပ်ရှားသွားပြီးနောက် ဆက်လက်၍ နှိပ်နယ်နေရာမှ မကြာမီမှာပင် အားလုံး သက်သာသွားတော့သည်။
သူမသည် ရေချိုးခန်းထဲ၌ ချောင်ဟုန်ယဲ့စောင့်နေသည်အား သတိရလိုက်ရာ ခပ်လှောင်လှောင်ရယ်မောလိုက်၏။
သူမက ရေချိုးခန်းထဲမှာ ရှိနေရတာကို ဒီလောက်တောင်ကြိုက်တယ်လား။ ကောင်းပြီလေ၊ ဒါဆို တစ်ညလုံး ထွက်မလာခဲ့နဲ့တော့။
Chapter 8 : အတိုင်းအတာ ပမာဏနည်းနည်းလေးပဲ
ကျင်းယွင်ကျောင်း နေရာလွတ်နယ်မြေထဲမှ ထွက်လာလိုက်ပြီး အခန်းထဲမှ ပြေးထွက်မသွားမီ မျက်နှာပေါ်၌ အမောတကောဖြစ်နေသည့်ပုံဖမ်းလိုက်ကာ ရေချိုးခန်းတံခါးကို ထုလိုက်သည်။
“ဟုန်ယဲ့၊ မြန်မြန်လုပ်ပါ....ငါ ထပ်ပြီးမထိန်းထားနိုင်တော့ဘူး...”
ကျင်းယွင်ကျောင်းက ရည်ရွယ်ချက်ရှိရှိ အော်ပြောလိုက်၏။
အထဲရှိ ချောင်ဟုန်ယဲ့လည်း သူမ၏စကားကိုကြားသောအခါ ရေချိုးခန်းအတွင်း၌ ဆက်နေလိုက်ပြီး
“မမ..ကျွန်မ ဒီနေ့ အစားမှားသွားတာ ထင်တယ်။ ဗိုက်က အရမ်းနာနေတာ။ မမရဲ့ကိစ္စကို ရှင်းဖို့ တစ်နေရာရာကိုပဲ သွားလိုက်သင့်တယ်နော်..”
တခြားနေရာ တဲ့လား။ ချောင်မိသားစုသည် ချမ်းသာကြွယ်ဝသောမိသားစုမဟုတ်ရာ တစ်အိမ်လုံးတွင် ရေချိုးခန်းတစ်ခန်းတည်းသာ ရှိ၏။ ချောင်ဟုန်ယဲ့သည် ဝမ်းနှုတ်ဆေးကို သူမကိုယ်တိုင် ခတ်ခဲ့သော်လည်း ၎င်း၏အကျိုးသက်ရောက်မှုဘယ်လောက်ရှိကြောင်းကိုမူ သိနိုင်ပါမည်လား။ အကယ်၍ ကျင်းယွင်ကျောင်းသာ အတိတ်ဘဝက ဗိုက်ပြင်းပြင်းထန်ထန်နာပြီး လှေကားပေါ်ကနေ ဆင််းသွားရမည်ဆိုလျှင် ဝေးဝေးမရောက်ခင်မှာပင် သူမ၏အဝတ်အစားများ ညစ်ပတ်ပေကျံသွားလိမ့်မည်။
ယခုအချိန်တွင်တော့ ကျင်းယွင်ကျောင်း၏ဝမ်းဗိုက်က သက်သာနေပြီဖြစ်၏၊ သို့သော်လည်း ဤကဲ့သို့သောသူမျိုးအား ဒေါသထွက်ရအောင်အထိ သူမ မတုံးအသေးပေ။ သူမက တံခါးအပြင်ဘက်၌ ရပ်လိုက်ပြီး ပြောလိုက်သည်။
“ဒါဆိုလည်း ငါ နင့်ကို စောင့်နေမယ်။”
သူမ ထိုသို့ပြောလိုက်လျှင် ချောင်ဟုန်ယဲ့က အပြင်ထွက်မလာတော့ဘဲ ရေချိုးခန်းထဲတွင်သာ ဆက်နေနေမည်မှန်း သူမ အတိအကျသိ၏။
မျှော်လင့်ထားသည့်အတိုင်းပင် ကျင်းယွင်ကျောင်း သူမ၏အခန်းသို့ပြန်သွားပြီးသည့်အချိန်ထိတိုင်အောင် ချောင်ဟုန်ယဲ့က ရေချိုးခန်းထဲမှ ထွက်လာမည့် လက္ခဏာမရှိပေ။
ဆယ်မိနစ်ခြားတစ်ခါ ကျင်းယွင်ကျောင်းသည် တံခါးကို သွားသွားခေါက်၍ သူမ၏အသံမှာလည်း တစ်ကြိမ် ခေါက်ပြီးတိုင်း ပို၍ သောကဗျာပါရရောက်လာသည့် အရိပ်အယောင်နှင့်။ သူမ၏စကားလုံးများမှာလည်း တောင်းပန်တိုးလျိုး နေသည့်သဖွယ် ပြောင်းလဲလာ၏။ ထိုအချိန်တွင် ရေချိုးခန်းထဲရှိ ချောင်ဟုန်ယဲ့မှာလည်း အနည်းငယ်စိတ်ရှုပ်နေသည်။ သူမ ထည့်ခဲ့သည့် ဆေးပမာဏအရဆိုလျှင် ကျင်းယွင်ကျောင်းသည် အချိန်အတော်ကြာကပင် ထိန်းမရသိမ်းမရ ဖြစ်နေသင့်ပြီဖြစ်၏။ သို့သော် သူမသည် ယခုထိ မသက်မသာဖြစ်ရုံပဲ ခံစားနေရတုန်းလား။
ဘာပဲဖြစ်ဖြစ် ကျင်းယွင်ကျောင်းသည် သက်တောင့်သက်သာမရှိသည့် အခြေအနေ၌ပင် ရှိနေသင့်သည်။ အကယ်၍ သူမသာ ဤအခြေအနေကို ကောင်းကောင်းထိန်းထားနိုင်လျှင် သူမ အမြဲတမ်း ထိန်းထားနိုင်တော့မည်ပင်။
ကျန်သောမိသားစုဝင်များက ချောင်ဟုန်ယဲ့နှင့် ကျင်းယွင်ကျောင်း လုပ်နေကြသည်များအားမသိကြချေ။ ချောင်ဝေ့မင်သည် ယခုညတွင် အရက်သောက်ရာ၌ ရေချိန်အနည်းငယ်လွန်သွားသဖြင့် ရေအိမ်သွားချင်စိတ်ကို ထိန်းမထားနိုင်တော့ပေ၊ သို့သော် ချောင်ဟုန်ယဲ့က အပြင်ထွက်မလာဘဲ ငြင်းဆန်နေ၏။ ချောင်ဝေ့မင်သည် သူ၏သမီးအရင်းဖြစ်သူအား မည်မျှပင် ခွင့်လွှတ်ပေးသည်ဆိုသော်ငြား သူမ၏ နောက်တီးနောက်တောက် လုပ်ရပ်များအား သည်းမခံနိုင်သည့်အချိန်များလည်း ရှိနေသေးသည်။
“နင် အဲဒီထဲမှာ ဥများ ဥနေတာလား။ အခုချက်ချင်း ထွက်လာခဲ့စမ်း။”
ချောင်ဝေ့မင်က ဒေါသတကြီးအော်ဟစ်လိုက်သည်၊ သူ၏ခန္ဓာကိုယ်တစ်ခုလုံးလည်း အရက်နံ့များ ထောင်းထောင်းထနေ၏။ ချောင်ဟုန်ယဲ့သည်ပင် သူ၏စိတ်မရှည်ဖြစ်နေမှုနှင့် ဒေါသထွက်နေမှုကို ခံစားမိသည်အထိပင်။
ချောင်ဟုန်ယဲ့တွင် အမြဲတမ်း လိမ္မာ၍ နာခံမှုရှိသောကလေးဟူသည့် ပုံရိပ်ကောင်းရှိ၏။ တခါတရံ သူမသည် ကျင်းယွင်ကျောင်းအား ချောက်ချတတ်သော်လည်း လူရှေ့သူရှေ့၌မူ သိက္ခာမဲ့သောလုပ်ရပ်များကို ဘယ်သောအခါမှ မလုပ်ပေ။ အားလုံးထက်ပင် သူမ၏ဂုဏ်သိက္ခာသည် သူမအတွက် အလွန်အရေးပါ၏။
ချောင်ဟုန်ယဲ့သည် ချောင်ဝေ့မင်း၏ အော်ဟစ်ကြိမ်းမောင်းသံကိုကြားသည်နှင့် တံခါးကို ချက်ချင်းဖွင့်လိုက်သည်။
ချောင်ဝေ့မင်က သူမကို အမြန်ပင် ဆောင့်ဆွဲထုတ်လိုက်ပြီး သူဆွဲလိုက်သည့်အားမှာ မသေးလှချေ။ ချောင်ဟုန်ယဲ့သည် မူလကပင် အားသိပ်မရှိသည်ဖြစ်ရာ သူမသည် ကြမ်းပေါ်သို့ပြုတ်ကျပြီး နံရံနှင့်ပြင်းပြင်းထန်ထန်ရိုက်မိသွား၏။
“ဘာဖြစ်တာလဲ ဟုန်ယဲ့။ နင် မတ်တပ်မရပ်နိုင်ဘူးလား။”
ကျင်းယွင်ကျောင်းက သူမ၏အခန်းတံခါးကို မှီရပ်နေရင်း သရော်လိုက်သည်။
ချောင်ဟုန်ယဲ့၏ရှေ့တွင် ရပ်နေသော ကျင်းယွင်ကျောင်းသည် တည်တည်ငြိမ်ငြိမ် သပ်သပ်ရပ်ရပ်ပင်ဖြစ်ကာ ခုနလေးတင်ကမှ သူမအား ရေချိုးခန်းထဲမှ ထွက်လာရန် တောင်းပန်နေသူနှင့် လားလားမှ မတူပေ။ ဆန်ပြုတ်က သူမအပေါ်တွင် အကျိုးသက်ရောက်မှု လုံးဝမရှိသည့်ဟန်ဖြင့် ကျင်းယွင်ကျောင်းအား မြင်လိုက်ရသောအခါ ချောင်ဟုန်ယဲ့သည် ခေတ္တကြက်သေသေသွား၏။ သူမက လွှတ်ခနဲ မေးလိုက်မိသည်။
“နင် ဘယ်လိုသက်သာသွားတာလဲ။”
“ခုနတုန်းက ငါ နည်းနည်းဗိုက်နာလို့၊ ဒါပေမယ့် အခု သက်သာသွားပါပြီ။ ဆန့်ကျင်ဘက်အနေနဲ့ နင်က ရေချိုးခန်းထဲမှာ အကြာကြီးနေခဲ့တာလေ။ အဲဒါနဲ့ပတ်သတ်ပြီးတော့ နင့်ဆီမှာပဲ အကြောင်းပြချက် အထူးတလည်ရှိရမှာမဟုတ်ဘူးလား။”
ကျင်းယွင်ကျောင်းက လှောင်ပြောင်သရော်ရင်း ပြန်မေးလိုက်သည်။
ချောင်ဟုန်ယဲ့သည် နားထောင်ရင်း အသက်ရှူကျပ်လာသဖြင့် ပြန်လည် ခွန်းတုံ့မပြန်နိုင်ပေ။
သူမသည် တုန်တုန်ယင်ယင်ဖြင့် မတ်တပ်ထရပ်လိုက်ပြီး သူမ၏အခန်းဆီသို့ ကမူးရှူးထိုးပြေးသွားသည်။ သို့သော် ခြေလှမ်းအနည်းငယ်မျှ လှမ်းပြီးသည်နှင့် ဟန်ချက်မထိန်းနိုင်ဘဲ ခဏခဏ ပစ်လဲကျ၏။ သူမသည် ရေချိုးခန်းထဲ၌ နာရီပေါင်းများစွာနေခဲ့သည်ဖြစ်ရာ ထိုသို့ဖြစ်သည်မှာ ယုတ္တိရှိသည်၊ သူမ၏ခြေထောက်များ ခွေမကျသွားမှသာလျှင် ထူးဆန်းနေမည်ဖြစ်၏။
ကျင်းယွင်ကျောင်းသည် ချောင်ဟုန်ယဲ့ ဒုက္ခရောက်နေသည်ကို မြင်သောအခါ သူမ၏မျက်လုံးများထဲ၌ အေးစက်စက် အရောင်တစ်ချက် လက်သွားသည်။ ဒါက လက်စားချေမယ့် အတိုင်းအတာ ပမာဏနည်းနည်းလေးပဲ ရှိသေးတယ်၊ ထိုမျှလောက်နှင့်တော့ သူမ ဘယ်တော့မှ မကျေနပ်ပေ။
ညသည် ပုံမှန်အတိုင်းပင် ကုန်ဆုံးသွား၏။
ယဲ့ချင်၏ ရောဂါရှိန်တက်သောကြောင့် နာနာကျင်ကျင် ညည်းညူလိုက်သောအသံများက မကြာခဏပင် ပင်မအိပ်ခန်းထဲမှ ထွက်ပေါ်လာတတ်ပြီး ချောင်ဝေ့မင်၏ဟောက်သံများကလည်း တွဲပါလာတတ်သည်။ ချောင်ဟုန်ယဲ့၏အခန်းဘက်မှ ဘာသံမှမကြားရသည်ကသာ အနည်းငယ်ထူးဆန်းနေ၏။
လက်ရှိအချိန်တွင် ယဲ့ချင်၏ရောဂါအခြေအနေမှာ ကျင်းယွင်ကျောင်း၏ကုသနိုင်စွမ်းထက် ကျော်လွန်နေပြီး ကျင်းယွင်ကျောင်းကလည်း ယဲ့ချင်အား ကုသပေးရန် တစ်ခါမှ မတွေးခဲ့ပေ။ ထိုနေ့ညတွင် ကျင်းယွင်ကျောင်းသည် နေရာလွတ်နယ်မြေထဲ၌ နေခဲ့ပြီး သူမ၏စိတ်ထဲသို့ စုပ်ယူထားသည့် ကျောက်စိမ်းအပိုင်းထဲရှိ အချက်အလက်များအား နောက်တစ်နေ့ရောက်သည်အထိ ညလုံးပေါက် အသေးစိတ် ဖတ်ရှုလေ့လာနေခဲ့သည်။