အခန်း (၉-၁၂)
Vol. 1 Ch. 9-12
Chaprer 9 : အရင်အိမ်ထောင်မှ ပါလာသည့် ကလေး
ဆေးပညာရပ်များကို သင်ကြားရခြင်းသည် ကျင်းယွင်ကျောင်းကဲ့သို့ ယခုမှ စတင်သင်ကြားဖူးသူ အသစ်စက်စက်ကလေးအတွက် အမှန်တကယ်ပင် ခက်ခဲလွန်းလှသည်။ သို့သော် ကောင်းသည့်အချက်မှာ အနည်းဆုံးတော့ အချက်အလက်များအားလုံးကို သူမ၏ဦးနှောက်ထဲတွင် ရေးထိုးထားပြီးဖြစ်ခြင်းပင်။ အကယ်၍ သူမ တစ်ခုခုကို နားမလည်ပါက ၎င်း၏အကြောင်းကို စဥ်းစားလိုက်ရုံသာဖြစ်ပြီး ရှင်းလင်းချက်က သူမဆီသို့ အလိုအလျောက် ရောက်ရှိလာလိမ့်မည်။
အပြင်လောက၌ တစ်ရက်သာလကုန်သွားသေးသော်လည်း သူမ၏နေရာလွတ် နယ်မြေထဲ၌မူ သူမသည် ငါးရက်မျှ နေထိုင်ခဲ့ပြီးဖြစ်၏။ ကျင်းယွင်ကျောင်းသည် ဤကျောက်စိမ်းအပိုင်းကို စုပ်ယူပြီးသွားသောအခါ သူမ၏နားလည်နိုင်စွမ်းလည်း တိုးတက်လာသည်ဟု ခံစားလိုက်ရ၏။ တဖန် သူမ၏တိုးတက်မှုအရှိန်အဟုန်ကလည်း အံ့ချီးဖွယ်ကောင်းလှသည်။ အနည်းဆုံးတော့ သူမသည် အခြေခံဆေးပင်များ၏ ဂုဏ်သတ္တိများနှင့် ပတ်သတ်လျှင် နလပိန်းတုံးမဟုတ်တော့ပေ။
ထို့နောက် တနင်္လာနေ့သို့ ရောက်လာ၍ ကျောင်းသွားရန် အချိန်ကျရောက်လာ၏။
ကျင်းယွင်ကျောင်းသည် ချောင်မျိုးရိုး မောင်နှမနှင့်အတူ ကျောင်းသွားခဲ့သည်။ သူတို့တက်နေသော ကျောင်းသည် ဟွားနင်ခရိုင်တွင် အကောင်းဆုံးကျောင်းများထဲမှ တစ်ခုဖြစ်၏။
ကျင်းယွင်ကျောင်းသည် နင်းမြို့တွင် နေထိုင်ပြီး ထိုမြို့၌ ဤကျောင်းသို့တက်ရောက်နိုင်သည့် ကျောင်းသားဦးရေမှာ လက်တစ်ဆုပ်စာခန့်သာရှိသည်။ ကျင်းယွင်ကျောင်းသည် ထိုကျောင်းသို့ အကောင်းဆုံးအဆင့်နှင့် ဝင်ခွင့်ရခဲ့ခြင်းဖြစ်၏။ ကျောင်းစရိတ် အဖိုးအခများကို မပေးဆောင်ရသည့်အပြင် သူမသည် ပညာသင်ဆုငွေအများအပြားကိုလည်း ပေးအပ်ခြင်းခံခဲ့ရသေးသည်။ သူမသည် အတော်လေး နာမည်ကြီး၏။
မြို့ငယ်လေးမှ ခရိုင်မြို့ကြီးဆီသို့ ကားဖြင့် တစ်နာရီကျော် ကြာသွားရသည်။ ထိုခရီးတစ်လျှောက်လုံးတွင် ကျင်းယွင်ကျောင်းသည် maskတစ်ခု တပ်ထားပြီး သူမ၏ဆံပင်ရှည်ကြီးမှာလည်း ရှုပ်ပွနေ၏။
သူမ ဝတ်ရသော အဝတ်အစားများသည် အမြဲတမ်းပင် ချောင်ဟုန်ယဲ့မလိုချင်သော အင်္ကျီများသာဖြစ်ပြီး ၎င်းကို ဖုံးကွယ်ထားရန်လည်း ဘယ်တော့မှ မလိုအပ်ခဲ့ပေ။(T/N : အင်္ဂလိပ်ထွမ်စလိတ်တာက ဒီစာကြောင်းက နည်းနည်းရှုပ်လို့ သူနားလည်သလိုပဲ ပြန်လိုက်ပါတယ်တဲ့။)
သူတို့ ကျောင်းထဲသို့ ဝင်လိုက်သည်နှင့် လူအများက စတင်အာရုံစိုက်လာကြကာ တီးတိုးပြောဆိုနေကြသည်။
သို့သော် ၎င်းမှာ သူမ၏အဝတ်အစားများကြောင့် မဟုတ်ဘဲ လွန်ခဲ့သည့် နှစ်ရက်က ဖြစ်သွားခဲ့သော သူမ လမ်းသရဲတစ်စုနှင့် အချိန်ဖြုန်းနေသည်ဆိုသော ကိစ္စကြောင့်သာ ဖြစ်ကြောင်း ကျင်းယွင်ကျောင်း နားလည်၏။
သူမ စာသင်ခန်းထဲသို့ ဝင်လိုက်သည်နှင့် တစ်ယောက်က လှမ်းသတိပေးလာသည်။
“ကျင်းယွင်ကျောင်း နင့်ကို ဆရာမက စာမေးပွဲမစခင် သူ့ရုံးခန်းကို ခဏလာခဲ့ပါဦးတဲ့။”
ကျင်းယွင်ကျောင်းက ကြိုတင်ခန့်မှန်းမိပြီးသားဖြစ်၏။ အတိတ်ဘဝက သူမသည် သူမ၏ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ယဲ့ချင်ဆုံးပါးသွားမှုကြောင့် ကျောင်းထွက်ခဲ့ရသည်။ ရလဒ်အနေဖြင့် သူမကိုယ်တိုင် ရှင်းပြရန် ဘယ်တော့မှ အခွင့်အရေးမရတော့သောကြောင့် ၎င်းက သူမ၏ဘဝတွင် အစွန်းအထင်းတစ်ခု ဖြစ်လာခဲ့သည်။
တကယ်တမ်းတော့ သူမ၏အတန်းပိုင်ဆရာမသည် သူမအား စိတ်ရင်းနှင့် ဂရုစိုက်ပေး၍ ကျင်းယွင်ကျောင်းက ထိုကဲ့သို့သော လူစားမျိုးဆိုသည်ကိုလည်း ဘယ်တုန်းကမှ မယုံကြည်ခဲ့ပေ။ ကျင်းယွင်ကျောင်း ကျောင်းထွက်ဖို့ ကြိုးစားသောအခါတွင်လည်း ဆရာမသည် တခြားနည်းလမ်းများဖြင့် သူမကို စည်းရုံးရန် ကြိုးစားခဲ့သေးသည်။ သို့သော် ထိုအချိန်တွင် မြို့ထဲမှ ကောလဟာလ အတင်းအဖျင်းများက အကြီးအကျယ်ပျံ့နှံ့နေပြီဖြစ်၏။ အခြားသူများက သူတို့အား ယုံကြည်ရန် ခက်ခဲလေသည်။
ကျင်းယွင်ကျောင်းသည် စာသင်ခန်းထဲ၌ ဆက်မနေတော့ဘဲ ရုံးခန်းသို့ ချက်ချင်း ထွက်လာလိုက်၏။
ကဲ့ရဲ့လှောင်ပြောင်သော အသံများ၊ ခပ်နှိမ်နှိမ် မှတ်ချက်များနှင့် ရွဲ့စောင်း၍ စော်ကားမော်ကားပြောဆိုမှုများသည် သူမ၏နောက်တွင် ကျန်ခဲ့လေသည်။
“တွေ့လား၊ အကျင့်ကောင်းပြီး မွန်မြတ်ချင်ယောင်ဆောင်နေတာ။ သောကြာနေ့တုန်းက နင် မမြင်ခဲ့ဘူးလား။ သူက တကယ်ကြီး လမ်းသရဲတွေနဲ့ ရင်းနှီးနေတာလေ။ ပြီးတော့ ငါကြားခဲ့တာ သူက သူ့ညီမကို အနိုင်ကျင့်ဖို့တောင် အဲဒီလမ်းသရဲတွေကို တောင်းဆိုနေတာတဲ့။”
“ဒါပေမယ့် သူတို့က ညီအစ်မတွေလေ။ မဖြစ်နိုင်တာ....”
“နင် ဘာသိလို့တုန်း။ ကျင်းယွင်ကျောင်းက သူ့အမေရဲ့အရင်အိမ်ထောင်ကနေ ပါလာတဲ့ကလေးပဲ။ သူတို့က အဖေမှ မတူတာ။ ပြီးတော့ သူ့ကိုကြည့်ပါ့လား။ အစ်မတစ်ယောက်လိုများ ဘယ်လို ပြုမူလို့လဲ။ ကျင်းယွင်ကျောင်းက စာမေးပွဲဖြေတိုင်း ချောင်ဟုန်ယဲ့ကို အမြဲတမ်း အများကြီးနောက်ကောက်ကျအောင် လုပ်နေကျ။ ငါတော့ သူ့လို အရှက်မရှိတဲ့သူမျိုး တစ်ခါမှကို မမြင်ဖူးဘူး။”
(FH: wtf ဒါဆို ငါ့ဝမ်းကွဲတွေ ငါ့ထက် အမှတ်ကောင်းဖို့အတွက် ငါက အမှတ်ဆိုးဆိုးဝါးဝါး ရ ရမယ်လို့ မင်းက မျှော်လင့်ထားတာလား၊ မရဘူး အရူးရဲ့။)
……
ကျင်းယွင်ကျောင်းသည် ထိုကဲ့သို့သော မှတ်ချက်အများအပြားကို ယခင်ကတည်းက ကြားဖူးပြီးသားဖြစ်ရာ သူမသည် သူတို့ပြောသည်အား မကြားချင်ယောင်ဆောင်ဖို့သာ ရွေးချယ်လိုက်တော့သည်။
သို့သော် ယနေ့သည့် လပတ်စာမေးပွဲနေ့ဖြစ်ရာ ရုံးခန်းတစ်ခုလုံး ကျောင်းသားများ၏စာအုပ်များနှင့်ပြည့်နေ၏။ ဆရာဆရာမများကလည်း တိတ်ဆိတ်နေကြသည်။
ကျင်းယွင်ကျောင်း ရုံးခန်းထဲသို့ ဝင်လိုက်သည်နှင့် တချို့ဆရာဆရာမများသည် သူမအား မသိမသာ ကြည့်မိလိုက်ကြ၏။
ကျင်းယွင်ကျောင်းသည် အေခန်းမှ ဖြစ်သည်။ တာဝန်ကျသည့် အတန်းပိုင်ဆရာမ၏ မျိုးရိုးအမည်မှာ ကျင် ဖြစ်၏။ သူမသည် မျက်မှန်တပ်လေ့ရှိပြီး ဆံပင်အတိုနှင့်ဖြစ်ကာ သပ်သပ်ရပ်ရပ်ရှိ၍ ခြုံငုံကြည့်လိုက်ပါက အရည်အချင်းရှိ၍ အတွေ့အကြုံများပုံပေါက်သည်။ သူမသည် အသက်သိပ်မကြီးသေးပေ၊ နှစ်ဆယ့်ရှစ်၊ နှစ်ဆယ့်ကိုးဝန်းကျင်လောက်သာ ဖြစ်နိုင်၏။
ကျင်းယွင်ကျောင်းအား မြင်သောအခါ ဆရာမကျင်၏အမူအယာမှာ ရှုပ်ထွေးသွားသည်။ သူမက မျက်မှန်ကို ပင့်တင့်လိုက်ပြီး လက်ကို ဝေ့၍ ကျင်းယွင်ကျောင်းအား ထိုင်ရန် အချက်ပြလိုက်၏။
“ဆရာမကျင်”
ကျင်းယွင်ကျောင်းက သူမအား တရိုတသေ နှုတ်ဆက်လိုက်သည်။
ဆရာမကျင်က သက်ပြင်းချလိုက်ပြီး
“ကျင်းယွင်ကျောင်း၊ မင်းကို ငါ ဘာလို့ ခေါ်တာလဲဆိုတာ သိလား။”
“ကျွန်မလုပ်တာကို ကျွန်မယုံကြည်ချက်ရှိပါတယ်၊ ဒါပေမယ့် ဆရာမကျင် ကျွန်မမှာလည်း ဆရာမကို ပြောစရာရှိပါတယ်။”
ကျင်းယွင်ကျောင်းက ထိုသို့ပြန်ဖြေလိုက်ပြီးနောက် မျက်နှာတွင် တပ်ထားသော maskကို ချွတ်လိုက်သည်။
ဆရာမကျင်သည် ကျင်းယွင်ကျောင်း၏ပါးပေါ်၌ နီရဲဖူးယောင်နေသည့် အရာကြီးအား မြင်လိုက်ရလေသည်။ တစ်ချက်ကြည့်ရုံနှင့်ပင် ၎င်းမှာ လက်ဝါးရာ ဖြစ်ကြောင်း ပြောနိုင်၏။
ဆရာမကျင်က ထိတ်လန့်သွားပြီး
“ဒါ ဘယ်လိုဖြစ်တာလဲ။”
ကျောင်းသူတစ်ယောက်က ရုတ်တရက် ကိုယ်ထိလက်ရောက် ကျူးလွန်ခံခဲ့ရတာလား။ ဘယ်သူလုပ်တာလဲ။ ဒါကို ဘာကြောင့် ခွင့်ပြုပေးထားရမှာလဲ။
Chapter 10 : ဒါ ဘယ်သူလုပ်ခဲ့တာလဲ
ချောင်ဝေ့မင်သည် ကျင်းယွင်ကျောင်းကို ရိုက်လိုက်စဥ်က အားအများကြီးသုံးခဲ့သည်။ အကယ်၍ သူမသည် ငယ်စဥ်ကတည်းက ဤမျှပြင်းသော အားနှင့် တစ်ခါမှ အရိုက်မခံဖူးခဲ့ပါက ခံနိုင်ရည်ရှိမည်မဟုတ်ပေ။ လွန်ခဲ့သော နှစ်ရက်အတွင်း သူမ၏ပါးပေါ်ရှိ ဒဏ်ရာကို ဘာမှမလုပ်ခဲ့သည့် အကြောင်းရင်းမှာ ဆရာမအား ထိုဒဏ်ရာကို ထင်ထင်ရှားရှား မြင်စေချင်၍ ဖြစ်၏။
နေရာလွတ်နယ်မြေထဲတွင်နေလျှင် နာကျင်မှုဒဏ် လျော့ပါးသွားသော်လည်း သူမ၏ဒဏ်ရာကတော့ အခြေအနေမပြောင်းလဲဘဲ ကျန်နေခဲ့၏။ ထို့ကြောင့် ၎င်းကို ထင်ထင်ရှားရှားမြင်နေရခြင်းပင်။
“ဆရာမ သောကြာနေ့တုန်းက လမ်းသရဲတစ်စုက ကျွန်မကို ဟန့်တားခဲ့ကြပါတယ်။ သူတို့က ကျွန်မကို ဝိုင်းထားပြီး ဆက်သွားခွင့်မပြုခဲ့ဘူး။ သူတို့က ရည်ရွယ်ချက်ရှိရှိပဲ ကျွန်မနဲ့ ရင်းနှီးချင်ယောင်ဆောင်ခဲ့ကြပါတယ်။ ပြီးတော့ ကျွန်မကို လမ်းကြားတစ်ခုထဲ ဆွဲခေါ်သွားပါတယ်။ တကယ်လို့ အဲဒီနေရာကို ရဲတစ်ယောက်သာ ဖြတ်မသွားခဲ့ရင် ကျွန်မ ဘာဖြစ်သွားမယ်ဆိုတာ မသိတော့ပါဘူး။ ဒါပေမယ့် သူတို့ရဲ့ပစ်မှတ်ဖြစ်သွားရတာ ကျွန်မက ကံဆိုးလို့ လို့ပဲမှတ်ပါတယ်။ အဲဒီလမ်းသရဲတွေကလွဲရင် ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး။ ဒါပေမယ့် ဘယ်သူက ကျွန်မအကြောင်း ကောလဟာလတွေ ဖြန့်ထားမှန်း မသိဘူး၊ ကျွန်မက သူတို့နဲ့အိပ်ခဲ့တယ်ဆိုပြီး ပြောနေကြတာ။”
“မင်းကို ရိုက်တာ သူတို့တွေလား။”
ဆရာမကျင်က မျက်မှောင်ကြုတ်၍ မေးလာသည်။
သူမ၏ဒဏ်ရာမှာ သေးပုံမပေါ်ပေ။ နှစ်ရက်သုံးရက်ခန့် ကြာသွားပြီဖြစ်သော်လည်း ဒဏ်ရာက နီရဲကာ ယောင်ယမ်းနေဆဲဖြစ်ပြီး ပွန်းပဲ့ထားသည့်
လက္ခဏာများပါ ရှိနေသည်။ ၎င်းရိုက်ချက်တွင် ထည့်ထားသော အားမှာ မသေးကြောင်း ပြောနိုင်၏။
“မဟုတ်ပါဘူး...အဲဒီလူတွေက ကျွန်မကို ခြောက်လှန့်ဖို့ပဲ ကြိုစားခဲ့ကြတာရယ်၊ အဲဒီနောက် ကျွန်မ သတိလစ်သွားခဲ့တာ၊ ဒီဒဏ်ရာက...”
ကျင်းယွင်ကျောင်း၏အမူအယာတွင် ဝမ်းနည်းသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး သူမက ဆက်ပြောလာသည်။
“ကျွန်မရဲ့အဖေဆီကပါ။”
သူမ ပြောပြီးသည်နှင့် ထိုနေရာတွင် ရှိနေသော ဆရာဆရာမများအားလုံး လန့်ဖျပ်သွား၍ ကျောထဲက စိမ့်တက်သွားကြ၏။
ကျင်းယွင်ကျောင်းသည် တစ်ကျောင်းလုံးတွင် အတော်ဆုံးကျောင်းသူဖြစ်သည်။ သူမ၏မိသားစုအရေးကိစ္စများအားလုံးနီးပါးကို စေ့စေ့စပ်စပ် စုံစမ်းထားရသောကြောင့် သူမတွင် ချောင်ဝေ့မင်ဟုခေါ်သော ပထွေးတစ်ယောက်ရှိကြောင်း သူတို့အားလုံးသိထားကြ၏။
အကယ်၍ သူသာ သူမ၏ဖခင်အရင်းဖြစ်ပါက သူမအား ဘယ်တော့မှ ဤကဲ့သို့အကြမ်းဖက်မည်မဟုတ်ပေ။
ဆရာမကျင်က သဘောပေါက်သွားပြီး မတ်တပ်ရပ်လိုက်ကာ
“သူက မင်းကိုရိုက်ခဲ့တာလား။ ဘာလို့လဲ။ ကျင်းယွင်ကျောင်း ဆရာမကို အကုန်ပြောပြ။ နောက်ဆုံး ဘာတွေဖြစ်ခဲ့လို့လဲ။ မင်းက သူ့ကို စိတ်ဆိုးအောင် လုပ်ခဲ့မိလို့လား။”
“အဲဒါ တကယ်တော့ ဘာမှမဟုတ်ပါဘူး။ ဆန်ပြုတ်တစ်ပန်းကန်ကြောင့်ပါ။ ဆန်ပြုတ်က အေးနေတော့ ကျွန်မက အဲဒါကိုစားရင် ဗိုက်နာမှာကြောက်တာ။ ဒီနေ့ ဖြေရမယ့်စာမေးပွဲကို ထိခိုက်မှာ စိုးလို့ရယ်။ ဒါ့ကြောင့် ကျွန်မက ဆန်ပြုတ်အသစ်တစ်ပန်းကန်သွားယူတော့ အဖေက ကျွန်မကို အဲဒီအေးနေတဲ့ဆန်ပြုတ်ကို ကုန်အောင် သောက်ဖို့ပြောရင်း စိတ်တိုပြီး ပါးရိုက်လိုက်တာပါ။”
ကျင်းယွင်ကျောင်းသည် ဤကိစ္စအား သူမ၏မျက်လုံးထဲတွင် မထူးဆန်းသကဲ့သို့ ပုံမှန်အတိုင်း ပေါ့ပေါ့ပါးပါးဖြေလိုက်သည်။
သို့သော် ဤစကားလုံးများသည် ဆရာဆရာမများ၏နားထဲတွင်တော့ အဓိပ္ပါယ်ကွဲပြားနေ၏။
ဘယ်လို လူကြီးမိဘမျိုးကများ ကလေးတွေကို ဆန်ပြုတ်အေးအေးကြီး သောက်ခိုင်းရတာလဲ။ ကျင်းယွင်ကျောင်းက အိမ်မှာ ဒီလောက်ထိ ဆိုးဆိုးဝါးဝါး ဆက်ဆံခံနေရတာလား။ သူမက ဆန်ပြုတ်ပူပူလေးတစ်ခွက်တောင် မသောက်ရဘဲနဲ့လေ။
“ဒါဆို ကျ..ကျင်းယွင်ကျောင်း မင်းရဲ့အမေကရော သူ့ကို မတားဘူးလား။ ပြီးတော့ မင်းရဲ့မောင်နှမတွေကရော....”
ဆရာမကျင်က သံသယစိတ်ဖြင့် စုံစမ်းမေးမြန်းလိုက်သည်။
ကျင်းယွင်ကျောင်းက သက်ပြင်းချလိုက်ရင်း
“ကျွန်မအမေရဲ့ ခန္ဓာကိုယ်က သိပ်မကျန်းမာတော့ဘူး။ ဒါကြောင့် သူက ဒီလိုကိစ္စအသေးအမွှားတွေကို အာရုံမစိုက်နိုင်ဘူးရယ်။ ပြီးတော့ ဒါက ပြဿနာအသေးအဖွဲ့လေးပါ၊ ဆန်ပြုတ်အေးအေးတစ်ခွက်သောက်ရတာက ကျွန်မကို မသေစေနိုင်ပါဘူး။ ကျွန်မရဲ့အမေသိသွားရင်တောင်မှ သူက ဘာမှပြောမှာ မဟုတ်ဘူးရယ်။ ဆရာမကျင် ကျွန်မက အိမ်မှာ ဒါတွေနဲ့အသားကျနေပါပြီ။ ဒါက ကိစ္စအကြီးကြီးလည်း မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီလမ်းသရဲတွေကိုတော့.....တကယ်လို့ နောက်တစ်ကြိမ် ဒီလိိုမျိုး ထပ်ဖြစ်လာရင် ကျောင်းက ကျွန်မအတွက် ရဲခေါ်ပေးနိုင်မလားဟင်။”
သူမသည် ဆယ့်ငါးနှစ်သာရှိသေးသည်။ အိမ်မှလွဲလျှင် ကျောင်းသည်သာ သူမ အားကိုးနိုင်သည့် တစ်ခုတည်းသောအရာဖြစ်၏။ အကယ်၍ သူမသာ သူမကိုယ်တိုင် ထုတ်ပြောလိုက်ပြီး အရူးတစ်ယောက်ကဲ့သို့ ရဲကိုသာ ခေါ်လိုက်မည်ဆိုပါက သူမသည် ဖမ်းဝရမ်းမထုတ်နိုင်ဘဲ အလှောင်အပြောင်သာ ခံရလိမ့်မည်ဖြစ်သည်။
ကျင်းယွင်ကျောင်း၏ မျက်ဝန်းများထဲမှ မျှော်လင့်ချက် အလင်းရောင်လေးအား ရုတ်တရက်မြင်လိုက်လေရာ ဆရာမကျင်၏နှလုံးသားမှာ အပြင်းအထန်တုန်လှုပ်သွားရ၏။
ဤကလေးသည် ကျောင်းတွင် ဘယ်တုန်းကမှ စကားများများပြောလေ့မရှိသော်လည်း အကြောင်းရင်းအချို့ကြောင့် အခြားကျောင်းသားကျောင်းသူများဆီမှ သူမ၏အကြောင်း မှတ်ချက်များစွာရှိသည်။ အများစုမှာ သူမ ဘယ်လောက်မာနကြီးသည် အစရှိသော အကြောင်းအရာများပင်။
သို့သော် ထူးခြားသည်မှာ ကျောင်းရှိ ဆရာဆရာမအားလုံးက သူမအား နှစ်သက်ကြသည်။
သူမသည် အနေအေး၏၊ စာကြိုးစား၏။ ထို့အပြင် တခြားသူများအပေါ် အနိုင်ကျင့်ခြင်း၊ အထင်အမြင်သေးခြင်းကိုလည်း တစ်ခါမှ မတွေ့ဖူးပေ။ သူမ၏ ထူးချွန်သော ရမှတ်များကြောင့်သာ မဟုတ်ပါက လူများသည် သူမ ရှိကြောင်းပင် သတိထားမိလိမ့်မည်မဟုတ်ချေ။
“စိတ်မပူပါနဲ့၊ ကျောင်းက ဒီလိုအရေးကြီးတဲ့ကိစ္စကို ဒီအတိုင်း ထိုင်ကြည့်နေမှာ မဟုတ်ပါဘူး။ ပြန်သွားပြီး စာမေးပွဲအတွက် ပြင်ဆင်လိုက်။ ဆရာမ ကျောင်းအုပ်နဲ့ဆွေးနွေးလိုက်ဦးမယ်။ ငါတို့ ဒီကိစ္စကို ရဲကို သေချာပေါက် အကြောင်းကြားမှာပါ၊ ဘယ်တော့မှ ဒီလိုကိစ္စမျိုး နောက်ထပ် ဖြစ်ခွင့်ပြုမှာ မဟုတ်ဘူး။”
Chapter 11 : အဓိပ္ပာယ်မရှိ ပြောဆိုခြင်း
ကျင်းယွင်ကျောင်းက ဆရာမကျင်၏စကားကို ခေါင်းညိတ်ပြလိုက်သည်၊ သို့သော် သူမ ရုံးခန်းထဲမှ ထွက်မသွားမီမှာပင် ဆရာမကျင်၏စားပွဲပေါ်ရှိ ဖုန်းမြည်သံက သူမအား ရပ်တန့်သွားစေ၏။
တစ်ဖက်လူပြောသည်အား နားထောင်ရင်း ဆရာမကျင် မျက်နှာပျက်သွားသည်။
ခဏကြာပြီးနောက် သူမက ကျင်းယွင်ကျောင်းအား ပြောလာ၏။
“ကျင်းယွင်ကျောင်း၊ မင်း အခု စာမေးပွဲမဖြေတော့နဲ့။ မင်းရဲ့ညီမကို ခေါ်ပြီး ခရိုင်ဆေးရုံကို သွားလိုက်။ မင်းအမေ အခြေအနေမကောင်းဘူး။”
ကျင်းယွင်ကျောင်း တုံ့ဆိုင်းသွားသည်။ ယဲ့ချင်၏အခြေအနေက ဤမျှ မြန်မြန် ဆိုးလာလိမ့်မည်ဟု သူမ မထင်ခဲ့ပေ။
အတိတ်ဘဝတွင် ယနေ့၌ ကျင်းယွင်ကျောင်းက ကျောင်းမတက်နိုင်သဖြင့် ချောင်ဟုန်ယဲ့တစ်ယောက်တည်းကိုသာ အကြောင်းကြားခဲ့သည်။ ထိုအချိန်တွင် ကျင်းယွင်ကျောင်းက ဖျား၍ အိပ်ယာထဲ လဲနေလေရာ ဘာတွေဖြစ်ပျက်သွားမှန်း လုံးဝသတိမပြုမိခဲ့ပေ။ ထို့ကြောင့် ဤနေ့ကို ယဲ့ချင် မကွယ်လွန်မီ တစ်ရက်ဟုသာ သူမ ထင်ထားခဲ့သော်လည်း ကြည့်ရသည်မှာ ယဲ့ချင်အား ဆေးရုံစောစောတင်ထားခြင်းဖြစ်ပြီး ချက်ချင်း အသက်မထွက်သေးသည့်ပုံပင်။
ယဲ့ချင်၏အကြောင်းကို တွေးလိုက်သည်နှင့် ကျင်းယွင်ကျောင်းသည် ခံစားချက်ပေါင်းစုံကို ခံစားလိုက်ရသည်။
ယဲ့ချင်က သူမအား အဘယ်ကြောင့် မွေးစားခဲ့သည်ပဲဖြစ်စေ သူမအား ယခုအရွယ်ထိ ကျွေးမွေးစောင့်ရှောက်ခဲ့သည်ကိုတော့ ငြင်းမရပေ။ ထို့အပြင် သူမသည် အတိတ်ဘဝတစ်လျှောက်လုံး ယဲ့ချင်အား သူမ၏အမေအရင်းဟု ယုံကြည်ခဲ့သည်ဖြစ်ရာ အမေနှင့်သားသမီးကြားရှိ ခံစားချက်များလည်း ရှိခဲ့သည်။
ယဲ့ချင်သည် ချောင်မိသားစုတစ်ခုလုံးတွင် သူမ စိတ်နာသော်လည်း မုန်းမရသည့်တစ်ဦးတည်းသောသူ ဖြစ်၏။
ကျင်းယွင်ကျောင်းသည် ရုံးခန်းထဲ၌ ကြာကြာမနေတော့ဘဲ ချောင်ဟုန်ယဲ့အား ရှာရန် အနားရှိ စာသင်ခန်းသို့ အမြန်ပြေးသွားလိုက်သည်။
ချောင်ဟုန်ယဲ့အား မြင်သောအခါ သူမသည် အတိတ်ဘဝက ဖြစ်ပျက်ခဲ့သည်များအား ပြန်မတွေးဘဲ မနေနိုင်ချေ။ ထိုစဥ်က ချောင်ဟုန်ယဲ့သည် ကျင်းယွင်ကျောင်း စာမေးပွဲလာမဖြေနိုင်သဖြင့် နောက်ဆုံးတွင် သူမသည် အမှတ်အများဆုံးရအောင် လုပ်နိုင်တော့မည်ဟု တွေးကာ စာမေးပွဲကို ပျော်ပျော်ကြီး သွားဖြေခဲ့သည်။
သို့ရာတွင် ချောင်ဟုန်ယဲ့၏ကံဇာတာကလည်း ထိုအခြင်းအရာအား ခွင့်ပြုမထားသည်ဖြစ်ရာ အဆုံးအထိ သူမသည် စာမေးပွဲကို မဖြေဆိုနိုင်သေးပေ။ “ ကျွန်ုပ်တို့၏ကိုယ်ပိုင်အကြံအစည်များက ဘုရားသခင် စီစဥ်ထားသည်များကို အစားမထိုးနိုင်ပေ” ဆိုသည့် ခံစားချက်က သူမအား အချိန်အတော်ကြာ မချင့်မရဲဖြစ်စေသည်။
ခရိုင်ဆေးရုံသည် ကျောင်းနှင့်နီးသည်။ ကျင်းယွင်ကျောင်းနှင့် ချောင်ဟုန်ယဲ့တို့ ရောက်သွားသောအခါ ယဲ့ချင်အား ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဖြူဖတ်ဖြူလျော် သွင်ပြင်နှင့် ကုတင်တစ်လုံးပေါ်တွင် လဲလျောင်းလျက်ရှိသည်ကို တွေ့လိုက်ရ၏။ သူမကို ကြည့်ရသည်မှာ အချိန်မရွေး အသက်ထွက်သွားနိုင်သည့်ပုံပင်။
ချောင်ဝေ့မင်၏အမူအယာများက လေးလံလှသည်။ သူ၏မျက်လုံးများက ကျင်းယွင်ကျောင်းဆီသို့ ရောက်လာသောအခိုက်တွင် မျက်လုံးများက တစ်ချက်လက်သွား၏။
“ဟုန်ယဲ့၊ မင်းအမေက ဒီတောင်ကို မကျော်နိုင်လောက်တော့ဘူး။”
သူနူးနူးညံ့ညံ့ ပြောလိုက်သည်။
ကျင်းယွင်ကျောင်း၏နှလုံးသားထဲတွင် လှောင်ပြောင်ဟားတိုက်ခြင်းများနှင့် ပြည့်နှက်သွားသည်။ ယဲ့ချင်၏ရောဂါမှာ နာတာရှည်ရောဂါဖြစ်ပြီး ယခုအချိန်ထိ မိသားစုက ငွေကြေးများစွာ ကုန်ကျခဲ့၏။ သူမသည် အိမ်ရှိလူအားလုံးကိုလည်း အတော်လေး ဒုက္ခများစေခဲ့သည်။ မျှော်လင့်ချက်ကုန်ခဲ့သည်မှာ ကြာလှပြီဖြစ်၏။ ယဲ့ချင် ပထမဆုံးအကြိမ် ရောဂါခံစားရစဥ်က လအနည်းကြာအောင် စိတ်ထိခိုက်ခဲ့ကြသော်လည်း အချိန်ကြာလာသောအခါ စိတ်ထိခိုက် အားလျှော့ခြင်းများ မလွဲဧကန်ပင် ကွယ်ပျောက်သွားကြတော့သည်။
ထို့ကြောင့် ယခုအချိန်တွင် မိသားစုဝင်သုံးဦးစလုံးသည် ယဲ့ချင် သေဆုံးသွားပြီး သူတို့လည်း ဝန်ထုပ်ဝန်ပိုးကြီးမှ သက်သာဝဋ်ကျွတ်မည့် အရေးကိုသာ စိတ်အားထက်သန်စွာ စောင့်မျှော်နေကြသည် မဟုတ်ပါလား။
သေချာစဥ်းစားချင့်ချိန်ပြီးသည့်နောက် ကျင်းယွင်ကျောင်းက ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
“အဖေ ကျွန်မ ဆေးနည်းတစ်ခုသိထားတယ်။ ကျွန်မတို့ အမေ့ကို အဲဒီဆေးနဲ့စမ်းကြည့်လို့ရတယ်၊ အဲဒါက အမေ့ခန္ဓာကိုယ်အတွက် အထောက်အကူဖြစ်နိုင်မလားဆိုတာ ကြည့်ရအောင်။”
သူမသည် နေရာလွတ်နယ်မြေထဲတွင် အချိန်များစွာ အင်အားများစွာ အကုန်ခံ၍ ယဲ့ချင်၏ရောဂါအား ကုသနိုင်မည့်နည်းလမ်းကို ကြိုးစားရှာဖွေခဲ့သည်။ ကံဆိုးစွာပင် ပထမကျောက်စိမ်းအပိုင်းတွင် အပြည့်အဝကုသနိုင်မည့် နည်းလမ်းမပါရှိပေ။ အလွန်ဆုံး ရောဂါအကြောင်း မရေမရာနားလည်လိုက်ရုံသာဖြစ်၏။ ထိုနားလည်မှုကို အသုံးချ၍ ယဲ့ချင် အသက်ရှည်ရှည်နေထိုင်သွားနိုင်ရန် ရောဂါအခြေခံကို အနည်းငယ်ပြောင်းလဲလိုက်ခြင်းကိုသာ သူမ အကောင်းဆုံး လုပ်ပေးနိုင်သည်။
လက်ရှိအချိန်တွင် သူမသည် ယဲ့ချင်၏ရောဂါကို အမြစ်ပြတ်အောင် ကုသမပေးနိုင်သေးသော်လည်း ကျင်းယွင်ကျောင်း၏ အတော်လေး လျင်မြန်သော သင်ယူတတ်မြောက်မှုနှုန်းနှင့်ဆိုပါက အနည်းငယ်ပို၍ အားစိုက်ထုတ်လိုက်လျှင် ယဲ့ချင်၏ကျန်းမာရေးအပြည့်အဝကောင်းမွန်လာအောင် ကြိုးပမ်းနိုင်ဖို့ လုံလောက်၏။
အားလုံးထက် ဘိုးဘေးတွင် နှစ်သုံးရာမကသော ဆေးပညာအသိနှင့် အတွေ့အကြုံများရှိသည်။ ထို့အပြင် သူသိထားသမျှ အရာအားလုံးမှာလည်း တခြားကမ္ဘာမှပင် လာခြင်းဖြစ်သည်။ ဝိညာဥ်စွမ်းအားရှိသည့် ကျောက်စိမ်းမှ အချက်အလက်များအရ သူ၏ဆေးပညာနည်းလမ်းများသည် သာမန် အရှေ့တိုင်းသမားတော်တစ်ယောက်ထက် ပို၍ သာလွန်ကောင်းမွန် အံ့အားသင့်ဖွယ်ကောင်းကြောင်း သူမ ပြောနိုင်၏။
“နင်.. နင်က ဘာစောက်ကြောင်းကိုများ သိလို့လဲ။ နင်တော့ တစ်ချက်လောက် အရိုက်ခံချင်နေပြီထင်တယ်။”
ချောင်ဝေ့မင်က ချက်ချင်းပင် သူ၏လက်ကို မြှောက်လိုက်သည်။ သူ ဘာလို့ စောက်ရေးမပါတာတွေကို ဆက်နားထောင်နေရမှာလဲ။
“ရပ်လိုက်။”
ဆေးရုံ လူနာဆောင်ဝင်ပေါက်မှ ရင်းနှီးနေသော အသံတစ်ခု ထွက်ပေါ်လာသည်၊ ဆရာမကျင်သည် ကျင်းယွင်ကျောင်းအား ချောင်ဝေ့မင်နှင့်ဝေးရာသို့ ကသုတ်ကရက် ဆွဲခေါ်လိုက်၏။
“ချောင်လူကြီးမင်း၊ ရှင်က လူကြီးတစ်ယောက်ပါ။ ဘာကြောင့်များ ဒီလောက်ကိစ္စလေးနဲ့ အမြန် လက်ပါရတာလဲ။”
အစောပိုင်းက ကျင်းယွင်ကျောင်းပြောသောစကားများသည် အမှန်တကယ်ပင် ယုံရခက်သော်လည်း သူမ၏အမေက အပြင်းအထန်မကျန်းမမာဖြစ်နေ၏။ ထို့ကြောင့် ကျင်းယွင်ကျောင်းက အစိုးရိမ်လွန်ပြီး ဆရာဝန်တစ်ယောက်သဖွယ် ပြောဆိုလိုက်ခြင်း ဖြစ်နိုင်သည်။ သူမသည် အမှန်တကယ် လေးစားဖွယ်ကောင်းသည့် သားသမီးကောင်းပင်၊ အဘယ်ကြောင့် သူမက ထိုအတွက် အရိုက်ခံရမည်နည်း။
ချောင်ဝေ့မင်သည် သူ၏ဂုဏ်သိက္ခာကို အလွန်အလေးထားသည့်သူတစ်ယောက်ဖြစ်သည်။ သူက ဆရာမကျင်ကို တစ်ချက်ကြည့်လိုက်ပြီး လက်ကို ပြန်ရုတ်ကာ ပြောလာ၏။
“ဆရာမကျင်၊ ဒီအမိုက်မက အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောရတာကို သဘောကျနေတာ။ ကျွန်တော်သာ သူ့ကို မရိုက်ရင် သူ ဘယ်တော့မှ နားလည်မှာ မဟုတ်ဘူး။”
Chapter 12 : ဆေးအညွှန်း အတည်ပြုခြင်း
“အဖေ၊ ကျွန်မ ဒါကို အမေ့အတွက် တကယ်လုပ်ထားတာပါ။ တကယ်လို့ အဖေ ကျွန်မရဲ့ဆေးညွှန်းကို မယုံဘူးဆိုရင် ကျွန်မတို့ ဒါကို ဆရာဝန်တစ်ယောက်ဆီ သွားပြကြည့်လို့ရတယ်လေ။ တကယ်လို့ သူတို့က ကျွန်မရဲ့နည်းလမ်းကို ငြင်းခဲ့ရင်တော့ ကျွန်မကို အဓိပ္ပာယ်မရှိလျှောက်ပြောနေတယ်လို့ ပြောဖို့ အရမ်းနောက်ကျသေးမှာမဟုတ်ပါဘူး။”
ကျင်းယွင်ကျောင်းက ပြောလိုက်သည်။
သူမသည် ယဲ့ချင်အပေါ်၌ သူမအား ကျွေးမွေးပြုစုခဲ့သည့် ကျေးဇူးကြွေးတင်နေသောကြောင့်သာ ကယ်တင်ချင်ခဲ့ခြင်းဖြစ်၏။ အကယ်၍ သူတို့သည် ယဲ့ချင်အား ကယ်တင်ရန် စီစဥ်ခဲ့လျှင်လည်း သူမသည် ယခင်အတိုင်းပင် ဆက်လက်ပြုမူနေဦးမည်ဖြစ်၏။ သူတို့ဆီမှ သူမရရှိခဲ့သည့် ဂရုစိုက်မှုဟုခေါ်ဆိုရမည့် နှစ်ကာလများအတွက်ကြောင့် ကျင်းယွင်ကျောင်းသည် အချိန်ကြာကြာ တွန့်ဆုတ်နေမည်မဟုတ်ပေ။၊
ချောင်ဝေ့မင်က သူမပြောသည်အား ကြားပြီးနောက် အထင်အမြင်သေးစွာ နှာခေါင်းရှုံ့လိုက်သည်။ သူသည် ဤစက်ဆုပ်ဖွယ်ရာကောင်းသော အမိုက်အမဲ၏ဆေးညွှန်းအား ယုံကြည်စိတ်ချရမှုကို လျစ်လျူရှုလိုက်ပြီး ယဲ့ချင်အား ကယ်တင်နိုင်မည့် တခြားရွေးချယ်မှု ရှိဦးမည်ဆိုလျှင်တောင်မှ သူ လုံးဝသဘောတူမည်မဟုတ်ပေ။
(T/N : ပြောချင်တာက ယဲ့ချင်ကိုကယ်ဖို့ ယွင်ကျောင်းဆီက ဆေးညွှန်းအပြင် အခြားနည်းလမ်းရှိသေးရင်တောင်မှ ထပ်ကုမပေးနိုင်ပါဘူးတဲ့ ။ ပိုက်ဆံကုန်လို့ :3 )
ယဲ့ချင် ရောဂါဖြစ်နေသည်မှာ အချိန်အတော်ကြာပြီဖြစ်၍ သူတို့သည် သူမအတွက် ယွမ်နှစ်သောင်းကျော် သုံးစွဲခဲ့ရပြီးဖြစ်၏။ အကယ်၍ ဆေးကုသမှုခံယူပြီးသည့်တိုင် သူမသည် သတိလစ်မေ့မြောနေပြီး သေမှန်း ရှင်မှန်းမသိနိုင်သည့် အခြေအနေတွင်သာ ဆက်ရှိနေဦးမည်ဆိုပါက အနာဂတ်တွင် ကုန်ကျမည့် သူမ၏ဆေးကုသစရိတ်များအား ထည့်သွင်းစဥ်းစားရပေဦးမည်။ ထိုစရိတ်များအား ဘယ်သူက လာပေးပါမည်နည်း။
သူသည် သူ၏အိပ်ရာကို နွေးထွေးစေရန်နှင့် သူ၏သားသမီးများကိုမွေးဖွားပေးရန် ဇနီးမယားတစ်ယောက်ကို လက်ထပ်ခဲ့ခြင်းဖြစ်သည်၊ ကျန်းမာရေးချူချာသည့် ဝန်ထုပ်ဝန်ပိုးတစ်ခုကို လက်ထပ်ခဲ့ခြင်းမဟုတ်ပေ။
“တော်လောက်ပြီ၊ နင်က အဓိပ္ပာယ်မရှိတာတွေကို ပိုပိုပြီး ပြောနေတော့တာပဲ၊ ထွက်သွားစမ်း။”
ချောင်ဝေ့မင်သည် ဆရာမကျင်၏မျက်နှာကိုလည်း မထောက်နိုင်တော့ဘဲ ဒေါသတကြီး ဟိန်းဟောက်ပစ်လိုက်သည်။
မူလက လူနာဆောင်သည် တိတ်ဆိတ်နေ၏။ သူ၏ဒေါသတကြီး ကြိမ်းမောင်းသံများက ပတ်ဝန်းကျင်ရှိ လူများအား ခေါင်းတယမ်းယမ်း ဖြစ်သွားစေသည်။
ကျင်းယွင်ကျောင်းသည် သက်ပြင်းတစ်ချက် ခပ်ပြင်းပြင်းချလိုက်ပြီး ဆက်နေရန် အကြောင်းပြချက်မရှိတော့မှန်း သဘောပေါက်သွားသဖြင့် ဆေးရုံလူနာဆောင်ထဲမှ ထွက်လာခဲ့တော့၏။
“ကျင်းယွင်ကျောင်း မင်းက အရမ်းငယ်သေးတယ်၊ ဒီတော့ ဆေးညွှန်းကို ဘယ်ကနေရလာတာလဲ၊ အခု မင်း လိမ်ပြောနေတာများလား။ “
ဆရာမကျင်က အနည်းငယ် ကသိကအောက်ဖြစ်နေဟန်ဖြင့် မေးလာသည်။
“ဒါဆို ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ ဆရာမ။ ဆရာဝန်တစ်ယောက်လောက် သွားရှာပြီး သူ့ရဲ့ထင်မြင်ချက်ကို နားထောင်ကြည့်ရအောင်၊ ဒါဆို ကျွန်မပြောတာ မှန်မမှန် ဆုံးဖြတ်နိုင်ပြီလေ။”
ကျင်းယွင်ကျောင်းသည် ဆရာမကျင်၏တုံ့ပြန်မှုကို မစောင့်တော့ဘဲ သူမအား အရှေ့တိုင်းသမားတော်များရှိရာ ဌာနသို့ ဆွဲခေါ်လာခဲ့သည်။
ယဲ့ချင်၏တာဝန်ခံဆရာဝန်သည် အနောက်တိုင်းဆရာဝန်တစ်ဦးဖြစ်သောကြောင့် သူမ၏ဆေးညွှန်းနောက်ကွယ်ရှိ အကျိုးသက်ရောက်မှုများကို နားမလည်နိုင်ပေ။ ထို့ကြောင့် ကျင်းယွင်ကျောင်းသည် သူ့ဆီသို့သွားရမည့်အစား ဆေးရုံ၏နာမည်အကြီးဆုံး အရှေ့တိုင်းသမားတော်ထံသို့သာ သွားရန် ဆုံးဖြတ်ခဲ့သည်။
ထိုအရှေ့တိုင်းသမားတော်ကြီးသည် အသက်ခြောက်ဆယ်ကျော်ခန့်ဖြစ်ပြီး အတော်လေး နာမည်ကြီး၏။ ကျင်းယွင်ကျောင်းသည် ယခင်က ယဲ့ချင်အား ဆေးရုံသို့ အဖော်လိုက်ပေးစဥ်က သူ့ကို မြင်ဖူးခဲ့သည်။
ထို့အပြင် ထိုအချိန်က ယဲ့ချင်သည် ထိတ်လန့်ပျာယာနေသောအချိန်ဖြစ်ပြီး သူမသည် သူမ၏ရောဂါနှင့်ပတ်သက်ပြီး သူ့ဆီမှအကြံဉာဏ်ရယူရန် အလောတကြီးသွားခဲ့၏။ သမားတော်ကြီးက သူမအား ဆေးညွှန်းအနည်းငယ်ရေးပေးခဲ့သည်၊ ထို့နောက်သူမ၏ရောဂါသည် ကုသခြင်းနှင့်အနားယူခြင်း နှစ်မျိုးစလုံး လိုအပ်ပြီး အနားယူခြင်းမှာ အဓိကဦးစားပေးဖြစ်ကြောင်း ပြောခဲ့သည်။ ထို့အပြင် စိတ်မရှည်ဘဲ အလျင်လို၍ မရကြောင်းလည်း ပြောခဲ့၏။ သို့သော် ယဲ့ချင်က စိုးရိမ်ကြောက်ရွံ့နေခဲ့သည်။ သူမသည် သူ၏အကြံဉာဏ်ကို လိုက်နာနေလျှင် အချိန်ကြာနေလိမ့်မည်ဟု သံသယရှိလာခဲ့သည်၊ ထို့ကြောင့် ရက်အနည်းငယ်ကြာပြီးနောက် သူမသည် သူနှင့် ဆက်မပြတော့ဘဲ အနောက်တိုင်းဆရာဝန်တစ်ဦးဆီသို့ ပြောင်းပြခဲ့၏။
ထို့နောက် ယဲ့ချင်သည် အနောက်တိုင်းဆရာဝန်က သူမကို လုံးဝ ပျောက်ကင်းအောင် မကုသပေးနိုင်မှန်း သိသွား၍ အရှေ့တိုင်းသမားတော်ဆီသို့ ပြန်ပြရန် ကြိုးစားခဲ့သည်။ ကံဆိုးစွာဖြင့် သူမသည် ကုသမှု ခံယုနိုင်မည့် အခွင့်အရေးနှင့် လွဲချော်ခဲ့ရပြီဖြစ်၏။ သမားတော်ကြီးက ဆန္ဒရှိလျှင်တောင် သူမအား ထပ်မံ၍ မကုသပေးနိုင်တော့ချေ။
“ကောင်မလေး၊ မင်းကိုကြည့်ရတာ အရမ်းရင်းနှီးနေသလိုပဲ။”
သူမအား မြင်သောအခါ သမားတော်ကြီးက မှတ်ချက်ချလာသည်။
“သမားတော်ကန် ကျွန်မက ကျင်းယွင်ကျောင်းပါ။ ကျွန်မရဲ့အမေက ယဲ့ချင်ပါ။ သူ အရင်က ရှင့်ဆီကို လာပြဖူးပါတယ်။”
ကျင်းယွင်ကျောင်းက သူမ၏အိတ်ထဲမှ စာရွက်ပိုင်းလေးတစ်ခုအား ဆွဲထုတ်လိုက်ရင်း ရှင်းပြ၏။
“အခြေအနေက ဒီလိုပါရှင့်။ ကျွန်မရဲ့အမေက လက်ရှိအချိန်မှာ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေပြီးတော့ ကျွန်မက သူ့အတွက် ဆေးညွှန်းတစ်ခု ရှာတွေ့ခဲ့ပါတယ်။ အဲဒါက သူ့အတွက် အကူအညီ ဖြစ်လောက်မလားဆိုတာကို တစ်ချက်လောက်ကြည့်ပေးနိုင်မလားရှင့်။”
သမားတော်ကန်သည် သူမအား သေချာစိုက်ကြည့်လိုက်မိ၏။ နေ့စဉ်နှင့်အမျှ ထူးထူးဆန်းဆန်း ကြုံတွေ့နေရသော်လည်း ယခုတစ်ခါကမူ အထူးခြားဆုံးဖြစ်သည်။
များသောအားဖြင့် လူအများသည် သူ့ဆီသို့ ကုသမှု ခံယူရန်လာရောက်ကြ၏။ သို့သော် ဤတစ်ကြိမ်တွင်တော့ တစ်စုံတစ်ယောက်သည် သူ့အား ဆေးညွှန်းကြည့်ခိုင်းရန် ဤနေရာသို့ ရောက်ရှိနေသည်။
ထိုမိန်းကလေးအား သူမှတ်မိ၏။ သူမသည် အလွန်လေးစားဖွယ်ကောင်းသော သမီးတစ်ယောက်ဖြစ်၏။ သူမသည် သူမ၏မိခင်ဖြစ်သူ ဆေးရုံတက်စဥ်က ကြိုးစားပမ်းစား ပြုစုစောင့်ရှောက်ခဲ့သည်။ ထို့ကြောင့် ဆေးရုံရှိ ဆရာဝန်အားလုံးက သူမနှင့်ပတ်သက်၍ အထင်အမြင်ကောင်းရှိကြ၏။
အိုမင်းနေသော လက်တစ်စုံက စာရွက်ပိုင်းလေးကို လက်ခံယူလိုက်ပြီး ဖွင့်ဖတ်ကြည့်လိုက်သည်။
သို့သော် တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ၏အမူအရာက အေးစက်သွား၏။
“ကောင်မလေး။ မင်း ဒါကို ဘယ်ကရလာတာလဲ။”
“ကျွန်မရဲ့ ရှစ်ဖူး (T/N: ဆရာ)က ကျွန်မကို ဒါသင်ပေးခဲ့တာပါ။ ဒါပေမယ့် ရှစ်ဖူးက ကမ္ဘာပတ်ရတာကို သဘောကျလို့ သူကတော့ ထွက်သွားပါပြီ။ ဒါကြောင့် ကျွန်မလည်း ဒီအကြောင်းကို များများစားစား မသိပါဘူး။ ဒါက အမေ့ကို ပျောက်အောင် ကုမပေးနိုင်ရင်တောင်မှ သူ့အသက်ကို ဆွဲဆန့်ပေးနိုင်မယ်လို့တော့ ထင်ပါတယ်။”
ကျင်းယွင်ကျောင်းက အလောတကြီး ဖြေရှင်းချက်ပေးလိုက်၏။
ဤဟာသည် သူမ ဘိုးဘေးဆီမှ သင်ကြားခဲ့သည့် ဆေးညွှန်းတစ်ခုကို ပထမဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်သည်။ သူမ ရှာတွေ့ခဲ့သည်က မှားလား မှန်လား သူမ မသိပေ။
“မင်း ပျောက်အောင်မကုနိုင်ရင် ငါကုနိုင်တယ်။ ဒီဆေးညွှန်းအတိုင်း ခုနစ်ရက်ဆက်တိုက် သောက်လိုက်ရင် သူရဲ့ အခြေအနေက သေချာပေါက်ပိုကောင်းလာလိမ့်မယ်။ အဲဒီအချိန်ကျ ငါ့ရဲ့ဆေးကို သုံးလိုက်မယ်ဆိုရင်…”
သမားတော်ကန်၏မျက်ဝန်းများတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နေသည်။
သူသည် သူ့ကိုယ်သူ တကယ့်ငတုံးတစ်ယောက်ဟု ခံစားနေရ၏။ ဤဆေးအမျိုးအစားကိုသုံးဖို့ အဘယ့်ကြောင့် မစဉ်းစားခဲ့မိသနည်း။
သမားတော်ကန်၏ပြောစကားကြောင့် ဆရာမကျင် အံအားသင့်ဆွံအသွားရသည်။ သူမ ဘာပြောရတော့မှန်း မသိချေ။
“လာ၊ မင်းရဲ့အမေကို သွားကြည့်ကြစို့။”
သမားတော်ကန်က အလောတကြီးပြောလိုက်၏။