အခန်း (၁၃-၁၆)
Vol. 1 Ch. 13-16
Chapter 13 : ကုသမှုကို လက်လျော့ခြင်း
သူတို့သုံးဦး လူနာခန်းသို့ အလောတကြီးပြေးသွားကြရာ ချောင်ဝေ့မင်သည် ဆရာဝန်တစ်ယောက်နှင့် အချေအတင်ပြောနေသည်အား တွေ့လိုက်ရသည်။
“ဒေါက်တာဝမ် အစတုန်းကတော့ ခင်ဗျားက သူ ပိုကောင်းလာမှာလို့ပြောခဲ့တယ်။ ဒါကြောင့် ကျုပ်တို့က ငွေအများကြီးအကုန်ကျခံခဲ့တာ။ ဒါပေမယ့် အခုကျတော့ ကျုပ်ဇနီးက သေတော့မယ်လေ၊ ခင်ဗျားတို့ဆေးရုံအနေနဲ့ ကျုပ်ကို ရှင်းပြချက် မပေးသင့်ဘူးလား။”
“ချောင်လူကြီးမင်း ကျွန်တော်က ပြန်ကောင်းလာဖို့ အခွင့်အရေးရှိနိုင်တယ်လို့ပဲ ပြောခဲ့တာပါ။ ကျွန်တော်လည်း သူ့ရဲ့အခြေအနေက ဒီလောက်မြန်မြန်ဆန်ဆန် ဆိုးသွားလိမ့်မယ်လို့ မထင်မိခဲ့ဘူးလေ။ လူတိုင်းက ခန္ဓာကိုယ်ချင်းမှ မတူတာ။”
ဆရာဝန်က ရှင်းပြ၏။
“ကျုပ် ဂရုမစိုက်ဘူး။ အခုထိ ကျုပ်တို့အိမ်မှာ ခင်ဗျားရဲ့ဆေးတွေ (T/N- အနောက်တိုင်းဆေးတွေပါ၊ ဆေးပြားတွေလို့လည်း ခေါ်ကြတယ်) ရှိသေးတယ်၊ ဒါပေမယ့် သူ အခု ဒါတွေကို မသောက်နိုင်တော့ဘူး။ မင်းတို့ အဲဒီဆေးတွေကို ပြန်ယူရမယ်။”
ဆေးရုံဘက်က လျော်ကြေးမပေးမှန်း ချောင်ဝေ့မင် သိပြီးသားပင်။ သူလိုချင်သည်မှာ ထိုဆေးများကို ဆေးရုံဘက်မှ ပြန်ဝယ်ရန်သာ ဖြစ်သည်။
ထိုဆေးပြားများသည် ဒေါ်လာတစ်ထောင်ကျော် အသာလေး တန်ပြီး အိမ်တွင် အများကြီးရှိသည်။ ချောင်ဝေ့မင်က ၎င်းတို့ကို ဆေးရုံသို့ ပြန်ရောင်းပြီး ပိုက်ဆံရနိုင်သမျှယူရန် ကြံစည်နေခြင်းဖြစ်၏။
“ဒါဆိုလည်း…အိုခေ ကောင်းပြီလေ၊ မသုံးရသေးတာတွေကို ပြန်ယူလာခဲ့ပါ။ ကျွန်တော် ကြည့်လုပ်ပေးပါ့မယ်။”
ဒေါက်တာဝမ်က ပြောလိုက်သည်။
သမားတော်ကန်သည် ထိုနေရာသို့ လျှောက်သွားရင်း အပြန်အလှန်ပြောနေကြသည်များအား ကြားလိုက်ရာ ခေါင်းယမ်းလိုက်မိ၏။
“ဒီက ချောင်လူကြီးမင်း ဟုတ်ပါတယ်နော်။ ခင်ဗျားရဲ့သမီးက ကျုပ်ကို သူ့ရဲ့ဆေးညွှန်း လာပြတယ်။ အဲဒါက အလုပ်ဖြစ်မှာ သေချာတယ်။ ခင်ဗျား ဒီဟာကို ဘာလို့ အခုချက်ချင်း သွားမယူသေးတာလဲ။”
သူက ကြားမှ ဖြတ်ပြောလိုက်သည်။
(T/N- အရှေ့တိုင်းဆေးဆိုတာ အနောက်တိုင်းဆေးလို ဆေးပြားတွေ မဟုတ်ဘူး၊ ဆေးပင်တွေနဲ့ သဘာဝပစ္စည်းတွေပါ။ ဆေးညွှန်းထဲမှာ ပြောထားတဲ့ ပါဝင်ပစ္စည်း ဆေးအမယ်တွေကို ကိုယ့်အိမ်ကို ယူသွားပြီး ကျိုချက်ရမှာပါ။)
“ခင်ဗျား ဘာကိုဆိုလိုတာလဲ။”
ချောင်ဝေ့မင် နားမလည်နိုင်တော့ပေ။
ကျင်းယွင်ကျောင်းက အိမ်မှာပဲ တစ်နေကုန် တစ်နေခန်း နေ နေတဲ့ ဘာမှမဟုတ်တဲ့ ဆန်ကုန်မြေလေးတစ်ယောက်ပဲလေ၊ ငါတို့က သူ့ရဲ့ဆေးညွှန်းကို သုံးလို့ရတယ်ဟုတ်လား။ ဒါ ဘယ်လိုဟာသမျိုးလဲ။
“အဓိပ္ပာယ်က ရိုးရိုးလေးပါ။ လူနာကို ကယ်တင်နိုင်တယ်။ ခင်ဗျားတို့ ဒီဆေးညွှန်းအတိုင်း လိုက်နာပြီး လုပ်ကြည့်ရင် သူ အသက်ရှင်ဖို့ အခွင့်အရေးရှိတယ်။”
သမားတော်ကန်က ဆက်ရှင်းပြ၏။
ချောင်ဝေ့မင်က မျက်မှောင်ကြုတ်ပြီး နားထောင်နေသည်။
ခဏမျှကြာသောအခါ သူက ပါးစပ်ဟပြီး ပြောလာ၏။
“ဒီဆေးညွှန်းက ကျင်းယွင်ကျောင်းရဲ့ဟာ မဟုတ်လား။”
“ဟုတ်ပါတယ်။”
သမားတော်ကန်က မငြင်းပေ။
“ဒါဆို ကျုပ် ဒါကို သုံးခွင့်မပြုနိုင်ဘူး။”
ချောင်ဝေ့မင်က အေးစက်စက် ပြောလိုက်သည်။
“ခင်ဗျားတို့ဆရာဝန်တွေက ကျုပ်ဇနီးကို မကယ်နိုင်တော့ဘူးလို့ ပြောခဲ့တယ် ။ ကျုပ်တို့က သူထွက်သွားဖို့အတွက် ပြင်ဆင်ပြီးခါကျပြန်တော့လည်း ခင်ဗျားတို့က ဒီစောက်ရေးမပါတဲ့ ဆေးညွှန်းတွေနဲ့ ကုဖို့ ဆုံးဖြတ်ကြပြန်တယ်။ ပြီးတော့ အဲဒါက ကျုပ်သမီးရဲ့ဆေးညွှန်း၊ ခင်ဗျားတို့ များသွားပြီလေ၊ ဒီလိုသာဆိုရင် အစကတည်းက ကျုပ်သမီးကို ကုခွင့်ပြုခဲ့သင့်တာ မဟုတ်ဘူးလား။ အဲဒီအပြင်ကို သူက ခုထိ အသက်မပြည့်သေးတဲ့ ကောင်မလေးတစ်ယောက်သာသာပဲ။ တကယ်လို့ သူ့ဆေးညွှန်းက မှားသွားခဲ့ရင် ခင်ဗျားတို့ကောင်တွေ တာဝန်ယူမှာလား။”
“ဒီအချိန်မှတော့ လူနာရဲ့အခြေအနေက ပိုဆိုးမလာနိုင်တော့ပါဘူး၊ ဒါကြောင့် တစ်ခါလောက် ကြိုးစားခွင့်ပြုပါ။”
ချောင်ဝေ့မင် ဤမျှပြောရဆိုရ လက်ပေါက်ကပ်သည်အား သမားတော်ကန် မယုံကြည်နိုင်အောင် ဖြစ်နေ၏။
ပုံမှန်အားဖြင့် လူနာများနှင့် သူတို့၏မိသားစုဝင်များက အသက်ကယ်ပေးဖို့ သူ့အား တောင်းဆိုကြသည်သာဖြစ်သည်။ လူနာတစ်ယောက်ကို ကယ်ခွင့်ပေးရန် သူကိုယ်တိုင် တောင်းဆိုနေရသည်မှာ ဒါ ပထမဆုံးအကြိမ်ပင်။
ချောင်ဝေ့မင်က ဆက်ပြောသည်။
“ကြိုးစားမယ်ဟုတ်လား၊ ဘာအတွက်လဲ။ ကျုပ်ရဲ့ဇနီးက လုံလုံလောက်လောက် ခံစားခဲ့ရပြီးပြီ၊ အခု နောက်ဆုံး သူ လွတ်မြောက်ခွင့်ရတော့မှာလေ။ ခင်ဗျားတို့က သူ့ကို အေးအေးချမ်းချမ်း မသေစေချင်ကြဘူးလား။ အဲဒါထက်… ဒေါက်တာဝမ်၊ ခင်ဗျားက ကျုပ်ဇနီးရဲ့ တာဝန်ခံဆရာဝန်ပါ။ ဒီအဘိုးကြီးက ဘယ်ကနေ ထွက်လာတာလဲ။”
ဒေါက်တာဝမ်သည် လူငယ်ဆရာဝန်တစ်ဦးဖြစ်၏။ သူသည် နိုင်ငံခြားမှ ပညာတော်သင်ပြန်လာပြီး သူ၏အနာဂတ်သည် အခွင့်အလမ်းကောင်းများနှင့် ပြည့်နေသည်။ သူက မကျေမနပ်ဖြစ်သွား၏။
သူသည် လူနာ၏အခြေအနေမှာ မျှော်လင့်ချက်မရှိတော့ဟု ဆုံးဖြတ်ထားပြီးဖြစ်သည်။ အဓိပ္ပာယ်မှာ တခြားသူတစ်ယောက်ကသာ လူနာကို ကယ်တင်လိုက်နိုင်လျှင် သူလည်း နာမည်ပျက်ပေလိမ့်မည်။
“သမားတော်ကန်၊ ကျွန်တော် ခင်ဗျားရဲ့အသက်အရွယ်နဲ့ဂုဏ်ပုဒ်ကို လေးစားပါတယ်ဗျာ။ ဒါပေမယ့်... ခင်ဗျားဟာက နည်းနည်း အဓိပ္ပာယ်မရှိဖြစ်နေတယ်မဟုတ်ဘူးလား။ လူနာရဲ့မိသားစုက ဆက်မကုတော့ဘူးလို့ ပြောထားပြီးသားပါ။ ဒါကို ခင်ဗျားက ဒီအတိုင်း ဆက်ပြီး ခေါင်းမာနေရင် ကောင်းမှာ မဟုတ်ဘူးလေ။”
ဒေါက်တာဝမ်က ပြုံး၍ ဆိုလိုက်၏။
သမားတော်ကန်၏ရင်ထဲတွင် ဒေါသများပြည့်နှက်နေသည်။ သူသည် ဤမျှ ကျိုးကြောင်းဆီလျော်မှုမရှိသော မိသားစုဝင်တစ်ယောက်ကို ယခင်က တစ်ခါမှ မတွေ့ဖူးခဲ့ပေ။
သူ ကန်စုန့်ပိုင်သည် ဆေးရုံ၏ နာမည်ကြီး သမားတော်များထဲမှ တစ်ဦးဖြစ်၏။။ သူက ဆေးညွှန်းကို အတည်ပြုထားပေးပြီးသော်လည်း ဖိနပ်စုတ်တစ်ရံကဲ့သို့ ဘေးဖယ်ခံလိုက်ရသည်။
ထို့အပြင် ဤအသက်အရွယ်ထိနေထိုင်လာသော အတွေ့အကြုံအရ သူ ကောင်းကောင်း လူကဲခတ်တတ်သည်။
ချောင်ဝေ့မင်သည် ဆေးညွှန်းကို မယုံကြည်သောကြောင့် သူ့ကို ငြင်းပယ်ခဲ့သည်လား။ မဟုတ်ပေ...သူက သူ၏ဇနီးဖြစ်သူအား ကယ်ချင်စိတ်မရှိ၍ ဆိုသည်မှာ အသိသာပင်။
ကန်စုန့်ပိုင်သည် စစ်မှန်သော ဆေးပညာသမားတော်တစ်ဦး ဖြစ်သော်လည်း အကယ်၍ တစ်ဖက်လူမှသာ ငြင်းဆန်နေပါက သူ လုပ်နိုင်သည်မှာ များများစားစားမရှိပေ။
သူ သက်ပြင်းချလိုက်ပြီး အခန်းထဲမှ ထွက်လာလိုက်တော့၏။ ထို့နောက် သူက ကျင်းယွင်ကျောင်းကို ကြည့်လိုက်ပြီး ပြောလာသည်။
“ကောင်မလေး၊ မင်းရဲ့အဖေကမှ ဆန္ဒမရှိမှတော့ ငါလည်း အများကြီး မတတ်နိုင်တော့ဘူး။ မင်းလည်း စိတ်လျှော့လိုက်ပါတော့။”
ကျင်းယွင်ကျောင်းက ခေါင်းညိတ်ပြပြီး ပြန်ဖြေလိုက်၏။
“ကျွန်မ နားလည်ပါပြီ။ ကျေးဇူးတင်ပါတယ် သမားတော်ကန်။”
သူမက ကြင်ကြင်နာနာနှင့် မျက်နှာသာပေးခဲ့သော်လည်း ချောင်မိသားစုက လက်ခံရန် ဆန္ဒမရှိမှတော့ နောက်ဆိုလျှင် ဒါ သူမ၏အလုပ် မဟုတ်တော့ပေ။ ယခုအချိန်မှစ၍ သူမသည် ချောင်မိသားစုပေါ်၌ ကျေးဇူးကြွေးတင်မနေတော့ပေ။ သူမအား ပြန်လည်ပေးဆပ်ရမည့် အချိန်ရောက်လာပြီဖြစ်သည်။
Chapter 14 : ယုတ်မာသော သွေးထိုးမှု
ချောင်ဝေ့မင်၏ ဆုံးဖြတ်ချက်သည် သမားတော်ကန်ကိုသာမက ဆရာမကျင်ကိုပါ ဒေါသထွက်စေခဲ့သည်။
ဆရာမကျင်သည် ငယ်ရွယ်ပြီး ကြင်နာတတ်သူတစ်ယောက်ဖြစ်သည်။ သူမသည် ကျင်းယွင်ကျောင်းအား သနားမိသော်လည်း တစ်ချိန်တည်းမှာပင် ကျင်းယွင်ကျောင်း၏အနာဂတ်အတွက် စိတ်ပူမိပြန်၏။
သူမ၏မိခင်အရင်းမရှိတော့သည့်နောက် ဤကလေးအား အိမ်၌ မည်ကဲ့သို့ ပြုမူဆက်ဆံနေကြမည်နည်း။ ကျင်းယွင်ကျောင်းတွင်် မောင်နှမများရှိသော်လည်း ချောင်ဟုန်ယဲ့နှင့်ချောင်ကျစ်ကျိုးတို့သည် ဘေးထွက်၍ ကြည့်နေကြသည်သာဖြစ်၏။ သူတို့သည် ကျင်းယွင်ကျောင်းနှင့် လုံးဝရင်းနှီးပုံမပေါ်ပေ။
ဆရာမကျင်သည် အခြေအနေကိုသိသော်လည်း ဘာမှမလုပ်ပေးနိုင်ပေ။ သူမ ကျောင်းသို့ ပြန်မသွားခင် ကျင်းယွင်ကျောင်းအား အနည်းငယ် နှစ်သိမ့်ပေးရုံသာတတ်နိုင်သည်။
ယဲ့ချင်သည် မကြာမီ နောက်ဆုံးထွက်သက်သို့ ရောက်တော့မည်ဖြစ်ရာ သူမကို ဆေးရုံတွင် တစ်ည ဆက်ထားခဲ့ကြ၏။ ချောင်ဝေ့မင်သည် မဟာပုရိသဝါဒကို သက်ဝင်ယုံကြည်သူဖြစ်ပြီး လူများအား ပြုစုစောင့်ရှောက်ရခြင်းကို ဘယ်တုန်းကမှ မနှစ်သက်ခဲ့သော်လည်း ကျင်းယွင်ကျောင်းက ယဲ့ချင်အား တိတ်တဆိတ် ဆေးတိုက်မည်ကို စိုးရိမ်သဖြင့် သူသည် ဆေးရုံတွင်သာ စောင့်နေခဲ့သည်။
ချောင်ဟုန်ယဲ့သည်လည်း သူမ၏ ဂုဏ်သိက္ခာကို အလွန်ဂရုစိုက်သည်ဖြစ်ရာ ဆေးရုံတွင်သာ စောင့်ပေးနေခဲ့၏။ တစ်ဖက်တွင်တော့ ချောင်ကျစ်ကျိုးသည် အလိုလိုက်ခံရခြင်းနှင့် အသားကျနေပြီဖြစ်သည်။ ထို့ကြောင့် သူသည် ညဆယ့်တစ်နာရီထိုးသောအခါ လက်လျှော့လိုက်ပြီး အခြားသူများက သူ့အား မည်သို့တွေးကြမည်ဆိုသည်ကိုလည်း ဂရုမစိုက်ဘဲ အိမ်ပြန်သွားတော့၏။
နောက်တစ်နေ့ နေ့လယ်ပိုင်းတွင်တော့ သေခြင်းတရား၏ အငွေ့အသက်များက အခန်းထဲ၌ ပျံ့နှံ့သွားတော့သည်။
ယဲ့ချင်၏ အသက်မဲ့နေသောမျက်နှာသည် ပိတ်ဖြူစ၏အောက်တွင် ရှိနေ၏။
ကျင်းယွင်ကျောင်း သက်ပြင်းရှိုက်လိုက်သည်။ ဤကဲ့သို့ အားမကိုးရသော ယောက်ျားကို ရှာခဲ့ခြင်းအတွက် ယဲ့ချင်ကိုသာ အပြစ်တင်ရုံပင်။
ယဲ့ချင်၏ဈာပနသည် ရိုးရိုးရှင်းရှင်းပင်ဖြစ်၏။ ဆွေမျိုးများနှင့် ရင်းနှီးသော မိတ်ဆွေများက ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲကြောင်းကိုပြရန် လာရောက်ကြသည်။ ချောင်မိသားစုသည် ဧည့်သည်များကို နှုတ်ဆက်ရန် ကြိုးစားရင်း အလုပ်များနေကြ၏။ ရက်အနည်းငယ်ကြာပြီးနောက်တွင်တော့ လူတိုင်းသည် ခြေကုန်လက်ပန်းကျကုန်ကြသည်။
ဈာပနပွဲပြီးဆုံးသွား၍ နောက်ဆုံးတွင်တော့ သူတို့လည်း အနားရသွားကြပြီဖြစ်၏။
အိမ်ထဲတွင် ချောင်ဝေ့မင်သည် စိတ်အေးလက်အေး ဘီယာသောက်နေသည်။ သူ ဝမ်းနည်းချင်ယောင်ဆောင်ရန် မလိုတော့ပေ။ ချောင်ဟုန်ယဲ့နှင့်ချောင်ကျစ်ကျိုးတို့သည် ထမင်းစားခန်းထဲရှိ စားပွဲတွင် ထိုင်နေကြ၏။ သူတို့သည် အတန်ငယ် ဝမ်းနည်းသလို ခံစားနေရသော်လည်း သူတို့လည်း ယဲ့ချင်၏ ရောဂါကြောင့် စိတ်ပင်ပန်းနေကြပြီဖြစ်သည်။ ထို့ကြောင့် သူတို့သည်လည်း အေးအေးဆေးဆေးပင်။
“ဖေဖေ၊ မနက်ဖြန်ကျ သမီးနဲ့ ချောင်ကျစ်ကျိုးနဲ့ ကျောင်းသွားရတော့မလား။ သမီးတို့ အတန်းတွေနောက်ကျနေပြီ။ ထပ်ပြီး နောက်ကျနေရင် စာတွေ အမှီလိုက်နိုင်မှာ မဟုတ်တော့ဘူး။”
ချောင်ဟုန်ယဲ့က သူမ၏ထင်မြင်ချက်ကို ပြောလာသည်။
ချောင်ဝေ့မင်၏မျက်နှာက အရက်အရှိန်ကြောင့် နီရဲနေ၏။ သူ၏ခေါင်းက ရီဝေဝေနှင့် ပေါ့ပါးနေသည်။
“အိုခေ ဟုတ်ပြီလေ။ နင်တို့သုံးယောက်လုံး သွားလို့ရပြီ။
“ဖေဖေ…မေမေလည်း မရှိတော့ဘူး။ ဒီမှာ အိမ်မှုကိစ္စတွေလုပ်မယ့်သူ မရှိတော့ဘူး၊ ပြီးတော့ မေမေ နေမကောင်းတုန်းကလည်း မေမေက ပိုက်ဆံတွေအများကြီးသုံးသွားတာ။ သမီးတို့အားလုံးကို တစ်ပြိုင်တည်း ကျောင်းထားပေးပြီး ကျွေးမွေးပြုစုပျိုးထောင်ရတာ ဖေဖေ့အတွက် အရမ်းခက်ခဲမှာပဲ... အားလုံးက သမီးရဲ့အမှားတွေပါပဲ။ သမီးက အရမ်းငယ်သေးတော့ ဖေဖေ့ဆီက ဒီဝန်ထုပ်ဝန်ပိုးကြီးကို မျှမယူနိုင်သေးဘူး။”
ချောင်ဟုန်ယဲ့က တောင်းပန်စကားဆိုလာ၏။
ကျင်းယွင်ကျောင်း မျက်ခုံးပင့်၍ ပြုံးလိုက်မိသည်။ သူမ မှတ်မိတာသာ မှန်ပါက ချောင်ဟုန်ယဲ့သည် သူမအောက် တစ်နှစ်သာ ငယ်၏။
ချောင်ဟုန်ယဲ့ ဘာကိုဆိုလိုချင်နေမှန်း သူမ အဘယ်ကြောင့် နားမလည်ဘဲ နေမည်နည်း။ အကြီးဆုံးသမီးက ကျောင်းထွက်၍ သူတို့အား ပြုစုလုပ်ကိုင်ပေးစေချင်နေသည်ပင်။
ယဲ့ချင်အသက်ရှင်နေစဥ်ကလည်း ယဲ့ချင်သည် ကျင်းယွင်ကျောင်းအား ကျောင်းထွက်စေချင်ခဲ့၏။ သို့သော် ကျင်းယွင်ကျောင်းအတွက် ကျောင်းစရိတ်လုံးဝမကုန်သောကြောင့် သူမသည် ထိုအကြံကို လက်လျှော့ခဲ့သည်။ အခြားအကြောင်းရင်းတစ်ခုမှာ သူမသည် တခြားသူများ၏ အတင်းစကား ဆိုခြင်းကို မခံချင်ပေ။
ကျင်းယွင်ကျောင်းသည် အမှတ်ကောင်းသောကြောင့် နာမည်ကြီး၏။ အကယ်၍ သူမသာ ကျောင်းထွက်ရမည်ဆိုလျှင် ယဲ့ချင်က သူမအား ကျောင်းတက်ခွင့်မပေးဘဲ သားသမီးများကို မမျှမတဆက်ဆံသည်ဟု လူအများက ပြစ်တင်ဝေဖန်ကြမည်မှာ အသေအချာပင်။ လူများသည် အတင်းအဖျင်းပြောရသည်ကို နှစ်သက်၏၊ ယဲ့ချင်သည် သူတို့၏အကြောင်းအား တခြားသူများက ထောက်ပြပြောဆိုခြင်း မခံချင်သည်မှာ သဘာဝပင်။
“သမီးလိမ္မာလေး၊ နင်က သမီးလိမ္မာလေးပဲ။”
လက်ရှိအချိန်တွင် ချောင်ဝေ့မင်သည် အမူးလွန်နေပြီး ချောင်ဟုန်ယဲ့ ဆိုလိုချင်သည့် အဓိပ္ပာယ်ကို သဘောမပေါက်ပေ။
ချောင်ဟုန်ယဲ့သည် ကိစ္စများကို ပိုရှင်းသွားအောင် လုပ်ချင်ခဲ့သော်လည်း သူမအဖေ၏အခြေအနေကို မြင်သောအခါ နောက်နေ့တွင် ဤအကြောင်းအား မေ့သွားမည်ကို စိုးရိမ်၍ ခဏသည်းခံ အောင့်အီးထားရန်သာ ဆုံးဖြတ်လိုက်သည်။
နောက်တစ်နေ့တွင် သူမသည် ကျင်းယွင်ကျောင်း အိမ်မှ မနက်အစောကြီး ထွက်သွားသည်အား တွေ့လိုက်ရ၏။
ချောင်ဟုန်ယဲ့သည် ချောင်ဝေ့မင်၏အခန်းထဲသို့ အမောတကော ပြေးဝင်မသွားမီ ထိုအကြောင်းကို စဥ်းစားနေခဲ့သည်။
အရက်နံ့များက တစ်ခန်းလုံး မွှန်ထူနေသဖြင့် သူမ မျက်မှောင်ပင် ကြုတ်သွားရ၏။
သူမသည် ချောင်ဝေ့မင်အား အိပ်ယာပေါ်တွင် အတွင်းခံဘောင်းဘီတစ်ထည်တည်းဖြင့် အိပ်နေသည်ကို တွေ့လိုက်ရသည်။ ပြတင်းပေါက်များကိုလည်း ပိတ်ထားပြီး တစ်ခန်းလုံး ရှုပ်ပွနေ၏။ ချောင်ဟုန်ယဲ့က အသန့်ကြိုက်သူဖြစ်ရာ ထိုမြင်ကွင်းကြောင့် သူမ ရွံရှာစက်ဆုပ်သွားလေသည်။
သို့သော် သူသည် သူမ၏ဖခင်အရင်းပင် ဖြစ်၏။ ချောင်ဟုန်ယဲ့ သက်ပြင်းချလိုက်ပြီး အော်လိုက်သည်။
“ဖေဖေ! ထပါဦး။”
Chapter 15 : ကောင်းတဲ့အရာတွေကိုကျ မသင်ယူဘူး
ချောင်ဝေ့မင်သည် ခေါင်းကိုက်နေသဖြင့် အနည်းငယ် စိတ်ဆတ်နေသည်။
“စောက်ခွေးမလေး၊ နင် ဘာလို့ မနက်အစောကြီး အော်ဟစ်နေတာလဲ။ နင် ဖြစ်ချင်တာကို မြန်မြန်ပြောစမ်း။ ငါ အိပ်နေတာကို လာမနှောက်ယှက်နဲ့။”
ချောင်ဟုန်ယဲ့သည် ခံနိုင်ရည်ဝနေပြီဖြစ်၏။ သူမတွင် ချောင်ဝေ့မင်အား ဆန့်ကျင်ရန် အစွမ်းအစလည်း မရှိသဖြင့် ပြန်ဖြေရုံသာ တတ်နိုင်သည်။
“ဖေဖေ၊ အစ်မနဲ့ သမီးက ရက်တော်တော်များများ ခွင့်ယူထားတာ။ သမီးတို့ ဒီနေ့ အတန်းတက်စရာတောင် မလိုဘူး။ ညကျမှ ကျောင်းကို အတက်ပြရုံပဲ။ ဒါပေမယ့် အစ်မက အစောကြီး ထွက်သွားတယ်။ သူ ဟိုလမ်းသရဲတွေကို သွားရှာတာလို့ ဖေဖေ ထင်လား။”
ချောင်ဟုန်ယဲ့သည် တစ်ချိန်လုံး အိမ်တွင်သာ ရှိနေသောကြောင့် မနေ့က ထိုလမ်းသရဲများ အဖမ်းခံလိုက်ရကြောင်း မသိခဲ့ပေ။
ကျင်းယွင်ကျောင်းသည် မကြာသေးခင်ကမှ သူမ၏မိခင်ကို ဆုံးရှုံးခဲ့ရပြီး ကျောင်းသူအရွယ်သာရှိသေးသူတစ်ဦးလည်းဖြစ်၏၊ ထိုကြောင့် ကျောင်းက သူမ၏စိတ်အခြေအနေကို ထည့်သွင်းစဉ်းစား၍ သူမအား အသိမပေးသေးဘဲထားရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် သူမ ကျောင်းပြန်တက်လျှင်တော့ ဆရာမများက သူမအား ထိုလမ်းသရဲများကို အတည်ပြုပေးရန်အတွက် ရဲစခန်းသို့ ခေါ်သွားလိမ့်မည်မှာ အသေအချာပင်။
ချောင်ဝေ့မင်၏မျက်လုံးများ ပွင့်လာသည်။
“နင့်အစ်မ ထွက်သွားပြီ ဟုတ်လား။”
ချောင်ဟုန်ယဲ့က ခပ်မြန်မြန် ခေါင်းညိတ်ပြလိုက်သည်။
“အခုမှ ခုနစ်နာရီပဲ ရှိသေးတာ။ တကယ်လို့ သူ ဘတ်စ်ကားစီးသွားရင် ကိုးနာရီလောက် ခရိုင်မြို့ကို ရောက်မှာ။ ဖေဖေ၊ မမက အဲဒီလမ်းသရဲတွေထဲက တစ်ယောက်နဲ့များ ကြိုက်နေတယ်လို့ ထင်လား။ မဟုတ်ရင် သူ ဘာလို့ ဒီလောက် အလောတကြီးထွက်သွားတာလဲ။ အိုး...ပြီးတော့ မနက်စာ၊ သူ မနက်စာတောင် မလုပ်ပေးခဲ့ဘူး။”
ဤနှစ်များအတွင်း ကျင်းယွင်ကျောင်းသည် အချက်အပြုတ်နှင့်အိမ်မှုကိစ္စများအားလုံး လုပ်ပေးခဲ့သော်လည်း လွန်ခဲ့သည့် ရက်အနည်းငယ်မှစ၍ ထူးဆန်းနေခဲ့သည်။
ကျင်းယွင်ကျောင်းသည် ယဲ့ချင်၏စျာပနသို့ အဆက်မပြတ်ရောက်ရှိလာသည့် ဧည့်သည်များကြောင့် မီးဖိုခန်းထဲတွင်သာ အလုပ်ရှုပ်နေခဲ့ပြီး သူမ၏အချက်အပြုတ်စွမ်းရည်မှာလည်း မကြာခဏ ချီးကျူးခံရသည်။ သို့ရာတွင် သူမသည် သူမလုပ်ရမည့် အိမ်မှုကိစ္စဝေယျာဝစ္စများကို တစ်ခုမှ မလုပ်ခဲ့ပေ။ တစ်မိသားစုလုံး အလုပ်ရှုပ်နေကြသဖြင့် ချောင်ဟုန်ယဲ့နှင့်ချောင်ဝေ့မင်ကလည်း စိတ်ထဲ သိပ်မထားခဲ့ကြချေ။
ယနေ့တွင်တော့ ပိုဆိုး၏။ ကျင်းယွင်ကျောင်းသည် မနက်ငါးနာရီလောက်ထ၍ မီးဖိုးခန်းထဲသို့ ချက်ပြုတ်ရန် ဝင်သွားခဲ့သည်။ ချောင်ဟုန်ယဲ့က သူမ မနက်အိပ်ယာထလျှင် ပူပူနွေးနွေး မနက်စာစားရတော့မည်ဟုသာ တွေးထားခဲ့ပြီး အိုးထဲတွင် ဆန်ပြုတ်တစ်စက်တောင် မကျန်ဘဲ ဟောင်းလောင်းဖြစ်နေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ ကျင်းယွင်ကျောင်းသည် သူမတစ်ယောက်တည်းအတွက်သာ မနက်စာ ပြင်ဆင် စားသောက်သွားခြင်းဖြစ်၏။
ထိုမျှသာမကဘဲ သူမက ကျင်းယွင်ကျောင်းအား လျှော်ဖွပ်ရန်အတွက် ပေးခဲ့သည့် အဝတ်ညစ်များသည်လည်း တံခါးဝတွင်သာ ရှိနေဆဲဖြစ်၏။ ကျင်းယွင်ကျောင်းသည် သူမ၏အဝတ်များကို လျှော်မပေးခဲ့ပေ။
ကျင်းယွင်ကျောင်းနှင့်ပတ်သက်၍ စိတ်အနှောက်အယှက်ဖြစ်ခဲသော ချောင်ကျစ်ကျိုးသည်ပင် သည်းမခံနိုင်တော့ဘဲ သူမအကြောင်းကို ထုတ်ပြောလာခဲ့သည်။
ချောင်ဝေ့မင်သည် သူတို့ပြောနေကြသည်များအား ကြားသောအခါ သူ၏ခေါင်းက တဖြည်းဖြည်း ကြည်လင်လာ၏။
သူ၏မျက်နှာက မည်းမှောင်သွားပြီး ခဏအကြာတွင် ပြောလိုက်သည်။
“ဟုန်ယဲ့၊ မနက်စာသွားလုပ်တော့။ သူ ပြန်လာရင် ငါ သူ့ဖင်ကိုရိုက်ပြီး ဆုံးမလိုက်မယ်။ သူက ငယ်ငယ်လေးရှိသေးတာကို လမ်းသရဲတွေနဲ့ ဇာတ်လမ်းတွေ စနေရဲတယ်ပေါ့။ သူက ဘာလို့ ကောင်းတဲ့အရာတွေကိုကျ မသင်ယူရတာလဲ။”
ချောင်ဟုန်ယဲ့က သူမကိုယ်တိုင် မနက်စာလုပ်ရမည်ဟု ကြားသောအခါ မပျော်မရွှင်ဖြစ်သွားသော်လည်း သူမသည် ခဏကြာအောင် အလေးအနက်စဥ်းစားနေပြီးနောက် ပြောလာ၏။
“ဖေဖေ၊ ကျောင်းက လူတွေအကုန်လုံးက အစ်မက အဲဒီလမ်းသရဲတွေဆီ ပါသွားပြီလို့ပဲ ပြောနေကြတာ...သူ အဲလိုအဆင့်အတန်းနိမ့်ကျသွားတာကို မြင်ရတာ သမီး ဝမ်းနည်းတယ်။ သမီးတို့ ဘယ်လို...ဘယ်လိုလုပ်ကြမလဲ၊ သူ့ကို အိမ်မှာပဲနေပြီး အချိန်ခဏလောက် ပြန်စဉ်းစားဆင်ခြင်ခိုင်းကြမလား။ သူ့ကို ဒီလမ်းသရဲတွေနဲ့ လုံးဝအဆက်အသွယ် ဖြတ်ပစ်ရအောင်လေ။”
ကျင်းယွင်ကျောင်းကို အိမ်ထဲတွင်သာ ပိတ်လှောင်ထားချင်လွန်းသဖြင့် ချောင်ဟုန်ယဲ့၏နှလုံးသားက ခုန်ပေါက်နေသည်။ ကျင်းယွင်ကျောင်းသာ မရှိလျှင် ချောင်ဟုန်ယဲ့ဆိုသော သူမသည် ကျောင်းတွင် ပြိုင်ဘက်မရှိ အဆင့်တစ်ဖြစ်လာလိမ့်မည်။ အဲဒီနောက်တွင်တော့ သူမအား ထိုအဆင့်အတန်းနိမ့်သော သူတောင်းစားမအောက် နိမ့်သည်ဟု မည်သူကမှ ဝေဖန်တော့မည် မဟုတ်ပေ။
ချောင်ဝေ့မင်သည် သူ၏သမီးကို ကြည့်လိုက်သည်။ သူ ဘာတွေးနေကြောင်း သူတို့ မပြောတတ်ပေ။
စက္ကန့်အနည်းငယ်ကြာပြီးနောက်တွင် သူက ခေါင်းညိတ်လိုက်ပြီး ပြောလာ၏။
“နင်ပေးတဲ့အကြံက သိပ်မဆိုးဘူး။ ငါ သူ့ကို နှစ်တွေအကြာကြီး ကျွေးမွေးလာခဲ့တာ။ သူ့ကို ကျောင်းထားရတဲ့ အကြောင်းအရင်းကလည်း တခြားယောက်ျားတွေကို မြူဆွယ်ဖို့ မဟုတ်ဘူး။ ငါ နေ့လည်ကျ နင်နဲ့အတူတူ ကျောင်းကို လိုက်လာပြီး သူ့ကို အိမ်ပြန်ခေါ်ခဲ့မယ်။”
ချောင်ဝေ့မင်သည် ထိုပိန်ပါး၍ လှပသိမ်မွေ့သော သွင်ပြင်အကြောင်း မစဥ်းစားဘဲ မနေနိုင်ချေ။ သူ ထိုသို့ စဥ်းစားလိုက်သောအခါ သူ၏ခန္ဓာကိုယ်မှ တစ်စုံတစ်ရာ၏တုံ့ပြန်မှုကိုလည်း ရုတ်တရက် ခံစားလိုက်ရသည်။
သူ့ဇနီးက ကွယ်လွန်သွားပြီဆိုတော့ သူလည်း သေချာပေါက် အသစ်ကလေးတစ်ယောက် ထပ်ရတော့မှာပေါ့။
(FH: လူ့ငနွား)
သို့ရာတွင် သူ၏ဇနီးအသစ်သည် ကျင်းယွင်ကျောင်းကဲ့သို့ ငယ်ရွယ်ပြီး ဆွဲဆောင်မှုရှိသောသူ ဖြစ်လိမ့်မည်မဟုတ်ကြောင်း သူ ရှင်းရှင်းလင်းလင်း သိသည်။ သူသည် သူမအား နှစ်ပေါင်းများစွာ ကျွေးမွေးပြုစုပျိုးထောင်လာခဲ့သည်ဖြစ်ရာ တခြားသူများက သူမအား အမြတ်ထုတ်သွားမည်ကိုလည်း ခွင့်မပြုနိုင်ပေ။ အကယ်၍ သူသည် သူမအား အများကြီးအသားယူ၍ မရလျှင်တောင်မှ အနည်းဆုံးတော့ မျက်စိအစာကျွေးလို့ရသည်။
Chapter 16 : ပထမဆုံးအကြိမ် ပိုက်ဆံရှာခြင်း
ထိုအချိန်တွင် ချောင်ဟုန်ယဲ့သည် ချောင်ဝေ့မင်၏ ယုတ်ညံ့သော အကြံအစည်များကို ရှင်းရှင်းလင်းလင်း သတိမပြုမိခဲ့ပေ။ သူမသည် ကျင်းယွင်ကျောင်း ကျောင်းဆက်မတက်နိုင်တော့သည့် အကြောင်းကိုသာ တွေးနေခဲ့ပြီး သူမ၏ခံစားချက်မှာလည်း အနည်းငယ် ကောင်းမွန်လာခဲ့သည်။
ထို့ကြောင့် သူမသည် ချောင်ဝေ့မင်၏စကားကို နားထောင်ပြီးမနက်စာ လုပ်လေ၏။
သို့ရာတွင် ချောင်ဟုန်ယဲ့သည် ယခင်က အိမ်မှုကိစ္စများကို တစ်ခါမှမလုပ်ခဲ့ဖူးချေ။ သူမ၏မနက်စာမှာ မြိုချရန်ပင် ခက်ခဲလှသဖြင့် ချောင်ဝေ့မင်ဆီမှ ထပ်မံ၍ ဆူပူကြိမ်းမောင်းခံလိုက်ရသည်။
ချောင်အိမ်၌ ထိုကိစ္စများဖြစ်ပျက်နေစဥ်တွင် ကျင်းယွင်ကျောင်းသည် ခရိုင်မြို့သို့ ရောက်နေပြီဖြစ်၏။
ဘတ်စ်ကားခငွေကို ဖယ်လိုက်လျှင် သူမတွင် ယွမ်ဆယ်ဂဏန်းသာ ကျန်တော့သည်။ သူမ၏ပညာသင်စရိတ်မှာလည်း အကန့်အသတ်နှင့်ဖြစ်ပြီး ချောင်မိသားစုက သူမကို မုန့်ဖိုးပဲဖိုး သုံးစရာငွေတစ်ပြားတစ်ချပ်မှ မပေးဖူးချေ။ သူမသည် ရံဖန်ရံခါ မူလတန်းနှင့် အလယ်တန်း ကလေးများကို ကျူရှင်ပြ၍ ပိုက်ဆံရှာခဲ့သော်လည်း သူမမှာ ငွေရေးကြေးရေးကျပ်တည်းနေဆဲပင်။
သို့သော် ယခုတစ်ကြိမ်တွင်တော့ သူမသည် ငွေရပေါက်တစ်ခုကို ရှာတွေ့ခဲ့သည်။
စျာပနအတောအတွင်း၌ လူတိုင်းသည် အလုပ်ရှုပ်နေကြရာ သစ်သီးများစွာသည် အလဟဿဖြစ်၍ ပုပ်သိုးသွားခဲ့သည်။ သူမသည် ချောင်မျိုးရိုးများ အိမ်တွင် မရှိသည့်အချိန်ကို အခွင့်ကောင်းယူ၍ ပန်းသီးစေ့၊ လိမ္မော်သီးစေ့များကို ယူကာ သိမ်းထားခဲ့၏။ ထို့နောက် ညဘက်၌ သူမ၏ နေရာလွတ်နယ်မြေထဲတွင် ၎င်းအစေ့များအား စိုက်ပျိုးထားခဲ့ရာ ရလဒ်မှာ မဆိုးလှချေ။
နဂါးခေါင်းပုံစံထွင်းထားသော ကျောက်တုံးမှ စီးကျနေသော ရေသည် ကြီးထွားမှုအရှိန်မြှင့်ပေးနိုင်သည့် အစွမ်းရှိသော်လည်း သူမသည် လောင်းရမည့် အချိုးအစားပမာဏ၏ အခန်းကဏ္ဍကို မှန်မှန်ကန်ကန် လုပ်ဆောင်တတ်ရန် လိုအပ်သေး၏။
သာမန်သစ်သီးများ၏ကြီးထွားမှုအရှိန်ကို မြှင့်လိုပါက နဂါးရေပူစမ်းမှ ရေသည် ရေတွင်းမှရေ၏ ငါးရာစ တစ်စသာ လိုသည်။(T/N : သူ့အချိုးက ရေတွင်းထဲကရေ အစက်ငါးရာမှာမှ နဂါးရုပ်ကထွက်လာတဲ့ အပြာရောင်ရေ တစ်စက်ပဲ လိုတာပါ) အကယ်၍ သူမ ပိုလောင်းမိသွားပါက အသီးပင်သည် သေမသွားသော်လည်း အသီးများကမူ ပုံမှန်ထက်များစွာ ကြီးထွားလာမည်ဖြစ်၏။ သူမသာ ထိုအသီးများကို အပြင်သို့ယူသွားလျှင် မလိုအပ်ဘဲ ပြဿနာများ ကြီးသွားနိုင်သည်။
မူလက သူမသည် ရေပန်းမှ ထွက်လာသော ရေမှာ ရေတွင်းထဲမှ ရေများပင်ဖြစ်သည်ဟု ထင်ခဲ့မိ၏။ သို့သော် စမ်းသပ်မှုအချို့လုပ်ပြီးနောက် ၎င်းမှာ အခြားနေရာမှရေဖြစ်ကြောင်း သိခဲ့ရသည်။
ရေတွင်းထဲမှ ရေသည် သာမန်ရေဖြစ်ပြီး ၎င်းကို တိုက်ရိုက်သုံးစွဲနိုင်သည်။ ထို့ကြောင့် သူမ၏အပင်များအား ရေလောင်းရန် အပြင်မှရေကို မလိုတော့ရာ သူမအတွက် အဆင်ပြေလေသည်။
ဘတ်စ်ကားပေါ်မှဆင်းလာပြီးနောက် ကျင်းယွင်ကျောင်းသည် လူပြတ်သောနေရာတစ်ခုကို ရှာ၍ သူမ၏နေရာလွတ်နယ်မြေထဲမှ ပန်းသီးအပြည့်ထည့်ထားသည့် ခြင်းတောင်းတစ်တောင်းကို ထုတ်ယူလိုက်၏။ ၎င်းခြင်းတောင်းကို သူမ ရေပူစမ်းရေများ အလွန်အကျွံလောင်းထားသော ပန်းသီးပင်၏ အကိုင်းအခက်များနှင့် ရက်လုပ်ထားခြင်းဖြစ်ရာ အလွန်ခိုင်ခံသည်။
သူမသည် ကျင်းတစ်ရာမက အလေးချိန်စီးသော ခြင်းတောင်းကို နောက်ကျောပိုးလိုက်၏။ ၎င်းမှာ လေးလံလွန်းလှသည်။
(T/N: ကျင်း (斤)ဆိုတာ တရုတ်အလေးချိန်ယူနစ်တစ်ခုပါ။ မြန်မာမှာဆို ပိဿာလို အသုံးအနှုန်း။ ၁ ကျင်း = ၀.၅ ကီလိုဂရမ် = ၁.၁ပေါင် )
ကံကောင်းစွာဖြင့် သူမသွားလိုသည့်နေရာမှာ သိပ်မဝေးပေ။ မကြာခင်မှာပင် သူမသည် ခြင်းတောင်းအလေးကြီးကို ကျောပေါ်မှ ချလိုက်ပြီး သူမ၏ဆိုင်ခန်းငယ်ကို ဖွင့်လှစ်ရန် ပြင်ဆင်လိုက်တော့သည်။
လိမ္မော်သီးများက ပို၍စျေးချိုချိုဖြင့် ရောင်းခဲ့ပြီး သူမက အရေးပေါ်ငွေလိုနေသောကြောင့် လိမ္မော်သီးများကို သူမ၏နေရာလွတ်နယ်မြေထဲတွင်သာ ထားခဲ့လိုက်၏။ သို့ရာတွင် သူမ၏ပန်းသီးများကမူ နီရဲကာ လုံးဝန်းနေသည်။ ၎င်းတို့သည် ကုန်စိမ်းဆိုင်များတွင် ရောင်းသည့် အသီးများထက် ပို၍ ကြည့်ကောင်းပေရာ ရောင်းရလွယ်သင့်သည်။
မျှော်လင့်ထားသည့်အတိုင်း ဆယ်မိနစ်မပြည့်သေးခင်မှာပင် ဝယ်သူတစ်ယောက်ရောက်လာ၏။
“ဒီပန်းသီးတွေက ဘယ်လောက်လဲ။”
ထိုအမျိုးသမီးကြီးက ပန်းသီးများကို သဘောကျကျေနပ်နေသော မျက်နှာထားဖြင့် ထိကြည့်လိုက်ပြီး နမ်းကြည့်လိုက်သည်။ ထို့နောက် သူမ၏စိတ်ထဲတွင် ဤပန်းသီးများသည် အခြားဆိုင်များရှိ အရောင်ကို သာမန်ထက်ပို၍တောက်ပအောင် ဓာတုဆေးများစွာ သုံးထားသည့်ပန်းသီးများနှင့် မတူဘဲ အရောင်အနည်းငယ်ဖျော့ကာ မွှေးပျံ့သော အနံ့ချိုချိုလေးရှိသည်ဟု ဆက်တွေးလိုက်မိ၏။
ကျင်းယွင်ကျောင်းသည် ချောင်မိသားစုအတွက် လိုအပ်သည့် ပစ္စည်းပစ္စယများကို ဝယ်ခြမ်းပေးရသည့် တာဝန်ကို ယူထားရသောကြောင့် သူမသည် စျေးထဲရှိ ပန်းသီး၏ပေါက်စျေးအား သိနေသည်။
“အန်တီ တစ်ကျင်းကို ခြောက်ယွမ်ပါရှင့်။”
ကျင်းယွင်ကျောင်းက ပြုံး၍ ယဥ်ယဉ်ကျေးကျေး ပြန်ဖြေလိုက်၏။
ပန်းသီးများသည် စျေးမကြီးသော်လည်း အရည်အသွေးကောင်း၏။ စျေးချင်းတူသည့် အခြားဆိုင်များနှင့်ယှဥ်လျှင် သူမ၏ပန်းသီးများက အများကြီးပိုကောင်းလေသည်။
မူလကတည်းက ထိုအမျိုးသမီးကြီးသည် စျေးသယ် မိန်းမပျိုလေး၏အကြောင်းကို သိချင်နေခဲ့ခြင်းဖြစ်၏။ ကျင်းယွင်ကျောင်း၏အသံကို ကြားလိုက်ရသောအခါ ကျင်းယွင်ကျောင်းအပေါ်တွင် အထင်အမြင်ကောင်းများ ချက်ချင်းတိုးပွားသွားသည်ဖြစ်၍ သူမသည် ပန်းသီးဆယ်လုံးမက ဝယ်သွားရန် တွန့်ဆုတ်မနေတော့ချေ။
သူမ၏ပန်းသီးများသည် သာမန်ထက် အနည်းငယ်ပိုကြီးသော်လည်း သူမတွင် ရောင်းစရာ ပန်းသီးများများစားစား မရှိပေ၊ ကျင်းယွင်ကျောင်းသည် မျက်စိတစ်မှိတ်အတွင်း၌ ယွမ်သုံးဆယ် ရှာလိုက်နိုင်၏။ ထိုအမျိုးသမီးကြီး ဝယ်သွားပြီးသည်နှင့် ကျင်းယွင်ကျောင်း၏စီးပွားရေးလေးမှာလည်း ပို၍ပို၍ကောင်းလာသည်။
လေးနာရီအတွင်း ခြင်းတစ်ခြင်းလုံး ပြောင်သွားလေပြီ။
သူမ၏အိတ်ကပ်ထဲရှိ ယွမ်ခုနစ်ရာကို ထိကြည့်လိုက်ပြီး ကျင်းယွင်ကျောင်း အနည်းငယ် စိတ်လှုပ်ရှားသွား၏။
အတိတ်ဘ၀တွင် သူမသည် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော်လည်း အမြဲတမ်း သူတစ်ပါးအတွက်သာ ရှင်သန်ခဲ့ရသည်။ သူမသည် မရေမတွက်နိုင်သော အလုပ်များကို လုပ်ခဲ့ရသော်လည်း သူမသည် အမြဲတမ်း လူမွဲတစ်ယောက်သာ ဖြစ်ခဲ့၏။
(T/N : ဇာတ်လိုက်က အရင်ဘဝတုန်းက အသက်တိုပါတယ်၊ သူက အသက်နှစ်ဆယ်ကျော်မှာ သေခဲ့တာပါ။)
သို့သော် ယခုဘဝတွင်တော့ သူမ ဘယ်တော့မှ ထိုသို့ ထပ်မံ၍ ရှင်သန်သွားမည်မဟုတ်ပေ။