← Chapters

အခန်း (၁၇-၂၀)

Vol. 1 Ch. 17-20

အခန်း (၁၇-၂၀)

Vol. 1 Ch. 17-20

Chapter 17 : ပရဆေးပစ္စည်းစျေး

အခြားစျေးဆိုင်ငယ်ပိုင်ရှင်များ၏ အားကျသော အကြည့်များအောက်တွင် ကျင်းယွင်ကျောင်းသည် သူမ၏ပစ္စည်းများကို ထုပ်ပိုးသိမ်းဆည်း၍ ထွက်လာခဲ့သည်။ သူမသည် ကလေးတစ်ယောက်သာဖြစ်ကြောင်း သူမ နားလည်၏။ ဤကဲ့သို့ ငွေရှာခြင်းသည် အချိန်အကြာကြီးနေမှ တစ်ကြိမ်လောက်သာ ပြုလုပ်သင့်ပြီး မကြာခဏသာ လုပ်မိပါက သူမသည် လူပေါင်းများစွာ၏ မနာလိုမုန်းထားစရာ ပစ်မှတ်ဖြစ်လာမည်မှာ အသေအချာပင်။

ဘိုးဘေးပေးခဲ့သည့် ပေလိပ်ထဲတွင် ခန္ဓာကိုယ်ကို သန်မာတောင့်တင်းစေရန် အထောက်အကူပြုမည့် နည်းလမ်းများပါဝင်သည်။ သူမသည် နေရာလွတ်နယ်မြေထဲ၌ ရက်အတော်ကြာ ထိုကိုယ်ခံပညာရပ်များကို လေ့ကျင့်ခဲ့ပြီး သူမ၏အခြေအနေမှာ တိုးတက်လာခဲ့ပြီဖြစ်သော်လည်း သူမကိုယ်သူမ ကာကွယ်ရန်အတွက်တော့ မလုံလောက်သေးပေ။ ထို့ကြောင့် သူမ သတိထားရန် လိုအပ်နေသေးသည်။

“ကောင်မလေး၊ ပန်းသီးတွေရောင်းတဲ့သူဆိုတာ မင်းလား။”

ကျင်းယွင်ကျောင်း ခြေလှမ်းအနည်းငယ်မျှသာ လှမ်းရသေးချိန်တွင် သူမ၏နောက်မှ ရင်းနှီးနေသော အသံတစ်သံ ထွက်ပေါ်လာ၏။

သူမက လှည့်ကြည့်လိုက်ရာ သူမ အကူအညီတောင်းခဲ့ဖူးသည့် ခရိုင်ဆေးရုံမှ သမားတော်ကန်အား တွေ့လိုက်ရသည်။ ယခုအချိန်တွင် အဖိုးအိုသည် တရုတ်ရိုးရာထည်အား ဝတ်ဆင်ထားပြီး လမ်းလျှောက်ထွက်လာပုံပေါ်၏။ သူ၏သွင်ပြင်မှာ ဆေးရုံမှပုံစံနှင့် လုံးဝကွဲပြားနေသည်။

“သမားတော်ကန်၊ သမားတော်ကြီးက ဘာလို့ ဒီရောက်နေတာလဲ။”

ကျင်းယွင်ကျောင်းက ယဥ်ယဥ်ကျေးကျေး ဦးညွတ်လိုက်ပြီး မေးလိုက်၏။

သမားတော်ကြီးက ရယ်ရင်း ပြန်ဖြေသည်။

“ငါ့သမီးက ငါ့ဖို့ အသီးတွေဝယ်လာတာ။ အဲဒါ ငါ့ရဲ့အိမ်နီးချင်းတွေက သဘောကျနေတာနဲ့ ခွဲပြီး သူတို့ကို ဝေမျှပေးလိုက်တာ ပိုင်ရှင်ဖြစ်တဲ့ ငါတောင် တစ်စိတ်မှ မမြည်းကြည့်လိုက်ရဘဲ ကုန်သွားပါရောလား၊ ငါ့သမီးက လုပ်စရာရှိလို့ အပြင်ထွက်သွားတာနဲ့ ထပ်ဝယ်ဖို့ ငါတစ်ယောက်တည်း ဒီကို တိတ်တိတ်လေးထွက်လာတာ။ သူက ငါ့ကိုပြောတယ်၊ ရောင်းတဲ့သူက ဆယ့်ငါး ဆယ့်ခြောက်လောက် ကောင်မလေးတဲ့။ မင်းဖြစ်နေမယ်လို့ ငါ ထင်မထားမိဘူး။”

သမားတော်ကန်က အလွန်သိချင်နေသည်။ ဤမိန်းကလေးသည် အသက်ဆယ့်ခြောက်နှစ်ပင် မပြည့်သေးသော်လည်း ငွေရှာရန် ကိုယ်ပိုင်စျေးဆိုင်လေး ဖွင့်နိုင်နေပြီလား။

တဖန် ၎င်းမှာ စိတ်မကောင်းဖြစ်စရာပင်။ သူမ၏ဖခင်သည် အကျိုးအမြတ်ကလွဲ၍ ဘာမှ ခေါင်းထဲမရှိသော လူတစ်ယောက်ဖြစ်၏။ ဇနီးဖြစ်သူ အိပ်ယာထဲ လဲနေစဥ်မှာပင် သူသည် သူမ၏ဆေးများကို ဆေးရုံသို့ ပြန်သွင်းရန် တွေးနေခဲ့သေးသည်။ ထို့အပြင် သူ၏ဇနီးဖြစ်သူအား ကယ်တင်ရန် အခွင့်အရေးရှိသော်လည်း သူက ငြင်းပယ်ခဲ့သည်။

သမားတော်ကန်သည် ထိုကဲ့သို့သော လူတစ်ယောက်၌ လိမ္မာထက်မြက်သည့် သမီးတစ်ယောက်ရှိနေသည်ကို နားမလည်နိုင်ချေ။

ဆယ်ကျော်သက် မိန်းကလေးသည်လည်း အဖိုးအိုအား အထင်ကြီးလေးစားနေသူဖြစ်ရာ သူမက နောက်တနေ့ နေ့လည်တွင် သူ့ဆီသို့ ပန်းသီးများပို့ပေးခွင့်ပြုရန် တောင်းဆိုခဲ့သည်။ ယခင်ဖြစ်စဥ်၌ သူက သူမအား ကူညီပေးခဲ့သည့်အတွက် ကျေးဇူးတင်သည့် သဘောဖြစ်၏။

“ငါ့ကို ကျေးဇူးတင်စရာမရှိပါဘူးကွယ်။ ငါကသာ မင်းကို ကျေးဇူးတင်ရမှာပါ။ အို..စကားစပ်မိလို့ ငါ မင်းရဲ့ဆေးညွှန်းကို အချောင်မယူနိုင်ဘူး။ ငါနဲ့ ဘဏ်ကိုလိုက်ခဲ့။ ငါ မင်းကိုပေးဖို့ပိုက်ဆံနည်းနည်းထုတ်မလို့။”

သမားတော်ကန်က အလျင်အမြန် ပြောလိုက်သည်။

သမားတော်များအတွက်မူ ဆေးညွှန်းများသည် အလွန်အဖိုးတန်၏။ ဤလုံမပျိုလေး၏ ဆေးညွှန်းကိုသာ ကောင်းကောင်းမွန်မွန် အသုံးပြုပါက ငွေရေးကြေးရေး မဆိုထားနှင့်၊ သမားတော်၏ဂုဏ်သတင်းသည်ပင် အလွန်တိုးပွားလာမည်ဖြစ်သည်။

ဆေးပညာရပ်ကို လေ့လာနေသူများသည် ငွေကြေးအတွက် ၎င်းကို လေ့လာသည်မဟုတ်သော်လည်း သူတို့သည် ဂုဏ်သတင်းကိုမူ အတိုင်းအတာတစ်ခုအထိ အလွန်အလေးထား၏။ ထို့အပြင် သူသည် အနာဂတ်တွင် ရောဂါတူသောသူတစ်ယောက်ကို တွေ့ပါက သူမ၏ဆေးညွှန်းကို အသုံးပြုမည်ဖြစ်သည်။ သို့ရာတွင် ထိုအခြေအနေသာဆိုပါက သူမအနေနှင့် အလွန်နစ်နာ၏။

ကျင်းယွင်ကျောင်း မကြာသေးမီက ဖတ်ရှုလေ့လာခဲ့သော ဆေးပညာရပ်များမှာ ရှေးခေတ်လူများအသုံးပြုခဲ့သည့် နည်းလမ်းအများစုဖြစ်သည်။ ဝိညာဥ်စွမ်းအားရှိသည့် ကျောက်စိမ်းအပိုင်းအတွင်းရှိ ပညာရပ်များတွင် ဆေးညွှန်းများ၏အရေးပါပုံနှင့်ပတ်သက်၍ ဘိုးဘေးက ထပ်ခါတလဲလဲ သတိပေးထားသော စည်းမျဥ်းများပါ ပါဝင်၏။ သို့ဖြစ်၍ သူမသည် သမားတော်ကန်၏ ကမ်းလှမ်းချက်အား နားလည်သည်။

သမားတော်ကြီး၏အပြုအမူမှာ ကောင်းမွန်၏။ အကယ်၍ သူမသာ ထိုငွေကို ငြင်းလိုက်ပါက သူသည် သေချာပေါက် စိုးရိမ်သွားမည်ပင်။

တစ်ဖက်တွင်လည်း ဤဆေးညွှန်းသည် သူမက သူ့အား စစ်ဆေးပေးရန်အတွက် တောင်းဆိုခဲ့သည့်အရာဖြစ်၏။ သူမသာ ငွေကို လက်ခံလိုက်ပါက အရိုအသေမဲ့လွန်းရာကျသည်ဟု သူမ ထင်နေသည်။

သူမက စဉ်းစားပြီး ပြန်ဖြေလိုက်၏။

“ကျွန်မ ပိုက်ဆံ မလိုချင်ပါဘူးရှင့်။ ဒါပေမယ့် ကျွန်မကို သမားတော်ကြီး ကူညီပေးစေချင်တာတော့ ရှိပါတယ်။”

“ဟေ..”

သမားတော်ကန်က သိချင်သောမျက်နှာထားဖြင့် ကြည့်လာသည်။

“ကျွန်မ ဆေးပင်မျိုးစေ့တချို့ဝယ်ချင်တာ၊ ဒါပေမယ့် ကျွန်မ တစ်ခါမှ မဝယ်ဖူးဘူး။ ပြီးတော့ ကျွန်မမှာ ပိုက်ဆံ(ယွမ်)ရာဂဏန်းပဲရှိတာ။ တကယ်လို့ ကျွန်မတစ်ယောက်တည်းသွားရင် ကျွန်မ အသက်အရွယ်ကြောင့် သေချာပေါက် အလိမ်ခံရမှာရယ်။ ဒါကြောင့် ဒီကိစ္စမှာ သမားတော်ကန်ကသာ ကူညီပေးရင် ကျွန်မ တကယ်ကြီး ဝမ်းသာမိမှာပါ။ တကယ်လို့ သမားတော်ကြီး အချိန်ရရင် ကျွန်မကို ပရဆေးပစ္စည််းစျေးထဲကို ခေါ်သွားပေးနိုင်မလားရှင့်။ အတွေ့အကြုံများတဲ့သမားတော်တစ်ယောက်အနေနဲ့ဆိုရင် ဒီပစ္စည်းတွေနဲ့က အရမ်း ရင်းနှီးပြီးသား ဖြစ်နေမှာမို့လို့ပါ။”

သူမက ရှင်းပြလိုက်၏။

လွန်ခဲ့သည့်တစ်ပတ်က ဆေးရုံ၌ ဤမိန်းကလေးက သူမတွင် ဆရာတစ်ယောက်ရှိသည်ဟု ပြောခဲ့သည်။ ထိုအချိန်က သူသည် လူနာ၏အခြေအနေအား စိုးရိမ်နေရာ ထိုအကြောင်းအား အသေးစိတ်မေးရန် အခွင့်အရေးမရလိုက်ပေ။ ယခု သူမအား ကြည့်ရသည်မှာ တကယ့် အလုပ်သင်လေးတစ်ယောက်လိုပင်။ သူမသည် မည်သည့်နာမည်ကျော်သမားတော်၏ သင်ကြားပြသမှုအောက်တွင် ရှိသနည်း။

Chapter 18 : ဆေးပင်မျိုးစေ့များ ဝယ်ယူခြင်း

ကျင်းယွင်ကျောင်း၏ဆရာမှာ မည်သူပင်ဖြစ်စေကာမူ သူတို့၏ဆေးပညာစွမ်းရည်က မနိမ့်ကျသည်မှာတော့ ကျိန်းသေပင်။ သို့မဟုတ်ပါက ဤကဲ့သို့သော ဆေးညွှန်းမျိုးကို ရေးပေးနိုင်ချေ မရှိပါ။ ထူးချွန်သော ဆရာကသာလျှင် ထူးချွန်သောတပည့်ကို မွေးထုတ်ပေးနိုင်သည်။ သူမသည် စတင်သင်ယူနေဆဲ အဆင့်သာရှိသေးသော်လည်း တချို့သူများထက် သာလွန်နေပြီဖြစ်၏၊

သမားတော်ကန်သည် သူမ၏အကြောင်းအား စိတ်ဝင်စားနေသဖြင့် သူမကို အကူအညီပေးရန် သဘောတူလိုက်သည်။ သူက အဘယ်ကြောင့် ငြင်းရပါမည်နည်း။

ဟွားနင်ခရိုင်၏ ပရဆေးပစ္စည်းစျေးသည် သိပ်မကြီးသော်လည်း ရောင်းချသည့် ကုန်ပစ္စည်းများက စုံလင်လှသည်။ သူတို့ဆီတွင် မျိုးစေ့နှင့် အပင်ပေါက် အမျိိုးအစားများစွာရှိ၏။ နာရီဝက်ခန့် ဘတ်စ်ကားစီးပြီးနောက် လူကြီးနှင့်လူငယ် နှစ်ဦးသားသည် လူအနည်းငယ်ရှင်းနေသော စျေးသို့ ရောက်လာကြသည်။ စျေးအတွင်းထဲမှ လတ်လတ်ဆတ်ဆတ် ဆေးနံ့များ ထွက်ပေါ်နေ၏။

ခရိုင်ဈေးသည် တံတားတစ်စင်း၏ အောက်၌ရှိပြီး မြစ်နှင့်မျက်နှာချင်းဆိုင်ဖြစ်သည်။ သူတို့သည် ဆေးဖက်ဝင်အပင်များအပြင် ငှက်အမျိုးအစားအစုံအလင်နှင့် ပန်းမန်မျိုးစုံကိုလည်း ရောင်းချသဖြင့် ထိုနေရာမှာ အတော်လေး နာမည်ကျော်ကြား၏။

သမားတော်ကြီးသည် အမှန်တကယ်ပင် ဤနေရာ၊ဤလူများနှင့် ရင်းနှီးသည်။ သူသည် ကျင်းယွင်ကျောင်းအား စျေးထဲသို့ လျှောက်ပတ်ခေါ်သွားပြီး လိုက်ပြ၏။ သူတို့သည် သူတို့သွားချင်သည့် နေရာသို့ မရောက်မချင်း တစ်နေရာတည်း၌ ကြာကြာမနေကြပေ။

“ဒီဆိုင်ပိုင်ရှင်က မျိုးဆက်ပေါင်းများစွာ ဆေးရောင်းလာကြတာ၊ သူကိုယ်တိုင်လည်း ဆေးဖော်တတ်တယ်။ ဒါပေမယ့် ဒီလုပ်ငန်းက ဆက်လုပ်ဖို့ မလွယ်ဘူး။ တကယ်လို့ မင်းက သူ့ကို ဆေးဖော်ပေးဖို့ တသီးတသန့် သတ်သတ်မှတ်မှတ် မတောင်းဆိုဘူးဆိုရင် သူက ဆေးဖော်ပေးမှာ မဟုတ်ဘူး။ သူက အပင်တွေကို အထဲမှာ ကိုယ်တိုင်စိုက်တယ်။ ဒီဆိုင်က ကြည့်လိုက်ရင် နည်းနည်းရှုပ်နေသလို ထင်ရပေမယ့် အတွင်းထဲမှာရှိတဲ့ ပစ္စည်းတွေက တခြားနေရာတွေထက် ပိုများပြီး ပိုလည်း စုံတယ်ဆိုတာ ငါ အာမခံတယ်။”

ကန်စုန့်ပိုင်က ရယ်ရင်း ရှင်းပြလာသည်။

ကျင်းယွင်ကျောင်းသည် ဆိုင်၏အပြင်ပိုင်းအပြင်အဆင်ကို အကဲခတ်ကြည့်လိုက်၏။ အခြားဆိုင်များနှင့်ယှဉ်လျှင် ဤဆိုင်သည် အတန်ငယ် အိုဟောင်းပုံပေါ်နေသည်။ သို့သော် အပြင်ဘက်၌ ခင်ကျင်းထားသည်များသည် အလွန်သပ်ရပ်၏။ အရေးအကြီးဆုံးအချက်မှာ ဆိုင်ရှင်သည် အပင်များ၏ ဝိသေသ လက္ခဏာများကို ရှင်းရှင်းလင်းလင်း နားလည်ပြီး အနံ့ရှိသော ဆေးပင်များကို တစ်မျိုးချင်း သီးသန့်ခွဲ၍ ထားထားသည်။ သူသည် ဆိုင်အပြင်အဆင်လှပမှုထက် ဆေးပင်များ၏ အစွမ်းသတ္တိများကို ပို၍ အာရုံစိုက်ပုံပင်။

ထိုအကြောင်းပြချက်တစ်ချက်တည်းနှင့်ပင် ကျင်းယွင်ကျောင်းသည် သမားတော်ကန်၏ထင်မြင်ချက် မမှားကြောင်း နားလည်လိုက်သည်။

“ဦးလေးကန် ဒီအချိန်ကြီး ဒီမှာ ဘာဝယ်မလို့လဲ။”

ထိုအချိန်မှာပင် ဆိုင်ရှင်ဖြစ်သူ ထွက်လာပြီး သူတို့အား အပြုံးတစ်ပွင့်နှင့် ကြိုဆိုလာ၏။

ကျင်းယွင်ကျောင်း အံ့သြသွားသည်။ ထိုသူ၏ ဆေးပင်များအပေါ် နားလည်ကျွမ်းကျင်မှုကို ကြည့်၍ ဆိုင်ရှင်သည် အဖိုးကြီးတစ်ယောက် ဖြစ်လိမ့်မည်ဟု သူမထင်ထားခဲ့၏။ သို့သော် အသက်သုံးဆယ်ပင် ကျော်သေးပုံမရသည့် လူငယ်တစ်ဦးဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

“ငါ ဒီနေ့ မိတ်ဆွေလေးတစ်ယောက်ကို ခေါ်လာတာ။ ဝယ်မယ် မဝယ်ဘူးကတော့ သူ့အပေါ်ပဲ မူတည်တယ်ကွာ။”

ကန်စုန့်ပိုင်က ရှင်းပြလိုက်သည်။

ထိုသို့ကြားပြီးနောက် ဆိုင်ရှင်သည် သိချင်စိတ်ဖြစ်လာ၍ သူနှင့်အတူ လိုက်ပါလာသည့် မိန်းကလေးအား ကြည့်လိုက်၏။ သူ၏မျက်လုံးများ တောက်ပသွားသည်။

သူသည် အနက်ရောင်ဆံပင်ရှည်ရှည်၊ နဖူးရှင်းရှင်း၊ အသားဖြူဖြူနှင့် မိန်းကလေးအား တွေ့လိုက်ရ၏။ သူမသည် အလွန်သပ်ရပ်ပြီး ကြည်လင်သော ခံစားချက်ကို ပေးစွမ်းနိုင်သည်။ အရေးအကြီးဆုံးအချက်မှာ သူမသည် အနည်းငယ် ပိန်ကပ်နေသကဲ့သို့ ထင်ရသော်လည်း ရုပ်ချော၍ အရပ်မြင့်သည်က သူမအား အတော်လေး လှပသိမ်မွေ့သွားစေပုံပေါ်၏။

ကျင်းယွင်ကျောင်းက သူစိုက်ကြည့်နေသည်အား အမှုမထားဘဲ ပြောလာသည်။

“ကျွန်မ ရှဲ့ချွမ်ကျစ်၊ခူးကန်၊သာ့ဟွမ်၊နန့်ရှင်းတို့လိုမျိုး ခန္ဓာကိုယ်ထဲမှာ ဝါယောဓာတ်စုတာကို နှိမ်နင်းနိုင်တဲ့ သာမန်မျိုးစေ့နည်းနည်း လိုချင်ပါတယ်။ ကျွန်မရဲ့ရှစ်ဖူးက ဒါတွေကို စိုက်ရတာ ကြိုက်ပေမယ့် အများကြီး မလိုလို့။ ရှင် ကျွန်မကို မျိုးစေ့တွေပြပေးမယ်ဆိုရင် ကျွန်မ ကိုယ့်ဘာသာပဲ ရွေးချင်တယ်။”

(T/N: ဝါယော(ဝါယောဓာတ်အဖြစ်ပြောင်းတာ)ဆိုတာက တရုတ်တိုင်းရင်းဆေးပညာမှာရှိတဲ့ လွန်ကဲခြင်းခြောက်ပါးထဲက တစ်ခုပါ။ ဝါယောဆိုတာ လေဓာတ်ကို ပြောတာပါ။ လေနိုင်ဆေးလိုမျိုး။ )

ထိုအစေ့များကို သူမကိုယ်တိုင်စိုက်သည်ဟု ပြော၍မရချေ။ အဘယ်ကြောင့်ဆိုသော် ချောင်မိသားစုသည် မြို့ထဲရှိ အိမ်တစ်အိမ်တွင် နေသည်ဟုဆိုသော်လည်း သူတို့သည် မူတစ်ဝက်စာ မြေလေးပင် မပိုင်ဆိုင်ပေ။

(T/N : မူ (亩) က တရုတ်ဧရိယာအတိုင်းအတာတစ်ခုပါ။ ၁မူ = 0.0667 ဟတ်တာစ်။)

ချောင်ဝေ့မင်သည် ငယ်စဥ်က တခြားသူတစ်ဦးနှင့် စက်ရုံအသေးစားလေးတစ်ခု စပ်တူတည်ထောင်ခဲ့ဖူးသည်။ သူသည် များသောအားဖြင့် အလုပ်လက်မဲ့ဖြစ်သော်လည်း ထိုလုပ်ငန်းမှ နှစ်စဥ် သင့်တင့်လျောက်ပတ်သော ဝေစုပမာဏကို ရရှိနေဆဲဖြစ်၏၊သို့သော် များများစားစား ကုံလုံသော ပမာဏ မဟုတ်ပေ။

သူမကိုယ်တိုင် ထင်ပေါ်ကျော်ကြားခြင်းထက် လူတိုင်း၏အာရုံကို ဖမ်းစားနိုင်သည့် ဆရာတစ်ယောက်ရှိခြင်းကသာ ပို၍ကောင်း၏။

အကယ်၍ တစ်စုံတစ်ယောက်ကသာ သူမ၏ သီးသန့်ဖြစ်သော နေရာလွတ်နယ်မြေအကြောင်းကို သိသွားပါက သူမ နောက်တစ်နေ့ နေထွက်သည်ကို မမြင်ရတော့ဘဲ ဖြစ်သွားမည်အား အလွန်ကြောက်ရွံ့လှသည်။ ဘိုးဘေး၏သတိပေးချက်များနောက်တွင် အကြောင်းရင်းများစွာရှိ၏။

ဆိုင်ရှင်၏မျိုးရိုးနာမည်မှာ လျိုဖြစ်ပြီး သူသည် သူမ၏တောင်းဆိုချက်အား နားထောင်ပြီးသောအခါ ဆိုင်ထဲသို့ သွက်သွက်လက်လက် လမ်းညွှန်ပြသပေးသည်။

ဆိုင်အတွင်း၌ အပင်မျိုးစေ့များပါသည့် အရွယ်အစားအမျိုးမျိုးရှိသည့် လျှော်ထုပ်များအား အတန်းပေါင်းများစွာစီထား၏။ အိတ်တိုင်းတွင် အထဲရှိ အစေ့များ၏အမည်ဖြင့် နာမည်စာတန်းကပ်ထားသည်။

ကံကောင်းစွာပင် ယခုအချိန်သည် နွေဦးပေါက်စအချိန်ဖြစ်ပြီး ခင်းကျင်းပြသထားသော အစေ့များကလည်း နွေဦးတွင် စိိုက်ပျိုးရသည့် အစေ့အများစုပင်။ ထို့ကြောင့် ကျင်းယွင်ကျောင်းသည်လည်း ဝယ်ယူနေစဥ်အတွင်း များများစားစား စိုးရိမ်မနေတော့ပေ။

မျိုးစေ့များကို ရွေးချယ်နေစဥ်အတွင်း သူမ၏ စိတ်အားထက်သန်နေသော အမူအယာသည် သူမအား ဆေးပညာဗဟုသုတကြွယ်ဝသော ပညာရှင်တစ်ဦးနှင့် ချွတ်စွပ်တူနေစေသည်။ သမားတော်ကြီးကန်၏ နှလုံးသားထဲ၌ သူမကို အထင်ကြီးလေးစားသည့်စိတ်များတိုးပွားလာပြီး တဖွဖွချီးကျူးနေမိ၏။ ကံဆိုးသည်မှာ ဤမိန်းကလေးတွင် ဆရာတစ်ယောက်ရှိနှင့်နေခြင်းပင်။ သူ မနာလိုဘဲ မနေနိုင်ပေ။

Chapter 19 : ပြန်လည်သုံးသပ်ခိုင်းရန် အိမ်ပြန်ခေါ်ခြင်း

ဤမျိုးစေ့များအားလုံး၏စျေးနှုန်းမှာ တစ်ကီလိုလျှင် ယွမ်နှစ်ရာအောက်သာ ရှိပြီး ၎င်းတို့အများစုမှာ ယွမ်တစ်ရာ မကျော်ပေ။ ကျင်းယွင်ကျောင်းသည် စျေးပိုကြီးသော မျိုးစေ့များကို လျှော့ဝယ်ခဲ့ပြီး မျိုးစေ့အမျိုးအစား များများရရန်သာ ကြိုးပမ်းခဲ့သည်။ သူမတွင် ပိုက်ဆံအကန့်အသတ်ရှိသောကြောင့် သူမတတ်နိုင်သမျှကိုသာ အကောင်းဆုံးလုပ်ရမည်ဖြစ်၏။ သို့ရာတွင် သူမ မည်မျှပင် ရောစပ်ပြီး ကိုက်ညီရန် ကြိုးစားကြိုးစား၊ နောက်ဆုံး၌ မျိုးစေ့အမျိုးအစားပေါင်း နှစ်ဆယ်ကျော်သာ ရခဲ့သည်။

အခြား ကျန်ရှိနေသောမျိုးစေ့များကို ကြည့်လိုက်သောအချိန်တွင် သူမ၏မျက်ဝန်းများ၌ လောဘအရိပ်အယောင်လေး ထင်ဟပ်သွားသည်က ဘေးတွင် ရပ်ကြည့်နေသော သမားတော်ကန်နှင့် ဆိုင်ရှင်လျိုအား မပြုံးပဲမနေနိုင်အောင် ဖြစ်စေသည်။

သို့သော် ကျင်းယွင်ကျောင်းတွင်လည်း စည်းမျဥ်းများရှိ၏။ သူမသည် ယခုအချိန်၌ ပိုက်ဆံမရှိသေးသောကြောင့်သာဖြစ်ပြီး ၎င်းက အနာဂတ်တွင်လည်း ပိုက်ဆံရှိလာမည်မဟုတ်ဟု ဆိုလိုခြင်းမဟုတ်ပေ။ ထို့ကြောင့် သူမသည် သမားတော်ကန်၏ ကမ်းလှမ်းမှုအား ငြင်းပယ်ခဲ့သည်။

မျိုးစေ့များဝယ်ရန် နေရာတစ်ခုကို ရှာတွေ့ခဲ့ပြီဖြစ်သည်။ အနာဂါတ်တွင် ပရဆေးပစ္စည်းများ ရောင်းချရန် နေရာတစ်ခုကို ရှာတွေ့ရန်လည်း ခက်ခဲမည်မဟုတ်ပေ။

ခရိုင်ရှိ အကြီးဆုံးဆေးအရောင်းဆိုင်သည် ပရဆေးပစ္စည်းများကို ဝယ်ယူသည့်နေရာလည်းဖြစ်သည်။ သူမတွင်ရှိသော မျိုးစေ့များ ရင့်မှည့်လာရန် အချိန်သိပ်ကြာမည်မဟုတ်ပေ။ ထို့နောက်တွင် စျေးကောင်းနှင့်ရောင်းချလိုက်ရန်မှာ ခက်ခဲသောအရာမဟုတ်ချေ။

သူမ ပြင်းပြင်းထန်ထန် စိုးရိမ်ပူပန်နေသောအရာများကို ဖြေရှင်းလိုက်ပြီးနောက် ကျင်းယွင်ကျောင်း၏စိတ်သည် အတော်လေးပေါ့ပါးသွား၏။ ထို့နောက် သူမသည် သမားတော်ကန်နှင့် လမ်းခွဲလိုက်ပြီး မျိုးစေ့များကို နေရာလွတ်နယ်မြေထဲသို့ မသိမသာ ထည့်လိုက်ကာ ကျောင်းသို့ တန်းလာခဲ့သည်။

လမ်းသရဲအဖွဲ့၏ပြဿနာနှင့်ပတ်သက်၍ ဆရာမကျင်က သူမအား ရဲစခန်းသို့ ထွက်ဆိုချက်တစ်စောင် ရေးရန် ပြောခဲ့၏။ သဘောတရားအရ ဆိုရလျှင် သူတို့သည်ယခုအချိန်တွင် စီရင်ချက်တစ်ခုကို လက်ခံရတော့မည်ဖြစ်သည်။

စာမေးပွဲပြီးသည်နှင့် ကျောင်းသည် ပို၍တိတ်ဆိတ်သွားပြီး ပတ်ဝန်းကျင်က ပို၍ သက်တောင့်သက်သာဖြစ်လာ၏။ သို့သော် ထိုအစား ကျင်းယွင်ကျောင်း ဖြတ်သွားသည့်အခါတိုင်း ထိုနေရာရှိ လူများက သူမအား ထူးထူးဆန်းဆန်းကြည့်နေကြသည်။

“ကျင်းယွင်ကျောင်း မင်းအဖေက ခုနကမှ ကျောင်းထဲကို တရကြမ်း ဝင်သွားတာ။ သူက တအားဒေါသထွက်နေပြီးတော့ မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ကောင်းတဲ့အကျင့်တွေကို မသင်ယူဘူးလို့ ပြောတယ်။ သူက မင်းကို အိမ်ပြန်ခေါ်သွားပြီး မင်းရဲ့လုပ်ရပ်တွေကို ပြန်သုံးသပ်ခိုင်းတော့မလို့တဲ့။”

ကျောင်းသားတစ်ဦးသည် လှောင်ပြောင်သရော်သည့် လေသံဖြင့် သူမအား ရုတ်တရက် ထပြောလိုက်၏။

သူသည် သူမ၏ဖခင်အရင်းမဟုတ်သော်လည်း သူမ၏တစ်ဦးသော လူကြီးသူမ အုပ်ထိန်းသူဖြစ်သည်။ ကိစ္စများက ဆိုးသွားခဲ့ပြီဖြစ်ရာ ကျင်းယွင်ကျောင်းသည်လည်း သူမ၏တာဝန်ဝတ္တရားများမှ မလွတ်မြောက်နိုင်သည်မှာ အမှန်ပင် မဟုတ်လား။

ကျင်းယွင်ကျောင်းသည် အဆင့်ကောင်း၍ ရုပ်ရည်သွင်ပြင်လည်း လှသည်။ ထိုဂုဏ်ရည်နှစ်ခုတည်းနှင့်ပင် လူအများက သူမအား မနာလိုဖြစ်စေရန် လုံလောက်၏။

ထို့အပြင် သူမသည် စကားပြောရသည်ကို မနှစ်သက်ဘဲ အမြဲတမ်း တိတ်တိတ်ဆိတ်ဆိတ် စာအုပ်ဖတ်နေလေ့ရှိရာ အခြားသူများအမြင်တွင် အထင်အမြင်သေးစေသည်။ သူမသည် အနိုင်ကျင့်ရန် လွယ်သည့်ပုံပေါက်နေ၏။

ကျင်းယွင်ကျောင်းက ဂရုမစိုက်ဟန်ဖြင့် လှည့်ကြည့်လိုက်ပြီး မေးလာသည်။

“နင်် ဘာပြောလိုက်တယ်။”

သူမ၏ အေးအေးစက်စက်အသံက အခြားသူများအား တုန်လှုပ်သွားစေခဲ့၏။

ထိုကျောင်းသားသည် ထိတ်လန့်သွားပြီး ရုတ်တရက် အနည်းငယ် မသက်မသာခံစားလိုက်ရဖြင့် ခေါင်းကို လွှဲကာ နှုတ်ခမ်းကိုက်ပြီး ပြန်ဖြေလိုက်သည်။

“ငါက အမှန်အတိုင်းပြောတာပါ။ နင့်အကြောင်း မကောင်းပြောတာ မဟုတ်ဘူး။ ခုနလေးတင်ကမှ နင့်အဖေက ဝင်ပေါက်မှာ အော်ကြီးဟစ်ကျယ်လုပ်နေတာ။ သူပြောတာက နင်က ငယ်ငယ်ရွယ်ရွယ်နဲ့ အရှက်မရှိဘဲ လမ်းသရဲတွေနဲ့ အိပ်တယ်တဲ့။ သူပြောတာတွေက ငါ အခု နင့်ကို ပြန်ပြောပြတာထက်ကို ပိုရိုင်းသေးတယ်။”

ထိုကျောင်းသားက လိမ်ပြောနေခြင်းမဟုတ်ပေ။ ချောင်ဝေ့မင်သည် ကျောင်းသို့ရောက်ရောက်ချင်း အကျိုးသင့်အကြောင်းသင့် မပြောဘဲ တောက်လျှောက်ပြေးဝင်သွားခဲ့၏။ သူသည် အလိုအလျောက်ပင် လုံခြုံရေးများဆီက တားဆီးခံလိုက်ရသည်။

သို့သော် ချောင်ဝေ့မင်က မဖြုံပေ။ သူသည် ဆရာမကျင်ကိုလည်း အော်ဟစ်ကျိန်ဆဲနေပြီး ကောက်နေသော တုတ်ချောင်း၌ ကောက်နေသော အရိပ်သာရှိလိမ့်မည်၊ ဆရာမကျင်က ဘယ်လိုသင်ကြားရမည်ဆိုတာကို မသိသောကြောင့် ကျင်းယွင်ကျောင်းလည်း အနာဂတ်၌ သူမဆီတွင် သင်ကြားဖို့မလိုတော့ဟု ပြောခဲ့သည်။

သူ့အား ကျေနပ်သည်အထိ စိတ်ကြိုက် အော်ဟစ်ဆဲဆိုခွင့်ပြုထားလျှင် သူတို့ နာမည်ပျက်မည် စိုးသောကြောင့် လွန်ခဲ့သော တစ်မိနစ်ခန့်ကမှ ဒါရိုက်တာ(T/N: ဆရာဆရာမများထက် ရာထူးမြင့်၍ ကျောင်းအုပ်အောက် ရာထူးနိမ့်သူ)နှင့် ဆရာမကျင်က သူ့အား ကျောင်းထဲသို့ လာရောက်ခေါ်ဆောင်သွားရ၏။ ကျင်းယွင်ကျောင်းသာ အမြန်သွားပါက အချိန်မီနိုင်သေးသည်။ သို့မဟုတ်လျှင် သူမ၏ကျောင်းထွက် စာရွက်စာတမ်းများ ပြည့်စုံ၍ လက်မှတ်ထိုးပြီးသား ဖြစ်နေလိမ့်မည်။

ကျင်းယွင်ကျောင်းသည် လက်သီးကို တင်းတင်းဆုပ်ထားပြီး သူမ၏မျက်နှာသည် အေးစက်၍ ကြောက်မက်ဖွယ်ကောင်းလာသည်။ အခြားကျောင်းသားများအနေနှင့် သူမအား ဤကဲ့သို့ပုံစံဖြင့် ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။

သူမသည် ကျောင်း၌ အမြဲတမ်း မကောင်းသတင်းဖြင့် ကျော်ဇောခဲ့သည်။ သူမ၏အဆင့်များသည် အလွန်ကောင်း၏။ သို့သော် အထက်တန်းကျောင်း ပထမနှစ်၏ ပထမနှစ်ဝက် တစ်ဝက်မှာပင် သူမ၌ ကောလဟာလများစွာ ထွက်နေခဲ့ပြီဖြစ်သည်။

ပထမဆုံးကျောင်းတက်သည့်နေ့မှာပင် ကျင်းယွင်ကျောင်းသည် စာခိုးချ၍ အဆင့်ကောင်းရခဲ့သည်ဟု တစ်စုံတစ်ယောက်က သတင်းလွှင့်ခဲ့သည်။ ထို့အပြင် သူမသည် အမြဲတမ်း ပစ္စည်းခိုးတတ်ဝှက်တတ်၍ သူမ၏လက်များက ညစ်ပတ်သည်ဟု တစ်စုံတစ်ယောက်က သတင်းလွှင့်ပြန်သည်။ တစ်ယောက်ကဆိုလျှင် သူမသည် အလယ်တန်းကျောင်း၌ ယောက်ျားလေးများနှင့် ကလူ၏မြူ၏ နေရသည်ကို နှစ်သက်သည်ဟု ဆိုခဲ့သည်။ သူမသည် ထိကပါးရိကပါး အပြောအဆိုခံရခဲ့၏။

ထိုကောလဟာလများကြောင့် လူတိုင်းက ကျင်းယွင်ကျောင်းအား ဖယ်ကြဥ်ကြသည်။

ထိုသို့ဖြစ်ခဲ့သော်လည်း ကျင်းယွင်ကျောင်းသည် ထိုကောလဟာလများကို ဘယ်သောအခါမှ ဂရုမစိုက်ခဲ့။ သူမသည် အမြဲတမ်း တစ်ယောက်တည်းသာနေ၍ မည်သူတစ်ဦးတစ်ယောက်ကိုမှ ဆိုးဆိုးဝါးဝါး မဆက်ဆံခဲ့ပေ။ တစ်ခါက တစ်စုံတစ်ယောက်သည် သူမ၏မျက်နှာရှေ့တည့်တည့်သို့လာ၍ လှောင်ပြောင်စော်ကားခဲ့ဖူးသည်၊ သို့သော် သူမသည် ပြန်လည်မတုံ့ပြန်ခဲ့ပေ။

ယနေ့၌မူ မတူတော့ပေ၊ သူမ၏တုံ့ပြန်မှုက အတိတ်တုန်းကနှင့် လုံးဝကွဲပြားခြားနားနေသည်။

Chapter 20 : သူမ၏နာမည်ကို ရှင်းလင်းခြင်း

ထိုကျောင်းသားများသည် ကျင်းယွင်ကျောင်း၏ အကြည့်အောက်တွင် ကြက်သီးမွေးညင်းများပင် ထလာရာ သူတို့၏သူငယ်ချင်းကို ဆွဲ၍ အမြန်ပင် ထွက်သွားကြတော့သည်။ လက်ရှိအခြေအနေ၌ ကျင်းယွင်ကျောင်းသည် တစ်စုံတစ်ခုကြောင့် ရုတ်တရက် စိတ်လွတ်သွားပြီး ကြောက်စရာတစ်ခုခုအား လုပ်လိုက်မည်ကို ထိတ်လန့်ကြောက်ရွံ့နေကြ၏။

ကျင်းယွင်ကျောင်းက အံတင်းတင်းကြိတ်ထားသည်။ အတိတ်ဘဝတုန်းက သူမသည် ထိုကောလဟာလများကို သိပ်ဂရုမစိုက်ခဲ့ပေ။ ထို့ကြောင့်လည်း အဆုံးသတ်၌ သူမသည် လူအများ၏အထင်လွဲခြင်းကို ခံခဲ့ရသည်။

ချောင်ဝေ့မင်၏ ရွံရှာဖွယ်ကောင်းသော မျက်နှာကို တွေးမိလိုက်သောအခါ သူမသည် ဤနေရာတွင် ကြာကြာရပ်မနေနိုင်တော့ဘဲ ရုံးခန်းသို့ အလောတကြီးပြေးသွားခဲ့၏။

သူမ ရုံးခန်းအပေါက်ဝသို့ မရောက်မီမှာပင် ချောင်ဝေ့မင်၏ အထက်စီးဆန်ဆန် ဒေါသတကြီး အော်ဟစ်ကြိမ်းမောင်းသံကို ကြားလိုက်ရသည်။

“ခင်ဗျားတို့ ဆရာဆရာမတွေအားလုံးက တခြားသူတွေကို အကျင့်သီလကောင်းတဲ့ စံပြပုဂ္ဂိုလ်တွေလိုလို ပြောနေကြပေမယ့် ကျုပ်ကတော့ ခင်ဗျားတို့အားလုံးက လူလိမ်တွေချည်းပဲလို့ ပြောလိုက်မယ်။ အဲလိုသာမဟုတ်ရင် ကျင်းယွင်ကျောင်းက လမ်းသရဲတွေနဲ့ပတ်သက်မှာ မဟုတ်ဘူး။ အခုတော့ အံသြစရာမကောင်းဘူးလား။ သူက သူ့ရဲ့ဖြူစင်မှုကို ဆုံးရှုံးသွားပြီ။ ဘယ်သူက ဒီဆုံးရှုံးမှုအတွက် တာဝန်ယူမှာလဲ။ အဲဒီအမိုက်မက စဥ်းစားဥာဏ်မရှိဘူး၊ ဒါပေမယ့် ခင်ဗျားတို့ကလည်း ထူးပြီး ကောင်းမနေဘူးလို့ ကျုပ်ထင်တယ်။”

“ကျုပ် ဂရုမစိုက်ဘူး။ ကျုပ် သူ့ကို ဒီနေ့ အိမ်ပြန်ခေါ်သွားမယ်။ ဒီနေ့ကစပြီး သူ့ကို ဒီစောက်..ကျောင်းဆိုတဲ့နေရာကို ခြေတစ်လှမ်းတောင် လှမ်းခွင့်မပြုနိုင်ဘူး။ သူ့မှာ ကိုယ်ဝန်မရှိသေးတာကိုက ကံကောင်းတယ်လို့ပြောရမယ်။ မဟုတ်လို့ကတော့ ကျုပ် ခင်ဗျားတို့ အားလုံးကို တရားစွဲပြီးနေပြီ။”

ချောင်ဝေ့မင်သည် ဟိတ်ဟန်တစ်ခွဲသားဖြင့် ပြုမူပြောဆိုနေ၏၊ အထူးသဖြင့် ကျင်းယွင်ကျောင်း ယခုအထိ ကျောင်းသို့ မရောက်လာသေးမှန်း သိပြီးသည့်နောက် သူသည် သူ၏စကားများအပေါ် ပို၍ ယုံကြည်ချက်ရှိလာခဲ့သည်။

ချောင်ဟုန်ယဲ့သည်လည်း ရုံးခန်းထဲ၌ ရှိနေခဲ့၏။ သူမသည် ချောင်ဝေ့မင်၏အော်ဟစ်ကြိမ်းမောင်းသံများကို နားထောင်ပြီးနောက် စိတ်မသက်မသာနှင့် ရှက်ရွံ့ခြင်းကို ခံစားနေရသည်။

သူမသည် ကျင်းယွင်ကျောင်းအား ကျောင်းမှထွက်စေလိုခြင်းသာဖြစ်ပြီး ချောင်ဝေ့မင်ကို ဤကဲ့သို့ ဆရာ၊ ဆရာမများအား မစော်ကားစေလိုခဲ့ပေ။ ယခုအချိန်မှစ၍ ကျောင်းတွင် သူမ အဘယ်မျက်နှာနှင့် နေထိုင်ရမည်နည်း။

“ဖေဖေ...ပြဿနာက မမအပေါ်မှာပဲ မူတည်တာပါ။ ဒီမှာ ကျောင်းသားတွေ အများကြီး တက်နေကြတာလေ၊ ဆရာဆရာမတွေက သူ့ကို အမြဲတမ်း အာရုံမစိုက်နိုင်ဘူး။”

ချောင်ဟုန်ယဲ့က ဆရာဆရာမများဘက်မှ ပြောဆိုလိုက်သည်။

ဆရာမကျင်သည် ဒေါသထွက်လွန်းသဖြင့် မျက်လုံးများကိုမှိတ်ကာ စိတ်လျှော့နေရ၏။ ဤကဲ့သို့ အောက်တန်းကျသောသူမျိုး သူမ တစ်ခါမှ မတွေ့ဖူးပေ။

ကျင်းယွင်ကျောင်းသည် တကယ့်ကို မယားပါသမီးတစ်ယောက်ပင်။ အကယ်၍ သူ၏သမီးအရင်းသာ ဆိုပါက သူ ဤကဲ့သို့ အော်ကြီးဟစ်ကျယ် လုပ်ရဲပါမည်လား။

“နင့်ပါးစပ်ကို ပိတ်ထား ခွေးမ။ နင်က ဘယ်သူ့ကိုပြောနေတယ်လို့ ထင်နေတာလဲ။ နင် ဒီလို အဓိပ္ပာယ်မရှိတာတွေ ထပ်ပြီးပြောနေဦးမယ်ဆိုရင် နင့်ကိုလည်း ကျောင်းဆက်မထားတော့ဘူး။”

ချောင်ဝေ့မင်က ချောင်ဟုန်ယဲ့အား ချက်ချင်း ပိတ်ဟောက်ပစ်လိုက်၏။

“ချောင်လူကြီးမင်း၊ ကျင်းယွင်ကျောင်းက ကျောင်းသူကောင်းတစ်ယောက်ပါ။ ကျွန်တော်တို့ သူနဲ့ ပါဝင်ပတ်သက်ခဲ့တယ်လို့ ယူဆရတဲ့ လမ်းသရဲတွေကို စစ်ဆေးမေးမြန်းပြီးပါပြီ။ သူက သူတို့နဲ့ ဘာမှမလုပ်ခဲ့ပါဘူး။”

ဒါရိုက်တာက သူ၏နဖူးပေါ်ရှိ ချွေးများကို သုတ်ရင်း အလောတကြီးရှင်းပြသည်။

ထိုမိန်းကလေး၏အဆင့်များသည် အလွန်ကောင်းမွန်သည်။ အကယ်၍ သူမသာ ကျောင်းဆက်တက်ပြီး နောက်ထပ် နှောက်ယှက်မှုများ ထပ်မကြုံရပါက သူမသည် အကောင်းဆုံးတက္ကသိုလ်သို့ ဝင်ခွင့်ရမည်မှာ အသေအချာပင်။ အကယ်၍ ဤကောင်းမွန်သော အပင်ပေါက်လေးသာ ထိုမတော်တဆဖြစ်ရပ်ကြောင့် ကျောင်းနုတ်ခံလိုက်ရပါက အလကားဖြစ်သွားမည် မဟုတ်လား။

ဒါရိုက်တာက ချောင်ဝေ့မင် ဒေါသပြေစေရန် ရည်ရွယ်၍ လက်ဖက်ရည်တစ်ခွက်ငှဲ့ပေးကာ ယဥ်ယဥ်ကျေးကျေးပြောလိုက်သည်။ သို့သော် သူက ဂရုမစိုက်ဘဲ ခွက်ကို ကြမ်းပြင်ပေါ်သို့ ကိုင်ပေါက်လိုက်ရာ နားကွဲမတတ် အသံထွက်ပေါ်လာ၏။

“သူတို့နဲ့ ဘာမှမလုပ်ခဲ့ဘူးဆိုတာ ခင်ဗျား ဘာကိုဆိုလိုတာလဲ။ ကျုပ်က သူ့အဖေ။ သူ့အကျင့်စရိုက်ကို ကျုပ်က ဘယ်လိုလုပ် မသိဘဲ နေမလဲ။ ခင်ဗျားတို့လို နလပိန်းတုံး ဆရာဆရာမတွေကသာ သူ့ကို ယုံလိမ့်မယ်။ ဒီကိစ္စကလည်း တစ်ကျောင်းလုံးကို ပျံ့နေပြီ။ ခင်ဗျားက ကျုပ်ကို အရူးလို့ ထင်နေတာလား။ “

ချောင်ဝေ့မင်က အလျှော့မပေးပေ။

ကျင်းယွင်ကျောင်းသည် တံခါးဝမှ လျှောက်ဝင်လာခဲ့ပြီး သူမ၏မျက်နှာက မယုံကြည်နိုင်လောက်အောင် ဖြူဖျော့နေသည်။

ထို့နောက် သူမသည် လူ့အရေခွံခြုံထားသည့် မကောင်းဆိုးဝါးအား အေးအေးစက်စက် ကြည့်လိုက်ပြီး ပြတ်သားစွာ ပြောလိုက်၏။

“ရှင်က ကျွန်မရဲ့အဖေလား။ ချောင်ဝေ့မင်၊ ရှင့်မှာ ချောင်ဟုန်ယဲ့နဲ့ချောင်ကျစ်ကျိုးဆိုတဲ့ သားသမီးအရင်းနှစ်ယောက်ပဲ ရှိတာ မဟုတ်ဘူးလား။”

သူမ၏အေးစက်လှသော အသံသည် ဆရာဆရာမများကိုပင် ထိတ်လန့်သွားစေ၏။ ဆရာမတစ်ယောက်က သူမအား ခပ်သွက်သွက် ဆီးကြိုပြီး ပြောလိုက်သည်။

“ကျင်းယွင်ကျောင်း၊ သမီးအဖေကို မြန်မြန်သွားပြီး ရှင်းပြလိုက်ပါကွယ်။ ရဲတွေက အဲဒီလမ်းသရဲတွေကို ဖမ်းထားပြီးပြီ၊ သူတို့က မင်းကို လာပြီး သက်သေထွက်ဆိုစေချင်နေတယ်။ သူတို့က သေချာပေါက် မင်းရဲ့အပြစ်ကင်းစင်မှုကို ပြန်ယူပေးမှာပါ။”

ထိုစကားအား ကြားပြီးနောက် ချောင်ဟုန်ယဲ့၏မျက်လုံးများ ပြူးကျယ်သွားသည်။

ဖမ်းထားပြီးပြီ ဟုတ်လား။

အဖေနှင့်သမီး သားအဖနှစ်ယောက်စလုံးသည် သူတို့ အထဲသို့ ဝင်လာကတည်းက ဆရာဆရာမများကို ရှင်းပြရန် အခွင့်အရေး တစ်ခါမှ မပေးခဲ့ပေ။ သူတို့သည် လမ်းသရဲများ ရှိနေသည့်နေရာအား လုံးဝမသိခဲ့။ အထူးသဖြင့် ချောင်ဟုန်ယဲ့သည် ကျောင်းက ရဲစခန်းသို့ အကြောင်းကြားပေးလိမ့်မည်ဟု မထင်မိခဲ့ပေ။ သူမ ချက်ချင်းပင် ဂနာမငြိမ်ဖြစ်လာသည်။

All Chapters