အခန်း (၂၁-၂၄)
Vol. 2 Ch. 21-24
Chapter 21 : သွေးသားတော်စပ်မှု မရှိသူများ
ချောင်ဟုန်ယဲ့သည် ဂနာမငြိမ်ဖြစ်နေသော်လည်း သူမသည် သူမ ကံကောင်းမည် ယုံကြည်နေဆဲပင်။
သူမသည် ထိုလမ်းသရဲခေါင်းဆောင်နှင့် သိကျွမ်းခဲ့သည်မှာ နှစ်အနည်းငယ်ပင် ကြာပြီဖြစ်သည်။ သူတို့၏ခင်မင်မှုသည် အမြဲတမ်းကောင်းမွန်ခဲ့ပြီး ယခင်ကလည်း သူသည် သူမအား အကူအညီများစွာပေးခဲ့၏။ သူတို့က သူမအား သစ္စာဖောက်လိမ့်မည်မဟုတ်သည်မှာ အသေအချာပင်။
ထိုသို့တွေးလိုက်၍ စိတ်သက်သာရာရသွားပြီး ချောင်ဟုန်ယဲ့က သက်ပြင်း ခပ်ဖွဖွချလိုက်သည်။
ကျင်းယွင်ကျောင်းက ရုံးခန်းထဲသို့ဝင်လိုက်ပြီး အထဲရှိ လူများနှင့် မျက်နှာချင်းဆိုင်လိုက်၏။
“ဆရာတို့၊ ကျွန်မကြောင့် ဆရာတို့ အစွပ်အစွဲခံရတဲ့အတွက် ကျွန်မ အနူးအညွတ်တောင်းပန်ပါတယ်။ ဒါပေမယ့် ယွင်ကျောင်း ဆရာတို့အားလုံးနဲ့ ကျောင်းဆီကနေ အကူအညီတစ်ခု လိုချင်ပါသေးတယ်။ ဒီလိုအကြမ်းဖက်မှုမျိုးကို ကျွန်မ ထပ်ပြီး သည်းမခံနိုင်တော့ပါဘူး။”
“ကျင်းယွင်ကျောင်း၊ နင်က ဘယ်လိုအကြမ်းဖက်မှုကိုများ ကြုံခဲ့ရလို့လဲ ဟမ်.. နင့်ကို ငါမရိုက်ရင် နင်က နင့်နေရာနင် သိမှာ မဟုတ်တော့ဘူး။”
ချောင်ဝေ့မင်သည် ရမ်းကားနေကျဖြစ်၍ စကားပြောပြီးသည်နှင့် ချက်ချင်းပင် လက်ကို မြှောက်လိုက်လေ၏။ သို့သော် သူ၏လက်သည် ကျင်းယွင်ကျောင်း၏မျက်နှာကို မရိုက်မိဘဲ သူမက ထိုလက်အား ဖမ်းဆွဲထားလိုက်သည်။
ဤတစ်ပတ်အတွင်း၌ ကျင်းယွင်ကျောင်းသည် နေ့တိုင်းနီးပါး နေရာလွတ်နယ်မြေထဲသို့ ဝင်ချိန်ရရန် ကြိုးစားခဲ့သည်။ ထိုနေရာလွတ်နယ်မြေထဲတွင်လည်း သူမသည် အချိန်အများစုအား ကျောက်စိမ်းအပိုင်းရှိ ဆေးပညာရပ်များကို စုပ်ယူခြင်း၊ မဟုတ်ပါက ကိုယ်ခံပညာလေ့ကျင့်ခြင်းတို့နှင့်သာ ကုန်ဆုံးစေခဲ့၏။ သူမသည် အနည်းငယ်သာ လေ့ကျင့်ရသေးသဖြင့် သိသိသာသာ မတိုးတက်လာသေးပေ။ သို့သော် သူမ၏လက်အားသည် ယခင်ကထက် အများကြီးပို၍ သန်မာလာခဲ့၏။
“နင်က ပိုပိုပြီးတော့ မောက်မာလာတာပဲ။ နင် ငါ့လက်ကို ကာရဲတယ်ပေါ့ ဟုတ်လား။ ငါ နင့်ကို သေအောင် ရိုက်ပစ်မယ်၊ ဘာပဲဖြစ်ဖြစ် နင်က အရှက်မရှိတဲ့ အောက်တန်းစားမပဲ ။”
ကျင်းယွင်ကျောင်း၏အပြုအမူကြောင့် ချောင်ဝေ့မင်က ပို၍ ဒေါသထွက်လာပြီး ထပ်ရိုက်ရန် ကြိုးစားလိုက်သည်။
ကံကောင်း၍ အနားရှိ ဆရာများက အချိန်မီ တုံ့ပြန်လိုက်နိုင်ပြီး ချောင်ဝေ့မင်အား တားလိုက်ကြ၏၊ သို့သော် သူတို့၏နှလုံးသားထဲတွင် အေးစက်သွားသလို ခံစားလိုက်ရသည်။
ဒီလိုအဖေမျိုးနဲ့သာဆိုရင် မိဘမဲ့ဖြစ်တာကမှ ပိုပြီး ကောင်းလိမ့်ဦးမယ်။
“ချောင်ဝေ့မင် ရှင်က ကျွန်မကို အောက်တန်းစားလို့ ပြောလိုက်ကတည်းက ကျွန်မက ရှင့်သမီးမဟုတ်ဘူးလို့ ဝန်ခံလိုက်တာပဲ မဟုတ်ဖူးလား။ ဒီတော့ ရှင့်မှာ ကျွန်မကို ကျောင်းထွက်ခိုင်းနိုင်လောက်တဲ့အထိ ဘာအခွင့်အရေးများရှိနေလို့လဲ။ ဒါ့အပြင် ကျွန်မက ဘာမှမပြောဘူးဆိုတာကလည်း ကျွန်မ ဘာမှမသိဘူးဆိုတဲ့ အဓိပ္ပာယ်မဟုတ်ဘူးနော်။”
ကျင်းယွင်ကျောင်းက သူ့ကို အေးစက်စက် စိုက်ကြည့်လိုက်ပြီး ဆက်ပြောသည်။
“ဆရာတို့၊ ဆရာတို့အားလုံးက ကျွန်မကို ကျွန်မအမေရဲ့အရင်အိမ်ထောင်ကနေ ပါလာတဲ့ ကလေးဆိုပြီးတော့ သိထားကြတာ။ ဒါပေမယ့် ဆရာတို့ မသိတာက ယဲ့ချင်ကလည်း ကျွန်မရဲ့အမေအရင်း မဟုတ်ဘူးဆိုတာပဲ။”
“ယဲ့ချင် ကိုယ်ဝန်ကြီးနဲ့တုန်းက သူက ကျွန်မကို အနှီးထုပ်ကလေးနဲ့ ရှာတွေ့ခဲ့တယ်။ အစကတော့ သူက ကျွန်မကို စွန့်ပစ်မလို့ပဲ၊ ဒါပေမယ့် ရှေ့ဖြစ်ဟောဆရာက သူ့ကလေးတွေကို ကံအညံ့တွေကနေ ကာကွယ်ပေးဖို့ ကျွန်မကို အဆောင်သဘောမျိုး သုံးလို့ရတယ်လို့ ပြောခဲ့တယ်။ ဒါကြောင့် သူက စိတ်လျှော့ပြီး ကျွန်မကို အိမ်ခေါ်လာတာ။ ကျွန်မ အရင်က အမှန်တရားကို မသိခဲ့ဘူး။ ကျွန်မ နားလည်း မလည်ခဲ့ဘူး၊ ကျွန်မရဲ့မိဘတွေက ဘာလို့ ကျွန်မကို နေ့တိုင်း အော်ဟစ်ကြိမ်းမောင်းနေပြီး အေးတိအေးစက် ပြောဆိုဆက်ဆံနေတာလဲဆိုတာ။ ဒါပေမယ့် နောက်ပိုင်းမှာ ကျွန်မ အမှန်တရားကို သိလာခဲ့တာ။ နောက်ဆုံးတော့ ကျွန်မ အကြောင်းအရင်းကို သဘောပေါက်သွားခဲ့တယ်။”
“ဘာပဲပြောပြော ယဲ့ချင်က ကျွန်မကို နှစ်ပေါင်းများစွာ ကျွေးမွေးပြုစုခဲ့ပြီးတော့ အဲဒီအတွက်လည်း ကျွန်မက သူ့ကို ကျေးဇူးအများကြီးတင်ပါတယ်။ မကြာခင်တုန်းက သူကွယ်လွန်သွားတော့လည်း ကျွန်မ တကယ်ကို လှိုက်လှိုက်လှဲလှဲ ဝမ်းနည်းပူဆွေးခဲ့တယ်။ ဒါပေမယ့် ကျွန်မ အကြွေးတင်နေတဲ့သူက ယဲ့ချင်တစ်ယောက်တည်းပါ။ ချောင်ဝေ့မင်ဆီမှာ ဘာအကြွေးမှ တင်မနေဘူး။ ဒီနှစ်တွေအတွင်းမှာ သူက ကျွန်မကို ဆူပူကြိမ်းမောင်းတယ်၊ ရိုက်တယ်။ သူက ကျွန်မထက် ယုတ်ညံ့တဲ့ ကောလဟာလတွေကို ပိုယုံတယ်။ ဒီနေ့လည်း သူ ကျွန်မကို ကျောင်းထုတ်ဖို့ လုပ်နေတာက ကျွန်မ အမှားလုပ်ခဲ့လို့မဟုတ်ဘူး၊ အိမ်မှာ ချက်ပြုတ်သန့်ရှင်းရေးလုပ်မယ့် အမေမရှိတော့လို့ပဲ။”
ကျင်းယွင်ကျောင်း၏မျက်လုံးများသည် နီရဲနေကာ ပတ်ဝန်းကျင်ရှိ လူများက ကြက်သေသေနေကြသည်။
သူမ၏စကားကြောင့် သူတို့အားလုံး အံအားသင့်သွားကြ၏။
ချောင်ဝေ့မင်နှင့်ချောင်ဟုန်ယဲ့သည်ပင် ကျင်းယွင်ကျောင်းက သူမ၏မွေးဖွားရာဇာတ်ကြောင်းကို သိပြီးသားဖြစ်နေလိမ့်မည်ဟု မထင်ထားမိချေ။
“ကျင်းယွင်ကျောင်း မင်းပြောသလိုသာဆိုရင် ချောင်ဟုန်ယဲ့နဲ့ချောင်ကျစ်ကျိုးတို့က မင်းနဲ့ သွေးသားတော်စပ်မှု လုံးဝမရှိဘူးပေါ့။”
ဆရာမကျင်က လေအေးတစ်ချက်ကို ရှုသွင်းလိုက်ပြီး မေးလာသည်။
အကယ်၍ ကျင်းယွင်ကျောင်းသာ ယဲ့ချင်၏ သားသမီးအရင်းဖြစ်ပါက ချောင်ဝေ့မင်သည် ကွယ်လွန်သွားသော ဇနီးသည်၏မျက်နှာကို ထောက်၍ ကျင်းယွင်ကျောင်းအား ပို၍ ကောင်းကောင်းမွန်မွန် ဆက်ဆံလိမ့်မည်ဟု မျှော်လင့်၍ ရသေးသည်။
သို့သော် ယခုတွင်မူ ကျင်းယွင်ကျောင်းသည် ချောင်မိသားစုနှင့် လုံးဝသွေးသားတော်စပ်မှုမရှိသော ကလေးဖြစ်၏။ ချောင်ဝေ့မင်က သူမအား အောက်တန်းစားဟုပင် ခေါ်ခဲ့သည်။ ထို “အောက်တန်းစား” ဆိုသည့်စကားလုံးအရ သူမအား ကြင်ကြင်နာနာပြုမူဆက်ဆံလိမ့်မည်ဆိုသည်ဟုတောင် မတွေးနှင့်၊ ချောင်ဝေ့မင်သည် သူမအား အခြေခံလူ့ကျင့်ဝတ်နှင့်အညီပင် ပြုမူဆက်ဆံလိမ့်မည် မဟုတ်ပေ။
ထိုခဏ၌ ဆရာဆရာမများ၏အကြည့်များသည် အေးစက်ပြီး မာကျောစပြုလာ၏။
သူတို့သည် ယခင်က ချောင်ဝေ့မင်အား ကျင်းယွင်ကျောင်း၏ဖခင်ဖြစ်သောကြောင့်သာ တလေးတစား ဆက်ဆံနေကြခြင်းဖြစ်သည်။ သို့သော် ယခုအချိန်တွင်တော့......
Chapter 22 : ရှက်စရာကိစ္စ
ချောင်ဝေ့မင်အား ကြည့်နေသော ဆရာဆရာမများ၏မျက်လုံးများသည် ဖော်ရွေမှုမရှိတော့ပေ။
ဆရာမကျင်ကမူ ထုတ်၍ပင် ပြောလာ၏။
“ချောင်လူကြီးမင်း၊ ကျင်းယွင်ကျောင်းနဲ့ပတ်သတ်ပြီး ကျွန်မတို့ ရှင်နဲ့ဆွေးနွေးချင်တယ်။”
“ဘာဆွေးနွေးစရာရှိလို့လဲ။ ကျုပ်က သူ့ကို ကျောင်းထုတ်ချင်တယ်။ ခင်ဗျားတို့ ဆရာဆရာမတွေက ဒါကို ဘယ်လိုတားနိုင်မှာ မို့လို့လဲ။”
“မှန်တာပေါ့။ ကျွန်မတို့ ရှင့်ကို တားလို့မရဘူး။ ဒါပေမယ့် ပထမဆုံး ရှင်က ကျင်းယွင်ကျောင်းရဲ့အုပ်ထိန်းသူဖြစ်ဖို့ အရည်အချင်းပြည့်မီကြောင်း သက်သေပြရမယ်။ ဒါ့အပြင် သူက သူရဲ့ထူးချွန်လွန်းတဲ့ အဆင့်တွေကြောင့် ကျောင်းတက်ဖို့ ရှင့်ရဲ့ပိုက်ဆံကို တပြားမှတောင် သုံးခဲ့ရပုံမပေါ်ဘူး။ သူက သူ့ရဲ့ကိုယ်ပိုင်အရည်အချင်းတွေကိုပဲ မှီခိုပြီး ကျောင်းတက်နေတာဖြစ်လို့ ရှင့်မှာ သူ့ရဲ့အထူးအခွင့်အရေးကို ပိတ်ပင်နိုင်တဲ့ အခွင့်အရေးရော ရှိရဲ့လား။”
“ခင်ဗျား ရူးနေပြီလား။ ကျုပ်က သူ့ရဲ့ကျောင်းစရိတ်ကို မပေးရဘူးဆိုရင်တောင် သူ့ကို နှစ်ပေါင်းများစွာ ကျွေးမွေးလာခဲ့တာ။ သူ ဒီလို အပြင်မှာလျှောက်ပြီး အရူးထနေတာက ကျုပ်တို့ချောင်မိသားစုရဲ့ဂုဏ်သတင်းကို ထိခိုက်လာလိမ့်မယ်။”
ချောင်ဝေ့မင်က ရှူးရှူးရှားရှား ဒေါသထွက်နေသည်။ သူသည် ကျောင်းထုတ်သည့် လုပ်ငန်းစဥ်များကို လာလုပ်ခြင်းသာဖြစ်ပြီး ဤကဲ့သို့ အခက်ကြုံရလိမ့်မည်ဟု မထင်ခဲ့ပေ။
အကယ်၍ တခြားနေ့တွင်သာဆိုပါက ဆရာဆရာမများသည် ကျင်းယွင်ကျောင်းနှင့်ပတ်သတ်၍ သိပ်ဂရုစိုက်နေလိမ့်မည်မဟုတ်ဘဲ သူမ၏ကံမကောင်းအကြောင်းမလှမှုကို သက်ပြင်းချနေရုံသာပင်။ သို့သော် ယနေ့တွင်မူ ချောင်ဝေ့မင်က လွန်သွားပြီဖြစ်၏။
သူသည် ကျောင်းထဲသို့ ခြေချလိုက်ချိန်မှစ၍ ဆရာဆရာမများအား စတင်စော်ကားခဲ့၏။ ယခုအချိန်တွင် ဆရာဆရာများသည် ချောင်ဝေ့မင်အား ကျင့်ဝတ်တစ်ခုခုနှင့် ပါးစပ်ပိတ်ပစ်ချင်နေပြီဖြစ်သည်။
သဘောတရားအရပြောရလျှင် သူတို့သည် ချောင်ဝေ့မင်အား ကျင်းယွင်ကျောင်း၏အုပ်ထိန်းသူ ဖြစ်ရန် မထိုက်တန်ကြောင်း သက်သေပြနိုင်လျှင် မြို့နယ်၏တာဝန်ရှိသူများထံသို့ ဆက်သွယ်နိုင်လိမ့်သည်။ သူ့အား သူမ၏အုပ်ထိန်းသူအဖြစ်မှ ရုတ်သိမ်းခြင်းသည် လက်ကလေးတစ်ချောင်း မ’ရုံထက်ပင် ပို၍လွယ်ကူသေး၏။
“ကျွန်မက အပြင်မှာ လျှောက်ပြီးအရူးထနေတယ်လို့ ရှင် ပြောလိုက်တာလား။ ကောင်းပြီလေ၊ အစောတုန်းက အဲဒီလူရမ်းကားတွေကို ဖမ်းမိပြီး သူတို့ကို လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေလည်း လုပ်ပြီးသွားပြီလို့ ဆရာမတွေက ပြောလိုက်တယ်။ ကျွန်မကလည်း လက်မှတ်ထိုးပြီး အတည်ပြုပေးဖို့အတွက် သွားဖို့လိုတယ်ဆိုတော့ ကျွန်မတို့အားလုံး ဘာလို့ တူတူမသွားရမှာလဲ။”
ကျင်းယွင်ကျောင်းက အေးစက်စက်ဖြင့် အကြံပြုလာသည်။
“ကောင်းပြီလေ၊ သွားကြမယ်။ နင်စောင့်နေ၊ အိမ်ရောက်တာနဲ့ နင့်ကို သတ်ပစ်မယ်။”
ချောင်ဝေ့မင်က ပြင်းပြင်းထန်ထန် ခြိမ်းခြောက်စကားဆိုလိုက်၏။
ကျင်းယွင်ကျောင်းက မကြောက်ပေ။ ဘယ်အချိန် အိမ်ပြန်ရမှာလဲ။ သူမသည် ထိုအိမ်ဟုခေါ်သော နေရာသို့ ပြန်တော့မည်မဟုတ်ပေ။
ကျင်းယွင်ကျောင်း၏ဖြစ်ရပ်သည် ကြီးမားလာပြီဖြစ်၏။ ကျောင်းတွင် သူမ၏အကြောင်း ကောလဟာလများက မဆုံးအောင် ပျံ့နှံ့နေသော်လည်း သူမသည် တစ်ကျောင်းလုံး၌ ထိပ်ဆုံးအဆင့်ဟု သတ်မှတ်ခံထားရသော ကျောင်းသူတစ်ဦး ဖြစ်နေသည်။ ထိုအကြောင်းကြောင့်ပင် ဤကိစ္စများအား ပါးပါးနပ်နပ် မကိုင်တွယ်မဖြေရှင်းပါက ကျောင်း၏ဂုဏ်သိက္ခာကို ဆိုးဆိုးဝါးဝါး ထိခိုက်စေလိမ့်မည်ပင်။ သို့ဖြစ်၍ ဒါရိုက်တာက ဆရာမကျင်၊ ကျင်းယွင်ကျောင်း၊ ချောင်ဝေ့မင်နှင့် ကျန်ရှိသောသူများကို ရဲစခန်းသို့ ခေါ်သွားသည်။
ထွက်မလာခင်က ကြိုတင်၍ဆက်သွယ်ထားသောကြောင့် ရဲစခန်းက လိုအပ်သောစာရွက်စာတမ်းများကို ကြိုတင်ပြင်ဆင်ပေးထားပြီး သူတို့ရောက်သည်နှင့် စာရွက်များကို ကမ်းပေးလာသည်။
“ကျောင်းသူ ကျင်းယွင်ကျောင်း၊ ဒီလမ်းသရဲကောင်တွေဆိုတာ မှန်ရဲ့လား။”
သူမ၏မှတ်ပုံတင်အား အတည်ပြုပြီးနောက် အရာရှိက မေးလာသည်။
ကျင်းယွင်ကျောင်းသည် ထိုအချိန်က မြင်ကွင်းအား ပြန်လည်စဥ်းစားရင်း မျက်မှောင်ကြုတ်လိုက်၏။ သူမ ခဏမျှတွေးနေပြီးနောက် သူတို့ထဲတွင် တစ်ယောက်ပျောက်နေကြောင်း ဆက်စဥ်းစားနေသည်။ သူမက ပြောလိုက်၏။
“အရာရှိကြီးနဲ့ ဒါရိုက်တာရှင့် ကျွန်မ မှတ်မိတာ ခြောက်ယောက်ပါရှင့်၊ ဒါပေမယ့် ဒီမှာ ငါးယောက်တည်းရယ်။ ပြီးတော့ ပျောက်နေတဲ့တစ်ယောက်က သူတို့ရဲ့ခေါင်းဆောင်ဖြစ်နိုင်ပါတယ်၊ ဒီလူတွေက သူပြောတာကိုပဲ နာခံကြတာ။”
အရာရှိက အံသြသွားပြီး မေးလိုက်သည်။
“မင်း အမှတ်များ မှားနေတာလား။”
“မဟုတ်ဘူး၊ အဲဒီလူက သိပ်အသက်မကြီးသေးဘူး၊ သူက နှစ်ဆယ်ကျော်ခါစလောက်ပဲ။ သူ့မှာ နားပေါက်တွေရှိပြီးတော့ တခြားသိသာတဲ့ အမှတ်အသားမရှိဘူး။”
ကျင်းယွင်ကျောင်းက သူ့အား ဖြည်းဖြည်းချင်း ပုံဖော်ပြလိုက်၏။
ထူးခြားသော အမှတ်အသားမရှိသည့် လူတစ်ယောက်မှာ အဆိုးဆုံးဖြစ်သည်။ သူတို့သည် လူပင်လယ်ထဲတွင် သူ့အား ဘယ်လိုရှာရမည်နည်း။
ထိုသူမှာ အဖွဲ့သား ငါးယောက်အဖမ်းခံရပြီးနောက် တစ်ခြားနေရာသို့ ပြောင်းရွှေ့ လွတ်မြောက်သွားခြင်း ဖြစ်နိုင်သည်။
သို့သော် ဤအမှုသည် အမှုကြီးမဟုတ်ပေ၊ အထူးသဖြင့် လမ်းသရဲများကြားရှိ အသေးအဖွဲကိစ္စရပ်သာဖြစ်သည်။ ပြဿနာမှာ သူတို့ ကျင်းယွင်ကျောင်းအား အဓမ္မကျင့်ရန် ကြိုးစားနေသည်ကို မျက်မြင်သက်သေအဖြစ် ထွက်ဆိုသည့် ရဲတစ်ယောက်ရှိနေခြင်းဖြစ်၏။ အကယ်၍ သူတို့သာ မုဒိမ်းမှုဖြင့် အမှုဖွင့်အရေးယူခံရပါက သူတို့၏ကျန်ရှိနေသော ဘဝတစ်သက်တာတွင် ထိုရာဇဝတ်မှုအား ဆေးကြောဖျောက်ဖျက်၍ မရနိုင်တော့ပေ။
“ဟူး...ဒါက သိပ်တော့မကောင်းဘူး။ ဒီလမ်းသရဲတွေက ခရိုင်မြို့မှာ သိပ်နာမည်မကြီးဘူး။ သူတို့က အရင်က လိမ်လည်မှုသေးသေးမွှားမွှားလေးတွေကိုပဲ လုပ်တာ။ သူတို့က ဘယ်တော့မှ ဒီမှာ အဆုံးမသတ်ရလောက်အောင် ကံကောင်းကြတယ်၊ ဒါပေမယ့် ငါ သူတို့ကို ဒီလောက်သတ္တိရှိလိမ့်မယ်လို့ မထင်ခဲ့မိဘူး။ ဒါပေမယ့် မင်း မစိုးရိမ်ပါနဲ့။ ငါတို့ ရဲတွေက ပျောက်နေတဲ့သူကို ဖမ်းဖို့ အတတ်နိုင်ဆုံးကြိုးစားမှာပါ၊ ဒါပေမယ့် သိပ်တော့ မျှော်လင့်ချက်မရှိဘူး။ ဖြစ်ပြီးသွားတာက ကြာပြီဆိုတော့ သူ ဒီပတ်ဝန်းကျင်မှာ ထပ်နေတော့မှာ မဟုတ်လောက်ဘူး။ “
ကျင်းယွင်ကျောင်းက နားလည်သည်၊ သို့သော် အခြေအနေမှာ အနည်းငယ် မလိုလားဖြစ်နေပုံပင်။
“ဟားး၊ သူက ဒီပတ်ဝန်းကျင်မှာ မရှိတော့ဘူးဆိုတာ ခင်ဗျား ဘာကိုဆိုလိုတာလဲ။ ကျင်းယွင်ကျောင်း နင် ဆက်ပြီးတော့ ဟန်ဆောင်နေလိုက်။ နင် ဒီနေ့ မနက်ခုနစ်နာရီမှာ အိမ်ကထွက်သွားတာ၊ ဒါပေမယ့် ကျောင်းကို နေ့လည်မှ ရောက်လာတယ်။ ဒီကြားထဲမှာ ဘယ်တွေသွားနေတာလဲ။ ငါ ပြောလိုက်မယ်၊ နင် အဲဒီအချိန်မှာ အရှက်မရှိတဲ့ကိစ္စတွေလုပ်ဖို့ လမ်းသရဲတွေနေရာကို သွားနေတယ်ဆိုတာ သေချာတယ်။”
ချောင်ဝေ့မင်က ရုတ်တရက် ထပြောလိုက်သည်။
(FH : တရုတ်စကားပုံတစ်ခုရှိတယ်၊ မင်း စကားမပြောလည်း ငါတို့က မင်းကို အ’နေတယ်လို့ မထင်ပါဘူးတဲ့။)
Chapted 23 : အိမ်ပြန်လာဖို့ မစဥ်းစားနဲ့
ပြဿနာကောင် ချောင်ဝေ့မင်သည် ဤကိစ္စအား အကြီးအကျယ် ပြဿနာရှာနေသည်မှာ အချိန်အတော်ကြာနေပြီဖြစ်သည်။ ယခုတွင်မူ ကျင်းယွင်ကျောင်းက ထိုလမ်းသရဲများနှင့် လုံးဝပတ်သတ်မှုမရှိကြောင်း သက်သေပြလိုက်သည်ဖြစ်ရာ သူ၏မျက်နှာကို ဘယ်နားသွားထားရပါမည်နည််း။
ထိုအချိန်၌ သူသည် ပျောက်နေသော လမ်းသရဲတစ်ယောက်ရှိကြောင်းအား ကြားလိုက်ရာ ထပ်မံ၍ အော်ကြီးဟစ်ကျယ်ဖြစ်လာပြန်သည်။
ကျင်းယွင်ကျောင်းက နားထောင်ပြီးနောက် ဒေါသထွက်ရမည့်အစား ပြုံးလိုက်၏။
သူတို့ ရဲစခန်းသို့သွားရန် ပြင်ဆင်နေချိန်တွင် သူမသည် ချောင်ဝေ့မင်က သူမ ယနေ့မနက် ကျောင်းပျက်သည်အား ပြဿနာရှာလာလိမ့်မည်ဟု ထင်ခဲ့မိသည်။ ထို့ကြောင့် သူတို့ ထွက်မလာမီတွင် သူမသည် သမားတော်ကန်အား ဆက်သွယ်ရန် ရုံးခန်းရှိ ဖုန်းကို ငှားခဲ့၏။
ကံကောင်း၍ သမားတော်ကန်က သူ မသွားမီ၌ သူမအား သူ၏ဖုန်းနံပါတ်ပေးထားရန် သတိရခဲ့သည်၊ သို့မဟုတ်ပါက ဤအချိန်တွင် သူမသည် သူမ၏အပြစ်ကင်းစင်မှုကို သေချာပေါက် သက်သေပြနိုင်မည် မဟုတ်ပေ။
“ဒါရိုက်တာ၊ဆရာမကျင် ကျေးဇူးပြုပြီး ခဏလောက်စောင့်ပေးပါဦး၊ မနက်အစောက ကျွန်မနဲ့အတူရှိနေတဲ့သူက မကြာခင် ဒီကို ရောက်လာတော့မှပါ။”
ကျင်းယွင်ကျောင်းက ပြောလိုက်၏။
ကျင်းယွင်ကျောင်း၏ ပြောစကားမဆုံးမီမှာပင် အဖိုးအိုတစ်ဦးက သူမဆီသို့ တန်းတန်းမတ်မတ် လျှောက်လာသည်။
“အဲဒါဆို အဲဒီသူက သမားတော်ကန်ပေါ့။”
ဆရာမကျင်က စိတ်သက်သာရာရသွားသကဲ့သို့ သက်ပြင်းချလိုက်၏။
ကျင်းယွင်ကျောင်းက ထုံးစံအတိုင်း သူ့အား စတင်၍ မိတ်ဆက်ပေးလိုက်သည်။
“ဒါက သမားတော် ကန်စုန့်ပိုင်ပါ၊ သမားတော်ကန်က ခရိုင်ဆေးရုံမှာ တာဝန်ကျနေပါတယ်။ သူ့ရဲ့ကိုယ်ကျင့်သိက္ခာနဲ့ဂုဏ်သတင်း ကြီးမားမှုကတော့ မငြင်းနိုင်လောက်အောင်ပါပဲ။ သူက လိမ်ပြောမှာ မဟုတ်တာကတော့ သေချာပါတယ်ရှင်။ ဒီမနက် ကျွန်မ ခရိုင်မြို့ကို ရောက်လာပြီးတဲ့နောက် တိုက်တိုက်ဆိုင်ဆိုင်ပဲ သမားတော်ကန်နဲ့တွေ့ခဲ့ပါတယ်။ ကျွန်မက တရုတ်တိုင်းရင်းဆေးပညာလေ့လာရတာကို စိတ်ဝင်စားတာကြောင့် သူနဲ့အတူ ပရဆေးပစ္စည်းစျေးကို သွားခဲ့ပါတယ်။ ဒါဆို ဘာလို့ ချောင်ဝေ့မင်ရဲ့ပါးစပ်ထဲမှာကျ သမားတော်ကန်က လမ်းသရဲတစ်ယောက်ဆိုပြီးတော့ ဖြစ်သွားရတာလဲ။”
ချောင်ဝေ့မင်၏မျက်နှာက နီရဲနေသည်။
သူသည် ရောက်လာမည့်သူအား အဖိုးကြီးတစ်ယောက်ဟု မထင်ခဲ့ပေ။
“ဒါဆိုရင် ဒီက ချောင်လူကြီးမင်း၊ ဒါက ကျုပ်တို့ ပထမဆုံးအကြိမ်တွေ့တာ မဟုတ်ဘူးဆိုတော့ ကျုပ် ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ်။ ကျုပ် ဒီကလေးရဲ့ဆေးညွှန်းကိုမြင်တော့ ဒါက ခင်ဗျားရဲ့ဇနီးကို ကယ်တင်နိုင်မှာပဲလို့ သေချာပေါက် ယုံကြည်ခဲ့ပေမယ့် ခင်ဗျားက အဲဒါကို သုံးဖို့ ငြင်းလိုက်တယ်။ အဲဒီအချိန်ကတည်းက ကျုပ်က ခင်ဗျားကို ကျိုးကြောင်းဆီလျော်မှုမရှိတဲ့သူလို့ ခံစားခဲ့ရတာ။ အခုတော့ ခင်ဗျားက ကိုယ့်ဇနီးအပေါ်မှာ ရက်စက်ပြီး ကရုဏာတရားကင်းမဲ့ရုံတင်မဟုတ်ဘဲ ဒီလို ကလေးလေးတစ်ယောက်အပေါ်မှာတောင် မေတ္တာတရားမရှိတဲ့သူပဲ။”
ကန်စုန့်ပိုင်က သက်ပြင်းတစ်ချက်ချလိုက်သည်။
သူ၏ခေါင်းမာမှုကြောင့် ဘဝတစ်ခု အဆုံးသတ်သွားခဲ့ရ၏။
ယခု ကန်စုန့်ပိုင် ရောက်ရှိလာချိန်၌ ချောင်ဝေ့မင်တွင် ပါးစပ်ပေါက်တစ်ထောင်ရှိလျှင်တောင် အဓိပ္ပာယ်မရှိသောစကားများကို ကရားရေလွှတ် ဆက်ပြောရန်အတွက် နည်းလမ်းမရှိတော့ပေ။
ထိုအစား သူသည် ကျင်းယွင်ကျောင်းက လိမ်ညာနေသည်ဟု ယုံကြည်နေသေးသော်လည်း သူ့တွင် သက်သေပြစရာမရှိပေ။ သူ၏ရင်ထဲတွင် ဒေါသများနှင့် ပြည့်နှက်နေသော်လည်း လက်လျှော့လိုက်ရသည်။ ထို့နောက် သူက ခြေလှမ်းပြင်၍ ထွက်သွားဟန်ပြင်လိုက်၏။
သို့သော် သူထွက်မသွားရသေးမီမှာပင် ဒါရိုက်တာက သူ့ဘက်သို့ လှည့်လာခဲ့သည်။
ထိုနေ့မှာပင် ဒါရိုက်တာက မြို့နယ်လူမှုဖူလှုံရေးကော်မတီရုံးသို့ ဆက်သွယ်ခဲ့ပြီး သူ၏အုပ်ထိန်းသူအခွင့်အရေးအား ပြန်လည်စဥ်းစားပေးပါရန် လျှောက်ထားခဲ့သည်။
နင်းရှန်းမြို့သည် ဟွားနင်ခရိုင်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သေးငယ်၏။ ထိုသို့သောကိစ္စများ၌ ရှုပ်ထွေးသော လုပ်ထုံးလုပ်နည်းများနှင့် ကိုင်တွယ်ရန် မလိုအပ်ပေ။ အရေးပါသော အချက်မှာ ကျောင်းက ပါဝင်ပေးရန်သာဖြစ်ပြီး အကြောင်းအရင်းကို ရှင်းလင်းတင်ပြပြီးသည်နှင့် ကောက်ချက်တစ်ခု ချက်ချင်းချလိုက်နိုင်သည်။
ကျင်းယွင်ကျောင်းသည် အသက်ဆယ့်ငါးနှစ်သာရှိသေး၏။ မိဘများ၊ မွေးချင်းမောင်နှမများမရှိလျှင် သူမ၏အုပ်ထိန်းသူနေရာအား မြို့နယ်လူမှုဖူလုံရေးကောင်စီက ယာယီတာဝန်ယူပေးရမည် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ချောင်ဝေ့မင်သည် ပထွေးဆိုသည့် သူ၏လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး ကိစ္စများအား လုပ်ဆောင်ရန် အိပ်မက်ပင် မက်ခွင့်မရှိတော့ပေ။
အရာအားလုံးသည် မြန်မြန်ဆန်ဆန် ဖြစ်ပျက်သွားလေရာ ချောင်ဝေ့မင် သတိဝင်လာသည့်အချိန်၌ အားလုံးက နေရာတကျဖြစ်နေပြီဖြစ်သည်။ တရားဝင်စာရွက်စာတမ်းများကိုလည်း ပြီးစီးအောင် ဆောင်ရွက်ပြီးဖြစ်၏။ သူ ဆန္ဒရှိလျှင်တောင် ဘာကိုမှ မတတ်နိုင်တော့ချေ။
“နင်က ငါ့ကို နင့်အဖေလို့ အသိအမှတ်မပြုချင်ဘူးဟုတ်လား။ ကောင်းပြီ၊ ကောင်းပါပြီ။ အခုချိန်ကစပြီး နင် အိမ်ကို ပြန်လာရဲသေးလား။”
ချောင်ဝေ့မင်က ထိုစကားလုံးများအား ခံပြင်းစွာဖြင့် အော်ဟစ်လိုက်ပြီးနောက် ထွက်သွားလေသည်။
ကျင်းယွင်ကျောင်းသည် နောက်ဆုံး၌ သက်ပြင်းချလိုက်၏။
သူမ ပြန်လည်မွေးဖွားလာသည်မှ ယခုအချိန်ထိတိုင်အောင် နောက်ဆုံးတွင်တော့ သူမ၏အုပ်ထိန်းသူအခွင့်အရေးဆိုင်ရာ ပြဿနာကို ဖြေရှင်းလိုက်နိုင်ပြီဖြစ်သည်။ ယခုအချိန်မှစ၍ ချောင်ဝေ့မင်သည် အတိတ်ဘဝက သူလုပ်ခဲ့သည့်နည်းလမ်းများနှင့် သူမအား အနှောက်အယှက်ပေးရန် မဖြစ်နိုင်တော့ပေ။
ထို့အပြင် သူမသည် ချောင်မိသားစုမှ ထွက်သွားရန်အတွက် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ရာ သက်သေခံစာရွက်စာတမ်းများကဲ့သို့ လိုအပ်သော အရာအားလုံးကို သူမ၏နေရာလွတ်နယ်မြေထဲတွင် သိမ်းဆည်းထားခဲ့သည်။ သူမ၏ကိုယ်ပိုင်ပိုက်ဆံနှင့်ဝယ်ယူထားသည့် အဝတ်အစားများကိုသာ ယူဆောင်လာခဲ့၏။ ကျန်သော အဝတ်အစားများမှာ ချောင်ဟုန်ယဲ့ မလိုချင်၍ သူမအား ပေးခဲ့သည်များဖြစ်သည်။ သူမသည် သေချာပေါက်ပင် ချောင်ဟုန်ယဲ့၏တပတ်ရစ်ပစ္စည်းများကို သိမ်းထားမည်မဟုတ်ပေ။
ညအချိန်များတွင် သူမသည် ကျောင်းဖွင့်ရက်များ၌ ကျောင်းအိပ်ဆောင်၌ နေရမည်ဖြစ်ပြီး ပိတ်ရက်များအတွက်မူ သူမ၏အစီအစဥ်နှင့် သူမ နေနိုင်သည်။ သူမ၏နေရာလွတ်နယ်မြေသည် အလွန်ကျယ်ပြန့်၏၊ သူမ တစ်နေရာရာတွင် ပုန်းနေလိုက်ရုံသာဖြစ်ပြီး သူမ၏နေရာလွတ်နယ်မြေထဲသို့ ဝင်သွားနိုင်သည်။
Chapter 24 : မွေးစားအဖိုးတစ်ယောက် ရရှိခြင်း
ကျင်းယွင်ကျောင်းက ကျောင်းတွင်သာနေရန် ပြင်ဆင်ထားသော်လည်း သမားတော်ကန်နှင့်ဆရာမကျင်ကမူ သဘောထားချင်း မတူကြပေ။
“ကျင်းယွင်ကျောင်း၊ ဆရာမရဲ့အိမ်က ကျောင်းနဲ့နီးတယ်။ ဆရာမက တစ်ယောက်တည်းနေတာ။ ဒါကြောင့် ဆရာမကတော့ မင်းကို ကျောင်းမှာ ထပ်မနေသင့်ဘူးလို့ထင်တယ်။ မင်း ဆရာမနဲ့အတူလာနေတာ ပိုကောင်းလိမ့်မယ်။ မင်းကို စောင့်ရှောက်ပေးဖို့အတွက်လည်း ဆရာမ အဆင်ပြေပါတယ်။”
ဆရာမကျင်က အကြံပေးလာသည်။
ဆယ့်ငါးနှစ်အရွယ်ကလေးတစ်ယောက်သည် လူကြီးမိဘများ၏ချစ်ခြင်းမေတ္တာမရရှိဘဲ ကျောင်းတွင်သာ အမြဲနေရမည်ဆိုပါက သူတို့သည် တစ်ခုခုလစ်ဟာနေသကဲ့သို့ ခံစားရရှာလိမ့်မည်။
သမားတော်ကန်ကလည်း ထိုအကြောင်းကို တွေးပြီး ဝင်ပြောလိုက်သည်။
“တွေးကြည့်တော့ ငါ့အိမ်ကလည်း မင်းရဲ့ကျောင်းနဲ့ နီးတာပဲ။”
ကျင်းယွင်ကျောင်းက သမားတော်ကန်အား တအံတသြကြည့်လိုက်ပြီး သူဆက်ပြောလာသည်အား နားစွင့်နေ၏။
“အိမ်က သိပ်မကြီးပေမယ့် အိပ်ခန်းသုံးခန်းနဲ့ ဧည့်ခန်းတစ်ခန်းပါတယ်။ လက်ရှိတော့ အဲဒီမှာ နှစ်ယောက်တည်းနေတယ်။ တစ်ယောက်က ငါ့ရဲ့မြေးမလေး၊ နောက်တစ်ယောက်က ငါ့ရဲ့မြေးလေး။ သူတို့ကလည်း ရိကျုံးမှာ တက်နေတာ၊ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူတို့ကလည်း မင်းနဲ့အသက်သိပ်မကွာဘူး။ ကံဆိုးချင်တော့ သူတို့က ငယ်ပေမယ့် သူတို့ရဲ့တွေးခေါ်ပုံက လူကြီးတွေလိုပဲ၊ သူတို့က တခြားလူကြီးမိဘတွေနဲ့ အတူမနေချင်ကြဘူးလေ။ တကယ်လို့ မင်း ဆန္ဒရှိရင် မင်း သူတို့နဲ့အတူနေလို့ရတယ်၊ ဒါပေမယ့် နေထိုင်စရိတ်တော့ ရှိမယ်။”
နေထိုင်စရိတ်အကြောင်းကို ကြားသောအခါ ဆရာမကျင်က မျက်မှောင်ကြုတ်လိုက်ပြီး တစ်ခုခုဝင်ပြောဟန် ပြင်လိုက်သည်။ သို့သော် သူမ မပြောရသေးမီမှာပင် သမားတော်ကန်က သူမအား တားလိုက်၏။
“နေထိုင်စရိတ်တွေက အခြေအနေသုံးခုရှိမယ်။ ပထမတစ်ခုက မင်းရဲ့အဆင့်တွေက တစ်ကျောင်းလုံး အယောက်နှစ်ဆယ်ထဲမှာ ရှိရမယ်။ ဒုတိယတစ်ခုက ငါ မင်းကို လတိုင်း ဆေးပညာရပ်နဲ့ဆိုင်တဲ့ စာမေးပွဲတစ်ခု စစ်မယ်။ အများကြီး မခက်ပေမယ့် မင်း အောင်အောင်တော့ ဖြေရမယ်။ တတိယအခြေအနေအတွက်ကျ မင်း အနည်းဆုံး တစ်လတစ်ကြိမ် ငါ လူနာအိမ်ဆေးကုသွားတဲ့နောက်ကို လိုက်ပေးရမယ်။”
ကန်စုန့်ပိုင်၏ စကားဆုံးသောအခါ ကျင်းယွင်ကျောင်းသည် ပြည့်ပြည့်စုံစုံ နားလည်သဘောပေါက်သွား၏။
ကန်စုန့်ပိုင်၏မြေးများသည် သူတို့၏လွတ်လပ်ခွင့်အား လူကြီးမိဘများက ဝင်ရောက်နှောက်ယှက်ပြီး ကန့်သတ်ချုပ်ခြယ်သည့် စည်းကမ်းချက်များကို လိုက်နာချင်ပုံမရဘဲ သူတို့၏ကိုယ်ပိုင်ဘဝဖြင့်သာ စိတ်ကြိုက်နေထိုင်လိုကြသည်။ ထို့ကြောင့် ကန်စုန့်ပိုင်က ဤအချက်သုံးချက်ကို တောင်းဆိုခြင်းဖြစ်၏။ ဤအခြေအနေများသည် သူတို့အား လွတ်လပ်သော နေထိုင်မှုပုံစံဖြင့် နေထိုင်ခွင့်ပြုသော်လည်း တစ်ချိန်တည်းမှာပင် သူတို့အား များများစားစား အနားယူ၍ မရအောင် ကန့်သတ်ထားသည်။
သူ၏စကားကြောင့် ကျင်းယွင်ကျောင်း လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။
အကယ်၍ သူမသာ ကျောင်း၌နေလျှင် သူမသည် နေရာလွတ်နယ်မြေထဲသို့ ဝင်ရာ၌ သတိကြီးကြီး ထားရမည်ဖြစ်၏။ ထို့အပြင် ကန်စုန့်ပိုင်၏ဆေးပညာစွမ်းရည်က ဘိုးဘေးလောက် မကောင်းမွန်သော်ငြား သူသည် နှစ်ပေါင်းများစွာ အတွေ့အကြုံရင့်သန်သည့် သမားတော်တစ်ဦးဖြစ်နေဆဲပင်။
သူမသည် ဆေးပညာနယ်ပယ်ထဲသို့ စတင်ဝင်ရောက်စဖြစ်သည်။ အကယ်၍ သူမကိုသာ သူ၏လူနာအိမ်သို့ ဆေးကုသွားသည့်အခါများ၌ လိုက်ပါလေ့လာခွင့်ပြုပါလျှင် သူမတွင် အကျိုးကျေးဇူးများစွာ ရရှိပေမည်။
၎င်းကို အဖိုးအခတစ်ခုဟုဆိုသော်လည်း သူမအတွက် ကောင်းကျိုးများချည်းသာဖြစ်သည်။ သူမသည် ထိုကဲ့သို့ အခွင့်ကောင်းကို အလကားယူလိမ့်မည် မဟုတ်ပေ။
ကျင်းယွင်ကျောင်း၏အမူအယာက လေးနက်သွားပြီး ပြောလိုက်သည်။
“ဒါဆိုရင် ကျွန်မက သမားတော်ကြီးကို “သမားတော်ကြီး” လို့ ခေါ်တာကို ရပ်လိုက်ပြီး ဖိုးဖိုးကန်လို့ အတင့်ရဲပြီး ခေါ်ရပါလိမ့်မယ်။ ကျွန်မ အဖိုးပြောတဲ့ အိမ်ကို တကယ်ကြိုက်ပါတယ်၊ ဒါပေမယ့် တစ်ခါက ကျွန်မရဲ့ရှစ်ဖူးက ဘယ်အရာကိုမှ အလကားမယူရဘူးလို့ ကျွန်မကို သင်ပေးထားဖူးပါတယ်။ အဖိုးက ကျွန်မကို အများကြီးကူညီခဲ့ပြီးပါပြီ။ ကျွန်မ ဒီကြင်နာမှုကို ဆက်ပြီး အကြောင်းမဲ့ လက်ခံပြီး မနေနိုင်ပါဘူး။ ကျွန်မရဲ့ရှစ်ဖူးက ကျွန်မကို ပိုက်ဆံနည်းနည်း ချန်ထားပေးခဲ့ပါတယ်၊ ကျွန်မ အဖိုးကို လတိုင်း အိမ်လခအနည်းအကျဥ်းပေးနိုင်ပါတယ်ရှင်။”
ကန်စုန့်ပိုင်၏အမူအယာကလည်း လေးနက်သွား၏။
“မင်း ငါ့ကို အဖိုးလို့ ခေါ်လိုက်ပြီးကတည်းက ငါကလည်း မင်းကို ငါ့ရဲ့မြေးမလေးအဖြစ် လက်ခံလိုက်ပါပြီ။ ဒါပေမယ့် ဘယ်လိုအဖိုးမျိုးကများ သူတို့မြေးမလေးဆီက အိမ်ငှားခ ယူလို့လဲကွယ်။ တကယ်လို့ မင်း ဒါကို လက်မခံချင်သေးဘူးဆိုရင်လည်း ငါ့ဆီမှာ မကြာခဏ အလုပ်လာလုပ်ပေး။ ငါက မင်းကို လခမပေးရုံပေါ့။ ဘယ်လိုလဲ။”
ကျင်းယွင်ကျောင်းက ကြောင်အနေပြီးနောက် မျက်နှာများ ရဲတက်လာသည်။
ထိုစဥ်က စိတ်လှုပ်ရှားနေသဖြင့် သူမသည် “ဖိုးဖိုးကန်”ဆိုသော စကားလုံး၏အခြားအဓိပ္ပါယ်ကို မေ့သွားခဲ့၏။
(T/N : တရုတ်မှာ လူကြီးသူမ အဖိုးအရွယ်ကို ယဲ့ယဲ့(爷爷)လို့ခေါ်ပါတယ်။ “ဖိုးဖိုး”ပေါ့။ ယွင်ကျောင်းက သမားတော်ကန်ရဲ့မျိုးရိုးနာမည်က ကန်(甘)မို့လို့ “ဖိုးဖိုးကန်” လို့ခေါ်လိုက်တာပါ၊ တရုတ်လိုကျတော့ “ကန်ယဲ့ယဲ့”(甘爷爷) ပေါ့နော်။ နောက်ပြီး တရုတ်လို မွေးစားအဖိုး/ခေါင်းကိုင်အဖိုးဆိုတာကိုလည်း “ကန်ယဲ့ယဲ့” (干爷爷)လို့ ခေါ်ပါတယ်။ ရှေ့က ကန်ဆိုတဲ့ စာလုံးလေးတွေက အသံထွက်တူပြီး အဓိပ္ပါယ်နဲ့ရေးနည်းမတူပါဘူး။ ဒီ “ကန်”(干)က မွေးစားတယ်ဆိုတဲ့အဓိပ္ပါယ်ပါ။ တရုတ်လို အမေ “မား”(妈)ရဲ့ ရှေ့မှာ 干 ထည့်လိုက်ရင် “ကန်မား” (干妈) မွေးစားအမေလို့ အဓိပ္ပါယ်ရသွားပါတယ်။ ဒါကြောင့် ယွင်ကျောင်းက ဖိုးဖိုးကန်(甘爷爷) လို့ ခေါ်လိုက်ပေမယ့် သမားတော်ကန်က (干爷爷) က “ကန်”(干)လို့ ယူဆလိုက်ပြီး သူ့ကို မွေးစားဖိုးဖိုးလို့ ခေါ်တယ်လို့ မှတ်ယူလိုက်တာပါ။)
သို့သော် ကန်စုန့်ပိုင်သည် ကြင်နာတတ်ပြီး ဆေးပညာရပ်တွင်လည်း အလွန်ကျွမ်းကျင်သူဖြစ်သည်။ သူသည် သူမနှင့်အကြိမ်အနည်းငယ်သာ တွေ့ဖူးသော်လည်း သူမအား တွေဝေခြင်းမရှိဘဲ အကူအညီပေးခဲ့၏။ အတိတ်ဘဝ၌ သူမသည် နှစ်ပေါင်းနှစ်ဆယ်ကျော် ရှင်သန်နေထိုင်ခဲ့သော်လည်း သူမအတွက် သူလုပ်ပေးခဲ့သည်နှင့် နီးစပ်သော ကူညီမှုမျိုးအား မည်သူကမှ လုပ်မပေးခဲ့ဖူးပေ။
သူမ၏နှလုံးသားသည် မနူးညံ့ဘဲ မနေနိုင်အောင် ဖြစ်သွားသဖြင့် သူမ ပြုံးလိုက်မိ၏။
“ဟုတ်ပါပြီရှင့်။ ဒါဆို အဖိုး၊ အခုအချိန်ကစပြီး ကျွန်မကို ခိုင်းစရာရှိရင် အားမနာပါနဲ့။”
“အဖိုး” ဟုသော ကြည်ကြည်လင်လင် ခေါ်သံလေးက ကန်စုန့်ပိုင်အား အလွန်ဝမ်းမြောက်ပျော်ရွှင်သွားစေသည်။
သူက ကျင်းယွင်ကျောင်း၏ခေါင်းလေးကို ပွတ်ပေးလိုက်ပြီး ဆရာမကျင်အား လှည့်၍ ပြောလိုက်၏။
“ဆရာမရေ ဒီအတွက် တောင်းပန်ပါတယ်။ မင်းသိတဲ့အတိုင်း ကျုပ်ရဲ့ ဒီမွေးစားမြေးမလေးက ဆေးပညာကို ချစ်မြတ်နိုးတယ်။ အတူတူနေရင်းနဲ့ နောက်ကျ သူက ကျုပ်မြေးတွေနဲ့ သူငယ်ချင်းဖြစ်သွားနိုင်ပါတယ်။ ကျေးဇူးပြုပြီး စိတ်ချပါ၊ ယွင်ကျောင်းက လိမ္မာတဲ့ကလေးပါ။ အနာဂတ်မှာ သူ မတရားပြုမှုဆက်ဆံမှုတွေကို မခံစားရစေဘူးလို့ ကျုပ် ကတိပေးပါတယ်။ ဒါကြောင့် ဆရာမက သူ့ကို ကျောင်းမှာ ဂရုစိုက်ပေးဖို့ ကျုပ် တောင်းဆိုရတော့မှာပဲ။”