အခန်း (၂၅-၂၈)
Vol. 2 Ch. 25-28
Chapter 25 : အကျင့်စရိုက်နှင့်ပတ်သတ်၍ ပြဿနာမရှိ
ဆရာမကျင်သည် အနည်းငယ် မှင်သက်နေမိ၏။ သူတို့နှစ်ဦးသားသည် မွေးစားမြေးအဖိုးဖြစ်လာရန် အလွန် လွယ်လွယ်ကူကူ ဆုံးဖြတ်ချက်ချလိုက်မည်ဟု မထင်ခဲ့မိပေ။
ထိုအစား သူမသည် ဝမ်းမြောက်နေမိသည်။ ကျင်းယွင်ကျောင်းအတွက် ဂရုစိုက်ပေးမည့် ဂုဏ်သရေရှိ ပုဂ္ဂိုလ်ကြီးတစ်ဦးရှိခြင်းက သူမအတွက် ကောင်းသောအချင်းအရာဖြစ်သည်မှာ အသေအချာပင်။ ထို့အပြင် သမားတော်ကန်သည် ခရိုင်၏နာမည်ကျော် တရုတ်တိုင်းရင်းဆေးသမားတော်ကြီးတစ်ဦး ဖြစ်သည်။ သူတို့ တစ်မိသားစုလုံးကလည်း ဆေးပညာရှင်များနှင့် ပြည့်နေ၏။ ကျင်းယွင်ကျောင်းသည်လည်း ဆေးပညာရပ်ကို နှစ်သက်သဘောကျလေရာ ဆိုးကျိုးတစ်ခုမှမရှိဘဲ တစ်ရာ,ရာခိုင်နှုန်း ကောင်းကျိုးချည်းသာ ဖြစ်သည်။
ဤပြဿနာအား နေရာတကျ ဖြေရှင်းပြီးသွားလျှင် အနာဂတ်တွင် ကိစ္စများသည် ယခုထက်ပို၍ လွယ်ကူသွားမည်ဖြစ်၏။
ယနေ့ သူမ အတန်းတက်ရန် မလိုပေ။ ထို့ကြောင့် သူမသည် အဆောင်ရှိ သူမ၏အိပ်ရာကို သန့်ရှင်းရေးလုပ်လိုက်ပြီး ကန်စုန့်ပိုင် ပြောပြထားသည့် အိမ်ရာသို့ ထွက်လာခဲ့လိုက်သည်။
ကန်စုန့်ပိုင်သည် မူလက သူမအား ထိုနေရာသို့ တစ်ခါတည်း ခေါ်သွားလိုခဲ့သော်လည်း သူသည် သူ၏မြေးများအား လခ သိမ်းရမည့်ရက်မဟုတ်ပါက မည်သည့်လူကြီးကိုမှ သူတို့အား နှောက်ယှက်ခွင့်မပြုဟု ကတိပေးထားခဲ့၏။ ထိုကြောင့် သူလုပ်နိုင်သည်မှာ သူ၏မြေးများအား ကြိုတင်ခေါ်ယူ၍ သူတို့၏ အခန်းဖော်အသစ်အကြောင်း ပြောပြထားရန်သာ ဖြစ်သည်။
သူတို့နေထိုင်သော အိမ်ရာအား ဝမ်ရှင်းဟွားယွမ့်(နွေးထွေးသောဥယျာဉ်လေး) ဟု ခေါ်သည်။ ၎င်းမှာ သိပ်မကြီးသော်လည်း နာမည်နှင့်လိုက်ဖက်၏။ တိုက်ခန်းများမှာ နွေးနွေးထွေးထွေးနှင့် ဖော်ရွေပျူငှာသည့် ခံစားချက်ကို ပေးစွမ်းနိုင်သည်။
သူမ သွားရမည့်တိုက်ခန်းသည် ငါးလွှာတွင် ရှိ၏။ ၎င်းတွင် ထပ်ခိုးတစ်ခုလည်း ပါရှိသည်ဟု ဆိုသည်။ ၎င်းအား သစ်ပင်ပန်းမန်မျိုးစုံဖြင့် အလှဆင်ထား၏။ လအနည်းငယ်ကြာလျှင် ချိုမွှေးသော ပန်းရနံ့များက တိုက်ခန်းတစ်ခုလုံး ပျံ့နှံ့ထုံသင်းနေမည်မှာ အသေအချာပင်။
ကျင်းယွင်ကျောင်းသည် လှေကားထစ်များအတိုင်း ချွေးတစ်စက်မှ မထွက်ဘဲ တက်သွားပြီးနောက် တံခါးခေါက်လိုက်သည်။ မကြာမီ ယုန်ရုပ်များပါသည့် ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ယောက်က တံခါးဖွင့်ပေးခဲ့၏။
“ကန်ပြောင်ကျဲ လားဟင်”
မိန်းကလေးက မေးလိုက်သည်။
(T/N : ပြောင်ကျဲ(表姐)ဆိုတာ ဝမ်းကွဲအစ်မလို့ အဓိပ္ပါယ်ရပါတယ်။ မွေးစားအစ်မတွေကို ခေါ်တဲ့နေရာမှာလည်း သုံးလို့ရပါတယ်၊ ဝမ်းကွဲအစ်ကိုကိုကျ ပြောင်ကော(表哥)၊ ဝမ်းကွဲမောင်လေးညီလေးကိုကျ ပြောင်တိ(表第)၊ ဝမ်းကွဲညီမကိုကျ ပြောင်မေ့(表妹) အဲလိုခေါ်ကြပါတယ်။)
ကျင်းယွင်ကျောင်း၏ နှုတ်ခမ်းလေးများမှာ ရုတ်တရက် လှုပ်လှုပ်ရှားရှားဖြစ်သွား၏။ သူမသည် ထိုသို့ အခေါ်ခံလိုက်ရသဖြင့် မှင်တက်သွားသော်လည်း တောင့်တောင့်ကြီးပင် ခေါင်းညိတ်ပြလိုက်သည်။
သူမ ခေါင်းညိတ်ပြလိုက်သည်နှင့် တံခါးဝမှ အခန်းထဲသို့ ဆွဲသွင်းခံလိုက်ရကာ ထိုမိန်းကလေးက ပြောလာ၏။
“ကျွန်မနာမည်က စူးချူပါ။ အဖိုးဆီကနေ ကြားပြီးသွားပြီ၊ အစ်မက ကျွန်မထက် နှစ်လကြီးတယ်ဆိုတော့ ကျွန်မရဲ့ပြောင်ကျဲပေါ့။ ပြောင်ကျဲ ... ပြောင်ကောက အခု သူ့အခန်းထဲမှာ စာလုပ်နေတယ်။ သူ့နာမည်က ကန်ကျင်းချန်တဲ့။ သူက ကျွန်မတို့ထက် တစ်နှစ်ပိုကြီးတယ်။ သူက မူလတန်းတုန်းက တစ်တန်းပြန်တက်လိုက်ရလို့ ကျွန်မတို့နဲ့ အတန်းတူတူဖြစ်နေတာ။ ကျွန်မ အစ်မအကြောင်းကို ကြားပြီးသွားပြီ၊ ကျင်းယွင်ကျောင်း။ အစ်မက ကျွန်မတို့ကျောင်းရဲ့ ထိပ်ဆုံးကျောင်းသူပဲ”
အပြောခံရသူမှာ အနည်းငယ်ပင် အံ့သြသွားရသည်။ ဤသည်မှာ တစ်စုံတစ်ယောက်က သူမ၏အကြောင်းကို ရှင်းရှင်းလင်းလင်းသိထားလျှက်နှင့် သူမ၏ မကောင်းသောကောလဟာလများကြောင့် သူမအား မဖယ်ကြဉ်သွားရှာသည့် ပထမဆုံးအကြိမ်ဖြစ်၏။
သူမ အံသြနေစဉ်မှာပင် စူးချူက ပေါက်ပေါက်ဖောက်သကဲ့သို့ ဆက်ပြောလာသည်။
“ဒီနေ့ အစ်မ ရဲစခန်းကို သွားခဲ့တယ်ဆိုတဲ့ အကြောင်း အဖိုးက ကျွန်မကို ပြောပြပြီးပြီ။ အဲဒီလမ်းသရဲတွေကို ဖမ်းမိပြီး သူတို့ရှာတွေ့တဲ့ သက်သေတွေကိုသာ ထပ်ပေါင်းထည့်လိုက်ရင် ကောလဟာလတွေလိုမျိုး အစ်မက သူတို့နဲ့ ဘာမှမလုပ်ခဲ့ဘူးဆိုတာကို အားလုံးသက်သေပြပြီးသား ဖြစ်သွားပြီပဲ။ ဘာတွေဖြစ်သွားမှန်း ကျွန်မ တကယ်ကြီး နားမလည်ပေမယ့် အဖိုးရဲ့ လူတစ်ယောက် အပေါ် အကျင့်စရိုက်ကို အကဲဖြတ်နိုင်စွမ်းကတော့ တကယ့်ကို တိကျတယ်။ သူက အစ်မကို သူ့ရဲ့မွေးစားမြေးမအဖြစ် အသိအမှတ်ပြုတယ်ဆိုကတည်းက အစ်မရဲ့အကျင့်စရိုက်က အမှားမရှိလို့ပေါ့”
စူးချူက ပြောပြီးလျှင် လက်ဆန့်၍ ညွှန်ပြလိုက်သည်။
“အစ်မရဲ့အခန်းက ကျွန်မအခန်းရဲ့ ညာဘက်မှာ ရှိတယ်၊ အကုန် ပြင်ဆင်ပြီးသွားပြီ။ အစ်မ အရင်ဆုံး ပတ်ဝန်းကျင်နဲ့ အသားကျအောင် လုပ်လိုက်ပါဦး။ ကျွန်မ စာသွားကြည့်လိုက်ဦးမယ်။ အဖိုးရဲ့စာမေးပွဲရက်က သိပ်မလိုတော့ဘူးရယ်”
သူမသည် စကားဆုံးသည်နှင့် အခန်းထဲသို့ အမြန်ပြန်ဝင်သွား၏။
ကျင်းယွင်ကျောင်းက အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် အိမ်ကို လေ့လာလိုက်သည်။
အိမ်က စတုရန်းမီတာ ၁၂၀ ဝန်းကျင်ရှိပြီး မသေးလှပေ။ မီးဖိုခန်းနှင့် ရေချိုးခန်းများတွင် လိုအပ်သော ပစ္စည်းအသုံးအဆောင်များအားလုံး ရှိနေသော်လည်း ဧည့်ခန်းသည် အနည်းငယ် ရှုပ်ပွနေ၏။ သရေစာမျိုးစုံက နေရာအနှံ့ ပွစာတက်နေပြီး စာအုပ်များကလည်း ဟိုတစ်အုပ် ဒီတစ်အုပ် ပြန့်ကျဲနေသည်။ လုံးဝ ရှုပ်ပွနေသည်ပင်။
သူမသည် သူမ၏အခန်းတံခါးကို ဖွင့်လိုက်သည်နှင့် အတော်လေး သဘောကျသွားရ၏။
အခန်းသည် နေထွက်ရာဘက်သို့ မျက်နှာမူထားသည်။ လိုက်ကာစများက ရွှေရောင်တောက်နေပြီး တစ်ခန်းလုံးက တက်ကြွ၍ ထွန်းတောက်နေသော ခံစားချက်အား ပေးနေ၏။ အိပ်ရာ၊ စာအုပ်စင်နှင့် အံဆွဲဗီရိုများအားလုံးကို နေရာချထားပြီး သူမအတွက် ပြင်ဆင်ပေးထားသည်။ သူမ အလွန်ပင် ကျေနပ်မိ၏။
ချောင်မိသားစုအိမ်တွင် နေခဲ့စဉ်က သူမသည် အသေးဆုံးအခန်းကိုသာ ရခဲ့သည်။ သူမ အလုပ်ကြိုးစားလုပ်၍ ဝယ်ယူထားသော လိုက်ကာ၊ ပန်းအိုးများနှင့်သာ ဈေးပေါပေါ အလှဆင်ထားရ၏။ တစ်နည်းအားဖြင့် ထိုအခန်းသည် အိမ်နှင့်တူသည့် နွေးထွေးသည့် ခံစားချက်ကို လုံးဝ မပေးစွမ်းခဲ့ပေ။
သူမသည် သူမ ယူလာသော ပစ္စည်းများအား ရိုးရိုးပင် နေရာချထားလိုက်သည်။ သူမ၏ အခန်းအား ကြည့်ရသည်မှာ ပို၍ ပို၍ နှစ်သက်ဖွယ်ကောင်းစပြုလာသည်။
နေ့လည်ပိုင်းတွင် ကြီးကြီးမားမားကိစ္စရပ်များ ရုတ်ရုတ်သဲသဲဖြစ်သွားပြီးနောက် သူမသည် မနက်ပိုင်းက ဝယ်လာသော ပစ္စည်းများကိုပင် နေရာမချရသေးပေ။ သူမသည် အခန်းတံခါးကို လော့ခ်ချလိုက်ပြီး နေရာလွတ်နယ်မြေထဲသို့ ဝင်လိုက်၏။
ဂေါ်ပြားအသေးလေးတစ်ခုကို ကိုင်ပြီး ကျင်းယွင်ကျောင်းသည် ဝိညာဉ်စွမ်းအားရှိသော ကျောက်စိမ်းထဲတွင် ရေးသားထားသည့် နည်းလမ်းများအတိုင်း လုပ်ဆောင်လိုက်ကာ မျိုးစေ့များအားလုံးကို မြေကြီးထဲသို့ စိုက်ပျိုးလိုက်သည်။ ထို့နောက် စာမလေ့လာမီတွင် သူမ စိုးရိမ်စရာမလိုဘဲ ထိုအပင်လေးများ ကြီးထွားနှုန်းတိုးစေရန် ရေပန်းမှ ရေရောစပ်ပြီးသားဆေးတစ်မျိုးအား လောင်းလိုက်၏။
နေရာလွတ်နယ်မြေထဲတွင် ဆယ့်နှစ်နာရီမျှကြာပြီးနောက် ထိုမျိုးစေ့များ၏ ပုံပန်းသွင်ပြင်များမှာလည်း ပြောင်းလဲသွားပြီဖြစ်သည်။ ၎င်းတို့၏ အညှောင့်ကလေးများက မြေကြီးအောက်မှ တိုးထွက်လာသည်ကို မြင်နေရပြီဖြစ်၏။ သို့သော် မျိုးစေ့တစ်စေ့ချင်းအလိုက် ရေပန်းမှ ရေအချိုးအစားလည်း မတူညီသည်ဖြစ်ရာ သူတို့၏ရင့်မှည့်လာပုံကလည်း မတူညီကြပေ။ မည်သို့ပင်ဆိုစေကာမူ ၎င်းတို့အားလုံး အောင်အောင်မြင်မြင် ကြီးထွားလာပြီဖြစ်သည်။
Chapter 26 : ချစ်စဖွယ် နေရာလွတ်ပိုးကောင်လေး
နေရာလွတ်နယ်မြေ၏အရွယ်အစားသည် အလွန်ကျယ်ဝန်း၏။ အထူးသဖြင့် သူမသည် ဝိညာဥ်စွမ်းအားရှိသည့် ကျောက်စိမ်း၏ ပထမဆုံးအပိုင်းကို စုပ်ယူပြီးနောက် နေရာလွတ်နယ်မြေသည် သူမ ပထမဆုံး ဝင်လာခဲ့သည့် အချိန်ကထက် ပို၍ကြီးမားလာကြောင်း ခံစားလာရသည်။
ကျင်းယွင်ကျောင်း ဝယ်လာသော မျိုးစေ့များမှာ အများဆုံး တစ်ကီလိုဂရမ်ခန့်သာရှိ၏။ ဥပမာအားဖြင့် သန်ရှန်းဆေးမြစ်ပင် (T/N : ဂျင်ဆင်းမျိုးနွယ်ဆေးပင်တစ်မျိုး) များသည် ပမာဏမများသော်လည်း မူတစ်ဝက်စာခန့်နေရာယူ၏ (T/N : 3588 စတုရန်းပေနီးပါး)။ ၎င်းတို့အား ရိတ်သိမ်း၍ အခြောက်ခံပြီးသောအခါ မူတစ်ဝက်စာခန့် ရိတ်သိမ်းထားသော ပမာဏသည် အနည်းဆုံး တစ်ရာကီလိုဂရမ် အလေးချိန်စီးလျက်ရှိလေသည်။ ဤသန်ရှန်းမြစ်များကို တစ်ယူနစ် ယွမ်ငါးဆယ်နှင့်ရောင်းချလျှင်ပင် သူမသည် ယွမ်ငါးထောင်ဝန်းကျင် ရှာနိုင်မည်ဖြစ်၏။
နေရာလွတ်နယ်မြေ၏ အကျိုးကျေးဇူးကြောင့် သူမသည် မည်သည့်ဆေးပင်မျိုးစိတ်ကိုမဆို သာမန်ထက်ပို၍ မြန်မြန်ကြီးထွား အပင်ပေါက်လာအောင် လုပ်နိုင်လာခဲ့သည်။ အရှုံးမရှိသော စီးပွားရေးပင် ...
ကျင်းယွင်ကျောင်း၏ ခံစားချက်မှာ အလွန်ကောင်းနေသည်။ တခြားသူများ နှစ်နှစ် သုံးနှစ်ခန့် အချိန်ယူ၍ စိုက်ပျိုးရသော အပင်များသည် သူမ၏နေရာလွတ်နယ်မြေထဲ၌ ဆယ့်နှစ်နာရီအတွင်း အားလုံးရှင်သန်ကြီးထွားနိုင်ကြ၏။ သူမ၏နေရာလွတ်နယ်မြေ အပြင်ဘက်တွင်မူ အချိန်နှစ်နာရီခန့်သာ ကုန်သေးသည်။ ဤကဲ့သို့ သဘာဝနှင့်ဆန့်ကျင်နေသော ဖြစ်ရပ်ကို မည်သူက မနာလိုမဖြစ်ဘဲ နေမည်နည်း။
သို့ရာတွင် ရင့်မှည့်နေပြီဖြစ်သော ဆေးခင်းအကြီးကြီးကို ကြည့်ရင်း ကျင်းယွင်ကျောင်း စတင် ခေါင်းကိုက်လာရသည်။
၎င်းမှာ သေချာပေါက် ငွေရမြန်သည့် နည်းလမ်းဖြစ်သော်လည်း အခက်အခဲရှိသေး၏။ အကယ်၍ သူမသာ မူတစ်ထောင်ကျော် အကျယ်အဝန်းခန့်ရှိသည့် ဆေးပင်ခင်းကြီးကို စိုက်ပျိုးပါက ၎င်းတို့အား သူမတစ်ယောက်တည်း မည်ကဲ့သို့ ရိတ်သိမ်းရမည်နည်း။
သူမ ထိုကိစ္စအား စဥ်းစားနေစဥ်မှာပင် မှတ်ဥာဏ်အပိုင်းအစတစ်ခုက သူမ၏ဦးနှောက်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာရာ သူမ ချက်ချင်းပင် ပျော်ရွှင်သွားတော့၏။
ကျောက်စိမ်းအပိုင်းက ဤကဲ့သို့သောအရာကိုလည်း ဖုံးကွယ်ထားသေးသည်လား။
သူမက ခပ်သွက်သွက် အာရုံစိုက်လိုက်ရာ အဖြေသည် သူမ၏ဦးနှောက်ထဲသို့ ဝင်ရောက်လာတော့သည်။
ဤ “ဆွဲသီးထဲရှိကမ္ဘာ” နေရာလွတ်နယ်မြေသည် ဘိုးဘေး၏မွေးရပ်ဖြစ်ရုံတင်သာမကဘဲ ရတနာသိုက်တစ်ခုလည်း ဖြစ်၏။ သက်မဲ့များကိုသာ ထည့်နိုင်သည့် အခြားနေရာလွတ်နယ်မြေများနှင့် မတူသည်မှာ ဤနေရာလွတ်နယ်မြေသည် သူမ၏စိတ်စွမ်းအား တိုးပွားလာသည်နှင့်အညီလိုက်၍ ကျယ်ပြန့်လာနိုင်၏။
ကျင်းယွင်ကျောင်းက ကျောက်စိမ်းအပိုင်းတစ်ပိုင်းကို စုပ်ယူလိုက်ချိန်တိုင်း ၎င်းက သူမ၏မှတ်ဥာဏ်စွမ်းအား ကျယ်ပြန့်လာသည်နှင့် တူညီသည်။ ၎င်းနှင့်အညီ သူမ၏စိတ်စွမ်းအင်ကလည်း အလိုအလျှောက် တိုးပွားလာ၏။
အကယ်၍ သူမသည် သူမကိုယ်တိုင် ရိတ်သိမ်းရမည့် ပြဿနာကို ဖြေရှင်းလိုပါက သူမ လုပ်ရမည်မှာ မြေပေါ်သို့ လတ်ဆတ်သော သွေးစက်တစ်စက် ချပေးရုံသာဖြစ်၏။ ၎င်းသွေးစက်က ဤနေရာလွတ်နယ်မြေ၏ မှော်စွမ်းအင်များကို ဆွဲဆောင်လိုက်ပြီးနောက် ထိုစွမ်းအင်များက သူမ၏ ပြဿနာများအားလုံးကို ဖြေရှင်းပေးမည် ဖြစ်သည်။
ယခုအခါတွင် နည်းလမ်းကို ရှာတွေ့သွားပြီဖြစ်ရာ ကျင်းယွင်ကျောင်းသည် ၎င်းကို စမ်းသပ်ကြည့်ရန် မစောင့်နိုင်တော့။
သူမသည် သူမ၏လက်ချောင်းထိပ်ကို ကိုက်ဖောက်လိုက်ပြီး မြေပေါ်သို့ သွေးစက်တစ်စက်ချလိုက်ကာ ၎င်းသွေးစက် ပျောက်ကွယ်သွားသည်အား စောင့်ကြည့်နေလိုက်သည်။ တစ်စက္ကန့်အတွင်းမှာပင် သွေးစက်ပျောက်ကွယ်သွားသော နေရာမှ အပြာရောင်အလင်းတန်းများ ထွက်ပေါ်လာ၏။
ကျင်းယွင်ကျောင်းက နောက်ဆုတ်လိုက်ပြီး ထိုအလင်းတန်းများထဲမှ ရေခဲပြာရောင် ပိုးကောင်သေးသေးများ အစုလိုက်ထွက်လာသည်အား ကြည့်နေလိုက်သည်။
ထိုပိုးကောင်လေးများသည် ဝတုတ်နေပြီး အတော်လေး ချစ်စရာကောင်း၏။ သူမ၏ သွေးစက်ကြောင့် ဖြစ်တည်လာသောကြောင့် ဖြစ်နိုင်သည်။ သူတို့က သူမအား ဝိုင်းအုံလာကြ၏။
ထို ရေခဲပြာပိုးကောင်လေးများ၏ အရွယ်အစားမှာ သူမ၏ လက်မခန့်သာရှိသည်။ ထိုသေးသေးလေးများက သူမအား ကူညီနိုင်ပါမည်လားဟု သူမ သံသယမဝင်ဘဲ မနေနိုင်ခဲ့။
သူတို့ သခင်အသစ်၏ သံသယစိတ်အား အာရုံခံမိ၍ ထင်သည်၊ ထိုပိုးကောင်လေးများသည် ရုတ်တရက်ပင် ဆေးပင်များရှိရာဘက်သို့ စတင် တွားသွားထွက်ခွာကြလေတော့သည်။ အချို့ပိုးကောင်လေးများက မြေကြီးထဲသို့ တူးဝင်သွားချိန်တွင် အချို့က သစ်ရွက်များပေါ်သို့ တွယ်တက်ကြပြီး၊ သူတို့၏ခန္ဓာကိုယ်လေးများကို ဘေးတိုက်ရွေ့လျားကာ ဆွဲတင်၊ တွန်းတင်နေကြ၏။ မကြာမီမှာပင် အပင်များအားလုံး မြေပေါ်သို့ ဆွဲတင်ခံလိုက်ရသည် (ရိတ်သိမ်းပြီးစီးသွားခဲ့သည်)။
သူတို့၏လှုပ်ရှားမှုများက အလွန်လျင်မြန်လှ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သန်ရှန်းမြစ်များအားလုံး သူမ၏ရှေ့တွင် စုပုံပြီးဖြစ်သွားသည်။
“ကျေး...ကျေးဇူးတင်ပါတယ်”
ကျင်းယွင်ကျောင်းသည် ပိုးကောင်လေးများ စီစီညီညီ တန်းစီနေကြသည်ကို မြင်သောအခါ အံသြဆွံ့အနေမိ၏။ သူတို့သည် သူတို့၏ခန္ဓာကိုယ်လေးများကို ဆန့်၍ သူမဘက်သို့ ဖြည်းညှင်းစွာ ဦးညွတ်လိုက်ကြသည်။ ထို ချစ်စဖွယ်ကောင်းသော မြင်ကွင်းကြောင့် ကျင်းယွင်ကျောင်း ရင်ခုန်သံမြန်သွားရ၏။
နေရာလွတ်နယ်မြေသည် အရာဝတ္ထုများအား လတ်ဆတ်အောင် ထိန်းသိမ်းထားနိုင်စွမ်းရှိသည်။ ထိုကြောင့် သူမအနေနှင့် ထိုဆေးမြစ်များအား အခြောက်ခံရန်မှာ မဖြစ်နိုင်ပေ။ ဆိုလိုသည်မှာ ကျင်းယွင်ကျောင်းသည် ထိုဆေးပင်များအား လတ်လတ်ဆတ်ဆတ်သာ ရောင်းချနိုင်၏။ ထိုပြဿနာအား ဖြေရှင်းရန်အတွက်မူ သူမ အိမ်အကြီးကြီးတစ်လုံး ဝယ်နိုင်လောက်မည့် ငွေအများကြီး ရှာနိုင်ချိန်အထိ စောင့်ရပေလိမ့်မည်။
သူမ နေရာလွတ်နယ်မြေထဲ၌ သုံးရက်နေခဲ့ပြီး ထွက်လာသောအခါ သူမ ပြောင်းရွေ့လာပြီးသည့် ဒုတိယနေ့ မနက်ခင်းသို့ ရောက်နေပြီဖြစ်သည်။ ကျောင်းချိန်နီးနေပြီဖြစ်ရာ သူမ အခန်းထဲမှ ထွက်လာခဲ့လိုက်သည်။
အပြင်ဘက်၌ သူမအား စောင့်နေသည့် စူးချူကို တွေ့လိုက်ရ၏။ ကန်ကျင်းချန်ကိုမူ ထုံးစံအတိုင်း ဘယ်နေရာမှာမှ မတွေ့ရချေ။
Chapter 27 : ကျေးဇူးကန်းသော
စူးချူက ပန်းရောင်ကုတ်တစ်ထည်ကို ပြောင်လက်နေသော လည်သာဖြင့် လုပ်ထားသည့် လည်ရှည်ဖိနပ်တစ်ရံနှင့် တွဲဖက် ဝတ်ဆင်ထားသည်။ တစ်ဖက်၌ ကျင်းယွင်ကျောင်းသည် သာမန်အားကစား ဂျာကင်တစ်ထည်ကိုသာ ဝတ်လာ၏။ နှစ်ဦးသားအား နှိုင်းယှဥ်ကြည့်ပါက ကျင်းယွင်ကျောင်း၏ အဝတ်အစားများသည် ပို၍ စျေးပေါပေသည်။
“ပြောင်ကျဲ၊ အဲဒီအရောင်က အစ်မနဲ့ မလိုက်ဘူး။ အစ်မရဲ့အသားအရည်က ဖြူဝင်းနေတာ၊ ဒါကြောင့် ကျွန်မထင်တယ်၊ အစ်မက အနီ ဒါမှမဟုတ် အဖြူရောင်နဲ့ဆို သေချာပေါက် ကြည့်ကောင်းမှာ”
စူးချူက ပွင့်ပွင့်လင်းလင်းပင် ချီးမွှမ်းလိုက်၏။
စူးချူသည် သိမ်မွေ့သော ရုပ်ရည်သွင်ပြင်ရှိပြီး၊ ချစ်စဖွယ်ကောင်းသော အိမ်နီးချင်း ညီမလေးတစ်ယောက်ပုံစံမျိုးဖြစ်သည်။ စူးချူသည် ကျောင်း၌ မည်မျှ နာမည်ကြီးမည်မှန်း ကျင်းယွင်ကျောင်း စိတ်ကူးကြည့်လိုက်မိ၏။
စူးချူ၏ဘက်တွင်တော့ သူမသည် ကျောင်းယွင်ကျောင်းထံမှ လုံးဝ အဖမ်းစားခံရလိုက်ရသည်။
ကျောင်းပွဲတော်ကဲ့သို့သော အခမ်းအနားများတွင် ကျောင်းယွင်ကျောင်းသည် အမြဲတမ်း ကျောင်းသားကိုယ်စားပြုတစ်ယောက်ဖြစ်ခဲ့ရာ စူးချူသည် ယခင်က သူမအား ကျောင်းတွင် အကြိမ်များစွာ မြင်တွေ့ဖူး၏။ သူမသည် အမြဲတမ်း စကားနည်းပြီး၊ အောက်မှ ကျောင်းသားများက သူမ၏အကြောင်းကို ဘာပြောပြော တစ်ခါမှ မတုံ့ပြန်ခဲ့ပေ။
ကျင်းယွင်ကျောင်းသည် အမှန်တကယ်ပင် အလွန်လှပ၏။ သို့သော် ယခင်က သူမသည် ဘယ်သောအခါမှ သဘောကောင်းမည့်ပုံမပေါ်ခဲ့ဘဲ အမြဲတမ်း အေးတိအေးစက် ခပ်မှိုင်မှိုင်ဟုသာ ထင်ရ၏။ ယခုတွင်မူ သူမသည် တခြားလူတစ်ယောက်အဖြစ် လုံးဝပြောင်းလဲသွားသလို ခံစားနေရသည်။ သူမသည် အားကစားဂျာကင်တစ်ထည်ကိုသာ ပုံမှန်အတိုင်း ဝတ်ဆင်ထားသော်လည်း သူမအား ကြည့်ရသည်မှာ အထက်တန်းကျနေ၏။
“မင်း မနက်စာ မစားရသေးဖူးလား”
ကျင်းယွင်ကျောင်းက သူမ၏ကိုယ်ပိုင်အဝတ်အစားများနှင့်ပတ်သတ်၍ ထွေထွေထူးထူးထင်မြင်ချက်မရှိရာ အကြောင်းအရာပြောင်းမေးလိုက်သည်။
“ဒီမှာ အသင့်စား ခေါက်ဆွဲတွေပဲရှိတာ။ ပြောင်ကောက ဒီနေ့ အစောကြီး ထွက်သွားတယ်လေ။ မဟုတ်ရင် ဆန်ပြုတ်နည်းနည်းလောက်တော့ သောက်စရာရှိဦးမှာ”
စူးချူက ခါးသီးနေသော အမူအယာဖြင့် ပြောလာ၏။
ကျင်းယွင်ကျောင်းက နှုတ်ခမ်းတွန့်ရုံလေးပြုံးလိုက်ပြီး သက်ပြင်းချလိုက်သည်။
အချိန် စောသေး၏။ ထို့ကြောင့် ကျင်းယွင်ကျောင်းက စူးချူအား ခဏစောင့်ရန် ပြောလိုက်ပြီး နှစ်ယောက်စာ ဆန်ပြုတ်ချက်ရန် စတင်ပြင်ဆင်လိုက်တော့သည်။
စူးချူသည် ကလေးဆန်သော စိတ်ထားရှိ၏။ ကျင်းယွင်ကျောင်းက မနက်စာအား အဆင်ပြေပြေ ချက်ပြုတ်နေသည်ကို မြင်သောအခါ တက်တက်ကြွကြွပင် မှတ်ချက်ပေးလာ၏။
“ပြောင်ကျဲ၊ အစ်မက အိမ်မှာ နေ့တိုင်း ချက်ပြုတ်နေကျလား။ အစ်မရဲ့ဆန်ပြုတ်က ပြောင်ကောချက်တာထက်တောင် ပိုကောင်းမယ့်ပုံပဲ”
သူမ၏ ပြောကော၊ ကန်ကျင်းချန်၏ လက်ရာသည် သူမ၏လက်ရာထက် အနည်းငယ်သာ ပိုကောင်းပြီး၊ ယခု ကျင်းယွင်ကျောင်း၏လက်ရာနှင့် တစ်ခြားစီပင်။ အနံ့လေးကအစ အရသာရှိမယ့်အနံ့လေး မွှေးနေရောပဲ။
“နောက်ကျ မင်းစားချင်တာရှိရင် ငါ့ကိုပြော၊ ငါ မင်းအတွက် ချက်ပေးမယ်”
ကျင်းယွင်ကျောင်းက ပြုံး၍ ပြောလိုက်သည်။
မလိုအပ်ပါက ကျင်းယွင်ကျောင်းသည် စကားအများကြီးမပြောတတ်သော်လည်း ပြန်လည်မွေးဖွားလာပြီးနောက်တွင်တော့ သူမသည် အနည်းငယ် တိုးတက်လာခဲ့သည်။
တစ်မနက်ခင်းလုံးတွင် စူးချူသည် သူမ တစ်ဦးတည်း ဒိုင်ခံ၍ အဆက်မပြတ် စကားပြောနေခဲ့၏။ အစပိုင်းတွင် ကျင်းယွင်ကျောင်းသည် တစ်ခွန်းစနှစ်ခွန်းစ စိတ်ရှည်လက်ရှည် ထောက်ပေးခဲ့သော်လည်း စူးချူသည် အကြောင်းအရာ ခေါင်းစဥ်များစွာ ပြောင်းပြောင်းပြောတတ်ကြောင်း သိရှိသွားခဲ့ရပြီး၊ သူတို့၏စကားဝိုင်းသည် ဘယ်တော့မှ အကြောင်းအရာတစ်ခုတည်း ဖြစ်မနေခဲ့ပေ။ ထို့ကြောင့် ခဏအကြာတွင်တော့ သူမသည် အသံတိတ်နားထောင်သူ တစ်ယောက်သာ ဖြစ်လာပြီး မကြာခဏ ခေါင်းညိတ်ပြ၍သာ တုံ့ပြန်နေလိုက်တော့သည်။
မနက်စာစားပြီးနောက် သူတို့ ကျောင်းသို့ ထွက်လာခဲ့၏။
အပြင်ဘက်ရှိ နေရောင်ခြည်သည် တောက်ပပြီး သက်တောင့်သက်သာရှိကာ သူမ၏ဘဝအသစ်ကို ဂုဏ်ပြုပေးနေသကဲ့သို့ပင်။
“ကြည့်၊ အဲဒါ ကျင်းယွင်ကျောင်း မဟုတ်လား”
သူတို့ ကျောင်းဝန်းထဲသို့ ဝင်လိုက််သည်နှင့် တစ်စုံတစ်ယောက်က အသံတိုးတိုးဖြင့် ပြောလိုက်၏။
“မနေ့က ချောင်ဟုန်ယဲ့က အတန်းထဲကို ပြန်ရောက်တာနဲ့ စပြီး ငိုတော့တာပဲ။ သူ့ကို အကြာကြီးမေးတာတောင် နောက်ဆုံးမှ သူက ငါ့ကို ပြောပြတာ။ သူပြောပြတာက ကျင်းယွင်ကျောင်းက သူ့အမေရဲ့သမီးအရင်း မဟုတ်ဘူးတဲ့။ သူက ချောင်မိသားစုက ကောက်ပြီး မွေးစားထားတဲ့ ကလေးတစ်ယောက်ပဲတဲ့။ မနေ့က ချောင်ဟုန်ယဲ့ရဲ့အဖေ ရောက်လာပြီးတော့ အော်ကြီးဟစ်ကျယ်တွေ လုပ်ခဲ့တယ်ဆိုပဲ။ သူတို့ ရဲစခန်းကိုတောင် သွားခဲ့ကြတာတဲ့။ နောက်ဆုံး ကျင်းယွင်ကျောင်းက အိမ်က ထွက်သွားခွင့်ရဖို့ အတင်းအကြပ်တောင်းဆိုခဲ့တယ်လို့ ကြားတာပဲ၊ သူက ချောင်မိသားစုနဲ့ လုံးဝအဆက်အသွယ်ဖြတ်ချင်တဲ့ အဓိပ္ပါယ်ပေါ့ဟယ်”
ထိုမိန်းကလေးက တီးတိုးပြောလိုက်သည်။
သူမ၏အသံက အတော်လေးတိုးသော်လည်း ပတ်ဝန်းကျင်ရှိ ကျောင်းသားများမှာ သူမနှင့်ခြေလှမ်းအနည်းငယ်မျှအကွာတွင်သာ ရှိနေကြသည်ဖြစ်၍ အားလုံးကို ရှင်းရှင်းလင်းလင်း ကြားနိုင်ကြ၏။
ကျင်းယွင်ကျောင်းက ထိုမိန်းကလေးအား တစ်ချက်ကြည့်လိုက်သည်။ သူမသည် ထိုမိန်းကလေးအပေါ်တွင် ထင်မြင်ချက်အချို့ရှိခဲ့၏။
ရိကျုံးကျောင်းသည် ဟွားနင်ခရိုင်တွင် အကောင်းဆုံးကျောင်းဖြစ်ပြီး ပထမနှစ်တွင် အတန်းပေါင်းနှစ်ဆယ်ကျော်ရှိ၏။ ထိုမိန်းကလေးသည် အေခန်း (Class A) မှ ဖြစ်ပြီး ချောင်ဟုန်ယဲ့က ညာဘက်ကပ်ရပ်ရှိ ဘီခန်း (Class B) မှ ဖြစ်သည်။
သူတို့၏အတန်းများသည် ဘေးချင်းကပ်လျက်ဖြစ်ပြီး မိသားစုသဖွယ် ဖြစ်ကြ၏။ ထို့ကြောင့် ထိုအတန်းနှစ်တန်းသည် တစ်တန်းနှင့်တစ်တန်း မကြာခဏ နှိုင်းယှဥ်ခံရသည်။ သူမသည် အတိတ်က အကြောင်းအရာများကို မှတ်မိသွား၏။ ထိုမိန်းကလေး၏နာမည်မှာ လုကျားဖြစ်ပြီး သူမသည် စကားအများဆုံး မိန်းကလေးတစ်ယောက်ဖြစ်ကာ အမြဲတမ်း ချောင်ဟုန်ယဲ့နားတွင် တတွဲတွဲ ကပ်နေတတ်သည်။ လုကျားသည် ချောင်ဟုန်ယဲ့က ကျင်းယွင်ကျောင်းဆီမှ အမြဲတမ်း အနိုင်ကျင့်စွပ်စွဲခံနေရသကဲ့သို့ ပြုမူတတ်၍ သူမအား လက်စားချေရန် ကြိုးပမ်းလေ့ရှိ၏။ ၎င်းမှာ လုကျားက သူမအား အမြဲတမ်း တိုက်ခိုက်နေရသည့် အကြောင်းအရင်းပင်။
လက်ရှိ လုကျားသည်လည်း အတိတ်ဘဝကကဲ့သို့ပင် ဖြစ်၏။ ကျင်းယွင်ကျောင်းအား မြင်လိုက်သည့်နောက်တွင်မူ သူမက အလွန်မောက်မာစွာဖြင့် အသံမြှင့်ကာ ပြောလိုက်သည်။
“တချို့လူတွေက အဆင့်လေးကောင်းတာနဲ့ သူတို့ကိုယ်သူတို့ ဘာမဆို လုပ်နိုင်ပြီလို့ ထင်နေကြတာ။ သူတို့က အိမ်ကနေ ထွက်သွားပြီးတော့တောင် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်ချင်နေလိုက်ကြသေးတယ်။ အဲဒီသူတွေက သူ့ရဲ့မိဘအရင်းတွေ မဟုတ်ရင်တောင်မှ သူတို့ရဲ့ကျေးဇူးက မိဘအစစ်ဆိုတာတွေထက်တောင် ပိုကြီးသေးတယ်။ သူက သူတို့ကို မလိုချင်ဘူးလို့ ပြောလိုက်ပြီးတော့ သူ့မှာ သူတို့ရှိဖို့ မလိုဘူးလို့ တကယ်ကြီး ထင်နေတာပဲ။ ငါတော့ ဒီလို ကျေးဇူးကန်းတဲ့သူမျိုး တစ်ခါမှ မတွေ့ဖူးပါဘူး”
Chapter 28 : နင်က မိထွေးဖြစ်ချင်နေတာလား
“လုကျား၊ နင့်အသံကို လျှော့ပါဦး”
လုကျား၏ဘေးမှ မိန်းကလေးက သတိပေးလိုက်သည်။
သူတို့သည် ကျင်းယွင်ကျောင်းအား မနှစ်သက်သည့်တိုင်အောင် သူတို့သည် တစ်ယောက်နှင့်တစ်ယောက် တစ်ခါမှ ရန်စမရှိခဲ့ပေ။ ထို့အပြင် မနေ့က ချောင်ဟုန်ယဲ့၏ အဖေဖြစ်သူက ကျောင်းသို့လာ၍ အော်ကြီးဟစ်ကျယ်လုပ်ခဲ့ရာ လူတိုင်း စိတ်မသက်မသာဖြစ်ခဲ့ကြရ၏။ သူတို့သည် ထိုကဲ့သို့ အရှက်တရားကင်းမဲ့၍ အရေထူသောသူမျိုးကို တစ်ခါမှ မတွေ့ဖူးခဲ့။
“ငါ့ကို မတားနဲ့”
လုကျားက ဂရုမစိုက်ဟန်ဖြင့် ဆက်ပြောပြန်သည်။
“ငါက ဘာအမှားလုပ်မိလို့ ငါ့အသံကို ထိန်းပြောရမှာလဲ။ နင်တို့တွေ ဘာလို့ ဒီကိစ္စကို ဦးနှောက်နည်းနည်းသုံးပြီး စဥ်းစားကြည့်ကြလေ။ သူက ချောင်ဟုန်ယဲ့ရဲ့ အစ်မအရင်း မဟုတ်ဘူး၊ ဒါပေမယ့် သူ့ကို ချောင်မိသားစုရဲ့အရိပ်အောက်မှာ နှစ်ပေါင်းများစွာ ကျွေးမွေးစောင့်ရှောက်ပေးခဲ့တာ။ သူက ကျောင်းရဲ့ ထိပ်ဆုံးကျောင်းသူတစ်ဦးတောင် ဖြစ်လာသေးတယ်လေ။ ဘယ်လိုအခွင့်အရေးနဲ့များ သူက သူတို့ကို သူ့ရဲ့မိဘတွေအဖြစ် အသိအမှတ်မပြုနိုင်ရတာလဲ။ မနေ့က ကိစ္စမှာလည်း ဦးလေးချောင် တအားဒေါသထွက်နေတာ အကြောင်းအရင်းရှိတယ်။ သူသာ အဲဒီလမ်းသရဲတွေနဲ့ ဇာတ်လမ်းမရှုပ်ခဲ့ဘူးဆိုရင် ကိစ္စတွေကလည်း ဒီလိုပြောင်းလဲသွားမှာ မဟုတ်ဘူး”
“နင် ဘာအဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောနေတာလဲ။ အဲဒီလမ်းသရဲတွေက အဖမ်းခံရပြီးပြီ။ ပြီးတော့ သူတို့က ပြောင်ကျဲနဲ့ ဘာမှမဖြစ်ခဲ့ကြဘူး”
စူးချူက လုကျား၏ ဝေဖန်စွပ်စွဲမှုကို ကြားသောအခါ ဒေါသတကြီး ဝင်ပြောလိုက်၏။
လူများသည် အဘယ့်ကြောင့် ကောလဟာလများ ဖြန့်ရသည်ကို နှစ်သက်ကြပြီး ပြဿနာကို မီးမွှေးရှာတတ်ကြသည်မှန်း သူမ နားမလည်နိုင်။
ကျင်းယွင်ကျောင်း၏ မျက်ဝန်းများက အနည်းငယ် မှိန်ဖျော့သွားသည်။ သူမသည် စူးချူအား သူမ၏နောက်သို့ ပြန်ဆွဲလိုက်ပြီး လုကျားဆီသို့ တည့်တည့်လျှောက်သွားလိုက်၏။
“နင်က ငါနဲ့ တစ်အိမ်တည်းနေတာလား။ ငါ ဘယ်လိုနေခဲ့ရတယ်ဆိုတာ နင်က သိလို့လား။ ဒါမှမဟုတ်ရင် နင်က လူတွေရဲ့စိတ်ကို ဖတ်နိုင်ပြီးတော့ ငါ ဘာတွေးနေလဲဆိုတာကို သိနေတာလား။ မဟုတ်ရင် နင့်မှာ ချောင်ဝေ့မင်ဘက်ကနေ ရှေ့နေလိုက်ပေးဖို့ ဘယ်လို အခွင့်အရေးများ ရှိနေလို့လဲ။ အိုး...ချောင်ဝေ့မင်က အခုအချိန်မှာ သူ့ဇနီးဆုံးသွားလို့ ဝမ်းနည်းကြေကွဲနေတုန်း ရှိသေးတာနော်။ နင်က ချောင်ဟုန်ယဲ့ကို အရမ်းချစ်နေတာဆိုတော့ နင်က သူ့မိထွေးဖြစ်လာဖို့များ အစီအစဥ်ဆွဲနေတာလား”
ကျင်းယွင်ကျောင်းက နောက်မဆုတ်စတမ်း ပြန်တုံ့ပြန်လိုက်သည်။
အတိတ်ဘဝကတည်းကပင် လုကျားသည် ချောင်ဟုန်ယဲ့၏ အချစ်ဆုံးသူငယ်ချင်း ဖြစ်ခဲ့သည်။
အကယ်၍ လုကျားသည် ကျင်းယွင်ကျောင်းက ချောင်ဟုန်ယဲ့ဆီမှ ပထမနေရာကို ခိုးသွား၍ မနာလိုဖြစ်သည်သာဆိုပါက ကျင်းယွင်ကျောင်းတွင် ပြောစရာစကားမရှိပေ။ သို့သော် သူမသည် ယခင်က လုကျားနှင့် တစ်ခါမှ ပြဿနာမဖြစ်ဖူးပါဘဲ လုကျားက သူမအား အမြဲ ပြဿနာရှာ၏။
ဤသည်က လုကျားသည် သူမ၏သူငယ်ချင်းဘက်မှ ရပ်တည်၍ ကျင်းယွင်ကျောင်းအား နာမည်ဖျက်သည့် ပထမဆုံးအကြိမ်မဟုတ်ပေ။ အတိတ်ဘဝတုန်းက ကျင်းယွင်ကျောင်းသည် သူမ,မရှိသကဲ့သို့ သဘောထား၍ လျစ်လျူရှုခဲ့သည်။ သို့သော် ယခုတွင်တော့ သူမ ထိုသို့ ထပ်မလုပ်နိုင်တော့ပေ။
သူတို့သည် အသက်ဆယ့်ငါးနှစ်အရွယ်မိန်းကလေးများသာ ဖြစ်ကြသည်။ လုကျားက ကျင်းယွင်ကျောင်း၏စကားကို ကြားသောအခါ သူမ၏ မျက်နှာက ချက်ချင်းနီရဲတက်လာ၏။
“ငါ မဟုတ်ဘူး။ နင်ကသာ အောက်တန်းစားမ။ နင့်မှာ ငါ့ကို ဒီလိုပြောဖို့ ဘာအခွင့်အရေးများရှိလို့လဲ”
အခြားလူများက ကျင်းယွင်ကျောင်း၏ စကားများအား ယုံကြည်သွားမည်ကို စိုးသောကြောင့် လုကျား၏ အသံမှာ တုန်ယင်နေသည်။
သူမက လက်ကိုမြှောက်၍ ကျင်းယွင်ကျောင်းအား လက်ညှိုးငေါက်ငေါက်ထိုးလိုက်၏။ သူမ၏ ချက်ချင်းထလုပ်တော့မည့်သဖွယ် အမူအယာမှာ အတော်လေး ကြောက်စရာကောင်းနေသည်။
ဤလုကျားသည် ချောင်ဟုန်ယဲ့နှင့် ပုံပန်းသွင်ပြင် လုံးဝကွာခြား၏။ သူမတွင် ဆံပင်ရှည်များရှိသော်လည်း သူမသည် သိပ်ကြည့်မကောင်းဘဲ၊ မျက်နှာအစိတ်အပိုင်းများမှာ ရွက်ကြမ်းရေကျိုမျှသာ ဖြစ်သည်။ ပျိုဖော်ဝင်စချိန်ဖြစ်သောကြောင့် သူမ၏မျက်နှာတွင် ဝက်ခြံအချို့ရှိနေလေရာ သူမ၏အသားအရေမှာ ချောင်ဟုန်ယဲ့လောက်လည်း မကောင်းပေ။
ယခုအခါ သူမ အလွန်ဒေါသထွက်နေသည်ဖြစ်ရာ သူမ၏ ဝက်ခြံများသည်လည်း ပေါက်ထွက်မတတ် နီရဲလာကြသည်။ ၎င်းအား သူမ၏ရန်လိုနေသော အမူအရာနှင့်တွဲလိုက်ရာ ကျင်းယွင်ကျောင်းသည် ထိုမြင်ကွင်းအား အနည်းငယ် မသတီဖြစ်မိ၏။
“ဒါကြောင့် ငါက အောက်တန်းမပေါ့။ ငါက သေသင့်တယ်၊ အနိုင်ကျင့်ခံရသင့်တယ်ဆိုတဲ့ အဓိပ္ပါယ်လား”
ကျင်းယွင်ကျောင်းက လက်မြှောက်၍ လုကျား၏ လက်ကို အားဖြင့် ရိုက်ချလိုက်သည်။
“ငါက တခြားသူတွေဆီကနေ လက်ညှိုးထိုးခံရတာကို မကြိုက်ဘူး။ အထူးသဖြင့် ရွံစရာကောင်းတာတွေဆီကနေပေါ့”
“အရှက်မရှိ၊ ဘယ်သူ့ကို ရွံစရာကောင်းတယ်လို့ ပြောနေတာလဲ”
လုကျားသည် သူမ၏ မျက်နှာနှင့် ပတ်သတ်၍ အမြဲတမ်း မသက်မသာ ခံစားနေရသည် ဖြစ်၏။ ယခုအခါ ကျင်းယွင်ကျောင်းက ထိုသို့ပြောလိုက်လေရာ လုကျားသည် သည်းမခံနိုင်တော့ဘဲ သူမအား ဘေးလူများက တားနေသည်ကိုပင် လျစ်လျူရှုကာ ကျင်းယွင်ကျောင်းဆီသို့ ဒေါသတကြီး ပြေးဝင်သွားတော့သည်။
အရူးမတစ်ယောက်ကဲ့သို့ပင် လုကျားသည် သူမ၏လက်သည်းရှည်များကို ထုတ်ပြီး ကျင်းယွင်ကျောင်း၏ မျက်နှာအား ဆွဲကုတ်ပစ်လိုက်၏။ အကယ်၍ အတိတ်ဘဝတုန်းကသာ ဖြစ်ပါမူ လုကျားသည် သူမ၏ မျက်နှာအား အောင်အောင်မြင်မြင် ဆွဲကုတ်ပစ်နိုင်မည်ဖြစ်သည်။ သို့သော် လက်ရှိအချိန်တွင် ကျင်းယွင်ကျောင်းသည် သူမ၏နေရာလွတ်နယ်မြေထဲ၌ ကိုယ်ခံပညာများကို အချိန်တစ်ခုကြာအောင် လေ့ကျင့်ထားပြီးဖြစ်၏။ သူမ၏ စွမ်းရည်သည် စတင်လေ့လာသူတစ်ယောက်ကဲ့သို့ မှတ်ယူရလောက်အောင်ပင် မကောင်းသေးသော်လည်း သူမ၏ ခွန်အားနှင့် အလိုအလျောက်တုံ့ပြန်နိုင်စွမ်းကမူ လုကျားကဲ့သို့သော မိန်းကလေးငယ်လေးများထက် သာပေသည်။
ကျင်းယွင်ကျောင်းက လက်ဆန့်၍ လုကျား၏ လက်ချောင်းများကို ဖမ်းဆွဲထားလိုက်၏။ သူမသည် ထိုလက်ချောင်းများကို ရက်ရက်စက်စက် ဆုပ်ချေပစ်လိုက်ရာ ပတ်ဝန်းကျင်ရှိလူများပင် အရိုးအက်သံသဲ့သဲ့ကို ကြားလိုက်ရသည်။
လုကျားသည် မျက်ရည်များကျလာပြီး နာနာကျင်ကျင် အော်ငိုလိုက်လေ၏။