← Chapters

အခန်း (၂၉-၃၂)

Vol. 2 Ch. 29-32

အခန်း (၂၉-၃၂)

Vol. 2 Ch. 29-32

Chapter 29 : ဖူးယောင်နေအောင် ပါးရိုက်ခံရခြင်း

ကျင်းယွင်းကျောင်းက သူမ၏လက်များကို ဖမ်းချုပ်ထားလိုက်သောအခါ လုကျားသည်် ကျင်းယွင်ကျောင်းအား ခြေထောက်ဖြင့် လှမ်းကန်လိုက်သည်။

ဒုန်း ...

ထိုကန်ချက် မြေပေါ်သို့ပြန်မကျသေးမီမှာပင် လုကျား၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မြေကြီးပေါ်သို့ ကိုင်ပေါက်ခံလိုက်ရ၏။

သူတို့ကြားရှိရန်ပွဲက သိပ်မကြီးကျယ်သော်လည်း မနက်ခင်းစောစောဖြစ်ရာ ကျောင်းသို့ စောစောလာသော ကျောင်းသားများအားလုံး ထိုနေရာ၌ စုံရုံးနေကြသည်။ သူတို့အားလုံးသည် ၄င်းတို့ရှေ့တွင် ထင်ထင်ရှားရှား မြင်လိုက်ရသော မြင်ကွင်းကြောင့် ကြက်သေသေသွားရ၏။

သူတို့သည် ကျင်းယွင်ကျောင်းက လုကျားအပေါ်၌ တက်ခွထိုင်လိုက်သည်အား မြင်လိုက်ကြရသည်။ ထို့နောက် သူမက လက်ကိုလွှဲ၍ လုကျား၏ မျက်နှာပေါ်သို့ နှစ်ချက်ဆင့်၍ ဖြန်းခနဲ့ အသံမြည်အောင် ရိုက်ပစ်လိုက်၏။

ဖြန်း ... ဖြန်း ...

“တောင်းပန်စမ်း”

ကျင်းယွင်ကျောင်းက ပါးနှစ်ချက်ရိုက်ပြီး ကြိမ်းဝါးလိုက်သည်။

လုကျားသည် ခပ်ပြင်းပြင်း အရိုက်ခံထားရ၏။ သူမသည် သူမ၏ဘဝ၌ တစ်ကျောင်းလုံး၏ရှေ့တွင် ပါးရိုက်ခံရမည့်နေ့ ရှိလာလိမ့်မည်ဟု မယုံကြည်ခဲ့။

“နင်က အောက်တန်းစားမ။ အကြင်နာတရားမရှိ၊ အရှက်မရှိတဲ့ အောက်တန်းစားမ။ နင်က အခြားသူတွေနဲ့ ပတ်အိပ်ခဲ့ပြီးတော့များ”

လုကျားက ရန်လိုသော မျက်လုံးများဖြင့် မျက်တောင်မခတ်တမ်း ကြည့်နေသည်။ သူမသည် အရှုံးကို သေချာပေါက် ဝန်ခံမည် မဟုတ်ပေ။

ထိုအချိန်တွင် ကျင်းယွင်ကျောင်း၏ အကြည့်များက ပို၍အေးစက်လာသည်။ သူမက အေးအေးစက်စက် ပြုံးလိုက်ပြီး ပြန်ဖြေ၏။

“မဟုတ်မမှန် စွပ်စွဲတာက ရာဇဝတ်မှုမြောက်တယ်ဆိုတာ နင်သိလား။ နင် အနာဂတ်မှာ လမ်းမှားမရောက်အောင် ငါ နင့်ကို ဒီနေ့ ရှင်းရှင်းလင်းလင်း မှတ်မိသွားအောင် လုပ်ပေးလိုက်မယ်”

သူမ၏ စကားဆုံးသည်နှင့် ကျင်းယွင်ကျောင်းသည် လုကျားအား အညှာအတာ ကင်းမဲ့စွာဖြင့် ထပ်ခါထပ်ခါ ရိုက်ပစ်လိုက်တော့သည်။

အကြိမ်ရေမနည်း ထပ်ခါထပ်ခါ အရိုက်ခံရပြီးသည့်နောက် လုကျားသည် ကြယ်တွေ လတွေပင် မြင်နေရပြီဖြစ်၏။ မျက်ရည်များ ဒလဟောထွက်ကျလာပြီး သူမ၏ ပါးနှစ်ဖက်သည်လည်း နာလွန်းသဖြင့် ပူလောင်နေပြီဖြစ်ကာ စကားပင် မပြောနိုင်တော့ချေ။

ကျင်းယွင်ကျောင်းသည် အကြမ်းဖက်ရန် စိတ်ကူးမရှိ။ ထို့ကြောင့် လုကျားက တောင်းပန်ရန် ဆန္ဒမရှိသည်ကိုမြင်သောအခါ သူမသည် ရိုက်နေသည်ကို ရပ်လိုက်ပြီး မတ်တပ်ထရပ်လိုက်၏။

သူမသည် ရိုက်ချက်များတွင် အားသိပ်မသုံးပဲ ခပ်မြန်မြန်သာ ရိုက်ခဲ့ခြင်းဖြစ်သည်။ ကျောင်းလုံခြုံရေးရောက်လာသောအခါ ကျင်းယွင်ကျောင်းသည် ခပ်သွက်သွက်ပင် မတ်တပ်ထရပ်နေပြီး ဖြစ်၏။ သူမ၏ ပုံစံသည် ခုနလေးက ကြောက်မက်ဖွယ်ကောင်းသည့် ပုံစံနှင့် မတူတော့ဘဲ အလွယ်တကူ အနိုင်ကျင့်၍ရသော ပုံစံအဖြစ် ပြန်ပြောင်းသွားသည်။

“မင်းတို့ကလေးတွေ ဘယ်လိုပြုမူရမယ်ဆိုတာ မသိဘူးလား။ မနက်အစောကြီး ရန်ဖြစ်နေကြတယ်။ ငါနဲ့ ရုံးခန်းကို လိုက်ခဲ့ကြ”

လုံခြုံရေးက ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။

ကျင်းယွင်းကျောင်းဆီသို့ ရောက်လာသော သူ၏ အကြည့်များက စိမ်းသက်လှ၏။

မနေ့က သူမ၏ ဖခင်ဖြစ်သူ အော်ကြီးဟစ်ကျယ် သောင်းကျန်းခဲ့သည်။ ယနေ့ သူမကိုယ်တိုင်က ပြဿနာအကြီးကြီး ထပ်ရှာပြန်ပြီဖြစ်၏။ သူသည် သူမအား ယဥ်ကျေး၍ အတော်လေး တည်ငြိမ်အေးဆေးသော ကလေးတစ်ယောက်ဟု ထင်ခဲ့သည်။ သို့သော် အခုတွင်မူ.....သူသည် လုကျား၏ အရိုက်ခံရပြီး ဖူးရောင်နေသော မျက်နှာအား ကြည့်လိုက်၏။ သနားစရာကောင်းလိုက်သည်ပင်။

“ဦးလေး၊ ကျေးဇူးပြုတော့ အခုအချိန်စတဲ့ လုံခြုံရေးမှတ်တမ်းတွေ ပြင်ထားပေးလို့ရမလား”

ကျင်းယွင်ကျောင်းက တွန့်ဆုတ်မနေဘဲ လုံခြုံရေးဆီသို့ လျှောက်သွားလိုက်သည်။

သူမသည် လူမြင်ကွင်း၌ ဤကဲ့သို့ အကြမ်းဖက် ပြုမူရဲခြင်းမှာ လုကျား၏ စကားများကြောင့် ဒေါသထွက်ပြီး စိတ်လွတ်သွားခြင်း မဟုတ်ဘဲ သူမတို့ရပ်နေသောနေရာသည် လုံခြုံရေးမှတ်တမ်းကင်မရာများအတွင်း ရှိနေသည်အား သိခြင်းကြောင့် ဖြစ်သည်။

သူမသည် အကြမ်းဖက်သောကြောင့် မှားသည်ဆိုသော်လည်း သူမ ထိုသို့လုပ်ရမည်သာဖြစ်၏။ သို့မှသာ အခြားသူများက သူမအား အလွယ်တကူ အနိုင်မကျင့်ကြမည်ဖြစ်၏။

ထို့ပြင် လုကျားက စ၍ ရန်စသူဖြစ်သည်။ သူမသည် ပထမဆုံး အကြမ်းဖက်သူလည်း ဖြစ်ပြီး မဟုတ်မမှန်စကားများဖြင့် အော်ဟစ်စော်ကားပြီး လှုံ့ဆော်ပေးသူဖြစ်၏။

အခြားတစ်ဖက်၌ ကျင်းယွင်ကျောင်းသည် မတရားခံရသူဖြစ်သည်။ သူမက သူမ၏အခွင့်အရေးအရ ပြန်မခုခံဘဲ လုကျားက သူမ၏ မျက်နှာအား ဆွဲကုတ်မည်ကို ခွင့်ပြုထားရမည်လား။

ကျင်းယွင်ကျောင်း၏ တည်တည်ငြိမ်ငြိမ်နှင့် ယုံကြည်ချက်ရှိသည့် စကားကို ကြားသောအခါ လုံခြုံရေးအစောင့်လည်း အနည်းငယ် ဇဝေဇဝါဖြစ်သွား၏။

ထို့နောက် သူက ထပ်မံ၍ စဥ်းစားလိုက်ပြီး လုံခြုံရေးမှတ်တမ်းကိုသာ ပြန်အကြည့်သင့်ဆုံးဖြစ်သည်ဟု ယူဆလိုက်ကာ တခြားတစ်ယောက်ကို ထိုမှတ်တမ်းများ ပြင်ဆင်ခိုင်းလိုက်သည်။

ကျင်းယွင်ကျောင်းသည် ရုံးခန်းသို့ မကြာခဏရောက်နေသူဖြစ်၏။ အခုအခါ လုံခြုံရေးအစောင့်က သူမသည် တစ်စုံတစ်ယောက်အား ရိုက်ခဲ့သည်ဟု တင်ပြလိုက်ရာ သူမသည် ထပ်မံ၍ အာရုံစိုက်ခံလိုက်ရပြန်သည်။

မကြာမီပင် သူတို့အတန်းနှစ်တန်းမှ ဆရာမများက စတင်ငြင်းခုံကြလေတော့၏။

“ဆရာမကျင်၊ ကျွန်မ ဒီလိုမပြောချင်ပေမယ့် ရှင့်အတန်းက ဒီကျောင်းသူက တကယ့်ကို သင်ယူမှုမရှိတာပဲ။ အထူးသဖြင့် သူက ပြဿနာမရှာဘဲ မနေနိုင်ဘူး။ ကျွန်မ မနေ့က အော်ကြီးဟစ်ကျယ် ဖြစ်ရပ်တွေကိုတောင် ရင်တုန်မပြေသေးဘူး၊ သူက ဒီနေ့ ထပ်ပြီး ပြဿနာရှာပြန်ပြီ။ အကယ်၍ ဒီသတင်းသာ အပြင်ရောက်သွားရင် ကျွန်မတို့ကျောင်းရဲ့ ဂုဏ်သတင်း ထိခိုက်လိမ့်မယ်”

ဘီတန်းမှ ဆရာမက အော်ကျယ်အော်ကျယ် ပြောလိုက်သည််။

သူမသည် ကျင်းယွင်ကျောင်းအား နှစ်သက်သည်ဆိုလျှင်တောင်မှ သူမ၏အတန်းမှ ကျောင်းသားများရှေ့တွင် အပြင်လူတစ်ယောက်ဘက်မှ ပြောမပေးနိုင်ပေ။

ထို့အပြင် အခြေအနေကို ကြည့်လိုက်လျှင်လည်း ဤနေရာ၌ လုကျားကသာ ခံရသူဖြစ်သည်မှာ ရှင်းရှင်းလင်းလင်းပင်။

ထိုအကြောင်းကိုပြောရလျှင် ကျင်းယွင်ကျောင်းသည် အမှန်ပင် ရက်စက်လှသည်။ လုကျား၏မျက်နှာကို ကြည့်ပါက လက်ဝါးရာများပင် ထပ်နေပြီး သူမ၏ပါးပြင်များက ဖောင်းကားနေသည်အထိ ဖူးယောင်နေ၏။

Chapter 30 : တရားဥပဒေအရ ကိုယ့်ကိုကိုယ် ကာကွယ်ခုခံပိုင်ခွင့်

ဆရာကျင်ဘက်ရှိ ကိစ္စများမှာ ကိုးယို့ကားရားဖြစ်နေပြီး သူမ၏အမူအယာက မသက်မသာနှင့် စိုးရိမ်မှုများပြည့်နေသည်။ သူမသည် ကျင်းယွင်ကျောင်းက ယနေ့ ဤကဲ့သို့သော လုပ်ရပ်ကို လုပ်ခဲ့ခြင်းမှာ သေချာပေါက်ပင် ယမန်နေ့ကဖြစ်ခဲ့သည်များကြောင့် သူမ အလွန်အမင်း စိတ်ဖီးစီးနေ၍ဖြစ်မည်ဟု ယုံကြည်၏။

“ကျင်းယွင်ကျောင်း၊ အတိအကျ ဘာတွေဖြစ်ခဲ့တာလဲ”

ဆရာမကျင်က လေသံမာမာဖြင့် စစ်ဆေးမေးမြန်းလိုက်သည်။

ကျင်းယွင်ကျောင်းက ဆရာမကျင်အား တရားမျှတမှုရှိသူမှန်း သိထားပြီးဖြစ်သဖြင့် ဆရာမကျင်၏ အမြင်သည်လည်း ကျိုးကြောင်းဆီလျှော်မှုမရှိဟု မထင်မိပေ။ ဆရာမကျင်သည် သူမအား စ,စချင်းမှာပင် အပြစ်မတင်ခဲ့သည်ဖြစ်ရာ ထိုသည်က သူမအနေဖြင့် ကျင်းယွင်ကျောင်းအား ယုံကြည်သည့် လက္ခဏာပင် ဖြစ်လေ၏။

“ဆရာမကျင်၊ ကျွန်မ လက်ပါခဲ့တဲ့အတွက် မှားသွားပါတယ်။ အဲဒီအတွက် ကျွန်မ တောင်းပန်ပါတယ်”

ကျင်းယွင်ကျောင်းက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။ ထို့နောက် ဖူးယောင်နေသော မျက်နှာနှင့် လုကျားအား မျက်နှာချင်းဆိုင်၍ တောင်းပန်လိုက်၏။

“ငါ တောင်းပန်ပါတယ်”

သို့ရာတွင် ဘယ်သူကမှ ဘာမှပြန်မပြောရသေးမီမှာပင် ကျင်းယွင်ကျောင်းက ဆက်ပြောပြန်သည်။

“ဒါပေမယ့် ကျွန်မလုပ်ခဲ့တာကို ကျွန်မ နောင်တမရပါဘူး။ ပြောရရင် ကျွန်မက ဒါကို ကျွန်မကိုယ်ကျွန်မ ကာကွယ်ဖို့အတွက် လုပ်ခဲ့တာပါ”

ထိုအခါ ဆရာမကျင်က အံ့အားသင့်သွား၏။

“မင်း ဘာကိုဆိုလိုတာလဲ။ လုကျားက အရင်ဆုံးတိုက်ခိုက်တဲ့သူ ဖြစ်နိုင်လို့လား”

ဘီခန်းမှ ဆရာမက သံသယအပြည့်ဖြင့် မေးလာသည်။

ယခုအချိန်တွင် လုကျားသည် အသက်ရှုရပ်မတက် သည်းသည်းထန်ထန် ငိုကြွေးနေပြီး သူမ၏မျက်နှာမှာလည်း ပို၍ ဖူးကားလာ၏။ သူမသည် တစ်ခွန်းမှ ပြန်မတုံ့ပြန်နိုင်သေးပေ။

“ကျွန်မ ဒီနေ့ ကျောင်းထဲဝင်လာတော့ လုကျားက ကျွန်မရဲ့မကောင်းကြောင်းကို အခြေအမြစ်မရှိ စပြောပါတယ်။ ကျွန်မက စကားနည်းနည်းနဲ့ပဲ တုံ့ပြန်ခဲ့ပေမယ့် ကျွန်မ သူ့ကို ဘာများ မကျေမနပ်ဖြစ်အောင် လုပ်လိုက်မိတယ်မသိဘူး။ သူက စပြီး ကျွန်မကို လက်ညိုးငေါက်ငေါက်ထိုးပြီး အောက်တန်းစားမလို့ ခေါ်ပါတယ်။ ဆရာမ၊ ကျွန်မရဲ့မိဘအရင်းတွေက ကျွန်မကို စွန့်ပစ်ခဲ့တာ ကျွန်မအပြစ်လား။ လူတိုင်းက မွေးကတည်းက အောက်တန်းစားလား။ အကယ်၍ ဆရာမလည်း ဒီလိုသာ မတရားစွပ်စွဲခံရမယ်ဆို ဆရာမလည်း ဒေါသထွက်မိမှာလား”

ကျင်းယွင်ကျောင်းက ဖြည်းဖြည်းချင်း ရှင်းပြသည်။

“ဒါကြောင့် မင်း သူ့ကို ရိုက်ခဲ့တာလား”

ဆရာမကျင်က ပြန်မေးလိုက်၏။

ကျင်းယွင်ကျောင်း၏ ရန်စလာသူအား ပြန်တုံ့ပြန်ခြင်းအတွက် အကြောင်းပြချက်မှာ ကျိုးကြောင်းဆီလျော်မှုရှိသော်လည်း သူမ၏လုပ်ရပ်များမှာ အနည်းငယ်လွန်သွားသည်။

“မဟုတ်ပါဘူး”

ကျင်းယွင်ကျောင်း၏ အမူအယာမှာ တင်းမာသွားသည်။

“သူရဲ့စကားတွေက မဟုတ်မမှန်တွေ ပိုများလာပြီး ရိုင်းစိုင်းလွန်းလာပါတယ်။ အဲဒီမှာ ကျွန်မ တုံ့ပြန်လိုက်တဲ့စကားက သူ့ဒေါသကို ထပ်ပြီး ဆွပေးမိခဲ့ပါတယ်။ အဲဒီမှာ သူက လက်ဆန့်ပြီး ကျွန်မရဲ့မျက်နှာကို ဆွဲကုတ်ဖို့ ကြိုးစားပါတယ်။ ဆရာမတို့အားလုံးလည်း သူ့လက်သည်းတွေရဲ့အရှည်ကို မြင်မှာပါ။ တကယ်လို့သာ သူ့လက်သည်းတွေက ကျွန်မမျက်နှာကို ကုတ်မိသွားရင် သေချာပေါက် ကျွန်မရဲ့မျက်နှာပျက်စီးသွားမှာပါ။ ကျွန်မ သူ့ကို ကျွန်မအပေါ်ကို နှုတ်နဲ့ရော ကိုယ်ထိလက်ရောက်ပါ စိတ်ကြိုက် စော်ကားခွင့်မပြုနိုင်ပါဘူး။ ဒါကြောင့် ကျွန်မ ပြန်လုပ်ခဲ့ပါတယ်။ မမျှော်လင့်မိခဲ့တာက ကျွန်မ သူ့ကို ပြန်မတုံ့ပြန်နိုင်တဲ့ စက္ကူကျားတစ်ကောင်လိို ပြောင်းသွားလိမ့်မယ်လို့ မထင်ခဲ့မိတာပါ။ သူက ကျွန်မကို စတိုက်ခိုက်ခဲ့ပေမယ့် ကျွန်မကို တစ်ချက်တောင် မရိုက်နိုင်ခဲ့ပါဘူး”

သူတို့သည် လုကျား၏ လက်သည်းများအား တစ်ချက်ကြည့်လိုက်ကြသည်။ ၎င်းတို့မှာ အမှန်တကယ်ကို ကြက်သီးထဖွယ်ကောင်းလောက်အောင် ရှည်လျားလှသည်။

“လုကျား၊ ကျင်းယွင်ကျောင်းပြောသလို ဖြစ်ခဲ့တာ အမှန်ပဲလား”

လုကျားက ငိုနေရင်း ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် ခေါင်းရမ်းလိုက်ကာ ပြန်ဖြေလာသည်။

“ကျွန်...ကျွန်မ သူ့ကို မရိုက်ခဲ့ပါဘူး”

သူမသည် ကျင်းယွင်ကျောင်းအား မရိုက်ခဲ့နိုင်ရုံသာမက သူမ၏ လက်များကိုလည်း လှမ်းဆွဲဖမ်းလိုက်ကာ ချုပ်ထားခံခဲ့ရ၏။

အဆုံးတွင်တော့ ကျင်းယွင်ကျောင်း တစ်ဦးတည်းကသာ ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။

“နင် ငါ့ကို မရိုက်လိုက်တဲ့ အကြောင်းရင်းက ငါ အချိန်မီ ရှောင်လိုက်နိုင်လို့လေ။ ဒါပေမယ့် ငါ့ရဲ့တုံ့ပြန်မှုသာ မမြန်ခဲ့ရင်ရော။ မိန်းကလေးတစ်ယောက်မှာ ရုပ်ရည်က ဘယ်လောက်အရေးကြီးလဲဆိုတာ နင်သိသင့်တယ်”

ကျင်းယွင်ကျောင်းက နောက်မဆုတ်ဘဲ အေးအေးစက်စက် မှတ်ချက်ပြုလိုက်သည်။

ထိုအခိုက်တွင် ဆရာ ဆရာမများသည် ကျင်းယွင်ကျောင်းမှာ ယခင်ကနှင့် ကွာခြားသွားပြီဖြစ်ကြောင်း သတိပြုလိုက်မိ၏။

ယခင်တုန်းက သူမသည် ဆရာ ဆရာမများ၏ ရှေ့၌ အမြဲတမ်း တည်ငြိမ်အေးဆေးသောသူတစ်ယောက် ဖြစ်ခဲ့သည်။ သူမသည် အမြဲတမ်း လိုက်လျောပေးတတ်၍ စည်းကမ်းချက်များကို လိုက်နာ၏။ သူမအား မတရားလုပ်လျှင် သို့မဟုတ် မှားယွင်းစွပ်စွဲခဲ့လျှင်တောင် ပြန်ခံမပြောပေ။ အကယ်၍ သူမသာ အဆင့်ကောင်းသူ မဟုတ်ပါက ဆရာ ဆရာမများသည် သူမအား သတိပင် ရလိမ့်မည် မဟုတ်သည်မှာ သေချာသည်။

သို့သော် ယခုအချိန်တွင်မူ သူမသည် ဒေါသထွက်တတ်သူတစ်ယောက် ဖြစ်လာပြီး သူမ၏ ကိုယ်ပိုင်သီးသန့်စရိုက်လည်း ရှိကြောင်းပြသခဲ့လေပြီ။

ကျင်းယွင်ကျောင်း၏ ပုံစံအား တွေးလိုက်မိသည်နှင့် လုကျားသည် သူမ၏ မျက်နှာကို ညွှန်ပြလိုက်ပြီး ပြောလာသည်။

“ဆရာမ၊ အဲလိုဆိုရင်တောင် သူ ကျွန်မကို ဒီလိုအခြေအနေအထိဖြစ်အောင် မရိုက်သင့်ပါဘူး”

“ကျွန်မ သူ့ကို ရန်ဖြစ်နေရင်း အလယ်လောက်မှာ တောင်းပန်ဖို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် သူက ပြင်းပြင်းထန်ထန် ငြင်းဆန်ခဲ့ပြီး ကျွန်မကို ဆက်ပြီး ဆဲဆိုနေခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ ကျိုးကြောင်း စပ်ဆက်တွေးခေါ်နိုင်စွမ်း မရှိတော့တာ ပုံမှန်ပါပဲ။ အဲသည့်အပြင် လုကျားကသာ ကျွန်မကို ပထမဆုံး ရန်မစခဲ့ဘူးဆိုရင် ကျွန်မကလည်း ဒါကို လုပ်မှာမဟုတ်ပါဘူး။ ပြီးတော့ အဲဒီလမ်းသရဲတွေနဲ့ပတ်သတ်တဲ့ကိစ္စကိုလည်း ဘာလို့ လုကျားလို လူမျိုးတွေက မဟုတ်မမှန် ကောလဟာလတွေကို အဆင်အခြင်မဲ့ လျှောက်ဖြန့်နေကြမှန်း ကျွန်မ နားမလည်တော့ဘူး။ ရဲတွေက အဖြစ်မှန်ကို ကြေညာပြီးသွားတာတောင်မှ လူတွေက ကျွန်မအကြောင်း ရှက်စရာကောင်းတဲ့ အလိမ်အညာတွေကို ဆက်ပြောနေကြတုန်းပဲ။ သူတို့က ကျွန်မကို ဒုတိယအကြိမ် ထပ်ပြီးတော့ ဒုက္ခရောက်အောင် ကြိုးစားနေကြတာလား။ အထူးသဖြင့် လုကျား၊ သူ့ရဲ့လုပ်ကြံဇာတ်လမ်းတွေကြောင့် ကျွန်မ စိတ်အနာတရဖြစ်သွားပြီးတော့ ဒီလိုပြဿနာတွေကိုတောင် ဖြစ်စေခဲ့တယ်။ သူက ခုထိအသက်မပြည့်သေးဘူးဆိုရင်တောင်မှ တကယ်လို့ ကျွန်မ သူ့ကို တရားရုံးမှာ တရားစွဲရင် သူ့ရဲ့မိဘတွေက တာဝန်ယူကိုယူရမှာပါ၊ ဟုတ်တယ် မဟုတ်လားရှင့်”

Chapter 31 : ကောလဟာလများကို ရှင်းလင်းခြင်း

သူတို့သည် ဥပဒေအရ ကြီးကြီးမားမား ဒုက္ခမဖြစ်လျှင်တောင် နစ်နာကြေးကတော့ သေချာပေါက် ပေးကိုပေးရမည်ဖြစ်သည်။

ကျင်းယွင်ကျောင်း၏ သေချာလွန်းသော စကားများကြောင့် လုကျား၏ နှလုံးသားမှာ မသိမသာ တုန်ယင်သွားရ၏။

ရဲတွေက အမှန်တရားကို ကြေညာပြီးပြီ ဟုတ်လား။ ဘာအမှန်တရားလဲ...သူမ အနည်းငယ် ရှုပ်ထွေးနေသည်။ ကျင်းယွင်ကျောင်းက လမ်းသရဲတွေနဲ့ ဇာတ်လမ်းရှုပ်နေတယ်လို့ လူတိုင်းပြောခဲ့ကြတာ မဟုတ်လား။ ဒါမှမဟုတ် အဲဒါက အမှန်မဟုတ်လို့များလား။

ဆရာမကျင်က သက်ပြင်းချလိုက်၏။

“ငါ ဒီကိစ္စကို လူကြီးတွေနဲ့ ဆွေးနွေးပြီးသွားပြီ။ ကျောင်းမှာ ကောလဟာလတွေ ပြန့်တာက အရမ်းမြန်တယ်။ ဒါကြောင့် မနက်ခင်း စုဝေးပွဲပြီးတာနဲ့ ငါတို့ ဒါကို သတင်းထုတ်ပြန်ပြီး မင်းရဲ့ဂုဏ်သိက္ခာကို ရှင်းလင်းပေးပါ့မယ်”

အကယ်၍ ကျောင်းသားတစ်ယောက်သာ ထိုကဲ့သို့သော ကောလဟာလများနှင့် နာမည်ဖျက်ခံရပါက သူတို့သည် ကျောင်းကို ထာဝရ မုန်းတီးသွားလိမ့်မည်မှာ အသေအချာပင်။

“လုကျား၊ မင်းရဲ့မိဘတွေကို လာခဲ့ဖို့ ပြောလိုက်”

ဘီခန်းမှ ဆရာမ၏စိတ်မှာ မသက်မသာခံစားနေရပြီး သူက ဆက်ပြောသည်။

“မင်းက သူများကို အထင်လွဲခံရအောင် လုပ်ခဲ့တယ်။ ဒါပေမယ့် အဲ့ဒါကလည်း အကြောင်းပြချက်ရှိလို့။ ကျင်းယွင်ကျောင်းက မင်းကို နှောက်ယှက်ခဲ့ဖူးလား။ မင်းက အမှန်တရားကို မသိဘဲနဲ့တောင်မှ မဆင်မခြင် လျှောက်ပြောနေတုန်းပဲ။ မင်းရဲ့လုပ်ရပ်တွေက ဘယ်လိုအကျိုးသက်ရောက်တွေမှုတွေ ယူဆောင်လာမယ်ဆိုတာ မင်းမသိဘူးလား”

ဆရာမပြောသည့်အတိုင်း လုံခြုံရေးအစောင့်က ကင်မရာမှတ်တမ်းကို ယူလာသည်။ မှတ်တမ်းအားကြည့်ပြီးနောက် ကြည့်ရှုနေသူအားလုံး ပြောစရာစကားပင် ပျောက်ရှသွားရ၏။

မှတ်တမ်းက အသံမပါသော်ငြားလည်း သူတို့အားလုံးသည် ဘေးရှိ ကျောင်းသားများထဲမှ တစ်ယောက်ကို မေးလိုက်ရုံနှင့် ဖြစ်ပျက်ခဲ့သည်များကို ရှင်းရှင်းလင်းလင်း သိနိုင်မည်ဖြစ်သည်။

ကျင်းယွင်ကျောင်း၏ ရိုက်ချက်များက အနည်းငယ်ကြမ်းတမ်းလွန်းနေသော်လည်း အမှန်တကယ်ကို ပထမဆုံး စတိုက်ခိုက်ခဲ့သူမှာ လုကျားဖြစ်၏။ အကယ်၍ ကျင်းယွင်ကျောင်းသာ အချိန်မီ မရှောင်နိုင်ခဲ့ပါက သူမ၏ မျက်နှာပေါ်တွင်လည်း ဒဏ်ရာများ နည်းမည်မဟုတ်ပေ။

“ဆရာမကျင်”

လုကျားက စောဒကတက်ရန် ကြံစည်၍ ပါးစပ်ဖွင့်လိုက်သည်။

“လုံလောက်ပြီ။ မင်းရဲ့မိဘတွေ လာကိုလာရမယ်။ အရင်ဆုံး ဆေးခန်းကိုသွား၊ မိန်းကလေးတစ်ယောက်က ဒီလိုမျိုး မပြုမူသင့်ဘူး”

ဘီခန်းမှ ဆရာမက ဒေါသတကြီး ပြောလိုက်သည်။ သူမသည် စိတ်မကောင်းဖြစ်၍ နေရထိုင်ရခက်နေ၏။

သူမ၏အတန်းမှ ကျောင်းသူတစ်ယောက်သည် တစ်စုံတစ်ယောက်အား သွား၍ ရန်စခဲ့သော်လည်း သူကသာ ဒုက္ခရောက်လာခဲ့သည်။ ဘယ်လောက်တောင် အသုံးမကျလိုက်သလဲ။

ကျင်းယွင်ကျောင်းက ဘာမှထပ်မပြောဘဲ နှုတ်ခမ်းသပ်နေ၏။ အရာအားလုံးကို တင်ပြဖြေရှင်းပြီးနောက် သူမသည် ဆရာမကျင်အား နှုတ်ဆက်၍ ထွက်လာခဲ့သည်။

စူးချူက အပေါက်ဝတွင် မျက်လုံးပြူးပြူးလေးဖြင့် ဟိုကြည့်ဒီကြည့်လုပ်ကာ ရပ်စောင့်နေ၏။ ကျင်းယွင်ကျောင်းအား တွေ့သောအခါ သူမ၏ မျက်လုံးများက တောက်ပသွားသည်။

“ပြောင်ကျဲ၊ အစ်မက တကယ်အံ့သြဖို့ကောင်းတာပဲ။ အစ်မက လုကျားကို သူ တစ်ချက်မှ ပြန်မလုပ်နိုင်အောင် ရိုက်ပစ်ခဲ့တယ်။ ဒါပေမယ့် အားလုံးပြီးသွားတဲ့အချိန်ကျ အစ်မက အဆင်ပြေနေတဲ့အပြင်ကို သူကကျ သူ့မိဘတွေကို အခေါ်ခံရတယ်။ ဟားဟား ... ဘယ်လောက်တောင် ကျေနပ်စရာကောင်းလိုက်လဲ”

စူးချူက တစ်ကိုယ်လုံးလှုပ်ခါသွားသည်အထိ ရယ်ပစ်လိုက်သည်။

ကျင်းယွင်ကျောင်းက သူမအား မျှော်လင့်ချက်မဲ့စွာ တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

“ငါလည်း ကံကောင်းသွားတာပါ။ တကယ်လို့ စောင့်ကြည့်ကင်မရာတွေသာမရှိရင် ငါ ဘာမှမတတ်နိုင်ဘူးရယ်”

သူမသည် ငတုံးမဟုတ်ပေ။ အကယ်၍ သူမ၌ သက်သေသာမရှိလျှင် ဒုက္ခရောက်မည့်သူက သူမဖြစ်သွားပေလိမ့်မည်။ သူမ ဘာပြောပြော ဘယ်သူကမှ ယုံကြည်မည်မဟုတ်ပေ။

စူးချူက လျှာထုတ်လိုက်ပြီး ကျင်းယွင်ကျောင်း၏ နောက်မှ တွယ်ကပ်၍ လိုက်ပါသွားသည်။

ဖြတ်သွားသမျှ ကျောင်းသားအားလုံး အံသြထိတ်လန့်ကုန်ကြ၏။

သူတို့ကျောင်း၏ ဖုန်းရွှေက မကြာသေးခင်တစ်ချိန်ချိန်၌ တစ်ခုခု လွဲသွားခဲ့သလားမသိ။ မည်သူ့ကိုမှ စကားမပြောသည့် တစ်ကိုယ်တော် ဝံပုလွေမဖြစ်သူ ကျင်းယွင်ကျောင်းက လူတစ်ယောက်အား ပျော့ခွေသွားအောင် ရိုက်ပစ်ရုံသာမက သူငယ်ချင်းတစ်ယောက်ပါ ရှိနေပြီတဲ့လား။ ပြီးတော့ အဲဒီသူကလည်း တစ်ကျောင်းလုံးက အလှနတ်သမီးလို့ ရည်ညွှန်းကြတဲ့သူလေ။

(T/N : ဖုန်းရွှေ(风水)ဆိုတာ ရှေးဟောင်းတရုတ်လောကီပညာရပ်တစ်ခုပါ၊ ယတြာတွေဘာတွေချေကြသလိုမျိုး။ သူက ကိုယ်နဲ့ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့ စွမ်းအင်စီးဆင်းမှုတွေ၊ဓါတ်သဘောတွေကို ထိန်းညှိပေးတဲ့ ပညာရပ်ပါ။ ရေခံမြေခံမကောင်းတာ၊ တည်ဆောက်ပုံနေရာချထားပုံမကောင်းတာတွေကိုလည်း ဖုန်းရွှေကောင်းတယ်၊ ဖုန်းရွှေမကောင်းဘူး စသည်ဖြင့် သုံးစွဲကြပါတယ်။ နေရာတစ်ခုရဲ့ ဖုန်းရွှေကောင်းမှ အဲဒီနေရာမှာ နေတဲ့သူက ကျန်းမာချမ်းသာတယ်လို့ ယူဆကြတာမို့လို့ ဖုန်းရွှေမကောင်းရင် ကောင်းအောင် ယတြာတွေဘာတွေချေပေးရပါတယ်။)

ရိကျုံးသည် အလွန်ကြီးမားသော ကျောင်းတစ်ကျောင်းဖြစ်ရာ ခရိုင်တစ်ခုလုံးရှိ အရည်အချင်းအရှိဆုံး၊ ဆွဲဆောင်မှုအရှိဆုံးသူများ လာရောက်စုဝေးနေကြ၏။

အလုပ်မရှိသော ကျောင်းသားတစ်စုက ကျောင်းစာနှင့်မဆိုင်သော အဆင့်သတ်မှတ်ချက်တစ်ခုကို ဖန်တီးခဲ့သည်။ တစ်ခုမှာ ကျောင်း၏ အချောဆုံးကောင်လေးများဖြစ်ပြီး တစ်ခုမှာ ကျောင်း၏အလှဘုရင်မများဖြစ်ကြသည်။

အဆိုပါ အဆင့်သတ်မှတ်ချက်တွင် စူးချူက ညီမငယ်လေးကဲ့သို့ ချစ်စရာကောင်းသော ပုံစံသွင်ပြင်ရှိ၍ တတိယအဆင့်ချိတ်၏။ သူမ၏ ပုံပန်းသွင်ပြင်မှာ စီနီယာများ၏ ချစ်ခင်နှစ်သက်မှုနှင့် အာရုံကို အများဆုံး ဖမ်းစားနိုင်သည်။

စူးချူအား လူအများနှင့် ဆက်ဆံရေးကောင်းသူဟု သိကြသော်လည်း သူမအား အပေါင်းအသင်းရွေးသူအဖြစ်လည်း သိကြ၏။ သူမ,မကြိုက်ဆုံးမှာ လူလိမ်များနှင့် ပတ်သတ်ရခြင်းဖြစ်သည်။ ထို့ကြောင့် သူမအား ယနေ့တွင် ကျင်းယွင်ကျောင်းနှင့်အတူ လမ်းလျှောက်သွားသည်ကို မြင်လိုက်ကြရာ အခြားသူများအတွက် ထူးဆန်းနေသည်မှာ သဘာဝပင်။

ကျင်းယွင်ကျောင်းက ကောလဟာလတွေပြောကြသလိုမျိုး ကြောက်စရာမကောင်းလို့များလား။

ကျင်းယွင်ကျောင်း၏ ပတ်ဝန်းကျင်ရှိ လူများသည် ထူးထူးဆန်းဆန်း ခံစားနေကြရပြီး သူတို့၏ အကြည့်များက ရှုပ်ထွေးနေကြသည်။

သို့ရာတွင် သူတို့၏အကြည့်များမှာ ယခင်ကထက် ပို၍ ကြင်နာလာကြသည်ဖြစ်ရာ ကျင်းယွင်ကျောင်းလည်း ကျေနပ်သွားရ၏။

ခဏကြာပြီးနောက် ကျောင်းသားများသည် စည်းဝေးခန်းမသို့ တန်းစီ၍ သွားကြရသည်။

“အခုတစ်လော ကျောင်းထဲမှာ မကောင်းတဲ့ ကောလဟာလတွေ ပျံ့နှံ့နေတာက မကောင်းတဲ့လွှမ်းမိုးမှုကို ဖြစ်စေတယ်”

ဒါရိုက်တာ၏ တင်းမာ၍ အလေးအနက်ရှိသော အသံက စပီကာများကို ဖြတ်၍ စတင်ထွက်ပေါ်လာသည်။

Chapter 32 : ကောလဟာလများကို ရှင်းလင်းခြင်း( ဒုတိယပိုင်း)

ဒါရိုက်တာက စကားအနည်းငယ်ပြောလိုက်ပြီးသည်နှင့် ကျောင်းသားများက စတင်၍ တီးတိုးပြောဆိုကြတော့သည်။

“အဲဒါ ကျင်းယွင်ကျောင်းရဲ့အကြောင်းများလား”

“အဲဒါပဲ သေချာတယ်။ ဘယ်သူများ ရှိသေးလို့လဲ။ အခုတစ်လော ဘယ်သူမှ အော်ကြီးဟစ်ကျယ်တွေ မလုပ်ခဲ့ဘူးလေ။ အထူးသဖြင့် နင်တို့ မနေ့က သူ့အဖေကို မမြင်လိုက်ကြလို့။ သူက တကယ့်ကို ဒေါသတကြီးနဲ့ ကျင်းယွင်ကျောင်းက လမ်းသရဲတွေနဲ့ ဇာတ်လမ်းတွေရှုပ်ခဲ့ပါတယ်ဆိုပြီး အကျယ်ကြီး အော်ဟစ်နေခဲ့တာ။ အဲဒါအရင်ကတော့ ကောလဟာလဆိုပေမယ့် မနေ့ကကျ တကယ်ကြီး ဖြစ်နေတယ်”

ကျင်းယွင်ကျောင်း၏ ဘေးရှိ ကျောင်းသားများသည်ပင် ထိုကဲ့သို့ တီးတိုးပြောနေကြ၏။

“ကျောင်းသားတွေ တိတ်စမ်း၊ ကျေးဇူးပြုပြီး ငြိမ်ကြပါ”

ဒါရိုက်တာက အသံမြှင့်ပြီး ဆက်ပြောလိုက်သည်။

“အရင်က ဖြစ်ပွားခဲ့တဲ့ လမ်းသရဲတွေရဲ့ ဖြစ်ရပ်နဲ့ ပတ်သတ်ပြီးတော့ ကျင်းယွင်ကျောင်းနဲ့ ကျောင်းကနေပြီး ရဲစခန်းကို တိုင်ချက်ဖွင့်ခဲ့ပြီး အဲဒီလူတွေကို ဖမ်းမိထားပြီးပါပြီ။ အဆင့်ဆင့်စုံစမ်းမေးမြန်းမှုတွေ လုပ်ပြီးတဲ့နောက်မှာတော့ အဲဒီလမ်းသရဲတွေက ကျင်းယွင်ကျောင်းနဲ့ လုံးဝပတ်သတ်မှုမရှိဘူးဆိုတာကို အတည်ပြုခဲ့ပါတယ်။ နှစ်ဖက်လုံးက တစ်ဖက်နဲ့တစ်ဖက် လုံးဝမသိကြဘူး၊ ဒါကြောင့် အရင်ကတည်းက ရင်းနှီးကျွမ်းဝင်ကြတယ်လို့ နာမည်တပ်လို့ မရပါဘူး။ ဒါကြောင့် ဒီနေ့ကစပြီး ကျောင်းအနေနဲ့ မင်းတို့အားလုံး အပြောအဆို ဂရုစိုက်ကြဖို့ မျှော်လင့်ပါတယ်။ မဆင်မခြင် မပြောပါနဲ့။ ဆရာ ဆရာမတွေအားလုံးကလည်း စောင့်ကြည့်နေရပါမယ်။ အကယ်၍ ဘာမှမဟုတ်တဲ့ကိစ္စကိုမှ ပြဿနာရှာချင်သေးတဲ့ ကျောင်းသားရှိနေသေးရင် ပြင်းပြင်းထန်ထန် အရေးယူအပြစ်ပေးခံရပါမယ်”

(T/N : ဒီမှာပြောသွားတဲ့ အရင်ကတည်းက ရင်းနှီးကျွမ်းဝင်ကြတယ်(早恋)ဆိုတာက puppy loveလိုမျိုး ဆယ်ကျော်သက်အရွယ်မှာ စိတ်ကစားပြီး ချစ်ကြကြိုက်ကြတာမျိုးကိုပြောချင်တာပါ။ ဒီမှာပြောသွားတဲ့ အဓိပ္ပါယ်မှာကျ ဆယ်ကျော်သက်တွေရဲ့ လိင်မှုကိစ္စနဲ့ပတ်သတ်တာတွေကိုရော ရည်ညွှန်းပါတယ်၊ ရှင်းရှင်းပြောရရင် ယွင်ကျောင်းက လမ်းသရဲတွေနဲ့ အစကတည်းက သိတောင်မသိတာမို့လို့ အိပ်ခဲ့တယ်အိပ်ဖူးတယ်ဆိုတာ လုံးဝမဟုတ်ဘူးလို့ ပြောတာပါ။)

ဒါရိုက်တာ ကျောင်းသားများအား စုဝေးပွဲပြီးသည်အထိ ဆုံးမစကား ဆက်လက်ပြောဆိုနေသည်။ ထို့နောက် အဆုံးတွင် သူက ထပ်မံ၍ သတိပေးလိုက်သည်။

“ဒီမနက် ဘီခန်းက လုကျားဆိုတဲ့ ကျောင်းသူက ကျောင်းမှာ ပြဿနာတစ်ခုရှာခဲ့တယ်။ ဒါကြောင့် မင်းတို့အားလုံးကို ဒီမှာ ထပ်သတိပေးလိုက်မယ်။ အကယ်၍ ဘယ်သူမဆို အခြားထပ်ပြီး ပြဿနာရှာခဲ့ရင် အပြစ်ကို မင်းတို့ရဲ့မှတ်တမ်းမှာ အမြဲတမ်း မှတ်တမ်းတင််ထားမယ်”

သူ၏ စကားအဆုံးတွင် ကျောင်းသားများအားလုံး အုတ်အုတ်ကျတ်ကျတ်ဖြစ်သွားကြသည်။

ကျင်းယွင်ကျောင်းက စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ပြီး သူမ၏ မျက်လုံးထဲတွင် ပြင်းထန်သော ခံစားချက်များ ဖြတ်ပြေးသွား၏။

နောက်ဆုံးတွင် သူမသည် အတိတ်ဘဝမှ အရိပ်ဆိုးအား ခွာချပစ်လိုက်နိုင်ပြီဖြစ်၏။ ကောလဟာလများနှင့် ညစ်နွမ်းခဲ့ရသော်လည်း ထုတ်ဖော်မပြောနိုင်ခဲ့ခြင်းတို့ အဆုံးသတ်သွားခဲ့ပြီ။

သူတို့၏ ဘေးကပ်ရက် အတန်းတွင် ချောင်ဟုန်ယဲ့က မတ်တပ်ရပ်နေပြီး သူမ၏ ခန္ဓာကိုယ်က တုန်ရီနေသည်။ သူမသည် ဤသည်အား လက်မခံချင်ပေ။ သူမသည် အခြားသူများက ကျင်းယွင်ကျောင်း၏ အကြောင်း ပြောနေသည်ကို ကြားလျှင် မုန်းသည်။ အထူးသဖြင့် ဤကဲ့သို့ လူတိုင်းက ကျင်းယွင်ကျောင်းကို မတရားမှု အကြီးကြီးအား ခံစားခဲ့ရသူတစ်ယောက်လို ပြောဆိုနေကြလျှင်ဖြစ်သည်။

ဘာမတရားမှုလဲ။ သူမ၏ မိဘများသည် ကျင်းယွင်ကျောင်းအား ပြုစုကျွေးမွေးခဲ့သည်။ သူမသည် ခွေးတစ်ကောင်သာသာပင်။ အနည်းဆုံးတော့ သူမ ကျေးဇူးကြွေးအား ပြန်ဆပ်ရမည်ဆိုတာကို သိသင့်၏။

ချောင်ဟုန်ယဲ့က ကျင်းယွင်ကျောင်းကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

ကျင်းယွင်ကျောင်းက ရုတ်တရက် ထူးထူးဆန်းဆန်းခံစားလိုက်ရသဖြင့် ခေါင်းလှည့်ကြည့်လိုက်ရာ ချောင်ဟုန်ယဲ့နှင့် အကြည့်ချင်း ဆုံသွား၏။ ထိုခဏ၌ ကျင်းယွင်ကျောင်း၏ နှုတ်ခမ်းများက တွန့်ချိုးသွားပြီး နွေးထွေးမှုတစ်စက်မှ မပါရှိသည့် ကြောက်စရာကောင်းသော အပြုံးတစ်ခု ပြုံးလိုက်လေသည်။ ၎င်းမှာ တစ်ပါးသူအား ချွေးစေးများစီးကျလာလောက်အောင်ပင် အေးစက်လွန်းလှ၏။

ချောင်ဟုန်ယဲ့၏ နှလုံးသားက တစ်ချက်ခုန်သွားသည်။ သူမ၏ ဒေါသအရှိန်က ပို၍ အားနည်းလာပြီး ခေါင်းတစ်ဖက်လှည့်လိုက်ကာ မျက်လုံးများကို ပိတ်လိုက်သည်။

“ဟုန်ယဲ့၊ ဘာဖြစ်တာလဲ”

သူမ၏ ဖျော့တော့နေသော အသားအရေကြောင့် ဘေးမှ ကျောင်းသူက မေးလာ၏။

“ဘာမှမဟုတ်ပါဘူး။ နေပြင်းလို့ပါ။ အဲဒါကြောင့် ခေါင်းမူးသွားတာ”

ချောင်ဟုန်ယဲ့သည် သူမ၏ခေါင်းထဲမှ တဝီဝီမြည်သံကိုသာ ကြားနေရပြီး မသက်မသာခံစားလာရသဖြင့် ကြုံရာကျပန်း ဆင်ခြေတစ်ခုကိုသာ ပေးလိုက်ရတော့သည်။

ထိုကျောင်းသူက မျက်မှောင်ကြုတ်လိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။

ဤသည်မှာ မနက်ခင်းအစောဖြစ်သည်။ ဘယ်က နေပြင်းတာလဲ။ နေ့ခင်းဆိုရင်တောင် နွေရာသီမှ မဟုတ်တာကို။ နေရောင်က ဘယ်လိုများ သူ့ကို ခေါင်းမူးအောင် လုပ်နိုင်ရတာလဲ။ ထို့အပြင် ချောင်ဟုန်ယဲ့၏ အမူအယာမှာ တစ်ယောက်ယောက်အား သတ်ချင်နေသကဲ့သို့ ကြောက်ဖို့ ကောင်းလှသည်။ တစ်ယောက်ယောက်ကများ သူမကို ရန်စသွားလို့လား။

ကျင်းယွင်ကျောင်းသည် ထိုပြောင်းလဲမှုတစ်ခုလုံးကို မြင်လိုက်ရ၏။ သူမ၏မျက်ဝန်းများက အေးစက်စက် ပြုံးရိပ်များ ယှက်သန်းသွားပြီး ရှေ့သို့ ခေါင်းပြန်လှည့်သွားသည်။

“ကျင်းယွင်ကျောင်း၊ ငါတောင်းပန်ပါတယ်။ ငါ အရင်ရက်တွေက နင့်အကြောင်း မကောင်းပြောခဲ့မိတယ်။ ဒါပေမယ့် ငါ မရည်ရွယ်ပါဘူး။ ငါ ထင်တာတွေ ပြောခဲ့မိတာ”

အတန်းသို့ပြန်သောလမ်းတွင် မိန်းကလေးတစ်ယောက် ရုတ်တရက် ရပ်လိုက်ပြီး ကျင်းယွင်ကျောင်းအား တောင်းပန်လာသည်။

“ရပါတယ်။ အခု အားလုံး ရှင်းလင်းသွားကြပြီပဲ”

ကျင်းယွင်ကျောင်းက ပြုံး၍ ပြန်ဖြေသည်။

သူမသည် သူမ၏ရန်သူများကို ခွင့်မလွှတ်ဘဲ လက်စားချေရန် အမြဲတမ်းတွက်ချက်နေခဲ့သော်လည်း ကျောင်းမှ လူအများစုသည်မူ သူမအပေါ်တွင် ဆိုးယုတ်သော ရည်ရွယ်ချက်မရှိကြပေ။ အထူးသဖြင့် ဤမိန်းကလေးက လာရောက်ဝန်ခံ၍ တောင်းပန်စကားဆိုနေသည်ဖြစ်ရာ သူမတွင် ဆက်လက် အငြိုးအတေးထားနေရန် အကြောင်းမရှိတော့။ ၎င်းမှာ သူမ၏ဂုဏ်သတင်းများ ပိုမိုကောင်းမွန်သည့်ဘက်သို့ ပြောင်းလဲလာကြောင်း သက်သေပြရန်အတွက်လည်း လုံလောက်ပေ၏။

“ဒါ ငါ နင်နဲ့ ပထမဆုံးအကြိမ် စကားပြောဖူးတာပဲ။ လူတိုင်းက နင့်ကို မောက်မာပြီး မာနကြီးတယ်လို့ထင်ကြတာ။ ဒါပေမယ့် အခု နင်က လုံးဝဆန့်ကျင်ဘက်ပဲဆိုတာ ငါယုံသွားပြီ။ ပြီးတော့ နင့်အဆင့်တွေက အရမ်းကောင်းတာပဲ။ နင် နောက်ကျရင် ငါ့ကို မှတ်စုလေးတွေ ငှားပေးလို့ရမလားဟင်”

မိန်းကလေးက ချက်ချင်းပင် စိတ်သက်သာရာ ရသွားပြီး အံအားသင့်စွာ ပြောလာသည်။

“ရတာပေါ့၊ ကိစ္စမရှိဘူး”

ကျင်းယွင်ကျောင်းက လူအများနှင့်ဆက်ဆံရာတွင် အသားမကျသေးသောကြောင့် သူမ စကားပြောသည်မှာ အလွန်နည်း၍ အနည်းငယ် နုံချာချာပုံစံပေါက်နေ၏။

သို့ရာတွင် သူမကိုယ်တိုင် သတိမထားမိခဲ့သည့် သူမ မျက်နှာပေါ်မှ ဖျော့တော့တော့နှင့် လန်းဆန်းသော အပြုံးလေးက လူအများအား အံအားသင့်သွားစေသည်။ ကျောင်းသားများ၏ မရေမတွက်နိုင်သော စူးစူးရှရှအကြည့်များက သူမအား ရှက်သွေးဖြာသွားစေခဲ့လေ၏။

All Chapters