← Chapters

အခန်း (၃၃-၃၆)

Vol. 2 Ch. 33-36

အခန်း (၃၃-၃၆)

Vol. 2 Ch. 33-36

Chapter 33 : ကိုယ်ပိုင်အယူအဆ

ကျင်းယွင်ကျောင်းသည် ရက်အနည်းငယ်ကြာ ကျောင်းပျက်ခဲ့သည်။ ကျောင်းပြန်တက်သောအခါ သူမသည် ယခင်ကနှင့် လုံးဝမတူတော့သော လူတစ်ယောက်ဖြစ်လာလေရာ ၎င်းက တစ်တန်းလုံး၏ စိတ်ဝင်စားမှုနှင့် သိလိုစိတ်ကို နှိုးဆွပေးနေသလိုပင်။

ကျင်းယွင်ကျောင်း၏ အဆင့်များက ကောင်းသော်လည်း သူမသည် သူမ၏ နာမည်ဆိုးကြောင့် ဘယ်သူကမှ သူမနှင့် ထိုင်ခုံဖော် မဖြစ်ချင်ကြပေ။ သူမကလည်း ခေါင်းမာသူတစ်ယောက်ဖြစ်ရာ သူမ၏ စာရေးခုံကို အတန်း၏ နောက်ဘက်သို့ ရွေ့ရန်သာ ဆုံးဖြတ်ခဲ့သည်။ ထိုနေရာ၌ သူမက မည်သူ့ကိုမှ အနှောက်အယှက်မဖြစ်စေသလို မည်သူကမှလည်း သူမကို နှောက်ယှက်လိမ့်မည် မဟုတ်ပေ။

သို့သော် ယနေ့ သူမ၏ စာရေးခုံ ပျောက်နေကြောင်း ထူးထူးဆန်းဆန်း သိလိုက်ရ၏။

“ကျင်းယွင်ကျောင်း နင့်စာရေးခုံက ဒီမှာ”

လူကြားထဲမှ ကောင်လေးတစ်ယောက်က ပြုံး၍ အော်ပြောလိုက်သည်။

ထိုကောင်လေးညွှန်ပြသည့်အတိုင်း လိုက်ကြည့်လိုက်ရာ သူမ အံ့သြဆွံ့အသွားရ၏၊

စာရေးခုံသည် အတန်း၏ အဓိကနေရာကောင်းတွင် ရှိနေသည်။ သူမမှတ်မိသည်သာ မှန်ပါက သူမ၏ ထိုင်ခုံဖော်သည် အတန်းခေါင်းဆောင်ဖြစ်ပြီး ရှေ့ခုံ၌ ထိုင်သောသူသည် ကျောင်းကောင်စီအဖွဲ့ဝင်ဖြစ်သည့်အပြင် နောက်ရှိ ကျောင်းသားအားလုံးကလည်း အဆင့်ကောင်းသူများဖြစ်ကြ၏။ တော်သော ထက်သော ကျောင်းသားအားလုံး ထိုနေရာ၌ စုနေကြသည်ဟု ဆိုနိုင်သည်။

သူမ၏ ထိုင်ခုံဖော်ဖြစ်သော ထိုအတန်းခေါင်းဆောင်က....

ကျင်းယွင်ကျောင်း မျက်မှောင်ကြုတ်လိုက်၏။

အတန်းခေါင်းဆောင်၏အမည်မှာ ကျန်ရှဖြစ်သည်။ သူ၏အဆင့်များသည် အတန်း၏ထိပ်ဆုံးငါးယောက်ထဲသို့ ဝင်ပြီး ဘတ်စကတ်ဘောအသင်းဝင်လည်း ဖြစ်၏။ သူသည် ကျောင်း၏အချောဆုံးကျောင်းသားစာရင်းတွင်ပင် ပါဝင်ပြီး ထိပ်ဆုံးအဆင့်များထဲမှတော့ မဟုတ်ပေ။

ကျင်းယွင်ကျောင်းက သူ့အား မှတ်မိနေသည့် အကြောင်းရင်းမှာ သူ၏ထူးချွန်မှုများကြောင့် မဟုတ်။ သူသည် သူမအား အရူးအမူးလိုက်ခဲ့သောသူ ဖြစ်သောကြောင့်ပင်။

မူလက သူသည် သူမအား ရပြီးနောက် စွန့်ပစ်ရန်သာ ရည်ရွယ်ခဲ့သော်လည်း ထိုသို့မဖြစ်ခင်မှာပင် သူမသည် ထောင်ထဲ၌ အဆုံးသတ်သွားလိမ့်မည်ဟု မထင်ခဲ့မိပေ။

သူသည် သူမအား မည်မျှပင် ရူးရူးမူးမူး လိုက်ခဲ့ပါစေ၊ ကျင်းယွင်ကျောင်းသည် သူ့အား တစ်ခါမှ ရင်မခုန်ခဲ့ပေ။ အနည်းငယ် စိတ်လှုပ်ရှားမိရုံသာဖြစ်၏။

ကံဆိုးစွာပင် သူမအား စိတ်လှုပ်ရှားစေခဲ့သူသည် လူလိမ်တစ်ယောက်သာဖြစ်ကြောင်း သူမ ဘယ်တုန်းကမှ မတွေးမိခဲ့။ ချောင်ဟုန်ယဲ့၏ အချစ်ကိုရဖို့ ကြိုးစားရန်အတွက် လုပ်ခဲ့သည့် လူလိမ်တစ်ယောက်ဖြစ်၏။ ထိုသို့လုပ်ခဲ့ခြင်းကလည်း သူမ၏ကျန်ရှိသော ဘဝလက်ကျန် အလင်းရောင်လေးကိုပါ ပျောက်ကွယ်သွားစေခဲ့သည်။

ကျင်းယွင်ကျောင်းသည် အစက ငြင်းပယ်လိုက်ချင်ခဲ့သော်လည်း အတိတ်ဘဝက ကျန်ရှ သူမအား လုပ်ခဲ့သည်များကို တွေးမိလိုက်သောအခါ ချက်ချင်းသွားထိုင်လိုက်သည်။

“ကျင်းယွင်ကျောင်း၊ ငါတို့အားလုံး အရင်က မင်းကို အထင်လွဲခဲ့ကြတယ်။ ငါ တစ်တန်းလုံးရဲ့ကိုယ်စား ငါတို့ရဲ့အပြုအမူတွေအတွက် မင်းကို တောင်းပန်ပါတယ်။ ပြီးတော့ ဒီနေရာမှာ ထိုင်လို့ရပါတယ်။ အနာဂတ်မှာ မင်း အဆင်မပြေတာရှိရင် ငါတို့ တစ်ယောက်နဲ့တစ်ယောက်နဲ့ ကူညီနိုင်တယ်လေ။

ကျန်ရှက မတ်တပ်ထရပ်လိုက်ပြီး အားလုံးရှေ့တွင် ပြောလိုက်၏။

“ကျေးဇူးတင်ပါတယ်၊ အတန်းခေါင်းဆောင်”

ကျင်းယွင်ကျောင်းက ယဥ်ယဥ်ကျေးကျေး ပြန်ဖြေလိုက်သည်။ သူမ၏ အမူအယာမှာ ကျန်ရှ မျှော်လင့်ထားသည်နှင့်မတူဘဲ ထက်ထက်သန်သန် မရှိပေ။

ကျန်ရှ အနည်းငယ် မကျေမနပ်ဖြစ်သွား၏။

အတန်းထဲရှိ မိန်းကလေးတော်တော်များများသည် သူ့အား သဘောကျနေကြပြီး သူ့ဘေး၌ ထိုင်ချင်သူများစွာရှိသည်။ သို့သော် ယခုတွင်မူ ကျင်းယွင်ကျောင်းအား ထိုအရင်နေရာ၌ ထိုင်ခွင့်ပြုခဲ့သော်လည်း သူမက ဘာကြောင့် ဘာခံစားချက်မှ မပြဘဲ နေနိုင်ရသနည်း။

သို့သော် လက်ရှိအချိန်၌ သူတို့သည် အခြားကျောင်းသားများ၏ ရှေ့တွင်ဖြစ်ရာ ဆိုးဝါးသော သဘောထားကို ပြမိပါက သူ၏ဂုဏ်သတင်းအတွက် မကောင်းပေ။ ထို့ကြောင့် ကျန်ရှသည် သည်းခံ၍ ပြုံးသာပြုံးပြလိုက်ရ၏။

“ကျင်းယွင်ကျောင်း၊ ငါကြားတာ နင်က အိမ်မှာ ဆက်မနေတော့ဘူးဆို။ နင် နင့်ရဲ့မိဘတွေနဲ့ ပြဿနာဖြစ်ထားလို့လား။ အမှန်တိုင်းပြောရရင် မိဘတိုင်းက သူတို့သားသမီးကို ချစ်ကြတာပဲ၊ ဖော်ပြပုံခြင်း မတူရုံပါ။ အဲဒီအကြောင်းကို သိပ်စိတ်မပူပါနဲ့။ သောကြာနေ့အထိ စောင့်ပြီးရင် မင်း အိမ်ကို ပြန်သင့်တယ်၊ အလျှော့ပေးပြီး တောင်းပန်လိုက်ပါ။ ဒါဆိုရင် အားလုံးအဆင်ပြေသွားမှာပါ”

ကျန်ရှက ဘေးတွင် ဝင်ထိုင်လိုက်ပြီး ရှည်ရှည်ဝေးဝေး ပြောလာသည်။

ကျင်းယွင်ကျောင်းသည် ရုတ်တရက် ကျန်ရှအား ရွံစရာပိုးမွှားတစ်ကောင်ကဲ့သို့ ခံစားလိုက်ရသည်။ အတိတ်ဘဝက သူမသည် ၎င်းကို လုံးဝသတိမထားမိခဲ့ပေ။

ကျင်းယွင်ကျောင်းသည် စာအုပ်တစ်အုပ်ကို ဖွင့်ထားပြီး ခေါင်းမော့မလာဘဲ သူ့အား မမြင်သလို မကြားသလို ပြုမူနေလိုက်သည်။

“နင် ဘာလို့ပြန်မပြောတာလဲ။ နင် စိတ်ဓါတ်ကျနေတာလား။ တကယ်တော့ နင် ဒီလိုမလုပ်သင့်ဘူး။ ဘေးအခန်းက ချောင်ဟုန်ယဲ့က နင့်ရဲ့ညီမလေးမဟုတ်လား။ တကယ်လို့ မင်း ဒီလိုလုပ်ဖို့ကို တွန့်ဆုတ်နေတယ်ဆိုရင်လည်း ငါ မင်းကို ပျော်ပျော်ကြီး ကူညီပေးပါ့မယ်။ ငါ အတန်းပြီးရင် ချောင်ဟုန်ယဲ့ကို သွားပြောလိုက်မယ်၊ တောင်းပန်ရုံလေးပဲဟာ မခက်ခဲပါဘူး။

Chapter 34 : နင့်ပြဿနာက ငါ့ပြဿနာပဲလေ

ကျန်ရှ၏ မျက်နှာတစ်ခုလုံးက ကောင်းစေချင်သည့် စေတနာများနှင့် ပြည့်နှက်နေပြီး၊ သူ၏ရွှင်လန်းတက်ကြွသော ပုံစံနှင့် တွဲကြည့်လိုက်လျှင် သူသည် အမှန်တကယ်ပင် ကြင်နာ၍ ဂရုစိုက်တတ်သော ခံစားချက်ကို ပေးစွမ်းနေ၏။ အကယ်၍ ကျင်းယွင်ကျောင်းသာ ချောင်မိသားစုနှင့် ပြန်လည်ပေါင်းထုပ်ရန် ဆန္ဒရှိနေပါက သူ့ကြောင့် စိတ်လှုပ်ရှားသွားမည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

သို့သော် လက်ရှိတွင် ကျန်ရှသည် အတိတ်ဘဝကကဲ့သို့ အကြံသမား ဖြစ်မလာသေးပေ။ သူသည် ကိစ္စများအပေါ်၌ ထားရှိသည့် သူမ၏ ခံစားချက်အစစ်အမှန်ကို မခန့်မှန်းနိုင်လောက်အောင်ပင် ဥာဏ်ရည် နည်းပါးနေသေးသည်။

ချောင်ဟုန်ယဲ့ကို တောင်းပန်ရမယ် ဟုတ်လား။ သူမ ဦးနှောက်ပျက်သွားမှဘဲ ဖြစ်နိုင်လိမ့်မယ်။

“အတန်းခေါင်းဆောင်၊ နင်က လူတိုင်းကို ဒီလိုပဲ ဆက်ဆံတာလား”

ကျင်းယွင်ကျောင်းက စိတ်လျှော့၍ စပြောလိုက်သည်။

ကျန်ရှ အနည်းငယ် အံအားသင့်သွား၏။ သူက ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။

“အဲလို မဟုတ်ပါဘူး။ နင်က အတော်လေး အခက်အခဲဖြစ်နေတဲ့ပုံမို့လို့၊ ပြီးတော့ အခုကစပြီး ငါတို့က ထိုင်ခုံဖော်တွေဖြစ်လာကြတော့မှာဆိုတော့ နင့်ရဲ့ပြဿနာက ငါ့ပြဿနာပဲလေ။ ငါ နင့်ကို ကူညီပေးချင်ရုံပါ။ မစိုးရိမ်ပါနဲ့”

သူပြောနေစဥ်တွင် ကျင်းယွင်ကျောင်း၏ တည်ငြိမ်သော မျက်ဝန်းများနှင့် အကြည့်ချင်းဆုံသွား၏။

ရုတ်တရက် သူသည် မူလက သူ အထင်အမြင်သေးခဲ့သော မိန်းကလေးက အမှန်တကယ်ပင် လှပကြောင်း သိလိုက်ရသည်။ သူမ၏အသားအရေသည် တကယ်ကို ဖြူဝင်းနေပြီး ကြည်လင်သော ခံစားချက်ကို ပေးစွမ်းနေ၏။ သူမ၏စရိုက်မှာ အနည်းငယ် အေးစက်လွန်းပြီး လူမှုဆက်ဆံရေးကောင်းသော ချောင်ဟုန်ယဲ့နှင့် မတူပေ။ ကျင်းယွင်ကျောင်းသည် သန်မာလွန်းသော စရိုက်လက္ခဏာရှိသည့် ခံစားချက်ကို ပေးစွမ်းနေသည်။ သို့သော် မိန်းကလေးများသည် ကြောက်တတ်၍ ချစ်စဖွယ်ကောင်းရမည်ဖြစ်ပြီး နားလည်မှုလည်း ရှိသင့်ပေသည်။

ဒေါသထွက်ရမည့်အစား ကျင်းယွင်ကျောင်းက ရယ်မောလိုက်၏။

“ဒါဆိုရင်တော့ ကြည့်ရတာ အတန်းခေါင်းဆောင်ရဲ့မျက်လုံးတွေက အလုပ်ကောင်းကောင်း မလုပ်တော့တဲ့ပုံပဲ။ နင် ငါ့ကို ဘယ်နေရာကြည့်ပြီး အခက်အခဲဖြစ်နေတဲ့ပုံလို့ မြင်နေတယ် ငါမသိဘူး။ ဒါ့အပြင်လည်း ငါတို့က ထိုင်ခုံဖော်တွေပဲဟာ၊ လက်ထပ်ထားတဲ့ စုံတွဲလည်း မဟုတ်ဘူး။ အပြောအဆိုတွေ ရင်းနှီးလွန်းနေတာ မကောင်းဘူးလေ၊ ဟုတ်တယ်မလား”

သူတို့အားလုံးသည် ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်အရွယ် ကျောင်းသားများသာဖြစ်သည်။ ကျန်ရှသည် “လက်ထပ်ပြီးသားစုံတွဲ” ဟူသော စကားကို ကြားသောအခါ သူ၏မျက်နှာသည် ချက်ချင်း ရဲတောက်သွား၏။

သူ အနည်းငယ် စိတ်အနှောက်အယှက်လည်း ဖြစ်သွားသည်။

“ငါတို့အားလုံးက အတန်းဖော်တွေပဲ”

သူက စတင်ရှင်းပြလာ၏။

“အတန်းခေါင်းဆောင်၊ နင် ဘေးအခန်းက ချောင်ဟုန်ယဲ့ကို ကြိုက်နေရင်လည်း သတ္တိမွေးပြီး သူ့ကို သွားဖွင့်ပြောလိုက်ပါ။ ငါ ဆရာမတွေကို နင်တို့ရဲ့ဆယ်ကျော်သက်အချစ်ဇာတ်လမ်းကို ပြန်မတိုင်ပါဘူး၊ ဒါပေမယ့် ကျေးဇူးပြုပြီးတော့ ငါ့ကို နင်နဲ့အတူ ဆွဲမချပါနဲ့လား။ ပြီးတော့ ငါက လူတွေနဲ့ အရမ်းနီးနီးကပ်ကပ်နေရတာကို မကြိုက်ဘူး၊ ဒါကြောင့် နောက်ကျရင် နင် ငါ့စာရေးခုံပေါ်က ဘာကိုမှ မထိဘဲ နင့်ခုံမှာပဲ နင်နေဖို့ တောင်းဆိုချင်တယ်”

ကျင်းယွင်ကျောင်းက ဆက်တိုက်ပြောပစ်လိုက်သည်။ သူမ၏အသံမှာ မကျယ်သော်လည်း စကားလုံးတိုင်း စာကြောင်းတိုင်းက ကျန်ရှအား တိုက်ခိုက်သွားသည်ဖြစ်ရာ သူသည် မှင်သက်၍ ကျန်ခဲ့၏။

သူသည် သူ၏ဂုဏ်သတင်းကို အလေးထားသော အသက်အရွယ်ဖြစ်သည်။ အထူးသဖြင့် ကျန်ရှကဲ့သို့သော ယောကျာ်းလေးမျိုးသည် အတန်းခေါင်းဆောင်ဖြစ်ပြီးနောက်တွင် ကျောင်းသားများကြား၌ ထင်းထွက်နေချင်ကာ ကြည့်လိုက်သည်နှင့် ကျန်လူများနှင့် မတူညီသော အရှိန်အဝါလည်း ရှိနေချင်သည်။ မိန်းကလေးများဆီကမူ ပို၍အထင်ကြီးလေးစားသော အကြည့်များကို လက်ခံချင်သည်။

သို့သော် ယခု ကျင်းယွင်ကျောင်းက ဘာပြောလိုက်သနည်း။ သူမက သူမကို ရွှံ့ဗွက်ထဲဆွဲခေါ်မယ့်သူတွေကို မကြိုက်ဘူးတဲ့လား။ အထူးသဖြင့် သူမနား အရမ်းကပ်တဲ့သူတွေကို မကြိုက်ဘူးတဲ့လား။

ကပ်တယ်ဟုတ်လား။ ကျန်ရှက သူ၏လက်ကို ငုံ့ကြည့်လိုက်သည်။ ၎င်းမှာ အမှန်တကယ်ပင် အနည်းငယ် စည်းကျော်နေသော်လည်း စာအုပ်ထောင့်စွန်းလေးကိုသာ ထိမိထားခြင်းဖြစ်၏။

“နင် ဘယ်..ဘယ်လိုတောင် ကျေးဇူးကန်းတာလဲ”

ဒေါသထွက်သွားသဖြင့် ကျန်ရှ၏ လေသံက မြင့်လာသည်။

အတန်းသည် ဆူညံနေသော်လည်း ကျောင်းသားများ၏တီးတိုးပြောသံများနှင့်သာ ပြည့်နေခြင်းဖြစ်၏။ ထိုကဲ့သို့ အသံမြှင့်၍ ပြောလိုက်ရာ ကျန်ရှ၏ ရုတ်တရက် ကြိမ်းမောင်းသံအား ရှင်းရှင်းလင်းလင်း ကြားလိုက်ကြရလေသည်။

ကျန်ရှသည် ရုပ်ချောပြီး အဆင့်လည်း ကောင်းကာ အတန်းခေါင်းဆောင်လည်း ဖြစ်၏။ ထို့ကြောင့် သူသည် သူ၏အတန်းဖော်များကြားတွင် အတော်လေး ကျော်ကြားပြီး အထူးသဖြင့် ထိုကဲ့သို့ ထင်ရှားသည့် ယောက်ျားလေးများကို သဘောကျသည့် မိန်းကလေးများကြားတွင် ဖြစ်သည်။ ထိုကြောင့် ကျန်ရှက ထပေါက်ကွဲလေရာ လူအများစုက ကျင်းယွင်ကျောင်း ထပ်မံ၍ အမှားတစ်ခုခု လုပ်မိပြန်ပြီ ယူဆလိုက်ကြ၏။

လူတိုင်း လန့်ဖျပ်သွားပြီး စာသင်ခန်းသည် တိတ်ဆိတ်သွားသည်။

ကျန်ရှက အခြားသူများ၏အကြည့်များကို ခံစားမိပုံမပေါ်ပေ။ သူသည် စိတ်လျှော့ရန် ကြိုးစားလိုက်ပြီး တည်ကြည်လေးနက်စွာဖြင့် အကြံကောင်းပေးနေသည့် မျက်နှာထားမျိုးပြင်လိုက်၏။

“ကျင်းယွင်ကျောင်း၊ ငါတို့အားလုံးက အတန်းဖော်တွေပဲ။ ဘာလို့ သိသိသာသာ မျဥ်းကြောင်းဆွဲဖို့ လိုမှာလဲ။ ပြီးတော့ အတန်းခေါင်းဆောင်တစ်ယောက်အနေနဲ့ ငါ နင့်ကို ကူညီချင်တယ်။ စဥ်းစားကြည့်ရင် နင်က ကျောင်းသူတစ်ယောက်အရွယ်ပဲရှိသေးတာ။ နင့်မိဘတွေရဲ့အထောက်အပံ့မရှိဘဲ နင် သုံးစရာပိုက်ဆံ ဘယ်ကရမှာလဲ။ နင့်အဖေက နင့်ကို နှစ်ပေါင်းများစွာ ကျွေးမွေးစောင့်ရှောက်ခဲ့ပြီး ဘာမှပြန်ဆပ်ဖို့လည်း မတောင်းဆိုခဲ့ဘူး။ နင် နင့်ရဲ့အဖေနဲ့ ရန်မဖြစ်သင့်ဘူး။ ချောင်ဟုန်ယဲ့ဆို ဘယ်လောက်လိမ္မာလဲကြည့်ပါ့လား၊ တစ်ခါမှ ပြဿနာ မရှာဖူးဘူး။ နင် သူ့ဆီကနေ သင်ယူသင့်တယ်။ ဒါဆိုရင် နောက်ကျ နင့်အဖေက နင့်ကို ချစ်လာလိမ့်မယ်”

Chapter 35 : အားပြင်းသော တန်ပြန်တိုက်ခိုက်ခြင်း

ကျောင်းသားများသည် ဘာဖြစ်သွားမှန်း မသိလိုက်ကြချေ။ သို့သော် သူတို့သည် ကျန်ရှ ပြောသည်ကို ကြားသောအခါ ချက်ချင်း နားလည်သွားကြ၏။

ကျင်းယွင်ကျောင်းက သူမ၏ ဖတ်စာအုပ်ကို ပိတ်လိုက်ကာ ခေါင်းလှည့်၍ ကျန်ရှ နှင့် မျက်နှာချင်းဆိုင်လိုက်သည်။ သူမ၏ မျက်ဝန်းများက အေးစက်နေ၏။

“နင် ဘာလို့ ငါ့ကို ကူညီဖို့ ကြိုးစားနေတာလဲဆိုတာ ငါ နားမလည်ဘူး။ ပြီးတော့ လူတိုင်းက ချောင်ဟုန်ယဲ့ မဟုတ်ဘူး။ လူတိုင်းက သူ့လိုမျိုး ပေါင်းသင်းဆက်ဆံရေး ချောမွေ့ပြေပြစ်နေတာလည်း မဟုတ်ဘူး။ နင် စကားပြောတာ ဟိတ်ဟန်တွေနဲ့ ယုံကြည်ချက်တွေများလွန်းတယ်။ သိတဲ့သူတွေက နင့်ကို ကြင်နာတတ်တဲ့သူလို့ပဲ ထင်ကြလိမ့်မယ်။ သူတို့က နင့်ကို တကယ် ချောင်ဝေ့မင်ရဲ့သားလို့တော့ ထင်ကြမှာ မဟုတ်ဘူး”

“ကျင်းယွင်ကျောင်း၊ နင် ဘယ်လိုကြီးပြောလိုက်တာလဲ။ အတန်းခေါင်းဆောင်က ဒီလောက်တောင် ဖော်ရွေတာ”

ကျင်းယွင်ကျောင်း၏ ရှေ့တွင် ထိုင်နေသော ကျောင်းကောင်စီအဖွဲ့ဝင်က နောက်လှည့်၍ ဝင်ပြောလေသည်။

ထိုကျောင်းကောင်စီအဖွဲ့ဝင်၏အမည်မှာ ယဲ့ချင်းဖြစ်၏။ သူမသည် အတော်လေး လှပ၍ အဆင့်မှာလည်း အတန်းထဲတွင် ဒုတိယအမြင့်ဆုံးဖြစ်သည်။ ကျန်ရှ နှင့် ယဲ့ချင်းတို့အား လူအများက စုံတွဲအဖြစ် သဘောတူကြပြီး သူတို့ကမူ ထိုအတားအဆီး အလွှာပါးများ မဖောက်ဖျက်ကြသေးပေ။

“အတန်းခေါင်းဆောင်က နင့်အပေါ်တော့ ဖော်ရွေတဲ့ပုံ ရရင်ရမှာပေါ့။ ဒါပေမယ့် ငါနဲ့ကျတော့ ဘာဆိုင်လို့လဲ”

ကျင်းယွင်ကျောင်းက နှောင့်နှေးခြင်းမရှိ ပြန်တုံ့ပြန်လိုက်သည်။

“နင်တို့က လူတစ်ယောက်ရဲ့အတိတ်ကို မသိသေးဘဲနဲ့ သူတို့ရဲ့အနာဂါတ်ကို မတန်မရာ ဆုံးဖြတ်ချက်ချပေးနေချင်ကြတယ်။ နင်တို့ကိုယ် နင်တို့ တကယ်ကြီး နတ်ဘုရားတွေလို့များ ထင်နေကြတာလား။ ချောင်မိသားစုနဲ့ ငါ့ကြားက ပြဿနာက ငါ့ကိစ္စလေ။ ငါ တကယ်သိချင်မိတယ်၊ အတန်းခေါင်းဆောင်။ နင် အငန်တွေဘယ်လောက်တောင် စားထားလို့ ဒီလောက် လေးလံထိုင်းမှိုင်းနေရတာလဲ။ နင်က ငါ့ကို ချောင်မိသားစုကို တောင်းပန်စေချင်တယ်ဟုတ်လား။ ငါက ဘာကိစ္စကြောင့် တောင်းပန်ရမှာလဲဆိုတာ သိချင်မိတယ်”

ကျင်းယွင်ကျောင်းသည် သူမ၏ ဂုဏ်သတင်း ပိုကောင်းလာစေရန် ဆန္ဒရှိသည်။ သို့သော် သူများကြိုးဆွဲသည့်အတိုင်း လိုက်က,ပေးမည်အထိတော့ မဟုတ်ပေ။

နာမည်ကောင်းကဲ့သို့သော အရာကို သူမ တစ်နေ့ ပိုင်ဆိုင်လာလိမ့်မည်။ သို့သော် လူများက သူမကို ယခင်ကကဲ့သို့ ဆန့်ကျင်နေပါက သူမသည် အတင်းအကြပ် လုပ်ယူလိမ့်မည်မဟုတ်ပေ။

ကျင်းယွင်ကျောင်း၏ ခက်ထန်သော အရှိန်အဝါက သူမအား အနည်းငယ် ကြောက်မက်ဖွယ်ကောင်းပုံပေါက်စေသည်။ အထူးသဖြင့် ယခုကဲ့သို့ သူမ ဒေါသထွက်နေချိန်တွင် ဖြစ်သည်။

“ငါပြောခဲ့သလိုပဲ၊ ချောင်မိသားစုက နင့်ကို နှစ်ပေါင်းများစွာ ကျွေးမွေးစောင့်ရှောက်လာခဲ့တာ။ နင်လည်း အိမ်မပြန်ရင် ပိုက်ဆံရှိမှာ မဟုတ်ဘူးလေ”

ကျန်ရှ၏ ရင်ထဲတွင် ဒေါသများဖြင့် ပြည့်နေကြောင်း သူ၏ လေသံက သိသာလှ၏။

သူ၏ ဆိုလိုရင်းမှာ ကောင်းကောင်းမွန်မွန်သာဖြစ်သည်။ သူသည် ဤမျှကျေးဇူးမသိတတ်သောသူကို တစ်ခါမှ မတွေ့ဖူးချေ။ ယခင်က သူမအား မည်သူကမှ သဘောမကျခဲ့သည်မှာ အံ့သြစရာမဟုတ်။ သူမသည် ၎င်းနှင့် ထိုက်တန်သည််ပင်။

သူ ထိုသို့ပြောပြီးနောက် ကျင်းယွင်ကျောင်း၏ မျက်နှာပေါ်တွင် ခပ်ဝါးဝါး အပြုံးတစ်ခုပေါ်ထွက်လာ၏။

လူတိုင်းက သူမသည် ချောင်မိသားစုအပေါ်တွင် အကြွေးတင်နေသည်ဟု ထင်နေကြသည်။ သူမသည် သူတို့အပေါ် တကယ်ပင် အကြွေးတင်နေသည်လား၊ သေချာပေါက် မဟုတ်ပေ။

“ကြီးမြတ်လှတဲ့ အတန်းခေါင်းဆောင် ကျန်၊ နင်က ပျားရည်တွေပြည့်နေတဲ့ ပျားအိမ်လိုမျိုး ချိုမြိန်တဲ့ဘဝထဲမှာ ကြီးပျင်းလာရတာ၊ ဒါကြောင့် ငါ့လို လူတစ်ယောက် ဘယ်လိုရှင်သန်နေထိုင်ခဲ့ရသလဲဆိုတာ မသိတာ သဘာဝကျပါတယ်။ ငါ ကျောင်းမတက်ရသေးခင်တုန်းက အိမ်အလုပ်တွေအားလုံးကို လုပ်ဖို့ သင်ယူခဲ့ရတယ်ဆိုတဲ့ အကြောင်းတွေကိုတော့ နင့်ကို ပြောမပြချင်တော့ဘူး။ နင်က နင့်ရဲ့အနာဂတ်အတွက် ကျောင်းတက်နေပြီး ငါက ပညာသင်ဆုရဖို့အတွက် ကျောင်းတက်နေရတယ်။ ချောင်မိသားစုက ငါ့ကျောင်းစရိတ်အတွက် တစ်ပြားမှ မပေးခဲ့ဘူး၊ ပြီးတော့ ငါသုံးသမျှကလည်း ငါ ဆုရထားတဲ့ ပိုက်ဆံတွေချည်းပဲ။ နင်က ငါ့ကို ချောင်မိသားစုက ကျွေးမွေးစောင့်ရှောက်ခဲ့တယ်လို့ ပြောခဲ့တယ်မလား။ ဒါပေမယ့် ငါ ဘာလို့များ နင့်ကို ချောင်မိသားစုနဲ့ တစ်ဖက်တည်းလို့ ထင်နေမိပါလိမ့်နော်”

ကျင်းယွင်ကျောင်း၏ လွန်ခဲ့သော ဆယ့်ငါးနှစ်ခန့်က မှတ်ဥာဏ်များသည် ပို၍ ရှင်းရှင်းလင်းလင်းဖြစ်လာခဲ့သည်။

သူမသည် ငယ်စဥ်အခါက ငွေမရှာနိုင်စွမ်းမရှိသေးသောကြောင့် အမျိုးမျိုးသော ပြိုင်ပွဲများ၌ စာရင်းပေး၍ ဝင်ပြိုင်နိုင်ရန် အကောင်းဆုံး ကြိုးစားခဲ့ရသည်။ ထို့နောက် သူမသည် အနိုင်ရရှိ၍ ဆုငွေများ ချီးမြှင့်ခံခဲ့ရသည်။ အခြားသော ပြိုင်ပွဲဝင်များအားလုံးသည် သူတို့၏မိဘများနှင့် အတူလာကြသော်လည်း သူမသည် အမြဲတမ်း တစ်ယောက်တည်းပင်။

သူမ အလယ်တန်းသို့ ရောက်သောအခါ လိုအပ်သည့်ပစ္စည်းများလာသည့်အတွက် သုံးစရာပိုက်ဆံလည်း ပိုလိုလာသည်။ ထို့ကြောင့် သူမသည် ပိတ်ရက်များတွင် အချိန်ပိုင်းအလုပ်များ လုပ်ခဲ့သည်။ သို့ရာတွင် သူမသည် ငယ်လွန်းသည်ဖြစ်ရာ မည်သူကမှ သူမကို မခိုင်းချင်ပေ။ နေ့တိုင်း သူမသည် ငွေပမာဏအနည်းငယ်အတွက် အလုပ်ကို ကြိုးကြိုးစားစား လုပ်ခဲ့ရသည်။

အတိတ်ဘဝက သူမသည် ယဲ့ချင် နှင့် ချောင်ဟုန်ယဲ့တို့က သူမအား လေးစားထိုက်သည့်သူတစ်ယောက်အဖြစ် ကြီးပြင်းလာစေချင်သောကြောင့် ထိုအလုပ်များ လုပ်ခိုင်းသည်ဟုထင်ခဲ့သည်။ သို့သော် ယခုတွင်တော့ သူတို့သည် သူမအား ဆန်ပြုတ်တစ်ဇွန်းပင် မသဒ္ဒါ၍ ဖြစ်ကြောင်း နားလည်သဘောပေါက်သွားပြီဖြစ်၏။ အကယ်၍ သူမသည် ချောင်မိသားစုအပေါ် တကယ်အကြွေးတင်နေသည်ဆိုပါက အတိတ်ဘဝက သူတို့အား ပြန်လည်ပေးဆပ်ပြီး ဖြစ်သည်။

ကျန်ရှက ကျင်းယွင်ကျောင်း ဤသို့ပြောလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် ကြောင်အ,နေမိ၏။

ကျင်းယွင်ကျောင်းက သူမရဲ့ကျောင်းစရိတ်အတွက် ချောင်မိသားစုရဲ့ ပိုက်ဆံတွေကို မသုံးခဲ့ဘူးလား။ သူမရဲ့နေထိုင်စရိတ်တွေအားလုံးကို သူမကိုယ်တိုင်ပဲ ရှာခဲ့ရတာလား။ မဖြစ်နိုင်ပါဘူး။

“နင်က စေတနာကောင်းနဲ့လား၊ ဒါမှမဟုတ် ပျက်ဆီးစေလိုတဲ့ စိတ်နဲ့လားဆိုတာ ငါ ဂရုမစိုက်ဘူး၊ ဒါပေမယ့် ဒီနေ့ကစပြီး ကြီးမြတ်လှတဲ့ အတန်းခေါင်းဆောင် ကျန် လိုမျိုး ငါ့ကို ချောင်မိသားစုဆီပြန်သွားဖို့ စည်းရုံးတာမျိုး မလိုချင်ဘူး။ ဒါက ငါ ပထမဆုံးနဲ့နောက်ဆုံးအကြိမ် မေတ္တာရပ်ခံတာပဲ။ တကယ်လို့ ဒုတိယအကြိမ်ရှိလာခဲ့ရင် ကြားဝင်ညှိနှိုင်းပေးတဲ့သူတစ်ယောက်က ဘယ်လိုနောက်ဆက်တွဲအကျိုးဆက်ကို ရင်ဆိုင်ရမလဲဆိုတာ ငါ နင်တို့ကို သိအောင် လုပ်ပေးမယ်”

Chapter 36 : ချမ်းသာသည့် နိမိတ်မကောင်းသော မုဆိုးမ

ကျင်းယွင်ကျောင်း၏ ခြိမ်းခြောက်သံကြောင့် တစ်ခန်းလုံး တိတ်ဆိတ်သွားကြ၏။ အချို့က မျက်မှောင်ကြုတ်နေကြ၍ အချို့က ထိတ်လန့်နေကြ၏၊ သို့သော် လူတိုင်း၏ အမူအယာများက ယခင်ကထက် ပို၍ ပြင်းထန်နေကြသည်။

ဘုတ် ...

ကျင်းယွင်ကျောင်း၏ အနောက်ရှိ စာရေးခုံပေါ်သို့ စာအုပ်တစ်အုပ်ပြုတ်ကျသောအသံ ရုတ်တရက် ထွက်ပေါ်လာ၏။

“ပြောသွားတာ ကောင်းတယ်၊ ကျန်ရှ နင်က တော်တော်အားနေတယ်ထင်တယ်။ နင် ဘာလို့ သူများကိစ္စကို ဝင်လျှာရှည်ဖို့ ကြိုးစားနေတာလဲ။ ငါ ဘာမှမကြားလိုက်ဘူးလို့ နင် ထင်မနေနဲ့။ ဘုရားလောင်း ကွမ်ရင်မယ်တော်ပုံစံဖမ်းပြီး နင်က လှည့်ဖြားဖို့ကြိုးစားနေရအောင် နင်က ဘယ်သူမို့လို့လဲ။ ကျင်းယွင်ကျောင်း အိမ်ကိုပြန်ပြန်၊ မပြန်ပြန် နင်နဲ့ဆိုင်လို့လား။ နင် ဒီစကားတွေကို ကျင်းယွင်ကျောင်းကို ပြောမိလို့သာ ကံကောင်းသွားတယ်မှတ်။ ငါ့ကိုသာ လာပြောရင် ငါက နင်နဲ့ အကျိုးသင့်၊ အကြောင်းသင့် ပြန်ပြောနေမှာ မဟုတ်ဘူး။ ငါ နင့်ကို ဘီခန်းထဲထိရောက်သွားအောင် ရိုက်ပစ်နိုင်တယ်ဆိုတာ နင်ယုံလား။”

(T/N :ကွမ်ရင်မယ်တော်က ဘုရားလောင်းတစ်ပါးဖြစ်ပြီးတော့ ကရုဏာတရား၊ မေတ္တာတရား၊ မုဒိတာတရားတို့ကို ကိုယ်စားပြုပါတယ်။ ကွမ်ရင်ပုံဖမ်းတယ်ဆိုတာ သူတော်ကောင်း ယောင်ဆောင်တယ်လို့ ပြောချင်တာပါ)

ကျင်းယွင်ကျောင်းက အနည်းငယ် အံ့သြသွားပြီး ခေါင်းလှည့်ကြည့်လိုက်သည်။ ထိုမိန်းကလေးအား ကြည့်လိုက်ပြီးနောက် ကျင်းယွင်ကျောင်း သူမအား သြဘာပေးချင်စိတ် ပေါက်သွား၏။

ရှောင်ဟိုင်ချင်း ...

အတိတ်ဘဝ ထောင်ထဲတွင် နေခဲ့ရစဥ်က ကျင်းယွင်ကျောင်းသည် သူမ၏ ကြီးကျယ်သော အောင်မြင်မှုများစွာကို ကြားသိခဲ့ရသည်။

လက်ရှိ ရှောင်ဟိုင်ချင်းသည် ကာယဌာန၏ ကိုယ်စားပြုဖြစ်၏။ သူမ၏ကိုယ်ရည်ကိုယ်သွေးမှာ မြင့်မားလှ၍ ကိုယ့်ကိုကိုယ် ယုံကြည်မှုလည်း ရှိသည်။ သူမသည် ကြံ့ခိုင်သန်မာသော အမျိုးသမီးတစ်ယောက်ဖြစ်၍ စူးချူနှင့် နှိုင်းယှဥ်ပါက လုံးဝ ကွဲပြားသော ပုံပန်းသွင်ပြင်ရှိ၏။

ရှောင်ဟိုင်ချင်း၏ အဆင့်များမှာ အကောင်းဆုံးမဟုတ်သော်လည်း မဆိုးလှပေ။ သူမသည် အလွန်ဥာဏ်ကောင်းသည်မှာ အမှန်ပင်။ မမျှော်လင့်ဘဲ သူမသည် သူမ၏အာရုံကို ကျောင်းစာထက် အားကစားတွင်သာ နှစ်မြှုပ်ထားရခြင်းကို ပိုနှစ်သက်၏။

ကျင်းယွင်ကျောင်း၏ အတိတ်ဘဝတွင် သူမသည် ချောင်မိသားစုကို အလုပ်အကျွေးပြုရန် ကျောင်းထွက်ခဲ့ရပြီးနောက် ချောင်ဟုန်ယဲ့ဆီမှ ရှောင်ဟိုင်ချင်း၏ အကြောင်းများကို ရံဖန်ရံခါ ကြားရလေ့ရှိသည်။

ရှောင်ဟိုင်ချင်းသည် အတုအယောင် မိန်းကလေးများကို မနှစ်သက်ပေ။ ချောင်ဟုန်ယဲ့နှင့် ရှောင်ဟိုင်ချင်းတို့သည် အခန်းချင်းမတူသော်လည်း အကြောင်းပြအချို့ကြောင့် မတည့်ကြ။ ချောင်ဟုန်ယဲ့သည် သူမကြောင့် ကြိမ်ဖန်များစွာ အရှက်ကွဲခဲ့ရသည်။

ကျင်းယွင်ကျောင်းသည် ချောင်ဟုန်ယဲ့အကြောင်း ကောင်းကောင်းသိ၏။ သူမ၏စရိုက်အရ သူမသည် အရှုံးကို မကြိုက်ပေ။ သေချာပေါက် သူမသည် ရှောင်ဟိုင်ချင်းကို နှောက်ယှက်ရန် လမ်းသရဲများကို သီးသန့်ဆက်သွယ်ခဲ့သည်။ သို့သော် ရှောင်ဟိုင်ချင်း၌ အတိုက်အခိုက်စွမ်းရည်ရှိရာ သူမသည် လွတ်မြောက်သွားရုံသာမက ချောင်ဟုန်ယဲ့ကိုပါ ပျော့ခွေသွားအောင် ရိုက်ပစ်ခဲ့၏။ ထိုအချိန်မှ စ၍ ချောင်ဟုန်ယဲ့သည် နောက်ဆုတ်ရန် ဖိအားပေးခံခဲ့ရပြီး ရှောင်ဟိုင်ချင်းအား တစ်ယောက်တည်း လွှတ်ထားလိုက်ရတော့သည်။ သူမသည် ဒုတိယအကြိမ် သွားရှုပ်ရဲတော့ပုံမရတော့ပဲ ရှောင်ဟိုင်ချင်းကို အိမ်တွင်သာ ဆဲဆိုကျိန်ဆဲရဲတော့၏။

ကျင်းယွင်ကျောင်းသည် ထောင်ကျပြီးနောက် သူမ, မသေမီ ရက်အနည်းငယ်အလိုတွင် သတင်းစာတစ်စောင် ဖတ်ခဲ့ရသည်။ စာမျက်နှာတစ်ခုတွင် အံ့သြဖွယ်ကောင်းသော ရှောင်ဟိုင်ချင်း၏ ကိုယ်တစ်ပိုင်းပုံ ပါရှိ၏။ သူတို့က သူမကို ချမ်းသာသည့် နိမိတ်မကောင်းသော မုဆိုးမ ဟု ခေါ်ကြသည်။

သူတို့က ရှောင်ဟိုင်ချင်းသည် ကောလိပ်တက်စဥ်က ချမ်းသာသော အဖိုးကြီးများကို မြူဆွယ်ရင်း အချိန်ကုန်ခဲ့သည်ဟု ပြောကြ၏။ သူမလက်ထပ်ပြီးသည့်အခါတိုင်း သူမ၏ ခင်ပွန်းသည်က သေဆုံးသွားခဲ့ပြီး သူမက အမွေများကို ရရှိခဲ့သည်။ ဤသို့ဖြင့် သူမသည် တဖြည်းဖြည်း သူကြွယ်တစ်ယောက်ဖြစ်လာသည်။

ကျင်းယွင်ကျောင်းသည် ရှောင်ဟိုင်ချင်းအား သိပ်မသိသော်လည်း သူမသည် ဖြောင့်မတ်၍ ခေါင်းမာသော မိန်းကလေးတစ်ယောက်ဖြစ်မှန်း သိ၏။ သူမသည် တစ်စုံတစ်ယောင်အား မြူဆွယ်ဖြားယောင်းမည့်သူ မဟုတ်ပေ။

သို့ဖြစ်၍ သူမသည် သတင်းစားတွင် ပါရှိသည့် အကြောင်းအရာများအား တစ်ဝက်သာ ယုံကြည်သည်။

သူမ၏ အတိတ်၌ဖြစ်စေ လက်ရှိဘဝ၌ဖြစ်စေ ကျင်းယွင်ကျောင်းသည် ရှောင်ဟိုင်ချင်းအပေါ် အထင်အမြင်ကောင်းရှိ၏။

ကျင်းယွင်ကျောင်း၏ မျက်လုံးများတွင် ကျေးဇူးတင်သော အရိပ်အယောင်များ ယှက်သန်းသွားသည်။ သူမသည် ရှောင်ဟိုင်ချင်းအား လှည့်ကြည့်လိုက်ရင်း တုံ့ပြန်လိုက်၏။

“ငါ ပညာတစ်ခုရလိုက်ပြီ။ တစ်ယောက်ယောက်က ငါ့ကို ထပ်ပြီး နှောက်ယှက်လောက်တဲ့အထိ ကန်းနေရင် ငါ နင်ပြောသလို လုပ်လိုက်ပါ့မယ်”

“နင်က တတ်လွယ်တဲ့သူပဲ၊ ဟုတ်ပြီ။ အခုကစပြီး ငါ နင့်ကို ကာကွယ်ပေးမယ်”

ရှောင်ဟိုင်ချင်းက ခပ်ဝင့်ဝင့်ပြုံးပြလိုက်ပြီး ကျင်းယွင်ကျောင်းအား သူတို့ခင်မင်မှုအသစ်၏ သင်္ကေတအနေနှင့် ဟိုက်ဖိုက်လုပ်ရန် လက်ကမ်းပေးလိုက်သည်။

ရှောင်ဟိုင်ချင်းသည် သူမကိုယ်သူမ အတော်လေး အံ့သြသွား၏။ သူမသည် မူလက ကျင်းယွင်ကျောင်းအား လက်ဝှေ့အိတ်တစ်လုံးအဖြစ် မွေးဖွားလာသည်ဟု ထင်သော်လည်း ထိုသို့မဟုတ်ပေ။ ပျော့ညံ့သော အသွင်အပြင်အောက်၌ ဖုံးကွယ်ထားသည်က ပေါက်ကွဲတော့မည့် ကြယ်တစ်လုံးဖြစ်သည်ဆိုသည်ကို သက်သေပြလိုက်သည်။

ကျန်ရှ၏ မျက်နှာက မည်းမှောင်သွား၏။

အကယ်၍ သူ့ကို ဆရာမ ကျင် မှလွဲ၍ အတန်းထဲတွင် မလိုလားဆုံးသူကို ရွေးခြယ်ခိုင်းပါက သူသည် ရှောင်ဟိုင်ချင်းကိုသာ ရွေးလိမ့်မည်ဖြစ်သည်။

သူသည် မိန်းကလေးတစ်ယောက်ကို ကြောက်၍ မဟုတ်ပေ။ သို့သော် သူမသည် ကျိုးကြောင်းဆီလျော်မှု ကင်းမဲ့လွန်းသည်။

ရှောင်ဟိုင်ချင်းသည် တစ်စုံတစ်ခုကိုသာ မှန်သည်ဟု မှတ်ယူလိုက်ပါက သူမသည် ဘယ်တော့မှ တစ်ပါးသူပြောသည်ကို နားထောင်တော့မည်မဟုတ်ချေ။ အကယ်၍ သူတို့ ဇွတ်ပြောလျှင် သူမက လက်သီးဖြင့် ဆွဲထိုးလိမ့်မည်မှာ အမှန်ပင်။ ထိုသည်သာမက သူမသည် ညစ်ပတ်သော အကျင့်စရိုက်လည်း ရှိသည်။ တစ်စုံတစ်ယောက်ကို ရိုက်ပြီးလျှင်လည်း ဝန်ခံလိမ့်မည်မဟုတ်ပေ။ တစ်ခါတစ်ရံ အပြစ်ပေးခံရခြင်းကို ရှောင်ရှားရန်အတွက် ဘေးတွင် ရန်ပွဲကို ထိန်းပေးမည့်သူ တစ်ယောက်မှမရှိချိန်တွင် သူမကိုယ်သူမ ပြန်ထိုးတတ်သည်။ သူမသည် အလွန်ပရိယာယ်များလှ၏။ ထို့ကြောင့် သူမသည် လူများစွာကို ရိုက်ခဲ့သော်လည်း အခုထိ တစ်ခါမှ အပြစ်ပေးခံရခြင်း မရှိခဲ့သေးချေ။

All Chapters