← Chapters

အခန်း (၃၇-၄၀)

Vol. 2 Ch. 37-40

အခန်း (၃၇-၄၀)

Vol. 2 Ch. 37-40

Chapter 37 : ဒါတွေ အားလုံးက နင်ကောင်းဖို့အတွက်ချည်းပဲ

ရှောင်ဟိုင်ချင်း၏ မျက်နှာအား ကြည့်လိုက်ကာ ကျန်ရှက ချက်ချင်း ပျော့ကျသွား၏။

“ငါက ဘာအဓိပ္ပါယ်နဲ့မှ မဟုတ်ပါဘူး။ ငါ လုပ်သမျှအကုန်လုံးက သူ့ကောင်းကျိုးအတွက်ချည်းပါပဲ”

ကျန်ရှက နှုတ်ခမ်းစူလိုက်သည်။ သူ၏ မျက်နှာပေါ်တွင်လည်း အလိုမကျမှုများနှင့် ပြည့်နှက်နေလေရာ ထိုအရာများက သူ့အား အနည်းငယ် နွဲ့နှောင်းသွားစေသည်။

ဤမိန်းမဆန်သည့် သဘောထားက ရှောင်ဟိုင်ချင်းအတွက် ကျန်ရှအပေါ် ပို၍ အထင်အမြင်သေးစရာဖြစ်သွားစေပြီး သူမက တစ်ချက်ကြည့်ကာ ပြန်ပြောလိုက်၏။

“နင် ကူညီပေးဖို့ ကြိုးစားနေလည်း ငါဂရုမစိုက်ဘူး။ ငါ ဒါမှမဟုတ် ကျင်းယွင်ကျောင်းကို လာမရှုပ်နဲ့။ နင် ယဲ့ချင်းနဲ့ တွဲပေးခံရတာကို မကြိုက်ဘူးဆိုရင် အဲဒီဘေးအခန်းက ကောင်မနာမည် ဘာပါလိမ့်၊ အေး နောက်ကျ နင်တို့ဘာသာ တစ်ယောက်နဲ့ တစ်ယောက် သေတဲ့အထိ ဂရုစိုက်နေကြလေ။ တခြားသူတွေကို ဆရာကြီးလုပ်ပြီး အော်ဟစ်ငေါက်ငမ်းနေတာတွေ ရပ်လိုက်စမ်းပါ”

ကျင်းယွင်ကျောင်း မလေးစားဘဲ မနေနိုင်။ တစ်တန်းလုံးတွင် ရှောင်ဟိုင်ချင်းသာ အခြားသူများအား ရန်လိုစွာ ပြောဆိုနိုင်ပြီး သူတို့ကမူ သူမအား တုံ့ပြန်ပြောဆိုရန် သတ္တိမရှိကြပေ။

ဤမိန်းကလေးသည် သူမ၏အကြိုက် ပို၍ပို၍ ဖြစ်လာသည်။

အတိတ်ဘဝက သူမတွင် သူငယ်ချင်းတစ်ယောက်မှ မရှိခဲ့ပေ။ ယခုတွင်မူ သူမ ပြန်လည်မွေးလာသည်မှာ တစ်ပတ်သာ ရှိသေးသော်လည်း သူမတွင် စူးချူနှင့် ရှောင်ဟိုင်ချင်း ရှိနေပြီဖြစ်၏။ သူမ ကျေနပ်နေပေသည်။

“အိုခေ၊ အိုခေ။ ဆရာမ လာတော့မယ်။ နင်တို့တွေ ငြိမ်ငြိမ်သက်သက်နေပြီး တစ်ပါးသူ စာလုပ်တာကို အနှောက်အယှက်မပေးလို့ ရမလား”

ရှောင်ဟုန်ယဲ့ ထိုသို့ပြောလိုက်သည်က သူတို့၏ ရှေ့တွင် ထိုင်နေသော ယဲ့ချင်းအား ရှက်ရွံ့ဒေါသထွက်သွားစေခဲ့၏။ ထို့ကြောင့် သူမသည် အမြန်ပင် ကျောင်းကောင်စီအဖွဲ့ဝင်တစ်ဦး၏ ဟိတ်ဟန်ကို ထုတ်လိုက်ပြီး သူတို့အား သတိပေးလိုက်သည်။

သူမသည် သတ္တိရှိပြီး ဖြောင့်မတ်ပုံပေါ်သော်လည်း အမှန်တကယ်မှာ သူမက ကြွက်တွင်းတစ်တွင်းကို ရှာ၍ ပုန်းနေချင်ခဲ့၏။ ၎င်းမှာ သူမ ဘယ်လောက် စိတ်လှုပ်ရှားနေကြောင်း ဖော်ပြနေသည်။

ကျင်းယွင်ကျောင်းသည် တစ်ယူသန်တစ်ယောက် မဟုတ်ပေ။ နေရာအနေအထားက မသင့်တော်လေရာ သူမသည် ကျန်ရှနှင့် ယဲ့ချင်းတို့ ဆူဆူညံညံပြောဆိုနေကြသည်အား မသိချင်ယောင်ဆောင်၍သာ နေသည်။

တစ်ဖက်တွင်မူ ရှောင်ဟိုင်ချင်းက သူမ၏ ထိုင်ခုံဖော်အား ကျင်းယွင်ကျောင်းနှင့် ထိုင်ခုံချင်းလဲရန် အမိန့်ပေးလိုက်သည်။

ခဏအတွင်းမှာပင် ကျင်းယွင်ကျောင်းသည် ထိုင်ခုံနေရာ နှစ်ခါပြောင်းခဲ့ပြီးဖြစ်၏။ ဘယ်သူကမှ ထိုမြန်နှုန်းကို လိုက်မမီနိုင်ပေ။

ဆရာမကျင် ဝင်လာသောအခါ သူမသည် သူတို့ကို တစ်ချက်သာ ခပ်မြန်မြန်ကြည့်လိုက်၏။ သူမက သူတို့အား မငေါက်ရုံသာမက သူမသည်လည်း အမှန်တကယ်ပင် အတော်လေး ကျေနပ်နေပုံရသည်။

ကျင်းယွင်ကျောင်း၏ အဆင့်များသည် ကောင်း၏။ အတန်း၏နောက်တွင် ထိုင်ခြင်းက သူမ၏အရည်အသွေးအား ထိခိုက်စေသည်။ အဘယ်ကြောင့် သူမအနေနှင့် ထိုဖြစ်ရပ်ကို ခွင့်ပြုထားရမည်နည်း။ အကယ်၍ သူမ၏ဘေးတွင် မည်သူမှ မထိုင်ချင်လျှင်တောင်မှ ဆရာမကျင်က ကျင်းယွင်ကျောင်းအား သူမ၏ မျက်စိအောက်တည့်တည့်တွင်သာ ထိုင်စေချင်လိမ့်မည်ဖြစ်သည်။

သူမ ပြန်လည်မွေးဖွားပြီးနောက် ပထမဆုံးကျောင်းတက်ရက်၌ သူမသည် အစောပိုင်း အနှောက်အယှက်အသေးအမွှားတို့ကလွဲလျှင် ပြဿနာကြီးကြီးမားမားမရှိဘဲ ဖြတ်သန်းခဲ့ရ၏။

ထူးဆန်းသည်က ကျောင်းဆင်းသောအခါ ကျင်းယွင်ကျောင်းသည် သူမ၏စာအုပ်ကြားထဲတွင် မှတ်စုစာရွက်လေးတစ်ရွက် ရှိနေသည်ကို တွေ့လိုက်ရသည်။ ‘ငါက နင့်ကို ကောင်းစေချင်လို့ပါ။ စိတ်မဆိုးဖို့ မျှော်လင့်ပါတယ်’ ဟု ရေးထား၏။

မှတ်စုစာရွက်တွင် နာမည်တပ်မထားသော်လည်း ကျင်းယွင်ကျောင်းသည် စာအရေးအသားမှတစ်ဆင့် မည်သူရေးမှန်း သိနိုင်လေသည်။

သူမသည် ၎င်းကို အမှိုက်ပုံးထဲ ပစ်လိုက်၏။

ထိုကဲ့သို့ ကိုယ်ရည်သွေးတတ်၍ ထင်ရာယူဆတက်သူများများနှင့်ပတ်သတ်ပြီး စိတ်အနှောက်အယှက်ဖြစ်ရန်ပင် မတန်ပါချေ။

…

ဟွားနင်ခရိုင်သည် တောင်တန်းများနှင့် မြစ်များရှိ၍ ခြုံငုံကြည့်ပါက ရူခင်းသာယာလှပသည်။ ခရိုင်မြို့ထဲတွင်လည်း လေက အထူးသဖြင့် လတ်ဆတ်လှကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလည်း အတော်အသင့်ကောင်း၏။ ညဘက်ရောက်သောအခါ အမှောင်ထုထဲတွင် အလင်းရောင်များက ပျားပန်းခတ်မျှ လှုပ်ရှားနေပြီး အနှိုင်းမဲ့သော ရင်သပ်ရှုမောဖွယ်မြင်ကွင်းတစ်ခု ဖြစ်လာသည်။

ကျင်းယွင်ကျောင်းသည် ရှောင်ဟိုင်ချင်းနှင့် စူးချူတို့၏ ဖိတ်ခေါ်မှုကို ငြင်းပယ်လိုက်ပြီး အကြီးဆုံး တိုင်းရင်းဆေးအရောင်းဆိုင်သို့ ဦးတည်၍ တစ်ကိုယ်တည်းထွက်လာခဲ့သည်။ သူမ၏ လက်ထဲရှိ ခြင်းတောင်းထဲတွင် မြေကြီးအနည်းငယ် ကပ်နေသော သန်ရှင်းမြစ်များနှင့် ပြည့်နေ၏။

သူမသည် ငွေအလွန်လိုအပ်နေသည်။ သူမ ဂုဏ်သရေရှိရှိ၊ သတ္တိရှိရှိ ရှင်သန်လိုလျှင် သူမကိုယ်သူမ ထောက်ပံ့နိုင်စွမ်းရှိရန် လိုအပ်သည်။

သူမ၏ရှေ့တွင် ခရိုင်၏အကြီးဆုံး ဆေးဆိုင်ရှိသည်။ ထိုဆေးဆိုင်မှာ အတော်လေး အိုဟောင်းနေပြီး ရှေးကျလှ၏။ ညအချိန်သို့ ရောက်လာပြီဖြစ်ရာ အတွင်းထဲတွင် မီးများ တောက်ပစွာ ထွန်းညှိထားပြီး အပြင်ဘက်မှနေ၍ အတွင်းဘက်ကို ရှင်းရှင်းလင်းလင်း မြင်နေရ၏။

ကျင်းယွင်ကျောင်းသည် အထဲသို့ ကတိုက်ကရိုက် ဝင်သွားရမည့်အစား အပြင်ဘက်တွင် အချိန်အတော်ကြာအောင် ရပ်စောင့်နေခဲ့သေးသည်။

သူမ၏ဘေးမှ ဖြတ်သွားသူမှန်သမျှသည် ဤနေရာသို့ ဆေးဝယ်ရန် လာကြသူများသာဖြစ်၏။ သူမကဲ့သို့ ဆေးရောင်းရန် လာသူတစ်ယောက်မှ မမြင်ရပေ။

နာရီဝက်ကြာပြီးနောက် ကျင်းယွင်ကျောင်းသည် အကျင့်သီလကောင်းမွန်၍ ဂုဏ်သိက္ခာရှိပုံရသော အဖိုးအိုတစ်ယောက် ဆိုင်ထဲတွင်ပေါ်လာသည်အား မြင်လိုက်သဖြင့် သူမ တုံ့ဆိုင်းမှုမရှိဘဲ ဆိုင်ထဲသို့ ဝင်သွားလိုက်သည်။

သူမ ဆိုင်ထဲသို့ဝင်လာသောအခါ လူတိုင်းက များပြားလှသော ဆေးများကို အံ့အားတသင့် ကြည့်နေသည်အား တွေ့လိုက်ရ၏။

အဖိုးအိုက ကျင်းယွင်ကျောင်းကို ကြည့်လိုက်ပြီးနောက် သူမ၏ ခြင်းတောင်းကို လှမ်းကြည့်လိုက်သည်။ သူက အံ့သြသွားပြီး မျက်မှောင်ကြုတ်ကာ မေးလာသည်။

“ကောင်မလေး၊ မင်း ဒီကို ဆေးပင်တွေ လာရောင်းတာလား။”

Chapter 38 : ဆေးဖော်ဝါသနာအိုး

ဤသည်မှာ ကျင်းယွင်ကျောင်း၏ ပထမဆုံးအကြိမ် ဆေးရောင်းခြင်းဖြစ်ရာ သူမက စိတ်ရှုပ်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူမကို ကြည့်နေကြသော ထိုလူများ၏ မျက်ဝန်းများက ထူးဆန်းလှသည်ဟုလည်း ဆက်တွေးနေမိ၏။

မျှော်လင့်ထားသကဲ့သို့ပင် အဖိုးအိုက သူမ၏ တုံ့ပြန်မှုကို မြင်သောအခါ ရယ်မောလိုက်သည်။

“ကောင်မလေး၊ ငါ မင်းကို စိတ်အနှောက်အယှက်ပေးမိမှာ စိုးတယ်။ ငါတို့ ဒီမှာက ဆေးဖော်တဲ့နေရာမှာ သုံးတဲ့ ပစ္စည်းတွေ မဝယ်ဘူးကွယ့်။ မင်းရဲ့ ဒီပစ္စည်းလေးတွေကို ကိုယ်ပိုင်ဆိုင်လေးတွေဆီ သွားရောင်းပါလား။ ဒါပေမယ့် သူတို့က စျေးအများကြီးတော့ ပေးရဲမှာ မဟုတ်လောက်ဘူး”

ကျင်းယွင်ကျောင်းသည် နားမလည်သေးသဖြင့် တောင့်တောင့်လေး မတ်တပ်ရပ်နေဆဲဖြစ်၏။

ထို့နောက် သူမသည် အဖိုးအို ဆက်ပြောလာသည်တို့အား ကြားလိုက်ရသည်။

“ဒါက တရုတ်တိုင်းရင်းဆေးဆိုင်တစ်ဆိုင်ပဲ။ အကယ်၍ ငါတို့ ဆေးဖော်တဲ့ပစ္စည်းတွေ ဝယ်ရင်လည်း အဲဒါက အရမ်းရှားပါးတဲ့ ကုန်ကြမ်းပစ္စည်းတွေ ဒါမှမဟုတ် တိုင်းရင်းဆေးရည်တွေပဲ။ ပြီးတော့ အဲဒီတိုင်းရင်းဆေးရည် အားလုံးနီးပါးက သူတို့နဲ့ စာချုပ်ချုပ်ပြီးသား တိုင်းရင်းဆေးပင်အလုပ်ရုံတွေ ရှိကြပြီးသားရယ်။ မင်း စိုက်တဲ့ဆေးပင်က သူတို့ထက် အရည်အသွေးပိုကောင်းပြီး ပိုစျေးသက်သာတာ မဟုတ်ရင် အဆင်မပြေနိုင်ဘူး”

ကျင်းယွင်ကျောင်း ချက်ခနဲ ဉာဏ်အလင်းပွင့်သွားပြီး ချက်ချင်း သဘောပေါက်သွားသည်။

ဆေးပင်များကို အမျိုးအစားသုံးမျိုးခွဲနိုင်၏။ ပထမတစ်မျိုးမှာ လတ်လတ်ဆတ်ဆတ် ရိတ်သိမ်းထားပြီး မပြင်ဆင်၊ ဆေးမဖော်စပ်ရသေးသော အမျိုးအစားဖြစ်သည်။ ဒုတိယတစ်မျိုးမှာ မျိုးစပ်ထားပြီး ချက်ချင်း အသုံးပြု ကုသနိုင်သော အမျိုးအစားဖြစ်၏။ နောက်ဆုံး တတိယအမျိုးအစားမှာ ဒုတိယအမျိုးအစားကိုသုံး၍ ဆေးဖော်ထားခြင်းဖြစ်ပြီး ဆေးဆိုင်များတွင် အမှုန့်ပုံစံဖြင့် ထုပ်ပိုးရောင်းချကာ ရေနှင့်ရောစပ်၍ သောက်သုံးနိိုင်သည်။

ကျင်းယွင်ကျောင်း အနည်းငယ်စိုးရိမ်နေ၏။ သူမ၏စိတ်ထဲတွင် ဗဟုသုတများစွာ သိမ်းဆည်းထားသော်လည်း အလုပ်ရုံများနှင့် ထိုပစ္စည်းများ၏အလုပ်လုပ်ပုံနှင့်ပတ်သတ်သော ဗဟုသုတမရှိပေ။ ထိုကြောင့် သူမ အမှားလုပ်မိခဲ့ခြင်းဖြစ်သည်။

“လူကြီးမင်းရဲ့ လမ်းညွှန်ပေးမှုကို ကျေးဇူးတင်ပါတယ်။ ကျွန်မ အခု ဘာလုပ်ရမလဲဆိုတာ သိသွားပါပြီ။ ဒါပေမယ့် တကယ်လို့ ကျွန်မ ဆေးဖော်ပြီးသား ဆေးပင်တွေကိုယူလာရင်ရော လူကြီးမင်းက လက်ခံမှာလားရှင့်”

သူမ၏အသံက တက်ကြွနေပြီး နားဝင်ပီယံရှိလှ၏။ သူမ၏ တောက်ပနေသော အကြည့်များက အခြားသူများအား သူမအပေါ်တွင် အလွယ်တကူ အထင်ကောင်းအမြင်ကောင်း ရှိစေခဲ့သည်။

“အရည်အသွေးကောင်းသရွေ့တော့ ဆိုင်က လက်ခံစဥ်းစားပေးမှာပါ”

အဖိုးအိုက ထိုအကြောင်းကို ခဏကြာအောင် စဥ်းစားနေ၏။ သူက ကျင်းယွင်ကျောင်း၏ ချစ်စရာကောင်း၍ ထက်မြက်မည့်ပုံစံအား ကြည့်ရင်း ထပ်ပြောလိုက်သည်။

“အိုး...ကောင်မလေး၊ မင်းရဲ့လက်ထဲက ဆေးပင်တွေကို ရောင်းဖို့ အလျင်လိုနေရင် ငါ နေရာကောင်းတစ်ခု သိထားတာရှိတယ်”

ကျင်းယွင်ကျောင်း၏ မျက်ဝန်းများက ချက်ချင်း တောက်ပသွား၏။

“ဒီခရိုင်မြို့မှာ အပေါက်ဆိုးဆိုးနဲ့ ဆေးဖော်ဝါသနာအိုး အဖိုးကြီးတစ်ယောက်ရှိတယ်။ ပမာဏဘယ်လောက်များများ အရည်အသွေးကောင်းသရွေ့ သူက ယူမှာပဲ။ ဒါပေမယ့် သူပေးတဲ့စျေးကတော့ အခြားနေရာတွေထက် ပိုနည်းတယ်။ မင်း ကြိုးစားကြည့်လို့ရတယ်။ ဒီနေရာနဲ့လည်း သိပ်မဝေးဘူး”

အဖိုးအိုက အကြံပေးလိုက်ပြီးနောက် သူမအား လိပ်စာပါ ပေးလိုက်သည်။

ကျင်းယွင်ကျောင်းက အနည်းငယ် တုံ့ဆိုင်းနေ၏။ ယခု လုံးဝ ညအချိန်သို့ ရောက်နေပြီဖြစ်သည်။ ထိုနေရာသည် အမှန်ပင် မဝေးသော်လည်း ၎င်းကို လမ်းကြားလေးများဖြင့် ဝန်းရံထား၏။ ဖြတ်သွားဖြတ်လာ များများစားစားလည်း မရှိပေ။

သို့ရာတွင် အတော်များများ စဥ်းစားပြီးနောက် ကျင်းယွင်ကျောင်းသည် သွားရန် ဆုံးဖြတ်လိုက်သည်။

သူမတွင် နေရာလွတ်နယ်မြေလည်း ရှိပြီး ကိုယ်ခံပညာရပ်တချို့ကို လေ့ကျင့်ထားပြီးဖြစ်၏။ ထို့ကြောင့် သူမ၌ ကြောက်စရာကောင်းသော အဖြစ်အပျက်များ ဖြစ်နိုင်ချေ အတော်နည်းသည်။ အလွန်အမင်း စိုးရိမ်နေရန် မလိုပေ။

သန်ရှင်းမြစ်အချို့ကို ကျေးဇူးတင်သည့် အနေဖြင့် ပေးခဲ့ပြီးနောက် ကျင်းယွင်ကျောင်းသည် အဖိုးအိုပြောသောနေရာသို့ ခပ်မြန်မြန်ထွက်လာခဲ့သည်။

လမ်းကြားများမှာ အကွေ့အကောက်၊ အလှည့်အပြောင်းများလှ၏။ ညအချိန်ဖြစ်ရာ လမ်းမကြီးနှင့်မတူဘဲ လမ်းကြားလေးများက ထိန်လင်းမနေခဲ့။ သူမသည် နိုက်တင်ဂေးငှက်ကလေးများ၏ အသံကို ရံဖန်ရံခါကြားရသည်။ ၎င်းအသံမှာ လူများအား ကျောထဲမှ စိမ့်သွားစေသော တစ်စုံတစ်ရာကို ဆောင်ယူလာသကဲ့သို့ပင်။ အကယ်၍ အတိတ်ဘဝမှာသာဆိုလျှင် ကျင်းယွင်ကျောင်းသည် ထိုနေရာသို့သွားရန် သတ္တိရှိမည် မဟုတ်။ ယခုအချိန်တွင်တော့ သူမ အတိတ်ဘဝကထက် ပို၍သတ္တိရှိလာသလို ခံစားနေရသည်။ လုံးဝမရင်းနှီးသည့်နေရာဖြစ်သော်လည်း သူမတွင် ကြောက်စိတ်တစိုးတစိမှ မရှိပေ။

နာရီဝက်မျှ ကြာသွားပြီး နောက်ဆုံးတွင်တော့ သူမ ထိုနေရာအား ရှာတွေ့ခဲ့၏။

ပတ်ဝန်းကျင်၌ ထူးဆန်းသော အနံ့တစ်ခုရှိနေသည်။ ၎င်းမှာ ဆေးနံ့ဖြစ်သော်လည်း တစ်ခုခု လောင်နေ၊ ပုပ်နေသကဲ့သို့ အခြားအနံ့များလည်း ရှိနေ၏။ ထိုအနံ့များကို ပေါင်းလိုက်သောအခါ အလွန်ထူးဆန်းသွားသည်။

သူမ၏ရှေ့တွင် ခြံဝန်းနှင့် အိမ်အကြီးကြီးတစ်လုံးရှိနေသည်။ ရှေ့တံခါးပေါက်များမှာ မည်းနက်နေပြီး တင်းကြပ်၍ တိတ်ဆိတ်သော ခံစားချက်ကို ပေးစွမ်းနေပြီး တစ်ချိန်တည်းမှာပင် လေထုက အလွန်လေးလံထိုင်းမှိုင်းနေ၏။ အိမ်ထဲမှ လှုပ်ရှားမှုအချို့ကို သတိပြုမိသွား၍ ကျင်းယွင်ကျောင်း တံခါးခေါက်လိုက်သည်။

(T/N : ဒီဘက်ခေတ်အိမ်ပုံစံမဟုတ်ဘဲ ရှေးတရုတ်အိမ်ပုံစံ ဖြစ်နိုင်ပါတယ်။)

ဆယ်မိနစ်ကြာပြီးနောက် တံခါးသည် တကျွီကျွီမြည်၍ ပွင့်သွားပြီး အသက်သိပ်ကြီးသေးပုံမရသော မျက်နှာတစ်ခု ပေါ်လာ၏။

ထိုလူမှာ အသက်သုံးဆယ်ကျော်ခန့်သာရှိပုံရပြီး သူ့အားကြည့်ရသည်မှာ အသက်မဲ့လွန်းလှသည်။ သူက ကျင်းယွင်ကျောင်းအား ခဏမျှ အကဲခတ်နေပြီးနောက် မေးလာသည်။

“မင်း ဒီမှာ ဘာကိစ္စရှိလို့လဲ”

Chapter 39 : အပေါက်ဆိုးသော အဖိုးအို

ထိုလူကြီး၏အသံက အနည်းငယ်ကြမ်းတမ်းနေသည်။ သူ၏ အရှိန်အဝါပုံပန်းသွင်ပြင်နှင့် ဘေးပတ်ဝန်းကျင်ကိုသာ ပေါင်းစပ်လိုက်ပါက အခြားသူသာဆိုလျှင် ကြောက်လန့်၍ ထွက်ပြေးသွားလောက်ပြီဖြစ်၏။

ကျင်းယွင်ကျောင်းကတော့ ထူးဆန်းနေမည့်အစား ယဥ်ယဥ်ကျေးကျေး ပြန်ဖြေလိုက်သည်။

“ကျွန်မ ဆေးပင်တွေ ရောင်းဖို့ လာတာပါရှင်”

သူမက သူမ၏ရှေ့ရှိ ခြင်းတောင်းကို ညွှန်ပြလိုက်၏။

ထိုလူကြီးက ခြင်းတောင်းကို တစ်ချက်ကြည့်လိုက်ပြီး တုံ့ပြန်လာသည်။

“အထဲ ဝင်ခဲ့”

သူသည် ထိုသို့ပြောပြီးနောက် ကျင်းယွင်ကျောင်း၏ လက်ထဲမှ ခြင်းတောင်းကို အားဖြင့် ဆွဲယူလိုက်၏။

ကျင်ယွင်ကျောင်းသည် ခြံဝန်းထဲသို့ ဝင်လိုက်သောအခါ အံ့သြသွားသည်။ သူမသည် ဆေးပင်အထပ်လိုက်ပေါင်းများစွာ၊ ဆေးအိုးများနှင့် တခြားပစ္စည်းများကို တွေ့လိုက်ရသည်။ သို့ရာတွင် ထိုအရာများမှာ စွန့်ပစ်ထားခြင်းမှန်း သိသာ၏။ ထို့အပြင် ထူးဆန်းသော အနံ့ပေါင်းမှာလည်း ဤခြံဝန်းထဲမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ သို့ရာတွင် အနံ့၏မူလရင်းမြစ်နှင့် နီးကပ်နေသော်လည်း သူမသည် ထိုသည်းမခံနိုင်စရာကောင်းသော အရာက မည်သည့်အရာဖြစ်သည်ကို ရှာမတွေ့သေးပေ။

“ရှစ်ဖူးက အခု အလုပ်ရှုပ်နေတော့ ဒီပစ္စည်းတွေကို ငါပဲ သူ့အစား လက်ခံထားလိုက်မယ်။ မင်းရဲ့ဒီသန်ရှင်းမြစ်တွေက အရည်အသွေး အတော်ကောင်းတယ်။ ငါ မင်းကို တစ်ကျင်းကို ယွမ်သုံးဆယ်ပေးမယ်။ မင်းလက်ခံနိုင်ရင် ငါ မင်းအတွက် ပိုက်ဆံသွားယူပေးမယ်။ လက်မခံနိုင်ရင်တော့ မင်း ဒီပစ္စည်းတွေ ယူပြီး ထွက်သွားတော့။ ဘယ်တော့မှ ထပ်မလာခဲ့နဲ့”

ထိုလူကြီးက ဆက်တိုက်ပြောသွား၏။ သူ၏ အမူအယာမှာ အနည်းငယ် ကြောက်မက်ဖွယ်ကောင်းလှသည်။

သန်ရှင်းမြစ်အား သတ်မှတ်ပေးသော စျေးနှုန်းမှာ သင့်လျော်၏။ ကျင်းယွင်ကျောင်းသည်လည်း လောဘမကြီးသူဖြစ်ရာ ခေါင်းညိတ်၍ သဘောတူလိုက်သည်။

ထိုလူကြီး၏ လုပ်ဆောင်ချက်များမှာ သွက်လက်လှ၏။ ကျင်းယွင်ကျောင်းက စျေးနှုန်းအား သဘောတူလိုက်သည်ကို မြင်သောအခါ သူသည် လျင်မြန်စွာပင် သန်ရှင်းမြစ်တစ်ခြင်းလုံးအား ဆေးကြောလိုက်ပြီး စစ်ဆေးကြည့်တော့သည်။ သူ၏စေ့စပ်သေချာမှုမှာ စိတ်အနှောက်အယှက်ဖြစ်စရာပင်။ အကယ်၍ ကျင်းယွင်ကျောင်းတွင်သာ အံသြဖွယ်ကောင်းလှသော သည်းခံစိတ်မရှိပါက ဤကဲ့သို့သောလူမျိုးနှင့် အလုပ်တွဲလုပ်နိုင်လိမ့်မည် မဟုတ်ပေ။

အားလုံးစစ်ဆေးပြီးနောက် ထိုလူကြီးသည် အံသြသော အမူအယာဖြစ်သွား၏။ သူသည် ကုန်ပစ္စည်းများ၏အရည်အသွေးကို ဤမျှကောင်းမည်ဟု မထင်ခဲ့ပေ။

“ငါ မင်းကို နှစ်ယွမ် တိုးပေးမယ်။ နောက်ကျရင်လည်း မင်းမှာ ကောင်းတဲ့ပစ္စည်းတွေရှိရင် အားလုံး ဒီကိုယူလာပေး”

သူသည် ပြောပြီးသည်နှင့် အိမ်ထဲသို့ ဝင်သွားကာ မကြာခင် ပြန်ထွက်လာသည်။ သူက ကျင်းယွင်ကျောင်းအား ငွေတစ်ထပ်ကမ်းပေးလိုက်၏။ သူမသည် ယွမ်လေးထောင်ကျော်အား ရေတွက်လိုက်၏။

(T/N : ဒေါ်လာ 580 ၊ မြန်မာငွေနဲ့ဆို ဆယ့်ခုနစ်သိန်းကျော်ပါ။)

“ရှင်က အကုန်လုံး ယူမှာလား။ အကန့်အသတ်မရှိဘူးလား”

ကျင်းယွင်ကျောင်းက မေးလိုက်သည်။

“ဟုတ်တယ်”

ထိုလူကြီးက အေးစက်စက် ပြန်ဖြေ၏။

ကျင်းယွင်ကျောင်း၏စိတ်မှာ ချက်ချင်း တက်ကြွသွားသည်။ ဤအိမ်တွင်နေသော သူများမှာ အနည်းငယ် ထူးဆန်းနိုင်သော်လည်း အနည်းဆုံးတော့ ဤအရောင်းအဝယ်ကြောင့် ယခုအချိန်တွင် သူမ ငွေအရမ်းမလိုတော့ပေ။ ထို့အပြင် ခြံဝန်းထဲသို့ ကြည့်လိုက်သောအခါ စျေးကြီး၍ အဖိုးတန်သော ဆေးပင်များစွာကို တွေ့ရသည်။ ပုံစံအမျိုးမျိုးရှိပြီး ဆေးဖော်ပြီးသားများမက စွန့်ပစ်ထားသည်များလည်း ရှိ၏။ ထို့ကြောင့် ဤအိမ်ပိုင်ရှင်သည် ငွေပြတ်မနေဘဲ တန်ဖိုးကြီးလွန်းသော ရောင်းဝယ်မှုများကိုပင် တတ်နိုင်လောက်သည်ဟု သူမ ပြောနိုင်သည်။

ကျင်းယွင်ကျောင်းသည် ငွေယူလိုက်ပြီး နောက်လှည့်ပြန်ထွက်သွားလိုက်သည်။ သို့ရာတွင် သူမ တံခါးမှ ခြေတစ်လှမ်းမျှသာ ထွက်ရသေးသောအချိန်မှာပင် သူမ၏နောက်မှ ထွက်ပေါ်လာသော လှုပ်ရှားမှုတစ်ခုအား ကြားလိုက်ရ၏။ သူမ မနေနိုင်ဘဲ လှည့်ကြည့်လိုက်သည်။

အပေါက်ဆိုးပုံရသော အဖိုးအိုတစ်ယောက်သည် အိမ်ထဲမှ ထွက်လာ၏။ သူသည် အနည်းငယ် ကြောက်စရာကောင်းပြီး အစောပိုင်းက လူလတ်ပိုင်းအရွယ် လူကြီးသည် သူ့အား မြင်သည်နှင့် လေသံမှာ ချက်ချင်း ယဥ်ကျေးသွားသည်။ သူသည် ပြုံးလိုက်သဖြင့် သိပ်ကြောက်စရာကောင်းတော့ပဲ အနည်းငယ် ဂရုတစိုက်ရှိသည့်ပုံပင် ပေါက်သွား၏။

“ရှစ်ဖူး၊ ခုလေးတင် သန်ရှင်းမြစ်တွေ ရောက်လာတယ်။ သူတို့ရဲ့အရည်အသွေးက တွေ့ရခဲတယ်”

ကျင်းယွင်ကျောင်းက အဖိုးအိုအား ဂရုတစိုက်ကြည့်လိုက်သည်။

အဖိုးအို၏ ဆံပင်များသည် ဖြူဖွေးနေသော်လည်း သူ့တွင် ငယ်ရွယ်စဥ်က အသွင်အပြင်အချို့ ကျန်ရှိနေသေးပြီး အလွန်သွက်လက်လှသည်။ သို့သော် ဆံပင်များက ရှုပ်ပွနေပြီး သူ၏အဝတ်အစားများက သူသည် သူ၏သွင်ပြင်ကို ဂရုမစိုက်ကြောင်း ပြသနေ၏။ သူသည် သိပ်အသက်မကြီးသေးဘဲ ခြောက်ဆယ်ဝန်းကျင်လောက်သာ ရှိမည့်ပုံပင်။ သို့သော် သူ၏မျက်လုံးများမှာ တောက်ပခြင်းမရှိဘဲ အမူအယာ ကင်းမဲ့နေသည်။ သူ့ကို ကြည့်ရသည်မှာ အနည်းငယ်ပင် သနားစရာကောင်းနေ၏။

ကျင်းယွင်ကျောင်း၏ အကြည့်များက သိသာလွန်းနေရာ အဖိုးအို၏ ထိုးဖောက်မတတ် အကြည့်များက သူမဆီသို့ ချက်ချင်းရောက်လာသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အဖိုးအို၏ သူငယ်အိမ်များက ကျဥ်းမြောင်းသွား၏။ အသက်အရွယ်ကြီးနေသော်လည်း သူ၏ ပိန်ပိန်ပါးပါးပုံစံက လေပေါ်တွင် ပျံလာသကဲ့သို့ ကျင်းယွင်ကျောင်းဆီသို့ တည့်တည့်ရောက်လာသည်။

ကျင်းယွင်ကျောင်း၏ တုံ့ပြန်မှုမှာ အတော်လေးမြန်လှ၏။ သူမသည် အဖိုးအို၏ ထူးဆန်းသော လှုပ်ရှားမှုကို မြင်သောအခါ အလိုအလျောက်ပင် ရှောင်လိုက်မိသည်။ သို့သော်လည်း သူမ တံခါးမှ ထွက်လိုက်သည်နှင့် အဖိုးအို၏ အလောတကြီး ခေါ်သံကို ကြားလိုက်ရ၏။

“ခဏ နေပါဦး”

ကျင်းယွင်ကျောင်း အလိုအလျောက်ပင် ခေါင်းလှည့်ကြည့်လိုက်မိသည်။

“မင်း နာမည်ဘယ်လိုခေါ်လဲ”

အဖိုးအိုက သူမအား ကြည့်နေ၏။ သူ၏ မျက်ဝန်းများက အိပ်မွေ့ချခံထားရပြီးနောက် တစ်စုံတစ်ရာအား မှတ်မိသွားသကဲ့သို့ပင်။ ၎င်းပုံစံမှာ ဝမ်းသာအားရဖြစ်နေသော်လည်း စိတ်အနှောက်အယှက်လည်း ဖြစ်နေသောပုံစံမျိုးဖြစ်၏။ သူ့ အကြည့်များက ရှုပ်ထွေးနေသည်။

သို့သော်လည်း ကျင်းယွင်ကျောင်းက ပြန်ဖြေလိုက်၏။

“ကျင်းယွင်ကျောင်းလို့ ခေါ်ပါတယ်”

Chapter 40 : မနက်ဖြန် ထပ်လာခဲ့ဦး

အဖိုးအိုက သူမ၏စကားကို ကြားလိုက်ရသောအခါ သူ၏ အမူအယာမှာ ပို၍စိတ်လှုပ်ရှားသွားသည်။

“မင်းရဲ့မျိုးရိုးနာမည်က ကျင်းလား။ မင်းအဖေနာမည်က ဘယ်သူလဲ။ အမေကရော။ မင်းရဲ့မိသားစုထဲမှာ ဘယ်သူရှိသေးလဲ”

“ကျေးဇူးပြုပြီး လူကြီးမင်းရှင့်၊ ကျွန်မက မိဘမဲ့တစ်ယောက်ပါ။ ကျွန်မရဲ့ မိသားစုထဲမှာ ကျွန်မတစ်ယောက်တည်း ရှိပါတယ်”

သူမ၏မိထွေးမှာ ကွယ်လွန်သွားပြီဖြစ်၏။ သူမသည်လည်း ချောင်မိသားစုမှ ထွက်လာခဲ့ပြီး သူမ၏ မိဘအရင်းများမှာလည်း မည်သူမှန်းမသိပေ။ သူတို့ သေသလား၊ ရှင်သလားလည်း မသိသည်ဖြစ်ရာ သူမကိုယ်သူမ မိဘတစ်ယောက်ဟု ခေါ်လိုက်ခြင်းက မမှားပေ။

ကျင်းယွင်ကျောင်း စကားဆုံးသည်နှင့် အဖိုးအို၏ မျက်ခုံးများက စု၍ကျုံ့သွားကြသည်။ သူက လက်လှမ်းလိုက်ပြီး ကျင်းယွင်ကျောင်းအား ခြံဝန်းထဲသို့ ပြန်ဆွဲသွင်းလိုက်၏။

“နောက်ပြီး မင်းက ဒီဇာတိလား။ ‘ရှု’ ဆိုတဲ့ မျိုးရိုးနာမည်နဲ့ မိန်းမတစ်ယောက်ကို သိလား။ သူက လေးဆယ်ဝန်းကျင်လောက်ပဲ”

ကျင်းယွင်ကျောင်းသည် အနည်းငယ် ကြောင်အနေသည်။ သူမက ခေါင်းညိတ်ပြလိုက်ပြီးနောက် ခေါင်းပြန်ခါပြလိုက်၏။ သူမ၏ အမူအယာက အနည်းငယ် တောင့်တင်းနေသည်။

အဖိုးအို၏ မျက်ဝန်းများအား သူမအား တစ်ဖန်ပြန်၍ ခဏကြာအောင် စိုက်ကြည့်နေပြီး သူ၏ မျက်ဝန်းထဲရှိ အနှောက်အယှက်ဖြစ်ဟန်က ယခင်ကထက် ပို၍ ပီပြင်လာ၏။

“အနီးကပ်ကြည့်တော့ သူက မတူပါဘူး။ ငယ်လွန်းတယ်၊ မျက်ခုံးတွေက ထင်းလွန်းတယ်၊ သူရဲ့မျက်ဝန်းအကြည့်တွေကလည်း သိမ်မွေ့မနေဘူး။ ရဲတင်းလွန်းတယ်”

အဖိုးအိုက သူမ နားမလည်နိုင်သော စကားများအား ရေရွတ်နေသည်။ သူက အသက်ပြင်းပြင်း ရှုသွင်းလိုက်ပြီးနောက် ဝေဝေဝါးဝါး ကြည့်လိုက်၏။ လူလတ်ပိုင်းအရွယ်လူကြီးက သူ၏ဘေးသို့ ကူတွဲပေးရန်အတွက် ပြေးလာသော်လည်း အဖိုးအိုက လက်ယမ်းပြ၍ နှင်လိုက်သည်။

“ဒီလူအိုကြီးရဲ့မျိုးရိုးနာမည်က ‘ရှု’ ပါ၊ မင်းကို အစောပိုင်းက စိတ်မသက်မသာဖြစ်သွားစေခဲ့လို့ တောင်းပန်ပါတယ်။ ဗွေမယူဖို့ မျှော်လင့်ပါတယ်”

“ကိစ္စမရှိပါဘူး။ အဖိုး”

ကျင်းယွင်ကျောင်းက သူ့အားကြည့်ရင်း အပြစ်မတင်ကြောင်း ပြန်ဖြေလိုက်၏။

မျိုးရိုးနာမည် ရှု နှင့် အဖိုးအိုသည် အလွန်အားကုန်နွမ်းလျသွားပုံရကာ အိမ်ဘက်သို့ လှည့်ပြန်သွားသည်။ သို့သော် သူက ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ပြန်လှည့်လာပြီး သူမအား ကြည့်လိုက်၏။

“မင်းမှာ ထပ်ရောင်းစရာ ပစ္စည်းတွေကျန်သေးလား”

ကျင်းယွင်ကျောင်းက ခေါင်းညိတ်ပြလိုက်၏။ သူမတွင် ပစ္စည်းများစွာ ကျန်ရှိနေသေးသည်။

“မနက်ဖြန် ဒီလိုအချိန် ထပ်လာခဲ့ပါ”

အဖိုးအိုက စကားအနည်းငယ်ပြောပြီး ထွက်သွား၏။

ကျင်းယွင်ကျောင်းက ထူးဆန်းသည်ဟု ခံစားလိုက်ရသော်လည်း ဆေးဆိုင်မှ လူများက သူ့အား အဘယ်ကြောင့် လူထူးဆန်း၊ အပေါက်ဆိုးသော အဖိုးအိုဟု ခေါ်ကြကြောင်း နားလည်သွားသည်။ သူကဲ့သို့ အများနှင့်မတူဘဲ တစ်မူထူးခြားသောသူအား ဟွားနင်တစ်ခရိုင်လုံးတွင်ပင် ရှာတွေ့လိမ့်မည်မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ သူသည် အဖိုးအိုတစ်ယောက်သာဖြစ်၏။ သူက သူမအား အန္တရာယ်ပြုမည်ကို မစိုးရိမ်ပေ။ သူမကိုယ်သူမ ကာကွယ်နိုင်စွမ်းရှိသည်။

ကျင်းယွင်ကျောင်းသည် အိမ်သို့ တိုက်ရိုက်ပြန်သွားလိုက်သည်။ သူမ အိမ်သို့ပြန်ရောက်သောအခါ စူးချူက သူမအား စိတ်ပူစွာ ကြည့်နေပြီး စူးချူ၏ဘေးရှိ ဆိုဖာပေါ်တွင် ထိုင်နေသော ကောင်လေးတစ်ယောက်ကိုလည်း မြင်လိုက်ရ၏။ သူ့အား ကြည့်ရသည်မှာ သန့်ရှင်းသပ်ရပ်နေပြီး အတော်လေး ကြည့်ကောင်းသည်။ သူက ကန်ကျင်းချန် ဖြစ်ရမည်။

“ပြောင်ကျဲ၊ အစ်မက ငါတို့ထက် ပိုသတ္တိရှိတာပဲ။ အစ်မက တအားနောက်ကျတဲ့အချိန်အထိ အပြင်ထွက်ရဲတယ်။ လူဆိုးတွေနဲ့ တွေ့မှာ မကြောက်ဖူးလား”

စူးချူက ကျင်းယွင်ကျောင်းအား မြင်လိုက်ရာ နောက်ဆုံး၌ စိတ်သက်သာရာ ရသွား၏။

“ငါ လုပ်စရာလေးတွေရှိနေလို့။ မင်းကို စိတ်ပူအောင် လုပ်မိလို့ တောင်းပန်ပါတယ်”

ကျင်းယွင်ကျောင်းသည် ဥပေက္ခာပြု၊ လျစ်လျူရှုခံရခြင်းနဲ့ အသားကျနေပြီဖြစ်သည်။ ထိုကြောင့် သူမသည် သူမအား တစ်စုံတစ်ယောက်က အိမ်တွင် စောင့်မျှော်နေမည်ဟု မထင်ခဲ့သလို သူမ အိမ်ပြန်နောက်ကျမည့် အကြောင်းကို သူတို့အား ကြိုတင်အသိပေးရန်လည်း မတွေးခဲ့မိပေ။

ကန်ကျင်းချန်က သူမအား စိုက်ကြည့်နေ၏။ ထို့နောက် သူသည် စကားတစ်ခွန်းမှ မဆိုဘဲ သူ၏ အခန်းထဲသို့ ပြန်ဝင်သွားသည်။

ကျင်းယွင်ကျောင်းသည် သူမ အကြည့်ခံလိုက်သည့် အကြည့်ကို နားလည်၏။ သူသည် သူမအား မသင်္ကာစိတ်ရှိပြီး စက်ဆုပ်နေသည့်ပုံပေါ်သည်။

အမှန်တကယ်လည်း အဖိုး ကန် က သူမအား မွေးစားမြေးမအဖြစ် ခေါ်လာခဲ့သည်ဖြစ်ရာ သူကဲ့သို့ မြေးအရင်းတစ်ဦးအနေနှင့် သူမအပေါ်တွင် မသက်မသာခံစားရမည်မှာ အသေအချာပင်။ အထူးသဖြင့် ယခင်က သူမ၏ နာမည်ကလည်း အတော်လေး ဆိုးခဲ့သည်ဖြစ်၏။

“ပြောင်ကောရဲ့ စိတ်နေသဘောထားက ထူးဆန်းတယ်။ အစ်မ သူ့ကို စိတ်ပူနေဖို့ မလိုဘူးနော်”

တစ်ဖက်တွင်မူ စူးချူက အတော်လေး တက်ကြွနေပြီး ကန်ကျင်းချန် ဝင်သွားသည်ကို ကြည့်၍ တတွတ်တွတ် ပြောလိုက်သည်။

ထူးဆန်းသည့် အဖိုးအိုက သူမအား ပြောခဲ့သည်ကို ပြန်စဥ်းစားရင်း ကျင်းယွင်ကျောင်းက စူးချူအား အခြေအနေကို ရှင်းပြထားရန် ဆုံးဖြတ်လိုက်၏။ သူမ ထပ်မံ၍ စိုးရိမ်ပူပန်နေမည်ကို စိုးသောကြောင့်ပင်။ သို့ရာတွင် ဆေးပင်များကို ရောင်းချသည့်ကိစ္စက ပုံမှန်မဟုတ်ရာ ထိုအကြောင်းကို ထည့်မပြောလိုက်ပေ။

“အို..ဟုတ်သားပဲ၊ ချူချူ၊ မင်း မနေ့က စာမေးပွဲတစ်ခုအကြောင်း ပြောခဲ့တယ် မဟုတ်လား။ အဖိုး တောင်းဆိုတဲ့ တစ်ခုဆိုတာလေ”

ကျင်းယွင်ကျောင်းက ရုတ်တရက် သတိရသွားပြီး မေးလိုက်သည်။

စူးချူ၏ မျက်နှာက ခါးသီးသွားပြီး ငြီးတွားလိုက်၏။

“ဟုတ်တယ်။ ကျွန်မနဲ့ ပြောင်ကော ငယ်ငယ်လေးကတည်းက ကျွန်မတို့ကို အဖိုးက ရည်မှန်းချက်တစ်ခုချပေးထားတယ်။ အနာဂတ်မှာ ကျွန်မတို့ ဆေးပညာကို သင်ယူရမယ်။ အနောက်တိုင်းဆေးပညာ မဟုတ်တာတောင်မှ သူက ကျွန်မတို့ကို လတိုင်း စာမေးပွဲတစ်ခုစစ်တယ်။ မေးခွန်းတွေအားလုံးကလည်း တအားကိုမှ ခက်လွန်းတာ။ နေပါဦး...ပြောင်ကျဲ၊ အစ်မက အဖိုးရဲ့တောင်းဆိုချက်ကို ဘယ်လိုလုပ်သိတာလဲ၊ ဖြစ်..ဖြစ်နိုင်တာက...”

ထိုခဏ၌ စူးချူသည် ဆွံ့အသွား၏။

All Chapters