အခန်း (၄၁-၄၄)
Vol. 3 Ch. 41-44
Chapter 41 : ရာသီအမှား
အဖိုးက လူတွေကို ဘယ်လိုသွားရှုပ်ရမလဲဆိုတာ တကယ်သိတာပဲ။
စူးချူ၏ နှုတ်ခမ်းများက ရွစိရွစိနှင့် သူမ လုံးဝမကျေနပ်ဖြစ်နေသော အမူအယာကို ဖော်ပြနေသည်။ သူမနှင့် ပြောင်ကောသည် ငယ်စဥ်ကတည်းက ဆေးပညာရပ်ဆိုင်ရာ စာအုပ်များကို အမြဲတမ်း သင်ယူခဲ့ရခြင်းဖြစ်၏။ သူတို့က အနည်းငယ် တုံးအသော်လည်း နှစ်ပေါင်းများစွာ သင်ကြားခဲ့ရခြင်းကြောင့် အသိအမြင်များ စုပုံလာခဲ့၍ အနည်းဆုံးတော့ သူတို့တွင် တတ်ကျွမ်းမှုနှင့် ဗဟုသုတအချို့ ရှိနေသေးသည်။ တွန်းတွန်းတိုက်တိုက်သာ လုပ်လိုက်ပါက သူတို့သည် ထိုစာမေးပွဲများကို ဖြေဆိုနိုင်သေး၏။ သို့သော် ကျင်းယွင်ကျောင်းအတွက်မူ.....
သူမ၏ အဆင့်များသည် အလွန်ထူးချွန်သည်။ သို့သော် ဆေးပညာရပ်ဆိုင်ရာ စာအုပ်များသည် အလွန်ကျယ်ပြန့်၍ အဓိပ္ပါယ်လည်း အလွန်နက်နဲ၏။ စူးချူသည် ထိုရှေးကျသော စကားစုများနှင့် စကားလုံးများကို ယခုထိ နားမလည်သေးပေ။ ထိုဘာသာရပ်ကို တစ်ခါမှ မထိတွေ့ဖူးသည့် ကျင်းယွင်ကျောင်းသာဆိုပါက အများကြီးပိုဆိုးပေလိမ့်မည်။
“အစ်မတော့ ဂြိုလ်ဆိုးဝင်ပြီ၊ ဂြိုလ်ဆိုးဝင်ပြီ......ပြောင်ကျဲ၊ အစ်မ မသိဘူးနော်၊ အဖိုးရဲ့ဆေးပညာအဆင့်သတ်မှတ်ချက်က တအားတင်းကြပ်တယ်။ စာမေးပွဲဖြေတဲ့အချိန်ကျ တကယ်လို့ အစ်မ ဘာမှမသိဘူးဆိုရင် ဘယ်အဖြေကိုမှ ကြုံရာကျပန်း မရေးခဲ့နဲ့။ ခန့်မှန်းပြီး လျှောက်ဖြေတာထက် စာရွက်အလွတ်ကြီးအတိုင်း အပ်ခဲ့တာက ပိုကောင်းလိမ့်မယ်”
စူးချူသည် ကျင်းယွင်ကျောင်း အနာဂတ်တွင် ဖြတ်သန်းရမည်များအား ကြိုမြင်နေသည့်အလား ကရုဏာမျက်ဝန်းများဖြင့် ကြည့်လာသည်။
ဆေးပညာနှင့် ပတ်သတ်လျှင် ကျင်းယွင်ကျောင်းသည် လုံလုံလောက်လောက် မသိသေးသော်လည်း အနည်းဆုံးတော့ သူမသည် ထိုလမ်းကြောင်းအပေါ်သို့ လျှောက်လှမ်းရန် ဝင်ခွင့်ကို ဖြတ်ကျော်နိုင်သည်အထိတော့ လုံလုံလောက်လောက် သိပြီးဖြစ်၏။
သူမ၏ စမှတ်သည် အခြားသူများထက် မြင့်မားသည်။ အကယ်၍ သူမသည် တစ်စုံတစ်ခုကို မမှတ်မိဖြစ်နေပါက ၎င်းကို ဝိညာဥ်စွမ်းအားရှိသော ကျောက်စိမ်းထဲတွင် ရှာလိုက်ပြီးနောက် နားလည်အောင် အတတ်နိုင်ဆုံး ကြိုးစားလိုက်ရုံပင်။
လက်ရှိအချိန်တွင် သူမသည် တစ်စုံတစ်ခုကို နားမလည်လျှင်တောင်မှ သူမ၏ ခေါင်းထဲရှိ အချက်အလက်များက ပျောက်ကွယ်သွားလိမ့်မည်မဟုတ်ပေ။
စူးချူသည် ထိုအကြောင်းကို မသိချေ။ စကားဝိုင်းခေါင်းစဥ်ကို အစပျိုးလိုက်သည်နှင့် သူမသည် ထိုအကြောင်းကို ဆက်၍ မကျေမနပ် ညည်းညူနေခဲ့သည်။
သူမ,ပြောသည်အား နားထောင်ကြည့်ရသလောက် အဖိုးကန်၏ ပြစ်ဒဏ်ပေးခြင်းသည် အမှန်တကယ်ပင် ပြင်းထန်ပုံရ၏။ အကယ်၍ စာရွက်အလွတ်တစ်ခုကို အပ်လိုက်ပါက ၎င်းသည် မိမိက မေးခွန်းကို မဖြေနိုင်သည့်သဘောဖြစ်သည်။ များသောအားဖြင့် ထိုအတွက် အပြစ်ဒဏ်မှာ ဆေးစာအုပ်တစ်အုပ်ကို အကြိမ်ရေ အနည်းငယ်ခန့် ကူးရေးရခြင်းဖြစ်၏။
သို့သော် ခန့်မှန်းထားသောအဖြေများ၊ အဓိပ္ပါယ်မရှိသော အဖြေများနှင့်ပြည့်နေသည့် စာရွက်ကိုသာ အပ်လိုက်ပါက သူသည် သူတို့၏ ဆေးပညာအမြင်တွင် ပြဿနာတစ်ခုခုရှိနေပြီဟု မှတ်ယူလိုက်ပေလိမ့်မည်။ ထိုသို့သာဆိုပါက သူတို့၏ အသုံးစရိတ်များ အဖြတ်ခံရရုံသာမက သူတို့အား ကြီးကြပ်ညွှန်ကြားပေးရန် အိမ်သို့ခေါ်သွားပေလိမ့်မည်။ ၎င်းမှာ ပိုကောင်းသော လူတစ်ယောက်ဖြစ်လာရန် သင်ကြားမှုတစ်ခုဖြစ်ရုံမျှတင်မဟုတ်၊ သူသည် သူတို့အား မနက်တိုင်း စောစောထပြေးခြင်းများကိုပါ လုပ်ဆောင်ခိုင်းမည်ဖြစ်သည်။ သူတို့၏ အဝတ်အစားများနှင့် အစားအသောက်များကိုလည်း စောင့်ကြည့်နေမည်ဖြစ်၏။
သူမ၏ မွေးစားအဖိုးဖြစ်သူအား ကျင်းယွင်ကျောင်း အမှန်တကယ်ပင် လေးစားမိသည်။ ဤခေတ်ကာလတွင် သူကဲ့သို့ ဆေးပညာကျင့်ဝတ်နှင့် ပြည့်စုံသော သမားတော်များ အလွန်ရှားပါးသွားပြီဖြစ်၏။
နောက်တစ်ရက်တွင် ပုံမှန်အတိုင်း ကျောင်းသွားသည်။ ညနေဘက် ပြန်လာသောအခါ ကျင်းယွင်ကျောင်းသည် ကတိပေးထားသည့်အတိုင်း ရှဲချွမ်ကျစ်ဆေးပင်များ ထည့်ထားသည့် ခြင်းတောင်းကို သယ်၍ လမ်းကြားလေးထဲသို့ ပြန်လာခဲ့၏။
ဤတစ်ကြိမ် အခြေအနေမှာ မနေ့ကနှင့်ကွာခြားသည်။ သူမသည် တံခါးကို သုံးကြိမ်မျှသာ ခေါက်လိုက်ရပြီး တံခါးပွင့်လာ၏။ ထို့အပြင် အဖိုးအိုက ခြံဝန်းအလယ်တွင်ထိုင်၍ သူမအား မျက်နှာထားတင်းတင်းနှင့် ကြည့်နေသည်။
သူ၏ မျက်လုံးအကြည့်များသည် ကျောချမ်းဖွယ်ကောင်းလွန်းရာ ကျင်းယွင်ကျောင်းသည်ပင် ရှိုးတိုးရှန့်တန့်ဖြစ်သွား၏။
“ဒီဆေးပင်တွေ အကုန်လုံးက ကောင်းတယ်။ သူတို့ရဲ့လုပ်ဆောင်ချက်တွေကိုရော မင်းသိလား”
အဖိုးအိုက မရယ်မပြုံးဖြင့် ခပ်တည်တည်မေးလာသည်။
ကျင်းယွင်ကျောင်း၏ နှုတ်ခမ်းများက တွန့်ကွေးသွား၏။
“သန်ရှင်းမြစ်တွေကို ချီစွမ်းအင်မှာဖြစ်တဲ့ ဒဏ်ရာတွေ၊ အရည်ဓါတ် ဒါမှမဟုတ် ချီစွမ်းအင်ခန်းခြောက်တာ နဲ့ သွေးအားနည်းတာတွေမှာ မကြာခဏသုံးပြီးတော့ ရှဲချွမ်ကျစ်ဆေးပင်ကိုကျ ယန်ဓါတ် လန်းဆန်းစေဖို့အတွက် ကျောက်ကပ်ကို ပူနွေးအောင် လုပ်ရာမှာ သုံးတယ်”
(T/N: ချီစွမ်းအင်တို့ ယန်ဓါတ်၊ ယင်းဓါတ်တို့က တရုတ်တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အသုံးအနှုန်းတွေပါ။)
“ဒါက မင်းရဲ့ ဒီထုတ်ကုန်ပစ္စည်းတွေကို ရိတ်သိမ်းဖို့ သင့်တော်တဲ့ရာသီ မဟုတ်သေးဘူး”
အဖိုးအိုက သူမ,ပြောသည်များအား တစ်လုံးမှမကြားသကဲ့သို့ ပြုမူလိုက်ပြီး ဆက်ပြောလာသည်။
“ရှဲချွမ်ကျစ်ပင်တွေကို နွေရာသီရဲ့ အပူဆုံး အချိန်အပိုင်းအခြားသုံးခုမှာ ရိတ်သိမ်းရတယ်။ ဒါမှသာ ဆေးက အစွမ်းအထက်ဆုံးဖြစ်လိမ့်မယ်၊ မင်း အခုအချိန်မှာ သူတို့ကို ယူလာတာက မှားနေတယ်”
ကျင်းယွင်ကျောင်းသည် ထိုစကားကိုကြားသည်နှင့် သူမ၏ မျက်နှာက ဖျော့တော့သွား၏။ သူမသည် ဤကဲ့သို့ များများစားစား မစဥ်းစားမိခဲ့ပေ။
“အကြီးအကဲရှု၊ ဒါဆို ကျွန်မ ဒီရှဲချွမ်ကျစ်ပင်တွေကို ပြန်ယူသွားလိုက်မယ်။ ကျွန်မ ဒါတွေကို ထပ်မရောင်းတော့ဘူး”
ကျင်းယွင်ကျောင်းက ပြောလိုက်၏။ သူမသည် အဖိုးအိုက သူမအား ရိတ်သိမ်သည့်အကြောင်းနှင့်ပတ်သတ်၍ ဆက်မေးလာမည်အား ကြောက်နေမိသည်။
“ထားခဲ့လိုက်၊ ဒါတွေက ပစ္စည်းကောင်းတွေပဲ”
အဖိုးအိုက ကျင်းယွင်ကျောင်းကို တစ်ချက်ကြည့်၍ ဆက်ပြောလာ၏။
“ငါနဲ့လိုက်ခဲ့”
ထို့နောက် သူသည် ကျင်းယွင်ကျောင်း၏ တုံ့ပြန်မှုကို စောင့်မနေတော့ဘဲ ခြံအနောက်ဘက်သို့ ဦးတည်၍ ထွက်သွား၏။ ကျင်းယွင်ကျောင်းက စိတ်ရှုပ်နေသော်လည်း သူမသည် အဖိုးအို၏ နောက်သို့ ခပ်မြန်မြန်ပြေးလိုက်သွားသည်။ အဖိုးအိုသည် နှေးကွေးမနေ။ ခြံအနောက်ဘက်သည် အဖီအကြီးကြီးတစ်ခုနှင့်တူပြီး၊ မြေမျက်နှာပြင်က အနည်းငယ် ပိုမြင့်၏။ မြေကြီးပေါ်တွင် အစိုဓါတ်ပြန်ခြင်းမှ ကာကွယ်ရန် ထုံးကျောက်တုံးများရှိပြီး ဆေးဖော်သည့် ပစ္စည်းများက နေရာအနှံ့တွင် ရှိနေသည်။
“ဆေးပင်တွေရဲ့ရိတ်သိမ်းရာသီကိုတောင် မသိဘူးဆို အနာဂတ်မှာ ဘယ်သူက မင်းဆီကနေ ဆေးဝယ်မှာလဲ။ အခုကစပြီးတော့ ဒီကို နေ့တိုင်းလာပြီး စာလေ့လာရမယ်။ ဆေးပညာလမ်းကြောင်းက အရှည်ကြီးကျန်သေးတယ်။ မင်းလက်ထဲမှာ ကောင်းတဲ့အရာတွေ ရှိတာပဲ။ မဖြုန်းတီးနဲ့”
အဖိုးအို၏အမူအယာက မပြောင်းလဲရာ သူ၏စေတနာကို နားလည်ရခက်စေ၏။
ထိုးဆေးဖော်သည့်ပစ္စည်းများကို ကြည့်နေရင်း ကျင်းယွင်ကျောင်း အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။
ဝိညာဥ်စွမ်းအားရှိသော ကျောက်စိမ်းတွင် ဆေးဖော်နည်းများပါ ဖော်ပြထားသော်လည်း ထိုမှ သင်ယူရခြင်းနှင့် သူမ၏ မျက်စိဖြင့် လက်တွေ့မြင်ရသည်က ကွာခြားမှုအလွန်ပင် ကြီးလှပေ၏။
Chapter 42 : သူမက ဒီမှာ ယောက်ျားတစ်ယောက်ကို ဖွက်ထားတာများလား
သူမသည် ဤအပေါက်ဆိုးလှသော မျိုးရိုးနာမည် ‘ရှု’ နှင့် အဖိုးအိုထံမှ ရင်းနှီးမှုကို ခံစားနေရသည်။ သူ၏ စကားလုံးများက အေးစက်နေသော်လည်း သူမသည် ထိုသို့ခံစားနေရဆဲပင်။ သူသည် လူဆိုးတစ်ယောက် မဟုတ်။ သူသည် သူမ အတိတ်ဘဝက တွေ့ဆုံခဲ့ရသည့် အပြင်ပန်းတွင် အပြုံးများပြည့်နေပြီး အတွင်းဘက်၌ အကောက်ကြံတတ်သည့် စိတ်ဓါတ်ရှိသူများနှင့် မတူပေ။
“ကျေးဇူးတင်ပါတယ်၊ အကြီးအကဲရှု။ သေချာပေါက် ကျွန်မ သင်ယူဖို့ အချိန်မှန်လာပါ့မယ်”
ကျင်းယွင်ကျောင်းက အပြုံးခပ်ရေးရေးဖြင့် ပြန်ဖြေလိုက်သည်။
“ဒီလိုဆိုရင် မင်း ဒီနေ့ ဒီတစ်အုပ်လုံး ကောင်းကောင်းမှတ်မိသွားမှ ပြန်ရမယ်”
အကြီးအကဲရှုက သူမဆီသို့ စာအုပ်တစ်အုပ်ကို တာ့်တည့် ပစ်ပေးလိုက်ပြီး ကျင်းယွင်ကျောင်းအား ထိုအဖီထဲတွင် သော့ပိတ်ခဲ့၍ လှည့်ထွက်သွားသည်။
(T/N: ခြံအနောက်ဘက်တစ်ခုလုံးက အကာပါတဲ့ အဖီသဘောမျိုးပါ။)
အဖီထဲတွင် အလင်းရောင်လုံလောက်၏။ သူမသည် စာအုပ်ကို ဖွင့်ကြည့်လိုက်ရာ ဆေးပင်များကြီးထွားခြင်းနှင့် ရိတ်သိမ်းခြင်းအကြောင်းဖြစ်သည်ကို တွေ့လိုက်ရသည်။
စာအုပ်သည် မထူသော်လည်း အကယ်၍ သာမန်လူတစ်ယောက်အတွက် စာလုံးတစ်လုံးချင်း အလွတ်မှတ်မိဖို့ဆိုပါက အချိန်တစ်ရက်မှ နှစ်ရက်အထိ လိုပေလိမ့်မည်။
သို့ရာတွင် ကျင်းယွင်ကျောင်းသည် ဝိညာဥ်စွမ်းအားပါသည့် ကျောက်စိမ်းအပိုင်းကို စုပ်ယူပြီးကတည်းက သူမ၏ မှတ်နိုင်စွမ်းသည်လည်း တိုးတက်လာခဲ့သည်။ သူမသည် စာအုပ်ကို ကြည့်လိုက်ပြီးနောက် တင်းတင်းကြပ်ကြပ် ပိတ်ထားသော တံခါးကို ကြည့်လိုက်၏။ ရွေးခြယ်စရာမရှိသဖြင့် သူမသည် ထိုင်ချလိုက်သည်။ ဘေးတွင် တစ်ယောက်မှ မရှိရာ သူမသည် နေရာလွတ်နယ်မြေထဲသို့ ဝင်ရန် အခွင့်အရေးရသွားပြီး စတင်ကျက်မှတ်တော့သည်။
နေရာလွတ်နယ်မြေထဲတွင် အချိန်ကုန်သည်က အများကြီး ပိုနှေး၏။
နောက်ဆုံးတွင် သူမသည် စာအုပ်တစ်အုပ်လုံးကို အလွတ်မှတ်ပြီးသွားသောအခါ အပြင်ဘက်တွင် အချိန်သုံးနာရီ ကုန်ဆုံးသွားပြီဖြစ်သည်။
သူမက တံခါးကို ခေါက်လိုက်ရာ မကြာမီတွင် သတ်လတ်ပိုင်းအရွယ်လူကြီး ရောက်လာ၏။ သူသည် တံခါးဖွင့်လိုက်ပြီး သူမဆီမှ စာအုပ်ကို ပြန်ယူ၍ ပြောလိုက်သည်။
“မင်း အပြင်ထွက်ချင်ရင် ဒါကို အလွတ်ဆို”
ဤ ရှစ်ဖူးနှင့် တပည့်နှစ်ဦးအား ကျင်းယွင်ကျောင်း အနည်းငယ် အံ့သြမိ၏။
သို့ရာတွင် သူတို့က ကောင်းမွန်သော ရည်ရွယ်ချက်နှင့် လုပ်သည်ဖြစ်ရာ ကျင်းယွင်ကျောင်းသည်လည်း စတင်၍ အလွတ်ဆိုပြလိုက်တော့သည်။
စာအုပ်သည် စာမျက်နှာနှစ်ရာခန့်ရှိရာ အလွတ်ဆိုရသည်မှာ အချိန်အနည်းငယ်ကြာ၏။ တပည့်ဖြစ်သူက စာလုံးတစ်လုံးမှ မလွတ်အောင် အာရုံစိုက်၍ နားထောင်နေသည်။ သူသည် ရှင်းရှင်းလင်းလင်း မကြားလိုက်ရသည့်အခါများ၌ ကျင်းယွင်ကျောင်းအား မှန်သည်အထိ ထပ်ခါထပ်ခါ ပြန်၍ ရွတ်ဆိုစေ၏။
ကျင်းယွင်ကျောင်းသည် ပေါ့တီးပေါ့ပျက် လုပ်တတ်သောသူမျိုး မဟုတ်ပေ။ သူမသည် သင်ယူပါမည်ဟု ကတိပေးလိုက်ကတည်းက သေချာပေါက် သူမ တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစား၍ သင်ယူမည်ဖြစ်သည်။
သူမ စာပြန်ပြီးချိန်တွင် အတော်လေး နောက်ကျနေပြီဖြစ်၏။
“စာလုံးတိုင်း မှန်တယ်။ မင်း အခု ပြန်လို့ရပြီ။ နောက်တစ်ကြိမ်လည်း အချိန်မှန်လာဖို့ မမေ့နဲ့။ ဒါက ဒီနေ့အတွက် ဆေးဖိုးငွေ”
တပည့်ဖြစ်သူ၏ စိတ်ထားသည် ရှစ်ဖူးဖြစ်သူထက််ပင် ပို၍ဖြောင့်မှန်သေးသည်။ သူသည် သူလုပ်စရာရှိသည်အား လုပ်ပြီးသည်နှင့် ချက်ချင်း လှည့်ထွက်သွားတော့၏။
သူမ၏ လက်ထဲတွင် သူမ ရသင့်သည်ထက်ပိုသော ယွမ်ထောင်ဂဏန်းခန့်က အံအားသင့်ဖွယ် ရှိနေသည်။
ယမန်နေ့က ပိုက်ဆံနှင့်ပေါင်းလိုက်ပါက သူမ၏ လက်ထဲတွင် ယွမ်တစ်သောင်းခန့် ရှိနေပြီဖြစ်သည်။ အချိန်တိုအတွင်း ဤမျှ ငွေပမာဏရှာနိုင်မည်ဟု သူမ အတိတ်ဘဝက စိတ်ကူးပင် မယဥ်ခဲ့ဖူးပေ။
အပြင်ဘက်တွင် လရောင်က ဖြာကျနေပြီး ကြယ်လေးများက တလက်လက် တောက်ပနေသည်။ လေထုမှာ အဖီအတွင်းမှ လေထုထက် ပို၍လတ်ဆတ်၏။ သူမသည် အသက်ပြင်းပြင်းရှုလိုက်ပြီး သူမ ဤသို့လာနေကျလမ်းအတိုင်း အိမ်ကို လမ်းလျှောက်၍ ပြန်လာခဲ့သည်။ သို့သော် သူမ ထိုလမ်းကြားကျဥ်းကျဥ်းလေးမှ ထွက်လာသောအချိန်တွင် လမ်းမီးရောင်အောက်၌ လူတစ်စု ထွက်ပေါ်လာ၏။
ကျင်းယွင်ကျောင်းသည် တစ်စက္ကန့်မျှပင် အချိန်မဖြုန်းလိုသူဖြစ်သည်။ သူမအား ထိုလူများက ဟန့်တားလိုက်ချိန်တွင် သူမသည် ဝိညာဥ်စွမ်းအားရှိသည့် ကျောက်စိမ်းမှ အချက်အလက်များကို ကြေညက်အောင် မှတ်သားနေဆဲဖြစ်၏။
သူမသည် ခေါင်းမော့ကြည့်လိုက်ရာ လုကျား၏ စူးရဲနေသော မျက်လုံးများနှင့် အကြည့်ချင်းဆုံသွားသည်။
မကြာသေးမီက လုကျားသည် ပျော့ခွေသွားအောင် အရိုက်ခံရပြီးနောက် အိမ်တွင်သာ နေ၍ သူမ၏ ဒဏ်ရာများကို ကုသနေရ၏။ သူမအား ကြည့်လိုက်ရာ မျက်နှာက အနည်းငယ် ယောင်ယမ်းနေသေးသည်။ မည်သို့ပင်ဆိုစေကာမူ သူမအား ကြည့်ရသည်မှာ ပုံမှန်မဟုတ်ပေ။
“ငါက ဘယ်သူများလဲလို့ တွေးနေတာ။ ဒါ ငါတို့ကျောင်းရဲ့ နာမည်ကြီး ကျင်းယွင်ကျောင်း မဟုတ်လား။ ငါ နင် ဒီလမ်းကြားလေးထဲကနေ ထွက်လာတာကို မြင်လိုက်တယ်။ ဘာလဲ။ ဒီလိုညအချိန် ဒီလိုချောင်ကျတဲ့နေရာမှာ နင် ယောက်ျားတစ်ယောက်ကို ဖွက်ထားတာတော့ မဟုတ်ဘူးမလား”
လုကျား၏ မျက်နှာတွင် လှောင်ပြောင်သရော်ခြင်းများနှင့် ပြည့်နေပြီး သူမ၏ မျက်လုံးများက ဝင်းဝင်းတောက်နေသည်။
ကျင်းယွင်ကျောင်းက သူမကို လူတိုင်း၏ ရှေ့တွင် ရိုက်ခဲ့သည့်နေ့အား သတိရတိုင်း သူမ၏ဂုဏ်သိက္ခာမျာအားလုံး လွှင့်ပစ်ခံလိုက်ရသလို ခံစားရ၏။
ထိုအချိန်က ဆရာ၊ ဆရာမများက ကျင်းယွင်ကျောင်း၏ဘက်တွင်ရှိနေရာ လုကျားသည် သူမအား ဘာမှမလုပ်နိုင်ခဲ့ချေ။ သူမသည် သူမ၏ မိဘဆီမှ အဆူအငေါက်ပင် ခံခဲ့ရသည်။ သို့သော် ယခုအခါ သူတို့သည် အပြင်တွင်ဖြစ်ပြီး ပတ်ဝန်းကျင်၌ စောင့်ကြည့်ကင်မရာများလည်း မရှိပေ။ ဤတစ်ကြိမ်တွင်တော့ ကျင်းယွင်ကျောင်းက အသာစီးရနေလိမ့်ဦးမည်ဟု လုကျား မယုံကြည်ချေ။
Chapter 43 : လက်ဦးမှုယူချင်တဲ့ ဆန္ဒလား
လုကျားအား မြင်သောအခါ ကျင်းယွင်ကျောင်းသည် ‘လမ်းကျဥ်းလေးထဲမှ ရန်သူများ’ ဆိုသော စကားစုအား တွေးမိလိုက်သည်။
လုကျား၏ အကျင့်စရိုက်သည် ပုံမှန်ထက်ပို၏။ သူမသည် ချောင်ဟုန်ယဲ့ ကဲ့သို့ သိမ်မွေ့၍ ချိုသာမှုမရှိသော်လည်း သူမအား ချစ်ခင်ကြသည့် အစ်ကိုဝမ်းကွဲအချို့ရှိရာ သူမသည် ကံကောင်းသည်ဟု မှတ်ယူနိုင်သည်။ ၎င်းမှာ အစိမ််းများကြားရှိ အနီစက်လေးတစ်စက်နှင့် တူ၏။ လုကျားသည် အလှပဂေးတစ်ယောက်မဟုတ်သော်လည်း သူမ၏ဝမ်းကွဲများကမူ သူမအား အလွန်ချစ်မြတ်နိုးကြသည်။ သူတို့သည် သူမအား ကြိုရန်အတွက် ကျောင်းဂိတ်အပြင်မှ မကြာခဏပင် လာစောင့်နေတတ်၏။ ထိုအကြောင်းကြောင့် ကျောင်းသားများစွာက သူမအား အားကျ၍ မနာလိုဖြစ်ကြသည်။
ကျင်းယွင်ကျောင်းသည် လုကျား၏ နောက်ရှိ ယောက်ျားလေး လေးယောက်အား မြင်လိုက်ရ၏။ အကြီးဆုံးမှာ အသက်နှစ်ဆယ်ကျော်ခန့်ဖြစ်ပြီး အငယ်ဆုံးမှာ အနည်းဆုံး ဆယ့်ခုနစ်နှစ်၊ ဆယ့်ရှစ်နှစ်ခန့် ရှိမည်ဖြစ်သည်။
“ဒါဆို သူက ကျင်းယွင်ကျောင်းပေါ့။ နင် ပြောပြောနေတာ ဒီအောက်တန်းစားမ လား”
တစ်ယောက်က ဒေါသတကြီး မေးလာ၏။
“စန်းပြောင်ကော၊ သူက ကျွန်မကို ချောင်ပိတ်ရိုက်ခဲ့တဲ့သူပဲ။ ကျွန်မက ခံရတဲ့သူဆိုတာ အသိသာကြီးပေမယ့် သူက ဆရာမကို ကျွန်မက သူ့ကို ရိုက်ပါတယ်လို့ ပြောခဲ့တာ။ သူ့ကြောင့် အဖေနဲ့အမေက ကျွန်မကို မယုံတော့ဘူး”
လုကျားက ဒေါသတကြီး တိုင်တန်းလိုက်သည်။
(T/N: စန်းပြောင်ကော(三表哥)ဆိုတာ တတိယဝမ်းကွဲအစ်ကိုလို့ ခေါ်တာပါ။ စန်း(三)ဆိုတာ တရုတ်လို့ ၃(တတိယ)ပါ။ တတိယပြောင်ကောလို့ ရေးလိုက်ရင် ဖတ်ရတာ ထောက်မှာစိုးလို့။)
“ဒီသောက်ခွေးမကတော့။ ကျားကျား၊ ဘာမှမပူနဲ့၊။ ကောကော (အစ်ကို) က နင့်အတွက် လက်စားချေပေးမယ်”
စန်းပြောင်ကော စကားဆုံးသောအခါ လူလေးယောက်သည် စက်ဝိုင်းပုံစံ ဝိုင်းလိုက်ပြီး ကျင်းယွင်ကျောင်းအား အလည်တွင် ချောင်ပိတ်ထားလိုက်၏။
လုကျားက စက်ဝိုင်း၏အပြင်ဘက်တွင် ရှိနေပြီး သူမ၏ မျက်နှာက ယုံကြည်မှုများ၊ စိတ်ကြီးဝင်မှုများနှင့် ပြည့်နေသည်။
“ကော ဒီမှာက အပြင်လူတွေ များလွန်းတယ်။ အရင်ဆုံး သူ့ကို လမ်းကြားထဲ ခေါ်သွားရအောင်”
ညအချိန်ဖြစ်ရာ မှောင်မဲနေပြီး လေလည်း တိုက်နေသည်။ လမ်းဘေးကြောင်လေးများကိုပင် မမြင်ရပေ။ ကျင်းယွင်ကျောင်းသည် ဤဖြစ်ရပ်မှ လွတ်မြောက်နိုင်လိမ့်ဦးမည်ဟု လုကျား မယုံ။ ထို့အပြင် သူမကို လမ်းကြားလေးထဲတွင် ပျော့ခွေနေအောင် ရိုက်သွားလျှင်တောင် မည်သူကမှ သိမည်မဟုတ်ပေ။
လုကျားသည် အတွေ့အကြုံရှိဖူးသည်ဖြစ်ရာ သူမသည် လမ်းကြားလေးထဲသို့ သွားရန် ခြိမ်းခြောက်သကဲ့သို့ ကျင်းယွင်ကျောင်းအား ဆွဲခေါ်လာခဲ့သည်။
ဤလမ်းသည် ဖြတ်သွားဖြတ်လာများစွာ မရှိသလို ကင်မရာများလည်း မရှိပေ။ ဤနေရာကို သတိပြုမိမည့်သူလည်း မရှိပေ။ ကျင်းယွင်ကျောင်း၏ မျက်ဝန်းများတွင် မှုန်မှိုင်းသော အလင်းတစ်ချက် ဖြတ်ပြေးသွား၏။ သူမသည် သူမအား နံရံအရိပ်ဘက်သို့ ဆောင့်တွန်းလိုက်သည့်အတိုင်း ယိုင်သွားဟန်ဖြင့် အလိုက်သင့်ပူးပေါင်းပေးနေပုံရသည်။
“ဒီခွေးမက တော်တော်ကြည့်ကောင်းတာပဲ။ ဒါပေမယ့် နင့်လို ကောင်မမျိုးကို ငါတို့ညီအစ်ကိုတွေဆီ အလကားပေးရင်တောင် မလိုချင်ဘူး။ ကျားကျား၊ နင် ဘာဖြစ်စေချင်လဲ ငါတို့ကိုပြော။ ငါတို့ နင့်အတွက် လူသွားလူလာ ကြည့်ပေးမယ်။ နင်လုပ်ချင်တာမှန်သမျှ လုပ်လို့ရတယ်”
အခြားဝမ်းကွဲတစ်ယောက်က ထပ်ဖြည့်ပြောလိုက်သည်။
လုကျားသည် မြေကြီးပေါ်သို့ ခြေထောက်ကို တတောက်တောက် လုပ်လိုက်ပြီးနောက် ရှေ့သို့ တိုးမလာမီ ခပ်မတ်မတ်ရပ်လိုက်၏။
“ကျင်းယွင်ကျောင်း၊ နင် ဒူးထောက်ပြီးတော့ တောင်းပန်မလား။ ဒါဆိုရင် ငါ့နှလုံးသားလေး နူးညံ့သွားပြီး နင့်ကို ခွင့်လွှတ်ပေးချင်ပေးနိုင်တယ်နော်”
ကျင်းယွင်ကျောင်းက လက်သီးကို တင်းတင်းဆုပ်၍ ကိုယ်ခံပညာရပ်မှ လှုပ်ရှားပုံများကို ပြန်တွေးနေသည်။
“နင်က ဘာတွေ တည်ငြိမ်ချင်ယောင်ဆောင်နေတာလဲ။ ငါက နင့်ရဲ့အဝတ်အစားတွေကို အပိုင်းပိုင်းအစစ ဖြစ်အောင် စုတ်ဖြဲပစ်မယ်ဆိုတာ နင် မယုံဘူးလား။ ဒီလို ရာသီဥတု အေးတဲ့အချိန်မှာ၊ ကြည့်ရတာ မိုးလည်း ရွာတော့မယ့်ပုံပဲ။ အဝတ်အစားတွေမရှိရင် နင် ဒီနေရာမှာ ခဲပြီး သေသွားမှာပဲ။ အိုး..ဟုတ်သားပဲ၊ ငါ ဖုန်းလည်း ယူလာခဲ့တယ်။ ငါတို့ ပြီးတာနဲ့ နင့်ရဲ့ ဝတ်လစ်စလစ်ပုံတွေကို ရိုက်ယူသွားပြီးတော့ နင့်ကို ဟွားနင်ခရိုင်မှာ ဘယ်တော့မှ မနေရဲအောင် လုပ်ပစ်မယ်”
လုကျားသည် တက်ကြွနေသော ကြက်ဖတစ်ကောင်ကဲ့သို့ အော်ကြီးဟစ်ကျယ်ဖြင့် တရစပ်ပြောလိုက်သည်။
လုကျားက ရှည်လျားစွာ ပြောလိုက်သော်လည်း ကျင်းယွင်ကျောင်းဆီမှ မည်သည့်တုံ့ပြန်မှုမှ ထွက်ပေါ်မလာပေ။
အထူးသဖြင့် အမှောင်ထဲ၌ သူမ၏ မှုန်ကုပ်ကုပ်ပုံစံက သူမအား သရဲတစ္ဆေတစ်ကောင်နှင့် တူနေစေသည်။ အလွန် ကြောက်စရာကောင်းနေ၏။
လုကျားက ကျင်းယွင်ကျောင်း ပျာယာခတ်သွားမည်ကို မြင်လို၍ စိုက်ကြည့်ကာ စောင့်ဆိုင်းနေသည်။ သို့သော် အချိန်ခဏမျှကြာပြီးနောက်တွင် သူမသည် ကျင်းယွင်ကျောင်း၏ နှုတ်ခမ်းများ တွ့န်သွား၍ ကျောချမ်းစရာ အပြုံးတစ်ခုပြုံးလိုက်သည်ကိုသာ မြင်လိုက်ရ၏။
“နင်က ဘာကို ပြုံးနေတာလဲ”
လုကျား၏ မျက်လုံးများသည် ပေါက်ထွက်လုမတက် ပြူးကျယ်သွား၏။
ကျင်းယွင်ကျောင်း၏ မျက်ခုံးတန်းများက တွန့်ချိုးသွားသည်။ သူမသည် သူမဝတ်ထားသော ဂျာကင်အင်္ကျီအပါးအား ချွတ်လိုက်၏။
“အိုး..နင်က လက်ဦးမှုယူချင်တဲ့သဘောလား။ ဟမ်၊ ငါ နင့်ကို ပြောပြလိုက်မယ်၊ ငါ့ရဲ့ပြောင်ကောက ဘယ်တော့မှ ရှုံးမှာ မဟုတ်ဘူး”
လုကျားက မျက်လုံးကိုကစားပြလိုက်ရင်း လှောင်ပြောင်လိုက်သည်။
သို့ရာတွင် သူမ စကားဆုံးသောအခါ ကျင်းယွင်ကျောင်းသည် သူမ၏ ဂျာကင်အင်္ကျီကို လက်တွင် ပတ်နေသည်အား မြင်လိုက်ရ၏။ ၎င်းမှာ လက်ဝှေ့ထိုးသည့် လက်အိတ်နှင့် တူသည်။ လုကျားသည် သူမ ဘာလုပ်နေမှန်း နားမလည်တော့ပေ။
“နင်က တစ်ချက်လောက် အရိုက်ခံချင်နေတာလား”
လုကျားက ဟိန်းဟောက်လိုက်၏။
ဘန်း ...
သူမ စကားဆုံးသည်နှင့် ကျင်းယွင်ကျောင်း၏လက်သီးက သူမ၏ နှာခေါင်းဆီသို့ ဦးတည်၍ ပျံဝင်လာသည်ကိုသာ မြင်လိုက်ရသည်။
သူမ၏ လက်တွင် အဝတ်ဖြင့် ပတ်ထားသောကြောင့် ထိချက်က အနည်းငယ် ပျော့နေ၏။ သို့သော် ကျင်းယွင်ကျောင်း၏ ခွန်အားမှာ သာမန်မဟုတ်ရာ ထိုလက်သီးချက်က အားမနည်းပေ။ အစ်ကိုများက စောင့်ကြည့်နေကြသည်ဖြစ်ရာ သူတို့သည် ချက်ချင်းပင် ဒေါသထွက်သွားပြီး ကျင်းယွင်ကျောင်းအား ဆောင့်ဆွဲလိုက်သည်။
Chapter 44 : နင် သူ့ကို သတ်တာ
သူမသည် ညအချိန်များတွင် ကိုယ်ခံပညာကို လေ့လာထားသော်လည်း သူမ၌ အလေ့အကျင့်လုံးဝ မရှိပေ။ ထိုညီအစ်ကိုများ လက်လှမ်းမမီသေးခင်မှာပင် ကျင်းယွင်ကျောင်း၏ ခြေထောက်များက သူတို့၏ ခွကြားနေရာများဆီသို့ တည့်တည့်မတ်မတ် မညှာမတာ ဆောင့်ကန်ပစ်လိုက်၏။ သူတို့သည် ချက်ချင်းပင် ဒရောသောပါး နောက်ဆုတ်လိုက်ကြရသည်။
ကျင်းယွင်ကျောင်း၏ တိုက်ခိုက်မှုများက သူတို့အား ကြောင်အ,သွားစေ၏။
သူတို့ အံသြမှု မပြေသေးမီမှာပင် လုကျား၏ ဒေါသတကြီး စူးစူးဝါးဝါး အော်သံအား ကြားလိုက်ရသည်။ သူမသည် နှာခေါင်းကို လက်ဖြင့် ညှစ်ထား၏။
“ကော၊ ကျွန်မရဲ့နှာခေါင်းက သွေးတွေထွက်လာပြီ။ နာတယ်”
လုကျား၏ အသံကိုကြားမှ ထိုလူလေးယောက်သည် သတိပြန်ဝင်လာကြသည်။ ထို့နောက် သူတို့သည် ဒေါသအိုးပေါက်ကွဲသွားပြီး ကျင်းယွင်ကျောင်းဆီသို့ လက်သီးချက်များ အဆက်မပြတ် ပစ်သွင်းတော့၏။
ကျင်းယွင်ကျောင်းက ရှောင်တိမ်းလိုက်သည်၊ သူမ၏ လှုပ်ရှားမှုများက အနည်းငယ် တောင့်တင်းနေ၏။ လက်သီးတစ်ချက်က သူမ၏ နားရွက်ဘေးမှ ကပ်ဖြတ်သွားရာ သူမ ရင်တုန်သွားသည်။ သူ၏ မျက်လုံးထဲတွင် လူသတ်ချင်သော အရိပ်အယောင်များ ရှိနေပြီး သူမက ခြေထောက်ဖြင့် ဆောင့်ကန်လိုက်၏။ ထို့နောက် သူမ၏ ရှေ့တွင် ပေါ်လာသော လက်မောင်းတစ်ဖက်ကို ခပ်မြန်မြန်ဆောင့်ဆွဲ၍ လိမ်ချိုးလိုက်သည်။
လုကျားနှင့် နောက်ဆုံးအကြိမ် တိုက်ခိုက်ခဲ့သည်က သူမဘက်မှ တစ်ဖက်သတ် တိုက်ခိုက်မှုသာဖြစ်သည်။ ယခုအကြိမ်နှင့် လုံးဝကွဲပြားခြားနား၏။ သူမ၏ ဘဝသက်တမ်းနှစ်ခုလုံးတွင် ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်းဖြစ်သည်။
သို့ရာတွင် ဤလူများ၏လှုပ်ရှားမှုများမှာ သူမ မျှော်လင့်ထားသလောက် မလျှင်မြန်ကြောင်း ခံစားနေရ၏။ သူမသည် သူတို့အား ခက်ခက်ခဲခဲ ရင်ဆိုင်နေရသော်လည်း သူမတွင် ကြီးကြီးမားမား ထိခိုက်မှု မရှိသေးပေ။
ထိုညီအစ်ကိုများအားလုံးသည် ယောက်ျားလေးများဖြစ်ကြသည်။ ဘယ်တုန်းကများ သူတို့ မိန်းမတစ်ယောက်ကြောင့် ဒုက္ခရောက်ခဲ့ဖူးခြင်းရှိသနည်း။ မရှိခဲ့ဖူးသည်ဖြစ်၍ ဒေါသထွက်လွန်းသဖြင့် သူတို့၏မျက်နှာများက နီရဲနေကြ၏။
အထူးသဖြင့် လုကျားက သူတို့ဘက်မှ အားပေးနေသောကြောင့် သူတို့ သွေးများဆူပွက်လာကြသည်။ သူတို့သည် ကျင်းယွင်ကျောင်းအား ဓါးဖြင့် ထိုးချင်နေပြီး ကိစ္စများကို အဆုံးသတ်ပစ်ချင်နေကြ၏။
အကြီးဆုံးဝမ်းကွဲသည် အသက်နှစ်ဆယ်ကျော်အရွယ်ဖြစ်သည်။ သူသည် ခွန်အားရှိပြီး အတွေ့အကြုံအချို့လည်း ရှိ၏။ သူသည် ကျင်းယွင်ကျောင်း အခြားဝမ်းကွဲသုံးယောက်နှင့် အလုပ်ရှုပ်နေသည်အား အခွင့်ကောင်းယူ၍ အခွင့်အရေးကို အမိအရယူလိုက်ကာ ကျင်းယွင်ကျောင်းဆီသို့ ဦးတည်၍ ကျောက်ခဲဖြင့် ပစ်လိုက်သည်။
ထိုသူများသည် လူသတ်လိုသော ဆန္ဒများ နိုးကြားနေကြပြီဖြစ်၏။ လုကျား တစ်ဦးတည်းသာလျှင် စိတ်အာရုံ ကြည်လင်နေသူဖြစ်၍ ကြောက်ရွံ့ထိတ်လန့်နေသည်။
ကျောက်ခဲသည် အလွန်ချွန်မြနေ၏။ အကယ်၍ ပစ်မှတ်ကိုသာ ထိသွားမည်ဆိုလျှင် ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရစေမည်မှာ အသေအချာပင်။ ၎င်းမှာ အသက်ပင် သေစေနိုင်၏။
လုကျားသည် ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ် အရွယ်သာရှိသေးသော မိန်းကလေးတစ်ဦးဖြစ်၍ သူမသည် ထိုမြင်ကွင်းကို မြင်သောအခါ ထိတ်ထိတ်ပျာပျာဖြစ်သွားသည်။ ကိစ္စများက ဖြစ်ပြီးသွားခဲ့ပြီဖြစ်ရာ သူမ အချိန်မီ မတားလိုက်နိုင်ချေ။ သို့သော် ကျင်းယွင်ကျောင်း၏ မုန်းစရာကောင်းသော မျက်နှာကို မြင်သောအခါ သူမသည် တစ်ခုခုပြောလိုက်ရန် တွန့်ဆုတ်နေပြန်သည်။
လဲကျသောအသံ ထွက်ပေါ်လာ၏။ ကျောက်ခဲကြီးလည်း မြေပေါ်သို့ ကျသွားသည်။
“စန်းပြောင်ကော”
လုကျားသည် ထိုမြင်ကွင်းအား မြင်ပြီး မှင်သက်သွား၏။
သူမ၏ စန်းပြောင်ကောသည် ခေါင်းတွင် သွေးများ စိုရွှဲနေပြီး မြေပေါ်သို့ လဲကျသွားကို မြင်လိုက်ရသည်။
ထို စီခနဲ အော်သံနောက်တွင် အကြီးဆုံးအစ်ကိုသည်လည်း ထိတ်လန့်နေ၏။ သူ၏နှုတ်ခမ်းများက တုန်ရီနေကာ မယုံကြည်နိုင်ဖြစ်နေသည်။
အမှန်ပင်၊ သူသည် အမှန်တကယ်ပင် ကျင်းယွင်ကျောင်းအား ရည်ရွယ်၍ လုပ်ခဲ့သော်လည်း သူမသည် မျက်စိတစ်မှိတ်အတွင်းမှာပင် အချိန်မီ ရှောင်တိမ်းလိုက်နိုင်၏။ သူမသည် ရှောင်တိမ်းလိုက်ရုံသာမက စန်းပြောင်ကောကိုပင် ထိုကျောက်ခဲကျလာမည့်နေရာသို့ ရောက်အောင်် လုပ်လိုက်နိုင်သေးသည်။
မှန်၏။ သူ မြင်လိုက်သည်။ ကျင်းယွင်ကျောင်းသည် သူ၏အကြံကို ခန့်မှန်းမိသွားပြီး ရှောင်လိုက်၍ သူတို့၏ တတိယညီအစ်ကိုကို ထိမှန်စေခဲ့၏။ သူမသည် တစ်ချက်မှ မတုံ့ဆိုင်းဘဲ ရှောင်တိမ်းခဲ့သည်။ ထို့အပြင် ထိုအခိုက်အတန့်တွင် သူမ၏အမူအယာသည် လှောင်ပြောင်မှုများဖြင့် ပြည့်နေ၏။
သူမက ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့သည်ပင်။
ထိုစန်းပြောင်ကောသည် မြေပေါ်တွင် တွန့်လိမ်နေပြီး သူ၏ ခေါင်းဒဏ်ရာမှလည်း သွေးများ အဆက်မပြတ်စီးကျနေ၏။ မကြာမီ သူ၏လှုပ်ရှားမှုများ ရပ်တန့်သွားသည်။
လုကျား၏ ဖုန်းကိုင်ထားသော လက်များက တုန်ယင်နေ၏။ သို့သော် သူမ၏ သာ့ပြောင်ကော (အကြီးဆုံးဝမ်းကွဲအစ်ကို) က ဖုန်းကို လုယူလိုက်သည်။
“နင် ရဲခေါ်လို့မရဘူး။ နင်ခေါ်လိုက်ရင် ငါ့ဘဝ အဆုံးသတ်သွားလိမ့်မယ်။ အရာအားလုံး အဆုံးသတ်သွားလိမ့်မယ်”
ကျောက်ခဲအား ကောက်ခဲ့သည်မှာ သူဖြစ်ပြီး ကျောက်ခဲဖြင့် ပေါက်ခဲ့သူမှာလည်း သူဖြစ်၏။ အကယ်၍ ရဲကသာ ထိုအကြောင်းကို သတင်းရသွားပါက သူသည် သေချာပေါက် အဖမ်းခံရလိမ့်မည်ပင်။
“သာ့ပြောင်ကော၊ ကျွန်မ တောင်းပန်ပါတယ်။ စန်းပြောင်ကောက သေတော့မယ်”
လုကျားသည် မျက်ရည်တသွင်သွင်ကျကာ ငိုယိုနေပြီး ရပ်မည့်ပုံမရှိပေ။ သူမသည် သူမ၏ အသိိစိတ်ဖြင့် ကြောက်ရွံ့ထိတ်လန့်နေပြီး အူယားဖားယား တောင်းပန်နေသည်။
သူမတွင် အဒေါ်လေးယောက်ရှိ၏။ သူတို့ဝမ်းကွဲမောင်နှမလေးယောက်သည် သွေးသားရင်း မဟုတ်သော်လည်း သူတို့၏ဆက်ဆံရေးမှာ အမြဲတမ်း အဆင်ပြေခဲ့သည်။ သို့သော် ယခုတွင်မူ သူမ၏သာ့ပြောင်ကောက သူမကို ရဲခေါ်ခွင့်မပြုပေ။ သူမ ဘာလုပ်သင့်သနည်း။ သူမသည် သူမ၏ စန်းပြောင်ကော သွေးထွက်လွန်၍ သေသွားမည်ကိုလည်း စောင့်ကြည့်မနေနိုင်ပေ။
ထိုအခိုက်တွင် သူတို့အား အေးစက်စက်သာ စောင့်ကြည့်နေသော ကျင်းယွင်ကျောင်းသည် ထွက်သွားရန် ဟန်ပြင်လိုက်၏။
“နင် သွားလို့မရဘူး”
သာ့ပြောင်ကောက အရူးကဲ့သို့ အော်ဟစ်လိုက်သည်။
ကျင်းယွင်ကျောင်းက လှောင်ပြုံးပြုံး၍ ရပ်တန်လိုက်၏။
“နင်က သူ့ကိုသတ်တာ။ ကျောက်ခဲ ပစ်တာက နင်။ သူ့ကို သတ်တာ နင်ပဲ”
သာ့ပြောင်ကောက ရူးသွပ်စွာ အော်ဟစ်လိုက်လေသည်။