← Chapters

အခန်း (၄၅-၄၈)

Vol. 3 Ch. 45-48

အခန်း (၄၅-၄၈)

Vol. 3 Ch. 45-48

Chapter 45 : အပြစ်ပုံချခြင်း

သာ့ပြောင်ကော၏ အသံထွက်လာသောအခါ အခြားဝမ်းကွဲနှစ်ယောက်သာမက လုကျားသည်ပင် သူ့ကိုကြည့်၍ မယုံနိုင်ဖြစ်သွားရသည်။

သို့ရာတွင် သာ့ပြောင်ကောသည် မကောင်းဆိုးဝါးပူးကပ်နေသကဲ့သို့ လုကျားအား စူးရဲစွာ ကြည့်လာ၏။

“ငါတို့သာ ဒီနေ့ နင့်အတွက် လက်စားချေဖို့ မကြိုးစားခဲ့ရင် ဒီကိစ္စတွေလည်း ဖြစ်လာမှာ မဟုတ်ဘူး”

လုကျား၏ မျက်လုံးများက နီရဲနေပြီး အလွန်အမင်း မှားယွင်းနေသကဲ့သို့ ခံစားနေရသည်။

သို့သော် သူမ ထိုအကြောင်းကို တွေးကြည့်သောအခါ သာ့ပြောင်ကော မှန်၏။ စန်းပြောင်ကော ဤသို့ဖြစ်သွားပြီး သူမ အိမ်ပြန်သွားလျှင် တတိယအဒေါ်က သူမအား အလွတ်ပေးမည်မဟုတ်ချေ။ ထို့အပြင် သာ့ပြောင်ကောသည် ပါဝင်ခဲ့မှုကြောင့် အပြစ်ဒဏ်ခံရလျှင် အကြီးဆုံးအဒေါ်သည်လည်း ဒေါသထွက်လိမ့်မည်။ သူမ၏ မိဘများသည်လည်း ယခင်တစ်ခေါက်ကတည်းက သူမအား အတော်လေး စိတ်ပျက်ဒေါသထွက်ခဲ့ပြီးဖြစ်၏။

ဤအခြေအနေများအရ သူမသည် ကျင်းယွင်ကျောင်းအပေါ် အပြစ်ပုံချရန်သာ တတ်နိုင်သည်။ ၎င်းသည်သာ သူမ၏ သာ့ပြောင်ကောကို ကယ်တင်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်၏။

ထိုအခါ သူမ၏ တတိယအဒေါ်၏ ဒေါသသည် ကျင်းယွင်ကျောင်းအပေါ်သို့ ကျရောက်သွားပေလိမ့်မည်။ သူမသည်လည်း လူတိုင်း၏ ပြစ်တင်ရှုံ့ချခြင်းမှ လွတ်မြောက်နိုင်လိမ့်မည်။

သူမသည် သူမ၏ အတွင်းစိတ်ထဲရှိ မကောင်းဆိုးဝါးစိတ်၏ သွေးဆောင်ခြင်းကို ခံနေရပြီဖြစ်သည်။ သွေးအိုင်ထဲတွင် လဲနေသော စန်းပြောင်ကောကို ကြည့်ပြီးနောက် ကျင်းယွင်ကျောင်း၏ အေးစက်စက် အမူအယာကို ကြည့်မိသောအခါ လုကျား၏ မုန်းတီးမှုက နက်ရှိုင်းလာ၏။

အကယ်၍ ကျင်းယွင်ကျောင်းကြောင့်သာ မဟုတ်ပါက သူတို့သည်လည်း ဘာမှဖြစ်မည် မဟုတ်ပေ။

“သာ့ပြောင်ကော၊ ရဲ ခေါ်လိုက်တော့၊ ကျင်းယွင်ကျောင်းကို ထွက်မပြေးစေနဲ့”

ချက်ချင်းထွက်ပေါ်လာသော လုကျား၏ စကားသံက ဤကိစ္စတွင် သူမ၏ ရပ်တည်မှုကို ဖော်ပြလိုက်၏။

အခြားဝမ်းကွဲနှစ်ယောက်သည်လည်း ဤကိစ္စ၌ သူတို့၏ ပါဝင်ပတ်သတ်နေမှုကို ရှောင်လွှဲ၍မရမှန်း နားလည်ကြသည်ဖြစ်ရာ အကြီးအကျယ် ထိတ်လန့်တုန်လှုပ်နေသည်။ လုကျားပြောသည်ကို ကြားသောအခါ သူတို့သည် ထပ်မံ၍ စောဒကမတက်ရဲပေ။ သူတို့သည်လည်း ကျင်းယွင်ကျောင်းကို အပြစ်ပုံချလိုကြ၏။

သူတို့အားလုံးသည် မိဘများရှိသော ကလေးများဖြစ်သည်။ အကယ်၍ တစ်စုံတစ်ခုသာ အမှန်တကယ် ဖြစ်ပျက်သွားလျှင် သူတို့၏ မိသားစုများ စိတ်သောကရောက်ရပေလိမ့်မည်။ သို့သော် ကျင်းယွင်ကျောင်းကတော့ ကွာခြား၏။

သူမက မိဘမဲ့တစ်ယောက် မဟုတ်လား။ သူမ ထောင်ထဲတွင် အဆုံးသတ်သွားလျှင်လည်း မည်သူ့ကိုမှ ထိခိုက်မည်မဟုတ်ပေ။

သူတို့အားလုံး တစ်ဖက်တည်းတွင် ရှိနေသည်ကို မြင်လိုက်ရသောအခါ သာ့ပြောင်ကောသည် နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားသည်။ လက်ဆွဲ၍ သဘောတူညီမှုလုပ်လိုက်ကြပြီးနောက် သူသည် ရဲကို ဖုန်းဆက်ခေါ်လိုက်၏။

သို့ရာတွင် သူတို့သည် အလွန်ငယ်ရွယ်၍ အတွေ့အကြုံလည်း မရှိချေ။ ဤမျှကြီးကျယ်သော ကိစ္စကြီးတစ်ခုကို လုပ်ဆောင်ရာတွင် သူတို့သည် အရေးပါဆုံးဖြစ်သည့် သက်သေအကြောင်းကို မေ့နေ၏။ ဟုတ်သည်၊ ကျင်းယွင်ကျောင်း ထိုနေရာတွင် ရှိနေသရွေ့ သူမသည် သူတို့အား ကျောက်တုံးပေါ်ရှိ လက်ဗွေရာများကို ဘယ်တော့မှ သုတ်ပစ်ခွင့်ပြုလိမ့်မည် မဟုတ်ပေ။

မကြာမီပင် ရဲများနှင့် လူနာတင်ကားတစ်စီး ရောက်လာ၏။ သူတို့၏ ငယ်ရွယ်နုပျိုသော မျက်နှာလေးများကို ကြည့်၍ ရဲအရာရှိများ၏ မျက်နှာများက မသာမယာဖြစ်နေကြသည်။

ကျင်းယွင်ကျောင်းသည် ထွက်ပြေးရန် လုံးဝမစဥ်းစားခဲ့ပေ။ ထိုကြောင့် သူမသည် အသာတကြည် ပူးပေါင်း၍ ပုံမှန်အတိုင်းပင် ရဲကားတစ်စီးပေါ်သို့ တက်လိုက်သွား၏။ တစ်ဖက်တွင် ဒဏ်ရာရထားသော စန်းပြောင်ကောသည် သွေးများစွာ ဆုံးရှုံးထားသော်လည်း အသက်ရှင်နေသေးသည်။ သူ့အား လူနာတင်ကားပေါ်သို့ တင်လိုက်ကြပြီး ကားသည် အရှိန်ပြင်းစွာ မောင်းထွက်သွား၏။

“အရာရှိကြီး၊ ဒါ ကျင်းယွင်ကျောင်း လုပ်ခဲ့တာပါ။ သူက စန်းပြောင်ကောကို ကျောက်ခဲနဲ့ထုခဲ့တာ”

လုကျားက စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင်ထားလိုက်ပြီး ကြောက်ရွံ့ထိတ်လန့်နေသော မျက်နှာနှင့် ရှင်းပြလိုက်သည်။

“အဲဒါ အမှန်ပါပဲ၊ အမှန်ပါပဲ။ အရာရှိကြီး၊ ကျွန်တော်တို့ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကို ကြည့်ပါ၊ သူက ကိုယ်ခံပညာတတ်တယ်။ ဒါတွေအားလုံးကို သူလုပ်ခဲ့တာ”

သာ့ပြောင်ကော၏ မျက်လုံးများက နီရဲနေပြီး အတော်လေး စိတ်မရှည်ပုံပေါ်နေ၏။

အခြားနှစ်ယောက်မှာ ကြောက်ရွံ့သောကရောက်စွာဖြင့် ခေါင်းငိုက်စိုက်ချထားကြသည်။ သူတို့သည် ပြန်လည်ချေပခြင်း မပြုသလို စောဒကတက်ခြင်းလည်း မရှိပေ။

ဤကိစ္စအား သူတို့၏ မိဘများဆီသို့ အကြောင်းကြားလိုက်၍ မကြာမီပင် ရောက်ရှိလာကြသည်။ သို့သော် ကျင်းယွင်ကျောင်းသည် ချောင်မိသားစုနှင့် လုံးဝအဆက်အသွယ်ဖြတ်ခဲ့ပြီဖြစ်ရာ သူတို့တွင် ဆက်သွယ်စရာလူမရှိပေ။ အဆုံးတွင်တော့ သူမသည် ထိုအကြောင်းကို တွေးလိုက်ပြီး အဖိုးကန်ကိုသာ ခေါ်ရန် ဆုံးဖြတ်လိုက်၏။

သူမသည် သူမ၏ ကိုယ်ပိုင်ပြဿနာများဖြင့် အဖိုးကန်ကို အနှောက်အယှက် မပေးလိုသော်လည်း သူမသည် အဖိုးကန်၏ အရိပ်အောက်တွင် နေထိုင်နေခြင်းဖြစ်သည်။ သူမတွင် သူ့ကို အလွန်အမင်း မစိုးရိမ်ရန်အတွက် အသိပေးရမည့် ဝတ္တရားလည်း ရှိသေး၏။

ကျင်းယွင်ကျောင်းသည် တစ်ချိန်လုံး ဘာမှမပြောဘဲ ကန်စုန့်ပိုင်အလာကိုသာ တည်ငြိမ်စွာ စောင့်ဆိုင်းနေသည်။

သူမဘက်တွင် လူကြီးတစ်ယောက်မှ မလာသေးပါက သူမပြောသမျှသည် အလကားသာ ဖြစ်မည်ပင်။

ကန်စုန့်ပိုင် မရောက်မီတွင် လုကျား၏ အမေနှင့် အဒေါ်သုံးယောက် ရောက်လာကြ၏။ ရောက်လာသူအားလုံးမှာ အမျိုးသမီးများဖြစ်ကြသည်။ အမျိုးသားအားလုံးသည် ဆေးရုံတွင် ရှိနေကြသည်ဖြစ်နိုင်၏။ သို့သော် ထိုအမျိုးသမီးများသည် ကြောက်စရာကောင်းလွန်းလှသည်။ သူတို့ ဝင်လာသောအခါ သူတို့အားလုံးသည် သရဲသဘက်စီးပြီး ခြိမ်းခြောက်နေသော ပုံစံများနှင့်ဖြစ်သည်။

Chapter 46 : ရက်စက်သော မိန်းကလေး

အတိတ်ဘဝ၌ ကျင်းယွင်ကျောင်းသည် ချောင်ဝေ့မင်ကို မတော်တဆ သတ်ခဲ့မိစဥ်က ချောင်ဟုန်ယဲ့ နှင့် ချောင်မိသားစုဝင်များ၏ ပုံစံများမှာလည်း ဤကဲ့သို့ပင်။ သူတို့သည်လည်း လူသတ်ရန် အသင့်ဖြစ်နေပုံဖြင့် ဒေါသတကြီး ဝင်လာကြသည်။

“အမေ၊ ပြောင်တိ (ဝမ်းကွဲညီလေး) ရဲ့ အခြေအနေ ဘယ်လိုလဲ”

သာ့ပြောင်ကောသည် သူ၏ မိသားစုကို မြင်သောအခါ ချက်ချင်း မေးလိုက်၍ အကြီးဆုံးအဒေါ်က သက်ပြင်းရှိုက်လိုက်၏။

“ငါတို့လည်း ခုထိ မသိသေးဘူး။ ဒါပေမယ့် ငါတို့လာတုန်းကတော့ ဆရာဝန်က တော်တော် အခြေအနေဆိုးတယ်လို့ပြောတယ်။ သွေးထွက်လွန်ထားတာမို့လို့ သူတို့လည်း သူ့ကို ကယ်နိုင်မှာ မဟုတ်ဘူးတဲ့”

ထိုစကားကိုကြားပြီးနောက် သာ့ပြောင်ကောသည် စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်သည်။

ကျင်းယွင်ကျောင်းက သူ၏ အမူအယာကို အေးစက်စက် စောင့်ကြည့်နေပြီး သူမ၏ မျက်ဝန်းများက စက်ဆုပ်ရွံရှာမှုများနှင့် ပြည့်နေ၏။

သူတို့သည် ကောင်းမွန်သော မိသားစုဆက်ဆံရေးရှိသည်ဟု ဆိုသော်လည်း သူသည် သူ့ကိုယ်သူ ကယ်တင်ချင်သောကြောင့် အခြားသူအား သေစေချင်နေသည်။ နစ်နာသူ၏ သက်သေထွက်ဆိုချက်မရှိလျှင် သူသည် သူမအပေါ် အပြစ်ပုံချရန် ပို၍လွယ်ကူသွားမည်ပင်။ ဒီလိုလူတွေကများ သူမကို ရွံရှာစက်ဆုပ်ကြသတဲ့...

“ဒါတွေအားလုံး နင့်အပြစ်တွေပဲ၊ ကျင်းယွင်ကျောင်း။ နင့်ကြောင့်သာ မဟုတ်ရင် ငါ့ရဲ့ စန်းပြောင်ကောလည်း ဒီလိုအခြေအနေနဲ့ အဆုံးသတ်ရမှာ မဟုတ်ဘူး”

လုကျားသည် ယခင်က သူမ၏ စန်းပြောင်ကောက သူမအား ဂရုစိုက်ခဲ့သည်များကို သတိရသွား၍ အော်ဟစ်ပြောဆိုလာ၏။

ကျင်းယွင်ကျောင်းသည် ဘာကိုမှ ပြောဆိုလိုစိတ် မရှိသော်လည်း လုကျားက သူမအား လူရှေ့သူရှေ့တွင် ဤသို့ပြောလိုက်သည်ကို ကြားသောအခါ ဆက်၍ သည်းမခံနိုင်တော့ပေ။

“ငါ့ကြောင့် ဟုတ်လား။ ငါ့ကို ချောင်ပိတ်ပြီးတော့ တိုက်ခိုက်တာ နင်တို့အုပ်စုလေ။ နင်တို့လူကို ဒဏ်ရာရအောင်လုပ်တာလည်း နင်နဲ့ နင့်အုပ်စုလေ။ နင်က အခု ငါ့ကို အပြစ်ပုံချချင်နေတာလား။ ဒါ ဘယ်လို လော့ဂျစ်ကြီးလဲ”

လုကျားသည် ချက်ချင်း ထိတ်ပျာသွား၏။

“နင် အဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောမနေနဲ့။ ငါ့ရဲ့စန်းပြောင်ကောကို ကျောက်ခဲနဲ့ပစ်တာက နင်ပဲ”

“ဟား၊ ဒါဆို သုံးခဲ့တဲ့လက်နက်က ကျောက်ခဲဆိုတာ နင်ပါ သိတယ်နော်”

ကျင်းယွင်ကျောင်းက အေးစက်စွာပင် ထပ်ဖြည့်ပြောလိုက်သည်။

“အရာရှိကြီး၊ အခုကိစ္စက အရမ်းအရေးကြီးပါတယ်၊ လက်နက်ကိုတော့ သေချာပေါက် ယူလာခဲ့လောက်ပါတယ်နော်။ ဒါဆို ကျွန်မတို့ ဘာလို့ အဲဒါကို မစစ်ဆေးသေးတာလဲ။ အဲဒီအပေါ်မှာ နစ်နာသူရဲ့သွေးတွေရှိပြီး တိုက်ခိုက်သူရဲ့လက်ဗွေရာလည်း ရှိသင့်တယ်မဟုတ်လား”

သူမ စကားဆုံးသည်နှင့် ထိုနေရာတွင် ရှိနေသူတိုင်း ဆွံအ,သွားကြ၏။

ကိစ္စများဖြစ်ပျက်သွားသည်မှာ ရုတ်တရက်ဆန်ပြီး မြန်ဆန်လွန်းလှသည်။ သူတို့သည် ကျောက်ခဲအကြောင်းကို လုံးဝမေ့နေခဲ့ပြီး အပြစ်ပုံချရန်သာ စဥ်းစားခဲ့ကြ၏။

အထူးသဖြင့် သာ့ပြောင်ကော၏ နဂိုက အတော်လေး ချောမောခံ့ညားသော မျက်နှာသည် ယခုအချိန်တွင် အနည်းငယ် ရက်စက်ယုတ်မာဟန်ပေါ်နေပြီး ဆိုးဆိုးရွားရွား ပျက်ယွင်းနေသည်။ သူသည် ကျင်းယွင်ကျောင်းအား စိတ်ရှုပ်ထွေးစွာဖြင့် စိုက်ကြည့်လိုက်ရာ ကျင်းယွင်ကျောင်း ကိုင်ထားသည့် ဂျာကင်အင်္ကျီအား မြင်သွားသည်။ ထိုအခါ သူသည် တစ်စုံတစ်ခုကို သတိရသွားပြီး သူ၏ မျက်လုံးများက တောက်ပလာ၏။

“အဲဒါ အမှန်မဟုတ်ဘူး။ ကျင်းယွင်ကျောင်း ကျွန်တော်တို့ကို တိုက်ခိုက်တုန်းက သူ့မှာ ဂျာကင်တစ်ထည်ပါလာတယ်။ ကျောက်ခဲကို မ, တုန်းက သူက သူ့လက်ကို ဂျာကင်နဲ့ ပတ်ထားတာ။ အဲဒါကြောင့် ကျောက်ခဲပေါ်မှာ သူ့လက်ဗွေရာ မရှိတာ။ ပြီးတော့ ကျွန်တော်...ကျွန်တော်က သူ့ကို တားဖို့ ကျောက်ခဲကို လုဖို့ကြိုးစားခဲ့တော့ ကျောက်ခဲပေါ်မှာ ကျွန်တော့်ရဲ့လက်ဗွေရာရှိနေတယ်”

သာ့ပြောင်ကောက ခပ်သွက်သွက် ဖြေရှင်းလိုက်၏။

သူ၏ ထူးဆန်းသော အမူအရာက ရဲအရာရှိအား မျက်မှောင်ကြုတ်သွားစေသည်။ သူ၏ အမေရင်းသည်ပင် ထူးဆန်းသည်ဟု တွေးနေမိ၏။

သို့သော် သူသည် သူမ၏ သားအရင်းဖြစ်သည်။ အဘယ်ကြောင့် သူမက သူ့ကို မယုံကြည်ဘဲ နေနိုင်မည်နည်း။

သူမသည် ဒေါသများ၊ နာကျင်မှုများ ပြည့်နေသော မျက်နှာဖြင့် ကျင်းယွင်ကျောင်းအား ရှုတ်ချလိုက်သည်။

“နင်လို ရက်စက်တဲ့ မိန်းကလေးမျိုး ဘာလို့ ဒီကမ္ဘာပေါ်ရှိနေတာလဲ။ ငါ့တူလေးသာ တစ်ခုခုဖြစ်လို့ကတော့ ငါတို့မိသားစုရဲ့စည်းစိမ်တွေ အကုန်သုံးရရင် သုံးရပါစေ၊ နင့်ကို တစ်သက်လုံး ထောင်ထဲမှာပဲ နေရအောင် သေချာပေါက် လုပ်ပစ်မယ်”

“စကားတွေကို ခပ်ပေါ့ပေါ့ မပြောသင့်ဘူး”

ကျင်းယွင်ကျောင်းက သာ့ပြောင်ကောအား မကြည့်မီ ထိုလက်ထပ်ပြီးသား အမျိုးသမီးကြီးအား ကျော်၍ ကြည့်လိုက်သည်။

“ဟုတ်တယ်။ ကျွန်မ လက်ကို ကာဖို့ ဂျာကင်ကို သုံးခဲ့တယ်၊ ဒါပေမယ့် ရှင်တို့ ကျွန်မရဲ့ ဂျာကင်ပေါ်က ခေါက်ရာတွေကိုကြည့်ရင် အဲဒါက လက်တစ်ဖက်တည်းကိုပဲ ကာခဲ့တာ။ ကျွန်မ လက်တစ်ဖက်တည်းနဲ့ ကျောက်ခဲကို မ မနိုင်ဘူးလေ၊ ဟုတ်တယ်မလား။ အဲဒီအပြင် အရာရှိကြီး၊ ကျွန်မသာ လုပ်ခဲ့ရင် ကျွန်မ သက်သေ ချန်မထားခဲ့ပါဘူး။ ညသန်းခေါင်အချိန်ဖြစ်တဲ့အတွက် မြင်ဖို့လည်း ခက်တယ်။ ဒါက ကျွန်မကိုယ်ကျွန်မ ကာကွယ်ဖို့ ကြိုးစားရုံပါ။ ကျွန်မက မတော်တဆအနေနဲ့တောင် ထိခိုက်ဒဏ်ရာမရစေချင်တဲ့အတွက် သက်ရောက်မှုကို လျှော့ချဖို့ ဂျာကင်အင်္ကျီကိုတောင် ဒီလိုမျိုး သုံးခဲ့တာ”

ကျင်းယွင်ကျောင်းသည် ဤသို့အဆုံးသတ်သွားလိမ့်မည်ဟု တစ်ခါမှ မတွေးထားခဲ့ပေ။

အမှန်တကယ် သူမ၏ မူလအစီအစဥ်မှာ သူတို့အား အပြစ်ပေးရာတွင် သက်သေမကျန်ခဲ့ရန်ဖြစ်ပြီး သို့မှသာ ရှုံးနိမ့်သွားလျှင်တောင် ထိုလူများက သူမကို လက်ညှိုးထိုးရဲလိမ့်မည် မဟုတ်ပေ။

သို့သော် သာ့ပြောင်ကောက ကျောက်ခဲကို ကောက်လိုက်သည့်အခိုက်တွင် သူမ၏ နှလုံးသားသည် အေးစက်သွား၏။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ဘာရန်ငြိုးမှ မရှိဖူးသောသူများဖြစ်သော်လည်း သူသည် သူမအား သတ်ချင်ခဲ့သည်။

Chapter 47 : ညီအစ်ကိုရင်းချာများထက် ပိုရင်းနှီးသော

သူမသည် ကိုယ်ခံပညာရပ်များကို စတင်သင်ယူခါစဖြစ်သောကြောင့် စွမ်းရည်သိပ်မရှိသေးပေ။ သူတို့နှင့်တိုက်ခိုက်ခဲ့စဥ်က သူမသည် အချိန်အများစုတွင် ရုန်းကန်ခဲ့ရသော်လည်း ဒဏ်ရာများများစားစား မရခဲ့ချေ။

အကယ်၍ ထိုအချိန်က သူမ ရှောင်တိမ်းသည်မှာ အနည်းငယ်သာ နောက်ကျသွားပါက လဲကျနေသူသည် သူမသာ ဖြစ်လိမ့်မည်ပင်။

လုကျားနှင့် သူမ၏ဝမ်းကွဲများ၏ အကျင့်စရိုက်အရ ကျင်းယွင်ကျောင်းသာ မြေပေါ် ခွေကျသွားပြီး မထနိုင်ပါက သူတို့သည် သူမအား ဆေးရုံကားခေါ်ပေးမည့်အစား စွန့်ပစ်သွားမည်မှာ အသေအချာပင်။

အပြင်ဘက်တွင် မိုးရွာတော့မည်ဖြစ်သည်။ မိုးမသည်းလျှင်တောင်မှ ၎င်းက သက်သေများကို ဆေးချပစ်ရန် လုံလောက်၏။ ထိုအချက်ကြောင့် သူမသည် ထိုနေရာတွင် လဲကျနေပြီး သွေးထွက်လွန်၍ သေသွားလျှင်တောင် မည်သူလုပ်မှန်း သိကြမည်မဟုတ်ပေ။

ထိုကဲ့သို့ တစ်ဖက်လူမှ သနားညှာတာမှုမရှိ ပြုမူရန် ဆုံးဖြတ်လိုက်မည်ကို သူမ စဥ်းစားမိပြီးဖြစ်၏။

သာ့ပြောင်ကော၏ စကားများထက် ကျင်းယွင်ကျောင်း၏ စကားများက ပို၍ ကျိုးကြောင်းဆီလျော်မှုရှိ၏။ လုကျားနှင့် အခြားသူများ၏ မျက်နှာများနှင့် ခန္ဓာကိုယ်များပေါ်တွင် မြင်သာသော ဒဏ်ရာများရှိ၏။ သို့သော် ကျင်းယွင်ကျောင်းတွင်လည်း ဒဏ်ရာ လက္ခဏာများရှိသည်၊ အထူးသဖြင့် သူမ၏ လက်မောင်းများတွင် ဖြစ်၏။

ယောက်ျားလေး လေးယောက်က မိန်းကလေးတစ်ယောက်နှင့် တိုက်ခိုက်သည်။ ပြဿနာရှာသူမှာ ဒုတိယတစ်ယောက် ဖြစ်မည်ဟု မထင်မိပေ။

“နင်က အရှက်မရှိ ကောက်ကျစ်တဲ့ မိန်းကလေးပဲ။ ငါ့တူလေးက ဒီလိုအခြေအနေဖြစ်နေတာတောင်မှ နင်က ဒီလိုစကားမျိုးတွေပြောနေသေးတယ်။ နင့်မိဘတွေက နင့်ကို သိက္ခာရှိတဲ့လူတစ်ယောက်ဖြစ်အောင် ဘယ်လိုနေထိုင်ရမယ်ဆိုတာ သင်မထားဘူးလား။ နင်က နင်မလုပ်ပါဘူးလို့ ပြောတယ်။ နင်ပြောသလို နင်သာမလုပ်ရင် ဒါကို ဘယ်သူက လုပ်နိုင်မှာလဲ။ ငါ့သားက ဒါကို လုပ်ခဲ့တယ်ဆိုတာ မဖြစ်နိုင်ဘူး၊ ဟုတ်တယ်မလား။ အရာရှိကြီး၊ ကျွန်မရဲ့သားနဲ့ တူလေးက အမြဲတမ်း တတွဲတွဲနေကြတာပါ။ သူတိုက ညီအစ်ကိုအရင်းတွေထက်တောင် ပိုရင်းနှီးကြပါသေးတယ်”

အမျိုးသမီးကြီးက အော်ပြောလိုက်သည်။

‘ညီအစ်ကိုအရင်းတွေထက်တောင် ပိုရင်းနှီးတယ်’ ဘယ်လိုတောင် အံသြဖို့ကောင်းတဲ့ စကားလေးပါလိမ့်။ လိုအပ်နေတဲ့အချိန်မှာ ရဲတွေကို ခေါ်ခွင့်မပေးတာ ရှင့်သားပါနော်။

အကယ်၍ သူသာ ထိုအချိန်က အချိန်ဆွဲမနေခဲ့ပါလျှင် ဒဏ်ရာက ဆိုးဆိုးရွားရွား ဖြစ်လာမည် မဟုတ်ပေ။

သို့ရာတွင် ထိုအမျိုးသမီးကြီး၏ ယုံကြည်မှုအပြည့်နှင့်စကားများက သာ့ပြောင်ကော၏ မျက်နှာကို ဖြူဖတ်ဖြူလျော်ဖြစ်သွားစေသည်။ အခြားသူများက လုံးဝထိတ်လန့်နေသည့်ပုံဖြင့် သူတို့၏ခေါင်းများကိုငုံ၍ ကျုံ့ထားကြ၏။

“အရာရှိကြီး၊ ကျုပ်ရဲ့မြေးမလေးက ဘယ်တုန်းကမှ ကိုယ့်ဒုက္ခကိုယ်မရှာဖူးဘူး”

အမျိုးသမီးကြီး၏ စကားဆုံးသည်နှင့် ကန်စုန့်ပိုင်၏ အသံက သူတို့နောက်မှ ထွက်ပေါ်လာ၏။

ကျင်းယွင်ကျောင်းသည် သူ ဤကဲ့သို့ပြောလိုက်သည်ကို ကြားသည်နှင့် လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။

သူမသည် သူမအပိုင် မွေးစားအဖိုးတစ်ယောက် ရထားသော်လည်း သူတို့သည် အချင်းချင်း အကြိမ်အနည်းငယ်သာ တွေ့ဖူး၏။ တစ်ယောက်အကြောင်းကိုလည်း တစ်ယောက် ကောင်းကောင်းမသိကြသေးဟု သူမ ယုံကြည်သည်။

သို့ရာတွင် သူမသည် ရဲစခန်းသို့ နှစ်ကြိမ်ရောက်ပြီးဖြစ်၏။ ပထမအကြိမ်တွင် ကန်စုန့်ပိုင်သည် စောဒက မတက်ဘဲ ကူညီပေးခဲ့သည်။ ယခုအချိန်တွင်လည်း တစ်ယောက် ဒဏ်ရာရ၍ သူမသည် လူသတ်မှုနှင့် တရားစွဲခံရနိုင်ကြောင်း သူသိသော်လည်း သူမကို ယုံကြည်ပေးရန် ရွေးခြယ်နေဆဲပင်။ ဤကဲ့သို့သော ကြင်နာမှုမျိုးကို သူမ၏ အဖိုးအရင်းပင် လုပ်ပေးနိုင်လိမ့်မည်မဟုတ်။

ကျင်းယွင်ကျောင်း၏ နှလုံးသားက ဝမ်းနည်းပူဆွေးနေ၏။ ကန်စုန့်ပိုင်သည်လည်း ထပ်တူပင်။

သူသည် ဤဆေးပညာတတ်ကျွမ်းသည့် မိန်းကလေးအား အမှန်တကယ်ပင် နှစ်သက်မိ၏။ ထိုသို့မဟုတ်ပါက သူသည် သူမအတွက် အကြိမ်ကြိမ် ရပ်တည်ပေးလိမ့်မည် မဟုတ်ပေ။

သူမသည် ဆယ့်ငါးနှစ်သာ ရှိသေး၏။ ဤကဲ့သို့ အချိန်တိုလေးအတွင်း သူမသည် ရဲစခန်းသို့ နှစ်ကြိမ်ရောက်ပြီးဖြစ်သည်။ သူမသည် အသက်ငယ်ငယ်လေးနှင့် လူအများ၏ သံသယများစွာကို ခံယူခဲ့ရပြီး အနာဂတ်တွင် သူမ၏ နေ့ရက်များကို မည်ကဲ့သို့ ရှင်သန်နေထိုင်သွားမည်မှန်း ဘယ်သူသိမည်နည်း။

သူမတွင် မိဘများမရှိတော့ပေ။ သူမ၏ အဖိုးတစ်ယောက်အနေနှင့် သူကသာ သူမကို မကူညီလျှင် သူမ၏ နေ့ရက်များသည် ပို၍ ခက်ခဲသွားလိမ့်မည် မဟုတ်ပါလား။

“အဖိုး”

ကျင်းယွင်ကျောင်း မတ်တပ်ထရပ်လိုက်သည်။ ဤအသက်အရွယ်ကြီးနေပြီဖြစ်သော အဖိုးဖြစ်သူအား သူမ အလွန်ကျေးဇူးတင်မိ၏။ သူမ မျက်ရည်ထိန်းမထားနိုင်ခဲ့။

“ကလေး၊ မင်း မှားပြီး အစွပ်စွဲခံရတယ်ဆိုတာ အဖိုးသိတယ်။ ဘာမှမစိုးရိမ်နဲ့။ မင်း အပြစ်ကင်းနေသရွေ့ ဘယ်သူမှ မင်းကို ဘာမှမလုပ်နိုင်ဘူး။”

ကန်စုန့်ပိုင်က နှစ်သိမ့်လိုက်သည်။

“သူက အစွပ်စွဲခံရတယ်ဟုတ်လား။ ကျွန်မတို့ကလေးတွေ အရိုက်ခံထားရတာတွေကိုလည်း ကြည့်ပါဦး။ သာမန်ရိုက်ချက်နည်းနည်းဆို ဘာမှမဖြစ်ပေမယ့် အခု တစ်ယောက်က ဆေးရုံပေါ်မှာ လဲနေတာလေ”

ထိုစကားများလှသော မိန်းမကြီးက ပွစိပွစိပြောလိုက်၏။

“ကလေး၊ အဖိုးကိုပြောပြ။ အတိအကျ ဘာတွေဖြစ်ခဲ့သလဲ”

ကန်စုန့်ပိုင်က အနည်းငယ်အံသြနေသော်လည်း စိတ်ငြိမ်ငြိမ်ထား၍ ကျင်းယွင်ကျောင်းကို မေးလိုက်သည်။

ကျင်းယွင်ကျောင်းသည် အမှန်တရားအတိုင်း လိမ်ညာမှုမရှိဘဲ သူမ ကြုံတွေ့ခဲ့ရသမျှအားလုံးကို နောက်တစ်ကြိမ် ထပ်မံ၍ ပြောပြလိုက်၏။

သူမ၏ မှတ်ဥာဏ်မှာ အတော်လေးကောင်း၍ အစမှအဆုံးထိ စကားလုံးလေးတစ်လုံးမှပင် မကျန်သည်ပေ။ လုကျားနှင့် အခြားသူများ ပြောခဲ့လုပ်ခဲ့သမျှကို သူမက တစ်ခုမကျန် ပြန်ပြောပြလိုက်သည်။

Chapter 48 : ကျွန်တော် မလုပ်ခဲ့ပါဘူး

ကျင်းယွင်ကျောင်း၏ ရှင်းပြချက် ဆုံးသည်နှင့် လုကျားသည် အလွန်ထိတ်လန့်ကြောက်ရွံ့သွား၏၊ သရဲတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ပင်။

သူမ၏ စကားများတွင် အလိမ်အညာတစ်ခွန်းမှ မပါသလို ဘာတစ်ခွန်းမှလည်း ပြောရန် မကျန်ခဲ့ပေ။ ဤကဲ့သို့ သာမန်မဟုတ်သော မှတ်မိနိုင်စွမ်းသည် လူများအား တကယ်ပင် ကြောက်ရွံ့သွားစေနိုင်သည်။

“ငါ နင့်ကို မယုံဘူး။ ဘာလို့ ငါ့သားက သူနဲ့ သိတောင်မသိတဲ့သူတစ်ယောက်ကို ချောင်ပိတ်ရမှာလဲ။ နင် မကောင်းတာ တစ်ခုခုလုပ်နေတာကို သူတို့မြင်သွားလို့ပဲ ဖြစ်ရမယ်။ ဒါကြောင့် သူတို့က နင့်ကို ဖြောင်းဖျတားမြစ်ဖို့ သွားခဲ့တာပဲ။ ဒါပေမယ့် နင်က နားမထောင်ဘဲ သူတို့ကိုပါ ရိုက်နှက်ခဲ့တာ”

အကယ်၍ ဤမိန်းကလေး ပြောသည်များကသာ အမှန်ဆိုပါက သူမသား၏ အနာဂတ် အဆုံးသတ်သွားလိမ့်မည် မဟုတ်ပါလား။

မည်သို့ပင်ဖြစ်စေ သူမသည် ထိုအကြောင်းကို ဘယ်တော့မှ ယုံကြည်လိမ့်မည်မဟုတ်ပေ။ ဤသည်မှာ သူမ၏ သားဖြစ်သည်။ သူ ဘယ်လိုလူမျိုးဆိုသည်အား သူမ အဘယ်ကြောင့် မသိဘဲ နေမည်နည်း။

“ရှင့်သားက အခြားသူအပေါ် ဘာလို့အပြစ်ပုံချတတ်သလဲ ဆိုတာ ကျွန်မ အခု သိသွားပြီ။ ရှင့်သားက ရှင့်ဆီကနေ သင်ထားတာပဲ။ ကောက်နေတဲ့ တုတ်တစ်ချောင်းမှာ ကောက်နေတဲ့ အရိပ်ပဲ ရှိမယ်”

ကျင်းယွင်ကျောင်းက အေးတိအေးစက်ကြည့်၍ ခပ်ရိုင်းရိုင်း ပြန်ဖြေလိုက်သည်။

“ဒီမိစ္ဆာမကတော့”

အမျိုးသမီးကြီးက တစ်ချက်အော်လိုက်ပြီး လက်မောင်းတစ်ဖက်ကို မြှောက်၍ သူမကို ခုန်အုပ်လိုက်၏။

ကျင်းယွင်ကျောင်းသည် ရိုးရိုးတန်းတန်းပင် တစ်ဖက်သို့ ညွှတ်ချလိုက်ပြီး တိုက်ခိုက်မှုကို လွယ်လွယ်ကူကူ ရှောင်တိမ်းလိုက်ရာ ထိုအမျိုးသမီးကြီးသည် ကြမ်းပြင်ပေါ်သို့ ပစ်လဲကျသွားသည်။

သူမ လဲကျသွားသည်ကို မြင်သောအခါ ကျင်းယွင်ကျောင်းက ခပ်အေးအေးပြောလာ၏။

“အရာရှိကြီး၊ တိုက်ခိုက်တဲ့သူက အန္တရာယ်ပြုဖို့ကြိုးစားလိုက်ပေမယ့် သူကိုယ်တိုင်ပဲ တကယ်ထိခိုက်တဲ့သူ ပြန်ဖြစ်သွားရတဲ့ မတော်တဆ ဖြစ်နိုင်ချေတွေလည်း မနည်းပါဘူး။ ရှင်လည်း မြင်လောက်မှာပါ”

“အဲဒီအပြင် ကျွန်မရဲ့အသက်က ငယ်ကောင်းငယ်နိုင်တယ်။ ဒါပေမယ့် အခြားသူတွေက ကျွန်မကို မှားယွင်စွပ်စွဲတာကိုတော့ ကျွန်မ ငြင်းပယ်ပါတယ်။ တစ်အချက်၊ ကျွန်မက သူတို့နဲ့ရန်ဖြစ်ဖို့ ဆန္ဒမရှိဘူး။ နှစ်အချက်၊ လက်ရှိဖြစ်ရပ်မှာ ကျွန်မရဲ့ လက်ဗွေရာ မရှိဘူး။ အဲဒီတော့ ကျွန်မပြောနိုင်တာက ဒီငှက်အုပ်စုရဲ့ ထွက်ဆိုချက်တွေအပေါ် မူတည်ပြီးတော့ ကျွန်မကို တရားခံ ဒါမှမဟုတ် လူသတ်သမားအဖြစ် ကောက်ချက်ချဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး”

တစ်ဖက်အဖွဲ့တွင် လူဦးရေပိုများသည့် ကောင်းကွက်တစ်ခုရှိသော်လည််း သူတို့တွင် တိကျသည့် သက်သေအထောက်အထား မရှိပေ။ မည်သို့ပင်ဖြစ်စေ သူမသည် ထိုစွပ်စွဲချက်ကို လက်ခံရန် ငြင်းပယ်နိုင်သည်။

သူမ၏ စကားလုံးများသည် ပီပြင်၍ ကျောက်ဆောင်ကဲ့သို့ ခိုင်မာလှသည်။ ဘေးမှ နားထောင်နေသူများသည်ပင် သူတို့နှလုံးသားအား ဓါးဖြင့် လွှာလိုက်သကဲ့သို့ ခံစားလိုက်ရ၏။

“ခင်ဗျားပြောတဲ့အတိုင်းပဲနော်။ ခင်ဗျားတို့ဘက်က လူပိုများလို့ ခင်ဗျားတို့ အနိုင်ရမယ်လို့ တွေးနေတာလား။ ခင်ဗျားတို့ဘက်က လူတစ်ယောက် ဆေးရုံပေါ်မှာ လဲနေသေးတယ် မဟုတ်လား။ သူနိုးလာတဲ့အထိ စောင့်ကြတာပေါ့။ ပြီးရင် အမှန်တရားပေါ်လာမယ့် အချိန်ကို ကျုပ်ရေတွက်ပြီး စောင့်နေမယ်။”

ကန်စုန့်ပိုင်၏ ခံပြင်းဒေါသထွက်နေသော အသံ ထွက်ပေါ်လာသည်။

ယခုအချိန်တွင် နှစ်ဖက်လုံးက မည်မျှရှင်းပြရန် ကြိုးစားနေကြစေကာမူ အခြေအနေအမှန်ကို ပြောနိုင်ရန် ခက်ခဲသေး၏။

နှစ်ဖက်စလုံးက ဝန်ခံရန် ငြင်းဆိုနေကြပြီး ညလုံးပေါက် တစ်ယောက်နှင့်တစ်ယောက် မကျေမနပ်ကြည့်နေကြရင်း ဘာမှမတတ်နိုင်ဘဲ စောင့်နေကြရသည်။

နောက်တစ်နေ့ နေ့လယ်အစောပိုင်း၌ နောက်ဆုံးတွင် ဆေးရုံမှ ဖုန်းဆက်လာပြီး ခွဲစိတ်မှု အောင်မြင်ကြောင်း အကြောင်းကြားလာ၏။

“သူက သွေးတွေအများကြီး ဆုံးရှုံးထားရပြီး ကိုမာဝင်သွားတာလား”

ဖုန်းဖြေနေသော အမျိုးသမီးကြီးက ထိတ်လန့်စွာ ရေရွတ်လိုက်သည်။ သူမသည် တစ်ဖက်ကိုပြန်မဖြေခင် ဒီဘက်ရှိ လူအနည်းငယ်ကို ကြည့်လိုက်ရင်း

“အခြေအနေက မရှင်းသေးဘူး။ အဲဒီမိန်းကလေးက ခုထိ ဝန်ခံဖို့ ငြင်းနေတုန်းပဲ။ လက်နက်ပေါ်မှာ သူ့ရဲ့လက်ဗွေရာမရှိဘူးလို့တောင် ပြောတယ်”

သူမ၏ အသံက ပိုတိုးသွားသဖြင့် ကျင်းယွင်ကျောင်း နားထောင်ရန် အနှောက်အယှက်ဖြစ်သွား၏။ သူတို့က မဟုတ်တဲ့စကားတွေကလွဲပြီး ဘာများပြောတတ်သေးလို့လဲ။

ထို “ကိုမာဝင်သည့်အခြေအနေ” ဆိုသည့် စကားကြောင့် လုကျားနှင့် သူမ၏ ဝမ်းကွဲများ၏ အမူအယာများမှာ အလွန်ဝမ်းသာသွားကြသည်။

သို့ရာတွင် ထိုအပျော်မှာ တိုတောင်းလှ၏။ အရာရှိသည် တည်ကြည်သော အမူအယာဖြင့် ဖုန်းခေါ်မှုတစ်ခုကို လက်ခံဖြေလိုက်သည်။ ဖုန်းပြောပြီးသောအခါ လုကျား၊ ကျင်းယွင်ကျောင်းနှင့် ကျန်သောသူများကို ကြည့်လိုက်သည့် သူ၏ အကြည့်မှာ အလွန်အမင်း လေးနက်နေ၏။

“ဒီမနက် ကျွန်တော့်ရဲ့လုပ်ကိုင်ဖော်ဖက်တွေထဲက တစ်ယောက်က သတင်းတစ်ခု လက်ခံရရှိခဲ့ပါတယ်။ မျက်နှာချင်းဆိုင်က တိုက်ခန်းမှာနေတဲ့သူတစ်ဦးက ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကို မြင်ခဲ့ပါတယ်တဲ့”

ရဲအရာရှိက အလယ်တွင် ခဏမျှရပ်လိုက်ပြီးနောက် ဆက်ပြော၏။

“မင်းတို့ကလေးတွေက ငယ်သေးတယ်ဆိုရင်တောင်မှ ဒီဖြစ်ရပ်ကို အတော်လေးဆိုးရွားတယ်။ မင်းတို့ အခုချိန် အခွင့်ကောင်းယူပြီး ကိုယ့်ကိုကိုယ် ဝန်ခံရမယ်။ မင်းတို့ ထပ်စောင့်နေမယ်ဆိုရင် အရမ်းနောက်ကျသွားလိမ့်မယ်”

ကျင်းယွင်ကျောင်း၏ အမူအယာမှာ မပြောင်းလဲပေ။

သို့ရာတွင် လုကျားနှင့် ကျန်သူများမှာ ချက်ချင်းပင် စက္ကူတစ်ရွက်လို ဖြူလျော်သွားကြသည်။

ရဲအရာရှိသည် ဤလူများ၏ အမူအယာကို အမြဲ အကဲခတ်နေ၏။ ယခု သူတို့၏ အမူအယာပြောင်းသွားသည်ကို မြင်လိုက်ရာ သူသည် ကိုယ်ပိုင်ကောက်ချက်တစ်ခုအား ချမိလိုက်တော့၏။

ဤကလေးများသည် ငယ်ရွယ်ကြသေးသည်။ အဖြစ်အပျက်အများကြီးကို ဖြတ်သန်းပြီးသည့်နောက်တွင် အချက်အလက်များကို လုံခြုံစွာ ဖုံးကွယ်ထားရန်မှာ သေချာပေါက် မဖြစ်နိုင်ပေ။

“အဲဒါ ကျွန်တော် မဟုတ်ဘူး”

ရုတ်တရက် တစ်ညလုံး စကားတစ်ခွန်းမှ မပြောခဲ့သော ဝမ်းကွဲအစ်ကိုများထဲမှ တစ်ယောက်က ကြောက်လန့်တကြား ထအော်လိုက်၏။

“အဲဒါ လုံးဝမတော်တဆပါ။ သာ့ပြောင်ကော လုပ်တာပါ။ သူ သတိမထားမိဘဲ ဖြစ်သွားတာ။ ကျွန်တော် အဲဒါနဲ့ ပတ်သတ်ပြီး ဘာမှ မလုပ်ခဲ့ပါဘူး”

All Chapters