အခန်း (၄၉-၅၂)
Vol. 3 Ch. 49-52
Chapter 49 : အမှန်တရားထွက်ပေါ်လာခြင်း(၁)
ထိုသို့ပြောလိုက်သူမှာ လုကျား၏ ဝမ်းကွဲအစ်ကို အငယ်ဆုံးဖြစ်သည်။ သူသည် ဆယ့်ခုနစ်နှစ်သာ ရှိသေးရာ စိတ်ဓါတ်ကြံ့ခိုင်မှုမှာလည်း ပို၍ အားနည်းနေသေး၏။
တစ်ညလုံး စိတ်ဆင်းရဲဒုက္ခကြီးစွာဖြင့် ဖြတ်သန်းပြီးနောက် သူ၏ မျက်လုံးအကြည့်များမှာ အသက်မဲ့နေပြီဖြစ်သည်။ သူသည် ပင်ပန်းနွမ်းနယ်နေပုံရပြီး ညိုမည်းနေသော ပန်ဒါမျက်လုံးများနှင့် ဖြစ်ကာ ခန္ဓာကိုယ်မှာ တုန်ယင်နေ၏။ သူ၏ ရှပ်အင်္ကျီလက်များသည်ပင် စိတ်လှုပ်ရှားမှုကြောင့် ဆွဲဆန့်၊ ဆွဲလိမ်ခံထားရပြီး တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသောကြောင့် တွ့န်လိမ်ကြေမွနေသည်။
ကျင်းယွင်ကျောင်းသည် သူ့အား အနည်းငယ် သနားနေမိ၏။ သူသည် တစ်ညလုံး ခေါင်းငိုက်စိုက်ချထားသောကြောင့် လည်ပင်းများပင် တောင့်တင်းနေသည်။
“ကျွန်တော်တို့ ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်တာမဟုတ်ပါဘူး”
အငယ်ဆုံးဝမ်းကွဲအစ်ကိုသည် သူ၏ဘေးရှိ အမျိုးသမီးကြီးအား ကြည့်ရင်း ငို၍ပြောလိုက်၏။
“ကျားကျားက စိတ်ညစ်နေလို့ ကျွန်တော်တို့က သူ့ကို အားပေးချင်တာ။ ဒါကြောင့် သူ့ကို အနီးနားမှာရှိတဲ့ KTV တစ်ခုကို သီချင်းဆိုဖို့ခေါ်သွားမယ်လို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တယ်။ လမ်းမှာ ကျင်းယွင်ကျောင်းနဲ့ တွေ့လိမ့်မယ်လို့ ဘယ်သူမှ ထင်မထားမိခဲ့ဘူး။ သူက တစ်ယောက်တည်းဆိုတော့ ကျွန်တော်တို့လည်း သူ့ကို သင်ခန်းစာတစ်ခုလောက်ပေးဖို့ တွေးလိုက်တယ်။ သူ့ကို လမ်းကြားတစ်ခုထဲ ဆွဲခေါ်သွားပြီး တစ်ခုခုလုပ်ဖို့ ကြံရွယ်ခဲ့ပေမယ့် ကျွန်တော်တို့ သူ့ကို ရိုက်တောင် ရိုက်နိုင်မှာမဟုတ်ဘူးလို့ ထင်မထားမိခဲ့ဘူး။ အဲဒါနဲ့ သာ့ပြောင်ကောက ဒေါသထွက်သွားပြီး ကျောက်ခဲကို ကောက်လိုက်တာ။၊ ဒါပေမယ့် သူက ရှောင်လိုက်နိုင်တယ်။ အဆုံးမှာတော့ ကျောက်ခဲနဲ့အထုခံရတဲ့သူက စန်းပြောင်ကောဖြစ်သွားတယ်”
သူ၏ ငိုသံများမှာ ပြတ်တောင်းပြတ်တောင်းနှင့် မတည်မငြိမ်ဖြစ်နေသည်။ တစ်ညလုံးထိန်းချုပ်လာရပြီးသည့်နောက် သူ၏ အကြောက်တရားများမှာ ဆတိုးနှင့် ပေါက်ကွဲထွက်လာတော့၏။
“အဲဒါ အမှန်ပါပဲ။ အဲလိုဖြစ်သွားခဲ့တာပါ”
အခြားတစ်ဖက်ရှိ အမေ့ခံထားရသော အာ့ပြောင်ကော (ဒုတိယဝမ်းကွဲအစ်ကို) ကလည်း နီရဲသော မျက်လုံးများနှင့် ခေါင်းကို တဆိတ်ဆတ်ညိတ်၍ ထောက်ခံလာသည်။
“မင်းတို့ကောင်တွေ အဓိပ္ပါယ်မရှိ လျှောက််ပြောမနေနဲ့။ ဒါက ကျင်းယွင်ကျောင်း လုပ်ခဲ့တာကွ”
သာ့ပြောင်ကောက လျှပ်တပြက် မတ်တပ်ထရပ်လိုက်ပြီးနောက် အငယ်ဆုံး ဝမ်းကွဲအစ်ကို၏ နှာနုရိုးပေါ်သို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်၏။
သူ၏ နှာခေါင်းပေါက်မှ သွေးစီးကြောင်းနှစ်ခု စီးကျလာပြီး ခန္ဓာကိုယ်မှာလည်း တစ်ဖက်သို့ ယိုင်ကျသွားသည်။ အငယ်ဆုံးဝမ်းကွဲအစ်ကိုသည် ကြောက်လွန်းသဖြင့် ရှော့ခ်ရကာ သတိလစ်သွား၏။
ထိုသို့ဖြစ်ဖြစ်ချင်းတွင် ပတ်ဝန်းကျင်ရှိ ရဲအရာရှိများသည် ငုတ်တုပ်ထိုင်နေရင်း တန်းလန်း ကြောင်အ,နေကြသဖြင့် ဘာမှမလုပ်လိုက်နိုင်ပေ။ ထို့နောက် သူတို့သည် ချက်ချင်းပင် တရားခံအား ဖမ်းချုပ်ထားရန် ပြေးသွားကြ၏။
“အဲဒါ ကျွန်တော်မဟုတ်ဘူး။ အမေ ကျွန်တော်ကို ယုံကြည်ပေးပါ။ အဲဒါ ကျင်းယွင်ကျောင်းလုပ်တာ။ အကုန် သူလုပ်တာ။ ကျားကျား၊ ငါ့ကို သက်သေခံပေးစမ်း၊ ဒီကိစ္စမှာ ငါမပါဘူးလို့ သူတို့ကို ပြောပြလိုက်”
သာ့ပြောင်ကောသည် ယခုအချိန်တွင် လုံးဝရူးသွပ်နေပြီဖြစ်ကာ ထိတ်လန့်တုန်ယင်နေသော သားရိုင်းကောင်ကြီးတစ်ကောင်ကဲ့သို့ နာနာကျင်ကျင် အော်ဟစ်နေသည်။
လုကျားသည် ဆယ့်ငါးနှစ်ခန့်သာရှိသေးသည့် ကလေးတစ်ယောက်ဖြစ်ရာ ဤကဲ့သို့သော မြင်ကွင်းမျိုးကို အဘယ်သို့ မြင်ဖူးလိမ့်မည်နည်း။
သူမသည် အငယ်ဆုံးအစ်ကို၏ စကားဆုံးသည်နှင့် သူတို့အားလုံး ပြီးဆုံးသွားပြီဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း နားလည်လိုက်သည်။ သူမသည်လည်း ပြီးဆုံးသွားခဲ့ပြီဖြစ်၏။
သူမသည် ဒူးထောက်ချလိုက်ပြီး မျက်နှာပေါ်တွင်လည်း မျက်ရည်များက အဆက်မပြတ် စီးကျလာကာ ရှိုက်ကြီးတငင် ငိုကြွေးမြည်တမ်းလိုက်သည်။
“သာ့ပြောင်ကောက ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်မတို့က ကျင်းယွင်ကျောင်းကို သင်ခန်းစာပေးချင်ရုံပါ။ ကျင်းယွင်ကျောင်းက ရှောင်လိုက်လို့သာ အရာအားလုံးက ဒီလိုဖြစ်လာခဲ့တာ”
“လုကျား၊ အရူးမ၊ နင်လည်း ပေါက်ကရတွေ လျှောက်ပြောနေတာပဲ၊ လျှောက်ပြောနေတာ”
သာ့ပြောင်ကော၏ ခြေတံများမှာ အမှန်တကယ်ပင် ရှည်လျားလှသည်။ သူ၏ ခန္ဓာကိုယ်အပေါ်ပိုင်းကို ဖမ်းချုပ်၍ ဆွဲခေါ်သွားခံရသော်လည်း သူသည် ဒေါသတကြီးဖြင့် လုကျားအား တစ်ချက် ဆောင့်ကန်လိုက်နိုင်သေး၏။
သာ့ပြောင်ကောသာ ဒေါသထွက်နေခြင်း မဟုတ်ပဲ ထိုနေရာ၌ ရှိနေသော အဒေါ်သုံးယောက်ကလည်း သူတို့ကိုယ်တိုင် ရူးသွပ်သွားသကဲ့သို့ လုကျားအား မုန်းတီးစွာဖြင့် စိုက်ကြည့်နေကြသည်။
သူတို့ လုမိသားစုတွင် နောက်ဆုံးမျိုးဆက်၌ သားတစ်ယောက်သာ ထွန်းကားခဲ့၍ ၎င်းမှာ လုကျား၏ ဖခင်ဖြစ်သည်။ မမျှော်လင့်ဘဲ လုမိသားစု၏ သမီးလေးယောက်သည် လက်ထပ်ပြီးနောက် သားတစ်ယောက်စီ မွေးဖွားခဲ့ကြသော်လည်း လုကျား၏ ဖခင်မှာမူ သမီးတစ်ယောက်သာ ထွန်းကားခဲ့၏။
၎င်းမှာ ကရုဏာသက်ဖွယ်ရာဖြစ်သော်လည်း လုကျားသည် သူတို့မျိုးဆက်၏ တစ်ဦးတည်းသော မိန်းကလေးဖြစ်သောကြောင့် အတော်လေး ဦးစားပေးခံရသည်။ သူမသည် အခြားသူများထက် ပို၍အချစ်ခံရကာ ပို၍လည်း အလိုလိုက်ခံရ၏။ သို့သော် သူတို့အားလုံးက အချစ်ခံလေးဟု သတ်မှတ်ထားသော ကလေးသည် သူတို့ဆီသို့ ကြီးမားသော ဒုက္ခဆိုးကြီးကို ဆောင်ယူလာမည်ဟု မည်သူက သိခဲ့ပါမည်နည်း။
ယခုအချိန်တွင် ဒဏ်ရာရထားသော စန်းပြောင်ကော၏ မိဘများလည်း အလျင်စလို ရောက်ရှိလာကြပြီဖြစ်သည်။ သူတို့ ရောက်ရောက်ချင်းမှာပင် ဤမြင်ကွင်းနှင့် တိုက်တိုက်ဆိုင်ဆိုင် ကြုံလိုက်ရ၏။
“ကျားကျား၊ ငါတို့ မင်းအပေါ် အမှားမလုပ်ဖူးပါဘူး။ မင်းက ငါတို့ကို ဘာကြောင့် ဒီလိုလုပ်နိုင်ရတာလဲ”
ငိုသံများထွက်ပေါ်လာသည်။
ကျင်းယွင်ကျောင်းလည်း သက်ပြင်းတစ်ချက်ချလိုက်၏။ သနားစရာကောင်းတာလား၊ သူမတော့ ဘာမှမခံစားရပေ။
အားလုံးနှင့် နှိုင်းယှဥ်လိုက်လျှင် သူမသည် အတည်ငြိမ်ဆုံးနှင့် အိန္ဒြေအရဆုံးသူဖြစ်၏။ အချို့သူများသည် ဝမ်းနည်းနေသောအခါ တစ်စုံတစ်ယောက်က သူတို့အား ကြည့်လိုက်သည်နှင့် သနားလာအောင် လုပ်ဆောင်တတ်ကြသည်။ သို့သော် သူတို့မုန်းတီးလာလျှင်မူ သူတို့သည် သူတို့သည် တစ်စုံတစ်ယောက်အား ပြန်ကိုက်မည့် ရန်လိုသော သားရဲကောင်အဖြစ်သို့ ပြောင်းသွားပေလိမ့်မည်။
စုံထောက်သည်လည်း စိတ်သက်သာရာရသွားသကဲ့သို့ သက်ပြင်းတစ်ချက် ချလိုက်သည်။
အမှန်တကယ်ပင် သူတို့အား မျက်နှာချင်းဆိုင် တိုက်ခန်းမှ စောင့်ကြည့်နေသူများ ရှိခဲ့သော်လည်း သူတို့သည် လုကျားနှင့် တခြားသူများက စတင်၍ ရန်စနေသည်ကိုသာ မြင်ခဲ့ကြခြင်းဖြစ်၏။ ကံမကောင်းစွာဖြင့် သူတို့ လမ်းကြားထဲသို့ ဝင်သွားပြီးနောက် ဖြစ်ပျက်ခဲ့သည်များအား မည်သူမှ မမြင်ခဲ့ကြပေ။ အဘယ်ကြောင့်ဆိုသော် ထိုနေရာသည် မှောင်လွန်းသောကြောင့်ပင်။ ထို့အပြင် သူတို့အားလုံးသည် လူငယ်ကလေးများဖြစ်ကြသဖြင့် ဤကဲ့သို့သော ကိစ္စမျိုးဖြစ်လာလိမ့်မည်ဟု မည်သူကမှ မထင်ခဲ့ကြ။
ထိုသို့ဖြစ်သော်လည်း မထင်မှတ်ဘဲ ကိစ္စတစ်ခုလုံး၏ အမှန်တရား ပေါ်ပေါက်သွားခဲ့သည်။
Chapter 50 : အမှန်တရားထွက်ပေါ်လာခြင်း(၂)
ကျင်းယွင်ကျောင်းသည် သက်သေထွက်ဆိုချက်များကို အတည်ပြု၍ လုပ်ဆောင်စရာရှိသည့် လုပ်ငန်းစဥ်များကို လုပ်ဆောင်ပြီး နောက်ဆုံးတွင် ရဲစခန်းမှ ထွက်လာနိုင်ခဲ့သည်။
မထွက်လာမီတွင် ဝမ်းနည်းပမ်းနည်း ရေရွတ်သံများ၊ မုန်းတီးရွံရှာစွာ အော်ဟစ်ကြိမ်းမောင်းသံများ ထွက်ပေါ်လာ၏။
“ဒီကို မလာခင်က အဖိုး မင်းရဲ့ဆရာမကို ဖုန်းဆက်အကြောင်းကြားပြီးသွားပြီ။ ဒီလိုအငြင်းပွားစရာကိစ္စတွေ ဖြတ်သန်းခဲ့ရတာဆိုတော့ မင်း အိမ်ကိုပြန်ပြီး အနားယူသင့်တယ်။ ဒီနေ့ ကျောင်းသွားစရာမလိုတော့ဘူး”
ကန်စုန့်ပိုင်က သက်ပြင်းတစ်ချက် ကျယ်ကျယ်လောင်လောင်ချလိုက်ပြီး ကျင်းယွင်ကျောင်းကို နှစ်သိမ့်လိုက်သည်။
ကျင်းယွင်ကျောင်းက ခေါင်းငြိမ့်ပြလိုက်၏။ ယနေ့သည် သောကြာနေ့ဖြစ်ပြီး နောက်နေ့သည် ကျောင်းတက်ရက်မဟုတ်ပေ။ ထို့အပြင် သူမ၏ အဆင့်များကလည်း အမြဲကောင်းသည်။ သူမသည် ကိစ္စများစွာကို သင်ယူခဲ့ရပြီးဖြစ်၏။ ဤရှားရှားပါးပါး အချိန်ပိုလေးကို ဆေးပညာရပ်နှင့် ကိုယ်ခံပညာရပ်များလေ့လာရန် သုံးလိုက်သည်က ပို၍ ကောင်း၏။
အထူးသဖြင့် ဤကိစ္စအပြီးတွင် သူမသည် အားနည်းလွန်းကြောင်း ကိုယ့်ကိုကိုယ် ပြန်သုံးသပ်မိသည်။ အကယ်၍ သူမသာ ကိုယ်ခံပညာရပ်ကို လုံလုံလောက်လောက် လေ့ကျင့်ထားလျှင် ထိုသူများသည် သူမ၏ အနားသို့ပင် တစ်ခါမှ ကပ်နိုင်မည်မဟုတ်ပေ။ ယခုတွင်တော့ ထိုသို့မဟုတ်ဘဲ တစ်ဖက်မှလူများက ခံရသူများဖြစ်သည်ဆိုလျှင်တောင် သူမကိုယ်တိုင်လည်း ခန္ဓာကိုယ်နှင့် မျက်နှာပေါ်တွင်် ဒဏ်ရာများစွာ ရရှိခဲ့သည်။
သူမ၏ မျက်နှာပေါ်ရှိ ဒဏ်ရာသေးသေးလေးကို ထိကြည့်လိုက်ရင်း ကျင်းယွင်ကျောင်း၏အမူအယာက ရှုပ်ထွေးနေသည်။
“ဒါ...”
ကန်စု့န်ပိုင် ပြောရင်းဖြင့် ခဏရပ်လိုက်၏။ သူသည် ခဏကြာအောင် တွေးနေပြီးနောက် ဆက်ပြောရန် ဆုံးဖြတ်လိုက်၏။
“ကလေး၊ ဒီမှာက လုံခြုံရေးအခြေအနေက သိပ်မဆိုးဘူးဆိုပေမယ့် မင်းက ငယ်သေးတယ်။ ညဘက်တွေမှာ လျှောက်မသွားပါနဲ့၊ အထူးသဖြင့် ဒီပတ်ဝန်းကျင်မှာပေါ့။ မှောင်မဲနေတဲ့ လမ်းကြားလေးတွေက နေရာတိုင်းပဲ။ တကယ်သာ တစ်ခုခုဖြစ်သွားခဲ့ရင် ဘာသက်သေသဲလွန်စမှတောင် ကျန်ခဲ့မှာ မဟုတ်ဘူး”
ကန်စုန့်ပိုင်တွင် ကောင်းစေလိုသော စေတနာများသာရှိကြောင်း ကျင်းယွင်ကျောင်း အပြည့်အဝ နားလည်၏။
အကယ်၍ သူမသာ ကန်စုန့်ပိုင်၏ မြေးအရင်းဖြစ်ပါက သူသည် သူမအား ဤကဲ့သို့ ငြင်ငြင်သာသာ အကြံပေးနေလိမ့်မည်မဟုတ်ပေ။ သူသည် သူမအား ဆူပူငေါက်ငမ်းပြီးသား ဖြစ်မည်ပင်။
သို့ရာတွင် အဖိုးကန် ပြောသည်ကလည်း မမှားပေ။ သူမသည် သူမ၏ အသက်အရွယ်နှင့် ကိုယ်ခံပညာ အနည်းငယ် တတ်လျှင်တောင်မှ အဓိကအချက်မှာ သူမသည် အချိန်အများစုတွင် တစ်ယောက်တည်း ဖြစ်နေသဖြင့် အခြေခံအားဖြင့် ၎င်းက အခြားသူများကို ရာဇဝတ်မှု ကျူးလွန်ရန် တိုက်တွန်းနေသလိုပင်။
“ကျွန်မ နားလည်ပါပြီ အဖိုး။ အဲဒီကို ညဘက်မှာ ထပ်မသွားတော့ပါဘူး”
ကျင်းယွင်ကျောင်းက ပြန်ဖြေလိုက်သည်။
ကန်စုန့်ပိုင် အနည်းငယ် ရှုပ်ထွေးသွား၏။ အဲဒီကို ညဘက်တွေထပ်မသွားတော့ပါဘူး၊ ဟုတ်လား။ အဲဒါဆို သူက အဲဒီနေရာကို ထပ်သွားဦးမယ့် သဘောလား။
ကျင်းယွင်ကျောင်းသည် ချောင်မိသားစုနှင့် သူမ၏ဆက်ဆံရေးအားလုံးကို ဖြတ်တောက်ခဲ့ပြီးဖြစ်၏။ ထို့ကြောင့် သူမသည် ထိုသူများနှင့် တွေ့ဆုံရန် အကြောင်းသိပ်မရှိပေ။၊ ဒါဆို သူက ဘာလို့ ဒီနေရာကို ပြန်လာနေသေးတာလဲ။
(T/N : အဖိုးရှုရဲ့အိမ်က ချောင်မိသားစုရဲ့အိမ်နဲ့နီးပါတယ်။ အဲဒါကြောင့် ကျင်းယွင်ကျောင်းက ချောင်မိသားစုကြောင့် ဒီနေရာကိုလာတယ်လို့ ကန်စုန့်ပိုင် ယူဆလိုက်တာပါ။)
ကန်စုန့်ပိုင်သည် အသက်ကြီးပြီဖြစ်ပြီး ကျင်းယွင်ကျောင်းသည်လည်း မိန်းကလေးငယ်တစ်ယောက်သာဖြစ်၏။ ထို့ထက်ပိုသောအချက်မှာ သူတို့သည် သွေးသားရင်းချာများ မဟုတ်ကြပေ။ ထို့ကြောင့် အချို့မေးခွန်းများသည် ထုတ်မေးရန် မကောင်းတတ်။ သူသည် ကျင်းယွင်ကျောင်းကို ပိုဂရုစိုက်ပေးရန် ချူချူ၊ ထိုကလေးကို နောက်မှ မှာထားဦးမည်ဟု စိတ်ထဲတွင် မှတ်လိုက်လေတော့သည်။
ကန်စုန့်ပိုင်အား လိုက်ပို့ပြီးနောက် ကျင်းယွင်ကျောင်းသည် ချက်ချင်းပင် ပရဆေးပစ္စည်းစျေးသို့ သွား၍ မျိုးစေ့ အတော်များများ ဝယ်ခဲ့၏။ သူမတွင် ရှိသော ယွမ်တစ်သောင်းကျော်နှင့် မျိုးစေ့မျိုးစုံနှင့် အပင်ပေါက်အချို့ကိုပါ ထပ်ဝယ်လိုက်သည်။ မကြာမီတွင် သူမတွင် ရှိသော ငွေအားလုံးကို သုံးပစ်လိုက်၏။
သူမသည် အိမ်အပြန်လမ်းတွင် အဖိုးရှု၏ အိမ်သို့ဝင်၍ သူမ ညဘက်တွင် လာရန် အဆင်မပြေကြောင်း အကြောင်းကြားခဲ့သေးသည်။
မမျှော်လင့်ဘဲ အဖိုးအို၏ ဒေါသထွက်သည်ကိုလည်း ထူးထူးဆန်းဆန်းကြုံလိုရသည်။ သူသည် ကျင်းယွင်ကျောင်း ပြောသည်ကို ကြားသည်နှင့် သူမသည် ပျင်းရိ၍ ထွက်ပြေးရန် ကြိုးစားနေသည်ဟု စွပ်စွဲတော့သည်။ သူသည် လက်ကို ဝေ့ယမ်းလိုက်ပြီး သူမဆီသို့ စာအုပ်တစ်ဒါဇင်ခန့် ပစ်ချပေးလိုက်၏။ အနာဂတ်တွင် သူသည် သူမအား တစ်ပတ်တစ်ခါ လာစေချင်သည်။ သူမ လာတိုင်းလည်း အနည်းဆုံး စာအုပ်ငါးအုပ် အလွတ်ဆိုရမည်ဖြစ်၏။ သို့မဟုတ်ပါက ဆေးပင်များ၏ အရည်အသွေး မည်မျှပင် ကောင်းနေပါစေ၊ သူသည် တစ်ပင်မှ ဝယ်မည်မဟုတ်ပေ။
ဤတောင်းဆိုချက်မှာ အနည်းငယ် ပြင်းထန်သော်လည်း ကျင်းယွင်ကျောင်းသည် ဝမ်းမြောက်ဝမ်းသာပင် သဘောတူလိုက်သည်။ နယ်မြေလွတ်ထဲတွင် သူမသည် သာမန်လူတစ်ယောက်ထက် အချိန်ငါးဆမျှ ပို၍ရ၏။ ထို့အပြင် သူမသည် ဤစာအုပ်အမျိုးအစားများကို ကျောက်စိမ်းအပိုင်းထဲတွင်သာ ရှာတွေ့ပါက အလွတ်ကျက်ရန် ပို၍ လွယ်ကူသေးသည်။ လုံးဝ အခက်အခဲကြီး မဟုတ်ပေ။
နောက်ထပ်သုံးရက်ကြာသည်အထိ ကျင်းယွင်ကျောင်းသည် သူမကိုယ်သူမ အိမ်ထဲတွင်သာ ပိတ်လှောင်ထားသည်။ အမှန်တကယ် မလိုအပ်ဘဲ အပြင်မထွက်ပေ။
နေရာလွတ်နယ်မြေထဲတွင် လဝက်ကျော်ခန့်မျှသော အချိန်သည် ထိုက်ထိုက်တန်တန် ကုန်ဆုံးသွားသည်။
သူမသည် အချိန်ကို ဂရုမထားဘဲ အလွတ်ကျက်မှတ်ခြင်းနှင့် ကိုယ်ခံပညာရပ်လေ့ကျင့်ခြင်းကို အင်တိုက်အားတိုက် လုပ်ဆောင်နေခဲ့၏။
ပြန်ထွက်လာပြီးနောက်တွင် သူမ၏ ခန္ဓာကိုယ်သည် ပို၍ ပျော့ပြောင်းလာပြီး လှပကျော့ရှင်းလာသည်။ ခန္ဓာကိုယ်တစ်ခုလုံးသည် သွယ်လျသွား၏။ ထို့အပြင် အတိတ်က သူမ၏ ဖြူဖျော့ပြီး အသွေးအရောင်မရှိသော အသားအရေနှင့်လည်း မတူတော့ပဲ အသားအရေအခြေအနေက ပို၍ တိုးတက်ကောင်းမွန်လာသည်။
ကျောင်းတွင်မူ လုကျား၏ အရိပ်ကိုပင် မမြင်ရတော့ချေ။
Chapter 51 : ရလဒ်
ဤတစ်ကြိမ် အခြေအနေများသည် အလွန်ပြင်းထန်လွန်းသည်။ လုကျား၏ မိဘများသည် သူမအား ကျောင်းထုတ်ရန်အတွက် လုပ်ငန်းစဥ်များကိုပင် ဆောင်ရွက်ပြီးစီသွားပြီဖြစ်သည်။
လုကျား၏ သာ့ပြောင်ကောသည်လည်း သံတိုင်များ နောက်သို့ ပိုဆောင်ခံရပြီးဖြစ်၏။ မတော်တဆ ထိခိုက်ဒဏ်ရာရစေခဲ့ခြင်းဖြစ်သော်လည်း သူသည် ချက်ချင်း အကြောင်းမကြားခဲ့သောကြောင့် ဒဏ်ရာကို ပိုမိုဆိုးရွားသွားစေပြီး နစ်နာသူကို ကိုမာဝင်သည့် အခြေအနေအထိ ဖြစ်သွားစေခဲ့သည်။
လုကျားအတွက်မှာမူ သူမသည် အရွယ်မရောက်သေးသော်လည်း သူမ၏ အုပ်ထိန်းသူများက အချို့တာဝန်များကို ယူရမည်ဖြစ်သောကြောင့် သူတို့သည် နစ်နာကြေးပေးရမည့် ကိစ္စရပ်ကို ရှောင်လွှဲ၍ မရသည်မှာ အထင်အရှားပေ။ ဤကိစ္စသည် လုကျား၏ မိဘများနှင့် သူတို့၏ မောင်နှမသားချင်းများကြားတွင်လည်း သွေးကွဲသွားစေခဲ့၏။ သူမ၏ အဒေါ်များသည် သူမအား ထပ်မံ၍ ကြင်ကြင်နာနာ မဆက်ဆံတော့သည့်အပြင် အကြီးအကျယ် မကျေမချမ်းဖြစ်နေကြသည်။
ကျင်းယွင်ကျောင်း၏ နေ့စဥ်ဘဝသည်လည်း ထိုကိစ္စကြောင့် ပြောင်းလဲသွားခဲ့၏။
ယခင်ကမူ ကျောင်းမှ လူများ၏ သူမအပေါ် အထင်အမြင်ကြီးခြင်းမရှိသလို နှစ်သက်ခြင်းလည်း မရှိကြပေ။ သို့သော် ယခုတွင်တော့ သူတို့သည် သူမအား အလွန်အမင်းကြောက်ရွံ့နေကြသည်။
အပြင်တွင် ကျင်းယွင်ကျောင်း တွေ့ကြုံခဲ့ရသည်များအား အလွန်အမင်း ပုံကြီးချဲ့၍ ပြောဆိုနေကြပြီး သူမသည် နတ်ဘုရားတစ်ပါးကဲ့သို့ပင် သတင်းထွက်နေ၏။ အချို့က ပြောကြသည်မှာ လုကျားသည် ကိုယ်ခံပညာရှင်များဖြစ်ကြသည့် အစ်ကိုများစွာကို ခေါ်လာသော်လည်း သူတို့သည် ကျင်းယွင်ကျောင်းကို လဲကျသွားအောင်ပင် မစွမ်းဆောင်နိုင်ဟူသတတ်။ ကောလဟာလများအရ ကျင်းယွင်ကျောင်းသည် ခက်ခဲနက်နဲသော ကိုယ်ခံပညာရပ်များကို လေ့ကျင့်ထားပြီး သူမတွင် နောက်ကွယ်မှ အကူအညီပေးနေသည့် လူဆိုးဂိုဏ်းများမှ ညီအစ်ကိုများလည်း ရှိသည်ဟု ဆိုကြသည်။
ထိုယုံတမ်းပုံပြင်များကို ကြားသောအခါ ကျင်းယွင်ကျောင်းသည် သူတို့အား ရယ်ရုံသာ ရယ်နေလိုက်၏။
“ယွင်ကျောင်း၊ နင့်ရဲ့စိတ်ထားက ကောင်းလွန်းနေတယ်လို့ မထင်ဘူးလား။ အတန်းထဲကလူတွေက နင့်ကို ဘယ်လိုမြင်ကြတယ်ဆိုတာရော သိလား”
အတန်းထဲ၌ ရှောင်ဟိုင်ချင်းသည် သူမအား တံတောင်ဖြင့်တွက်၍ ခပ်တိုးတိုး မေးလိုက်သည်။
ရှောင်ဟိုင်ချင်းသည် ခဏမျှကြာအောင် အလေးအနက် စဥ်းစားနေသော်လည်း သူမသည် ရှုပ်ထွေးနေဆဲပင်။ ကမ္ဘာပေါ်တွင် ကျင်းယွင်ကျောင်းလို ထူးဆန်းတဲ့သူ ဘယ်လိုများ ရှိနေတာလဲ။
သူမ, မကြာခဏ ဖြစ်ပျက်ကြုံတွေ့နေရသော ရုတ်ရုတ်သဲသဲ အဖြစ်အပျက်များကို မပြောပါနှင့်ဦး၊ သူမကိုယ်တိုင် ဘာမှမဖြစ်သလို ပြုမူနေခြင်းက ပို၍ပင် ထူးဆန်းသည့် အရာဖြစ်သည်။ သူမသည် ပုံမှန်အတိုင်းပင် အတန်းတက်နေပြီး ကွာခြားသွားသည့် တစ်ခုတည်းသော အရာမှာ သူမ နေ့တိုင်း တစ်ခုခုကို မသဲမကွဲ ရွတ်ဆိုနေခြင်းဖြစ်၏။ ထိုအထဲတွင် ထူးဆန်းသော ဆေးအမည်များလည်း အမြဲတမ်းပါသည်။ အလွန်ပင် ရှုပ်ထွေးလှ၏။
“လူတိုင်းရဲ့မျက်နှာပေါ်မှာ ပါးစပ်တွေပါနေတာပဲဟာ။ ငါက ဘာလုပ်နိုင်မှာတုန်း”
ကျင်းယွင်ကျောင်းသည်လည်း ကူကယ်ရာမဲ့ဖြစ်နေသည်။ သူမသည် အတိတ်ဘဝက ဆုံးရှုံးခဲ့ရသည့် နာမည်ကောင်းကို ပြန်လည်ရယူချင်ခဲ့သော်လည်း အခြေအနေ အနည်းငယ်ပြန်ကောင်းလာစမှာပင် သူမသည် လုကျား၏ ပြဿနာနှင့် ကြုံလိုက်ရသည်။ ယခုအခါ သူမသည် ညသန်းခေါင်တွင် လမ်းကြားလေးများကို သွားလည်တတ်၍ ကိုယ်ခံပညာလည်း တတ်သည်ဆိုသည့် အကြောင်းကို မသိသေးသူမရှိတော့။ ထို့ကြောင့် သူတို့ထဲမှ မည်သူကများ စူးချူနှင့် ရှောင်ဟိုင်ချင်းကဲ့သို့ သူမ၏ သူငယ်ချင်းဖြစ်ရန် သတ္တိရှိလိမ့်ဦးမည်နည်း။
ဤရက်များတွင် စူးချူ က သူမအား ကြည့်သောအကြည့်များသည်ပင် ဒဏ္ဍာရီလာ သတ္တဝါတစ်ကောင်ကို ကြည့်နေသကဲ့သို့ပင်။ သူမသည် ကျင်းယွင်ကျောင်းအား အတိတ်တွင် တခြားရဲရင့်သော အောင်မြင်မှုများ ရှိသေးလားဟု အမြဲတမ်း မေးနေတတ်သည်။
“အခု ကျောင်းအပြင်က လူတွေက နင့်ကို လူကြမ်းကြီးလို့ ထင်နေကြပြီ”
ရှောင်ဟိုင်ချင်းက ထိုအကြောင်းကိုပြောရင်း ရုတ်တရက် စိတ်လှုပ်ရှားလာ၏။
“နင့်ရဲ့ ဒီမီးခြစ်ဆံလို ပုံစံကဖြင့် လူကြမ်းပုံစံ မပေါက်ပါဘူး။ လေတိုက်လိုက်ရင် အချိန်မရွေး လွှင့်ပါသွားမယ့် စာရွက်လေးတစ်ရွက်နဲ့ ပိုတူတာ”
“စာရွက်ပိုင်းလေးတစ်ပိုင်းက တစ်နပ် ထမင်းသုံးပန်းကန်စားတာကို နင် အရင်က တွေ့ဖူးလို့လား”
ကျင်းယွင်ကျောင်းက ရယ်ရင်း မေးလိုက်သည်။
သူမ ကိုယ်ခံပညာရပ်များကို စတင်လေ့ကျင့်ခဲ့ချိန်မှစ၍ သူမ၏ အစာစားလိုစိတ်မှာ သိသိသာသာ တိုးတက်လာခဲ့၏။ ရှောင်ဟိုင်ချင်းသည် သူမ စားသောက်နေသည်ကိုမြင်တိုင်း အလွန်အမင်း ထိတ်လန့်သွားတတ်သည်။
“အိုး..ဟုတ်သား။ ယဲ့ချင်းရဲ့ မွေးနေ့က နောက်လာမဲ့ စနေနေ့ပဲ”
ရှောင်ဟိုင်ချင်းက ရှေ့တွင် ထိုင်နေသော ကျောင်းကောင်စီ အဖွဲ့ဝင်အား တစ်ချက်ကြည့်၍ ခပ်ပေါ့ပေါ့ မှတ်ချက်ပြုလိုက်သည်။
“အဲဒါ ငါက ဘာလုပ်ရမှာတုန်း”
ကျင်းယွင်ကျောင်း၏ နှုတ်ခမ်းများက ရုတ်တရက် တွန့်ကွေးသွား၏။
သူမသည် ရှောင်ဟိုင်ချင်းကဲ့သို့ အပြောအဆို၊အပြုအမူများက လုပ်ယူထားခြင်းမရှိသော၊ အတုအယောင်မဟုတ်သော ဖြောင့်မှန်သည့် အမျိုးသမီးများကို နှစ်သက်သည်။ ထိုမျက်နှာပေါ်တွင် မောက်မာမှုများပြည့်နေသည့် ယဲ့ချင်းနှင့် လုံးဝမတူပေ။ အခြားသူများအားကြည့်သည့် သူမ၏ အကြည့်များသည် မတူမတန်၊ အထင်အမြင်သေးမှုများအပြည့်နှင့် ဖြစ်သည်။ သူငယ်ချင်းဖွဲ့ရာတွင်လည်း တစ်ဖက်လူ၏အဆင့်အတန်းကို ထည့်သွင်း တွက်ချက်လေ့ရှိ၏။ ကျင်းယွင်ကျောင်းသည် ထိုသို့သော လူစားမျိုးကို စိတ်မဝင်စားပေ။
“နင်က ငတုံးလား။ ယဲ့ချင်းရဲ့စရိုက်အရ သူက သူ့မွေးနေ့ကို ဒီလိုမျိုး အေးအေးချမ်းချမ်း ကျင်းပပါ့မလား။ ငါကြားတာ သူက ထျန်းရှန်းလော်မှာ စားပွဲတချို့ ကြိုပြီး ဘိုကင်လုပ်ပြီးသားတဲ့၊ ပြီးတော့ ငါထင်တာ မမှားရင် သူက အဆင့်တစ်ဆယ်အောက် မနိမ့်တဲ့သူတွေအားလုံးကို ဖိတ်လိမ့်မယ်။ နင်ကလွဲရင်ပေါ့”
ရှောင်ဟိုင်ချင်းက စိုက်ကြည့်လိုက်သည်။
ကျင်းယွင်ကျောင်း ကြောင်သွား၏။ သူမ ထိုအချက်ကို မတွေးမိခဲ့ပေ။
အတိတ်ဘဝ၌ သူမသည် လူအများနှင့် ဝေးဝေးနေသူတစ်ယောက်ဖြစ်၍ ဖိတ်ကြားခံရခြင်းများကိုလည်း ဘယ်တော့မှ သတိမရဘဲ အခမ်းအနားများတွင် ပါဝင်ဆင်နွှဲခြင်း သိပ်မရှိခဲ့ပေ။
ယခုဘဝတွင်လည်း သူမ၏ ဂုဏ်သတင်းမှာ ထိတ်လန့်ဖွယ်ရာဖြစ်ရာ မည်သူက သူမကို ဖိတ်ကြားဝံ့မည်နည်း။
သို့သော်လည်း.....
“အဲဒါ ကောင်းတာပဲ မဟုတ်ဘူးလား။ ငါလည်း အချိန်ဖြုန်းဖို့ မအားဘူး”
ကျင်းယွင်ကျောင်းက ထိုအကြောင်းကို ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။ ဆိုရိုးစကားရှိသည့်အတိုင်း အချိန်သည် အသက်ဖြစ်၍ တတ်နိုင်သမျှ ချွေတာရပေမည်။
Chapter 52 : ကုသမှု ကွာခြားချက်
ရှောင်ဟိုင်ချင််းက သည်းမခံနိုင်တော့ပဲ မျက်လုံးပြူးပြလိုက်သည်။
“နင် ခုထိ နားမလည်သေးဘူးလား။ ဒါ ဘက်လိုက်ပြီး ခွဲခြားဆက်ဆံတာလို့ ခေါ်တယ်။ သူ့မွေးနေ့က ငါတို့နဲ့ဘာမှမဆိုင်ဘူးဆိုတာ မှန်ပေမယ့် ငါ သူ စော်ကားတာကိုတော့ လက်မခံနိုင်ဘူး။ တကယ်လို့ တစ်ယောက်ယောက်က အနာဂတ်မှာ ဒါကို အစဖော်လာခဲ့မယ်ဆိုရင် သူတို့က နင့်ကို လှောင်ပြောင်ကြမယ်ဆိုတာ သိသာတယ်။ သူတို့ ဘယ်လောက်ဉာဏ်များတယ်ဆိုတာ နင် မသိဘဲ မနေပါဘူး။ နင် တကယ်ပဲ အထက်တန်းသုံးနှစ်လုံးကို လူတိုင်းရဲ့ အထင်လွဲခံ၊ အပစ်ပယ်ခံပြီး နေသွားမယ်လို့ စီစဥ်ထားတာလား”
ရှောင်ဟိုင်ချင်းက စိတ်အားထက်သန်စွာ တိုက်တွန်းလိုက်၏။
အကယ်၍ ယခုအချိန်တွင် သူတို့သည် အတန်းထဲ၌သာ မဟုတ်ပါက သူမသည် စားပွဲကို ထုပြီးနေပြီဖြစ်သည်။
ကျင်းယွင်ကျောင်းက ယဲ့ချင်း ထိုင်နေသည့် အရှေ့ဆုံးခုံကို ကြည့်လိုက်၏။
“ဒါဆို ငါတို့ ဘာလုပ်သင့်တယ်လို့ နင်ထင်လဲ။ တကယ်လို့ မဖိတ်ဘဲနဲ့ သွားလိုက်ရင်လည်း ပိုပြီး လှောင်စရာဖြစ်သွားမှာ မဟုတ်ဘူးလား”
“ဟဲဟဲ..တကယ်တော့ ငါ အဲဒီစားသောက်ဆိုင်မှာ VIP စားပွဲတစ်ပွဲ ဘိုကင်လုပ်ပြီးသွားပြီ၊ ပြီးရင် ငါတို့ တစ်စားပွဲလုံးအပြည့် အစားအသောက်ကောင်းတွေ မှာပြီး ပျော်ကြမယ်လေ”
ရှောင်ဟိုင်ချင်းက မျက်စိမှိတ်ပြလိုက်သည်။
ထျန်းရှန်လော်သည် ခရိုင်တွင် နာမည်အကြီးဆုံး စားသောက်ဆိုင်ဖြစ်၏။ စားပွဲတစ်ခု ဘိုကင်လုပ်ရန်ပင် အလွန်အမင်း ခက်ခဲရုံသာမက စျေးများကလည်း မိုးထိမြင့်သည်။ ယဲ့ချင်း၏ မိသားစုသည် စီးပွားရေးမဆိုးသော်လည်း သူမသည် အနည်းငယ် စေးကုပ်၏။ ထို့ကြောင့် သူမသည် သူမ၏ ဂုဏ်သိက္ခာကို အလေးထားလျှင်တောင်မှ VIPစားပွဲကိုတော့ ဘိုကင် မလုပ်မည်မှာ အသေအချာပင်။
သူတို့ နှစ်ဦးစလုံးသည် မည်သူကိုမှ ဖိတ်ကြားရန် မလိုပေ။ သူတို့လုပ်စရာရှိသည်မှာ အချိန်ကျလာလျှင် သူတို့သည် အပေါ်ထပ်တွင် ပေါ်လာရန်ဖြစ်ပြီး လူတိုင်းကို သူတို့အား မြင်ခွင့်ပေးလိုက်ရုံပင်။ သူတို့၏ ရည်ရွယ်ချက်မှာ ကြွားဝါရန် မဟုတ်ဘဲ အတင်းအဖျင်းအချို့ကို တားဆီးချင်ရုံသာဖြစ်သည်။
“ဟုတ်ပါပြီ။ ငါ ဧည့်ခံမယ်လေ”
ကျင်းယွင်ကျောင်းက ပြုံး၍ ပြောလိုက်သည်။
ပတ်ဝန်းကျင်ရှိ အတင်းအဖျင်းပမာဏသည် ဘယ်သောအခါမှ မသေးခဲ့သည်ဖြစ်ရာ ထိုကိစ္စသည် သူမအတွက် တကယ်ပင် ပြဿနာမရှိပေ။ သို့ရာတွင် သူမသည် ရှောင်ဟိုင်ချင်းအား သူမ၏ သူငယ်ချင်းအဖြစ် သတ်မှတ်ထားလိုက်ပြီဖြစ်၍ သူမ,ပေးသည့် အကြံကို လေးစားရပေမည်။
“နင် ဘာလို့ ယဥ်ကျေးနေတာလဲ။ ငါ ပိုက်ဆံမပြတ်ပါဘူးဟ။”
ရှောင်ဟိုင်ချင်းက မျက်မှောင်ကြုံ့လိုက်သည်။
ကျင်းယွင်ကျောင်းက ဇွတ်တရွတ် ဆိုလာပြန်၏။
“ဒါဆို ငါမသွားတော့ဘူး။”
ရှောင်ဟိုင်ချင််းက ဤစကားကိုကြားသောအခါ ကျင်းယွင်ကျောင်းကို စိုက်ကြည့်လိုက်သည်။ သူမ နှုတ်ခမ်းစူလိုက်၏။ သူမသည် ယခင်က ဤမျှခေါင်းမာလှပြီး အခြားသူအား အခွင့်အရေးနည်းနည်းလေးပင် မပေးချင်သည့် မိန်းကလေးမျိုး တစ်ခါမှ မတွေ့ဖူးပေ။ ဘယ်လိုတောင် ခေါင်းမာတဲ့ဟာလေးလဲ။ သို့သော် အမှန်အတိုင်းပြောရလျှင် သူမ ထိုအကျင့်စရိုက်လေးကို ပို၍ ပို၍ နှစ်သက်စ,ပြုလာပြီဖြစ်သည်။
“အိုခေလေ၊ ကောင်းပြီ။ နင် ဧည့်ခံပေါ့။ ဒါပေမယ့် သတိထားနော်၊ ငါက နင် ထိုင်ငိုတဲ့အထိ စားမှာ”
ရှောင်ဟိုင်ချင်းက ပျော်ရွှင်စွာပင် အလျော့ပေးလိုက်သည်။
သူတို့နှစ်ယောက်၏ အပြုအမူများမှာ တိုးတိုးသက်သာမဟုတ်သော်လည်း ဆရာမကျင်က ကျင်းယွင်ကျောင်းကြောင့် ကြိုးစားသည်းခံနေ၏။ သို့သော် သူတို့နှစ်ယောက်သည် ယခင်ကထက်ပင် ပို၍ ဆူညံစွာ တွတ်ထိုးလာကြလိမ့်မည်ဟု သူမ, မမျှော်လင့်ထားခဲ့ပေ။ ထို့ကြောင့် သူမသည် ရှောင်ဟိုင်ချင်းအား ကျောက်သင်ပုန်းပေါ်တွင် အဖြေထွက်ရေးခိုင်းဖို့ ခေါ်ရန် ဆုံးဖြတ်လိုက်သည်။ ရှောင်ဟိုင်ချင်းသည်လည်း အလွန်ထူးဆန်းသော မိန်းကလေးဖြစ်၏။ သူမ၏ စာမေးပွဲအဆင့်များသည် အကောင်းကြီးမဟုတ်သော်လည်း အတန်းထဲတွင်မူ သူမသည် မေးခွန်းများကို ပြီးပြည့်စုံစွာ ဖြေဆိုနိုင်သည်။ ရှောင်ဟိုင်ချင်း သူမ၏ ခုံသို့ ပြန်သွားသောအခါ ဆရာမကျင်သည် အံ့သြသော အမူအယာနှင့် ကျန်ရစ်နေခဲ့၏။
ဥာဏ်ကြီးရှင်တစ်ယောက်နှင့် လူထူးဆန်းတစ်ယောက်ပင်။ ဆရာမကျင်လည်း ဘာမှပြောမနေတော့ဘဲ အေးအေးချမ်းချမ်း အတန်းဆင်းပေးလိုက်သည်။
သို့သော် သင်ခန်းစာအချို့ပြီးသောအခါ ယဲ့ချင်းက ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။
အတန်းတစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး အောက်ဆုံးအဆင့်မှ လူများကလွဲလျှင် လူတိုင်းနီးပါး တူညီသည့် ဖိတ်ကြားမှုတစ်ခုကို လက်ခံရရှိလိုက်သည်။ သေချာပေါက် ကျင်းယွင်ကျောင်းသည် ဖိတ်ကြားမှုကို မရရှိခဲ့ပေ။
“အမ်း...ဖိတ်ကြားမှုကို လက်ခံရရှိတဲ့သူအားလုံး၊ ငါ့မွေးနေ့က စနေနေ့ပါ။ ပြီးတော့ ငါ ထျန်းရှန်းလော်မှာ ဘိုကင်လုပ်ထားပြီးပြီ။ ကျေးဇူးပြုပြီး နင်တို့ အားရင် လာခဲ့ကြပါဦး။ အထူးသဖြင့် အတန်းခေါင်းဆောင်၊ နင်မလာဘူးဆိုရင် ငါ နောက်ကျ နင့်ကို မခေါ်တော့ဘူးနော်”
ကျန်ရှအား ကြည့်နေကျအတိုင်း သူမ၏ အကြည့်များက ချစ်မြတ်နိုးမှုများနှင့် ပြည့်နှက်နေ၏။
“ယဲ့ချင်း၊ နင် ကျင်းယွင်ကျောင်းကို မေ့နေတာလား”
ကျန်ရှက ရုတ်တရက် ထမေးလိုက်သည်။
ဤရက်များတွင် သူသည် ကျင်းယွင်ကျောင်းကို လိုက်ကြည့်နေပြီး သူမအား အတော်လေးသနားစရာကောင်းသည်ဟု ယူဆနေမိ၏။ ရှောင်ဟိုင်ချင်းကလွဲ၍ သူမကို အာရုံစိုက်လိုသည့်သူ မရှိပေ။ နောက်ဆုံးအကြိမ်ပြီးနောက် သူသည် သူမအား ပြောင်းလဲသွားပြီဟုထင်၍ အယုံသွင်းရန်ကြိုးစားခဲ့သည်။ သို့သော် သူမသည် မပြောင်းလဲသည့်အပြင် ပို၍ပင် လက်ရဲဇက်ရဲဖြစ်လာကာ ဘေးအခန်းမှ လုကျားနှင့်ပင် ပြဿနာအကြီးအကျယ်ဖြစ်လိုက်ဦးမည်ဟု သူ လုံးဝ မထင်ခဲ့ပေ။
ကျင်းယွင်ကျောင်းက နှုတ်ခမ်းတွန့်၍ ပြုံးလိုက်သည်။ အချို့လူများတွင် သူတစ်ပါး၏ ကိစ္စကို ဝင်စွက်ဖက်ချင်သည့် ကုရာနတ္ထိဆေးမရှိသော နာတာရှည်ရောဂါရှိတတ်ကြလေ၏။