← Chapters

အခန်း (၅၃-၅၆)

Vol. 3 Ch. 53-56

အခန်း (၅၃-၅၆)

Vol. 3 Ch. 53-56

Chapter 53 : ရွှေဘုံစံမမလေး

“အတန်းခေါင်းဆောင်၊ ငါ မမေ့ပါဘူး။ ငါ သူ့ကို မဖိတ်ခဲ့ရုံပါ”

ယဲ့ချင်းသည် ကျန်ရှအား အစွပ်စွဲခံရသကဲ့သို့ ကြည့်လိုက်သည်။

“ဒီလိုပါ၊ မွေးနေ့တွေဆိုတာ ပျော်ပျော်ရွှင်ရွှင်ပဲ ကုန်ဆုံးသင့်တယ်လို့ ငါထင်တယ်လေ။ မရင်းနှီးတဲ့ သူစိမ်းတွေပါ အတူစုနေရင် နည်းနည်း နေရထိုင်ရခက်နေလိမ့်မယ်။ ငါ ပျော်ပျော်မနေတတ်တဲ့သူတွေကို အလိုမရှိဘူး”

ရှောင်ဟိုင်ချင်းက ထိုအပေါ်ယံဆန်သော စကားများကို ကြားလိုက်ရသဖြင့် စိတ်ပျက်ဟန်ဖြင့် အေးစက်စက် သရော်လိုက်၏။ မရင်းနှီးတဲ့သူ ဟုတ်လား။

ယဲ့ချင်းသည် ကျောင်းကောင်စီအဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး မကြာခဏ အိန္ဒြေကြီးစွာ ပြုမူတတ်သည်။ သူမနှင့် အမှန်တကယ် ရင်းနှီးသော အတန်းဖော်မှာ အနည်းငယ်သာ ရှိ၏။ သူမ ဖိတ်ကြားထားသူများထဲတွင် အများစုမှာ သူမနှင့် တစ်ခါမှ စကားမပြောဖူးသူများ ဖြစ်ကြသည်။ ထိုလူများကိုလည်း ရင်းနှီးသည်ဟု တွက်သည်လား။

သူမသည် ကျင်းယွင်ကျောင်းအား အရှက်ခွဲနေသည်မှာ သိသာသည်။ ကျင်းယွင်ကျောင်းက သူမအပေါ် သို့မဟုတ် တစ်စုံတစ်ခုအပေါ်တွင် အကြွေးတင်နေသကဲ့သို့ပင် သူမသည် မှားယွင်းစွပ်စွဲခံရသည့်အလား ပြောဆိုနေ၏၊

ရှောင်ဟိုင်ချင်းက ဖိတ်စာကို ဖြဲပစ်လိုက်သည်။

“ယဲ့ချင်း၊ နင်ပြောတာမှန်တယ်။ မရင်းနှီးတဲ့ သူစိမ်းတွေပါ အတူစုနေတာက နေရထိုင်ရခက်စေတယ်။ ဒါကြောင့် ငါ အားနာပေမယ့် ငါတို့က မရင်းနှီးတဲ့အတွက် နင့်မွေးနေ့ပွဲကို မတက်နိုင်ဘူး။ ပြီးတော့ ငါနဲ့ ကျင်းယွင်ကျောင်းကလည်း ညစာအတူစားဖို့ အရင်ကတည်းက စီစဥ်ထားပြီးသား။ ငါတို့နှစ်ယောက်တည်းဆို နေရထိုင်ရတာလည်း ပိုအဆင်ပြေတယ်လေ”

ရှောင်ဟိုင်ချင်း၏ ပါးစပ်သည် အလွန်အဆိပ်ပြင်း၏။ သူမသည် ယဲ့ချင််းအား လှည့်ပတ်၍ အပြစ်တင်လိုက်သည်။

ယဲ့ချင်း၏ စိတ်အခြေအနေမှာလည်း မကောင်းပေ။ သူမသည် များသောအားဖြင့် စိတ်ထားကောင်းချင်ယောင်ဆောင်လေ့ရှိသည်။ သို့ရာတွင် ယခုအချိန်၌ ရှောင်ဟိုင်ချင်းက သူမအား အတန်းဖော်များစွာရှေ့တွင် အရှက်ခွဲလိုက်သဖြင့် သူမသည် ချက်ချင်းပင် ပြန်တုံ့ပြန်လိုက်၏။

“ကောင်းသားပဲ။ နင်တို့နှစ်ယောက်လုံးက တိတ်ဆိတ်တာကို ကြိုက်ကြတာဆိုတော့ နင်တို့ဟာနင်တို့ သွားစားကြပေါ့။ ဂုဏ်ယူပါတယ်၊ ကျင်းယွင်ကျောင်း၊ နင်က ပိုက်ဆံရှိတဲ့သူငယ်ချင်းတစ်ယောက်နဲ့ မိတ်ဖွဲ့လိုက်နိုင်တာပဲ။ နင် ရှောင်ဟိုင်ချင်းကို နင့်ရဲ့ကျူရှင်ကြေးတွေ ဘာလို့မပေးခိုင်းလိုက်တာလဲ၊ ပြီးတော့ နင့်ကို အခုစပြီး ပံ့ပိုးခွင့်ကိုရော ဘာလို့မပေးလိုက်တာလဲ”

ကျင်းယွင်ကျောင်းက အမူအယာ ကင်းမဲ့နေသည်။

“ဒါက ထမင်းတစ်နပ်ပဲလေ။ နင်ပြောသလိုသာဆိုရင် နင်ရော ဒီကျောင်းသားတွေ အားလုံးရဲ့ ကျူရှင်ကြေးတွေကို ပေးဖို့၊ သူတို့ကို တစ်သက်လုံး ထောက်ပံ့ပေးဖို့ စီစဥ်နေတာလား”

“မမလေးယဲ့ချင်းက အရမ်းချမ်းသာတယ်လေ။ သူက လူတိုင်းကို ထောက်ပံ့နိုင်တာထက်ကို ပိုသေးတယ်။ ငါနဲ့ မတူဘူး၊ ဒီလို သနားဖို့ကောင်းတဲ့အချက်ကြောင့် ငါကတော့ ကျင်းယွင်ကျောင်းကို ငါ့ကို ဧည့်ခံခိုင်းဖို့လိုတယ်”

သူတို့သုံးဦး စကားအချေအတင်ပြောဆိုနေခြင်းက တစ်ခန်းလုံးအား တိတ်ဆိတ်သွားစေသည်။

ယဲ့ချင်း၏ မျက်လုံးများက အနည်းငယ်နီရဲပြီး နှုတ်ခမ်းများကလည်း အနည်းငယ် မဲ့ကျနေ၏။ သူမသည် အဆက်မပြတ် မျက်တောင်ခတ်နေပြီး မျက်ဝန်းထဲတွင်လည်း မျက်ရည်များဝဲနေကာ ဆိုးဆိုးဝါးဝါး မှားယွင်းစွပ်စွဲခံနေရသကဲ့သို့ပင်။

စက္ကန့်အနည်းငယ်မှ ကြာပြီး နောက်ဆုံး၌ သူမက ပြောလာသည်။

“ကျင်းယွင်ကျောင်း၊ နင် သတိထားတာ ပိုကောင်းမယ်နော်။ ထျန်းရှန်းလော်ရဲ့ဟင်းပွဲတွေက အရမ်းစျေးကြီးတယ်။ နင် ငွေရှင်းဖို့အတွက် ပိုက်ဆံလုံလုံလောက်လောက် ယူသွားဖို့ မမေ့နဲ့။ နင့်အသက်အရွယ်နဲ့သာဆို အကြွေးမဆပ်နိုင်ရင်လည်း သူတို့က နင့်ကို အလုပ်မခိုင်းနိုင်လောက်ဘူး။ ဒါပေမယ့် ငါတို့က အတန်းဖော်တွေဆိုတော့ နင် ပိုက်ဆံပြတ်သွားရင် ငါ့ကို လာရှာလေ။ စားပွဲတစ်ဝိုင်းစာမကတဲ့ ဟင်းပွဲတွေအတွက် ငွေရှင်းရတာက ကိစ္စကြီး မဟုတ်ပါဘူး”

ယဲ့ချင်း၏ စကားများက အလွန်ပင် ရန်စနေ၏။

ကျင်းယွင်ကျောင်းက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး ရုတ်တရက် သူမ၏ အတိတ်ဘဝက ကျောင်းသားများကြားရှိ ကောလဟာလတစ်ခုကို သတိရလိုက်သည်။

ယခင်က သူမသည် ကျောင်းသားတစ်ယောက်ချင်းကို မမှတ်မိတတ်သော်လည်း ထိုအတိတ်နေ့ရက်အချို့၏ နောက်ပိုင်းတွင် ယဲ့ချင်းတစ်ဦးတည်းကသာ သူမ၏ မှတ်ဥာဏ်ထဲတွင် ရှိနေ၏။

ယဲ့ချင်း၏ အဖေသည် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး စူပါမားကတ်ဆိုင်ခွဲ လေးငါးခုခန့်ကို စီမံခန့်ခွဲနေသည်။ သူ၏ စျေးကွက်သည် သေးငယ်သည်ဟု မယူဆနိုင်ဘဲ ဟွားနင်ခရိုင်ကဲ့သို့သော နေရာမျိုးတွင် ကျော်ကြား၍ ဂုဏ်သိက္ခာရှိသည်ဟု ယူဆ၍ရ၏။ မမျှော်လင့်ဘဲ နောက်ပိုင်းတွင် သူသည် သူ၏စည်းစိမ်များကို အခြားနေရာတွင် မြုပ်နှံခဲ့ပြီး ဘာမှ ပြန်မရခဲ့ပေ။ အကြွေးများပင် အကြီးအကျယ်တင်ခဲ့သည်။ ယဲ့ချင်းသည် ချမ်းသာသော မမလေးအဖြစ်မှ အရာကျသွားပြီး သာမန်ကျောင်းသားများထက်ပင် ဆင်းရဲသွားခဲ့၏။

ထိုအစား သူမသည် ငယ်စဥ်ကတည်းက မာနထောင်လွှားခဲ့ရာ ပိုက်ဆံရှိသလိုမျိုး ဆက်၍ ပြုမူနေထိုင်ခဲ့ပြီး သူမ၏ မိခင်ဖြစ်သူကို သတ်သေသည့်အခြေအနေရောက်အောင် တွန်းပို့ခဲ့သည်။

ကျင်းယွင်ကျောင်းသည် အတိတ်ဘဝက ထိုကိစ္စများဖြစ်ပွားခဲ့ချိန်သည် သူမ ကျောင်းထွက်ပြီးနောက် သိပ်မကြာခင်တွင် ဖြစ်နိုင်ကြောင်း သတိရသွား၏။ တစ်နည်းပြောရလျှင် ယဲ့ချင်း၏ အိမ်တွင်းရေးသည် ယခုအချိန်တွင် ရှုပ်ထွေးနေပြီဖြစ်သည်။

ထိုအခိုက်တွင် ကျောင်းယွင်ကျောင်းသည် ယဲ့ချင်းအပေါ်တွင် ချက်ချင်း ရွံရှာစက်ဆုပ်သွားခဲ့၏။ သူမသည် သူမ၏ မိဘအရင်းများနှင့် အေးအတူပူအမျှခံစားပေးနိုင်သော သမီးတစ်ယောက် မဟုတ်ပေ။ သူမသည် မည်မျှပင် ကောင်းမွန်စွာ ဝတ်စားထားစေကာမူ ကျင်းယွင်ကျောင်းအား ပျို့အန်ချင်စိတ်ပေါက်အောင်သာ လုပ်နိုင်လိမ့်မည်ပင်။

Chapter 54 : အရှုံးသမား

ကျင်းယွင်ကျောင်းသည် ယဲ့ချင်းအား ခပ်ပေါ့ပေါ့ တစ်ချက်ကြည့်လိုက်သည်။ သူတို့၏ရန်ဖြစ်ငြင်းခုံမှုက ရပ်တန့်သွားပြီဖြစ်၏။

သူမသည် သူမ၏ ရှေ့တွင်ရှိသော ယဲ့ချင်းကို မေ့သွားသည့်အလား ပြုမူလိုက်၍ ခေါင်းကို အခြားတစ်ဖက်သို့ လှည့်လိုက်သည်။ ယဲ့ချင်းသည် ကျင်းယွင်ကျောင်း ခေါင်းလှည့်သွားသည်ကို မြင်လိုက်ရ၏။ ကျင်းယွင်ကျောင်း၏ အကြည့်သည် ယဲ့ချင်းမှာ ညစ်ပတ်သေးနုပ်သော အရာတစ်ခုဖြစ်သည်ဟူသော အနည်းငယ် တုန်လှုပ်စဖွယ် ခံစားချက်ကို ပေးစွမ်းနေသည်။

ယဲ့ချင်း စိတ်ရှုပ်သွား၏။

ကျင်းယွင်ကျောင်းက သူမအား လျစ်လျူရှုရန် ဆုံးဖြတ်လိုက်သည်မှာ အရှုံးကို လက်ခံသွား၍ ဖြစ်ရမည်။

“ကျင်းယွင်ကျောင်း၊ နင့်မှာ ပိုက်ဆံအများကြီးမရှိဘူးလေ။ နင် ချောင်ဟုန်ယဲ့ကို သွားတောင်းပန်ပြီး သူ့ဆီကနေ ပိုက်ဆံချေးသင့်တယ်လို့ ငါထင်တယ်။ ဘာပဲဖြစ်ဖြစ် သူက နင့်ညီမပဲဟာ”

အရှေ့တွင်ထိုင်နေသော ကျန်ရှက ခေါင်းလှည့်၍ အကြံပေးလာသည်။

“ငါ့ ဖင်ကို ချေးပါ့လား။ နင့် စောက်လုပ်ကိုပဲ နင်လုပ်ရင် သေမှာမို့လို့လား။ နင် ချောင်ဟုန်ယဲ့ကို ဒီလောက်ကြိုက်နေရင် ဘာလို့ သူ့ကို သွားမပြောတာလဲ။ ကျင်းယွင်ကျောင်းရဲ့ နားရွက်တွေနားမှာ ယင်တစ်ကောင်လို တဝီဝီလုပ်နေတာတွေ ရပ်လိုက်စမ်းပါ။ နောက်တစ်ခါဆို ငါ နင့်ရဲ့အပုပ်နံ့ထွက်နေတဲ့ ပါးစပ်ကို အပ်နဲ့ချုပ်ပစ်မယ်”

ရှောင်ဟိုင်ချင်းက စာအုပ်တစ်အုပ်နှင့် ပစ်ပေါက်လိုက်ရာ ကျန်ရှ၏ မျက်နှာအား မှန်သွား၏။ ကျင်းယွင်ကျောင်းသည် ထိုစာအုပ်လှလှပပ ဝိုက်၍သွားသည်အား လက်ခုပ်မတီးဘဲ မနေနိုင်ချေ။

ကျင်းယွင်ကျောင်း၏ နှုတ်ခမ်းလေးများက ကွေးညွတ်သွားပြီး ရှောင်ဟိုင်ချင်းအား ရင်ချင်းအပ်၍ ဖက်လိုက်သည်။

“ကောင်းကောင်း ပြောခဲ့တာပဲ”

“ဒါပေါ့၊ ဒါတောင် တကယ်ကို နောက်ပိုင်းမှာ ငါ့ကိုယ်ငါ ပြန်ထိန်းလိုက်လို့၊ မဟုတ်ရင် သူ့ရဲ့ဘိုးဘေးတွေကိုပါ ဆွဲထုတ်ပြီး သူတို့ကိုပါ အော်ဆဲပစ်မှာ”

၎င်းက ကျင်းယွင်ကျောင်းအား အားရကျေနပ်စေခဲ့၏။ နောက်ပိုင်း သူမနှင့် ပတ်သတ်ပြီးနောက် ရှောင်ဟိုင်ချင်းသည် အမြဲတမ်း ငြင်သာ၍ အိန္ဒြေရှိလာခဲ့သည်။ ၎င်းက ယခု ရှောင်ဟိုင်ချင်းသည် အတိတ်ဘဝက ရှောင်ဟိုင်ချင်းနှင့် တစ်ယောက်တည်းမဟုတ်ဟုပင် ကျင်းယွင်ကျောင်းအား တွေးမိလုနီးပါး ဖြစ်စေခဲ့၏။

ကျန်ရှသည် အပြောသာ ရှိသူဖြစ်သည်။ အမှန်တကယ် ဖိအားပေးပါက သူကဲ့သို့သော ယောက်ျားတစ်ယောက်သည် ရှောင်ဟိုင်ချင်းလောက်ပင် အဖြစ်ရှိမည် မဟုတ်ပေ။ ယခုအချိန်တွင် သူသည် ရှောင်ဟိုင်ချင်းထံမှ ဆိုးဆိုးဝါးဝါး ကြိမ်းမောင်းခံထားရသဖြင့် စကားလေးတစ်ခွန်းမှပင် ပြန်မတုံ့ပြန်ရဲချေ။ သူသည် သူ၏ ဂုဏ်သိက္ခာကို အလေးထားသူဖြစ်ရာ ဘာမှမဖြစ်သကဲ့သို့ ပြုမူလိုက်ရင်း ချက်ချင်း အကြောင်းအရာကို ပြောင်းလဲလိုက်၏။

“အရှုံးသမား”

ရှောင်ဟိုင်းချင်းက မဲ့ရွဲ့၍ သူ့အား အထင်သေးစွာ ကြည့်လိုက်သည်။

ယဲ့ချင်းသည် ကျန်ရှ၏ အားနည်းသော စိတ်ဓါတ်ကို မကျေမနပ်ဖြစ်သွားပြီး အတန်းရှေ့ရှိ စတိတ်ပေါ်မှ ဒေါသတကြီး ဆင်းသွား၏။ သူမသည် စာရေးခုံများကို ဒေါသတကြီး ရိုက်လိုက်ပြီး ထိုင်ခုံများကို ဆွဲလှန်ပစ်သည်။ သို့သော် မည်သူကမှ သူမကို အဖတ်မလုပ်သဖြင့် နောက်ဆုံး၌ စိတ်လျော့လိုက်ရ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် စနေနေ့သို့ ရောက်ရှိလာသည်။ ကျင်းယွင်ကျောင်းသည် အိမ်မှ စောစောထွက်လာခဲ့ပြီး လမ်းကြားလေးဆီသို့ ဦးတည်လိုက်၏။

ဤတစ်ကြိမ်တွင် သူမသည် ဂျင်ဆင်းမြစ်တစ်ခုတည်းကိုသာ ယူခဲ့သည်။ ၎င်း၏ ပုံစံမှာ အလွန်လှပ၏။ အဖိုးရှုသည် ဤဂျင်ဆင်းမြစ်ကို ဝယ်နိုင်မည်လား သူမ သိချင်လှသည်။

ဂျင်ဆင်းများကို စျေးသတ်မှတ်မထားပေ။ အချို့သည် တစ်ကျင်းလျှင် ယွမ်ထောင်ဂဏန်းမျှသာ ရှိသော်လည်း အချို့မှာမူ တစ်ခုတည်းကို ယွမ်သန်းနှင့်ချီ၍ တန်သည်များလည်း ရှိ၏။

ကျင်းယွင်ကျောင်း၏ ဂျင်ဆင်းသည် နေရာလွတ်နယ်မြေထဲမှ ရေပန်းရေများစွာကို အသုံးပြုထား၏။ အခြားဆေးပင်များကို ရေပန်းရေအား အကြိမ်များစွာ ရေရောပြီး ပြင်းအားကိုလျှော့၍ လောင်းသည်။ သို့သော် ဤဂျင်းဆင်းကို လောင်းသည့် ရေပန်းရေအချိုးကိုမူ ဆယ်ဆ တစ်ဆ သုံးထား၏။ ဂျင်ဆင်း၏ အမြစ်မွေးများအားလုံးကိုလည်း ဂရုစိုက်၍ ထိန်းသိမ်းထားသည်။ သူမသည် ဂျင်ဆင်းကို နေရာလွတ်နယ်မြေမှ ထုတ်ယူခဲ့စဥ်က သူမ၏ နေရာလွတ်ပိုးကောင်လေးများသည် ၎င်းကို သွားခွင့်မပြုလိုဘဲ တွက်ကပ်နေကြ၏။ ပစ္စည်းကောင်းတစ်ခုဖြစ်ကြောင်း သက်သေပင်။

“မင်း ဒီနေ့ ဘာဆေးပင်မှ မပါလာဘူးလား”

ဆေးစာအုပ်များကို အလွတ်ဆိုပြီးနောက် အဖိုးရှုက မျက်လုံးဝင့်ကြည့်၍ မေးလိုက်သည်။

“ကျွန်မမှာ အဖိုးကို ပြဖို့ ပစ္စည်းတစ်ခုပါလာတယ်။ အဖိုးဝယ်နိုင်ရင်တော့ ဝယ်ပါ။ မဟုတ်ရင်တော့ ကိုယ့်ကိုကိုယ် အရမ်းဖိအား မပေးပါနဲ့နော်”

ကျင်းယွင်ကျောင်းသည် အမှန်တကယ်ပင် ဤအဖိုးအိုအား သနားမိသည်။ သူ၏ အကျင့်စရိုက်သည် အလွန်ထူးဆန်း၏။ သူ၏ ဘေးရှိ အေးစက်စက် တပည့်မှလွဲ၍ သူ့တွင် အခြား မည်သူမှ မရှိပေ။

“အချိန်ဖြုန်းနေတာကို ရပ်လိုက်။ မင်းမှာ ရှိရင် ထုတ်လိုက်တော့။ စကားကို တအားများတယ်”

အဖိုးရှုက သူမကို ကြည့်လိုက်သည်။

သူတို့ တစ်ယောက်နှင့်တစ်ယောက် သိသည်မှာ သိပ်မကြာသေးသော်လည်း ကျင်းယွင်ကျောင်းသည် သူ၏ အကျင့်စရိုက်ကို နားလည်ပြီးဖြစ်သည်။ သူမသည် သူ၏ အပြောကို ဂရုမစိုက်ဘဲ ဂျင်ဆင်းကို ထုတ်လိုက်၏။

ဤအဖိုးအိုသည် အလွန်ကျွမ်းကျင်သည်။ ဂျင်ဆင်းကို စက္ကူတစ်ထပ်ဖြင့် ပတ်ထားသော်လည်း သူသည် ၎င်း၏ အနံ့ကို အာရုံခံနိုင်၍ သူ၏ အမူအယာမှာ ချက်ချင်းပင် သတိအနေအထားဖြစ်သွားပြီး ထိတ်လန့်သွား၏။

သူသည် ဂျင်ဆင်းကို သူမ၏ လက်ထဲမှ ဂရုတစိုက်ဖြင့် လက်ခံယူလိုက်သည်။ ထို့နောက် ၎င်းကို ဖွင့်လိုက်သည်နှင့် မျက်လုံးပြူးသွား၏။

“ဒီလို ပစ္စည်းကောင်းတွေကို မင်းက ဘာလို့ ဒီညစ်ပတ်တဲ့အမှိုက်နဲ့ ဖုံးလာရတာလဲ။ ကံကောင်းလို့ အမြစ်မွေးလေးတွေ မကျိုးလာတယ်။ မဟုတ်လို့ကတော့ မင်း ဒီကို ထပ်လာစရာမလိုတော့ဘူး”

Chapter 55 : ငွေလွှဲပြီးစီးခြင်း

အဖိုးရှုသည် ဂျင်ဆင်းအား နှာဘူးတစ်ယောက်က မိန်းမတစ်ယောက်အား စစ်ဆေးသကဲ့သို့ စစ်ဆေးနေသည်။ စစ်ဆေးပြီးနောက် ခဏအကြာတွင် သူ၏မျက်လုံးများမှ အစိမ်းရောင်များ တောက်ပလာ၏။

“သုံးသန်း။ ပိုက်ဆံယူသွား။ ပစ္စည်းကို ထားခဲ့”

အဖိုးရှုသည် ဂဏန်းတစ်ခုကို ချက်ချင်းပင် ပြောလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူ၏ လက်ထဲမှ ဂျင်ဆင်းကိုတော့ ပြန်လွှတ်ပေးလိမ့်မည်မဟုတ်ပေ။

သို့သော် သူ ကျင်းယွင်ကျောင်းအား ကြည့်သည့် အကြည့်များမှာ သူမသည် ရတနာသေတ္တာတစ်လုံးဖြစ်သကဲ့သို့ပင် ပို၍ စိတ်အား ထက်သန်လာသည်။ သူ သက်ပြင်းချလိုက်၏။ ၎င်းမှာ မြင်ရခဲသော ပစ္စည်းကောင်းတစ်ခုဖြစ်၍ မြို့တော်၌ပင် မြင်ရခဲသောအရာဖြစ်သည်။ သူသည် ၎င်းကို စားသုံးရန်အတွက် တစ်ပိုင်းစီ လှီးပစ်လိမ့်မည်မဟုတ်ပေ၊ ဖြုန်းတီးရာ ကျ၏။ အရက်ထဲတွင် စိမ်ထားသည်က အကောင်းဆုံးဖြစ်သည်။ ကျန်းမာရေးအတွက် အထူးကောင်းမွန်၍ အသက်ရှည်စေသည်။

ထိုအချိန်တွင် ကျင်းယွင်ကျောင်းသည် သုံးသန်း ဟူသော စကားကြောင့် မူးဝေနေပြီဖြစ်၏။ အတိတ်ဘဝတွင် သူမသည် သုံးသန်းမပြောနှင့်၊ သုံးသောင်းပင် တစ်ခါမှ မထိဖူးခဲ့ပေ။

ထိုအစား သူမသည် ဆင်ခြင်တုံတရား ကင်းမဲ့မသွားခဲ့။

“အဖိုးရှု၊ အဖိုးမှာ ဒီလောက် ပိုက်ဆံအများကြီး မရှိရင် ကျွန်မတို့ ဒီလိုလုပ်ဖို့ မလိုပါဘူး။ ဒီဂျင်ဆင်းကြောင့်တော့ ဒီအိမ်ကြီးကို မရောင်းပါနဲ့”

ဒီအဖိုးရှုက သက်ကြီးရွယ်အိုတစ်ယောက် မဟုတ်လား။ သူ့မှာ ပိုက်ဆံ ဘယ်လောက်များများ ရှိနိုင်လို့လဲ။

အကယ်၍ ဤဂျင်ဆင်းကြောင့်သာ ဤအဖိုးအိုသည် သူ၏ အိမ်ကို ဆုံးရှုံးသွားပြီး ညတိုင်း အေးစက်နေသောနေရာတွင် နေရလျှင် သူမကိုယ်တိုင်လည်း အသက်ရှင်နိုင်မည် မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် ဤအဖိုးရှုသည် သူမအပေါ် အလွန်ကောင်း၏။

အဖိုးရှုသည် ထိုစကားကို ကြားသောအခါ ဒေါသူပုန်ထသွားသည်။ သူသည် သူမအား အော်ဟစ်ကြိမ်းမောင်းချင်သော်လည်း သူ၏ လက်ထဲရှိ ဂျင်စင်းကို သတိရသွားပြီး စိတ်ကိုလျှော့ချလိုက်၏။ သူသည် သုံးခဲလှသည့် နူးညံ့သော အသံဖြင့် ပြောလိုက်သည်။

“မင်းကို ငါ့ကို အထင်သေးနေတာပဲ။ ဒီလောက်ပိုက်ဆံကတော့ ငါ့အတွက် ဘာမှမဟုတ်ဘူး။ ရှင်းယွမ်၊ မင်း ဒီကောင်မလေးကို ငွေလွဲပေးဖို့ တာဝန်ယူလိုက်”

အမှန်ပင် အဖိုးရှု၏ ဘေးရှိ သက်လတ်ပိုင်းအရွယ်လူကြီး၏ အမည်မှာ ရှင်းယွမ်ဖြစ်သည်။

သူသည် အေးစက်စက်အမူအယာနှင့် ဖြစ်၏။ အဖိုးရှုတစ်ဦးတည်းကိုသာ ရိုသေလေးစားသည်။ သူ၏ အမူအယာသည်လည်း ချက်ချင်းပင် ပြောင်းသွား၏။ သို့သော် ကျင်းယွင်ကျောင်းသည် အဖိုးရှု၏ မျက်နှာသာပေးခံရသူဖြစ်ရာ ရှင်းယွမ်သည် ယခင်ကထက် ပို၍ ယဥ်ကျေးသွားပုံပင်။

“ကျွန်မမှာ ဘဏ်ကဒ်မရှိဘူး”

ကျင်းယွင်ကျောင်းသည် အနည်းငယ် ရှိုးတို့ရှန်းတန့် ခံစားနေရ၏။

“ဒါဆို ရှင်းယွမ်က မင်းကို ခေါ်သွားပြီး တစ်ခုလုပ်ပေးလိမ့်မယ်”

အဖိုးရှုက စိတ်မရှည်ဟန်ဖြင့် လက်ကို ဝှေ့ယမ်းကာ ပြောလိုက်ပြီး ဂျင်ဆင်းကို ကိုင်ရင်း အထဲသို့ ဝင်သွားသည်။

ကျင်းယွင်းကျောင်းက အနည်းငယ် မျှော်လင့်ချက်မဲ့ဖြစ်နေ၏။

“ဦးလေးရှင်းယွမ်၊ ဂျင်ဆင်းက တကယ်ကြီး အဲ့လောက်တောင် တန်တာလားဟင်”

“မင်းယူလာတဲ့တစ်ခုက သက်တမ်းရင့်နေပြီ။ သူရဲ့ပုံစံကလည်း ထိခိုက်ထားမှုမရှိဘူး၊ ဒါကြောင့် သူ့ရဲ့တန်ဖိုးက ကျမသွားတာ။ ဒါပေမယ့် ဒီလိုအရည်အသွေးကောင်းတာမျိုးက အများကြီးမရနိုင်ဘူး”

ဦးလေးရှင်းယွမ် ခဏကြာအောင် အံအားသင့်နေပြီးနောက် ပြန်ဖြေလာသည်။

ကျင်းယွင်ကျောင်းသည် ရုတ်တရက် အရေးပေါ်သတိပေးချက်တစ်ခု ရရှိလိုက်သလို ခံစားလိုက်ရ၏။ ဤဂျင်ဆင်းကို ရောင်းချခြင််းသည် တစ်ကြိမ်နှင့်ပင် လုံလောက်သည်။ အကယ်၍ သူမသာ အကြိမ်များစွာ ရောင်းချမိပါက အဖိုးရှုသည် မေးခွန်းများ မမေးလာဘဲ နေတော့မည် မဟုတ်ပေ။

သို့သော် အဖိုးရှုနှင့် ဦးလေးရှင်းယွမ်သည် လူကောင်းများဖြစ်ကြသည်။ ယခင်က သူမ ယူလာသည့် ဆေးပင်များသည် ဤဂျင်ဆင်းလောက် အဖိုးမတန်သော်လည်း ၎င်းတို့၏ အရည်အသွေးများအားလုံးမှာ ရှားပါး၍ အလွန်ကောင်းမွန်၏။ ဤလူနှစ်ယောက်သည် တွန့်ဆုတ်မှုမရှိဘဲ လက်ခံခဲ့ကြသည်။ အကယ်၍ အခြားသူသာဆိုပါက သူတို့သည် သိချင်စိတ်ကို မထိန်းနိုင်ဘဲ မေးမြန်းပြီးဖြစ်လိမ့်မည်ပင်။

ဤလမ်းကြားသည် အတော်လေး ခေါင်သော နေရာတွင် ရှိသော်လည်း အနီးနားတွင် ဘဏ်တစ်ခုရှိသည်။ ကျင်းယွင်ကျောင်းသည် ငယ်ရွယ်သော်လည်း ရှင်းယွမ်က သူမနှင့်အတူ အဖော်လိုက်လာပေးသည်ဖြစ်ရာ မည်သူကမှ သူတို့အား အလွန်အမင်း ဂရုစိုက်မနေကြပေ။

သူမသည် ကျောင်းအတွက် ငွေအမြောက်အမြားလိုသည်။ နေ့စဥ် အသုံးစရိတ်များလည်း လို၏။ ထို့ကြောင့် လက်ထဲတွင် ငွေသိန်းဂဏန်းခန့် ချန်ထားလိုက်ပြီး ကျန်သောငွေများကို ကဒ်နှစ်ကဒ် ခွဲ၍ သိမ်းလိုက်သည်။

ငွေလွှဲခြင်းကိစ္စများပြီးသောအခါ ကျင်းယွင်းကျောင်းသည် ချိန်းထားသည့် ထျန်းရှန်းလော်သို့ ဦးတည်လိုက်၏။

ထျန်းရှန်းလော်သည် ခရိုင်မြို့၏ အလယ်တွင်ရှိပြီး အလွန်ကျယ်ဝန်းသည်။ အထဲရှိ အပြင်အဆင်များသည်လည်း လုံးဝ ထိပ်တန်းအဆင့် ဖြစ်၏။

ဤထျန်းရှန်းလော်၏ ပိုင်ရှင်သည် ဤဇာတိမဟုတ်ဘဲ မြို့တော်ရှိ အင်အားကြီးမိသားစုတစ်ခုမှဟူ၍ တစ်စုံတစ်ယောက် ပြောသည်အား ကျင်းယွင်ကျောင်း တစ်ခါကြားဖူးသည်။ သူ၏ ဘိုးဘေးများသည် ဟွားနင်ခရိုင်မှဖြစ်ပြီး သူသည် ဘိုးဘေးများအား အောက်မေ့သတိရသည့် အထိမ်းအမှတ် ဝတ်ပြုဆုတောင်းပွဲ ကျင်းပရန် တစ်ခါတစ်ရံ ပြန်လာတတ်သည် ဟူ၍လည်း သူမ ကြားဖူးသေးသည်။ ထို့ကြောင့် သူသည် သူ အဆင်ပြေစေရန်အတွက် ဤစားသောက်ဆိုင်ကြီးကို တည်ဆောက်ခဲ့၏။

“ယွင်ကျောင်း”

သူမ တံခါးမှ ဝင်လိုက်သည်နှင့် ရှောင်ဟိုင်ချင်းက ခုန်ပေါက်၍ ပြေးလာသည်။

“နင် လာတာ နောက်ကျလိုက်တာ။ ငါက နင် ငါ့ကို မေ့နေပြီထင်နေတာ”

Chapter 56 : ဆေးမှားသောက်ခြင်း

ယနေ့ ရှောင်ဟိုင်ချင်းသည် သူမ၏ ဆံပင်ကို ခပ်မြင့်မြင့် စည်းထားပြီး အနက်ရောင် ကုတ်အင်္ကျီတစ်ထည်အား ဝတ်ဆင်ထား၏။ သူမ၏ ဖြူဖွေးကြည်လင်သော အသားအရည်ပေါ်တွင် မိတ်ကပ် လုံးဝလိမ်းမထားသော်လည်း သူမ၏ ရင့်ကျက်သောသွင်ပြင်က ဖြောင့်မတ်တည်ကြည်သော ခံစားမှုတစ်ခုကို ပေးနေသည်။

“ငါ ပိုက်ဆံထုတ်ဖို့ သွားနေတာနဲ့ နည်းနည်း နောက်ကျသွားတယ်။ ယဲ့ချင်းနဲ့ ကျန်တဲ့သူတွေရော ရောက်ပြီလား”

ကျင်းယွင်ကျောင်းက မျက်မှောင်ကြုံ့၍ မေးလိုက်၏။

သူတို့၏ အကြောင်းကို ထည့်ပြောလိုက်သောအခါ ရှောင်ဟိုင်ချင်းသည် နှုတ်ခမ်းကို မဲ့လိုက်ပြီး ...

“သေချာတာပေါ့။ သူတို့အစောကြီးလာပြီး ခန်းမထဲမှာ စုနေကြတယ်။ အို...ဟုတ်သားပဲ၊ သူက အထဲဝင်လာပြီး ငါ့ကိုတောင် နင့်အကြောင်း မေးနေသေး။ သူပြောတာက ငါတို့ ဗိုက်မပြည့်သေးရင် သူက ငါတို့ကို ထပ်ပြီးတော့ ဧည့်ခံပါမယ်တဲ့”

ဘယ်လိုအတန်းအစားမျိုးလဲ ...

ရှောင်ဟိုင်ချင်း၏ မူလရည်ရွယ်ချက်မှာ ရိုးစင်းပြီး ယဲ့ချင်းနှင့် အခြားသူများအပေါ် မည်သည့်ကြွားဝါမှုကိုမှ လုပ်ရန် အစီအစဥ်မရှိပေ။ သူမသည် အခြားသူများအား ကျင်းယွင်ကျောင်းကို လွယ်လွယ် အနိုင်ကျင့်၍ မရကြောင်း ပြောပြချင်ရုံပင်။ သို့ရာတွင် ယဲ့ချင်း၏ စိတ်နေစိတ်ထားမှာ ဆိုးရွားလှသည်။ ဤရက်များ အတောအတွင်း သူမသည် သူတို့၏ နောက်ကွယ်တွင် ဆက်လက်၍ လှောင်ပြောင်နေခဲ့၏။ ကျင်းယွင်ကျောင်းနှင့် ရှောင်ဟိုင်ချင်းက ထိုအတွက်ကြောင့် အနှောက်အယှက်မဖြစ်သော်လည်း အခြားတစ်ဖက်ကတော့ အဆုံးမရှိ ဆက်လက်လုပ်ဆောင်နေမည်မှာ အမှန်ပင်။

“သူက ဟင်းပွဲတစ်ချို့ ပိုမှာချင်နေတယ်လို့ ဆိုရင်တောင် ငါတို့က ဘာလို့ သူ့ရည်ရွယ်ချက်အတိုင်း မသွားဘဲ နေရမှာလဲ။ လာ သွားကြစို့၊ ငါတို့က အပေါ်ထပ်ကို သွားကြမယ်”

ကျင်းယွင်ကျောင်းက ရှောင်ဟိုင်ချင်း၏ လက်မောင်းကို ချိတ်လိုက်ပြီး နှစ်ဦးသားသည် မှန်တံခါးများကို ထပ်မံဖြတ်သန်း၍ ဝင်လာခဲ့ကြသည်။

ရှောင်ဟိုင်ချင်းသည် ကျင်းယွင်ကျောင်း၏ သဘောထားကြောင့် ဘာလုပ်လို့ ဘာကိုင်ရမှမှန်းမသိ ဖြစ်နေသော်လည်း ကျယ်ကျယ်လောင်လောင်ပင် ရယ်မောလိုက်၏။

ကျင်းယွင်ကျောင်းသည် တစ်ခါမှ ဤမျှ စိတ်အားမထက်သန်ဘူးပေ၊ သူ ဒီနေ့ ဘာဖြစ်ထားတာလဲ။ ဆေးများ မှားသောက်လာတာလား။

ယခုအချိန်တွင် ကျင်းယွင်ကျောင်း၏ မျက်နှာမှာ အပြုံးများနှင့်ပြည့်နေ၏။ သူမ၏ စိတ်နေစိတ်ထားတစ်ခုလုံးသည် အတော်လေး ပြောင်းလဲသွားပြီဖြစ်သည်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုများ ပြည့်ဝနေသည့် အရှိန်အဝါတစ်ခုနှင့် သူမ၏ အပြုံးသည် နွေဦးရနံ့များနှင့် နေရောင်ခြည် အလျှံအပယ်ကို သယ်ဆောင်လာ၏။ ယခင်က စိတ်ဓါတ်ကျ၍ အေးတိအေးစက်ဖြစ်နေသော ခံစားချက်နှင့် လုံးဝကွာခြားလှသည်။

ဤပြောင်းလဲမှုသည် ယွမ်သန်းသုံးရာ၏ ကျေးဇူးကြောင့်ဖြစ်၏။

အမှန်ပင် ကျင်းယွင်ကျောင်းသည် ထိုပမာဏနှင့် ကျေနပ်မည်မဟုတ်ပေ။ သူမသည် ကမ္ဘာသစ်၏ တံခါးကို ဖွင့်လိုက်သကဲ့သို့ ယောင်ဝါးဝါး ခံစားနေရသည်၊ သူမသည် အပြေးအလွှားသွား၍ အတောက်ပဆုံးသော နေရာများတွင် ရှိနေနိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။

အတိတ်ဘဝတွင် သူမသည် အမြဲတမ်း အမှောင်ထုထဲတွင်သာ နေခဲ့ရပြီး အကန့်အသတ်မဲ့သော ငွေကြေးဥစ္စာများ သို့မဟုတ် သူမ စိတ်အားထက်သန်သော အသက်မွေးကြောင်းလုပ်ငန်းများနှင့် ထိတွေ့ခွင့်ရရန် ဘယ်တော့မှ အခွင့်အရေး မရှိခဲ့ပေ။ သို့ရာတွင် နတ်ဘုရားများက သူမအား ဒုတိယအခွင့်အရေး ပေးသနားခဲ့သည်။

သူမ၌ သူမ၏ နေရာလွတ်နယ်မြေကဲ့သို့ ကောင်းကင်ဘုံ၏ အလိုဆန္ဒကို ဆန့်ကျင်နေသည့် ပဥ္စလက်ဆန်သော လှည့်ကွက်တစ်ခုရှိ၏။ ပြန်လည်မွေးဖွားလာခဲ့ပြီးနောက် အချိန်တိုလေး အတွင်းမှာပင် သူမ၏ ဘဝသည် ယခင်ကနှင့်မတူတော့ဘဲ လုံးဝပြောင်းလဲသွားခဲ့သည်။ ထိုအချိန်မှစ၍ ဘဝနေထိုင်မှုနှင့်ပတ်သတ်ပြီး သူမသည် ယခင်ကထက် ပိုမိုကောင်းမွန်သော ဘဝတွင် နေထိုင် စီးမျှောသွားရန်သာ စိတ်ထားရှိခဲ့၏။ ယနေ့တွင်တော့ လုံးဝပြောင်းလဲသွားပြီဖြစ်သည်။

ယွမ်သုံးသန်းမျှသော ပမာဏကို ရှာနိုင်ရုံနှင့် မလုံလောက်သေးပေ။

သူမ အလိုရှိသည်မှာ အဆုံးမရှိသော ပိုင်ဆိုင်မှုများနှင့် ပြည့်နှက်နေသည့် တကယ့်ဘဝအစစ်တစ်ခုဖြစ်သည်။

သူမသည် တစ်ကြိမ်သေခဲ့ပြီးဖြစ်၏။ ဘာကိုများ ကြောက်စရာ ရှိပါသေးသနည်း။

သူတို့နှစ်ဦး ခန်းမထဲသို့ ဝင်သွားချိန်တွင် ဤနေရာ၏ ဇိမ်ခံပစ္စည်းများနှင့် ပြည့်နှက်နေသော အပြင်အဆင်ကြောင့် အံအားသင့်သွားကြ၏။ စားသောက်ဆိုင်သည် အထပ်ပေါင်း ဆယ်ထပ်ကျော်ရှိသည်။ အလယ်တွင် တောက်ပနေသော တိုင်လုံးကြီးတစ်လုံးရှိပြီး ပတ်ပတ်လည်ရှိ သလင်းကျောက်များက သက်တံ့ရောင်များသဖွယ် တံလျှပ်ပြန်၍ ဖိတ်ဖိတ်ထနေကာ ရိုမန့်တစ်ဆန်သော ခံစားချက်ကို ပေးစွမ်းနေ၏။

အဆိုပါ အလင်းရောင်များအောက်ရှိ ခန်းမထဲအတွင်းထဲတွင် လက်ရာမြောက်သော ရေပန်းတစ်ခုရှိပြီး အထဲ၌ ငါးများ ကူးခတ်နေသည်။

ခန်းမကြီးတစ်ခုလုံးတွင် စားပွဲပေါင်းတစ်ရာကျော်ရှိ၏။ သို့ရာတွင် ၎င်းက ပြွတ်သိပ်ကြပ်နေသည့် ခံစားမှုကို မပေးသည့်အပြင် ကျယ်ဝန်း၍ ငြိမ်သက်တိတ်ဆိတ်သော ခံစားမှုကို ပေးစွမ်းနေသည်။

ယဲ့ချင်း ကြိုတင်မှာယူထားသည့် စားပွဲနှစ်လုံးသည် နေရာကောင်းတွင် မဟုတ်ဘဲ ၎င်းမှာ လူအများကြီး ဖြတ်သွားဖြတ်လာ လုပ်နေကြသည့် နေရာတွင် ရှိသည်ဟုပင် ဆိုနိုင်၏။

အပြစ်မရှာဘဲ ကျော်ကြည့်လျှင် ယဲ့ချင်း၏ စားပွဲတွင် မြင်သာသော နေရာတွင်ရှိပြီး အခြားသူများစွာ၏ မြင်ကွင်းတွင် ရှိနေသည်။ သို့ရာတွင် တကယ်တမ်း အခြားစားပွဲများနှင့် နှိုင်းယှဥ်ပါက ဤနေရာအနေအထားသည် အချို့သူများအတွက် သက်တောင့်သက်သာ ရှိမည် မဟုတ်ပေ။

“ကျင်းယွင်ကျောင်း၊ နင်တို့ နှစ်ယောက် ထိုင်စရာမရှိရင် ဒီမှာ လွတ်လွတ်လပ်လပ် လာထိုင်လို့ရတယ်နော်။ ဒီနေ့က ငါ့မွေးနေ့လေ။ ဒီလို ပျော်စရာကောင်းတဲ့နေ့မှာ ငါ နင်တို့ကို အရိုးတော့ မကိုက်ခိုင်းပါဘူး”

ယဲ့ချင်းက သူတို့ လမ်းလျှောက်လာသည်ကို မြင်သောအခါ ပြုံး၍ ပြောလာသည်။

သူမသည် ဆောင်းတွင်းဝတ် ပန်းရောင်ဂါဝန်တစ်ထည်ကို အပြင်မှ ပိုးသား ကုတ်အင်္ကျီအတိုတစ်ထည်နှင့် တွဲဖက် ဝတ်ဆင်ထား၏။ ဤဝတ်စုံသည် စားသောက်ဆိုင်အတွင်း၌ ပြည့်စုံကောင်းမွန်သော်လည်း သူမ အပြင်ဘက်သို့ ထွက်လိုက်သည်နှင့် အေးခဲသွားပေလိမ့်မည်။

All Chapters