← Chapters

အခန်း (၅၇-၆၀)

Vol. 3 Ch. 57-60

အခန်း (၅၇-၆၀)

Vol. 3 Ch. 57-60

Chapter 57 : အတွင်းထိလှိုက်၍ ပုပ်သိုးနေခြင်း

ယဲ့ချင်း၏ အနီးနားရှိ စားပွဲများတွင် လူပြည့်နေ၍ စားပွဲလွတ်မကျန်တော့ပေ။ သူမသည် စကားဆုံးသည်နှင့် ရည်ရွယ်ချက်ရှိရှိပင် စားပွဲနှစ်လုံးပေါ်သို့ မျက်စိကစားလိုက်ရင်း နောင်တရဟန်ဖြင့် ဆက်ပြောလာပြန်သည်။

“အိုင်းယား....ဒီမှာ ထိုင်ခုံတွေလည်း မရှိတော့ဘူး။ ဘယ်လိုလုပ်ကြမလဲ။ ငါ တစ်ယောက်ယောက်ကို ထိုင်ခုံနှစ်ခုံလောက် ထပ်ယူခိုင်းဖို့ ပြောပြီး နင်တို့ ဒီလူတွေရဲ့ နောက်မှာ ထိုင်လို့ရတယ်နော်။ နင်တို့ စားစရာတစ်ခုခု လှမ်းယူချင်ရင် တစ်ယောက်ယောက်ကို အကူအညီတောင်းလိုက်ပေါ့”

“ငါတို့က နင့်ကို နင့်ကိုယ်နင် ဒုက္ခမပေးစေချင်ပါဘူး။ တကယ်လို့ ဒီမှာ ထိုင်ရတာ သက်တောင့်သက်သာမရှိတဲ့ အခန်းဖော်တွေများရှိရင်လည်း သူတို့ကို ငါတို့နဲ့အတူလာထိုင်ရအောင် ဖိတ်ဖို့ ဝန်မလေးဘူးနော်”

ကျင်းယွင်ကျောင်းက ရှေ့တည့်တည့် လျှောက်သွားရင်း ယဲ့ချင်းကို တစ်ချက်ကြည့်၍ ကြောက်ရွံ့မှုလုံးဝမရှိသည့် ပုံစံဖြင့် ပြောလိုက်သည်။

ကျင်းယွင်ကျောင်းသည် မူလကပင် အရပ်မြင့်၍ သန့်ရှင်းစင်ကြယ်၏။ ယနေ့ သူမသည် ဝတ်နေကျပုံစံဖြစ်သည့် ပုံတုံးတုံး ဂါဝန်ပုံစံအစား ဝတ်စုံအသစ်တစ်စုံကို ပြောင်းလဲဝတ်ဆင်ထားသည်။ သူမ၏ ပုံပန်းသွင်ပြင်တစ်ခုလုံးသည် ကြည်လင်ကာ အစွန်းအထင်းမရှိသည့် အလှလေးသဖွယ်ဖြစ်နေပြီး သူမ၏ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိသော အရှိန်အဝါကိုပါ ပေါင်းထည့်လိုက်သောအခါ သူတို့သည် ချမ်းသာသော မိသားစုမှ မမလေးတစ်ယောက်ရောက်လာသည်ကို ကြည့်နေရသည့် အလားပင်။ သို့ရာတွင် သူမ၏စကားပြောပုံဆိုပုံက ယဲ့ချင်းအား ဖိအားအချို့ကို ခံစားသွားရစေ၏။

“ဒီမှာရှိတဲ့ ငါတို့အားလုံးက ရိုးသားပြီးတော့ ဖြောင့်မတ်တဲ့သူတွေပဲ၊ နင် ထပ်ပြီးတော့ အရမ်းကြီး ဟန်ဆောင်နေစရာမလိုပါဘူး။ နင်ပြောတော့ နင် စားပွဲတစ်လုံး ကြိုမှာထားတယ်ဆို။ ဒါဆို ဘယ်နေရာလဲဆိုတာ ငါတို့ကို ပြောပြလေ။ ပြီးတော့လည်း နင် စားပွဲတစ်လုံး မှာထားတယ်ဆိုရင်တောင် အဲဒါက ရှောင်ဟိုင်ချင်း ပိုက်ဆံရှင်းတာ မဟုတ်ပါဘူးလို့ နင့်မှာ သက်သေရှိလို့လား။ ရှောင်ဟိုင်ချင်းရဲ့မိသားစုက ပိုက်ဆံရှိတယ်ဆိုတာ လူတိုင်းသိကြတယ်၊ သူ့မှာ ဒီလိုလုပ်နိုင်တဲ့ အစွမ်းအစ သေချာပေါက် ရှိတယ်”

ယဲ့ချင်းက ဆက်ပြောပြန်သည်။

ကျင်းယွင်ကျောင်း စိတ်ပျက်လက်ပျက်ဖြစ်သွား၏။ သူမသည် တကယ်ပင် ယဲ့ချင်းအား ဘာပြောရမည်မှန်း မသိတော့ချေ။

သူမသည် ငယ်သေး၍ အချို့နေရာများတွင် မရင့်ကျက်သေးသည်အား ခွင့်ပြုပေး၍ရသည်။ သို့ရာတွင် ဤကဲ့သို့ သူမ၏ မိသားစု ဒုက္ခရောက်နေချိန်တွင် သူမသည် ဘာမှမဖြစ်သလို ဟန်ဆောင်၍ နေနိုင်သေး၏။ သူမ၏ မွေးရာပါအကျင့်စရိုက်သည် အတွင်းထိလှိုက်၍ပင် ပုပ်သိုးနေကြောင်း မြင်နိုင်သည်။

ကျင်းယွင်ကျောင်းသည် စကားဆက်ပြောရန် ဒုက္ခရောက်နေသဖြင့် သူမသည် အနားမှ ဖြတ်သွားသော စားပွဲထိုးများထဲမှ တစ်ယောက်အား လက်ပြ၍ ခေါ်လိုက်၏၊

“ကျွန်မတို့ကို ကြယ်တာရာအခန်းကို ခေါ်သွားပေးနိုင်မလား”

“နားလည်ပါပြီ ခင်ဗျ”

ဥာဏ်ပြေးပုံရသော စားပွဲထိုးက ပြုံး၍ ပြန်ဖြေလိုက်သည်။

ထျန်းရှန်းလော်တွင် သီးသန့်ခန်းများစွာရှိ၍ တစ်ခန်းချင်းစီ၏ အတွင်းပိုင်း အပြင်အဆင်များက လက်ရာမြောက်လှသည်။ ဒုတိယထပ်ရှိ ပတ်ဝန်းကျင်သည် ရိုမန့်တစ်အဆန်ဆုံးဖြစ်၏။ တတိယထပ်သည် မိသားစုတွေ့ဆုံပွဲများနှင့် ပုံမှန်ကျင်းပသော ပွဲများအတွက်ဖြစ်ပြီး စတုတ္ထထပ်နှင့် ပဥ္စမထပ်သို့မူ ကုန်သည်ကြီးများနှင့် နိုင်ငံရေးသမားများသာ သွားရောက်နိုင်သည်။ လုံခြုံရေးတင်းကြပ်၍ မည်သူကိုမှ ဝင်ခွင့်မပြုသော နေရာဖြစ်၏။ ၎င်း၏အပေါ်တွင်မူ ဟိုတယ်ခန်းများဖြစ်ကြပြီး အထပ်ပိုမြင့်လေ ဝန်ဆောင်မှုနှင့် ပတ်ဝန်းကျင် အပြင်အဆင်လည်း ပိုကောင်းလေဖြစ်သည်။

(T/N: တရုတ်စားသောက်ဆိုင်တွေမှာ များသောအားဖြင့် သီးသန့်ခန်းတွေ ရှိပါတယ်။)

အခန်းအား ကြိုတင်မှာယူထားသူမှာ ရှောင်ဟိုင်ချင်းဖြစ်၏။ သူတို့နှစ်ယောက်တည်းသာ ဖြစ်သဖြင့် သူမသည် ပတ်ဝန်းကျင်အပြင်အဆင် ပို၍ လှပသပ်ရပ်သော ဒုတိယထပ်မှ တစ်ခန်းကို ရွေးခြယ်လိုက်ခြင်းဖြစ်သည်။ အခန်းထဲမှ လိုက်ကာများကို ဖွင့်လိုက်သည်နှင့် သူတို့သည် ပထမထပ်တွင် ဖြစ်ပျက်နေသမျှအား မြင်နိုင်၏။

ကျင်းယွင်ကျောင်း၏ သူမအပေါ် အထင်သေးသလို အကြည့်များက ယဲ့ချင်းအား ဒေါသအကြီးအကျယ် ထွက်စေသည်။

သို့ရာတွင် သူမသည် ထိုအကြောင်းကို တွေးလိုက်ပြီးနောက် ဒေါသများသည် ခပ်မြန်မြန်ပင် ပျောက်ကွယ်သွား၏။ သူတို့သည် ညစာစားပွဲအဆုံးထိစောင့်လိုက်လျှင် ကျင်းယွင်ကျောင်းတွင် ပိုက်ဆံရှင်းရန်အတွက် ငွေရှိ၊ မရှိကို မြင်ရမည်ဖြစ်သည်။

သူမသည် ဟမ့်ခနဲ ခပ်တိုးတိုးရေရွတ်လိုက်၍ ထိုင်ခုံတွင် ပြန်မထိုင်မီ ခေါင်းယမ်း၍ ပြောလိုက်၏။

“အားလုံးပဲ၊ သူတို့ကို လျစ်လျူရှုထားရအောင်၊ အရင်ဆုံး စားကြစို့”

ဤကျောင်းသားများသည် အဆင့်အတန်းရှိသောသူများ ဖြစ်ကြသည်။ သူတို့သည် ကျင်းယွင်ကျောင်းနှင့် ရှောင်ဟိုင်ချင်းတို့ကဲ့သို့ ခံစားလိုက်ရသော်လည်း ကွာခြားမှုကြီးကြီးမားမား မရှိသည့်အပြင် ယနေ့မှာ ယဲ့ချင်း၏ မွေးနေ့လည်း ဖြစ်၏။ မည်သူကမှ ယဲ့ချင်းကို ကံဆိုးအောင် မလုပ်ချင်ကြပေ။ ထို့ကြောင့် သူတို့သည် သူမအား မျက်နှာသာ ပေးရန် ဆုံးဖြတ်လိုက်ကြသည်။

ယဲ့ချင်းသည် ချက်ချင်းပင် စားပွဲထိုးများအား ခေါ်၍ အစားအသောက်များ တည်ခင်းစေလိုက်၏။ ခဏလေးအတွင်းမှာပင် လှပဆန်းကြယ်စွာ ပြင်ဆင်ထားသော အစားအသောက်များကို တစ်ပွဲပြီးတစ်ပွဲ လာချပေးကြသည်။ ထျန်းရှန်းလော်မှ အစားအသောက်များ၏ အနံ့မှာ သေချာပေါက်ပင် အကောင်းမွန်ဆုံးဖြစ်သဖြင့် လူတိုင်း၏စိတ်အာရုံကို ဆွဲဆောင်နိုင်၏။ မည်သူကများ ဤမတိုင်မီက စိတ်မပျော်စရာ အဖြစ်အပျက်ကို မှတ်မိမည်နည်း။ သူတို့သည် ခပ်မြန်မြန်ပင် စားသောက်ပွဲ ကျင်းပကြတော့၏။

ထိုအခိုက်တွင် ကျင်းယွင်ကျောင်းနှင့် ရှောင်ဟိုင်ချင်းတို့သည် ကြယ်တာရာအခန်းသို့ ရောက်ရှိနေကြပြီဖြစ်သည်။ ကျင်းယွင်ကျောင်းသည် အခန်းတွင်းသို့ ဝင်လိုက်သည်နှင့် သက်တောင့်သက်သာရှိမှုကို ခံစားလိုက်ရ၏။

ကြယ်တာရာအခန်း၏ အပြင်အဆင်သည် အနည်းငယ် ပို၍ မှောင်သည်၊ သူတို့၏ ခြေထောက်အောက်တွင် ထွင်းဖောက်မြင်နိုင်သော မှန်ချပ်ကို ခင်းထားပြီး မှန်ချပ်၏ အောက်တွင် ကြယ်စုံသော ကောင်းကင်ပြင်သဏ္ဍာန်နှင့် ဖြည့်ထား၏။ ၎င်းက သူတို့အား ကြယ်များအပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့ ခံစားရစေသည်။ ဘေးဘက်နံရံလေးဖက်စလုံးတွင် ၎င်းကဲ့သိုပင် တူညီသော မြင်ကွင်းရှိ၍ သူတို့အား စိတ်ကူးယဥ်ကမ္ဘာထဲ ရောက်နေသကဲ့သို့ ထင်ရစေ၏။ အမှန်တကယ်ပင် လှပလွန်းလှသည်။

ရှောင်ဟိုင်ချင်း၏အမူအယာမှာ အားတုံ့အားနာဖြစ်နေဟန်ရပြီး သူမသည် ကျင်းယွင်ကျောင်းအား အလောတကြီး ပြုံးပြပြီး ပြောလာ၏။

“ယွင်ကျောင်း၊ ဒီအခန်းက အခန်းခသပ်သပ်ပေးဖို့ လိုတယ်”

ယခင် သူမသည် အခန်းကို ကြိုတင်မှာယူခဲ့စဥ်က ကျင်းယွင်ကျောင်းက ငွေရှင်းလိမ့်မည်ဟု တခါမှ တွေးမထားခဲ့ပေ။ ထျန်းရှန်းလော်တွင် အခန်းများစွာရှိသော်လည်း သူတို့တွင် ဧည့်သည်က ပိုများ၏။ အခန်းလဲရန်မှာ အတော်လေး ခက်ခဲပေလိမ့်မည်။

Chapter 58 : ကိုယ့်ကိုကိုယ် ပြန်၍ အရှက်ခွဲခြင်း

ရှောင်ဟိုင်ချင်းက ကျင်းယွင်ကျောင်းတွင် ငွေလုံလုံလောက်လောက် ပါမလာမည်ကို စိုးရိမ်နေ၏။ သူမသည် ကျင်းယွင်ကျောင်းကို သတိပေး၍ သူမ၏ ကိုယ်ပိုင် ပိုက်ဆံအချို့ကို ထုတ်သုံးချင်နေသည်။ သို့သော် သူမသည် ကျင်းယွင်ကျောင်း၏ မာနကို ထိခိုက်နာကျင်သွားစေမည်ကိုလည်း စိုးရိမ်၏။ ရှောင်ဟိုင်ချင်း ဒုက္ခရောက်နေသည်။

သို့ရာတွင် ကျင်းယွင်ကျောင်းက ထိုကိစ္စသည် သူမအား မည်သို့မှ အနှောင်အယှက်မဖြစ်သယောင် ပြုမူနေ၏။ သူမသည် ခေါင်းညိတ်ရုံသာ ညိတ်ပြ၍ ထိုင်လိုက်သည်။

ဟင်းပွဲများမှာ ကြိုတင်မှာယူပြီးသားဖြစ်၏။ ကျင်းယွင်ကျောင်းသည်လည်း ဗိုက်ဆာနေပြီဖြစ်ကာ သူတို့နှစ်ယောက်တည်းသာရှိသည်ဖြစ်၍ သူမကိုယ်သူ ဆက်လက်ထိန်းမနေတော့ဘဲ စားပွဲထိုးအား အစားအသောက်များ တည်ခင်းပေးရန်သာ ပြောလိုက်သည်။

ရှောင်ဟိုင်ချင်း၏ မိသားစုသည် ငွေကြေးပြည့်စုံ၏။ သူမသည် အော်ဒါမှာစဥ်က ဘာကိုမှ များများစားစား မတွေးခဲ့ပေ။ သို့သော် ယခုအခါတွင်တော့ လက်ရာမြောက်၍ စျေးကြီးလှသော ဟင်းပွဲများအား တစ်ပွဲပြီးတစ်ပွဲ ယူဆောင်လာသည်ကို ကြည့်၍ သူမသည် မသက်မသာ စတင်ခံစားလာရသည်။

အဆာပြေများက လက်ခံနိုင်ဖွယ်ရှိသော်လည်း ထို့နောက်တွင်...

“လှိုင်းလေကြားမှာ ကူးခတ်နေတဲ့ နဂါး၊ နဂါးနဲ့ ဇာမဏီ အာကာပြင်ပျံဝဲ.......

(T/N : တရုတ်ဟင်းလျာတွေရဲ့ ဆန်းဆန်းပြားပြား နာမည်တွေပါ။)

တကယ်တော့ သူတို့က ကျောက်ပုဇွန် ကြက်သွန်ဖြူအုပ်ကြော်၊ ရိုးရာ ပင်လယ်ငါးပေါင်း၊ ပင်လယ်စာစုံ ငါးမန်းတောင် ဟင်းချိူ.....”

အမှန်ပင်၊ ၎င်းမှာ သူတို့မှာထားသော ဟင်းပွဲများထဲမှ အနည်းငယ်သာဖြစ်၏။ ယဲ့ချင်းကို အနိုင်ယူရန် ရှောင်ဟိုင်ချင်းသည် ပို၍ စျေးကြီးသော ဟင်းပွဲများကိုသာ မှာယူခဲ့သည်။ ဟိုင်ချင်းသည် ထိုဟင်းပွဲများ၏ နာမည်များကို မသိပေ။ သူမ၏ ပါးစပ်ထဲတွင် သူတို့၏ အရသာများသည် ထူးဆန်းလှသည်။ ထို့အပြင် ကျင်းယွင်ကျောင်းသည် ဤဟင်းပွဲများမှ အချို့ပါဝင်ပစ္စည်းများကို ကြားပင်မကြားဖူးချေ။

“အာ...ယွင်ကျောင်း၊ ငါ နင်တစ်ယောက်တည်း ဒါတွေ အကုန်လုံးကို ရှင်းခိုင်းရရင် စိတ်လုံမှာ မဟုတ်ဘူး။ ငါတို့ တစ်ယောက် တစ်ဝက်ရှင်းကြမယ်ဆိုရင်ရော ဘယ်လိုလဲ”

ကျင်းယွင်ကျောင်းက အတော်လေး ပျော်ရွှင်စွာ စားသောက်နေရင်း ဖြေလိုက်သည်။

“မလိုပါဘူးဆို။ ငါ နင့်ကို ဧည့်ခံမယ်လို့ ပြောပြီးသားလေ။ ကျန်နေရင်လည်း အဆင်ပြေတယ်။ ငါ တစ်ချို့ကို အိမ်ယူသွားလိုက်မယ်။ ငါ့မှာ အတူနေသူငယ်ချင်း နှစ်ယောက်ရှိတယ်။ ငါတို့ တူတူနေကြတာ ရက်နည်းနည်းတောင် ကြာပေါ့”

ကျင်းယွင်ကျောင်းက ပြောပြီးနောက် ရှောင်ဟိုင်ချင်းက ပို၍အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရ၏။

“အကုန် ငါ့အပြစ်ပါဟာ။ ငါတွေးသမျှက အလွန်အကြူးချည်းပဲ။ ငါ့မှာ မျှမျှတတတွေးတတ်တဲ့ စိတ်ကို မရှိဘူး”

“နင် နားလည်သရွေ့ အဆင်ပြေပါတယ်။ ဖြုန်းတီးတာက ရှက်စရာကောင်းတယ်၊ ဒါကြောင့် မချန်ဘဲ အကုန်စားကြမယ်။ ဒီပန်းကန်တွေကို ရှင်းပစ်ကြစို့”

ကျင်းယွင်ကျောင်းက ဆက်ပြောလိုက်သည်။ အခန်းထဲတွင် အပြင်လူမရှိသည်ဖြစ်ရာ သူမသည် သူမ၏ အင်္ကျီလက်များကို ခေါက်လိုက်ပြီး သူမ၏ ပုံစံမှာ ချက်ချင်း ပြောင်းလဲသွားတော့၏။

“ငါက စာတော်တဲ့ ကျောင်းသားတွေအားလုံးက ဆက်ဆံရေးမကောင်းဘဲ ကြောင်တောင်တောင်နိုင်တယ်လို့ တွေးခဲ့တာ။ နင့်က ဒီလိုမျိုး သီးသန့်ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး”

ရှောင်ဟိုင်ချင်းက မရယ်မိအောင် ထိန်းထား၍ ခါးသီးနေသော မျက်နှာနှင့် ပြောလိုက်သည်။ သူမ၏ အမူအယာမှာ ပို၍ ပို၍ စိတ်ဝင်စားဖွယ်ကောင်းလာ၏။

သို့ရာတွင် ရှောင်ဟိုင်ချင်းသည် သက်ပြင်းချလိုက်သည်။ ကျင်းယွင်ကျောင်း၏ အပြုအမူများသည် ကပိုကရိုဆန်သော်လည်း အနည်းငယ်မျှပင် အပေါစားဆန်မနေပေ။ အကယ်၍ ဤအပြုအမူများကို အခြားတစ်ယောက်ကသာ လုပ်ပါက လုံးဝကွဲပြားခြားနားနေပေလိမ့်မည်။

ကျင်းယွင်ကျောင်း နှစ်နှစ်ခြိုက်ခြိုက်စားသောက်နေသည်ကို ကြည့်၍ ရှောင်ဟိုင်ချင်းသည် လျှာမသပ်ဘဲ မနေနိုင်တော့ပေ။ သူမက အရှုံးပေးလိုက်ပြီး ပြောလာ၏။

“ဖြည်းဖြည်းစား၊ ငါဖို့လည်း နည်းနည်းချန်ပါဦး...အား၊ ဒါက အရသာရှိလိုက်တာ။ နောက်တစ်ကိုက်လောက်၊ ငါ့ဆီက မလုနဲ့လေ”

နှစ်ဦးသား ပျော်ပျော်ရွှင်ရွှင် စားသောက်နေစဥ်မှာပင် သူတို့၏ သီသန့်ခန်းတံခါးက ရုတ်တရက် ပွင့်လာသည်။

“ဧည့်သည်တော်တို့၊ အောက်ထပ်က ဧည့်သည်တော်တွေက လူကြီးမင်းတို့အတွက် ‘ကြွယ်ဝချမ်းသာကောင်းချီးဖြာ’ ဟင်းတစ်ပွဲ လက်ဆောင်ပို့ခိုင်းလိုက်ပါတယ်။ ကျေးဇူးပြုပြီး သုံးဆောင်ပါ”

စားပွဲထိုးက ယဥ်ကျေးစွာပင် ၎င်းကို အထဲသို့ ယူဆောင်လာ၏။ သူတို့နှစ်ယောက်လုံး ကြည့်လိုက်သောအခါ ကြက်သွန်နှင့် တို့ဖူးအကျန်များကိုသာ မြင်လိုက်ရသည်။

အောက်ထပ်က ဧည့်သည်တွေ၊ ယဲ့ချင်းကလွဲပြီး ဘယ်သူများ ဖြစ်နိုင်ဦးမှာလဲ။

ရှောင်ဟိုင်ချင်း ဘာမှမပြောရသေးမီမှာပင် ကျင်းယွင်ကျောင်းသည် သူမ၏ ဘေးရှိ ပန်းကန်ကို ယူလိုက်ပြီး စားပွဲထိုးကို ပေးလိုက်သည်။

“ဒီလက်ဆောင်လေး ပြန်ပေးပြီး ကျွန်မတို့ကို ဟင်းပွဲပေးတဲ့ မိန်းကလေးကို ပြောပေးပါဦး၊ ဒီဟင်းပွဲက အရသာတော်တော်ကောင်းတယ်၊ ကျွန်မ သူ့ကို မြည်းကြည့်စေချင်တယ်လို့ ပြောလိုက်ပါ။ သူက ဟင်းပွဲရဲ့ပါဝင်ပစ္စည်းတွေကို မေးရင်လည်း အမှန်အတိုင်းသာ ဖြေပေးလိုက်ပါ”

ကျင်းယွင်ကျောင်းသည် ရက်ရောလွန်းသူမဟုတ်ပေ။ သူမ ပြန်ပေးလိုက်သော ဟင်းပွဲသည် အမှန်တကယ်ပင် စျေးကြီးလှသည်။ ၎င်း၏ အမည်မှာ ‘သန္တာရောင်စဥ်ပန်းမျိုးတရာပင်လယ်ခရု’ ဖြစ်၏။ သို့သော် ပန်းကန်ထဲတွင် ဟင်းအနှစ်အနည်းငယ်နှင့် အလှဆင်ထားသည့် အရာအနည်းငယ်သာ ကျန်သည်။ ဤဟင်းပွဲ၏ စျေးနှုန်းမှာ ယွမ်တစ်ထောင့်ခြောက်ရာကျော်ဖြစ်၏။ ယဲ့ချင်းမြင်လျှင် ဒေါသထွက်လွန်း၍ သွေးအန်မည်မှာ အသေအချာပင်။

ကျင်းယွင်ကျောင်းသည် ဘယ်သောအခါကမှ ကြွားဝါးပလွှားခြင်းမရှိခဲ့ပေ၊ သို့သော် ယဲ့ချင်းက သူမအား ရန်လာစသူဖြစ်သည်။ အကယ်၍ သူတို့ အေးအေးချမ်းချမ်းနှင့် စားသောက်ပြီးသွားလျှင်လည်း ယဲ့ချင်းက သူတို့ကို သွားခွင့်ပြုမည်မဟုတ်ပေ။ သူမသည် သူမကိုယ်သူမ အရှက်ခွဲရန် ကြိုးစားနေသည်။

Chapter 59 : မျက်နှာကို ဖြတ်ရိုက်ခြင်း

စားပွဲထိုးသည် မူလက ဟင်းပွဲကို ဤနေရာသို့ ယူလာခဲ့စဥ်က ဒုက္ခရောက်နေခဲ့သည်။ အကယ်၍ အောက်ထပ်ရှိ မိန်းကလေးကသာ သူမသည် ဤသီးသန့်ခန်းထဲရှိသူများသည် သူမနှင့် ရင်းနှီးပါသည်ဟုဆို၍ အတင်းမတိုက်တွန်းခဲ့ပါက သူမသည် အခြားစားပွဲမှ ဟင်းပွဲကို ဤနေရာသို့ ယူလာပေးမည်မဟုတ်ပေ။

ဧည့်သည်က စိတ်မဆိုးရုံသာမက သူမကပင် ဟင်းအကျန်တစ်ပွဲကို လက်ဆောင်အဖြစ်ပေးခဲ့သေးသည်။ စားပွဲထိုးသည် အနည်းငယ် ပျော်ရွှင်သွား၏။

ဘာလို့ ဒီဧည့်သည်နှစ်ယောက်က အတူလာကြတဲ့ပုံ မပေါ်တာလဲ။ သို့သော် သူမ တာဝန်ယူထားရသည့် အောက်ထပ်မှ စားပွဲသည် သူမ၏ရှေ့ရှိ ဧည့်သည်နှစ်ယောက်နှင့် နှိုင်းယှဥ်၍ပင် မရပေ။

အထူးသဖြင့် ဤမိန်းကလေး (ကျင်းယွင်ကျောင်း) သည် လှပရုံသာမက သူမ၏မျက်နှာကလည်း အထက်တန်းကျလှသည်။ အထူးသဖြင့် သူမ၏ မြင့်မြတ်သော အရှိန်အဝါအရ အလွန်ချမ်းသာကြွယ်ဝသော မိသားစုက မမလေးတစ်ယောက်ပင် ဖြစ်ရမည် မဟုတ်လား။

စားပွဲထိုးသည် ယဥ်ကျေးစွာပင် လက်ခံလိုက်၍ ကျင်းယွင်ကျောင်း ပြောသည့်အတိုင်း လုပ်ပေးလိုက်၏။

“နင်က ဥာဏ်များလွန်းလိုက်တာ၊ ယဲ့ချင်းက ဂုဏ်သိက္ခာကို အလေးအထားဆုံးပဲ။ သူက နင့်ကို ကြက်သွန်နဲ့ တို့ဖူးအကျန်တွေပါတဲ့ ပန်းကန်ကို ပို့လိုက်ကတည်းက နင်က သာမန်ဟင်းပွဲလေးတစ်ပွဲကို မမှာစားနိုင်လောက်ဘူးလို့ သူမျှော်လင့်နေတာပဲဖြစ်ရမယ်။ နင်လုပ်လိုက်တာက သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း ဖြတ်ရိုက်လိုက်သလိုပဲ။ အိုး...ဟုတ်သား။ ယဲ့ချင်းရဲ့တစ်စားပွဲလုံးစာ ဟင်းပွဲတွေအကုန်လုံးက ယွမ်တစ်ထောင့်ခြောက်ရာပဲ ကျတယ်လို့ ငါကြားတယ်။ ဒါက နင် ပြန်ပို့ပေးလိုက်တဲ့ ဟင်းတစ်ပွဲက သူ့ရဲ့တစ်စားပွဲလုံးစာ ဟင်းပွဲတွေလောက် တန်တယ်ဆိုတဲ့ သဘောပဲ”

ရှောင်ဟိုင်ချင်းက ယဲ့ချင်းက ဒေါသအိုးပေါက်ကွဲနေမည့်ပုံအား မြင်ယောင်နေသကဲ့သို့ အူလှိုက်သည်းလှိုက် ရယ်မောလိုက်သည်။

ကျင်းယွင်ကျောင်း၏ နှုတ်ခမ်းများက ကွေးညွတ်သွားသည်။

“သစ်ပင်က တည်ငြိမ်နေတယ်လို့ ရည်ညွှန်းပေမယ့် လေကတော့ မငြိမ်ဘူးလေ။ ငါ့မှာ သူနဲ့အပြိုင် ကြွားစရာမရှိပါဘူး”

ယဲ့ချင်းက သူမအား ကန့်လန့်တိုက်နေသည်မှာ အကြောင်းရင်းနှစ်ခုသာရှိ၏။

တစ်ခုမှာ သူမ၏ အဆင့်များမှာ အမြဲတမ်း ကျောင်း၏ နံပါတ်တစ်ဖြစ်နေ၍ပင်။ သူတို့သည် အလိုလျောက်ပင် အခန်းတူများဖြစ်ကြပြီး ယဲ့ချင်းကဲ့သို့သော ကျောင်းကောင်စီအဖွဲ့ဝင်တစ်ယောက်က သူမအောက် တစ်ဆင့်နိမ့်နေ၏။

ဒုတိယအချက်မှာ ကျန်ရှကြောင့် ဖြစ်သည်။

ယဲ့ချင်းက ကျန်ရှအား ကြိုက်နေကြောင်း လူတိုင်းသိကြသော်လည်း သူကမူ ချောင်ဟုန်ယဲ့ကိုသာ ကြိုက်၏။ ချောင်ဟုန်ယဲ့ကြောင့်သာ ကျန်ရှက ကျင်းယွင်ကျောင်း၏ ကိစ္စများတွင် ဝင်ပါနေခြင်းဖြစ်သည်။ ယဲ့ချင်းကဲ့သို့ ကိုယ့်ကိုကိုယ်သာ အာရုံစိုက်သော လူတစ်ယောက်သည် ကျင်းယွင်ကျောင်းနှင့် ကျန်ရှတို့ကြားတွင် ရှက်စရာကိစ္စတစ်ခုခု ဖြစ်နေသည်ဟု ယူဆမည်မှာ အသေအချာပင်။ ထို့အပြင် ယဲ့ချင်း၏ မိသားစုနောက်ခံအရ သူမ၏ မြင့်မားသော ဖြစ်တည်မှုအား စော်ကားနေသကဲ့သို့ ခံစားနေရမည်ဖြစ်၏။

“ကျင်းယွင်ကျောင်း၊ တစ်ယောက်ယောက်ကများ နင့်ကို အရမ်းပြောင်းလဲသွားတယ်လို့ မပြောဘူးလား။ ငါ နင့်ကို နက်နက်ရှိုင်းရှိုင်းကို လေးစားမိတယ်။ အရင်တုန်းက နင်က စာပဲ တအားကြိုးစားနေပြီးတော့ နင်က အိန္ဒြေကြီးလွန်းတယ်ဆိုတဲ့ ကောလာဟလတွေရှိတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ နင်က လူတိုင်းကို အနိုင်ကျင့်နိုင်တယ်။ ဒါပေမယ့် နင်က အဲဒီလိုပုံမပေါက်ဘူး။ နင်က အတော်လေး ခက်ထန်တယ်။ နင့်ကို အကြိမ်များစွာ အနိုင်ကျင့်နေကြတာတောင် နင်က ဘယ်တော့မှာ အခွင့်ကောင်းမယူခဲ့ဘူး။ အန္တရာယ်အရှိဆုံးအချိန်တွေမှာလည်း အသက်အန္တရာယ်တောင် ကြုံခဲ့ရပေမယ့် နင့်အပေါ်မှာ သက်ရောက်မှုမရှိဘူး”

ရှောင်ဟိုင်ချင်းက ဆက်ပြောရင်း လက်မ ထောင်မပြဘဲ မနေနိုင်ချေ။

ကျင်းယွင်ကျောင်းက သူမအား တစ်ချက်ကြည့်လိုက်သည်။

“နင်လည်း ခက်ထန်တာပဲမဟုတ်လား။ စကားတစ်ခွန်းတည်းနဲ့တင် ကျန်ရှကို ငြိမ်ကျသွားအောင် ခြောက်လှန့်နိုင်တယ်”

သူမ၏ အတိတ်ဘဝတွင်လည်း ရှောင်ဟိုင်ချင်းသည် အလွန်သန်မာသော အမျိုးသမီးဖြစ်၏။ သူမ၏ အချစ်ရေးကိစ္စများကြောင့် နာမည်မကောင်းသော်လည်း သူမသည် သူမအား မည်သူကမှ လာမရှုပ်ရဲအောင် ခက်ထန်ဆဲဖြစ်သည်။

“ငါတို့ တစ်ယောက်နဲ့တစ်ယောက် မြှောက်ပင့်နေကြတာလား။ ငါ မျက်နှာတွေ နီရဲလာပြီ”

ရှောင်ဟိုင်ချင်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“တကယ်လား။ ဝိုင်ကြောင့်များ ဖြစ်နိုင်မလား”

ကျင်းယွင်ကျောင်းက ပျော်ရွှင်စွာ ပြန်ဖြေလိုက်ပြီး ဝိုင်ခွက်ကို မြှောက်ပြီး ရှောင်ဟိုင်ချင်းနှင့် ခွက်ချင်းတိုက်လိုက်၍ တစ်ခွက်လုံးအား တစ်ခါတည်း အကုန် မော့ချပစ်လိုက်၏။

စိတ်လှုပ်ရှားမှုပိုများလာသဖြင့် လေထုက ပို၍ ကောင်းမွန်လာသည်။

သို့သော် အဓိကခန်းမထဲတွင်မူ လက်ရှိအချိန်၌ ယဲ့ချင်းသည် ဒေါသချောင်းချောင်း ထွက်နေ၏။

သူမသည် အရှက်ခွဲခံလိုက်ရသကဲ့သို့ ခံစားနေရသည်။ သူမ၏ မျက်နှာသည် လောင်ကျွမ်းတော့မတတ် နီရဲနေ၏။ သူမ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေသည်။

ကျင်းယွင်ကျောင်းသည် အမှန်တကယ် အရေထူလှ၏။ သင်းက သူမကို ဒီနေရာမှာ စားပြီးသားဟင်းအကျန်တစ်ပွဲနဲ့ အရှက်ခွဲလိုက်တာပင်။

“နင်တို့စားသောက်ဆိုင်က ဒါ ဘာအချိုးချိုးတာလဲ။ သူတို့က နင့်ကို တစ်ခုခု ပို့ခိုင်းတိုင်း နင်က ပို့ပေးတယ်လား။ ဒီပန်းကန်ထဲမှာ အခြားသူတွေရဲ့ တံထွေးနေပါတယ်လေ။ ဒီနေရာမှာ ရောဂါပိုးတွေ ဘယ်လောက်ရှိမယ်ဆိုတာ ဘယ်သူက သိမှာလဲ။ ဒီဟာကို စားခဲ့တဲ့သူတွေက ရောဂါတွေတောင် ရှိနေနိုင်တယ်”

ယဲ့ချင်းက သူမ၏ ဂုဏ်သိက္ခာကို ဂရုစိုက်မနေတော့ဘဲ ကျယ်လောင်စွာ အော်ဟစ်ရန်တွေ့ခဲ့သည်။

သူမ၏ ဘေးတွင် ထိုင်နေသော ကျန်ရှက မျက်မှောင်ကြုံ့လိုက်ရင်း ...

“ယဲ့ချင်း၊ ပြဿနာရှာနေတာကို ရပ်လိုက်တော့။ ဒီမှာ အခြားအတန်းဖော်တွေ အားလုံးလည်း ရှိနေတယ်လေ။ ကြည့်မကောင်းဘူး”

ယဲ့ချင်းက ထိုစကားကိုကြားသောအခါ အသည်းကွဲသွားရမည့်အစား ဒေါသတကြီး တုံ့ပြန်လိုက်သည်။

“ဘယ်လိုများ ကြည့်မကောင်းတာလဲ။ အခြားတစ်ယောက်ရဲ့ စားကြွင်းစားကျန်တွေနဲ့ စော်ကားခံရတာထက် ကြည့်မကောင်းတာ ဘာများရှိသေးလို့လဲ။ ငါက သူ့ကို စိတ်ရင်းနဲ့ ‘ကြွယ်ဝချမ်းသာကောင်းချီးဖြာ’ ဟင်းတစ်ပွဲပို့ပေးခဲ့တာလေ။ သူက ငါ့ကို ဘာပို့လိုက်လဲ။ တကယ်လို့ သူသာ တကယ်တတ်နိုင်တယ်ဆိုရင် ဘာလို့ မစားရသေးတဲ့ ဟင်းတစ်ပွဲ မပို့ပေးတာလဲ။ ငါ့ကို အကျန်တွေပို့လိုက်တယ်ဆိုတော့ သူက ငါ့ကို သူတောင်းစားလို့ တွေးနေတာလား”

Chapter 60 : ကိုယ့်ကိုကိုယ်အထင်ကြီးခြင်း

ဤကိစ္စအားလုံးကို မည်သူက အစပြုခဲ့သည်ဆိုသည်အား မေ့နေသည့်ပုံဖြင့် ယဲ့ချင်း၏ မျက်လုံးများက နီရဲနေသည်။ အဖိုးတန်ဟင်းပွဲ၏ အကျန်များကိုကြည့်ရင်း သူမ၏ မနာလိုဝန်တိုစိတ်ကို မထိန်းနိုင်တော့ချေ။

ကျင်းယွင်ကျောင်းက မိဘမဲ့တစ်ယောက် မဟုတ်လား။ သူမကို ဒီလို အရှက်ခွဲဖို့ သင်းဆီမှာ ဘာအခွင့်အရေးရှိလို့လဲ။

“ယဲ့ချင်း၊ ဒီလိုမလုပ်နဲ့လေ။ ဟင်းပန်းကန်ကို အရင်ဆုံးပို့တာ ငါတို့ မဟုတ်လား”

သူမ၏ ဘေးရှိ မိန်းကလေးက ထပ်မကြည့်နိုင်တော့သဖြင့် ယဲ့ချင်းအား သတိပေးရန် စကားဆိုလိုက်သည်။

ယဲ့ချင်းသည် ကျောင်းကောင်စီအဖွဲ့ဝင်တစ်ယောက် ဖြစ်၏။ သူမသည် များသောအားဖြင့် တည်ငြိမ် ငြင်သာစွာ စကားပြောလေ့ရှိပြီး သူမ၏ အကျင့်စရိုက်မှာလည်း အတော်လေး ကောင်းသည်။ သို့သော် သူမသည် မကြာသေးမီကပင် အတော်လေး ပြောင်းလဲသွားကြောင်း သိပြီးဖြစ်ကြ၏။ အထူးသဖြင့် ယခုအချိန်တွင် ဟင်းတစ်ပွဲကြောင့် သူမသည် လူများစွာ၏ ရှေ့၌အော်ဟစ်ရန်လိုနေသည်။ သူမသည် အပေါက်ဆိုးသော မိန်းမကြီးတစ်ဦးကဲ့သို့ အော်ဟစ်နေ၏။ ဘယ်လောက်တောင် အရှက်ကွဲလိုက်သလဲ။

သူတို့သည် ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်အရွယ်သာ ရှိသေးသည်။ သူတို့သည် သူတို့၏ ဂုဏ်သိက္ခာကို ဂရုစိုက်သည်မှာလည်း သဘာဝကျ၏။ ဤကဲ့သို့ ဇာချဲ့လှသည့် ယဲ့ချင်းနှင့်ဆိုလျှင် ဘယ်သူကများ ဂုဏ်သိက္ခာကို ထိန်းထားနိုင်မည်နည်း။

“ဒါဆို ငါက အရင်ဆုံး ဒါကို ဘာလို့ပို့ခဲ့တာလဲ။ အဲဒီပန်းကန်ထဲမှာ အများကြီးကျန်သေးတယ်လေ။ ဒါပေမယ့် သူကကျတော့ရော။ အကုန်လုံး စားပြီးသား ညစ်ပတ်နေတာကြီး။ နင်က သူ့ဘက်က ပြောပေးရင် ဘာလို့ နင် အဲဒါကို မစားလိုက်တာလဲ”

ယဲ့ချင်း၏ ဒေါသသည် အလွန်ကြီးလှသည်။ သူမသည် စားပွဲထိုး၏ လက်ထဲမှ ပန်းကန်ကို လုယူလိုက်ပြီး ထိုမိန်းကလေးဆီသို့ လွှင့်ပစ်လိုက်၏။ ပန်းကန်ကွဲသံ ထွက်ပေါ်လာပြီး ထိုပန်းကန်ထဲမှ ဟင်းအနှစ်များသည် နေရာအနှံ့ ပြန့်ကျဲသွားသည်။ ဘေးရှိကျောင်းသားများသည်လည်း ဟင်းအနှစ်အချို့ စင်ကုန်၏။

ယဲ့ချင်းသည် ပန်းကန်ကို လွှင့်ပစ်ပြီးနောက် ချက်ချင်း နောင်တရသွားသည်။ သူမသည် ဒေါသထွက်လွန်းသွားရုံသာဖြစ်သော်လည်း သူမ,ပြောခဲ့သည်များကိုလည်း ပြန်မရုတ်သိမ်းချင်ခဲ့ပေ။ ထို့အပြင် သူမသည် ဂုဏ်သိက္ခာကိုလည်း ချစ်မြတ်နိုး၏။ ထို့ကြောင့် သူမသည် ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်ပြီး ဒေါသထွက်နေသေးသယောင်သာ ပြုမူလိုက်သည်။

ထိုသို့ဖြစ်ပြီးနောက်တွင် လူတိုင်းသည် ဆက်လက်၍ တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ပေ။ ယဲ့ချင်းသည် ကျင်းယွင်ကျောင်းအား စိတ်ဆိုးသည်မှာ အဆင်ပြေသော်လည်း သူမက အဘယ်ကြောင့် သူတို့အားလုံးအပေါ်တွင်ပါ မဲနေရသနည်း။

သူတို့သည် ယဲ့ချင်း ကျွေးသော အစားအသောက်ကို စားသောက်၍ အမှန်တကယ်လည်း ယဲ့ချင်း ဖိတ်ကြားသောကြောင့်သာ လာခဲ့ခြင်းဖြစ်သော်လည်း ဒါတွေအားလုံးက သူမရဲ့မွေးနေ့ကို ကျင်းပဖို့ မဟုတ်လား။

သို့သော် ယခုတွင်တော့ သူတို့သည် အစားအသောက်ကောင်းများကို မစားနိုင်ရုံသာမက သူတို့ပါ ဒုက္ခတွေ့နေရသည်။

“နင်က ဘောင်ကျော်လွန်းနေပြီနော်။ ကျောင်းကောင်စီအဖွဲ့ဝင် တစ်ယောက်ဖြစ်နေတာနဲ့တင် နင့်ကိုယ့်နင် အရာအားလုံးက ကြီးမြတ်လှပြီလို့များ တကယ်ကြီး ထင်နေတာလား။ အနည်းဆုံးတော့ ကျင်းယွင်ကျောင်းက အခြားသူတွေထက် ပိုတော်ပိုတတ်နေသလို မပြုမူဖူးသလို အခြားသူတွေကိုလည်း အထင်မသေးဖူးဘူး။ နင် ချက်ချင်း တောင်းပန်တာ ပိုကောင်းမယ်နော်။ မဟုတ်ရင် လူတိုင်းက ငါတို့အတန်းထဲမှာ နင့်လိုလူမျိုးမရှိသလို ပြုမူပြီးနေရလိမ့်မယ်”

ကျောင်းသားတစ်ယောက်က မတ်တပ်ထရပ်၍ ဒေါသတကြီးပြောလိုက်၏။

“နင်တို့က နင်တို့ ကျင်းယွင်ကျောင်းကို ကြဥ်ထားသလိုမျိုး ငါ့ကိုကြဥ်ချင်တာလား။ နင်တို့ကိုယ်နင်တို့ ဘာထင်နေလဲ။ အခု နင်တို့ သောက်ထား၊ စားထားသမျှတွေကို ပိုက်ဆံရှင်းတာ ငါဆိုတာလည်း မမေ့နဲ့။ နင့်မှာ ငါ့ကို ဆရာလာလုပ်ဖို့ ဘာအခွင့်အရေးရှိလို့လဲ။ ပြီးတော့ ငါက ဘာအမှားလုပ်လို့လဲ။ နင်တို့က ငါ့မွေးနေ့ကို ကျင်းပဖို့ ဒီကိုရောက်နေကြတာ မဟုတ်လား။ နင်က ဘာလို့ ကျင်းယွင်ကျောင်းဘက်ကနေ ပြောပေးနေတာလဲ”

ယဲ့ချင်းက အချိုးပြောင်းရန် ငြင်းဆန်နေဆဲပင်။

သူမသည် အမှန်တကယ်ပင် ကြောက်ရွံ့နေ၏။ သို့သော် သူမကို ခေါင်းငုံ့ပြီး အရှုံးကို ဝန်ခံဖို့ ပြောသည်လား။ လုံးဝမဖြစ်နိုင်ပေ။

သူမ ထိုသို့ပြောပြီးနောက် အခြားကျောင်းသားများသည်လည်း ဒေါသထွက်သွားကြသည်။ သူတို့၏ ရန်ဖြစ်ငြင်းခုံနေကြသော အသံများမှာ မတိုးလှရာ သူတို့၏ ပတ်ဝန်းကျင်ရှိ ထူးဆန်းသော အကြည့်များကို ဖမ်းစားနိုင်၏။

ယဲ့ချင်း၏ မျက်နှာသည် နီရဲနေပြီး သူမသည် ဆက်လက်၍ တင်းခံနေသည်။

“ယဲ့ချင်း၊ ငါ နင့်ကို နူးညံ့တဲ့အကျင့်စရိုက်ရှိတဲ့သူလို့ပဲ အမြဲတမ်း ထင်ခဲ့တာ။ နင်က ဒီလိုလူစားမျိုးမှန်း ငါ တကယ် ထင်မထားခဲ့ဘူး။ ဒါပေမယ့် ကျင်းယွင်ကျောင်းကလည်း ဒီတစ်ခါတော့ တကယ်ကို စေးကုပ်လွန်းပါတယ်။ ဟင်းပွဲတစ်ပွဲပို့ပေးတာ ကောင်းပေမယ့် အကျန်တွေဖြစ်နေတာက ကျတော့ရော။ ဒါဘယ်လိုလုပ်မလဲ၊ ယဲ့ချင်း။ နင် ဘာလို့ အားလုံးကို တောင်းပန်ဖို့ ‘သန္တာရောင်စဥ်ပန်းမျိုးတရာပင်လယ်ခရု’ နှစ်ပွဲလောက် ထပ်မမှာတာလဲ။ ငါတို့အကုန်လုံးက ဒီကို ပျော်ဖို့ လာတာလေ။ လူတစ်ယောက်ကြောင့်နဲ့တော့ အပျက်စီးမခံနိုင်ဘူး”

ကျန်ရှသည် ရက်ရော၍ ကြင်နာတတ်သူတစ်ယောက်ဟု လူသိများသည်။ ယခုအချိန်မှာတောင်မှ သူသည် ကြင်နာသောစကားလုံးအချို့ကို ပြောရန် မမေ့ချေ။

သို့ရာတွင် သူ၏စကားလုံးများက နှစ်သက်စရာ မကောင်းပေ။ သူတို့၏ဘေးစားပွဲများမှ လူများပင် ထိုစကားကြောင့် ဒေါသထွက်ကုန်ကြ၏။

ဤကောင်လေးသည် ငယ်ရွယ်သေးသော်လည်း သူသည် ကိုယ့်ကိုကိုယ်အထင်ကြီးလွန်းသော စရိုက်ရှိ၍ အနည်းငယ်လည်း တစ်ကိုယ်ကောင်းဆန်သည်။ သူတို့သည် ရန်ဖြစ်လုနီးပါးဖြစ်နေသော်လည်း သူသည် ဟင်းပွဲအကြောင်းကိုသာ တွေးနေ၏။ သူသည် မိန်းကလေးတစ်ယောက်ဆီမှ အမြတ်ထုတ်ချင်နေဆဲပင်။

တကယ်တော့ ကျန်ရှသည် ထိုသို့မတွေးပေ။ သူသည် သူတို့ရန်ဖြစ်ကြသည်မှာ ပင်လယ်ခရုကြောင့်ဟူ၍သာ တွေးနေ၏။ ထို့ကြောင့် သူတို့သည် ပြဿနာကို ပင်လယ်ခရုနှင့်သာ ဖြေရှင်းရပေမည်။ ယဲ့ချင်း၏ သဘောထားကြီးရက်ရောမှုကိုလည်း ပြသရာ ရောက်သည်။ သူသည် ကျင်းယွင်ကျောင်းကိုလည်း သူမက ပြဿနာဖြစ်စေရန် ပို့ပေးလိုက်သော ဟင်းပွဲသည် သူတို့၏ မျက်လုံးထဲတွင် ဘာမှမဟုတ်ကြောင်း မြင်စေချင်၏။ သူတို့လည်း သူတို့စားချင်သည်ကို စားနိုင်မည်ဖြစ်လေသတည်း။

All Chapters