← Chapters

အခန်း (၆၁-၆၄)

Vol. 4 Ch. 61-64

အခန်း (၆၁-၆၄)

Vol. 4 Ch. 61-64

Chapter 61 : မျှော်လင့်မထားသော မတော်တဆဖြစ်ရပ်

ထိုအချိန်တွင် ကျန်ရှက သူသည် သဘောထားကြီးပြီး ချင့်ချိန်တတ်သူတစ်ယောက်ဖြစ်၍ ဖျန်ဖြေပေးနိုင်လိမ့်မည်ဟု ယုံကြည်နေသည်။ သို့ရာတွင် ယဲ့ချင်းက ထိုစကားကို ကြားသောအခါ သူမ၏မျက်နှာသည် နီမြန်းနေရာမှ ဖြူဖျော့သွား၏။

သူမသည် ကျင်းယွင်ကျောင်းက ဟင်းအကျန် တစ်ပန်းကန် ပို့လိုက်ခြင်းကြောင့် ဒေါသထွက်ခြင်းမဟုတ်ပေ။ ဟင်းပွဲ၏ စျေးနှုန်းကြောင့်သာ ဒေါသထွက်ခြင်းဖြစ်၏။

ဤဟင်းပွဲတစ်ပွဲသည် သူမ၏ တစ်စားပွဲလုံးစာ တန်ဖိုးနှင့် ညီမျှသည်။ ယခု သူက သူမကို အဲဒီဟင်းနှစ်ပွဲ မှာစေချင်နေတာလား။ ထိုများပြားသော ပိုက်ဆံကို သူမ ဘယ်က ရလိမ့်မည်နည်း။

သူမ၏ မွေးနေ့ဖြစ်တာတောင် သူမသည် မိဘများအား အချိန်အတော်ကြာအောင် တောင်းပန်ပြီးမှ ယွမ်ငါးရာသာရခဲ့သည်။ သို့သော် ထိုပမာဏနှင့် မည်သို့လောက်ငှမည်နည်း။ သူမတွင် ရွေးခြယ်စရာမရှိသောကြောင့် လက်ဝတ်လက်စားများနှင့် ယခင်နှစ်မွေးနေ့များက သူမ၏ မိဘများ လက်ဆောင်ပေးခဲ့သော လက်ဆောင်ပစ္စည်းများကို ရောင်းချခဲ့ရသည်။ သူမသည် ထိုပိုက်ဆံကို သူမအတွက် ဝတ်စုံအလှများဝယ်ရန် သုံးလိုက်ပြီး ထိုမှ ကျန်သော ပိုက်ဆံနှင့်သာ သူမ၏ အတန်းဖော်များကို ထမင်းတစ်နပ် ဧည့်ခံခြင်းဖြစ်၏။

“ကျန်ရှ၊ နင် ဆက်ပြောစရာမလိုဘူး။ ငါတို့က သူတောင်းစားတွေ မဟုတ်ဘူး။ ငါတို့လာခဲ့တာလည်း အစားအသောက်အတွက်မဟုတ်ဘဲ သူ့ကို မျက်နှာသာပေးဖို့ လာခဲ့တာ။ ဒါပေမယ့် သူက ငါတို့ကို ဒီလိုမျိုး စော်ကားမယ်လို့တော့ မထင်လိုက်မိဘူး။ ဒီလိုဖြစ်သွားကတည်းက ဒီမှာ နေစရာအကြောင်းလည်း မရှိတော့ဘူး။ ငါတို့ အရင်ဆုံး ထွက်သွားမယ်”

ဟင်းအနှစ်များနှင့် ပက်ခံရသော မိန်းကလေးက မတ်တပ်ထရပ်လိုက်ပြီး သူမ၏ ဂျာကင်အင်္ကျီကို ဆွဲယူကာ ထွက်သွားရန် ဟန်ပြင်လိုက်သည်။

သို့သော် ယဲ့ချင်းသည် ထိတ်ထိတ်ပျာပျာဖြစ်သွား၏။ ဤမိန်းကလေးသာ ထွက်သွားပါက အခြားသူများကလည်း အဘယ်ကြောင့် ဆက်ထိုင်နေရပါဦးမည်နည်း။ သူမ ပိုပြီး အရှက်ကွဲသွားမည်မဟုတ်လား။

သူမသည် ထိုမိန်းကလေးအား တားရန် ကမူးရှုးထိုးပြေးသွားလိုက်သည်။

“နင် ထွက်မသွားရဘူး”

“ငါ့ခြေထောက်တွေက ငါ့ခန္ဓာကိုယ်ကလေ။ နင့်မှာ ငါ့ကို တားဖို့ ဘာအခွင့်အရေးရှိလို့လဲ”

ထိုမိန်းကလေးက ယဲ့ချင်း၏ လက်ကို ခါထုတ်ပစ်လိုက်ပြီး သူမအား စိုက်ကြည့်လိုက်၏။

ထိုမိန်းကလေးအမည်မှာ ယန်ထျန်းထျန်းဖြစ်ပြီး ယခင်က သူမသည် ယဲ့ချင်းနှင့် အတော်လေး ကောင်းမွန်သော ဆက်ဆံရေးရှိသည်။ သို့သော် ယဲ့ချင်းသည် ယခင်က အခြားသူများအပေါ်တွင် ဤသို့မဟုတ်ချေ။ ထို့ကြောင့် ယနေ့ ယဲ့ချင်း၏ မွေးနေ့ကို ဆင်နွှဲရန် သူမသည် အဝတ်အစားအသစ်များကို အထူးဝတ်ဆင်လာခဲ့သည်။ ယဲ့ချင်းအား မျက်နှာပေးရန်သာမက သူမကိုယ်သူမလည်း အရှက်မရစေရန်ဖြစ်၏။ သို့သော် ယခု ယဲ့ချင်းက ဤသို့ပြုမူခဲ့သည်။ သူမသည် ဟင်းအနှစ်တစ်ပန်းကန်လုံးနှင့် အပက်ခံလိုက်ရပြီး သူမ၏ အဝတ်အစားအသစ်များ ပျက်စီးသွား၏။ သူမ အိမ်ပြန်လျှင် သူမ၏ မိဘများက အဘယ်မျှ ဆူပူကြိမ်းမောင်းမည်ဆိုတာ မည်သူသိမည်နည်း။

“နင် မပြန်ရဘူး။ နင် အခု ငါကျွေးတာကို စားထားတာလေ။ အဲဒီတော့ ငါပြောတာကို နားထောင်ရမယ်”

ယဲ့ချင်းသည် မပြီးနိုင်မစီးနိုင် စိတ်အနှောက်အယှက် ပေးနေ၏။

ယန်ထျန်းထျန်း၏ မျက်နှာမှာ ဒေါသကြောင့် နီရဲသွားသည်။

“ပိုက်ဆံ ဘယ်လောက်လဲ ပြော။ နင့်ကို တနင်္လာနေ့ကျရင် ပြန်ပေးမယ်၊ အခုတော့ ဖယ်စမ်း”

“မရဘူး၊ နင် မသွားရဘူး။ နင် ပြန်မပေးနိုင်လို့ ဒီလိုတွေပြောနေတာပဲ။ ဘာလို့ ခွေးလို တအားဟောင်နေပြီး အချိန်တွေ ဖြုန်းနေတာလဲ”

ယခုအခါ ယဲ့ချင်းသည် ပို၍ ဒေါသထွက်လာပြီဖြစ်၏။ သူမ ဒေါသထွက်လာသည်နှင့်အမျှ သူမ၏ ခန္ဓာကိုယ်ကလည်း ယန်ထျန်းထျန်းအား ကိုယ်ထိလက်ရောက် သွားဆွဲတော့သည်။

ယန်ထျန်းထျန်းသည် ထွက်သွားရန် ဆုံးဖြတ်ထားပြီးဖြစ်၏။ သူမသည် နည်းနည်းမျှပင် မရွေ့ရသေးချေ။ ထို့ကြောင့် တွန်းထိုးထွက်ရန် အားသုံးလိုက်သော်လည်း ယဲ့ချင်း၏ လက်က ရောက်လာပြီး သူမအား ဆောင့်ဆွဲလိုက်ရာ မထင်မှတ်ဘဲ ကုတ်ဆွဲမိသွား၏။ ၎င်းမှာ နာကျင်လွန်းလှသည်။ ယန်ထျန်းထျန်းလည်း ဒေါသထွက်သွားပြီး သူမ၏ လက်ထဲရှိ ဂျာကင်အင်္ကျီကို အဝေးသို့ ပစ်လိုက်ပြီး ယဲ့ချင်းနှင့် စတင်သတ်ပုတ်ကြတော့၏။

ပတ်ဝန်းကျင်ရှိ လူများသည် ကြောင်အ,နေကြသည်။ အချို့က ရန်ပွဲကို ဆွဲရန် ကြိုးစားနေကြ၍ အချို့က ဘေးလူများကို အကူအညီတောင်းရန် ကြိုးစားနေကြ၏။ အခြေအနေများ ရှုပ်ထွေးနေသည်။

ဤသည်ကို မြင်သောအခါ စားပွဲထိုးသည် သူမ ဆိုးဆိုးဝါးဝါး တစ်ခုခုလုပ်လိုက်မိပြီဟု ခံစားလိုက်ရ၍ လုံခြုံရေးကို ခေါ်ရန် အမြန်ပြေးသွားတော့၏။

သို့ရာတွင် စားပွဲထိုး ထွက်သွားပြီးသည်နှင့် ယန်ထျန်းထျန်းသည် အနည်းဟန် ဟန်ချက် မထိန်းနိုင်ဖြစ်သွားသည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် စားပွဲများ၊ ထိုင်ခုံများရှိရာသို့ ပစ်လဲကျသွားတော့၏။

“အား........”

သူမ၏ စူးစူးဝါးဝါးအော်သံကြီးက အခြားသူများကို နှလုံးခုန် ရပ်သွားစေသည်။

ထိုအခိုက်တွင် ကျင်းယွင်ကျောင်းသည် သီးသန့်ခန်းလိုက်ကာကို ဖွင့်လိုက်ရာ ထိုမြင်ကွင်းကို မြင်လိုက်ရ၏။ သူမ၏ နှလုံးသား ဆောင့်ခုန်သွားသည်။

“အိုး...မဟုတ်တော့ဘူး။ အောက်ထပ်မှာ တစ်ခုခုဖြစ်နေပြီ။ သွားကြစို့”

“ဘာဖြစ်တာလဲ။ ယဲ့ချင်း တစ်ခုခု လုပ်ပြန်ပြီလား။ ငါတို့က ဘာလို့ သူ့ကို ဂရုစိုက်နေမှာလဲ”

ရှောင်ဟိုင်ချင်းသည် အခြေအနေကို မမြင်သေးပေ။ သူမ၏ မျက်နှာက ဝိုင်ကြောင့် နီရဲနေ၏။ သူမသည် မျက်နှာကို ပြတင်းပေါက်ဘက်သို့ လှည့်လိုက်သောအခါ တစ်ကိုယ်လုံး တုန်သွားတော့သည်။ သူမ၏ စိတ်သည် ချက်ချင်းပင် ကြည်လင်သွားပြီး လှည့်ကြည့်လိုက်သောအခါ ကျင်းယွင်ကျောင်း ထွက်သွားသည်ကို မြင်လိုက်ရ၏၊

အောက်ထပ်၌ ရှုပ်ထွေးနေသည်။ ကျောင်းသားများသည် ကြောက်လွန်း၍ တုန်ယင်နေကြ၏။ စင်စစ် သူတို့သည် ကလေးများသာ ဖြစ်ကြသည်။ သူတို့သည် ကြောက်ရွံ့ထိတ်လန့်နေကြပြီး ဘာလုပ်ရမှန်း မသိပေ။

သူတို့သည် ယန်ထျန်းထျန်း၏ နဖူးမှ သွေးများစီးကျလာသည်ကို မြင်လိုက်ရသည်။ သူမ၏ လက်များက ညာဘက်မျက်လုံးကို အုပ်ထား၏။ နဖူးမှ သွေးများက မျက်လုံးဆီသို့ တရဟော စီးကျနေသည့် မြင်ကွင်းမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။

“ဖယ်ကြစမ်း”

ကျင်းယွင်ကျောင်းသည် ရှေ့သို့ ခပ်မြန်မြန် တိုးသွား၍ ယန်ထျန်းထျန်း၏ လက်ကို ဖယ်လိုက်၏။ သူမ၏ မျက်လုံးသည် အနည်းငယ် ပေါက်နေ၍ သွေးများ ပန်းထွက်နေသည်။ သွေးပျက်ဖွယ်ရာ မြင်ကွင်းပင်။

Chapter 62 : အရေးပေါ်ကုသမှု

ယန်ထျန်းထျန်း၏ မျက်လုံးဒဏ်ရာက မသေးပေ။ အကယ်၍ ချက်ချင်း ကုသမှုမခံယူပါက သူမသည် နောက်ဆက်တွဲဆိုးကျိုးများကို ပြင်းပြင်းထန်ထန် ခံစားရလိမ့်မည်။

ထို့အပြင်လည်း သူမ၏ မျက်လုံးမှ ဒဏ်ရာအပြင် နှဖူးပေါ်မှ ဒဏ်ရာကလည်း မသေးလှ။ အရေးပေါ်ကား ရောက်လာလျှင်တောင်မှ သူတို့သည် သူမ၏ နဖူးမှ သွေးထွက်နေသည်ကိုသာ အရင်ဆုံး ကုသကြမည်ဖြစ်၍ မျက်လုံးကို မဟုတ်ပေ။

“လူနာတင်ယာဥ် ခေါ်ပြီးပြီလား”

ရှောင်ဟိုင်ချင်းက စိုးရိမ်နေသော အမူအယာဖြင့် ရုတ်တရက် မေးလိုက်သည်။

“ဟိုင်ချင်း၊ ညာဘက်ဘေးကပ်ရက်မှာ ဆေးဆိုင်တစ်ဆိုင် ရှိတယ်။ ဟောလိုဆိုက်ရွှံ့စေးမှုန့်နဲ့ တုန်းကွိုက်နည်းနည်း အမြန်သွားဝယ်ချေ။ မြန်မြန်လေး”

ကျင်းယွင်ကျောင်းက ခပ်သွက်သွက် ညွှန်ကြားလိုက်ပြီးနောက် ပျာယာခတ်နေသည့် စားပွဲထိုးအား လှည့်ကြည့်လိုက်၏။

“ရှင် ကျွန်မကို လတ်လတ်ဆတ်ဆတ် ဝက်သားအစိမ်း နည်းနည်း သွားယူပေးနိုင်မလား။ ကျွန်မ အဲဒါကို အမြန်ဆုံး လိုအပ်တယ်”

ရှောင်ဟိုင်ချင်းသည် ကျင်းယွင်ကျောင်း၏ လုပ်ရပ်များကို နားမလည်သော်လည်း သူမပြောသည့်အတိုင်းသာ လုပ်ပေးနေဆဲပင်။ ရှန်းဟိုင်စားသောက်ဆိုင်ဘေးတွင် အမှန်ပင် ဆေးဆိုင်တစ်ဆိုင် ရှိ၏။ သူမသည် ထိုသို့ဦးတည်၍ ပြေးသွားသည်။

(T/N : ထျန်းရှန်းလော်ကို ရှန်းဟိုင်စားသောက်ဆိုင်၊ ရှန်းဟိုင်အဆောက်အဦးလို့လည်း ခေါ်ပါတယ်။ သူက စားသောက်ဆိုင်တစ်မျိုးတည်းမဟုတ်ဘဲ အပေါ်မှာ ဟိုတယ်ခန်းတွေဘာတွေရော ပါပါတယ်။)

သို့သော် စားပွဲထိုးသည် တွန့်ဆုတ်နေ၏။

“လူနာတင်ယာဥ်က မကြာခင် လာတော့မယ်”

ဤကျောင်းသူသည် ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာ ရထားသည်။ ထို့ကြောင့် အလိုအလျောက် သူမတွင် တာဝန်ယူရမည့်ကိစ္စအချို့ရှိ၏။ ဒီသူစိမ်းမိန်းကလေးက လုပ်လိုက်လို့ ဒဏ်ရာက ပိုဆိုးသွားရင်ရော။ သူမ မစွန့်စားနိုင်ပေ။

ကျင်းယွင်ကျောင်းသည် သူမ၏ အတွေးကို ရိပ်မိသဖြင့် ဒေါသထွက်လာ၏။

“မြန်မြန်လုပ်ပါ၊ တကယ်လို့ သူ့မျက်လုံးသာ တစ်ခုခုဖြစ်သွားရင် ရှင် ဒီအတွက် တာဝန်ယူမှာလား”

ကျင်းယွင်ကျောင်းက အေးစက်စွာ ကြိမ်းဝါးလိုက်သည်။

ထိုနေရာတွင် ရှိနေသူများမှာ သူမ၏ အရှိန်အဝါအား ထိတ်လန့်သွားကြ၏။ ထို့အပြင် ယန်ထျန်းထျန်းသည် ယခုအချိန်တွင် နာကျင်လွန်းသဖြင့် သတိလစ်သွားပြီဖြစ်သည်။

“သူ တောင်းဆိုတဲ့အတိုင်း လုပ်ပေးလိုက်ပါ”

သူတို့ ထိတ်လန့်နေဆဲမှာပင် လူအုပ်ထဲမှ မရင်းနှီးသည့် ဆွဲဆောင်မှုရှိသော အသံတစ်သံ ပေါ်ထွက်လာ၏။

ကျင်းယွင်ကျောင်းက တစ်ချက်လှမ်းကြည့်လိုက်ရာ မက်မွန်ပွင့်သဏ္ဍာန်မျက်ဝန်းများနှင့် အကြည့်ချင်းဆုံသွားသည်။ သို့သော် သူမသည် ခပ်မြန်မြန်ပင် အကြည့်လွှဲလိုက်၏။ မျက်နှာမှတ်မိရန်ပင် ကြာကြာ မကြည့်လိုက်ပေ။

စားပွဲထိုးသည် နားထောင်နေပြီးနောက် အမည်မသိ အမျိုးသား၏ စကားကို နာခံလိုက်၏။ နောက်ဆုံး၌ ကျင်းယွင်ကျောင်းသည် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။

ရှောင်ဟိုင်ချင်းသည် အမှန်တကယ်ပင် လျင်မြန်လှ၏။ နှစ်မိနစ်အတွင်း သူမသည် ကျင်းယွင်ကျောင်း လိုချင်သော ပစ္စည်များနှင့် ပြန်ရောက်လာသည်။ စားပွဲထိုးက ဝက်သားအစိမ်းယူလာပြီးနောက် ကျင်းယွင်ကျောင်းသည် သူမ၏ မှတ်ဥာဏ်ထဲကအတိုင်း တစ်ဆင့်ချင်း လုပ်လိုက်၏။ သူမသည် ဆေးအမယ်နှစ်မျိုးကို ဝက်သားထဲသို့ ပွတ်ထည့်ဖိချေလိုက်ပြီး ထိုဝက်သားဖြင့် ယန်ထျန်းထျန်း၏ မျက်လုံးအိမ်အား ဖိပေးလိုက်သည်။

သူမ၏ မျက်လုံးအိမ်မှာ အပြင်ဘက်သို့ အနည်းငယ် ငေါထွက်နေ၏။ ထို့ကြောင့် ၎င်းကို မျက်လုံးချိုင့်ခွက်ထဲသို့ အသာအယာ ပြန်ဖိပေးရန် လိုအပ်သည်။ ခဏမျှကြာသောအခါ မျက်လုံးနေရာမှာ အဆိပ်ရှိသောသွေးများ စီးကျလာသည်ကို မြင်လိုက်ရပြီး ထိုအခါကျမှ ကျင်းယွင်ကျောင်းလည်း နောက်ဆုံး စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချနိုင်တော့၏။

သို့သော် ကုသနေစဥ်အတွင်း သူမ၏ လုပ်ရပ်များကို ပြန်စဥ်းစားကြည့်သောအခါ ကျင်းယွင်ကျောင်းလည်း အနည်းငယ် အံအားသင့်သွားသည်။

အလျင်လိုလွန်းနေသောကြောင့် သူမသည် ဆေးပညာရပ်ကို မကျွမ်းကျင်သေးသည်အား မေ့သွားခဲ့၏။ ကံကောင်း၍သာ သူမသည် ဤသို့ဆသာအခြေခံများကိုသိခြင်းဖြစ်သည်။ ဤပထမဆင့်အရေးပေါ်ကယ်ဆယ်နည်းကို သူမ ပြည့်ပြည့်စုံစုံ မှတ်မိနေ၏။ ကျောက်စိမ်းအပိုင်းမှ စုပ်ယူထားသည့်အရာများနှင့်အတူ ထိုနည်းလမ်းကို အသုံးပြုခြင်းက စိမ်းသက်နေသည်ဟု မထင်ရပေ။ ထို့ကြောင့် လက်တွေ့တွင် သူမသည် ယခင်က ၎င်းကို အကြိမ်ပေါင်းများစွာ လုပ်ခဲ့ဖူးသကဲ့သို့ ထင်ရခြင်းပင်။

၎င်းမှာ သူမထံတွင် အလိုအလျောက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ယန်ထျန်းထျန်း၏မျက်လုံးမှ အဆိပ်ရှိသော သွေးများအား ဖယ်ရှားရသည်မှာ အတော်လေး လျင်မြန်၍ ရိုးရှင်းလှ၏။ လူနာတင်ယာဥ် ရောက်လာသောအခါ သူမအား ဆေးရုံသို့ ချက်ချင်း ခေါ်ဆောင်သွားသည်။

“မိန်းကလေး၊ မင်း ကိုယ်တို့နဲ့အတူ လိုက်ခဲ့ပေးနိုင်မလား”

အမည်မသိ အမျိုးသားက ရုတ်တရက် သတိပေးလာ၏။

ကျင်းယွင်ကျောင်းက ခဏငြိမ်သွားသော်လည်း သူက ဆက်ပြောလာသည်။

“မင်း အစောတုန်းက သူ့ကို ကုသပေးထားတယ် မဟုတ်လား။ အကယ်၍ တစ်ခုခုမှားသွားရင် မင်း တာဝန်ယူရလိမ့်မယ်”

ကျင်းယွင်းကျောင်းက ပါးစပ်တွန့်လိုက်သော်လည်း သူမသည် သူအား ဆန့်ကျင်ရန် အကြောင်းမရှိပေ။ ယန်ထျန်းထျန်း၏ အခြေအနေမှာ မပြင်းထန်တော့ကြောင်း ကျင်းယွင်ကျောင်း နားလည်သဖြင့် သိပ်မစိုးရိမ်ပေ။ ထို့နောက် သူမသည် အမည်မသိ အမျိုးသားအား စတင် အကဲခတ်လိုက်၏။

သူသည် စားပွဲထိုးအား သူ၏စကားကို မေးခွန်းမထုတ်ဘဲ နာခံစေနိုင်စွမ်း ရှိသည်။ သူသည်လည်း သူတို့နှင့်အတူ လူနာတင်ယာဥ်ပေါ်တွင် လိုက်ပါလာ၏။ သူသည် ထျန်းရှန်းလော်၏ တာဝန်ရှိသော ပုဂ္ဂိုလ်တစ်ယောက်သာ ဖြစ်နိုင်သည်။

Chapter 63 : မက်မွန်ပွင့်ချပ်များက လက်ယပ်ခေါ်ခြင်း

ထိုအမျိုးသား၏ ပုံပန်းသွင်ပြင်မှာ အရပ်ရှည်၍ ခပ်ဖြောင့်ဖြောင့်ဖြစ်ကာ အသက် နှစ်ဆယ့်လေး၊ နှစ်ဆယ့်ငါးဝန်းကျင်ဖြစ်၏။ သူသည် အဖြူရောင်တီရှပ်တစ်ထည်ကို ကြယ်သီးအနည်းငယ် ဖြုတ်၍ ဝတ်ဆင်ထားရာ ငွေရောင်စိန်လည်ဆွဲတစ်ကုံးက ထင်းနေသည်။ သူသည် သိပ်ဟန်များပုံမပေါ်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် အလျင်စလိုဖြစ်နေသဖြင့် သူ၏ လက်ထဲတွင် ကိုင်ထားသော နက်ပြာရောင်ကုတ်အင်္ကျီကို ဝတ်ရန်ပင် အခွင့်အရေးမရှာပေ။

မည်သို့ပင်ဖြစ်စေကာမူ ရာသီဥတု အေးနေပြီဖြစ်သည်။ သူ၏ခန္ဓာကိုယ်မှာ အနည်းငယ်ကွေးနေပြီး မျက်ခုံးတန်းများကို ခပ်ပြေပြေ စုကျုံ့ထား၏။

ထို့ပြင် ကျင်းယွင်ကျောင်း သတိပြုမိသည်မှာ သူ၏ အသွင်အပြင် ဖြစ်သည်။ သူသည် အလွန်ခံ့ညား၏။ မက်မွန်ပွင့်သဏ္ဍာန် မျက်လုံးများသည် အရယ်အပြုံးမရှိလျှင်တောင်မှ အနည်းငယ် တွန့်ကွေးနေကြသည်။ နှုတ်ခမ်းပါးပါးလေးများလည်း ရှိ၏။ သူ၏ အသားအရေမှာ ဖြူသည်။ သူ၏ အစိတ်အပိုင်းများအားလုံးသည် တစ်ခုနှင့်တစ်ခု ပြီးပြည့်စုံစွာ ယှဥ်တွဲတည်ရှိနေ၏။

သို့ရာတွင် သူသည် လူချမ်းသာ သားသမီးပုံစံ အနည်းငယ် ပေါက်၍ သူ၏ ရုပ်ရည်သွင်ပြင်မှာ ဆန့်ကျင်ဘက်လိင်အား အလွယ်တကူ စွမ်းဆောင်နိုင်သည်။

ကျင်းယွင်ကျောင်းက အမျိုးသားများသည် ရိုးရိုးရှင်းရှင်းသာ ဖြစ်သင့်သည်ဟု တွေးခဲ့၏။ အမျိုးသားတစ်ယောက်သည် အမျိုးသမီးတစ်ယောက်ထက် ပိုကြည့်ကောင်းနေပါက သူတို့အား သာမန်လူတစ်ယောက်က ထိန်းချုပ်နိုင်မည် မဟုတ်ပေ။

သူမသည် သူ့ထံသို့ စက္ကန့်အနည်းငယ်ကြာ စိုက်ငေးကြည့်နေပြီး ခပ်မြန်မြန်ပင် အကြည့်လွှဲလိုက်သည်။

“ကိုယ်က ရုပ်ဆိုးလို့လား”

ကျင်းယွင်ကျောင်း၏ လှုပ်ရှားမှုများကို သူက အာရုံစိုက်မိသွား၏။ သူ၏ မည်းနက်နေသော မျက်ဝန်းများက သူမအား ထပ်တူထပ်မျှ အကဲခတ်နေသကဲ့သို့ စိုက်ကြည့်လာသည်။

ကျင်းယွင်ကျောင်းက ကြောင်တောင်တောင်နိုင်သည်ဟု တွေးလိုက်ပြီး ပြန်ဖြေလိုက်၏။

“အဆင်ပြေပါတယ်”

အဆင်ပြေပါတယ် ဟုတ်လား။ လီရှောက်ယွင်က ပြုံးလိုက်သည်။ ဤသည်မှာ သူ၏ ဘဝတွင် တစ်စုံတစ်ယောက်က သူ၏ ပုံပန်းသွင်ပြင်ကို ဖော်ညွှန်းရန်အတွက် ဤစကားလုံးကို အသုံးပြုသည်မှာ ပထမဆုံးအကြိမ် ဖြစ်၏။

သူသည် စားသောက်ဆိုင်၏ အောက်ထပ် ထောင့်တစ်နေရာတွင် ထိုင်နေခဲ့သည်။ သူသည် ကျင်းယွင်ကျောင်းဆိုသည့် အမည်ကို အကြိမ်များစွာ ကြားခဲ့ရ၏။ မိန်းကလေး ယန်ထျန်းထျန်း ဒဏ်ရာရသောအခါ သူသည် ဒုတိယထပ်မှ ပြေးဆင်းလာသော ဤမိန်းကလေးအား တွေ့လိုက်ရသည်။ သူမသည် အငြင်းပွားမှု၏ အဓိက အကြောင်းအရာဖြစ်မည်ဟု သူ ယူဆမိ၏။

“မင်းက အကျန်တွေပို့ခဲ့တယ်ဆိုတဲ့ တစ်ယောက်လား”

လီရှောက်ယွင်က ပြုံး၍ မေးလိုက်သည်။

ထိုဟင်းပွဲအကျန်မှာ ဤသွေးထွက်သံယို မတော်တဆမှုကို ဖြစ်ပွားစေသော အရာဟု ဆိုနိုင်၏။

“ဟုတ်ပါတယ်။ ဒါပေမယ့် လူကြီးမင်း၊ ကျွန်မဆီကို တခြားတစ်ယောက်ရဲ့ အကျန်တွေ အရင်ဆုံးယူလာပေးတာ ရှင့်ရဲ့စားပွဲထိုးပါ။ ကျွန်မက ပြန်ပြီး မျက်နှာသာပေးလိုက်တာ ပြဿနာရှိလို့လား”

ကျင်းယွင်ကျောင်းက အကြောင်းပြချက် ပေးလိုက်သည်။

ဤအမျိုးသားသည် စိတ်ရှုပ်စရာကောင်း၏။ သူမသည် အသက်ငယ်သေးသဖြင့် သိပ်မဖြစ်နိုင်သော်လည်း သူက သူမကို ဤမတော်တဆမှုအတွက် အပြည့်အဝ တာဝန်ယူစေချင်နေတာလား။

ကျင်းယွင်ကျောင်း၏ ခုခံချေပမှုကို မြင်သောအခါ လီရှောက်ယွင်က ခပ်မြန်မြန် ပြောလိုက်၏။

“ဟုတ်တာပေါ့၊ ပြဿနာမရှိပါဘူး။ ကိုယ်က သိချင်လို့ မေးလိုက်တာပါ”

ကျင်းယွင်ကျောင်းက သူ့အား ကြည့်လိုက်သော်လည်း ဆက်၍ အနှောက်အယှက်မပေးတော့ပေ။ ယန်ထျန်းထျန်းသည် ဤနေရာတွင် လဲလျောင်းနေဆဲဖြစ်၏။ အခြားကိစ္စများကို နောက်မှပြောသည်က အကောင်းဆုံးပင်။

ထျန်းရှန်းလော်သည် ဟွားနင်ခရိုင်မြို့၏ အလယ်ခေါင်တွင် တည်ရှိသည်။ ဆေးရုံနှင့် လမ်းအနည်းငယ်သာ ကွာဝေး၏။ မကြာမီမှာပင် သူတို့ ဆေးရုံသို့ ရောက်ရှိသွားကြပြီး ယန်ထျန်းထျန်းအား အရေးပေါ်ခန်းသို့ ချက်ချင်းပို့လိုက်သည်။ ကျင်းယွင်ကျောင်းနှင့် ကျန်သူများသည် အပြင်ဘက်၌ ငိုင်တွေတွေ ငေးကြည့်ရင်း ကျန်ခဲ့ကြ၏။

ရုတ်တရက် ကျင်းယွင်ကျောင်းသည် ယဲ့ချင်း လွတ်မြောက်သွားသည်အား သတိရလိုက်သည်။

လူနာတင်ယာဥ် ရောက်လာသောအခါ ယဲ့ချင်းအား ထိုနေရာတွင် မတွေ့ရတော့ပေ။

သို့မဟုတ်ပါက သူမလည်း သူတို့နှင့်အတူ လိုက်ပါလာရပေလိမ့်မည်။

ယန်ထျန်းထျန်းသည် ဆေးရုံသို့ ရောက်နေပြီဖြစ်၏။ အခြားကျောင်းသားများသည်လည်း သတိပြန်ဝင်လာကြ၍ ဆေးရုံသို့ မကြာမီပင် ရောက်ရှိလာကြသည်။ ယန်ထျန်းထျန်း၏ မိသားစုနှင့် ရင်းနှီးသောသူများကလည်း သူမ၏ မိဘများအား ဆက်သွယ်ကြပြီးဖြစ်၏။

ယန်ထျန်းထျန်း၏ ဖခင်သည် ထိုအကြောင်းကို ကြားသောအခါ အံ့သြထိတ်လန့်သွားသည်။ ညစာစားရန် အပြင်ထွက်သွားသော သူ၏ သမီးဖြစ်သူသည် ဆေးရုံရောက်နေသည်အား နားမလည်နိုင်ပေ။

သူမ၏ မိဘများ ရောက်လာသောအခါ ယန်ထျန်းထျန်း၏ ဒဏ်ရာများသည် ဆေးထည့်ကုသပြီးဖြစ်၏။ သူမသည် လူနာခန်းတစ်ခန်းတွင် အေးချမ်းစွာ လဲလျောင်း အိပ်စက်နေသည်။

“မင်းက စားသောက်ဆိုင်ပိုင်ရှင်လား။ ငါ့သမီးတစ်ခုခုဖြစ်လို့ကတော့ ငါသေမယ်ဆိုရင်တောင် တရားမျှတမှုအတွက် တိုက်ခိုက်သွားရမှာပဲ”

အမေယန်က လီရှောက်ယွင်အား ခက်ထန်စွာ ပြောလိုက်၏။ သူမသည် ရောက်လာသောအခါ အိပ်ယာဘေးသို့ ချက်ချင်း ပြေးသွားခဲ့သည်။ သူမ၏ သမီးအား ဤသို့မြင်ရသည်မှာ သူမ၏ အသည်းနှလုံးကို ကြီးစွာနာကျင်စေ၏။

ကျင်းယွင်ကျောင်းက မျက်ခုံးတွန့်လိုက်ပြီး လီရှောက်ယွင်အား စိတ်ရှုပ်စွာ ကြည့်လိုက်သည်။

ကြည့်ရသည်မှာ လီရှောက်ယွင်၏ တာဝန်သည်လည်း မသေးချေ။ အကယ်၍ ယဲ့ချင်းသာ ဤဖြစ်ရပ်များကို မဖြစ်စေခဲ့ပါက ကိစ္စများသည်လည်း ဤသို့ပြောင်းလဲသွားမည် မဟုတ်ပေ။ ထို့အပြင် လီရှောက်ယွင်သည် သူတို့နှင့် ဤအထိ တစ်လမ်းလုံး လိုက်ပါလာခဲ့သည်။ အခကြေးငွေအများစုကိုလည်း သူသာ ပေးဆောင်ခဲ့ခြင်းဖြစ်၏။ သူသည် အတော်လေး တာဝန်ကျေပေသည်။

သို့သော်လည်း ယန်ထျန်းထျန်း၏ မိဘများသည် သူတို့၏သမီးဖြစ်သူ စားသောက်ဆိုင်၌ ဒဏ်ရာရခဲ့သည်ဟူ၍သာ သိထားကြခြင်းဖြစ်၏။ သူတို့သည် ဖြစ်စဥ်အသေးစိတ်ကို မသိသေးသောကြောင့် သူတို့၏ တုံ့ပြန်မှုမှာ ပုံမှန်ပင်။

Chapter 64 : ယဲ့ချင်းက ဘယ်သူလဲ

လီရှောက်ယွင်၏ စိတ်နေစိတ်ထားသည် မျှတ၍ ဖော်ရွေသည်။ သူက မငြင်းဆန်သော်လည်း အခြားကျောင်းသားများက ထပ်၍ ထိန်းမထားနိုင်တော့ပေ။

“အန်တီယန်၊ ဒါက တကယ်တော့ စားသောက်ဆိုင်ရဲ့အမှား မဟုတ်ပါဘူး။ ဒါတွေအားလုံးက ယဲ့ချင်းကြောင့်ပါ။ ယဲ့ချင်းက ထျန်းထျန်းကို ဟင်းအနှစ်တွေနဲ့ ပက်ခဲ့တာ၊ သူ့ရဲ့သဘောထားကလည်း ဆိုးသေးတယ်။ ထျန်းထျန်းက ထွက်သွားချင်ပေမယ့် ယဲ့ချင်းက သူ့ကို သွားခွင့်မပေးခဲ့ဘူး။ သူတို့အငြင်းပွားကြရင်းနဲ့ကြားမှာ ထျန်းထျန်းက မတော်တဆ ဒဏ်ရာရသွားခဲ့တာ”

ကျန်ရှသည် အခြားကျောင်းသားများက ပြောဟန်ပြင်နေသည်ကို မြင်သောအခါ သူက အရင် ဦးအောင်ပြောလိုက်၏။

အန်တီယန်သည် ထိုစကားကို ကြားသောအခါ မျက်နှာပျက်သွားပြီး ...

“မတော်မဆ ဟုတ်လား။ ဒီလောက် ဒဏ်ရာအများကြီးက ဘယ်လိုလုပ် မတော်တဆဖြစ်နိုင်မှာလဲ။ ငါတို့ ဆရာဝန်တွေကို မေးပြီးသွားပြီ။ သူတို့ပြောတာ သူ့ရဲ့မျက်လုံးက ပျက်ဆီးလုနီးပါးပဲတဲ့။ သူ့ရဲ့ခေါင်းကလည်း သွေးတွေအများကြီး ဆုံးရှုံးထားတယ်တဲ့။ သူ သွေးပြန်သွင်းဖို့ ဘယ်လောက်တောင် ကြာခဲ့သလဲ။ အမာရွတ်ကျန်ခဲ့ရင်ရော။ အို...ဟုတ်သား၊ ယဲ့ချင်းက ဘယ်သူလဲ။ နင်လား”

ကျင်းယွင်ကျောင်းသည် ယန်ထျန်းထျန်းနှင့် အနီးဆုံးတွင် ရပ်နေ၏။ သူသည် လူနာခန်းထဲတွင် အကြာဆုံးရှိနေသူဖြစ်ပြီး စိတ်အပူဆုံးပုံပေါက်နေသူလည်း ဖြစ်သည်။ အမေယန်က ဤမိန်းကလေးသည် သူတို့ပြောသည့် ယဲ့ချင်းပင်ဖြစ်ရမည်ဟု အလိုအလျောက်ပင် ယူဆလိုက်၍ သူမအား စူးရဲစွာ စိုက်ကြည့်လာ၏။

“အန်တီ၊ လူမှားနေပြီ”

သူတို့၏ ဘေးရှိ လီရှောက်ယွင်က ပြောလိုက်သည်။

“သူ့နာမည်က ကျင်းယွင်ကျောင်းပါ။ သူသာ အန်တီ့သမီးရဲ့မျက်လုံးကို ကုမပေးခဲ့ဘူးဆိုရင် အဲဒီမျက်လုံးကို အနာဂတ်မှာ သုံးနိုင်တော့မှာ မဟုတ်ဘူး”

လီရှောက်ယွင်သည် အသက်ငယ်သော်လည်း သူ၏ အရှိန်အဝါက ခြိမ်းခြောက်နိုင်စွမ်း အနည်းငယ်ရှိ၏။ သူ၏ ဆွဲဆောင်မှုရှိသော မျက်နှာကလည်း ပြတ်သားနေပြီး ယခုအချိန်တွင် လူချမ်းသာ သားသမီးဆန်သော ခံစားမှုမျိုးလည်း လျော့ပါးသွားသည်။

သူ၏ အမူအယာသည် အလွန်လေးလေးနက်နက်ဖြစ်နေ၏။

ယန်မိဘများသည် ထိုစကားကိုကြားသောအခါ ထိတ်လန့်သွားသည်။

ဒီမိန်းကလေးက ဒဏ်ရာကို ကုပေးခဲ့တာလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

သူတို့ အမြန်ရောက်လာကြစဥ်က ဆရာဝန်အား မေးပြီးသားဖြစ်၏။ ဆရာဝန်က နဖူးမှ ဒဏ်ရာသည် သိပ်မပြင်းထန်ဟု ပြောခဲ့သည်။ အလွန်ဆုံးမှာ အမာရွတ်ကျန်ရုံသာဖြစ်၏။ သို့ရာတွင် သူမ၏ မျက်လုံးအား အချိန်မီကုသခဲ့သောကြောင့် ကောင်းသွားသည်ဟု ဆို၏။ သို့မဟုတ်ပါက သူမသည် အမြင်အာရုံ မဆုံးရှုံးလျှင်တောင် ယခင်ကကဲ့သို့ အရာဝတ္ထုများကို ရှင်းရှင်းလင်းလင်း မြင်ရတော့မည်မဟုတ်ဟု ပြောခဲ့သည်။

ထိုအချိန်က သူတို့သည် စားသောက်ဆိုင်တွင် ဧည့်သည်များစွာရှိသဖြင့် ထိုအထဲမှ ကြင်နာတတ်သော ဆရာဝန်တစ်ယောက်က ကူညီပေးခြင်းဖြစ်ရမည်ဟု ထင်ခဲ့ကြ၏။ သူတို့၏ ကြင်နာတတ်သောသူသည် သူတို့၏ သမီးနှင့် သက်တူရွယ်တူတစ်ယောက် ဖြစ်နေလိမ့်မည်ဟု မထင်ခဲ့မိပေ။ ထို့အပြင် သူမ၏ နာမည်ကိုလည်း ရင်းနှီးနေသည်။ အတန်းတူမို့လို့ မြင်ဖူးနေတာများလား။

ယန်မိဘများသည် ကျင်းယွင်ကျောင်းအား သံသယဖြစ်စွာဖြင့် ကြည့်လိုက်ပြီးနောက် အခြားသူများကို ပြန်ကြည့်လိုက်ရာ သူတို့အား ခေါင်းညိတ်ပြနေကြသည်ကို မြင်လိုက်ရ၏။ ထိုအခါကျမှသာ သူတို့ ယုံနိုင်တော့သည်။

“အန်တီ၊ အန်တီ ကျင်းယွင်ကျောင်းကို အပြစ်တင်လို့ မရဘူး။ ဖြစ်သွားသမျှ ကိစ္စတွေအားလုံးက သူ့ကြောင့်ဆိုပေမယ့် သူလည်း အဲ့ဒီအတွက် လုပ်ပေးပြီးပါပြီ”

ယန်မိဘများက ကျေးဇူးတင်စကားပြောရန် ဟန်ပြင်လိုက်စဥ်မှာပင် ကျန်ရှက ဝင်ပြောလာ၏။

ကျန်ရှသည် အလွန်ရိုးသားပုံပေါ်သော်လည်း သူ၏ ဆိုးရွားလွန်းသော စိတ်နေစိတ်ထားကြောင့် တခြားသူများက သူသည် ၎င်းကို ရည်ရွယ်ချက်ရှိရှိ လုပ်နေသည်ဟုသာ တွေးလိုက်ကြတော့သည်။

“ဘာ...သူ့ကြောင့် ဟုတ်လား”

အဖေယန်၏ မျက်နှာထားက အေးစက်သွား၏။

“အိုး...ဒါက ဒီလိုပါ။ ကျွန်တော်တို့အားလုံးက အောက်ထပ်မှာ စားနေကြတာ။ ကျင်းယွင်ကျောင်းနဲ့ သူ့ရဲ့ဘေးက မိန်းကလေးကတော့ ပိုက်ဆံဖြုန်းပြီး အပေါ်ထပ်က သီးသန့်ခန်းတစ်ခုထဲမှာ ရှိနေကြတာ။ ဒါပေမယ့် သူက ဒေါသထွက်ပြီး ကျွန်တော်တို့ဆီကို ဟင်းအကျန်တစ်ပန်းကန်ပို့ပြီး ယဲ့ချင်းကို မပျော်မရွှင်ဖြစ်အောင် လုပ်လိုက်တယ်လေ။ ထျန်းထျန်းက ကျင်းယွင်ကျောင်းဘက်ကနေ ပြောပေးတော့ ယဲ့ချင်းက သူ့ဒေါသတွေကို ထျန်းထျန်းအပေါ် ပုံချပစ်လိုက်တာပါပဲ။”

ကျန်ရှက ရှင်းပြလိုက်၏။

သူ၏စကားအဆုံးတွင် ကျင်းယွင်ကျောင်းသည် ဗီလိန်တစ်ယောက်အဖြစ် ပြောင်းသွားရသည်။

“ကျန်ရှ၊ နင့်ရဲ့နှလုံးသားထဲမှာ ကောင်းတာတွေရော ရှိနေသေးလား ဒါမှမဟုတ် ဘာလဲ။ အဖြူကို အမည်းဖြစ်အောင် ပြောင်းနိုင်တဲ့ နင့်ရဲ့အစွမ်းကတော့ တအားကို အားကြီးလွန်းပါတယ်”

ရှောင်ဟိုင်ချင်းက ဒေါသတကြီး ပြောလိုက်၏။

ကျင်းယွင်ကျောင်း၏ မျက်နှာက အေးစက်သွားသည်။

“အန်တီ၊ ဦးလေး၊ ကျွန်မ ယဲ့ချင်းနဲ့ ပဋိက္ခအချို့ဖြစ်အောင် လုပ်မိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မက စတဲ့သူ မဟုတ်ပါဘူး။ ကျွန်မက အပေါ်ထပ်မှာပဲ ရှိနေတာပါ။ အောက်ထပ်မှာ လူတွေ ဘာလို့ ရန်ဖြစ်နေကြမှန်း ကျွန်မ မသိပါဘူး။ တကယ်လို့ ကျွန်မ အမှားတချို့ရှိတယ်ဆိုရင်လည်း ကျွန်မမှာ တာဝန်ယူဖို့ ဆန္ဒရှိပါတယ်။ ဒါပေမယ့် တစ်စုံတစ်ယောက်က ကျွန်မအပေါ် တာဝန်အားလုံး ပုံချတာမျိုးကိုတော့ ကျွန်မ လက်မခံနိုင်ပါဘူး ရှင်။ ပြီးတော့ ကိစ္စတွေက ကျန်ရှပြောသလို ဖြစ်ခဲ့သလားဆိုတာကို ဒီမှာရှိတဲ့ ကျောင်းသားတွေအားလုံး သိကြမယ်လို့လည်း ကျွန်မ ယုံကြည်ပါတယ်”

All Chapters