← Chapters

အခန်း (၆၅-၆၈)

Vol. 4 Ch. 65-68

အခန်း (၆၅-၆၈)

Vol. 4 Ch. 65-68

Chapter 65 : ဗီလိန်

ကျင်းယွင်ကျောင်းက ထိုသို့ပြောသောအခါ အခြားကျောင်းသားများ၏ မျက်နှာများက မသက်မသာ ဖြစ်သွားကြသည်။

သူတို့၏ ကောင်းမွန်သော အသိစိတ်ဓါတ်နှင့် ပြောရလျှင် ကျင်းယွင်ကျောင်းသည် အမှန်တကယ်ပင် အမှားမလုပ်ခဲ့ပေ။ ထိုဟင်းပွဲကိစ္စသည်ပင် သူမ၏ အမှား မဟုတ်။

“အန်တီ၊ တကယ်က ဒီလိုဖြစ်ခဲ့တာပါ။ ယဲ့ချင်းက ကျွန်မတို့အားလုံးကို ညစာစားဖို့ ဖိတ်ပေမယ့် သူက ကျင်းယွင်ကျောင်းကိုတော့ အရှက်ခွဲဖို့ ရည်ရွယ်ချက်ရှိရှိ ချန်ထားခဲ့ပါတယ်။ ဒါပေမယ့် ကျင်းယွင်ကျောင်းကလည်း ရှန်းဟိုင်စားသောက်ဆိုင်မှာ သီးသန့်ခန်းတစ်ခန်းမှာပြီးသားလို့ ဘယ်သူက ထင်မှာလဲ၊ သီးသန့်ခန်းဖြစ်နေတာကြောင့် ယဲ့ချင်းက အတော်မကျေမနပ်ဖြစ်သွားတာ။ ကျွန်မတို့ ညစာစားနေတဲ့အချိန်ထိ သူက ကျင်းယွင်ကျောင်း ကျွန်မတို့ကို လိမ်နေတယ်လို့ပဲ ဆက်တွေးနေတာပါ။ ဒါကြောင့် သူက စားပွဲထိုးကို ကြက်သွန်နဲ့ တို့ဖူးတွေပဲ ကျန်တဲ့ ဟင်းအကျန်တစ်ပွဲကို သူတို့ဆီ သွားပို့ဖို့ ပြောခဲ့ပါတယ်။ အဲဒီစားပွဲထိုးက ပထမတုန်းကတော့ မလုပ်ချင်ပေမယ့် ယဲ့ချင်းက ခေါင်းမာမာနဲ့ ဆက်ပြီး နှောက်ယှက်နေခဲ့ပါတယ်......”

ထိုစကားပြောနေသော မိန်းကလေးသည် ယဲ့ချင်းနှင့် ယန်ထျန်းထျန်း နှစ်ယောက်စလုံးနှင့် ရင်းနှီးသူဖြစ်၏။ လက်ရှိအချိန်တွင် အသိစိတ်ကင်းမဲ့နေသော ယန်ထျန််းထျန်းကို ကြည့်၍ သူမသည် အနည်းငယ် စိတ်မလုံဖြစ်နေသည်။

ယန်မိဘများသည် ယဲ့ချင်းနှင့် ကျင်းယွင်ကျောင်းကြားရှိ ပဋိပက္ခများကို ဂရုမစိုက်ပေ။ ထိုကျောင်းသူပြောနေသည့် အကြောင်းအရာထဲတွင် သူတို့၏ သမီးဒဏ်ရာရသည့် အပိုင်းသို့ မရောက်မချင်း သူတို့သည် စိတ်မရှည်ဖြစ်နေပုံပေါ်သည်။ သူတို့၏ မျက်နှာများက ပို၍ ပို၍ မသာမယာဖြစ်လာကြ၏။

ယဲ့ချင်း၊ သူတို့သည် ယခင်က ဤမိန်းကလေး၏ အကြောင်းကို သူတို့သမီးထံမှ ကြားဖူးသည်။ သူတို့၏သမီးက ယဲ့ချင်းသည် ရုပ်ချော၍ အဆင့်များမှာလည်း အလွန်ကောင်းကြောင်း တစ်ခါ ချီးကျူးဖူး၏။ အထူးသဖြင့် ယဲ့ချင်း၏ မိသားစုနောက်ခံက ကောင်းပြီး သူမသည် ချမ်းသာသော မမလေးတစ်ယောက်ကဲ့သို့ ဟိတ်ဟန်မရှိကြောင်း ပြောတတ်သည်။ သူတို့သည် သမီးဖြစ်သူအား ထိုကဲ့သို့သော ကလေးမျိုးနှင့် အမြဲတမ်း ပေါင်းသင်းစေချင်ခဲ့၏။

သို့သော် တကယ်တမ်း သိုးရေခြုံ၍ လက်သည်းဖွက်ထားသည့် ဝံပုလွေတစ်ကောင်သာ ဖြစ်ကြောင်း မထင်ထားခဲ့ပေ။

အသက်အရွယ်ငယ်သေးသော်လည်း သူမသည် ဤကဲ့သို့ ပျက်စီးနေပြီဖြစ်၏။ သူမ၏ ကိုယ်ပိုင် မနာလိုစိတ်ကြောင့် သူမသည် တစ်စုံတစ်ယောက်အား ဆိုးဆိုးဝါးဝါး ထိခိုက်နာကျင်စေခဲ့သည်။ အရေးအကြီးဆုံးအချက်မှာ ဤကဲ့သို့ ဖြစ်ပျက်သွားသော်လည်း ယဲ့ချင်းက ထွက်ပြေးလွတ်မြောက်သွားခြင်း ဖြစ်၏။

“သူက ရည်ရွယ်ရှိရှိ မလုပ်ခဲ့ဘူးဆိုရင်တောင်မှ ငါ့သမီးက သူ့ကြောင့် ဒဏ်ရာရခဲ့ဆယ်။ ငါ ဒီကိစ္စကို မင်းတို့ကျောင်း ဒါရိုက်တာနဲ့ အသေးစိတ်ဆွေးနွေးရလိမ့်မယ်။ ငါ ဒီယဲ့ချင်း ဒီလိုလုပ်တာနဲ့ပတ်သတ်ပြီးတော့လည်း သူ့ရဲ့မိဘတွေကို မေးရမယ်။ သူတို့က ပိုက်ဆံရှိလို့ သူတို့လုပ်ချင်တိုင်း လုပ်လို့ရလား ဆိုတာ”

“ဦးလေး၊ အန်တီ၊ ကျွန်တော်တို့ တကယ် တောင်းပန်ပါတယ်။”

ကျောင်းသားများသည် စိတ်မသက်မသာ ခံစားလိုက်ရပြီး ခပ်မြန်မြန် တောင်းပန်လိုက်ကြသည်။

“ဒါက မင်းတို့နဲ့ မဆိုင်ပါဘူး”

အဖေယန်က သူ၏ လက်ကို မျှော်လင့်ချက်မဲ့စွာဖြင့် ဝေ့ယမ်းလိုက်ပြီး ကျင်းယွင်ကျောင်းဘက်သို့ လှည့်လိုက်၏။

“ကျင်းယွင်ကျောင်း ... ဟုတ်တယ်မလား။ ဦးလေးရဲ့သမီးအတွက် လုပ်ပေးခဲ့တာတွေကို တကယ် ကျေးဇူးတင်ပါတယ်ကွယ်”

အကယ်၍ သူ၏ သမီးဖြစ်သူ၏မျက်လုံးသာ တစ်ခုခု ဖြစ်သွားခဲ့ပါက သူမနိုးလာသောအခါ မည်သို့ အသက်ဆက်ရှင်ရမည်နည်း။

“ကျင်းယွင်ကျောင်း၊ နင် ဒီဒဏ်ရာကုသနည်းကို ဘယ်လိုသိတာလဲ။ နင့်ရဲ့တုံ့ပြန်ချက်တွေကြောင့် ငါ့ တကယ် ကြောက်ရွံ့ထိတ်လန့်သွားတယ်။ နင်က ပိုင်စိုးပိုင်နင်းဖြစ်လွန်းတယ်လို့ ငါထင်တယ်။ တကယ်လို့များ နောက်တစ်ခါထပ်ပြီး ဒီလိုမျိုး တစ်ခုခုဖြစ်သွားခဲ့ရင် နင်က ဆရာဝန်တစ်ယောက်မဟုတ်တဲ့အတွက် ပိုပြီး ဂရုစိုက်သင့်တယ်။ နင်က ဒဏ်ရာကို ပိုကောင်းအောင် မလုပ်နိုင်ရင်တောင် အဆင်ပြေပေမယ့် ပိုဆိုးသွားရင်ရော”

ဤသို့အရေးကြီးသော အချိန်တွင် ကျန်ရှက ထပ်ပြောလာပြန်သည်။

ရှောင်ဟိုင်ချင်းက အလွန်ဒေါသထွက်သွားပြီး သူမ၏ မျက်လုံးများကို အဖြူရောင်မျက်ဆန်သာ မြင်ရတော့သည်အထိ မျက်လုံးလှန်ပြလိုက်၏။ သူမသည် ဤသို့သော လူစားမျိုးကို တစ်ခါမှ မတွေ့ဖူးပေ။

အခြားကျောင်းသားများသည်လည်း ထပ်၍ လက်သင့်မခံနိုင်တော့။ သူတို့သည် ငတုံးများ မဟုတ်ကြပေ။

ကျန်ရှ၏ စကားများက အမှန်ကို မဆုံးဖြတ်နိုင်။

“နင် ဘာစကားပြောတာလဲ၊ ကျန်ရှ။ အဲဒီအချိန်တုန်းက ကျင်းယွင်ကျောင်းက အရမ်းမိုက်တယ်။ သူ့ရဲ့အပြုအမူတွေက သဘာဝကျပြီး တွန့်ဆုတ်မှုမရှိဘူး။ သူက ဒါကိုလုပ်ဖူးလို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိနေတာ အသိသာကြီးလေ”

ကျောင်းသူတစ်ယောက်က စကားဖြတ်ပြောလိုက်သည်။

ကျန်ရှက တုံ့ပြန်လိုက်၏။

“နင် နားမလည်ပါဘူး။ ငါ့ရဲ့ဦးလေးက ဆရာဝန်တစ်ယောက်။ ဆေးပညာရပ်ကို အသုံးပြုတယ်ဆိုတာ အလွန်ရှုပ်ထွေးတယ်။ သူက လူတွေအများကြီး တွေ့ဖူးတယ်။ သူတို့ရဲ့ဆေးကို သံသယမဝင်ဘဲ သူတို့နားလည်သလိုလို၊ သူတို့က လူတွေကို ကယ်နိုင်သလိုလိုနဲ့ ပြုမူနေကြပြီး နောက်ဆုံးမှာတော့ သူတို့ကပဲ အဲဲဒီလူတွေကို သတ်နေကြတာပဲ။ ဒီလိုရမ်းကုတွေနဲ့ တွေ့ရတာ အရမ်းနစ်နာတယ်ကွ”

ကျန်ရှ၏ စကားလုံးများက လူအုပ်ကြီးအား ဖြူဖျော့သွားစေသည်။

“ဦးလေးယန်၊ အခြေအနေက အရမ်းအန္တရာယ်များပါတယ်။ ကိစ္စတွေက ဒီလိုမျိုး ရုတ်တရက်ကြီး ဖြစ်ပျက်သွားတော့ ကျွန်မလည်း အများကြီး မတွေးနိုင်ပါဘူး။ ဒါပေမယ့် ကျွန်မက ဆေးပညာရပ်ကို ခဏတဖြုတ် လေ့လာဖူးပါတယ်၊ ပြီးတော့ ထျန်းထျန်းလို အခြေအနေမျိုးကို အရင်ကလည်း တွေ့ဖူးပါတယ်။ ဒါကြောင့် ကျွန်မ တွန့်ဆုတ်မနေဘဲ ဆောင်ရွက်ခဲ့တာပါ။ ပြဿနာကို ပိုရှုပ်ထွေးအောင် လုပ်မယ့် ရမ်းကုတွေ အများကြီးရှိတယ်ဆိုရင်တောင်မှ အဲဒီနေရာမှာ စိတ်ကြီးဝင်ပြီး မောက်မာတဲ့သူတွေလည်း အများကြီးရှိပါတယ်။ အကယ်၍ အဲဒီနေရာမှာ ရှိတဲ့ လူတိုင်းသာ ပါးစပ်အပြောလေးပဲရှိပြီး ဘာမှမလုပ်တတ်တဲ့ စိတ်ကြီးဝင်နေတဲ့သူတွေချည်းသာဆိုရင် ထျန်းထျန်းလည်း သေချာပေါက် အန္တရာယ်ရှိတဲ့ အခြေအနေဖြစ်နေလောက်ပြီ”

ကျင်းယွင်ကျောင်းက အလျော့မပေးဘဲ ပြောလိုက်၏။

Chapter 66 : အမေယဲ့၏တောင်းပန်မှုများ

ကျန်ရှ၏ အကျင့်စရိုက်နှင့်ပတ်သတ်လျှင် ကျင်းယွင်ကျောင်း အမှန်တကယ်ပင် လက်မြှောက်မိသည်။

ကျန်ရှသည် အားလုံးကို ရည်ရွယ်ရှိရှိဖြင့် လုပ်နေခြင်းဖြစ်နိုင်သည်။ သူသည် အထက်စီးဆန်ပြီး ကိုယ်အတွက်ကိုယ်သာကြည့်သူ တစ်ယောက်အဖြစ် မွေးဖွားလာခြင်းဖြစ်သည်။ သူသည် သူ၏ စကားလုံးများက မည်မျှ မသင့်လျော်ကြောင်း မသိသလို သူ၏ စကားလုံးများက ဘယ်လိုဒုက္ခမျိုးကို ယူဆောင်လာနိုင်မှန်းလည်း သူမသိချေ။ သူက အကြံကြီးသော လူညစ်တစ်ယောက်သည် လူတတ်ကြီးတစ်ယောက်သဖွယ် ပြောဆိုပြီး အခြားသူများက သူ၏ ဆိုလိုရင်းအဓိပ္ပါယ်ကို နားလည်မည်မဟုတ် တွေးလိမ့်မည်ဖြစ်ကြောင်း ပြောနေသည်။

အတိတ်ဘဝ၌ ကျင်းယွင်ကျောင်းသည် ကျောင်းမှထွက်ပြီး နှစ်များစွာကြာမှ ကျန်ရှနှင့် ရင်းနှီးခဲ့ခြင်းဖြစ်၏။ ထိုအချိန်တွင် ကျန်ရှသည် ရင့်ကျက်သင့်သလောက် ရင့်ကျက်နေပြီဖြစ်သည်။ သူ၏ စကားလုံးများမှာ ယခုအချိန်ကဲ့သို့ ရွံစရာမကောင်းသော်လည်း သူ၏ စိတ်ရင်းကိုတော့ အရိပ်အမြွက် ဖော်ပြနေတုန်းပင်။ အထူးသဖြင့် သူမနှင့် ချောင်ဟုန်ယဲ့ ရန်ဖြစ်သည့်အချိန်များတွင် သူ၏ သဘောထားအစစ်အမှန်က ပို၍ သိသာလာတတ်သည်။

ကျန်ရှသည် အတော်လေး ကြည့်ကောင်း၏။ သူ့တွင် အခြားသူများနှင့် ရင်းနှီးသော ဆက်ဆံရေးလည်း မရှိပေ။ အခြားကျောင်းသားများက သူ့အား တွေ့လိုက်လျှင် ဘတ်စကတ်ဘော တက်တက်ကြွကြွ ကစားနေခြင်း သို့မဟုတ် အခြားအတန်းတာဝန်များ လုပ်ဆောင်နေခြင်းတို့ကိုသာ မြင်ရလေ့ရှိသည်။ တကယ်တမ်း သူသည် စကားကို အလွတ်မဲ့ပြောတတ်သူ တစ်ယောက်သာ ဖြစ်ကြောင်း မည်သူကမှ မထင်မိပေ။

“ကျင်းယွင်ကျောင်း၊ နင် ဘယ်သူ့အကြောင်းပြောနေတာလဲ”

သူသည် ထိန်းမထားနိုင်ဘဲ ကြိမ်းမောင်းရန် ပါးစပ်ဖွင့်လိုက်သည်။

ကျင်းယွင်ကျောင်းက အေးစက်စက် သရော်လိုက်၏။

“အဲဒါ နင်ကိုယ်တိုင်ပဲဆိုတာ ရှင်းနေတာပဲ မဟုတ်ဘူးလား”

“နင် ဘာလို့ ဒီလိုမျိုးပြောနိုင်ရတာလဲ”

ကျန်ရှသည် ချက်ချင်းပင် အောင့်သက်သက် ဖြစ်သွားသည်။ သူ ဆက်ပြောရန် ပြင်နေဆဲမှာပင် လူနာခန်းဝမှ ဆူဆူညံညံအသံတစ်ခု ထွက်ပေါ်လာ၏။

အထဲရှိ လူအုပ်က လှည့်ကြည့်လိုက်ရာ လင်မယားစုံတွဲတစ်တွဲနှင့် ဆရာမကျင်အား မြင်လိုက်ရသည်။ ထိုလင်မယားစုံတွဲမှာ အတော်လေးရင်းနှီးနေ၏။ ကျန်ရှက သူပြောချင်နေသည့် စကားလုံးများကို မြိုချလိုက်သည်။ သူ၏ မျက်လုံးများ ပြူးကျယ်သွား၏။

“ဦးလေးယဲ့၊ အန်တီယဲ့လား။ အန်တီက ဘာလို့ ဒီလို ဝတ်ထားတာလဲ”

ဝင်လာသောသူများမှာ အမှန်ပင် ယဲ့ချင်း၏ မိဘများ ဖြစ်ကြသည်။

အဖေယဲ့သည် တွန့်ကြေနေသော အနောက်တိုင်းဝတ်စုံ တစ်စုံကို ဝတ်ဆင်ထား၏။ သူသည် ကံဇာတာနိမ့်ပါးနေသည့်ပုံပေါ်ပြီး သူ့ထံမှ စီးကရက်နံ့များလည်း ထွက်နေ၍ ပါးသိုင်းမွေးများလည်း ရှည်နေကာ သူ၏ ဆံပင်များက ဆီများရွှဲနေသည်။ အမေယဲ့သည်လည်း ယခင်သကဲ့သို့ လန်းဆန်း၍ တောက်ပနေပုံမပေါ်ပေ။ သူမသည် စူပါမားကတ်အလုပ်သမား ဝတ်စုံတစ်စုံကို ဝတ်ဆင်ထား၏။

အထက်တန်းကျောင်း၏ ဒုတိယနှစ်ဝက်ပင် စနေပြီဖြစ်သည်။ ကျောင်းသားများသည် အချင်းချင်း နှစ်ဝက်ခန့် သိကျွမ်းခဲ့ကြပြီဖြစ်၏။ သူတို့သည် ယဲ့ချင်း၏ မိသားစုက ချောင်လည်မှန်း သိကြသော်လည်း သူမ၏ မိဘများ၏ အလုပ်အကိုင်နှင့်ပတ်သတ်၍မူ မသိကြချေ။ ကျန်ရှသည်က ချွင်းချက်ဖြစ်၏။

ယဲ့ချင်းက ကျန်ရှအား သူမ၏ဖခင်သည် လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး မိခင်သည် အချိန်ပြည့် အိမ်၌နေသော အိမ်ရှင်မကောင်းတစ်ဦးဖြစ်ကြောင်း ယခင်က ပြောပြထားဖူးသည်။ သူတို့သည် ငွေကို ကောင်းကောင်းမွန်မွန် ရှာဖွေသုံးစွဲကြသည်ဟုဆို၏။

သူသည် ယခင်က ယဲ့ချင်း၏ မိဘများအား နှစ်ကြိမ် မြင်ဖူးသည်။ သူမ၏ မိဘများသည် ယွမ်တစ်သန်းကျော်ခန့် တန်ကြေးရှိသော ကားကို စီးနင်းကြ၍ သူမ၏ အဖေသည် အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လိုပင်။ သူမ၏ မိခင်မှာလည်း ကျက်သရေရှိလှသည်။ သူတို့သည် အခြားမိဘများနှင့် လုံးဝကွာခြား၏။

သို့သော် ယခု သူတို့သည် အဘယ်ကြောင့် သူ၏မှတ်ဉာဏ်ထဲကနှင့် ခြားနားနေရသနည်း။

ကျန်ရှ၏ အလိုက်ကန်းဆိုးမသိသော မေးခွန်းက ယဲ့ချင်း၏ မိဘများအား ရှိုးတိုးရှန့်တန့်ဖြစ်သွားစေသည်။

“ရှင်တို့က ယန်ကော (အစ်ကိုယန်) နဲ့ ယန်ဆောင် (ယောင်းမယန်) ဖြစ်ရမယ်၊ ဟုတ်တယ်မလား ဟင်။ ကျွန်မတို့ တကယ်ကို တောင်းပန်ပါတယ်ရှင်။ ကျွန်မက ယဲ့ချင်းရဲ့အမေပါ။ ဆရာမကျင်က အစောတုန်းက ကျွန်မတို့ကို ဆက်သွယ်ခဲ့ပါတယ်။ ကျွန်မရဲ့သမီးက တကယ်ကို သတိနည်းပြီးတော့ အစ်မတို့ရဲ့ကလေးကို ထိခိုက်စေခဲ့မိပါတယ်”

အမေယဲ့က ခပ်မြန်မြန်ပင် သစ်သီးခြင်းတစ်ခြင်းကို အိပ်ယာဘေးတွင် ထားလိုက်ပြီး ထိုသို့ပြောကာ ခါးကိုင်းဦးညွတ်၍ တောင်းပန်လိုက်သည်။

(T/N : တရုတ်လို ယောင်းမကို ဆောင်ဇစ်လို့ ခေါ်ပါတယ်။ ဆွေမျိုးတော်စပ်မှ ခေါ်တာမျိုးမဟုတ်ဘဲ လက်ထပ်ပြီးသားအမျိုးသမီးကိုလည်း ရိုသေသမှုနဲ့ခေါ်ကြတဲ့နေရာမှာလည်း သုံးပါတယ်။ ယန်ဆောင်ဆိုတာ ယန်ဆောင်ဇစ်ကို အဖျားဆွတ်ခေါ်တာပါ။)

အဖေယန်က သူမနှင့် ဝေးရာသို့ လှည့်ထွက်သွား၏။ အမေယန်၏ မျက်နှာကလည်း မကောင်းပေ။

“ကျုပ်တို့ ခင်ဗျားတို့ရဲ့လက်ဆောင်ကို လက်မခံနိုင်ဘူး။ ကျုပ်ရဲ့ကလေးက ဒဏ်ရာရထားတာ ကြာလှပြီ၊ ယဲ့ချင်းက တစ်ခါလောက်တော့ မျက်နှာလာပြသင့်တယ်”

အဖေယန်က အေးစက်စွာ ပြောလိုက်သည်။

ဤသည်မှာ ကလေးများကြားမှ ရန်ပွဲသာဖြစ်၏။ သူတို့သည် ကျိုးကြောင်းမဆီလျော်သူများ မဟုတ်ကြပေ။ အကယ်၍ သူတို့၏ သမီးသာ ဘာမှ ဆိုးဆိုးဝါးဝါး မဖြစ်ဘဲ တစ်ဖက်လူ၏ သဘောထားကလည်း ကောင်းမွန်မည်သာဆိုပါက သူတို့သည် အေးအေးချမ်းချမ်းပင် ဤပြဿနာကို ဗွေယူလိမ့်မည် မဟုတ်ပေ။ သို့သော် ယဲ့ချင်းအား ယခုထိ ဘယ်နေရာမှာမှ မမြင်ရသေးချေ။

ယဲ့ချင်း၏ အဖေသည် အနည်းငယ် နေရခက်ဟန် တောင့်တင်းနေသော်လည်း သူက ဘာမှမပြော။ အမေယဲ့က ဆက်၍ တောင်းပန်လိုက်သည်။

“ကျွန်မရဲ့ကလေးက တကယ်ကို အသိနည်းတာပါ။ သူလည်း ကြောက်လန့်သွားတာ ဖြစ်နိုင်တယ်၊ သူ ခုထိကို အိမ်ပြန်မလာသေးပါဘူး။ သူ့ကို ဒီနေရာကို ခေါ်မလာနိုင်ခဲ့တဲ့အတွက် ကျွန်မ ဝမ်းနည်းပါတယ်။ ပြီးတော့ ရှင်တို့ကို တောင်းပန်ပါတယ်။ ဒါတွေအားလုံးက သူ့ကို ကျွန်မ ကောင်းကောင်း မသင်ကြားခဲ့လို့ပါရှင်။ ကျွန်မ တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်”

Chapter 67 : လီရှောက်ယွင်

အတိတ်ဘဝ၌ သမီးဖြစ်သူထံမှ သတ်သေရန် တွန်းပို့ခြင်းခံခဲ့ရသော ဤအိမ်ထောင်သည် အမျိုးသမီးကြီးကို ကြည့်၍ ကျင်းယွင်ကျောင်း သနားလာမိသည်။

သူမ၏ အတိတ်ဘဝက ယဲ့ချင်း၏ အမေ သတ်သေသောကိစ္စသည် ခရိုင်မြို့တစ်မြို့လုံး ပြန့်နှံ့ခဲ့၏။ သူမ၏ ယောက်ျားသည် စီးပွားရေးထိုးကျသွားခဲ့ပြီး ထို့နောက်တွင် နာလန်ပြန်မထူနိုင်တော့ပေ။ သူသည် လောင်းကစားကို စွဲလန်းလာခဲ့ပြီး အဆုံးသတ်သွားခဲ့သည်။ ထို့နောက် မိသားစုသည် သူမ၏ တောက်တိုမယ်ရ အလုပ်များစွာ၏ ဝင်ငွေကိုသာ လုံးဝ မှီခိုခဲ့ရ၏။ သူမသည် အကြွေးဆပ်ရန်အတွက် အလုပ်ကြိုးစားခဲ့ရသည်။

ထိုသို့ဖြစ်ခဲ့သော်လည်း သူမသည် သူမ၏ သမီးလေးကို ကျောင်းမထုတ်ခဲ့ပေ။ အကြောင်းမှာ သူမ၏ သမီးဖြစ်သူက သူမအား ကြိမ်ဖန်များစွာ သနားခံခဲ့၍ဖြစ်ပြီး သူမသည် သမီးဖြစ်သူ၏ သိက္ခာကို ဆယ်ပေးနိုင်ရန် အမြဲတမ်း ကြိုးစားခဲ့သည်။

သူမသည် သူမ၏ ဝင်ငွေများဖြင့် မိသားစုကို ထောက်ပံ့နိုင်ခဲ့သော်လည်း သမီးဖြစ်သူ၏ စည်းမရှိ သုံးစွဲခြင်းကိုတော့ မထိန်းချုပ်နိုင်ခဲ့ပေ။ အားမကိုးရသော လင်ယောက်ျားတစ်ယောက်နှင့် မယုံကြည်ထိုက်သော သမီးတစ်ယောက်က သူမအား ပျက်ဆီးခြင်းလမ်းမပေါ်သို့ တွန်းပို့ခဲ့သည်။

ထိုအမျိုးသမီးသည် သူမ၏ သမီးအတွက် ခေါင်းငုံ့၍ တောင်းပန်နေသည်ကို ကြည့်ရင်း ကျင်းယွင်ကျောင်းသည် ရှုပ်ထွေးသော ခံစားချက်များစွာကို ခံစားနေရသည်။ ဤကဲ့သို့ မိခင်မျိုးကို လိုချင်သောသူများသည် သည်လိုအမေမျိုး ဘယ်သောအခါမှ မရရှိခဲ့သော်လည်း ရှိသောသူများကမူ ထိုသို့သောအမေမျိုးကို တန်ဖိုးမထားကြပေ။

အမေယဲ့၏ ဆက်တိုက်တောင်းပန်မှုများကြောင့် ယန်မိဘများသည် အနည်းငယ် စိတ်လျှော့သွားကြသော်လည်း သူတို့အား လုံးလုံးလျားလျား ခွင့်မလွှတ်နိုင်သေးပေ။ သူတို့သည် ကလေးတစ်ယောက်အား မည်သို့သင်ကြားရမည်ဆိုသည့် အကြောင်းကို မဆုံးနိုင်အောင် ပြောနေကြပြီး အမေယဲ့က ငြင်းဆန်သည် အရိပ်အယောင်တစ်ချက်ပင်မပြဘဲ ဆက်၍သာ သဘောတူထောက်ခံပေးနေသည်။ ထိုအခါ အဖေယဲ့သည် ရှက်လာပုံရ၍ အခန်းအပြင်သို့ ထွက်သွား၏။

“အိုး...ဟုတ်သားပဲ၊ အန်တီယဲ့၊ ယဲ့ချင်းက ခုထိ စာသောက်ဆိုင်ကို ပိုက်ဆံမရှင်းရသေးဘူး။ ပိုင်ရှင်လည်း ဒီမှာရှိနေတယ်၊ ဒါကြောင့် သူ မပြန်ခင်မှာ အန်တီ ဘာလို့ ပေးလိုက်ပါလား။ ဒါက ယဲ့ချင်း ကျွေးမွေးထားတာတွေလေ”

ကျန်ရှက မသင့်လျော်သောအချိန်တွင် ထ၍ သတိပေးလိုက်သည်။

သူသည် အမေယဲ့အား သိချင်နေသော မျက်လုံးများဖြင့် ကြည့်နေ၏။ ထို့နောက် သူသည် ကိုယ်ပိုင်တွက်ချက်မှုအချို့ လုပ်လိုက်သည်။

သူသည် ဤသို့ပြောရမည့် အနေအထားမဟုတ်သော်လည်း ယဲ့ချင်း ပြောထားသကဲ့သို့ ယဲ့မိသားစုက ချမ်းသာသလားဆိုသည်ကို မြင်ချင်နေ၏။

အမေယဲ့၏မျက်နှာက ဖြူဖျော့သွားပြီး

“ဒ...ဒါ ဘယ်လောက်ကျလဲ”

“အများကြီး မဟုတ်ပါဘူး။ တစ်ဝက်က ပေးပြီးသွားပါပြီ။ ယွမ်ထောင့်ခြောက်ရာပဲ ကျန်တော့တာ”

ကျန်ရှက ဖြေလိုက်သည်။

အခြားကျောင်းသားများ၏ မျက်နှာများမှာလည်း အနည်းငယ် နီရဲကြ၏။ ထိုစားသောက်ဆိုင်ပိုင်ရှင် လီရှောက်ယွင်သည်ပင် မျက်ခုံးပင့်လိုက်မိသည်။ သူသည် ကျန််ရှအား ယခင်က မတွေ့ဖူးသော နယ်မြေတစ်ခုအား စူးစမ်နေသကဲ့သို့ ကြည့်နေသည်။ သူသည် အတော်လည်း အံ့သြဆွံ့အနေ၏။

“သူ့ရဲ့ ဒီနေရာမှာ တစ်ခုခုများ မှားနေတာလား”

လီရှောက်ယွင်က သူ၏ ခေါင်းကို ညွှန်ပြ၍ ကျင်းယွင်ကျောင်းအား ခပ်တိုးတိုး မေးလိုက်သည်။

ကျင်းယွင်ကျောင်း၏ ပါးစပ်က တွန့်သွားပြီးနောက် မရယ်မိအောင် ထိန်းလိုက်ရင်း ပြန်ဖြေ၏။

“ထင်တာပဲ”

လီရှောက်ယွင်က ရုတ်တရုက် နားလည်သွားသော အမူအယာကို ဖော်ပြလိုက်ရင်း ရွှတ်နောက်နောက် ပြုံးလိုက်သည်။ သူသည် သူ၏ လက်နှစ်ဖက်လုံးအား အိတ်ကပ်များထဲတွင် ထည့်ထားပြီး ထိုပုံစံက မျက်လုံးကို အတော်လေး ဖမ်းစားနိုင်၏။

“ထောင့်ခြောက်ရာ” ဆိုသော စကားလုံးက အမေယဲ့၏ နှလုံးသားကို ကြေမွသွားစေသည်။ သူမ၏ မျက်လုံးများက နီရဲနေ၏။ ထို့နောက် သူမသည် သူမ၏ အိတ်ကပ်များဆီသို့ နှိုက်လိုက်ပြီး ယွမ်ရာဂဏန်းကိုသာ ဆွဲထုတ်လိုက်သည်။ လူအုပ်ကြီးက ကြည့်နေသဖြင့် သူမ ပြိုလဲသွားရန် ခြေတစ်လှမ်းသာ လိုတော့၏။

“အန်တီယဲ့၊ ကျန်ရှက နောက်နေတာပါ။ ကျွန်မ ရှင်းပြီးပါပြီ။ အန်တီ ကျွန်မကို မယုံရင် သူ့ကို မေးကြည့်ပါ”

ကျင်းယွင်ကျောင်းက သူမ၏ ဘေးရှိ အမျိုးသားအား ညွှန်ပြလိုက်ပြီး ခဏရပ်သွားသည်။ ထပ်ပြီး သူ့ကို ဘယ်လိုခေါ်ရမလဲ ...

“ကိုယ့်ရဲ့မျိုးရိုးနာမည်က လီ၊ လီရှောက်ယွင်ပါ”

အမျိုးသား၏ နှုတ်ခမ်းများက ကွေးညွတ်သွားပြီး ပြုံးလာသည်။

“ဟုတ်တယ်၊ ဆိုင်ရှင်လီက ကျသင့်ငွေကိုတော့ နှစ်ခါတောင်းမှာ မဟုတ်ပါဘူး”

ကျင်းယွင်ကျောင်းက ထပ်ဖြည့်ပြောလိုက်၏။

သူတို့၏ ဘေးတွင် ရပ်နေသော ရှောင်ဟိုင်ချင်း၏ မျက်ခုံးများက တွန့်ချိုးသွားပြီး ကျင်းယွင်ကျောင်းအား စိတ်ရှုပ်စွာဖြင့် တစ်ချက်ကြည့်လိုက်သည်။ သို့သော် သူမ၏ နူးညံ့နေသော မျက်ဝန်းများကို မြင်သောအခါ ရှောင်ဟိုင်ချင်းသည် သူမပြောမည့် စကားလုံးများကို မြိုချလိုက်၏။ ရိုးရိုးသားသား ဝန်ခံရလျှင် သူမသည် ယဲ့ချင်းကို မုန်းသော်လည်း ဤကယောက်ခြောက်ခြားဖြစ်နေသော မိခင်ဖြစ်သူကို မြင်ရခြင်းက သူမအား အပြစ်ရှိသလို ခံစားရစေသည်။

အမေယဲ့သည် မျက်ရည်များ စီးကျလာပြီး ယွမ်ရာတန် အနည်းငယ်ကို ကျင်းယွင်ကျောင်း၏ လက်ထဲသို့ ခပ်မြန်မြန် ထိုးထည့်ပေးလာရှာ၏။

“အာ..အန်တီ မင်းကို ပေးခွင့်မပြုနိုင်ပါဘူး။ ဒီနေ့ အလောတကြီး ထွက်လာရလို့ အဲဒီလောက် အများကြီး မယူခဲ့မိဘူး။ ကျန်တာကို အန်တီ နောက်ကျ ပြန်ပေးပါမယ်၊ ကျေးဇူးတင်ပါတယ်ကွယ်”

ကျင်းယွင်ကျောင်းသည် အမေယဲ့က သူမ၏ မိသားစု စီးပွားပျက်သွားသည်ကို ဝန်မခံသည်မှာ သူမ၏ ကိုယ်ပိုင်သိက္ခာကြောင့် မဟုတ်ဘဲ ယဲ့ချင်း၏ သိက္ခာကြောင့်သာ ဖြစ်ကြောင်း နားလည်လိုက်၏။

“အို...ဟုတ်သားပဲ၊ ဆေးရုံစရိတ်တွေ....”

အမေယဲ့သည် ရုတ်တရက် ထိုစရိတ်ကို သတိရသွားပြီး ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။ သို့ရာတွင် သူမ၏ စကား မဆုံးမီမှာပင် လီရှောက်ယွင်က ပြောလိုက်သည်။

“ဆေးရုံစရိတ်တွေက ရှင်းပြီးသားပါ ခင်ဗျာ”

Chapter 68 : အန်ထုတ်ပစ်စမ်း

ယဲ့ချင်း၏ အမေသည် ရိုးအသော်လည်း ကျင်းယွင်ကျောင်းနှင့် လီရှောက်ယွင်က သူမ၏ အခက်အခဲများကို သတိထားမိ၍ ကူညီရန် ကြိုးစားနေခြင်းဖြစ်ကြောင်းကိုတော့ မြင်နိုင်သေး၏။ ထိုအချိန်တွင် သူမသည် စိတ်လှုပ်ရှားသွားသော်လည်း အပြစ်ရှိစိတ်ကိုပါ ခံစားလိုက်ရသည်။

သူမ၏ မိသားစု တရားဝင် စီးပွားပျက်သွားချိန်မှစ၍ သူမ၏ နေ့ရက်များသည် မလွယ်ကူလှပေ။ သူမ၏ သမီးအတွက် သူမသည် လောကဒဏ်အားလုံးကို ကြံ့ကြံ့ခံခဲ့သည်။ သို့သော် ယခုအခါတွင်တော့ သူမ အမြဲတမ်း ဂုဏ်ယူခဲ့ရပြီး အလုပ်ကို ကုန်းရုန်းကြိုးစားလုပ်နေရသည့် အကြောင်းရင်း နောက်ဆုံး ကောက်ရိုးလေးတစ်မျှင်နီးပါးဖြစ်သည့် သမီးဖြစ်သူသည် သူမ စိတ်ကူးယဥ်ထားသကဲ့သို့ ကြံ့ခိုင်မှုမရှိ၊ စဥ်းစားဉာဏ်မရှိကြောင်း သိလိုက်ရသည်။

ယခုအခါ သူမသည် ယခင်က သမီးဖြစ်သူအား အလိုလိုက် ပျက်ဆီးစေခဲ့သည်များအား နောင်တရနေပြီဖြစ်၏။

တကယ်တော့ အမေယဲ့၏ အတိတ်၌ သူမ၏ ကလေးဖြစ်သူအား ပြုစုပျိုးထောင်ခဲ့သည့် နည်းလမ်းများသည် ပြဿနာ များများစားစား မရှိခဲ့ပေ။ အဖေယဲ့သည်သာ အဓိက အကြောင်းအရင်းဖြစ်သည်။

ထိုယခင်နှစ်များက အဖေယဲ့၏ ဘဝသည် ချောချောမွေ့မွေ့ပင် ရွက်လွှင့်နိုင်ခဲ့ပြီး သူ့တွင် သမီးတစ်ယောက်သာရှိ၏။ ထို့ကြောင့် သူသည် ယဲ့ချင်းအား သူမ တောင်းဆိုသမျှကို ခွင့်ပြုခဲ့သည်။ ယဲ့ချင်း ပါးစပ်ဟလိုက်သရွေ့ သူမလိုချင်တာမှန်သမျှ သူက ပေးလိမ့်မည်ပင်။ အမေယဲ့သည် သူမ၏သမီးဖြစ်သူအား စတင်သင်ကြားသောအခါ အလွန်နောက်ကျသွားပြီဖြစ်၏၊ အဘယ်ကြောင့်ဆိုသော် ယဲ့ချင်းသည် အသက်ငယ်ငယ်လေးကတည်းက သူမသည် မိသားစု၏ မင်းသမီးတစ်ပါးဖြစ်ကြောင်း သိနေပြီဖြစ်သောကြောင့်ပင်။ သူမ၏ အဖေ ရှိနေသမျှကာလပတ်လုံး သူမ လိုချင်တာမှန်သမျှရရှိနေသည်အား မိခင်ဖြစ်သူက တားနိုင်မည် မဟုတ်ပေ။

“ကျေးဇူးတင်ပါတယ်။ ကျွန်မရဲ့သမီးကို ရှာတွေ့ရင် တောင်းပန်ဖို့ သူ့ကို သေချာပေါက် ခေါ်လာခဲ့ပါမယ်”

အမေယဲ့က မျက်ရည်များကို ထိန်းလိုက်ရင်း ပြောလာသည်။ သူမသည် ဘာပြောရမှန်း မသိတော့ချေ။

အမှားတစ်ခု ကျူးလွန်ပြီးသွားပြီဖြစ်၏။ အကယ်၍ သူမ၏ သမီးဖြစ်သူကသာ တောင်းပန်ရန် သတ္တိမရှိလျှင် ယခုအချိန်တွင် သူမ ဘာတတ်နိုင်မည်နည်း။

အမေယဲ့၏ စကားဆုံးသည်နှင့် ကျန်ရှက ပါးစပ်ဖွင့်ရန် ဟန်ပြင်လိုက်သောအခါ ကျင်းယွင်ကျောင်းက ဝင်ပြောလိုက်သည်။

“ကျွန်မတို့အားလုံး ထျန်းထျန်း အနားယူတာကို နှောက်ယှက်မိတော့မယ်။ အန်တီယဲ့၊ အန်တီယန်၊ အရင်ဆုံးသွားခွင့်ပြုပါဦးရှင့်၊ ပြီးတော့ ထျန်းထျန်း နိုးလာမှ ပြန်လာခဲ့ပါ့မယ်”

အမေယန်က ခေါင်းညိတ်ပြလိုက်၏။ အမှန်တကယ်လည်း လူများစွာကြောင့် အနည်းငယ် ဆူညံနေသည်လေ။

ကျန်ရှက ကျင်းယွင်ကျောင်းအား ဒေါသတကြီး စိုက်ကြည့်လိုက်၏။ ဘယ်သူကများ ထွက်သွားချင်နေလို့လဲ။

သို့သော် ပြောစရာရှိသည်ကို ပြောပြီးသွားပြီဖြစ်၍ လီရှောက်ယွင်နှင့် ကျင်းယွင်ကျောင်းသည် အရင်ဆုံး လှည့်ထွက်သွားကြပြီဖြစ်သည်။ သူ့စကားအား ကြားသော အခြားသူများကလည်း သူ့ကို လျစ်လျူရှု၍ ထွက်သွားကြ၏။ ကျန်ရှတွင် ငြင်းဆန်ရန် အခွင့်အရေးမရှိတော့ပေ။

အခြားသူများက ထွက်လာသော်လည်း ဒဏ်ရာရသူ၏ အမေဖြစ်သော အမေယန်က ယန်ထျန်းထျန်းအား ပြုစုပေးရန် လူနာခန်းထဲတွင်သာ နေရစ်၏။ ကျင်းယွင်ကျောင်းနှင့် ကျန်လူများ ဆေးရုံထဲမှ ထွက်လာပြီးသည်နှင့် ကျန်ရှက မနေနိုင်တော့ဘဲ ပြောလာသည်။

“အန်တီယဲ့က ထူးဆန်းနေတယ်လို့ နင်တို့ မထင်ဘူးလား။ ဦးလေးယဲ့ရောပဲ။ ငါ သူတို့ကို အရင် တွေ့တုန်းက သူတို့က ဒီလိုပုံစံ မဟုတ်ပါဘူး။ ပြီးတော့ ယဲ့မိသားစုက အရမ်းချမ်းသာတယ် ပြောပေမယ့် သူက အိမ်ကထွက်လာတော့ ဘာလို့ ပိုက်ဆံရာဂဏန်းပဲ ယူလာတာလဲ။ အိုး...ပြီးတော့ အရေးအကြီးဆုံးက သူဝတ်ထားတာကလည်း......”

“ကျန်ရှ၊ ငါ ထင်နေတာတော့ ထူးဆန်းတဲ့သူက မင်းပဲ”

ကျောင်းသားများထဲမှ တစ်ယောက်က ပြောလာ၏။

“အမှန်ပဲ၊ ငါ အတန်းခေါင်းဆောင်ကို ဒီလိုမျိုးလို့ မထင်ခဲ့မိဘူး။ ယဲ့ချင်းက အမှားလုပ်ခဲ့ပြီး သဘောကျစရာ မကောင်းဘူးဆိုရင်တောင်မှ အဲဒါ သူ့အမေနဲ့ ဘာဆိုင်လို့လဲ”

အခြားကျောင်းသား တစ်ယောက်က ထပ်ပြောလိုက်သည်။

ကျင်းယွင်ကျောင်းက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ရင်း ထောက်ခံသည့် အမူအယာပြလိုက်၏။

ယခင်အား ကျန်ရှ သူမအားပြောနေကျ စကားများသည် သူမ အာရုံထားနေဖို့ မထိုက်တန်ပေ။ သူမသည် သူပြောသည်များအား အမြဲတမ်း မကြားချင်ယောင်ဆောင်ခဲ့သည်။ သို့သော် ယခုအခါတွင် အခြေအနေက ဤနေရာထိ ရောက်လာခဲ့ပြီဖြစ်ရာ သူသည် ဆိုးဆိုးဝါးဝါး ဆီလျော်မှုမရှိ ဖြစ်နေပြီပင်။

“မင်းတို့တွေ ဘာဖြစ်နေကြတာလဲ။ ငါ ပြောတာ ဘာမှားလို့လဲ။ ယဲ့ချင်းက အမြဲ ချမ်းသာသလို နေပြခဲ့ပေမယ့် အခု အဲဒါက အလိမ်အညာဆိုတာ ရှင်းရှင်းလင်းလင်း သိရပြီလေ။ ငါက သူ ငါတို့ကို ထပ်ပြီးတော့ လှည့်စားမှာကို ကြောက်နေရုံပဲ”

ကျန်ရှက သူသည် သူတို့အား ရန်စသလို ဖြစ်နေခဲ့ကြောင်း လုံးဝသဘောမပေါက်ခဲ့ပေ။ ဤလူများသည် ကျိုးကြောင်းမဆီလျော်ဟုပင် သူက တွေးနေလိုက်သေး၏။

အထူးသဖြင့် သူသည် ကျင်းယွင်ကျောင်းက နှုတ်ခမ်းစေ့၍ ပြုံးလိုက်သည်ကို မြင်သောအခါ ပို၍ ဒေါသထွက်လာသည်။

“ကျင်းယွင်ကျောင်း၊ နင် စားသောက်ဆိုင်က ဘေလ်ကို နင်ရှင်းမယ်လို့ ပြောခဲ့တာနော်။ နင် အဲ့စကားကို ပြန်ရုတ်သိမ်းဖို့တော့ မတွေးထားဘူး မဟုတ်လား”

“ဒါပေါ့၊ မတွေးပါဘူး”

ကျင်းယွင်ကျောင်းက သရော်ပြုံးပြုံး၍ ပြောလိုက်ပြီး သူမ၏ မျက်လုံးများက အေးစက်နေ၏။

“ဒါပေမယ့် ငါက ကျွေးတယ်ဆိုရင်တောင်မှ အချို့လူတွေကိုတော့ အလကား စားဖို့၊ သောက်ဖို့ ခွင့်မပြုပေးနိုင်ဘူးလေ ဟုတ်တယ်မလား”

“နင် ဒါက ဘာသဘောလဲ။ ငါတို့က စားပြီးသွားပြီလေ။ နင် ငါတို့ကို ပိုက်ဆံပြန်ပေးစေချင်နေတာတော့ မဖြစ်နိုင်ဘူးမလား”

ကျန်ရှက မျက်လုံးလှန်ပြရင်း ကျင်းယွင်ကျောင်းအား အထင်သေးစွာ ကြည့်လိုက်သည်။ ယဲ့ချင်းက လူလိမ်တစ်ယောက်ဖြစ်နိုင်သော်လည်း သူသည် ကျင်းယွင်ကျောင်းအား ကပ်စေးအိုးတစ်ယောက်ဟု ထင်မထားခဲ့ပေ။

ကျင်းယွင်ကျောင်းက တခစ်ခစ်ရယ်လိုက်၏။ ထို့နောက် သူမသည် သူမ၏ လက်များကို တစ်ဖက်နှင့်တစ်ဖက် ပွတ်သပ်လိုက်ပြီး ကျန်ရှ၏ ဝမ်းဗိုက်ဆီသို့ တည့်တည့်ပင် ခပ်ပြင်းပြင်း လက်သီးတစ်ချက် ပစ်သွင်းလိုက်တော့သည်။

“နင် ငါ့ကို ပိုက်ဆံပြန်ပေးစရာမလိုပါဘူး၊ ဒါပေမယ့် နင် စားပြီးသားတွေအားလုံးကိုတော့ အန်ထုတ်ရမယ်”

All Chapters