အခန်း (၆၉-၇၂)
Vol. 4 Ch. 69-72
Chapter 69 : လူရှုပ်လူပွေမျက်နှာ
ကျင်းယွင်ကျောင်း၏ လှုပ်ရှားမှုများက လျင်မြန်လှသည်။ အခြားကျောင်းသားများအဖို့ တုံ့ပြန်ဖို့ရန်ပင် အချိန်မရှိလိုက်ဘဲ ကျန်ရှကမူ သူ၏ ဗိုက်ကိုကာ၍ ကိုယ်ကိုကျုံ့ထားပြီး နာကျင်စွာ ညည်းညူနေ၏။
ကျင်းယွင်ကျောင်း၏ မျက်နှာသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အေးစက်နေသည်။ ထိုလက်သီးချက်ပြီးနောက် သူမသည် ခြေဖဝါးကို မြှောက်လိုက်ပြီး ကျန်ရှ၏ နောက်ကျောကို ဆောင့်ကန်လိုက်၏။ ကျန်ရှသည် မြေပေါ်သို့ ချက်ချင်း လဲကျသွားသည်။ ကျင်းယွင်ကျောင်း၏ ခြေဖဝါးအောက်မှ တွားသွားရန် ကြိုးစားနေစဥ်အတွင်း သူသည် ကြောက်ရွံ့တုန်ယင်နေပုံပင်။ ကျန်ရှသည် သူ စိတ်ကစဥ့်ကလျားဖြစ်နေသောအခိုက်၌ မြေပေါ်တွင် အကြိမ်အနည်းငယ်မျှ လှိမ့်နေ၏။ သူ၏ မျက်လုံးများက ပေါက်ထွက်လုမတတ် ပြူးကျယ်နေသည်။
“ကျင်းယွင်ကျောင်း နင် ရူးသွားပြီလား”
ကျန်ရှက နာကျင်မှုကြောင့် ရှုံ့မဲ့နေရင်းမှ ကြိမ်းဝါးလိုက်၏။
“ငါ နင့်ကို အချိန်အကြာကြီး သည်းခံလာခဲ့ပြီးပြီ ကျန်ရှ။ ဒီနေ့တော့ ငါ့ရဲ့သည်းခံမှုက အတိုင်းအတာရှိတယ်ဆိုတာ ပြောပြရတော့မယ်”
ကျင်းယွင်ကျောင်း၏ မျက်လုံးများက စူးရဲနေသည်။ သူမသည် သူ့ဆီသို့ ခြေလှမ်းအနည်းငယ် လျှောက်သွားလိုက်ပြီး ညာဘက် ဝမ်းဗိုက်ကို ကန်လိုက်၏။
ပတ်ဝန်းကျင်ရှိ ကျောင်းသားများအားလုံး ကြောင်အ,နေကြသည်။
ကျင်းယွင်ကျောင်း၏ အတိုက်အခိုက်စွမ်းရည်နှင့် ဆိုင်သည့် ဂုဏ်သတင်းမှာ အတော်လေး ကောင်းမွန်၏။ ယခင်က လုကျားခေါ်လာသော ဝမ်းကွဲသုံးယောက်ပင် သူမအား အနိုင်မယူနိုင်ဟု သူတို့ကြားဖူးထားသည်။
သူမ၏ ဤကဲ့သို့စွမ်းရည်များနှင့်ဆိုလျှင် မည်သူကများ ယှဥ်ရဲမည်နည်း။
အထူးသဖြင့် ကျင်းယွင်ကျောင်း၌ သူမနှင့်အတူ ပျော်ပျော်ရွှင်ရွှင် ပါဝင် ဆွမ်းကြီးလောင်းပေးမည့် ရှောင်ဟိုင်ချင်းလည်း ရှိသည်။ ရှောင်ဟိုင်ချင်းသည် ကျင်းယွင်ကျောင်း လုပ်နေသည်အား မြင်သောအခါ သူမလည်း ထိန်းမထားနိုင်တော့ဘဲ ရှေ့သို့တိုးသွား၍ ကျန်ရှ၏ ခြေဖဝါးနှစ်ဖက်အား ကိုင်မြှောက်လိုက်၏။ သူမ၏ အင်အားမှာ အတော်လေး ကြောက်စရာကောင်းသည်။
“သူ့ကို အန်ထွက်အောင် ဒီလိုလုပ်သင့်တာဟ”
ရှောင်ဟိုင်ချင်းက ခပ်ကြမ်းကြမ်း ရယ်မောလိုက်သည်။ သူမသည် အလွန်အမင်း ပျော်ရွှင်နေ၏။
သူတို့နှစ်ယောက်၏ စွမ်းရည်များ ပေါင်းစပ်လိုက်သောအခါ ကျန်ရှသည် လူးလိမ့်သွားပြီး စက္ကန့်ပိုင်းအတွင်းမှာပင် အူထဲတွင်ရှိသော စားထားသမျှ ပြန်အန်ထွက်လာတော့သည်။ သူ၏ ဘေးရှိသူများသည် ရွံရှာစွာဖြင့် နောက်ဆုတ်သွားကြ၏။
ကျင်းယွင်ကျောင်းက အသက်ပြင်းပြင်း ရှုသွင်းလိုက်ပြီး သူမ၏ အဝတ်အစားများကို သပ်ရပ်အောင် ပြုပြင်လိုက်သည်။ သူမ၏ အမူအယာသည် ဤမတိုင်မီက ဘာမှဖြစ်မသွားသကဲ့သို့ ပြန်လည် တည်ငြိမ်သွား၏။
သူမ၏ ဘေးရှိ လီရှောက်ယွင်သည် အံ့သြဆွံ့အ, နေသည်။ သူက သူ၏ ပြောင်လက်နေသော ရှုးဖိနပ်များကို ရှပ်တိုက်လှမ်းလိုက်ပြီး ကျင်းယွင်ကျောင်းအား အထင်ကြီးလေးစားစွာကြည့်၍ လက်မထောင်ပြလိုက်၏။
“မင်းရဲ့အစွမ်းက မဆိုးဘူးပဲ။ ဘယ်သူဆီကနေ သင်ခဲ့တာလဲ”
လီရှောက်ယွင်က အနားတိုးလာပြီး သိချင်စွာဖြင့် မေးလာသည်။
(T/N : အစွမ်းဆိုတာ ကွန်ဖူးစွမ်းရည်၊ အတိုက်အခိုက်စွမ်းရည်ကို ပြောချင်တာပါ။)
ကျင်းယွင်ကျောင်းက သူ့အား တစ်ချက်ကြည့်လိုက်၏။ ထို့နောက် သူမ၏ အပေါ်တွင် တင်နေသော ဖုန်မှုန့်များကို ခါချရင်း ပြောလိုက်သည်။
“ဒါက အရမ်းရွံစရာကောင်းတာတစ်ခုကို မြင်လိုက်ရလို့ ဖြစ်လာတဲ့ အလိုအလျောက်တုံ့ပြန်မှုတစ်ခုပါပဲ၊ များများစားစား မဟုတ်ပါဘူး”
လီရှောက်ယွင်က နှုတ်ခမ်းစေ့လိုက်ပြီး ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်၏။ သူတို့၏ ဘေးရှိ မိန်းကလေးများသည် ချက်ချင်း ရှက်သွေးဖြာသွားကြသော်လည်း သူက သတိမပြုမိပေ။ သူက ဆွဲဆောင်မှုရှိရှိ ဆက်ပြုံးနေရင်း ...
“ဒီနေ့ မင်း တုံ့ပြန်တာမြန်ခဲ့လို့ ဒီမိန်းကလေးကိုရော ကိုယ်တို့ရဲ့ ရှန်းဟိုင်စားသောက်ဆိုင်ကိုလည်း ဒုက္ခတွေအများကြီးကနေ ကယ်တင်ခဲ့တာပဲ။ ကိုယ့်ရဲ့ကျေးဇူးတင်မှုကို ဖော်ပြဖို့ ကိုယ် မင်းကို ထမင်းတစ်နပ်လောက် ဧည့်ခံရင်ရော ဘယ်လိုလဲ”
ကျင်းယွင်ကျောင်း၏ မျက်ခုံးများက ကွေးသွားပြီး ...
“မလိုပါဘူး”
ဤလီရှောက်ယွင်၏ လူရှုပ်လူပွေမျက်နှာကို ကြည့်ရသည်မှာ သူနှင့် အရမ်းမရင်းနှီးသွားခြင်းကသာ အကောင်းဆုံးဖြစ်ပေလိမ့်မည်။
အထူးသဖြင့် ယခုအချိန်တွင် ဤနေရာ၌ရှိသော မိန်းကလေးများ၏မျက်လုံးများက လုံးဝ မှင်သက်နေကြ၏။ အသက်မပြည့်သေးသူများကို ဆွဲဆောင်ခြင်းက ရာဇဝတ်မှုမြောက်သည် မဟုတ်လား။
လီရှောက်ယွင်၏ မျက်လုံးများက မည်းမှောင်သွား၏။ ကျင်းယွင်ကျောင်းအား လေ့လာစမ်းစစ်ရင်း ဤမိန်းကလေးသည် အခြားမိန်းကလေးများနှင့် ကွာခြားသည်ဟု သူ ဆက်၍ ခံစားနေရသည်။ သို့မဟုတ် သူမတွင် အတွေ့အကြုံရှိ၍ ရင့်ကျက်သော ခံစားမှုရှိသည်ဟု ပြောနိုင်၏။ ထပ်မံ၍လည်း သူမ၏ အတိုက်အခိုက် စွမ်းရည်များကြောင့် သူမသည် သာမန် ကိုယ်ခံပညာ လေ့ကျင့်နေသူနှင့် မတူပေ။ သူမသည် သူ့အား သူမအကြောင်းကို မစုံစမ်းဘဲ မနေနိုင်အောင် ခံစားရစေသည်။
သို့သော် ကျင်းယွင်ကျောင်း၏ ငြင်းဆန်မှုကြောင့် လီရှောက်ယွင်သည် အသိစိတ်ပြန်ကပ်သွား၏။
သူသည် သူ့ကိုယ်သူပင် မယုံနိုင်အောင် ဖြစ်နေသည်။ သူ၏ အဆင့်အတန်းအရ သူသည် သူများနှင့်မတူ တမူထူးခြားသော လူများစွာကို မြင်ဖူး၏။ သူ၏ ရှေ့တွင်ရှိသော မိန်းကလေးသည် ပြည့်ပြည့်ဝဝ မရင့်ကျက်သေးသည့် ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်အရွယ်ခန့်သာ ရှိသည်။ သိချင်စရာ အကြောင်းအရာ ဘာတစ်ခုမှ မရှိ၊ ဟုတ်တယ်မလား။
သူသည် ချက်ချင်းပင် သူ၏ ရည်ရွယ်ချက်ကို အဆုံးသတ်လိုက်သည်။
ထိုအခိုက်၌ ကျန်ရှသည် အန်ပြီးသွား၍ ဖြစ်နိုင်သည်။ ကျင်းယွင်ကျောင်းအား မုန်းတီးစွာ စိုက်ကြည့်နေပြီး မတ်တပ်ထရပ်ရန် ကြိုးစားနေ၏။
“အတန်းခေါင်းဆောင်၊ နင် စားထားသမျှ အန်ထုတ်လိုက်ပြီးဆိုတော့ ပိုက်ဆံကိစ္စလည်း ပြီးသွားပြီနော်။ ဟုတ်သားပဲ၊ နင် နေလို့မကောင်းဘူးလို့ ခံစားနေရရင် ဆေးရုံက နင့်ရဲ့နောက်မှာ ရှိတယ်။ ဒါပေမယ့် နင့်ရဲ့မျက်နှာ အရောင်အဆင်းကို ကြည့်ရတာ သိပ်မပြင်းထန်တဲ့ပုံပါပဲ။ တကယ်လို့ နင် မတရားဘူးထင်လို့ ငါ့ကို တိုင်မယ်ဆိုရင်လည်း ငါ လျော်ကြေးပေးဖို့ စိတ်မရှိဘူးနော်။ ဒါပေမယ့် ညဘက်ဆို လမ်းတွေက မှောင်ပြီး အန္တရာယ်များတော့ ဂရုစိုက်ဦးပေါ့။ နင် လူဆိုးတွေနဲ့ တွေ့နိုင်တယ်လေ...ပြီးတော့ အဲဒါက ကြောက်ဖို့ကောင်းတယ်”
ကျင်းယွင်ကျောင်းက အကြောက်အလန့်မရှိ ပြောလိုက်သည်။
Chapter 70 : လုံးဝ ရှင်းရှင်းလင်းလင်း ခြိမ်းခြောက်မှုတစ်ခု
ကျင်းယွင်ကျောင်းက ကျန်ရှကဲ့သို့သော လူမျိုးနှင့်ပတ်သတ်လျှင် ပို၍ ပွင့်ပွင့်လင်းလင်းရှိသော နည်းလမ်းတစ်ခု လိုအပ်ကြောင်း နားလည်သွား၏။
ကျင်းယွင်ကျောင်းသည် သူမ၏ နက်မှောင်စူးရှသော မျက်ဝန်းများနှင့် ကျန်ရှဆီသို့ တည့်တည့် စိုက်ကြည့်ရင်း ထိုအကြောင်းကို ခပ်ကျယ်ကျယ်နှင့် တိုက်ရိုက် ပြောလိုက်သည်။ ကျန်ရှသည် ချက်ချင်းပင် သူမ၏ ဆိုလိုရင်းကို နားလည်လိုက်၍ သူ၏ ခန္ဓာကိုယ်သည် တုန်ယင်သွားခဲ့သည်။
ဒါက ခြိမ်းခြောက်မှုတစ်ခုပဲ။ လုံးဝကို ရှင်းရှင်းလင်းလင်း ခြိမ်းခြောက်မှုတစ်ခုပဲ။
သူ့အား ထိုသို့ပြောခြင်းမှာ အကယ်၍ သူသည် ဆရာ၊ ဆရာမများအား ပြန်တိုင်ခြင်း သို့မဟုတ် သူ၏ ဒဏ်ရာကို ပုံကြီးချဲ့ပြောဆိုခြင်းများလုပ်ပါက ကျင်းယွင်ကျောင်းက သူ့အား ညအမှောင်ထဲတွင် တိုက်ခိုက်မည်ဟု ဆိုလိုခြင်း မဟုတ်ပါလော။
ကျန်ရှ ဒေါသထွက်သွား၏။ သူသည် ထိုအခိုက်တွင် ကျင်းယွင်ကျောင်းအား ထိပ်တိုက်ရင်ဆိုင်လိုက်ချင်သော်လည်း ခဏမျှ တွေးပြီးနောက် သူ ထိုသို့ မလုပ်ရဲခဲ့ပေ။ စင်စစ် ကျင်းယွင်ကျောင်း၏ အတိုက်အခိုက်စွမ်းရည်မှာ တကယ်ပင် ပထမတန်းစားဖြစ်သည်။ ကျင်းယွင်ကျောင်းနှင့် ပဋိပက္ခဖြစ်ပြီးနောက် ဘဝကို ဟင်းသီးဟင်းရွက်သဖွယ် အဆုံးသတ်သွားရတဲ့ တစ်စုံတစ်ယောက်များ ရှိခဲ့လေသလား။
သူသည် တုန်ယင်သွား၏။ သူသည် နောက်ထပ် ပစ်မှတ်ထားခံရသူ မဖြစ်ချင်ပေ။
ကျန်ရှ၏ ပါးစပ်သည် ကရုဏာတရားကင်းမဲ့သော်လည်း သူသည် သတ္တိမရှိသောသူတစ်ယောက် ဖြစ်သည်။ သူ၏ ဗိုက်ကို ကျုံ့ထား၍ ဂရုမစိုက်သကဲ့သို့ ပြုမူနေ၏။ သူသည် ဤရှက်စရာကောင်းသော အခြေအနေမှ ရုန်းထွက်ဖို့ နည်းလမ်းရှာရန် ကြိုးစားနေ၏။
ကျင်းယွင်ကျောင်းက လှည့်ထွက်မသွားမီတွင် သူ့အား စိုက်ကြည့်လိုက်ပြီး မထီမဲ့မြင် ပြုံးပြလိုက်၍ ရှောင်ဟိုင်ချင်းနှင့်အတူ ထွက်သွားတော့သည်။
“ရှောင်ယွင်၊ ဘာဖြစ်လို့လဲ”
ထိုအချိန်တွင် အဖိုး ကန်စုန့်ပိုင်သည် သူမ ဆေးရုံထဲမှ ထွက်လာသည်အား အမှတ်မထင် တွေ့လိုက်သဖြင့် အမြန် မေးလာ၏။ သူသည် သူမ၏ မူမမှန်ဖြစ်နေမှုအချို့ကို သတိထားမိ၍ သူမ နေမကောင်းဖြစ်နေသည်ဟု ယူဆလိုက်သည်။
ကန်စုန့်ပိုင်၏ ဘေးတွင် ရပ်နေသူမှာ ကန်ကျင်းချန်ဖြစ်၏။ သူသည် သူမအား ခပ်မြန်မြန် မျက်လုံးဝေ့ကြည့်လိုက်ပြီး မမြင်ချင်ယောင်ဆောင်နေသည်။
“အဖိုး၊ ကျွန်မ အဆင်ပြေပါတယ်။ ကျွန်မရဲ့အတန်းဖော်တစ်ယောက် ဒဏ်ရာရသွားလို့ သူ့ဆီကို လာကြည့်တာပါ”
ကျင်းယွင်ကျောင်းက ကပျာကယာ ရှင်းပြလိုက်၏။ ထိုသို့ပြောပြီးနောက် သူမသည် ကန်ကျင်းချန်အား ကြည့်၍ သိချင်သွားပြီး စူးစမ်းမေးမြန်းလိုက်သည်။
“စာမေးပွဲဖြေရမယ့်နေ့ မရောက်သေးဘူး မဟုတ်လား”
တကယ်တော့ သူတို့သည် တစ်အိမ်တည်း၌ နေနေသည်မှာ ရက်အတော်ကြာပြီ ဖြစ်၏။ ကန်ကျင်းချန်သည် စနေ၊ တနင်္ဂနွေရက်များတွင်ပင် အိမ်ပြန်လာခဲကြောင်း စူးချူထံမှ သူမကြားပြီးဖြစ်သည်။ များသောအားဖြင့် သူ့ကိုကြည့်လိုက်သည်နှင့် ဆေးပညာအား လုံးဝ စိတ်ဝင်စားမှုမရှိကြောင်း မြင်နိုင်သည်ဖြစ်ရာ ကန်ကျင်းချန်အား ဆေးရုံတွင် ကန်စုန့်ပိုင်နှင့်အတူ တွေ့ရသည်မှာ အတော်လေး ထူးဆန်းသော ကိစ္စဖြစ်၏။
အထင်သေး စိတ်ပျက်သော အရိပ်အယောင်များက သူမအားကြည့်လိုက်သည့် ကန်ကျင်းချန်၏ မျက်လုံးများတွင် ဖြတ်ပြေးသွားပြီး သူမ၏ အကြည့်များကို ခပ်မြန်မြန်ပင် ရှောင်လွှဲသွားသည်။ ၎င်းမှာ ကျင်းယွင်ကျောင်းအား စိတ်ရှုပ်သွားစေကြောင်း သိသာလွန်း၏။
အဖိုးကန်က သူ၏ မြေးအရင်းအား ကြည့်လိုက်ပြီး မျက်နှာပူစွာ ပြောလိုက်သည်။
“ဟုတ်တယ်၊ စာမေးပွဲရက်က ခုထိမရောက်သေးဘူးကွယ့်။ ဒီကလေးက အဖိုးနဲ့ လုပ်စရာလေးတွေ ရှိလို့။ မြေးရဲ့ အတန်းဖော်က မျက်လုံး ဒဏ်ရာရတာလား”
ယနေ့ ဆေးရုံတွင် လူနာများစွာရှိသော်လည်း ထိုအထဲတွင် သူမကဲ့သို့သော အရွယ်မှာ အနည်းငယ်သာရှိ၏။ ယနေ့ ကြားခဲ့ရသော ကောလဟာလကို သတိရသွားရာ အဖိုးကန်သည် အနည်းငယ် သိချင်သွားသည်။
“ဟုတ်ကဲ့”
ကျင်းယွင်ကျောင်းက ခေါင်းငြိမ့်ပြလိုက်၏။
“အဖိုး အငယ်တွေဆီကနေ ကြားခဲ့တာ၊ အဲဒါ ကံကောင်းလို့ မိန်းကလေးငယ်လေးတစ်ယောက်က အချိန်မီ ကူညီပေးလိုက်လို့တဲ့၊ မဟုတ်ရင် သူ့ရဲ့မျက်လုံးကို ဆုံးရှုံးသွားနိုင်တယ်တဲ့။ အဲဒီ ကူညီတဲ့တစ်ယောက်က မဟုတ်မှလွဲ...မြေးများလား”
အဖိုးကန်၏ စိတ်လှုပ်ရှားနေသည့် မျှော်လင့်တကြီး အမူအယာမှာ မြင်သာလှသည်။
အကျိုးသင့် အကြောင်းသင့် ပြောရလျှင် သူသည် ကျင်းယွင်ကျောင်းဟု မထင်သင့်ပေ။ သို့သော် သူသည် ကျင်းယွင်ကျောင်း၏ နောက်ရှိ ထူးခြားဆန်းကြယ်သော ရှစ်ဖူးကို သတိရလိုက်ပြီး ကျင်းယွင်ကျောင်းသာလျှင် ဤကဲသို့ လုပ်နိုင်လိမ့်မည်ဟု တွေးလိုက်သည်။
ဤမိန်းကလေးငယ်လေးဆီမှ သူ ရနေသော ခံစားချက်သည် အမှန်တကယ်ပင် ထူးခြားလှ၏။ သူမသည် ဆေးပညာရပ်တွင် အလွန်အသိဉာဏ်ကြွယ်ဝသလို ကိစ္စများကို ပြည့်ပြည့်စုံစုံ နားလည်သဘောပေါက်မှုမရှိသေးသည့် အတွေ့အကြုံမရှိသော လူသစ်စစ်စစ်လေး တစ်ယောက်လည်း ဖြစ်သည်။
ကန်ကျင်းချန်သည် အံ့သြသွားသော်လည်း သူမက တုံ့ပြန်မှုမရှိသဖြင့် ၎င်းကို မယုံကြည်ပေ။
သူသည် ကျင်းယွင်ကျောင်း၏ ဂုဏ်သတင်းမှာ မကောင်းလှကြောင်း ကြားသိပြီးဖြစ်သည်။ ထို့ကြောင့် သူမ သူတို့ဆီသို့ ပြောင်းလာကြောင်း သိလိုက်ရသောအခါ သူသည် အလွန် စိတ်အနှောက်အယှက်ဖြစ်သွား၏။ သူ၏ အဖိုးဖြစ်သူသည် ဤမိန်းကလေးထံမှ လှည့်စားခံလိုက်ရပြီဖြစ်ကြောင်း တွေးခဲ့သည်။
ထို့အပြင် သူမ ပြောင်းလာပြီးနောက်တွင်လည်း သူမသည် အပြင်၌ နောက်ကျသည်အထိ နေစပြုလာခဲ့သည်။ သူမသည် ကောလဟာလများအတိုင်း မကောင်းသော ကိစ္စများအား လုပ်နေပုံရသည်မှာ သိသာလှ၏။ သူမက သူ့ရဲ့ဝမ်းကွဲညီမလေး စူးချူကို မကောင်းတဲ့အကျင့်စရိုက်တွေ လွှမ်းမိုးသွားရင်ရော။
ထို့ကြောင့် သူ ယနေ့ လာရသည့် အကြောင်းရင်းမှာ အလွန်ရိုးရှင်း၏။ သူသည် အဖိုးအား သူမကို နှင်ထုတ်ရန် တိုက်တွန်းချင်ခဲ့သည်။ သူသည် အကျင့်စရိုက်မကောင်းသော မိန်းကလေးတစ်ယောက်နှင့် နေစရာအကြောင်း မရှိပေ။
“ဟုတ်ကဲ့၊ အဲဒါ ကျွန်မပါပဲ။ အခြေအနေက သေရေးရှင်ရေးဖြစ်နေတော့ ကျွန်မ ဒီလို လုပ်လိုက်ရပေမယ့် အခုကစပြီး ပိုသတိထားပါ့မယ်။ ကျွန်မရဲ့ ဆေးပညာလေ့လာမှု အရည်အချင်းပြည့်မှီမှု မရှိသေးခင် ကျွန်မ နောက်တစ်ကြိမ် ဒီလိုကိစ္စတွေ ထပ်မလုပ်မိအောင် ကြိုးစားပါ့မယ်”
ကျင်းယွင်ကျောင်းက ခေါင်းငြိမ့်ပြလိုက်၍ သူမ၏ စိတ်ရင်းကို ရိုးသားစွာ ဖော်ပြလိုက်၏။
Chapter 71 : အနာမခံဘဲ အသာစံရန် စောင့်မျှော်ခြင်း
ကန်စုန့်ပိုင်သည် တာဝန်ယူမှုရှိသော သမားတော်တစ်ယောက် ဖြစ်သည်။ ဤတစ်ကြိမ် အခြေအနေသည် အရေးကြီးလွန်း၍သာ သူသည် သူမအား ချွင်းချက်တစ်ကြိမ် ပေးလိုက်ခြင်းဖြစ်သော်လည်း သူမ၌ အရည်အချင်းမပြည့်မီသေးသရွေ့ အနာဂတ်၌ သူမအား ဤကဲ့သို့ တစ်စုံတစ်ယောက်အား ကုသခွင့်ပေးလိမ့်မည်မဟုတ်သည်မှာ အသေအချာပင်။ အကယ်၍ ကိစ္စများသာ လွဲချော်သွားပါက မည်သူကမှ တာဝန်ခံပေးနိုင်မည်မဟုတ်။ သူမ၏ ဘဝအပေါ်တွင်လည်း အကျိုးသက်ရောက်မှု ရှိလိမ့်မည်ဖြစ်၏။
ကျင်းယွင်ကျောင်းက သူမ၏ စိတ်ရင်းကို ရိုးရိုးသားသား ထုတ်ဖော်ပြလိုက်သည်ကို မြင်သောအခါ ကန်စုန့်ပိုင်းက စိတ်သက်သာရာရသွားပြီး သူမအား မဆူတော့ပေ။
သို့ရာတွင် သူတို့၏ ဘေး၌ ရပ်နေသော ကန်ကျင်းချန်ကမူ မယုံနိုင်သေးချေ။
“နင်က တကယ်ပဲ တစ်ယောက်ယောက်ကို ကယ်ခဲ့တာလား”
စူးချူနှင့် သူသည် ငယ်စဥ်ကတည်းက ဆေးပညာကို သဘောတူညီမှုဖြင့် သင်ယူလေ့လာခဲ့ရပြီး ယခုအချိန်ထိတိုင်အောင် သူတို့သည် လူနာများကို ကုသနိုင်ရန် အရည်အချင်း မပြည့်မီသေးပေ။ အများဆုံးအနေဖြင့် သူတို့သည် ဆေးပစ္စည်းအချို့ကို ရွေးခြယ်ခွဲထုတ်နိုင်ရုံသာဖြစ်ပြီး ဆေးဝါးများအကြောင်းကို အနည်းငယ် နားလည်ရုံသာ ဖြစ်သော်လည်း သူတို့သည် ထိုဆေးညွှန်းများနှင့် ကုသနည်းများကို တစ်ခါမှ မဆင်မခြင် အသုံးမပြုရဲပေ။ ဒါကို ကျင်းယွင်ကျောင်း၊ ဒီလုံးဝ အတွေ့အကြုံမရှိတဲ့ လူသစ်လေးက တကယ် လုပ်ရဲတာလား။
ကျင်းယွင်ကျောင်းသည် ကန်ကျင်းချန်၏ မလိုမုန်းထားသောစိတ်ကို မြင်နိုင်သည်။ အကယ်၍ အခြားသူသာ ဖြစ်ပါက သူမသည် သူတို့ကို လုံးဝ လျစ်လျူရှုထားမည်ဖြစ်သော်လည်း အဖိုးကန်က သူမအား အကြိမ်များစွာ အကူအညီပေးခဲ့သည်ကို ထောက်၍ ကျင်းယွင်ကျောင်းသည် သူ့ကို အနှောက်အယှက် မဖြစ်စေချင်ပေ။
“ဘာလို့ တကယ် မဟုတ်ရမှာလဲ”
ရှောင်ဟိုင်ချင်းက ဂုဏ်ယူနေသော အမူအယာဖြင့် ပြောလိုက်သည်။
“ငါ နင့်ကို သိတယ်။ နင်က ကန်ကျင်းချန်၊ ငါတို့ကျောင်းရဲ့ အချောဆုံးယောကျာ်းလေး ဆယ်ယောက်ထဲက တစ်ယောက်ပဲ။ ငါကြားဖူးတာ နင်က သိမ်မွေ့ပြီးတော့ ဆေးပညာတတ်တယ်ဆို၊ ဒါပေမယ့် အခု နင့်ကို ကြည့်ရတာ ကောလဟာလတွေက မမှန်တဲ့ပုံပဲနော်”
အနည်းငယ် စိတ်ကသိကအောက်ဖြစ်ခြင်းနှင့် ရှက်ရွံ့ခြင်းကို ခံစားလိုက်ရသဖြင့် ကန်ကျင်းချန်၏ မျက်နှာက ဗလာဖြစ်သွားသည်။
ရှောင်ဟိုင်ချင်း၏ စကားဆုံးသောအခါ ကျင်းယွင်ကျောင်းက သူမကို ဆွဲလိုက်ပြီး ပြောလိုက်၏။
“သူ့ကို စိတ်ထဲမထားနဲ့နော်။ ဟိုင်ချင်းက တအားပွင့်လင်းလို့ပါ......ဒါဆို ကျွန်မတို့ အရင် သွားနှင့်မယ်နော်၊ အဖိုး”
ကျန်ကျင်းချန် ပို၍ စိတ်ရှုပ်သွားသည်။ ပွင့်လင်းတယ် ဟုတ်လား။ အဲဒီ အခြားမိန်းကလေး ပြောတာတွေကို အမှန်တွေလို့ ကျင်းယွင်ကျောင်းက ယုံကြည်တယ်လို့ ဆိုလိုတာလား။
ကျင်းယွင်ကျောင်းက သူ့ကို ဂရုမစိုက်တော့ဘဲ ကန်စုန့်ပိုင်အား နှုတ်ဆက်စကားဆိုပြီးနောက် ရှောင်ဟိုင်ချင်းနှင့်အတူ ထွက်သွားတော့သည်။
“အဖိုး သူက လူနာကို ကယ်ဖို့ ဘာကုသနည်းကို သုံးခဲ့တာလဲ”
ကန်ကျင်းချန်က အနည်းငယ် စိတ်ထိခိုက်သွားပုံရပြီး နှုတ်ခမ်းစူ၍ မေးလိုက်၏။
ဤသို့ဖြစ်နေသော သူ၏ မြေးဖြစ်သူအား ကြည့်၍ ကန်စုန့်ပိုင်သည် တည်ငြိမ်မှုကို ထိန်းထားရန်အတွက် ဒုက္ခတွေ့နေသည်။ ကန်ကျင်းချန်၏ ကံဆိုးမှုကြောင့် အနည်းငယ် ပျော်သလို ဖြစ်နေသည့် ခံစားချက်ကြောင့်ပင်။ သူ၏ ဤမြေးသည် အများအားဖြင့် လူပေါင်းများစွာနှင့် လိုက်လျောညီထွေနေရန် ငြင်းဆန်ခဲ့သည်။ သူသည် အပေါ်ယံအားဖြင့် ကြင်နာတတ်ပုံရပြီး ပေါင်းသင်းရန် လွယ်ကူသည့်ပုံပေါ်သော်လည်း အမှန်တကယ်မှာ သူသည် မောက်မာ၍ အထက်စီးဆန်သော ဖြူးတစ်ကောင်ဖြစ်၏။
တစ်ဖက်လူက သူ့အား အနှောက်အယှက်မပေးလိုသော်လည်း သူ့တွင်မူ ကျင်းယွင်ကျောင်းနှင့် ပတ်သတ်၍ မကျေနပ်ချက်များ ရှိနေပြီဖြစ်သည်။ ၎င်းက သူ့အား ညအနည်းငယ် အိပ်မပျော်ဖြစ်စေလိမ့်မည်။
ကန်စုန့်ပိုင်က ချောင်းဟန့်လိုက်ပြီး သူ၏ မုတ်ဆိတ်မွေးကို ပွတ်ရင်း ပြောလာသည်။
“ဒီကုသမှုနည်းလမ်းက.....တကယ်တော့ အတော်လေး ရိုးရှင်းပါတယ်၊ ဒါပေမယ့် ဒီလိုမျိုး သေရေးရှင်ရေး အခြေအနေတွေမှာတော့ ဒါကို စဥ်းစားမိဖို့က ဖြစ်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ အဲဒီမိန်းကလေးရဲ့ခေါင်းကလည်း သွေးတွေအဆက်မပြတ် စီးကျနေတာ။ ဆရာဝန်အများစုက မျက်လုံးဒဏ်ရာတွေကို သတိမထားမိကြဘူး”
“ကျင်းယွင်ကျောင်းက သမားတော်ကောင်းတစ်ယောက်ပါ။ ချန်အာ၊ မင်းက သူနဲ့ တစ်အိမ်ထဲမှာ နေတာဆိုတော့ သူနဲ့ ထိတွေ့ဆက်ဆံဖို့ အခွင့်အရေးပိုများတာပဲ။ အနာဂတ်ကျရင် မင်း သူ့ဆီကနေ လမ်းညွှန်မှုယူရလိမ့်မယ်”
ကန်စုန့်ပိုင်က ရည်ရွယ်ချက်ရှိရှိ ပြောလိုက်သည်။
ဤသည်ကို ကြားသောအခါ ကန်ကျင်းချန်၏ မျက်နှာသည် လုံးဝ နီရဲသွား၏။ ထို့နောက် သူ လှည့်ထွက်သွားတော့သည်။
ကန်စုန့်ပိုင်က စိတ်မဆိုးသည့်အပြင် သူ၏ နောက်မှ ရယ်ရင်း လိုက်ပါသွား၏။ သူ၏ မြေးဖြစ်သူသည် အခြားသူများကိုသာ စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်လေ့ရှိသူ ဖြစ်သောကြောင့် ယနေ့ကဲ့သို့ အခြေအနေမျိုးမှာ တကယ်ပင် ရှားပါးလွန်းလှသည်။
ကျင်းယွင်ကျောင်းနှင့် ရှောင်ဟိုင်ချင်းတို့သည် ဝေးဝေးမသွားကြပေ။ သူတို့သည် ဆေးရုံအနီးတွင်ရှိသော ကော်ဖီဆိုင်တစ်ဆိုင်ကို ရှာလိုက်၍ ခဏ အနားယူလိုက်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုနေရာမှ မှန်ပြတင်းပေါက်များကို ဖြတ်၍ ဆေးရုံ၏ ဝင်ပေါက်အား မြင်နေရ၏။
ရှောင်ဟိုင်ချင်းသည် ပထမက ဘာလုပ်နေမှန်း နားမလည်သော်လည်း ထိုမြင်ကွင်းကို မြင်လိုက်သောအခါ ချက်ချင်း နားလည်သွားသည်။ ကျင်းယွင်ကျောင်းသည် ယဲ့ချင်းကို စောင့်နေခြင်းပင်။
ယဲ့ချင်းသည် လွတ်မြောက်သွားသော်လည်း သူမတွင် ပြဿနာတစ်ခုကို လုပ်ထားပြီးသားဖြစ်သည်။ သူမသည် ဆေးရုံအနီးနားတွင် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပေါ်လာလိမ့်မည်မှာ ဖြစ်နိုင်ချေအရှိဆုံးပင်။
“တကယ်လို့ သူ မလာရင်ရော”
ရှောင်ဟိုင်ချင်းက အနည်းငယ် စိုးရိမ်နေ၏။
သူမသည် ယဲ့ချင်းထက် ပို၍ တစ်ကိုယ်ကောင်းဆန်သောသူကို တစ်ခါမှ မမြင်ဖူးပေ။ ကိုယ်တိုင်က ပုန်းနေ၍ အမေအရင်းဖြစ်သူအား တာဝန်များ၊အပြစ်တင်မှုများအားလုံးကို ခံယူခိုင်းသောသူဖြစ်သည်။ အခုအချိန်၌ သူမသည် အသက်ဆယ့်ငါးနှစ်သာ ရှိသေး၏။ နောက်နှစ်အနည်းငယ်ကြာလျှင် သူမ၏ အကျင့်စရိုက်က ပို၍ ဆိုးလာလိမ့်မည်လား။
“ယဲ့မိသားစုက စီးပွားပျက်သွားပြီ။ သူ့ဆီမှာ စားသောက်ဆိုင်ကနေ ကျန်တဲ့ ပိုက်ဆံပဲ ရှိတော့တာ။ အဲဒီပမာဏနည်းနည်းလေးက သူ့အတွက် သေချာပေါက် လောက်မှာ မဟုတ်ဘူး။ သူ ထပ်လိုချင်ရင် အန်တီယဲ့ကို လာမရှာဘဲ ဘယ်လိုလုပ် နေနိုင်မှာလဲ။ အခု ငါတို့မှာ အခြားနည်းလမ်းမရှိဘူး၊ ဒါကြောင့် စောင့်ကြည့်ကြတာပေါ့”
ကျင်းယွင်ကျောင်းက သူမ၏ ကော်ဖီခွက်ကို မွှေလိုက်၍ ခါးသက်သော ကော်ဖီအနံ့မွှေးမွှေးက ပျံ့တက်လာလေသည်။
Chapter 72 : ပေါ်ထွက်လာခြင်း
ရှောင်ဟိုင်ချင်းက ကျင်းယွင်ကျောင်းဆီမှ ထွက်လာသော အရှိန်အဝါများသည် လေးနက်တည်ကြည်လွန်းနေသကဲ့သို့ ခံစားလိုက်ရ၏။ မည်သည့်အချိန်တွင်မဆို သူမသည် သူမ၏ စိတ်ခံစားချက်များကို အလွန်ကောင်းမွန်စွာ ထိန်းချုပ်နိုင်သည်။
ယနေ့ အခြေအနေကို ဥပမာတစ်ခုအနေနှင့် ယူရလျှင် လူတိုင်း ပျာယာခတ်နေကြချိန်တွင် ကျင်းယွင်ကျောင်း တစ်ဦးတည်းသာ တည်ငြိမ်မှုကို ထိန်းထားနိုင်၏။
ယခုချက်ချင်းပင် သူမသည် ကျန်ရှကိုလည်း ဆုံးမခဲ့သေးသည်။ သူမသည် ဒေါသပြင်းစွာထွက်နေပုံရသော်လည်း ကိစ္စများစွာကို ထည့်သွင်းစဥ်းစားခဲ့သေး၏။ အကယ်၍ သူမသာ ကျန်ရှအပေါ်တွင် အမှန်တကယ် ဒေါသထွက်နေပါက သူမသည် သူ့အား မသန်မစွမ်းဖြစ်အောင်အထိ လုပ်နိုင်သည်။ သူမသည် အတိအကျ ခန့်မှန်းထားကြသော အခြေအနေထိဖြစ်အောင် မလုပ်ခဲ့ဘဲ ကျန်ရှအား ရိုက်နှက်ပြီးသည့် နောက်တွင်လည်း သူ၏ ခန္ဓာကိုယ်ကို အကောင်းအတိုင်း ထားပေးခဲ့သေးသည်။
“အိုး...ဒါနဲ့ စကားမစပ်၊ နင့်ရဲ့ဆေးပညာစွမ်းရည်တွေကို ဘယ်သူ့ဆီက သင်ထားတာလဲ။ ခုနက အဖိုးဆီကလား”
ရှောင်ဟိုင်ချင်းက ရုတ်တရက် သတိရသွား၏။
သူတို့သည် အချင်းချင်း ထိတွေ့ဆက်ဆံမှု သိပ်မရှိသော်လည်း ကျင်းယွင်ကျောင်းက သူမတွင် ဆေးပညာကျွမ်းကျင်မှုရှိသည်ဆိုသော အချက်ကို တစ်ခါမှ ထုတ်မပြခဲ့ဖူးပေ။ ယနေ့ သူမ၏ နည်းလမ်းများသည် အံသြထိတ်လန့်ဖွယ်် ကောင်းလွန်းလှ၏။
“မဟုတ်ဘူး။ ငါ ဆေးပညာကို ငါနဲ့သိတဲ့ လူထူးလူဆန်း အဖိုးတစ်ယောက်ဆီကနေ သင်ခဲ့တာ”
ကျင်းယွင်ကျောင်း၏ စကားလုံးများသည် အလိမ်အညာဟု မယူဆနိုင်ပေ။ နေရာလွတ်နယ်မြေထဲရှိ ဆေးပညာဗဟုသုတများနှင့် သူမ၏ကျောက်စိမ်း အားလုံးမှာ ဘိုးဘေး ကျင်းဟယ်မှ ချန်ထားပေးခဲ့သော အရာများဖြစ်သည်။ သူသည် လက်ရှိအချိန်တွင် မရှိတော့သော်လည်း သူမသည် သူ၏ အမွေအနှစ်များကို ဆက်ခံခဲ့၏။ သူမသည် အခြားသူကို အသိအမှတ်ပြုမှု မပေးနိုင်ပေ။
ရှောင်ဟိုင်ချင်းက သူမပြောသည်အား ကြားသောအခါ သောက်လက်စ ကော်ဖီပင် သီးလုနီးပါး ဖြစ်သွားသည်။
“လူထူးလူဆန်းအဖိုး ဟုတ်လား။ ဒဏ္ဍာရီတွေထဲက ထူးခြားဆန်းပြားတဲ့ ဆရာသခင်က ဒီခေတ်မှာ ရှိနေသေးတာ ဖြစ်နိုင်လို့လား။ ငါက ဉာဏ်ရည်မထက်မြက်ဘူး၊ ငါ့ကို မလိမ်နဲ့”
ရှောင်ဟိုင်ချင်းက တစ်လုံးမှ မယုံပေ။ ဒီကမ္ဘာပေါ်မှာ ဒီလိုမယုံနိုင်ဖွယ်ရာ လူတစ်ယောက် ရှိနေသေးလို့လား။
ကျင်းယွင်ကျောင်းက ပခုံးတွန့်ပြလိုက်သည်။
“ဘာပဲဖြစ်ဖြစ်၊ ငါပြောတာ အမှန်တွေပဲ။ ငါ့ရဲ့ ကိုယ်ခံပညာတွေရော၊ ဆေးပညာရပ်တွေရော အားလုံး သူသင်ပေးထားတာ”
ရှောင်ဟိုင်ချင်းက သံသယဝင်နေသော်လည်း ကျင်းယွင်ကျောင်းက သူမအား ဘယ်တော့မှ လိမ်ပြောလိမ့်မည်မဟုတ်ဟု ခံစားနေရ၏။ သူမသည် ကျင်းယွင်ကျောင်းအား စိုက်ကြည့်လိုက်ရင်း သူမအား အချိန်အတော်ကြာအောင် မှန်းဆတိုင်းတာနေသည်။
“ဒါကြောင့် နင့်ရဲ့ဆေးပညာစွမ်းရည်က အရမ်းမြင့်နေတာလား”
ရှောင်ဟိုင်ချင်းက မေးလာ၏။
ကျင်းယွင်ကျောင်းက ခေါင်းခါပြလိုက်သည်။
“သူ ငါ့ကို သင်ပေးခဲ့တာတွေက အများကြီးပဲ၊ ငါ သူတို့ကို မှတ်မိဖို့ နေ့တိုင်း အချိန်အကြာကြီး ယူရတယ်။ အခုအချိန်မှာ ငါ အခြေခံနည်းနည်းလေးကိုပဲ မှတ်နိုင်သေးတယ်။ ဒါပေမယ့် အရမ်းမရှုပ်ထွေးတဲ့ အခြေအနေနဲ့သာ ကြုံရမယ်ဆိုရင်တော့ ငါ တစ်ချို့နည်းလမ်းတွေကို မှတ်မိတယ်”
ကျောက်စိမ်းစာလိပ်မှာ စုစုပေါင်း ကိုးဆယ့်ကိုးပိုင်းရှိသည်။ ဤအချိန်တွင် သူမသည် တစ်ပိုင်းကိုသာ စုပ်ယူပြီးစီးသေး၏။ အပိုင်းတစ်ပိုင်းအတွင်းတွင် စာအုပ်ပေါင်းထောင်ချီပါဝင်သည်။ ကျောက်စိမ်းစာလိပ်က သူမ၏ စိတ်အတွင်းမှာ ရှိနေခြင်းကြောင့် သူမသည် ပြန်စဥ်းစားလိုက်ရုံနှင့် သူမကျက်မှတ်ထားသည်များကို ဆွဲထုတ်ပြီး အကြောင်းအရာကို စေ့စပ်ပိုင်နိုင်စွာ တတ်မြောက်နိုင်သည်။ ထို့အပြင် သူမ၏ နေရာလွတ်နယ်မြေထဲရှိ အချိန်သည် ငါးဆ ပို၍နှေး၏။ နေ့စဥ် သူမ၏ တိုးတက်မှုနှုန်းသည် အလွန်အမင်း အံ့အားသင့်ဖွယ်ကောင်းလှသည်။ အပြင်လူများအတွက်မူ သူမသည် အချိန်တိုလေးအတွင်း၌ တိုးတက်လာသကဲ့သို့ပင်။
သို့ရာတွင် သူမ မသိသေးသည့် အရာများစွာရှိသေးသည်။ ထို့ကြောင့် သူမသည် သူမ၏ ဗဟုသုတကို ချဲ့ကားမပြောရဲပေ။
ရှောင်ဟိုင်ချင်း၏ မျက်လုံးများက တောက်ပသွားသည်။
“ယွင်ကျောင်း၊ နင်က တကယ်ကို ငါ့ရဲ့အိုင်ဒေါပဲ။ အနာဂတ်မှာ ငါ ဘယ်လိုရောဂါပဲဖြစ်ဖြစ် နင့်ကိုပဲ အားကိုးမယ်”
ရှောင်ဟိုင်ချင်းက သူမ၏ ကော်ဖီခွက်ကို မြှောက်၍ ကျင်းယွင်ကျောင်းနှင့် ခွက်ချင်းတိုက်လိုက်၏။
ကျင်းယွင်ကျောင်းသည် စိတ်ထဲမှ ခါးသီးစွာ ပြုံးလိုက်သည်။ အကယ်၍ သူတို့သာ အိုင်ဒေါများအကြောင်း ပြောကြေးဆိုပါက အတိတ်ဘဝမှ ရှောင်ဟိုင်ချင်းသည် သူမ အလေးစားဆုံးနှင့် အကြည်ညိုဆုံးသူ ဖြစ်၏။
ပြတင်းပေါက်အပြင်ဘက်ရှိ မြင်ကွင်းပေါ်သို့ ဝင်ခါနီးနေရောင်က ဖြာကျနေချိန်တွင် သူတို့နှစ်ယောက်သည် အချင်းချင်း တွတ်ထိုးနေကြသည်။
အပြင်ဘက်တွင် အန်တီယဲ့သည် ဆေးရုံအပြင်သို့ ပြေးထွက်လာသည်ကို မြင်လိုက်သဖြင့် သူတို့၏ အကြည့်များက သူမပြေးသွားရာအတိုင်း လိုက်ကြည့်လိုက်ကြရာ ဆေးရုံ၏ ထောင့်တစ်ထောင့်၌ ကျီးကန်းတောင်းမှောက် ကြည့်ရင်း ပုန်းနေသော ယဲ့ချင်းအား တွေ့လိုက်ရသည်။ သူမသည် အမေဖြစ်သူအား မြင်သောအခါ သူမသည် သူမ၏ ဘေးပတ်ဝန်းကျင်သို့ အထိတ်တလန့် လိုက်ကြည့်လိုက်၏။ သို့သော် သူမ ဘာပြောနေမှန်း သူတို့မသိပေ။
ယဲ့ချင်းသည် အမေဖြစ်သူနှင့် စကားများနေရခြင်းကြောင့် အနည်းငယ် ဝမ်းနည်းနေပုံရသည်။ မကြာမီမှာပင် ယဲ့ချင်းသည် သူမ၏ အမေဆီသို့ စတင် လက်လှမ်းလိုက်ပြီးနောက် ကပျာကယာ လိုက်လံရှာဖွေတော့၏။ အန်တီယဲ့၏ မျက်ဝန်းများတွင် မျက်ရည်များ ရစ်ဝဲလာပြီး ရုတ်တရက် ဒေါသပေါက်ကွဲသွားပုံရကာ သူမ၏ သမီးဖြစ်သူအား ပါးရိုက်လိုက်တော့သည်။
ထိုအဖြစ်အပျက်အား မြင်သောအခါ မိန်းကလေးနှစ်ယောက်သည် ခပ်မြန်မြန်ပင် ငွေရှင်း၍ ထိုအမေနှင့် သမီးနောက်သို့ အပြေးလိုက်တော့၏။
ကျင်းယွင်ကျောင်းသည် ယဲ့ချင်း၏ မိသားစု အရေးကိစ္စများကို ဝင်ရှုပ်ရန် ပျင်းလွန်းလှသည်။ သို့ရာတွင် ဤတစ်ကြိမ်၌ ယဲ့ချင်းသည် ယန်ထျန်းထျန်းအား နာကျင်စေခဲ့၍ သူမသည်လည်း ဤဖြစ်ရပ်တွင် တစ်စိတ်တစ်ပိုင်း ပါဝင်နေသည်။ ထို့ကြောင့် ဤအချိန်တွင် သူမ ဂရုမစိုက်နိုင်တော့ပေ။
“အမေ၊ ကျွန်မကို ဘယ်လိုများရိုက်ရက်တာလဲ။ အဖေဆို ကျွန်မရဲ့ဆံပင်တစ်ချောင်းကိုတောင် တစ်ခါမှ မထိဖူးဘူး”
ယဲ့ချင်း၏ အသံက တုန်ယင်နေသော်လည်း ထိုအသံတွင် ဒေါသများနှင့် စိတ်ရှုပ်ခြင်းများက အများဆုံး ပါဝင်နေ၏။
အန်တီယဲ့က အသံမထွက်ဘဲ ငိုကြွေးနေသည်။
“သမီးရယ်၊ အမေနဲ့ လိုက်ခဲ့ပြီးတော့ သမီးရဲ့အမှားတွေကို တောင်းပန်လိုက်ပါ။ အဲဒီကလေး ထျန်းထျန်းကလည်း အခြေအနေမဆိုးပါဘူး။ သမီး တောင်းပန်ပြီးတော့ အမှားတွေကို ဝန်ခံသရွေ့ သူတို့က သမီးကို အပြစ်တင်မှာ မဟုတ်ပါဘူး။ အများဆုံး အမေတို့က လျော်ကြေးငွေနည်းနည်းပေးဖို့ပဲ လိုတာ၊ အမေ အလုပ်လုပ်ပြီး မောလွန်းလို့ သေရမယ်ဆိုရင်တောင် ဒီ လိုတဲ့ပိုက်ဆံကို အမေ ပေးမှာပါ”
“အမေက အခြားသူကိုတောင် ပိုက်ဆံတွေကို လျော်ကြေးပေးဖို့ ဆန္ဒရှိသေးရင် ဘာလို့ ကျွန်မကိုကျတော့ ပိုက်ဆံပေးဖို့ ငြင်းတာလဲ”
ယဲ့ချင်းက သူမ၏ မျက်နှာအုပ်၍ ငိုကြွေးလိုက်သည်။