အခန်း (၇၃-၇၆)
Vol. 4 Ch. 73-76
Chapter 73 : အရှက်ကွဲခြင်း
ယဲ့ချင်းက ရှိုက်ကြီးတငင် ငိုကြွေးနေသည်။ သူမသည် အမှားမလုပ်ထားဘဲ မှားယွင်းစွပ်စွဲခံရသူ ဖြစ်နေသကဲ့သို့ပင်။
“ကျွန်မတို့ မိသားစု စီးပွားပျက်သွားပြီဆိုတာ ကျွန်မရဲ့ အတန်းဖော်တွေက သေချာပေါက် သိသွားပြီ။ တကယ်လို့ ကျွန်မသာ ပြန်သွားပြီး တောင်းပန်လို့ သူတို့က ဘာမှမလုပ်ဘူးဆိုရင်တောင် ကျွန်မ ဒီဒုက္ခကို ခံနိုင်မှာ မဟုတ်ဘူး။ အနာဂတ်မှာ ကျွန်မ ကျောင်းခန်းမတွေကို ဖြတ်လျှောက်သွားရင် သူတို့က ကျွန်မကို သေချာပေါက် လက်ညိုးထိုးပြီး ကဲ့ရဲ့ကြလိမ့်မယ်။ ဆင်းရဲတဲ့မိသားစုက လာတဲ့သူတွေထက်ကို ကျွန်မက ပိုဆိုးသွားလိမ့်မယ်။ အမေ၊ ကျွန်မ အရှက်မကွဲချင်ဘူး။ ကျွန်မကို ပိုက်ဆံနည်းနည်းပေးပါ၊ အတတ်နိုင်ဆုံး ကျွန်မ အဝေးကို သွားပြီး ဘယ်တော့မှ ပြန်မလာတော့ဘူးလေ။ အကယ်လို့ အမေ သမီးကို လွမ်းတယ်ဆိုရင်လည်း သမီးကို တခြားကျောင်းကို ပြောင်းပေးလိုက်လို့လည်း ဖြစ်တာပဲ။ ဒီလောက်အကြွေးတွေ အများကြီးကို သမီးတို့က နောက်ဆုံးကျရင် တကယ်ရော ပြန်ဆပ်နိုင်မှာလား။ ထွက်ပြေးကြမလားဟင်။ ကျွန်မတို့ ထွက်ပြေးနိုင်သရွေ့ အကြွေးလည်း ပြန်ဆပ်စရာ မလိုတော့ဘူးလေ”
ယဲ့ချင်းက ငိုရင်း ပြောလိုက်သည်။
သူမ၏ မွေးနေ့ပွဲ ပျက်ဆီးသွားသည့် အကြောင်းကို တွေးလိုက်မိသည်နှင့် သူမသည် ကောင်းကင်ကြီးပြိုကျသွားသကဲ့သို့ ခံစားနေရ၏။ ဤအခြေအနေ ဖြစ်သွားသော ယန်ထျန်းထျန်းရောသာဆိုလျှင် အခြားကျောင်းသားများက သူမအား မည်သို့ ကြည့်ကြလိမ့်မည်နည်း။
အန်တီယဲ့သည် သူမ၏ သမီးရင်းဖြစ်သူအား မျက်ရည်အပြည့်ဖြင့် ကြည့်လိုက်ရင်း စိမ်းသက်သော ခံစားချက်တစ်ခုကို ခံစားနေရသည်။
အတိတ်တုန်းက သူမ၏ သမီးက ဒီလိုပဲလား။ အမြဲတစေ နူးညံ့သိမ်မွေ့၍ အသိဉာဏ်ရှိသော အိမ်၏ မင်းသမီးလေးသည် ဘယ်အချိန်ကပင် မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ပြောင်းသွားခဲ့သနည်း။
မကောင်းဆိုးဝါးတဲ့လား။ အန်တီယဲ့သည် အထိတ်တလန့် ဖြစ်သွား၏။ သူမ၏ သမီးအရင်းဖြစ်သူအား အဘယ်ကြောင့် ဤသို့တွေးမိသွားမှန်း သူမကိုယ်တိုင် မသိတော့ပေ။
အန်တီယဲ့၏ အမူအယာသည် တဖြည်းဖြည်း အေးစက်သွား၏။
“နင် ဘာလို့ ဒီလိုမျိုးပြောထွက်ရတာလဲ။ နင် ငယ်ငယ်တုန်းက ငါ နင့်ကို ဘယ်လိုသင်ပေးထားခဲ့တာလဲ။ နင် အမှားတစ်ခုလုပ်ထားရင် အဲဒါကို မှားကြောင်း ဝန်ခံဖို့လိုတယ်။ ငါတို့မှာ အကြွေးအများကြီး ရှိတော့ရော ဘာဖြစ်လဲ။ အမေက နင့်ကို အပြင်ထွက်ပြီး အကြွေးဆပ်ဖို့ ပိုက်ဆံရှာပါလို့ ဘယ်တုန်းကမှ မတိုက်တွန်းခဲ့ဖူးဘူး။ နင် ပညာဆက်သင်နေသရွေ့ အနာဂတ်မှာ တက္ကသိုလ်ကောင်းတစ်ခုမှာတက်ရပြီး ပျော်ရွှင်တဲ့ဘဝတစ်ခုကို ရမယ်၊ အရာအားလုံး အဆင်ပြေသွားမယ်။ အကြွေးက နင်နဲ့ ဘာမှ မဆိုင်ဘူး”
“ဘာလို့ ကျွန်မနဲ့ ဘာမှမဆိုင်ရမှာလဲ”
ယဲ့ချင်းက အော်ဟစ်လိုက်သည်။
“အရင်တုန်းက လူတိုင်းက ကျွန်မကို အထင်ကြီးတဲ့အကြည့်တွေနဲ့ပဲ ကြည့်ခဲ့တာ။ အခုကျတော့ရော။ သူတို့က ကျွန်မကို သနားကြတော့မယ်။ ကျွန်မ ဒီလိုသနားတာမျိုးကို မုန်းတယ်။ အဲဒါက ရှက်စရာကောင်းတယ်”
အန်တီယဲ့၏ ခန္ဓာကိုယ်က တုန်ရီသွားပြီး ရုတ်တရက် အားအင်များ ထိုးကျသွားသကဲ့သို့ ခံစားလိုက်ရသည်။
သူမသည် ဘာအတွက် အလုပ်ကြိုးစားနေခဲ့သနည်း။ သူမ၏ ခင်ပွန်းဖြစ်သူသည် အားမကိုးရပေ၊ သူသည် သတင်းဆိုးများကို ကြားသိပြီးနောက် လွယ်လွယ်ကူကူပင် အရုပ်ကြိုးပြတ်ဖြစ်သွားခဲ့သည်။ သူမ၏ သမီးဖြစ်သူကပင် ဤသို့ဖြစ်လာခဲ့ပြီ မဟုတ်လား။ ထို့ကြောင့် သူမ အလုပ်ကြိုးစားနေရသည့် အကြောင်းရင်းက ဘာများလဲ။
သူမ၏ ခန္ဓာကိုယ်သည် ပြိုလဲကျလုဆဲဆဲဖြစ်သည်။ ယဲ့ချင်းသည် စိတ်ရိုင်းဝင်နေသေးသည်ဖြစ်ရာ သူမ အမေဖြစ်သူ၏ အဝတ်အစားများအား ဆောင့်ဆွဲလိုက်၏။
“အမေ၊ ကျွန်မကို ပြောပါ။ ကျွန်မတို့ မိသားစုရဲ့ ပိုက်ဆံတွေ ဘယ်မှာဖွက်ထားတာလဲ။ အမေ ဘယ်နေရာမှာ ဖွက်ထားတာလဲလို့”
သူတို့သည် ယခင်က အလွန်ချမ်းသာခဲ့သည်၊ သူတို့တွင် ပိုက်ဆံလုံးဝ မရှိတော့သည်မှာ မဖြစ်နိုင်ချေ။ အခြားသူများ သိသွားမည်ကို စိုးရိမ်သဖြင့် တစ်နေရာရာတွင် ဖွက်ထားသည်မှာ ကျိန်းသေ၏။
အန်တီယဲ့သည် မူးနောက်နောက် ခံစားလိုက်ရပြီး သူမ၏ အမြင်အာရုံက ကျဥ်းမြောင်းသွားသည်။ သူမသမီး၏ အမူအရာက သူမအား ထိတ်လန့်ကြောက်ရွံ့စေ၏။
သူမ လဲကျသွားချိန်တွင် ကျင်းယွင်ကျောင်းက အလိုက်သင့် လှမ်းထိန်းလိုက်နိုင်ပြီး သူမအား တွဲထားပေးလိုက်သည်။
“ကျင်းယွင်ကျောင်း၊ နင်က ဘာလို့ ဒီရောက်နေတာလဲ။ နင့်ကို ဘယ်သူက လာဖို့ ပြောလို့လဲ”
ယဲ့ချင်းသည် ကျင်းယွင်ကျောင်းအား မြင်မြင်ချင်း သူမအမေ၏ အခြေအနေကို သတိမပြုမိရုံသာမက သူမသည် ပို၍ပင် စိတ်အားပြင်းပြလာခဲ့၏။
နောက်ဆုံး၌ ကျင်းယွင်ကျောင်းသည် အန်တီယဲ့ကဲ့သို့ သန်မာသောသူတစ်ယောက်က အဘယ်ကြောင့် သူမ၏ အတိတ်ဘဝတွင် သတ်သေရန် ဖိအားပေးခံခဲ့ရသနည်း ဆိုသည်အား နားလည်သွားခဲ့သည်။ ယဲ့ချင်းသည် တစ်နေ့ပြီးတစ်နေ့ နူးညံ့သိမ်မွေ့၍ စဥ်းစားဉာဏ်ရှိသယောင် ဟန်ဆောင်နေခဲ့သော်လည်း လက်တွေ့တွင်တော့ သူမသည် သူမအဖေ၏ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော စိတ်သဘောကို အမွေရထားခဲ့လေ၏။ အထူးသဖြင့် နှစ်ပေါင်းများစွာ အလိုလိုက်အကြိုက်ဆောင်ခံလာရပြီးသည့်နောက်တွင် သူမသည် ပို၍ တစ်ကိုယ်ကောင်းဆန်လာပြီး ကိုယ့်အတွက်ကိုယ်ပဲ ကြည့်တတ်လာသည်။
“နင့်ဟာနင် အိမ်က ထွက်ပြေးပြေး၊ မပြေးပြေး ငါနဲ့ ဘာမှမဆိုင်ဘူး။ ဒါပေမယ့် နင် အန်တီယဲ့ကိုတော့ ဒီလိုဆက်ဆံလို့ မရဘူး”
ကျင်းယွင်ကျောင်းက အေးစက်စွာ တုံ့ပြန်လာ၏။
“နင့်ကိုယ်နင် ဘယ်သူလို့ ထင်နေလို့လဲ”
“အများကြီးတော့ မဟုတ်ပါဘူး။ သူက ငါ့ဆီကနေ ပိုက်ဆံချေးထားတုန်း ရှိသေးတယ်လေ။ ငါ့ကို အကြွေးပေးစရာရှိတဲ့သူဖြစ်နေတော့ သူ အခြားတစ်ယောက်ရဲ့ညှင်းပန်းမှုကြောင့် ထိခိုက်အနာတရမဖြစ်သွားစေဖို့ လိုအပ်တယ်။ အကြွေး ပြန်မဆပ်နိုင်ဘဲ ဖြစ်သွားမှာ စိုးလို့လေ။ ဒါက ပြဿနာရှိလို့လား”
စင်စစ် ပြဿနာသည် အမေနှင့် သမီး၏ ကြားတွင်သာ ဖြစ်သည်။ ထို့ကြောင့် သူမက ကြားဝင်စွက်ဖက်၍ မကောင်းလေရာ ဖြေရှင်းချက်တစ်ခုကို အလွယ်ပင် ပေးလိုက်၏။
အကြွေးဟု ခေါင်းစဥ်တပ်လိုက်သော်လည်း လက်တွေ့တွင် အန်တီယဲ့ သူမအား ပေးစရာရှိသည်မှာ ယွမ်တစ်ထောင်ဝန်းကျင်သာ ဖြစ်သည်။
သူမသည် ထိုငွေပမာဏကို အရေးတကြီး လိုအပ်မနေချေ။
သို့ရာတွင် ယဲ့ချင်းသည် ထိုစကားကို ကြားလိုက်ရသည့်အခိုက် သူမ၏ မျက်နှာက ဖြူဖျော့သွား၏။ သူမ၏ မိသားစုသည် အကြွေးများစွာရှိနေပြီးဖြစ်သော်လည်း ကျင်းယွင်ကျောင်းသည် ထိုအကြွေးရှင်များထဲမှ တစ်ယောက်ဖြစ်နေလိမ့်မည်ဟု သူမ တစ်ခါမှ ထင်မထားခဲ့ပေ။
Chapter 74 : ပြိုလဲကျပြီးနောက် တဖန် ပြန်ထခြင်း
အထူးသဖြင့် ယဲ့ချင်းသည် သူမ မုန်းတီးသောသူတစ်ယောက်၏ ရှေ့တွင် လုံးဝ အရှက်ကွဲသွားသလို ခံစားနေရသည်။ သူမ၏ မာနတရားကို ဖွင့်ချ၍ မြင်သာအောင် ပြသခံလိုက်ရပြီး နေရာအနှံ့ပြန့်ကျဲကာ တဖြည်းဖြည်း ဘာတစ်ခုမှ မကြွင်းကျန်ရစ်တော့သည့်တိုင်အောင် ပျောက်ကွယ်သွားသကဲ့သို့ပင် ခံစားနေရ၏။
အန်တီယဲ့သည် အနည်းငယ်မူးဝေနေပြီးနောက် တဖြည်းဖြည်း အသိစိတ်ပြန်ကပ်လာသည်။ သူမ၏ မျက်ဝန်းအကြည့်များတွင် စိတ်ထိခိုက်ခြင်း၊ စိတ်အားငယ်ခြင်းများ ရောယှက်နေပြီး စိတ်အားထက်သန်မှုများ ပျောက်ကွယ်လုနီးပါးပင်။
ငွေကြေးချမ်းသာသူတစ်ယောက်မှ အကြွေးပေါ် အကြွေးဆင့်နေသော သူတစ်ယောက်အဖြစ် ပြောင်းလဲသွားသောအခါ သူမကိုယ်သူမ လက်မခံနိုင်ခဲ့သော်လည်း ယခင်က သူမတွင် ထိုဆင်းရဲဒုက္ခများကို သည်းခံကြိုးပမ်းနိုင်ရန်အတွက် အကြောင်းပြချက်လေးတစ်ခု ရှိနေခဲ့သည်။ သို့သော် ယခုအခါတွင်တော့ အနည်းငယ် အလှမ်းကွာနေပုံပင်။
“နင့်ရဲ့ ရည်ရွယ်ချက်တွေက ဘာတွေလဲ။ ကျင်းယွင်ကျောင်း၊ နင် ဘာလို့ ငါ့လမ်းကို ခေါင်းမာမာနဲ့ လာပိတ်နေတာလဲ”
ယဲ့ချင်းက ကြိမ်းမောင်းလိုက်သည်။
ကျင်းယွင်ကျောင်းက သူမအား ရန်စသလို ကြည့်လာ၏။
“နင့်ရဲ့စကားတွေက နင့်ရဲ့အသိစိတ်နဲ့ ဆန့်ကျင်နေတယ်လို့ နင် နည်းနည်းလေးတောင် မခံစားရဘူးလား။ ငါ တစ်ခါမှ နင့်အပေါ် အမှားမလုပ်ခဲ့ဘူး။ နင်ပဲ ငါ့ကို နင့်ရဲ့စိတ်ကူးယဥ် ပြိုင်ဘက်အဖြစ် သတ်မှတ်ပြီး ငါ့ကို ကဏ္ဍပေါင်းစုံကနေ လိုက်တိုက်ခိုက်နေတာ မဟုတ်ဘူးလား။ ငါက နင့်ကို သက်ညှာပေးမယ်လို့ ဆုံးဖြတ်ပြီးသားကို နင်က ငါ့ရဲ့ရည်ရွယ်ချက်တွေကို မေးနေတယ်လား။ ရယ်စရာကောင်းတယ်လို့ မထင်ဘူးလား”
“နင်က နင့်ရဲ့မိဘတွေကို ပိုက်ဆံပဲ ဆက်တောင်းနေတယ်။ ဒါပေမယ့် နင် သူတို့အပေါ်မှာ ဘယ်လောက် အကြွေးတင်နေတယ်ဆိုတာကိုရော နင်တွေးဖူးလား။ နင်က အဲဒါကို သိက္ခာကျစရာလို့ တွေးနေပေမယ့် ငါမြင်တာကတော့ နင့်လိုမျိုး သမီးတစ်ယောက်ရှိနေတာကမှ နင့်မိဘတွေရဲ့တစ်သက်တာမှာ သိက္ခာအကျဆုံးကိစ္စပဲ”
ကျင်းယွင်ကျောင်းသည် သူတော်စင်တစ်ယောက် မဟုတ်ပေ၊ ကိုယ်ကျင့်သိက္ခာဖြင့် အကျပ်ကိုင်သောနည်းကို သုံးရန်လည်း သူမ တစ်ခါမှ မတွေးဖူးခဲ့ပေ။ သူမက သူတို့ကြားတွင် အခြေခံ အသိတရား အများစုရှိသင့်သည်ဟု ခံစားမိရုံသာ။
ချောင်မိသားစုနှင့် နေထိုင်ခဲ့သည့် ဆယ့်ငါးနှစ်အတွင်း ယဲ့ချင်၏ သူမအပေါ်စိတ်ထားမှာ ယဥ်ကျေး၍ ခပ်တန်းတန်းသာဖြစ်သည်။ ယခု ယဲ့ချင်း လုပ်ခဲ့သမျှမှာမူ ကျင်းယွင်ကျောင်း တစ်ခါမှ စိတ်မကူးနိုင်သည့်အရာများဟုပင် ပြောနိုင်၏။ ထို့ကြောင့် သူမ အလွန်ဒေါသထွက်သွားခြင်းဖြစ်သည်။
(T/N : ယဲ့ချင်က ကျင်းယွင်ကျောင်းရဲ့အမေ၊ ယဲ့ချင်းက ဒီပြဿနာရှာတဲ့ ယဲ့ချင်းပါနော်၊ နာမည်က ဆင်နေလို့။)
အန်တီယဲ့က သူမ၏လက်များကို ယမ်းလိုက်ပြီး ...
“ငါ သဘောထားမပြည့်ဝတဲ့ သမီးတစ်ယောက်ကို ပြုစုပျိုးထောင်ခဲ့မိတာ၊ ဒါက ငါနဲ့ထိုက်တန်ပါတယ်လေ”
“ဘယ်သူကမှ ဒါနဲ့ မထိုက်တန်ပါဘူး။ အန်တီယဲ့၊ အခုအချိန်မှာ သူက လူတစ်ယောက်ကို ထိခိုက်ဒဏ်ရာရစေရုံပဲ ရှိသေးတယ်။ လူသတ်မိတဲ့ အဆင့်ထိ မရောက်သေးဘူး။ ဒါပေမယ့် အန်တီ သူ့ကို ဒီလိုသာ ဆက်ခွင့်ပြုထားမယ်ဆို အနာဂတ်မှာ သူ ဘယ်လိုပြောင်းလဲသွားမယ်ဆိုတာ စိတ်မကူးရဲလောက်အောင်ပဲ။ အန်တီက သူ့ရဲ့ အမေအရင်းပါ၊ သူ့ရဲ့ကလေးထိန်း၊ အစေအပါး မဟုတ်ဘူး။ တကယ်လို့ အန်တီ သူ့ကို ဒီနေ့ လွှတ်ပေးလိုက်မယ်၊ အန်တီ့အပေါ် ဆက်နိုင်စားခွင့်ပြုလိုက်မယ်ဆိုရင် အနာဂတ်မှာလည်း သူ အမှားတွေလုပ်ပြီး အန်တီ့ကို နိုင်စားဦးမယ့်အချိန်တွေအတွက် အန်တီ ကြိုပြီး ပြင်ဆင်ထားလိုက်တာ ပိုကောင်းမယ်။ ဒီလောက် အများကြီးပြောပြီးတာတောင် အန်တီက သူ ဘာအမှားမှ မလုပ်ခဲ့ဘူးလို့ ဆက်တွေးနေဦးမယ်ဆိုတော့ ဒီနေ့ အန်တီရဲ့သမီး ဒီလိုလူစားမျိုးဖြစ်လာတာ မထူးဆန်းတော့ပါဘူး”
ကျင်းယွင်ကျောင်း၏ အသံသည် အေးစက်ပြတ်သားနေပြီး အကြည့်များက သူမအား သာမန်လျှံကာပင် ကြည့်နေသည်။
မိဘများ သူတို့၏ သားသမီးများအား ပေးသမျှအရာတိုင်းသည် သူတို့ပြန်ရမည့်အရာများသာ ဖြစ်၏။
အန်တီယဲ့သည် ယဲ့ချင်း သင်တင့်လျောက်ပတ်သော အသိပညာမရှိခြင်းမှာ သူမ၏ ကိုယ်ပိုင်အမှားကြောင့်ဟုသာ အမြဲတမ်း ယုံကြည်ခဲ့သည်။ ထိုအချက်မှာ ယဲ့ချင်းက သူ့ကိုယ်သူ အစွပ်စွဲခံရသလို ယုံကြည်နေစေသည့် အဓိက အကြောင်းအရာပင်ဖြစ်၏။
ကျင်းယွင်ကျောင်း၏ အသံ၊ စကားလုံးတိုင်းနှင့် စကားတိုင်းက အန်တီယဲ့၏ ရင်ထဲတွင် နက်နက်ရှိုင်းရှိုင်း သံမှိုစွဲသွားစေသည်။
ယခင်ကသာ ဆိုပါက သူမသည် နားထောင်ရုံသာ နားထောင်၍ မေ့ပစ်လိုက်မည်ဖြစ်၏။ သို့ရာတွင် မကြာသေးမီက သူမ လက်ခံရရှိခဲ့သော ဆုတ်ယုတ်မှုများမှာ အလွန်များပြားလွန်းလှသည်၊ အထူးသဖြင့် ယခုအချိန်တွင် ဖြစ်၏။ ထို့ကြောင့် ကျင်းယွင်ကျောင်းဆီမှ ရိုးရိုးရှင်းရှင်း စကားအနည်းငယ်ကပင် သူမ၏ စိတ်ထဲသို့ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်သွားသည်။
သူမ၏ အမူအယာသည် တဖြည်းဖြည်း ကြည်လင်လာ၏။ ယဲ့ချင်းသည် ဆယ့်ငါးနှစ်အရွယ်သာ ရှိသေးသည်၊ သက်တမ်းတစ်ဝက်ပင် မကုန်သေးချေ။ သူမသည် ယဲ့ချင်းအား နောက်အနှစ်ငါးဆယ်ကြာသည်အထိ ဆက်လက် တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ့်အတွက်ကိုယ်သာကြည့်ခွင့်မပြုနိုင်တော့ပေ။
အန်တီယဲ့၏ မျက်နှာက အနည်းငယ် တည်ငြိမ်လာပြီး ကျင်းယွင်ကျောင်း၏ လက်မောင်းကို အသာတွန်းဖယ်လိုက်သည်။
“နင် ငါနဲ့အတူ တောင်းပန်ဖို့ လိုက်ခဲ့ရမယ်”
ယဲ့ချင်းက သူမအား စိုက်ကြည့်လာပြီး ...
“ကျွန်မ မသွားနိုင်ဘူး”
ဖြန်း ...
အန်တီယဲ့က သူမအား ပါးတစ်ချက်ထပ်ရိုက်လိုက်၏။
“အမေ၊ အမေ့ကို မုန်းတယ်။ ကျွန်မ ဒီကျိန်စာသင့်နေတဲ့ နေရာကနေ ထွက်သွားချင်တယ်၊ အမေ ကျွန်မကို ထပ်တွေ့ရမယ်လို့ တွေးတောင် မတွေးနဲ့”
ယဲ့ချင်းက အော်ဟစ်ခြိမ်းခြောက်လိုက်သည်။
“ဒါဆို ထွက်သွား၊ နင် ထွက်သွားရင် ပြည့်စုံသွားပြီ။ ငါလည်း နင့်အဖေကို ချက်ချင်း ကွာရှင်းမယ်။ အနာဂတ်က တောက်ပနေတုန်းပဲ။ နင့်လိုမျိုး အမှိုက်တစ်ယောက်ထက်စာရင် အမေက အများကြီး ပိုပြီး ကောင်းကောင်းမွန်မွန် ရှင်သန်နိုင်တယ်။ နင် အိမ်က ပိုက်ဆံခိုးရင်လည်း နင်ထွက်သွားတာနဲ့ ငါ ရဲကို ဖုန်းဆက်မယ်။ ပြီးရင် နင့်ကိုယ်နင် ဘယ်လိုပြုမူရမလဲဆိုတာ သူတို့ကို သင်ခန်းစာတစ်ခု ပေးခိုင်းမယ်”
အန်တီယဲ့က အသံအက်သည်အထိ အော်ဟစ်လိုက်၏။ အစပိုင်း၌ သူမသည် စကားပြောရင်း အကြည့်များက ထိတ်ထိတ်ပျာပျာ ဖြစ်နေသေးသော်လည်း အမြန်ပင် ဖုံးကွယ်လိုက်သည်။ အထူးသဖြင့် ယဲ့ချင်း၏ ထိတ်လန့်ကြောက်ရွံ့နေသော အမူအယာကို မြင်သောအခါ အန်တီယဲ့က သူမသည် ပို၌ မှန်ကန်သော ဆုံးဖြတ်ချက်ကို ချလိုက်နိုင်ပြီဖြစ်ကြောင်း ယုံကြည်သွားခဲ့၏။
ကျင်းယွင်ကျောင်းသည်လည်း အံအားသင့်စွာ ကြည့်နေသည်။ သူမက အန်တီယဲ့၏ နှလုံးသားသည် အလွန် လျင်လျင်မြန်မြန် မာကျောသွားလိမ့်မည်ဟု မထင်ခဲ့မိပေ။ သို့သော် ၎င်းက မှန်ကန်ပေသည်၊ လဲကျသွားလျှင် တဖန်ပြန်၍ ထရမည်။ အကယ်၍ သူမကဲ့သို့ သန်မာသော အမျိုးသမီးတစ်ယောက်ဖြစ်ရန် အကြောင်းပြချက်တစ်ခုပေးရမည်ဆိုပါက ထိုသူသည် အခြားအရာများကို အမှုမထားဘဲ ရှင်သန်နေထိုင်နိုင်ရမည် ဖြစ်ချေသည်။
Chapter 75 : အမြင်မှန်ရရန် ဖိအားပေးခြင်း
အန်တီယဲ့သည် စကားဆုံးသည်နှင့် နဂိုက အားပျော့နေသည့် ခြေလှမ်းများက မာန်ပါသွားတော့၏။ ခြေလှမ်း ခပ်ကျယ်ကျယ်တစ်လှမ်းနှင့်ပင် သူမသည် ယဲ့ချင်းဆီသို့ လက်လှမ်းလိုက်ပြီး လက်ထဲမှ ပိုက်ဆံအိတ်ကို ဆွဲလုလိုက်တော့သည်။ စကားတစ်ခွန်းမှ မပြောဘဲ သူမသည် အိတ်ထဲရှိ ပိုက်ဆံများအားလုံးကို ဆွဲထုတ်လိုက်သည်။
ယွမ်တစ်ထောင်၊ ယခုအချိန်တွင် သူတို့မိသားစုအတွက် ၎င်းသည် သေးငယ်သော ပမာဏမဟုတ်ပေ။
“ကျောင်းသူလေး၊ ဒီနေ့ ဆေးရုံမှာ အန်တီတို့ကို ဒုက္ခမရောက်အောင် မင်းက ကူညီပေးခဲ့တာအားလုံးကို ကျေးဇူးတင်ပါတယ်ကွယ်။ ဒီငွေက အန်တီ မင်းဆီက ချေးထားတာပါ။ အန်တီ မင်းကို အကုန်ပြန်ပေးပါ့မယ်”
အန်တီယဲ့က ယွမ်တစ်ထောင်အား ထုတ်ယူလိုက်ပြီး ကျင်းယွင်ကျောင်း၏ အိတ်ကပ်များထဲသို့ သေချာ ထိုးသိပ်ထည့်ပေးလိုက်သည်။
ယဲ့ချင်း၏ မျက်လုံးများက ပြူးကျယ်သွားပြီး သူမ မြင်နေရသည်ကို မယုံနိုင်ဖြစ်နေ၏။
“အမေ၊ အမေ ရူးနေတာလား။ ဘာလို့ သူ့ကို ပိုက်ဆံတွေ ပေးနေတာလဲ”
ဖြန်း ...
ဤတစ်ကြိမ်၌ အန်တီယဲ့၏ ပါးရိုက်သံက ပို၍ ကျယ်လောင်လာသည်။
၎င်းက ဘေးတွင် မျက်နှာမဲ့၍ ရပ်နေသော ရှောင်ဟိုင်ချင်းပင် တစ္ဆေသရဲမြင်လိုက်ရသကဲ့သို့ ခံစားသွားရ၏။ သို့သော် နာကျင်မှုထက် သူမသည် အလွန်အမင်း လန်းဆန်းတက်ကြွသွားမှုကို ခံစားလိုက်ရခြင်းဖြစ်သည်။
အကြောင်းမှာ ယဲ့ချင်းသည် အလွန်အမင်း ပျက်စီးနေသောကြောင့် သူမသည် သူမ၏ အမေအရင်းနှင့်ပင် ထပ်တူထပ်မျှ မျှဝေခံစားပေးရန် မကြိုးစားဘဲ အခြေအနေကိုလည်း ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ ယခုအချိန်တွင် အန်တီယဲ့သည် အလွန်အားအင်ပြည့်ဝနေပြီဖြစ်ရာ ယဲ့ချင်းသည် အနာဂတ်တွင် အရှုပ်အထွေးများကို ဖန်တီးနိုင်တော့မည် မဟုတ်ပေ။
သို့ရာတွင် အန်တီယဲ့သည် သူမ၏ သမီးဖြစ်သူကို အလွန်ချစ်မြတ်နိုးနေဆဲပင်ဖြစ်ရာ ဤကဲ့သို့ မျက်နှာမပေးဘဲ သူမသည် အတင်းအကျပ် လုပ်ခိုင်းရန် ဖိအားပေးနိုင်ပါမည်လား။
သူမ၏ နှလုံးသားထဲတွင် အနာဂတ်၌ ယဲ့ချင်းသည် ကျင်းယွင်ကျောင်း ပြောသကဲ့သို့ ပြောင်းလဲသွားကာ ပို၍ ဆိုးဝါးလာပြီး အခြားသူများထံမှ အနင်းခြေခံရမည်ကို စိုးရိမ်မိသည်။
အန်တီယဲ့သည် ပါးရိုက်ပြီးသောအခါ ယဲ့ချင်း၏ မျက်လုံးများ နီရဲလာသည်ကို မြင်သည်နှင့် ချက်ချင်း အော်ငေါက်လိုက်တော့၏၊
“နင့်မျက်နှာက ခုထိ ငိုချင်နေတုန်လား။ ငါနဲ့အတူ ဆေးရုံကို တောင်းပန်ဖို့ လိုက်ခဲ့။ တကယ်လို့ နင် စိတ်ရင်းနဲ့ မတောင်းပန်ဘူးဆိုရင် အိမ်ကို ညစာလာမစားနဲ့။ ဒူးထောက်ပြီး အပြစ်ကို ပြန်သုံးသပ်နေ”
အန်တီယဲ့၏ စိတ်ခံစားချက်များသည် အခြားသူများထက် ပို၍ ရှုပ်ထွေးသည်။ သူမ ရင်နာနေသည်လား။ အမှန်ပင်။ သို့သော် သူမ မုန်းလည်းမုန်းသည်၊ သူမ သမီး၏ မသိတတ်နားမလည်မှုကို မုန်းသည်၊ သူမ ခင်ပွန်း၏ သူရဲဘောကြောင်မှုနှင့် အဆင့်အတန်းမရှိခြင်းကိုလည်း မုန်းသည်၊ ထို့ကြောင့် သူမသည် ပြောင်းလဲရန် ဆုံးဖြတ်ချက်ချခဲ့၏။
သူမသည် ယဲ့ချင်း၏ နားရွက်ကို ဆွဲ၍ သူမ၏ ဘေးသို့ ဆွဲခေါ်လိုက်ရင်း လမ်းတလျှောက်လုံး တစ်လှမ်းချင်း ဆွဲခေါ်သွားတော့သည်။
ယဲ့ချင်းသည် အိမ်မှထွက်ပြေးချင်ကြောင်း ထပ်ခါတလဲလဲ ပြောခဲ့သော်လည်း တကယ်တမ်း လက်တွေ့တွင်မူ သူမသည် လက်ထဲတွင် ယွမ်တစ်သောင်းခန့်မရှိပါက သေချာပေါက် လုပ်ရဲမည်မဟုတ်။ သို့ရာတွင် ယခုအခါ သူမတွင် ရှိသမျှငွေများအားလုံး လုယူသွားခံလိုက်ရပြီဖြစ်ရာ သူမတွင် သတ္တိတစ်စက်မှ မကျန်တော့ပေ။ ရုတ်တရက် သူမသည် သူမ၏ ဘဝကြီးတစ်ခုလုံး ပြီးဆုံးသွားသကဲ့သို့ ခံစားလိုက်ရသည်။
အန်တီယဲ့၏ အတင်းအကြပ်စီမံမှုအောက်တွင် ယဲ့ချင်းသည် ယန်ထျန်းထျန်း၏ ဆေးရုံကုတင်ရှိရာသို့ အားဖြင့် ဆွဲခေါ်ခံလာရသည်။ ထိုအချိန်တွင် ယန်ထျန်းထျန်းသည် နိုးနေပြီဖြစ်၏။ သူမသည် ယဲ့ချင်းအား မြင်သည်နှင့် ခေါင်းကို တစ်ဖက်သို့ လှည့်သွားသည်။
ထိုအစား သူမသည် ကျင်းယွင်ကျောင်းအား ပြောလိုက်၏။
“ငါ တကယ်တောင်းပန်ပါတယ်။ အရင်က ငါ ယဲ့ချင်း နင့်ကို ဆန့်ကျင်တာကို ကူညီပေးခဲ့ဖူးတယ်။ ပြီးတော့ ငါ့ကို ကူညီပေးတာကိုလည်း ကျေးဇူးတင်ချင်ပါတယ်”
ကျင်းယွင်ကျောင်းက ဤအဖြစ်အပျက်သည် ပြီးသွားပြီဟုသာ ယူဆထားသဖြင့် အနည်းငယ် ပြုံးရုံသာ ပြုံးပြလိုက်သည်။
“တောင်းပန်လိုက်စမ်း”
အန်တီယဲ့က ယဲ့ချင်း၏ နောက်တွင်ရပ်နေပြီး သူမ ဒူးထောက်ကျသွားစေရန် ခြေသလုံးကို ကန်လိုက်၏။ ယဲ့ချင်းသည် သူမ၏ အမေက ထိုသို့လုပ်မည်ဟု တစ်ခါမှ မတွေးဖူးပေ။ ဘာမှမစဥ်းစားနိုင်ခင်မှာပင် သူမသည် ဘုန်းခနဲ အသံမြည်အောင် ကြမ်းပြင်ပေါ်သို့ ဒူးထောက်ကျသွားသည်၊ ချက်ချင်း နာကျင်သွားမှုက သူမအား ငိုချင်လုနီးပါး ဖြစ်သွားစေ၏။ သူမ၏ အသားအရေသည် စက္ကူဖြူတစ်ရွက်ကဲ့သို့ ဖြစ်နေပြီး သူမ၏ ဂုဏ်သိက္ခာသည် လုံးဝဆုံးရှုံးသွားပြီဟု ခံစားလိုက်ရသည်။
သူမ အမှန်တကယ်ပင် ယန်ထျန်းထျန်းအား ဒူးထောက်နေရသည်လား။
စောင့်ကြည့်နေသော လူများစွာလည်း ရှိ၏။ သူတို့သည် သူမအား သူတို့၏ စိတ်ထဲမှာ လှောင်ပြောင်ရယ်မောနေကြမည်ဖြစ်သည်။
ယဲ့ချင်းသည် မတ်တပ်ပြန်ထရန် ရုန်းကန်လိုက်သော်လည်း သနားစရာကောင်းစွာပင် သူမ၏နောက်မှ အန်တီယဲ့က သူမ၏ လည်ပင်းအား တင်းတင်းကြပ်ကြပ် ဖိဆုပ်ထား၏။
“မြန်မြန် တောင်းပန်စမ်း”
မျက်စိတစ်မှိတ်အတွင်းမှာပင် အန်တီယဲ့ ဖိဆုပ်ထားသည့်အောက်မှ အသားအရေသည် သူမ၏ တင်းကြပ်စွာ ဆုပ်ကိုင်ထားမှုကြောင့် အနီရောင်ပြောင်းသွားသည်။
“အမေ၊ လွှတ်ပါတော့၊ တအားနာနေပြီ”
ယဲ့ချင်သည် နာကျင်မှုကြောင့် စတင်ငိုကြွေးလိုက်ပြီး နာကျင်စွာ သံရှည်စွဲ ညည်းညူလိုက်၏။
သို့သော် သူမ နာကျင်မှုကြောင့် ပိုအော်လေ အန်တီယဲ့က သူမဆုပ်ကိုင်ထားသည်အား ပို၍အားထည့်လေပင်။
“နင် အမှားလုပ်ထားပြီးရင် တောင်းပန်ဖို့ လိုတယ်။ တကယ်လို့ နင့်ရဲ့ပါးစပ်ကို တောင်းပန်ဖို့ မဖွင့်ဘူးဆိုရင် နင် တစ်သက်လုံး ဒီနေရာမှာပဲ ဒူးထောက်နေရမယ်”
သူတို့၏ ဘေးတွင် ယန်မိဘများက ရပ်နေပြီး ထိုစကားများအားကြားသောအခါ သူတို့သည်ပင် အံ့သြထိတ်လန့်သွားကြသည်။
သူတို့သည် ဤယဲ့အမျိုးသမီး အပြင်သို့ ခဏထွက်သွားပြီးနောက် ပြန်လာသောအခါ အနည်းငယ် ပြောင်းလဲသွားကြောင်း ခံစားနေရ၏။ သူမသည် ပို၍ ပြတ်သားလာပုံရသည်၊ အထူးသဖြင့် ယခင်က သူမသည် သမီးဖြစ်သူအကြောင်းပြောလျှင် ကူကယ်ရာမဲ့ဖြစ်နေတတ်သည်က အချိန်အများစုပင်။ သို့သော် ယခုအခါ သူမသည် ရက်စက်၍ စည်းကမ်းတင်းကြပ်လှသည်။
အန်တီယဲ့သည် သူမ၏ နှလုံးသားအား ပြင်ဆင်ထားပြီးဖြစ်၏။ သိပ်မကြာမီမှာပင် ယဲ့ချင်းသည် ထပ်၍ တင်းမထားနိုင်တော့ချေ။
“ငါ မှားသွားခဲ့ပါတယ်။ ငါက အမှားလုပ်မိတဲ့သူပါ၊ ဟုတ်ပါတယ်”
Chapter 76 : အထူးပညာရေး
ယန်ထျန်းထျန်းသည် ကရုဏာတရားကင်းမဲ့သော မိန်းကလေးတစ်ယောက် ဘယ်တုန်းကမှ မဟုတ်ခဲ့ပေ။ ယခုအခါ ယဲ့ချင်း ပါးစပ်ဖွင့်၍ တောင်းပန်လိုက်သည်ကို မြင်သည်နှင့် သူမ၏ စိတ်ရင်း ဟုတ်မဟုတ် ဂရုမစိုက်တော့ဘဲ ယန်ထျန်းထျန်းသည် အန်တီယဲ့၏ ကိုယ်စား ထိုအကြောင်းအရာ ထပ်၍ အာရုံများများစားစား မထားတော့ရန် ဆုံးဖြတ်လိုက်သည်။
ယန်ထျန်းထျန်း၏ အခြေအနေ တည်ငြိမ်သွားပြီးနောက် ကျင်းယွင်ကျောင်းသည်လည်း အိမ်ပြန်ရန် ထွက်လာခဲ့၏။ သို့သော် သူမသည် အိမ်မပြန်မီ အစားအသောက်များအတွက် ကျသင့်ငွေကို ရှင်းရန် စားသောက်ဆိုင်သို့ ပြန်သွားခဲ့သည်။
အခြားတစ်ဖက်တွင် ဤအန်တီယဲ့သည်လည်း အတော်လေး တာဝန်ယူတာဝန်ခံမှုရှိသော လူတစ်ယောက်ဖြစ်၏။ သူမသည် ကျန်ရှိသော ငွေများကို ဆေးပစ္စည်းအချို့ဝယ်၍ ယန်မိသားစုအား ပို့ပေးခဲ့သည်။ ယဲ့ချင်းက သိတတ်မှုမရှိသည့် တစ်ခုခုအား ပြောလိုက်တိုင်း သူမက ယဲ့ချင်းအား ဆူငေါက်၍ ရိုက်နှက်မည်မှာ အသေအချာပင်။ ထို့နောက် ညဥ့်နက်သောအခါ သူတို့သည် အိမ်ပြန်သွားကြပြီး ယဲ့ချင်း၏ မျက်နှာသည်လည်း ဝက်တစ်ကောင်ကဲ့သို့ ဖူးယောင်နေသည်။
“နင် တနင်္လာနေ့ကျရင် ကျောင်းပြန်သွားရမယ်၊ ပြီးတော့ အပြုအမူတွေကို သတိထားဖို့ မမေ့နဲ့။ ဘာကိုမှ သွေးထိုးလှုံ့ဆော်တာ မလုပ်နဲ့၊ ဘယ်သူ့ကိုမှ ရန်မစနဲ့။ တကယ်လို့ နင် ဒီလိုမလုပ်နိုင်ရင် အိမ်ကို ပြန်လာဖို့ စဥ်းတောင် မစဥ်းစားနဲ့၊ လမ်းပေါ်မှာပဲ ငတ်သေ”
အန်တီယဲ့က ပြင်းပြင်းထန်ထန် ကြိမ်းမောင်းလိုက်သည်။ ထို့နောက် သူမသည် သူတို့၏ အိမ်ဟုခေါ်သည့် ရှုပ်ပွနေသောနေရာအား ကြည့်လိုက်၏။
“အခုကစပြီး ငါအပြင်ကို အလုပ််ထွက်လုပ်ရင် နင် အိမ်မှုကိစ္စတွေအားလုံး လုပ်ရမယ်။ ချက်ပြုတ်တာ မဟုတ်ရင် လျှော်ဖွပ်တာ လုပ်ရမယ်။ နင် နောက်မှာ တစ်ခုမှ ချန်ထားခဲ့လို့ မရဘူး”
ယဲ့ချင်း၏ အံ့အားသင့်၍ ဒေါသထွက်နေသော အမူအယာအောက်မှာပင် အန်တီယဲ့သည် အိမ်ထဲသို့ ပြေးဝင်သွားပြီးနောက် သူတို့၏ အိပ်ရာထဲတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ညစ်တီးညစ်ပတ်လူအား ဆွဲထုတ်လာသည်။
“ရှင် အပြင်မထွက်ချင်ဘူးလား၊ ပြီးတော့ အလုပ်မရှာချင်ဘူးလား ... ဟမ်။ ဒါဆို ရှင် ထမင်းလည်း များများစားစရာမလိုဘူး။ တနင်္ဂနွေနေ့ပြီးရင် ကျွန်မတို့ ကွာရှင်းမယ်”
(T/N : ဒီနေ့ ယဲ့ချင်းမွေးနေ့က စနေပါ၊ တရားရုံးက စနေတနင်္ဂနွေပိတ်တော့ ချက်ချင်း မကွာရှင်းနိုင်တာပါ။)
ယခင်က အန်တီယဲ့သည် အထူးယဥ်ကျေးသိမ်မွေ့သည်ဟု မပြောနိုင်သော်လည်း သူမ၏ စကားလုံးများသည် ယဥ်ကျေး၍ ရဲရင့်နေဆဲသာဖြစ်၏။ အိမ်၌ သူမသည် ဖြူစင်အေးချမ်း၍ လိုက်လျောမှုရှိသော ဇနီးတစ်ယောက်ပုံစံ ဖြစ်သည်။
ထိုအစား ယခုအချိန်တွင် သူမသည် အပေါက်ဆိုးသော မိန်းမကြီးတစ်ယောက်နှင့် တူနေ၏။
မည်သို့ပင်ဆိုစေကာမူ သူမ၏ လက်ရှိ ပုံပန်းသွင်ပြင်သည် ယခင်က သူမ၏ နွေးထွေး၍ အားပေးတိုက်တွန်းတတ်သော ပုံစံနှင့် ယှဥ်ပါက ပို၍ ထိရောက်သည်။
အမှန်ပင်၊ သူသည် ကွာရှင်းရန် ဆန္ဒမရှိပေ။ ယခု သူတို့နေသော အိမ်သည် လွန်ခဲ့သော နှစ်ပေါင်းများစွာက အန်တီယဲ့၏ မိဘများက သူတို့အား သူမ၏ ခန်းဝင်ပစ္စည်းအဖြစ် ပေးခဲ့ခြင်းဖြစ်သည်။ သူ၏ ဗီလာက အကြွေးဆပ်ရန်အတွက် ရောင်းလိုက်သည်မှာ ကြာပြီဖြစ်ရာ ယခုအချိန်တွင် သူတို့မိသားစုသုံးယောက် နေထိုင်နိုင်သည့် တစ်ခုတည်းသော နေရာဖြစ်၏။ အကယ်၍ သူတို့ ကွာရှင်းလိုက်ပါက သူသည် သေချာပေါက် လမ်းပေါ်တွင်သာ နေရလိမ့်မည်။
အန်တီယဲ့သည် ဤလူအား အမှန်တကယ် အလုပ်ရှာရန် မျှော်လင့်မထားသော်လည်း သူမသည် သူ့အား တစ်ချိန်လုံး အရက်အမူးလွန်၍ အသိစိတ်မကပ်ဖြစ်နေသည်ကို မမြင်လိုပေ။
ယဲ့ချင်းသည် သူမ အထင်အကြီးဆုံးဖြစ်သည့် ဖခင်၏ ကျဆုံးခန်းကို မြင်သောအခါ သူမ၏ သတ္တိများ ပို၍ပင် ပျောက်ကွယ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမအမေ၏ အပြစ်ဒဏ်သတ်မှတ်ပေးမှုအောက်တွင် ယဲ့ချင်းသည် သူမ၏ ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် အိမ်မှုကိစ္စများကို စတင်လုပ်ကိုင်ခဲ့ရ၏။ သူမ မသိခဲ့သည်မှာ ဤသည်က အစပဲရှိသေးသည် ဆိုတာကိုပင်။
ထိုအချိန်မှစ၍ သူမ၏ ယခင်က နူးညံ့သိမ်မွေ့ခဲ့သော မိခင်ဖြစ်သူသည် လုံးဝပျောက်ကွယ်သွားတော့သည်။ သူမ အစား သန်မာ၍ အားကြီးသော အမျိုးသမီးတစ်ယောက် ဖြစ်လာခဲ့၏။ ယဲ့ချင်း ပို၍ကြောက်သည့်အရာမှာ သူမ ကျောင်းတွင် သိက္ခာကျမည်ကိုဖြစ်သည်။ ပို၍ခက်ခဲသည်မှာ ထိုအမျိုးသမီးက သူမအား ကျောင်းသွားရန် အတင်းအကြပ် ဖိအားပေးမည်သာပင်။
သူမ၏ လှပ၍ ချစ်စဖွယ်ကောင်းသော အဝတ်အစားများလည်း ထပ်မံ၍ မရှိတော့ဘဲ ထိုအစား ယခုအချိန်တွင် သူမ၌ လမ်းဘေးဆိုင်မှ အလွန်အမင်း ရိုးရှင်း ပုံတုံးသည့် အဝတ်အစားများသာ ရှိတော့သည်။ အပြင်သွားသောအခါ သူမ၏ ဂုဏ်ကို မြှင့်တင်ပေးမည့် ကားလည်း မရှိတော့ပေ။ ထိုအစား အလွန်အိုမင်းနေသော စက်ဘီးတစ်စီးသာ ရှိ၏။ ထိုစက်ဘီးအို၏ တဂျောင်းဂျောင်းမြည်သံသည် သူမအား ညဘက်တွင်ပင် အိပ်မရဖြစ်စေသည်။
ကျင်းယွင်ကျောင်းသည် ယခုအချိန်၌ ယဲ့ချင်း၏ ဘဝ မည်သို့ဖြစ်နေသည်အား စိတ်မဝင်စားမိ။ သူမသည် တနင်္လာနေ့တွင် ကျောင်းပြန်တက်သောအခါ အခြားကျောင်းသားများက ယဲ့ချင်းနှင့် အကွာအဝေးတစ်ခုခြား၍ နေကြသည်အား တွေ့လိုက်ရသည်၊ ယဲ့ချင်းသည် ထိုကျောင်းသားများ၏ သဘောထားကို ကြံ့ကြံ့ခံရင်း တိတ်ဆိတ်စွာပင် နေ,နေ၏။ ထိုအချက်ကသာ ကျင်းယွင်ကျောင်းအား အချိန်ခဏမျှ အံ့သြဆွံ့အသွားစေသည်။
အထူးသဖြင့် ယဲ့ချင်းသည် အန်တီယဲ့၏ အထူးပညာပေးခြင်းကို ကြုံတွေ့ပြီးနောက် ကျင်းယွင်ကျောင်းအား မြင်တိုင်း မြွေတစ်ကောင်ကဲ့သို့ ရှောင်ရှားနေလေ့ရှိ၏။
ထို့နောက် သူမ၏ ဘဝသည် အနည်းငယ် ပို၍အေးချမ်းသွားခဲ့သည်။ သူမသည် နေ့တိုင်း အိမ်နှင့်ကျောင်း အသွားအပြန်လုပ်၍ စနေနေ့ရောက်တိုင်း အဖိုးရှုအား သွားရှာရလိမ့်မည်။ ပြီးလျှင် တနင်္ဂနွေနေ့များ၌ ပို၍ လုပ်စရာများပြားလိမ့်မည်။
မတူညီသည့် တစ်ခုတည်းသောအချက်မှာ ကန်ကျင်းချန်ဖြစ်သည်။ သူတို့ ဆေးရုံတွင် တွေ့ပြီးသည့် အချိန်မှစ၍ သူမအား ကြည့်သည့် သူ၏ အကြည့်များမှာ သံသယများ ပို၍တိုးပွားလာခဲ့၏။ စူးချူနှင့် သူမအား အတူတကွမြင်သည့်အခါတိုင်း သူသည် စူးချူအား အလျင်အမြန်ပင် ဆွဲခေါ်သွား၍ ကြက်ပေါက်ကလေးအား ကာကွယ်စောင့်ရှောက်ပေးနေသည့် ကြက်မကြီးတစ်ကောင်ကဲ့သို့ ပြုမူတတ်သည်။ ကျင်းယွင်ကျောင်း၏ အမြင်အရ ၎င်းမှာ အလွန်ရယ်စရာကောင်းလေသည်။
ဆယ်ရက်ကြာပြီးနောက် သုံးယောက်သား နေထိုင်ကြသော တိုက်ခန်းအား သန့်ရှင်းရေးလုပ်ပြီး စာမေးပွဲစစ်ရန်လာသည့် အဖိုးကန်အား ကြိုဆိုကြ၏။
ဆေးပညာဆိုင်ရာ လစဥ်စာမေးပွဲစစ်ဆေးမှု ရောက်ရှိလာပြီဖြစ်လေသည်။