← Chapters

အခန်း (၇၇-၈၀)

Vol. 4 Ch. 77-80

အခန်း (၇၇-၈၀)

Vol. 4 Ch. 77-80

Chapter 77 : အသိဥာဏ်နည်း၍ မထီမဲ့မြင်ပြုခြင်း

များသောအားဖြင့် ကန်စုန့်ပိုင်သည် သူတို့နေထိုင်သော တိုက်ခန်းသို့ လာလည်လေ့မရှိပေ။ ယခုရက်သို့ရောက်သောအခါ သူသည် စူးချူနှင့် ကန်ကျင်းချန်တို့၏ တုန်လှုပ်နေသော အမူအယာများကို မြင်လိုက်ရသည်။ သူတို့သည် ရက်စက်သော ရန်သူတစ်ယောက်နှင့် ရင်ဆိုင်ရမည့်အလားပင်။

ကန်စုန်ပိုင်သည် ဝင်ပေါက်ကို ခြေချလိုက်ပြီးနောက် သူ၏မျက်လုံးများက ဧည့်ခန်းသို့ လှည့်ပတ်ကြည့်လိုက်သည်။ သူသည် ဆေးစာအုပ်အချို့ကို စားပွဲတွင် သပ်သပ်ရပ်ရပ် စီထားသည်အား မြင်လိုက်ရသောအခါ ခေါင်းကို ယမ်းလိုက်၏။

သပ်ရပ်လွန်းတယ်။

ဆေးစာအုပ်များကို ကြုံသလိုစီစဥ်ထားသည်က သိသာလွန်းလှသည်။ အကယ်၍ နေ့တိုင်း ဖတ်ရှုလေ့လာသူသာဆိုပါက စာအုပ်ပုံသည် သေချာပေါက် အမျိုးအစားတူရာအတိုင်း အစဥ်လိုက်ရှိနေရမည်ဖြစ်၏။ ထို့အပြင် ဤမြေးမနှင့် မြေး နှစ်ယောက်စလုံး၏ မျက်နှာများမှာ ဖျော့တော့နေကြသည်။ သူတို့သည် သွေးလည်ပတ်မှု ကောင်းပုံမရဘဲ အနည်းငယ် ထိတ်လန့်နေကြပုံပေါ်၏။

တစ်စုံတစ်ယောက်သည် စာအုပ်ပေါင်းများစွာအား ဖတ်ရှုလေ့လာပြီးသောအခါ သူတို့၏ နှလုံးသားသည် စိတ်မလုံခြုံမှုဟာပေါက်များနှင့် ပြည့်နေလိမ့်မည်။ အကယ်၍ သူတို့တွင်သာ စွမ်းရည်နှင့် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပါက သူတို့သည် အနှောက်အယှက် ဖြစ်နေမည်မဟုတ်ပေ။ ကျင်းယွင်ကျောင်း၏ ပုံစံကဲ့သို့ပင်။

ကန်ကျင်းချန်၏ အကြည့်များက ကျင်းယွင်ကျောင်းဆီသို့ ကျော်၍ရောက်သွားသည်၊ သို့သော် သူသည် အနည်းငယ် အထင်သေးနေဆဲပင်။ ဤမိန်းကလေးသည် အမှန်ပင် အသိဉာဏ်နည်း၍ မထီမဲ့မြင်ရှိလှသည်။ သူမက ဤစာမေးပွဲအား ကြောက်ပုံမရသည်မှာ သူမသည် အဖိုး၏ မြေးမအရင်း မဟုတ်သောကြောင့်ပင်။ သို့သော် စာမေးပွဲပြီး၍ သုညရသောအခါတွင်မှ သူမ ဘာမှန်း သိသွားပေလိမ့်မည်။ ဆေးပညာနှင့်ပတ်သတ်လျှင် သူ၏ ဤအဖိုးဖြစ်သူသည် မည်သူ့ကိုမှ အရူးလုပ်ခွင့်ပြုမည် မဟုတ်ပေ။

“မင်းတို့တွေ ထိုင်လို့ရပြီ”

ကန်စုန့်ပိုင်က သူတို့သုံးယောက်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ပြီး စကားပြောရင်း သူ၏ လက်ထဲမှ ဖောင်စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်သည်။ ကျင်းယွင်ကျောင်းက မျက်လုံးဝေ့၍ ၎င်းကို အကျဥ်းချုပ် ဖတ်ကြည့်လိုက်၏။ ၎င်းကို သူတို့သုံးယောက်၏ရ မှတ်များကို မှတ်တမ်းတင်ရန် သုံးမည့်ပုံပင်။

“အဖိုး၊ အခုတလော ကျွန်မတို့ရဲ့ ကျောင်းစာတွေက တကယ်ကို များလွန်းတယ်။ တအားကြီး မခက်ပါနဲ့နော်။ ပြီးတော့ ဒါက ပြောင်ကျဲရဲ့ ပထမဆုံးစာမေးပွဲလည်း ဟုတ်တယ်လေ။ သူက ဆေးပညာနဲ့ပတ်သတ်ပြီး တစ်ခါမှ မလေ့လာဖူးဘူး။ အဖိုး သူ့ကို မျက်နှာသာပေးဖို့ လိုတယ်လေ၊ ဟုတ်တယ်မလား။”

စူးချူက သူမ၏အဖိုးဆီသို့ ပြေးသွားပြီး မျက်လုံးပုတ်ခတ်ပုတ်ခတ် လုပ်ပြ၍ တောင်းဆိုလိုက်သည်။

ကန်စုန့်ပိုင်၏ အိုမင်းနေသော မျက်နှာသည် အနည်းငယ် မသိမသာ လှုပ်ရှားသွားပြီး နှုတ်ခမ်းအနည်းငယ်တွန့်သွားသော်လည်း သူက သူ၏ အတွေးများကို မဖော်ပြခဲ့ပေ။

ဆေးပညာ တစ်ခါမှ မသင်ဖူးဘူးဟုတ်လား။ ကျင်းယွင်ကျောင်း၏ နောက်တွင် သူ့ထက် ပို၍တော်သော ရှစ်ဖူးတစ်ယောက်လုံး ရှိသည်လေ။

တဖန် ကျင်းယွင်ကျောင်းအပေါ် အထင်သေးနေပုံရသော သူ့မြေးဖြစ်သူ၏ အမူအရာကို ကြည့်ရင်း သူသည် ကူကယ်ရာမဲ့စွာ ခေါင်းယမ်းမိသွားသည်။ မည်သူက စစ်မှန်သော အရည်အချင်းနှင့် အသိပညာရှိသည်ဆိုသည်အား သူတို့မသိသွားခင် သူတို့သည် စာမေးပွဲဖြေရန် လိုသေး၏။

“ငါ ယွင်ကျောင်းရဲ့စွမ်းရည်ကို ယုံကြည်တယ်။ ဒါကြောင့် ဒီတစ်ကြိမ် စာမေးပွဲက ဆေးတွေ၊ ဆေးတွေရဲ့စွမ်းရည်တွေနဲ့ ရောဂါစစ်ဆေးမှုတွေပဲ”

ကန်စုန့်ပိုင်က သူတို့အား မျက်နှာသာပေးရန် ရည်ရွယ်ချက််မရှိပေ။

ကန်ကျင်းချန်နှင့် စူးချူသည် ဤသည်အား ကြားသောအခါ သူတို့သည် ပို၍ နေမထိထိုင်မသာဖြစ်သွားကြ၏။

“အဖိုး၊ အရင်က ကျွန်တော်တို့ရဲ့ ဆေးပညာဗဟုသုတကို စစ်ဆေးရုံပဲ မဟုတ်လား။ ဒီတစ်ကြိမ် စာမေးပွဲက ဘာလို့ ဒီလောက် ခက်ရတာလဲ”

ကန်မိသားစုသည် ဆေးပညာသမိုင်းကို အမွေဆက်ခံထားသည်ဟုပင် ပြော၍ရသည်။ သို့သော် ဤလူငယ်လေးနှစ်ယောက်သည် ဆေးပညာကို စိတ်မဝင်စားပေ။ ထို့ကြောင့် သူတို့သည် ဤခေါင်းစဥ်အတွက် အမှန်တကယ်ပင် အင်အားများစွာ မစိုက်ထုတ်ကြပေ။ ဆယ်နှစ်ခန့် လေ့လာခဲ့ပြီးနောက်တွင်လည်း သူတို့သည် ရိုးရှင်းသော ဆေးပညာဗဟုသုတအချို့ကိုသာ သိကြသည်။ စာမေးပွဲဖြေသည့်အခါတိုင်းလည်း သူတို့သည် အဖိုးကန်၏စိတ်အခြေအနေအပေါ် မူတည်၍ မေးခွန်းကို ခန့်မှန်းကြ၏။

ဤအကြိမ်တွင်တော့ သူတို့ဖြေရမည်များက ကျယ်ပြန့်လွန်းနေသည် မဟုတ်လား။ အထူးသဖြင့် ရောဂါလေ့လာခြင်း၊ ၎င်းသည် အလွန်များပြားလှသည်။ အဖိုးအိုသည် မည်သည်ကို ရွေးခြယ်မည်မှန်း မည်သူသိလိမ့်မည်နည်း။

“ငါ မင်းတို့အရွယ်တုန်းက ငါ့လက်နဲ့ ကုသမှုဆေးညွှန်းတွေ ရေးဖို့ ကြိုးစားနေပြီ။ အခုချိန်ထိ အခြေခံတွေတောင် သင်မပြီးသေးတဲ့ မင်းတို့နဲ့ လုံးဝမတူဘူး”

အဖိုးအိုက အေးစက်စက် တုံ့ပြန်လိုက်၏။

“ဒီလောက်ဆို လုံလောက်ပြီ။ အခု စာမေးပွဲစတော့မယ်။ စကားပြောခွင့် မပြုတော့ဘူး”

ကျင်းယွင်ကျောင်းက နှုတ်ခမ်းလေးများတွန့်၍ ပြုံးလိုက်သည်။ သူမသည် စာရွက်တစ်ရွက်နှင့် ဘောပင်တစ်ချောင်းကို ကိုင်ထားပြီး မေးခွန်းများကို အချိန်မရွေးဖြေဆိုရန် ပြင်ဆင်ထားလိုက်၏။

သူမသည် မနေ့က ကျောက်စိမ်း၏ ပထမအပိုင်းကို နောက်ဆုံး ရွတ်ဆိုပြီးစီးသွားခဲ့သည်။ ထို့ကြောင့် သူမသည် အခြေခံများနှင့်ပတ်သတ်၍ လုံးဝပြဿနာမရှိမည်မှာ သေချာ၏။ ထို့အပြင် ကျောက်စိမ်း၏ ဒုတိယအပိုင်းအားလည်း သူမ၏ စိတ်ထဲတွင် ထပ်ပေါင်းထည့်ထားပြီဖြစ်ရာ သူမ၏ အသိပညာများကို အလုံအလောက် တည်ဆောက်ပြီးစီးသွားပြီပင်။

ကိုးဆယ့်ကိုးပိုင်းသာ ရှိသော်လည်း ကျောက်စိမ်းစာလိပ်အား အထင်သေး၍ မရပေ။ အကြောင်းမှာ တကယ်တမ်း အကြောင်းအရာ ခေါင်းစဥ်များ အားလုံးကို ခြုံငုံထားသောကြောင့် ဖြစ်သည်။ ခန္ဓာကိုယ်ကို အာဟာရဖြစ်စေသည့် အချက်အလက်များ၊ အချက်အပြုတ်ဟင်းလျာဖြင့် ကုသနည်းများအပြင် ကိုယ်ခံပညာများပင် ပါဝင်၏။ တကယ်တမ်း ၎င်းမှာ သူမ ဘိုးဘေး၏ နှစ်ပေါင်းသုံးရာကျော် မှတ်ဥာဏ်များနှင့် ဗဟုသုတများပင် ဖြစ်သည်။ သူမသည် ၎င်းတို့အား တစ်ခုချင်းစီ စုပ်ယူနေသည်ဟု ထင်ရသော်လည်း ထိုအကြောင်းအရာများသည် တိုက်ရိုက်ပင် ဖြတ််သန်းသွားသ၍ သူမ၏ ဦးနှောက်ထဲတွင် အားသုံး၍ စွဲထင်စေ၏။

ထို့အပြင် ကျောက်စိမ််းအပိုင်းတစ်ပိုင်း၏ အကြောင်းအရာ ခေါင်းစဥ်များမှာ သာမန်အဆင့် သမားတော် အသစ်စက်စက်တစ်ယောက် သိထားသည်ထက်ပင် ပိုသေးသည်။ ကျင်းယွင်ကျောင်းသည် ဆေးပညာရပ်များကို လုံးဝမသင်ကြားဖူးသည့်အပြင် ယခင်ကလည်း မည်သူနှင့်မှ မပတ်သတ်ခဲ့ဖူးပေ။ ထို့ကြောင့် သူမသည် ယခုအချိန်တွင် ဘာသာရပ်ကို မိတ်ဆက်အဆင့်သာ ပြီးသေးသည်ဟု ခန့်မှန်းတွေးထင်မိဆဲပင်။

Chapter 78 : အမှန်ကို ခန့်မှန်းပါ

သို့သော် နိုင်ငံအတွင်း၌ တိုင်းရင်းဆေးသမားတော်များစွာရှိ၍ အများစုမှာ ဆေးပညာကို နှစ်ပေါင်းများစွာ လေ့လာပြီးသား ဖြစ်နိုင်၏။ ကျင်းယွင်ကျောင်း၌ ကိုယ့်ကိုကိုယ် နှိမ်ချတတ်သော စိတ်ထားရှိနေသည်မှာ သဘာဝပင်။

ကျောက်စိမ်းစာလိပ်မှ အချက်အလက်များကို အထင်သေး၍ မရပေ။ အကယ်၍ သူမသာ သူမ၏ စိတ်ထဲမှ စကားလုံးများကို ဆွဲထုတ်ပြီး အလွတ်ဆိုပြပါက ကျောက်စိမ်းအပိုင်းတစ်ပိုင်းကို အချိန် ဆယ်နှစ်ကျော်ခန့် ကြာကောင်းကြာနိုင်၏။

ကျင်းယွင်ကျောင်းသည် အမှန်တကယ်ပင် ကံကောင်းလှသည်။ သူမသည် သူမ၏ ဘိုးဘေးဖြစ်သူမှ သူမအား ပေးခဲ့သောအရာများကို တိုက်ရိုက် စုပ်ယူနိုင်၍ သူမ၏ ကိုယ်ပိုင်ဘဝကို ပြောင်းလဲနိုင်သည်။

“ပထမဆုံး မင်းတို့ရဲ့အကဲဖြတ်မှုကို စစ်ဆေးမယ်”

ကန်စုန့်ပိုင်က လိုရင်းတိုရှင်းပြောလိုက်ပြီး သူတို့၏ရှေ့တွင် မတူညီသော ပုံသုံးပုံကို နေရာချလိုက်၏။

ကျင်းယွင်ကျောင်း၏ ရှေ့ရှိပုံမှာ အသက်လေးဆယ်ကျော်ခန့်ရှိသည့် အမျိုးသမီးတစ်ယောက် ဖြစ်သည်။ သူမ၏ မျက်နှာပေါ်တွင် အရေးအကြောင်းများစွာ ရှိနေပြီး သူမ၏ မျက်လုံးများထဲတွင် ရှားရှားပါးပါး အသက်မဲ့နေ၏။ ဆေးပညာရှုထောင့်ကနေ သူမကို အကဲဖြတ်ရမည်ဆိုပါက......

ကျင်းယွင်ကျောင်း မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏ စိတ်ထဲရှိ သူမ စုပ်ယူပြီးသား အကြောင်းအရာများမှာ မျက်နှာပေါ်တွင် အလိုအလျောက်ပေါ်နေပြီးဖြစ်၏။ သူမက ပြန်မမေးတော့ဘဲ ပြောလိုက်သည်။

“ဒီအသက်ကြီးကြီး အမျိုးသမီးရဲ့မျက်ဝန်းတွေက အသက်မဲ့နေပြီးတော့ သူ့ရဲ့မျက်ဆန်အိမ်တွေက ဝါဖန့်ဖန့်ဖြစ်နေတယ်။ အဝါရောင်ရှိတဲ့ တစ်ခုခုက သူရဲ့မျက်ဆန်အိမ်တွေကို အလိုအလျောက် ဖုံးအုပ်နေသလိုမျိုးပဲ။ သည်းခြေအချဥ်ပေါက်တဲ့ရောဂါ ဒါမှမဟုတ် သည်းခြေရည်ခန်းခြောက်တာ ဖြစ်နိုင်ပါတယ်။ ဒါကို များသောအားဖြင့် နာတာရှည် အသည်းရောင် အသားဝါရောဂါ၊ သည်းခြေအိတ်ကျောက်တည်တာ၊ သည်းခြေလမ်းကြောင်း ရောင်ရမ်းတာ၊ ဗေလုံးတွေ၊ သန်ကောင်ရောဂါတွေနဲ့ ရောင်ရမ်းတဲ့ရောဂါတွေမှာ အတွေ့များပါတယ်။ ဒါပေမယ့် နိဂုံးချုပ်ထင်မြင်ချက်ပေးရရင် ပုံတစ်ပုံကို အခြေခံပြီး ပြောဖို့က ပိုပြီး ခက်ခဲတယ်”

“ဒီအမျိုးသမီးက မငယ်တော့ဘူး။ သတ်လတ်ပိုင်းအရွယ်ရောက်ရင် မျက်လုံးတွေက အဝါရောင်အစက်တွေက တွေ့ရနည်းတာတော့ မဟုတ်ပါဘူး”

ကန်စုန့်ပိုင်က စဥ်းစားချင့်ချိန်နေ ဟန်ဆောင်၍ တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။

သို့သော် ကျင်းယွင်ကျောင်းက ခေါင်းယမ်း၍ ပြောလိုက်သည်။

“တကယ်လို့ အဲဒါတွေက သူရဲ့အသက်အရွယ်အရ အဆီတွေရဲ့ဖိအားကြောင့်ဖြစ်လာတဲ့ အဝါစက်တွေသာဆိုရင် အစက်တွေက သူ့ရဲ့မျက်လုံးအစပ်တွေနားမှာပဲ ပိုပြီး ရှိနေရမှာပါ။ ဒါပေမယ့် ဒီအမျိုးသမီးရဲ့အဝါစက်တွေက ပြန့်နေတာ သိသိသာသာပဲ။ အဲဒီအပြင် သူ့ရဲ့အသားအရောင်ကလည်း သာမန်လူတွေနဲ့ သိသိသာသာကြီး ကွာခြားနေတယ်”

သည်းခြေရည်ခန်းခြောက်ခြင်းသည် အရေပြားထိ ထိုးဖောက်နိုင်၍ အသားအရေကို အဝါရောင်ပြောင်းသွားစေသည်။ ၎င်းမှာ အတော်လေး ပြောရလွယ်၏။

ဤသည်ကို ကြားသောအခါ ကန်စုန့်ပိုင်သည် ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်သည်။ သူသည် သူ၏ စာရွက်ပေါ်တွင် ကျင်းယွင်ကျောင်းအား အမှတ်တစ်ခုပေးလိုက်သည်။

သို့ရာတွင် ကန်ကျင်းချန်၏ မျက်ဝန်းများက ပြူးကျယ်သွား၏။

ဒါ လိမ်နေတာပဲဖြစ်ရမယ်၊ ဟုတ်တယ်မလား။ သူမက ဖြီးဖြန်းနေသည်မှာ အသေအချာပင်။ သို့မဟုတ်ပါက သူမ၏ သူငယ်ချင်း သို့မဟုတ် ဆွေမျိုးတစ်ယောက်ယောက် ဤအခြေအနေမျိုးဖြစ်ခဲ့သည်ကို မြင်ဖူး၍ ဖြစ်ရမည်။ ထိုအရာက သေချာ၏။ ဒါ အမှန်ပင်။

ကန်ကျင်းချန်သည် ချက်ချင်းပင် သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။ သူသည် သူ၏လက်ထဲရှိ ပုံကို ငုံ့ကြည့်လိုက်ရာ မိန်းမလှလေးတစ်ယောက်အား မြင်လိုက်ရ၏။ သူမ၏ မျက်နှာက နီရဲနေပြီး အလွန်ချိုသာလှသည်။ ဒါပေမယ့် သူ ဘာဖြစ်လို့ သူမနဲ့ပတ်သတ်ပြီး ဘာအမှားမှ မမြင်ရတာလဲ။

ထိုရုပ်ပုံအား စိုက်ကြည့်ရင်း ကန်ကျင်းချန် ရှက်သွေးဖြာလာသည်။ အဖိုးက ဒီရုပ်ပုံထဲက မိန်းမလှလေးနဲ့ သူ့ကို မိတ်ဆက်ပေးဖို့ ကြိုးစားနေတာများ ဖြစ်နိုင်မလား။

မဟုတ်ဘူး၊ မဟုတ်ဘူး။ အဖိုးက အရမ်းဖြောင့်မတ်တာ၊ ဒါပေမယ့် ဒါက ဘာလဲ။

ကန်ကျင်းချန်၏ မျက်ခုံးများက စုကြုံ့သွား၏။ သူသည် ထိုအကြောင်း ခဏကြာအောင် စဥ်းစားနေသည်။ သို့သော် သူက ရုတ်တရက် ခေါင်းမော့၍ ပြောလိုက်သည်။

“အဖိုး၊ သူက အဖျားရှိနေတာ မ...မဟုတ်လား”

ကန်စု့န်ပိုင်က ခေါင်းယမ်းလိုက်ပြ၏။

“မင်းက ဘယ်လိုများပြောနိုင်ရတာလဲ”

ခေါင်းမာသော အဖိုးအိုတစ်ယောက်ဖြစ်သည့်အလျောက် ကန်စုန့်ပိုင်၏ စကားလုံးများသည် အမြဲတမ်း အထက်တန်းကျသော်လည်း လူများနှင့် လူ့အဖွဲ့အစည်းကို အကူအညီပေးနေသည့် ကရုဏာရှင်တစ်ဦး၏ အရှိန်အဝါကိုလည်း သယ်ဆောင်ထားနိုင်သည်။ သူသည် တိုင်းရင်းဆေးသမားတော်တစ်ဦးလည်း ဖြစ်၏။ အခြားသူများသည် သူ၏ စကားလုံးများထဲမှ မသင့်လျော်မှုကို မရှာဖွေနိုင်ပေ၊ ထိုအစား သူတို့သည် သူ့အား လေးစားကြသည်။

“ဒီလူရဲ့မျက်နှာက နီမြန်းနေတယ်။ သူက အဝတ်အစားတွေအများကြီးလည်း ဝတ်ထားသေးတယ်။ နာတာရှည်ရောဂါတစ်ခုနဲ့တူတယ်၊ ဒါပေမယ့် ဖြစ်နိုင်တာက သူက တီဘီရောဂါဖြစ်နေတာပဲ။ ဟုတ်တယ်မလား”

ကန်ကျင်းချန်က အနည်းငယ် မသေချာဟန်ဖြင့် မသက်မသာ ပြောလိုက်သည်။

သူသည် ငယ်စဥ်ကတည်းက ဆေးပညာမှာ အလွန်ရှုပ်ထွေးဆန်းကြယ်သည်ဟု အမြဲတမ်း တွေးခဲ့၏။ သူသည် သမားတော်တစ်ယောက် ဖြစ်ချင်သော်လည်း ထိုထူးခြားလှသော ဆေးပညာရပ်များကို လေ့လာတိုင်း အိပ်ချင်လာစိတ်ကို ဖျောက်မရပေ

ကန်စုန့်ပိုင်က ခေါင်းယမ်းလိုက်ပြီး သက်ပြင်းချလိုက်၍ သူ၏ စာရွက်ပေါ်တွင် အနီရောင်အမှားခြစ်တစ်ခု ခြစ်လိုက်သည်။

ယခုအချိန်တွင် ကန်ကျင်းချန်၏ မျက်နှာမှာ ပို၍ နီရဲလာတော့၏။ သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“ဒါဆို ဘာလဲ”

“ယွင်ကျောင်း မိန်းကလေး၊ မင်း ဖြေကြည့်”

ကန်စုန့်ပိုင်က ရည်ရွယ်ချက်ရှိရှိ ပြောလိုက်၍ ရုပ်ပုံကို ကျင်းယွင်ကျောင်းအား လှမ်းပေးလိုက်၏။

ကျင်းယွင်ကျောင်းသည် ကန်ကျင်းချန်၏ မယုံနိုင်ဖြစ်နေသော မျက်လုံးများနှင့် မျက်နှာချင်းဆိုင်မိသောအခါ တုံ့ဆိုင်းသွားသော်လည်း သူမ စိတ်ထဲ၌မူ အဖြေပေးရန် ဆုံးဖြတ်လိုက်မိ၏။

သူမသည် ရုပ်ပုံကို ခဏကြာအောင် စိုက်ကြည့်နေပြီးနောက် ဖြေလိုက်သည်။

“သူ့မှာ နာတာရှည်အဖျားတစ်ခုခုရှိနေတဲ့ပုံပါပဲ။ အဖျားလို့ ခေါ်ရင် မမှားပေမယ့် တီဘီရောဂါနဲ့တော့ ဘာမှမဆိုင်တဲ့ပုံပါ”

Chapter 79 : ညီမကိုပင် အနိုင်မယူနိုင်ခြင်း

ကျင်းယွင်ကျောင်းသည် သူမ၏ အတိတ်ဘဝက အနှစ်နှစ်ဆယ်ကျော် ရှင်သန်နေထိုင်ခဲ့သူဖြစ်သည်။ ဆယ့်ခြောက်နှစ်အရွယ် ကလေးငယ်သာ ဖြစ်သည့် ကန်ကျင်းချန်၏ အတွေးများကို ခန့်မှန်းရန် မခက်ခဲပေ။

သူမ၏ လက်ထဲရှိ ရုပ်ပုံထဲမှ အမျိုးသမီးတွင် အတော်လေး ဆိုးရွာသော အခြေအနေရှိသည်ဟု ထင်ရသောကြောင့် ဖြစ်ရမည်။ ထို့နောက် အဖိုး၏ မေးခွန်းများ အားလုံးက မရိုးရှင်းသည်ကို ထည့်ပေါင်းလိုက်သောအခါ သူ့ဆီမှ “တီဘီရောဂါ” ဟုသော အဖြေထွက်ပေါ်လာခြင်း ဖြစ်နိုင်၏။

“မင်း ဘယ်လိုကြောင့် သေချာနေတာလဲ။ ဒါဆိုရင် ဘာလဲ”

“သာမန်လူတစ်ယောက်ရဲ့ မျက်နှာက အနည်းငယ် အဝါရောင်သမ်းပြီးတော့ နီမြန်းပြီး တောက်ပနေတာပဲ ဖြစ်သင့်ပါတယ်။ ဒီအမျိုးသမီးရဲ့ မျက်နှာက အနည်းငယ် နီရဲနေတာ၊ ဒါက တစ်ခုခုမှားနေတယ်ဆိုတာ သိသာပါတယ်။ သူ့ရဲ့ဆံပင်ကို ကြည့်ပါ၊ သပ်သပ်ရပ်ရပ် စည်းနှောင်ထားတယ်။ သူ့ရဲ့ အဝတ်အစားတွေက ထူပြီးတော့ လေးလွန်းနေပေမယ့် သူတို့က အရမ်း လိုက်ဖက်နေတယ်။ ဒီအမျိုးသမီးက သူ့ရဲ့ ပုံပန်းသွင်ပြင်ကို အရမ်းဂရုစိုက်တာလည်း သိသာတယ်၊ ဒါကြောင့် သူ့ရဲ့ နှုတ်ခမ်းနားမှာ ရှိတဲ့ အနာတွေကို အမှန်တကယ်ပဲ မိတ်ကပ်နဲ့ ဖုံးထားတယ်၊ ဒါပေမယ့် ဒါတွေက အဲဒီမှာ မရှိဘူးလို့ မဆိုလိုဘူး။ တကယ်လို့ သူ့ရဲ့ နှုတ်ခမ်းနားက အသားရောင်ကို အနီးကပ်ကြည့်ရင် နည်းနည်းလေး ကွဲပြားနေတာကို တွေ့ရပါလိမ့်မယ်။ ပြီးတော့ ဒီလိုအဝတ်အစားတွေ ဝတ်ထားတာကလည်း သူက သူ့ရဲ့ကိုယ်ပေါ်မှာရှိတဲ့ အဖုအပိန့်တွေကို ဖုံးထားချင်လို့ပါ။ သူရဲ့ကုပ်ပိုးအောက်ကို ကြည့်ရင်လည်း အဖုအပိန့်နည်းနည်းကို မြင်နိုင်ပါသေးတယ်”

ကန်ကျင်းချန်၏ မျက်နှာက နီရဲသွားသည်။ သူသည် ယောက်ျားလေးတစ်ယောက်ဖြစ်၏။ အဘယ်ကြောင့် ထိုအစိတ်အပိုင်းကို ကြည့်မိလိမ့်မည်နည်း။ ထိုဆွေးနွေးခံရသောသူသည် ရှေးရိုးဆန်ဆန်ဟန်ပန်ကိုသာ ဝတ်စားဆင်ယင်ထားလျှင်တောင်မှ သူသည် ထိုပေါ်နေသော အသားအရေကို သိသိသာသာ ကြည့်ရန်မှာ မဖြစ်နိုင်ပေ။

“ထပ်ပြီးပြောရရင် ပါးနှစ်ဖက်လုံး နီရဲနေတာက တီဘီရောဂါသယ်တွေမှာ တွေ့ရများပါတယ်။ အထူးသဖြင့် နေ့လယ်ဘက် ပိုပြီး ပူတဲ့အချိန်တွေမှာပါ။ တကယ်လို့ တစ်စုံတစ်ယောက်ကို အတိအကျ ရောဂါရှာဖွေဖော်ထုတ်ချင်တယ်ဆိုရင် တစ်ဖက်လူကို သူတို့ရဲ့ခန္ဓာကိုယ်မှာ အခြား နေရတာ မသက်သာတဲ့ နေရာတွေ ရှိသေးလား၊ မရှိတော့ဘူးလားဆိုတာကို မေးဖို့ လိုပါသေးတယ်”

ကျင်းယွင်ကျောင်းက ဆက်ပြောလိုက်သည်။

ကျင်ယွင်ကျောင်း ဖြေပြီးသွားသောအခါ ကန်ကျင်းချန်သည် တွင်းတစ်တွင်းရှာ၍ သူ့ကိုယ်သူ ဝင်ပုန်းချင်နေစိတ် ဖြစ်သွားမိ၏။

သို့ရာတွင် သူသည် သူ့ကိုယ်သူ အရှက်မခွဲချင်ပေ။ ထို့ကြောင့် သူသည် စိတ်ထဲတွင် လုံးဝမထားသယောင် ပြုမူနေပြီး ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်သည်။

“ကျွန်တော် ဒီမေးခွန်းနဲ့ ပတ်သတ်ပြီး အတွေး အရမ်းလွန်သွားတယ်။ ချူချူ၊ နင့်အလှည့်”

စူးချူက သူမ၏ ပြောင်ကောအား စိုက်ကြည့်လိုက်၏။ ထို့နောက် အဖိုးအိုအား ကြည့်၍ သူမ၏ လက်ထဲက ရုပ်ပုံအား ညွှန်ပြ၍ ဖြေလိုက်သည်။

“ဒီလူမှာ ထုလုံးရှည်ပုံသဏ္ဍာန် ရင်အုပ်ရှိတယ်။ သူ့ရဲ့နံရိုးတွေရဲ့ အနောက်ဘက်နဲ့ အရှေ့ဘက်မှာရှိတဲ့ လျှောဇောက်တွေက နံရိုးတွေကြားက ကျယ်ပြန့်နေတဲ့နေရာလွတ်နဲ့ အတူတူ မြင့်တက်နေတယ်။ ဒါကို ပန်းနာရင်ကြပ်၊ နာတာရှည် လေပြွန်ရောင်ရမ်းပြီးတော့ လေအိတ်ရောင်ရောဂါကို ဦးတည်နေတဲ့ လူနာတွေမှာ အများဆုံးတွေ့ရပါတယ်”

သူမ ပြောပြီးသည်နှင့် စူးချူသည် သူမအဖိုးဖြစ်သူ၏ အမူအယာအား ငိုချတော့မည့် ဟန်ပန်ဖြင့် ချောင်းကြည့်လိုက်သည်။

သူမ မှားသွားတာများ ဖြစ်နိုင်မလား။ သူမ၏အဖိုးသည် ဤကဲ့သို့ အလွန်ကြောက်စရာကောင်း၏။

အဖိုးအို၏ မျက်ဝန်းထဲမှ ခံစားမှုများ မှေးမှိန်သွားသည်က စူးချူအား နေမထိထိုင်မသာ ဖြစ်လာစေသည်။ သူမသည် စာရွက်ပေါ်မှ ဖောင်တိန်ကို ကြည့်နေ၍ သတိအနေအထားဖြင့် နေနေ၏။ ဖောင်တိန်၏ အမှတ်ပေးမှုပြီးဆုံးသွားသော အခိုက်တွင် စူးချူသည် ချက်ချင်း ထခုန်လိုက်တော့သည်။

“အရမ်းကောင်းတယ်။ ငါဖြေတာ မှန်တယ်။ ဝူး..ဝူး..ဒါ တအားခက်လွန်းတယ်၊ ကံကောင်းလို့ ငါ....”

ပြောရင်းတန်းလန်းဖြင့် သူမသည် တစ်ခုခုမှားနေသည် ရုတ်တရက် သတိထားမိသွားပြီး စာကြောင်းကို ချက်ချင်း ပြောင်းလိုက်၏။

“ကံကောင်းလို့ ကျွန်မ အလုပ်ကို ပုံမှန်ကြိုးစားပြီး စာကို ပြင်းပြင်းထန်ထန် လေ့လာလို့သာပေါ့”

သူမသည် မနေ့က ဤမေးခွန်းအား သူမ၏ စာအုပ်ထဲတွင် အပေါ်ယံ ဖတ်ကြည့်ခဲ့သည်။ ထိုအချိန်က သူမသည် အလွန်ပျင်းရိနေ၍ ထုလုံးရှည်ပုံ ရင်အုပ်ကို ကြည့်နေခဲ့၏။

ထို့နောက် သူမသည် ခဏမျှ စိတ်ကူးယဥ်မိသွားခဲ့သည်။ သို့မဟုတ်ပါက မည်သူက ဤသည်ကို ရည်ရွယ်ချက်ရှိရှိ ကျက်ထားလိမ့်မည်နည်း။

ဘာပဲဖြစ်ဖြစ် သူမသည် ဤမေးခွန်းကို မှန်မှန်ကန်ကန် ဖြေနိုင်ခဲ့သည်။ အဖိုးလည်း ကျေနပ်ပျော်ရွှင်သွား၏။

သို့ရာတွင် သူ၏ မြေးဖြစ်သူနှင့် မျက်နှာချင်းဆိုင်လိုက်သောအခါ သူသည် စိတ်ရှည်မှုမရှိတော့ပေ။ ကန်ကျင်းချန် ကိုယ်တိုင်သည်ပင် ဆက်၍ ထိုင်မနေနိုင်တော့ပေ။ စင်စစ် သူ့ထက် ပိုငယ်သော မိန်းကလေးနှစ်ယောက်လုံးသည် သူ့ထက် ပို၍ ကောင်းအောင် လုပ်နိုင်သည်။ သူသည် ဤအရှက်ကွဲမှုကို ဘယ်တော့မှ ဖြတ်ကျော်ရှင်သန်နိုင်လိမ့်မည် မဟုတ်ပေ။

“ဒုတိယမေးခွန်း။ ဒီဆေးအမျိုးအစားပေါင်း တစ်ရာရဲ့ ဆေးစွမ်းတွေကို ချရေးရမယ်”

အဖိုးအိုက စာမေးပွဲစာရွက်အထပ်လိုက် သုံးထပ်ကို ထုတ်ယူရင်း ပြောလိုက်သည်။

ဆေးပင်တွေကို နှိုင်ယှဥ်ရမည်လား။ ကန်ကျင်းချန်၏ မျက်လုံးများက တောက်ပသွားသည်။ ဤအပိုင်းသည် သူ အကျွမ်းကျင်ဆုံးဖြစ်၏။

စာမေးပွဲစာရွက်များကို အူယားဖားယား လက်ခံလိုက်ရင်း သူသည် ပို၍ စိတ်အားတက်ကြွလာခဲ့သည်။ ကျင်းယွင်ကျောင်းသည်လည်း စာရွက်များကို ယူရန် အချိန်ဖြုန်းမနေတော့ပဲ လှမ်းယူလိုက်၏။ သူမသည် စာရွက်ကို တစ်ချက်ကြည့်လိုက်ရင်း သူမ၏ နှလုံးသားထဲတွင် သေချာမှုအချို့ ရရှိလာ၏။

ကျောက်စိမ်းစာလိပ်ကို မဆိုထားနှင့်၊ မကောင်းဆိုးဝါးအိုကြီးဖြစ်သည့် အဖိုးရှု သူမကို ပေးသည့် အပတ်စဥ်အိမ်စာများသည်ပင် ဤသည်ထက် ပို၍ ရှုပ်ထွေးသည်။ အဖိုးရှု၏ စကားအရ ဆိုရပါလျှင် ဆေးပင်များ၏ ပုံပန်းသဏ္ဍာန်၊ အသက်အရွယ်နှင့်၊ အစွမ်းသတ္တိများကို မသိလျှင် ကိစ္စများကိုဆောင်ရွက်ရန် အဘယ်ကဲ့သို့ ယုံကြည်စိတ်ချရပါမည်နည်း။

Chapter 80 : အရှုံးကို ဝန်ခံခြင်း

ပထမစာမေးပွဲနှင့် ယှဥ်ပါက ဤဒုတိယစာမေးပွဲသည် ကန်ကျင်းချန်နှင့် စူးချူအတွက် ပို၍ လွယ်ကူပေသည်။ သို့ရာတွင် ကန်စုန့်ပိုင်က ရည်ရွယ်ချက်ရှိရှိပင် ခက်ခဲမှုကို တိုးမြှင့်ထားလိုက်၏။ ထို့ကြောင့် မရင်းနှီးသော ဆေးပင်ပေါင်းတစ်ရာ ပါဝင်သော မေးခွန်းစာရွက်က သူတို့နှစ်ယောက်အား ဦးနှောက် အရည်ခမ်းအောင် ညှစ်ထုတ်နေသကဲ့သို့ပင်။

သို့သော် နှစ်ဦးသား အဖြေလွှာတစ်ဝက်ခန့် ဖြေဆိုပြီးစီးချိန်၌ ကျင်းယွင်ကျောင်းသည် ဘောပင်ကို ချထားလိုက်ပြီး ကန်စုန့်ပိုင်ဆီသို့ အဖြေလွှာစာရွက် ပြန်သွားအပ်သည်ကို မြင်လိုက်ရသည်။

ကန်ကျင်းချန်သည် အံ့သြဆွံ့အသွားရ၏။ ထပ်ပြီးတော့ သူမက ပြီးသွားပြန်ပြီလား။

သူမသည် ဘာကိုမှ မဖြေနိုင်တော့၍ အဖြေလွှာစာရွက်အလွတ်ကို သွားအပ်လိုက်သည်ရော မဖြစ်နိုင်ဘူးလား။

ထိုသို့ တွေးလိုက်ပြီးနောက် ကန်ကျင်းချန်သည် အနည်းငယ် စိတ်အေးသွားပြီး စာမေးပွဲ ဆက်ဖြေနေလိုက်သည်။ နောက်ဆုံး နာရီဝက်ခန့်ကြာပြီးနောက် သူ ဖြေဆိုပြီးစီးသွားသည်။ သို့သော် ကန်စုန့်ပိုင်သည်လည်း ကျင်းယွင်ကျောင်း၏ အဖြေလွှာကို စစ်ဆေးပြီးသွားပြီဖြစ်၏။ သူသည် သူမ၏ လက်ရေးလက်သားများမှာ လှပ၍ သပ်ရပ်လှသည်ကို တွေ့လိုက်ရသည်။ အဖိုးကန်သည် ကျင်းယွင်ကျောင်း၏ အဖြေလွှာပေါ်တွင် မည်သည့်အမှတ်ကိုမှ ချန်မထားခဲ့သော်လည်း ထိုအစား သူမ၏ ကိုယ်ပိုင် အမှတ်စာရင်းစာရွက်ထဲတွင် သူမအား အမှတ်တစ်ရာပေးလိုက်၏။

ကန်ကျင်းချန်၏ မျက်ဆန်အိမ်များမှာ ထွက်ကျလုမတက် ပြူးကျယ်သွားသည်။ သူသည် ချက်ချင်းပင် ကျင်းယွင်ကျောင်း၏ စာရွက်အား ဆွဲယူလိုက်၏။ ရေးသားထားသော အကြောင်းအရာများမှာ အလွန်ရှင်းလင်းလှသည်။

“နင် ဒါတွေကို ဘ...ဘယ်လိုများ ဖြေနိုင်တာလဲ။ ဒီဆေးပင်တွေအားလုံးက တွေ့ရခဲတယ်လေ”

ကန်ကျင်းချန်သည် သူ၏ မာနကိုပင် ဂရုမထားနိုင်တော့ပဲ အံအားသင့်နေသော အမူအယာဖြင့် မေးလာ၏။

ကျင်းယွင်ကျောင်းက အမှုမထားသကဲ့သို့ ဖြေလိုက်သည်။

“အရင်က လေ့လာဖူးတာပါ”

သူမတွင် နေရာလွတ်နယ်မြေရှိခြင်းသည် ဝှက်ဖဲနည်းလမ်းတစ်ခုပင်ဖြစ်၏။ ထိုအထဲသည် အပြင်ဘက်ထက် အချိန်ငါးဆပို၍ နှေးသည်။ သူမသည် များသောအားဖြင့် ညဘက်များတွင် နေရာလွတ်နယ်မြေထဲ၌ အနားယူလေ့ရှိ၏။ အပြင်ဘက်ရှိ တစ်ညက ထိုအထဲတွင် နှစ်ည အချိန်ဖြုန်းသည်နှင့် ညီမျှသည်။ အချိန်ကြာပုံမပေါ်သော်လည်း သူမသည် စာများကို မှတ်မိရန်ကြိုးစားနေသရွေ့ သူမ၏ မှတ်နိုင်စွမ်း ဥာဏ်ရည်ဥာဏ်သွေးသည်လည်း အမြင့်ဆုံးထက် ပို၍ မြင့်မားလာမည်ဖြစ်၏။

ကျင်းယွင်ကျောင်း၏ လက်ရေးမှာ သပ်ရပ်၍ ခံ့ညားသည်။ သူမ၏ စကားလုံးများမှာ ထင်ထင်ရှားရှား ကျက်သရေရှိရှိရေးသားထားပြီး မှန်ကန်တည်ငြိမ်မှုရှိသည်။ ၎င်းကို ကြည့်ရသည်မှာ နှစ်လိုဖွယ်ရှိ၏။

အတိတ်ဘဝတွင် သူမ၏ လက်ရေးသည် ယခုလောက် မကောင်း။ သို့ရာတွင် သူမ ကျောင်းထွက်ပြီးသည့်နောက် ညဘက် အိမ်သို့ ပြန်လာသည့်အခါတိုင်း ဘာမှလုပ်စရာမရှိပေ။ ထိုအခါ သူမသည် သူမ၏ နှလုံးသားထဲမှ မကျေနပ်ချက်များ သက်သာစေရန် လျှို့ဝှက်၍ လက်ရေးလှ လေ့ကျင့်တတ်သည်။ သူမ ထောင်ကျနေသော အချိန်အတောအတွင်းတွင်လည်း သူမသည် အချိန်အများစုကို လက်ရေးလှရေးခြင်း၌သာ အာရုံစိုက်ထား၍ ကုန်ဆုံးလေ့ရှိ၏။ ထို့ကြောင့် သူမ၏ လက်ရေးမှာ အနည်းငယ် အရိုင်းဆန်သော ခံစားချက်ကို ပေးသည်။ သူမ၏ ကိုယ်ပိုင်အလေ့အကျင့်များ၏ အလိုအလျောက် ရလဒ်တစ်ခုပင်။

အကယ်၍ ကန်ကျင်းချန်သည် ယခင်က တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေခဲ့ပါက ယခုအချိန်တွင်တော့ သူသည် စိတ်ဓါတ်ကျနေပြီဖြစ်သည်။

သူသည် ဆေးပညာကို ငယ်စဥ်ကတည်းကပင် သင်ကြားခဲ့သော်လည်း မတောက်တခေါက် အဆင့်တွင်သာ ရှိသေး၏။ သူသည် ကျင်းယွင်ကျောင်းနှင့် မယှဥ်နိုင်ကြောင်းကို တွေးမိရန်မှာ...

“အဖိုး၊ အဖိုး ဆက်ပြီးတော့ စစ်ဆေးစရာ မလိုတော့ဘူး။ ကျွန်တော် ရှုံးတာ ဝန်ခံပါပြီ”

ထိုသို့ပြောပြီးနောက် သူသည် ထထွက်သွား၍ အခန်းထဲသို့ ပြန်ဝင်သွားကာ အခန်းတံခါးအား “ဘမ်း” ခနဲ အသံကျယ်ကျယ် မြည်အောင် ပိတ်လိုက်သည်။

“ဒီကလေးက တကယ်ကို စိတ်ထားတစ်မျိုးပဲ”

ကန်စုန့်ပိုင်က သူ၏ မုတ်ဆုတ်မွေးကို လိမ်လိုက်၏။ သူသည် ထိုသို့ ပြောလိုက်သော်လည်း သူသည် ယခင်ကထက်ပင် ပို၍ လန်းဆန်းတက်ကြွစွာ ခံစားနေရသည်။

“ယွင်ကျောင်း မိန်းကလေး၊ မင်း ဒီတနင်္ဂနွေနေ့မှာ အဖိုးနဲ့အတူ လူနာတစ်ယောက်ကို လိုက်ကြည့်ရမယ်။ အခြေခံတွေက အရေးကြီးပေမယ့် အတွေ့အကြုံက ပိုပြီး အရေးကြီးတယ်။ မင်းက ငယ်သေးတယ်။ ပြီးတော့ မင်းက အချိန်တိုင်း လေ့လာသင်ယူနေသင့်တယ်။ ဒါဆို မင်းရဲ့စွမ်းရည်တွေလည်း တိုးတက်လာလိမ့်မယ်”

“ကျွန်မ နားလည်ပါပြီ၊ အဖိုး”

ကျင်းယွင်ကျောင်းက တက်တက်ကြွကြွပင် ပူးပေါင်းလိုက်၏။

သူမသည် ဆေးပညာရပ်အား လေ့လာရသည်ကို အလွန်စိတ်ဝင်စားသည်။ အဖိုးက သူမအား အခွင့်အရေးတစ်ခု ပေးနေသည်ဖြစ်ရာ သူမက တန်ဖိုးထားရမည်မှာ သဘာဝပင်။

ဤတစ်ကြိမ် စာမေးပွဲ၏ ရည်ရွယ်ချက်မှာ သူ၏ မြေးအရင်းအား အံ့သြထိတ်လန့်သွားစေရန် ဖြစ်သည်။ ထို့ကြောင့် သူ၏ ရည်ရွယ်ချက် ပြီးမြောက်သွားပြီးနောက် ကန်ကျင်းချန်အား စကားအနည်းငယ်ပြောပြီး သွားခွင့်ပြုလိုက်ခြင်း ဖြစ်၏။

ထိုညတွင် ကန်ကျင်းချန်သည် အိပ်မပျော်ပေ။ ကျင်းယွင်ကျောင်းအပေါ် ထားရှိမိသည့် သူ၏ နိမ့်ကျသော စိတ်ထားကို တွေးလိုက်သောအခါ သူ၏ မျက်နှာသည် လောင်ကျွမ်းသွားလုမတတ် ပူလောင်သွားသည်ကို ခံစားလိုက်ရပြီး အနည်းငယ်လည်း နာကျင်နေ၏။ ထိုခံစားချက်ကို သူ နားမလည်နိုင်တော့ပေ။

ညီမဝမ်းကွဲဖြစ်သူ စူးချူသည် ပို၍ပင် ပုံကြီးချဲ့လိုက်သေးသည်။ သူမသည် ကျင်းယွင်ကျောင်းအား အိုင်ဒေါတစ်ယောက် အဆင့်သို့ပင် အများကြီး အဆင့်မြှင့်တင်ပစ်လိုက်တော့၏။

မနက်ခင်း တံခါးဖွင့်လိုက်သောအခါ ကျင်းယွင်ကျောင်းတစ်ယောက် ပုံမှန်ဆို အစောကြီးထွက်သွားလေ့ရှိသူ ကန်ကျင်းချန်က လုပ်စရာရှိသည်များအား ခပ်ဖြည်းဖြည်း လုပ်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ မျက်လုံးများသည် ပုံမှန်အတိုင်းပင်၊ သူမအား အသိအမှတ်ပြုပုံမပေါ်သော်လည်း သူ၏ အမူအယာကမူ အနည်းငယ် ထူးခြားနေ၏။

“အမ်း...ကျောင်းကို အတူသွားကြရအောင်။ ငါတို့ လမ်းမှာ တစ်ယောက်နဲ့တစ်ယောက် အိမ်စာတွေ စစ်ပေးလို့ရတယ်လေ”

ကန်ကျင်းချန်က အရေထူထူနှင့်ပင် ပြောလိုက်သည်။ သူ၏ အမူအယာမှာ မာနတရားများပြည့်ဝနေ၍ မျက်လုံးများက ဟိုဟိုဒီဒီ လျှောက်ကြည့်နေ၏။ သူသည် သူမအား မျက်နှာသာ ပေးနေသကဲ့သို့ပင် ပုံပေါ်နေသည်။

ကျင်းယွင်ကျောင်း၏ ပါးစပ်သည် တွန့်သွား၏။ သူမသည် တစ်ကျောင်းလုံး၏ အဆင့်တစ်ဖြစ်သည်။ သူမ၏ ပြီးစီးသွားသော အိမ်စာများသည် ဖတ်စာ,စာအုပ်များနှင့်ပင် နှိုင်းယှဥ်၍ရ၏။ ဆရာ၊ ဆရာမများသည် သူမ၏ အိမ်စာကို စစ်ရန် အချိန်သိပ်ယူလေ့မရှိဘဲ အတန်းထဲ၌ ဥပမာပြရန် သူမ၏ အိမ်စာကို မကြာခဏ သုံးလေ့ရှိသည်။ ဒါက တကယ်ပဲ စစ်ဆေးဖို့ လိုအပ်လို့လား။

သို့သော် ထိုမလောက်လေးမလောက်စားက ထိုသို့ပြောသည်နှင့် ကျင်းယွင်ကျောင်းသည်လည်း သူ့အား မျက်နှာသာပေးရန် ဆုံးဖြတ်လိုက်ပြီး ပြန်ဖြေလိုက်သည်။

“ရတယ်လေ”

ထိုအခိုက်၌ ကန်ကျင်းချန်သည် သူ့ကိုယ်သူ ကိုယ့်ဒုက္ခကိုယ််ရှာမိသွားကြောင်း မသိခဲ့ပါချေ။

(T/N: 找虐 ဆိုတာ တရုတ်ဗန်းစကားတစ်ခုပါ၊ အခြားသူတွေက ကိုယ့်ကို အလွယ်တကူ ရိုက်သွား၊ ဆဲဆိုသွားနိုင်အောင် ကိုယ့်ကိုကိုယ် နေရာချထားမိတယ်လို့ အဓိပ္ပါယ်ရပါတယ်။ မြန်မာဆိုရိုးစကားအရဆို ကိုယ့်ဒုက္ခကိုယ််ရှာမိတယ်၊ ကိုယ့်သေတွင်းကိုယ်တူးမိသွားတယ်ဆိုတာမျိုးပါ။)

All Chapters