အခန်း (၁၀၁-၁၀၄)
Vol. 6 Ch. 101-104
Chapter 101 : ဆံပင်အဝါနဲ့ယောက်ျား
စူးချူက နှုတ်ခမ်းစူလိုက်ပြီး သူမ၏ မျက်လုံးများ၌ မကျေနပ်မှုများ ပြည့်နေသည်။ သို့ရာတွင် ကျင်းယွင်ကျောင်း၏ အေးစက်သော စိတ်ထားကို မြင်ပြီးနောက် သူမ၏ ငယ်ရွယ်သော နှလုံးသားလေးက တစ်ဖန်ဆွဲဆောင်ခံလိုက်ရပြန်ပြီး ကျင်းယွင်ကျောင်းထံတွင် တစ်ဖန်ပြန်၍ ပိတ်မိသွားပြန်၏။ သူတို့၏ အမူအကျင့်များသည် သွေးသားရင်းညီအစ်မများကဲ့သို့ပင်။
ဤဆိုင်လေးတွင် ဧည့်သည်များစွာမရှိသောကြောင့် အစားအသောက်များက ခပ်မြန်မြန်ပင် ရောက်လာပြီး မကြာမီမှာပင် သူတို့၏ အစားအသောက်များကို စတင်စားသောက်ကြတော့သည်။ ကျင်းယွင်ကျောင်း၏ ထိုင်ခုံနေရာသည် အနည်းငယ် ကောင်းမွန်၍ အပေါ်စီးမှ တစ်ချက်ကြည့်ရုံနှင့်ပင် သူမသည် ဝင်ပေါက်၏ အနီးအနားပတ်ဝန်းကျင်မှ အခြေအနေကို လွယ်ကူစွာ စစ်ဆေးကြည့်ရှုနိုင်၏။
မိနစ်သုံးဆယ်နီးပါးကြာအောင် စောင့်နေပြီးနောက် ကျင်းယွင်ကျောင်းသည် ချောင်ဟုန်ယဲ့၏ အရိပ်အခြည်ကို မမြင်ရသေးပေ။ သူမသည် အခြေအနေအား လွဲမှားကောက်ချက်ချမိပြီဟုပင် ထင်လာမိ၏။
ထိုအချိန်မှာပင် စီးကရက်သောက်နေသော အမျိုးသားတစ်ယောက် ပေါ်ထွက်လာရာ မှတ်ဉာဏ်တစ်ခုက သူမ၏စိတ် အပေါ်ယံမျက်နှာပြင်အား ရိုက်ချိုး၍ ထွက်ပေါ်လာသကဲ့သို့ သူမ၏ စိတ်ထဲ၌ ဆတ်ခနဲ နာကျင်မှုတစ်ခုက ရုတ်ချည်း ဖြတ်ပြေးသွားလေသည်။ သူမသည် အသွေးအသားထဲမှ တုန်လှုပ်သွား၏။
(T/N: ရုတ်တရက်ကြီး ခေါင်းထဲမှာ တစ်ခုခုကို ပြန်ပြီးသတိရသွားလို့ ခေါင်းကိုက်သွားပေမယ့် ဟန်မပျက် ဒီအတိုင်း ဆက်နေလိုက်တဲ့ သဘောပါ)
“ဘာဖြစ်လို့လဲ”
စူးချူက သင်္ကာမကင်းဖြစ်သွားပြီး ခေါင်းမော့ကာ သူမအား ကြည့်လာသည်။ ကျင်းယွင်ကျောင်း၏ ကြောက်စရာကောင်းနေသော အသားအရောင်က သူမအား ရင်ဆောင့်ခုန်သွားစေပြီး သူမအား ထိန်းပေးရန် ခပ်မြန်မြန်ပင် ထလာ၏။
“ပြောင်ကျဲ၊ အစ်မရဲ့မျက်နှာက တကယ်ကို ဖျော့တော့နေတာပဲ။ နေမကောင်းဘူးလားဟင်”
သူမ၏ မျက်နှာကသာ ဖြူဖျော့နေသည်မဟုတ်ဘဲ သူမ၏ ငေးစိုက်ကြည့်နေသော အကြည့်များကလည်း လူသတ်ချင်နေသည့်အလားပင်။ နူးညံ့သိမ်မွေ့သူ စူးချူအား ကျင်းယွင်ကျောင်း၏ မျက်နှာထားက ကြောက်ရွံ့သွားစေသည်မှာ သဘာဝပင်။
ကျင်းယွင်ကျောင်းက သူမ၏ ခြောက်သွေ့နေသော ပါးစပ်ကို ဖွင့်လိုက်သည်။
“ငါ ရင်းနှီးနေတဲ့ လူတစ်ယောက်ကို မြင်လိုက်လို့”
“ရင်းနှီးတဲ့သူ၊ သူငယ်ချင်းလား”
သိပ်များများစားစား မစဥ်းစားဘဲ ကန်ကျင်းချန်က မေးလိုက်၏။
ကျင်းယွင်ကျောင်း၏ နှုတ်ခမ်းများက တွန့်သွားပြီး ရက်စက်သည့် အငွေ့အသက်များ သယ်ဆောင်လာသည့် အပြုံးတစ်ခုကို ပြုံးလိုက်ကာ ထိုနှစ်ယောက်အား ပြောလိုက်သည်။
“ကျင်းချန်၊ ချူချူ၊ နင်တို့နှစ်ယောက် ငါ့ကို ခဏလောက် စောင့်နေကြဦး။ တစ်ခုခုဖြစ်လည်း ငါ မကြာခင် ပြန်လာခဲ့မယ်”
“မဟုတ်ဘူး။ ငါ အခု နင့်ရဲ့အခြေအနေက သက်တောင့်သက်သာ ရှိတယ်လို့ မခံစားရဘူး။ ငါ နင်နဲ့ လိုက်ခဲ့မယ်။ သူငယ်ချင်းတစ်ယောက်နဲ့ သွားတွေ့မှာ မဟုတ်လား။ ငါတို့နှစ်ယောက် နင့်နောက်က လိုက်ခဲ့မယ်။ ငါတို့ နင့်ကို မျက်နှာမပျက်စေရပါဘူး”
ကန်ကျင်းချန်က တုံ့ပြန်လိုက်သည်။
(T/N: သူတို့နှစ်ယောက် တူတူလိုက်လာလို့ ကျင်းယွင်ကျောင်းကို အရှက်မရစေပါဘူးလို့ ပြောတာပါ။)
သူတို့၏ စိုးရိမ်ပူပန်နေသော အကြည့်များကို မြင်သောအခါ ကျင်းယွင်ကျောင်းသည် ကြက်သေသေသွား၍ သူမ၏ နှလုံးသားလေးကလည်း အနည်းငယ် နူးညံ့သွား၏။ သူမက ထိုအကြောင်းကို စဥ်းစားလိုက်ပြီး ပြန်ဖြေလိုက်သည်။
“ဒါက.....ကောင်းပါပြီ”
သူမသည် ယနေ့ လွတ်မြောက်နေသည့် အတိတ်ဘဝက လမ်းသရဲလေး၏ အမည်ကို သတိရသွား၏။
ကောင်းရှင်း။
သူမ၏ ယခင်ဘဝတွင် ကောင်းရှင်းသည် လွတ်မြောက်သွားခဲ့သည်။ သူမသည် တစ်ဖက်လူ၏ မျက်နှာအစိတ်အပိုင်းများကို မှတ်မိလျှင်တောင်မှ ကောင်းရှင်း၏ မျက်နှာသည် သာမန်ဆန်လွန်းပြီး မေ့ပျောက်လွယ်သည်ဖြစ်ရာ ရှင်းရှင်းလင်းလင်း မမှတ်မိမည်ကိုလည်း စိုးရိမ်ကြောက်ရွံ့နေခဲ့၏။ ထို့အပြင် သူမ ရဲများကို ခေါ်လျှင်တောင်မှ သူမ၏ အခြေအနေများကို သူတို့အား မည်သို့ရှင်းပြရမည်ကို မသိသောကြောင့် အခြားလမ်းသရဲများသည် အဖမ်းမခံရပေ။ ထို့ကြောင့် ဆန့်ကျင်ဘက်အနေနှင့် သူမသည် ကျောင်းထွက်ခဲ့ရပြီး အိမ်ပြန်ခဲ့ရကာ ၎င်းက ချောင်မိသားစုအတွက် ငွေရှာပေးရသူတစ်ယောက်ဖြစ်ခဲ့ရသည်၊ ဒါက သူမ၏ ဘဝအစပင်။
ထို့နောက် ကောင်းရှင်းသည် အချိန်အတော်ကြာအောင် သူမ၏ ရှေ့တွင် ပေါ်မလာခဲ့ပေ။ သို့ရာတွင် အတိတ်ဘဝ၌ သူမ ချောင်ဝေ့မင်အား သတ်လိုက်သောအချိန်တွင် ချောင်ဟုန်ယဲ့နှင့် ယောက်ျားတစ်ယောက်သည် တံခါးဖျက်၍ ဝင်လာခဲ့သည်။
ချောင်ဟုန်ယဲ့က ကျင်းယွင်ကျောင်းသည် ပထွေးဖြစ်သူအား မြူဆွယ်သည့် မြေခွေးမတစ်ယောက်ဖြစ်ကြောင်း ထပ်ခါထပ်ခါ ပြောခဲ့၏။ အခြားတစ်ဖက်တွင် သူမသည် ထိုယောက်ျားအား သူမ၏ အဖေကို အမြန်ကယ်ရန် ပြောခဲ့သည်။ ထိုအချိန်၌ တစ်ဖက်လူ၏ ခန္ဓာကိုယ်က သူမ၏ မြင်ကွင်းအား ပိတ်နေခဲ့ပြီး ချောင်ဝေ့မင်၏ နောက်ဆုံးထွက်သက်အခိုက်အတန့်အား သူမ အမှန်အကယ်ပင် သက်သေမပြုနိုင်ခဲ့ပေ။
ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်အတွက် လူသတ်ပြီးနောက် သူမသည် ထူးထူးခြားခြား စိတ်လွတ်သွားခဲ့သဖြင့် ဤလူနှစ်ယောက်က ဤသည်မှာ လူသတ်မှုတစ်ခုဖြစ်ကြောင်း ဆုံးဖြတ်ပစ်ခဲ့သည်။ ထိုအချိန်က ပေါ်လာသော ယောက်ျားမှာ အမှန်တကယ်ပင် ကောင်းရှင်းဖြစ်၏။ ထိုအချိန်က သူ၏ ပုံပန်းသွင်ပြင်မှာ သပ်ရပ်ပြီး စနစ်ကျနေသည်။ အနောက်တိုင်းဝတ်စုံတစ်စုံကို ဝတ်ဆင်ထားပြီး သူ၏ ဆံပင်များကလည်း ထူထဲနက်မှောင်နေရာ သူမသည် သူ့အား လွန်ခဲ့သည့် နှစ်များက လမ်းသရဲနှင့် လုံးဝတွဲ၍ မမြင်နိုင်ခဲ့ပေ။
သို့ရာတွင် ယခုအချိန်၌ သူတို့သည် အကွာအဝေးတစ်ခု အတော်လေး ကွာခြားနေလျှင်တောင်မှ သူမသည် သူ၏ ကောက်ကြောင်းမှတဆင့် သူဖြစ်ကြောင်း ပြောနိုင်၏။ တစ်ဖန် ထိုရွှေအိုရောင်ဆံပင် ထူထူပွပွများအား ကြည့်ရင်း ပုံစံနှစ်ခုသည် တစ်ချိန်တည်းမှာပင် အတူတကွ ပေါင်းစပ်သွားသည်။
အကယ်၍ ယခင်ဘဝ၌ ချောင်ဟုန်ယဲ့မှ လွဲ၍ သူမ အမုန်းဆုံးသူအား နာမည်ပြောပြပါဆိုပါက ဤကောင်းရှင်းပင်ဖြစ်၏။ တစ်ဖက်ကလည်း အဘယ်ကြောင့် သူမအား သူစိမ်းတစ်ယောက်က ဒုက္ခပေးချင်နေမှန်း ထိုအချိန်က သူမ နားမလည်ခဲ့သောကြောင့်ပင်။ သူက သူမသည် ကိုယ့်ကိုကိုယ် ကာကွယ်ရန်အတွက် လူသတ်ခဲ့ကြောင်းကို ရှင်းရှင်းလင်းလင်းသိသော်လည်း သူသည် တရားရုံး၌ သက်သေတစ်ယောက်အဖြစ် ချောင်ဝေ့မင်အား ကာကွယ်ချင်နေဆဲပင်။
အခြားတစ်ဖက်တွင်လည်း သူမ ထောင်ကျနေခဲ့သည့် နှစ်အနည်းငယ်အတွင်း သူမ လုံးဝနားမလည်နိုင်သည့် ကိစ္စများစွာ ရှိနေဆဲ။
ထိုအချိန်အတောအတွင်းတွင် သူမသည် ချောင်ဝေ့မင်၏ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုများစွာကို ခံစားခဲ့ရသောကြောင့် သူမသည် ဓါးမြှောင်တစ်ချောင်းကို ဝယ်ခဲ့ပြီး သူမကိုယ်သူမ ကာကွယ်ရန်အတွက် သူမ၏ အိပ်ယာဘေး စားပွဲတွင် သိမ်းထားခဲဲ့သည်။ သို့မှသာ တစ်ခုခု ဖြစ်လာပါက သူမသည် ချောင်ဝေ့မင်အား ခြောက်လှန့်ရန် ၎င်းကို သုံးနိုင်မည်ဖြစ်၏၊ အမှန်တကယ်ပင် ထိုအချိန်က သူမသည် လူမသတ်ချင်ခဲ့ပေ။ ထို့ကြောင့်လည်း ချောင်ဝေ့မင်က သူမသည် လူသတ်နိုင်လိမ့်မည် မဟုတ်ဟု အသေအချာ ထင်မြင်ခဲ့၍ ချောင်ပိတ် ဖိအားပေးခဲ့ခြင်းဖြစ်ရာ သူမက သူ၏ နှလုံးသားထဲသို့ ဓါးဖြင့် တည့်တည့် ထိုးခဲ့သည်။
သို့ရာတွင် သူမ၏ အတိတ်ဘဝနှင့် လက်ရှိဘဝ၏ ခွန်အားမှာ ကွာခြားလှ၏။ ထိုအချိန်က သူမသည် နှစ်ပေါင်းများစွာ အာဟာရချို့တဲ့ခဲ့၍ သူမ၏ ခန္ဓာကိုယ်က အမြဲတမ်း အားနည်းနေခဲ့သည်။ လူတစ်ယောက်အား တစ်ချက်တိုက်ခိုက်ရုံနှင့် အသက်ပါနှုတ်ယူနိုင်သည်မှာ မဖြစ်နိုင်ပေ။ အထူးသဖြင့် သူမ ဓါးနှင့်ထိုးပြီးနောက် ချောင်ဝေ့မင်က အသက်ရှင်နေသေးသည်မှာ သိသာ၏။ မမျှော်လင့်ဘဲ ကောင်းရှင်းက ကယ်သောအခါတွင်မှ ချောင်ဝေ့မင် သေသွားသည်။
ဤအခြေအနေက သူမအား အချိန်အတော်ကြာအောင် သံသယဖြစ်စေခဲ့သော်လည်း ထို့နောက်တွင် သူမ၏ အသက်ရှင်ချင်စိတ်က ပျောက်ဆုံးနေခဲ့ပြီဖြစ်၏။ သူမ တွေးသောအခါတိုင်း အမြဲတမ်း အိပ်မက်နေသကဲ့သို့သာ ထင်ခဲ့၍ အမြဲ ခေါင်းရှုပ်ခဲ့ရသည်။ သူမ သေသည့်အချိန်အထိပင် သူမ၏ သံသယများကို မဖြေရှင်းနိုင်သေးပေ။
Chapter 102 : ရေခရားထဲရှိ လိပ်ကို ဖမ်းရန်
ဘဝသက်တမ်းတစ်ခုစာ နေထိုင်ခဲ့ပြီးနောက်၌ပင် ကျင်းယွင်ကျောင်း၌ ဤကိစ္စနှင့်ပတ်သတ်၍ သံသယအချို့ ကျန်ရှိနေသေးသည်။ သို့သော် ယခုအချိန်တွင် သူမသည် သူမ၏ သံသယစိတ်များက ယခင်ကထက်ပို၍ ခိုင်မာလာသည်ဟု ခံစားနေရ၏။ စင်စစ် ယခုအချိန်၌ သူမသည် ဆေးပညာကို လေ့လာနေသည်ဖြစ်ရာ သူမ ကျရောက်ခဲ့သည့် သေရေးရှင်ရေးတမျှ အရေးကြီးသော အခြေအနေတွင် သူမသည် တစ်စုံတစ်ယောက်အား သတ်နိုင်မည်မဟုတ်ဟု ခိုင်ခိုင်မာမာ ယုံကြည်သည်။ ချောင်ဝေ့မင် သေရသည့်အကြောင်းအရင်းက ကောင်းရှင်းကြောင့်ဆိုသည်မှာ အသေအချာပင်။ အဆုံး၌ အပြစ်အား သူမအပေါ် လွှဲချခဲ့ကြသည်။ ကျင်းယွင်ကျောင်းသည် ချောင်ဟုန်ယဲ့က ကောင်းရှင်း၏ လုပ်ရပ်အား သိသလားဆိုသည်ကိုတော့ မသေချာပေ။
ယခုအချိန်တွင် သူတို့သုံးယောက်သည် ကျသင့်ငွေကို ပေးချေ၍ ကျင်းယွင်ကျောင်း၏ နောက်သို့ အမြန်လိုက်သွားကာ တိုက်ခန်းအိမ်ရာလေး (ဝမ်ရှင်းဟွားယွမ့်) ဆီသို့ ပြန်သွားကြသည်။ သို့သော် သူတို့ ခြေလှမ်းအနည်းငယ်ပဲ လှမ်းရသေးချိန်တွင် ကျင်းယွင်ကျောင်းသည် သူတို့အား နောက်ယောင်ခံလိုက်နေသည့် ချောင်ဟုန်ယဲ့ ပုန်းနေသည်အား မြင်လိုက်ရ၏။
“ချူချူ၊ အရှေ့ပေါက်ကနေ သွားကြစို့”
ကျင်းယွင်ကျောင်းက စူးချူကို ဆွဲ၍ ဝင်ပေါက်ဆီသို့ ဦးတည်လိုက်သည်။
ကျင်းယွင်ကျောင်းသည် ချောင်ဟုန်ယဲ့ သူတို့အား စောင့်မကြည့်နိုင်တာ သေချာစေရန် ရည်ရွယ်ချက်ရှိရှိ မှောင်ရိပ်ထဲမှ လမ်းလျှောက်လိုက်၏။ သို့ရာတွင် ချောင်ဟုန်ယဲ့သည်လည်း အချဥ်တစ်ယောက် မဟုတ်ရာ သူမ၌ အမှားအယွင်းမရှိခဲ့ပေ။ အကယ်၍ ကျင်းယွင်ကျောင်းသည်သာ နိုးနိုးကြားကြားမရှိဘဲ သူမအား သတိဖြင့် ဆက်၍ စောင့်ကြပ်မနေပါက သူမ၏ တည်နေရာကို သေချာပေါက် သတိပြုမည်လိမ့်မည် မဟုတ်ပေ။
သုံးယောက်သား တိုက်ခန်းအိမ်ရာလေးထဲသို့ အရှေ့ဘက်ဝင်ပေါက်မှ ဖြတ်၍ ဝင်သွားလိုက်သည်။ အပေါ်မော့ကြည့်လိုက်ရာ သူတို့၏ အခန်းအတွင်းမှ မီးမှိန်မှိန်လေး လင်းနေသည်ကို သုံးယောက််လုံး မြင်လိုက်ကြရ၏။
“ပြောင်ကော..ကျွန်မတို့အိမ်ထဲကို ဓါးပြတစ်ယောက် ဝင်နေတာလား”
စူးချူက ချက်ချင်းပင် ထိတ်ပျာသွားသည်။ ဤဓါးပြသည် အမှန်တကယ်ပင် ရဲတင်းလှ၏၊ သူတို့ ထွက်သွားသည်မှာ အချိန်ခဏလေးသာ ကြာသေးသော်လည်း လုယက်မှု ကျူးလွန်ရန်အတွက် သူတို့၏ တိုက်ခန်းအား ဖျက်ဝင်ရန် သတ္တိရှိလှသည်။
“ချူချူ၊ အိမ်ရာစီမံခန့်ခွဲရေးကို သွားရှာကြည့်ရအောင်”
ကန်ကျင်းချန်သည် စိတ်လိုက်မာန်ပါလုပ်တတ်သော အရူးတစ်ယောက် မဟုတ်ရာ သူသည် အလောတကြီး မစဥ်းစားခဲ့။
သူတို့၏ အိမ်တွင် ပိုက်ဆံအနည်းငယ်ရှိလျှင်တောင် သူနှင့် ချူချူသည် ကလေးအရွယ်သာရှိသေး၏။ သူတို့၏ ပိုင်ဆိုင်မှုများ အားလုံးကို ပေါင်းလိုက်ပါက ယွမ်ထောင်ဂဏန်း အနည်းငယ်သာ ရှိပေသည်။
“ချူချူ၊ နင် ချောင်ဟုန်ယဲ့ကို သိတယ်မဟုတ်လား”
ကျင်းယွင်ကျောင်းက မေးလိုက်၏။
“ကျွန်မ သူ့ကို တွေ့ဖူးတယ်။ ဒါပေမယ့် သူ့ကို သိတယ်လို့တော့ တကယ်ကြီး မပြောနိုင်ဘူး။ ဘာဖြစ်လို့လဲ”
ကျင်းယွင်ကျောင်း၏ စကားခေါင်းစဥ်က အဆက်အစပ်မရှိ ထွက်ပေါ်လာသည်ကို မြင်လိုက်ရာ စူးချူသည် အနည်းငယ် ရှုပ်ထွေးသွားသည်။
“ချောင်ဟုန်ယဲ့ ကလည်း ကြံရာပါနဲ့တူတယ်။ အခု သူက ငါတို့တိုက်ခန်းအိမ်ရာနဲ့ မျက်နှာချင်းဆိုင်က သုံးခုမြောက် လမ်းကြားထဲမှာ ငါတို့ကို စောင့်ကြည့်နေတယ်။ တကယ်လို့ နင်တို့ အိမ်ရာစီမံခန့်ခွဲရေးကို ဖုန်းဆက်ခေါ်လိုက်ရင် သူက ချက်ချင်း သိသွားလိမ့်မယ်။ ဒါဆိုရင် သူက အထဲမှာရှိတဲ့ ဓါးပြကို လွတ်သွားအောင် အကြောင်းကြားလိမ့်မယ်၊ အဲဒီအချိန်ကျရင် ငါတို့လည်း တရားခံကို မဖမ်းနိုင်မှာ အသေအချာပဲ။ ငါပြောတာကို နားထောင်ပြီး နင်တို့နှစ်ယောက်က ချောင်ဟုန်ယဲ့ကို အချိန်ဆွဲထားဖို့၊ ပြီးရင် နင်တို့က သူ့ကို ရင်းနှီးနေတဲ့သူတစ်ယောက်ကို မှတ်မိသွားတဲ့ပုံ ဟန်ဆောင်ရမယ်။ ဒါက သူ ဓါးပြဆီကို သတင်းပို့တာကို တားနိုင်လိမ့်မယ်။ ငါက ဒီဘက်ကနေ ဓါးပြကို စောင့်ကြည့်နေပြီး ရဲတွေအလာကို စောင့်နေမယ်”
ကျင်းယွင်ကျောင်းက ညွှန်ကြားလိုက်သည်။
သူမ စကားဆုံးသောအခါ စူးချူသည် အလွန်အံ့သြသွား၏။
“ချောင်ဟုန်ယဲ့က ကြံရာပါလား။ မဖြစ်နိုင်ပါဘူး”
သူမသည် ချောင်ဟုန်ယဲ့နှင့် အဆက်အဆံများစွာ မရှိလျှင်တောင်မှ အခြားကျောင်းသားများအားလုံးက သူမသည် အလွန်သိမ်မွေ့သူဟု ဆိုကြ၏။ သူမက ဘယ်လိုလုပ် ကြံရာပါဖြစ်နိုင်မည်နည်း။
ကျင်းယွင်ကျောင်းက ဤနှစ်ယောက်သည် သူမအား မယုံကြမှန်းသိသောကြောင့် သူတို့အား ပွင့်ပွင့်လင်းလင်းပင် ပြောပြလိုက်သည်။
“ခုနက ငါမြင်လိုက်တဲ့သူက ကောင်းရှင်းလို့ခေါ်တယ်။ သူက လမ်းသရဲတစ်ယောက်ပဲ။ အရင်တုန်းက ငါ့ကို လူတစ်စုက ကျောင်းပေါက်ဝမှာ ပိတ်ပြီး နှောက်ယှက်ဖို့ ကြိုးစားတာကို မှတ်မိတယ် မဟုတ်လား။ သူတို့ ခြောက်ယောက်မှာ ငါးယောက်ကိုတော့ ဖမ်းပြီးပြီ၊ ကောင်းရှင်းက အဲဒီလမ်းသရဲအုပ်စုရဲ့ ခေါင်းဆောင်ပဲ၊ သူကတော့ လွတ်သွားတယ်”
ထိုစကားများက စူးချူအား ပို၍ပင် ထိတ်လန့်အံ့သြစေသည်။
ချောင်ဟုန်ယဲ့က ဤကဲ့သို့သော လူမျိုးမှန်း သူမ တစ်ခုမှ မထင်ခဲ့ပေ။
စူးချူသည် ချောင်ဟုန်ယဲ့အား သဘောကျနှစ်သက်သည့် ထင်မြင်ချက်တစ်ခုမှ မရှိသော်လည်း သူမအပေါ် မကျေနပ်ချက်မရှိသလို မုန်းတီးမှုလည်း မရှိပေ။ ထို့ကြောင့် သူမသည် ချောင်ဟုန်ယဲ့အား အမှန်တကယ် စိတ်ဝင်စားမှုမရှိခဲ့ခြင်းပင်။ သို့ရာတွင် နှိမ့်ချတတ်သော မိသားစုတစ်ခုမှလာသည့် မိန်းမလှလေး၏ မျက်နှာဖုံးအောက်တွင် ဤကဲ့သို့ သူတစ်ပါးအပေါ် ယုတ်မာစွာကြံစည်တတ်သော အကြံများနှင့်ပြည့်နေသည့် မိန်းကလေးတစ်ယောက်ရှိနေခြင်းက စိတ်ကူးကြည့်ရန်ပင် ခက်ခဲနေသေးသည်။
“နင် ဆိုလိုတာက ချောင်ဟုန်ယဲ့က နင့်ကို အဲဒီလမ်းသရဲတွေ လိုက်နှောင်ယှက်အောင် နောက်ကွယ်ကနေ ကြိုးကိုင်ညွှန်ကြားခဲ့တဲ့သူပေါ့”
ကန်ကျင်းချန်သည်လည်း သူ၏ စကားလုံးများက အထက်အောက် ပြောင်းပြန်ဖြစ်နေသလို ခံစားလိုက်ရ၏။
သူနှင့် ချောင်ဟုန်ယဲ့သည် ကျောင်းကောင်စီ အဖွဲ့ဝင်များဖြစ်ကြသောကြောင့် များသောအားဖြင့် အချင်းချင်း မကြာခဏ အပြန်အလှန် အဆက်အဆံရှိကြသည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် သူသည် ချောင်ဟုန်ယဲ့အား တကယ်ပင် မနှစ်သက်ချေ။ သူသည် အမြဲတမ်း သူမနှင့်ပတ်သတ်၍ ဆိုးဝါးသော ခံစားချက်ရှိ၏။ သူမ၏ အမူအယာများသည် သူ့အား မကြာခဏ စိတ်မသက်မသာဖြစ်စေသောကြောင့် သူသည် အမြဲတမ်း သူကိုယ်တိုင် သူမနှင့် အကွာအဝေးတစ်ခုခြား၍ နေခဲ့ခြင်းဖြစ်သည်။ သူသည် သူမနှင့် အမြဲ ပူးပူးကပ်ကပ်နေသည့် အခြားသူများကိုလည်း ဘယ်တော့မှ မနှစ်သက်ခဲ့ချေ။
“အမှန်ပဲ၊ ငါ့ကို လမ်းသရဲတွေနဲ့ နှောက်ယှက်တဲ့အပြင် ဒီတစ်ကြိမ် ကောလဟာလတွေကလည်း သူ့ဆီကနေ စတာပဲ”
ကျင်းယွင်ကျောင်းက သူတို့အား အမှန်အတိုင်း ပြောပြလိုက်၏။
“ဒါပေမယ့်....သူက ဘာလို့ ငါတို့ဆီကနေ တစ်ယောက်ယောက်ကို ပစ္စည်းခိုးခိုင်းဖို့ လိုတာလဲ။ အဲလိုလုပ်လို့ သူ့မှာ ဘာကောင်းကျိုးမှ မရှိဘူး မဟုတ်လား”
စူးချူက နားမလည်နိုင်တော့ပေ။
“အမှန်က ဒီလိုပါ၊ ငါ့လက်ထဲမှာ ပိုက်ဆံပမာဏ တော်တော်များများတန်တဲ့ ဂျင်ဆင်းမြစ်တစ်ခုရှိတာကို မကြာသေးခင်က သူသိသွားတယ်။ ဒီနေ့မနက်က ငါ သူ ဒီနားပတ်ဝန်းကျင်မှာ ထောက်လှမ်းနေတာကို မြင်ခဲ့တယ်၊ ဒါကြောင့် ငါ နင်တို့ကို ဒီနေ့ည ညစာစားဖို့ ခေါ်ထုတ်လာတာ။ ပြိုင်ဘက်က ကိုယ့်ကို အံသြအောင် ရုတ်တရက်ထလုပ်တာကို စောင့်နေတာထက်စာရင် သူတို့ ရာဇဝတ်မှုကျူးလွန်နေတာကို ဖမ်းဖို့ အခွင့်အရေးတစ်ခု ဖန်တီးလိုက်တာက ပိုမြန်တယ်။ ငါ အများကြီး တောင်းပန်ပါတယ်။ တကယ်တော့ ဒီတစ်ကြိမ် နင်တို့ကို ညစာလိုက်ကျွေးတာ ဒီကွယ်ဝှက်ထားတဲ့ မျှားခေါ်မှုတွေနဲ့ ရောသွားတယ်”
Chapter 103 : မရိုးသားသော ဆွေမျိုးများ
ကျင်းယွင်ကျောင်းသည် အပြစ်ရှိစိတ်မကင်းသော အားနာနေသည့် အမူအယာဖြင့် ရှိနေ၏။ ကန်ကျင်းချန်သည် ပါးစပ်ဖွင့်လိုက်သော်လည်း ဘာစကားမှ ထွက်မလာချေ။ ယနေ့ ညစာစားချိန်၌ သူ မသက်မသာခံစားနေရသည်မှာ မဆန်းတော့ပေ။ ကျင်းယွင်ကျောင်းသည် ယနေ့ည ညစာစားချိန်၌ လွန်စွာ မတုန်မလှုပ်ဖြစ်နေခြင်းမှာ အမှန်တကယ်ပင် သူမ၏ စိတ်ထဲတွင် သူတို့အား အခြေအနေကို ဖုံးကွယ်ထားရခြင်းကြောင့် ဖြစ်သည်။
သူသည် ထိုမျှလောက်သော ကိစ္စသေးသေးမွှားမွှားလေးကြောင့် သူမအား ဒေါသထွက်နေခြင်း လုံးဝမဟုတ်ဘဲ သူမ၏ ခံနိုင်ရည်စွမ်း အနည်းငယ်ကြီးလွန်းသည်ကိုသာ အံသြနေခြင်းဖြစ်၏။
ထောင်ချောက်ဆင်သော အခြေအနေအား အလွယ်တကူပြုလုပ်နိုင်ခဲ့သော်လည်း တစ်ဖက်လူမှာ လမ်းသရဲအုပ်စု၏ ခေါင်းဆောင် တစ်ယောက်ဖြစ်သည်။ သူ ပတ်သတ်လိုသူ (သွားရှုပ်ချင်သောသူ) မဟုတ်သည်ကတော့ အသေအချာပင်။
သူမ၏ အကြံဥာဏ် မဆိုးသည်ကသာ တစ်ခုတည်းသော အခွင့်အရေးဖြစ်သည်။ အာဏာပိုင်များ ပါဝင်ပတ်သတ်ခြင်းဖြင့် သူတို့၏ လုံခြုံရေးက စိတ်ချသေချာလိမ့်မည်။ ထိုနည်းလမ်းဖြင့် သူတို့သည် သူတို့၏ အနာဂတ်ကို လုံခြုံစိတ်ချစေနိုင်၍ လမ်းသရဲများ သူတို့၏ အိမ်ကို ဖောက်ထွင်းဝင်ရောက်၍ သူတို့အား လုယက်မည်အား အမြဲသတိရှိနေရမည့်အရေးကိုလည်း ရှောင်ရှားနိုင်မည်ဖြစ်သည်။
ကန်ကျင်းချန်နှင့် စူးချူ နှစ်ဦးစလုံးသည် ကျင်းယွင်ကျောင်း၏ အကြံဥာဏ်ကိုသာ လိုက်နာရ၍ တိုက်ခန်းအိမ်ရာမှ ထွက်လာကာ အိမ်ရာကို ပတ်၍ လမ်းလျှောက်လာပြီး လမ်းကြားလေးကို ဖြတ်ပြီး ချောင်ဟုန်ယဲ့၏ နောက်သို့ ရောက်လာကြ၏။
ချောင်ဟုန်ယဲ့၏ ပတ်ဝန်းကျင်အား စိုးရိမ်တကြီးဖြစ်နေသော အမူအယာကို မြင်ရခြင်းက စူးချူနှင့် ကန်ကျင်းချန်အား ကျင်းယွင်ကျောင်း၏ စကားများကို ပို၍ပင် ယုံကြည်လာစေသည်။ သူတို့၏ နှလုံးသားက အေးစက်သွားပြီး ဒေါသများ ရုတ်ချည်း တိုးပွားလာကြ၏။ သူတို့ ထိတွေ့ဆက်ဆံခဲ့သော ကမ္ဘာလောကကြီးသည် ပို၍ စစ်မှန်သည်။ သူတို့သည် ဤကဲ့သို့ အခြားလူများ၏ ပစ္စည်းများကို ခိုးယူရန် လမ်းသရဲတစ်ယောက်နှင့် ပူးပေါင်းတတ်သည့် အကြံအစည်များ ပြည့်နေသောသူကို တစ်ခါမှ မမြင်ဖူးချေ။
ချောင်ဟုန်ယဲ့သည် ကျင်းယွင်ကျောင်းအား မနှစ်သက်လျှင်တောင်မှ သူတို့သည် သူတို့သက်တမ်း၏ ဆယ်နှစ်ကျော် အမိုးအကာတစ်ခုတည်း အောက်၌ နေထိုင်ခဲ့သည့် မိသားစုများ ဖြစ်နေသေးသည်လေ။
“နင်က ချောင်ဟုန်ယဲ့ပဲ။ တိုက်ဆိုင်လိုက်တာနော်။ နင် ဒီမှာ ဘာလုပ်နေတာလဲ”
စူးချူက သူမ၏ နှလုံးသားထဲရှိ ဒေါသတရားများကို ချုပ်တည်းထား၍ အပြုံးတစ်ခုကို ဖျစ်ညှစ်ပြုံးကာ ချောင်ဟုန်ယဲ့၏ လက်မောင်းအား ဆွဲ၍ မေးလိုက်သည်။
“အား...”
ချောင်ဟုန်ယဲ့သည် တစ်စုံတစ်ယောက်က သူမထံသို့ ရုတ်ချည်း ချဥ်းကပ်လာမည်ဟု ထင်မထားသဖြင့် ချက်ချင်းပင် ထိတ်လန့်ကြောက်ရွံ့သွား၏။
သူမသည် ခေါင်းလှည့်ကြည့်ပြီးနောက် ကြက်သေသေသွားတော့သည်။ စူးချူနဲ့ ကန်ကျင်းချန်က ဘာလို့ ဒီရောက်နေတာလဲ။
ချောင်ဟုန်ယဲ့သည် ဤအနားတစ်ဝိုက်နှင့် မရင်းနှီးသည်မှာ မငြင်းနိုင်ပေ။ ထို့ကြောင့် သူမသည် လမ်းကြားလေးများအား လမ်းကွေ့ခုနစ်ခု၊ လမ်းချိုး ဆယ့်ရှစ်ခုတို့နှင့် ချိတ်ဆက်ထားသည့်အကြောင်းကို မသိခဲ့။
“နင်...နင်တို့တွေ...နင်တို့ ဘာလို့ ဒီမှာရောက်နေကြတာလဲ”
သူမသည် ကျင်းယွင်ကျောင်းအား သူတို့နှင့်အတူ မြင်လိုက်သည်မှာ သေချာ၍ သုံးယောက်သား လမ်းဘေးဆိုင်လေးတွင် ညစာစားရန် တိုက်ခန်းအိမ်ရာမှ အတူတကွ ထွက်သွားကြခြင်းဖြစ်သည်။ သူတ်ို့ လမ်းဘေးဆိုင်က ထွက်လာလျှင်တောင်မှ အဓိကဝင်ပေါက်ကို ဖြတ်၍ အိမ်ရာဝင်းထဲသို့ မဝင်ဘဲ အဘယ်ကြောင့် အခြားဦးတည်ရာမှ လာသနည်း။
မုန်းတီးမှုနှင့် ရွံရှာစက်ဆုပ်မှုများက စူးချူ၏ မျက်ဝန်းများတွင် ခဏမျှ ဖြတ်ပြေးသွားပြီး သူမ၏ ပြုံးနေသော မျက်နှာကို ဆက်မထိန်းထားနိုင်တော့လုနီးပါးပင်။ သူမက နှုတ်ခမ်းများကို ကွေးလိုက်ပြီး
“ငါတို့က ဒီနားပတ်ဝန်းကျင်မှာပဲ နေတာဆိုတော့ ဒီလမ်းကြားကို ဖြတ်သွားတာက ပုံမှန်ပါပဲ။ နင်ကရော...ဒီလိုနောက်ကျနေတဲ့အချိန် ဒီလမ်းကြားထဲမှာ ဟိုဟိုဒီဒီလိုက်ကြည့်နေတာက နည်းနည်းလေးထူးဆန်းသလိုပဲနော်”
“ငါ...ငါကြားတာ ကျင်းယွင်ကျောင်းက နင်တို့နဲ့နေနေတာဆို။ ငါ သူ့ကို စိတ်ပူလို့ တစ်ချက်လောက် ကြည့်ဖို့ လာတာပါ”
ချောင်ဟုန်ယဲ့က ပျာယာခတ်စွာဖြင့် မုသားတစ်ခုကို ဖွင့်ထုတ်ပြောဆိုလာ၏။
ကန်ကျင်းချန်သည် ချောင်ဟုန်ယဲ့အပေါ်တွင် နက်နက်ရှိုင်းရှိုင်း မချင့်မရဲဖြစ်သွားသည်။
တစ်ချက်လောက် ကြည့်ဖို့လာတယ်တဲ့လား။ နေ့ဘက်မှာ မလာဘဲ ညဘက်ကြီးမှာ လာတယ်ပေါ့။ တိုက်ခန်းအိမ်ရာဝန်းထဲကို ဝင်မလာဘဲ ဒီမှောင်မဲနေတဲ့ လမ်းထောင့်မှာ နေနေတယ်ပေါ့။
“အဲဒီလိုဆိုရင်လည်း ငါတို့နဲ့ အပေါ်ထပ်ကို လိုက်ခဲ့လေ။ ကျင်းယွင်ကျောင်း အဲဒီမှာ ရှိတယ်”
ကန်ကျင်းချန်က သူမအား ရည်ရွယ်ချက်ရှိရှိ ပြောလိုက်သည်။
ချောင်ဟုန်ယဲ့သည် ချက်ချင်းပင် သူမ၏ စိတ်ထဲ၌ တဝီဝီမြည်သံ ဆူညံသွားသကဲ့သို့ ခံစားလိုက်ရ၏။
“ကျင်းယွင်ကျောင်းက အိမ်မှာလား”
“ဟုတ်တယ်။ သူက များသောအားဖြင့်က အရမ်းစည်းကမ်းလိုက်နာတတ်တာဆိုတော့ ဒီလိုနောက်ကျတဲ့အချိန်အထိ အပြင်မှာ နေရတာကို မကြိုက်ဘူးလေ”
စူးချူက နှုတ်ခမ်းစူ၍ ထိုသို့ပြောလိုက်ပြီး တစ်ချိန်တည်းမှာပင် ဒေါသနှင့် စိတ်လှုပ်ရှားမှုကို ခံစားနေရသည်။ သူမ၏ စိတ်ထဲမှ ရေရွတ်လိုက်၏။
‘နင် အခြားဘာဆင်ခြေတွေ ပေးနိုင်ဦးမလဲဆိုတာ ကြည့်ကြသေးတာပေါ့’
ချောင်ဟုန်ယဲ့ စိတ်ထဲတွင် တွေးနေသည်မှာ သူတို့သာ ပြန်သွားပါက ကောင်းရှင်းအား တွေ့သွားကြမည်မှာ အသေအချာပင် ဖြစ်သည်။
သို့သော် သူမက ထိုအကြောင်းကို ထပ်တွေးလိုက်၏။ အကယ်၍ ယခုအချိန်တွင် ကျင်းယွင်ကျောင်းသာ အိမ်၌ တစ်ယောက်တည်းရှိနေပါက ကောင်းရှင်းက သူမကို သေသေချာချာကိုင်တွယ်နိုင်သင့်သည် မဟုတ်လား။
ယခုအချိန်တွင် သူမလုပ်ရမည်မှာ ဤလူနှစ်ယောက်အား အချိန်ဆွဲထားရန်နှင့် သူတို့အား အပေါ်ထပ်သို့ တက်ခွင့်မပေးရန် ဖြစ်၏။ သို့မဟုတ်ပါက လူပိုများလာလျှင် ကောင်းရှင်းအား သေချာပေါက် ဖမ်းမိသွားလိမ့်မည်။
ထိုသို့တွေးလိုက်ပြီးနောက် ချောင်ဟုန်ယဲ့သည် ရုတ်တရက် စူးချူ၏ လက်အား ပြန်ဆွဲထားလိုက်၏။
“စူးချူ၊ နင် ငါ့အစ်မကို ငါလာတဲ့အကြောင်း မပြောရဘူးနော်။ သူက ငါ့ကို တကယ် မကြိုက်ဘူး။ တကယ်လို့ သူက ငါ သူ့ကို တိတ်တိတ်လေး လာကြည့်တာကို သိသွားရင် ငါ့ကိုမြင်တာနဲ့ ရိုက်လိမ့်မယ်”
“နင်က အဓိပ္ပါယ်မရှိတာတွေ ပြောနေတာပဲ။ ငါ့ရဲ့ပြောင်ကျဲက ဘယ်သူ့ကိုမှ အန္တရာယ်မပေးဘူး။ ပုံစံကို ကြည့်ရတာ နင်က စိတ်မချဖြစ်နေတဲ့ပုံပဲ။ နင် ဘာလို့ အမြဲတမ်း ပြောင်ကျဲရဲ့ ဂုဏ်သတင်းကို ဖျက်ဆီးနေတာလဲ။ အိုး...ဟုတ်သားပဲ၊ ငါတို့အိမ်က ဓါးပြတစ်ယောက်ကိုတောင် ဆွဲဆောင်နိုင်တယ်နဲ့တူတယ်။ နင့်ရဲ့ ခိုးကြောင်ခိုးဝှက်အပြုအမူတွေက နင်က ဒီဓါးပြနဲ့ ဆက်နွယ်နေတယ်ဆိုတဲ့ အဓိပ္ပါယ်မလား။ ဒါပေမယ့် နင် ဖြစ်နေရင်တောင် ကိစ္စမရှိဘူး၊ ဘာလို့လဲဆို ပြောင်ကျဲက ရဲတွေကို ဖုန်းဆက်ခေါ်ပြီးပြီလေ။ သူ မလွတ်နိုင်တော့ဘူးဆိုတာ အသေအချာပဲ”
ချောင်ဟုန်ယဲ့၏ စကားများကို ကြားလိုက်ရသော အခိုက်တွင် စူးချူသည် ဆက်၍ စိတ်ထိန်းမထားနိုင်တော့ဘဲ အကုန်ပြောချပစ်လိုက်သည်။
မည်သို့ပင်ဖြစ်စေ အခြေအနေသည် နိဂုံးသို့ ရောက်နေပြီဖြစ်၏။ သူတို့နှစ်ယောက် စောင့်ကြည့်နေတာကိုမှ ချောင်ဟုန်ယဲ့က ဖုန်းခေါ်ရဲသေးရင် စူးချူ ချောင်ဟုန်ယဲ့ကို ခုန်အုပ်ပြီး သေအောင် ဆွဲကုတ်ပစ်မည်ဖြစ်သည်။ ဟမ့် ...
Chapter 104 : အလိမ်အညာများ
စိတ်လိုက်မာန်ပါ ဖြစ်သွားသောအချိန်တွင် စူးချူသည် အခြေအနေမှန်အား ပြောမိသွား၏။ ကန်ကျင်းချန်က ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်၏။ ကံကောင်းသည်မှာ ချောင်ဟုန်ယဲ့သည် ဤအကြောင်းကို အမှန်အတိုင်း သိသွားလျှင်တောင်မှ ဘာကိုမှ မလုပ်နိုင်ခြင်းပင်။
မျှော်လင့်ထားသည့်အတိုင်း စူးချူ၏ ပေါက်ကွဲသံစဥ်ပြီးဆုံးသည်နှင့် ချောင်ဟုန်ယဲ့သည် မိုးကြိုးပစ်ခံရသကဲ့သို့ ဖြစ်သွား၏။
“နင်...နင်တို့ ရဲခေါ်ပြီးသွားပြီပေါ့”
ချောင်ဟုန်ယဲ့က ရေရွတ်လိုက်သည်။ ချက်ချင်းပင် သူမ၏ မျက်ဝန်းများမှ မျက်ရည်များ စီးကျလာ၏။ သူမသည် ဘာလုပ်ရမှန်းမသိဘဲ သူမလုပ်နိုင်သမျှက စူးချူ၏ လက်မောင်းကိုသာ တင်းတင်းကြပ်ကြပ် ဖမ်းဆွဲထားရုံသာ ဖြစ်သည်။ သူမ၏ စိတ်သည် လုံးဝ ကစဥ့်ကလျားဖြစ်နေ၏။
ရဲခေါ်လိုက်ပြီလား။ ဒါကြောင့် စူးချူနဲ့ ကျန်တဲ့သူက သူမကို လာရှာတာလား။ သူတို့က သူမ လွတ်သွားမှာကို ကြောက်လို့လား၊ ဒါမှမဟုတ် သူမ ကောင်းရှင်းကို သတင်းပို့မှာကို ကြောက်လို့လား။
ဒါပေမယ့် သူတို့ ဘယ်လိုသိသွားတာလဲ...
ချောင်ဟုန်ယဲ့၏ စိတ်သည် ယနေ့ ဖြစ်ပျက်ခဲ့သော အရာအားလုံးကို ပြန်စဥ်းစားနေ၏။ သူမ၏ စိတ်က ဤမနက် ကျင်းယွင်ကျောင်း ထွက်သွားသည့် အကြောင်းအား အာရုံစိုက်မိသွားသောအခါ သူမ၏ မျက်နှာက ဖျော့တော့သွားသည်။ ကျင်းယွင်ကျောင်းက သူမကို မြင်သွားတာ ဖြစ်နိုင်မလား။ ဒါက သူမ ကျန်တဲ့သူတွေနဲ့အတူ တိုက်ခန်းကနေ ထွက်သွားရတဲ့ အကြောင်းရင်းလား။ ငါတို့ ထွက်လာအောင် ငါးစာချတာလား။
ထိုအချက်ကို တွေးလိုက်ရင်း ချောင်ဟုန်ယဲ့က သူမ၏ စိတ်ထဲမှ ထင်မြင်ယူဆချက်အား ချက်ချင်းပင် ပယ်ချလိုက်၏။
‘မဟုတ်ဘူး၊ မဟုတ်ဘူး၊ အဲလိုမဖြစ်နိုင်ဘူး။ တကယ် ဒီလိုဖြစ်တယ်ဆိုရင်တောင်မှ ငါက အရူးကွက်နင်းပြီးတော့ ကျင်းယွင်ကျောင်းဆီက အထင်လွဲခံရသလို လုပ်လို့ရတာပဲ’
ချောင်ဟုန်ယဲ့ သိသိသာသာ ထိတ်လန့်ကြောက်ရွံ့နေသည်ကို မြင်သောအခါ စူးချူသည် သူမ၏ နှလုံးသားထဲတွင် ကောင်းသောကိစ္စတစ်ခုကို လုပ်ဆောင်ပြီးသကဲ့သို့ ခံစားလိုက်ရသည်။
“နင် အခုမှ ကြောက်နေတာလား။ ချောင်ဟုန်ယဲ့ နင်က ဘာလို့ ဒီလောက် ဆိုးယုတ်ရတာလဲ။ တကယ်တမ်း ငါ့ပြောင်ကျဲရဲ့ ပစ္စည်းတွေကိုကျ ခိုးရဲပြီးတော့ ပြောင်ကျဲမှာ ကိုယ်ဝန်ရှိနေတယ်လို့တောင် စွပ်စွဲလိုက်သေးတယ်”
ကောလာဟလဖြန့်ဖို့ ကိုယ်ဝန်ရှိတယ်ဆိုတဲ့ အကြောင်းအရာကို သုံးတာ ဘယ်လောက်တောင် ရွံဖို့ကောင်းလိုက်သလဲ။
ချောင်ဟုန်ယဲ့က နှုတ်ခမ်းကိုက်လိုက်၏။ သူမသည် ချက်ချင်းပင် မျက်ရည်များ စီးကျလာသည်။
“ငါ မဟုတ်ပါဘူး၊ ငါ တကယ် ငါ့အစ်မဆီကိုပဲ လာတာပါ။ နင်ပြောနေတဲ့ ဓါးပြလားဘာလားလည်း ငါ ဘာတစ်ခုမှ မသိပါဘူး”
“အို...ဟုတ်သားပဲ...နင်ပြောနေတာ ကောင်းရှင်း အကြောင်းလားဟင်။ ငါ သူ့ကို တိုက်ခန်းအိမ်ရာဝန်းထဲဝင်သွားတာ မြင်လိုက်တယ်။ ကောင်းရှင်းက သူ့အတိုင်းအတာ သူမသိတဲ့ လမ်းသရဲတစ်ယောက်ဆိုတာ ငါ့သူငယ်ချင်း ပြောတာကို ငါ အရင်က ကြားဖူးတယ်။ သူဝင်သွားတော့ သူက ငါ့ကို မသိချင်ယောင်ဆောင်နေဖို့တောင် ခြိမ်းခြောက်သွားသေးတယ်။ အဲဒါကြောင့် အခုထိ ငါ နည်းနည်းစိတ်ရှုပ်သလို ခံစားနေရတုန်းပဲ”
ချောင်ဟုန်ယဲ့၏ ဦးနှောက်က တစ်ဖန်ပြန်၍ အလုပ်လုပ်လာပြီး အခြားဆင်ခြေတစ်ခုအား အလျင်အမြန်ပင် ရှာတွေ့သွားပြန်သည်။
အကယ်၍ ကောင်းရှင်းသာ ဖမ်းမိပါက သူက သူမအား သက်သေမခံပေးဖို့ အခွင့်အရေးများရှိသေး၏။
သို့သော် သူမကိုယ်တိုင်လည်း လွတ်လမ်းတစ်ခုရှာရန် လိုအပ်သည်။ ထို့ကြောင့် ဘာပဲဖြစ်ဖြစ် သူမက အံကြိတ်လိုက်ပြီး ဟန်မပျက် လိမ်ညာလိုက်၏။
ချောင်ဟုန်ယဲ့သည် သူမ၏ ခေါင်းထဲတွင် ထပ်ခါထပ်ခါ လိမ်ညာဖြီးဖြန်းနေသောကြောင့် သူမကိုယ်တိုင်ပင် ထုံထိုင်းလာသည်။ ချောင်ဟုန်ယဲ့အတွက် ကံကောင်းသည်မှာ သူမသည် ကောင်းရှင်းနှင့် နောက်ဆုံးအကြိမ်တွေ့ဆုံစဥ်က ထိတ်လန့်ကြောက်ရွံ့နေသေးသည်ဖြစ်ရာ သူမ၏ မျက်နှာပေါ်တွင် အကြောက်တရားများ စွဲထင်နေသေးခြင်းက သူမ၏ အလိမ်အညာများအား ပုံဖော်နေခြင်းကို ပို၍ စစ်မှန်သည်နှင့်တူတောင် ကူညီပေးနေ၏။
ချောင်ဟုန်ယဲ့၏ သရုပ်ဆောင်မှုများနှင့် မျက်နှာချင်းဆိုင် ကြုံတွေ့လိုက်သောအခါ စူးချူသည် ကြောင်အမ်းအမ်းပင် ဖြစ်သွားသည်။
သူမသည် ချောင်ဟုန်ယဲ့ကဲ့သို့ အရေထူသော မိန်းမမျိုးကို တစ်ခါမှ မမြင်ဖူးပေ၊ အရေထူလွန်း၍ ကမ္ဘာအထူဆုံးနံရံသည်ပင် သူမ၏အသားအရေ မည်မျှထူသည်အား မျှမျှတတ ဆုံးဖြတ်ပေးနိုင်မည် မဟုတ်ချေ။ အခြားသူများအား အလေးထား ထည့်တွေးခြင်းမရှိဘဲ တစ်ကိုယ်ကောင်းဆန်၍ အမူအယာများ ပြောင်းသည်ကလည်း စာအုပ်တစ်အုပ်၏ စာမျက်နှာများကို လှန်သည်ထက်ပင် ပို၍ မြန်သေး၏။
ကန်ကျင်းချန်သည်လည်း အရှုံးကို လက်ခံ၍ မသိစိတ်အလျောက်ပင် ဝမ်းကွဲညီမဖြစ်သူအား သူ၏ အနောက်သို့ ဆွဲလိုက်သည်။ ဤကဲ့သို့သော မိန်းကလေးမျိုးနှင့် ဝေးဝေးနေခြင်းက ပိုကောင်း၏၊ သူမရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ရောဂါက ကူးစက်တတ်ရင်ရော။
သို့သော် ကိစ္စများက သိပ်မဆိုးသေးသည့် အခြေအနေ မဟုတ်လား။ ပုံပန်းသဏ္ဍာန်ကိုကြည့်ပါက ချောင်ဟုန်ယဲ့သည် ခိုးခိုင်းမည့်သူတစ်ယောက်နှင့် မတူပေ။ ထို့အပြင် ယခုအချိန်၌ သူမသည် ဤကဲ့သို့သော ဆင်ခြေများအား ရှာနိုင်သေးရင် နောက်ပိုင်းတွင်လည်း ရဲက သူမအား ကြံရာပါတစ်ယောက်အဖြစ် မဆက်ဆံလောက်ဘူး မဟုတ်လား။ ဒီလိုပုံစံနဲ့သာဆို သူမက အပြစ်ပေးမခံရဘဲ လွတ်မြောက်သွားနိုင်လား။ ဥာဏ်နီဥာဏ်နက် များလွန်းလိုက်တာ။
မကြာမီမှာပင် ကျင်းယွင်ကျောင်းသည် အိမ်ရာစီမံခန့်ခွဲရေးမှ လူတစ်ယောက်နှင့်အတူ သူတို့ရှိရာသို့ ဦးတည်လာနေသည်အား မြင်လိုက်ရပြီး ရဲတစ်ယောက်ကလည်း သူတို့၏ နောက်မှ လိုက်လာသည်။
သူတို့အား မြင်သောအခါမှ ကန်ကျင်းချန်သည် စိတ်သက်သာရာ ရသွား၏။ သူက ချောင်ဟုန်ယဲ့ကို အားဖြင့် ဆွဲဖယ်လိုက်သည်။
ထိုအခိုက်တွင် ကောင်းရှင်းသည် ချောင်ဟုန်ယဲ့က ကျန်သောသူများနှင့်အတူ မတ်တပ်ရပ်နေသည်ကို မြင်လိုက်ရရာ သူသည် စတင်၍ ထိန်းမနိုင်သိမ်းမရ ဖြစ်လာတော့၏။
“အပျက်မ၊ နင်က ငါ့ကို ရောင်းစားတာလား”
ချောင်ဟုန်ယဲ့...ဒီစျေးပေါတဲ့ အပျက်မကတော့။ ဖြစ်ပျက်သွားသမျှ အရာအားလုံးသည် သူ့အား သွေးဆောင်၍ ထောင်ထဲသို့ ထည့်ရန် ရည်ရွယ်ချက်ဖြင့် သူမ အစီအစဥ်ဆွဲထားသည်များသာ ဖြစ်ရမည်။
ချောင်ဟုန်ယဲ့၏ ခေါင်းသည် နောက်သို့ ကျုံ့သွား၏။ သူမ မလုပ်ခဲ့လျှင်တောင်မှ ယခုအချိန်တွင် သူမသည် အခြေအနေနှင့်အညီ ကောက်ကာငင်ကာ ကြံဖန်လိုက်ရုံသာ တတ်နိုင်တော့သည်။
“ရဲအရာရှိကြီး၊ ကျွန်မ သူ့ကို သိတယ်။ သူက ကျွန်မတို့ ကျောင်းပေါက်ဝမှာ မကြာခဏ ရစ်သီရစ်သီလုပ်နေတတ်တဲ့ လမ်းသရဲပါ။ သူ အထဲကို ဝင်သွားတုန်းက ကျွန်မကို မြင်သွားတော့ ကျွန်မကသာ ရဲကို အကြောင်းကြားရင် သတ်ပစ်မယ်လို့တောင် ပြောသွားပါတယ်။ ကျွန်မ ကြောက်လို့ ရဲတွေကိုလည်း မရှာရဲဘူး။ ဒါပေမယ့် ကျွန်မ သူ တစ်ခုခု မကောင်းတာလုပ်မှာ စိုးရိမ်နေသေးတော့ ပုန်းနေပြီး အဝေးကနေ လျို့ဝှက်စောင့်ကြည့်နေတာပါ”