← Chapters

အခန်း (၁၀၉-၁၁၂)

Vol. 6 Ch. 109-112

အခန်း (၁၀၉-၁၁၂)

Vol. 6 Ch. 109-112

Chapter 109 : နတ်ဘုရားမ ပုံရိပ်ပျက်ဆီးခြင်း

ချောင်ဝေ့မင်သည် ထိုအကြောင်းကို တွေးလေလေ၊ ဒေါသထွက်လေလေပင်။ သို့သော် သူသည် ကျင်းယွင်ကျောင်းနေသော နေရာကိုလည်း မသိသည်ဖြစ်ရာ ဒယ်ပြားပူပူပေါ်မှ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ နေမရထိုင်မရ ဖြစ်နေလေ၏။ သူနောက်တစ်ကြိမ် ကျင်းယွင်ကျောင်းအား တွေ့သောအခါ ဂျင်ဆင်း မရှိတော့မည်အား သေလုအောင် ကြောက်ရွံ့နေသည်။

ချောင်ဟုန်ယဲ့သည် ချောင်ဝေ့မင်အား အကြောင်းအရာမှန်များကို ဖုံးကွယ်ခြင်း အောင်အောင်မြင်မြင် ပြီးဆုံးသွားပြီးနောက် စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်၏။ ထို့နောက် သူမက တိုးတိုးပြောလိုက်သည်။

“အဖေ၊ ကျွန်မမှာ ပိုက်ဆံမရှိတော့ဘူး”

သူမ၏ ပိုက်ဆံများအားလုံးကို မနေ့က ယောက်ျားက ယူသွားပြီဖြစ်သည်။ သူမ၌ နောက်အပတ် နေထိုင်စရိတ်မှ လွဲ၍ ဘာမှ မကျန်တော့ပေ။

“ပိုက်ဆံမရှိတော့ဘူး ဟုတ်လား။ နင် အပြင်မှာ ဘာသောက်ပစ္စည်းတွေ ဝယ်လိုက်တာလဲ။ ငါ နင့်ကို လွန်ခဲ့တဲ့ နှစ်ရက်ကမှ ပိုက်ဆံပေးထားတာ မဟုတ်လား”

ချောင်ဝေ့မင်သည် သူ၏ ဤသမီးဖြစ်သူအား ပို၍ ပို၍ပင် မကျေမနပ်ဖြစ်လာသည်။ သူသည် သူ၏ ရှေ့ရှိ တစ်ယောက်အပေါ် စိတ်ထိန်းနေရပြီး ယခင်က သူမ အပေါ်တွင်ထားရှိခဲ့သော ထင်မြင်ချက်မျသည်လည်း လုံးဝကွာခြားသွားပြီဖြစ်၏။

ယဲ့ချင် ကွယ်လွန်သွားချိန်မှစ၍ သူတို့၏ မိသားစုသည် သူ၏ ဆန္ဒနှင့် ကိုက်ညီမှုများ နည်းသထက် နည်းပါးလာသည်။ သူ့အတွက် အေးအေးချမ်းချမ်းနေရသည့် ရက်ဟူ၍ တစ်ရက်မှ မရှိချေ။ အမှန်တကယ်ပင် အိမ်ရှင်မ, မရှိ၍ အိမ်ထောင်မှုကို မထိန်းသိမ်းနိုင်တော့သည်နှင့် တူနေ၏။

ချောင်ဟုန်ယဲ့က သူမ၏ ခေါင်းကို ငုံ့ထားသည်။

“ကျွန်မ...ကျွန်မ ပိုက်ဆံပျောက်သွားတာ”

သူမသည် အမှန်အတိုင်း မပြောရဲချေ။ အကယ်၍ သူမ ပြောလိုက်မိပြီး သူမ၏ အဖေဖြစ်သူက ပြဿနာထရှာပါက သိက္ခာကျမည့်သူမှာ သူမကိုယ်တိုင်ပင် ဖြစ်သည်။

ချောင်ဝေ့မင်သည် သူ၏ ရင်ထဲတွင် ဒေါသများပြည့်နှက်၍ မွန်းကြပ်နေ၏။ ဤကဲ့သို့သော အချိန်မျိုးတွင် ပိုက်ဆံပျောက်ခြင်းက သူမသည် အမှန်တကယ်ပင် ကံဆိုးလှသည်။ ကျင်းယွင်ကျောင်းဆီမှ သူမ ဘာအကျိုးအမြတ်မှ မရခဲ့ခြင်းကလည်း အံ့သြစရာ မဟုတ်တော့ပေ။

ချောင်ဟုန်ယဲ့သည် ငယ်စဥ်ကတည်းကပင် အလိုလိုက်ခံရ၍ ပျက်ဆီးနေခြင်းဖြစ်၏။ ထို့ကြောင့် သူမ နစ်နစ်နာနာ ခံစားရသည်မှာ ရှားပါးလွန်းလှသည်။ သို့သော် ယခုအချိန်အခါ၌ သူမသည် ကျင်းယွင်ကျောင်းကြောင့် ရက်အနည်းငယ်ခန့် နေ့တိုင်းနီးပါး အဆူခံခဲ့ရ၏။ သူမ၏ နှလုံးသားသည် အစောပိုင်းကတည်းကပင် မမျှမတ ခံစားနေရပြီး ယခုအခါ သူမ တွေးနိုင်သမျှအားလုံးမှာ ကျောင်းတွင် ကျင်းယွင်ကျောင်းအား ပို၍ အရှက်ခွဲရန်သာ ဖြစ်သည်။

ကံဆိုးစွာဖြင့် ယခုအချိန်၌ ချောင်ဟုန်ယဲ့သည် အရှက်ကွဲမည့်သူက သူမကိုယ်တိုင်သာ ဖြစ်ကြောင်း မသိသေးပေ။

ဟွားဇယ်သည် ကိစ္စများကို ဆောင်ရွက်ရာ၌ အလွန်အမင်း ယုံကြည်စိတ်ချရသည်။ ကျင်းယွင်ကျောင်း ပေးသည့် အချက်အလက်များ၏ ကျေးဇူးဖြင့် ဟွားဇယ်၏ လူများသည် အထက်ဖော်ပြပါ ကျောင်းသားများ ကျောင်းသွားသည့် လမ်း၌ တိုက်ရိုက်သွားစောင့်နေ၏။

“တစ်ချက်လောက် ကြည့်စမ်းကွာ....ကျွတ်ကျွတ်ကျွတ်၊ ဒီကောင်မလေးက တအားငယ်သေးပေမယ့် ဒီလောက် ခံနိုင်ရည်ရှိမယ်လို့ ဘယ်သူက ထင်မှာလဲ။ သူက ခုမှ ကျောင်းသူတစ်ယောက်ပဲ ရှိသေးတာ မဟုတ်လား”

“ဒါ ရိကျုံးက ကျောင်းသူပဲ။ သူ့ရဲ့ အပြင်ပန်းပုံစံက သန့်ရှင်းပြီးတော့ လန်းဆန်းနေပေမယ့် လူတွေရဲ့ နောက်ကွယ်မှာကျ သူက တကယ်ကြီး အကျင့်သိက္ခာမရှိတာပဲ”

အခြားလမ်းသရဲတစ်ယောက်က ပြောလိုက်သည်။

တစ်ဖက်၌ ကျောင်းသားနှစ်ယောက်သည် ပခုံးချင်းယှဥ်၍ လျှောက်လာ၏။ တစ်ယောက်မှာ ကျန်းဟောင်ဟုခေါ်၍ အခြားတစ်ယောက်မှာ တုန်းယီဟုခေါ်သည်။ သူတို့နှစ်ဦးစလုံးသည် ချောင်ဟုန်ယဲ့၏ သစ္စာရှိသော ပန်းကာကွယ်သူများဖြစ်ကြ၍ ချောင်ဟုန်ယဲ့၏ အတန်းဖော်များလည်း ဖြစ်၏။

ထိုနှစ်ယောက်သည် မူလက ထိုလူများ၏ လက်ထဲရှိ ပစ္စည်းကို သတိမထားမိကြသော်လည်း ‘ရိကျုံး’ ဟူသော စကားလုံးကို ကြားသည်နှင့် သူတို့သည် ခေါင်းလှည့်မကြည့်ဘဲ မနေနိုင်တော့ချေ။

လမ်းသရဲနှစ်ယောက်ထဲမှ တစ်ယောက်သည် အခြားတစ်ယောက်၏ ခြေထောက်ပေါ်သို့ တက်နင်းမိသွားပြီး ရုတ်တရက် ခလုတ်တိုက်မိသွားသည်ကို မြင်လိုက်ရပြီး တိုက်တိုက်ဆိုင်ဆိုင်ပင် သူ၏ လက်ထဲမှ ဓါတ်ပုံများက မြေပေါ်သို့ ပြုတ်ကျသွား၏။

ကျောင်းသားနှစ်ယောက်သည် မူလက ကူညီချင််စိတ်တစ်ဝက်၊ စပ်စုချင်စိတ်တစ်ဝက်နှင့် သူတို့အား ကူညီ၍ ကောက်ပေးလိုက်သော်လည်း စက္ကန့်ပိုင်းအတွင်းမှာပင် သူတို့၏ မျက်လုံးများက ထိုဓါတ်ပုံများကိုမြင်လိုက်သောအခါ ချက်ချင်းပင် ကြက်သေသေကုန်ကြသည်။

“ဒါ...ချောင်ဟုန်ယဲ့ မဟုတ်လား...”

ကျန်းဟောင်ဟု ခေါ်သော ယောက်ျားလေးက မနေနိုင်ဘဲ ထုတ်မေးလိုက်၏။

ဤသည်မှာ သူတို့၏ နတ်ဘုရားမဖြစ်သည်။ သူတို့ သူမအား အခြားတစ်ယောက်နှင့် မလွဲသည်မှာ အသေအချာပင်။

“ယို့...မင်းတို့တွေက ဒီကောင်မကို သိတာလား”

လမ်းသရဲက ချက်ချင်းပင် သူတို့အား စိုက်ကြည့်၍ အကဲဖြတ်နေသယောင်ဆောင်လိုက်ပြီးနောက် ဆက်ပြောလာ၏။

“ဒီ မိန်းကလေးက ကျောင်းမှာရော လွယ်တဲ့ပုံပဲလား”

ကျန်းဟောင်က သူ၏ နီရဲနေသောမျက်နှာကို အမြန်ပင် ယမ်းပြလိုက်သည်။

“မဟုတ်ပါဘူး။ ချောင်ဟုန်ယဲ့က အရမ်းသိမ်မွေ့ပြီးတော့ အသိဥာဏ်ရှိတာ”

“ပုံပန်းသွင်ပြင်တစ်ခုတည်းကို အခြေခံပြီး ပြောရင်တော့ သူက အတော်လေး သိမ်မွေ့ပါတယ်ကွာ။ ဒါပေမယ့် အသိဉာဏ်ရှိတာနဲ့ ဘာမှ မဆိုင်ဘူးဆိုတာတော့ ငါလက်ခံတယ်။ ငါ မင်းတို့ကို ပြောပြမယ်၊ ဒီဓါတ်ပုံတွေက ဒီလိုဖြစ်နေကြတုန်းမှာ အမှတ်မထင် ဖြတ်သွားမိတဲ့ ငါတို့ညီအစ်ကိုတစ်စု ရိုက်လာတာ။ သူတို့က ဒီမိန်းကလေးရဲ့ပုံစံက သိပ်မဆိုးတာကို မြင်ပြီး ထိုဒီပုံတွေကို သုံးပြီးတော့ ခဏလောက် မျက်စိအစာကျွေးမယ်ဆိုတဲ့ အကြံက မဆိုးဘူးလို့ ခံစားရလို့တဲ့။ မင်းတို့လည်း ဒီလိုမြင်ရတော့ အတော်လေး စိတ်ဝင်စားနေတဲ့ပုံပါပဲကွာ။ ဒီမှာ၊ ငါ မင်းတို့ကို တစ်ချက်ပေးကြည့်မယ်လေ”

လမ်းသရဲက ထပ်မံ၍ ပြောလိုက်၏။

ဓါတ်ပုံတိုင်းကို တစ်ပုံချင်းစီ သူတို့၏ မျက်လုံးရှေ့၌ ထင်ထင်ရှားရှား စီပေးလိုက်သည်။

ဓါတ်ပုံအချို့မှာ သူမနှင့် အခြားကောင်တစ်ယောက် လမ််းဘေး၌ နမ်းနေသော ပုံများသာ ဖြစ်သော်လည်း သူတို့၏ အဝတ်အစားများက ဖရိုဖရဲဖြစ်နေကြ၏။ တစ်ချက်ကြည့်ရုံနှင့်ပင် သူတို့ ဘာလုပ်နေမှန်း သိသာသည်။

ကျန်းဟောင်နှင့် တုန်းယီတို့သည် သူတို့၏ မျက်စိရှေ့ရှိ အရာအားလုံးကို မယုံကြည်ချင်သေးဘဲ အမောတကော အသက်ရှုလိုက်ကြ၏။ အထူးသဖြင့် ဓါတ်ပုံတစ်ပုံမှာ သူမ ယောက်ျားတစ်ယောက်နှင့် တည်းခိုခန်းထဲသို့ ဝင်သွားသည်ကို ကျောဘက်မှ ရိုက်ထားခြင်းဖြစ်သည်။ ၎င်းက သူတို့အား အသက်ရှုသံများ ထိန်းမရအောင်ပင် စိတ်ပျက်သွားစေ၏။

ချောင်ဟုန်ယဲ့ ကဲ့သို့သော လူမျိုးကို မည်သူက မကြိုက်မည်နည်း။

“ရလောက်ပြီလေ။ မင်းတို့ကြည့်ပြီးရင်လည်း ငါ့ကို ပြန်ပေး”

လမ်းသရဲက သူတို့နှစ်ယောက်အား တစ်ချက်ကြည့်၍ သတိပေးလိုက်ရင်း ဓါတ်ပုံများကို ပြန်ယူသွားသည်။

“ဒီမိန်းကလေးက အတော်လေး ကျွမ်းကျင်မှုရှိတာ။ ငါတို့ညီအစ်ကိုတွေထဲမှာတောင် သူ့ကို သိတဲ့သူတွေရှိတယ်။ ပြီးတော့ သူတို့ပြောတာ သူ့ရဲ့နည်းလမ်းတွေက အမိုက်စားပဲတဲ့။ သူက ငါတို့ညီအစ်ကိုအချို့ကိုတောင် သူဖြစ်ချင်တဲ့ ကိစ္စတွေကို လုပ်ခိုင်းသေးတာ၊ ကောင်လေးအချို့ဆို ခြေထောက်တောင် ကျိုးတယ်။ အိုး...ဟုတ်သားပဲ၊ သူက သူ့အစ်မအရင်းကိုတောင် အဓမ္မခြိမ်းခြောက် လုယက်ခိုင်းသေးတာ။ ငါ့အထင်တော့ မင်းတို့နှစ်ယောက် သူနဲ့ဝေးဝေးနေတာ ပိုကောင်းမယ်ကွ”

Chapter 110 : အမှန်တရားထံမှ ပါးရိုက်ချက် တစ်ချက် လက်ခံရရှိခြင်း

ဤလမ်းသရဲနှစ်ယောက်သည် သွေးထိုးခြင်းအမှုကို လွန်စွာမှ ကျွမ်းကျင်ကြ၍ စည်းမကျော်ရမည့် အချိန်အခါနှင့် လွန်ကဲသော ကိစ္စများ မလုပ်ရမည်ကိုလည်း သိကြသည်။ သူတို့သည် သွေးထိုးစကားများ ပြောပြီးသည်နှင့် ဘာမှမဖြစ်ခဲ့သလိုပင် ဓါတ်ပုံများကို ယူ၍ ပျော်ပျော်ရွှင်ရွှင် ထွက်သွားကြလေ၏။

နောက်တွင် ကျန်ခဲ့သော သက်ဝင်ယုံကြည်သူများဖြစ်သည့် ကျန်းဟောင်နှင့် တုန်းယီ ဤယောက်ျားလေးနှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် မျက်လုံးများဝိုင်း၍ စိုက်ကြည့်နေကြသည်။

“ငါ...ငါ အခု အိပ်မက်မက်နေတာ မဟုတ်ဘူးမလား”

ကျန်းဟောင်က သူ၏ မျက်နှာပေါ်တွင် ထုံထိုင်းထိုင်း အမူအယာဖြင့် စောဒကတက်လိုက်၏။

တုန်းယီက သူ၏ ပါးစပ်ကို အကြိမ်ရေ အနည်းငယ် ဖွင့်လိုက်ပိတ်လိုက် လုပ်နေပြီးနောက် ပြန်တုံ့ပြန်လာသည်။

“တကယ်ကြီး ငါတို့ အိပ်မက်မက်နေတာဆိုရင် ပိုကောင်းမယ်။ ဒါပေမယ့် ဒါက အိပ်မက်မဟုတ်ဘူး....ချောင်ဟုန်ယဲ့၊ သူ...သူက ငါတို့ထင်ထားတာနဲ့ လုံးဝကွာခြားတာပဲ”

သူတို့၏ မှတ်ဥာဏ်များထဲရှိ ချောင်ဟုန်ယဲ့သည် ရေပူစမ်းအိုင်လေးနှင့် တူ၏။ သူမသည် အမြဲတမ်း ပျော့ပျောင်း၍ နူးညံ့သော အသံဖြင့် စကားပြောလေ့ရှိပြီး သူမ၏ မျက်လုံးများထဲတွင် ချိုမြိန်သောအလွှာခပ်ထူထူလေး ရှိနေသည်။ လူများက သူမ၏ မျက်လုံးထဲသို့ ကြည့်လိုက်သည့်အခါတိုင်း သူတို့သည် သူတို့ကိုယ်သူတို့ ပျောက်ဆုံးသွား၍ သူတို့ပိုင်ဆိုင်ထားသည့် အကောင်းဆုံးအရာများကို သူမအား လက်ဆောင်ပေးချင်စိတ်များ ပြင်းပြလာ၏။

သူမ၏ အဆင့်များသည် အလွန်ကောင်းသည်။ သူမ၏ ပုံပန်းသွင်ပြင်ကလည်း ပထမတန်း၊ သူမ၏ စိတ်ထားကလည်း အလွန်မြင့်မြတ်၏၊ သူမ၏ အကျင့်စရိုက်သည်လည်း အမွန်မြတ်ဆုံးပင်။ သူမသည် အမြဲတမ်း လက်တွေ့ဆန်သည့် ခံစားချက်များနှင့် ကင်းကွာနေသော်လည်း ၎င်းက လူများအား သက်တောင့်သက်သာရှိ၍ ပျော်ရွှင်စေသည်။

ကျန်းဟောင်နှင့် တုန်းယီသည် အချင်းချင်း ညီအစ်ကိုများဟု ခေါ်နိုင်လောက်သည်အထိပင် ကောင်းမွန်သော ဆက်ဆံရေးရှိ၏။

အမှန်ပင်၊ သူတို့နှစ်ယောက်စလုံးသည် တစ်ယောက်နှင့်တစ်ယောက် သူတို့ ချောင်ဟုန်ယဲ့ကို ကြိုက်နေမှန်းလည်း သိကြသည်။ သို့သော် ချောင်ဟုန်ယဲ့အား ပြဿနာများပေးခြင်းမှ ရှောင်ကြဥ်ရန် အလို့ငှာ သူတို့နှစ်ယောက်သည် မျှမျှတတ ယှဥ်ပြိုင်တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့၍ ဤအချစ်ဦး၏ လှပသောပုံပြင်လေးတွင် အနိုင်ရမည့်နေ့အား စောင့်စားနေကြ၏။ သူတို့သည် ချောင်ဟုန်ယဲ့နှင့်အတူ တက္ကသိုလ်တက်၍ လူတိုင်း မနာလိုအားကျရသော ပြီးပြည့်စုံသည့် စုံတွဲတစ်တွဲဖြစ်လာရန်အထိပင် များစွာ တွေးတောထားကြသည်။

မမျှော်လင့်ဘဲ အမှန်တရားက သူတို့အား ခပ်ပြင်းပြင်း ပါးရိုက်ချက်နှစ်ချက် ပေးလိုက်၏။

ဓါတ်ပုံများတွင် ပြထားသော လုပ်ရပ်များမှာ သူတို့ စိတ်ကူးပင် မယဥ်ရဲကြသော ကိစ္စများဖြစ်သည်။ အကြောင်းမှာ သူတို့သည် သူတို့၏ နတ်ဘုရားမအား ပြစ်မှားနေမိသည်ဟု အမြဲခံစားရသောကြောင့် ဖြစ်၏။ သူတို့ သူမအပေါ်ထားရှိသည့် ဤသန့်စင်သော အချစ်သည် တိုက်စားခံလိုက်ရပြီး အကျည်းတန်၍ ညစ်ညမ်းသော အရာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

သူတို့နှစ်ဦးစလုံးသည် သူတို့၏ ဝိညာဥ်များ ဆုံးရှုံးသွားသကဲ့သို့ ခံစားနေကြရ၏။ ချောင်ဟုန်ယဲ့သည် ဤကဲ့သို့သော လူမျိုးဖြစ်သည်အား ယုံကြည်ရမည့်အစား သူမသည် သူတို့ညီအစ်ကိုများထဲမှ တစ်ယောက်နှင့် အတူတကွရှိသွားလိမ့်မည်ဟု ယုံကြည်ခြင်းက အတိုင်းအဆမသိလောက်အောင်ပင် ပို၍ကောင်းသေးသည်။ အနည်းဆုံးတော့ ဒုတိယအခြေအနေ၌ သူတို့၏ နတ်ဘုရားမသည် သန့်စင်နေသေးသည်လေ။

“အခု ဘာလဲ။ မင်းက သူ့ကို ဆက်ပြီးတော့ လူပျိုလှည့်ချင်သေးတာလား”

ကျန်းဟောင်က ရုတ်တရက် သူတို့လမ်းလျောက်လာသည်မှာ အတော်လေးကြာနေပြီမှန်း သတိထားမိလိုက်သည်။ သူတို့သည် သူတို့၏ ရှေ့ရှိ ကျောင်းဂိတ်ဝကို ဖြတ်၍ ကျောင်းဝင်းအတွင်းထဲသို့ပင် ဝင်တော့မည်ဖြစ်၏။

တုန်းယီက ခေါင်းယမ်းလိုက်သည်။

“ငါမသိဘူး၊ ငါ သူ့ရဲ့ဒီဘက်အခြမ်းကို လက်မခံနိုင်သေးဘူး။ အခုလေးတင် ငါတို့နှစ်ယောက်စလုံး ကြားခဲ့တာ မဟုတ်လား။ ချောင်ဟုန်ယဲ့က အရင်တုန်းက တစ်စုံတစ်ယောက်ရဲ့ ခြေထောက်ကိုတောင် ချိုးခိုင်းခဲ့တယ်ဆိုတာ....အိုး...ဟုတ်သားပဲ၊ မင်း စီခန်းက ကျိုးချန်းကျယ့်ကို မှတ်မိသေးလား။ သူက အထက်တန်း ပထမနှစ်စတက်တုန်းက ချောင်ဟုန်ယဲ့ကို ကြိုက်ခဲ့တာလေ။ သူက ရည်းစားစာတွေရေးပြီး သူ့ကို နေ့လည်စာဘူးတွေတောင် နေ့တိုင်း ပို့ပေးခဲ့သေးတယ်၊ သူက ငါတို့လို လူတွေကိုတောင် ချောင်ဟုန်ယဲ့နဲ့ ဝေးဝေးနေဖို့ ပြောခဲ့သေးတာ။ ပြီးတော့ သူက ကျောင်းသားအများကြီးရဲ့ရှေ့မှာ ချောင်ဟုန်ယဲ့က သူ့ရည်းစားပါလို့ ကြေညာခဲ့တယ်။ ဒါပေမယ့် သိပ်မကြာဘူး၊ သူ လမ််းသရဲတစ်စုရဲ့ အရိုက်အနှက် ခံလိုက်ရရော။ တရားခံတွေကို ဘယ်တော့မှ ဖမ်းမမိခဲ့ဘူးလေ”

“ငါ သူ့ကို မှတ်မိတယ်။ သူ့ရဲ့ အဲဒီခြေထောက်က ဆိုးဆိုးဝါးဝါးကို ဒဏ်ရာရသွားတာ၊ ပြီးတော့ သူ အိမ်မှာ လအကြာကြီး အားပြန်ဖြည့်လိုက်ရတယ်။ သူပြန်လာတော့ သူ့ခြေလှမ်းတိုင်းက ထော့ကျိုးထော့ကျိုးနဲ့ ခွေယိုင်နေရော။ အားလုံးနီးပါးက သူ့နောက်ကွယ်မှာ ခြေကျိုးဆိုပြီးတော့ သူ့ကို ဟားကြတာလေ။ သူ နောက်ဆုံး ခံနိုင်ရည်မရှိတော့ ကျောင်းထွက်သွားခဲ့တာ”

ကျန်းဟောင်က ခါးသီးစွာ ပြုံးလိုက်သည်။

“ကျင်းယွင်ကျောင်းလည်း ရှိသေးတယ်...ချောင်ဟုန်ယဲ့က ငါတို့ရှေ့မှာကျ အမြဲတမ်း သူ့အတွက် တအား စိုးရိမ်နေတဲ့ မျက်နှာထားနဲ့၊ ဒါပေမယ့် လက်တွေ့မှာကျ တကယ်တမ်း သူက ကျင်းယွင်ကျောင်းကို အဓမ္မလုယက်ခိုင်းဖို့ လူရှာလိုက်သေးတယ်။ ဘာပဲဖြစ်ဖြစ် ကျင်းယွင််ကျောင်းက မိန်းကလေးတစ်ယောက် ဖြစ်နေတုန်းပဲလေ။ တစ်ခုခုများ ဖြစ်သွားခဲ့ရင် ဘယ်လိုလုပ်ကြမလဲ”

တုန်းယီက ထပ်ဖြည့်ပြောလိုက်၏။

ဤဆွေးနွေးပွဲလေးအပြီးတွင် သူတို့နှစ်ယောက်သည် ရုတ်တရက် ကိစ္စအချို့က မြေကြီးကို ထိုးဖောက်၍ ၎င်းတို့ကိုယ်တိုင် ကိုယ်ထင်ပြလာသလို ခံစားလိုက်ကြရသည်။

အဘယ့်ကြောင့် ကျင်းယွင်ကျောင်းက ချောင်ဟုန်ယဲ့ကို မြင်တိုင်း အမြဲတမ်း အေးတိအေးစက် စကားပြောသည် ဆိုတာမျိုး။ သို့မဟုတ် အဘယ့်ကြောင့် ကျင်းယွင်ကျောင်း တစ်ယောက် ချောင်မိသားစုအိမ်မှ ထွက်ခွာမည်အား ကျောင်းက လက်ခံရသနည်း ဆိုတာမျိုး။ သို့မဟုတ် အဘယ့်ကြောင့် ကျင်းယွင်ကျောင်း၏ ပတ်ဝန်းကျင်တွင် ကောလဟာလဆိုးများ ထွက်ပေါ်လာတတ်သနည်း ဆိုတာမျိုး။

သူတို့သည် ချောင်ဟုန်ယဲ့နှင့် အနီးဆုံးလူများဖြစ်ကြ၍ ချောင်ဟုန်ယဲ့ကြောင့် မတော်တဆ ပိုကြီးသွားရသည့် ကိစ္စများကို သူတို့က ပို၍ ရှင်းရှင်းလင်းလင်း သိကြသည်။

သို့သော် သူတို့သည် ချောင်ဟုန်ယဲ့အား ယုံကြည်ကြ၏။ ထို့ကြောင့် သူတို့သည် ကျင်းယွင်းကျောင်းလုပ်သမျှက အမြဲတမ်း ချောင်ဟုန်ယဲ့ ပြောသည်ထက် ပို၍ သိက္ခာမဲ့သည်ဟု ခံစားခဲ့ရသည်။ သို့သော် လက်တွေ့မှာရော။ သူတို့ ဘာမှမသိခဲ့ကြပေ။ လက်တွေ့တွင် ချောင်ဟုန်ယဲ့၏ ဒေါသများ ဖွင့်ထုတ်သည်ကို ကူညီရန်အတွက် သူတို့သည် ကိစ္စများကို ရည်ရွယ်ချက်ရှိရှိပင် ပုံကြီးချဲ့၍ ကျင်းယွင်ကျောင်းအား စွပ်စွဲခဲ့ကြသေးသည်။

Chapter 111 : ပန်းကာကွယ်သူ

ယခုအချိန်တွင် သူတို့၏ မျက်လုံးထဲ၌ သိုးမွေးချည်သည် ဆက်ဆွဲတင်၍ မရတော့ပေ။ နှစ်ယောက်စလုံးက ချောင်ဟုန်ယဲ့သည် သူမ ကိုယ်တိုင် ထုတ်ဖော်ပြသမည့်သူမဟုတ်ကြောင်း နားလည်သဘောပေါက်သွားကြသည်။ နောက်ပိုင်း၌ ကျင်းယွင်ကျောင်းအပေါ်ထားသော သူတို့၏ ခံစားချက်များမှာလည်း အနည်းငယ် ရှုပ်ထွေးလာကြ၏။

ယခင်က သူတို့သည် ကျင်းယွင်ကျောင်းအား မကောင်းသောသူတစ်ယောက် အဖြစ် သတ်မှတ်ခဲ့ပြီး သူမအကြောင်း သွားပုပ်လေလွင့်ပြောသည့်အခါ၌ ရှက်သည်ဟူ၍ မခံစားခဲ့ရပေ။ သို့ရာတွင် ယခုအချိန်၌ သူတို့သည် အပြစ်ရှိသည်ဟု မခံစားရဘဲ မနေနိုင်တော့။

မိန်းကလေးကျောင်းသူ နှစ်ယောက်၊ သုံးယောက်လည်း ချောင်ဟုန်ယဲ့၏ ဓါတ်ပုံများကို မြင်တွေ့ခဲ့ပြီး ကျန်းဟောင်၊ တုန်းယီ တို့နှင့် ယှဥ်ပါက သူတို့သည် စိတ်ဓါတ်ကျသည်ထက် လှည့်စား၍ သစ္စာဖောက်ခံရသည်ဟု ပို၍ ခံစားနေရသည်။

မိန်းကလေးများ အနေနှင့် သူတို့သည် ချောင်ဟုန်ယဲ့အား နှစ်သက်ကြ၏။ အဘယ်ကြောင့်ဆိုသော် သူမ၏ ကြင်နာတတ်၍ သန့်စင်သောပုံစံကြောင့်ဖြစ်သည်။ သို့ရာတွင် ယနေ့၌ လူများစွာက သူမ၏ ပုံစံအစစ်အမှန်ကို ပြစ်တင်ပြောဆိုနေကြလေပြီ၊ သူမသည် သိုးရေခြုံထားသော ဝံပုလွေတစ်ကောင်ပင်။ ၎င်းက သူတို့၏ နှလုံးသားထဲရှိ ရှုပ်ထွေးသော ခံစားချက်များကို မြင့်တက်လာစေသည်။ ယခုအချိန်တွင် သူတို့သည် သူမနှင့် သူငယ်ချင်းဆက်ဆံရေးကို လုံးဝဖြတ်တောက်ရန် ဆုံးဖြတ်လိုက်ကြရုံသာမက ရွံစရာတစ်ခုအဖြစ် စတင်၍ ခပ်ခွာခွာနေလာကြ၏။

သို့ရာတွင် ချောင်ဟုန်ယဲ့၏ လွှမ်းမိုးမှုများအောက်၌ ဤမိန်းကလေးများသည် တခြားသူများအား သွားပုပ်လေလွင့်ပြောဆိုတတ်သည့် မကောင်းသောအကျင့် တိုးတက်လာခဲ့သည်။ ထို့ကြောင့် သူတို့သည် ဒေါသဖြစ်နေသဖြင့် ကျောင်းသို့ရောက်ပြီးသည်နှင့် ချက်ချင်းပင် ကိစ္စတစ်ခုလုံးကို ဖြန့်ဝေကြတော့၏။

သူတို့၏ ဤကဲ့သို့ အတင်းပြောတတ်သည့် အကျင့်စရိုက်သည် ကျင်းယွင်ကျောင်းက သူတို့အား ရွေးထုတ်ခဲ့သည့် အကြောင်းအရင်းပင်။ သူမသည် ချောင်ဟုန်ယဲ့အား ဖိအားပေးခဲ့ပြီး အကယ်၍ ချောင်ဟုန်ယဲ့၏ ပန်းကာကွယ်သူများက ဤအခြေအနေကို ရှင်းလင်းရန် ဝင်ပါလာလျှင်တောင်မှ ချောင်ဟုန်ယဲ့အတွက် သူမအကြောင်း ကောလဟာလများကို လွတ်လွတ်လပ်လပ် ဆက်ဖြန့်နေသည်ကို သက်သေပြရန် ခဲယဥ်းလိမ့်မည်။

ချောင်ဟုန်ယဲ့သည် ပုံမှန်အတိုင်း သန့်စင်၍ တက်ကြွသော ဝတ်စုံကို ဝတ်ဆင်ကာ နာခံမှုရှိသော မိန်းကလေးတစ်ယောက်၏ စံပြပုံရိပ်အတိုင်း သူမ၏ ဖြောင့်စင်းသော ဆံပင်များကို ပဝါတစ်ခုနှင့် စည်းနှောင်ကာ ကျောင်းလာသည်။

သူမ ကျောင်းသို့ စောစောရောက်သည်ကို ဘယ်တုန်းကမှ မနှစ်သက်ခဲ့၊ အကြောင်းမှာ သူမ လမ်းလျှောက်သွားသည့်အခါ၌ လူတိုင်း၏ အဓိက အာရုံစိုက်မှုတစ်ခုလာသောကြောင့် ဖြစ်သည်၊ ယနေ့လည်း ထူးမခြားနားပင်။

ကံခေစွာဖြင့် သူမ၏ လေးပင်တုံ့ဆိုင်းမှုကြောင့် သူမ၏ ဂုဏ်ကျက်သရေရှိလှသော ကိစ္စကြီးအား သူမ၏ အတန်းဖော်များ သိပြီးဖြစ်ကြောင်းကို သူမ, မသိခဲ့။

သူမ ထိုင်လိုက်သည်နှင့် မသိစိတ်အလျောက် သူမ၏ စာရေးခုံထဲသို့ လက်လှမ်းလိုက်ပြီး အတွင်းထဲမှ တစ်စုံတစ်ခုကို ဆွဲထုတ်လိုက်သည်။ သို့သော် သူမ၏ လက်သည် လေဟာနယ်ကိုသာ ထိတွေ့လိုက်ရ၏။ သူမ အနည်းငယ် စိတ်ရှုပ်သွားသည်။ မနက်ခင်းတိုင်း ကျန်းဟောင်နှင့် တုန်းယီသည် သူမ၏ စာရေးခုံထဲ၌ နွားနို့တစ်ဘူး ထည့်ထားပေးတတ်သည်။ ဘာလို့ ဒီနေ့ မရှိတာလဲ။ သူတို့ မေ့နေကြတာလား။

ချောင်ဟုန်ယဲ့က အနည်းငယ် စိတ်ပျက်သွား၏။ သို့သော် သူမက စိုးရိမ်နေသော အမူအရာဖြင့် သူမ၏ ထိုင်ခုံဖော်အား လှည့်ပြောလိုက်သည်။

“ရှင်းရှင်း၊ နောက်ကျရင် ကျန်းဟောင်နဲ့ တုန်းယီကို နေ့တိုင်း ငါ့ဆီကို နွားနို့မပို့ဖို့ ကူပြောပေးပါ့လားဟင်၊ တစ်ဘူးကို အတော်လေး စျေးကြီးတယ်လေ”

ဘေးမှ ရှင်းရှင်းက သူမအား အထင်သေးစွာ ကြည့်လိုက်၏။ ယခင်က သူမ အဘယ်ကြောင့် ချောင်ဟုန်ယဲ့၏ မျက်နှာနှစ်ဖက်ရှိသော စရိုက်ကို မမြင်နိုင်ခဲ့သနည်း။ အသေအချာပင် ထိုအရာများအား ချစ်သောမျက်စိဖြင့် ကြည့်မိသဖြင့် မမြင်နိုင်ခဲ့ဘဲ ခင်မင်မှုအတွင်း နစ်မြှုပ်နေ၍လည်း မျက်ကန်းဖြစ်နေခဲ့ရသည်။

“ဟုန်ယဲ့၊ နင် ဒီကို မရောက်ခင်ဘဲ ကျန်းဟောင်နဲ့သူ့အဖော်က သူတို့ နွားနို့ကို သူတို့ဘာသာ သောက်လိုက်ပြီလို့ ငါ့ကို ပြောတယ်။ တကယ်လို့ နင် နွားနို့သောက်ချင်ရင် နင့်ဟာနင် သွားဝယ်လေ”

သူမက မထုံတက်သေးပင် တုံ့ပြန်လိုက်၏။ ထိုသို့ ပြောနေရင်း ချောင်ဟုန်ယဲ့ သူမ၏ ပစ္စည်းများအား ထိမိခြင်းမှ ကာကွယ်ရန် တစ်ဖက်သို့ ရွေ့နေသည်။

လမ်းများပေါ်၌ ဘေးနားတွင် ယောက်ျားသားများဝိုင်းထား၍ ကျီစယ်နေသည့် အပြစ်ကင်းစင်ဟန်နှင့် ချောင်ဟုန်ယဲ့အား မြင်ယောင်ရင်း စိတ််ကူးမိလိုက်ရုံနှင့်ပင် သူမအား ရွံရှာစက်ဆုပ်မှုကို ခံစားရစေ၏။ သူမသည် ချောင်ဟုန်ယဲ့နှင့် လက်ချင်းတွဲ၍ လမ်းလျှောက်နေကျဖြစ်သည်၊ သူမ၏ ထိုချောင်ဟုန်ယဲ့နှင့် ထိမိခဲ့သော နေရာများမှ အဖုအပိမ့်များ ထွက်လာလိမ့်မည်လား ဆိုသည်ကို မည်သူ သိမည်နည်း။

ချောင်ဟုန်ယဲ့သည် နှလုံးသားထဲ၌ ထိတ်လန့်တုန်လှုပ်သွားပြီး အနည်းငယ် ဘာလုပ်ရမှန်းမသိ ဖြစ်သွား၏။

“ရှင်းရှင်း၊ နင် ဘာပြောလိုက်တာလဲ။ ငါ နင့်ကို ဒေါသထွက်အောင်များ တစ်ခုခု မတော်တဆလုပ်မိလို့လား”

သူမ၏ ထိုင်ခုံဖော်က ပါးစပ် မဟရသေးမီမှာပင် ချောင်ဟုန်ယဲ့က အလင်းပွင့်သွားသကဲ့သို့ ရုတ်တရက် ထပြောလိုက်၏။

“ငါသိပြီ၊ နင့်ရဲ့မိဘတွေ ထပ်ရန်ဖြစ်လို့လား။ ထပ်ပြီးတော့ ဝမ်းမနည်းပါနဲ့၊ အရွယ်ရောက်ပြီးသားသူတွေရဲ့ ပြဿနာတွေကို ငါတို့မထိန်းချုပ်နိုင်ဘူးလေ။ ဘာပဲပြောပြော သူတို့က အရမ်းရှုပ်ထွေးတယ်။ နင့်ရဲ့မိဘတွေ စကားများကြပြီး နောက်ပိုင်း ကွာရှင်းဖို့ ဆုံးဖြတ်လိုက်ရင်တောင် သူတို့က နင့်ကို အမြဲတမ်း ချစ်နေမှာပါ။ အခုအချိန်မှာ နင်က အပူအပင်ကင်းတဲ့ ကျောင်းသားတစ်ယောက်ဘဝကို အာရုံစိုက်ထားဖို့ဘဲ လိုတယ်”

ချောင်ဟုန်ယဲ့က မကျေမနပ်ဖြစ်နေသော်လည်း သူမ၏ ပုံမှန်အပြုအမူများနှင့် ကိုက်ညီစွာပင် စကားပြောနေသေးသည်။

“ချောင်ဟုန်ယဲ့ ...”

သူမ၏ ထိုင်ခုံဖော်က စားပွဲကို လက်ဖြင့် ရိုက်ချလိုက်ပြီး ပြောလာ၏။

“ငါ့မိဘတွေရဲ့ ဆက်ဆံရေးက နင်နဲ့ ဘာဆိုင်လို့တုန်း။ သူတို့က ရန်ဖြစ်ရုံပဲကို နင်က သူတို့ကို ရှုံ့ချနေဖို့ လိုလို့လား။ နင်က ကွာရှင်းတဲ့အထိတောင် ပြောပြီးပြီ။ သူတစ်ပါး ပျော်နေတာကို မြင်ရရင် နင် စိတ်မသက်မသာ ဖြစ်လို့ မဟုတ်လား ဟင်”

Chapter 112: ပေါင်းပင်တစ်ပင်၏ ခံနိုင်ရည်

လူတစ်ယောက်အား နှစ်သက်လျှင် သူမ၏ စကားလုံးတိုင်းအား ဂရုစိုက်ပေးနေသကဲ့သို့ မှတ်ယူနိုင်သော်လည်း ယခုအချိန်၌ ချောင်ဟုန်ယဲ့၏ အတန်းဖော်က သူမအား အလွန်မုန်းတီးနေသည်ဖြစ်ရာ သူမ၏ စကားများက နားထဲ၌ လုံးလုံးလျားလျား ကန့်လန့်ဖြစ်နေသည်မှာ သဘာဝပင်။ ယခင်က ချောင်ဟုန်ယဲ့သည် ရှင်းရှင်း၏ မိဘများအကြောင်းကို ထင်ယောင်ထင်မှား ဖြစ်စေသောအပြုအမူဖြင့် ပြောခဲ့ပြီး ရှင်းရှင်းအား သူမ၏ အဖေသည် အငယ်အနှောင်းထားနိုင်ခြေရှိကြောင်း သတိပေးခဲ့ကာ သူမ၏ အမေအား တတ်နိုင်သမျှ ကြိုတင် သတိပေးထားရန် ပြောခဲ့သည်၊ ရလဒ်မှာ အဆူအငေါက် ခံခဲ့ရ၏။

ယခုအချိန်၌ ချောင်ဟုန်ယဲ့၏ ထိုင်ခုံဖော်သည် ထိုအကြောင်းကို တွေးလေလေ ချောင်ဟုန်ယဲ့က ထိုကိစ္စကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့သည်ဟု ခံစားရလေလေ ဖြစ်သည်။

ထို့အပြင် ယခုအချိန်၌ သူမသည် ချောင်ဟုန်ယဲ့နှင့် သူမ၏ ကြားတွင် နှိုင်းယှဥ်စရာတစ်ခုအဖြစ် အသုံးချခံရသည့် ပေါင်းပင်လေးတစ်ပင်ဖြစ်ခဲ့သည်ဟု ယုံကြည်နေ၏။ အခြားတစ်ယောက်၏ မြေဆီလွှာအဖြစ် အသုံးချခံရန် မည်သူက မွေးလာချင်မည်နည်း။ အကယ်၍ ချောင်ဟုန်ယဲ့သာ အမှန်တကယ် သန့်စင်သော မိန်းကလေးဖြစ်ပါက အဆင်ပြေသော်လည်း လက်တွေ့၌ ချောင်ဟုန်ယဲ့က ထိုသို့မဟုတ်။ သူမ၏ အပြုအမူများသည် ပုံမှန်ကျောင်းသားများ လုပ်တတ်သည့် အပြုအမူများ မဟုတ်ပေ။ ရှင်းရှင်းက ချောင်ဟုန်ယဲ့သည် သူမ၏ မျက်လုံးများကို စွန်းထင်းစေသည့်အလား ခံစားလိုက်ရသည်။

ချောင်ဟုန်ယဲ့က သူမ၏ ထိုင်ခုံဖော်ကြောင့် အံ့သြတုန်လှုပ်သွားပြီး မျက်နှာက ချက်ချင်း နီရဲလာ၏။

“ရှင်းရှင်း၊ ငါက နင်အတွက် စိတ်ပူရုံပါ”

သူမက စိတ်ထိခိုက်သွားသော အသံဖြင့် တုံ့ပြန်လိုက်သည်။

ယခင်က ချောင်ဟုန်ယဲ့သာ ဤကဲ့သို့ ကြင်နာတတ်သော အမူအယာကို ထုတ်ပြလိုက်ပါက တစ်စုံတစ်ယောက်က သူမအား ကာကွယ်ရန် ချက်ချင်း ထွက်ပေါ်လာလိမ့်မည်ဖြစ်၏။ သို့သော် ယနေ့တွင်တော့ မတူပေ။ သူမသည် လူတိုင်း ရွံရှာကြသည့် ရောဂါပိုးတစ်ခုလို ဖြစ်နေ၏။

ယခင် ပန်းကာကွယ်သူနှစ်ယောက်ဖြစ်သည့် ကျန်းဟောင်နှင့် တုန်းယီသည် ပို၍ နောင်တရလာသလိုပင် ခံစားနေရပြီး သူတို့ ဘယ်လိုများ ဤကဲ့သို့သော ကလိမ်ကကျစ်ကို သဘောကျခဲ့သနည်းဟု အံ့သြနေမိကြ၏။

“အတုအယောင်တွေပဲ”

ရှင်းရှင်းက သူမအား အထင်သေးစွာ ကြည့်လိုက်ပြီး မတ်တပ်ထရပ်လိုက်ကာ ချောင်ဟုန်ယဲ့၏ စာရေးခုံအား အတန်း၏ အနောက်သို့ ဆွဲသွားတော့သည်။

“နင်လိုမျိုး လူညစ်ပတ်က အမှိုက်နဲ့ပဲ တန်တယ်။”

ပြီးနောက် ရှင်းရှင်းသည် ပုံမှန်အတိုင်းပင် အစောပိုင်းက သူမသောက်ထားသော ရေဘူးအား အနီးရှိ အမှိုက်ပုံးထဲသို့ လှမ်းပစ်လိုက်သည်။ ဘမ်းခနဲ မြည်သံနှင့်အတူ ရေဘူးမှ လက်ကျန်ရေများက ပန်းထွက်လာ၍ ချောင်ဟုန်ယဲ့၏ စာရေးခုံပေါ်သို့ စင်ကုန်ကြကာ ချောင်ဟုန်ယဲ့သည်လည်း သတိလက်လွတ်ဖြစ်သွားလုနီးပါး ကြောက်ရွံ့သွားခဲ့၏။

ရှင်းရှင်း အစပြုလိုက်ကတည်းက အခြားကျောင်းသားများသည်လည်း ရုတ်တရက်ပင် အမှိုက်များကို ပစ်ထည့်လာကြ၍ သိပ်မကြာမီ၌ ချောင်ဟုန်ယဲ့၏ စာရေးခုံသည် အသီးခွံများ၊ ရေစက်များ၊ အိမ်သာသုံး စက္ကူများနှင့် ဖုံးသွားပြီး သူမ၏ စာရေးခုံအား အလွန်ညစ်ပတ်သွားစေကာ သူမအား စတင်၍ တုန်လှုပ်လာစေသည်။

သူမ ဘယ်လောက်ပင် တုံးအနေပါစေ၊ တစ်ခုခုတော့ မှားနေပြီဖြစ်ကြောင်း ပြောနိုင်၏။ သူမ၏ အတန်းဖော်များသည် ပဋိပက္ခတစ်ခုဖြစ်ခဲ့လျှင်တောင်မှ သူမအား အလွန်ကောင်းမွန်စွာ ဆက်ဆံတတ်၍ တစ်ဖက်လူကပင် သူမအား တောင်းပန်လေ့ရှိသည်။ ယခင်က ဤကဲ့သို့ တစ်ခါမှ မဖြစ်ဖူးပေ။

ရှင်းရှင်း ကိုယ်တိုင် သူမကို ဆန့်ကျင်သည်အား ချောင်ဟုန်ယဲ့ လက်ခံနိုင်သော်လည်း ကျန်းဟောင်က ဘာမှ မလုပ်ပေးသည်ကရော။ တုန်းယီကရော သူမအား အဘယ်ကြောင့် မကူညီသနည်း။ ပြီးလျှင် သူမရဲ့ ကျန်တဲ့ အတန်းဖော်တွေကရော...သူတို့သည် ယခင်က ဤကဲ့သို့ မဟုတ်ပေ။ သူတို့က သူမအား အေပရယ်ဖူးလ်လုပ်ပြီး စနောက်နေတာများ ဖြစ်နိုင်မလား။ သို့သော် စာသင်နှစ်စခဲ့သည်မှာ အတော်ကြာပြီဖြစ်၍ ဧပရယ်ဖူးလ်က အဝေးကြီး ကျန်ခဲ့ပြီ ဖြစ်သည်။

ချောင်ဟုန်ယဲ့သည် ကူကယ်ရာမဲ့စွာဖြင့် သူမ၏ စာရေးခုံကိုသာ မှီ၍ မတ်တပ်ရပ်နေနိုင်ခဲ့ပြီး အတန်းဖော်များ၏ သူမအား အထင်သေးနေသော အကြည့်များကို မြင်နေရခြင်းက အိပ်မက်ဆိုးထဲ၌ ရှင်သန်နေရသကဲ့သို့ ခံစားရစေ၏။ မည်သူကမှလည်း သူမအား စကားမပြောချင်ပေ၊ ထို့ကြောင့် သူမသည် အမှောင်ထဲမှာပင် ရှေ့ဆက်နေရသည်။

အချိန်က နှေးကွေးစွာ ကုန်ဆုံးသွား၏။ ဆရာမသည် ချောင်ဟုန်ယဲ့အပေါ်၌ ချစ်ခင်ကြင်နာသော အမြင်ရှိသောကြောင့် သူမက မျက်ရည်အချို့ဖြင့် တိုင်တန်းလိုက်၏။ ထို့ကြောင့် ရှင်းရှင်းလည်း သေချာပေါက် အပြစ်ပေးခံလိုက်ရသည်။ သို့ရာတွင် သူမ၏ အတို့အထောင်လုပ်မှုက သူမ၏ အတန်းဖော်များထံမှ မုန်းတီးရွံရှာမှုများကိုသာ ပိုတိုးစေသောကြောင့် ၎င်းက ချောင်ဟုန်ယဲ့က အနိုင်ရသည်ဟု မဆိုလိုပေ။

ကျောင်း၌ ဝိုင်းကြဥ်ခံရခြင်းသည် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းကြောင်း ကိုယ်ပိုင်အတွေ့အကြုံအရ ကျင်းယွင်ကျောင်း သိ၏။ သူမ လုပ်ခဲ့သည်များအား ထည့်မတွက်လျှင်တောင် သူမသည် အမြဲတမ်း တစ်ယောက်တည်း ဖြစ်ခဲ့သည်။ သူမအား အပျော်အပျက်စနောက်ရန် သူမ၏ လွယ်အိတ်ကို သုံးပြီး ဒုက္ခပေးတတ်သူများကိုလည်း စောင့်ကြည့်ခဲ့ရ၏။ လမ်းလျှောက်နေစဥ်အတွင်း တစ်စုံတစ်ယောက်က ပြေးလာပြီး သူမအား ခလုတ်တိုက်အောင် ခြေထိုးခံမည်လား၊ မခံမည်လားကိုလည်း စိတ်ပူနေရသည်။ မိနစ်တိုင်းတွင် သူမသည် အခြားကျောင်းသားများအား သတိထားစောင့်ကြည့်နေရ၏။ အခြားသူများအတွက်မူ သူတို့၏ အပြုအမူများက အသေးအဖွဲ့များသာ ဖြစ်သော်လည်း နစ်နာသူအတွက်မူ ၎င်းက ကမ္ဘာကြီးက သူတို့အား စွန့်ပစ်လိုက်သည့် ခံစားချက်နှင့်ညီမျှသည်။

ဤတစ်ကြိမ်တွင်တော့ အစွန့်ပစ်ခံရသူက ချောင်ဟုန်ယဲ့ပင်။

ဘီခန်းသည် ညာဘက်ကပ်ရပ်တွင် ရှိရာ၊ အေခန်းတွင် ဖြစ်သမျှအရာအားလုံးသည် ဘီခန်းသို့ ချက်ချင်း ရောက်နိုင်၏။ ပြောဖို့မလိုအောင်ပင်၊ ချောင်ဟုန်ယဲ့သည် လူတိုင်း၏ ပစ်မှတ်အသစ် ဖြစ်လာကြောင်း ကျင်းယွင်ကျောင်း ကြားသိပြီးဖြစ်၍ ချက်ချင်းပင် သူမ၏ နှလုံးသားထဲရှိ တင်းကြပ်နေသော အနှောင်အဖွဲ့တစ်ခု ပျက်ပြယ်သွားသလို ခံစားလိုက်ရသည်။

All Chapters