အခန်း (၁၁၃-၁၁၆)
Vol. 6 Ch. 113-116
Chapter 113 : ရက်စက်လွန်းခြင်း
ချောင်ဟုန်ယဲ့၏ ဂုဏ်သိက္ခာကျဆင်းသွားခြင်းက ကျင်းယွင်ကျောင်း၏ ဂုဏ်သိက္ခာအား တိုက်ရိုက်ပင် တိုးတက်သွားစေ၏။ ဤနေ့တွင် လူတိုင်းနီးပါးက ကျင်းယွင်ကျောင်းအား ကရုဏာစက်နေကြသည်။
အတန်းနှစ်တန်းလုံးမှ ကျောင်းသားများသည် ယခုအချိန်တွင် ချောင်ဟုန်ယဲ့က ကျင်းယွင်ကျောင်းအား လျှို့ဝှက်၍ အဓမ္မလုယက်ခိုင်းခဲ့သည့် အကြောင်းကို ဆွေးနွေးနေကြ၏။ ချောင်ဟုန်ယဲ့၏ ထိုင်ခုံဖော်များပင် ပါဝင်၍ ကျန်းဟောင်၊ တုန်းယီ နှင့် အခြားသူများသည် ကျင်းယွင်ကျောင်း၏ အပြစ်ကင်းစင်မှုများအား အသေးစိတ် စတင်ပြောဆိုနေကြသည်။ ကျင်းယွင်ကျောင်း၏ ဝန်းကျင်မှ ကောလဟာလဟောင်းများ အားလုံးသည် ချက်ချင်းပင် ရှင်းလင်းသွား၍ ပြန်ရှာမရတော့ဟုပင် ယူဆ၍ရ၏။
“သူက ဒါနဲ့ပဲ တန်တယ်”
ရှောင်ဟိုင်ချင်းသည် ချောင်ဟုန်ယဲ့ အပစ်ပယ်ခံရသည်ကို ကြားသောအခါ ချက်ချင်းပင် ပျော်ရွှင်မြူးတူးသွားသည်။
“ယွင်ကျောင်း၊ ငါ အခုပဲ ဘီခန်းကို တစ်ချက် သွားကြည့်လာတာ။ ချောင်ဟုန်ယဲ့က အခု သူ့စာရေးခုံပေါ်မှာ မှောက်ငိုနေတယ်။ သူက ငိုနေတဲ့ အလှလေးနဲ့တူပေမယ့် ဘယ်သူကမှ သူ့ကို အာရုံမစိုက်ကြဘူး။ သူ့ကို ချော့နေကျ ကောင်လေးတွေအားလုံးက အခု သူနဲ့ပတ်သတ်ရမှာကို ကြောက်နေကြတယ်။ ကောင်းလိုက်တဲ့ ခံစားချက်ကွာ”
ရှောင်ဟုန်ချင်းက ကျင်းယွင်ကျောင်း တစ်ယောက် ချောင်ဟုန်ယဲ့ကို ပညာပေးရန် လူရှာရာ၌ ကူညီပေးခဲ့သူဖြစ်သည်။ ထို့ကြောင့် ရှောင်ဟိုင်ချင်းက ချောင်ဟုန်ယဲ့၏ ကောလဟာလများက အမှန်မဟုတ်ကြောင်း သတိထားမိ၏။ သူတို့မှားသွားသည့်အချက်မှာ ချောင်ဟုန်ယဲ့၏ ဒေါသများကို ပိုတိုးလာစေခြင်းဖြစ်၏။ စင်စစ် ကျောင်းဝင်ခွင့်ရပြီးကတည်းက ကျင်းယွင်ကျောင်းသည် ဤအထင်အမြင်လွဲမှားမှုများကို ဆက်တိုက်ခံစားခဲ့ရသည်။ ချောင်ဟုန်ယဲ့အား သူမဖော်သည့်ဆေး၏ အရသာကို ပြန်ခံစားစေခြင်းကသာ တရားမျှတမည်ဖြစ်၏။
“ဟိုင်ချင်း၊ ကျေးဇူးအများကြီးတင်ပါတယ်နော်”
ကျင်းယွင်ကျောင်းက ရယ်ရင်း ပြောလိုက်သည်။ ရှောင်ဟိုင်ချင်းက သူမအား မျက်စောင်းတစ်ချက်ထိုးလိုက်၏။
“နင်က ငါ့ကို ဘာအတွက် ကျေးဇူးတင်နေတာလဲ။ ငါတို့ကြားမှာ ကျေးဇူးတွေမလိုပါဘူး”
“အိုး ဟုတ်သားပဲ။ ချောင်ဟုန်ယဲ့က အခု ကံဆိုးနေပြီဆိုပေမယ့် နင့်ရဲ့ဖြူစင်မှုကို မယုံတဲ့သူတွေ ရှိသေးတယ်။ ငါပြောမယ်၊ သူတို့အားလုံးက ကန်းနေကြတာပဲ”
ရှောင်ဟိုင်ချင်းက တဖန် ရှူးရှူးရှားရှား ဖြစ်လာပြန်သည်။ ကျင်းယွင်ကျောင်းနှင့် တွေ့ပြီးကတည်းက သူမ၏ သည်းခံနိုင်စွမ်းမှာ ဆိုးသထက် ဆိုးလာ၏။ ရှောင်ဟိုင်ချင်းကဲ့သို့ အစကတည်းက ဒေါသကြီးသောသူကို ရန်လာစသည့် မည်သူမဆို သေချာပေါက် ကံဆိုးမည်သာဖြစ်သည်။ တစ်ဖက်တွင်တော့ ကျင်းယွင်ကျောင်းသည် ရေအေးအေးတစ်ခွက်နှင့်တူ၏။ သူမသည် အပေါ်ယံဆန်ပြီး စိတ်အားထက်သန်မှုကင်းမဲ့လေရာ ၎င်းက ရှောင်ဟိုင်ချင်းအား သူမ၏ အပြုအမူများအပေါ် စိုးရိမ်ပူပန်စေသည်။
“ငါတို့ နောက်တစ်ချိန်က အားကစားအချိန်မဟုတ်လား။ ငါသာ တကယ် ကိုယ်ဝန်ရှိနေရင် ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ ဘာမှလုပ်မှာမဟုတ်ဘူး”
ကျင်းယွင်ကျောင်းက အေးချမ်းစွာပင် ပြောလိုက်၏။
ဤအားကစားလေ့ကျင့်ချိန်အတွက် အေခန်းနှင့် ဘီခန်းသည် အတူတကွ လေ့ကျင့်ကြရသည်။ ဤကဲ့သို့သော အချိန်တိုင်း အတန်းနှစ်တန်းသည် တစ်တန်းနှင့်တစ်တန်း အပြိုင်အဆိုင်ပင်။
ဤတစ်ကြိမ်တွင်လည်း ထူးမခြားနားပေ။ အချိန်ကျလာသောအခါ ကျောင်းသားများသည် သူမ၌ ကိုယ်ဝန်ရှိ၊ မရှိကို သူတို့ကိုယ်တိုင် တွေ့မြင်ကြရမည် ဖြစ်သည်။ သူမအတွက် ရှင်းပြနေရန် မလိုပေ။
ရှောင်ဟိုင်ချင်းက သူမ၏ သဘောတူညီမှုကို ပြသည့်အနေဖြင့် လက်မနှစ်ဖက် ထောင်ပြလိုက်သည်။
မကြာမီ ခေါင်းလောင်းသံမြည်လာ၍ အတန်းနှစ်တန်းသည် ကစားကွင်းထဲသို့ ပြေးထွက်လာကြ၏။ ချောင်ဟုန်ယဲ့က သူတို့၏ နောက်မှ စိတ်လွတ်နေသည့်အလား တုံဋိဘာဝေ လိုက်ပါလာရာ တိုက်တိုက်ဆိုင်ဆိုင်ပင် ကျင်းယွင်ကျောင်းအား ဝင်တိုက်မိတော့သည်။
ကျင်းယွင်ကျောင်းသည် ပိန်နေသေးသော်လည်း သူမ၏ နေရာလွတ်နယ်မြေထဲ၌ ကိုယ်ခံပညာကို လပေါင်းများစွာ လေ့ကျင့်ခဲ့ပြီးဖြစ်၏။ ထို့ကြောင့် သူမသည် အလွန်သန်မာနေပြီ ဖြစ်ပြီး တမင်တကာလည်း အားအချို့ထည့်ထားရာ ချောင်ဟုန်ယဲ့သည် မြေကြီးပေါ်သို့ လဲကျသွားသည်။
ချက်ချင်းပင် ချောင်ဟုန်ယဲ့၏ မျက်လုံးများက ထပ်မံ၍ နီရဲသွား၏။
ကျင်းယွင်ကျောင်းသည် သူမ၏ ညီမလေးက မျက်ရည်ဂလင်းကို ကျွမ်းကျွမ်းကျင်ကျင် ထိန်းချုပ်နိုင်သဖြင့် အတော်လေး လေးစားမိသည်။ သို့သော် မမျှော်လင့်ဘဲ ကျင်းယွင်ကျောင်းက သူမအား ဆက်၍ လျစ်လျူရှုထားပြီး လူတိုင်းကလည်း ထိုနည်းတူပင်။
နောက်မှ ချောင်ဟုန်ယဲ့သည် သူမ၏ ခြေဖဝါးကို ရုန်းကန်ပြီး အော်ခေါ်လိုက်၏။
“ကျင်းယွင်ကျောင်း”
“ဘာလဲ”
ကျင်းယွင်ကျောင်းက ခေါင်းအနည်းငယ်ငဲ့၍ နောက်သို့ ကြည့်လိုက်ပြီး သူမ၏ မျက်ဝန်းထဲ၌ အထင်သေးမှုများနှင့်ပင်။ ချောင်ဟုန်ယဲ့သည် ချက်ချင်းပင် ရန်စခံလိုက်ရသလို ခံစားလိုက်ရသည်။ သူမက နှုတ်ခမ်းကိုက်လိုက်ပြီး ဆက်ပြော၏။
“နင် ဒါက ဘာလုပ်တာလဲ။ ငါက နင့်ကို ငါ့အစ်မလို့ပဲ ယူဆထားတာပါ။ ဒါကို နင်က ငါ့ကို ဘာလို့ ဒီလိုဆက်ဆံရတာလဲ။ ဘာလို့ ငါ့ကို ဒီလောက် မတရားဆက်ဆံရတာလဲ”
ယခင် စာသင်ချိန်များ၌ သူမသည် ပတ်ဝန်းကျင်၌ ပြန့်နေသော ကောလဟာလများကို တိတ်တိတ်လေး နားထောင်ခဲ့ပြီးဖြစ်ရာ လူအများပြောနေကြသည့် သူမ၏ အကြောင်းများကို သိရှိသွားပြီဖြစ်သည်။ ထိုအကြောင်းကို တွေးတောဆင်ခြင်ပြီးနောက် နောက်ဆုံး သူမသည် ကောလဟာလများ၏ ရင်းမြစ်ကို ကောက်ချက်ချလိုက်နိုင်၏။
ထိုညက သူမ တည်းခိုခန်းအပြင်၌ ဆုံခဲ့သောလူများ၏ လက်ချက်ပင် ဖြစ်ရမည်။ အခြားကျောင်းသားများက ထိုလူများ ယူသွားသည့် ဓါတ်ပုံများကို မြင်သွားခြင်း ဖြစ်ရမည်။ ထို့အပြင် ဤကိစ္စများအားလုံး၏ နောက်ကွယ်မှ လူသည် ကျင်းယွင်ကျောင်းသာဖြစ်ကြောင်း သူမ သေချာ၏။ ကျင်းယွင်ကျောင်းက ကောင်းရှင်းကို ဖမ်းမိပြီး ချောင်ဟုန်ယဲ့က အတိတ်က လုပ်ခဲ့သော အရာအားလုံးကို သိသွားသည်၊ ထို့ကြောင့် ကျင်းယွင်ကျောင်းက သူမကို ကိုင်တွယ်ရန် တူညီသော နည်းလမ်းများကို သုံးနေခြင်းဖြစ်၏။
ကျင်းယွင်ကျောင်း နင်က ရက်စက်လွန်းတယ်။
Chapter 114 : နေမကောင်းချင်ယောင်ဆောင်ခြင်း
ချောင်ဟုန်ယဲ့၏ စကားများကို ကြားသောအခါ ကျင်းယွင်ကျောင်းသည် ခပ်လှောင်လှောင် ပြုံးမိလိုက်သည်။
“တစ်နေကုန် အမဲလိုက်နေတဲ့ သိမ်းငှက်ရဲ့မျက်လုံးကို သာမန်စာကလေးတစ်ကောင်က ဆိတ်တယ်ပေါ့။ နင်က ငါ့ကို အပြစ်လာတင်နေတယ်”
ကျင်းယွင်ကျောင်းက သူထွက်မသွားခင် ထိုစကားများကို ပြောခဲ့လိုက်သည်။
ချောင်ဟုန်ယဲ့သည် အမြဲတမ်း အခြားသူများကို အကွက်ချကြံစည်ခဲ့သည်။ သို့ရာတွင် ယခုအချိန်၌ပင် သူမသည် အပြစ်ကင်း၍ သန့်စင်သကဲ့သို့ သရုပ်ဆောင်ရန် မမေ့ချေ။ ဤအချိန်တွင် ချောင်ဟုန်ယဲ့၏ စိတ်ပျက်မှုများနှင့် မျက်ရည်များသည် အခြားသူများကို တုန်လှုပ်အောင် မစွမ်းဆောင်နိုင်တော့ပေ။ လက်တွေ့၌ သူတို့သည် ဤမိန်းကလေးအား အမြဲတမ်း သရုပ်ဆောင်နေသူတစ်ယောက်အဖြစ်သာ မြင်လာကြပြီး အနည်းငယ်ပင် ကြောက်ရွံ့လာကြသည်။
ချောင်ဟုန်ယဲ့သည် ကျင်းယွင်ကျောင်းအား စိတ်ထဲမှ ကျိန်ဆဲလိုက်ပြီးနောက် ခေါင်းငုံ၍ ကစားကွင်းဆီသို့ ဦးတည်လိုက်၏။
အေခန်းနှင့် ဘီခန်းမှ အားကစားဆရာနှင့် ဆရာမသည် ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ချစ်သူစုံတွဲများနှင့် တူသည်။ သူတို့သည် ဆက်ဆံရေးကောင်းကြသော်လည်း အချင်းချင်း အပြိုင်အဆိုင်ပင်၊ ထို့ကြောင့် သူတို့သည် အပတ်တိုင်း ကျောင်းသားချင်း ပြိုင်ကြ၏။
ဤတစ်ကြိမ်တွင်လည်း ခြွင်းချက်မရှိပေ။ ခေါင်းလောင်းသံမြည်လာသောအခါ ဆရာနှစ်ယောက်သည် သူတို့၏ သက်ဆိုင်ရာ ကျောင်းသားများအား ကွင်းကို ငါးပတ်ပတ်မပြေးခိုင်းမီတွင် သွေးပူလေ့ကျင့်ခန်းများ လုပ်ခိုင်းကြသည်။
ကျင်းယွင်ကျောင်းသည် ပိန်ပါး၍ အားနည်းသောကြောင့် အားကစားချိန်တွင် အချိန်ကြာကြာ တောင့်မခံနိုင်ပေ။ ဆရာမသည်ပင် ထိုကိစ္စကို ဘာမှ မတတ်နိုင်ပေ။
သို့ရာတွင် ကျင်းယွင်ကျောင်းသည် မကြာသေးမီကစ၍ ယခင်ကနှင့် မတူတော့ပေ။ သူမသည် ကျန်အတန်းသားများကို အမီလိုက်နိုင်ပြီး နောက်ပိုင်းတွင် အားအင်အပြည့် ကျန်နေတတ်၏။ ၎င်းက အေခန်းဆရာမအား တကယ်ပင် ဂုဏ်ယူစေသည်။
အေခန်းမှ ကျင်းယွင်ကျောင်းနှင့် ဘီခန်းမှ ချောင်ဟုန်ယဲ့နှစ်ဦးလုံးသည် ထိပ်ဆုံးကျောင်းသားများ ဖြစ်ကြ၏။ သို့သော် သူတို့သည် အားကစားချိန်၌ ဝန်ထုပ်ဝန်ပိုးများ ဖြစ်ကြသည်။ ပထမတစ်ယောက်သည် ခံနိုင်ရည်မရှိ၍ ဒုတိယတစ်ယောက်သည် အမြဲတမ်း ဗိုက်အောင့်၊ ခေါင်းကိုက် အကြောင်းပြချက် ပေးတတ်၏။
ချောင်ဟုန်ယဲ့သည် အားကစားချိန်ကို အမုန်းဆုံးဖြစ်၍ သူမသည် အချိန်တိုင်း နေမကောင်းဟန်ဆောင်တတ်သည်။ အခြားကျောင်းသားများကလည်း ချက်ချင်းပင် သူမအား အပြေးအလွှား အလိုလိုက်ကြ၍ ဆရာသည်လည်း ဘာမှ မတတ်နိုင်ပေ။ ထို့ကြောင့် မကြာခဏပင် ကျန်သော ကျောင်းသားများက အမောလွန်၍ သေမတတ်ဖြစ်နေကြချိန်များတွင် ချောင်ဟုန်ယဲ့က ဘေးမှနေ၍ သူတို့အား သိမ်သိမ်မွေ့မွေ့လေး စောင့်ကြည့်နေတတ်သည်။
အားကစားလုပ်ပြီး ချွေးသံတရွှဲရွှဲဖြစ်နေသော မိန်းကလေးများနှင့် ယှဥ်ပါက ချောင်ဟုန်ယဲ့၏ လန်းဆန်းတက်ကြွမှုက အလိုအလျောက်ပင် ပို၍ နှစ်သက်ချင့်စဖွယ်ဖြစ်နေတော့၏။
“ဆရာ၊ ကျွန်မ...”
သူမသည် ထုံးစံအတိုင်း ပြောရန် ပါးစပ်ဟလိုက်သည်။
“ရပြီ၊ ဟိုမှာ သွားထိုင်နေ”
အားကစားဆရာက လက်ယမ်းပြလိုက်ပြီး စကားဖြတ်ပြောလိုက်၏။ တကယ်တမ်း သူသည် ပျော့ညံ့သော မိန်းကလေးတစ်ယောက်ကို သဘောမကျပေ၊ သို့သော် သူမ၏ အဆင့်များက ကောင်းနေသည်။ သူနှင့် အတန်းပိုင်ဆရာမ ထိုအကြောင်းကို ပြောသည့်အခါတိုင်း သူ့အား တစ်ခုခုလုပ်ခြင်းမှ တားမြစ်တတ်၏။ ထို့ကြောင့် သူဘာလုပ်နိုင်မည်နည်း။ သူသည် မျက်စိတစ်ဖက်မှိတ်ထားရုံသာပင်။
ဘီခန်းဆရာ၏ စကားကို ကြားသောအခါ အေခန်းဆရာမက အားရပါးရပြုံးလိုက်ပြီး တမင်တကာ မေးလိုက်သည်။
“ကျင်းယွင်ကျောင်း၊ မင်းရဲ့ခန္ဓာကိုယ်က အဆင်ပြေသေးရဲ့လား”
နှစ်ယောက်စလုံးသည် စာတော်သော ကျောင်းသားများဖြစ်ကြပြီး ထိခိုက်လွယ်သော ခန္ဓာကိုယ်များရှိကြသည်။ သို့သော် ချောင်ဟုန်ယဲ့က မလုပ်နိုင်စဥ်၌ ကျင်းယွင်ကျောင်းက သူမ၏ အတန်းနှင့် အမီလိုက်နိုင်၏။
“ဟုတ်”
ကျင်းယွင်ကျောင်းက ခေါင်းညိတ်ပြလိုက်သည်။ ထိုအခါ ဆရာမက ဘီခန်းဆရာအား ကျေနပ်စွာဖြင့် တစ်ချက်ကြည့်လိုက်ပြီး ထပ်ပြောလိုက်၏။
“ကျင်းယွင်ကျောင်း၊ ဒီတစ်ခါ မင်း အတန်းကို ဦးဆောင်ရမယ်”
ယခုအချိန်တွင် ဘီခန်းသည် မကျေမနပ်ဖြစ်နေသည်။ ကျင်းယွင်ကျောင်းက ပြေးနိုင်လျှင် အဘယ်ကြောင့် သူတို့၏ ချောင်ဟုန်ယဲ့က မလုပ်နိုင်သနည်း။ ချောင်ဟုန်ယဲ့သည် ကျင်းယွင်ကျောင်းထက် ပိုဝ၍ ပိုလည်း ကျန်းမာသည်။ သူမက အချိန်တိုင်း နေမကောင်းချင်ယောင်ဆောင်နေခဲ့ပြီး အကြောင်းပြချက် အသစ်ပင် မရှာခဲ့ပေ။
“ဆရာ၊ ကျွန်မ ဒါကို လက်မခံနိုင်ဘူး”
ချောင်ဟုန်ယဲ့၏ ထိုင်ခုံဖော်က ပထမဆုံး ထပြောလိုက်သည်။
“ချောင်ဟုန်ယဲ့က ဒီနေ့ နေ့လည်တုန်းကမှ အကောင်းကြီးပါ။ ဒါကြောင့် သူက ဘာလို့ နေမကောင်းချင်ယောင်ဆောင်ပြီး ဘေးထွက်ထိုင်နေရတာလဲ”
Chapter 115 : ရည်ရွယ်ချက်ရှိရှိ ဆန့်ကျင်ခြင်း
ချောင်ဟုန်ယဲ့၏ ထိုင်ခုံဖော်၏ စကားများသည် လွှမ်းမိုးမှုအချို့ ရှိ၏။ အချို့လူများက ဤသို့ပင် တွေးလာကြသည်။
‘ချောင်ဟုန်ယဲ့ရဲ့ အချစ်ဆုံးသူငယ်ချင်းဟောင်းကတောင် သူ့ကို မုန်းနေတာ၊ ဒါက သူက ဘယ်လောက်တောင် ကြောင်သူတော် ဆန်သလဲဆိုတာ ပြလိုက်တာပဲ’
“အမှန်ပဲ၊ အမှန်ပဲ။ ကျွန်တော်တို့အားလုံး ပြေးရမှာလေ၊ ဒါဆို ဘာကြောင့် သူ့ကိုကျ ဘာမှမလုပ်ခိုင်းဘဲ ဘေးထွက်ထိုင်နေဖို့ ခွင့်ပြုရမှာလဲ။ တကယ်လို့ ဆရာက ဘက်လိုက်နေမယ်ဆိုရင် ဒီနေ့အတန်းကို တစ်ယောက်မှ မတက်တော့ဘူး”
အခြားတစ်ယောက်ကလည်း ထပြောလာ၏။
ထိုစကားများပြောပြီးသည်နှင့် ကျောင်းသားတိုင်းက ထိုအကြံကို ထောက်ခံကြသည်။
ဆရာ၏ မျက်လုံးများသည် အံ့သြလွန်း၍ ပြူးကျယ်သွားပြီး တစ်ခုခုအတော်လေး လွဲနေသလို ခံစားလိုက်ရ၏။ ဒီမနက် နေက အနောက်က ထွက်လာတာများလား။ များသောအားဖြင့် သူက ချောင်ဟုန်ယဲ့အား ခွင့်မပေးချင်မှန်း သိသာနေသော်လည်း မည်သူကမှ သူ့ကို အဲလိုလုပ်ခွင့် မပေးခဲ့ဘူး မဟုတ်လား။
မည်သို့ပင်ဆိုစေကာမူ ဆရာသည် အမျိုးသားတစ်ယောက်ဖြစ်၍ မိန်းကလေးတစ်ယောက်၏ စိတ်ကို နားမလည်နိုင်ပေ။ လက်ရှိအချိန်တွင် လူများစွာက ချောင်ဟုန်ယဲ့အား အပြစ်တင်နေကြသည်ကို မြင်သောအခါ သူက နောက်ဆုံး၌ သူ၏ သင်ကြားရေး နည်းလမ်းများက အသီးအပွင့်များ ဖြစ်တည်လာပြီဟုပင် ခံစားလိုက်ရသည်။
“ကြည့်၊ ချောင်ဟုန်ယဲ့။ လူတိုင်းက ပြေးဖို့ပြင်ဆင်နေကြတာ၊ ဒါကြောင့် မင်းလည်း အနည်းဆုံးတော့ အားနည်းနည်း စိုက်ထုတ်သင့်တယ် မဟုတ်လား”
ဆရာက ကျင်းယွင်ကျောင်း သူမ၏ အတန်းကို ဦးဆောင်၍ ပြေးနေသည်အား ရိပ်ခနဲ မြင်လိုက်ရာ ဆက်ပြောလာ၏။
“အရင်တုန်းက ကျင်းယွင်ကျောင်းရဲ့ ခံနိုင်ရည်က သိပ်မကောင်းဘူး၊ ဒါပေမယ့် သူက အချိန်တိုင်း အစွမ်းကုန်လုပ်ခဲ့တယ်။ အခု သူ့ရဲ့အားထုတ်မှုရလဒ်တွေ ဘယ်လောက်တောင် သိသာနေပြီလဲဆိုတာ ကြည့်လိုက်။ မင်းလည်း သူ့ဆီကနေ အနည်းအကျဥ်း သင်ယူဖို့ ကြိုးစားသင့်တယ်”
ဤတစ်ကြိမ်၌ သူမသည် ငိုချင်စရာကောင်းလောက်အောင်ပင် အစွပ်စွဲခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သို့ရာတွင် သူမအတွက် အဖြစ်ဆိုးလွန်းလှသည်က သူမသည် ယခင်ကလည်း အကြိမ်ပေါင်းများစွာ မျက်ရည်ကျပြခဲ့သည်ဖြစ်၍ ဘယ်သူကမှ သူမ၏ သရုပ်ဆောင်ချက်များ၌ မကျရှုံးတော့ပေ။
ယခုအချိန်တွင် ဆရာသည်ပင် သူမအား ကျင်းယွင်ကျောင်းနှင့် နှိုင်းယှဥ်နေသဖြင့် သူမသည် လက်ကျန်မာနလေး ရန်စခံလိုက်ရသကဲ့သို့ပင်။ အခြားသူများက သူမအား ထပ်၍ ဆန့်ကျင်ကြမည်ကို သူမကိုယ်တိုင် စောင့်ကြည့်နေရမည့်အစား သူမ၏ ကံတရားကိုသာ လက်ခံလိုက်၍ အုပ်စုဆီသို့ ပြန်သွားလိုက်၏။
“မင်းက ဒီမှာရှိနေပြီဆိုတော့ မင်းလည်း အတန်းကို ဦးဆောင်ရမယ်။ ဘီခန်းက ကျောင်းသားတွေ အေခန်းက ကျောင်းသားတွေကို မရှုံးအောင် ကြိုးစားကြ”
ဆရာက စိတ်လှုပ်ရှားသွားပြီး အားပေးစကားပြောလိုက်သည်။
ကျောင်းသားများက သူ၏ စကားများကို စတင်နားထောင်ကြခြင်းသည် သူ၏ သင်ကြားရေးလုပ်ငန်း၌ ကြီးမားသော မှတ်ကျောက်တစ်ခုပင် ဖြစ်၏။
ချောင်ဟုန်ယဲ့သည် ကျောင်းသားအတန်း နှစ်တန်း၏ရှေ့၌ ခါးသီးသော အမူအယာဖြင့် ရပ်နေပြီး အော်လိုက်သည်။
“ဝမ်း ... တူး ... ဝမ်း ... တူး ...”
ဒေါသထွက်လွန်း၍ အသံများပင် ပျာနေ၏။
“ချောင်ဟုန်ယဲ့၊ နင့် အသံက ဘာလို့ ခြင်တစ်ကောင်လို ညောင်နာနာ ဖြစ်နေတာလဲ။ နင်အော်တာ ဘယ်သူက ကြားမှာလဲ”
သူမ၏ ထိုင်ခုံဖော်က ထေ့ငေါ့၍ လှောင်ပြောင်လိုက်သည်။
တကယ်လည်း ထိုစကားများက အမှန်ပင်။ ဤအခြေအနေအား မည်သူကပင် ကြည့်ကြည့် သူမက ချောင်ဟုန်ယဲ့အား ရည်ရွယ်ချက်ရှိရှိ ခက်ခဲအောင် လုပ်နေသည်ဟု ထင်ရက်စရာမရှိပေ။
အေခန်းသည် သူတို့အတန််းနှင့် ဆယ်မီတာ ထပ်မနည်းသော အကွာအဝေးတွင် ရောက်နေသော်လည်း ကျင်းယွင်ကျောင်း၏ အသံအား ရှင်းရှင်းလင်းလင်း တိတိကျကျ ကြားနေရဆဲပင်။ အသံမှာ ငြိမ့်ညောင်း၍ ချိုသာပြီး အခြားသူများအတွက် ဆူညံသည်ဟု မခံစားစေရပေ။ တစ်ဖက်၌ ချောင်ဟုန်ယဲ့၏ အသံက စိတ်မပါလက်မပါဖြစ်နေပြီး အားအင် လုံးဝကင်းမဲ့နေ၏။ တစ်တန်းလုံးက သူမအား ဝိုင်း၍ အနိုင်ကျင့်နေသည့်အလားပင်။ ထို့အပြင် သူမ၏ ပြေးနှုန်းက နှေးသော်လည်း ကျန်သောသူများအား သူမကို ကျော်တက်ခွင့်လည်း မပေး။ ဤခံစားချက်သည် အလေးများဆွဲနေသကဲ့သို့ပင်။ ပြေးခါစရှိသေးသော်လည်း သူတို့သည် ပင်ပန််းနေကြပြီဖြစ်၏။
ချောင်ဟုန်ယဲ့သည် သေလောက်အောင်ပင် ဒေါသထွက်နေပြီး သူမသည် သူမ၏ ဒေါသကို ထိန်းမထားနိုင်ခဲ့။ ဤတစ်ကြိမ်၌ သူမသည် အသံမြှင့်၍ အော်ဟစ်လိုက်၏။
ဝမ်း ... တူး ... ဝမ်း ... တူး ... ဝမ်း ...
“နင် ပိုပြီး မြန်မြန်ပြေးနိုင်လား။ နင့်ကိုယ်နင် အိမ်တော်က မမလေးလို့များ ထင်နေလား။ ဒီလောက်ခြေလှမ်းသေးသေးလေးတွေနဲ့ ငါတို့ကို မောပြီး သေအောင်များ ကြိုးစားနေတာလား”
ယခုအချိန်၌ သူမ၏ မျက်နှာသည် ဒေါသဖြင့် နီရဲနေသည်။ ယခင် အထက်တန်းကျောင်း စတက်ကတည်းက သူမ၏ ခြေတံများကို ပြေးရန်အတွက် တစ်ခါမှ မသုံးဖူးပေ။ သူမအား အဘယ့်ကြောင့်များ ထိုကြမ်းတမ်းသော သူဖုန်းစားမ ကျင်းယွင်ကျောင်းနှင့် နှိုင်းယှဥ်နိုင်သနည်း။
ခဏမျှသာ ပြေးရသေးသော်လည်း သူမ ပင်ပန်းလွန်း၍ မရွေ့နိုင်တော့လောက်အောင် ဖြစ်နေ၏။ ဒါတောင် အခု သူတို့က သူမကို ပိုပြီးမြန်မြန် ပြေးစေချင်နေတာလား။
ချောင်ဟုန်ယဲ့၏ မုန်းတီးမှုများက ကျင်းယွင်ကျောင်းအပေါ်တွင် ပို၍ပင် နက်ရှိုင်းလာ၏။
သူမ နားမလည်နိုင်ပေ။ ယခင် ကျင်းယွင်ကျောင်းသည် ခြေလှမ်းအနည်းငယ်မျှ ပြေးရုံနှင့်ပင် လဲကျတတ်သည်မှာ အသိအသာပင်၊ သို့သော် မကြာသေးမီက သူမ၏ သက်လုံနှင့် ခံနိုင်ရည်သည် ယခင်ကထက် အများကြီး ပို၍ ကောင်းလာခဲ့သည်။ အရင်ကဟာတွေ အကုန်လုံးက ဟန်ဆောင်နေတာများ ဖြစ်နိုင်မလား။
ချောင်ဟုန်ယဲ့သည် ထိုအတွေးတသီတတန်းကြီးအား ဆက်၍ တွေးလေလေ သူမ၏ ခန့်မှန်းချက်များ မှန်ကန်သည်ဟု ပို၍ ခံစားရလေလေ ဖြစ်သည်။ သူမသည် ချောင်မိသားစုအိမ်တွင် ကျင်းယွင်ကျောင်းအား သူတို့ ဘယ်လိုအငတ်ထားခဲ့ကြောင်းကို မေ့လုနီးပါးပင် ဖြစ်နေ၍ တစ်ချိန်တည်းမှာပင် အာဟာရချို့တဲ့ခဲ့သောကြောင့် ကျင်းယွင်ကျောင်းသည် အားစိုက်ရသော လေ့ကျင့်ခန်းများ လုပ်နိုင်စွမ်းမရှိ ဖြစ်ခဲ့ရ၏။
လက်ရှိအချိန်၌ အတန်းခေါင်းဆောင်တစ်ယောက် အနေနှင့် ကျင်းယွင်ကျောင်းသည် အာရုံစိုက်မှုများစွာကို အတော်လေး စွဲဆောင်နိုင်နေသည်။
“ကျင်းယွင်ကျောင်းရဲ့နောက်ကွယ်မှာ သူ့ကို ကိုယ်ဝန်ရှိနေတယ်လို့ သွားပုပ်လေလွင့်ပြောကြတဲ့သူတွေက အတော်လေး မုန်းစရာကောင်းတာပဲ။ သူ့ရဲ့အခြေအနေကိုကြည့်လေ။ မဟုတ်ရင် ဘယ်လိုလုပ် ဒီလိုကိစ္စတွေကို လုပ်နိုင်မှာလဲ””
အခြားအတန်းမှ ကျင်းယွင်ကျောင်းအား သိကျွမ်းသော ကျောင်းသားများက သူတို့ကိုယ်သူတို့ မထိန်းနိုင်တော့ဘဲ သူမဘက်မှ ပြောဆိုလာကြ၏။
ကွင်းငါးပတ် ပတ်ပြေးရခြင်းသည် ရယ်စရာအကွာအဝေး မဟုတ်ပေ။ သို့သော် ကျင်းယွင်ကျောင်းသည် ဘာမှမဖြစ်သလိုပင် သက်တောင့်သက်သာ ရှိနေသေးသည်။ အကယ်လို့ သူမသာ ကိုယ်ဝန်ရှိနေရင် ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်နိုင်မလဲ။
Chapter 116 : အံ့ချီးဖွယ်သမားတော်တစ်ဦးကို ရှာဖွေခြင်း
ကျင်းယွင်ကျောင်း၏ နေရာလွတ်နယ်မြေသည် မရေမတွက်နိုင်သော အခေါက်အချိုးများကြောင့် ဤကွင်းပြင်ထက် ပို၍ ကျယ်ဝန်းသည်။ ၎င်းက သူမ ကိုယ်ခံပညာလေ့ကျင့်ရန်အတွက်သာ ဖြစ်သည်ဟု ပြောနိုင်သော်လည်း ပို၍ အရေးကြီးသည်မှာ ၎င်းသည် သူမ၏ အသက်ရှုစွမ်းရည်နှင့် ကိုယ်ကာယလေ့ကျင့်ရန် ဖြစ်၏။
နေ့စဥ်နေ့တိုင်း သူမသည် သူမ၏ နေရာလွတ်နယ်မြေကို အချိန်အတိုင်းအတာတစ်ခု ကြာအောင် ပတ်ပြေးလေ့ရှိသည်။ ကျင့်ကြံခြင်းလမ်းညွှန်ထဲမှ အသက်ရှုနည်းလမ်းများနှင့် ပေါင်းစပ်လိုက်ပါက ယခုအချိန်တွင် သူမသည် ချွေးတစ်စက်မှ မထွက်ဘဲ ဆယ်ပတ်ခန့်ပြေးနိုင်ပြီဖြစ်၍ ဤငါးပတ်မှာ အေးအေးဆေးဆေးပင်။
“ငါ ဘီခန်းက တစ်ယောက်ပြောတာကို ကြားလာတာ၊ ကျင်းယွင်ကျောင်းမှာ ကိုယ်ဝန်ရှိနေတယ်ဆိုတဲ့ ကောလဟာလကလည်း ချောင်ဟုန်ယဲ့က လုပ်ဇာတ်ခင်းတာပဲတဲ့”
ပြေးနေသော်လည်း ကျင်းယွင်ကျောင်း၏ နားတစ်ဖက်က အတင်းအဖျင်းများကို နားစွင့်ထားသဖြင့် အခြားသူများပြောနေကြသည်ကို ကြားနိုင်၏။
“ဖြစ်နိုင်လို့လား”
“အမှန်ပဲ ဟဲ့။ ချောင်ဟုန်ယဲ့က ကန်ကျင်းချန်နဲ့ ကျင်းယွင်ကျောင်းက ကျောင်းကို တူတူရောက်လာတာကို မြင်လိုက်တယ်ဆိုတဲ့ အချိန်ကတည်းက ငါ့သူငယ်ချင်းက သံသယဖြစ်နေတာ။ အခြားသူတွေလည်း အခြေအနေကို မသိကြပါဘဲနဲ့ အဲဒါက ရုတ်တရက်ကြီး အမှန်တရား ဖြစ်လာတာလေ”
ထိုမိန်းကလေးက ကာကွယ်ပြောဆိုလိုက်သည်။
ဘီခန်းသည် အေခန်း၏ နောက်တွင် ကွင်းတစ်ပတ်စာနီးပါး နောက်ကျကျန်ခဲ့သောကြောင့် သူတို့သည် လက်ရှိအချိန်တွင် အေခန်း၏ နောက်ကပ်ရက်မှ လိုက်ပါနေရဆဲပင်။ ဤစကားဝိုင်းအား ချောင်ဟုန်ယဲ့သည်လည်း ကြားလိုက်ရ၏။
သူမသည် အံကြိတ်လိုက်ပြီး နှလုံးသားက အေးစက်သွားသော်လည်း သည်းခံနေရုံသာ တတ်နိုင်သည်။
ချောင်ဟုန်ယဲ့သည် ကျင်းယွင်ကျောင်းအား အနောက်မှ မဆုတ်မနစ် စိုက်ကြည့်နေ၏။ သူမ၏ခြေလှမ်းများက နှေးကျသွားပြီး ပို၍ လေးလံလာသော်လည်း ကျင်းယွင်ကျောင်းကတော့ နှေးမသွားသေးဘဲ သက်တောင့်သက်သာ အရှိန်နှင့်ပင် ရှေ့သို့ ဆက်ပြေးနေသည်။ သူမသည် နားနားနေနေ လမ်းလျှောက်နေသည့်အလား လုံးဝမပင်ပန်းပေ။ ဤသည်က ချောင်ဟုန်ယဲ့အား ရုတ်တရက် ဂုဏ်ငယ်သွားစေ၏။
အပတ်ရေ အနည်းငယ်မျှ ပတ်ပြီးနောက်တွင် ချောင်ဟုန်ယဲ့၏ ခြေထောက်များသည် သူမ အပိုင်မဟုတ်တော့သလိုပင် ခံစားလာရသည်။ သို့သော် အခြားကျောင်းသားများက သူမအား အလွတ်မပေးသေး။ ထို့နောက်တွင်လည်း သူတို့သည် သူမအား လှုပ်ရှားမှုများတွင် ပါဝင်ရန် ဆက်၍ ဖိအားပေးနေ၏။ ဆက်တိုက်လှုံ့ဆော်မှုများသည် သူမအား ဦးခေါင်းက မီးထတောက်တော့မည့်အလား ရှုပ်ထွေးနောက်ကျိစွာ ခံစားရစေသည်။
တစ်ချိန်တည်းမှာပင် ကားတစ်စီးက ကွင်းပြင်၏ အပြင်ဘက်၌ ဆိုက်ရောက်လာ၏။ ကားထဲရှိ ပုံရိပ်က ကွင်းပြင်ပေါ်ရှိ ပုံရိပ်လေးအား စိုက်ကြည့်နေပြီး သူတို့၏ မျက်နှာတွင် စိတ်ရှုပ်နေသောအမူအယာများက မြင်သာနေသည်။
“ဒါက ဘာလဲ၊ သခင်လေးလီရဲ့။ မင်း ဒီအုပ်စုထဲက ကျောင်းသူတစ်ယောက်ကို ကြွေနေတာတော့ မဟုတ်ဘူးမလား”
အမျိုးသား၏ ဘေး၌ ထိုင်နေသော အဖော်က စနောက်လိုက်၏။
အသံပိုင်ရှင်က ကွင်းပြင်ဘက်သို့လည်း မျက်စိကစားလိုက်ပြီး သက်ပြင်းချလိုက်သည်။ ကျောင်းသားတစ်ယောက် ဖြစ်ရခြင်းက ကောင်းလွန်းလှသည်။ အကွာအဝေးတစ်ခုမှပင် ငယ်ရွယ်နုပျိုသောလေထုကို သူ ခံစားနိုင်၏။
“ငါတို့ ဒီကိုလာတယ်ဆိုမှတော့ ငါ တစ်ယောက်ယောက်ကို ရှာချင်လို့ပေါ့”
သခင်လေးလီ၏ နှုတ်ခမ်းထောင့်စွန်းလေးများက ကွေးညွတ်သွားပြီး ဒရိုင်ဘာအား ကျောင်းပေါက်ဝသို့ မောင်းရန် ပြောလိုက်သည်။ သူက ကွင်းပြင်ဘက်သို့ အေးအေးဆေးဆေးပင် ကြည့်နေပြီး စိတ်ရှည်စွာ စောင့်ဆိုင်းနေ၏။
“လူတစ်ယောက်ကို ရှာတာလား။ မင်းတို့မိသားစုက တစ်ယောက်ယောက်က ဒီကျောင်းမှာ လာတက်နေတာတော့ မဖြစ်နိုင်လောက်ပါဘူး”
သူ၏ အဖော်ဖြစ်သူ တုလင်းက ဆွံအနေပြီး အံအားသင့်စွာ မေးလိုက်သည်။
လီမိသားစု၏ ဘိုးဘေးအိမ်တော်သည် ဟွားနင်ခရိုင်တွင် ရှိသော်လည်း လီရှောက်ယွင်သည် တစ်နှစ်လျှင် တစ်ကြိမ် ခဏသာ ပြန်လာနိုင်၏။ ထို့ကြောင့် ဤနေရာတွင် သူငယ်ချင်းအများကြီး မရှိပေ။ လီရှောက်ယွင် အမှန်တကယ် ရင်းနှီးသည့်သူမှာ သူတစ်ယောက်တည်း ရှိသည်ပင် ဖြစ်ကောင်းဖြစ်နိုင်သည်။ တကယ်တမ်း ဤသခင်လေးလီ၏ စရိုက်သည် သူ့အား လူရှုပ်လူပွေဟု ထင်ရစေသော်လည်း လက်တွေ့၌ သူကိုယ်တိုင်သည် တဏှာရာဂတွင် မမွေ့လျော်တတ်သူ ဖြစ်၏။ သူ၏ စိတ်ရှည်သည်းခံမှုသည်လည်း နှမ်းစေ့တစ်စေ့ သို့မဟုတ် ထို့ထက် သေးသော အရာနှင့်ပင် နှိုင်းယှဥ်နိုင်သည်။ သူ ဤကဲ့သို့ တစ်စုံတစ်ယောက်အား အလွန်စိတ်ရှည်စွာ စောင့်ဆိုင်းနေသည်ကို မည်သူမှ မမြင်ဖူးချေ။
“ဦးလေးက အခုတလော နေထိုင်မကောင်းဖြစ်နေတယ် မဟုတ်လား။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ငါကိုယ်တိုင် အံ့သြစရာကောင်းတဲ့ သမားတော်လေးတစ်ယောက်နဲ့ တွေ့ဆုံဖို့ စီစဥ်ထားတယ်။ သူ့ကို ခေါ်သွားပြီး ဦးလေးကို တစ်ခါလောက် ကြည့်ခိုင်းကြတာပေါ့”
လီရှောက်ယွင်က ဆင်ခြေတစ်ခုရှာလိုက်၏။
တုလင်း၏ အမူအယာက တောင့်တင်းသွားသည်။
“သခင်လေးလီ၊ မင်း အခု ငါ့ကို နောက်နေတာလား။ ငါ့အဖေက သွားကိုက်ရုံလေးပဲလေ”
“သွားကိုက်တဲ့ နာကျင်မှုက လူတစ်ယောက်ကို သူတို့ရဲ့ဘဝကို အဆုံးသတ်သွားချင်တဲ့အထိ မနာကျင်စေနိုင်ဘူးလို့ မပြောလို့မရဘူး မဟုတ်လား။ ငါ့ရဲ့တာဝန်က စိုးရိမ်ပေးဖို့ပဲ”
လီရှောက်ယွင်က အရှက်မရှိပြောလိုက်၏။
တုလင်းအဖို့ ပြောစရာစကားပင် မရှိတော့ချေ။
သူ၏ စကားလုံးများက မမှားသော်လည်း သူ၏ ဖခင်သည် လီရှောက်ယွင်နှင့် သုံးကြိမ်သာ တွေ့ဖူးသည်။ သူတို့က ရင်းနှီးသော ဆက်ဆံရေးဟုပင် ယူဆ၍ မရ။ ထို့အပြင် အံ့ချီးဖွယ်ကောင်းသော သမားတော်များအကြောင်းကို ပြောလျှင် သူတို့အား ကမ္ဘာပေါ်မှ ပုန်းကွယ်နေသော တောနက်ကြီးများ၊ တောင်တန်းများနှင့် အချို့သော ဆေးခန်းငယ်လေးများ၌ ရှာဖွေသင့်သည် မဟုတ်လား။ သို့သော် ယခု သူတို့သည် ကျောင်း၌ ရောက်နေ၏။ တက္ကသိုလ်သာဆိုပါက ဖြည့်တွေးပေးနိုင်သော်လည်း ဤသည်က အထက်တန်းကျောင်းတစ်ကျောင်းသာ ဖြစ်သည်လေ။
တုလင်း၏ သိချင်စိတ်သည် ရုတ်ချည်းပင် မြင့်တက်သွား၏။ သူက လီရှောက်ယွင်၏ အကြည့်များ နောက်ကိုလိုက်ကြည့်ရင်း ကျောင်းသားများထဲမှ အံ့ချီးဖွယ်သမားတော်အား ရွေးထုတ်ရန် ကြိုးစားလိုက်သည်။ သို့သော် ခဏကြာသည့်တိုင်အောင် အံ့ချီးဖွယ် သမားတော်တစ်ယောက်၏ ပြိုင်စံရှား သွင်ပြင်လက္ခဏာများ ရှိသောသူကို မမြင်သေး။ သူတို့သည် အရွယ်ရောက်သူများဟုပင် မယူဆနိုင်ချေ။
နောက်ထပ် ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်ခန့်ကြာပြီးနောက် အတန်းပြီးဆုံးသည့် ခေါင်းလောင်းသံ မြည်လာ၏။ နောက်ဆုံးအကြိမ် ကျောင်းဆင်းခေါင်းလောင်းသံလည်း ဖြစ်သည်။
လီရှောက်ယွင်၏ ကားသည် တန်ဖိုးကြီး ဇိမ်ခံကားဖြစ်သော်လည်း မသိသာပေ။ ကျောင်းသားများသည် ၎င်းကားကို သတိမထားမိကြသော်လည်း လီရှောက်ယွင်က ကားတံခါးဖွင့်၍ အပြင်ဘက်၌ ရပ်စောင့်လိုက်သောအခါ သူ၏ ချောမောသော ရုပ်ရည်သွင်ပြင်က ကျောင်းသားများစွာ၏ အကြည့်များကို ဖမ်းစားလိုက်နိုင်လေတော့သည်။